Tuesday, September 5, 2023

သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ ( ၈ )


 

အခန်း ( ၈ )

ဦးဖေခင် နဲ့ ရေစည်လှည်း ကိစ္စ ဟာ ကျွန်တော်တို့ ဖန်တီးတာ မှန် ပေမယ့် လို့ တကယ်တမ်း လက်သည် အဖြစ် နဲ့ ပြဿနာ တက် ရတာ က ကိုမောင်မောင်ချို ဗျ ။

ဟုတ်တယ်လေ ။

ဟိုဘက် ရပ်ကွက် ၊ ဒီဘက် ရပ်ကွက် နေရာပေါင်းစုံ မှာ ရှိတဲ့ ရေစည်လှည်း ပိုင်ရှင်တွေ အဝီစိတွင်း ပိုင်ရှင်တွေ အားလုံး နဲ့ သိကျွမ်း ရင်းနှီးပြီး လိုက် ငှား ပေးတာက သူ ဖြစ်နေတာ ကိုး ။

ကိုမောင်မောင်ချို့ ယောက္ခမ နဲ့ ဦးဖေခင် ဆိုတာ က လည်း သူတို့ချင်း ( ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်း မှာ ) မျက်နှာ နာ ရတဲ့ လူရင်း တွေ မဟုတ်လား ။

အဲဒီတော့ ကိုမောင်မောင်ချို့ ယောက္ခမကြီး က ကြားထဲ က နေ မျက်နှာ ပူ ပြီး ...

“ ဒီကောင် ငါ့ အိမ်ရိပ် ကို မနင်းစေ နဲ့ ၊ သေခန်းပြတ် ပဲ ”

ဘာညာ နဲ့ ကိုမောင်မောင်ချို့ ကို ဓားကြိမ်း ကြိမ်း တော့တာ ။

ကိုမောင်မောင်ချို က တော့ ထူး ပြီး တုန်လှုပ် ဟန် မတူပါဘူး ။ အင်္ကျီ  ချွတ်လျက်သားလေး ပခုံး ပေါ် တင် ၊ အိမ်ရှေ့မြောင်း ပေါ် ခွ ဆောက် ထားတဲ့ ခုံတန်းလျား ပေါ် ကျောမှီ ထိုင်ရင်း မနေ့ ည က မက် ခဲ့တဲ့ အိပ်မက် အကြောင်း ပြန် စဉ်းစားမြဲ စဉ်းစား နေတာပါပဲ ။

ကိုဆင့်သူ က မနေနိုင် မထိုင်နိုင် သွား ပြီး ...

“ ကိုမောင်ချို ရေ ... ခင်ဗျား အခုတလော ကံ နိမ့် နေတယ် ထင် တယ်ဗျ ။ အလှူလေး အတန်းလေး လုပ်ဦး ”

ဘယ့်နှယ် ... ကိုယ့် ဘာသာ ကိုယ် ထမင်း နပ်မှန် အောင် စား ရဖို့ တောင် အနိုင်နိုင် ဗျာ ၊ ဘယ်ကလာ အလှူကြီး အတန်းကြီး လုပ်နိုင်မှာတုံး လို့ ကျွန်တော့် စိတ် ထဲ က တွေး လိုက်မိတယ် ။

ဖိုးစော က တော့ ...

“ လှူတယ် ဆိုတာ စိတ်ထား တတ်ဖို့သာ အဓိက ပါ ဗျာ ၊ ဟို ဥစ္စာဗျာ ညနေ ညနေ ဆိုရင် လမ်း ထဲ က အမှိုက်ပုံတွေ ကို လိုက် လိုက် ဖွ နေတဲ့ ဟို အဘွားကြီး ရှိပါရော လား ။ သူ့ ကို ထမင်းကျန် ဟင်းကျန်လေး တွေ ကုသိုလ် ပြု လိုက်ပေါ့ ”

ဟုတ်တယ်ဗျ ။ ပြောဖို့ မေ့နေလို့ ... ။

ညနေဘက် ရောက်တိုင်း ရပ်ကွက် ထဲ လမ်းတကာ လှည့်ပြီး အမှိုက်ပုံ တွေ လိုက်ဖွ လှန်လှော ရှာဖွေ တတ်တဲ့ ပိန်ချည့်ချည့် ခါးကိုင်းကိုင်း အဘွားအို တစ်ယောက် ရှိတယ် ။

စိတ် လည်း သိပ် မနှံ့ရှာဘူးဗျာ ။

ပါးစပ် က အယုတ္တ အနတ္တတွေ တစ်ချိန်လုံး ဆဲဆို နေတာပဲ ။

“ နင့် အမေ ... နင့် နှမ ... ဖေတစ်ရာမ ...”

စသဖြင့် စုံ လို့ ။

ဘယ်လို အဖြစ်ဆိုးတွေ နဲ့ ကြုံခဲ့ရ လို့ ဒီလို စိတ္တဇ ဝေဒနာရှင် ဘဝ ရောက်ခဲ့ရ တာလဲ ၊ ဘယ်သူတွေ ကို မကျေနိုင် မချမ်းနိုင် ခံစားခဲ့ ရလို့ ဒီလို ဘဝမျိုး ရောက်တာ တောင် မမေ့ဘဲ ဆဲဆို နေရတာလဲ ။

မသိဘူးဗျာ ။

မြင်ရတာတော့ စိတ်ချမ်းသာစရာ တစ်ကွက် မှ မရှိဘူး ။ စဉ်းစား ကြည့် လေဗျာ ၊ ကိုယ့် အဘွားအရွယ် အိုမင်းမစွမ်း ဝေဒနာရှင် တစ်ယောက် အဖာအထေးရာ ဗရပ္ပ အင်္ကျီစုတ် ထဘီစုတ် ဝတ်ပြီး ညစ်ညစ်ပတ်ပတ် အမှိုက်ပုံတွေ လိုက်ဖွ နေတာ ။

   •••••   •••••   •••••

အဲဒါနဲ့ ညနေ ကျတော့ ကိုမောင်မောင်ချို က နေ့လယ် က ကျန်တဲ့ ထမင်းတွေ ကို လက်ဖက်သုပ်ကလေး နည်းနည်း ၊ ဟင်းရည်လေး အသားတုံး လေးတွေ နဲ့ ရောပြီး ဇလုံ အဟောင်းလေး နဲ့ ထည့် .. ။

အဘွားကြီး အလာ ကို အိမ်ရှေ့ ခုံတန်းလျားလေး ဆီ ထွက်ပြီး မျှော်ရှာ တာ ပေါ့ဗျာ ။

ညနေ လေးနာရီ ကျော်ကျော်လောက် ကျ တော့ ...

“ ဟဲ့ ... သေချင်းဆိုး ၊ ဖေတစ်ရာ ... မတွေ ၊ နင်တို့ အဝှာတွေ ကို ငါ့ အဝှာပဲ ထင်သဟဲ့ ”

မေတ္တာပို့သံလေး ဝေဝေစည်စည် နဲ့ လာပါလေရော ဗျာ ။

ကျွန်တော်တို့ ရဲ့ ဒါနရှင်ကြီး ကိုမောင်မောင်ချို က လည်း ကုသိုလ် စိတ်ဇော အဟုန်တွေ ဖြာပြီး ထမင်းဇလုံလေး ကို ကိုင်လို့ အပြေးကလေး သွား ရင်း ...

“ အဘွား ... အဘွား ...  ကျွန်တော် ဒါန ပြုချင်လို့ပါ ။ ဟောဒီ ထမင်းလေး သုံးဆောင်ပါ အဘွား ”

အဘွားကြီး က ကိုမောင်မောင်ချို့ လက် ထဲ က ဇလုံအဟောင်းလေး ကို လှမ်းယူ လိုက်တယ် ။

အထဲက ထမင်း နဲ့ ဟင်း ကို ငုံ့ ကြည့်တယ် ။ ပြီးတော့ ကိုမောင်ချို့ မျက်နှာ ကို မော့ ကြည့်တယ် ။

ဇလုံ ထဲ က ထမင်း ကို နောက် တစ်ခေါက် ထပ် ကြည့်တယ် ။ ကိုမောင်ချို့ မျက်နှာ ကို ကြည့်တယ် ။ ပြီးတော့ မထင်မှတ် ဘဲ ရုတ်တရက် သူ့ လက် ထဲ က ဇလုံ နဲ့ ကိုမောင်ချို့ မျက်ခွက် တည့်တည့် ဆီ ကို ...

“ ဂွမ်း ”

အသားကုန် ပေါက် ထည့် လိုက်တာဗျာ ။ ကိုမောင်ချို မျက်နှာ တစ်ခုလုံး မှာ ထမင်းလုံးတွေ ကို ဖွေး သွားတာပဲ ။ ဟင်းဖတ် က ဆီတွေ ၊ ဟင်းအ နှစ် တွေ လည်း ပေကျံ လို့ ...  ။

“ ဟိုက် ... သေပြီ ”

ကိုမောင်ချို က တော့ နားမလည် နိုင်တဲ့ မျက်လုံး အကြောင်သားလေး နဲ့ သူ့ နဖူး က စီးလာ ကျလာ တဲ့ ဟင်းအနှစ် ပျစ်ချွဲချွဲတွေ ကို လက်ဖမိုး နဲ့ သုတ် လိုက်တယ် ။

ကြည့်စမ်း .. ဒါန အကျိုးပေး လိုက်ပုံများ ။

ကုသိုလ်အဖတ်လေးတွေ ဟာ မဆလာနံ့ ကို သင်း နေတာပဲ ။

အဲဒီ အချိန် မှာ ပဲ ဘွားတော်ကြီး က ထဘီ ကို ဆတ်ခနဲ စွန်တောင် ဆွဲ လိုက်ပြီး ...

“ ဟဲ့ ... အကောင် ရဲ့ ၊ နင် က ငါ့ ကို ဘယ်လို အတန်းစား ထဲ က မှတ်လို့ ဒီလို ဇလုံစုတ် နဲ့ ကျွေး ရတာလဲ ။ ငါ က ရွှေပေါ်မြတင် နေလာတဲ့ သူဌေးသမီး ဟဲ့ ။ မြဘယက် နဲ့ အလှမပျက်အောင် ဆင် လာတာဟေ့ ၊ စိန်ခြေချင်း ကို အိမ် နေရင်း ဝတ်တာ ။ နားလည်ရဲ့ လား .. ဟင်း .. ဟင်း .. ဟင်း ။ နင့် လို အနုပ်စုတ် ကုပ်စုတ် ကျွေးတဲ့ ထမင်း ကို ငါက  ဟောဒီ ဟာပဲမှတ်တယ် နှမ ရဲ့ ” 

မိုက်ရိုင်းချက် ကတော့ ‘ မအေ ’ တွေရော ၊ “ နှမ ” တွေ ရော စုံသွားတာပါပဲဗျာ ။

ကိုမောင်ချို က တော့ မြေကြီး ပေါ် ကျနေတဲ့ ဇလုံလေး ကို ကမန်း ကတန်း ကောက် ပြီး အိမ် ထဲ ဝင် ပြေးတော့တာပဲ ။

အဘွားကြီး က တော့ ဆဲ လို့ ကို မဆုံးတော့ဘူး ။

သူ့ ခမျာ စိတ် က အစိုး မရတဲ့သူ ပဲ ဥစ္စာ ။ ဗွေ ယူ နေလို့ ဘယ်ဖြစ်မှာတုံး ။

ကျွန်တော်တို့ ကတော့ ရယ်လိုက်ရတဲ့ ဖြစ်ခြင်း ဗျာ ။

အဘွားကြီး က တော့ အားရ အောင် ကလော်တုတ်ပြီး ရပ်ကွက်လေး ရဲ့ အစွန် က မီးရထားသံလမ်း ဆီ ကုပ်ချည့် ကုပ်ချည့် နဲ့ ဖြည်းဖြည်းချင်း လျှောက် သွားတော့ တာပဲ ။

အဲဒီဘက် မှာ က လူနေအိမ်ခြေ မရှိ သလို လူသွား လူလာ လည်း ပြတ် တယ်လေ ။ မီးရထားသံလမ်း ဘေး က အကာအရံ မရှိတဲ့ ဝါးတဲပျက်ကလေး ပေါ် မှာ အကျအန ထိုင်ပြီး အမှိုက်ပုံတွေ ထဲ က သူ ကောက်လာ သမျှတွေ ကို စိမ်ပြေနပြေ ဖွ နေ တော့တာပါပဲ ။

   •••••   •••••   •••••

ကျွန်တော်တို့ ရပ်ကွက်ကလေး က လက်လုပ်လက်စားတွေ အများစု နေကြတာပါ ဗျာ ။

ခင်ပွန်း ယောက်ျားသည် တွေ က မနက် မိုး လင်းရင် ထပြီး ကြုံရာ ကျပန်း လုပ်ဖို့ ထွက်ကြရတယ် ။ အိမ် မှာ ကျန်ခဲ့တဲ့ မိန်းမတွေ က လည်း မနက်စာ တစ်နပ် ကို မုန့်ဟင်းခါး ငါးမူးဖိုးလောက် နဲ့ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ခေါက်ဆွဲသုပ် တို့ ၊ ဗယာကြော် တို့ လောက် နဲ့ ပဲ ဖြစ်ဖြစ် တင်းတိမ် လိုက်ကြတယ် ။

ကလေးတွေ ကျောင်း သွားဖို့ တို့ ၊ ဒါမှမဟုတ် နေ့စား လုပ်ငန်းခွင် ကို ထမင်းချိုင့် ထည့်သွားဖို့တို့ စသဖြင့် ချက်ဖို့ ပြုတ်ဖို့ မလွှဲသာ မရှောင်သာ တဲ့ သူတွေ က တော့ ချေးကြ ငှားကြပေါ့လေ ။

“ ကျွန်မ ယောက်ျား ညနေ ပြန် လာရင် ဆက်ဆက် လာ ပြန်ဆပ်ပါ့မယ် ”

... တို့ ။

“ ဒီ ထဘီလေး က သစ်ပါသေးတယ် အစ်မ ရယ် ၊ ငါးကျပ် တော့ ထား ပေးပါ ”

... တို့ စသဖြင့် ပေါ့ ။

ဈေး ရောင်းမယ့် မိန်းမတွေ က တော့ မနက် ကျီးမနိုး ခင် ကတည်း က ကုန်စိမ်း သယ်ဖို့ ၊ ငါးဒိုင် သွားဖို့ ဈေးကား နဲ့ လိုက်သွား နှင့် ကြပြီ ။

အဲဒီ အချိန်လေး ကို ကျွန်တော် က “ မျှော်လင့်ချက် ” လို့ နာမည် ပေး ထားတယ် ။

   •••••   •••••   •••••

နေ့လယ် နေ့ခင်း ဆို ...

ဈေးသိမ်း လို့ ပြန် လာတဲ့ မိန်းမတွေ က လည်း တစ်ရေး တစ်မော အိပ်ကြ ၊ နိုး လာရင် ဟိုဘက်အိမ် ဒီဘက်အိမ် လည် ပြီး အတင်း ပြော တဲ့ အခါ ပြော ၊ ရန်ဖြစ် တဲ့ အခါ ဖြစ်ပေါ့လေ ။

ကလေးတွေ က လည်း လမ်း ပေါ် မှာ နေပူပူ ၊ ဖုတ်အလူးလူး ဆော့ကြ ၊ ကစားကြ ၊ အော်ဟစ်ပြေးလွှားကြ ၊ ထိပ်ပေါက်ခေါင်းကွဲ ချော်လဲ မျိုးစုံ ဖြစ်လို့ အသံတွေ လည်း တစာစာနဲ့ အသက်ဝင် လှပလို့ .. ။

လမ်း ပေါ် မှာ တရှိန်ရှိန် ပူနေတဲ့ တံလျှပ်တွေ ၊ ကလေးတွေ ဆော့ ကစားရာ က ထောင်းထောင်း ထလာတဲ့ ဖုန်လုံးတွေ ၊ ငွေကြေး နည်းနည်း ပါးပါး တတ် နိုင်တဲ့ အိမ်တ စ်အိမ် က ဖွင့် နေတဲ့ ကက်ဆက်ခွေ ဇာတ်လမ်း က ပျံ့လွင့်လာတဲ့ အသံတွေ ... ။

ဒါတွေ အားလုံးဟာ တစ်ထောင့် ကိုးရာ ရှစ်ဆယ့် ခုနစ် လောက် ဆီက လူ့အဖွဲ့အစည်းလေးတစ်ခု ရဲ့ ...

‘ ရှင်သန်မှု ’ ပါပဲ ။

   •••••   •••••   •••••

ညနေ စောင်းရင် တော့ ...

ရှင်သန်မှု ဟာ အစိုဓာတ် နည်းပါး လာတယ် ။

အလုပ် က အပြန် အဆင် မပြေလို့ ရသမျှ ပိုက်ဆံ ကို အရက်သောက် ပစ် လာတဲ့ ခင်ပွန်း ။ ကျိတ်ပြီး မျက်ရည် ကျ ရတဲ့ ဇနီးသည် ၊ ဗိုက်ဆာ လို့ တကျီကျီ ငိုနေတဲ့ ကလေးငယ် ။

သမဝါယမ ကုန်ဝယ်စာအုပ် ကို ပေါင် ထားပြီး ပြန် မရွေးနို င်လို့ ဆန် ထုတ် စားစရာ မရှိသူတွေ ၊ နေ့ပြန်တိုး မပေး လို့ အိမ်ရှေ့ လာပြီး အော်ကြီး ဟစ်ကျယ် ရန်ဖြစ်သံ တွေ ...  ။

တစ်နေ့တာ အဖို့ ညစာ မနက်စာ အဆင်ပြေ သွားပြီကောရယ် လို့ တိုးတိုးတိတ်တိတ် ဟင်းချ နိုင်သူတွေ ရဲ့ ဆန်ဆေး ၊ မီးမွှေး သံတွေ ... ။

အဲဒါတွေ အားလုံး က တော့ ... 

“ ဘဝ ” ဖြစ်ပါတယ် ။

   •••••   •••••   •••••

အဲသည်လို ညနေ ညနေ ပေါင်း များစွာတွေ မှာ အယုတ္တ အနတ္တတွေ အော်ကြီးဟစ်ကျယ် ဆဲဆို မြည်တမ်း တတ်တဲ့ စိတ်ရောဂါဝေဒနာရှင် အဘွားအို တစ်ယောက် က တော့ ဖြင့် ခါးလေးကုန်းကုန်း နဲ့ အမှိုက်ပုံတွေ ကို ဖွရင်း လမ်းတကာ ပေါ် လျှောက်သွား နေတော့တာပဲ ။

သူ ဘယ်သူ့ ကို စိတ်ဆိုး လို့ ဆဲရေး နေတာလဲ ။

သူ့ ကို စိတ်ဆိုး အောင် ဘယ်သူတွေ က ဘာများ လုပ်ခဲ့လို့လဲ ။

   •••••   •••••   •••••

ကျွန်တော် က တော့ ငေး ကြည့်ရင်း တွေး နေရုံပဲ တတ် နိုင်ခဲ့တာပါဗျာ ။

   •••••   •••••   •••••

သားထောက် သမီးခံ မရှိ ၊ ကူညီ ဖေးမမယ့်သူ မရှိတဲ့ အိုကြီးအိုမ စိတ် ဝေဒနာရှင် အဘွားအို ဟာ အော်ကြီးဟစ်ကျယ် ဆဲရေး မြည်တွန်ရင်း ..

ဟိုး ... ရထားသံလမ်း ဘက်ဆီ

ညနေတိုင်း ညနေတိုင်း

တရွေ့ရွေ့ လျှောက်သွား နေ ချေပေါ့ ။

◾မင်းခိုက်စိုးစန်

📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment