Saturday, September 2, 2023

ကျောနံပါတ် ရှစ်


 

❝ ကျောနံပါတ် ရှစ် ❞

တချို့ လူကြီးတွေ က အခွင့် ကြုံတဲ့ အခါ လူငယ်တွေ ကို မေတ္တာ ရှေ့ထားပြီး ( မျက်နှာ မြင် ချစ်ခင်ပါစေ ၊ အသံ ကြား သနားပါစေ ) လို့ ဆု ပေးလေ့ ( ဆုတောင်းပေးလေ့ ) ရှိကြပါတယ် ။ အဲသည် ဆုပေးနည်း ဟာ ရည်ရွယ်ချက် ကော ၊ အဓိပ္ပာယ် ပါ အလွန်တရာ ကောင်းမွန်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ လူ တစ်ယောက် ရဲ့ ဘဝ မှာ အဲသည် ဆုမျိုး နဲ့ သာ ပြည့်စုံ ရင် ဘာ ကို မျှ ပူစရာ မလိုတော့ဘူး ။ လူ့ ဘဝ လူ အဖြစ် ကို ပျော်ရွှင် စိတ်ချစွာ ခံယူပြီး သက်ဆုံးတိုင် ပေါ့ပေါ့ပါးပါး အေးအေးညောင်းညောင်း သက်ရှင် နေထိုင်သွား ရုံ ပဲ ။ ဘာကြောင့်လဲ ဆိုရင် အဲသည် ဆု နဲ့ ပြည့်စုံ တဲ့ ခင်ဗျား ကို တစ်ကမ္ဘာလုံး က ချစ်ခင် ကြင်နာ ကြတော့မယ် လေ ။ ခင်ဗျား မျက်နှာ ကို မမြင်ရဘူး ထားဦး ၊ ခင်ဗျား ရဲ့ အသံ ကြား ရုံ နဲ့ ကြားရသူ ရဲ့ နှလုံးသား မှာ မေတ္တာ ဓာတ်တွေ စီးဝင် ဖုံးလွှမ်း သွားတော့မှာ ပဲ ။ အဲသလို အချစ် ခံရတဲ့ လူ တစ်ယောက် အတွက် ဆိုရင် ချစ်တဲ့ သူ ဟာ တစ်သက် မကဘဲ ဆယ်သက် ဆယ်ကမ္ဘာ စွန့်လွှတ်ရဲ မှာ ပဲ လို့ ကျွန်တော် တော့ သေချာ ယုံတယ် ။

ဆန့်ကျင်ဘက် ရှုထောင့် က နေ စဉ်းစားကြဦးစို့ ရဲ့ ။ လူ တစ်ယောက် ကို ခင်ဗျား လုံးဝ မသိ ၊ လုံးဝ မမြင်ဖူး ၊ မကြားဖူး ခဲ့ ပေမဲ့ အမှတ်မထင် အဲသည် သူစိမ်းပြင်ပြင် ကို ခင်ဗျား တွေ့လိုက်ရတဲ့ အခါ တွေ့တွေ့ချင်း မှာပဲ ဆယ်နှစ် ဆယ်မိုး မက အောင် တူးတူးခါးခါး နာနာကြည်းကြည်း မုန်းတီး လာခဲ့ တဲ့ သူ ကို မြင်ရ သလို ခင်ဗျား အော်ဂလီ ဆန် သွားမယ် ။ သွေးတွေ ပူလာမယ် ။ တံတွေး ၊ သလိပ်တွေ လည်ချောင်း ထဲ ပြည့် လာခဲ့မယ် ဆိုရင်ရော ခင်ဗျား ဘာ ပြောမလဲ ။

“ ရှေး ဘဝ တုန်း က ရန်သူတွေ ဖြစ်ခဲ့လို့ အခု ဘဝမှာ ပြန် ဆုံ တော့ အမုန်း စိတ်တွေ အော်တိုမက်တစ် ပေါ် လာတာ ။ ဘာသာရေး အသုံးအနှုန်းမျိုး နဲ့ ဆိုရင်တော့ အတိတ် အကုသိုလ်ကံ အကျိုး ဆက်ပဲ ။ သူ က လည်း ကိုယ့် ကို မေတ္တာ မထားနိုင်ဘူး ။ တွေ့တွေ့ ချင်း ကိုယ် က မုန်း သလို ကိုယ့် ကို ပြန် မုန်းမှာပဲ ” လို့ ခင်ဗျား ဖြေ ရင်တော့ အမှန် နဲ့ နီးစပ်မယ် လို့ ကျွန်တော် ထင်ပါတယ် ။ ရှေး ဘဝ အတိတ်ကာလ တုန်း က အကုသိုလ်ကံ အရှိန်အဟုန် ကြီးမား ခဲ့မယ် ဆိုရင် အဲသည် အရှိန်အဟုန် က သေမသွား ၊ ငြိမ်မသွား ၊ တန့်မသွား ဘဲ လက်ရှိ ပစ္စုပ္ပန်ကာလ အထိ လိုက်လာ တတ်တယ် လို့ ကျွန်တော် တစ်နေရာ ရာ မှာ သေချာ ဖတ်ဖူးခဲ့တာတော့ အမှန် ပဲ ။ အတိတ်ကာလ က နေ အဆက်မပြတ် စီးဆင်း လာတဲ့ အမုန်း ဓာတ်စီးကြောင်း ကို ခင်ဗျား ရပ် မပစ်နိုင်ဘူး ။ ခင်ဗျား ဟာ တရားထိုင် ၊ ပုတီးစိပ် တဲ့ သူ ပဲ ဖြစ်ပါစေဦး အတိတ်ကံ အကျိုးဆက် အဖြစ် အမုန်းဓာတ် စီးကြောင်း က ခင်ဗျား ရဲ့ ရင်နှလုံး ထဲ ကို တိုးဝင် လာခဲ့မယ် ဆိုရင် ခင်ဗျား စိပ်ပုတီး ကို လွှင့်ပစ်ပြီး တုတ် ဆွဲ ၊ ဓားဆွဲ လုပ်တော့မှာပဲ ။

တစ်ခုတော့ ရှိတယ် ။ အဲသလို အတိတ်ကံ ရဲ့ အကျိုးဆက် အမုန်းတရားတွေ ဝင် လာတော့မယ့် အချိန် ခင်ဗျား ရဲ့ စိတ်ဝိညာဉ် ကို လက်ရှိ ပစ္စုပ္ပန် က ကောင်းမှုကုသိုလ် ကံတရားတွေ က ကြီးစိုး ထား မယ် ဆိုရင်တော့ ခင်ဗျား ဒေါသ ကို ငြိမ်းသတ် နိုင်မယ် ။ ပိုက်လုံး ထဲ က ရေဆိုးတွေ ကို ရေကောင်းရေသန့် နဲ့ တွန်းထုတ် သလိုမျိုး ။ ခင်ဗျား ရဲ့ စိတ်နှလုံး မှာ အပူ အလောင် ၊ အညစ် အကြေး ၊ အညှိ အမြှေး တွေ ကင်းစင်သွားနိုင်တယ် ။ ကျွန်တော် ပြောပြ နေတာ ရှင်း ပါတယ် နော် ။

အခွင့် ကြုံတုန်း ပြော ကောင်းကောင်း နဲ့ ထင်ရာမြင်ရာ တွေ ကျွန်တော် ပြောပြ နေ တာ နည်းနည်း များနေပြီ ။ လေပိုလေလျှံ တွေ မှုတ်ထုတ် နေတယ် လို့ တော့ မထင်ပါနဲ့ ။ ပြောစရာ နည်းနည်းကလေး တော့ ကျန် သေးတယ် ။ လက်စ နဲ့ ဆက်ပြီး နားဆင် လိုက် ပါဦး ။

ကျွန်တော် အမှန် အတိုင်း ပြောမယ် ။ ကျွန်တော် လေ ယိုးဒယား ( ထိုင်း ) တွေ ရဲ့ စကား ပြောသံ ကို ကော ၊ သီချင်း ဆိုသံတွေ ကို ပါ သိပ် ပြီး နား ကလောတယ် ။ နား ထောင်လို့ မရဘူးပေါ့ ။ သက်သက်ညှာညှာ ပြော ရရင် နာ ဝင်ပီယံ မဖြစ်ဘူးပေါ့ ။ တိပ်ခွေတွေ ၊ စီဒီပြားတွေ ထဲ က ကြား ရတဲ့ အသံမျိုး ၊ တီဗွီ က ကြားရတဲ့ အသံမျိုးတွေ ကို ပြောတာ ။ ထိုင်းစကားသံ ၊ ထိုင်းသီချင်းသံ တွေ ကို ကြားရတဲ့ အခါ တခြား ဘယ် အသံမျိုး နဲ့ မှ မတူတဲ့ ၊ နား အဝင် ဆိုး တဲ့ အသံထူး တစ်မျိုး ကို ကြား ရ သလို ကျွန်တော် မအီမသာ ခံစား ရတယ် ။ ကျွန်တော့် နားစည် ကို တစ်ခု ခု က ကုတ်ခြစ် နေသလိုမျိုးပေါ့ ။ တစ်ချိန် က နာမည်ကျော် ခဲ့ တဲ့ ထိုင်းအဆိုတော် “ ထုံချိုင်း ” ဆိုလား ၊ ဘယ်သူ ဆိုလား ပဲ ။ သူ့ ရဲ့ အမ်တီဗွီတွေ ဘာတွေ ကျွန်တော် ကြည့် ဖူးတယ် ။ ဘယ်လို မှ ခံစားလို့ မရခဲ့ဘူး ။ မခံစားနိုင်ဘူး လို့ ပြော ရမှာပဲ ။ အထက် က ပြောခဲ့ သလိုပါပဲ ။ ထိုင်းစကားသံ ၊ ထိုင်းသီချင်းသံတွေ ကို ကျွန်တော် အကြီးအကျယ် နား ကလောတယ် ။ ဒါကြောင့်မို့ ထိုင်း က လွှင့် ပေးတဲ့ ရုပ်သံလိုင်းတွေ ကျွန်တော် ဖွင့် မကြည့်ဘူး ။ တစ်နေရာ ရာ မှာ အမှတ်တမဲ့ ထိုင်းရုပ်သံလိုင်း ဖွင့်ထား တဲ့ တီဗွီ နဲ့ သွား တိုး ရင်လည်း အမြန်ဆုံး ရှောင် ထွက်တယ် ။ ကျွန်တော့် ကို မယဉ်ကျေးဘူး လို့ ထင်ကြရင် လည်း ရှိစေ တော့ ။ မတတ်နိုင်ဘူး ။ နား ဒုက္ခ ကို သည်း မခံနိုင်တာ တော့ အမှန်ပဲ ။

ထိုင်း ကို ကျွန်တော် မရောက်ဖူးပါဘူး ။ ထိုင်းနိုင်ငံ ကို ရောက်ဖူးတယ် ရှိအောင် အခမဲ့ ပို့ပေးပါ့မယ် ။ စားစရိတ် သုံးစရိတ် တွေ ပါ ကျခံ ပေးပါ့ မယ် လို့ ပြောလာတဲ့ သူ ရှိရင် တောင် ဆောရီး ပါ ပဲ ။ ကန် တော့ဆွမ်း ပါပဲ ။ ထိုင်းစော် နံ ပြန် လိုက်ဦးပါပဲ ။ ကျွန်တော့်  တစ်သက် တော့ ထိုင်းနိုင်ငံ ဘက် ကို ခြေဦး လှည့် မှာ မဟုတ်ဘူး ဆိုတာ ယုံပါ ။ တစ်ခု ပြောဦးမယ် ။ မိတ်ဆွေ တစ်ယောက် က“ ကောင်းလှချည့်ရဲ့ ၊ ရသ မြောက်လှချည့် ရဲ့ ” လို့ ကြွေးကြော် ပြီး ကမ်း လာတဲ့ လူထုဒေါ်အမာ မြန်မာပြန် တဲ့ ထိုင်းဝတ္ထုတိုများ စာအုပ် တွဲ တွေ ကို တောင် ကျွန်တော် ငြင်း လိုက်တယ် ။ “ ထိုင်း နဲ့ ပတ်သက်တာ မကြိုက်ဘူးဗျာ ” လို့ လည်း ပြောလိုက်တယ် ။ အကြောင်း ဘာမှ ပြချက် ကတော့ မပေးဘူး ။ အကြောင်းပြချက် ပေး ရအောင် ကျွန်တော့် မှာ ခိုင်မာ ပြည့်စုံတဲ့ အကြောင်းပြချက် မှ မရှိတာ ကိုး ။ ကုန်ကုန် ပြောမယ် ဗျာ ၊ ဝေါရှိ ( တ ) တွေ ၊ လက်ကမ်းစာစောင်တွေ မှာ တွေ့ရ တတ် တဲ့ ထိုင်းမော်ဒယ်လ်ဂဲလ် တွေ ဆိုရင် ရုပ်ရည် အသွင်အပြင် ကော ၊ အရပ်အမောင်း ပါ တကယ့် ကို လှတာ ။ တချို့ ခပ်သည်းသည်း ငနဲတွေ က ပြောကြ သေးတယ် ။ “ မြန်မာမော်ဒယ်လ်တွေ ထက် အပုံ ကြီးသာ ” သတဲ့ ။ သူ့ ဟာ သူ ဘယ်လောက် ချောလို့ ၊ ဘယ် လောက် ပဲ လှလှ ကျွန်တော် က တော့ မကြိုက်ဘူး ၊ ကြည့် လည်း ကြည့် မနေဘူး ။ သည်နေရာ မှာ ကျွန် တော် စဉ်းစား ကြည့်လို့ ရတဲ့ အဖြေ က တော့ ... ကျွန်တော် ဟာ ရှေးဘဝ တုန်း က ဘုရင့်နောင် ( ဒါမှမဟုတ် ) အလောင်း ဘုရား တို့ နဲ့ အတူ ယိုးဒယား ကို စစ်ချီခဲ့ ဖူး လိမ့်မယ် ။ အဲသည် အတိတ် ဘဝ မှာ ထိုင်း တွေ အပေါ် နာကြည်းစရာ ဖြစ်ရပ် ကြုံခဲ့ လိမ့်မယ် ။ အတိတ်ကံ အကျိုးဆက် က သည် ကနေ့ အထိ သက်ရောက် နေတာပဲ ။ သည်လို မဟုတ်ရင်လည်း ရှေး အတိတ်တုန်း က ကျွန်တော် ဟာ မြန်မာ မဟုတ်ခဲ့ဘဲ တခြား လူမျိုး ထဲ က တစ် ယောက် ယောက် ဖြစ်ခဲ့လိမ့် မယ် ။ သူ့ အပေါ် ထိုင်းတွေ က အနိုင်ကျင့် ခဲ့ လိမ့်မယ် ။ ညှဉ်းပန်း နှိပ်စက်ခဲ့ကြလိမ့်မယ် ။ သည်တော့ ယခု ဘဝ မှာ သူ ဟာ ထိုင်း နဲ့ ပတ်သက်တာ မှန် သမျှ ကို ပြင်းပြင်းထန်ထန် ဘေး ကို ဖယ်ထုတ် နေခဲ့တယ် ။ အဲသလို မျိုးကော မဖြစ်နိုင် ဘူးတဲ့ လား ။ ကျွန်တော် တွေး မိတာ ၊ ဝေခွဲဆန်းစစ် မိတာ ၊ တွေးတောဝေခွဲ ဆန်းစစ်ရာ က ကောက်ချက် ဆွဲပြီး ယုံကြည် မိခဲ့တာတွေ ကို ပြောပြ နေခြင်း ပါပဲ ။ လက်ခံတာ ၊ လက်မခံတာ က တော့ ခင်ဗျား ဘက် က အပိုင်း ပဲ လေ ။ ကျွန်တော့် ကို ဥပါဒန် အစွဲအလမ်းတွေ နဲ့ ရစ်ပတ် ရှုပ်ထွေး နေတဲ့ သတ္တဝါ တစ်ကောင် လို့ ထင်ချင်သပ ၊ စွပ်စွဲချင်သပ ဆိုရင်လည်း ခင်ဗျား သဘော ။

လောလောဆယ် အရေး ကြီး တာ ကတော့ ဟောသည် မှာ ကြည့်လိုက် ။  ကျွန်တော် တို့ အိမ် နဲ့ ကွန်ကရစ် လမ်းကလေး ခြားပြီး မျက်စောင်း ထိုး ၊ ဓားလွယ်ခုတ် ရှိ နေတဲ့ ခြံ ဝင်း ဆီ ကို ကြည့်လိုက် ။ ခြံဝင်း ထဲ မှာ တစ်ထပ်တိုက်ပုကလေး တစ်လုံး ရှိတယ် ။ တိုက်ပုကလေး ရဲ့ မျက်နှာစာ မှာ တော့ ခြံစည်းရိုး ကို ဖောက် ပြီး ဆောက်ထားတဲ့ လိပ်ပြာတောင် ပုံစံ ဗေဒါရောင် ၊ အဖြူ ရောင် ၊ အပြာရင့်ရောင် တို့ နဲ့ ဆေးရောင်စုံ ခြယ် ထားတဲ့ အဆောက်အဦကလေး တစ်ခု တွေ့မယ် ။ အဆောက်အဦကလေး မှာ ဆိုင်းဘုတ်ခပ် သေးသေး တစ်ခု ရှိမယ် ။ ထင်ထင်ရှားရှား စာလုံးတွေ နဲ့ ပါပဲ ။ “ လမင်းအေး အမျိုးသမီး လှဝတ်စုံ ” တဲ့ ။

ခေတ်မီ နာမည်ကောင်း ရ ထားတဲ့ အပ်ချုပ်ဆိုင်ကလေး ပါ ။ မမအေး ။ ကျွန်တော့် ရဲ့ မမအေး ပိုင် တဲ့ ၊ ဦးစီး တဲ့ လုပ်ငန်းကလေး ပါ ။

မမအေး ရဲ့ နာမည်ရင်း က ခင်လိမ္မာအေး တဲ့ ။ အသက် ကို တော့ ကျွန်တော့် ခန့်မှန်းချက် အရ ၂၉ / ၃၀ လောက် လို့ ပြောရမှာ ပဲ ။ ဒါပေမဲ့ မမအေး တို့ ကုသိုလ် ထူးပုံများ ၊ အရွယ်တင် နုပျိုပုံ များ ကတော့ ကြည့် လိုက်ရင် ၂၀ /၂၁ နှစ် လောက် ပဲ မှတ်ရ တယ် ။ အသား က လည်း နို့ နှစ်ရောင် လို ဖွေးအိ လို့ ။ အရပ် အမောင်း က လည်း ကောင်း ၊ အလုံးအထည် က လည်း ပြည့် ၊ ( စာရေးဆရာတွေ ရေး သလို ပြောရရင် ) ရှိုက်ဖိုကြီးငယ် အသွယ်သွယ် နဲ့ ပါ ။ ဘဲဥပုံ မျက်နှာ ကျ က လည်း ၃၆ဝ ဒီဂရီ လှည့်ပတ် ကြည့် ဦးတော့ ပြစ်မျိုးမှဲ့ မထင်ပဲ ။ ကိုယ့် အစွဲ နဲ့ ကိုယ် မြှောက် ပြော ၊ ချဲ့ ပြော ၊ ကား ပြော နေတယ် မထင် နဲ့ ။ မယုံရင် လာ ကြည့် ။ အပ်ချုပ်ဆိုင် နောက် ကျော က တိုက်ပုကလေး မှာ မမအေး ရဲ့ မိဘနှစ်ပါး ၊ ဖခင်ကြီး ရဲ့ ညီမ အပျိုကြီး တစ်ယောက် နေကြတယ် ။ မမအေး လည်း အတူတူ နေတာ ပေါ့လေ ။ မကြာခင် က အထိ တော့ မမအေး ရဲ့ ညီမ အရင်း ပိန်ခြောက်ခြောက် ၊ ရွှေကိုင်း မျက်မှန် နဲ့ ကောင်မလေး တစ်ယောက် ရှိသေးတယ် ။ သူ က ကဗျာဆရာမ လို့ ပြောတာပဲ ။ ဘယ်လို ကဗျာတွေ ကဗျက်တွေ ရေး သလဲတော့ မသိဘူး ။ အဲသည် ကဗျာဆရာမ က စစ်ဗိုလ်တစ်ယောက် နဲ့ အိမ်ထောင် ကျပြီး သျှောင်နောက် ဆံထုံးပါ သွား တာ တစ်နှစ် လောက် တော့ ရှိပြီ ထင်တယ် ။

သည် လမ်း ထဲ ကို မမအေး တို့ မိသားစု နဲ့ ကျွန်တော် တို့ မိသားစု ပြိုင်တူ လိုလို ပြောင်းလာပြီး အခြေချ နေ ထိုင်ခဲ့ကြတာ ကြာ ပေါ့ ။ ကျွန်တော် ၉ နှစ်သား လောက် ကတည်း က ဆိုတော့ ၁၃ / ၄ နှစ် ရှိ ပါပြီ ။ မမအေး က ကျွန်တော့် ထက် ၇ / ၈ နှစ် လောက် ပိုပြီး အသက် ကြီး လိမ့် မယ် ။ ဒါကြောင့် ကျွန်တော် က မမအေး လို့ ခေါ် နေတာ ။

မမအေး ရှေ့ တင် ကျွန်တော် ကြီးပြင်းလာခဲ့ ၊ ဒသမတန်း ကျ ခဲ့ ၊ ဆေးအမှု နဲ့ ထောင် ကျခဲ့ ။ အခုတော့ ယောင် ခြောက်ဆယ် ဘဝနဲ့ မမအေး ကို တိတ်တခိုး အရူးအမူး မြတ်နိုး နေခဲ့တာ ပေါ့ ။ ကျွန်တော် ထောင်ကျ ကတည်း က ဆေးပြတ် သွားပါပြီ ။ ဆေးလိပ်တောင် မသောက်တော့ ပါဘူး ။ အရက် ဆိုရင် ၁ဝ မိုင် အကွာ လောက် က ပတ်ရှောင် တဲ့ ကောင် ။ ထောင် ထဲ က လက်ဆောင် ပေး လိုက်တဲ့ ရောဂါဘယတွေ ကြောင့် ကျွန်တော် ကျန်းမာရေး သိပ် မကောင်းတော့ အလုပ် မလုပ် နိုင်ဘူး ။ မိဘတွေ ကလည်း အငယ်ဆုံး သား မို့ ကျွန်တော် ဘယ်ဘဝ ရောက်ရောက် ကြည်ဖြူ လိုက်လျောပြီးသားပါ ။

ဟိုတုန်းက မမအေး ဟာ ဗိုလ်ချုပ်အောင်ဆန်းဈေး ထဲ က အမျိုးသမီး အပ်ချုပ်ဆိုင် တစ်ဆိုင် မှာ လက်ခစား ချုပ် ခဲ့ရတာ ။ ကျွန်တော် အမှတ် မမှားဘူး ဆိုရင် မမအေး က ၁၅ နှစ် အရွယ် လောက် ကတည်း က စက်ချုပ်ပညာ ကျွမ်း နေပြီ ။ ကျွန်တော် ထောင် က လွတ် လာတော့ မမအေး က သူတို့ အိမ်ရှေ့ မှာ ကိုယ်ပိုင် ဆိုင် ဖွင့်ပြီး လုပ်ငန်းရှင် ဖြစ် နေပြီ ။ သူ့ အနား မှာ ပညာသင် ၊ လုပ်အားပေး တပည့်မကလေးတွေ ဝိုင်းဝိုင်း လည် နေတာပဲ ။ ကျွန်တော် နဲ့ ရွယ်တူ အချောအလှကလေး တွေ တစ်ပုံကြီး ပေါ့ ။ အဲသည် အချောအလှ လေးတွေ က ကျွန်တော့် မျက်လုံးတွေ ထဲ မှာ မလှကြပါဘူး ။ အပြတ် ပြော ရရင် တစ်ကမ္ဘာလုံး မှာ ကျွန်တော့် အတွက် ချောနေ လှနေ တာ က မမအေး တစ်ယောက် ပဲ ရှိ ပါတယ် ။ ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေ ထဲ မှာ မိန်းမလှပေါင်း များစွာ ရှိပါတယ် ။ “ ထရွိုင်မြို့တော် က ဟယ်လင် ” ဆိုတဲ့ မင်းသမီး ဟာ အလှ မှာ တော့ ပြိုင်ဘက် ကင်း ပါပဲ ။ ရုပ်ရှင် ထဲ မှာ သရုပ်ဆောင် တဲ့ ဟယ်လင် ကိုယ်စားပြု မင်းသမီး က လည်း ထိပ်တန်း အလှပိုင်ရှင် ပါ ပဲ ။ မမအေး ဟာ ရုပ်ရှင် ထဲ က ဟယ်လင်မင်းသမီး နဲ့ အတူတူ ပါ ။

ကျွန်တော့် နေ့စဉ် အလုပ် က ရိုးရိုးကလေး ပါပဲ ။ အိပ်ရာ ထ ပြီး တစ်ခု ခု စားပြီးတာ နဲ့ အိမ် ရှေ့ က သစ်သားခုံ တန်းလျားကလေး မှာ ထိုင် ပြီး မမအေး တို့ ဆိုင်ဘက် ကို ငေး တာပဲ ။ သူ့ ဆိုင် က မနက် ၈ နာရီ ထိုး ပြီး မှ ဖွင့်တာ ။ မမအေး ကို အဝေး က လှမ်း ကြည့် နေရတာ ကို က စိတ် ချမ်းသာ ပါတယ် ။ ကျွန်တော် ထောင် က လွတ်လာပြီး ကတည်း က သူ နဲ့ မျက်နှာချင်း မဆိုင်ဝံ့ ပါဘူး ။ ငယ်ငယ်တုန်း က ဆိုရင် သူ့ ညီမ နဲ့ ကျွန်တော် နဲ့ က ကျောင်းနေဖက် ဆိုတော့ မမအေး တို့ အိမ်ဘက် ကို အသွား အလာ အဝင် အထွက် ရှိ ခဲ့တယ် ။ ( ဗိုလ်ကတော် ဖြစ် သွားတဲ့ ခင်မူယာအေး ကို ပြောတာပါ ။ ) မမအေး က လူကြီးဆန် ပြီး ကျွန်တော် တို့ နဲ့ အရောတဝင် မနေပါဘူး ။

ကြုံတဲ့အခါ လူကြီး နေရာက နေ ဆုံးမစကား တောင် ပြော တတ်ပါသေး ရဲ့ ။ ကျွန်တော် ဆေးအမှု မဖြစ်ခင် က မမအေး အနား မှာ ရစ်သီ ရစ်သီ သွား လုပ် ခဲ့ပေမဲ့ သူ က ကျွန်တော့် ကို ဂရု မစိုက်ပါဘူး ။ တစ်ခါ တလေ သူ့ စိတ် အလို မကျရင် “ စကား ပြောရင် ဆေးလိပ်စော် နံတဲ့ ကောင်တွေ ငါ့ နား မကပ် ကြနဲ့ ” လို့ တောင် ဟောက် တတ် သေးတယ် ။

အခု အခြေအနေ ကတော့ ပို ဆိုး သွားပြီ ။ ကျွန်တော် က ဆေးလိပ် သောက်တတ် ရုံ အပြင် ဆေးအမှု နဲ့ ထောင်ပါ ကျပြီး ထောင် က ထွက် လာတော့လည်း ဆံရှည်ဖားလျား နဲ့ ရှူနာရှိုက်
ကုန်းကလေး ဖြစ် နေတယ် ။ ခါး က ကုန်း သွားတော့ မမအေး ကို မော့ကြည့်ရ မလိုလို ။ ကျွန်တော့် အသွင်အပြင် ၊ ကိုယ်နေ ဟန်ထား က မသား မနား မခံ့မညား နဲ့ ။ ဒါကြောင့် အားအား ရှိ ရင် ခုံတန်းလျား မှာ ထိုင်ပြီး မမအေး ကို လှမ်း ငေး နေ မိတာပဲ ။ တစ်ခါတလေ ညဘက် အိပ် မပျော်ရင် တောင် တံခါး ပိတ် ထားတဲ့ မမအေး ရဲ့ ဆိုင်ကလေး ကို အကြာကြီး ငေးကြည့် တတ် တာ ကျွန်တော့် အကျင့်ပါ ။

မမအေး တို့ ဆိုင် က ညဦး ပိုင်း ၇ နာရီ လောက် မှ ပိတ် တတ်တယ် ။ ညတာ ရှည်လို့ အစောကြီး နေရောင် ပျောက် တတ်တဲ့ ဆောင်းကာလ တွေ မှာ ဆိုရင်တော့ ညနေ ၆ နာရီ လောက် ကတည်း က ပိတ် တာ ။ ကျွန်တော် က ဆိုင် တံခါးတွေ လုံးဝ ပိတ်သွား တဲ့ အထိ ထိုင် ကြည့် နေ တတ်ပါတယ် ။ ကျွန်တော် က မျက်လုံး လည်း မကောင်း ၊ မျက်နှာ က လည်း ပါဝါဒီဂရီ သိပ် မမှန် တော့ ညနေ ဆည်းဆာချိန် ဆို ရင် အဝေး မြင်ကွင်း သိပ် မရှင်းလှဘူး ။ ဘယ်လို မဆို မမအေး ကို ဆိုင် ပိတ်ခါနီး ဝိုးတဝါး မှုန်ပျပျ ရိပ်ခနဲ ဖျတ်ခနဲ လှမ်း တွေ့ လိုက် ရရင် ပဲ ကျွန်တော် ရင် ချောင် သွားပြီ ။

“ မင်း တော့ အချစ်ရူး ရူးနေပြီ ” လို့ ကျွန်တော့် အစ်ကိုကြီး က ကျီစယ်သံ နဲ့ ဝေဖန် ပါ တယ် ။ သူ က ကြမ်းကြမ်းတမ်းတမ်း ရေတပ် က စက်ပြင် ရဲဘော်ကြီး ပါ ။ သိမ်မွေ့ နူးညံ့လွန်း တဲ့ အချစ်ရသ အကြောင်း သူ နကန်း တစ်လုံး မသိနိုင်ပါဘူး ။ ဒါကြောင့် လည်း ခု အရွယ် ထိ သူ မိန်းမ မရဘဲ အယ်လ်ကိုဟော နဲ့ ညား နေတာ ။

“ တစ်နေ့ တစ်နေ့ ဒီ ခုံ မှာ ပဲ ထိုင်ပြီး စက်ဆိုင်ဘက် ငေး မနေနဲ့ ကွ ၊ အညောင်း မိပြီး ဒူလာ စွဲ နေဦးမယ် ” လို့ လည်း အစ်ကိုကြီး က စ , တတ်တယ် ။

ဘယ်သူ ဘာ ပြောပြော ဒါ ။ မမအေး ကို အဝေး က လှမ်း ကြည့် နေရတာ ကို က မမအေး ကို ကျွန်တော့် ရင်ခွင် ထဲ မှာ သိမ်းပွေ့ ထားရ သလို နွေးနွေးထွေးထွေး ရှိလှပါ တယ် ။ ရင်သိမ့် ခုန် ရ ပါတယ် ။ မမအေး ကို ကျွန်တော် တိုက် ရိုက် မျက်နှာချင်း ဆိုင် စကား ပြောခွင့် မရပေမဲ့ နေ့စဉ် နေ့တိုင်း ကျွန်တော့် စိတ်နှလုံး ထဲ လှိုင်းတွေ လွှတ်ပြီး မမအေး နဲ့ စကား အခွန်းပေါင်း များစွာ ဖွဲ့ကာ နွဲ့ကာ နဲ့ ကျွန်တော် လှမ်း ပြော နေပါတယ် ။ သူ့ စိတ် ထဲ မှာ ကြား ၊ မကြား တော့ ကျွန်တော် မသိဘူး ။ သိဖို့ လည်း မလိုပါဘူး ။ ကျွန်တော် ဆိုတဲ့ ကောင် ဟာ သည်ကမ္ဘာ ပေါ် မှာ မမအေး ကို ချစ်မြတ်နိုး ဖို့ တစ်ခု တည်း နဲ့ အသက် ရှင် နေတယ် ဆို ကျွန်တော်တို့ နှစ်ယောက် ရဲ့ ကိုယ်စောင့်နတ် တွေ ကိုယ်စီ ကိုယ်စီ သိတော် မူထားကြတယ် ဆိုရင် ကျွန်တော် ဖြေသိမ့် နိုင်ပါပြီ ။

“ အချစ်စစ် အချစ်မှန် တို့ ရဲ့ လမ်းခရီး ဟာ ဘယ်သော အခါမှ မဖြောင့်ဖြူး ” ဆိုတဲ့ ဆိုရိုး စကား တစ်ခု ကို ကျွန်တော် ကြားဖူး ဖတ်ဖူး နေခဲ့တာ ကြာ လှပြီ ။ အဲသည် ခါးသီး သလောက် မှန်ကန်တတ်တဲ့ စကား ကို မကြာ ခဏ လည်း တွေ့ကြုံ ကြားသိ နေ ရတယ် ။ ကျွန်တော့် အစ်ကို
ရေတပ်သား ယစ်ထုတ်ကြီး လည်း သူ့ ဘက် က အချစ်စစ် အချစ်မှန် ပေးခဲ့ ပေမဲ့ ပေးခဲ့ သလောက် ရဲ့ တစ်ဝက် လောက် တောင် ပြန် မရလို့ အချစ် မရှာ တော့ဘဲ ယမကာ နဲ့
ပျော်မွေ့ နေမှန်း ကျွန်တော် သိတယ် ။ ကျွန်တော် တို့ ဆွေမျိုး သားချင်းတွေ ထဲ မှာ လည်း ရုပ်ချော ၊ ပညာတတ် ပါ လျက် အချစ်စစ် အချစ်မှန် ဆိုတာ က လှည့်စား သွားခဲ့လို့ အပျိုကြီး ၊ လူပျိုကြီး လုပ် နေကြရ ရှာတဲ့ သူတွေ တစ်ပုံကြီး ။ ခု တစ်ခါ ကျွန်တော့် အလှည့် မှတ်ပါရဲ့ ။

ကြည့်လေ ။ ခု ရက်ပိုင်း မှာ ကြားကား တစ်စီး ပေါ် လာ လို့ ကျွန်တော် အကြီး အကျယ် စိတ် ကသိကအောက် ဖြစ် နေ ရပြီ ။ ကြားကား ဆိုတာ အလွယ် ပြော လိုက်တဲ့ ဗန်း စကားပါ ။ အစဉ်အတိုင်း တန်း မစီဘဲ တန်းစီ ထားတဲ့ သူတွေ ကြား မှာ ဝင်ပြီး ကြားဖြတ် နေရာ ယူ တဲ့ သူ ကို ခေါ် လိုက်တာ ။ အဲသည် ကြားကား လို ကောင်မျိုးတွေ ကြောင့် ထောင် ထဲ မှာ ကျွန်တော် မကြာမကြာ ပြဿနာ တက်ခဲ့ ရတယ် ။ ထမင်း စား ဖို့ တန်းစီ နေကြ တုန်း လူလည် လိုလို လူမိုက် လိုလို ကြားဖြတ် တဲ့ ကောင် ဆိုရင် ကျွန်တော် ဘာမပြော ညာမပြော နဲ့ ပြေး ထိုး တော့တာပဲ ။

ကြက်သွေးရောင် ဘောလုံးအားကစား ဂျာစီ အင်္ကျီ ကျော မှာ နံပါတ်ရှစ် ပါတဲ့ အင်္ကျီ ကို ဝတ်ထား တဲ့ ကောင် တစ်ယောက် က ညနေပိုင်း မမအေး တို့ ဆိုင် သိမ်းခါ  နီး မှာ မမအေး ကို လာ လာပြီး စကား ပြော နေတာ ၄ ၊ ၅ ရက် ရှိပြီ ။ ကြက်သွေးရောင် အောက်ခံ မှာ အင်္ဂလိပ်ဂဏန်း ရှစ် စာလုံးကြီး က ပြူး နေ တော့ သည်ကောင် ဘယ်သူ လဲ ဆိုတာ ကျွန်တော် သိလိုက် ပြီ ။ အဖြူရောင် ရှစ်ဂဏန်း ကြီး က ပူး နေတဲ့ မျက်လုံးကြီး နှစ်လုံးလိုလို ဘာလိုလို နဲ့ ကျွန်တော့် ကို လှောင် သလိုလို ၊ ပြောင် သလိုလို ၊ ဖြဲခြောက် နေ သလိုလို အသည်း ယားစရာ ပဲ ။ ရှစ်ဂဏန်း ပေါ် မှာ သည် ကောင့် နာမည် အင်္ဂလိပ်စာ တန်း လည်း ပါတယ် ။ နာမည် ကို က အချိုး မကျ ဂိုက် မကျဘဲ မြင့်အောင်အောင် တဲ့ ။ “ မြင့်အောင် ” နှစ်လုံး တည်း ဆိုရင် ရိုး လို့ “ အောင် ”  တစ်လုံး ထပ် တိုး လိုက်တာ လားတော့ မသိဘူး ။ သည် ကောင် က မြို့နယ် ဘောလုံး လက်ရွေးစင်ပေါ့ ။

ရှေ့ နား မှာ ကျွန်တော် ပြောပြ ခဲ့တဲ့ “ မျက်နှာမြင် ချစ်ခင်ပါစေ ” ဆိုတဲ့ စကား က သည်နေရာ မှာ ဆန့်ကျင်ဘက် အဓိပ္ပာယ် နဲ့ ပေါ် လာပြီ ။ သည်ကောင် မျက်ခုံးကောင်း ၊ မျက်လုံးကောင်း နဲ့ ရုပ်ချောတာ ကို လည်း ကျွန်တော် ကြည့် မရဘူး ။ သည်ကောင် ဗလ ကောင်းတာ ကို လည်း ကြည့် မရဘူး ။ သည်ကောင် ဆံပင်တို တာ ကို လည်း ကျွန်တော် ကြည့် မရဘူး ။
သည်ကောင် သူ့ ပေါင် က ကြွက်သားတွေ ၊ ခြေသလုံး က ကြွက်သားတွေ တလှုပ် လှုပ် နဲ့ ပခုံးနှစ်ဖက် ယမ်းပြီး လမ်းလျှောက် တဲ့ ဟန် ကို ကျွန်တော် ကြည့် မရဆုံးပဲ ။ သည်ကောင် က ကျွန်တော့် ထက် အသက် ကြီး ပြီး မမအေး အောက် မှာ ၂ / ၃ နှစ် လောက် တော့ ငယ် လိမ့်မယ် ။ မမအေး နဲ့ ဆိုရင် လုံးတူဒေါက်တူ လို့ တောင် ထင် ရတယ် ။

ထားပါ ။ အဲသည် ကိစ္စ တွေ ဘေးဖယ် ထားပါ ။ သူ့ ဟာ သူ ရုပ် ပဲ ချောချော ၊ ဗလ ပဲ ကောင်းကောင်း ၊ မြို့နယ် လက်ရွေးစင် ပဲ ဖြစ်ဖြစ် ( နောက် ဆုံး ) ကမ္ဘာကျော် ဘောလုံး သမား စီရိုနယ်ဒို လောက် ပဲ နာမည် ကြီးကြီး ကျွန်တော် ဂရု မစိုက်ဘူး ။ သည်ကောင် ကျွန်တော့် ရှေ့ မှာ လာ ပြီး လမ်းပိတ် ရပ် လိုက်တာ ကို တော့ ကျွန်တော် ခွင့် မလွှတ်နိုင်ဘူး ။ လုံးဝ ခွင့် မလွှတ်နိုင်ဘူး ။ လုံးဝ ပဲ ။ သည်ကောင် က ထောင် ထဲ တုန်း က ထမင်း စား ဖို့ တန်းစီကြ တုန်း ရှေ့ က နေ ကြားဖြတ် ဝင်တဲ့ ကောင်တွေ ထက် အပြန် တစ်ရာ မက အောင် ဆိုးဝါးလှတဲ့ အကောင် ။

ကျွန်တော် သာ မီးတောင် တစ်လုံး ဖြစ်ခဲ့ မယ် ဆို ရင် ပေါက်ကွဲခါနီး မီးခိုး တွေ အလိပ်လိုက် တက်နေ သလို မျိုး အမုန်း မီးခိုးလိပ် တွေ မရပ်မနား ထွက် နေတော့ မှာပဲ ။ ကျွန်တော့် ရင် ထဲ မှာ ပူပြင်း ဆူလှိုက် နေတဲ့ အပူ အကြောင်း ပြောတတ် သလောက် ပြောပြရမယ် ဆို ရင်တော့ ကျွန်တော့် တစ်သက်တာ မှာ မခံစားခဲ့ ဖူးသေး တဲ့ အပူ မျိုး ပဲ ။ တစ်ခါ တစ်ခါ တော့ “ မမအေး က မင်း ရည်းစား လည်း မဟုတ် ၊ မင်း အစ်မ လည်း မဟုတ်  ၊ မင်း ဆွေမျိုး လည်း မဟုတ်ဘဲ နဲ့ မင်း ဆိုတဲ့ ကောင် မီးခဲ ပေါ် ထိုင် မိတဲ့ မျောက် လို ဖြစ်နေ တာတော့ ဘာ အဓိပ္ပာယ် မှ မရှိဘူး ” လို့ မိမိ ကိုယ် မိမိ ကြိုးစား ပြီး ဆုံးမ ကြည့်တယ် ။ မရပါဘူး ။ လက်ရှိ အခြေအနေ မှာ တော့ ဘယ်သူပဲ နားချချ မရနိုင် ပါဘူး ။ ကျွန်တော် က စိတ်နှလုံး ကို တုံးတုံး ချ ပြီးသား ။ မမအေး ကို တော့ ကျွန်တော် လုံးဝ ကြည့် မရတဲ့ ကျောနံပါတ် ရှစ် နောက် အပါ မခံနိုင်ဘူး ။ ပါ ဖို့ မပြောနဲ့ ၊ အယိမ်း တောင် မခံနိုင်ဘူး ။ အခုလို ကျောနံပါတ်ရှစ် နဲ့ ပဝါ တစ်ကမ်း ၊ လက် တစ်လှမ်း ဖြစ်နေတဲ့ အခြေအနေ ကို ကျွန်တော် ရပ်ပစ် ရ ပါတော့မယ် ။

ကျွန်တော် စဉ်းစား ပြင်ဆင်ချိန် သိပ် မယူပါဘူး ။ တစ်ည နဲ့ တစ်မနက် ပါပဲ ။ ထူးထူးခြားခြား ဖြစ် နေတာ က ကျွန်တော် ဟာ နဂိုနေ ခပ်ချည့်ချည့် ပေမဲ့ ခု ချိန်မှာ ခွန်အားတွေ ပြည့် နေခဲ့တာပဲ ။ တစ်ချိန်တည်း မှာ ပဲ ကိုယ့် ပါးစပ် ၊ ကိုယ့်နှာခေါင်း ၊ ကိုယ့် မျက်လုံး တွေ ထဲ က အခိုးအငွေ့တွေ ပန်းထွက် နေတယ် လို့ လည်း ခံစား ရတယ် ။ အော်ချင် ဟစ်ချင် ၊ ဆဲဆို ကြိမ်းမောင်း ချင် တဲ့ ဆန္ဒတွေ ကို မနည်းကြီး ချုပ်တည်း တားဆီး နေရတာ က လည်း မချိ
မဆံ့ပါပဲ ။

ရာသီဥတု အပြောင်းအလဲ က ထင်ရှား ပေမဲ့ ကျွန်တော် အမှတ်တမဲ့ ဖြစ် နေတယ် ။ ဆောင်းဥတု ကုန်ခါနီး မှာ ညနေဘက်ကြီး နှင်း တွေ မြူ တွေ က ဝေ နေတယ် ။ ဂျင်းဂျက်ကက် အဟောင်းလေး ဝတ်ထား လို့ အအေးဓာတ် ကို ကျွန်တော် မသိနိုင်တော့ဘူး ။ ကျွန်တော် အင်မတန် မုန်းတီးစက်ဆုပ် တဲ့ ကျော နံပါတ်ရှစ် ဖြူဖြူ ပြူးပြူးကြီး က မမအေး တို့ ခြံဝ မှာ ထွန်း ထားတဲ့ လေးပေမီးချောင်း အလင်း ထဲ မှာ ထင်းထင်းကြီး ။

“ မမအေး အနား ကို မကပ်နဲ့ ကွ ၊ မကပ်နဲ့ ကွ ။ မမအေး အနား မှာ ယင်ဖို တောင် သန်း လို့ မရဘူး ဆိုတာ မှတ်ထား ”

ကိုယ့် အော်သံ ပဲ ကိုယ် ကြားပြီး တခြား အသံတွေ ကို  တော့ ကျွန်တော် မကြားဖြစ် ဘူး ။ ကျောနံပါတ် ရှစ်ကြီး တော့ အော်တောင် မအော်နိုင် ဘဲ လဲကျ သွားပြီ ။ ဗလ ကောင်း တဲ့ ကောင် ဆိုတော့ ချက်ချင်း မလဲတာ နဲ့ ကျွန်တော် သံကျွတ်ပိုက်လုံး အတို နဲ့ သုံးလေးချက် ဆင့် ရိုက်ပစ် လိုက်တာ ။ ဟိုကောင်ကြီး မြေပြင် ပေါ် လဲကျ မသွားခင် ကျွန်တော် က မှောင်ရိပ်တွေ ရှိ ရာဆီ ခြေကုန်သုတ် ပြေးခဲ့ တော့တာပဲ ။

ကြိုတင် စိတ်ကူးထား တဲ့ အတိုင်း နီးပါး ဖြစ်ခဲ့ပါ တယ် ။ တက္ကစီ တစ်စီး ဖမ်း တား ပြီး မင်္ဂလာဒုံ ဘက် ကို လာခဲ့တယ် ။ အဝေးပြေး ကား ကို ချိန်းထား တဲ့ မှတ်တိုင် က စောင့်တယ် ။ နောက် တစ်နေ့ မိုး လင်းခါစ မှာ ကျွန်တော် မကွေးတိုင်း တောင်ပိုင်း တစ် နေရာ ကို ရောက်ပြီး ကား ပေါ် က ဆင်း ခဲ့တယ် ။ ကျေနပ် အားရမှု အရှိန် က မသေသေး ဘူး ။ အဓိက ကျေနပ်မှု က တော့ မမအေး ကြား အောင် “ မမအေး အနား ကို မကပ်နဲ့ ကွ ”  လို့ အားရပါးရ အော်ခွင့် ရခဲ့လို့ပါ ။

ကျွန်တော့် အစ်ကို ဝမ်းကွဲ တစ်ယောက် က သစ်ကုန်သည် လုပ်ရင်း ကားလမ်း နဲ့ ကပ်လျက် ဟောသည် ရွာကလေး က ရွာသူ နဲ့ အိမ်ထောင် ကျပြီး သည် မှာ အခြေချ ကြီးပွား နေတာ ။ ကျွန်တော် အလည် လာတယ် ဆိုလို့ ခြောက်သွေ့ အထီးကျန် တဲ့ သူတို့ မိသားစု ပျော်ရွှင် နေကြ ပါတယ် ။ ကျွန်တော် လည်း ကြံဖန် ကြိုးစားပြီး အပျော်စိတ် ကို မွေးယူ ရတာ ပေါ့ ။ ဒါပေမဲ့ သည် အခြေ အနေ မှာ ကျွန်တော် ဘယ်လို နည်း နဲ့ ပျော်နိုင်ပါ့ မလဲ ။

နေ့လယ်ခင်း ကျတော့ အစ်ကို ဝမ်းကွဲ ဟာ မော်တော်ဆိုင်ကယ်ကြီး ဝူးခနဲ မောင်း ပြီး အိမ် ပြန် လာတယ် ။ ချွေး တွေ ကြားမှာ သူ့ မျက်နှာကြီး ဟာ မည်းမှောင်နေတယ် ။

“ မင်း အစ်ကို အခုကလေး ပဲ ငါ့ ဆီ ဖုန်း ဆက် တယ် ။ မင်း လူ မှား ပြီး ရိုက် ခဲ့တာ တဲ့ ။ ဖအေ က သား ရဲ့ ဘောလုံးကန် အင်္ကျီ ကို ဝတ် ထား တာ တဲ့ ။ အခု အဘိုးကြီး ဆေးရုံ ပေါ် မှာ ။ မင်း ဆက် ပြေး မလား ၊ အဖမ်း ခံ မလား ။ အမြန်ဆုံး စဉ်းစား လိုက်ပေါ့ကွာ ” လို့ အစ်ကို ဝမ်းကွဲ က မောသံကြီး နဲ့ ပြောတယ် ။

ဟုတ်တာ ပေါ့ ။ နောင်တ မရ ခင် နောင်တ ရ သင့် ၊ မရ သင့် စဉ်းစားဖို့ ကျွန်တော့် မှာ မွေးရာပါ အခွင့်အရေး ရှိပြီး သားပါ ။

◾ကြူးနှစ်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     မေလ  ၊ ၂၀၁၇ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment