အခန်း ( ၁၄ )
နောက်ဆုံးနေ့ မို့လို့လား မသိဘူး ။ လူတွေ တအား စည် နေတယ် ။ ရုပ်ရှင် က တော့ စ ပြ နေပြီ ။
ကာတွန်းသော်က ရဲ့ ရုပ်ပြကာတွန်း ကို ပြန် ရိုက် တဲ့ ဇာတ်ကား ပါ ။ သိတယ် မဟုတ်လား ။ သော်က ရဲ့ ဇာတ်ကောင် က ‘ အရိုင်း ’ လေ ။ တာဇံ လို မျိုး မိမရှိ ဖမရှိ နဲ့ တော ထဲ မှာ ကြီးပြင်း လာရတဲ့ တောတွင်းသားလေး ‘ အရိုင်း ’ ပေါ့ ။
ရုပ်ရှင်ဇာတ်လမ်း ကို တည် ထားတာ က ကိုလိုနီခေတ် နောက်ခံ ဇာတ်ကောင် စရိုက် က တောတွင်းသား ။ အဲဒီ နေရာ မှာ သရုပ်ဆောင်တဲ့ မင်းသား ဝတ် ထားတာ က ဂျင်းဘောင်းဘီအတို ဗျ ။
ပျက် ကရော ။
ကျွန်တော်တို့ တွေ တိုးတိုး ရော ကျယ်ကျယ် ပါ ဆဲမိ ကြတယ် ။ ကိုလိုနီခေတ် ပါ ဆို မှ ၊ လူသူ မနီးတဲ့ တောတွင်းသား ပါ ဆို မှ သူ့ အမေလင် က လာ ဝယ် ပေးလို့ ဂျင်းဘောင်းဘီ ဝတ် နေရတာလား ။
အော့နှလုံး နာ လာတာ နဲ့ ကျွန်တော်တို့ တစ်အုပ်စု လုံး ရုပ်ရှင် ဆက် မကြည့်တော့ ဘဲ ပွဲဈေးတန်း ဘက် ထွက် ခဲ့ကြတယ် ။
ဈေးတန်း တစ်လျှောက် မှာ တော့ ကလေးတွေ က ပြေးလို့ လွှားလို့ ။
အဲဒီ အထဲ မှာ ဗုံတိုမောင်ဝမ်း နဲ့ ဒေါ်သန်းတင် တို့ ရဲ့ ရင်သွေး မျောက်လောင်း တွေ က အကဲဆုံး အဆိုးဆုံး ။
ပေကျစ် ဆိုတဲ့ ကောင် ဆို မသကာ ရှိလှ ခြောက်နှစ် ခုနစ်နှစ် ပေါ့ ။ ကစား သောင်းကျန်းပုံများ က တော့ ဘဝ အဆက်ဆက် ကတည်း က ပါရမီ ဖြည့်ကျင့်ခဲ့ပုံ ပဲ ။ အခုလည်း ကြည့် ... ။ ဆော့ နေပုံက ကြံကြံဖန်ဖန် ... ။
မြေကြီး ပေါ်ကျနေတဲ့ ဖက်ရွက် တို့ ၊ သတင်းစာ စက္ကူစုတ် တို့ ၊ ရော်ဘာ ဖိနပ်ပြတ် တို့ ၊ ဘာပဲ တွေ့ တွေ့ ( အဲဒီ တွေ့ သမျှ ဟာ အပေါ် ကို ) ပြေးပြေး ပြီး ခြေစုံ တက် ခုန်နင်း တာ ဗျ ။
သူ တစ်ဦးတည်း မူပိုင် အထူး သီးသန့် ရှာရှာဖွေဖွေ တီထွင် ဖန်တီး ထား တဲ့ ကမြင်းနည်း ကမြင်းဟန် သစ် ထင်ပါရဲ့ ။
ကျွန်တော် တို့ တွေ ပေကျစ် ကို ငေးကြည့် နေကြတုန်း နောက်ဘက် က နေ ...
“ ဟေ့ကောင်တွေ ဘယ် သွားကြ မလို့လဲ ၊ မင်းတို့ အုပ်စု က ရုပ်ရှင် မကြည့်ကြ ဘူးလား ”
ဓမ္မာရုံငွေထိန်း ဦးတင်ညွန့် က သူ့ ထုံးစံ အတိုင်း ပုဆိုး ကို ရင်ခေါင်း နား အထိ စည်း လို့ ဗျ ။ ကျွန်တော်တို့ ထဲ က ပန်းချီဆရာ က နှုတ်သွက် အာသွက် နဲ့ ..
“ မကြည့်သေးပါဘူး ဦးလေး ရာ ၊ ဒီ ကား ကတော့ ဘယ်လိုမှ ကြည့် လို့ ဖီလင် ရှိမှာ မဟုတ်ဘူး ”
“ ကိုင်း ... ဒါဆိုလည်းကွာ ၊ အကြော်လေးဘာလေး စားရအောင်ကွာ ။ လာပါကွာ .. ငါ ကျွေးပါ့မယ် ”
ဦးတင်ညွန့် က ပြောပြောဆိုဆို နဲ့ ဘေး က ဒေါ်ဟာစီးနား ရဲ့ အကြော် ဆိုင် မှာ ဝင် ထိုင်ရော ။
“ ဟာ ... မဟုတ်တာပဲ ။ ဦးလေး က လူကြီးပဲ ဥစ္စာ ၊ ကျွန်တော်တို့ ဝယ်ကျွေး မှာပေါ့ ။ နေ ... နေ ဦးလေး ထိုင် နေ ၊ အကြော်ပန်းကန် ကို ကျွန်တော်တို့ ယူခဲ့မယ် ။ ကဲ ... ဒေါ်လေးဟာစီးနား ရေ ပူတဲ့ ဥစ္စာလေးတွေ ရွေး ပေးဗျာ ၊ ဗယာကြော် ကို ပို ထည့် ”
ကိုဆင့်သူ နဲ့ ပန်းချီဆရာ က ဆိုးဆိုးဆတ်ဆတ် ကိုယ်တိုင် ထ ပြီး အကြော်တွေ ရွေး ကြတယ် ။
ကိုမောင်မောင်ချို က တော့ ထုံးစံ အတိုင်း အိပ်မက် အကြောင်း စဉ်းစား နေတဲ့ မျက်နှာ နဲ့ ။ ဖိုးစော က ရေနွေးကြမ်း ငှဲ့ ရင်း ...
“ ကျွန်တော်တို့ က စောစောတုန်း က ကောက်ညှင်းပေါင်း စား ထား ကြသေးတယ် ။ ဦးလေး က အခုမှ ထွက် လာတာ ကိုး ၊ နောက်ကျ လိုက်တာ ”
“ အေးကွ ... စာရင်းတွေ လုပ်နေတာ မပြတ်သေး လို့ ။ ကျောင်းစိမ်း ပိတ်စ ဝယ်ဖို့ အထည်ဖိုး တွေ က ဒီကနေ့ ညနေ ကျောင်းဆင်း တော့ မှ ငါ့ လက် ထဲ လာ အပ် သွားတာဟ ၊ ငါ က စာရင်း လုပ်ပြီး မြို့နယ် ပညာရေးမှူးရုံး သွား သွင်း ရမှာ ၊ အမိန့်စာ ထုတ် ထားတာက ဒီနေ့ ၂ နာရီ အမီ ငွေ သွင်းရမယ် တဲ့ ။ လခွီး ... ခုတော့ မမီတော့ဘူး ၊ အထောင်း ခံရတော့မယ် ၊ မနက်ဖြန် နဲ့ သန်ဘက်ခါ က လည်း စနေ ၊ တနင်္ဂနွေ ဖြစ် နေတော့ ဖိန်းနွှဲခါ ကျ မှ ပဲ သွင်းရ တော့မှာပဲ ကွာ ”
ကိုဆင့်သူ နဲ့ ပန်းချီဆရာ က အကြော်တွေ ကို ပန်းကန်သုံးချပ် နဲ့ အပြည့်အမောက် ထည့်ယူ လာပြီး စားပွဲဝိုင်း အလယ်မှာ ချ လိုက်တယ် ။
“ ဒါ အကုန်ပဲလား ”
လို့ ကိုမောင်မောင်ချို က မေး လိုက်တော့ ပန်းချီဆရာ က ...
“ ပဲကပ်ကြော် နဲ့ ကြက်သွန်ကြော် တစ်ပန်းကန် ကျန် သေးတယ်ဗျ ၊ ဟေ့ကောင် ... ဖိုးစော မင်း သွား ယူ လိုက်ကွာ ၊ အချဉ်ရည် ပါ သုံးခွက် လောက် ဆွဲခဲ့ ”
အချည်ရည်ခွက် သုံးလုံး နဲ့ အကြော်ပန်းကန် တစ်ချပ် ကို ဖိုးစော သယ်တော့ မှ ပဲ ပြည့်မောက် နေ တဲ့ ပန်းကန်ပြား ပေါ် က ကြက်သွန်ကြော် တစ်ခု က လျှော ပြီး မြေကြီး ပေါ် ဖုတ်ခနဲ ကျ ရော ။ ဖုန်တွေ နဲ့ လူးလို့ ... ။ ဒီကြားထဲ စောစော ကတည်း က ကြံကြံဖန်ဖန် ဆော့တော်မူ နေတဲ့ ပေကျစ် ဆိုတဲ့ မှင်စာလေး က ‘ လျင် ’ လိုက်တာ မှ လျှပ်စီးဗျ ။
မြေကြီး ပေါ် ကျ သွားတဲ့ ကြက်သွန်ကြော်ချပ် ပေါ် ကို ပြေးပြီး ခြေစုံ ခုန် နင်း လိုက် တော့ ဖုန်လူး နေတဲ့ ကြက်သွန်ကြော်ကလေး ခမျာ လည်း..
“ ဂျွတ် ”
ဆို တစ်စစီ ဖြစ်ကရော .. ။
“ ဟာ .. ဒီကောင်ကွာ ကြံကြံဖန်ဖန် ဆော့စရာ ရှား လို့ ”
ဖိုးစော က တစ်ချက် လှမ်း ဟန့် လိုက်သေးတယ် ။ ဒါပေမဲ့ ပေကျစ် ပဲ ဗျာ ။ လူကြီး က တစ်ခွန်းလောက် ငေါက် ရုံ နဲ့ နောက်တွန့် သွားမတဲ့လား ။ ဝေးပါသေးရဲ့ ။
အဲဒီ အခိုက်အတန့် မှာ ပဲ ...
အာသာဘလော့ချ် ရဲ့ ‘ ထပ်တူကျအလွဲ ’ တွေ ထက် ပိုပြီး ရယ်စရာ ကောင်း ပိုပြီး အထင်လွဲစရာ ကောင်း တဲ့ တိုက်ဆိုင်မှု တစ်ခု ဖြစ် သွားတယ် လို့ ဆိုရတော့မှာပဲ ။
ကျွန်တော်တို့ ထိုင်နေတဲ့ ဝိုင်း ရဲ့ ရှေ့ က ဖုန်တွေ ၊ သဲတွေ နဲ့ မြေပြင် ပေါ် မှာ ပလတ်စတစ် နဲ့ ထုပ် ထားတဲ့ ငရုတ်ဆီအချဉ်ရည်ထုပ်ကလေး တစ်ထုပ် ကျ နေ တယ်ဗျ ။ ( ဒေါ်ဟာစီးနား ဆီ က အကြော် ဝယ်ပြီး အိမ် ကို ယူ သွားတဲ့ သူ တွေ ထဲ က တစ်ယောက် ယောက် ကျကျန် နေခဲ့တာ ဖြစ်မှာပါပဲ ) ပလတ်စတစ်အိတ် အကြည်ပါးပါးလေး နဲ့ ဖောင်းနေ တင်းနေ အောင် ထုပ်ပြီး သားရေကွင်း တင်းတင်း စည်း ထားတဲ့ ငရုတ်ဆီ အချဉ်ရည် ထုပ်ကလေး ကို ကျွန်တော် တို့ လည်း မြင်တယ် ။
ပေကျစ် ဆိုတဲ့ ခြောက်နှစ်သား ကမြင်းထီး ကောင်ကလေး လည်း မြင်တယ် ။
••••• ••••• •••••
ဘယ်သူ မှ မတားလိုက် နိုင်ခင် မှာ ပဲ ...
ပေကျစ် က ပြေးပြီး မြေကြီး ပေါ် ကျနေတဲ့ ငရုတ်ဆီထုပ်ကလေး ပေါ် ခြေစုံ ခုန် လိုက်တယ် ။
“ ဖောက် ”
ခုန်တက်နင်း ခံ လိုက်ရတော့ ဖောင်းတင်း နေတဲ့ ပလတ်စတစ်အိတ် လည်း ပေါက် ရော အထဲ က ငရုတ်ဆီတွေ က လည်း ‘ ဗျစ်ခနဲ ’ ပန်း အထွက် ..
ငုံ့ကြည့် လိုက် မိ တဲ့ ပေကျစ် ရဲ့ မျက်လုံး ထဲ ကို ( ရေပြွတ် နဲ့ ချိန်ပြီး ထိုးထည့် လိုက် သလို ) တန်းတန်းမတ်မတ် အရှိန် နဲ့ ဆောင့်ပြီး ဝင် ပါလေရော ။
“ အာ့ ” ခနဲ ပေကျစ် ရုတ်တရက် လန့်အော် အော် လိုက်တယ် ။ ပြီးတာ နဲ့ ချက်ချင်း ဗြဲခနဲ အော်ငို တော့ တာပဲ ။
( မျက်လုံး ထဲ ငရုတ်ဆီ ဝင် မှတော့ ပူပြီ စပ်ပြီပေါ့ )
ကျွန်တော်တို့ တစ်ဖွဲ့လုံး က ပေကျစ် ဖြစ်ပုံ ကို အစ အဆုံး မြင် လိုက် ရတော့ ဘာရယ် မဟုတ်ဘဲ ရယ်မိကြတယ် ။ ရယ်တဲ့ သူတွေ ထဲ မှာ ဖိုးစော က အဆိုးဆုံး ဗျ ။
“ ဟားဟား .... ဟီးဟီး ဟီးဟီး ... အဟွပ်ဟွပ် ”
လက်ညှိုး တထိုးထိုး နဲ့ ဆောင့်ကြောင့် ထိုင် နေရာက ထထ ခုန်ပြီး တော့ ကို ရယ်တာ ။ မျက်ရည်တွေ ထွက် ၊ အသက်ရှူ မှား ၊ ချောင်းဆိုး ပြီး တဟွပ်ဟွပ် သီးတဲ့ အထိ ကို ရယ်တာ ။
ပေကျစ် ငိုတာ ကလည်း ဗျာ အသံ ပြဲ လိုက်တာ ။ ပွဲဈေးတန်း တစ်ခု လုံး ကို သူ့ ငိုသံ လွှမ်းသွား တော့ တာပဲ ။
“ အား ... ဟား ... ဟီးဟီ ... အနော့ မျက်လုံး စပ်တယ် ... စပ်တယ် ၊ အနော့ မျက်လုံး မမြင်ရတော့ဘူး ”
ကမြင်းထီးလေး က မျက်လုံး စုံ မှိတ်ပြီး တော့ ကို သံကုန် ဟစ် နေတာ ။
ဦးတင်ညွန့် က ဖိုးစော ကို လှမ်းပြီး ...
“ ဟေ့ကောင် ... ရယ်မနေနဲ့ ဟ ၊ မင့် အဘလေး အသံ က နားမခံသာ လွန်း လို့ ။ ခေါ်သွားပြီး မျက်လုံး ကို ရေ နဲ့ ဆေးပေး လိုက်စမ်းပါကွာ ”
“ ဟုတ်တယ် ၊ မြန်မြန် ခေါ်သွားစမ်းပါ ဟ ... ဖိုးစော ရ ”
ကျွန်တော်တို့ က ပါ တစ်ယောက် တစ်ပေါက် နဲ့ ဝိုင်း ပြောတော့ မှ ဖိုးစော က ထ ပြီး ကလေး ကို ဆွဲတယ် ။ ကလေး က သူ လှမ်း ဆွဲတာ ကို ရုန်းပြီး ထွက်ပြေး ရင်း ထပ် အော် ငိုတယ် ၊ ဖိုးစော က လိုက် ဖမ်းတယ် ။
အဲဒီ အချိန် မှာ တင် ( တစ်နေရာ ရာ မှာ သောက်စား မူးယစ် နေရင်း က ) သူ့ ကလေး ငိုသံပြဲ ကြောင့် ကမူးရှူးထိုး ပြေး လာတဲ့ ဗုံတိုမောင်ဝမ်း က ဘွားခနဲ အနား ရောက် အလာ ...
“ ဟေ့ကောင် .. မင်း ... မင်း ငါ့ ကလေး ကို ဘာ .. ”
ဗုံတိုမောင်ဝမ်း က လက်ညှိုးကြီး တထိုးထိုး နဲ့ ၊ ပေကျစ်ကလေး က လည်း သူ့ အဖေ ရောက် လာ မှန်း သိတာ နဲ့ ကလေးတို့ ဘာသာဘာဝ အတိုင်း အားတက်ပြီး တစ်ချီ တစ်မောင်း ထပ် ဟစ်ငို ပြန် တော့တာပဲ ။
“ ဟီး ... ဟီး .. ဖေကြီး ... ဖေကြီး ... အနော့ မျက်လုံး ...မျက်လုံး မမြင်ရတော့ဘူး ”
“ ဟင် ”
ဗုံတိုမောင်ဝမ်း ထူပူ သွားပြီး သူ့ ကလေး ကို ဖျတ်ခနဲ ထပ် ကြည့် တယ် ။ ပေကျစ် ရဲ့ မျက်လုံးထောင့် က နေ ပါးပြင် ပေါ် စီးကျ နေတဲ့ ငရုတ်ဆီ အနီရောင်ရဲရဲတွေ ဟာ ( အကြောင်းမသိရင် ) သွေးတွေ ကျ နေတာပဲ ။
သွားပြီ ။
ငါ့ သားလေး မျက်လုံး ပေါက်ထွက် သွားပြီ ။ ငါ့ သားလေး မျက်စိ ကန်းပြီ ။
အရက် က လည်း အရမ်း မူးနေတော့ ဗုံတိုမောင်ဝမ်း မှာ ပုံမှန်ဆင်ခြင် ချိန်ဆ နိုင်တဲ့ အသိဉာဏ် မရှိတော့ဘူး ။
ဖိုးစော ကို ဒေါသတကြီး နဲ့ ..
“ ငါ့ သား မျက်လုံး .. မျက်လုံး က.. မင်း လက်ချက်ပေါ့ ဟုတ်လား ၊ သေပေတော့ ”
အကြော်ဆိုင် မှာ မီးချောင်း ထွ န်းဖို့ ကန့်လန့် တင် ထားတဲ့ နှစ်တစ်လက်မ သစ်သားချောင်း ကို ဗုံတိုမောင်ဝမ်း က ဆတ်ခနဲ ဆောင့် ဆွဲ ပြီး ဖိုးစော ကို လွှဲရိုက် လိုက်တယ် ။
ဖိုးစော က ကြောင် ငေးပြီး ကြည့်နေတာ ဆိုတော့ ...
“ ဖျောင်း ”
“ အား ”
ရှောင် ပေမယ့် မမီတော့ဘူး ။ ဘယ်ဘက် နဖူးအစပ် ကို ထိပြီး ဟက်တက် လည်း ကွဲ ၊ ဖိုးစော လည်း ပုံခနဲ လဲ အကျပဲ ။
ဗုံတိုမောင်ဝမ်း က နောက် တစ်ချက် ထပ် ရိုက်ဖို့ တုတ် ကို လက် နှစ်ဖက် နဲ့ စုံ ကိုင် လိုက်တယ် ။
“ ဟေ့လူ ... မလုပ်နဲ့ ”
“ မောင်ဝမ်း ... မောင်ဝမ်း မှားမယ်ကွ ”
“ ဟေ့ ... ဟေ့ ရပ်စမ်း ”
အနား က လူတွေ တစ်ယောက် တစ်ပေါက် ဝိုင်း အော် လို့ ပွဲလန့် သွား တယ် ။ ဗုံတိုမောင်ဝမ်း လည်း နောက် တစ်ချက် ရိုက် ဖို့ ဟန် သာ ပြင်တယ် ၊ တကယ် မရိုက်လိုက်ရဘူး ။
လူ တစ်ယောက် က ဗုံတိုမောင်ဝမ်း ရဲ့ လက် တစ်ဖက် ကို နောက်ပြန် လိမ်ချိုး ၊ ဒူးခေါက်ကွေး ကို ဆောင့်နင်းချ လိုက်ပြီး ရှေ့ ငိုက် ကျ သွားတော့ မှ ဇက်ပိုး ကို ...
“ ဖျောင်း ”
ခနဲ ရိုက်ပစ် လိုက်လို့ ဗုံတိုမောင်ဝမ်း ချာခနဲ လည် ထွက် သွားတယ် ။ လက်သွက် ခြေသွက် နဲ့ ဗုံတိုမောင်ဝမ်း ကို ဝင် ချုပ်ပြီး နားရင်း အုပ် တဲ့ လူ ကို ကြည့် လိုက်တော့ ...
ဟိုက် ... အံ့ဩစရာ ကောင်း လိုက်တာ ။
ကိုမောင်မောင်ချို ဗျ ။
တစ်ချိန်လုံး အိပ်မက် အကြောင်း စဉ်းစား လိုက် ၊ ငိုက်မျဉ်းငေးမော လိုက် နဲ့ ရိုးရိုးအအ ခပ်အေးအေး လူ တစ်ယောက် အနေနဲ့ ပဲ ကိုမောင်မောင်ချို့ ကို သိထားတာ ဆိုတော့ ဘယ်လို မှတ်ချက် ပေးရမှန်း တောင် မသိတော့ဘူး ။
ကျွန်တော် ဆိုရင် ပဲ ကြည့် ။ အဖြစ်အပျက် တစ်ခုလုံး ကို မြင် လိုက် တယ် ။ ဖြစ်တာက တစ်မိနစ် တောင် မကြာဘူး ဆိုတော့ ကျွန်တော် ထိုင် နေရာ က တောင် နည်းနည်း မှ မရွေ့ရ သေးဘူး ။
ပုံမှန်အားဖြင့် ဆိုရင် ကျွန်တော် က လူသွက် လူမြန် ။
ကိုမောင်မောင်ချို က လူအေး လူနှေး ။
( ကျွန်တော့် စိတ် အထင် ပြော ရရင် လူ တစ်ယောက် မှာ စရိုက် တစ်မျိုး တည်း ပုံသေ ရှိတာ မဟုတ်ဘူး နဲ့ တူတယ် ။ ထွက်ပေါ် လာဖို့ စောင့်ဆိုင်း နေတဲ့ ငုပ်လျှိုးစရိုက် နောက် တစ်ခု ၊ ဒါမှမဟုတ် တစ်ခု ထက် မက ရှိလိမ့်မယ် ထင် တယ် ။ အပြောင်းအလဲ တစ်ခုခု ထူးခြားမှု တစ်ခုခု နဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံလိုက် မှ သာ ဘွားခနဲ ပေါ် လာတာမျိုး ဖြစ်မှာပေါ့ ။ ဒါမျိုးတွေ ကြောင့် ထင်ပါရဲ့ ။ နောက်ပိုင်း ကာလ ၁၉၈၈ အရေးတော်ပုံ ကို ဆင်နွှဲရတဲ့ အခါ ကျွန်တော်တို့ ရဲ့ စရိုက်တွေ က တစ်အိမ်တည်း အတူတူ နေ တဲ့ ဘဝတွေ ကို အမျိုးမျိုး ကွဲပြား လွင့်စဉ် သွား စေခဲ့တာလေ )
••••• ••••• •••••
ပွဲ လန့်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ က ဘာမှ မကြာလိုက်ဘူး ။ ခဏ နေတော့ ပုံမှန်အတိုင်း ပြန် ငြိမ် သွားပြီး ရုပ်ရှင် ဆက် ပြတယ် ။ ပွဲထိန်းတဲ့ လုံခြုံရေး တွေ လည်း ကျွန်တော်တို့ ဆီ ကို ရောက် လာကြတယ် ။
( ရုပ်ရှင်ဇာတ်လမ်းတွေ ဝတ္ထုတွေ မှာ ပါနေကျ ပုံစံ အတိုင်းပဲ ) ရဲတွေ ရောက် လာတော့ ဒီမှာ က အားလုံး ပြီး သလောက် ဖြစ် နေပြီ ။
ပေကျစ် ကို လည်း အမြင် မတော်တဲ့ တစ်ယောက် ယောက် က မျက်နှာ သစ် ရေဆေး ပေးလိုက်တယ် ထင်ပါရဲ့ ။ ငရုတ်ဆီ အရည်တွေ ပြောင် သွားပြီ ။ ဘာမှ မရှိတော့ဘူး ။ အငို လည်း တိတ် သွားပြီ ။
ဦးမောင်ဝမ်း က လည်း အဲဒီတော့ မှ အကြောင်းစုံ သိပြီး ပါးစပ် ဟောင်းလောင်း နဲ့ ခေါင်း ငိုက်စိုက် ကျ လို့ ... ။
လုံခြုံရေးတွေ က သူ့ ကို ဝိုင်းချုပ်ပြီး ရဲစခန်း ဆီ ခေါ်သွားကြတော့ စောင်းကန်းစောင်းကန်း နဲ့ တရွတ်တိုက်ကြီး ပါ သွား ရှာတယ် ။
ဖိုးစော ကို တော့ အောင်ဗလ ဆိုက်ကား နဲ့ ပဲ ဆေးခန်း ကို ပို့ ရတာပေါ့ ။ တုတ် အဖျားပိုင်း လောက် နဲ့ ပဲ အနားခတ် သွားပုံ ရတယ် ။ မျက်ခုံး အထက် မှာ လက်မဝက် သာသာလောက် ခပ်စောင်းစောင်းလေး ကွဲ နေတယ် ။
ဆရာဝန် က ရန်ဖြစ် လာတာ ဆိုရင် ချုပ် မပေးနိုင်ဘူး ။ ဆေးရုံ သွားပါ ဘာညာ နဲ့ ငြင်း နေ သေးတာ ။ ကျွန်တော် တို့ က အမှု လုပ် မှာ လည်း မဟုတ်ဘူး ၊ တာဝန် ယူပါတယ် ။ ကိုယ့် ကိစ္စ ကိုယ် ရှင်းမှာပါ ဆိုတော့ မှ ဖိုးစော ရဲ့ဒဏ်ရာ ကို မြင်းမြီး နဲ့ နှစ်ချက် ချုပ် ပေးတယ် ။
ပြီးတော့ ဆေး တစ်လုံး လား နှစ်လုံး လား မသိဘူး ထိုး ပေးတယ် ။
ကိစ္စ ပြီး လို့ ပြန်တော့မယ် လုပ်ကာ မှ ပေသီး ဆိုက်ကား နဲ့ ဒေါ်သန်းတင် က ဆေးခန်း ကို လိုက်ချ လာရောဗျ ၊ သူ့ သား ကမြင်းကြော ပါရမီရှင် ကလေး ပေကျစ် ကို ပါ လက်ဆွဲ လာ လိုက် သေးတယ် ။
ကျွန်တော် တို့ ကို လည်း မြင် ရော ...
“ အီး ... ဟီး ... ဟီး ... အောင်မယ်လေး ငါ့တူ တို့ ရဲ့ ၊ ကယ်ကြပါဦး ။ ကိုမောင်ဝမ်း ကို ရဲတွေ က ဖမ်းသွားကြပြီ ၊ အီး .. ဟီး ... ဟီး ... ထောင်ချ ပစ် တော့မယ် ထင်ပါရဲ့ ၊ လုပ်ကြပါဦး ... ဟုန် .. ဟုန်း ”
ဆိုပြီး အော်ကြီး ဟစ်ကျယ် ငိုပါလေရော ။ ခါတိုင်း ပြောနေကျ လို အဆဲအဆိုလေး တွေ တောင် မပါနိုင်တော့ဘူး ။ ကိုဆင့်သူ က မျက်တောင် မွေးတိုတိုလေး တွေ ပုတ်ခတ်ပုတ်ခတ် နဲ့
“ အခုပဲ ဖမ်း ၊ အခုပဲ ထောင်ကျတယ် ရယ် လို့ တော့ မရှိပါဘူး အဒေါ် ရယ် ။ ဦးမောင်ဝမ်း မူး နေလို့ ရဲစခန်း မှာ တစ်ည လောက် ဆွဲထည့် ထားတာ ဖြစ်မှာပါ ၊ စိတ်မပူပါနဲ့ ”
“ အောင်မလေး အခုဟာ က ရိုက်မှုတဲ့ တော့ ၊ ထောင် ကျ မှာ ဆိုပဲ ။ ငါ့ တူ တို့ ကျေအေး ပေး မှ ရမှာတဲ့ ၊ ဟောဒီက ဖိုးစောလေး ကယ်မှ တဲ့ ။ ဖိုးစော ရယ် ဒေါ်ဒေါ့် ကို သနားပါဦး .. ဟီး ... ဟီး .. ။ ဟောဒီ သေနာကောင်လေး ကြံကြံဖန်ဖန် ကမြင်း လို့ ဖြစ်ရတာ ၊ သင်း ... ဂြိုဟ်မွှေ တာ ၊ ကဲဟယ် .. ကဲဟယ် ”
ဒေါ်သန်းတင် က ငို လည်း ငို ၊ ပြော လည်း ပြော ၊ သူ့ သား ပေကျစ် ရဲ့ ကျော ကို လည်း တဖုန်းဖုန်း ထု သဗျ ။ ကိုမောင်မောင်ချို က ...
“ မရိုက်ပါနဲ့ အစ်မကြီး ရယ် ၊ ကလေး က ဘာသိမှာတုံး ”
ဆိုပြီး အတင်း ဆွဲ ထား ရတယ် ။
ပြီးတော့ ဖိုးစော ကိုယ်တိုင် က လည်း “ အမှု မလုပ်ပါဘူး ၊ ကျေအေး ပေးပါ့မယ် ” ဆိုတဲ့ စကား ကို အခါ နှစ်ဆယ် ထက် မနည်း ပြော ရတယ် ။ ဘေး နား မှာ ရှိသမျှ ကျွန်တော်တို့ အားလုံး က လည်း ကတိတွေ အမျိုးမျိုး ပေးပြီး ဒေါ်သန်းတင် မငိုအောင် ဝိုင်း ချော့ ရတယ် ။
ဒါတောင်မှ ဒေါ်သန်းတင် က ...
“ တကယ်နော် .... တကယ် ပြောတာ နော် ”
နဲ့ ထပ်ပြန် တလဲလဲ ကျော့ နေလို့ စိတ် မရှည်နိုင်အောင် ဖြစ်သေးရဲ့ ။
( နောက်မှ သိရတာက ပွဲခင်း ထဲ မှာ ကျန်နေခဲ့တဲ့ ဦးပွား တို့ ဦးအီစမန်အင် တို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ် နေတဲ့ ဒေါ်သန်းတင် ကို ဝိုင်းပြီး “ ရိုက်မှု ဆိုတော့ ထောင် ခုနစ်နှစ် လောက် ကျနိုင်တယ် ” တို့ ၊ “ ဖိုးစော သာ ကိုယ်လက် အင်္ဂါ တစ်ခုခု ချွတ်ယွင်း သွားလို့ ကတော့ ထောင်ဒဏ် ဆယ်နှစ် အနည်းဆုံးပဲ ” တို့ ပိုပိုသာသာတွေ လျှောက် ပြောပြီး ခြောက်လှန့် ထားကြတာတဲ့ဗျ )
အဲဒါနဲ့ နောက်ဆုံး ကျွန်တော် က ..
“ ကဲ ... ဒေါ်လေး စိတ်အေးအေး နဲ့ သာ ပြန် ၊ ဒေါ်လေး ယောက်ျား ထောင် မကျစေရဘူး ။ မနက်ဖြန် မနက်ကျ ရင် ကျွန်တော်တို့ ကိုယ်တိုင် ရဲစခန်း ကို သွား ၊ အမှု ကျေအေး ပြီး ဦးမောင်ဝမ်း ကို အချုပ် ထဲ က နေ ပြန် ထုတ်ခဲ့မယ် ၊ ဟုတ်ပြီလား ”
“ ကျေးဇူးပါပဲ ဟယ် ၊ သာဓု ... သာဓု ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ တော် ”
ဒေါ်သန်းတင် က အသံ တုန်တုန်ယင်ယင် နဲ့ ဆုတွေ တသီတတန်းကြီး ပေး နေတယ် ။
သူ့ သား ပေကျစ်ကလေး က တော့ ဖြင့် ဆေးခန်း ရှေ့မှာ ဟိုနား တစ်ခု ဒီနား တစ်ခု ကျနေတဲ့ သောက်ပြီးသား ဆေးကတ်ခွံ အလွတ်တွေ ပေါ် ကို ပြေး ပြေး ပြီး ခြေစုံ ခုန် တက်ရင်း ဆော့ နေလေ ရဲ့ .... ။
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment