Wednesday, September 6, 2023

သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ ( ၉ )


 

အခန်း ( ၉ )

အဲဒီ အဘွားကြီး လောက် အယုတ္တ အနတ္တ စုံအောင် မရွတ်တတ်ပေမယ့် စကား ပြောတိုင်း ‘ အဆဲ ’ လေး မပါရင် မပြောတတ် တဲ့ မိန်းမ တစ်ယောက် က တော့ ဖြင့် ကျွန်တော်တို့ လမ်း ထဲ မှာ ရှိ လေရဲ့ ။

သူ့ နာမည် က “ ဒေါ်သန်းတင် ” တဲ့ ။

ဒေါ်သန်းတင် အကြောင်း ပြောမယ် ဆိုရင် သူ နဲ့ အိမ်ချင်း ကပ်လျက် နေတဲ့ အကြော်သည် ကု,လားမ ဒေါ်ဟာစီးနား အကြောင်း အရင် ပြော မှ ဖြစ်မယ် ။

   •••••   •••••   •••••

သူတို့ က ကျွန်တော်တို့ အိမ်ရှေ့ မျက်စောင်းထိုး နှစ်အိမ် ကျော်ကျော် မှာ နေ တာဗျ ။ ဦးအီစမန်အင် နဲ့ ဒေါ်ဟာစီးနား တဲ့ ။

သူတို့ လင်မယား က ဗျာ သောက်ကျိုးနည်း ကလေးတွေ တစ်ပြုံကြီး မွေး ထား တာဗျ ။

ခုနစ်ယောက် ရှစ်ယောက် လောက် ရှိမယ် ထင်တယ် ။

“ ထင်တယ် ” လို့ပဲ စိတ်မှန်း နဲ့ ပြောနိုင်တယ် လေ ဗျာ ။ သေသေချာချာ ရေ ကြည့် လို့မှ မရတာ ။

ကလေးတွေ အားလုံး ကို တစ်စုတည်း တစ်ဝေးတည်း ငြိမ်ငြိမ် သက်သက် မြင်ခွင့် ရတယ် လို့ မှ မရှိဘဲ ။

ဟော ... တစ်ယောက် ၊ ဟော ... တစ်ယောက် ဆိုသလို အိမ် ထဲ ကနေ ပြေးထွက် လာလိုက်ကြ ၊ ဘယ်ဘက် က လူ က ညာ ကို ပြေး ၊ ညာ ဘက် က ကလေး က ဘယ် ကို ခုန် ။

ဟော .. တူတူပုန်း ပြန်ပြီ ။ ဟော ... တစ်ယောက် ကို တစ်ယောက် ကျော်ကြ ၊ ခွကြ ၊ ကုန်းပိုးစီးကြ ပြန်ပြီ ။ ဘုတ်တလုတ် တောက်တဲ့ လုပ်ပြန်ပြီ ။

ဟင် ... လှစ်ခနဲ အိမ် ထဲ ဝင်ပြေး သွားကြပြန်ပြီ ။ ဟောဗျ .. သစ်ပင် ပေါ် တက် ကြပြန်ပြီ ။

ကိုင်းဗျာ ... ။ အဲဒါမျိုးတွေ က မျက်စိ တစ်မှိတ် အတွင်း မှာ တရစပ် ဖြစ်နေ ပျက်နေ ကြတာ ။ တစ်ယောက်ချင်း စီ ဘယ့်နှယ် လုပ်ပြီး ရေတွက် လို့ ရ မတုံး ။ မျက်စိ ကို လည်ကုန်ရော ။

   •••••   •••••   •••••

အကြီးဆုံး ကလေး နှစ်ယောက် က မှ လေးတန်း နဲ့ သုံးတန်း အရွယ် ။ ကျန်တာတွေ အားလုံး က ဘုစုခရုတွေ ချည်းပဲ ။

ဒေါ်ဟာစီးနား နဲ့ အိမ်ချင်း ကပ် နေတဲ့ ဒေါ်သန်းတင် က လည်း အားကျ မခံ ကလေး ခြောက်ယောက် မွေး ထား တယ်ဗျာ ။ သံဂေါ်လီ တဲ့ ။ ပေကျစ် တဲ့ ။ ငါးခူမ တဲ့ ။ နာမည်တွေ တော့ အကုန် မမှတ်မိတော့ဘူး ။ သေချာ တာ ကတော့ အားလုံး မျောက်လောင်းလေး တွေ ချည်းပဲ ။

အငို သန်တယ် ။ အဆော့ သန်တယ် ။ အတိုင်အတော ထူတယ် ။ အသံ ပြဲတယ် ။ အိုဗျာ .. စကား တစ်လုံးတည်း နဲ့ ခြုံငုံ မိအောင် ပြောရရင် လုံးဝ ကို အော့ကြောလန်လေး တွေ ဗျာ ။

မြောင်း ထဲ မှာ ငါး နှိုက်တဲ့ သူ က နှိုက် ၊ ကျွမ်း ထိုး တဲ့ သူ က ထိုး ၊ သစ်ပင် မှာ တွဲလောင်းခို တဲ့ သူ က ခို ။

အကြောင်း မသိတဲ့သူ တစ်ယောက် ယောက် က ဖြုန်းခနဲ မြင် လိုက် ရင် “ ကလေးဆပ်ကပ် ” အဖွဲ့ကြီး နယ်ပြောင်း လာတဲ့ အတိုင်းပဲ ။

အဲဒီလောက် ကလေး ဘုစုခရုတွေ တစ်ပြုံကြီး နဲ့ မိသားစု နှစ်ခု နေရ ထိုင်ရ တဲ့ အကျယ်အဝန်း ကို လည်း ကြည့်ဦး ။ ပေ ၂ဝ x ပေ ၆ဝ မြေကွက် ကျဉ်းကျဉ်းလေး ထဲ မှာ နှစ်အိမ် ပူးပြီး ကပ် ဆောက် ထားကြတာ ။

( ဂရန် ချထားတဲ့ မြေကွက် က တော့ ပေလေးဆယ် x ပေခြောက်ဆယ် ပေါ့ဗျာ ၊ ဒါပေမဲ့ မြို့သစ်တို့ ရဲ့ ထုံးစံ အတိုင်း တစ်ဝက် ပိုင်းပြီး ရောင်း စား ထားကြတာက များ တာကိုး )

အဲဒီတော့ စဉ်းစားကြည့်လေ ။

ပေ ၂ဝ လောက် ပဲ ရှိတဲ့ ကွက်လပ် ထဲ မှာ မိသားစုအ များကြီး နဲ့ အိမ်ထောင်စု နှစ်စု အိမ်ဆောက် နေရတာ ။ ခြံတွေ ဘာတွေ လည်း ဘယ် ခတ် နေ နိုင်မလဲ ဗျာ ။

ဆယ်ပေ မပြည့် တပြည့် အိမ်ခန်း ဖွဲ့ ထားရတဲ့ ဝါးထရံချင်း က ထိလု ခမန်း ကပ် လို့ ။

ထရံ ကျိုးတိုးကျဲတဲ ဆိုတော့ လုံလုံခြုံခြုံလည်း ဘယ် ရှိ မှာ လဲဗျာ ။

ဟိုဘက်ခန်း က လေသံသဲ့သဲ့ နဲ့ တိုးတိုး ပြောရင် တောင် ဒီဘက် အခန်း က အတိုင်းသား ကြားနေရတာ ။

ပါးစပ် ကြမ်းတဲ့ ဒေါ်သန်းတင် ရဲ့ ဆဲသံဆိုသံလေးတွေ နဲ့ ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိပါလေရော ။

“ ဟဲ့ ... မအေ ... နှမ သေချင်ဆိုးလေး တွေ ၊ ငါ့ မှာ စားဖို့ သောက်ဖို့ လုံးပန်းရတာ က တစ်ဖက် ၊ နင်တို့ ကို ထိန်း ရတာ က တစ်ဖက် နဲ့ သေသာ သေလိုက်ချင်တော့တာပဲ ”

ဒါက မနက် မိုး လင်းတိုင်း ကြားရတဲ့ ဒေါ်သန်းတင် ရဲ့ တစ်နေ့တာ အစီအစဉ် အဖွင့် မင်္ဂလာသီချင်း ။

အဲဒီ က နေ စပြီး လာပါပြီ ။ တစ်နေကုန် မပြတ်တဲ့ ဒေါ်သန်းတင် ရဲ့ အဆဲ တရစပ် ။ အဲဒါကို က သူ့ ဝသီ ၊ သူ့ စရိုက် ဖြစ် နေတာကိုး ။ သူ တစ်ပါး ကို နစ်နာအောင် တမင် ရည်ရွယ်တာ မဟုတ်ပေမယ့် လို့ ‘ ဆဲ ’ တဲ့ စကား မပါရင် ကို သူ့ခမျာ ဝါကျ ဖြစ်အောင် မပြောတတ်ဘူး ဖြစ်နေတာ ။

တစ်ခါက ကျ တော့ ...

ရပ်ကွက်လူကြီးတွေ နဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ထဲ က ရပ်ကွက် ထဲ မှာ အိမ်တိုင်းစေ့ လိုက်စစ်တယ် ။

မီးချိတ် မီးကပ်တွေ လုပ်ပြီး အိမ် မှာ အသင့် ဆောင် ထားဖို့ နှိုးဆော်ထားတာ ရှိတယ်လေ ။ အဲဒါကို လိုက်နာကြရဲ့ လား ၊ အချိန်မီ ပြီးစီးရဲ့လား ဆိုတာတွေ လိုက် စစ်တာ ။

ရပ်ကွက်ကောင်စီဥက္ကဋ္ဌ ပါ ပါ လာတယ်ဗျ ။

အဲဒီ နေ့လယ်ခင်း တုန်း က ဒေါ်သန်းတင် က မီးဖိုချောင် ထဲ မှာ သူ့ ထဘီ အစုတ်ကလေး ကို လက်ချုပ်အပ် နဲ့ ချုပ် နေတယ် ။ ခြံ ထဲ ကို လူတွေ ဝင် လာတာ သတိ မထားမိ လိုက်ဘူး ။ မီးသတ်ရဲဘော်တွေ နဲ့ လူကြီးတွေ လာ စစ်မှန်း ဘယ် သိမှာတုံး ။

ကလေးတွေ က လည်း နေ့လယ်နေ့ခင်း ဆို ရွာရိုးကိုးပေါက် လျှောက် ဆော့ နေကျ ဆိုတော့ အိမ်ရှေ့ မှာ ဘယ်သူမှ မရှိဘူး ၊ ဟောင်းလောင်း ။

လူရိပ် လူယောင် မမြင်တာ နဲ့ ရပ်ကွက်ဥက္ကဋ္ဌ က ချောင်းဟန့်သံ ပေး လိုက်တယ် ။

“ အဟမ်း ... အဟမ်း ”

ဘာမှ တုံ့ပြန်သံ မကြားရတာ နဲ့ ဥက္ကဋ္ဌ က ထပ်ပြီး ချောင်းဟန့် ပြန်ပါ လေရော ဗျာ ။

“ အဟမ်း ... အဟမ်း ”

အဲဒီမှာ တင် မီးဖိုချောင် ထဲ က ဒေါ်သန်းတင် က ခုနစ်သံချီ ဟစ် လိုက်တယ် ။

“ ဟဲ့ .... ဘယ်မအေ ... က ငါ့ အိမ် ရှေ့ လာပြီး တဟမ်းဟမ်း နဲ့ ချောင်းဆိုး နေရတာလဲ ”

ဥက္ကဋ္ဌ ရဲ့ မျက်နှာ က ရဲခနဲ ဖြစ် သွားတယ် ။ မီးသတ်ရဲဘော် တစ်ယောက် က အား လည်း နာ ၊ မျက်နှာ လည်း ပူတာ နဲ့ ..

“ ဒေါ်သန်းတင် အထဲ က နေ စွတ် အော် မနေနဲ့ ၊ ထွက်ခဲ့ဦးဗျ ”

“ ထွက် မလာနိုင်သေးဘူး ... တော်ရေ့ ၊ ကျုပ် ရဲ့ ဟဝှါ ပြဲ နေလို့ အပ် နဲ့ ချုပ် နေရ သေးတယ် ”

“ ဟိုက် .. ၊ ဘုရား.. ဘုရား ”

ရပ်ကွက်ဥက္ကဋ္ဌ ခမျာ ဘုရား တောင် တ ယူ ရရှာတယ် ။ ဒေါ်သန်းတင် ပြောတဲ့ ‘ ဟဝှါ ’ ဆိုတာ က သူ့ ထဘီစုတ် ကို ပြောတာပါ ။ ဒါပေမဲ့ ရပ်ကွက် ဥက္ကဋ္ဌ က တော့ နောက်များ ဆို ဒေါ်သန်းတင် အိမ်ဘက် ကို ယောင် လို့ တောင် ခြေဦး မလှည့် တော့ဘူး ။

ကျွန်တော်တို့ အဖို့ က တော့ ဒေါ်သန်းတင် ရဲ့ ဆဲသံကို  နေ့တိုင်း ကြားရဖန် များ လို့ နားယဉ် နေ ပါပြီ ဗျာ ။

   •••••   •••••   •••••

တစ်မနက်ခင်း ပေါ့ ဗျာ ။

ကျွန်တော်တို့ က အားအားယားယား ရှိတာ နဲ့ ထုံးစံ အတိုင်း အိမ်ရှေ့ မြောင်းကလေး ပေါ် ကိုခွပြီး ဆောက် ထားတဲ့ ခုံတန်းလျားလေး ပေါ် မှာ ထိုင်ပြီး ဟိုငေး ဒီငေး ပေါ့ ။

အိမ်ချင်းက မဝေးလှ တော့ စွာလောင် စွာလောင် ပွက်ညံ ပွက်ညံ နဲ့ ဒေါ်သန်းတင် ရဲ့ ဆဲသံ ဆိုသံ ကို ကြား နေရသပေါ့ ဗျာ ။

အသံ ပဲ ကြားရတာပါ ။

လူ ကို မြင်ရတာတော့ မဟုတ်ဘူး ဗျ ။

ဒေါ်သန်းတင် ရဲ့ ဆဲသံ က အိမ် နောက်ဖေး ဆီ က နေ ထွက် ထွက် လာတာ ။ မီးဖိုချောင် ထဲ မှာ ချက်နေ ပြုတ်နေ ရင်း ကနေ အိမ်ရှေ့ မှာ ကမြင်း ကြော ထတော် မူနေကြတဲ့ သူ့ ရဲ့ရှုမငြီးဖွယ် ရင်သွေးလေး တွေ ကို လှမ်းလှမ်းပြီး ကလော်တုတ် နေတာဗျ ။

“ ဟဲ့ .. မအေပေးလေးတွေ ၊ မိုးလင်း ကတည်း က ကမြင်း နေလိုက် ကြတာ သေပဲ မသေနိုင် ကြသေးဘူးလား ။ တကတဲ တော် ... မျောက် နဲ့ လင်းတ စပ်ကျတဲ့ဟာလေးတွေ ”

ဆဲမယ် ဆိုလည်း ဆဲချင်စရာ ဗျ ။ ခုနစ်ပေ ၊ ရှစ်ပေ တောင် မရှိတဲ့ မြေကွက် ကျဉ်းကျဉ်းလေး ထဲ မှာ ဒေါ်သန်းတင် ရဲ့ ကလေးတွေ ဆော့ နေလိုက် ကြတာဗျာ ။

လင်္ကာဒီပကျွန်း ကို ဟနုမန် နဲ့ မျောက်စစ်သည်တွေ အက္ခောဘိဏီ တပ် ဖွဲ့ပြီး ဝင် တိုက် နေတဲ့ အတိုင်းပဲ ။ အဆူအညံ အခုန်အပျံတွေ ဆိုတာ ကတော့ စာ ဖွဲ့လို့ တောင် မနိုင်ဘူး ။ သူတို့တွေ ချည်းပဲလား ဆိုတော့ မဟုတ်သေးဘူးဗျ ။ ဘေး က တစ်လံ သာသာ လောက် တောင် မဝေးတဲ့ နေရာ မှာ ဒေါ်ဟာစီးနား ရဲ့ ရင်နှစ် သည်းချာ ရတနာ မည်းမည်းသည်းသည်းလေးတွေ က လည်း ဝုန်းဒိုင်း ကြဲ နေ ကြတာ ။

အနိုင်မခံ အရှုံးမပေး သဘော နဲ့ များ အဆော့ချင်း ပြိုင် တံခွန်စိုက် ဖလား လု နေကြသလား မပြောတတ်ဘူး ။

ဒေါ်သန်းတင်မက်ဒရစ် နဲ့ ဒေါ်ဟာစီးနားယူနိုက်တက် ပေါ့ ဗျာ ။

အဲ ... သိပ် မကြာလိုက်ပါဘူး ။

“ ဗြဲ ”

ခနဲ အာခေါင် ခြစ်ပြီး ဟစ်ငို လိုက်တဲ့ ကလေးပေါက်စ တစ်ကောင် ရဲ့ အသံ ကို ကြား လိုက်ရတော့တာပဲ ။

ချော်လဲ လို့ ပဲ ငိုသလား ၊ အချင်းချင်း ထိမိ ခိုက်မိ လို့ ပဲ ငိုသလား တော့ မသိဘူးပေါ့ ဗျာ ။

ကလေး ငိုသံ ကြား လိုက်ရတာ နဲ့ တစ်ပြိုင်နက် မီးဖိုချောင် ထဲ က ဒေါ်သန်းတင် က လည်း စိတ်တို ပြီး သူ့ ကလေး ကို သူ လှမ်း ကြိမ်း တော့တာပဲ ။

“ သေချင်းဆိုးလေး ... ဘာ ဖြစ်ရပြန်ပြီလဲ ၊ နေဦး .. နေဦး ၊ ဒီမှာ ငါ ထမင်းအိုး ငှဲ့ ပြီး တော့မှ နင့် ကျော ကို အရေဆုတ် ပစ်ရဦးမယ် ”

ကြိမ်းမောင်း လိုက်ခါ မှ ကလေး ငိုသံက တိတ် မသွားဘဲ ပိုတောင် ကျယ် လာသေးတယ် ။ ဒါနဲ့ ဒေါ်သန်းတင် က လူ ကိုယ်တိုင် ထွက် မလာ သေးဘဲ နောက် တစ်ခွန်း ထပ် ဆဲ တယ်ဗျ ။

“ ဟဲ့ ... ကမြင်း တုန်း က ကမြင်း ပြီး ခုမှ သောက်သံပြဲ နဲ့ ငို မနေနဲ့ ၊ ကျက်သရေ မရှိဘူး ၊ အခု တိတ်စမ်း ”

အဲဒီလို ဆဲ လိုက်တဲ့ အချိန် မှာ ပဲ ဈေး ဝယ်ရာ က ပြန် လာတဲ့ ဒေါ်ဟာစီးနား က ခြံပေါက်ဝ ကို လှမ်း ဝင်မယ် အလုပ် တုံ့ခနဲ ရပ် သွားတယ် ။

“ အီး ... ဟီး ... ဟီး ... ဝါး ... ဝါး ... ဟီး ”

ကလေး က ဆက် ငိုနေတော့ ဒေါ်သန်းတင် က ( ပေကျစ် လား ၊ ကြွက်ကတိုး လား တစ်ယောက်ယောက် ပဲ လို့ အောက်မေ့ပြီး ) ထပ် ဆဲတယ် ။

“ တယ် .. ဒီ ဖေ ... မ သားလေး ဟာ တိတ်ဆို တိတ်တာ မဟုတ်ဘူး ၊ မွေး ကတည်း က သန္ဓေ ကို ယုတ်တယ် ”

ဒေါ်သန်းတင် က မီးဖိုချောင် ထဲ က နေ ကုန်းရုန်း ပြီး ဆဲ လေလေ အိမ် ရှေ့ က ဒေါ်ဟာစီးနား က ငို နေတဲ့ ကလေး ကို ကြည့် ပြီး အသားတွေ ဆတ်ဆတ် တုန် လေပဲ ။

“ အီး ... ဟီး ... ဟီး ... ဝါး ”

ကလေး က ငိုကြော ရှည် နေတော့ နားကြားပြင်း ကတ် လာတဲ့ ဒေါ်သန်းတင် က အသားကုန် ဆဲတော့တာပဲ ။

“ ဟဲ့ ... အလေနတောကလေး ။ တစ်ခါတည်း သေသွားရင် လည်း အေးတာပဲ ။ သောက်ငိုကြော က ရှည် လိုက်တာ ။ ကာလနာ တိုက်ပါစေ တော် ”

အဲဒီ ဆဲသံ အဆုံး မှာ ဒေါ်ဟာစီးနား လုံးဝ သည်း မခံနိုင်တော့ဘူး ။ ဖြုန်းခနဲ ထဘီ ကို တိုတို ပြင် ဝတ် ၊ အင်္ကျီလက်မောင်း ကို ပင့်တင် ပြီး ခုနစ်သံချီ ဟစ် တော့ တာပဲ ။

“ အိမ် ထဲ ကနေ ယုတ်ယုတ်မာမာ ဆဲ နေတဲ့ အယုတ်တမာမ မိသန်းတင် ရဲ့ ၊ ဟင် .. နင် သတ္တိ ရှိ ရင် အခု ချက်ချင်း အိမ် ထဲ က ထွက်ခဲ့စမ်း ”

မီးဖိုချောင် ထဲ က ဒေါ်သန်းတင် က လည်း လက်ထဲ  က ထမင်းအိုး ကို ဆောင့်ခနဲ ပစ်ချရင်း “ ငါ့ ကလေး ကို ငါ ဆူနေတာ ဘယ်ကောင်မ က ကြား ထဲ က ဝင် အကဲဆတ် နေရတာတုံး ” ဆိုတဲ့ အတွေး နဲ့ ဒေါသအမျက် ချောင်း ချောင်း ထွက်ပြီး ...

“ စိန်ခေါ် နေတာ ဘယ်က ကောင်မလဲ ။ သန်းတင် တဲ့ ၊ ငါ့ လက်ဝါး က ပါး မရွေးဘူး နော် ”

ပြောပြောဆိုဆို နဲ့ ဒေါ်သန်းတင် က အိမ်ရှေ့ ဆီ ကို လွှားခနဲ ခုန် အထွက် ၊ အသင့်စောင့်နေတဲ့ ဒေါ်ဟာစီးနား က လည်း ...

“ လာစမ်းပါ.. လာစမ်းပါ ၊ ဟောဒီက လည်း ငါ့ ကလေး သူ့ ဖာသာ သူ ငို နေတာ ကို အသားလွတ် ဆဲတဲ့ မိန်းမ လူစွမ်းကောင်းကြီး ကို ပါးရို က်ချင်လွန်းလို့ ”

“ ဟိုက် ”

အဲဒီတော့ မှ ပဲ ဒေါ်သန်းတင် ခမျာ ပါးစပ်ကြီး ကို ပြဲ လို့ ... ။

ငိုနေတာ က သူ့ ကလေး မှမဟုတ်ဘဲ ။ ဒေါ်ဟာစီးနား ရဲ့ ကလေး ငို နေတာ ကိုး ။

နေရာက ကျဉ်းလွန်း ကပ်လွန်း တော့ ဟိုဘက် အိမ် က ငို တာလား ၊ ဒီဘက် အိမ် က ငိုတာလား ဆိုတာ အကွာအဝေး နဲ့ မှန်းဆ လို့ လည်း မရ ။ ပြီးတော့ မြန်မာကလေး ပဲ ဖြစ်ဖြစ် ၊ ကု,လားကလေး ပဲ ဖြစ်ဖြစ် ငိုတဲ့ အခါမှာ တော့ အသံ က “ ဗြဲ ” ခနဲချင်း အတူ တူ ပဲကိုး ။

ဟော ... ခုတော့ ...

ကိုယ့် ကလေး အောက်မေ့ပြီး သူများ ကလေး ကို အသားလွတ် ဆဲ မိပြီ ။ ပွဲကြီး ပွဲကောင်း ပဲ ။

“ ငါ့ ကလေး ငိုနေတာ ကို သန္ဓေယုတ်သလေး ဘာလေး နဲ့ ဆဲ ရအောင် ညည်း ကကော ဘယ်လောက်တောင် သန္ဓေ ကောင်း နေလို့လဲဟဲ့ ကောင်မ ရဲ့ ၊ နင့် အကြောင်း ငါ မသိဘူးများ မှတ်နေလို့ လား ၊ ဒီမယ် ... နင် ငယ်ငယ် တုန်း က .... ”

ဒေါ်ဟာစီးနား က ဒေါ်သန်းတင် ရဲ့ ငယ်ကျိုးငယ်နာတွေ ကို ဖော် ရော ဗျို့ ။ ဒေါ်သန်းတင်က လည်း ဘယ် နေမလဲ ။ မကြားဝံ့မ နာသာ လျှို့ဝှက် ချက်တွေ ကို အော်ကြီး ဟစ်ကျယ် ပြောရာ က နပန်း ဖက် လုံးကြတော့တာပဲ ။

ဆံပင် ကို ဆွဲကြတယ် ။ ပါး ကို ရိုက်ကြတယ် ။ ကုတ်တယ် ၊ ဖဲ့တယ် ၊ ကိုက်တယ် ၊ ဆောင့်တယ် ၊ ကန်တယ် ။

ဘယ်ဒူး ညာဒူး သုံးတယ် ။ ပတ်တံတောင်တွေ ၊ ပင့်တံတောင်တွေ နဲ့ ရိုက်တယ် ။ ဝိုက်တယ် ၊ ထိုးတယ် ၊ ခြေစုံပစ်ဝင်တယ် ၊ လှိမ့်ရှောင်တယ် ။ အနီးကပ် ဝင်ပြီး တွက်တယ် ။ လက်ဖျံ နဲ့ ကာတယ် ။

ခုန်ပြီး ကုပ်ပိုး ကို ထောင်းတယ် ။ ခေါင်းချင်း တိုက်တယ် ။ ညို့သကျည်း ကို ဖြတ် ရိုက်တယ် ။

ဟာ ... ဘာပြော ကောင်းမလဲ ၊ သတ်လုံးသတ်ပေါက် က လည်း စုံ ၊ လက်ရည်ချင်း က လည်း မျှ တော့ သူ တစ်ပြန် ကိုယ် တစ်ပြန် ပဲ ဗျို့  ။

ရပ်ကွက် က လည်း ဝင် မဖျန်ဖြေဘူး ကြည့် ... ကြည့်ပြီး ရယ်လိုက် ကြတာဗျာ .. တဟားဟား နဲ့ ။ နောက်ဆုံး မနေနိုင်တာ နဲ့ ကျွန်တော် ၊ ကိုဆင့်သူ နဲ့ ပန်းချီဆရာ က ဝင် ဆွဲရ ၊ တားရ တော့တယ် ။

ဒါကိုတောင် ဆိုက်ကားသမား အောင်ဗလ တို့ ၊ ပေသီး တို့ တစ်သိုက် က ကျွန်တော် တို့ ကို အပြစ် ပြော ချင်သေးတာ ။

“ ခင်ဗျားတို့ က လည်း ဗျာ ဘာလို့ ဝင် ဆွဲရတာလဲ ။ တစ်ရက် နှစ်ရက် လောက် နေရင် သူတို့ ဖာသာ ပြန် တည့် သွားကြမယ့် ဥစ္စာ ။ ရန်ဖြစ် နေတုန်း ဒေါ်သန်းတင် ယောက်ျား ဦးမောင်ဝမ်းကြီး ရောက်လာ မှ ပို ရယ်ရမှာ ဗျ ”

... တဲ့ ။

ဟုတ်တော့ လည်း ဟုတ်တယ် ။

ဒေါ်သန်းတင် ယောက်ျား ဦးမောင်ဝမ်း ဆိုတဲ့ လူ က ရယ်ရတယ် ဗျ ။

◾မင်းခိုက်စိုးစန်

📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment