Monday, September 18, 2023

ပေးအပ်သူ နဲ့ လက်ခံသူ


 

❝ ပေးအပ်သူ နဲ့ လက်ခံသူ ❞

[  ၃၄ လမ်း က ရန်ကုန် ရနံ့ အပြည့်အဝ ရှိတဲ့ နေရာ တစ်ခု ပါ ။ လမ်း ထဲ ကို ဝင်မိတာ နဲ့ မကြာမီ က မှ ဆောက်လုပ် ထားတဲ့ ကန်ထရိုက် တိုက်သစ် တွေ နဲ့ ကိုလိုနီခေတ် က တိုက်ဟောင်း တွေ ရောထွေး နေတာ တွေ့ ရမယ် ။ ကောင်းကင်ပြင် ကို တိုးဝင် နေတဲ့ တိုက်တာ တွေ ကြား မှာ ဓမ္မာရုံပုပု ကို မြင် ရမယ် ။

ငါးရိုးတွေ တုတ်ထိုး နေ လှန်းထား သလို တီဗီ အင်တင်နာတိုင် တွေ ၊ နှစ်ပေစလောင်း ဘမ်း တွေ ၊ ပြတင်းပေါက် က ထိုးထွက် လာတဲ့ ဝါးလုံးဖျား မှာ သီလှန်း ထားတဲ့ ရောင်စုံ အဝတ်အထည် တွေ ဟာ ရန်ကုန် မြို့လယ် ရဲ့ သရုပ် ကို ဖော်ပြ နေပါတယ် ။

လမ်း ပေါ် က တစ်သီတစ်တန်း ရပ် ထား တဲ့ ကားတွေ အကြား မှာ ခွေးခြေ ပုပုကလေး တွေ နဲ့ လက်ဖက်ရည်ဆိုင် ရှိတယ် ။ တစ်လမ်းသွား လမ်းကြား ကလေး ပေါ် မှာ အဆင်အသွေး အရောင် စုံတဲ့ လူတွေ ဥဒဟို သွား နေ ကြတယ် ။ လမ်း ထဲ ကို ဝင် လာတဲ့ ကားတွေ နဲ့ လမ်း ပေါ် မှာ လျှောက် သွား နေ သူ တွေ အပေးအယူ မျှမျှ နဲ့ ခရီး နှင် နေတာ မြင် နိုင်ပါတယ် ။

မြန်မာ့ စာအုပ် ထုတ်ဝေရေး လောက က လူတိုင်း သိကြတဲ့ လူ တစ်ယောက် ၃၄ လမ်း ထဲ မှာ ရှိတယ် ။ စာအုပ် ချုပ် တဲ့ ကိုမြင့် ( ယခု အသက် ၆၀ နှစ် ) ပါ ။ စာအုပ် ချုပ်တာ နဲ့ ပတ်သက် ရင် ကိုမြင့် က နာမည် ကောင်းတယ် ။ သူ့ လုပ်ငန်း ဟာ ကြီးကြီးမားမား ကြီး မဟုတ်ပါဘူး ။ ၃၄ လမ်း တိုက်ခန်း မြေညီထပ် မှာ အလုပ်သမား လေးငါးဆယ် ယောက် တန်းစီ ထိုင်ပြီး စာအုပ်တွေ ကို ခေါက် သူ ခေါက် ၊ ဖောက် သူ ဖောက် ၊ ချုပ် သူ ချုပ် ၊ အဖုံး အုပ် သူ အုပ် မရပ်မနား လုပ် နေ ကြတယ် ။

စာအုပ်ချုပ် လုပ်ငန်း သက်တမ်း နှစ် လေးဆယ် ကျော် မှာ ကိုမြင့် ဟာ နှစ်ကာလ ကြာရှည်စွာ ထိပ်ဆုံး က ရှိ နေတယ် ။ စာအုပ်ပေါင်း များစွာ သူ့ လက် နဲ့ ထိ ပြီး သပ်ရပ် ကြော့ရှင်းစွာ စာဖတ်သူ တွေ လက် ကို ရောက်ရှိ ခဲ့တယ် ။ မြန်မာပြည် မှာ စာအုပ် ရှိတဲ့ အိမ်တိုင်း ကိုမြင့် ချုပ် ထား တဲ့ စာအုပ် ရှိမယ် လို့ ပြောနိုင်လောက် ပါတယ် ။

သူ့ ဘဝ ဖြတ်သန်းမှု ကို ကျွန်တော် မေးမြန်းတော့ ယခုလို ပြောပြတယ် ။ ]

•••••   •••••   •••••

ကျွန်တော့် ကို ၃၄ လမ်း ထဲ မှာ မွေးတာ ။ ၁၃ ရက်  ၊ ၁ဝ လ  ၊ ၁၉၄၆ ခု ၊ မနက် ၆ နာရီ ၁၅ မိနစ် ။ မွေးစာရင်း စာရွက် ကတ်ပြား အခု ထိ ရှိတယ် ။ ကတ်ပြား ပေါ် မှာ မွေးခါစ က ခြေဖဝါး ပုံစံကလေး နှစ်ဖက် ခရမ်းရောင် မှင် နဲ့ နှိပ် ထားတာ ပါတယ် ။ ကျွန်တော့် အဖေ က သိမ်းပေး ထား တာပေါ့ ။

အဖေ အမေ ပြောပြချက် ပေါ့ ။ သူတို့ က သင်္ဃန်းကျွန်း မှာ နေကြတာ ။ အဲသည်တုန်း က ဒုတိယကမ္ဘာစစ် ဗုံးတွေ က ချ တာ တိမ်းရင်း ရှောင်ရင်း ၃၄ လမ်း ရောက် လာတာ ။ အဲသည် တုန်း က ရန်ကုန် မြို့လယ် မှာ လူ မရှိကြဘူး ။ မြို့တော်ခန်းမကြီး နေရာ က တောတွေ ၊ ပြီးတော့ ရေအိုင် ။

ကျွန်တော့် အဘိုး က ယခု လက်ရှိ ကျွန်တော် နေတဲ့ အခန်းရယ် ၊ ဟိုဘက် က ဘေးခန်း သုံးခန်းရယ် ၊ လေးခန်း နေတာ ။ တစ်ယောက် ယောက် နေချင်ပါတယ် လာ ပြောရင် အေး ရှင်းပြီး အပေါ် ထပ် မှာ နေ ပေါ့ကွာ လို့ ပေးတာ ။ အဲသည် တုန်း က သူခိုး တွေ ဓားပြ တွေ က လည်း ရှိတယ် ။ ည ဆို သွပ်တွေ ဘာတွေ တက် ခွာ ယူတာ ။

အဘိုး က အင်္ဂလိပ်ကုမ္ပဏီ မှာ စာအုပ် ချုပ် တဲ့ အပိုင်း မှာ လုပ်တယ် ။ အဖေ က လည်း သည်လုပ်ငန်း ပဲ ။

ကျွန်တော် တစ်နှစ်ခွဲသား အရွယ် မှာ အိန္ဒိယ ရောက် သွားတယ် ။ အဘွား က အိန္ဒိယ ၊ အဘိုး က အရှေ့ပါကစ္စတန်း ( ယခု ဘင်္ဂလားဒေ့ရှ် ) က ။ အိန္ဒိယ ကို အဘွား ရယ် ၊ အဖေ ရယ် ၊ အမေ ရယ် သွား လည် ကြတာ ။ အဖေ က အိန္ဒိယ မှာ စက္ကူ ခေါက် တဲ့ အလုပ် ခဏ တဖြုတ် ဝင် လုပ်တယ် ။

ဟို က အလုပ်သမားတွေ က ပြောတယ် ။ မင်း ရန်ကုန်သား မဟုတ်လား ။ လူလည် မလုပ်နဲ့ ။ မနက်ဖြန် နေ ထွက်တာ မြင်ချင် ရင် ပညာ မပြနဲ့ တဲ့ ။ မြန်မာပြည် မှာ စက္ကူ ခေါက် ရင် တစ်ခေါက် ၊ နှစ်ခေါက် ၊ သုံးခေါက် တစ်ယောက် တည်း ပဲ ဆက်တိုက် ခေါက် သွားတာ ။ အိန္ဒိယ မှာ က တစ်ယောက် က တစ်ချက် ခေါက်တယ် ။ နောက် တစ်ယောက် ကို လက်ဆင့် ကမ်း တယ် ။ နောက် တစ်ယောက် က နောက် တစ်ချက် ခေါက်ပြီး လက်ဆင့် ကမ်း ပြန်တယ် ။ နောက် တစ်ယောက် က တစ်ချက် ဆက် ခေါက်တယ် ။ အဖေ က တစ်ယောက် တည်း ဖျတ်ခနဲ ဖျတ်ခနဲ သုံးချက် ခေါက် တော့ ကျန်တဲ့ အလုပ်သမားတွေ က အလုပ် ကို ပို လုပ် မပြနဲ့ နောက် နေ့ နေ ထွက် တာ မမြင်ရဘဲ ဖြစ် သွားမယ် ပြော တာပေါ့ ။

သူတို့ ဆီ က လူတွေ က ကော်ကြို တဲ့ လူ က သူ့ ဘဝ တစ်သက်လုံး ကော် ပဲ ကြိုတာ ။ စာအုပ် ချုပ် တဲ့ လူ ကလည်း စာအုပ် ပဲ ချုပ် တာ ။ တစ်မျိုးတည်း နဲ့ ပြီး သွားတာ ။ ကျွန်တော်တို့ ဆီ က လူတွေ က ကော် ကြို တတ်တယ် ။ စာရွက် လည်း ခေါက် တတ်တယ် ။ စာအုပ် လည်း ချုပ် တတ်တယ် ။ ဓားစက် လည်း ဖြတ် တတ်တယ် ။ အလုပ်အားလုံး ပြောက်သောက် လုပ် နိုင်တယ် ။ သူတို့ ဆီ က လူတွေ ထက် အများကြီး သာ တာပေါ့ ။ အဖေ က တော့ မြန်မာပြည် ပြန် လာ ခဲ့တယ် ။

အဖေ့ နာမည် က ဂျူမား ၊ မြန်မာ အမည် က ဦးကျော်ဝင်း ၊ အမေ့ နာမည် က ဒေါ်မယမ် ။ မာရီယမ် ဆိုတဲ့ နာမည် ကို မြန်မာတွေ ခေါ်တဲ့ နာမည် ပေါ့ လေ ။

မြန်မာပြည် ပြန် လာပြီးတော့ အဘိုး ထောင် ထားတဲ့ စာအုပ်ချုပ် လုပ်ငန်း မှာ အဖေ က အလုပ် ဝင် လုပ်တယ် ။ အလုပ်သမား က ဘင်္ဂလားသားတွေ များတယ် ။ အဖေ ရှိ နေတော့ အလုပ်သမားတွေ က ခိုလို့ မရဘူး ။ အဖေ့ ကို မကြည်ဘူး ။ အဘိုး က အသက်ကလေး ရ လာတော့ ဆေးလိပ် တစ်လိပ် နဲ့ မှိန်း မယ် ။ အဘိုး နဲ့ အဖေ့ ကို ရန်တိုက် ပေး ကြတယ် ။ အဘိုး က လည်း အလုပ် မကောင်း ရင် အဖေ့ ကို နင်း ဆူတယ် ။ ကြာ တော့ အဖေ မခံနိုင်တော့ဘူး ။ ထွက် သွားတယ် ။ စာအုပ် ချုပ်တဲ့ အလုပ်တွေ က လည်း အများကြီး ရှိတာ ဆိုတော့ အဖေ က ဝင် လုပ် တယ် ။ ဟိုက ခေါ် သည်က ခေါ် ပေါ့ ။

ကျွန်တော် က ကန်တော်ကလေး မှာ နေတယ် ။ အဲသည်တုန်း က ကန်တော်ကလေး မှာ ဆင်းရဲသားတွေ များတယ် ။ အိမ် က ကျောင်း ထားပေမဲ့ ကျွန်တော် က ကျောင်း ထွက် ချင်တယ် ။ ကန်တော်လေး မှာ ကျောင်း နေသူ နည်းပြီး အလုပ် လုပ် သူ က များတယ် ။ ကျွန်တော် လည်း ကိုယ်ပိုင် ပိုက်ဆံ လိုချင်တာ ပေါ့ ။ ကျွန်တော် ကျောင်း ထွက် ချင်တယ် ပြောတာ ကို အဘိုး က လက် မခံဘူး ။

ပေကပ်ပြီး ပြောတော့ ဒါလောက် အလုပ် လုပ်ချင်တဲ့ ကောင် သွားစမ်း ၃၁ လမ်း ။ အဲသည် မှာ အေအာရ်ခန်ဘရားသား ဆိုပြီး စာအုပ် ချုပ် လုပ်ငန်း ရှိတယ် ။ သူ့ တူ တွေ လုပ် နေတာ ။ မဂ္ဂဇင်းတိုက် က အလုပ်တွေ လုပ် ရတယ် ။

၁၉၆၀ ခု  ၊ ကျွန်တော့် အသက် ၁၄ နှစ် မှာ ကျောင်း မနေတော့ဘဲ အလုပ် ဝင် လုပ်တယ် ။ အဘိုး လွှတ် တဲ့ နေရာ အလုပ် သွား သင်တော့ သူတို့ က ကျွန်တော့် ကို သိပ် မပြောရဲဘူး ။ အဘိုး မျက်နှာ နဲ့ အလို လိုက်ထားတယ် ။ သုံးလ လောက် ကြာတော့ ကျွန်တော့် ကို ပြန် အပ်တယ် ။ ကျွန်တော့် ဆီ မှာ မထားပါနဲ့ ပျက် သွား လိမ့်မယ်ပေါ့ ။

အဘိုး က လည်း ပြန် ခေါ်တယ် ။ ငါ က မင်း ကို ပညာ သင် ခိုင်းတာ ၊ မင်း က ပညာ မသင်ဘူး ။ ကူလီ ပဲ လုပ်ချင်တာ ။ သူများ အပေါ်  မှာ စားပွဲ နဲ့ ထိုင်ပြီး ခိုင်း တတ်အောင် ငါ က သင်ပေး ပေမဲ့ မင်း က မယူချင်ဘူး ။ မင်း က သူများ ခိုင်းတာ ကို လုပ်ချင်တဲ့ လူ လုပ်စမ်းကွာ ဆိုပြီး သူ့ စာအုပ်ချုပ် လုပ်ငန်း မှာ အဘိုး က ကျွန်တော့် ကို ဝင် လုပ် ခိုင်းတယ် ။

ကျွန်တော့် အဖေ နဲ့ ညီအစ်ကို လို နေ ကြတဲ့ ဦးမောင်စိန် ဆိုတာ အဘိုး ဆီ မှာ လုပ်တယ် ။ ကျွန်တော့် ဆရာ အရင်း ပဲ ။ မင်း ဒီကောင် ကို ထိန်း ပေတော့လို့ အဘိုး က အပ်တယ် ။ သူ က လည်း ဟန် မကျတဲ့ အခါ ကျွန်တော့် ဇက်ပိုး ကို တီးတယ် ။ အဲသည် ဘဝ က နေ ကျွန်တော် စ ခဲ့ ရတာပဲ ။

ဘောက်ချာစာအုပ် နံပါတ် ထိုး တာ သင် ရတယ် ။ အဘိုး က တစ်လ လခ ၈ဝ ပေး တယ် ။ ဒါကို ကြား တော့ အဘွား က အဘိုး ကို ရန် လာ တွေ့တာပေါ့ ။ နင် က ငါ့ မြေး ကို အလုပ်သမား လို တစ်လ ၈ဝ ပေးရ သလား တဲ့ ။ ကြား ထဲ ကျွန်တော် က ပိုက်ဆံ မရတော့ဘူး ။

နောက် တော်လှန်ရေး အစိုးရ က ပြည်သူပိုင် တွေ သိမ်းပြီး ပပက ဆိုင် တွေ ပေါ် လာတယ် ။ ကျွန်တော်တို့ က ပပကဆိုင် အတွက် ဘောက်ချာတွေ ချုပ်ပေး ရတယ် ။ လေးရွက် ထပ် ရတာ ။ နံပါတ်စဉ် လည်း ထိုးပေး ရတယ် ။ တစ်အုပ် ချုပ် မှ ပြားသုံးဆယ် ပဲ ရတာ ။

နံပါတ် ထိုး ဖို့ လူတွေ စီနီယာ ( serial - စဉ်အလိုက် ) ထိုင် ရတယ် ။ ကျွန်တော် လည်း နံပါတ် ထိုင် ထိုး တာပဲ ။ ထိပ် က လူ က တစ် က နေ ၅ဝ ။ နောက် လူ က ၅၁ က နေ ၁၀၀ ။ အတွဲလိုက် ထိုး ရတာ ။

အဲဒါ နောက်ဆုံး လူ က ရပ် ရမယ့် နံပါတ် မရပ်ဘဲ ဆက် ထိုး မိတယ် ။ သူ လန့် သွားတယ် ။ ကျွန်တော့် ကို တိုးတိုး တိုးတိုး လာ ပြောတယ် ။ ကျော် သွား ပြီပေါ့ ။ မလှမ်းမကမ်း မှာ အဘိုး က ထိုင် လျှက် အိပ်ပျော် နေတယ် ။ ခင်ဗျား က နောက်ဘိတ်ဆုံး လူ ဖြစ်လို့ မှား ပေမဲ့ ပြင်လို့ ရတယ် ။ သည်တော့ ထိုး မိတဲ့ နံပါတ် ကို နောက်ထပ် ငါးဆယ် ဆုံး တဲ့ အထိ ဆက် ထိုးပေတော့ ပြော လိုက်တယ် ။ နောက် နေ့ ကျ အဲသည် နံပါတ် ကို ခင်ဗျား ပဲ ဆက် ခိုင်း မယ်ပေါ့ ။ အဲသည် အလုပ်သမား ကြောက် ပြီး တုန် နေပြီ ။ သူ က ပုံ ပျက် တော့ အဘိုး က မေးတယ် ။ ကျွန်တော် ရှင်းပြ ပါတယ် ။ ငါးဆယ် မှာ ရပ် ရ မှာ မရပ်ဘဲ ထိုးမိ လို့ တစ်ရာ အထိ လုပ်ခိုင်း လိုက်တယ် လို့ ။ အဘိုး က မင်း က မနေ့ တစ်နေ့ က မှ လာပြီး ဆရာ လုပ်တယ် လို့ ပြောတယ် ။ ကျွန်တော် က လုပ်တာ မမှားတဲ့ အကြောင်း ပြန် ပြောတော့ အဘိုး က စိတ် ဆိုးပြီး ညနေ သုံးနာရီ ကျော်ကျော် မှာ အင်္ကျီ ကောက် ဝတ်ပြီး ဆိုင်ထဲ က ထွက် သွားရော ။ ဟို အလုပ်သမား က သူ ဘာ ဆက် လုပ်ရမှာလဲ မေးတယ် ၊ ခင်ဗျား မမှားဘူး ဆက် သာ လုပ်လို့ ခိုင်း လိုက်တယ် ။ ညနေ ငါးနာရီ အလုပ် သိမ်းတော့ အလုပ်သမား တွေ ပြန် သွားတယ် ။ အဘိုး ပြန် မလာဘူး ။ အမ်ချောင်ဒရီဘတ် ဘိုင်းနင်း က အဘိုး ရဲ့ မိတ်ဆွေ ရောက် လာတယ် ။ ဘာဖြစ်တာလဲ မေးတယ် ။ ကျွန်တော် က ဘာမှ မဖြစ်ပါဘူး ဆိုတာ ရှင်း ပြတယ် ။ သူ က လည်း မင်း မမှားပါဘူး တဲ့ ။

ည ရှစ်နာရီခွဲ လောက် ကျ မှ အဘိုး ပြန် ရောက်လာတယ် ။ ဆိုင် ထဲ ကို အဘိုး က တစ်လှမ်းချင်း ဝင် လာပြီး ကျွန်တော့် ကို ဖက် လိုက်တယ် ။ ကျွန်တော့် မျက်လုံး ထဲ က မျက်ရည် တွေ ဘယ်လို က ဘယ်လို ကျ လာသလဲ မသိဘူး ။ ကျ လာတယ် ။ အခုလည်း ပြော နေရင်း ကျွန်တော့် မျက်ရည်တွေ ဝဲ နေပြီ ။ ပြန် သတိ ရ လို့ ။

နောက်တော့ အဘိုး က ဆိုင် မှာ အိပ် တာမို့ ထား ခဲ့ပြီး ကန်တော်ကလေး က အိမ် ကို ကျွန်တော် ပြန် ခဲ့တယ် ။ နောက် မနက် ရှစ်နာရီ မှာ ကျွန်တော် အလုပ် သွား ဝင် တယ် ။ အဘိုး က သူ့ အင်္ကျီ ထဲ က သော့တွဲကြီး ကို ထုတ် ပြီး ကျွန်တော့် လက် ထဲ ပေးတယ် ။ သည် နေ့ က စပြီး အလုပ် ကို မင်း ဦးစီးပြီး လုပ်ပေတော့ ၊ ငါ ဘာမှ ဝင် မပြောတော့ပါဘူး တဲ့ ။

•••••   •••••   •••••

❝ စေတနာ ကောင်း ရင် ကံ ကောင်းမယ် ❞

( စာအုပ် ချုပ်တဲ့ ကိုမြင့် ရဲ့ အဘိုး နဲ့ အဖေ က လည်း စာအုပ်ချုပ် သူ တွေ ပါပဲ ။ ကိုမြင့် ဟာ စက္ကူပုံ ကြား မှာ လူလား မြောက် ခဲ့ ရတယ် ။ သူ့ ပတ်ဝန်းကျင် တစ်ခု လုံး ဟာ စာအုပ်ချုပ် လုပ်ငန်း သာ ဖြစ်တယ် ။

၁၄ နှစ်သား က စပြီး စာအုပ်ချုပ် လုပ်ငန်း ထဲ သူ ရောက် လာတယ် ။ အဘိုး ရဲ့ လုပ်ငန်း မှာ အောက်ခြေသိမ်း အလုပ်သမား ဘဝ က စပြီး သူ လုပ် ရတယ် ။ နောက်တော့ အဘိုး က လုပ်ငန်းကြီး တစ်ခုလုံး ကို ဦးစီး လုပ် ဖို့ သော့ အပ် ပါတယ် ။ သူ့ လုပ်ငန်းခွင် မှာ သူ ရှင်ဘုရင် ဖြစ်ပြီပေါ့ ။

အဖေ သူကြီး မို့ သား သူကြီး ဖြစ် လာတဲ့ သူတွေ အများကြီး ရှိတယ် ။ ဒါပေမယ့် မိဘ အမွေ ကို ဆက်ခံပြီး ပိုမို ဖွံ့ဖြိုးအောင် လုပ် နိုင်တဲ့ သားသမီး က နည်းတယ် ။ မိဘ အများစု ဟာ သားသမီး ကို ချစ်တဲ့ အတွက် သက်သောင့်သက်သာ ကြီးပြင်း စေ တာကြောင့် ခပ်ညံ့ညံ့ မျိုးဆက်သစ် က မိဘ ခြေရာ မနင်းနိုင်ဘူး ။

စာအုပ်ချုပ် လုပ်ငန်း ဆိုတာ ပညာ မပါဘူး လို့ ထင် စရာ ရှိပါတယ် ။ ရန်ကုန်မြို့ မှာ သည် လုပ်ငန်းမျိုး လုပ်သူ ရာ နဲ့ ချီပြီး ရှိတယ် ။ ကိုမြင့် ဟာ တစ်ရာ ထဲ က အောင်မြင်သူ တစ်ယောက် ဖြစ်တယ် ။ စာအုပ် ထုတ်ဝေရေး လုပ်ငန်း လုပ် သူ တိုင်း သူ့ ကို မသိသူ မရှိဘူး ။ စာအုပ် ထုတ်တဲ့ သူ တိုင်း ကိုမြင့် က သာ လက်ခံမယ် ဆို ရင် စိတ်ချလက်ချ အလုပ် အပ် ချင်တယ် ။ ဒါကြောင့်လည်း ကိုမြင့် ဟာ ပြည့်စုံ ချမ်းသာ တဲ့ ဘဝ တစ်ခု ကို ရ လာတယ် ။ သည် ဘဝ ကို အလွယ်တကူ ရခဲ့တာ တော့ မဟုတ်ဘူး ။ ၁၄ နှစ်သား မှာ အဘိုး က တခြားသူ တစ်ယောက် လက် ကို အပ်ပြီး ပညာ သင် စေတယ် ။ အဘိုး ရဲ့ လုပ်ငန်းခွင် မှာ အခြား အလုပ်သမားတွေ နဲ့ လက်ရည် တူ အ လုပ် လုပ်ရတယ် ။ အခြေခံ ကောင်း ရပြီး မှ အလုပ် တစ်ခု ကို ဦးစီး လုပ်ကိုင် ရတာ ဖြစ်ပေမဲ့ အောင်မြင်မှု ကို ချက်ချင်း မရပါဘူး ။ ]

•••••   •••••   •••••

၁၉၆၅ ခုနှစ် မှာ အဘိုး က လုပ်ငန်း တစ်ခုလုံး ဦးစီးတော့  ကွာ ဆိုပြီး သော့ အပ် လိုက်တယ် ။ အားလုံး ကျွန်တော့် ခေါင်း ပေါ်  မှာ ရောက် လာတယ် ။

အလုပ်သမား ခုနစ်ယောက် ရဲ့ လခ ကို ကျွန်တော် ပုံမှန် မပေးနိုင်ဘူး ။ ကျွန်တော့် ကို ပညာ သင် ပေးတဲ့ ဆရာ က တစ်နေ့ မှ ငါးကျပ် ၊ တစ်လ မှ တစ်ရာ့ငါးဆယ် ပေး ရတာ ၊ အလုပ်သမား ခုနစ်ယောက် ကို ကျပ်ငါးရာ ၊ ခြောက်ရာ ပေးဖို့ ကျွန်တော် အလျဉ် မမီဘူး ။ ပုံမှန် အလုပ် က ၁၅ ရက် တစ်ခါ ထုတ် တဲ့ ချိုတေးသံ မဂ္ဂဇင်း ချုပ် ရတယ် ။ အုပ် သုံးထောင် လောက် ချုပ် မှ ၁၆၂ ကျပ် ၊ ပြား ၅ဝ ရတယ် ။ တစ်လ နှစ်ကြိမ် ချုပ် ရတယ် ။ ဆရာ က ငါ အလုပ် ထွက် ပေးမယ်ကွာ တဲ့ ။ ဟာ ဆရာ ထွက် လို့ မဖြစ်ဘူး ။ ဆရာ နဲ့ ကျွန်တော် အလုပ် လိုက် ရှာပြီး ဆက် လုပ်ကြစို့ လို့ ပြော ရတယ် ။ အလုပ်သမားတွေ က လည်း တော်ကြပါတယ် ။ ကျွန်တော့် ဆီ မှာ အလုပ် မရှိ ရင် အခြား ကို ပျံကျ သွား လုပ်တယ် ။ ကျွန်တော် ပြန် ခေါ် ရင် ပြန် လာကြတယ် ။

၁၉၆၅ ခုနှစ် က နေ ၁၉၇၁ ခုနှစ် အထိ အကြိတ်အနယ် ရုန်းကန် ခဲ့ ရတာ ။ အလုပ် က အဆင် မပြေဘူး ။ ကုသိုလ် ကံ က မလိုက်ဘူး ။ ငါးမူး တစ်မတ် ရဖို့ ဒုက္ခ ရောက် လိုက်တာ ။

ည ရှိ ရင် နေ့ ရှိ သလိုပဲ ၊ ဘဝ မှာ အကျ ရှိရင် အတက် လည်းရှိ တာပဲ ။ ကိုယ် က ကျော်ဖြတ် ရ မှာပေါ့ ။ ချင်းတွင်းစာအုပ်တိုက် က ဦးဘကြည် က စာအုပ် ချုပ် ဖို့ လာ အပ်တယ် ။ ၁၉၇၁ ခု မှာ ။ အဲသည် အချိန် က စပြီး ကျွန်တော့် ဘဝ တက် လာတာ ။ ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး လုပ်ပေး လိုက်တယ် ။ နောက် ရွှေတိဂုံဘုရား က ပညာ့အလင်း ၊ ပြီးတော့ သုဓမ္မဝတီပုံနှိပ်တိုက်က စာအုပ်တွေ ၊ မစိုးရိမ် ကျောင်းတိုက် က ဋီကာကျော် စာအုပ်တွေ ချုပ် ရတယ် ။ စာအုပ် ချုပ် တဲ့ မောင်မြင့် ၊ စာအုပ် ချုပ် တဲ့ မောင်မြင့် ဆိုပြီး လူတွေ လိုက် လိုက် လာ ကြတယ် ။

ကျွန်တော် သုံး နေတာ က အဘိုး လက်ထက် ကတည်း က ရှိတဲ့ လက်လှည့် ဓားစက်ကြီး ၊ ကြံရည်စက် လို ဟာ ။ မော်တာ နဲ့ စက် ကျွန်တော် ပြောင်း ကိုင် ချင်တယ် ။ ကိုတင်အောင် မစန်း စာပေ မှာ ဓားစက်ကြီး ရှိတယ် ၊ ရောင်း မှာ တဲ့ ။ သွား ကြည့် တော့ အရမ်း သဘော ကျတယ် ။ မော်တာစက် မမြင်ဖူး သေးဘူး လေ ။ လက်လှည့် ဓားစက်ကြီး ကို ၂၅ဝ နဲ့ ဝယ်ပြီး မော်တာစက် ကို ၇၀၀၀ နဲ့ ဝယ်ချ လာတယ် ။ သူ က ၅ဝဝဝ ပေးရင် ရောင်းဖို့ ဆုံးဖြတ် ပြီး သား ဒါကို ကျွန်တော် က မသိဘူး ၇ဝဝဝ ပေးမယ် ပြော ဝယ် လိုက်တာ ။

၃၄ လမ်း သယ်ချ လာ တယ် ။ စက် ထိုင်ပြီးတော့ မော်တာ က သုံး လို့ မရဘူး ဖြစ် နေတယ် ။ အသစ် ပြောင်း ပေါ့ ။ ၈ဝဝ ပေး ရတယ် ။ ဘာတွေ ညာတွေ လုပ် လိုက်တာ စက် က ၈ဝဝဝ ၊ လောက် ကျ သွားတယ် ။ စက် က ကောင်း မှ ကောင်း လုံးဝ မဖောက်ဘူး ။ နှစ်နှစ် လောက် သုံး လိုက်တယ် ။ ပြန် ရောင်း တော့ တစ်သိန်းခွဲ ရတယ် ။ စာအုပ် ချုပ် တဲ့ အခါ အနှောင့် မကွဲရဘူး ။ မတွန့်ရဘူး ။ ဒါပေမယ့် ပါတာ ပဲ ။ ကျွန်တော် က တွန့်တာ ပိန်တာ မပါချင်ဘူး ။ အဲသည် အချိန် မှာ မိတ်ဆွေ ကိုအောင် က နည်းနည်း ပိန်တာ ပါ သွားတာ မပါ အောင် မလုပ်နိုင်ဘူးလား တဲ့ ။ အဲသည်လောက် ကောင်းအောင် ကျွန်တော် မလုပ်နိုင်ဘူး ။ ဒါလောက်ပဲ ရမယ် ဆိုတော့ ခင်ဗျား ကို ပညာသင် လွှတ်မယ် တဲ့ ။ ဘယ်ကို သွားရမှာလဲ  မေး တော့ မန္တလေး လူထုဒေါ်အမာ ဆီ တဲ့ ။ လူထု စာအုပ်တိုက် က ထုတ်တဲ့ စာအုပ်တွေ က သေသပ်တယ် ။ ကိုအောင် က မန္တလေး သွားဖို့ စရိတ်စက လည်း ပေးမယ် တဲ့ ။ ကျွန်တော် မသွားဖြစ် ခဲ့ဘူး ။

မတွန့် တဲ့ နည်း ကို ၃၆ လမ်း က ဘားမားယူနီယန် ပုံနှိပ်တိုက် မှာ သွား တွေ့တယ် ။ ကောင်လေး တစ်ယောက် စာအုပ်တွေ ဓားစက် ဖြတ် နေတယ် ။ စာအုပ်တွေ စက် ပေါ်  မှာ ထားတာ ၊ ဖြတ်တာ က ပုံစံ တစ်မျိုး ပါ ။ ညီလေး ဒါ ဘာ လုပ်တာလဲ မေးတော့ မတွန့်အောင် လို့ တဲ့ ။ သူ က ကျွန်တော့် ဆရာ ပဲ ။ သူ့ ဆီ က နည်းလမ်း သိခဲ့ရတယ် ။ ကျွန်တော် ပညာ လျှို မထားပါဘူး ။ ပင်လယ် သမုဒ္ဒရာ ရေ တစ်ယောက် တည်း သောက် လို့ မကုန်ပါဘူး ။ သေ ရာ လည်း ဘာမှ မပါဘူး ။ ကျွန်တော် အတွေ့ အကြုံ သိချင် လို့ လာ မေး ရင် ပညာ သား မချန်ဘူး ပြ ပေးတယ် ။ ကျွန်တော် ပြတဲ့ နည်း အတိုင်း လုပ်ပေမဲ့ အချို့ မှာ လုပ်တိုင်း ထွက် မလာတာ က စေတနာ ကျန် နေသေးလို့ ပဲ ။ စာအုပ် ထားပုံ ထားနည်း အရေး ကြီး သလို စေတနာ ထား ဖို့ လည်း လိုတယ် ။ ဒါမှ ကောင်းတာ ။

စာပေဗိမာန် စာကြည့်တိုက် က စာအုပ်တွေ ကို ကျွန်တော် က အဖုံးတွေ ချုပ် ပေး ရတယ် ။ အတွင်း လူ လို ဖြစ် နေတာပေါ့ ။ နိုင်ငံခြား က ထုတ်တဲ့ စာအုပ်တွေ လည်း ကြည့်ခွင့် ရတယ် ။ နမူနာ ယူ ရတာပေါ့ ။ ဒီရေမြင့်သစ် ဆိုတဲ့ စာအုပ် ကို ကတ်ထူဖုံး ချုပ် ပေးစမ်းပါ ခိုင်း တော့ နိုင်ငံခြား က လာတဲ့ စာအုပ် ပုံစံ ကြည့်ပြီး အနှောင့် ကို ဒုက္ခခံ ပြီး ကပ်တယ် ။ အဲဒီ စာအုပ် မှာ ကျွန်တော် နာမည် ရ သွားတယ် ။

ဆရာမောင်ဝံသ ရဲ့ မိုရှီဒါယန် စာအုပ် ဇွဲပုံနှိပ်တိုက် က အပ်တယ် ။ ကတ်ထူဖုံး လုပ်ချင်လို့ တဲ့ ။ အဲသည်တုန်း က ကုန်သွယ်ရေး က စက္ကူ ပေးတယ် ။ ပေး တာက ပိုစတာ ပေပါ ၊ တစ်ဘက်ချော ဖိုတိဂရမ် [ 40 gm ] ပါးပါးလေး ၊ အန်ဂျီပေပါ ဆိုတာ ဝယ်ပြီး ဖိုတိဂရမ် ပိုစတာ ပေပါ ကို အပေါ်  က ကော် နဲ့ ကပ် တယ် ။ တောင့်တောင့်လေး ဖြစ် သွား ပါတယ် ။ စာအုပ် ပြီးရင် အဲသည်တုန်း က ကုန်သွယ်ရေး ကို စာအုပ်တွေ ပြန် သွား ပြ ရတယ် ။ သွား ပြ တော့ သူတို့ ပေးတဲ့ အဖုံးစက္ကူ ရောင်းစားပါတယ် ဆိုပြီး ခွင့်ပြုချက် မပေးဘူး ။ ဒါနဲ့ သူတို့ ပေးတဲ့ စက္ကူ ကို ဘယ်လို အဖုံး တောင့်တောင့်လေး ဖြစ်အောင် ကပ်သလဲ ဆိုတာ နမူနာ တစ်ဝက် ကပ် ပြ မှ ခွင့်ပြုချက် ရတယ် ။ အဲသည်မှာ ကျွန်တော် နာမည် တစ်ခါ ရတယ် ။

သည် အလုပ် က ကျွန်တော် တစ်ယောက် တည်း ကောင်း လို့ လည်း မရဘူး ။ တပည့်တွေ လည်း ကောင်း မှ ။ သူတို့ ခမျာ မိုး ရွာရွာ နေ ပူပူ ဒုက္ခ ခံ ပြီး လာကြတယ် ။ အလုပ်ခွင် ထဲ မှာ တစ်နေကုန် ထိုင် ရတယ် ။ မိုးလင်း မိုးချုပ် အလုပ် ထဲ မှာ ပဲ ၊ အိမ် ဆိုတာ အိပ် ရုံ ပဲ ။ သူတို့ ဘဝ ကို ကျွန်တော် နားလည်တယ် ။ စာနာတယ် ။ ဒါကြောင့် အလုပ် ကြိုးစား ရင် ကြိုးစားတဲ့ လူ ကို ကျွန်တော် လုပ်ခ ကောင်းကောင်း ပေး တယ် ။ ပြီးတော့ အလုပ်သမား ကို မုန့်ဖိုး အမြဲတမ်း ပေးတယ် ။ ဘယ် အလုပ်သမား ဘယ်လောက် ရ သလဲ အချင်းချင်း မသိဘူး ။ မုန့်ဖိုး ရတဲ့ သူတိုင်း ဟာ သူ က သူများ ထက် ပို ရတယ်လို့ ထင် နေတယ် ။ ဒါကြောင့် လည်း ပိုကြိုးစား ကြတယ် ။ လုပ်ငန်း ကို စေတနာ ပို ထားတယ် ။

ကျွန်တော် လုပ် ထားတာ ကို အကောင်း ကြိုက်တဲ့ သူ ဆိုရင် ဘယ်သူ မဆို ကြိုက်တယ် ။ ကျွန်တော် က ကောင်းအောင် လည်း ကြိုးစား လုပ် ထားတယ် ။ အလုပ် ထဲ မှာ စေတနာ လည်း ထည့် ထားတယ် ။

အလုပ် လုပ်တဲ့ နေရာ မှာ သုံးတဲ့ ပစ္စည်း က ကောင်းဖို့ အရေး ကြီးတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment