Saturday, September 16, 2023

ကယ်နိုင်လျှင် ကယ်ကြပါ ( ၁ )


 

❝ ကယ်နိုင်လျှင် ကယ်ကြပါ ❞

ကျွန်တော့် ဒုက္ခ ပြဿနာကြီး အတွက် အကြံပေး ကူညီနိုင်သော ပုဂ္ဂိုလ် ကို ‘ ဆုငွေ တစ်ထောင် သို့မဟုတ် အဖျင်းဆုံး ‘ ဆုငွေ ငါးရာ ’ ဖြစ်ဖြစ် ၊ ဉာဏ်ပူဇော်ရန် ကျွန်တော် ရည်ရွယ် ထားပါသည် ။ ဒါကြောင့် ပြည်ထောင်စု နိုင်ငံတော် သူ နိုင်ငံတော် သား အပေါင်းတို့ အား ဤ “ ကယ်နိုင် လျှင် သူ ကယ်ကြပါ ” ဝတ္ထု ဖြင့် ကျွန်တော့် ကို ကယ်နိုင်လျှင် ကယ်ကြပါ ဟု ခြေရာ လက်ရော စုံအဖြာ နှစ်ဆယ် လက်အုပ်မိုး တဲ့ ပြီး ရှိခိုး လို့ တောင်းပန်ချင်ပါ သည် ။

“ ဆုငွေတစ်ထောင် ဉာဏ်ပူဇော် ရလောက်အောင် ... မင်း ပြဿနာက ဘယ်လောက်များ ကြီးကျယ်လို့လဲ ...” ဟု စာရှုသူ တို့ စိတ် ထဲ မေးချင် ကောင်း မေးချင် ကြ ပါလိမ့်မည် ။ ဒါကို အမ ရို့ - အစ်ကို ရို့ အရေလည်၍ အပတ်စေ့ တော့ သိကြပါလိမ့်မယ် ဟု ကျွန်တော် တိုတိုပဲ ဖြေချင်ပါသည် ။ သာကဒိုး သည် အများပြည်သူ လူထု အား တတ်စွမ်းသမျှ ဟာသဝတ္ထုများ ရေးသား ၍ ဖျော်ဖြေ နေရာ “ ဒီကောင် တော်တော် ပျော်တတ်တဲ့ ကောင် နဲ့ တူရဲ့ ... ” ဟု အများလူထု က ထင်ကောင်း ထင်ပါလိမ့်မည် ။ ဒါကို သာကဒိုး က “ အရပ်ကတို့ ရေ .. ထင်သာ ထင် မဝင်ဘူး ကျောင်းအစ်မ ဖြစ်နေပါတယ် ခင်ဗျ ...” ဟု ပဲ ဟစ်လို့သာ ဖြေချင်ပါ တော့သည် ။ ဒါနဲ့ စကားမစပ် ကြားဖြတ် ၍ ဒီ ထင် သာ ထင် မ၀င်ဘူး ကျောင်းအစ်မ ဆိုတဲ့ မြန်မာစကားပုံ ဟာ ဘယ်လိုက ဘယ်လို ပေါ်လာတာလဲ ခင်ဗျာ ၊ ကြားရ ကြားရ နားဝ မှာ တယ် ခွကျတဲ့ စကားပုံပဲ ၊ ဒီ စကားပုံ ကို ပါလီမန် ထဲ ဘယ်ထဲ မှာ တောင် အရေးတယူ သုံးစွဲ ပြောဆို နေကြလို့ သာ သာကဒိုး သုံး လိုက်ရတယ် ... တွေးမိတိုင်း ကြက်သီး ထ စရာကြီးဗျ နော် ..”

အမျိုးသား နဲ့ အမျိုးသမီး မျက်နှာချင်း ဆိုင်ပြီး ဒီ စကား သုံးရာမှာ အားနာစရာကြီး ။ သို့သော် ထားပါတော့ ... သာကဒိုး မှာ တော့ ထင်သာ ထင် မဝင်ဘူး ကျောင်းအစ်မ ပဲ ဖြစ်နေလေပါသည် ။ သာကဒိုး သည် ဝါသနာ ဘာဂီ ဆက်တိုင်းမီ ဆိုတာ လို ဝမ်းတွင်း ပါ ပြောင်ချော်ချော် ဝါသနာ့ရင်း ကလေး က ရှိ သမို့ နောက်တီး နောက်ကောက် ဝတ္ထုကလေးတွေ ရေးသား နေ ခဲ့ပါသည် ။ ဒီလို ရေးပြီး ပျော်ချင်တဲ့ စိတ် ကို ပျော်အောင် ကြိုး စား ပါသည် ။ သို့သော်  ... သို့သော် ကျွန်တော် ကား မပျော်ခဲ့ပါ ။ မပျော်သမှ ဒီလို ပျော်အောင် စာတွေ ရေးတိုင်း ရေးတိုင်း စိတ်ညစ်ရတဲ့ ဒုက္ခ ကို ပင် တိုးဆင့် လို့ ခံစား နေရ လေပါသည် ။ သို့ကလို ပျော်အောင် ကြိုးစားလေ စိတ်ညစ်ရလေ ဖြစ်နေတဲ့ ဒုက္ခ ကို ကျွန်တော် ဖွင့်ထုတ်ပြီး လူထု အကူအညီ တောင်းရန် ကြံခဲ့သည် မှာ ကြာလှလေပြီ ။ ဒါပေသိ ထင်တိုင်း မပေါက်ခဲ့မို့ ခုမှပဲ ဤ ဝတ္ထု ဖြင့် လူထု ကို အကူအညီ တောင်းလို့ အကြောင်း တင်ပြ ဖြစ်ပေတော့သည် ။ ဒါကြောင့် ကူနိုင် လျှင် ကူကြပါ ။ ကယ်နိုင် လျှင် ကယ်ကြပါ ။ အမယ်မင်း ... တောင်းပန် လိုက်ရတာ ငါ့နှယ် “ ကယ်ပါ ” သံ တောင် ပေါက်နေပါပကော ... ။

ကျွန်တော့် ဒုက္ခပြဿနာ ကို ဖြေရှင်းနိုင်ရန် စာရှု ပရိသတ် ထံ မှ ထိုက်သင့်သော အကြံကောင်းဉာဏ်ကောင်းများ ရရှိနိုင်လိမ့်မည် ဟု ကျွန်တော် မျှော်လင့် ယုံကြည် ထားပါသည် ။ ကျွန်တော့် မှာ ဒီ ဒုက္ခကြီး ၏ ဒဏ်ချက် ကြောင့် လူလား မြောက် သည် နှင့် တစ်ပြိုင်နက် ဟက်ခနဲ အသည်း တစ်ခြမ်း ပဲ့ထွက် သွားခဲ့ရပါသည် ။ ဒါကို ကျွန်တော့် မှာ တွေးမိတိုင်း မျက်ရည်လည် မိ ပါသည် ။ ထို ဒုက္ခ ဒဏ်ချက် သည် ဤသို့ အသည်း တစ်ခြမ်း ပဲ့ထွက် အောင် ဂြိုဟ်မွှေရုံ ဖြင့် အားမရသေးဘဲ ယခု လည်း သာကဒိုး ရှေ့ရေး သာကဒိုး ၏ လုပ်ငန်း ၊ သာကဒိုး ၏ ဝါသနာတွေ ကိုပါ ဆင့်ကာ ဆင့်ကာ ဆက်၍ အနှောင့် အယှက် ဖြစ်နေရာ ဒီ ပြဿနာ - ဒီ ဒုက္ခ ကို ကျေလည်အောင် မဖြေရှင်းနိုင်ပါ က သာကဒိုး မှာ သေဖွယ်သာ ရှိနေပါ တော့သည် ။ ဒါကြောင့် - ဒါကြောင့် အများ လူထု စာရှုပရိသတ် က သတ္တဝါ တစ်ခု ကံ တစ်ခု ဆိုတာ လျစ်လျူရှုတော် မမူကြဘဲ ဒုက္ခသည် သာကဒိုး အား ဇီဝိတဒါန သဘောပဲ ထား ကာ ဝိုင်း သနားကြပါရန် မေတ္တာရပ်ခံ လိုပါသည် ။ သို့သော် ငါတို့ စာဖတ် ပရိသတ် ကို ဦးနှောက် ခြောက်အောင် ပေါကြောင်ကြောင် စာတွေ ရေးတဲ့ အကောင် ဘိုင်းခနဲ လဲ သေကောင် ရှောက်ဂရု မစိုက်ပေါင် ဆိုလည်း သာဂဒိုး ကုသိုလ်ကံ ပေ ပ ။

ဘာပဲဖြစ်ဖြစ် သာကဒိုး ၏ အားထားရာ မှီခိုရာ လဲလျောင်းရာ မှာ စာရှု ပရိသတ် သာ ဖြစ်သမို့ ရိုကျိုးစွာ တောင်းပန် နေရခြင်း ဖြစ်ပါသည် ။ သာကဒိုး သည် တစ်ခါတစ်ခါ လူ မသိအောင် တစ်ကိုယ်တည်း တိတ်တိတ် ကိုယ့် ကိုယ် ကိုယ် မှန် ထဲ ပြန်ကြည့်ရင်း ၊ ဪ ... တယ်သနားစရာ ကောင်းနေ တဲ့ ငါ ပါကလား ... ဟု စုတ်တသပ်သပ် နှင့် သနားနေ မိပါသည် ။ မှန်ထဲ ၌ မခို့တရို့ကလေး ပေါ် နေသော သာကဒိုး သည် တော်တော် ချစ်စရာ ကောင်း ပါသည် ။ တီ မျိုတာ ခံရစေရဲ့ အဟုတ်ပါ ။ သို့သော် ထို ချစ်စရာကောင်း သော သာကဒိုး သည် အသည်း ဟက်တက် ကွဲ ကာ တစ်ခြမ်းပဲ့ နေခဲ့ပြီ တကား ... ။ သာကဒိုး ၏ အသည်း ကို မိလှသန်း သည် ရက်စက်စွာ ဖဲ့ ထားခဲ့ လေသည် ။ ဒါတွေကို ပြန် တွေးမိတော့ ရင် ထဲ မှာ တော်တော် နာသည် ။ ဟာသ ကလောင်သမား အဖြစ် ခံယူထား သော်လည်း ကိုယ့် မှာ ကျိတ်ကျိတ် ပြီး ငို နေရတာ ကို တော့ လူတွေ က မသိ ။ သင်းကလေး နဲ့ ဖြစ်ပျက်ခဲ့တာတွေ တွေးလိုက် မိတိုင်း မျက်ရည်တွေ ပေါက်ခနဲ ... တောက်ခနဲ ... ကျကျပြီး ၊ ငေါက်ခနဲ ငေါက်ခနဲ ဒေါ ထ ကာ အံကြိတ် ၍ ကံ ကို သာ မှိတ်ပြီး တရားခံ အဖြစ် ပုံချ နေရပေတော့သည် ။ သို့ကလို တားမရ ၊ ဆီးမနိုင် မျက်ရည်တွေ သွန်ကျ လာပြီလား ဆိုရင် အပေါင်းအသင်းတွေ က ..

“ ဟေ့ကောင် ... ဟေ့ကောင် ... ဘာဖြစ်တာလဲ ... ပြိတ္တာတို့ မျက်ရည် မြေမကျ ကောင်းဘူးကွ ... ကမ္ဘာ ပျက်တတ် သတဲ့ ... လူထု ကို သနားရင် ... ဒီလို မငိုပါနဲ့ကွာ .. ” ဟု တောက်တီး တောက်တဲ့ အပြောအဆို ခံခဲ့ရသည် ။ အချို့က လည်း ...

“ ဘာဖြစ်လို့ ငိုရတာလဲ ကွာ .. ပြောစရာ ရှိရင် ပြောပြပေါ့ .. ။ ကူစရာ ရှိရင် ကူမှာပေါ့ ... ”  ဟု စေတနာနဲ့ မေးကြ ပါသည် ။ ဒါပေသိ ကျွန်တော့် မှာ တော့ ဖြေလို့ မရ ၊ သူတို့ အမေး ကို မဖြေနိုင်သည် မှာ ဖြစ်ရသည့် အကြောင်းရင်း တရားခံ ဖော်ရ ခက်လို့ပင် ဖြစ်ပါသည် ။ ယခု စာဖတ် ပရိသတ် ကို ဖွင့်အံ ပြတော့မည် ဟု ကြံတော့ လည်း ဖြစ်ရပုံ အကြောင်းရင်း တရားခံ ကို ကျွန်တော် ဖော်ပြရန် ကျပ် လှသည် ။ ထို တရားခံ သည် ကျွန်တော့် ဘဝ တစ်ခုလုံး ကို မွှေနှောက် သွားခဲ့၏ ။ အရေလည် ၍ အကွက်ကျ တော့ မှ ပဲ ထို တရားခံ ကို ထုတ်ဖော်ပါရစေတော့ ။

စာဖတ်ပရိသတ် ကို တောင်းပန်ချင် တော့သည် ။ ကျွန်တော် လှလှသန်း ကို စ တွေ့ ပုံ မှာ ဆန်းသည် ဟု ဆိုချင် လည်း ဆိုနိုင်လောက် ပါသည် ။ အချိန်မှာ ၁၉၄၇ ခု ဇူလိုင်လ ဗိုလ်ချုပ် တို့ လုပ်ကြံ ခံရပြီး စ အခါသမယ ည တစ်ညဝယ် ..

“ ဟေ့ကောင် ... ရပ်လိုက် ... ၊ ခွေးမသား .. ဗိုလ်ချုပ်တို့ လုပ်ကြံတာ ... မင်း ပဲ ထင်တယ် .. လာ လိုက်ခဲ့ .. ဂတ်တဲ ကို အူကြောင်ကြောင် မလုပ်နဲ့နော် ... အုပ်ထည့် လိုက်လို့ ... ဂန့်ခနဲ နေ သွားမယ် ”

ကျွန်တော် ရန်ကုန်မြို့ တစ်နေရာ ၌ သတင်းထောက် တာဝန် ကိစ္စ နှင့် စက်ဘီး စီး သွားစဉ် ရဲပတ္တရောင်များ နှင့် တွေ့ရာ က ဤသို့လျှင် ရဲအဖွဲ့ဝင် တို့ က တို့ဗမာ ပီပီ ချိုသာစွာ မိန့်ကြား ပြီး မသင်္ကာ ဆိုကာ ရဲဌာန သို့ ခေါ်ဆောင် သွားခြင်း ခံရလေသည် ။ ကျွန်တော် အိုးဝေ က သတင်းထောက် ပါ ဆို သော်လည်း မရဘဲ ...

“ မင်း လား ကွ သတင်းထောက် .. ၊ သတင်းထောက် ဟာ မင်း ရုပ်မျိုး မဟုတ်ဘူး ..”

ကျွန်တော် လည်း မျက်လုံး ပြဲခနဲ ဖြစ်သွား မိပြီး

“ ဗျာ ... သတင်းထောက် က ဘာရုပ် ပေါက်ရမှာလဲ ဗျ .. ။ သတင်းထောက် တွေ မှာ အမြီးပါလို့လား ...” ဟု ကျွန်တော် လည်း မခံချင်စိတ် နှင့် ထ အော်မိ လေတော့သည် ။

“ အမြီးတော့ ဘယ် ပါမလဲ ကွ .. ဒါပေသိ .. သတင်းထောက်တွေ ...  မင်း လို သူခိုးဂိုက်မျိုး တစ်ယောက် မှ မတွေ့ဖူးဘူး .. ”

ကျွန်တော် ရဲငနဲ ၏ စကား အတွက် ဒေါသ ထောင်းလမောင်း ထသွားမိ လေသည် ။ သို့သော် ကိုယ့် ကိုယ် ကိုယ် ပြန် ကြည့်သော အခါ မှ ရဲငနဲ ပြောမည် ဆိုလည်း ပြောစရာ ဖြစ်နေသည် ကို သတိပြု မိတော့၏ ။ ကျွန်တော် သည် ညသတင်း ယူရန် အထွက် တွင် ခါတိုင်းလို ရိုးရိုး မဝတ်ဘဲ ရုပ်ရှင် ထဲ က ဇေယျ တို့ ရွှေဘ တို့ ၊ သေကွ တို့ အားကျ ကာ ဇာတ်လိုက် စိတ် ပေါက်ပြီး ဘောင်းဘီရှည်နက် ၊ အင်္ကျီ နက် ၊ ဦးထုပ်နက် တို့ နှင့် နက်နိုင် သမျှ နက် ပြီး ဝတ်ဆင် လာခဲ့မိခြင်း ဖြစ်ရာ စင်စစ် ဇာတ်လိုက် နှင့် ကား မတူ ၊ အလစ် ကွမ်းယာဆိုင် ဖောက်မည့် မိုးနက် စတိုင် ဖြစ်နေချေသည် တကား ... ။ ဤတွင် မှ ကိုယ့် ဟာ ကိုယ် စိတ်ရူးပေါက်ခြင်း အတွက် ဒေါသ ထွက် မိတော့၏ ။ သို့ရာတွင် မကြာမီ ထိုသို့ နက်နိုင် သမျှ နက်၍ ဝတ်ခဲ့သော မိုးနက် အဝတ်များ ကို ပင် ကျေးဇူးတင်ရသည့် အဖြစ် ရောက်ရလေတော့သည် ။ ဘယ့်ကြောင့် ဆိုသော် ထို အဝတ်နက်များ ကြောင့် အချုပ်ခန်း ဝ ရောက် ကာ ကံဆိုး ရ သော် လည်း ကံ ကောင်း ချင်တော့ ထို အဝတ်နက်များ ကြောင့် ပင် ရဲအုပ်ကြီး သမီး လှလှသန်း လေး နှင့် ဖူးစာ ဆုံ ဖို့ ဖန်လာခြင်း အတွက် ဖြစ်လေသည် ။ ထိုနေ့က လှလှသန်း နှင့် တွေ့အောင် ဖူးစာရေးနတ် က ကျွန်တော့် စိတ် ကို မိုးမှောင် အဝတ်များ ဝတ်ချင်အောင် တမင် စေ့ဆော်ခဲ့သည် ဟု ပင် ကျွန်တော် ထင်မိ၏ ။ သို့သော် ထို ဖူးစာရေးနတ်ငနဲ က ပင် မလို တစ်မျိုး လို တစ်မျိုး နှင့် ဘယ်လို ဆက်၍ ကလီကမာတွေ လျှောက် လုပ်သည်ကို စာရှုသူ တို့ ဆက် ရှုပါ လျှင် သိမြင်ရမည် ဖြစ်ပါသည် ။

ဤသို့လျှင် ကျွန်တော် နှင့် လှလှသန်းလေး တို့ တွေ့ကြုံပုံ မှာ တရားခံ နှင့် ပုလိပ်သမီး တို့ တွေ့နည်းကား နှင့် တွေ့ခဲ့ရခြင်း ဖြစ်လေသည် ။ ထို ည က အိုးဝေတိုက် မှ ထောက်ခံချက် အရ အချုပ်ခန်း မှ ထွက်ခွာ လာနိုင်ခဲ့သော် လည်း ကျွန်တော် ဂတ်တဲ မှ မထွက်နိုင်အောင် လှလှသန်း က ဆွဲထား လေတော့သည် ။ လှလှသန်း ကိုယ်တိုင် ကျွန်တော့် ဘောင်းဘီစ ကို ထဆွဲ မထား သော်လည်း လှလှသန်း ၏ ရူပါရုံတွေ ဘာရုံတွေ ဆိုတာက ဆွဲနေပြီ တကား ။ လှလှသန်း အား ကျွန်တော် သည် ယောက်ျားကောင်း ပီပီ မြင်မြင်ချင်း ကြိုက် မိရာ က တတ်သမျှ ပညာ ဖြင့် အစွမ်းကုန် ဂေါ်စစ် ဖြန့် ပြီး ဂေါ်ထိုး စစ်ဆင်ရန် ဆုံးဖြတ် လိုက်ပါသည် ။

သို့သော် ... ဤလောက ၌ သူ့ သမီး ယူရေး ကိစ္စများ သည် အတော် မလွယ်ကူချေ တကား ။ သတင်းစာနယ် ၊ စာပေနယ် တွင် သာကဒိုး သည် ဂေါ်ပရိယာယ် ၊ ဂေါ်စစ်ဆင် ၊ ဂေါ်စစ်တက် ဂေါ်တိုက်ပွဲဆင်မှု တို့ ၌ ဂေါ်ဝိဇ္ဇာ ဘွဲ့ ရလောက် အောင် ဂေါ်ရည် ဂေါ်ချင်း အတော်ဆုံး ဟု ထင်ရှား ခဲ့ပါ သည် ။ ဂေါ်ဝိဇ္ဇာဘွဲ့ အတွက် ဘယ်သူက မှ အောင်လက်မှတ် သာ မပေးသေးတာ ဂေါ်ရည်ကောင်းကြောင်း ကို မူ ဝိုင်း၍ အသိအမှတ် ပြုခြင်း ခံခဲ့ရပါသည် ။ ဂေါ်ဝိဇ္ဇာအောင်လက်မှတ် လက်ခံ မရှိလင့်ကစား ..“  ခုံဖိနပ်စာ ရယ် နားအုံစပ် မှာ တွယ် ...” ဟူသော စာများ “ ရှင်ကြီး .. ကျုပ်တို့ အိမ်ရှေ့ လာပြီးတော့  ... ခွေးနာ လောက် ကိုက်သံ နဲ့ သီချင်း မဆိုပါနဲ့တော့ ... ပုလိပ် တိုင်ရလိမ့်မယ် ...” ဆို သော စာများ “ ကိုယ့်အမေ ... ကိုယ့် အစ်မ နဲ့ ကိုယ်ချင်းမစာ တတ်ဘူးလား ...”  စသော ဂေါ်သက်သေခံ စာများ ယွန်းသေတ္တာကလေး နှင့် အပြည့် လက်ခံ ရရှိ ထားပြီး ဖြစ်ပါသည် ။ ထိုမျှ ကျွန်တော် တော်၏ ။

ထိုသို့ တော် သဖြင့်လည်း သာကဒိုး ထက် ဂေါ်ရည် ညံ့သော အပေါင်းအသင်း သတင်းစာကြမ်းပိုး စာပေငနဲ များ အား ရှာလပတ်ရည်သည် ပိုး လျှင် ဆီးရွှင်လတ္တံ့ ၊ ကွမ်းယာသည် ကို ပိုး လျှင် သွားချေး ထူလတ္တံ့ ၊ ငါးရွဲသမီး ကို ပိုးလျှင် ငရဲကြီး လတ္တံ့ ၊ ပန်းသည် ပိုး လျှင် ကုသိုလ်ရလတ္တံ့ ၊ ဆရာမ ပိုးလျှင် ပညာတိုး လတ္တံ့ စသည်ဖြင့် တတ်သမျှ ပညာ မနေသာ ဆိုသလို ဂေါ်သင်ခန်းစာ ဂေါ်နိဿယများ ပေးခဲ့လေသည် ။ ထို ဂေါ်နိဿယများ ကို ပညာပါရမီ ဖြန့်ဝေသော အားဖြင့် သတ္တဝါ ဂေါ် ဝေနေယျများ ကို စေတနာ ထားပြီး ဤ မြဝတီ မဂ္ဂဇင်း “ ဗိုလ်ချီသလုံး ” ဝတ္ထု တွင် အကျယ်တဝင့် ရေးသား ခဲ့ပြီး ဖြစ်ရာ ဤနေရာ တွင် ကျမ်းလေးအံ့ စိုး၍ အကျယ် မဖော်လိုတော့ပြီ ။ သို့သော် .. ထို ဗိုလ်ချီသလုံး ဝတ္ထု တွင် ပင် ပြည်ထောင်စုနိုင်ငံသား ဂေါ်သွေးသောက် အပေါင်းတို့ အား သာကဒိုး မတတ်နိုင်၍ ဂေါ်အကူအညီ ပြုပြီး ဂေါ်အကြံ ပေးကြပါရန် မေတ္တာရပ်ခံ ခဲ့သည် ကို ဖတ်မိသူ တို့ မှတ်မိကောင်း မှတ်မိမည် ထင်ပါသည် ။ ၎င်းမှာ ပဲလှော်သည် ကို ပဲလှော် ဝယ် ရင်း ပိုးနိုင် သလို ၊ အထည်သည် ကို အထည် ဝယ်ရင်း ပိုးနိုင် သလို ၊ ဇာဘော်လီသည် ကို ဇာဘော်လီ ဝယ်ရင်း ပိုး ဖို့ အတော် ခက်နေသည့် ဂေါ်ဝိနိစ္ဆယ ကိစ္စကြီး ပင် ဖြစ်ပါသည် ။ ထို ဂေါ် အခက် ကို သာကဒိုး သည် ယခုတိုင် မရှင်းနိုင်သေးပါ ။ ဟုတ်တယ်ဗျ ၊ သာကဒိုး သည် ယခုအခါ သိမ်ကြီးဈေး ၌ ဇာဘော်လီသည် မြာ အနိပ်ကလေး တစ်ယောက် တွေ့ထား သော်လည်း ဂေါ်နည်းလမ်း အကြံ ခက် ကာ ဂေါ်တိုးလို့တန်းလန်း နှင့် အဒေါ် အတွက် ဆိုပြီး ဇာဘော်လီ ဝယ်ရမှာ လည်း အခက် ။ နှမအတွက် ဆိုပြီး ပြော ဝယ်ရမှာလည်း အခက် ။

သိမ်ကြီးဈေး တွင် ဇာဘော်လီသည် အနိပ်ကလေး တစ်ယောက် တွေ့ထားတယ် ဟု ဆိုသဖြင့် ဂေါ်ထုကြီး အုံကြွပြီး သိမ်ကြီးဈေး သို့ တရကြမ်း ချီတက်ကြ လျှင် ဒုက္ခ တွေ့ကုန်ကြမည် ကို ကြိုတင်၍ တစ်ခု သတိပေး လိုပါ သေးသည် ။ မိတ်ဆွေ ဂေါ်လောကသား အပေါင်းတို့ ဇာဘော်လီဆိုင်များ ရှေ့ သွား လျှင် အန္တရာယ် ရှိတယ် ဆိုတာ တစ်ခု သတိထား သွားကြဗျ ။ ရဲစွမ်း သတ္တိ နဲ့ စိတ်တော်တော် နိုင်မှ သွားကြဗျ ၊ သာကဒိုး တော့ သွားတိုင်း သွားတိုင်း ကြက်သီးတွေ တဖြန်းဖြန်း ထ လှတယ် ။ ဘာကြောင့်လဲ ဆိုတော့ ခုခေတ် ဇာဘော်လီဆိုင်တွေဟာ ရိုးရိုး မရောင်းကြတော့ဘဲ ဖောင်းဖောင်းဖုဖု ဟိုမှာ ပုံစံတုမျိုးစုံ ကို သူ့ ထက် ငါ အပြိုင် စပယ်ရှယ် စပယ်ရှယ်တွေ ပြုလုပ် ရှိုးပြ ထားတော့ တော်တော် အသည်းယားစရာ ကောင်းလှသဗျာ ၊ ဒါကြောင့် အဆွေ သတ္တလောက ၊ သင်္ခါရလောက ၊ သြကာသလောက သား အပေါင်းတို့ ဇာဘော်လီဆိုင်များ ရှေ့ သွား လျှင် အလွန် ဘေးအန္တရာယ် ကြီး လှ သဖြင့် ဣတိပိသော နာနာရွတ် သွားဖို့ မမေ့ကြနဲ့ ဟရို့ ရဲ့ ... ။

သာကဒိုး သည် ဇာဘော်လီသည် ပိုးဖို့ ဘယ်လို ကြံဆ၍ နည်းလမ်း မရ ဖြစ်နေစဉ် လှလှသန်း အား တွေ့ရသော အခါ ပိုးရ ခက်သော မြာတစ်စား အဖြစ် သတ်မှတ်ရ ပြန် တော့သည် ။ လှလှသန်း သည် ပုလိပ်သမီး မဟုတ်ပါ လော ။ ကျွန်ုပ်တို့ ‘ အသည် ’ တွေ ကို ‘ ဝယ် ’ စနစ် ဖြင့် ဂေါ်လျှင် ဇာဘော်လီသည် က လွဲလျှင် မကပ်နိုင် စရာ မရှိ ဟု သတ်မှတ်ခဲ့ကြ ကုန်၏ ။ သို့သော် ပုလိပ်သမီး နှင့် နီးချင်သော် ဘယ်နည်း သုံး၍ ကပ်ရမည်နည်း ဟု သာကဒိုး သည် အကြံ ခက်ရ ပြန်လေသည် ။ ဟုတ်သည် ။ ဒါလည်း တော်တော် ဂေါ်ရ ကျပ်သည့် မြာ တစ်စား ဖြစ်သည် ကို ကိုယ်တွေ့ ကြုံမှ သင်ခန်းစာ ရပြန် တော့သည် ။ ပုလိပ် သမီး နဲ့ နီးအောင်ဆိုတော့ သူတို့ ပုလိပ်ဇာတ် ထဲ ပဲ ဝင်ပြီး ကပ်ရ ကောင်းမလား ဒါမဟုတ် ကိုရွှေပုလိပ်သမီး နဲ့ အမြဲ နီးစပ်သွားဖို့ ခဏခဏ ပုလိပ် ဖမ်း ခံရ အောင် ကြံပြီး တရားခံ အဖြစ် နဲ့ ပဲ ဂေါ် ပွဲ ဆင်ရ ကောင်းမလား ။ ဒါလည်း နိပ်သေး ပါဘူး .. သူ့ သမီး ပိုး နေမှန်း သိရင် ရဲငတိ က အချုပ်ခန်း ထဲ မှာ တရကြမ်း ဖိနေ လို့ ရှောက်ကျိုး နည်း နေဦးမယ် ။

အေးလေ ... ပုလိပ်သမီး ပိုးချင် ကြ လျှင် သတိတမံ ဉာဏ်မြေကတုတ် ပညာစွမ်း ကို ချွန်းအုပ် တဲ့ ။ ပြီးတော့ အခြေအနေ ကို ကြည့် ပိုးကြပေါ့လေ ။ သာကဒိုး ကား ဤသို့ အားဖြင့် မှတ်မှတ်ရရ ဗိုလ်ချုပ် တို့ လုပ်ကြံခံရသည့် နေ့ ည က အချောင် ဂက် ထဲ ရောက်ရာ က ဂက်တန်းလျား မှ လှလှသန်း တည်း ဟူသော ရှုမငြီး သည့် ပုလိပ်သမီး ကြိုက်ခဲ့ မိ လေပြီ ။ သို့သော် ဖော်ပြခဲ့သည့် အတိုင်း ဂေါ်စစ်ဆင်ရန် အခက်ကြုံ နေသည်တွင် မိုက်ဖော် မိုက်ဖက် တွင် သတင်းထောက်များ ဖြစ်သော ဗမာ့ခေတ် မှ ‘ ကျောက်စားပွဲ မြသွင် ’ ၊ မြန်မာ့အလင်း မှ ‘ ဂျိုမောင်စိန် ’ တို့အား မမလေး ပိုး ဖို့ လူဆိုးများ နဲ့ မောင် တိုင်ပင် ဆိုတာ လို ငနဲများ အား ဂေါ်အကြံဉာဏ် တောင်းရလေတော့သည် ။ စာရှု သော ပုဂ္ဂိုလ်များ သည် ဂျိုမောင်စိန် ၊ ကျောက်စားပွဲမြသွင် ဟု ကျွန်တော် ဖော်ပြရာ ၌ သူရို့ နာမည် ရှေ့ မှ ဘွဲ့ထူးကလေးများ ကို ဂရုပြုမိကောင်း ပြု မိမည် ထင်ပါသည် ။ ထို ဘွဲ့ထူးများ အကြောင်း ကို တချို့က သိချင်ကောင်း သိချင်မည် ဖြစ်၍ ဒါကို နည်းနည်း ရှည် လိုက်ချင်ပါသေးသည် ။ အစ်ကိုတို့ အစ်မတို့ သည် အင်္ဂလိပ် တို့ က ပေး တတ်သော “ ကေအက်စ်အမ် ” ဘွဲ့ တို့ “ အေတီအမ်ဘွဲ့ ” တို့ ကြားဖူးကြမှာပေါ့  ။

နောက်ပြီး ဗမာပြည် လွတ်လပ်ရေး ရ မှ ပေါ် လာသော ‘ မဟာသရေ စည်သူ ’ တို့  ၊ ‘ သတိုးသီရိသုဓမ္မ ’  တို့  ၊ ‘ ဝဏ္ဏကျော်ထင် ’ တို့ ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူး တွေ ကို တော့ ကြားဖူးကြမှာပဗျာ ။ အဲသလိုပဲ ‘ ကျောက်စားပွဲ ’ တို့ ‘ ဂျို ’  ဆိုတာတွေ လည်း ဘွဲ့ထူးဂုဏ်ထူးများ ဖြစ်ပါတယ် ။ သို့သော် ဒီ ဘွဲ့ထူးများဟာ သတင်းစာလောကသား အချင်းချင်း သာ သိပြီး အချင်းချင်းသာ ပေးတဲ့ ဘွဲ့ များဖြစ်ပါတယ် ။ အပြင်လူများ ဒီ ဘွဲ့ တွေ ကို လိုချင်လို့ လဲသေသေ မရနိုင် ပါ ။ ငွေ ပေး လို့ လည်း မရပါ ။ သူတို့ ကဲ့သို့ ဘွဲ့ ရသူ အများအပြား ကို လည်း နာမည်ကျော် သတင်းစာဆရာများ အသင်းတိုက်ကြီး မှာ တွေ့ရှိနိုင်ပါသေး တယ် ။ မိတ်ဆွေတို့ အားလပ်တဲ့ အခါ တစ်ခါ တစ်ခေါက် သတင်းစာအသင်းတိုက် ကို ဗဟုသုတ အဖြစ် သွားရောက်စမ်းပါ ။ ဒီလို ဘွဲ့ရ ပုဂ္ဂိုလ်ကြီးများ ဥပမာ မှုန်မပြေ ဘသန်းလေး ၊ ဂျင်မခါနာ မြရီ ၊ ဥက္ကဋ္ဌ စံလှထွန်း ၊ တစ်ဝက် လှဒင် ၊ ပျော့ပျော့ကလေး မောင်ကျော် စသည်ဖြင့် ဘွဲ့ထူးများ တပ် ၍ ခေါ်သံများ ကို ကြားရမည် ဖြစ်ပါတယ် ။ ထိုသို့သော နာမည် ရှေ့မှ ဘွဲ့ထူးများ မှာ သရေစည်သူ တို့ ၊ ဝဏ္ဏကျော်ထင် တို့ ကဲ့သို့ ပုဂ္ဂိုလ် ၏ ဂုဏ်ထူး အရ ချီးမြှင့်ရရှိ တတ်သည် မှန်သော်လည်း ၊ ခြားနားချက် တစ်ခု ကား ရှိပါတယ် ။ အဲဒါက တော့ သရေစည်သူ တို့ ဝဏ္ဏကျော်ထင် တို့ မှာ ကောင်းတဲ့ အချက်ပေါ် မူတည်ပြီး ဘွဲ့ပေးခြင်း ဖြစ်သော်လည်း ကျောက်စားပွဲ တို့ ပျော့ပျော့ကလေး တို့ ကတော့ မကောင်းတဲ့ အချက်တွေ အပေါ် မူတည်ပြီး ဘွဲ့ပေးခြင်း ဖြစ်ပါ တယ် ။

ဒီ ဘွဲ့ကလေးတွေ ရတဲ့ ရာဇဝင် က လည်း တော်တော် စိတ်ဝင်စားဖွယ် ကောင်းလွန်း လို့ အခွင့်သင့်တုန်း အများလူစု ဗဟုသုတ ဖြစ်အောင် သာကဒိုး က ဖော်ကောင် လုပ်ပြီး နည်းနည်း ရှည်ချင်သေးတယ် ဗျာ ။ ဥက္ကဋ္ဌ စံလှထွန်း ဆိုတာ သတင်းစာအသင်း ၊ သတင်းထောက်အသင်း တို့ မှာ ဥက္ကဋ္ဌ ဖြစ်လို့ မဟုတ်ဘူးဗျ ။ ငနဲကြီး က တစ်ခါမှ ဥက္ကဋ္ဌစော် မနံရှာပါဘူး ။ ဒါပေသိ တစ်နေ့ တော့ အသင်းတိုက် ရှေ့ မှာ ဦးစံလှထွန်း က စတိုင်ကြီး တစ်ခွဲသား နဲ့ လျှောက် လာတုန်း ဗြုန်းဆို မိန်းမ တစ်ယောက် ပေါက်လာပြီး “ ရှင် ဘာကောင်လဲ ... ရှင် ဟာ ဥက္ကဋ္ဌကြီး ဆို ဥက္ကဋ္ဌ လုပ် နေပြီးတော့ .. ကျန် နေတဲ့ ငွေနှစ်ကျပ်ခွဲ ကို ခုထိ လာမပေးဘူး ... ၊ အဲဒါပဲ ... အူကြောင်ကြောင်တော့ မလုပ်နဲ့  ၊ နောက် မရဘူး သိလား .. ” ဟု ချိုမြသော အသံ ဖြင့် ကက်ကက်လန် ရန်တွေ့ ရာ က ဦးစံလှထွန်း သည် ဥက္ကဋ္ဌ ဘွဲ့ထူးကြီး ကို ရရှိလေတော့ သတည်း ။

အမည် မသိ မိန်းမ တစ်ဦး က ခန့်ထား ခဲ့သော ဥက္ကဋ္ဌကြီး ပဲ ဗျာ .. ။

အဲ ဂျင်မခါ နာ - မြရီ ဆိုတာ ကတော့ ဂျင်မခါနာ မိန်းမဆေးရုံ ကိစ္စ ရှိရင် ( ဝါ ) လိုတာ ရှိရင် ( ဝါ - ဝါ ) ဆရာမများ ပိုးချင်ရင် ၊ သူ က အပို့ အင်မတန်ကောင်း ပေလို့ ဒီ ဘွဲ့ထူးကြီးရ ဆိုပဲဗျ ။ ဟံသာဝတီသတင်းထောက် မောင်လှဒင် ‘ တစ်ဝက်ခ ’ ဘွဲ့ ရတာတော့ တယ် မပြောချင်ဘူးဗျာ ။ စားပေါက် ပိတ်မှာ စိုးရတယ် ။ သို့သော် ဖော်မိလက်စ နှင့် ဘော့ ထူးတော့ပါဘူး ။ ဒီလိုဗျ ဒီငနဲ က ရန်ကုန်မြို့ လျှို့ဝှက်စခန်း တစ်ခု မှာ တစ်ဝက်ခ ရ ဆိုကိုး ...  ။ ဒီ ငနဲ က ဒီလို ရ တာ ကို သူ တစ်ယောက်တည်း အုပ် မထားဘဲ သတ္တဝါ ဝေနေယျများ မေတ္တာ ထားပြီး သတင်းထောက် အသင်းဝင်များ အားလုံး ကို လည်း တစ်ဝက်ခ ရ အောင် လုပ်ပေးနိုင်လို့ ဒီလို ဘွဲ့ထူးဂုဏ်ထူး နဲ့ ချီးမြှင့်ထားခြင်း ဖြစ်သတဲ့ဗျာ နိပ်ဟ ...

အား ... ပျော့ပျော့ကလေး မောင်ကျော် ဖြစ်ပေါ်လာပုံ က တော့ ပြောရမှာ ကြက်သီးထ စရာကြီး ဗျာ .. ။ သူ ဘွဲ့ရပုံ က စွန့်စားခန်းကြီး နဲ့ ယှဉ် နေလို့ပါပဲ ၊ သူ့ အကြောင်း နားထောင်ရတာ ကို က ရင်တဖိုဖို အင်မတန် ရှိလှတယ် ။ ငနဲ ကလေး က သိပ်တော့ မခေလှဘူး ။ တိုးတက်ရေးသတင်းစာတိုက်ရှင် ဦးစိန် ရဲ့ သား ၊ တိုးတက်ရေးသတင်းထောက် ပ ဗျာ ။ ဒီလိုဗျ .. တစ်နေ့တော့ ငနဲကလေး ဟာ ဇောကြီး - မောကြီး - ရေးကြီး - သုတ်ပျာ နဲ့ သတင်းစာ အသင်းတိုက် ပေါ် ပြေးတက် လာ တာကိုး ။ ဒီတော့ သတင်းထောက် ရဲဘော်တွေ ပဲ “ ဟေ့ .. မောင်ကျော် ဘာဖြစ်လာ သလဲ .. ဘာ သတင်း ရလာလို့လဲ ... ” လို့ ဝိုင်း မေးကြ တာပ ။ ဒီလို မေး ကြတော့ မျက်လုံးကြီး ပြူး ပြီး ချွေးသံ တရွှဲရွှဲ ဖြစ်နေတဲ့ သူ့ မျက်နှာကြီး ဟာ စပ်ဖြီးဖြီးကြီး ဖြစ်သွားပြီး ...

“ အဟီး .. အဟီး ... ပြောချင်ပါဘူးဗျာ ... ၊ အဟီး ... အဟီး ... ” 

“ ဟ ... ဘာလို့ မပြောချင်ရတာလဲ ... ဘာလဲ မင်း က သတင်းကောင်း မိလာလို့ ... တို့ မပေးချင်ဘူးပေါ့လေ ... ။ မင်း တစ်ယောက်တည်း စကု ( သတင်းထူး ) လုပ်မယ်ပေါ့ လေ ... ”

သတင်းထောက်များ က ဝိုင်း အာ ကြ၏ ။

“ အာ .. ဒီလို မဟုတ်ပါဘူး ၊ သတင်း ကိစ္စ မဟုတ်ပါဘူး ...” 

“ နို့ ... ဘာလဲ .. ”

“ ကျွန် ... ကျွန်တော် .. အပျိုလေး အသား ကိုင်လာခဲ့ရတယ် ... ” 

“ အေ .. ဟုတ်လား .. ”

“ ပြောပါဦး .. ဘယ်လို ကိုင်လာရတာတုံး ” 

“ ဖွင့်ချပါဦး ဟ ... ဘယ်နေရာ ကို ကိုင်ခဲ့ရတာလဲ ကွ .. ” 

သတင်းထောက် လောကကြီး သည် အုန်းအုန်းကျွက်ကျွက် သောသော ရုတ်ရုတ် ဖြစ်သွားလေတော့သည် ။ သူတို့ သည် ဒါမျိုး ဝါသနာ မပါကြ ရှာ သဖြင့် ဝိုင်း လာပြီး အငမ်းမရ မေးကြလေတော့သည် ။

“ လုပ်ပါဟ ... ဘယ်လို ကိုင်လာရတာလဲ ... ”

“ ဘယ်လို အရသာ နေသလဲဟ .."

“ အဟီး .. အဟီး .. တစ်မျိုးကြီးပဲ ဗျ .. ” 

မောင်ကျော် က ရှက်ကိုးရှက်ကန်း နှင့် ဖြေလေသည် ။ သို့သော် ရဲဘော် သတင်းထောက်များ က အဖြေ ကို မကျေနပ်ဘဲ ဝိုင်းအုံ တိုးဝှေ့ ကာ ..

“ ဟကောင်ရ ... ဘယ်လို တစ်မျိုးကြီးလဲ ကွ ၊ ပြောစမ်းပါဦး ...” 

“ အဟီး .. သူ့ အသား သွား ကိုင်တော့လေ .. ကိုင်လိုက်တော့လေ ” 

“ အေး ... အေး ... ”

သတင်းထောက်များ သည် ဤနေရာ တွင် အားလုံး အသက်ရှူ ရပ် ကုန် ကာ အားလုံး ရင်တဖိုဖို .. ။

“ အေး ... အေး ... ”

“ ပျော့ပျော့ကလေး နေတယ်ဗျ ... ” 

“ အာ ... လခွီးတဲ့မှပဲ ...”

ထို အဖြေ ကို အားလုံးကပင် မကျေနပ်ကြချေ ။

ထို့ကြောင့် ...

“ မင်းဟာက ဟုတ်သေးပါဘူး .. ဘယ်လိုနေလဲ ဆိုတာ ခေါင်းအေး အေးထားပြီး ပြန်စဉ်းစားစမ်းပါဦး ...”

“ နို့ ... ဘယ် သွား ကိုင်လို့ ပျော့ပျော့ကလေး နေရတာလဲ ကွာ ” 

“ အာဗျာ ... ဒါတော့ ပြောချင်ပါဘူးဗျာ ... ရှက်စရာကြီးဗျာ ...” 

ဒီလို ပြောလေ ငနဲတွေ ငမ်း လေ ...

“ ပြောပါကွာ ... ”

“ ပြောပါကွာ ...  ”

“ လုပ်ပါကွာ ... ငါတို့ ကနေ့ ရတဲ့ သတင်း အားလုံး မင်း ကို ပေးပါ့ မယ် ...”

“ အဟိ - ဒီလိုဗျ ဖြစ်ပုံက ကျွန်တော်တို့ အိမ်နား မှာ ၁၄ နှစ် လောက် ကောင်မလေး ရှိတယ် ... ဒီနေ့ တော့ ... ”

“  အဲ ... အဲ ... ”

“ ဒီနေ့တော့ ကောင်မလေး အောက် ဆင်းရင်း ပုရွက်ဆိတ် ကိုက်ပါရော ဗျား ... ”

“ ဘယ်နေရာ ကိုက်တာလဲ ... ရှင်းပါဦး ဟ ...”

“ ခြေထောက် ကို ဗျ ... ဒီလို ကိုက်တော့ ... ခုန်ဆွ ခုန်ဆွ ဖြစ်နေတုန်း ... ကျွန်တော် က သွားပြီး ပုရွက်ဆိတ်တွေ ပွတ်ချ ပေးတာကိုး ဗျ ...”

“ ဒီတော့ ဘယ် ပျော့ပျော့ကလေး ကိုင် မိတာလဲ ...”

“ ခြေဖမိုး ကို လေ ..” 

“ ထွီ ... ” 

ထိုနေ့မှ စ၍ မောင်ကျော် သည် ‘ ပျော့ပျော့ကလေး ’ ဘွဲ့ထူး အပ်နှင်းချီး မြှင့်ခြင်း ခံရလေတော့ သတည်း ။ ထို့အတူ စွန့်စားမှု နှင့် ယှဉ်၍ ဘွဲ့ရသူများ အများအပြား ပင် ရှိပါသေးသည် ။ စာမျက်နှာ အားနာ၍ အကျယ် ဖော်ကောင် မလုပ်ချင်ပါပြီ ။ မြန်မာ့အလင်း - မောင်စိန် ‘ ဂျိုမောင်စိန် ’ ဖြစ်ရခြင်းကား သူ နှင့် တွဲ၍ သွားလေရာရာ တွင် တစ်ခုခု ဖြစ်တတ်ပြီး ချောက်ကျ ချိုကျ တတ်၍ ပင်ဖြစ်၏ ။ ‘ ကျောက်စားပွဲ ’ ဘွဲ့ထူး ဗမာ့ခေတ်မြသွင် ကို အပ်နှင်းခြင်း အကြောင်းမှာ မူ ၊ မိန်းမများ ကြား လျှင် လန့်စရာတော့ အတော် ကောင်းပါမည် ။ သွေးနုနု သားနုနု အမျိုးသမီးများ ရှေ့ ဆက် မဖတ်ရန်ပင် မေတ္တာရပ်ခံ ချင် ပါသည် ။ မြသွင် သည် ဘိုင်စကုတ် လွှတ်ချိန် ၊ ရုံးဆင်းချိန်များ တွင် လမ်းမ မှ နေ၍ တွေ့သမျှ မ , သတ္တဝါတို့ အား အားရပါးရ ရှုတော် မူပြီး အောက်ပါ အတိုင်း မိန့်ကြား တတ်လေသည် ။

“ အဟင်း .. ဟင်း .. ဒါတွေကြောင့် ငါ တော်တော် ခက်နေတယ် ... တောက် ( မိုးကြိုးသံ တမျှ ပြင်းထန်လှသော တောက်ခေါက်သံ ကြီး ... )  ဒီလို လှတာလေးတွေ ကို လေ ... တောက်..ဘာလုပ်ချင်သလဲ သိလား .. ကျောက် စားပွဲ ပေါ် တင်ပြီးတော့ ... ဘေး က နေ ကျားဟိန်း လှည့် ဟိန်းနေချင် တာပဲ .. တောက် ”

မြသွင် ကြိမ်းဝါးသံ မှာ ဘီလူးကြီး အာဠာဝက ကြိမ်းဝါးသံ ထက် ပင် ကြောက်မက်ဖွယ် ကောင်းလှချေသည် တကား ။ ထိုသို့ မိန်းမ မြင် လျှင် ကျောက်စားပွဲ ပေါ် တင် ၍ ကျားဟိန်း ဟိန်း နေ ချင်သော ကိုမြသွင် နှင့် ဂျို မောင်စိန် တို့ ကို မိန်းမ ကိစ္စ နှင့် ပတ်သက် လာ လျှင် သာကဒိုး သည် တော်တော် ကြောက် ၏ ။ သို့သော် ကိုယ်တိုင် ဂေါ်ဝိဇ္ဇာဘွဲ့ကြီး ခံ ထားသော်လည်း ပုလိပ်သမီး ကျတော့ မကပ်နိုင် ဖြစ်ကာ လက်မှိုင် ချရ မလို ရှိ နေရာ ကျွမ်းကျင်ရာ လိမ္မာ ဆိုသလို ဟန်လို ဟန်ငြား ငနဲများ ထံပါး ကြိုးစားရခြင်း ဖြစ်လေသည် ။ အထူးအားဖြင့် မြသွင် နှင့် မောင်စိန် တို့ သည် သတင်းထောက် လောက တွင် ပုလိပ် နှင့် အပေါင်းအသင်း အများဆုံး ၊ ပုလိပ် နှင့် အတည့်ဆုံး ၊ ဝေစား မျှစား အကျဆုံး ၊ ငနဲများ ဖြစ်သောကြောင့် လည်း ယခု ကိစ္စကြီး တွင် သာကဒိုး ဂေါ်အကြံပေး အရာရှိ ( ဝါ ) ဂေါ်ဩဝါဒစရိယ အဖြစ် ဖြင့် ငနဲ များ ကို ယာယီ တင်မြှောက်ရခြင်း ဖြစ်သည် ။ ဤ ကိစ္စ တွင် မြသွင် က

“ ကိုယ့် လူ က တယ် ညံ့တာကိုး .. လောက မှာ သတင်းထောက် ပိုး မရတဲ့ မိန်းမ ရယ် လို့ မရှိဘူးကွ .. မှတ်ထား ”

“ ဟုတ်ပါတယ် ဆရာ ရယ် ... ကြည့် လုပ်ပေးပါ ဆရာရယ် ...” 

“ သတင်းထောက် ဆိုတာက နေရာတကာ ကို သတင်း ရအောင် သွား လာ နေရတာ မဟုတ်လားကွ ၊ နေရာတကာ သွားလာ နေလို့ လည်း နေရာ တကာက မိန်းမတွေ ကို ပိုး နိုင်တာပေါ့ ။ ပိုးချိန် လည်း သူများ ထက် ပို ရတယ် မဟုတ်လား ၊ မှတ်ထား သတင်းထောက် နဲ့ ပြိုင် ပိုးတဲ့ ငနဲ ဆိုရင် လိမ့်တာ ချည်းပဲ ... ”

“ ဘာကြောင့်လဲ ... ဆရာ ရဲ့ ”

“ အရှင်းသားပဲ ကွ ၊ အပြိုင် ငနဲ က အလုပ် ကုန်း လုပ် နေတုန်း ငါတို့ က အချိန်ပို ယူပြီး သွား ပိုး နိုင်တယ် မဟုတ်လားကွ ၊ ငါတို့ အလုပ် ကို က လမ်းလျှောက် နေရတဲ့ အလုပ် ဆိုတော့ အလုပ် လုပ်ရင်း လည်း .. မိန်းမ လိုက် ပိုး နေနိုင်တာပဲ .. တို့ နဲ့ ဘယ်သူ ပြိုင်လို့ ရပါ့မလဲ ...”

“ ဒါနဲ့ ဆရာ ဂေါ်နေတဲ့ ... အေဂျီရုံး က ကောင်မလေး ကိစ္စ က ဘယ်လို ဖြစ်သွားတာလဲ ဆရာ ”

“ အဲဒါတော့ ငါ မပြောချင်ဘူး ကွာ ... သူ က ငါတို့ ထက် ပို လည် သွားတယ် ကွာ ... ”

“ ဘယ်လိုလဲ ... ဆရာ .. ”

“ တို့ သတင်းထောက်တွေ ဟာ .. သူများ ထက် ပိုးချိန် ပို ရလို့ ... ဒီကိစ္စ မှာတော့ ... ချောက်ကျရတာပဲ ကွာ ” 

“ လင်းပါဦး ဆရာ ...”

“ ဒီလိုကွာ .. သူငယ်မ က ရှင် ဟာ သတင်းထောက် မို့ လို့ ကျွန်မ ဆီ ခဏ ခဏ လည်း လာနိုင်တယ် ၊ နေရာတကာ လည်း ရောက်တယ်တဲ့ .. ဒီတော့ ရှင် ဟာ နေရာတကာ က မိန်းမတွေ ကို လည် ပိုး ပြီးတော့ ... ခဏခဏ သွား နေမယ့် လူစားပဲ ဆိုပြီး .. ငါ့ လျှောက်လွှာ ကို ပယ်ချ လိုက်တာပါပဲကွာ .. ”

သေဟ နန္ဒိယ သူများ ထက် ဂေါ်ချိန် ပို ရသော သတင်းထောက် များ မှာ သူများ ထက် ဂေါ်ချိန် ကို ရ၍ပင် ဂေါ်မစွံ ဖြစ်ရတတ်ကြောင်း ကို ဆရာကိုမြသွင် က ကိုယ်တွေ့ နှင့် ယှဉ်၍ သင်ပြ မှ ပင် ကျွန်တော် ဂေါ်ဗဟုသုတ တစ်ခု ရပေတော့သည် ။

( အပိုင်း -၂ ) ဆက်ရန်

◾ သာဂဒိုး

📖 မြဝတီမဂ္ဂဇင်း
     ၁၉၅၃ ခုနှစ် ၊ မေလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment