Wednesday, September 6, 2023

ချာကိုလ်


 

❝ ချာကိုလ် ❞

ဖက်ရှင်ထည်ဆိုင် နာမည် က Charcoal ( ချာကိုလ် ) တဲ့ ၊ မီးသွေး ပေါ့ ၊ ဆိုင် မှာ ရောင်း နေတဲ့ မိန်းကလေးတွေ က အသားမည်းမည်း ၊ ဒါမှမဟုတ် ညိုချောလေးတွေ မဟုတ်ဘဲ ဖြူဝါဝါ အသားအရေ ပိုင်ရှင်မလေးတွေ ။

ဆိုင် ကို ခြယ်သ ထားတဲ့ ဆေးရောင် က လည်း အနက်ရောင် မကဲ ဘဲ ပန်းနုရောင် ဖြစ် နေတယ် ။

စကိုင်းဝေါ့ခ် ရှော့ပင်မောလ် ဟာ မန္တလေးမြို့ မှာ လူငယ်တွေ အတွက် စိတ်ဝင်စား စရာ နေရာ တစ်ခု ဖြစ် လာတယ် ။ အချိန် ရ တိုင်း စကိုင်းဝေါ့ခ် ကို လူငယ်တွေ သွားတယ် ။ ဖန်စီ ပစ္စည်းလေး တွေ ကြည့်တယ် ။ စိတ် နဲ့ တွေ့ ရင် ဝယ်တယ် ။ စား သောက်ဆိုင်တန်း မှာ ထိုင်တယ် ။ လမ်းလျှောက် ငေးမောတယ် ။ သူ ချောတာ လှတာ ကိုယ် က ကြည့် သလို ကိုယ် လည်း ဟန်ရေး ပြတယ် ။ လူငယ် ဘဝ ရဲ့ ပျော်ရွှင်မြူးထူးစရာ အချိန်ကလေးတွေ ဖန်တီး ကြတယ် ။

သည်နေရာ က လူငယ်တွေ အတွက် အိုအေစစ် ဖြစ် နေတယ် ။ အပြင် ရာသီဥတု က ပူအိုက် ကောင်း ပူအိုက် မှာ ဖြစ်ပေမယ့် ရှော့ပင်းမောလ် ထဲ မှာ အေးစိမ့် နေတယ် ။ ပြင်ပလောက နဲ့ ဆန့်ကျင်ဘက် ဖြစ်အောင် အမှိုက်သရိုက် ကင်းစင်ပြီး လင်းလက် သန့်ရှင်း နေတယ် ။ ဆိုင်ခန်းတွေ က လည်း လာသူတွေ ဝင် ကြည့်ချင် အောင် ခင်းကျင်း ဆွဲဆောင် ထားတယ် ။

လူငယ်တွေ အရောက် များတဲ့ စားသောက်ဆိုင်တန်း သွား လမ်း ပေါ် မှာ ချာကိုလ် ရှိ နေတယ် ။ ပန်းနုရောင် ကဲ တဲ့ ဆိုင်ခန်းကလေး က စိတ်ဝင်စားစရာ ကောင်းပြီး လူငယ်ကလေးတွေ နဲ့ အမြဲပြည့် နေတာ တွေ့ ရတယ် ။ လူငယ်ကလေးတွေ ပဲ ဖြစ် နေတာ တွေ့ရတယ် ။

ဆိုင်ရှင် အမည် ကို ‘ အငယ်လေး ’ လို့ သာ အသိ များတယ် ။ နာမည် မှန် က မသက်နိုင်ဝင်း ပါ ။ အသက်လေး က အသက် နှစ်ဆယ်ကျော်လေး ပဲ ရှိ နေသေး ပေမယ့် မြန်မာပြည် နယ်နိမိတ် ပြင်ပ ကို ကြိမ်ဖန် များစွာ ထွက်ခွာပြီး ဒီဇိုင်း ဆန်းတဲ့ အထည်တွေ ကို ရှာဖွေ ဝယ်နေ သူ လူငယ် တစ်ဦး ဖြစ်တယ် ။

ကြိုးစားတဲ့ လူငယ်တွေ နဲ့ ဆုံတွေ့ပြီး သူတို့ အကြောင်းတွေ ကို လည်း တင်ပြ ချင် တဲ့ အတွက် စကိုင်းဝေါ့ခ် ရှော့ပင်းမောလ် မှာ ရှိတဲ့ ချာကိုလ် ဖက်ရှင်ဆိုင် သွားပြီး အငယ်လေး ရဲ့ ဘဝဇာတ်ကြောင်း ကို မေးတယ် ။ သူ ပြောပြတာ က သည်လိုပါ ။

   •••••   •••••   •••••

သမီး အဖေ ဆုံး တော့ သမီး က ခုနစ်တန်း ပဲ ရှိသေးတယ် ။ ကောက်ပဲသီးနှံ ရောင်းဝယ် တဲ့ ပွဲရုံလုပ်ငန်း ကို အိမ် က လုပ်တာပါ ။ အဖေ ဆုံး သွားတော့ အမေ က ပွဲရုံ ထိုင် ရတယ် ။ သမီး အစ်ကို က ငယ်ငယ်ရွယ်ရွယ် နဲ့ ကုန်စည်ဒိုင် ဆင်း ရတယ် ။ သမီး ရဲ့ အထက် အစ်မ က အဲသည် နှစ် မှာ ကိုးတန်း ရောက်တယ် ။ ကိုးတန်းစာ ဆိုတော့ ဆယ်တန်း အတွက် အခြေခံ ၊ စာမေးပွဲ အတွက် အရေးကြီးတယ် ဆိုတော့ အစ်မ ကို အမေ က အိမ် က ပွဲရုံ စာရင်း မကိုင်ခိုင်း ဘဲ သမီး ကို ပဲ ကိုင် ခိုင်းတယ် ။ ခုနစ်တန်း နဲ့ စာရင်းကိုင် ရတာပေါ့ ။ အဖေ က သားသမီးတွေ အားလုံး ကို လုပ်ငန်း သင် ပေးထားလို့ အခက်အခဲ တော့ သိပ် မရှိဘူးပေါ့ ။

သမီး ကို ကိုးတန်း ရောက် တော့ အစ်မ က ပွဲရုံစာရင်း ကို တစ်လှည့် ပြန် ကိုင် ပေးတယ် ။ ၁၉၉၆ ခုနှစ် မှာ သမီး ဆယ်တန်း အောင်ပြီး ရတနာပုံ တက္ကသိုလ် ဆက် တက်တယ် ။ ရူပဗေဒ နဲ့ သိပ္ပံဘွဲ့ ရပါတယ် ။

သမီး ဆယ်တန်း အောင်တာ နဲ့ တရုတ်စာ စပြီး လေ့လာတယ် ။ တရုတ်ကျောင်း က တရုတ်ဘာသာ စကား တင် မကဘဲ လူတွေ နဲ့ ဆက်ဆံရေး ပါ သင် ပေးတယ် ။ တရုတ်စာ ၊ တရုတ်စကား ကို မန္တလေး မှာ သင်ယူ ပြီးတော့ ကူမင်း က ယူနန်တက္ကသိုလ် ဆက် တက်ရတယ် ။ ကူမင်း မှာ ကျောင်းသွား တက်တော့ ဆရာ ဖြစ်သင်တန်း လည်း ဆက်တက် ရတယ် ။ ပြည်မကြီး မှာ လေ့လာရေးတွေ လည်း သွားခဲ့ရတယ် ။ ကူမင်း အထိ သွား ခဲ့တာ ။ တရုတ်ဘာသာစကား သင်ယူခဲ့တာတွေ ဟာ ဒီနေ့ သမီး လုပ်ငန်း မှာ အများကြီး အထောက်အကူ ပြုပါတယ် ။ အိမ် ရဲ့ အဓိက စီးပွားရေးလုပ်ငန်း က ပဲမျိုးစုံ ပွဲရုံ ၊ ကုန်စည်ဒိုင် ဆင်း ဖို့ လိုအပ်တယ် ။ မိန်းကလေး ဖြစ် နေတော့ အစ်ကို က ဒိုင် မဆင်းစေ ချင်ဘူး ။ သမီး က လည်း အိမ်ခေါင်း ထဲ အောင်း နေပြီး စာရင်းတွေ ရေး မနေချင်ဘူး ။ သမီး က ခရီး သွားရတာ ဝါသနာ ပါတယ် ။ ပြီးတော့ အဝတ်အထည် လုပ်ငန်း ကို လည်း စိတ်ဝင်စားတယ် ။ ဒါကြောင့် အထည်ချုပ်စက်ရုံ အတွက် နိုင်ငံခြား က သွင်းလာပြီး မသုံးဘဲ ပိုတဲ့ အစ ၊ ပယ်တဲ့ အစ တွေကို ရန်ကုန် မှာ လိုက် ဝယ်တယ် ။ အထည်ချုပ်စက်ရုံ ကို ပြန် အပ်ပြီး အထည် ပြန် ချုပ်ခိုင်းတယ် ။ ပယ်စ ၊ ပိုတဲ့ အစ နဲ့ ချုပ် ရတာ ဆိုတော့ အထည်တွေ က ဈေး ပေါတယ် ။ ဒါကို သမီး က နယ်တွေ လိုက် ရောင်းတယ် ။ သည် နေရာ မှာ ပြဿနာ က အထည်ချုပ်စက်ရုံတွေ က ထွက်တဲ့ အစ လုံလုံလောက်လောက် မရနိုင်တာဘဲ ။ ပြီးတော့ ရတဲ့ အစ ကလည်း တစ်မျိုး တစ်စားတည်း ၊ အဲသည် အသားတွေ ပဲ ရတာ ဆိုတော့ ဒီဇိုင်းသစ်တွေ အမျိုးစုံ ထွင် လို့ မရဘူး ။ ဈေးကွက် ကို အသစ် မပေး နိုင်တော့ မတွင်ကျယ် ဘူးပေါ့ ။

ဈေးကွက် အတွေ့ အကြုံ လည်း ရအောင် ဆိုပြီး ကာနီဘို မှာ မားကတ်တင်း အလုပ် ဝင် လုပ်တယ် ။ နယ်တွေ သွားပြီး အလှကုန်ပစ္စည်းတွေ ရောင်း ရတယ် ။ ငွေ သိမ်းရတယ် ။ အတွေ့အကြုံတော့ အများကြီး ရပါတယ် ။ ခုနစ်လ လောက် လုပ် ပြီးတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်တော့မယ် ဆိုပြီး ကာနီဘို က အလုပ် ထွက် လိုက်တယ် ။

သမီး ပထမဆုံး စ လုပ်တဲ့ အလုပ် ကတော့ တရုတ်ပြည် က အဝတ်အထည် တွေ ဝယ် လာပြီး မန္တလေး နဲ့ ရန်ကုန် မှာ ဖောက်သည် လိုက် သွင်းတာပဲ ။ စ လုပ်ခါစ က ကိုယ် က လူသစ် ဆိုတော့ ဝယ်မယ့် အထည်ဆိုင် က ကိုယ် သွင်းတဲ့ ဈေး များတယ် ဆိုပြီး ဈေး နှိမ်တယ် ။ ချုပ်သားတွေ ကြည့်ပြီး မကောင်းဘူး ပြော နှိမ်တယ် ။ ပြီးတော့ အရောင် မကြိုက်ဘူး ပြောတယ် ။ ဆိုက်တွေ ကို ကြီးတယ် ၊ ငယ်တယ် ချေးထူပြီး မယူဘူး ပြောတယ် ။ ဈေး နှိမ်တယ် ။

တရုတ်ပြည် မှာ ဝယ်တော့ ကိုယ့် မှာ စစ်ဆေးပြီး ယူရတာ မဟုတ်ဘူး ။ ကိုယ် ကြိုက်တဲ့ ဒီဇိုင်း အထည် ၁ဝဝ ထုတ် ပေးပါ ဆိုတာမျိုး ခိုင်း ရတာ ။ သည် ရောက် မှ အထည် က အနာ ပါတာမျိုး တွေ့ လာရင် အရှုံး ခံပြီး သွင်းရတာ ။

အတွေ့အကြုံ က များ လာတော့ အခြား ကုန်သည် နဲ့ မတူ တဲ့ ပစ္စည်းသစ်ဆန်း တဲ့ ဒီဇိုင်း တွေ ရှာတတ် ဖွေတတ် လာတယ် ။ ကူမင်း က ကွမ်းတုံ က ပစ္စည်းသစ် ဒီဇိုင်းသစ် တွေ ရှာ ဝယ်တယ် ။ ကူမင်း ကို လည်း သမီး တစ်ယောက် တည်း သွား တာပါပဲ ။ မကြောက်ပါဘူး ။

ဝယ် လာတဲ့ ပစ္စည်းတွေ ထဲ မှာ အခြား ကုန်သည်တွေပါ လာတဲ့ ပစ္စည်း နဲ့ တူ နေတာ လည်း ရှိတတ်တယ် ။ ဒါမျိုးဆိုရင် ဈေး လျှော့ပြီး သွင်းပစ် လိုက်တယ် ။ ကိုယ် ပါလာတဲ့ ပစ္စည်း က ခုရေ ငါးရာ ဆိုပါတော့ ၊ သုံးရာ မှာ ကိုယ် က မြတ် နေပြီး ၊ ၁ဝဝ က အရင်း ပြန် ရမယ် ။ ၁ဝဝ ရှုံးမယ် ဆိုရင် ဝယ်မယ့် သူ က ဈေးဆစ်လည်း လျှော့တန် သလောက် လျှော့ပြီး သွင်း ပစ် လိုက်တယ် ။ သမီး က ပစ္စည်း အထည်ရေ များများ ထွက် အောင် ပဲ လုပ်တယ် ။ ဈေးသိပ် မတင်ဘူး ။ ကိုယ်တိုင် ယူ လာတဲ့ ပစ္စည်း ဆိုတော့ တစ်ခေါက်ချင်း average ( ပျမ်းမျှခြင်း ) တွက် လိုက်ပြီး ကိုယ့် အတွက် ကျန်ရင် သွင်း လိုက်တယ် ။

အချို့ ဒီဇိုင်းတွေ ကို ရန်ကုန် က လည်း မယူ ၊ မန္တလေး က လည်း မယူတာမျိုး ရှိ တတ်တယ် ။ ပစ္စည်း အပုံ မခံဘူး ၊ နယ် ကို အရှုံးခံ ပို့တယ် ။ ရှုံး မှာ ကြောက်ပြီး ပစ္စည်း ကို မရောင်းဘဲ ဆုပ်ထားရင် ငွေ အိပ် သွားမယ် ။ အဝတ်အထည် ဆိုတာ ဒီဇိုင်း က ကြာလေ အောက်လေပဲ ။ အရှုံး က ပိုပို များလာတော့ မှာ ။ ဒါကို ရဲရဲဝံ့ဝံ့ ပိုင်းဖြတ် ရဲတယ် ။ ရှုံးပါစေ ။ အမြတ် ချည်း ပဲ တွေး နေလို့ အလုပ် မဖြစ်ပါဘူး ။ ကိုယ်ပိုင် လုပ်ငန်း မှာ အရှုံး လည်း ရှိမှာပဲ ။ အရှုံး နဲ့ ကြုံတဲ့ အခါ တစ်ခါ ငိုရင် တစ်ခါ မက ပြုံးခဲ့ဖူးတာ လည်း မမေ့လိုက်နဲ့ဦး ဆိုတဲ့ သီချင်းကလေး ညဉ်း နေရုံပေါ့ ။

သမီး က ခရီး သွား ရတာ ဝါသနာ ပါ တော့ တရုတ်ပြည် ဘက် ကို တစ်လ နှစ်ခေါက် သုံးခေါက် သွားပြီး နောက်ဆုံးပေါ်  ဒီဇိုင်းသစ် တွေ ဝယ် လာပြီး မန္တလေး နဲ့  ရန်ကုန် မှာ ဖောက်သည် သွင်းတယ် ။

မန္တလေး မှာ စကိုင်းဝေါ့ခ်ရှော့ပင်းမောလ် ဖွင့် တော့ သမီး က လူငယ်ကြိုက် ဖန်စီ ပစ္စည်းလေးတွေ ကိုင်တဲ့ ဆိုင် တစ်ဆိုင် ဖွင့်ဖို့ စိတ်ကူးတယ် ။ ပစ္စည်း က ကွာလတီ ပစ္စည်း ၊ ဈေး လည်း အရမ်း မကြီးတာ တင် မယ်ပေါ့ ။

ဆိုင်နာမည် စ စဉ်းစားတဲ့ အခါ မြန်မာ ပါးစပ် နဲ့ ခေါ်ရ လွယ်တာ ကို စဉ်းစား လိုက်တယ် ။ ခေါ်ရ လွယ်ပြီး သစ်ဆန်း တဲ့ နာမည် က ဈေးဝယ် နဲ့ ပိုပြီး ရင်းနှီးတယ် ။ ဖက်ရှင်ဆိုင် တော်တော်များများ ရဲ့ နာမည် က ခေါ်ရ နည်းနည်း ခက်တယ် ။ Charcoal ဆိုတဲ့ နာမည် နဲ့ ဖက်ရှင်ဆိုင် က အခြား မှာ လည်း မရှိသေးဘူး ။ ခေါ်ရ ခက်တဲ့ အက်စ် သံ တွေ ဘာတွေ လည်း မပါဘူး ။ ဒါနဲ့ ချာကိုလ် ဆိုတဲ့ နာမည် ပေး လိုက်တာ ။

Decoration နဲ့ ပတ်သက်တဲ့ ကတ်တလောက်တွေ ကြည့်ပြီး အခန်း ရဲ့ ဧရိယာ နဲ့ အဆင်ပြေ အောင် ဘယ်လို လုပ်ရမလဲ , Arche ( ဗိသုကာအင်ဂျင်နီယာ ) နဲ့ တိုင်ပင်တယ် ။ Lighting ( အလင်းရောင် ) ပေးပုံ က အစ ဆန်းအောင် ၊ ဆေးရောင် က အစ ဆွဲဆောင်မှု ရှိအောင် စဉ်းစားပြီး လုပ်လိုက် တာပါ ။ လူတွေ ရဲ့ စိတ်ဝင်စား အားပေးမှု ရတယ် ။

ဆိုင် က ဆန်းသစ် သလို ၊ ရောင်းတဲ့ အထည် က လည်း ဆန်းသစ် ဖို့ လိုတယ် ။ သည် ဆိုင် မှာ ရောင်းတဲ့ ပစ္စည်း က ယိုးဒယား များတယ် ။ ယိုးဒယား ပစ္စည်း ကို ရန်ကုန်ဒိုင် က ယူတဲ့ အခါ ကိုယ့် လို ယူ ရောင်းတဲ့ ဆိုင်ချင်း ပစ္စည်းဒီဇိုင်း က တူ နေ တယ် ။ ဒီဇိုင်း တူ တော့ အရောင်း ရ ခက်တယ် ။ ပြီးတော့ သူလို ကိုယ်လို ဘာမျှ မထူးခြား တဲ့ ဆိုင် ပဲ ဖြစ်နေမယ် ။ သမီး က သူလို ကိုယ်လို ဆိုင်မျိုး မဖြစ်ချင်ဘူး ။ သူများ နဲ့ မတူတဲ့ ပစ္စည်းတွေတင် တဲ့ ဆိုင်မျိုး ဖြစ်ချင်တယ် ။ သူများ နဲ့ မတူတဲ့ ပစ္စည်းတွေ တင်တဲ့ ဆိုင်မျိုး ၊ ဒီဇိုင်း အသစ်အဆန်းလေးတွေ ကို ဦးဦးဖျားဖျား ရောင်း တဲ့ ဆိုင်မျိုး ဖြစ်ချင်တယ် ။ ဒါကြောင့် ဘန်ကောက် သွားပြီး ဈေးဝယ် ဖို့ စီစဉ် ရတာ ။

သူများ နိုင်ငံ မှာ ဈေး သွားဝယ်တဲ့ အခါ ဘာသာစကား မပေါက် ပေမယ့် ကြောက်စရာ တော့ မရှိပါဘူး ။ ကယ်ကူလေတာ ( Calculator ဂဏန်း တွက်စက် ) ဘာသာစကား နဲ့ ဆက်သွယ်ကြတာပါပဲ ။ ဘယ်ဈေး ရောင်း သလဲလို့ ကိုယ် က သိချင် ရင် ဆိုင် က ကယ်ကူလေတာ ကို နှိပ်ပြီး သူ ဆိုတဲ့ စျေးဂဏန်း ပြ တာပဲ ။ ကိုယ် က ဆစ်ရင် ကယ်ကူလေတာ ဂဏန်း ပြန် နှိပ်ပြရုံပဲ ။ သည်လို နဲ့ အရောင်း အဝယ် လုပ်ကြရ တာပါ ။

အလုပ် တစ်ခု လုပ်တဲ့ အခါ လေ့လာ သင်ယူရင်း လုပ်ရတာပါပဲ ။ အလုပ် အကြောင်း ကို လုံးဝ သိပြီ ဆိုမှ စ လုပ်မယ် ဆိုရင် အချိန် သိပ် နောက်ကျ သွားပြီ ။ အလုပ် ဆိုတာ လုပ်ရင်း ကိုယ့် ဘာသာ ကိုယ် ပြန် သင် ရတာပဲ ။ အလုပ် ထဲ က ရတဲ့ သင်ခန်းစာတွေ နဲ့ ပို ကောင်းအောင် ဆက် လုပ်ရတာပါပဲ ။

သမီး က တော့ အထည်တွေ သွား ဝယ်ပြီး ဖောက်သည် ပြန် သွင်းတဲ့ အလုပ် ရယ် Charcoal ဖက်ရှင်ဆိုင် အလုပ် ရယ် နှစ်ခု တစ်ပြိုင်တည်း လုပ် နေတာ ။ သမီး ကျွမ်းကျင် လို့ တော့ မဟုတ်ပါဘူး ။ လေ့လာရင်း တိုးတက်အောင် လုပ် နေတာ ပါပဲ ။ အဓိက က စိတ်အား ထက်သန်ဖို့ လိုတယ် လို့ သမီး ထင် ပါတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment