Thursday, September 21, 2023

သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် ( ၄ )


 “ ဘိုးဘိုး ၊ ဘဘ ပြန်လာပြီ ”  


ရွာ ထဲ ပိတုန်းကောင်များ ရာချီ ထောင်ချီ ညည ဝင်လာကြသည့် အကြောင်း ဘုန်းကြီး နှင့် စကား ထိုင် ပြော၍ တစ်နာရီ ပင် မကြာ သူတော်ငတေ ၏ အန္တေဝါသိက ဖြစ်သူ နေ ဆန်းလေး က သူ့ ဘဘ ဦးသူတော် တော ထဲ က ပြန်လာပြီ ဖြစ်ကြောင်း လာ ပြော သဖြင့် ရွာလူကြီး သုံးဦး မှာ ဘုန်းကြီး ကို ကမန်းကတန်း ပုဆိန် ပေါက် ဦးသုံးကြိမ် ချ ကာ ကျောင်း အောက် သို့ ဆင်းလာ ကြသည် ။ 


နေဆန်းလေး လာ ပြောသွား သည်မှာ အမှန်ပင် ဖြစ်သည် ။ 


သူတော်ငတေ သည် ကိုယ်ရုံ ကို ဖိုသီဖတ်သီ နှင့်  သူ့ ဓာတ်ခန်း ဖိုရုံ ကန့်လန့် ကို ဖွင့် နေရာ က သူတို့ ဘက် သို့ တစ်ချက် လှမ်း ကြည့်ပြီး သူ့ အခန်း ဖိုရုံ ထဲ ဝင်သွား၏ ။ 


ရွာ လူကြီး သုံးယောက် သည် သူတော်ငတေ ၏ ဖိုရုံ ဓာတ်ခန်းရှေ့ ကွပ်ပျစ် ပေါ် တွင် ရိုရိုသေသေ တန်းစီ ထိုင် နေကြသည် ။ 


ဦးထွန်းပေါ် တို့ ရွာ လူကြီး သုံးယောက် လာထိုင် နေကြသည် ကို မြင် ရသော အခါ သူတော်ငတေ မှာ လည်း ဖိုရုံ ထဲ က ပြန် ထွက် လာသည် ။ ရွာ လူကြီး သုံးယောက် အကြောင်း ကိစ္စ မ ရှိဘဲ နှင့် သူ့ ဆီ ဤသို့ လာပြီး ဖိုရုံရှေ့ ကွပ်ပျစ် တွင် ရိုရိုသေသေ လာ ထိုင်နေ ကြသည် မှာ ကိစ္စကြီးငယ် တစ်ခု ခု တော့ ရှိရမည် ဟူသော အသိ နှင့် ရွာ  လူကြီး သုံးယောက် ရှေ့ သူတော်ငတေ က လည်း လာ ထိုင်၏ ။ 


ပြီးတော့ ဦးထွန်းပေါ် ကို ပထမ ဦးဆုံး လက်ညှိုး ငေါက်ငေါက် ထိုးပြီး “ တစ် ၊ နှစ် ၊ သုံး ” ဟု ရေတွက် လိုက် ကာ


“ ဟဲဟဲ သုံးယောက်ပေါင်း အဲလေ ညင်း ပေါ် ၊ အဲအဲ ဟုတ်ပါဘူး ။ သုံးယောက် ပေါင်း လောင်းကျော် ဆိုပါလား ၊ ဘာ ကိတ် ”


ဟု တစ်ဆက် တည်း မေး လိုက် သည် ။ 


သူတို့ ကို တွေ့တွေ့ချင်း ဘာ မပြော ၊ ညာ မပြော သေးဘဲ “ တစ် ၊ နှစ် ၊ သုံး ” ဟု  လက်ညှိုး ငေါက်ငေါက်ထိုး ရေတွက် ကာ အပြောင်အပြက် လိုလို အတည်လိုလို ပြော လိုက်သော သူတော်ငတေ ၏ စကားသံ ကြောင့် သူတော်ငတေ နှင့် များစွာ လည်း အကျွမ်း မဝင် ကြ သေးသော ဦးထွန်းပေါ် နှင့် ဦးကံညွန့် တို့ မှာ ရုတ်တရက် ကြောင်‌တောင်တောင် ဖြစ်သွားကြပြီး  မှင်တက်မိ နေကြသည် ။ 


ထိုအခါ သူတော် နှင့် ငယ်ပေါင်းကြီးဖော် ဖြစ်သော ဦးသံတိုင် က -


“ မေး နေရသေးတယ် ၊ ဦးသူတော် ဘာမှ မကြားဘူးလား ”


ဟု ပြော လိုက်၏ ။ 


“ ကျုပ် က ဘာ ကြားရမှာလဲ ”


“ ရွာ မှာ ဒီလောက် အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြ တာ ဦးသူတော် မကြားဘူး ”

 

“ မကြားပါဘူးဆို ဘာ အုတ်အော်သောင်းတင်း လဲ ဘယ်တုံး က ဖြစ်တာလဲ ”


“ ဒီ တစ်ည နှစ်ည မှာ ပဲ ”


“ ဘာဖြစ်တာလဲ ”


“ ဦးသူတော် အန္တေဝါ … အဲ တပည့်တွေ က မပြောဘူးလား ”


“ ကျုပ် တပည့်တွေ မှ မရှိတာ ”


“ ဟင် နေဆန်း တို့ ၊ ဒေါင်းသိန်း တို့  က ဦးသူတော် လက်ရင်း တပည့်တွေ ပဲ မဟုတ်ဘူး လား ”


“ မဟုတ်ပါဘူး ဗျာ ၊ သူတို့ က ဆရာတော်ကြီး တပည့်တွေ ပါ ။ ကျုပ် တပည့်တွေ မဟုတ်ပါဘူး ”


သူတော်ငတေ က လေပျော့ နှင့် ပြော၏ ။ 


“ မသိဘူးလေ ၊ ဦးသူတော် ပဲ သူတို့ ကို ဆေးဝါး ဗေဒင်တွေ သင်ပေး နေ တယ် မဟုတ်လား ။ အဲဒါ တပည့် မဟုတ်လို့ ဘာလဲ ”


“ ခင်ဗျား က ပြောရော့မယ် ။ အဲဒီ ကလေးတွေ က ကျုပ် တပည့်တွေ မဟုတ်ဘူး ဗျ ။ ကျုပ် နဲ့ လောကီပညာ ဆည်းပူးဖော် ဆည်းပူးဖက် သူငယ်ချင်းတွေ ပါ ”


ဦးသူတော်ငတေ စကား ကို ဓာတ်သိ မဟုတ်သူ ဦးထွန်းပေါ် နှင့် ဦးကံညွန့် တို့ က ပြုံးကြသည် ။ 


ဆယ့်လေးငါးနှစ်သား ကလေးတွေ နှင့် သူ က သူငယ်ချင်းတွေ ဟု ဆို၏ ။


“ ကဲ ထားလိုက်ပါတော့ ။ ညည ကျုပ်တို့ ရွာ ထဲ ပိတုန်းကောင် တွေ ဝင် တဲ့ ကိစ္စ ဦးသူတော် တကယ် ဘာမှ မ ကြားမိသေးဘူးပေါ့ ”


“ ကျုပ် က ဒီ တစ်ည ၊ နှစ်ည ကျောင်း မှာ မှ မရှိတာ ။ ခင်ဗျားတို့ မြင်တဲ့ အတိုင်းပဲ ခုန က မှ ကျုပ် တော ထဲ က ပြန်လာတာ ”


“ ဟုတ်ပါပြီ ၊ အဲဒါ ခု လာကြတဲ့ ကိစ္စ က တစ်ည နှစ်ည ရှိပြီ ဗျ ။ ရွာ ထဲ ကို ပိတုန်းကောင်တွေ  ဘယ်က ဘယ်လို ရောက်လာကြမှန်း မသိဘူး ။ ရာချီ ထောင်ချီ ပြီး ဝင် ဝင်လာတဲ့ ကိစ္စ ဘယ်လို အစီအမံ လုပ်ကြရ ကောင်းမ လဲလို့ ခု ဦးသူတော် နဲ့ ကျုပ်တို့ လာ တိုင်ပင်ကြတာ ”


သူတော်ငတေ က သူ့ ကတုံးပြောင် ကြီး ကို ပွတ်ပြီး စဉ်းစား သလိုလို လုပ် နေစဉ် ဦးထွန်းပေါ် က လည်း  ဦးသံတိုင် စကား ကို ထောက်ခံသော အနေ နှင့် 


“ ဟုတ်ပါတယ် ဦးသူတော် ။ အဲဒါ ဘယ်လို အတိတ်နိမိတ် ၊ ဘယ်လိုဖြစ် တာလဲ ဆိုတာ ဦးသူတော် နဲ့ တိုင်ပင် ကြရအောင် လာကြတာပါ ”


ဟု ဝင်၍ ပြောလိုက်သည် ။ 


“ ဘာ အတိတ်နိမိတ် ရှိမလဲ ဦးလေး ရာ ။ ကျုပ်တို့ ရွာ ထဲ မှာ ပိတုန်းတွေ ကြိုက် တတ်တဲ့ အသီးအပွင့်ပင် တစ်ပင် ပင် ရှိနေလို့ လာပြီး စားစုပ်ကြတာ နေမှာပေါ့ ”


“ မဟုတ်ဘူးနော် ဦးသူတော် ဟိုတုန်းက ဆို ဒီလို ရွာ ကို ညည မှာ ပိတုန်းကောင်တွေ ရာချီထောင်ချီ ဝင် ဝင်လာ ကြတာ ဦးသူတော် ကြားဖူးလို့ လား ”


“ မကြားဘူးပါလား ”


သူတော်ငတေ က အမှန်အတိုင်း ဝန်ခံစကား ဆိုသည် ။ 


“ အဲဒါ ထူးဆန်းလွန်း လို့ ပေါ့ဗျ ”


“ ဟိုတုန်းက မကြားဘူး ၊ မကြုံဖူး ကြဘူးဆိုတာ ပိတုန်းကောင်တွေ ကြိုက်တတ်တဲ့ အသီးအပွင့်ပင် တစ် ပင်ပင်ဟာ ငယ် နေသေးလို့ အသီး အပွင့် မရှိသေးလို့ မလာကြတာ နေ … ”


“ ခက်လိုက်တာ ၊ မဟုတ်ပါဘူး ဆို ။ ပန်းစား ၊ အသီးစား ဖို့ လာတဲ့ ပိတုန်း ကောင်တွေ က အသိသာကြီး ပါဗျာ ။ ခု ဟာက ဘာပန်း ၊ ဘာအသီး မှ မစားဘဲ တစ်ညလုံး ရွာ ထဲ မှာ ဝဲပျံ နေကြပြီး လူ တွေ ကို လိုက် တုပ်နေကြလို့ဗျ ”


ဦးသံတိုင် က သူတော်ငတေ ကို စိတ် မရှည်နိုင် တော့ သဖြင့် ခပ်ထန်ထန် ပြော လိုက်၏ ။ 


“ မခက်နဲ့ လေ ခင်ဗျားပဲ စဉ်းစား ကြည့် ။ ဒီ ရာသီ က ကျုပ်တို့ ရွာ ရှေ့ ရိုးမ ဘက် မှာ တောင်ပေါ်သား ယာသမား တွေက ယာ မီးရှို့ချိန် ဗျ ၊ အဲဒီ ယာခုတ် ထားတဲ့ ဝါးတောတွေထဲ က နေ ယာ မီးရှို့ လိုက်တော့ ပိတုန်းကောင်တွေ အထိတ်တလန့် နဲ့ ရွာထဲ ပြေးဝင်လာ ကြတာ ဖြစ်မှာပါ ။ လူတွေ ကို လိုက် တုပ်တယ် ဆိုတာ က လည်း သူတို့ က အသိုက်အအုံ ပျက်လာကြတဲ့ အကောင်တွေ ဆိုတော့ ဒေါသတကြီး တွေ့ကရာ မြင်ကရာ ထိုးတုပ်ကြ တော့မှာ ပေါ့ ။ ဒါ ဒါ မဆန်းပါဘူး ။ ပိတုန်း တုပ် ခံရရင် စိမ်းစားငါးပိ သုတ် ပေါ့ဗျ ။ ကျုပ် တို့ ခင်ဗျားတို့ ငယ်ငယ်တုန်း က ပိတုန်းတုပ် ခံ ရရင် ငါးပိ သုတ်ကြတာပဲ မဟုတ်လား  ဘာ အဆိပ် မှ မဖြစ်ပါဘူး ”


ဦးသံတိုင် ၏ စကား ကို သူတော်ငတေ က လည်း  တွေးတွေးဆဆ နှင့် ယခင် ပထမ ည ရွာ ထဲ သို့ ပိတုန်း ကောင်တွေ ရာချီ ထောင်ချီ ဝင်လာကြ စဉ် က  ရွာလူကြီး ဦးကြာပန်း ထင်မြင်ချက် ပေးခဲ့ သလိုပင် ယာတောင်သူတွေ ယာ မီးရှို့ရာ မှ ပြေးလာကြသော ပိတုန်းများ လား ဟု ထင်ကြေး ဆိုနေ ပြန်သည် ။ 


“ မဟုတ်ပါဘူးဆို ၊ ကဲ ဒါဆို ဦးသူတော် ကို ကျုပ် တစ်ခု မေးမယ် ”


သူတော်ငတေ ကို ပြောမရ သဖြင့် ဦးသံတိုင် က လည်း စိတ် တို လာ ပုံ ရ သည် ။ 


သူတော်ငတေ နှင့် အကျွမ်းတဝင် မရှိလှသော ဦးကံညွန့် နှင့် ဦးထွန်းပေါ်  တို့ မှာ မူ သူတော်ငတေ နား ဝင်အောင် မည်သို့မျှ ပြော မရဘဲ သည် အတိုင်း ပြန် လွှတ် လိုက်မည် ကို စိုးရိမ်ကာ စိတ် တထင့်ထင့် နှင့် ကြည့် နေ ကြ သည် ။


ယခင် ပထမ ည ရွာ ထဲ သို့ ပိတုန်း ကောင်တွေ ရာချီ ထောင်ချီ ဝင်လာကြ စဉ်က ရွာလူကြီး ဦးကြာပန်း ထင်မြင်ချက် ပေးခဲ့ သလိုပင် ယာ တောင်သူတွေ ယာ မီးရှို့ရာမှ ပြေးလာ ကြသော ပိတုန်းများ လား ဟု ထင်ကြေး ဆိုနေ ပြန်သည် ။ 


“ မဟုတ်ပါဘူး ဆို ၊ ကဲ ဒါဆို ဦး သူတော်ကို ကျုပ် တစ်ခု မေးမယ် ”


သူတော်ငတေ ကို ပြောမရ သဖြင့် ဦးသံတိုင် က လည်း စိတ် တိုလာ ပုံ ရ သည် ။ 


“ မေးလေ ၊ ခင်ဗျား ဘာမေးမလို့လဲ ”


“ ရွာ ထဲ မှာ ပိတုန်းကောင် တွေ ကြိုက် တတ်တဲ့ အသီးအပွင့် စားဖို့ လာကြတယ် ဆိုရအောင် ပိတုန်းဆို တဲ့ အကောင်တွေ ဟာ ည ဘက်တွေ မှာ ထွက်စား တတ်ကြတဲ့ အကောင် တွေ လား ”


“ တောင်ယာ ကို မီးရှို့လို့ လန့်ပြေး လာကြပါတယ် လို့ ဆို အချိန်အခါ ရှိမလားဗျ ”


သူတော်ငတေ က လည်း ဦးသံတိုင် ကို ခပ်တည်တည် ပင် ပြန် ပြောနေ ပြန်သည် ။ 


“ လုပ်လိုက်ပြန်ပြီ ၊ ဒီထက် ကို ထူးခြားတာတွေ ရှိလို့ ဦးသူတော် ကို ခု လို ကျုပ်တို့ တကူးတက လာ ပြောကြ ရပါတယ် ဆို ”


“ ဘယ်လို ထူးခြားချက်တွေ ရှိလဲဆို တာ ပြောလေ ပြောပေါ့ဗျ ”


“ ဒီမှာ ကျုပ် ပြောမယ် ”


“ ပြော ... ပြော ”


သူတော်ငတေ ကား ခပ်တည် တည်ပင် ။ 


“ ( တစ် ) အချက် ထူးခြားတာ က ရွာ ထဲ ကို ရာချီ ထောင်ချီ ဝင် လာကြတဲ့ ပိတုန်းကောင် တွေ ဟာ ခြံ ထဲ ၊ အိမ် ထဲ က လူတွေ ကို လုံးဝ မထိုးမတုပ် ဘဲ ရွာလယ် လမ်းမ ပေါ် ထွက်လာ ကြတဲ့ လူတွေ ကို ပဲ ဝိုင်းပြီး ထိုးတုပ် တတ်ကြ တယ် ။ ( နှစ် ) အချက် လူတွေ က မီးတုတ် ၊ မီးရှူးတွေ နဲ့ မြှိုက်လိုက် ၊ ဝါးလုံးရှည် တွေ နဲ့ ရမ်းရိုက် လှမ်း ရိုက်ကြပေမဲ့ တစ်ကောင်တလေ ကို တောင် မှ မရိုက် မိ ၊ မသ,တ်မိကြပါဘူး ။ နောက် ( သုံး ) အချက် ပိတုန်းကောင်တွေ ကို ရွာ လမ်းမ ထဲ ထွက် ရိုက်ကြ ၊ မီးတုတ် မီးရှူးတွေ နဲ့ တိုက်သတ်ကြ ပိတုန်း ကောင်တွေ က လိုက်တုပ် လို့ အိမ် ထဲ ၊ ခြံ ထဲ ကို ဝင် ပြေးကြခဲ့ တစ်ည နှစ်ည ဝရုန်းသုန်းကား ဖြစ်နေကြ ပေမဲ့ ရွာ က ခွေး တစ်ကောင် ကြောင် တစ်မြီး မှ အူ ကြ ဟောင်ကြ ပြီး လန့်ဖျပ် ထွက် ပြေးကြတာ မရှိဘဲ အိမ် ထဲ မှာ တုတ်တုတ် မလှုပ် ငြိမ်ကုပ် နေကြတာ ပဲ ။ ဒါ မထူးဆန်းဘူးလား ။ 

ဟိုတုန်း က ဆို နွားလွတ် ၊ ကျွဲပြေး တာ တောင် လိုက်ဟောင် ပြေးလိုက် ကြတဲ့ ခွေးတွေ ၊ ခုတော့ ရွာ ထဲ ပိတုန်း ကောင်တွေ ဝင် လာလို့ အထိတ်တလန့် နဲ့ ပြေးနေကြ လွှားကြ အော်ကြဟစ်ကြ တာ တောင် ဒီခွေး တွေ က တစ်ချက် ထွက် မဟောင်ဝံ့ကြ ဘဲ အိမ် အောက်တွေ မှာ ငြိမ်ကုပ် နေ ကြတာ ။ ဒါ မထူးဆန်း ဘူးလား ။ တစ်စုံ တစ်ခု အမှောင့်ပယောဂ မဖြစ် နိုင်ဘူးလား ”


“ ဦးသံတိုင် ပြောပြတာ ဟုတ်ပါတယ် ဦးသူတော် ။ ထူးခြား ဆန်းကြယ် ဖြစ်နေတာ က တော့ အမှန်ပါပဲ ခင်ဗျား ၊ ကျွန်တော် ဆို အိမ် ရှေ့ လမ်းမပေါ် ကို သဲသဲလှုပ် အကောင် သုံးလေးဆယ် ဝဲပျံ လာကြ တဲ့ ပိတုန်းကောင်အုပ် ထဲ ရေနံဆီ မီးတုတ် နဲ့ ခြံ ထဲ က ရမ်းရိုက် ၊ လှမ်း ရိုက် မီးမြှိုက် ရှို့တာ လေးငါးခါ ပါပဲ ၊ ဒါပေမဲ့ တစ်ကောင် မှ မီးဟပ် သေတာ ၊ မီးတုတ် မီးညွန့် ထဲ ပြုတ်ကျ လာတာ မရှိပါဘူး ။ ဒါ ထားတော့ ဒီလောက် တစ်ရွာလုံး ရှိ လူတွေ မီးရှို့ မြှိုက်သ,တ်နေကြတာ တစ်ကောင် တလေ လောက် မသေ တောင် ခြေကျိုး လက်ကျိုး အတောင်ပံကျိုး နဲ့ မိုး လင်းရင် ရွာ လမ်း မှာ တစ်ကောင်တလေ ကို တွေ့ရ  ဖို့ မကောင်းလားဗျား ခုတော့ တစ်ကောင်တလေ ကို မပြော နဲ့ ခြေ ၊ လက် ၊ တောင်ပံ တစ်ချောင်း တောင် ရွာလမ်း မှာ  မတွေ့ကြရတာ  အင်မတန်ပဲ ထူးဆန်း နေပါတယ် ခင်ဗျား ။ အဲဒါကြောင့် ကျွန်ဘော်တို့ ဘာ လုပ်ကြရမှန်း မသိ ဖြစ်ပြီး ခုလို ဦးသူတော် ဆီ အကြံဉာဏ် လာပြီး တောင်းကြတာပါ ”


ဦးသံတိုင် ၏ စကား ကို သူတော် ငတေ နှင့် မရင်းနှီးသော တစ်ရွာသား ဖြစ်သူ ဦးကံညွန့် က လည်း သူတော် ငတေ သဘော ပေါက် လောက် အောင် ရှင်းပြ ထောက်ခံ ပြောဆို လိုက်ရ ပြန်သည် ။ 


“ အေးဗျာ … ခင်ဗျားတို့ ပြောသလို ဆို တော့ ထူးဆန်း သလို ဖြစ်နေတာပဲ နော် ”


“ ဟုတ်ပါတယ် ဦးသူတော် ၊  ထူးဆန်းလွန်း လို့ လည်း ဦးလေးတို့ က ကိုယ့်ရွာ ကိုယ့်ပြည်သား ဦးသူတော် ဆီ ကို အကြံဉာဏ် လာ တောင်းကြရ တာပါပဲ ”


သူတော်ငတေ ၏ အဖေ နှင့် ငယ်သူငယ်ချင်း ဖြစ်သူ ရွာလူကြီး ဦးထွန်းပေါ် က လည်း သူတော်ငတေ နားဝင် အောင် ထပ်ပြောပြ နေရ ပြန်သည် ။ 


သူတော်ငတေ မှာ လူကြီးလူငယ် သိတတ်သူ မဟုတ် ။ သူ မထင် လျှင် မထင် သလို


“ သွားကြစမ်းပါဗျာ ၊ အလကား လာ ရှုပ်မနေကြနဲ့ ” ဟု လည်း တစ်ခါ တစ်ခါ ဗေဒင်မေး လာသူ ၊ ဆေးတောင်းရန် လာသူ ၊ အမှောင့်ပယောဂ ထင်၍ လာပြသူများ ကို အော်လွှတ် တတ်ကြောင်း သိထား သူ ဦးထွန်းပေါ် မှာ ယခု မိမိ ရွာ ကိစ္စ ပင် ဖြစ်ပါသော်လည်း သူတော်ငတေ က အော်များ လွှတ်လေမလား ဟု စိတ် တထင့်ထင့် နှင့် သူတော်ငတေ ဆီ မှ ဘာ စကား ထွက်လာမည် ကို သာ စောင့်မျှော် ကာ သူတော်ငတေ ၏ မျက်နှာ ကို ကြည့် နေ မိသည် ။ 


“ အိမ်း ဦးလေးတို့ ရွာလူကြီးများ ပြောစကား အရ ဆို စဉ်းတော့ စဉ်းစား စရာပါလား ”  


သူတော်ငတေ ဆီ မှ တွေးတွေးဆဆ စကား ကို ကြား လိုက်ရသော အခါ ရွာ လူကြီး သုံးယောက် ၏ မျက်နှာ မှာ ချက်ချင်း ဝင်းပြောင် လာကြသည် ။ 


“ ဟုတ်ကဲ့ပါ ၊ ကျွန်တော်တို့ တစ်ရွာ လုံး ကလည်း ဒါကို ဘယ်လိုမှ တွေးခေါ် အဖြေ ထုတ်နိုင်တဲ့ လူ မရှိလို့  ဦးသူတော် ဆီ တစ်ရွာလုံး ကိုယ်စား ကျွန်တော်တို့ အကူအညီ လာ တောင်း ကြတာပါ ခင်ဗျာ ”


ရွာခံ လူကြီး နှစ်ယောက် နှင့် စာ လျှင် တောင်ရင်းရွာ မှ ကြီးပေါင်း ဖြစ်ကာ ယာတောင်ရွာ ရှိ မုဆိုးမ နှင့် အိမ်ထောင် လာ ကျ သူ ဦးကံညွန့် မှာ သူတော်ငတေ နားဝင် လောက် အောင် စကား ပြော ပို ညက်သူ ဖြစ် သဖြင့် ဦးကံညွန့် စကား အဆုံးသတ် မှာ သူတော်ငတေ ပါးစပ် က ဘာ လေသံ ထွက်လာကြမည် ကို ဦးထွန်းပေါ် နှင့် ဦးသံတိုင် တို့ က စောင့်နေကြ ရ  ပြန်သည် ။ 


“ ကျုပ် လည်း ဒီ ရွာသား ဒီ ရွာ နေသူ ပါဗျာ ။ ရပ်ရေး ရွာရေး ကိစ္စ ဆိုတော့ လုပ်ပေးရ မှာပေါ့ ။ ဒါနဲ့ ခုတော့ ခင်ဗျားတို့ ရွာ ပြန် ... ”


“ ဗျာ ... ရွာ ကို ပြန်ရမယ် ”


သူတော်ငတေ ၏ သူငယ်ချင်း ဦးသံတိုင် က ငတေ တော့ ခွ လုပ်ပြန်ပြီ ဟူသော အတွေး နှင့် ချက်ချင်း “ ဘာ ရွာ ပြန်ရမယ် ” ဟု သူတော်ငတေ မ ဆုံးမီ ထ အော် လိုက်၏ ။ 


“ မင်း ကလည်း ကွာ ၊ ငါ့ စကား ကို ပဲ ဆုံးအောင် နားထောင် စမ်းပါဦး ”


သူတော်ငတေ က ဦးသံတိုင် အမူအရာ ပျက် သွားသည် ကို မြင် လိုက်ရ သဖြင့် ချက်ချင်း ပြောလိုက် သည် ။ 


“ အေး ဒါဆို ပြောပါဦး ၊ ကျုပ်တို့ ရွာ ပြန်ကြပြီး ဘယ်လို အစီအမံတွေ လုပ် ကြရမလဲ ”

 

“ ဘာ အစီအမံ မှ မလုပ်နဲ့ ။ ခု လူကြီး မင်းတို့ ရွာ ကို ပြန်ပြီး ရွာခံ လူကြီး ၊ လူငယ် ၊ နောက်ဆုံး ကလေးငယ်တွေ ပဲ ဖြစ်ဖြစ် အထူးသဖြင့် မိန်းမသူ ကြီး ငယ် မဟူတွေပေါ့ ၊ တစ်ရွာ တစ်ကျေး တခြား ရွာနီးနား ၊ ရပ်နီးနား က လူ တွေ နဲ့ ခိုက်ရန်ဒေါသ ဖြစ်ခဲ့ကြတာ ရှိ လား ။ ဒီ တစ်ရက် နှစ်ရက် အတွင်း မှာ ပြောတာနော် ”


“ ဟုတ်ကဲ့ပါ ဦးသူတော် ” 


လေးလေးစားစား ပြန် ပြောသူမှာ ဦးကံညွန့် ဖြစ်သည် ။ 


“ အဲဒါ ရွာ ထဲ မှာ ခင်ဗျားတို့ သွား စုံစမ်းကြ ၊ ဘယ် ရွာသား နဲ့ ဖြစ်ဖြစ် ရန်ဖြစ် လာ သူ ။ ဥပမာ ငရုတ်ခင်း ၊ ခရမ်းခင်း ကို ကျွဲနွား ဝင် စား လို့ပဲ ဖြစ်ဖြစ် ၊ ကလေးချင်း ကျီစားရာ က ရန်ဖြစ်လာ ကြတာတို့ ဘာတို့ ရှိ မရှိ ၊ အဲဒါ ကျုပ် သိချင်တယ် ”


“ တခြား တစ်ရွာ တစ်ကျေး က လူ တွေ နဲ့ ပေါ့ နော် ”


“ ဒါပေါ့ဗျ ။ ကလေးချင်း ဖြစ်ဖြစ် ရန်ဖြစ်တာ စကားများ လာကြတာတို့ ၊ ဘာတို့ ဒီတစ်ရက် နှစ်ရက် အတွင်း မှာ ရှိ မရှိ ခင်ဗျားတို့ အဲဒါပဲ အရင် သွား စုံစမ်းကြဦး ။ တိုးတိုးတိတ်တိတ် စုံစမ်းကြ ၊ အတော်ကြာ ကျုပ် ကနေ စုံစမ်းခိုင်းပါတယ် ဆို တစ်လွဲတစ်ချော် တွေး မိပြီး မပြောဝံ့ မဆိုဝံ့ကြဘဲ လည်း နေဦးမယ် ။ တကယ်လို့ အဲဒီလို ရန်ဖြစ်ပြီး လာကြတဲ့ ကလေးသူငယ် များ ပဲ ရှိရှိ ဘယ်သူဘယ်ဝါရယ် လို့ သိ ရင် တော်ပြီ ။ ကာယကံရှင် ကို ဘာမှ မေးလား စမ်းလား မလုပ်ကြနဲ့ဦး ၊ ရပ်ခြား ၊ ရွာခြား က တစ်ယောက် ယောက် နဲ့ ခိုက်ရန်ဒေါသ ဖြစ်လာကြတဲ့ လူ ကျုပ်တို့ ရွာ မှာ ရှိတယ် ဆို တော်ပြီ ။ ရှိ မရှိ ခင်ဗျားတို့ ရွာ ဆင်းပြီး စုံစမ်းကြ ။ ရှိတယ် ဆိုရင် ကျုပ် ကို လာ ပြော ။ ကဲ ကျုပ် လည်း တောထဲ သွား နေလို့ ထမင်း မစားရ တာ နှစ်ရက် သုံးရက် ရှိ သွားပြီ ။ စောစောက ဆရာတော် ဆွမ်းစား တုံး‌မောင်း ခေါက်သံ ကြား လိုက်တယ် ၊ ခုလောက်ဆို ဆရာတော် လည်း ဆွမ်းဘုဉ်း ပေးပြီး လောက်ပြီ ။ ကျုပ် ကျောင်း ပေါ် တက် ဆွမ်းစား လိုက်ဦးမယ် ။ ကဲ သွားကြ ၊ သွားကြ ”


ပြောပြောဆိုဆို နှင့် ပင်  သူတော်ငတေ ကျောင်း ပေါ် တက် သွား ရာ ယာတောင်ရွာ လူကြီး သုံးယောက် တို့ မှာ သူတော်ငတေ အား “ ဟုတ်ကဲ့ပါ ” ဟု ရိုရိုသေသေ လေးလေးစားစား ပင် ပြောချိန် မရလိုက် သဖြင့် တစ်ရွာသူ တစ်ရွာသား ကလေးသူငယ်များ ပါ မကျန် ရန်ဖြစ်ဖူးထား သူ ကို ရှာဖွေ စုံစမ်းရန် ယာတောင်ရွာ ထဲ သို့ ဆင်း လာကြရလေ၏ ။ 


◾ဝေယံလင်းခေါင်


📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment