Friday, September 8, 2023

ကိုဆိုးပေ


 ❝ ကိုဆိုးပေ ❞ 


ပတ်မကြီး သည် ပန်းပု ရုပ်တုကြီး တစ်ခု ဖြစ်ပေသည် ။ ကြည့်ရ သည် မှာ ခံ့ခံ့ညားညား ရှိလှသည် ။ တည်တည်ငြိမ်ငြိမ် လည်း ရှိ သည် ။ ဣန္ဒြေကြီး နှင့် လည်း အပြည့် ဖြစ်ပေသည် ။


သို့ရာတွင် အများ က နားလည် ထားကြသည် မှာ တော့ ဂီတပစ္စည်းကြီး တစ်ခု ဟူ၍ သာ လျှင် ဖြစ်ပေ၏ ။


ကျွန်တော်တို့ ရွာ ဆိုင်းအဖွဲ့ တွင် ပတ်မကြီး ကို ကိုဆိုးပေ က တာဝန် ယူ ရသည် ။ တီး ရသည် ။ ထို့ကြောင့် ကိုဆိုးပေ ကို ပတ်မတီးဆရာ ဟု အများ က ခေါ်ဝေါ်ကြသည် ။


ကိုဆိုးပေ ကို သတိ ရ လျှင် ပတ်မကြီး ကို အရင် မြင်ယောင် စမြဲ ။ ကိုဆိုးပေ သည် အသက် လေးဆယ် ခန့် လောက် ရှိမည် ထင်သည် ။ သူ ၏ ဆံပင်များ မှာ လည်း တစ်ခေါင်းလုံး ဖွေးဖွေးဖြူ လျက်ရှိ၏ ။ ကျွန်တော် မှတ်မိ သလောက် ပြောရ လျှင် ကိုဆိုးပေ သည် ကျွန်တော် တို့ ငယ်ငယ်ကလေး ကတည်း က ပတ်မကြီး ကို တီး ခဲ့တာ ၊ ယခု လည်း ပတ်မတီး ဆရာ ပင် ဖြစ်သည် ။


ကိုဆိုးပေ တို့ ဆိုင်း အဖွဲ့ရောက်လာပြီ လား ဆိုမှ ဖြင့် ပတ်မကြီး ကို မမြင်ရသေး ၊ အသံကြီး ကို အရင် ကြားကြရ စမြဲ ဖြစ် သည် ။ ကျွန်တော် ငယ်ငယ် က ကိုဆိုးပေ ပတ်မကြီး ကို ထုပြီ ဆိုလျှင် သူ့ ထက် ငါ အရင် ရောက်အောင် အလုအယက် ပြေး ကြရသည် က အမော ဖြစ်သည် ။


သူ့ ပတ်မကြီး ကို မြင်ရ လျှင် ပြေးခဲ့ လွှားခဲ့ ရသည့် မောပန်း ခြင်းများ သည် ဘယ်ကို ပျောက်သွားကြသည် ပင် မသိကြတော့ ။ ပတ်မကြီး ဘေး မှာ သာ ဝိုင်းကြသည် ။ ထို ပတ်မကြီး ကို သာလျှင် ကြည့် ကြသည် ။ ကျွန်တော်တို့ အဖို့ ဘယ်တော့ ကြည့်ကြည့် မရိုး နိုင်ကြ ။ ကြည့်ကြရ တိုင်းလည်း ထူးထူးဆန်းဆန်းကြီး ပင် ဖြစ် သည် ။ တအံ့တဩ သာ လျှင် ဖြစ်ကြသည် ။


ကျွန်တော်တို့ အဖို့ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါဘိ သည် ။ အမျိုးအမည် အားဖြင့် ပြောပြနိုင်ခြင်း ငှာ မတတ်နိုင်ကြ သည့် အရသာကြီး တစ်ခု ကို လည်း မြင်တိုင်း တွေ့တိုင်း ခံစားကြ ရ စမြဲ သာ လျှင် ဖြစ်သည် ။


စည်ပိုင်းကြီး နှင့် တူသည် ဟူ၍ လည်းကောင်း ၊ စဉ့်အိုးကြီး နှင့် တူသည် ဟူ၍ လည်းကောင်း တစ်ယောက် တစ်မျိုး ငြင်းကြ ခုံကြရသည် ကို က တကယ့် အလုပ်ကြီး တစ်ခု ဖြစ်သည် ။ သားရေပြားများ ပေါ်တွင် တစ်ဖက် တစ်ချက် ခြယ်သထားသည့် မည်းမည်းအဝိုင်းတွေ ကိုက လည်း စိတ်ဝင်စားစရာ ဖြစ်သည် ။


ကျွန်တော်တို့ ပတ်မကြီး ကို ကြည့်၍ ကြည်နူးကြရသည် နှင့် အမျှ ကိုဆိုးပေ ကို လည်း ချစ်ကြ ခင်ကြသည် ။ အထင် လည်း ကြီးသည် ။ ကျွန်တော်တို့ အတွက် ကိုဆိုးပေ သည် တကယ့် ဆိုင်းဆရာကြီး သာ လျှင် ဖြစ်သည် ။ တကယ့် အနုပညာရှင်ကြီး ဟူ၍ လည်း တညီတညွတ်တည်း သတ်မှတ်ကြ ပါသည် ။


ကိုဆိုးပေ ကို ကြည့်ရ မြင်ရသည် မှာ လည်း ခံစားချက် အပြည့် နှင့် လူ ဖြစ်သည် ။ သူ သည် တစ်စုံတစ်ခု ကို အမြဲ ခံစား နေရသည် ဟု လည်း ထင်မိသည် ။ ထို တစ်စုံတစ်ခု သည် ကိုဆိုး ပေ ၏ စိတ်အား အမြဲ ထိခိုက်စေအောင် လုပ်နေပုံ ရပါသည် ။ 


ကိုဆိုးပေ အရက် သောက်ခြင်း ပင် လျှင် ထို အကြောင်း ကြောင့် ဖြစ်လိမ့်မည် ဟူ၍ ထင် မိပါသည် ။ ကိုဆိုးပေ သည် အရက် အလွန် ကြိုက်သည် ။ ညနေ နေချို လျှင် ရွာ ဘုံဆိုင် သည် အလွန် စည်ကားသည် ။ ထိုအထဲ တွင် ကိုဆိုးပေ တစ်ယောက် အပါအဝင် ဖြစ်၏ ။


အရက် ကို သာ သောက်သည် ။ လူတကာ လို တော့ မရမ်းကား ၊ သောက် လို့ ဝ လျှင် ဒယိမ်းဒယိုင် နှင့် ရွာလယ်လမ်းမကြီး အတိုင်း အိမ် ကို အရောက် ပြန် စမြဲ သာ လျှင် ဖြစ်၏ ။ အိမ် ကို ရောက် လျှင် လည်း သူများတွေ လို စကား မများ ၊ ထမင်း စားသောက်ပြီး လျှင် အေးအေးဆေးဆေး သာ လျှင် အိပ် တတ်သည် ။


ဒါကြောင့်မို့ လည်း ကိုဆိုးပေ ကို အရက်သမား ဖြစ်ပေမဲ့ ကျွန်တော်တို့ က လေးစားကြသည် ။ လူတကာ လို အရက်သမား မျိုး မဟုတ် ၊ ခံစားချက် နှင့် အရက် သောက်သူ သာ လျှင် ဖြစ်သည် ဟူ၍ ကျွန်တော် တို့ က မှတ်ချက်ချ ကြသည် ။


ကျွန်တော်တို့ က သာ လျှင် သည်လို မှတ်ချက် ချကြသည် ။ လူကြီးတွေ က တော့ ဒီလို မဟုတ် ၊ ကျွန်တော် တို့ နှင့် တခြားစီ သာ ဖြစ်ကြသည် ။ ကိုဆိုးပေ ကို အလွန်ပင် အထင် သေးကြသည် ။ အရက်သမား မို့ အထင်သေးကြသည် တစ်ဖုံ ၊ ဒီ အထဲ ပတ်မတီး တစ်ယောက် မို့ အထင် သေးကြသည် တစ်မျိုး ဖြစ်သည် ။


လူတွေ သည် လူ တစ်ယောက် ကို အထင် သေးကြပြီ ဆို လျှင် တဇွတ်ထိုး သာ ဖြစ်သည် ။ ဘာကိုမျှ မမြင်ကြတော့ ကိုယ် ဝါသနာ ပါတာကလေး ကို မှ လွတ်လွတ်လပ်လပ် မလုပ်ကြရ ၊ ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေသူ ကို မှ အထင်သေးကြသည် ။


နောက်ပြီး ကိစ္စကြီးငယ် ရှိလျှင် သူတို့ အထင်သေးကြသည့် အလုပ်မျိုး ကို လုပ်သည့် ကိုဆိုးပေ ကို သာလျှင် အသုံးချ ကြပြန် ပါသည် ။ လူတွေ သည် မတရား ။ သူတို့ စိတ်တွေ နှင့် သူတို့ လုပ် နေကြပုံတွေ က လည်း မကိုက်ညီကြ ။ တခြားစီ သာ ဖြစ်သည် ။ ကြာတော့ ကျွန်တော်တို့  ကပါ ကိုဆိုးပေ ဘက် က ဝိုင်း၍ ဒေါသ ထွက်ကြရပါ တော့သည် ။


ဒါပေမဲ့ ကျွန်တော် တို့ ဒေါသ ထွက်ခြင်းသည် တိတ် တခိုး မျှ သာ ဖြစ်ပါသည် ။ လူကြီးတွေ မို့ ကျွန်တော်တို့ က ကြောက် လည်း ကြောက်ကြသည် ။


ကျွန်တော်တို့ က တင်ပြ ချင်သည် ။ ကိုဆိုးပေ သည် ရွာ အတွက် တကယ် အလုပ် လုပ်သည့် သူ သာ လျှင် ဖြစ်သည် ။ 


အရေးဟဲ့ ဆိုလျှင် ကိုဆိုးပေ ကို သာ သူတို့ သွား လို့ ခေါ်ကြ သည် ။ ရွာ မှာ မိုးခေါင်ပြီ ဆိုလျှင် သူ တို့ လွန်ဆွဲပွဲ လုပ်ကြပြီ ။ အဲသည်မှာ လည်း ကိုဆိုးပေ မပါ လျှင် မပြီး ။ ဘေး က နေ ကိုဆိုးပေ က သူ့ ပတ်မကြီး ကို တထိ ( န် ) ထိ ( န် ) တီး ၍ သာ လျှင် ပေးနေ ရ ပါသည် ။


နောက်တစ်ခါ ချောတိုင်တက်ပွဲ လုပ်ပြန်ပြီ ဆိုလျှင်လည်း သည် အတိုင်း ။


ခြင်းလုံးခတ်ပွဲ လုပ်ကြပြန်ပြီ ဆိုလျှင် လည်း သည် အတိုင်း ။ လက်ဝှေ့ထိုးပွဲ လုပ်ကြပြန်ပြီ ဆိုလျှင်လည်း သည် အတိုင်း ။ 


နောက်ပြီး အရှေ့ဘက် ရွာ မှာ ဘုရားဆွမ်းချပွဲ ဆိုလျှင် လည်း တရုတ်မ မကြင်စိန်ပွဲ က နှစ်စဉ် လာ လို့ က သည် ။ ပတ်မသံ ကြီး ကို အရင် ကြားရပြီ ။ အဲသည် အသံ ကို ကြားကြရပြီလား ဆိုမှ ဖြင့် လည်း သူတို့ ပဲ မနေနိုင်ကြ ။


ပတ်မသံကြီး ကြားနေရပြီ ။ နောက်ကျ လျှင် ပွဲခင်းထဲ ဖျာနေရာ ပျောက်မည်ကို သူတို့ ပဲ စိုးရိမ်ကြပါသည် ။ ကျွန်တော် တို့ ကတော့ မပူကြ ၊ ကိုဆိုးပေ ၏ ပတ်မကြီး အနားမှာ သွားလို့ ထိုင်ကြမည် သာ ဖြစ်သည် ။ နှစ်စဉ် နှစ်တိုင်း ကိုဆိုးပေ ၏ အနား က ထိုင် ၍ ပွဲကြည့်ကြစမြဲ သာ လျှင် ဖြစ်ပါသည် ။


အိပ်ငိုက် လျှင် လည်း အဲသည် ကိုဆိုးပေ ၏ ပတ်မကြီး အနား မှာ သာလျှင် ခွေ ၍ အိပ်လိုက်ကြသည် ။ မိုး လင်း၍ ပွဲ ပြီး လျှင် ကိုဆိုးပေ က နှိုးမြဲလည်း ဖြစ်ပါသည် ။ ဒါကြောင့် ကျွန်တော် တို့ က တော့ ဘာကိုမျှ စိတ် မပူကြ ။


ထို ဘုရားဆွမ်းချပွဲတော်ကြီး ဆိုလျှင် နှစ်စဉ်နှစ်တိုင်း ထနောင်းကုန်း အရပ် က လှည်းပြဇာတ် နှင့် အမြဲ သွားကြသည် ။ အဲသည် လှည်းပြဇာတ် ဆိုလျှင် လက်ညှိုး တစ်ထောင် ကို ဖြတ်သည့် အင်္ဂုလိမာလဇာတ် ကို အမြဲ က ကြသည် ။


အင်္ဂုလိမာလတဲ့ဟေ့ ဆိုလျှင် တထိ ( န် ) ထိ ( န် ) ဖြင့် ကိုဆိုးပေ ၏ ပတ်မသံကြီး ကို ကြားကြရ ပြန်ပါပြီ ။ သူတို့ နေရာ တကာ ကိုဆိုးပေ နှင့် မလွတ်ကင်း နိုင်ကြ ။ သူ့ ပတ်မသံကြီး ကို သာလျှင် အသုံးချ ကြ ရပါသည် ။


ပြီးလျှင် သူတို့ ဆီ က ကိုဆိုးပေ ကို ချီးမွမ်းသည့် အသံ ဘယ်တော့ခါ မှ မကြားကြရ ။


ကိုဆိုးပေ က လည်း သူတို့ ကို ဂရု မစိုက် ။ သူ့ တာဝန် အတိုင်း လုပ်ပေးစရာ ရှိသည် ကို သာ လုပ်ပေးသည် ။ သူတို့ ချီးမွမ်းခံ ရဖို့လည်း မဟုတ် ။ သူတို့ ချီးမွမ်းကြသည့် အသံမျိုး ကို လည်း ကြားလိုဟန် မတူ ။ သူ တစ်ခု ခု ကို စိတ် ထိခိုက်နေသည့် ကိစ္စ က လည်း သူတို့ ကဲ့ရဲ့ကြ ၊ အထင်သေးကြသည့် ကိစ္စကြောင့် မဟုတ် ။ 


လူ တကာ သူ့ ကို မည်မျှပင် အထင်သေးသေး ၊ သူ့ ကို အထင်သေးမှု နှင့် ပတ်သက်လျှင် သူဘယ်တော့ မှ မနာကြည်း ။ သူ ဘယ်တော့မှ ဗွေ မယူ ။ သူ ဘယ်တုန်းက မျှ မညည်းတွား ၊ ကိုဆိုးပေ ညည်းတွားသည့် စကား ကျွန်တော်တို့ လည်း မကြား ဖူးကြ ၊ ထို့ကြောင့် ကိုဆိုးပေ စိတ် ထိခိုက် နေရမှု နှင့် ဒီ ကိစ္စက လည်း မပတ်သက်တန် ရာ ။


နွေရာသီ ၏ နေ့ တစ်နေ့ ဖြစ်ပါသည် ။ 


တမာရွက် တို့ ကလည်း ဖြိုးဖြိုးဖြောက်ဖြောက် နှင့် ကြွေ၍ နေကြသည် ။


အဝေး မှ ကိုဆိုးပေ ၏ ပတ်မသံကြီး ကို သဲ့သဲ့ ကြား၍ နေကြရပါသည် ။ ဒီ တစ်ခါ ကြားရသည့် ကိုဆိုးပေ ၏ ပတ်မသံ ကြီး သည် ခါတိုင်း နှင့်မ တူ ။ လေးတွဲတွဲ နှင့် အေးအေးဆေးဆေး ချက် မှန်မှန်ကြီး တီးခတ် ၍ လာနေသည့် အသံ ဖြစ်ပါသည် ။


ထို အသံ သည် တစ်မျိုးကြီး သာ ဖြစ်သည် ။ ကျွန်တော်တို့ သည် ကိုဆိုးပေ ၏ ပတ်မသံကြီး ကို ကြားနေကြ ရ ရုံမျှ သာ ရှိ သေးသည် ။ ကိုဆိုးပေ ကို တော့ မမြင်ရ သေးပါ ။


သို့ရာတွင် ကြိုတင်၍ ကိုဆိုးပေ စိတ် ထိခိုက်နေသည့် အခါများ တွင် မြင်ရတတ်သည့် သူ ၏ မျက်နှာကြီး ကို မြင်ယောင် နေမိကြရ ပါ တော့သည် ။


ခံစားချက် နှင့် အရက် သောက်သည့် ကိုဆိုးပေ သည် တစ်ခါတွင် လည်း သူ့ ပတ်မကြီး မှ တစ်ဆင့် သူ ၏ ခံစားချက်များ ကို ဖွင့်ထုတ် ၍ နေလေပြီ ။


အချိန် က နေချို ချိန် ဖြစ်ပါသည် ။ ရွာလယ် လမ်းမကြီး ပေါ် တွင် တမာရွက်ခြောက်ကြွေများ က ပြေး ၍ လာနေကြသည် ။ 


တဖြည်းဖြည်း နှင့် ကိုဆိုးပေ ၏ ပတ်မကြီးသံ မှာ လည်း နီး၍ နီး၍ လာချေပြီ ။ ထို အသံ သည် မျောက်မင်းအူသံ ဟူ ၍ လူကြီးများ က ပြောကြသည် ။


ရွာလယ်လမ်းမကြီး သည် ငြိမ်သက်၍ နေလေသည် ။ အဝေး မှ တရွေ့ရွေ့ နှင့် လာနေကြသည့် လူအုပ်မည်းမည်းကြီး ကို လည်း မြင်နေရပါသည် ။


ရှေ့ဆုံး မှ ဆန်ပန်းပေါက်ပေါက် နှင့် ထုံးဖြူ သုတ်ထား သည့် ပိုက်ဆံများ ကို အတူ ရောလျက် ကြဲ ကြ၍ နောက်မှ ထမ်းစင်ကြီး နှင့် ဖြစ်ပါသည် ။ ၎င်း နောက် မှ သေဆုံးသူ ၏ ဆွေမျိုး သားချင်းများ က ဆံပင်ဖားလျား နှင့် ရင်ဘတ် စည်တီး အော်ဟစ် ငိုကြွေး လိုက်ပါ လာကြသည် ။


ထို့နောက်မှ လှည်းဦးကင်း ပေါ် တွင် အသံချဲ့စက် အော်လံကြီး ကို တင်ဆောင် ထားသည့် လှည်း တစ်စီး လိုက်လာ ပါသည် ။


ထို လှည်း ပေါ် တွင် ကျွန်တော်တို့ ရွာ ၏ နာမည်ကြီး ၊ အသံအလွန် ကောင်း လှသည့် မင်းသမီးကြီး မသန်းစိန် ကို တွေ့ ရသည် ။ သူ ၏ မည်းနက် နေသော မျက်နှာပြင် သည် သနပ်ခါးဘဲကျား နှင့် ဖြစ်သည် ။ သူ ၏ ထော် နေသော နှုတ်ခမ်းအစုံ ကို လည်း ရဲရဲ နီ ၍ နေအောင် ဆိုး ထားသည် ။


“ တစ်ယောက်တည်း အဖော် မပါတယ် ... ” 


ရှေးသီချင်းကြီး တစ်ပုဒ် ကို သူ ၏ မေးကလေး ကို ရိုက်၍ ရိုက်၍ သီဆို လျက် လိုက်ပါ ၍ လာသည် ။


လမ်းဘေး တစ်ဖက် တစ်ချက် စီ တွင် ရပ်၍ ကြည့်နေကြသော အဒေါ် ၊ အစ်မများ တို့ သည်လည်း မျက်ရည်များ ဖြိုင်ဖြိုင် စီးကျ၍ နေကြ၏ ။


တေးသီချင်းသံ တို့ သည် အော်လံကြီး မှ တစ်ဆင့် လေ တွင် ပျံဝဲ လွင့်ပါ ၍ နေကြသည် ။


ထို့နောက်မှ ကိုဆိုးပေ တို့ ၏ ဆိုင်းလှည်းကြီး ဖြစ်သည် ။ ကိုဆိုးပေ ကို ဆိုင်းလှည်း ပေါ် တွင် ဦးခေါင်း အဖွေးသား နှင့် ထင်ရှားစွာ မြင်နေရသည် ။


ကိုဆိုးပေ သည် အေးဆေးလွန်း လေးတွဲလွန်း လှ သည့် သူ ၏ ပတ်မသံကြီး ကို တစ်ချက် ချင်း တစ်ချက် ချင်း တီးခတ် လျက် လိုက်ပါ ၍ လာပါသည် ။


ထို့နောက်မှ လူအုပ်ကြီး ဖြစ်သည် ။


ကိုဆိုးပေ ၏ ပတ်မသံကြီး သည် ရွာလယ်လမ်းမကြီး ပေါ် တွင် တစ်ချက် ချင်း တစ်ချက် ချင်း ပျံ့လွင့် ၍ ကျန် နေရစ်ကြ ပါသည် ။


လေပွေသည် ဘယ်ဆီ က နေ ဘယ်လို ရောက်လာမှန်း မသိ တမာရွက်ခြောက်ကြွေများ ကို စု၍ ၊ ချီမ၍ သယ်သွား လေသည် ။ 


ကျွန်တော်တို့ ကလေးများ သည် လိုက်၍ ကြည့်ကြသည် ။ 


ရွာ စည်းရိုး အနား သို့ ရောက်၍ ထမ်းလာကြသည့် အလောင်း ထမ်းစင်ကြီး ရွာတံခါး ကိုကျော်လွန် သွားသည်နှင့် တစ်ပြိုင်နက် ကိုဆိုးပေ သည် သူ ၏ ပတ်မကြီး ကို အစွမ်းကုန် အဆက်မပြတ် နောက်ဆုံး တီးခတ် လိုက်ပါတော့သည် ။ 


ထို့နောက်မှ ကိုဆိုးပေ ၏ ပတ်မသံကြီး သည် ရုတ်တရက် ရပ်စဲ သွားကာ ကိုဆိုးပေ တို့ စီး လာကြသည့် ဆိုင်းလှည်းကြီး လည်း ချာခနဲ လှည့်ကာ ပြန်ခဲ့ကြပါ တော့သည် ။


တစ်ဆက်တည်း ငိုသံတို့ သည် ပေါက်ကွဲ ပေါ်ထွက် ၍ လာကြ ပြန်လေသည် ။


အသုဘ အလောင်းထမ်းစင်ကြီး ကို လည်း အဝေး မှ တမာပင်အုပ် ဆီသို့ ဆက်လက်၍ သယ်ဆောင် သွားကြလေသည် ။ 


ပန်းပုရုပ်တု ပတ်မကြီး ကို တင်ဆောင်၍ ပြန်လာခဲ့ကြ သည့် ဆိုင်းလှည်းကြီး လည်း ရွာ ဘုံဆိုင် ရှေ့ သို့ ရောက်သော အခါ တွင် ကိုဆိုးပေ သည် လှည်းပေါ် မှ ခုန်ဆင်း လိုက်ကာ ရွာဘုံဆိုင် အတွင်း ဝင်၍ နေရစ်ခဲ့ တော့သည် ။


ထိုနေ့ သည် ကိုဆိုးပေ အရက် အလွန်အကျွံ သောက်သည့် နေ့ ဖြစ်လေသည် ။


◾မောင်ဒီ


📖 ဟန်သစ် မဂ္ဂဇင်း 

      ၁၉၉၃ နှင့် ၂၀၀၁ – ဇူလိုင်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment