Saturday, September 9, 2023

မီးအိမ်ပျံ ထဘီအုပ်


 ❝ မီးအိမ်ပျံ ထဘီအုပ် ❞ 


စစ်ကိုင်းမြို့ ဆိပ်ခံသမ္ဗန်ကြီး တွင် ရက်မှန် သင်္ဘော ဆိုက်ကပ် ၍ ကုန်များ တင်ချ နေလေ၏ ။ ဆိပ်ခံသမ္ဗန် ၏ အပြင်ဘက် က တွဲသမ္ဗန် ။ ထို့ အပြင်ဘက် က ရက်မှန်သင်္ဘော ဖြစ်၍ မီးရထားကူးတို့ သင်္ဘော မှာ အပြင်ဘက်ဆုံး က ကပ်၍ ထားရလေ၏ ။ နံနက် ( ၈ ) နာရီ ခန့် အချိန် တွင် မြင်းခြံ ကူးတို့ သင်္ဘော သည် ဥဩသံ ဆူညံစွာ နှင့် စုန်ဆင်း လာရာ မီးရထားသင်္ဘော က လာ မကပ်နဲ့ ။ ငါ အခု ထွက်မှာ ဟူသော အဓိပ္ပာယ် ဖြင့် ဥဩ ပြန်၍ မှုတ် လေ၏ ။


ရက်မှန်သင်္ဘော က လည်း ဒီ အကောင် ထွက်ရင် ငါ လည်း ထွက်တော့ မှာ ဟု ဥဩ ပေးပြန်လေ၏ ။ သို့နှင့် မြင်းခြံ သင်္ဘော မှာ ဆိပ်ခံသမ္ဗန်ကြီး တွင် ဆိုက်ကပ်ခွင့် မရတော့ချေ ။ ငါ မကပ်နိုင်တော့ဘူး ဟု ခေါ်သည့် အလား မြင်းခြံသင်္ဘော မှာ ဆိပ်ခံသမ္ဗန်ကြီး ၏ အောက်ဘက် ကမ်းခြေ နှင့် မလှမ်းမကမ်း တွင် စက်ဖုံး တစ်ပတ် နှစ်ပတ် လည်လျက် ရပ်နား နေပြီးလျှင် သင်္ဘောကု,လားများ က ဆန်မန် ဆန်မန် ဟု အော်လေ၏ ။ ထိုအခါ၌ အချက်ကောင်း ကို စောင့် ၍ နေသော ငှက်သမားများ နှင့် ကူလီ တို့ ပါတနာ လုပ်ခါ ငှက် ဆယ်စင်း ခန့် မြင်းခြံသင်္ဘော သို့ ကပ် လေ၏ ။ တောင်လေကလေး မှာ မပြင်းတပြင်း တိုက်ခတ်လျက် ရှိရာ သင်္ဘောလှိုင်းများ လည်း ထလျက် ရှိသောကြောင့် အလွန် ကျွမ်းကျင်သော ငှက်သမားတို့ သည် မြင်းခြံသင်္ဘော ၏ အနောက်ဘက် က ကပ် ၍ ငှက်ဦး ရှိ ကြိုး ဖြင့် ချည်ထား ကြလေ၏ ။


စစ်ကိုင်း တွင် ဆင်းကြမည် ဖြစ်သော ခရီးသည် တို့ မှာ သင်္ဘော ပေါ် မှ ငှက် ပေါ် သို့ ပစ္စည်းများ သယ်ချကာ ခုန်ဆင်း ကြ လေ၏ ။ ငှက် ၄ - ၅ စင်း ကား ခရီးသည်များ ရ ၍ ကြိုးများ ဖြုတ်ကာ ကမ်းဘက် သို့ ခွာကြရာ အုန်းခနဲ ဝါးခနဲ ဖြစ်၍ နေကြလေ၏ ။ အကြောင်းမူ ကား အချို့ သူတို့ မှာ သင်္ဘောကုန်းပတ် ပေါ် မှ ငှက် ပေါ်သို့ ( ၃ ) ပေခန့် အနိမ့် ကို ခုန်ဆင်းကြရာ လေ က အပင့်လိုက် ၊ လုံချည် က အထက် သို့ ပျံတက် ၊ ဘောင်းဘီ အတိုလေး မျှကပ်၍ ကျန် လို ကျန် ဇာနား တပ် ပိတ်လုံကွင်း ပါ ပေါင်လယ် ရောက် နှင့် ဖြစ်ချင် သလို ဖြစ်၍ နေကြသော ကြောင့်တည်း ။


လူ ကုန် လောက်ပြီ ထင်သော အခါ ဝူခနဲ သင်္ဘော ဥဩ မှုတ် လိုက်ရာ ငှက် တစ်စင်း တွင် အသက် ( ၄ဝ ) ခန့် မိန်းမကြီး သည် ရောက် နှင့် ၍ အသက် ( ၁၆ ) နှစ် ခန့် သမီးပျိုကလေး မှာ မဆင်းဝံ့ သဖြင့် ချီတုံချတုံ ဖြစ်၍ နေလေ၏ ။ “ ခုန်ချ သမီး ရဲ့ ၊ ခုန်ချပါ ၊ ဘာမှ မဖြစ်ပါဘူး ။ သင်္ဘော ထွက်တော့မယ် ” ဟု ပြော သော်လည်း ခုန်ချမည် လုပ်လိုက် အရွံ့ပါ ပြန်သည် နှင့် နောက်သို့ တွန့်လိုက် ဖြစ်၍ နေလေ၏ ။ အသက် ( ၂၀ ) ခန့် ရှိ ငှက်သမား မှာ လည်း “ ဆင်းပါဗျ ၊ ဆင်းပါဗျ ” ဟု ပြောလျက် ရှိလေ၏ ။ “ ကိုင်း မောင်ရင် ၊ အဒေါ့် သမီး ပဲ ၊ ကိစ္စ မရှိပါဘူး ၊ တစ်ဆိတ်လောက် သူ့ လက် ကို ဖမ်းကိုင်ပြီး ချပေးပါ ” ဟု ပြော လေ၏ ။ ရိုးအ သော ငှက်သမား သည် ငှက်ဦး အနား သို့ သွားလျက် လက် နှင့် ကိုင် မချဝံ့ပြန်သဖြင့် “ ခုန်သာ ချပါ ၊ မကျိုးနိုင်ပါဘူး ” ဟု ပြောစဉ် သင်္ဘော သည် ဝူခနဲ ဥဩ ပေးလျက် စက်ပုံးသုံးပတ်လောက် လည် လိုက်ရာ ငှက် မှာ လှိုင်း ကြောင့် နိမ့်ချည် မြင့်ချည် ဖြစ်နေခိုက် မိန်းကလေး မှာ သင်္ဘော ပေါ် သို့ မိခင် နှ င့်ကွဲ ၍ ပါသွားမည် စိုးသောကြောင့် မျက်စိ မှိတ်၍ ခုန်ချ လိုက်လေ၏ ။


ထိုအခါ၌ မြစ်ကမ်း ရှိ လူများ နှင့် သင်္ဘော ပေါ် တွင် ပါ သွားသော လူ တစ်စု တို့ မှာ ဟယ်ခနဲ ဖြစ်ပြီး လျှင် ဝါးခနဲ ဟားခနဲ ရယ်မော လျက် ရှိကြလေ၏ ။ အချို့ က လည်း “ မြန်မြန် ထ ... မြန်မြန် ထ ... ကြိုးဖြုတ် ” ဟု အော် ကြရာ မိန်းမကြီး သည် ကြိုး ကို အတင်း သွား၍ ဖြုတ်ရလေ၏ ။ မိန်းကလေး မှာ ကြောက်အား နှ င့်ခုန်လိုက်ရာ လုံးကွင်း မှာ မီးအိမ်ပျံ လို ဖောင်းပြီး လျှင် ငှက်သမား ခေါင်း ကို စွပ်ကျ ပြီး လုံကွင်း တစ်ကွင်း နှစ်ယောက် ဝတ် လျက် ဖြစ်၍ နေသောကြောင့် ရယ်မောကြခြင်း ဖြစ် လေ၏ ။


မိန်းကလေး မှာ အသံတွေ တုန်ကာ မျက်နှာ ညိုမည်းလျက် ရှိရာ ယောက်ျားကလေး မှာ လည်း လုံကွင်း ကို ခေါင်း က ချွတ် ရ အခက် ၊ အောက်နှိမ့် ချွတ် ပြန်လျှင် မိန်းကလေး အမြင် မတော်မည် စိုး နှင့် ( ၅ ) မိနစ်ခန့် ကြာအောင် မကြံတတ် ၊ မစည်တတ် ဖြစ်ကာ လှိုင်းလုံးတစ်လုံး က ငှက် ကို ပုတ်လိုက် သဖြင့် နှစ်ယောက် စလုံး လဲကျ သွားမှ ငှက်သမား သည် လုံကွင်း ထဲ က ထွက်၍ ခတ်ကွင်း နှင့် တက် ကို ကိုင်လေ၏ ။ ထိုအခါ၌ ငှက် သည် တဂေါင်းရပ်ဆိပ် ဆီ သို့ မျောပါ သွားရာ ခတ်တက် တစ်ချောင်း လည်း ရေ ထဲ မျောသွား သဖြင့် ငှက် ကို မခတ်နိုင် တော့ဘဲ လှေလှော် သကဲ့သို့ ငှက်ဦး က နေ၍ လှော်ရ လေ၏ ။ “ မေမေ ... သမီး ကို ဆင်းပါ ဆင်းပါ လို့ အပြောသား နဲ့ ၊ ငိုမနေပါနဲ့ အေ ၊ ရှက်စရာကြီး ” ဟု မိခင် က ပြော သော်လည်း မိန်းကလေး မှာ ဒူး နှစ်လုံးကြား မျက်နှာ လျှို ကာ ကြူကြူပါအောင် ငိုကျွေးရှာ လေ၏ ။ ငှက်သမား မှာ လည်း ရှက်အားနာ ဖြစ်ပြီး ငှက် ကို သာ အတွင် လှော်လျက် စက်ဝန်ထောက် အိမ်ရှေ့ ကမ်းနား တွင် ဆိုက်ကပ် လေ၏ ။ အထူးအဆန်း ကို မှ ကြည့် လိုသည့် အလိုက် မသိသော လူတစ်စု သည် ကမ်းနား သို့ ပြေးလာကြ ပြန် သဖြင့် မိန်းကလေး မှာ မျက်နှာ မှ မဖော်ဝံ့ အောင် ဖြစ်ရှာ လေ၏ ။


“ ကိုင်း ငှက်ဆရာ ၊ မောင်ရင် ဘယ်လောက် ပေးရမလဲ ။ ခတ်တက် တစ်ချောင်း လဲ ဒေါ်ဒေါ် တို့ကြောင့် မျောသွားပြီ ” ဟု အဖိုးစားနား မေးမြန်းရာ ..


“ ဟာ .. ကိစ္စ မရှိပါဘူး ၊ အဒေါ်တို့ ကြည့်ပေးပါ ” ဟု ပြော သဖြင့် မိန်းမကြီး က ငွေ ( ၂ ) ကျပ် ခတ်တက်ဖိုး ပါ ထုတ် ပေး ၍ မုံရွာရထား နှင့် လိုက်ပါ သွားလေ၏ ။


ထို သတင်း မှာ ငှက်သမား ။ ကူလီ မှ စ၍ မြင်းရထားသမား ။ ကားသမား မြို့ ထဲ က လူများ ပါ ပျံ့နှံ့ သွားလေ၏ ။ “ အင်း ... ဒီ ဘိုးသိန်း တွေ့ မှ ဖြင့် ဒီလို ချည်းပဲ ”  ဟု ပြောကြလေ၏ ။ ငှက်သမား ဘိုးသိန်း ကား ဝါဆိုဦး တုန်း က လည်း မိန်းမကြီး တစ်ယောက် နှင့် မိန်းကလေး တစ်ယောက် ကို တင်ဆောင် လျက် စစ်ကိုင်းချောင် သို့ ဆန်တက် ရာ လေငြိမ် သဖြင့် ခတ် ၍ သွားရလေ၏ ။ ရေ က လည်း အတော် ကြီး နေသဖြင့် ရွှေတောင်ဦး မှော်ဝဲ ကို ဆန်တက် ရာ များစွာ အားစိုက် ခတ်နိုင်မှ အနည်းငယ် သာ အထက်ဘက် သို့ ရွေ့လျား နိုင်လေ၏ ။


တစ်ကြိမ်၌ ဤသို့ အားစိုက် ခတ် လိုက်ရာ ခတ်ကွင်း ပြတ် ပြီး လျှင် ရှေ့ က နေသော မိန်းကလေး ကို သိမ်းကျုံး ဖက်မိ သဖြင့် “ အမယ်လေး မောင်ရင် ၊ ခတ်ကွင်း ပြတ်တာ က လည်း ကျုပ် တော့ မခိုက်မိ ဘဲ သမီး မှ ဖက်မိပလေတယ် ” ဟု ရန်တွေ့ သောကြောင့် “ မတော်လို့ပါ ခင်ဗျာ ၊ ကျွန်တော် ဘယ်လိုမှ အောက်မေ့လို့ မဟုတ်ပါဘူးခင်ဗျာ ” ဟု မနည်း တောင်းပန်ခဲ့ရဖူးလေ၏ ။


တစ်ခါတစ်ရံ ငှက်သမား သည် လုံကွင်း ဝတ်လျက် ငှက်ခတ်လေ့ ရှိရာ လေ က အပင့် လုံကွင်းဖောင်းပွ ဖြစ်ပြီး ပဲ့က ထိုင် လိုက်သူ ခေါင်း ကို စွပ်မိတတ်သော အကြောင်းများ ပါ အကြောင်း တစ်ခု ပေါ်ပေါက် က အလားတူ အကြောင်းများ ဖြစ်ပေါ်ခဲ့ဖူးပုံ ကို ဆက်လက်ပြောဆိုကြမြဲ အတိုင်း ပြောဆို ကြလေ၏ ။ ဘိုးသိန်း ကား အတော် ရှက်နေ သဖြင့် ထိုနေ့ အလုပ် သိမ်းကာ ရွှေကြက်ယက် ကိုးသင်းရပ် နေအိမ် တွင် ခွေခွေကလေး အိပ် ၍ နေပြန်သောအခါ ဘိုးသိန်း ၏ ရိုးသားပုံ ကို ဓာတ်သိ ဖြစ်ကြသော ရပ်သူ ရွာသား တို့ သည် အကျိုးအကြောင်း မေးမြန်း ကာ “ မိန်းကလေး က မင့် ထက် ရှက်စရာ ကောင်းပါသေးတယ်ကွယ် ” ဟု ပင် အရှက် ပြေရန် ဖျောင်းဖျ ပြောဆို ရလေ၏ ။


နောက် တစ်နေ့ ၌ ဆံပင်ရှည် ဖြစ်သော ဘိုးသိန်း ၏ ခေါင်းမှာ ကတုံးပြောင် ဖြစ်၍ နေလေ၏ ။ မိန်းမ ထဘီ အုပ်မိ သဖြင့် သနသည် ဟု အကုန် ရိတ်ချ လိုက်သောကြောင့်တည်း ။ ဘိုးသိန်း မှာ ( ၁၆ ) နှစ်သား အရွယ် က ငှက်ခတ် ခဲ့ရာ ထိုစဉ်အခါ က စစ်ကိုင်းတံတားကြီး ဆောက်လုပ် ဖို့ စိတ်ကူး မျှ မရကြသေးသော အခါကောင်း ကို မီ သဖြင့် ပျမ်းမျှ တစ်နေ့ လျှင် တစ်ကျပ်ခွဲ နှစ်ကျပ် စီလေ၏ ။ ဘိုးသိန်း သည် မိမိ ပင်ပန်းသည် ကို သိသဖြင့် ချွေးနည်းစာ ကို သောက်စား ၊ လောင်းကစား စသော ဟော့ရမ်းဖို့ ဝေးစွ ၊ ဆေးလိပ် မုန့်ပဲသရေစာ မျှ မစားရက် ။ မိခင်အိုကြီး ကို ခြစ်ခြစ်ခြုတ်ဖြုတ် လုပ်ကိုင် ကျွေးမွေး စုဆောင်း လာသူ ဖြစ်သောကြောင့် တစ်နှစ် လျှင် အသားတင် (၂ဝ၀ -၂၅ဝ) ခန့် အမြဲ စုဆောင်းမိ လေ၏ ။ ၎င်း ၌ ကိုဘိုးဟိန်း ခေါ် အိမ်ထောင်သည် အစ်ကို တစ်ယောက် ရှိရာ ဘိုးဟိန်း မှာ ဘိုးသိန်း လောက် ဇွဲသတ္တိ မရှိသော်လည်း ကံအားလျှော်စွာ ပိုက်ဆံ ရှိ မိန်းမတစ်ယောက် နှင့် အကြောင်း ပါ ၍ ငွေ တစ်သောင်း ခန့် ချမ်းသာ နေသူ ဖြစ်လေ၏ ။ သို့ရာတွင် ညီ ဖြစ်သူအား ကြည့်ရှုစောင်မလေ့ မရှိ သဖြင့် ငါကော သူ့ လို ဘာလို့ မချမ်းသာရမှာလဲ ဟူသော ဇွဲ နှင့် ကြိုးစား ရှာဖွေသော ဘိုးသိန်း မှာ ( ၄ ) နှစ် တွင် ငွေ တစ်ထောင် ကျော် စုဆောင်းမိ လေ၏ ။


၎င်း ၏ စီးပွားရှာဖွေမှု ကို ရွှေကြက်ယက်သား တို့ နမူနာ ထား ရလေ၏ ။ နေ့ အချိန် ငှက်ခတ် ၍ နံနက်ခင်း ညနေခင်း တွင် ( ၂ ) ဧက ခန့် ရှိသော နုန်းမြေ ၌ ဘူးသီး ၊ ခရမ်းသီး ၊ ခရမ်းချဉ် ၊ ဆေးပင် စသည် တို့ နေ့စား မိန်းမ နှစ်ယောက် လောက် နှင့် စိုက်ပျိုး သေး လေ၏ ။ ည အချိန် ၌ ( ၇ ) နာရီ မှ သန်းခေါင် ( ၁၂ ) နာရီ အထိ ကိုယ်ပိုင် ရက်ကန်း တစ်စင် တွင် တချွင်ချွင် မြည် အောင် ရက်လုပ်သေး သဖြင့် စတုတ္ထမြောက် နှစ် ၌ ဘိုးသိန်း၏ဝင်ငွေမှာ တစ်နေ့ ပျမ်းမျှ ငါးကျပ် ခြောက်ကျပ် ဖြစ် လေ၏ ။ ဉာဏ် ၊ ဝီရိယ ရှိသူ ကို ကံ က ထောက်ပံ့တတ်သည့် အတိုင်း ဤ ဝတ္ထုအစ ဖော်ပြခဲ့သော အချိန် မှ ( ၆ ) လခန့် ကြာသောအခါ အစ်ကို နှင့် မရီး မှာ ဝမ်းရောဂါ ဖြင့် မပြန်လမ်း သို့ မြန်းကြသော ကြောင့် အစ်ကို ၏ ပစ္စည်းများ ကို လက်ဝါးကြီး အုပ် လိုက် ရလေ၏ ။


ထိုအခါ၌ ငှက်ခတ်ခြင်း အလုပ် ကို ဖြတ်၍ ရက်ကန်းစင်ပေါင်း ( ၂ဝ ) ခန့် ၊ ရက်လုပ်သူ မိန်းကလေး ( ၂ဝ ) ခန့် နှင့် ဘိုးသိန်း ရက်ကန်း အလုပ်ရုံ ဟု ဆိုင်းဘုတ် တပ် ကာ များစွာအခြေကျ ၍ နေလေ၏ ။ စစ်ကိုင်း ၊ မန္တလေး ၊ အမရပူရ မြို့များ မှ ပင်ရင်းအထည် ကောက်လိုသူ တို့ သည် ဘိုးသိန်း နှင့် ဆက်သွယ်သည် က များလေ၏ ။ ဘိုးသိန်း မှာ ရိုး၏ ။ စကား တည်၏ ။ အထည်များ ကို ပိုးစစ်ပိုးမှန် ကိုယ်တိုင် က လည်း ရက်ကန်းတတ် သောကြောင့် အခြားသူ မညာ နိုင်အောင် ကျကျနန ရက်လုပ် ရောင်းချလေ့ ရှိ သဖြင့် ဘိုးသိန်း အား ပိုးထည်ဆိုင်ကြီးများ က အထူး အားထား ယုံကြည် ကြ လေ၏ ။


မောင်ဘိုးသိန်း ၊ ကိုဘိုးသိန်း ၊ ဦးဘိုးသိန်း ဟူသော နာမည် မှာ တစ်နှစ် အတွင်း ကျော်ကြား သွားလေ၏ ။ အချို့ ကုန်သည်ကြီးများ မှာ လူ ကိုယ်တိုင် မလာ ၊ စာ နှင့် စေလွှတ်ခိုင်း သော်လည်း အမှားအယွင်း မရှိရ ၊ နှုန်း မများရ ။ ဂရုတစိုက် ဆောင်ရွက်သောကြောင့် အခြား ရက်ကန်းထောင်များ လာဘ်ပိတ်မည် ကဲ့သို့ ဖြစ်၍ နေလေ၏ ။ ဘိုးသိန်း မှာ မည်သို့ပင် အခြေအနေ တက်စေကာမူ ဟန်အမူအရာ ၊ စိတ်နေစိတ်ထား ရှေးက ထက် နိမ့်ကျ ဖော်ရွေ၍ အပေါင်းအသင်း တို့ လည်း အထူး ကျေနပ်ကြလေ၏ ။ ရက်ကန်းရက် ကြသော မိန်းကလေးများ အပေါ်၌လည်း တည်တည်ကြည်ကြည် ဆုံးမသွန်သင် ဆက်ဆံ သော ကြောင့် မိန်းကလေးတိုင်း မောင်အရင်း သဖွယ် ခင်မင်ကြ ကာ ဆရာ ဆရာ ဟု ခေါ်ငင်ကြလေ၏ ။ ဘိုးသိန်း ၏ ရက်ကန်းအလုပ်ရုံ ကား နေ့ည မစဲ လက်ခတ်သံ တို့ ဖြင့် ဆူညံလျက် ရှိလေ၏ ။


 •••••   •••••   •••••


( ၂ ) ထပ် အိမ်ကြီး ဖြစ်၍ ရက်ကန်း ဆယ်စင် စီ ရှိ ရက်ကန်းရုံ ( ၂ ) ရုံ မှာ အိမ်ဘေး ပတ်လည်တွင် ရှိလေ၏ ။ အိမ် အောက်ထပ် ၌ ပိုးထည်များ ထားသော မှန်ဗီရို နှင့် ပိုးရက်ကန်းထောင် ကိုဘိုးသိန်း ၏ အိမ်ကြီး ကား ( ၄ ) ခန်း ၊ ( ၅ ) ခန်း ၊ အုတ်သမံတလင်းခံ နှင့် ဧည့်ခန်းအလုပ်ခန်း တို့ကို သပ်ရပ်စွာ ပြင်ဆင် ထားလေ၏ ။ ရက်ကန်းရက်သူ မိန်းကလေး တစ်ယောက်သည် အိမ်ပေါက် မှ “ ဆရာ ဆရာ .. ဧည့်သည် က တွေ့ချင်လို့ ” ဟု ပြောလာ သဖြင့် “ ဒီခေါ်ခဲ့ ” ဟု အမိန့်ပေး လိုက်လေ၏ ။ အသက် ( ၄၀ ) ကျော် မိန်းမကြီး နှင့် ( ၁၇ ) နှစ်ခန့် မိန်းမပျို တစ်ယောက် တို့ မှာ ကိုဘိုးသိန်း ဧည့်ခန်း ဆီ သို့ ရောက်လာရာ အထူး အံ့အား အသင့်ကြီး သင့် လျက် ..


“ အလို ... မနှစ် က လုံကွင်းပြာ နဲ့ ကျုပ် ခေါင်း စွပ်ချတဲ့ မဟိုဒင်း တို့ ပါလား ” ဟု မပြော မိ ရန် အထူး သတိထား ကာ ...“  ကြွကြပါ ခင်ဗျာ... ထိုင်ကြပါ ခင်ဗျာ ” ဟု လောကွတ်ပျူငှာ နေရာ ထိုင်ခင်း ပေး လေ၏ ။ မိန်းမကြီး နှင့် မိန်းမပျို တို့ မှာ ဗိုလ်ကေပေါက်စ ၊ ပိုး နှစ်ထပ် ရှပ်လက်မာ ၊ လေးပင်လိန်ကျစ်ပိုး တို့ဖြင့် သားနားစွာ ဖြစ်နေသော ဘိုးသိန်း အား မိမိတို့ နှင့် တွေ့ဆုံဖူးသူ ဟု မမှတ်မိကြချေ ။ မိန်းမကြီး က စတင် လျက် ...


“ မောင်ရင့် ဆီ မှာ မဟာဖလာ ဧကနံ တစ်အုပ် ဘယ်ဈေး ပေးနိုင်ပါသလဲ ”


“ ( ၁၆ ) ကျပ် ဈေး ပါပဲ ခင်ဗျာ ။ ဘယ်နှစ်အုပ် လောက် အလိုရှိတော်မူပါသလဲ ”


“ အုပ် ( ၂ဝ ) လောက် ယူ မှာပဲ ။ ငါးမူးစီ လောက်တော့ လျှော့ဦးမှပေါ့ ။ မောင်ရင် ရဲ့  ”


“ ဒါ ပိုပြောတာ မဟုတ်ပါခင်ဗျာ ။ အနည်းဆုံး ဈေးကို ပြောထားရတာပါ ”


“ ကိုင်းလေ ၊ တစ်မတ်လောက် တော့ ... ( မရပါဘူး ခင်ဗျာ ) ”


“ မောင်ရင့် သတင်း ကြားရတဲ့ အတိုင်း သိပ် မှန်တာကိုး ၊ တစ်ခွန်း ဆို တစ်ခွန်းပဲ ။ ဒေါ်ဒေါ်တို့ မန္တလေးများ ဒီလို တင်းတင်းကြီး ရောင်းရင် ထမင်း ငတ်ဖို့ ပဲ မောင် ”


“ ဪ .. ဒါလည်း ဟုတ်ပါလိမ့်မယ် ။ နို့ပေမယ့် ဒီလို စည်းကမ်းပျက် နေကြတာ ဝယ်သူ ရဲ့အပြစ် မဟုတ်ပါ ။ ရောင်းသူများ ရဲ့ အပြစ် ဖြစ်ပါတယ် ။ ကုန်သည်တိုင်း မိမိ တို့ ရောင်းလိုတဲ့ ပစ္စည်း နဲ့ အဖိုးနှုန်း ကို တစ်ခွန်းတည်း ပြောကြလျှင် အချိန်ကုန် လည်း သက်သာမယ် ။ တစ်ယောက် တော့ အဖိုးကြီး ၊ တစ်ယောက် တော့ အဖိုးနည်း ဆိုသလို မဖြစ်ရ နဲ့ ။ ဘယ်လောက် ဟန်ကျပါသလဲ ခင်ဗျ ။ အခုတော့ ( ၃ ) ကျပ် ရောင်းမယ့် ဟာ ( ၆ ) ကျပ် ဆိုလိုဆို ၊ မသိတဲ့ လူများ တော့ ( ၄ ) ( ၅ ) ကျပ် ပေး သွားလို သွားရနဲ့ ဘယ်မှာ ညီမျှခြင်း ဖြစ်ပါသလဲ ၊ လူမျိုးခြား ကုန်တိုက်ကြီးတွေ မှာ တစ်ခွန်းတည်း ပဲ ရောင်းကြတာ ဒေါ်ဒေါ်တို့အသိ ဖြစ်ပါလိမ့်မယ် ။ အခုလို လူမျိုးခြား စံ တင်ရတာလည်း ဝမ်းနည်းပါ ရဲ့ ။ ကျွန်တော်များ မြန်မာကုန်သည် တို့ လူတိုင်း လိုက်နာဖို့ အချိန်အခါ ကျပြီလို့ သဘော ရတာနဲ့ ကျွန်တော် ဖြင့် တစ်ခွန်းတည်း ပြောဆို ရောင်းချနေတာပါပဲ ” ဟု တော်တော်လေ များ လိုက်လေ၏ ။


ထိုအခါ ကား ရက်ကန်းဈေး ကောင်းသော အခါတည်း ။ မိန်းမကြီး လည်း မဟာဖလာအုပ်ရေ ( ၂ဝ ) ကို ( ၁၆ ) ကျပ် ဈေး နှင့် ပင် ဝယ်ယူလျက် “ နောက် ဒေါ်ဒေါ် တို့ မျက်စိမျက်နှာ ကို မှတ်ထားပါ ။ ဒေါ်ဒေါ့် နာမည် က ဒေါ်ငြိမ်းခင် တဲ့ ၊ သမီး က မတင်အေး တဲ့ ၊ မန္တလေး ဈေးချို ၊ အက်ဖ်ရုံ ထဲ မှာ ဒေါ်ငြိမ်းခင် နှင့် သမီးမတင်အေး ပိုးထည်ဆိုင် လို့ ရွှေစာလုံး နဲ့ သုံးခန်း ဆိုင်းဘုတ် တပ် ထားတာ တွေ့ဖူးပါလိမ့်မယ် ”


“ ဟုတ်ကဲ့ ကောင်းကောင်း မသိကြလို့သာပါ ။ မြင်ဖူးသလိုလို တော့ ရှိသားပဲ ” ဟု အသင့်ပြင်လာသော လက်ဖက်ရည်များ ဖြင့် ဧည့်ခံကာ ဒေါ်ငြိမ်းခင် သားအမိ လည်း ကူလီ ငှားလျက် နှုတ်ဆက် ပြန်သွားကြလေ၏ ။


 •••••   •••••   •••••


မိန်းမကြီး ထွက် သွား လျှင် ကိုဘိုးသိန်း သည် အသံများ ထွက်အောင် ဟက်ဟက်ပက်ပက် ရယ်မော မိလေ၏ ။ ထိုအခိုက် သူငယ်ချင်း မောင်ဖြိုး ရောက်လာ သဖြင့် “ ဘာလဲဟေ့ မောင်သိန်း ၊ ငွေထုပ်ပျောက်လို့ ရယ်တာလား ” 


“ အို ငွေ ပျောက်တာ ရယ်ရမှာလား ကွယ့် ”  


“ မင့်လို လူတော့ ရူးသွားမှာမို့ ရယ်စရာ အချက် ၊ ငိုစရာ အချက် ခွဲခြားနိုင်မှာ မဟုတ်ဘူး ။ ဒါထက် ခုနင် က ကောင်မလေး အက်ဖ်ရုံ က မဟုတ်လား ၊ သိပ် ပိုးချင်စရာ ကောင်းတာပဲ ”


“ ဒါ ဘာဖြစ်သလဲကွယ့် ၊ အလကားဟာတွေ ပြောမနေပါနဲ့ ကွာ ၊ ကောင်မလေး တွေ ကြားရင် တစ်မျိုး ထင်နေပါ့မယ် ” ဟု အခြား ရယ်စရာစကားများ ပြောဆို ပြီးလျှင် မောင်ဖြိုး ထွက်သွား လေ၏ ။ ကိုဘိုးသိန်း ကား ထိုနေ့ က စ၍ ဒေါ်ငြိမ်းခင် နှင့် မိတ်ဆက် ဖြစ်ကာ တစ်ခါတစ်ရံ ပိုးထည်များ ကို မိမိ ကိုယ်တိုင် သွားရောက် ပေးပို့ရ လေ၏ ။ အခြား ပိုးဆိုင် ကုမ္ပဏီများ သို့ အပို့ သွားခြင်း ။ ငွေတောင်း သွားခြင်း ကြုံသော အကြိမ်တိုင်း မတင်အေး ၏ ပိုးဆိုင်သို့ ဝင်ရန် အခွင့်ကောင်း ကို လက် မလွှတ်ခဲ့ချေ ။ မြို့ကြီး    လေ့ အတိုင်း ကိုယ့် အလုပ် ကိုယ်လုပ် ကိုယ့် ထမင်း ကိုယ် စား ဆိုသည့် သဘော ကဲ့သို့ ဘိုးသိန်း နှင့် တင်အေး ၏ အခြေအနေ ကို  မည်သူမျှ ဂရုထား ကြဟန် မတူချေ ။ သို့ရာတွင် ဘိုးသိန်း မှာ အရောင်းအဝယ် ဘက် က အပြော လည် သလောက် ချစ်ကြိုက်စကား ပြောရာ ၌ မလည်ပတ် သဖြင့် အခြား စကား နှင့်သာ အချိန်ကုန် လေ၏ ။ ၎င်း ၏ အခြေအနေ မှာ ( ၂ ) သောင်း ( ၃ ) သောင်းခင်း မျှ ချမ်းသာ သော်လည်း ကြီးကျယ်သော အရောင်းအဝယ် ကြောင့် မန္တလေး က တစ်သိန်း ကျော်ကျော် ချမ်းသာသည် ဟု ထင်မှတ်ကြလေ၏ ။ နပ်ပြီး ပါးပြီး ဖြစ်သော ဒေါ်ငြိမ်းခင် သည် “ ညည်း ကိုကိုသိန်း နဲ့ စကား ပြောရစ်ဦး ” ဟု အချိန် ပေးခဲ့သည် ကို ထောက် သဖြင့် ဒေါ်ငြိမ်းခင် ၏ သဘော ကို သိသာ နိုင်လေ၏ ။


ဘိုးသိန်း မှာ ကား ( ၁၆ ) နှစ်သား အရွယ် ကတည်းက ငွေ ရှာ ဖို့ က လွဲ၍ အခြား ဘာ စိတ်မှ မကူးခဲ့ ၊ ရည်းစား ဆို၍ မူး လို့ မှ ရှူစရာ မရှိခဲ့ဖူး သော ကြောင့် နှစ်ကိုယ် တွေ့ မျက်နှာချင်းဆိုင် ထိုင် ရ သော်လည်း သမီးရည်းစား စကား အစ ရှာ မတွေ့ချေ ။ တင်အေး ၏ အမူအရာ မှာ ဇာတ်သမ ရှုံးတော့မည့် အလား လက်ဝတ်လက်စား ၊ စိန်နားကပ် ၊ ရွှေခြေကျင်း ၊ ပန်ချာပီ ဆံထုံး ၊ မျက်ခုံးမွေးစင်းစင်း ၊ မျက်ကွင်းကျယ်ကျယ် ၊ သနားဖွယ် အမူအရာ တွင် ပေါင်ဒါရေမွှေး တို့ ဖြင့် တကြိုင်ကြိုင် မခို့တရို့ အမူအရာ ဖြစ်၍ နေလေ ဘိုးသိန်း မှာ ကိုယ့်ပေါင် ကိုယ် လိမ် လျက် အလယ်လယ် ဟု အော်မိမည် စိုးသဖြင့် နေရာ ပြင် ထိုင်လိုက် ၊ မှန်ဗီရို အတွင်း က ပိုးထည်တွေ အကြောင်း မေးလိုက် နှင့် အချည်းနှီး အချိန်ဖြုန်း ၍ နေလေ၏ ။


“ ဪ ... ဒါ ကြောင့် ပွဲထဲ များ မင့် အိမ် ခွေး ဘယ်နှကောင် မွေးသလဲ ၊ ( ၃ - ၄ ) ကောင် ၊ ငါပါ နဲ့ ဆန် ( ၂ ) ပြည် ချက် လိုက်ပါလို့ ပြက်လုံး ထိုး လို ထိုး ၊ စကားမစပ် မနှစ် ကသေတဲ့ နွားနက်ကြီး ရှိသေးလား လို့ အကျိုး မရှိ ၊ ယုတ္တိ မပါ ပြော လို ပြော ဖြစ်ကြတာ ထင်ပါရဲ့ ။ ဖျောက်ဆိပ်ကြယ် လက်ညှိုး ညွှန်ပြီး ဒီ ဟာ ဘာ ကြယ်လဲ မောင် ရဲ့ ဆို လျှင် မပြောတတ် လို့ သူငယ်ချင်း မေးထားပါ ၊ နောက် တစ်ခါ တွေ့လို့ ဒါဟာ ဘာကြယ် လဲ မောင် ရဲ့ အမေး သူငယ်ချင်း က တင်ပါး အသာ ကုတ်ပြတော့ အယား ဖျောက် တာ သတိ ရ လျှင် ဖျောက်ဆိပ် လို့ သတိရကောင်း ဖို့ ဟာ ကုတ်ဆိပ် လို့ ဆို မိတော့ သူငယ်ချင်း က ခြေ နဲ့ ကန်ပါရော ၊ အဲ အဲ ကန်ဆိပ်ကြယ် လို့ အယောင်ယောင် အမှားမှား ပြော မိတာ ငါ့ လို လူစား ထင်ပါရဲ့ ၊ ဟယ် တတ်နိုင်ဘူး ၊ လ ကလေး က လည်း သာ လိုက်တာ နော် ၊ လ သာ တော့ ဘာပြုသလဲ မောင် ရဲ့ လ သာတော့ နင့် ကို ငါ ကြိုက်တာပေါ့ ဆိုတဲ့ အပြောမျိုး ပြောရမှာ ထင်ပါရဲ့ ” ဟု အမျိုးမျိုး တွေးတော နေစဉ် တင်အေး က ...


“ ကိုကိုသိန်း ။ ကော်ဖီတွေ အေးကုန်ပြီ ” ဟု ပြောလိုက် မှ တင်အေး သည် ကော်ဖီ နှင့် မုန့်များ ချ ထား၍ မိမိ အား အသောက်ခိုင်း ထားသည်မှာ ကြာပြီ ဖြစ်ကြောင်း ကို သိရလေ၏ ။ သို့ရာတွင် အရှုံး မပေးလိုသဖြင့် “ ကိုသိန်း က အေးအေး မှ ကြိုက်လို့ ဆိုင်း နေတာပါ ” ဟု ပြော လိုက်လေ၏ ။ ထိုသို့ ပြောရာ၌ ဘိုးသိန်း မှာ ဘယ်လိုမှ ဉာဏ်ဆင်၍ ပြောခြင်းလည်း မဟုတ် ။ စိတ်ကူး ၍ လည်း မဟုတ် ။ ရိုးရိုး မှ ပြောခြင်းသော်လည်း ကြက်ကန်းဆန်အိုး နှိုက်မိ သကဲ့သို့ စကား အလွမ်းသင့် ၍ ဆီလျောက် သွားသဖြင့် ရွှေမန်းသူ တင်အေး မှာ အေးအေး မှ ကြိုက်လို့ ဟူသော အဓိပ္ပာယ် ကို ပြုံးစိစိလေး တွေးလျက် “ ကိုကိုသိန်း ၊ လူအ - လူအ နဲ့ အတော် လာတဲ့လူပါလား ” ဟု စဉ်းစား မိဟန် တူလေ၏ ။


ဘိုးသိန်းကြီး ကား သမီးရည်းစား စကား အစ ရှာ တုန်းပင် ဖြစ်လေ၏ ။ “ စိန္တိ - ကြံတုန်းရှိသေး ။ ပုစ္ဆိ - မေးပြန်ပြီ ” ဟူသော ဘိုးသူတော် နှစ်ဦး စကားထာ ဝှက်သကဲ့သို့ ဘိုးသိန်း မှာ ကြံတုန်းပင် ဖြစ်လေ၏ ။ ကြံရာ မရသဖြင့် တင်အေး ၏ ငွေသေတ္တာဘေး က မဂ္ဂဇင်း တစ်အုပ် ကို လှန်လှော ၍ နေလေ၏ ။ တင်အေး က “ ကိုကိုသိန်း အေးအေး ကြိုက်တယ် ဆို သောက်လေ ၊ တော်တော်ကြာ ပုရွက်ဆိတ် တက် ကုန်မယ် ” 


“ ပုရွက်ဆိတ် တက် လည်း ပုရွက်ဆိတ် ဖယ်ပြီး သောက်မှာပါ ကွယ် ” ဟု ကော်ဖီအေးအေးကြီး ကို နှစ်ခြိုက်စွာ သောက်လေ၏ ။ တင်အေး က လည်း သူ့ စကား အဓိပ္ပာယ် ကို ဘိုးသိန်း  နားလည်သွားလေပြီ ဟု  ရှက်ကြောက်သော အမူအရာကလေးများ ပေါ်၍ နေလေ၏ ။ ဘိုးသိန်း ကား အကြံ တစ်ခု ရ သဖြင့် “ မအေး ၊ ဒီမှာ ကြည့်စမ်း ” ဟု မဂ္ဂဇင်း ထဲ က စာ တစ်ပိုဒ် ကို ပြ ရာ ...


“ မောင် မေတ္တာ ရှိပုံ ကို အထူး ပြောဖို့ မလို ၊ ခြေတိုလု မတတ် နှမတို့ ဆီ လာတာ ထောက်ပြီး ဘယ်လောက် စွဲလမ်းတယ် ဆိုတာ သိသင့်ပါတယ် ” ဟူသော အပိုဒ် ကို မင်သား လျက် တွေ့ရှိသဖြင့် တင်အေး တစ်ဖန် “ ဒါကော ကြည့်ပါဦးလား ” ဟု ခဲ နှင့် သား ပြရာ ..


“ ကျွန်မ သဘော တော့ အထူး မေးဖို့ မလိုပါ ။ မေမေ သဘော တူ လျှင် ကိစ္စ ပြီးပြီမို့ မေမေ့ ကို သာ နားချပါတော့ ”  ဟူသော အပိုဒ် ကို ဖတ်ရ ပြန်လေ၏ ။ မဂ္ဂဇင်း ၊ ဝတ္ထု - သမီးရည်းစား စကားပြောခန်း သည် ၎င်း တို့ ဖူးစာရေးနတ် ကဲ့သို့ ဖြစ်ကာ ဘိုးသိန်း ၏ စိတ် မှာ သမီးရည်းစား စကား ပြောရသည် မှာ အညှာ သိ လျှင် ငှက်ပျောသီး အခွံ နွှာပြီး စားရသည်ထက် လွယ်ပါသေးကလား ဟု အောက်မေ့ သွားဟန် တူ လေ၏ ။


 •••••   •••••   •••••


နောက် တစ်လ လောက် ကြာသော အခါ ရွှေကြက်ယက် ကိုးသင်းရပ် ကိုဘိုးသိန်း ၏ ရက်ကန်းအလုပ်ရုံ ၌ ဇနီးသည် မတင်အေး နှင့် အတူ စီမံခန့်ခွဲ နေကြသည် ကို မြင်ရလေ၏ ။ တင်အေး ကား နောက်က အကြောင်း ကို လုံးဝ မမှတ်မိချေ ။ တစ်နေ့သ၌ ဘိုးသိန်း သည် ခဲတံ ဖြင့် မြင်းခြံသင်္ဘော ပေါ် က မီးအိမ်ပျံ ကဲ့သို့ လုံချည်ဖောင်းပွ နေသော မိန်းကလေး တစ်ဦး က ခုန်ချ ၍ ငှက်သမား ခေါင်း စွပ်နေပုံ ကို တင်အေး အား ရေးပြ လေ၏ ။ ထိုအခါမှ တင်အေးသည် ရှက်သွေး မွှန်လျက် “ ကိုကို ဘယ်သူက ပြောသလဲ ” ဟု ငိုမလို မျက်နှာ နှင့် မေးလေ၏ ။ “ အဲဒီတုန်း က ငှက်သမား ဟာ ကိုကို ပေါ့ ” ဟု သူ့ ရင်ဘတ် ကို ပုတ်၍ ပြရာ တင်အေး သည် ဘိုးသိန်း ၏ ကျော ကို ထုလေ၏ ။


ထို့နောက် ကျီစယ်သည့် အခါတိုင်း ဘိုးသိန်း က “ မီးအိမ်ပျံ ” ဟု ခေါ်ရာ တင်အေး က လည်း မခံနိုင်လွန်း သော အခါ “ ထဘီအုပ် ” ဟု ပြန်၍ ခေါ်လေ၏ ။ “ ကိုင်း ... ဘယ်သင်းမှ မကောင်းဘူး ၊ တစ်ယောက် မကြိုက်တာ တစ်ယောက် မခေါ်စတမ်း နော် မိန်းမ ရာ ” 


“  အို .. ဒီလူကြီး က ၊ ဒီလူကလေး က .. ” စသဖြင့် ပြည်ဖုံး ချ ၍ သွားလေသတည်း ။


◾မဟာဆွေ


📖 ကြီးပွားရေး မဂ္ဂဇင်း 

      ၁၉၃၄ - ခု ၊ ဇွန်လ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment