Tuesday, September 19, 2023

သော်တာဆွေ သို့


 

❝ သော်တာဆွေ သို့ ❞

ဆရာသော်တာဆွေ ကို စာနယ်ဇင်များ ထဲ မှာ စတင် တွေ့ဖူးခြင်း ဖြစ် သည် ။ ဓာတ်ပုံ အဖြစ် နှင့် လည်းကောင်း ၊ ကယ်ရီကေးချား ပုံတူ အဖြစ် နှင့် လည်းကောင်း တွေ့ ရခြင်း ဖြစ်၏ ။ ဆရာသော်တာဆွေ ၏ ဝတ္ထုများ ကို သရုပ်ဖော် ရေးဆွဲရာ တွင် ဦးစိန် ၊ ဦးဖေသိန်း ၊ ဦးအောင်ရှိန် စသော ကာတွန်း ဆရာများ က ဆရာသော်တာဆွေ့ ပုံတူ ကို ထည့်သွင်း ရေးဆွဲလေ့ ရှိ၏ ။ ဤသို့ဖြင့် ဆရာသော်တာဆွေ နှင့် စာဖတ် ပရိသတ် ရင်းနှီး ခဲ့ရခြင်း ဖြစ်သည် ။

ဆရာသော်တာဆွေ ၏ စာများ ကို မူ ရှုမဝမဂ္ဂဇင်း မှာ လစဉ် လို ဖတ် ရသည် ။ ဆရာသော်တာဆွေ က ရှုမဝမဂ္ဂဇင်း ၏ ပင်တိုင် စာရေးဆရာ ကြီး ။ ရှေ့ပိုင်း တစ်လျှောက်လုံး ဟာသဝတ္ထုတွေ ရေးသည် ။ နောက်ပိုင်း ၌ ဘဝ သရုပ်ဖော်လိုင်း သို့ ကူးပြောင်း ရေးသားသွား သည် မှာ ဆရာ ကွယ်လွန် ချိန် အထိ ပင် ဖြစ်သည် ။

ကျွန်တော် စုန်းတစ္ဆေ ဝတ္ထု မှ အစ ၊ စုံထောက် ဝတ္ထု ၊ စွန့်စားခန်း ဝတ္ထု ၊ အချစ် ဝတ္ထု ၊ အလွမ်း ဝတ္ထု စသည် ဖြင့် လုံးချင်း ဝတ္ထုများ အဖတ် ကြမ်း နေ သော ကာလ တွင် ဆရာ့ စာများ နှင့် အလှမ်း ကွာ နေပါသည် ။ ဆရာ သည် လုံးချင်း ဝတ္ထု အရေး နည်း လှသည် ။ မှတ်မိသလောက် ပြော ရလျှင် ... ပတ္တမြားဝင်းထိန် ၊ ပပဝတီ ၊ ဘွန္တောကြက်သူခိုး နှင့် ရွှေပြည်တော်သည် တို့ လောက် သာ ရှိသည် ။

ထွက် လာ ပြန်တော့လည်း ( ဘဝထိုထို ) လို ဘဝ သရုပ်ဖော် ဝတ္ထုတို ပေါင်းချုပ်စာအုပ် ၊ လူငယ် စာဖတ် ပရိသတ်များ အဖို့ တော်ရုံ နှင့် မဖတ်ဖြစ်ပေ ။ နောင် စာဖတ်သက် ရင့် လာသော အခါ၌ ကား ဆရာသော်တာဆွေ ၏ စာများ မှာ ကျွန်တော့် အသည်းစွဲ ဖြစ် လာ တော့သည် ။

ဆရာ့ စာ ရေးဟန် မှာ ထူးခြားသည် ။ အပြော ၊ အရေး နှစ်ထွေ ရော သော ရေးဟန် ဖြစ်သည် ။ ရွှင်မြူး သွက်လက်သည် ။ စာလို ရေး နေရာ မှ စကား ပြောဟန် ဖြတ် ဝင်ချင် ဝင် လာသည် ။ စကား ပြော နေရာ မှ မထင် မှတ်ဘဲ စာ ရေးဟန် သို့ ကူး ကာ ၏ … သည် အနား သတ် ပြီးဆုံး သွား တတ် သည် ။

သို့သော် ထိုးထိုး ထောင့်ထောင့် မနေ ၊ ပြေပြစ် ချောမွေ့ လှသည် ။ သူ့ စကားပြေ ရေးဟန် ကို ထူးခြား သော ရေးဟန် အဖြစ် လေ့လာ ကြရ သည် ။ ဆရာ ကိုယ်တိုင် က မူ သူ့ ရေးဟန် မှာ သူ့ စိတ် တွင် ခံစား ဖြစ်ပေါ်  လာသလို ရေး ချ လိုက်ခြင်း ဖြစ်ကြောင်း တစ်ခါက ရှင်းပြခဲ့ ဖူးသည် ။

မြန်မာစာပေ လောက တွင် ဆရာသော်တာဆွေ ကို ပြောင်မြောက် သော ဝတ္ထုတို ဆရာ အဖြစ် သတ်မှတ် ကြသည် ။ စာ တစ်ကြောင်း နှစ်ကြောင်း စ ဖတ် မိ လိုက်သည် နှင့် ရှေ့ဆက် မဖတ်ဘဲ မနေနိုင်အောင် ဆွဲအား ကောင်း လှသော စာရေး ဆရာ ပြ ပါ ဆိုလျှင် ဆရာသော်တာဆွေ ကို ပြ ရပေမည် ။

၁၉၇၆ ခုနှစ် ကျွန်တော် ရှုမဝမဂ္ဂဇင်းကြီး ၌ ဝင်ရောက် ရေးဆွဲ သည်မှ စ၍ ဆရာသော်တာဆွေ နှင့် ခင်မင်ရင်းနှီး ခွင့် ရခဲ့သည် ။ ထိုစဉ်က ဆရာ့ ဝတ္ထု နှင့် စာမူများ ကို ကာတွန်း ဦဖေသိန်း က လစဉ် သရုပ်ဖော် ရေးဆွဲ ပါသည် ။ တစ်လ တွင် ဆရာဦးဖေသိန်း အလုပ်များ မအားလပ် သဖြင့် သရုပ်ဖော် ပုံ မရေးဆွဲ နိုင်ဘဲ ရှိရာ မဂ္ဂဇင်းအချိန် မီ ပြီးစီးရေး အတွက် အခက် တွေ့ နေရသည် ။ ဤတွင် ကိုဆွေ ( စာတည်းချုပ် ဦးဆွေတင့် ) က ကျွန်တော် နှင့် အစားထိုး ရေးဆွဲ သရုပ်ဖော် စေခဲ့သည် ။ ထိုမှ စ၍ ဆရာသော်တာဆွေ က နှစ်သက် လက်ခံ ကာ သူ့ စာမူ မှန်သမျှ ကို ကျွန်တော့် အား သရုပ်ဖော် ရေးဆွဲ စေခဲ့သည် ။

ဆရာ နှင့် ရင်းနှီးသော အခါ ဆရာ့ အကြောင်း တစေ့တစောင်း ကို ပါ သိ လာရသည် ။ ဆရာ စာ ရေး လျှင် ဖူးစကက်ဆိုက် စာရေးစက္ကူ နှင့် ရေး လေ့ ရှိသည် ။ လက်ရေး လက်သား ရှင်းလင်း ကောင်းမွန်ပြီး သတ်ပုံ သတ်ညွှန်း မှန်အောင် ရေးသည် ။ ထိုစဉ် ကာလ က သတ်ပုံ မူများ နှစ်ကြိမ် သုံးကြိမ် ပြောင်းလဲ ခဲ့ ရာ ပြောင်းလဲသော သတ်ပုံများ ကို အသေးစိတ် မေးမြန်း ပြီး သူ့ စာ ထဲ တွင် မှန်အောင် ထည့် ရေး ခဲ့သည် ။

ရေးပြီးသား စာ ကို မကြိုက် လျှင် မင်ဖြင့် ကြက်ခြေခတ် ပစ် ပြီး ထို စာရွက် နောက်ကျော မှာ အသစ် ပြန် ရေးသည် ။ ဝါရင့် စာရေးဆရာကြီး ဖြစ် သော်လည်း ဤသို့ ကြိုးစား အားထုတ်သည် ကို တွေ့ ရသည် ။ သူ့ စာမူ နှင့် ပတ်သက်၍ မဂ္ဂဇင်း နောက်ကျသည် မျိုး အဖြစ် မခံ ။ လစဉ် နောက်ဆုံး ပတ် တွင် နောက် တစ်လ အတွက် ဆရာ့ စာမူ ရှုမဝမဂ္ဂဇင်းတိုက် သို့ ရောက် နေပြီး ဖြစ်သည် ။

ဆရာသော်တာဆွေ သည် အရက် ကြိုက်နှစ်သက်သူ ဖြစ်ရာ သူ အရက် ကြိုက်သည့် အကြောင်း စာ ထဲ ၌ ထည့်ရေး တတ်သည် ။ ထို့ကြောင့် စာဖတ်သူ တစ်ဦး က စာပေဆွေးနွေးပွဲ တစ်ခု တွင် အရက် သောက်ပြီး ရေးခြင်း နှင့် ပတ်သက်၍ ဆရာသော်တာဆွေ ကို မေးမြန်းခဲ့သည် ။ ဆရာ သော်တာဆွေ က သူ အရက် ကြိုက်သည် မှာ မှန်ကြောင်း ၊ သောက်သည် မှာ လည်း မှန်ကြောင်း ၊ သို့သော် သူ အရက် သောက်ပြီး စာ မရေးပါ ။ အရက် သောက်ပြီး ထမင်း စား ကာ အိပ် လိုက်ကြောင်း ၊ အမူး ပြေ အိပ်ရာ မှ နိုး လာ သော အခါမှ ကော်ဖီ တစ်ခွက် သောက် ကာ စာ ရေးလေ့ ရှိကြောင်း ဖြေကြား ခဲ့ ဖူးသည် ။

တစ်နေ့ နံနက် စောစော ၇ နာရီခန့် တွင် ကျွန်တော် ကိစ္စ တစ်ခု ဖြင့် ဆရာဦးဖေသိန်း အိမ် သို့ ရောက် နေ၏ ။ ကျွန်တော်တို့ နှစ်ယောက် လမ်းထိပ် မုန့်ဟင်းခါးဆိုင် သို့ မုန့် စားရန် ထွက် လာကြသည် ။ မုန့်ဆိုင် မှာ ဆရာသော်တာဆွေ အိမ် နှင့် မျက်နှာချင်း ဆိုင် ဖြစ်ရာ ဆရာသော်တာဆွေ အိမ် ရှေ့ စားပွဲ ၌ စာ ထိုင် ရေး နေသည် ကို လှမ်း မြင် ရ၏ ။

ဆရာ့ ကို ကျွန်တော် က မုန့် စားဖို့ လှမ်းပြီး ဖိတ်ခေါ် ရာ ဆရာ က မစား လို ကြောင်း ငြင်း သည် ။ ခဏ အကြာ တွင် အိမ်အောက် သို့ ဆင်း လာပြီး ကျွန်တော်တို့ နှင့် စကား လာ ပြောသည် ။ သူ နံနက် ၄ နာရီ မှ ၈ နာရီ အထိ စာ ရေးလေ့ ရှိကြောင်း ၊ စာ ရေး စဉ် တွင် အစာ မစားကြောင်း ၊ ကော်ဖီ လောက် သာ သောက်လေ့ ရှိကြောင်း ၊ အစာ ဝင် သွား လျှင် ခေါင်း လေး တတ်ပြီး ခေါင်း မကြည် လျှင် စာ ရေး ၍ မကောင်းကြောင်း ၊ မုန့်ဟင်းခါး လို ငံပြာရည် ပါ သော အစာ မျိုး ဆိုလျှင် ပို၍ ခေါင်းအုံ ကြောင်း ပြော ပြသည် ။ သံဃာတော်များ ညဆွမ်း မစားဘဲ တရား ကျင့်ကြံ အားထုတ်ကြ သည် မှာ ဤ သဘောမျိုး ပင် ဖြစ်ကြောင်း လည်း ရှင်း ပြခဲ့သည် ။

တစ်နေ့ ဆရာသော်တာဆွေ အိမ် သို့ အလည် ရောက် သွားရင်း စကား ပြော ဖြစ်ရာ ကျွန်တော် က ဆရာ ထုတ်ခဲ့ဖူးသော အဟိစာစောင် ပြန် ထုတ်ဖို့ ကောင်းကြောင်း နှင့် ယခုအခါ ဟာသစာပေ ရှားပါး နေ ကြောင်း ၊ ဆရာ့ အတွက် လည်း တစ်ဖက်တစ်လမ်း က ဝင်ငွေ ရမည် ဖြစ် ကြောင်း တိုက်တွန်းရာ ဆရာ က သူ မလုပ် လိုကြောင်း ၊ ယခုအချိန် တွင် သားသမီးများ လည်း သူ့ ဘဝ သူ ကျောင်း နိုင်ကြပြီ ဖြစ်၍ သူ့ အတွက် ငွေ အထူး မလိုတော့ ကြောင်း ပြောသည် ။

ထိုအချိန် က ဆရာ့ အခြေအနေ မှာ ရရစားစား ပင် ဖြစ်သည် ။ ရှုမဝ မှ လစဉ် ရသော စာမူခ ၊ ရန်ကင်း မှ မင်းသားကြီး ၏ လစဉ် ထောက်ပံ့ငွေ နှင့် ဂုဏ်ထူးစာပေ မှ လစဉ် ထုတ်သုံးငွေ ၃ဝဝိ တို့ သာ ရှိသည် ။ ဆရာ သော်တာဆွေ က ဂုဏ်ထူးစာပေ မှ လစဉ် ၃ဝဝိ ထုတ်သုံးပြီး ကျွန်တော့် ဘဝဇာတ်ကြောင်း တစ်အုပ်စာ ပြည့်တိုင်း ဂုဏ်ထူး သို့ ပေး၍ ထုတ်ဝေ စေ ကာ စာမူခ နှင့် ချေလေ့ ရှိသည် ။

ဆရာ က သူတို့ လင်မယား အတွက် ငွေကြေး များများ မလို ၊ သူ့ ဘဝ မှာ ပုံမှန် စားသောက် နေထိုင် နိုင်ပြီး စာတွေ မှန်မှန် ရေး နေ ရလျှင် သူ ပျော်သည် ။ စိတ် ချမ်းသာသည် ဆိုပါသည် ။ “ အေး တစ်ခုတော့ရှိ တယ် ၊ ငါ စာ မရေး နိုင် လောက်အောင် ကျန်းမာရေး ချို့ယွင်း သွားခဲ့ရင် ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်း သွားခဲ့ရင် ၊ ဒါမှမဟုတ် ငါ့ စာတွေ ကို ပရိသတ် က မဖတ်ကြတော့ရင် အဲဒီ အချိန်ဟာ ငါ စိတ် အဆင်းရဲရဆုံး အချိန် ဖြစ်မှာပဲ ” ဟု ပြောပါသည် ။ ဆရာ ကား အနုပညာသမား ပီသ ပါ ပေသည် ။

ဆရာ့ စာမူတွေ ကျွန်တော် သရုပ်ဖော် ရတော့ ကျွန်တော့် အဖို့ လည်း ပညာ တိုး ပါသည် ။ ဝတ္ထု ကို ကာတွန်းပုံ ဖြင့် သရုပ်ဖော် သည် ဆိုရာ ဝယ် ခါတိုင်း လို ကိုယ် ရေးချင်တာ ရေးဆွဲ တာ မျိုး မဟုတ်ဘဲ ဝတ္ထု ပါ အကြောင်းအရာ ကို သရုပ်ဖော် ပေး ရတာ ဖြစ်သည် ။ စာရေးဆရာ ရေးဖွဲ့ သည့် အကြောင်းအရာ ၊ ဇာတ်ကောင် ပုံသဏ္ဌာန် နှင့် စရိုက်သဘာဝ တို့ ကို ပေါ်အောင် ရေးဆွဲ ရသည် ။ ဝတ္ထု က ရေးတာ တစ်မျိုး ၊ ကိုယ် က သရုပ်ဖော် တာ တစ်မျိုး ဖြစ်နေ၍ မရပါ ။ ဝတ္ထု သရုပ်ဖော် ပုံ ရေးဆွဲ ရာ မှာ ဖွဲ့စည်းမှု နှင့် အထားအသို ကို ဂရု စိုက်ရသည် ။ သို့မှ စာအုပ် ထဲ မှာ ကြည့်ကောင်း အဆင်ပြေမည် ။ ဆရာသော်တာဆွေ့ စာများ မှာ ရွှင်မြူးသွက်လက် သော် လည်း အတွေးအခေါ် လေးနက်မှုများ ပါ သဖြင့် ကာတွန်းပုံ စစ်စစ် အသွက်လက်ဆုံး အနေအထား နှင့် သရုပ်ဖော်ရန် မသင့်ပါ ။ ထို့ကြောင့် အချိုး ဆန့် ထုတ်ပြီး ပန်းချီ ဆန်ဆန် ရေးဆွဲ ရသည်များ လည်း ရှိသည် ။

စာ ထဲ မှာ ဆရာသော်တာဆွေ အပါအဝင် ဆရာကြီး ရွှေဥဒေါင်း ၊ ဦးကြီးမောင် ( ငွေဥဒေါင်း ) ၊ ဒီဆူဇာဦးခင်ဇော် ၊ ဗဂျီဦးအောင်စိုး ၊ ဆရာ မင်းယုဝေ ၊ ဦးဖေသိန်း ၊ ဦးအောင်ရှိန် စသော ပုဂ္ဂိုလ်များ ကို ကယ်ရီကေးချား ပုံတူ ရေးဆွဲ ရသည်များ လည်း ရှိသည် ။

တစ်ခါက မြင်းလှည်း မောင်း သည့် ပုံ ကို ကျွန်တော် သရုပ်ဖော် ရေး ဆွဲ ရာ မှားယွင်း နေ သဖြင့် ဆရာ က မြင်း ၌ တပ်ဆင်သည့် ကိရိယာ တန်ဆာ ပလာများ အသုံးပြုပုံကို လက်တွေ့ ရေးဆွဲ ပြပြီး အသေးစိတ် ရှင်းပြ ခဲ့ ဖူးသည် ။ ( ထို ပုံ ကို သုံးမိနစ် ခန့် အတွင်း ပြီးအောင် ဆွဲ ခဲ့သည် ။ )

ဆရာ နှင့် ကျွန်တော် သွေးသားများ လို ရင်းနှီး လာသောအခါ ဆရာ က သူ့ စာမူ ရှုမဝ သို့ ပို့သည့် အခါ “ ငွေကြည် ရေ အိပ်မက်ခန်း ကို မိအောင် ဆွဲနိုင်ရင် ကောင်းမယ်ကွ ” ဟူသော စာတိုလေး မျိုး ပူးတွဲပါ လာ တတ်သည် ။

ကျွန်တော့် သား ရှင်ပြု သော အခါ ဆရာ့ ကို ကျွန်တော် မဖိတ် ဖြစ်ပေ ။ ဆရာ့ စာများ ထဲ မှာ သာရေး ၊ နာရေး ကိစ္စများ ၌ မလွှဲ မရှောင်သာ သော နာရေးကိစ္စများ မှ လွှဲ၍ မင်္ဂလာဆောင် ၊ အလှူပွဲလမ်း သဘင်များ ဆရာ သွားလေ့ မရှိကြောင်း ရေး ဖူး သောကြောင့် ဖြစ်သည် ။ သူ့ သား မင်္ဂလာ ဆောင် ကို ပင် အခြား သူ များအား ဒုက္ခ မပေးလို သောကြောင့် သူ မဖိတ် ကြောင်း ဖတ်ရ ဖူးသည် ။ ထို့ကြောင့် ကျွန်တော် သား ရှင်ပြုပွဲ ကို ဆရာ့ အား မဖိတ်တော့ပါ ။

တစ်နေ့ ရှုမဝ မှာ ဆုံကြတော့ “ ငွေကြည် ၊ မင်း သား ရှင်ပြု လုပ် တယ် ဆို ” ဟု မေးသည် ။

ကျွန်တော် က ဆရာ့ အား ဒုက္ခ မပေး လို၍ မဖိတ်ခြင်း ဖြစ်ကြောင်း နှင့် ဆရာ့ စာတွေ ထဲ မှာ ဆရာ မင်္ဂလာဆောင် တို့ ၊ အလှူ တို့ လည်း သွား လေ့ မရှိကြောင်း ဖတ်ဖူး ၍ မဖိတ်ခြင်း ဖြစ်ကြောင်း ရှင်း ပြတော့ “ ဟကောင် ရ လူရင်းတွေ ကို တော့ သွားပါတယ် ကွ ” ဟူ သတည်း ။

ဆရာသော်တာဆွေ နှင့် ကျွန်တော် တို့ ၏ ရင်းနှီးမှု မှာ မိဘ နှင့် သားသမီး လို ဖြစ် လာသည် ။ ကျွန်တော့် ဇနီးသည် ဆီး နှင့် ပတ်သက်သော ရောဂါ ဖြစ်စဉ် က ဆရာ ကိုယ်တိုင် အင်းလျားကန်ပေါင် ပေါ် က သံမနိုင် ကျောက်မနိုင်ရွက် များ ခူးကာ ၊ သူ့ အိမ် ၆ မိုင် မှ ကျွန်တော် တို့ အိမ် လှည်းတန်း ကုန်းဆင်း သို့ လမ်းလျှောက် ရင်း ယူ လာ ပေး သည် ။

နောက်ပိုင်း ၌ ဆရာ သည် တစ်လ လျှင် တစ်ကြိမ် လောက် သာ မြို့ ထဲ ထွက် တတ်သည် ။ ထိုသို့ ထွက်ဖို့ သူ့ သားသမီးများ ထဲ မှ တစ်ဦး က ကား စီစဉ် ပေးထား ပြီး ထို ကား ဖြင့် တစ်နေ့ တာ စာမူ ပေးခြင်း ၊ စာမူခ ထုတ်ခြင်း ၊ အသိအကျွမ်းများ ထံ သွားခြင်း ကို ပြုလုပ်သည် ။ ထိုသို့ ကား ဖြင့် မြို့ ထဲ ထွက်သည့် အခါများ ၌ ကျွန်တော့် အိမ် သို့ ဝင် လာ တတ် သည် ။ ဆရာ လာ လျှင် ကျွန်တော် က သူ့ မြေးများ ဖတ်ရန် ကာတွန်း စာအုပ် လေးငါးအုပ် ပေး လိုက်လေ့ ရှိသည် ။

ဆရာ့ အသက် ၇ဝ နား ကပ် လာသော အခါ ချို့ငဲ့ လာ ပါသည် ။ ရှုမဝ အပြင် ချယ်ရီ ၊ သောင်းပြောင်းထွေလာ တို့ တွင် ပါ စာတွေ ပို ရေး ရ သည် ။ အန်တီမေ မုန့်ဟင်းခါး ထွက် ရောင်း ရသည် ။

ထို့ အပြင် ကံ ဆိုး ချင်တော့ နေထိုင်ရာ ၆ မိုင် မာလကာခြံ ရှိ အိမ် မှာ ညီ ဖြစ်သူ ၏ နေအိမ် ဖြစ်ပြီး အိမ်ရှင် က သူ့ အိမ် သူပြန် နေမည် ဖြစ်၍ ဆရာသော်တာဆွေ တို့ ထို အိမ် ပေါ် မှ ဆင်းပြီး အင်းစိန် ဘိုကုန်း သို့ ရွှေ့ပြောင်း နေထိုင် ကြ ရသည် ။

အင်းစိန် ဘိုကုန်း ရောက်ပြီး နောက် ဆရာ နှင့် ကျွန်တော် ခရီး ဝေး သဖြင့် အတွေ့ ကျဲ သွား ပါသည် ။ သို့သော် အင်းစိန် မှာ ဆရာ့ ၏ တပည့် တစ်ဦး ဖြစ်သူ ကိုပိုက် က သားသမီး တစ်ဦး ပမာ ဆရာ့ ကို ပြုစု စောင့်ရှောက် နေသည် ကြားရ၍ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါသည် ။

ဆရာ ရှိရာ အင်းစိန် ဘိုကုန်း သို့ ကျွန်တော် ရောက် သွားသော အခါ ဆရာ က ဝမ်းသာအားရ ကြို ပါသည် ။ ဆရာ လည်း မြို့ ထဲ သိပ် မထွက် နိုင် ၊ ကျွန်တော်တို့ လည်း ဆရာ့ ဆီ မရောက်နိုင် နှင့် ဆရာ့ ဘဝ ပျင်းရိ ခြောက်သွေ့ စွာ ဖြတ်သန်း နေပုံ ရသည် ။

၁၉၈၆ / ၈၇ ခုနှစ် လောက် တွင် ရှုမဝ မှ ဆရာ့ စာမူ ကို သရုပ်ဖော် သည့် ကျွန်တော့် ပုံ ခ ကို လစဉ် ဆရာ့ သို့ လွှဲပြောင်း ထုတ်ပေး ပါ ရန် ရှုမဝ အယ်ဒီတာအဖွဲ့ သို့ စာ ရေး အကြောင်း ကြား ပြီး လှူဒါန်း ခဲ့ပါသည် ။ ဆရာ နေထိုင်ရာ အင်းစိန်မြို့နယ် မှ စာပေသမားများ က လည်း ဆရာ့ အား ငွေ သားနှင့် ကန်တော့ပစ္စည်းများ စုဆောင်း ပြီး ခမ်းခမ်းနားနား ကန်တော့ ခဲ့ ကြပါသည် ။

တစ်နေ့ တွင် အန်တီမေ နံနက်စောစော မုန့်ဟင်းခါး ထ ချက်ရာ အိမ် အပေါ် မှ လိမ့် ကျ ကာ ခြေလက်များ ကျိုးသွားသည် ဟု သတင်း ကြားရသည် ။ ဆရာ့ သား တစ်ဦး အား ဆေး ထိုး ရာ မှ သေသွားသည် ။ အန်တီမေ ခြေလက်များ ကျိုး သွား၍ မသန်မစွမ်း ဖြစ် နေသော ကာလ တစ်လျှောက် လုံး ဆရာသော်တာဆွေ ကိုယ်တိုင် ဈေး သွား ချက် ပြုတ် ပြီး ဇနီးသည် ကို ပြုစု စောင့်ရှောက် ခဲ့ သည် ကို စိတ် မကောင်း ဖွယ်ရာ တွေ့ ရပါသည် ။ ထို့ နောက်ပိုင်း အတော် ကြာ တွင် အန်တီမေ ကွယ်လွန် ခဲ့ ပါသည် ။

အန်တီမေ ကွယ်လွန် ပြီး နောက်တွင် ဆရာသော်တာဆွေ ကို သမီး ကြီး ဒင်ပယ်ဆွေ က ခေါ်ယူ စောင့်ရှောက် ခဲ့ပါသည် ။ ဆရာသော်တာဆွေ သည် ဒေါ်ဒင်ပယ်ဆွေ ၏ နေအိမ် မှာ ပင် ကွယ်လွန် ခဲ့သည် ။

◾ငွေကြည်

📖 သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment