Tuesday, September 19, 2023

သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် ( ၂ )


 ဒုတိယ ည ။ 


မနေ့ က ကဲ့ သို့  ဤ ည တွင် သန်းခေါင် နီး မှ မဟုတ် ။ မနေ့ က ထက် စော ၍ သက်ငယ် ခေါင်းချ ချိန် မှာ ပင် ရာချီ ထောင်ချီ သော ပိတုန်းကောင်များ သည် ယာတောင်ရွာ ထဲ ဝင် လာ ကြ ပြန်၏ ။ ရာချီ ထောင်ချီ ၍ ရွာ ထဲ စောစီးစွာ ဝင်ရောက် လာ ကြသော ပိတုန်းကောင်များ ဆီ ၌ ဤ နေ့ ဦးဆုံး ပိတုန်း တုပ် ခံရသူ မှာ ဦးလူဒေါင်း ဆိုသူ ဖြစ်သည် ။ 


သူ သည် ရွာနား ချောင်း သို့ ကွန်ပစ် ရန် ဒီရေ ကျ ချိန် ကို မှန်း ၍ အိမ် က ထွက် လာရာ စောစီးစွာ ယာတောင်ရွာ ထဲ ဝင် လာကြသော ရာချီ ထောင်ချီ ပိတုန်းကောင်များ နှင့် ရွာ‌တောင်ဘက်ဖျား တွင် ပက်ပင်း တိုး မိကြ သည် ။ 


မနေ့က အဖြစ်အပျက် ကြောင့် လန့် နေသော ဦးလူဒေါင်း မှာ များပြားလှ သော ပိတုန်းကောင်များ ကို မှင်တက် မိ ရပ်ကြည့် လိုက်စဉ် မှာ ပင် ပိတုန်းကောင်များ က သူ့ ကို စတင် ထိုးတုပ် ကြ တော့သည် ။ များပြား လွန်း လှသော ပိတုန်းကောင်များ အတုပ် ကို ခံ လိုက် ရ သော ဦးလူဒေါင်း မှာ ကယ်ပါကူပါ အော်ဟစ် ကာ မိမိ အိမ် ရှိရာ ရွာ မြောက်ပိုင်း ဘက် ပြေး ချ လာသည် ။ ငါး ပစ်ရန် ကိုယ် ပေါ် ပါ သွားသော ကွန် နှင့် ငါး ထည့်ရန် ပူ ( ခြင်း ) ပင် ရွာ လမ်း ဘယ် နေရာ ကျ ကျန်ခဲ့သည် မသိ ။ 


ဤသည် က စ၍ တစ်ရွာလုံး အုတ်အော် သောင်းတင်း ဖြစ်ကုန်ကြ ပြန် လေ၏ ။ အချိန် မှာ သက်ငယ် ခေါင်းချ ချိန် သာ ရှိသေး သဖြင့် လူပျိုလှည့် သွားရန် ကာလသားများ ပင် တစ်ယောက် မျှ မထွက်ကြ သေး ချိန် ။ ထို့ကြောင့် လည်း မနေ့တုန်း က ကာလသားများ ခံ လိုက် ကြရသော ပိတုန်း တုပ် ဒဏ်ချက် ကို ကာလသား များ ကိုယ်စား ဦးလူဒေါင်း ယနေ့ စတင် ခံ လိုက်ရခြင်း ဖြစ်လေသည် ။ 


ဦးလူဒေါင်း နောက် ကို ထောင်ချီ ရာချီ ပြီး လိုက်လာ ကြသော ပိတုန်း ကောင်များ သည် ဦးလူဒေါင်း တစ်ယောက် တည်း ကို သာ လိုက်တုပ် လိုက်ထိုး နေကြသည် မဟုတ် ။ ဦးလူဒေါင်း အော်ပြေး လာ သံ ကြား ၍ ရွာ လမ်း ပေါ် ထွက် ကြည့် သူ မှန်သမျှ မိန်းမ ယောက်ျား မရွေး  ပိတုန်း ကောင်များ က လိုက်တုပ် ထိုးဆိတ် ကြ တော့၏ ။ 


ထိုအခါ ပိတုန်း တုပ် ခံရသူတွေ မှာ ဆောက်တည်ရာ မရ ဖြစ်ပြီး မှောင်ကြီးမည်းကြီး ထဲ ခြေဦး တည့်ရာ အိမ်ခြံများ ထဲ ဝင်ပြေး ကြ ရသည် ။ ပိတုန်းတုပ် ခံရ ၍ ကြုံရာ နီးစပ်ရာ တစ်အိမ် အိမ် သို့ ဝင်ပြေး လာမိသူအား ပိတုန်းကောင်များ သည် ထက်ကြပ် မကွာ လိုက်လာ ပြီး ထိုး တုပ် သည် ကို တော့ မခံကြရ ၊ ခြံထဲ အိမ်ထဲ အထိ လည်း ပိတုန်းကောင် များ က ဝင်လိုက် မလာကြ ။ ရွာလမ်း ပေါ် ထွက်လာသူ မှန်သမျှ ကို သာ သဲကြီးမဲကြီး ပင် ဝိုင်းတုပ် ကြခြင်း ဖြစ်သည် ။ 


ဤ ထူးခြားချက်များ ကို မနေ့ က ဖြစ်စ မို့ မည်သူမျှ သတိ မပြုမိကြခဲ့ သော်လည်း ဤ နေ့ တော့ လူတွေ က ဤသည် ကို သတိ ပြုမိ လာကြရသည် ။ ထို့ကြောင့် ရွာလယ်လမ်းမ ပေါ် တွင် တရုံးရုံး နှင့် တောင်ပံ ခတ်သံ ပေးကာ ရွာလယ်လမ်း ၌ ခေါက်တုံ့ ခေါက်ပြန် ပျံဝဲ နေကြသော ပိတုန်းကောင်များ ကို တချို့ ကာလသားများ က မီးတုတ် မီးရှူးတွေ နှင့် ထွက် ရှို့ခြင်း ၊ ပိတုန်းကောင်များ ဝိုင်းတုပ် ရန် လိုက်လာကြ လျှင် နီးစပ်ရာ အိမ်ခြံ ထဲ ဝင်ပြေး ကြ ခြင်း ဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည် ။ 


လမ်းမ ပေါ် ကို ထွက် လာ လျှင် သာ လိုက်တုပ် လိုက်ထိုး ကြပြီး အိမ် ထဲ ခြံ ထဲ ဝင်ပြေးလျှင် လိုက်ပြီး မထိုးတုပ် ကြသည် ကို သိသွားသူများ က ဝါးလုံးရှည်ဖျား တွင် ရေနံဆီ အဝတ်ပတ် မီးရှို့ ကာ ခြံတွင်းမှ ရွာလယ်လမ်း ပေါ် ပျံဝဲ နေကြသော ပိတုန်းကောင်များ ကို လှမ်းရိုက် လှမ်းမီးရှို့ ကာ အိမ်တိုင်း အိမ်တိုင်း မှ လူများ ထိုသို့ ကာကွယ် ပြုလုပ်ကြ ရန် ကိုလည်း တစ်ဦး နှင့် တစ်ဦး အော် ပြော အကြံပေး နေကြ ပြန်သည် ။ 


ထိုထက် ထူးဆန်းသည် မှာ တစ်ရွာလုံး ပြေးကြ လွှားကြ ဆူညံ နေကြ သော် လည်း သူတို့ ၏ အိမ်မွေး တိရစ္ဆာန်များ ဖြစ်ကြသော တစ်ရွာ လုံး တွင်ရှိ ခွေး ၊ ကြောင် များ က မူ အူ ခြင်း ဟောင်ခြင်း ညောင်ညောင်ညာညာ မြည်ခြင်း မျိုး အလျှင်း မရှိကြဘဲ အကုန်လုံး ငြိမ်ကုပ် နေကြသည် ။ ဤသည် တို့ ကို သတိ ပြုမိကြ သောအခါ ရွာသူရွာသားများ နှင့် လူကြီး တွေ မှာ ပိုပြီး ထိတ်လန့် တုန်လှုပ် ကုန် ကြ ပြန်သည် ။ 


ခါတိုင်း ဆို လျှင် ရွာ ထဲ ၌ နွားသွင်း ကျွဲဖမ်း က အစ ပိုင်ရှင်များ က လွတ် သွား သော ကျွဲနွား တစ်ကောင် ကောင် ကို ပြန်၍ ဖမ်းမိရန် လိုက်ကြ ရာ ၌ ခွေးများ သည် တဝေါင်ဝေါင် ဟောင် ကာ အရှင်သခင်များ နှင့် အတူ ကျွဲနွား များနောက် ကို လိုက်ဟောင် ပြေး လိုက် တတ်ကြ၏ ။ ယခုမူ ဤမျှ တစ် ရွာလုံး အုတ်အော် သောင်းတင်း နှင့် ပြေးလွှား အော်ကြ ဟစ်ကြ ကြောက် တတ်ကြ ကုန်သော မိန်းမသူများ နှင့် ကလေးငယ်များ က အော်ဟစ် ငိုယို ကြပြီး ဆူညံပွက်လောထ နေပါ လျက် ခွေးများ သည် အရှင်သခင် ၏ အိမ် အောက် ၌ တုတ်တုတ်မျှ မလှုပ်ကြဘဲ ငြိမ်ကုပ် နေကြသည် မှာ ဘယ်လို အခြင်းအရာမျိုး ပါလိမ့် ဟုလဲ အံ့သြ နေကြသည် ။ 


သို့သော် ရွာလယ် လမ်းမ ပေါ် စုန်ချည်ဆန်ချည် နှင့် တစ်ည လုံး လှည့်ပတ် ပျံသန်း နေကြသော ပိတုန်းကောင်များ ကို သူတို့ အိမ် ရှေ့ ရောက် လာတိုင်း ဝါးလုံးရှည် နှင့် ခြံ ထဲ က လှမ်းရိုက် ၊ ရမ်းရိုက် နေကြသူတွေ နှင့် ဝါးလုံးရှည် အဖျား တွင် ရေနံဆီ အဝတ်ပတ် မီးရှို့ ပြီး ကာ ပိတုန်းကောင်များ ကို လှမ်းရိုက် ၊ ရမ်းရိုက် လုပ် နေကြသည် မှာ တော့ တစ်ညလုံး ပင် တစ်ရွာလုံး က ဤကဲ့သို့ ရိုက် ယမ်းကာ လှမ်းလုပ် နေကြပါ သော် လည်း ပိတုန်းကောင်များ မှာ နည်း မသွားဘဲ ညဉ့် နက်လေ ပို များ လာ လေ နှင့် တစ်ရွာလုံး လမ်းမ ပေါ် မှာသာ ပြည့်နှက် ၍ လာကြလေ သည် ။ တစ်ရွာလုံး ရှိ ယောက်ျားသား များ က ထိုသို့ မီးရှူး ၊ မီးတုတ်တွေ နှင့် လှမ်းရိုက် ရမ်းရိုက် နေကြ သော် လည်း မီး လောင်ပြီး လမ်းမ ထဲ တုံးလုံးပက်လက် လဲ သေ နေသော ပိတုန်း တစ်ကောင် ကောင် ကို မျှ မီး ရောင် အောက် တွင် မမြင် မတွေ့ကြရ သည် မှာ လည်း ပို၍ ထူးဆန်း သလို လို ပင် ဖြစ်နေကြ ပြန်ရာ နောက်တော့ မည်သူမျှ လှမ်းရိုက် ၊ ရမ်းရိုက်ခြင်း ကို မပြုဝံ့ကြတော့ဘဲ ရွာလယ် လမ်းမ ပေါ် ၌ စုန်ချည်ဆန် ချည် ပျံဝဲ နေကြ သော ပိတုန်းကောင်များ ကို တစ်ည လုံး ခြံ ထဲ အိမ် ထဲ က ထိုင်ကြည့် နေကြ ရလေတော့သည် ။ 


တစ်ညလုံး ပင် ရွာလယ် လမ်းမ ပေါ် ပျံဝဲ နေကြသော ရာချီ ထောင်ချီ ပိတုန်းကောင်များ သည် မနေ့ည က ကဲ့သို့ပင် မိုးလင်း ပိုင်း ရောက်လာ သော အခါ ၌ တဖြည်းဖြည်း ရွာ ထဲ က ထွက်သွား ပျောက်ကွယ် ကုန်ကြ ပြန်သည် ။ မိုးစင်စင် လင်း လာ သော အခါ ရွာလမ်းမ ပေါ် ပျံဝဲ နေကြ သော ပိတုန်းကောင်များ ဆို၍ တစ်ကောင် တစ်မြီး ကို မျှ မမြင်မတွေ့ ကြရတော့ပေ ။ 


ထိုအခါ မိုး က လည်း စင်စင် လင်း နေပြီ ဖြစ်၍ သူတို့ ည က မီးတုတ် ၊ မီးရှူးတွေ နှင့် ရှို့သ,တ်ခဲ့ကြ သော ပိတုန်းကောင်များ ကို ရွာလယ် လမ်းမ ၌ အမြောက်အမြား တွေ့ကြရ လိမ့်မည် အထင် နှင့် ရွာလူကြီးတွေ က ရှာကြည့် ကြသည် ။ သူတို့ ၏ သဘော မှာ ပိတုန်း အသေတွေ ကို တွေ့ လျှင် ထို ပိတုန်းများမှာ မည်ကဲ့သို့သော ပိတုန်းများ ဖြစ်ကြသည် ကို အမည် နာမ သိကြရမည် ဟူသော ရည်ရွယ်ချက် နှင့် ရှာကြည့် ကြခြင်း ဖြစ်သည် ။ 


သို့သော် ရွာဦး ၊ ရွာဖျား ရွာလယ် လမ်း တစ်လျှောက် သာ ဆုံး သွား သည် ။ ည က သူတို့ မီးရှူး ၊ မီးတုတ် တွေ နှင့် ရမ်းရိုက် ၊ လှမ်းရိုက် မီးရှို့သ,တ်ပစ် ခဲ့ကြသော ပိတုန်း တစ်ကောင် တစ်မြီး ကို မျှ ရွာလယ်လမ်း ၌ မတွေ့ကြရချေ ။ ပိတုန်း တစ်ကောင်လုံး ကို မဆိုထား နှင့် ည က သူတို့ လှမ်းရိုက်  ရမ်းရိုက် မီးရှို့ သ,တ်ကြ၍ ပိတုန်း တစ်ကောင် မျှပင် မသေ တောင် တစ်ကောင် ကောင် ၏ ကျွတ်ကျ ၍ ကျန်ရစ်ခဲ့သော အတောင်ပံ တစ်ခု ၊ ကျိုးပဲ့ ကျန်ခဲ့သော ခြေလက် တစ်ချောင်း ချောင်း ကို တော့ တွေ့မြင် သင့်သည် ။ ယခု မူ ည က သူ တို့ ရွာ ထဲ ရာချီ ထောင်ချီ ပြီး လူတွေ ကို ထိုးတုပ် သွားကြသော ပိတုန်းကောင် များ ၏ အစအန တစ်ခု ခု ကို ပင် ကိုင်တွယ် ပြစရာ ရှာ မရသော အခါ လူ တွေ မှာ ပိုပြီး တုန်လှုပ် ချောက်ချား ကုန်ကြ ပြန်သည် ။ 


ထိုအခါ စုန်းတိုက် ၊ နတ်တိုက် ၊ အမှောင့် ပယောဂ တစ်ခု ခုတော့ ဖြစ်ပြီ ဟု လူတိုင်း ထင် သွားကြသည် ။ 


ည က အုံနှင့် ကျင်းနှင့် အကောင် တစ်ဆယ် ၊ နှစ်ဆယ် မည်းမည်း သည်းသည်း လှုပ် နေ ကြသော ပိတုန်း ကောင် အုပ် ထဲ ရေနံဆီမီးရှို့ဖတ် နှင့် ကိုယ်တိုင် တိတိကျကျ ရှို့သ,တ် ၊ ထိုး သ,တ်ခဲ့သူ ဦးပန်းအောင် က မူ များများ မသေ တောင် မှ တစ်ကောင် တလေ တော့ မုချ သေရ ပေလိမ့်မည် ။ 


ယခု တစ်ကောင် တလေ ကို မဆို ထား နှင့် ပိတုန်း တစ်ကောင် ကောင် မှ ကျွတ်ကျ ကျန်ခဲ့သော အတောင် ၊ ခြေ ၊ လက် တစ်စုံတစ်ခု ကို မျှ မတွေ့ရခြင်း မှာ ပုဏ္ဏက တိုက် တာ ဖြစ် ကို ဖြစ်ရပေ မည် ဟု အော်ကြီး ဟစ်ကျယ် ပြောနေ သော အခါ ရွာသူရွာသား တွေမှာ ပိုပြီး ထိတ်လန့် ကုန်ကြ ပြန်သည် ။ 


တတိယမြောက် ဖြစ်သော ဤ ည လည်း ပိတုန်းကောင်များ သည် ယခင် နှစ်ည က ကဲ့သို့ပင် ရွာ ထဲ သို့ ဝင် လာ ပြီး လူတွေ ကို သာ ဝိုင်းတုပ် ၊ ဝိုင်းထိုး လုပ် လာ ကြ လျှင် မည်သို့ လုပ်ကြ မည် နည်း ။ ယခုအခါ တစ်ဦး တစ်ယောက် ကို မျှ အသေအပျောက် ဒဏ်ရာ အနာတရ ကြီးကြီးကျယ်ကျယ် မဖြစ် ကြသေး သော် လည်း နောင်တွင် မသေမပျောက် ဟု မပြောနိုင် ။ ယခုပင် ကလေးသူငယ်များ နှင့် မိန်းမသူများ မှာ ကြောက်ရွံ့ ထိတ်လန့် ၍ နေ့ခင်း နေ့လယ်ပင် ထင်းခွေ ၊ ရေခပ် ရွာပြင် မထွက်ဝံ့ ဖြစ်နေကြပြီ ။ 


ဤ ပြဿနာ ကို မည်သို့ ရှင်းကြရ မည်နည်း ။ 


ထိုအခါ ကျ မှ သူတော်ငတေ ထံ သွား ပြီး အကူအညီ တောင်းကြမှ ၊ အကြံဉာဏ် တောင်းကြမှ ဖြစ်တော့ မည် ဆိုသည် ကို အားလုံး သဘောတူ ကြပြီး ပိတုန်း တစ်ထောင် ပြဿနာ ကို သူတော်ငတေ ထံ အပ်ရန် ဆန္ဒ တူ ကြလေသည် ။ 


သို့သော် ပိတုန်း တစ်ထောင် ပြဿနာ ကို သူတော်ငတေ ထံ သွား ပြီး အကြံဉာဏ် တောင်းရာ ၊ သွားပြော ကြရာ ၌ တစ်ယောက် တစ်ပေါက် အုတ်အော် သောင်းတင်း  သွားပြော ကြ ၍တော့ မဖြစ် ။ သူတော်ငတေ ဆိုသည် မှာ လည်း ဘုဘောက် အင်မတန် ကျသော သူတော် ။ သူ မထင် လျှင် ၊ စိတ် အခန့်မသင့် ဖြစ်နေခဲ့ လျှင် သူများတွေ မည်မျှ အရေးကြီး သော ပြဿနာ ဖြစ်ဖြစ် အော်လွှတ် ချင် လွှတ် တတ်သည် ။ 


ထို့ကြောင့် ဤ ပိတုန်း တစ်ထောင် ကိစ္စ ကို သူတော်ငတေ အား ကူညီရန် တောင်းပန် ပြောကြား တတ်သူ ရွာ လူကြီး သုံးယောက် ကို ရွေးကြသည် ။ 


နံပါတ် ( ၁ ) က အသက် အရွယ် အကြီးဆုံး နှင့် ရွာလူကြီး အစဉ်အဆက် လုပ်လာ သူ ၊ သူတော်ငတေ အဖေ ၏ ငယ်သူငယ်ချင်း လည်း ဖြစ်သူ ဦးထွန်းပေါ် ၊ နံပါတ် ( ၂ ) က ဇာတိ မှာ ယာတောင်ရွာသား မဟုတ်သော် ငြားလည်း ယာတောင်ရွာသူ ကြေးရတတ် လယ်ပိုင်ရှင်မကြီး နှင့် မုဆိုးဖို မုဆိုးမချင်း လာ ညား နေသော တောင်ရင်းရွာသား ရွာလူကြီး ဦးကံညွန့် ၊ နံပါတ် ( ၃ ) မှာ ရွာ တွင် ဘာပဲ ဖြစ်ဖြစ် အမြဲ စွာကျယ် စွာကျယ် ပြောတတ် လုပ်တတ် ပေသော သူတော်ငတေ နှင့် လည်း ငယ်ပေါင်းကြီးဖော် နပန်းလုံးဖက် ၊ ဆိုးဖက် ၊ တေဖက် ၊ ပေဖက် ဖြစ် ခဲ့ဖူးသော ရွာလူကြီး ဦးငသံတိုင် ဆို သူ ရွာလူကြီး သုံးယောက် တို့ ကို ရွေးချယ် လိုက် ကြလေတော့သည် ။ 


ထို ရွာလူကြီး သုံးယောက် သည် သူတော်ငတေ ထံ ဤ မနက် ၌ ပင် သွားရောက် ချဉ်းကပ်ပြီး ည ည ကျ လျှင် ရွာ ထဲ ကို ရာချီ ထောင်ချီ ဝင်လာ ကြပြီး လူတွေ ကို လိုက်တုပ် လိုက်ထိုး နေ ကြသော ပိတုန်း တစ်ထောင် ပြဿနာကို တိုးတိုးတိတ်တိတ် တိုင်ပင် ညှိနှိုင်း လုပ်ဆောင်ကြရန် အာဏာကုန် လွှဲအပ်လိုက် ကြလေသည် ။ 


◾ဝေယံလင်းခေါင်


📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment