❝ ဦးငုံးမင်း ❞
ကျွန်တော် လွန်ခဲ့သည့် ( ၁ဝ ) နှစ် ခန့် က အစိုးရ ဝန်ထမ်း လုပ်ခဲ့ဖူးသည် ။ လွယ်လွယ် ကူကူစာရေး ဟု ပင် ပြောရမည် ဖြစ်သော် လည်း ကျွန်တော် က ရပ်ကွက် စာရေး တစ်ယောက် ပင် ဖြစ်သည် ။ထို့ကြောင့် ကျွန်တော့် အလုပ် က တခြား ရုံးစာရေးတွေ လို မနက် ( ၈ ) နာရီ ရှိုးစမိုး နှင့် ထမင်းချိုင့်ကလေးကိုင် ကာ ရုံး သို့ ပြေးရသော စာရေး မျိုး မဟုတ် ။ ည ( ၇ ) နာရီ တွင် ဖွင့်သော ရပ်ကွက် ( ရဝတ ) ရုံး ( ယခုရယက ရုံး ) သို့ သွားကာ ည ရုံးပိတ်ချိန် ( ၉ ) နာရီ ( ၁ဝ ) နာရီ ခန့် မှ ပြန် ရသော စာရေး ဖြစ်သည် ။
ကျွန်တော် တာဝန် ကျ သည့် ရပ်ကွက် က သင်္ဃန်းကျွန်း မြို့နယ် အတွင်း ရှိ ရန်အောင် ရပ်ကွက် မှာဖြစ်သည် ။ ကျွန်တော် တာဝန် ကျ သည့် ရန်အောင် ရပ်ကွက် သည် မင်းသား ရန်အောင် လို ခံ့ခံ့ချောချောကြီးမဟုတ် ၊ သင်္ဃန်းကျွန်း ဘူတာ နှင့် ( ၃၉ ) ကားကြီးဂိတ် နံဘေး နား တွင် ရှိသော ရပ်ကွက်ကလေး သာ ဖြစ်သည် ။
ရပ်ကွက် အတွင်း ရှိ လူများ က ရုံး အလုပ် လုပ်သူ ဦးရေ နည်းနည်း ၊ ဘူတာ နှင့် ကားဂိတ်တို့ ၏ လူစည်ကားမှု ကို အကြောင်း ပြု ကာ ရောင်းဝယ် ကြသူ တို့ သာ များသည် ။ ထို ဘူတာ နံဘေးရှိ ဈေး နှင့်သင်္ဃန်းကျွန်းဈေးကြီး ဆက်နေ သဖြင့် ဈေးသည် အများစု မှာ ကျွန်တော့် ရပ်ကွက်ကလေး ထဲ မှာ ရှိကြသည် ။လက်လုပ် လက်စား ရောင်းဝယ်စား ကြသည့် လူများ နေထိုင် သည့် ရပ်ကွက် ဖြစ်သည့် အားလျော်စွာည ဘက် ရပ်ကွက်ရုံးခန်း တွင် တက် လာကြသည့် ပြဿနာတွေ ကလည်း မကြားဖူးသည့် ပြဿနာ မယုံနိုင်စရာ ပြဿနာများ ဖြစ်သည် ။
ဟိုဘက် အိမ် က အုန်းပင် ဒီဘက်အိမ် ထဲ ကိုင်း တဲ့ ပြဿနာ ၊ တစ်ခြံတည်း နေကြ ရာ မှ ခြံစည်းရိုး ကိုပိတ်ပစ် လိုက် သဖြင့် တစ်ဖက် အိမ် မှ အိမ်သာ သွားလို့ မရတဲ့ ပြဿနာ ၊ ကလေးချင်း ပြဿနာ ဖြစ်ပြီးတစ်ဖက် အိမ် မှ ကက်ဆက်သီချင်း ကို စောင်း ဖွင့်သည့် ပြဿနာ ၊ ချီတီစုကြသည့် ပြဿနာ စသည့်ပြဿနာများ ၊ ဧည့်စာရင်း တိုင်သူ များ ၊ ထောက်ခံစာတောင်း သူများ နှင့် ကျွန်တော့် ရန်အောင်ရပ်ကွက်ရုံးခန်း သည် မီး တထိန်ထိန် အမြဲတမ်း ရှိ နေတတ် ပါသည် ။
ရပ်ကွက် အတွင်း ရှိ ဖြစ်ပေါ်သည့် ပြဿနာများ ကို ရပ်ကွက်တွင်း မှ လူကြီးများ က ပြေလည်အောင် ၊ကျေနပ်အောင် ဖြေရှင်းပေး ကြရ၏ ။ တစ်ရပ်ကွက် တည်း နေကြသူများ ဖြစ် သဖြင့် တစ်ယောက် အကြောင်းတစ်ယောက် သိ ကာ တစ်ခါတစ်ရံ ဖြေရှင်းရ လွယ်သော်လည်း တစ်ခါတစ်ရံ အကြောင်း သိ နေကြသည့် အတွက် ဖြေရှင်းရ ခက်သည် များလည်း ရှိပါသည် ။ ကျွန်တော် စာရေး လုပ်ခါစ က ရပ်ကွက် လူကြီး တစ်ဦး နှင့်ကြုံ ဖူးသည် ။ အသက် ( ၅ဝ ) ခန့် ရှိပြီး ခပ်ပိန်ပိန် ၊ အမြဲ စိုးရိမ် ပူပန် နေတတ်၏ ။ ရပ်ကွက် လူကြီး စ ဖြစ်ပြီး တစ်ပတ် လောက် အထိ ပြဿနာ သေးသေးလေးတွေ နှင့် သာ ကြုံ ရသည် ။ ( ၁ဝ ) ရက် ခန့် လောက် မှာပြဿနာ တစ်ခု တက်သည် ။ တက်သည့် ပြဿနာ က လည်း အနည်းငယ် ထူးဆန်း၏ ။
မီးသွေး ထည့် ကာ တိုက် ရသော ကြေးမီးပူ ပြဿနာ ဖြစ်သည် ။ မီးပူ ငှား ၍ တိုက် ပြီး ပြန် အပေး မှာပြဿနာ တက် ကြခြင်း ဖြစ်လေ၏ ။ မီးပူ ငှားသူ က ပြန် ပေးသော မီးပူ သည် သူ့ မီးပူ မဟုတ် ၊ သူ့ မီးပူ ကအကြီး ဖြစ်ပြီး ပြန် ပေး သော မီးပူ က အသေး ဖြစ် နေသည် ဟု စွပ်စွဲသည် ။ ငှား တိုက်သူ ကလည်းသူ ငှား ကတည်း က ထို မီးပူ ပါ ဟု ပြော သဖြင့် ရုံးခန်း သို့ ရောက်လာကြခြင်း ဖြစ်သည် ။ ဘယ်လို ဖြေရှင်းရ မှန်းမသိ ။ ကျွန်တော် တင် မဟုတ် ၊ မဟော်သဓာ တို့ ၊ ဦးပေါ်ဦး တို့ ၊ ခိုင်ဖုန်းတရား သူကြီး တို့ ပင်လျှင် ခေါင်းကိုက် နိုင်သော ပြဿနာမျိုး ဖြစ်သည် ။ ရပ်ကွက် လူကြီး အသစ် ကို စိန်ခေါ် လိုက် သော ပြဿနာ လည်း ဖြစ်သည် ။
ကျွန်တော်တို့ ရပ်ကွက် လူကြီး က နှစ်ဖက် စလုံး ကို စစ်မေး မေးသည် ။ နှစ်ဖက် စလုံး က လည်း အကြီးအသေး သာ တွင်တွင် ပြော၏ ။ ဒီမှာတင် ကျွန်တော်တို့ ရပ်ကွက် လူကြီး က ပြောသည် ။
“ ဒီလိုရှိတယ်ကွ ဒီကိစ္စ ရဲ့ အခြေခံ ဟာ သစ္စာတရား ပဲ ။ သစ္စာတရား ပျက်တဲ့ အခါ ဒီလို ပြဿနာမျိုး တွေတက် နေမှာပဲ ။ ကျုပ်တို့ မြတ်စွာဘုရား လေးသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်စဉ်တုန်း က ငုံးမင်း ဘဝရောက်ခဲ့ ဖူးတယ် ”
ဘုရား ဆို သဖြင့် ပြဿနာ တက် နေကြသူ နှစ်ယောက် စလုံး တော်တော် ငြိမ်သွား ကြသည် ။ငုံးမင်းဇာတ် နဲ့ ကြေးမီးပူ အကြီး အသေး ၊ ဘယ်လို ဖြေရှင်းပေး မလဲ ဆိုတာ ကျွန်တော် စိတ်ဝင်စားသွား၏ ။
“ ဘုရား အလောင်း ငုံးမင်း ရှိတဲ့ တောကြီး မီးလောင် သွားတဲ့ အခါ ငုံးမင်း က သစ္စာ ပြုတယ် ။ သူ့ ကိုမိဘ နှစ်ပါး က စွန့်ပစ် သွားတာ မှန်ပါတယ် ။ သူ့ မှာ ပျံနိုင်တဲ့ အမွေး အတော် မစုံတာ လည်း မှန်ပါတယ် ။စသဖြင့် ပေါ့ ကွာ ငုံးမင်း ရဲ့ သစ္စာတွေ ပေါ့ ။ အဲဒီမှာ တောမီး က ငုံးမင်း ကို မလောင်ဘဲ ရှောင်သွား သတဲ့ ”
ပြဿနာ တက် နေသော နှစ်ဖက် လူတွေ မှာ လည်း ဘာမှန်း မသိဘဲ အူကြောင်ကြောင် နှင့် နားထောင်နေကြ ရ၏ ။ သူ ဘာ ဆက် ပြောမည် ကို လည်း ဘယ်သူမှ မသိကြ ။ ကျွန်တော်တို့ ရပ်ကွက် လူကြီးက ခဏ နားပြီး ကြေးမီးပူ ကို ကိုင် ကြည့် ပြန်သည် ။
“ ကဲ ဒီတော့ ... ငါတို့ မှာ အဲဒီ သစ္စာ ကို နမူနာ ယူ ကြရမယ် ။ ငါ မေးတဲ့ မေးခွန်း ကို အဲဒီ သစ္စာ နဲ့ ဖြေ ။ကဲ .. မလှသိန်း နင် သူ့ ကို ငှားတာ ဒီ မီးပူပဲ မဟုတ်လား “
“ မဟုတ်ဘူး လုံးဝ မဟုတ်ဘူး ၊ ကျွန်မ မီးပူ က အကြီး ကြေးနှစ်ပိဿာ နီးပါး ရှိတယ် ဒီအသေး မဟုတ်ဘူး ”
“ ဟုတ်ပြီ .. ကဲ .. ဌေးဌေး ၊ ငါတို့ သူ့ သစ္စာ ကို ယုံရမယ် ။ နင် သူ့ ဆီ က ငှား တာ ဒီ မီးပူ မဟုတ်ဘူးဆိုတာပဲ ပြောတော့ ”
“ ဘာလို့ မဟုတ်ရမှာလဲ ကျွန်မ က သူ့ ထက် တောင် ပို သစ္စာပြု လို့ ရသေးတယ် ။ တစ်အိမ်သားလုံး ( ... ) ပြီး ဒုက္ခ ရောက်ရ ပါစေရဲ့ ။ ဟဲ့ .. လှသိန်း နင် မယုတ်မာ နဲ့ .. အလျော် မပြော နဲ့ ငါ့ ဆီ က ခဲတစ်လုံး တောင် မရဘူး မှတ် ... ”
ငုံးမင်း ဇာတ်လမ်း လည်း ဘာမှ မတတ်နိုင် ။ သူ တစ်ခွန်း ကိုယ် တစ်ခွန်း နှင့် စကား ထများ ကြ သဖြင့် ဆူညံ နေပြီးမှ နောက် အဖွဲ့ဝင် တစ်ယောက် က “ ဒါ ရုံးခန်း ၊ ဇရပ် မဟုတ်ဘူး ” ဘာညာ အော် သဖြင့် တိတ်သွား ကြသည် ။ နောက်တော့ ထို ပြဿနာ ပြေလည် သွား ပါသည် ။ ငုံးမင်း ဇာတ်ကြောင့် တော့ မဟုတ် ၊နောက် အဖွဲ့ဝင် တစ်ယောက် က ပြဿနာ ဖြစ်သော လမ်းထဲ မှ အပေါင်ခံ သော မိန်းမ ကို ခေါ်လာ က မေးပြီးထို မီးပူ အသေး သာ ဖြစ်ကြောင်း သူ့ ဆီ မှာ မကြာခဏ ပေါင် ဖူးကြောင်း ထောက်ခံချက် ဖြင့် ပြဿနာပြီး သွားခြင်း ဖြစ်သည် ။ သို့သော် ကျွန်တော် နားမလည် ။ ကျွန်တော်တို့ လူကြီး က ဘာကြောင့် ငုံးမင်း ဇာတ်ကို ခင်းရသလဲ ဟု မေးကြည့် မိသည် ။
“ မသိဘူးကွ ၊ သူ့ စိတ် ထဲ မှာ ရှိတာ ပြောပြီး ရှင်းတာ နေမှာပေါ့ ”
ဟူသော အဖြေ သာ ရ၏ ။ သို့သော် နောက် ည များ တွင် အိမ်ရှင် အိမ်ငှား ရန် ဖြစ်သည့် ကိစ္စ ၊ ဖရဲသီးခိုး သည့် ပြဿနာ ၊ ဘူတာဈေး မှ ငါးအလေးခိုး သည့် ကိစ္စ ၊ များလှစွာသော ပြဿနာများ လာသည့်အခါတွင် လည်း ကျွန်တော်တို့ လူကြီး က “ ငုံးမင်း ကလေး ဟာ ” ဟု အစချီပြီး ပြဿနာ မရှင်းခင် ငုံးမင်းဇာတ် ကို ဟောလေ့ ရှိသည် ။ ငုံးမင်း လို သစ္စာ ရှိရမည် ။ ငုံးမင်း စကား ကို တန်ဖိုး ထား ရမည် စသဖြင့်ပြောလေ့ ရှိ၏ ။ ကျွန်တော် တို့ ပထမ အံ့ဩ ကြသည် ။ နောက်တော့ သူ ပြဿနာ ရှင်းလျှင် ထို အသံ ကိုကြားရဖန် များလာ သဖြင့် ထုံးစံ အတိုင်း ကျွန်တော်တို့ လူကြီး နာမည် ဦးငုံးမင်း ဖြစ်သွား၏ ။ သူ့ငုံးမင်းဇာတ် ကို လည်း တစ်ရပ်ကွက်လုံး အလွတ် ရ ကာ သိနေကြပြီ ဖြစ်သည် ။
တစ်ကြိမ်တော့ ကျွန်တော် တို့ ရပ်ကွက် က မြို့နယ် မှ ကျင်းပသော ဥက္ကဋ္ဌ ဖလားဒိုင်း အတွက် ဘောလုံးဝင် ကန် ရမည် ။ အသင်း ရန်ပုံငွေ အတွက် ရပ်ကွက် အတွင်း တွင် ရှိသော လုပ်ငန်းရှင် များအား အလှူငွေကောက်ခံသည် ။ ဖိတ်စာ ဖြင့် ဖိတ်ကာ ရုံး တွင် အောင်နိုင်ရေး အသင်းဖွဲ့ ကြခြင်း လည်း ဖြစ်၏ ။ အလှူငွေများကောက်ခံပြီး ဘောလုံးသမား များ အတွက် အင်္ကျီ ၊ ဘောင်းဘီ ၊ ဖိနပ် ဝယ်ရန် တိုင်ပင်ပြီး အစည်းအဝေးသိမ်းရန် အတွက် ဦးငုံးမင်း က စကား နောက်ဆုံး ပြောရသည် ။ ဦးငုံးမင်း က မတ်တတ် ရပ် ကာလုပ်ငန်းရှင်များ နှင့် ဘောလုံး သမားများ ကို ကြည့်၍ ခဏ စဉ်းစားသည် ။
ကျွန်တော် ရယ်ချင် သဖြင့် ခေါင်းငုံ့ ထား လိုက်သည် ။ ဘောလုံး နှင့် လိုက်ဖက်သော ဇာတ် ၅၅ဝနိပါတ်တော် ထဲ မှာ ရှာ နေလား မသိဘူး ဟု တွေးမိ သောကြောင့် ဖြစ်၏ ။ သို့သော် ....
“ ကျွန်တော်တို့ မြတ်စွာဘုရား ငုံးမင်း ဘဝ တုန်း က ...”
ကျွန်တော် မျက်လုံး ပြူး သွားသည် ။ ကျန် လူကြီးများ က လည်း မျက်နှာ ပျက် ကုန်ကြသည် ။ ဘောလုံး နှင့်ငုံးမင်း .. ။ အဲဒီမှာ မနေနိုင် တော့တဲ့ လူကြီး တစ်ယောက်က “ ဟေ့လူ ဘာဆိုင် လို့လဲဗျ ” ဟု ဝင်တားပါ သေးသည် ။ သို့သော် မရတော့ ။
“ ဘုရား အလောင်း ငုံးမင်း ဟာ တောမီးကြီး ကို သစ္စာ ပြုတယ် ။ အဲဒီ သစ္စာတွေ ကြောင့် တောမီးကြီး ဟာ ဘုရားအလောင်း ကို ရှောင်ပြီး လောင်ခဲ့ ဖူးတယ် ။ အဲဒီတော့ ကျွန်တော်တို့ ဘောလုံး အသင်း လည်း ဘောလုံး ကစားတဲ့ အခါ မှာ သစ္စာ ရှိရမယ် ။ ကိုယ် နဲ့ ကန်ရမယ့် တစ်ဖက် အသင်း အပေါ် မှာ သစ္စာ အပြည့်နဲ့ ကစား ရမယ် ”
“ ဟာ ... ဟေ့လူ ၊ တော်ပါတော့ ဗျာ ၊ ဘောလုံး နဲ့ ခင်ဗျား ဇာတ်လမ်း နဲ့ ဘာ ဆိုင်လို့လဲ ”
သည်းမခံ နိုင်သော လူကြီး တစ်ယောက် က ထ ၍ ပြောသော်လည်း ကျွန်တော်တို့ ဦးငုံးမင်း က အပြုံးမပျက် ဘဲ ပြန် ပြော ခဲ့သည် ။
“ ဆိုင်တာပေါ့ဗျာ အဲဒီလို သစ္စာ အပြည့် နဲ့ ကစား ရင် ငုံးမင်း လို တောမီး မလောင်ဘဲ ကွင်းသွားသလို ကျွန်တော်တို့ ရပ်ကွက် က လူငယ် တွေ ရဲ့ ခြေထောက် ထဲ က ဘောလုံး ကို တခြား ဘက် က မလုနိုင်ဘဲ ကွင်း သွားကြ မှာပေါ့ ”
◾နီကိုရဲ
📖 သဘင်အနုပညာ ဂျာနယ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment