Monday, September 25, 2023

ခေါင်းလောင်း ထိုးသံ ၊ ရင်မှာ လျှံ ကျ


 ❝ ခေါင်းလောင်း ထိုးသံ ၊ ရင်မှာ လျှံ ကျ ၊ ဒဏ်ရာ ညများ ၊ ထွင်းထား ကျောက်ဆစ် ၊ ကမ္ပည်း ဖြစ်စေ .... ❞ 


ခေါင်းလောင်း ထိုးသံများကို ကြားနေရသည် ။ အသံများ သည် ကြေကွဲစရာ ကောင်းနေ၏ ။ ချောက်ချားမှု က ရင် ကို လှိုက်ခုန် ပျို့တက် စေခဲ့သည် ။ အသံ များအားလုံး တစ်နေရာ ဆီ မှ အကြောင်းအရာ ခြားနားစွာ ပျံသန်း လာခဲ့ကြ ပြီး အသံ တစ်သံ နှင့် တစ်သံ သည် နည်းနည်းကလေး မျှ တိုက်ဆိုင်မှု ၊ ညီညွတ်မှု ရှိ မနေခဲ့ပါ ။


မနိုင်ဝန် ကို ထမ်း ရသည့် ကျောရိုး သည် ကျိုးပျက်ခဲ့ရ သကဲ့သို့ ကျွန်တော် တို့ ၏ ဦးနှောက်များ သည် လည်း မနိုင်ဝန် များ ကြောင့် ပျက်စီးခဲ့ ရသည် ။


ကျွန်တော် ၏ မိတ်ဆွေ က အဆောင် မှ သူ့ အခန်းတွင်း မှာ ပင် စာမေး ပွဲ ဖြေတော့မည် တဲ့ ။ မေးခွန်း အားလုံးသည် သူ့ အတွက် အလွယ်တကူ ကျော်လွှား သွားနိုင်မှာပါ .... တဲ့ ။ သူ့ ရဲ့ဦးနှောက် ဘယ်လို ဖြစ်သွားပြီ ဆိုတာ ကျွန်တော် ဝမ်းနည်းစွာ နားလည် လိုက်သည် ။


သို့သော် .... “ မဟုတ်ဘူးလေ ။စာမေးပွဲ ဆိုတာ သတ်မှတ်ပေးထားတဲ့

အခန်း ထဲ မှာ သတ်မှတ် ထားတဲ့ စည်းကမ်း အတိုင်း ဖြေရမှာ ပေါ့ ။ခင်ဗျား ဖြေ ချင်တဲ့ နေရာ မှာ ဖြေ လို့ ဘယ်ဖြစ်မှာလဲ ။ အခု ခင်ဗျား ဖြေရမှာ က အင်းဝ ဆောင် မှာ လေ ... ။ ခင်ဗျား က လည်း နောက် နေပြန်ပြီ ။ လာ ၊ သွားမယ် ။ ဆယ့် နှစ်နာရီ ပဲ ခွဲ တော့မယ် ”


နေ့လယ် ( ၁ ) နာရီ တွင် စာမေးပွဲ စ မည် ဖြစ်သည် ။


“ ခင်ဗျား ကို ကျွန်တော် ရှင်းရှင်းလေး ပြော နေတာ ။ ကျုပ် အခန်း ထဲ မှာ ကျုပ် ဖြေမယ် ။ နောက်ထပ် ဘာမှ မပြောနဲ့ ။ သွားဗျာ ။ ခင်ဗျား ဒီ အခန်း ထဲ က ထွက်သွား ။ ဒီမှာ လာရှုပ် မနေနဲ့ ။ ကျုပ် စာမေးပွဲ အတွက် ပြင်ရဦးမယ် ” 


ကျွန်တော် ဘာ ဆက် လုပ်ရမည် ကို စဉ်းစား ရတော့သည် ။ သို့သော် လတ်တလော အခြေအနေ ကောင်း လာရန် လမ်း မမြင်တော့ ။ အခန်းဖော် ရဲ့ အခြေအနေ ၊ အဖြစ်အပျက် ကို သက်ဆိုင်ရာ အဆောင်နည်းပြ နှင့် အဆောင်မှူး ကို တင်ပြ လိုက်ရသည် ။


ရတနာပုံဆောင် မှာ ကတည်း က ကျွန်တော် နှင့် တစ်ခန်းတည်း နေခဲ့ သူ ၊ ဒီ လူ့ အကြောင်း ကို ကျွန်တော် သိသည် ။ အလွန် ရိုး ။ အလွန် အေးပြီး အလွန် စာ ကြိုးစားတဲ့ လူတစ်ယောက် ။ ဆေးလိပ် ၊ ကွမ်းယာ ၊ အရက် လုံးဝ မသုံး ။ ကျောင်းသားများ ၏ ရိုးရာ အလေ့ဖြစ် နေသော လက်ဖက်ရည်ဆိုင် လည်း ထိုင်လေ့ မရှိ ။ မိန်းကလေး အပေါင်းအသင်း လည်း မရှိ ။ ကျောင်း စာ မှ လွဲ၍ ကျန်တာ အားလုံး အရေးတယူ စိတ် မဝင်စား ။ ရှားပါး ကျောင်းသား တစ်ယောက် ဖြစ်သည် ။ အပြင်စာ ဆို၍ နိုင်ငံခေါင်းဆောင်များ ၏ အတ္ထုပ္ပတ္တိ နှင့် အီလက်ထရွန်းနစ်ပညာ ဆိုင်ရာ စာအုပ် အချို့ ကို သာ ဖတ်လေ့ ရှိသည် ။ ဒါကလည်း တစ်ခါတစ်ရံ သာ ဖြစ်သည် ။သူ့ အတွက် ကျောင်းစာ သည် အဓိက ။ တတိယနှစ် တုန်း က မေဂျာဘာသာ အားလုံး ဂုဏ်ထူး ထွက် ခဲ့သည် ။ လူတော် တစ်ယောက် ယခု ကဲ့သို့ လွဲမှား သွားခြင်း အတွက် နှမြော နေမိသည် ။


စာမေးပွဲ မတိုင်မီ တုန်း ကတော့ သူ ( ၁ဝ ) ရက် လောက် ဖျားသေး သည် ။ စာမေးပွဲ ဖြေခါနီး ( ၃ ) ရက် မျှ အလို တွင် ပြန် ကောင်း သွားခဲ့သည် ။ သို့သော် နဂို ခန္ဓာကိုယ်သေး သော သူသည် လုံးဝ ပိန်ကျ သွားသည် ။ အလုပ် လုပ်နိုင်သည့် စွမ်းအင် နည်းသွား သော်လည်း သူ ဇွဲမလျှော့ခဲ့ ။ သူ ရည်ရွယ်ချက် အတွက် ကျောင်းဖွင့်စ ကတည်း က စာ ကြည့်ခဲ့သည် ။ စာမေးပွဲ နီး မှ ဖျား တော့ သူ့ စိတ် ထဲ ဘယ်လို ခံစားရမလဲ ဆိုတာ မသိနိုင် ။ ပြီးတော့ သူ့ မှာ ကျောင်း စာ ကြည့်ရုံ က လွဲပြီး တခြား စိတ် ဖြေစရာ ထွက်ပေါက် လည်း မရှိခဲ့ ။


“ စာ မကြည့်နိုင်သည့် ဖျားနာ နေချိန်များ တွင် သူ့ အာရုံတွေ ဘာ လုပ်နေ မည်လဲ ။နေသားတကျ မဖြစ်သော နေ့ရက်များ ထဲ တွင် ဦးနှောက် တစ်ခုသ ည် ကစဉ့်ကလျား ဖြစ်ရန် အစပျိုး ခဲ့ပုံ ရသည် ။ ” .... စာမေးပွဲ သာ ဖြေ နေရသည် ။ ကျွန်တော့် စိတ် က တောင်စဉ် ရေမရ တွေးနေ ဖြစ်သည် ။


စာမေးပွဲ ပထမဆုံး နေ့ မှာ မဖြေ လိုက် ရတော့ ဘာပဲ ဖြစ်ဖြစ် တစ်နှစ် ကျ သွားပြီ ။ တစ်နှစ်တာ အချိန် သည် လူ တစ်ယောက် ၏ ဘ၀ ဖြစ်စဉ် ကို အများကြီး ပြောင်းလဲ သွားစေနိုင်သည် ။ ကျွန်တော် အားကျ တန်ဖိုးထားခဲ့ သော အခန်းဖော် ၏ ဖျားနာ သွားသော ဦးနှောက် တစ်ခု ၏ ဖြစ်စဉ် ကို ဆွေး မြည့်စွာ .... ။


•••••   •••••   •••••


ကွဲကြေ နေသော လရောင် အောက် မှ ခွေးအူသံများ မျောလွင့် လာသည် ။ စည်းရိုး ကာထားသော ကွင်းပြင် သည် အကွက်ကျကျ လွင့်ပါး ကြုံ့ ဝင် နေ တော့သည် ။


သူ့ မြို့က အိမ် ကို ပြန် မရောက်လိုက်ရဘူး .... တဲ့  ။ လမ်း မှာ ပဲ ဆုံးသွား ခဲ့တာ ။ သူ့ ယောက်ျား က ရွှေပြည်အေး ... က ပဲ ။ မြန်မာစာ ဒုတိယနှစ် ဂုဏ်ထူးတန်း ။


ဒီလို ၊ အမျိုးသမီး က ကျောင်း လာ တက်တော့ ကိုယ်ဝန်ဆောင် နဲ့ ။ ကျောင်း မှာ အသားဝါရောဂါ ဖြစ်တယ် ။ အခု စာမေးပွဲ ဖြေနေတုန်း ဆုံးသွား တာ ။ ဘာမှ မတတ်နိုင်ခဲ့ဘူး ။


လင်မယား နှစ်ယောက် အခန်း တစ်ခန်း ငှားပြီး ကျောင်း တက်ဖို့ သင့် ပါတယ် ။ ဒါပေမယ့် ငွေကြေး အခြေအနေ မှ မပေးခဲ့တာ ။ ဒီတော့ ယောက်ျား နဲ့ မိန်းမ အနီးကပ် ဖေးမ ကူညီမှု လို သလောက် မရခဲ့ဘူး ။ အမျိုးသမီး က အပြင်ဆောင် နေရတယ် ။ အပြင်ဆောင် ကျောင်းသူကျောင်းသား တွေ အတွက် အစစ အရာရာ စရိတ် က ကြီး နေပြီ ။ လင်မယား နှစ်ယောက် ကျောင်း တက်တဲ့ စရိတ် ကို ပြည့်စုံအောင် ထောက်ပံ့ ဖို့ ဆိုတာ မလွယ်တော့ ဘူး ။ တတ်နိုင် သမျှ ချွေတာ ကြရတယ် ။ ကျောင်း ပတ်ဝန်းကျင် မှာ ရောင်း တဲ့ အစားအစာတွေ က လည်း သပ်သပ်ရပ်ရပ် မရှိ သလောက်ဘဲ ။ ရောင်း ရ ချိန် ခဏ အတွင်း မြိုးမြိုးမြက်မြက် အမြတ် ရ ဖို့ပဲ သိကြတာ နေမှာပေါ့ ။


အသားဝါရောဂါ ဖြစ်တဲ့ လူ က စားသောက်ဆိုင်တန်း မှာ လာ စား ကြ ။ ဒီ အထဲ မှာ စားသောက်ဆိုင်တန်း က ပန်းကန် ၊ ခွက် ၊ စားစရာတွေ က သပ်သပ်ရပ်ရပ် ။ သန့်သန့်ရှင်းရှင်း မထားတဲ့ အခါ အသားဝါ ဖြစ်တဲ့လူ စား သွားတဲ့ ပန်းကန် ကို ဆက် စား မိတဲ့ သူ က ရောဂါကူး ၊ ကင်န်တင်း မှာ က စား စရာတွေ ဈေး ပေါ တော့ စားတဲ့ လူ များတယ် ။ ဒီမှာ ရောဂါတွေ ကူး တော့တာပဲ ။


“ ဘာ တတ်နိုင်မှာလဲ ။ အခု ဆိုရင် မိန်းမ ဆုံးပြီ ဆိုတော့ ယောက်ျား က စာမေးပွဲ ဖြေလျက် နဲ့ လိုက် သွားရတာ ။ စာမေးပွဲ ကျ ပြီပေါ့ ။ စာမေးပွဲ ရှုံး ၊ ဂုဏ်ထူးတန်း ပညာသင် ခွင့် ရှုံး ၊ မိန်းမ ရှုံး ၊ သန္ဓေသား ရှံး နဲ့ ဒီ အကြောင်းအရာ တွေ ရဲ့ နောက် က ဘယ်လို ဆုံးရှုံးမှုတွေ ဆက် လာဦးမယ် ဆိုတာ ကာယကံရှင် ကိုယ်တိုင် သိနိုင်ပါ့မလား ”


ကျွန်တော် သည် ဆုံးရှုံးမှု တစ်ခု ၏ မိုးကုပ်စက်ဝိုင်း ကို ငေးမော နေ မိသည် ။


   •••••   •••••   •••••


လ ပြည့်ခါ နီး မို့ လရောင်တွေ က ကွင်းပြင် ထဲ သို့ ကျ လာ ချင်သည် ။ သို့သော် မိုးရာသီ ၏ တိမ်ညိုတွေ က တောင်ဘက် အရပ် က တပ်ချီ လာ၏ ။ ထိုနေ့ က အဓိက ဘာသာ လေးခု ၏ နောက်ဆုံးဘာသာရပ် ကို ဖြေပြီးသည့် နေ့ ဖြစ် သည် ။ မေးခွန်း ( ၄ ) သည် နောက်ဆုံးနှစ်ကျောင်းသား တို့ ၏ မြင့်မိုရ်တောင် ဖြစ်သည် ။ ရှေ့ဆက် မဖြေခင် ကြား ထဲ မှာ တစ်ရက် နား ဦးမည် ။ ရိုးရိုးတန်း ကျောင်းသား အားလုံး အေးအေးဆေးဆေး ဦးနှောက် အနား ပေးနေကြသည် ။ အဓိက ဘာသာရပ် လေးခု ကို ဖြေ ပြီးပြီ ဖြစ်၍ တချို့ က စာမေးပွဲ ဖြေပြီး သလောက် ဖြစ်သွားပြီ ဟု ပြောခဲ့ကြသည် ။


ကျွန်တော် နှင့် သူငယ်ချင်း သည် အဆောင် ၏ လေးထောင့်စပ်စပ် မြက်ခင်း အလယ် မှာ ထိုင်ရင်း မပွင့်တပွင့် သာ နေသည့် လမင်း ကို ငေးမော နေ ကြသည် ။ မိုးဥတု ကောင်းကင် မှ လမင်း ၏ သင်္ခါရတရား နှင့် နိမိတ်ပုံ ကို ဖတ်ရှု နေမိသည် ။


“ ဒီနေ့ အကယ်ဒမီဆောင် မှာ တစ်ယောက် လျှော ( ရှော ) သွား ဘယ် .... တဲ့ ။ ကြား ရတာ တုန်လှုပ်ဖို့ ကောင်းတယ် ။ နောက်ထပ် တစ်ပတ် လောက်သာ စာမေးပွဲ ဆက် ဖြေရရင် ကျွန်တော်တို့ ပါ ရူးမယ် ထင်တယ် ” 


“ ဘယ်လို ဖြစ်ရတာလဲ ။ အနုစိတ် ဖြစ်စဉ် က ....”


“ ပြောစရာက သိပ် ထွေထွေထူးထူး မရှိပါဘူး ။ စာမေးပွဲ ဖြေနေတုန်း “ မူးတယ် ၊ မူးတယ် ” လို့ ပြောရင်း လဲကျ သွားတာ ။ ဆေးရုံ ရောက်ပြီး တစ်နာရီ လောက် ကြာတော့ နှလုံးခုန် ရပ် သွားတာ ။ ကြား ထဲ မှာ သတိ မရ တစ်ချက် ရ တစ်ချက် နဲ့ ဘာမှ မကြာလိုက်ဘူး ဆိုဘဲ ”


“ အေးဗျာ ။ ကျွန်တော်တော့ ဒီလို အဖြစ်မျိုးတွေ ဘယ်တုန်းက မှ မကြားဖူးခဲ့ဘူး ”


“ အသက် တွေ က လည်း ကြီး ၊ ဒီ တစ်ခါ ကျောင်း အဖွင့် မှာ စရိတ်တွေ ကလည်း သုံးဆ လောက် မြင့်တက် ။ အခြား ပုဂ္ဂိုလ်ရေးတွေ ကြောင့် စာမေးပွဲ ကျ မှာ က လည်း ကြောက်လာ ။ ဒီတော့ ကြောက်အား လန့်အား နဲ့ ကြိုးစား ကြတာ ။ ပြီးတော့ စတုတ္ထနှစ် ကျောင်းသူကျောင်းသား တော်တော်များများ ဟာ အဓိက ဘာသာ လေးခု ကို ဆက်တိုက် ဖြေလိုက် ရ တာ သုံးရက် ဆက် တိုက် အပြီး လေးရက်မြောက် နေ့ မှာ စွမ်းအင် အားလုံး ကုန်သလောက် ဖြစ် သွားပြီ ။ ဦးနှောက်တွေ က သိပ်ပြီး အလုပ် မလုပ်တော့ဘူး ။ ပင်ပန်း နေပြီး ဦးနှောက် ရဲ့ ဝန်ဆောင်နိုင်မှု နဲ့ မမျှ အောင် ဖိသိပ် ရ တော့ နောက်ဆုံး မှာ မဆန့်မပြဲ ဖြစ်ကုန်တာ နေမှာ ။ကျောင်းသူ ကျောင်းသား အားလုံး ကျောင်းကြီး ကို ဘယ်လောက် ခင်တွယ် ၊ ဘယ်လောက် ခင်တွယ် ၊ ဘယ်လောက် မြတ်နိုးတယ် ပြောပြော ဟောဒီ လို သွေးပျက် ဖွယ် အခြေအနေတွေ နဲ့ တော့ နောက်ထပ် ပြန် မလိုချင်တော့ပါဘူး ”


ရည်ရွယ်ချက်တွေ ပန်းတိုင် ရောက်ခါ နီး မို့ နှုတ်ဆက် အနမ်းများ နမ်းစုပ်ရန် နှုတ်ခမ်းများ ကို အလှဆုံး ပြင်ဆင် နေကြပြီ ။ သွေးပျက်ခဲ့ သူ တို့ အနမ်းများ မဝေမျှ နိုင်ခဲ့ ။


   •••••   •••••   •••••


“ စာတွေ မေ့ကုန်ပြီ ”ဆိုသည့် ငိုရှိုက်သံ နှင့် အတူ ပေါက်ကွဲ ထွက်လာသည့် စာဖြေခန်း ထဲ မှာ မျက်ရည်များ ။


“ အိပ်ရေး ပျက်တော့ စာမေးပွဲခန်း ထဲ မှာ ရပြီးသား စာတွေ အားလုံး ရောထွေး ကုန်တယ် ။ တစ်လုံး မှ မရဘူး ။ အချိန် ကုန်ခါနီး မှ ခေါင်း ကြည် လာပြီး နှစ်ပုဒ် ဖြေ လိုက်ရလို့ တော်သေးတယ် ”


ရန်သူ့ လက်မှ သီသီကလေး လွတ်ထွက် လာသော တပ်သားတစ်ယောက် ကဲ့သို့ ညည်းတွားသံများ ။


“ ဒီအတိုင်း ရင် မဆိုင်နိုင်ဘူး ။ နေ့ လည်း နေ့ ၊ ညလည်း ည ၊ မနက် လည်း မနက် ။ ပုတီးစိပ် ၊ ဘုရား အာရုံပြု ၊ ဂုဏ်တော်ရွတ် နဲ့ စိတ် ကို တည်ငြိမ် အောင် အဖက်ဖက် က ကျားကန် ထားရတယ် ”


ကိုယ့် ကိုယ် ကို ဘုရား ကု ကု၍ ဂရုစိုက်သူများ ။


“ အောင်ပွဲ ရှိရာ ဆီ ကို သေချာမှုတွေ သယ်ဆောင်လို့ ငါ ပျံသန်းလာပြီ ”


“ အောင်ပွဲ ... ၊ ဘာ အောင်ပွဲ လဲ ။ မရှိတော့ဘူး ။ အခုတော့ လျှောသွားပြီ ”


“ အခုအချိန် မှာ “ ရိုးသားမောင် ” လုပ်နေရင် မိဘတွေ လည်ပင်း တက် ခုန်ရာ ကျ လိမ့်မယ် ။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် စာမေးပွဲ အောင် ရမယ် ။ အောင် မှ ဖြစ်မယ် ။ မနေ့ ည က မေဂျာ ( ၄ ) ကို အသည်းအသန် လုပ် လိုက်ရတာ ။ ဝီရိယ အကျိုးကလေး ခံစားရလို့ တော်ပါသေးရဲ့ ”


“ ဖြေနိုင်တယ် မဟုတ်လား ”


“  အောင်မှတ် က တော့ အေးအေးဆေးဆေးပါ ”


သွင်းကုန် ၊ ထုတ်ကုန် လုပ် နေသော ကျောင်းသား တစ်ယောက် ၏ အားရဝမ်းသာ စကားများ ။ သူ လည်း ပိုက်ဆံ ချမ်းသာပေမယ့် ကျောင်း ပြီးချင် နေ မှာ တော့ သေချာသည် ။


   •••••   •••••   •••••


ကျွန်တော် နှင့် သူငယ်ချင်း သည် သန်းခေါင်ကျော် သည် အထိ စကား ကောင်း မြဲ ။ အဆောင်နည်းပြ ဆရာ ဦးမောင်မောင်သန်း သည် သစ်သားတို တစ်ချောင်း ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ကျွန်တော်တို့ ဘေးမှ ခပ်သုတ်သုတ် ဖြတ် လျှောက်ရင်း 


“ ဟေ့ ကျောင်းသားတွေ လိုက်ခဲ့ကြပါဦး ”


“ ဘယ်လဲ ဆရာ ”


“ လာ ငါ့ နောက် က သာ လိုက်ခဲ့ ”


ကျွန်တော် တို့ က ဘာမှ မသိဘဲ နှင့် ထ လိုက် သွားကြသည် ။အဆောင် အောက်ထပ် ရှိ အနောက်ဘက် ရေချိုးခန်း ထဲ ရောက်တော့ ကျောင်းသား ခြောက်ယောက် ၊ ခုနစ်ယောက် ရောက်နှင့် နေသည် ။ အိမ်သာ တံခါး ကို တဝုန်း ဝုန်း ဆွဲ ဖွင့်လိုက် ၊ အိမ်သာ တံခါးပေါက် ကို ကျော်ပြီး ရေ နှင့် လှမ်း ပက်လိုက် နှင့် တစ်လှည့် စီ လုပ်နေကြသည် ။ 


“ ဘာပြုလို့လဲ ”


“ အထဲ မှာ လူ မရှိဘဲနှင့် ချက် ( ဂျက် ) ချ ထားတယ် ။ ချက် ( ဂျက် ) က အထက်အောက် တပ် ထားတာ မဟုတ်ဘူး ၊ ကန့်လန့် တပ် ထားတာ ။ ဒီ တံခါး ကို မသင်္ကာ လို့ စောင့်ကြည့် နေတာ ကြာပြီ ။ ည ၁၂ နာရီ လောက် တုန်းက ကျွန်တော် အသေအချာ ဖွင့် ထား ခဲ့တာ ။အခု တွေ့ တဲ့ အတိုင်းပဲ ” 


မေးခွန်း နောက် မှ အဖြေ သည် ထက်ကြပ် လိုက် လာသည် ။ တံခါး နား မှာ ရပ် နေသည့် ကျောင်းသားများ ၏ ဖြူရော် နေသော မျက်နှာ ကို မီးရောင် အောက် မှာ မြင် နေရသည် ။


အိမ်သာ တံခါး ထက် မှ အုတ်ရိုး ကို ကျော် ၍ ရေ နှင့် ဖြန်းခနဲ လှမ်း ပက် ပြန်သည် ။ ပြီးတော့ အိမ်သာ တံခါး ကို ခပ်ကြမ်းကြမ်း ဆွဲဖွင့် ပြန်သည် ။ ကျောင်းသား တစ်ယောက် ၏ ပါးစပ် က လှုပ်ရွလှုပ်ရွ နှင့် တစ်စုံတစ်ရာ ကို ရွတ်ဆို နေသည် ။ ကျောင်းသား အများ စု က အိမ်သာတံခါး ကို မမှိတ်မသုန် စူးစိုက် ကြည့် နေကြသည် ။ ပတ်ဝန်းကျင်သည် ည၏ အရှိန် ကြောင့် တိတ် ဆိတ်လျက် ။


ရှ .... ရှ .... ရှ .... ရှီ .... အီ ...


လေချွန်သံ ကဲ့သို့ အသံ ညင်ညင်သာသာကလေး သည် အိမ်သာ ကြမ်းပြင် ဆီ မှ အထက်ဖက် ဆီ သို့ ရှည်လျားစွာ ရွေ့လျား သွားသည် ။ အိမ်သာ ၏ ကျောဘက် နံရံမှာ တပ်ဆင်ထားသည့် တရုတ်ကပ်မှန်ချပ် တစ်လျှောက် အောက် မှ အထက် သို့ ဇာပဝါပါး ကဲ့သို့ အရိပ်ဖြူလေး တစ်ခု သည် အသံမျှင်း လေး နဲ့ အတူ အသွား အဆောင် ၏ နောက်ကျောဖက် ဘောလီဘောကွင်း နှင့် ရွှေပြည်အေးလမ်း ပေါ် မှာ ရှိနေသည့် ခွေးများ ၏ ဆွဲဆွဲငင်ငင် အူ လိုက်သည့် အူသံရှည် သည် ကျွန်တော် ၏ ကျော တစ်ပြင်လုံး အေးခနဲ ဖြစ်သွားစေသည် ။


ထိုအချိန် နှင့် တစ်ပြိုင်နက် ကျောင်းသား တစ်ယောက် သည် အိမ်သာ တံခါး ကို ရုတ်တရက် ဆွဲဖွင့် လိုက်သည် ။ အိမ်သာတံခါး သည် အလိုက်တသင့် ပွင့် လာသည် ။ အိမ်သာ ထဲ မှာ ဘာ တစ်ခုမှ မတွေ့ ရ ။ ထူးခြားသည့် ခြေရာ လက်ရာ ပျက်နေခြင်း လည်း မရှိ ။


“ ဘုရား ... ဘုရား ... ဒါ သဘာဝတရား တစ်ခု ပဲ လား ။ ဒီနေရာ အပေါ် မှာမှ ဘယ်လို စွဲလမ်းစိတ် ဝင်ခဲ့ရသလဲ ။ ဘယ်လို အကြောင်းတွေ ကြောင့် ဒီလို ကြုံကြိုက်ခဲ့ရတာလဲ ။ ကျွန်တော်တို့ သည် အဆက်အသွယ် မလုပ်သော် လည်း သိချင်နေမိသည် ”


“ ခင်တွယ်ခြင်း ၌ နစ်မွန်းမှု တို့ လွတ်မြောက် ၍ ဘဝသစ် တစ်ဖန် ထမြောက်ပါစေ ။ သင်တို့ ခင်တွယ်စွဲလမ်းသော ပတ်ဝန်းကျင် သို့ ပကတိ ရုပ်သွင် အတိုင်း ဝင်ရောက် နိုင်ဖို့ ဆုတောင်းပါရဲ့ ။မေတ္တာ ပို့ပါရဲ့ ”


ထူးဆန်းသော အဖြစ်အပျက်များ သည် အတွေးအာရုံ ကို ရိုက်ခတ် ၍ စိတ် ကြေကွဲမှု တို့သ ည် အမှတ်ထင်ထင် ဖြစ်ခဲ့ရသည် ။


သေတ္တာ ၊ အိပ်ရာလိပ် ၊ စာအုပ်ကြိမ်ခြင်း တို့ ကို ဆွဲထုတ် လာကြသည် ။ ဆိုက်ကားတွေ ၊ မြင်းလှည်းတွေ ၊ သုံးဘီးတွေ ပေါ် တင်ပြီး ပြန်ကြတော့မည် ။ အရင် ပြန်နှင့် သူ ကို နောက်မှ ပြန်မည့် သူ က လိုက်ပို့ ကြသည် ။လိုက်ပို့ သူ လည်း တစ်နေ့ တော့ ပြန်ရ လိမ့်မည် ။


နှုတ်ဆက် အပြုံးများ ကို အားတင်း ပြီး ပြုံး စဉ် မှာ အရောင်မဲ့ နှုတ်ခမ်း အကွေး မှာ မျက်ရည်တွေ နဲ့ ပွေ့ဖက်ကြ ။ ဘယ်သူ မှ လက်ခုပ် မတီး ဖြစ်တဲ့ ဝမ်းနည်းဖွယ် နေ့စွဲများ ပေါ် မှာ ကျွန်တော်တို့ ရဲ့ နှလုံးသားတွေ ဟာ အရည် ပျော် ကျ ခဲ့ရသည် ။ အခုအချိန် မှာ အသံ ထွက် စကား ပြောဖို့ ထက် မျက်လုံး များ နှင့် သာ စကား ပြောဖို့ စွမ်းနိုင်ကြတော့သည် ။ 


စာ ... ရေး .. ကြ ... ပါ ... ဟာ ...


နှလုံးသား ရဲ့ အနူးညံ့ဆုံး တစ်နေရာ မှ ရိုးသား ပူနွေးစွာ စီးဆင်း ခဲ့သော စကားလုံးများ ကို မျက်ရည်တွေ ကြား မှာ ကြား လိုက်ရသည် ။ မျက်ရည်များ ပါးပြင် ပေါ်သို့ လိမ့်ဆင်း အလာ ၊ သူငယ်ချင်း တစ်ယောက် နှင့် တစ်ယောက် ၏ နှောင်ဖွဲ့မှု ပန်းပွင့်လေး သည် ပွင့်ဖတ် တစ်ဖတ်စီ ဆွဲဖဲ့ ချေမွ ခံလိုက်ရ သလို လွင့်ပါး သွားရတော့မည် ။


အရောင် တူသည့် ပန်းရုံကလေး ၊ ချည်နှောင်ခဲ့သည့် ရာသီများ ၊ မြဲခိုင်ခဲ့ သည့် အိပ်မက်များ ၊ ပြန့်ကျဲသွားမည့် မျိုးဆက်များ ၊ ဘယ်တော့မှ ပြန် မရနိုင် တော့မည့် နှလုံးသား အားလုံး ကို သဘာဝတရား နှင့် ကံကြမ္မာ ၏ လက် ကို ပုံအပ်၍  .... ။


သေတ္တာ ၊ အိပ်ရာလိပ် နှင့် စာအုပ်ခြင်းတောင်းများ သယ်ဆောင်လာ သော ဆိုက်ကား တစ်စင်းသည် မင်္ဂလာလမ်း ( ၇၃ ) လမ်း ပေါ် တွင် ခွဲခွာခြင်း တေး တစ်ပုဒ် ကို နာခံရင်း ကျောင်း နှင့် ဝေးရာဆီ သို့ တစ်ရွေ့ရွေ့ .. 


အသံများ အားလုံး သူ့ အတောင်ပံ သူ ဖြန့်ကာ တစ်နေရာ ဆီသို့ ပျံ သန်း သွားကြသည် ။ ကျွန်တော့် နား ထဲ တွင် ကြေကွဲဖွယ် ခေါင်းလောင်း ထိုးသံ များ ကို ကြားနေ ရ သလို .... 


◾ပေါ်ဦးသစ်


📖 သရဖူမဂ္ဂဇင်း

      ဇွန် ၊ ၁၉၉၆ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment