Sunday, September 3, 2023

အပျိုကြီး ဖြစ်ရခြင်း အကြောင်း ( ၇ )


 ❝ အပျိုကြီး ဖြစ်ရခြင်း အကြောင်း ( ၇ ) ❞


“ အပျိုကြီး ရေ .. ”


ခေါ်သံသည် တော်တော့် ကို ကျယ်ကျယ်လောင်လောင် နိုင်သည် မို့ လန့်များပင် လန့်သွား မိသည် ။ ဒီလို ခေါ်လိုက်ခြင်း သည် နှလုံးသား ကို ရေဝင် ဖျန်း လိုက်သည် သို့ အေးမြ လန်းဆန်း စေသော ခေါ်သံ တော့ ဟုတ်ပါချေ သည် ။ ကျယ်ကျယ်လောင်လောင် ပဲ ခေါ်သည် ဖြစ်စေ ၊ တိုးတိုးညှင်းညှင်း ပဲ ခေါ်သည် ဖြစ်စေ နားဝင်ချိုအေး ပျံ့မွှေး စေပါသည် ။ 


ခေါ် သူ အနား ရောက် လာသည့် အခါ မူ မနှစ်မြို့သလို ဖြစ်ရင်း အကြောင်း မှာ သူ သည် အပျိုကြီး ဆိုသူများ အား ကဲ့ရဲ့သင်္ဂြိုဟ် လေ့ ရှိသူ တစ်ယောက် ဖြစ် နေသောကြောင့် ပင် ။ ဟုတ်ပါသည် ။ သူ သည် အိမ်ရှေ့ အိမ် မှ ဒေါ်ထွေးရှင် ဖြစ်သည် ။ သူ သည် ဟောဟောဒိုင်းဒိုင်း နှင့် ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဟု သူ့ ကိုယ် သူ ဂုဏ်တင် တတ် သူ ဖြစ်သော် လည်း တကယ်တမ်း မှာ မူ မသိတတ် သူ ၊ အကင်း မပါး သူ ၊ သူတစ်ပါး ၏ အရေးကိစ္စများ တွင် အဓမ္မ ဝင်ရောက် စွက်ဖက်တတ် သူ တစ်ယောက် မျှ သာ ဖြစ်ပေသည် ။


သူ မှန်း သိလိုက်လျှင် ပင် ကျွန်မ သည် မျက်လွှာ လှန် ၍ မျှပင် မကြည့်တော့ဘဲ ချုပ် လက်စ အင်္ကျီ ကို သာ ဆက်၍ ချုပ် နေ လိုက်ပါသည် ။ သူ သည် ပုဆိုးတစ်ထည် ကို ကျွန်မ စက်ခုံ ပေါ် သို့ လာ၍ တင် လိုက်သည် ။ 


“ အပျိုကြီး ရေ ... ဒါလေးတော့ အမြန် ချုပ်လိုက်စမ်းပါ လား ၊ ညည်း ဦးလေး က အခု ဝတ်ချင်လို့ တဲ့ ”


သူ့ ပါးစပ် ဟ ကာ မှ ကျွန်မ ပိုပြီး စိတ် ပျက် သွားရသည် ။ သီတင်းကျွတ်ပွဲတော် ရက် နီးလာပြီ မို့ အထည်တွေ တရဟော ကျ၍ နေသည် ။ ကျွန်မ စက်ဆိုင် တွင် ချုပ်သူ တပည့်ကလေး တစ်ယောက် ရှိ သော်လည်း သူ သည် ရုံးချိန် လို အလုပ်ချိန် ကို သတ်မှတ် လုပ် သူ ဖြစ်၍ ငါးနာရီ ထိုး လျှင် သူ့ စက် သိမ်းကာ ပြန်တော့ သဖြင့် ကျွန်မ တစ်ယောက် တည်း ချုပ် ရပါတော့သည် ။ ပြီးတော့ နေ့လယ် ဘက် တွင် သူ အဆင်သင့် ချုပ်နိုင် ရန် ညှပ် ပေး နေရ သဖြင့် သူ ပြန်သွား ကာ မှ ပင် စက် ထိုင် ဖြစ် တတ်ရာ အင်္ကျီ ချုပ်ပြီ ဆိုလျှင် ကြားပေါက် ဘာမှ မချုပ် ချင်တော့ပေ ။ ပြီးတော့ ပုဆိုး ၊ လုံချည် ချုပ် ခြင်း မှာ လည်း ခဲရာခဲဆစ် မဟုတ် သဖြင့် ကျွန်မ ကိုယ်တိုင် ချုပ် ပေးရန် ဝန်လေး နေ တတ်သည် ။ ဒါကို အလိုက် မသိတတ်သော ဒေါ်ထွေးရှင် က


“ နော် ... အပျိုကြီး ကျုပ် ယောက်ျားကြီး ချောသွား အောင် အခု ချုပ် ပေးလိုက်စမ်းပါ အေ ”


“ ဟုတ်ကဲ့ပါ ၊ ပြီးတော့ ချုပ် ပေးပါ့မယ် ”


“ အခု ချုပ်ပါ အပျိုကြီး ရယ် ၊ အပျိုကြီး မြန်မြန် စွံပါစေ လို့ ကျုပ် ဆုတောင်း ပေးပါ့မယ် ”


သူ က ချွဲချွဲပျစ်ပျစ် ပြော နေ၏ ။ သူ ချွဲချွဲပျစ်ပျစ် ပြော လိုက်ခြင်း မှာ ကျွန်မ နား ထဲ သံပူရည် လောင်း လိုက်သည် နှင့် တူသည် ။ ပူရုံ သာ မက အခံ ရ ခက်သွား ၊ ခါးသီး သွားရ သေး၏ ။ ဒီ စကားစု မှာ ကျွန်မ မကြားချင်ဆုံးသော စကား များ ပင် ဖြစ် ပါချေသည် ။


•••••   •••••   •••••   •••••


အသက် နှစ်ဆယ် ပြည့်ပြီး စ က အမေ သည် လည်း ကျွန်မ မကြားချင်ဆုံးသော စကား ကို ပြောဆို နေခဲ့ပါ သည် ။


“ ညည်း မှာ အဖေ လည်း မရှိတော့ဘူး ၊ အစ်ကို တစ်ယောက် ရှိ ပြန် တော့လည်း အား မကိုးလောက်ဘူး ၊ ဦးလေး ဦးကြီး က လည်း ဂရုစိုက် ဖော် ရတာ မဟုတ်တော့ အမေ မရှိ ရင် ခက် လိမ့်မယ် သမီး ၊ ဒီတော့ အမေ မသေခင် အိမ်ထောင် ပြု လိုက်ပါ သမီး ရယ် ”


ကျွန်မ သည် အမေ့ ကို စူးစူးရဲရဲ ကြည့် ပစ်လိုက်ချင် ၏ ။ အမေ့ စကားများ ကို ကျွန်မ ဘယ်နည်း နှင့် မျှ နားထောင် နိုင်လိမ့်မည် မဟုတ်ကြောင်း ခါးခါးသီးသီး ပြော ပစ်လိုက် ချင်၏ ။ သို့သော် မပြောရက်ပြန်ပါချေ ။ တကယ်ဆို တော့ အမေ့ ကမ္ဘာ သည် ကျွန်မ သာ ဖြစ်လျက် အမေ ၏ အားကိုး ရာ ၊ မှီခိုရာ ၊ လဲလျောင်းရာ မှာ ကျွန်မ သာ လျှင် ဖြစ်ချေသည် ။


“ အားကိုးအားထား ရှိဖို့ လိုအပ်တာ ကိုတော့ သမီး သေသေချာချာ စဉ်းစားပါကွယ် ”


ဒီ စကားမျိုး လောက် ကျွန်မ မနှစ်သက်သည့် စကား မရှိတော့ပါ ။ အားကိုး အားထား တဲ့ ။ ဘာ အရေး ကိစ္စများ အတွက် အားကိုး အားထား ရ မည်နည်း ။ ဘယ်လို ချမ်းသာမှု မျိုး အတွက် အားထား ရမည်နည်း ၊ ယခု ကျွန်မ၌ ဘာပြဿနာ မှ လည်း မကြုံ ၊ ဆင်းရဲမွဲတေ နေသည် လည်း မဟုတ် ၊ ဒီထက် လည်း ပို ချမ်းသာ နေချင်သူ မဟုတ်ပါဘဲ နှင့် အမေ သည် မရောင်ရာ မှာ နနွင်း လူး နေလေပြီ ။  


“ အိမ်ထောင် ပြုတယ် ဆိုတာ ကိုယ့် ဒုက္ခ ကိုယ် ရှာတာ ပါ အမေ ၊ ကိုယ့် သခင် ကိုယ် ရှာပြီး ကိုယ့် ဘဝ ကိုယ် နှစ်တာ ပါ ”


အမေ က ကျွန်မ ကို တအံ့တသြ ကြည့် လေသည်  ။ ပြီးတော့ “ ဘယ်လို ပြောလိုက်တာလဲ သမီးရယ် ” ဟု ညည်း တွား ရှာပါသည် ။


ဒီ အကြောင်း ကို အကြောင်းအချက် ပြည့်စုံစွာ ဖြင့် ကျွန်မ ရှင်းလင်း နိုင် သော်လည်း အမေ့ ကို တော့ မရှင်းလို ပါ ။ အမေ သည် ဒီ အချက် ကို သဘော ပေါက်ပြီး ဖြစ်သင့် သည် ဟု ကျွန်မ ထင်မိသည် ။


မှုန်သီပြီ ဖြစ်သော အမေ့ မျက်လုံးများ သည် ရီဝေ လျက် ရှိသည်ကို တွေ့ရ၏ ။ အမေ သည် သူ့ အိမ်ထောင် အကြောင်း ကို ပြန်လည် တွေးကောင်း တွေး နေ ပါ လိမ့်မည် ။


အမေ့ အတွေး တွင် ဘယ်လို ရှိမည် မသိ သော် လည်း ကျွန်မ အတွေး တွင် တော့ အဖေ သည် ပွဲထဲ တွင် တွေ့ ရသည့် လူကြမ်း တစ်ဦး နှင့် အလွန် တူသည် ဟု မှတ်ယူ မိပါသည် ။ အဖေ သည် ဗလကောင်းကောင်း နှင့် ထောင်ထောင်မောင်းမောင်း ကိုယ်ဟန် အနေအထား မျိုး ရှိ သလောက် မျက်နှာ ထား ဆိုး ၍ အသံ သြ လေသည် ။ သားသမီးများ နှင့် ဆက် ဆံရာ တွင် ရော ၊ အမေ နှင့် ပါ တစ်ခါမျှ လှိုက်လှိုက်လှဲလှဲ ပြုံးရယ်သည် ကို မမြင်ရဖူးခဲ့ပါ ။ အဖေ သည် အရိုအသေ ကြိုက်သူ ဖြစ်၍ သားသမီးများ ကို အရောတဝင် မဆက်ဆံ သည် ထား ဦးတော့ အမေ့ ကို ပါ တည်တည်မှန်မှန်ကြီး ဆက်ဆံ တတ်သည် ကို ကျွန်မ နား မလည်နိုင်ပါ ။ အဖေ သည် အိမ် မှာ နေခိုက် တစ်ခါမျှ မျက်နှာ ချိုချို မထား ။ တစ်နေရာ ရာ မှ အိမ် သို့ ပြန် လာသည့်အခါ ပြုံးချင် ပြုံး လာ တတ် သော်လည်း အိမ် မရောက်ခင် ကိုက် နှစ်ဆယ် လောက် အရောက် တွင် ပင် မျက်နှာထား နှင့် ဖြစ် လာ ပါတော့သည် ။


အဖေ သည် မျက်နှာထား ဆိုး ရုံ သာ မဟုတ် ၊ ဒေါသ လည်း ကြီးသေးသည် ။ အဖေ ဒေါသ ထွက် လာလျှင် လက် ပါ ပါ လာတော့သည် ။ ကျွန်မ သည် အဖေ့ ဒေါသ ကို ကြောက် လွန်း၍ အဖေ့ မျက်နှာ ကို လည်း တစ်ခါမျှ စေ့စေ့ မကြည့်ရဲခဲ့ပါ ။ အဖေ နှင့် အတူ ထမင်း စား ရလျှင် ဘယ်တော့မျှ ထမင်း မဝပေ ။ ကျွန်မ အစ်ကို လည်း အဖေ့ ကို အလွန် ကြောက် လေသည် ။ သူ တစ်ခါက တိုင်ကပ်နာရီ ကို သွား လှည့် ထား မိသဖြင့် အဖေ သူ့ ကို ရိုက်သည် မှာ တစ်ကိုယ် လုံး ညိုမည်း ပြီး သုံးလေးရက် အိပ်ရာ ထဲ မှ မထ နိုင် ခဲ့ရှာပေ ။ ဒီတုန်းက ကိုကို က “ ငါ ကြီး လာရင် အဖေ့ ကို ခံ တီးမှာပဲ ၊ တို့ ကို ကျွဲနွား လို သဘော ထားလို့ ဒီလို ရိုက်တာ ၊ ငါ ဘယ် တော့မှ မကျေဘူး ” ဟု ငိုရှိုက်ရင်း ပြောလေသည် ။  


ကျွန်မ သည် ကိုကို နှင့် အတူ ငိုရှိုက်မိသည် သာ မက အဖေ့ ကို မုန်း လည်း မုန်း ၊ နာ လည်း နာ မိလေသည် ။ သည် တုန်းက အမေ သည် လည်း ကျွန်မ တို့ နှင့် အတူ ငိုကြွေးခဲ့ပါ သည် ။ ငိုကြွေး ရုံ မှ တစ်ပါး ဘာမျှ မတတ်နိုင်ရှာပါ ။


တကယ်ဆိုတော့ ကျွန်မ တို့ သာ မက အမေ သည် လည်း တစ်ခါတစ်ရံ အရိုက် ခံရ တတ်ပါသည် ။ အဖေ သည် သူ့ စိတ် နှင့် ဆန့်ကျင် လျှင် ကျွန်မတို့ သားအမိ တစ်တွေ ကို ဘယ်တော့မျှ သက်ညှာလေ့ ရှိသည် မဟုတ်ပေ ။


တစ်ခါက ကိုကို လို ပင် အဖေ့ ကို မုန်းရုံ သာ မက ပြန် တွယ် ချင်သော စိတ်မျိုး ပေါက်ခဲ့ ဖူးပါသည် ။ အမေ့ ကို အဖေ ရိုက် ဖူးသော အကြိမ်များစွာ တို့တွင် ထို တစ်ကြိမ် သည် ကျွန်မ နှလုံးသား တွင် အစွဲဆုံး ဖြစ်နေခဲ့ ပါသည် ။


အမေ ၏ ငယ်သံ ပါအောင် အော် လိုက် သံ သည် ယခု တိုင် နား ထဲတွင် စူးစူးကြီး တိုးဝင် လာတတ် ချေ သေးသည် ။ အမေ သည် ရှက် လည်း ရှက် သဖြင့် အဖေ က သူ့ ခါး မှ ခါးပတ် ကို ဆတ်ခနဲ ဆွဲချွတ်ကာ တအား လွှဲ ရိုက် နေသည် ကို တစ်ချက် သာ အော်ပြီး မှိတ်ကျိတ် ခံနေပါသည် ။ အိမ်နားနီးချင်း များ ရောက်ရှိ လာပြီး ဝိုင်း ဆွဲ ကြမှ ပင် အမေ သက်သာ ပါတော့သည်  ။


ရိုက်ရသည့် အကြောင်း က လည်း လူကြား ထဲ ပြော၍ ဖြစ်သည့် အကြောင်းပင် မဟုတ်ပါ ။ ကျွန်မတို့ အိမ်သို့ နံနက် တိုင်း နွားနို့ လာ ပို့သည့် ကု,လားသည် ခုနစ်ရက်ခန့် က ဆုံး သွားခဲ့ပါသည် ။ သူ့ မိန်းမ မခင်စော မှာ ဗမာမ ဖြစ်ပြီး အမေ တို့ နှင့် စပ်နှိုင်း လျှင် ဆွေမျိုးနီးစပ် တော်၏ ။ သူ သည် ခိုကိုးစရာ မရှိသဖြင့် ကျွန်မ တို့ အိမ် တွင် လာရောက် နေထိုင် ပါရစေ ဟု ပြောသည် ကို အမေ က ငြင်းပယ်ခဲ့သည် ။ သည် ကိစ္စ နှင့် ပတ်သက်ပြီး အဖေ က အမေ့ ကို သူ့ကို မတိုင်ပင်ရ ကောင်းလား ဟု စတင် အပြစ် ဆိုပါသည် ။ အမေ သည် အဖေ နှင့် ဖက်ပြိုင် မပြောရဲ၍ မည်သည့် ဆင်ခြေဆင်လက် မျှ မပေးသော်လည်း သဘောတူဟန် မပြပါ ။


ဒီ ကိစ္စတွင် အမေ မှား သည် ဟု ကျွန်မ လည်း ထင် သည် ။ မခင်စော သည် ဖျတ်လတ်သွက်လက်သူ ဖြစ်၍ အိမ် အလုပ်များ တွင် အဖော် အများ ကြီး ရနိုင်၏ ။ ကျွန်မ မှာ ဆယ့်သုံးနှစ် ဝင်ခါစ မျှသာ ရှိသေး၍ ကောင်းကောင်း မချက် တတ် ၊ မပြုတ်တတ် သေးပါ ။ ကျောင်း မသွားခင် သာ အကို ဝိုင်းကူနိုင်၏ ။


အဖေ သည် ပွဲစား တစ်ယောက် ဖြစ်၍ အလုပ် များ သော်လည်း ထမင်း အချိန်မှန်မှန် စားလေ့ ရှိရာ အချိန်မှန် မကျက်လျှင် ဒေါသူပုန် ထ တတ်၏ ။ အမေ က အလုပ် လုပ် ရာ တွင် နှေးနှေးကွေးကွေး တုန်တုန်ချိချိ နိုင်၏ ။ အဖေ့ ကို ချစ်ကြောက် အားကိုးသူ ဖြစ်၍ အဖေ က တစ်ချက်မျှ ငေါက် လျှင် ပင် ဘာ လုပ်၍ ဘာ ကိုင်ရမှန်း မသိတော့ဘဲ အလွဲလွဲ အချော်ချော် ဖြစ်ကုန်သည် ။


အမေ ထိုသို့ ဖြစ်လေ အဖေ ဒေါသူပုန် ထလေ ဖြစ် တတ် သဖြင့် အမေ့ အတွက် အဖော် လိုသည် ဟု ကျွန်မ တွက် မိသော်လည်း အမေ က ခပ်တွေတွေ လုပ် နေပါသည် ။ အဖေ့ သဘော ကို တော့ ကျွန်မ မမှန်းဆ တတ်ပါ ။ အဖေ သည် ဒေါသ တကြီး နှင့် ဆူ ပြော နေခိုက် အမေ က တစ်ခွန်း ပြန် ပြော လိုက် သဖြင့် ထ ရိုက်ခြင်း ဖြစ်လေသည် ။


တစ်ခါတည်း အဖေ့ မျက်နှာ ကို ကျွန်မ မကြည့်ချင် တော့ပါ ။ အဖေ သည် အင်မတန် ရက်စက်သော လူဆိုးကြီး တစ်ယောက် ဟု သာ မှတ်ယူ လိုက်မိပါသည် ။  


ပတ်ဝန်းကျင် က မူ “ ဟာ ... မတင်ထွေး က တယ် အ တာပဲ ၊ ဒီတော့ ကိုရွှေကျော် ဘယ် စိတ် ရှည်တော့မလဲ ။ ဟို လူ က နဂို ထဲ က ရှူးရှူးဒိုင်းဒိုင်း သမား ပဲ ” ဟု ပြောကြ သည် ။


“ ကိုရွှေကျော် က ဒေါသ ကြီးပေမဲ့ လူကောင်း ပါ ၊ အသောက်အစား ၊ လောင်းကစား လည်း ရှိတာ မဟုတ်ဘူး ၊ ကြိုးကြိုးစားစား အလုပ် လုပ်တဲ့ လူ ” ဟု လည်း ချီးမွမ်းကြ ပါသေးသည် ။


အဖေ သည် အရက် သောက်ခြင်း ၊ ဖဲ ရိုက်ခြင်း တော့ မရှိပါ ။ တစ်ခါမှ လည်း မယားငယ် ယူ သည် ဟု မကြားဖူး ပါ ။ သူ့ တွင် မိတ်ဆွေသင်္ဂဟ လည်း ပေါ ပါသည် ။ သို့သော် အဖေ သည် ကျွန်မတို့ သားအမိ တစ်တွေ နဲ့ တော့ အာဏာ ပြင်းပြသော မင်း တစ်ပါး ဖြစ်၍ နေချေသည် ။  


“ အမေ့ ကို ဒီလောက် ရိုက် နေတာ အဖေ နဲ့ မနေကြပါ စို့ နဲ့ ” ဟု ကျွန်မ က ပြောသည့် အခါတွင် အမေ က ထိတ်လန့်တကြား ဖြင့် “ ဘယ်လို ပြောလိုက်တာလဲ သမီး ရယ် ၊ မကြံကောင်း မစည်ရာ အေ ၊ တခြား ထွက်သွားတော့ တို့ ဘယ်မှာ သွား နေမလဲ ၊ တို့ ကို ဘယ်သူ က လုပ် ကျွေးမလဲ ၊ သူများ စော်ကား မှာပေါ့ ” ဟု ပြောပါသည် ။


“ ဒါဖြင့် အဖေ ရိုက်တာ အမေ မခံနဲ့ ပေါ့ ”


အမေ က သက်ပြင်း ရှိုက်ပြီး “ သူ က အိမ်ဦးနတ် ပဲ ၊ အရှင်သခင် ပဲသမီး ၊ အမေ တို့ ကို ရှာဖွေကျွေးမွေး နေတဲ့ ကျေးဇူးရှင် ပဲ ၊ ပြီးတော့ အမေ့ ကို သူ ပိုင် တာပဲ ၊ သူ ရိုက်ချင် ရိုက် မှာပေါ့ ” ဟု ပြန် ဖြေ ခဲ့လေသည် ။


အမေ သည် သူ့ ဘဝ ကို မနာလေရော့ သလား မသိပါ ။ ယခု ကျွန်မ ကို အိမ်ထောင် ပြုစေချင် နေ ပြန်ပါပြီ ။


အမေ သည် အင်မတန် သနားစရာ ကောင်းသော မိန်းမ တစ်ဦး မျှသာ ဖြစ် လေသည် ။ အမေ သည် ကိုယ့်စွမ်း ကိုယ်စ ကိုယ့်လုံ့လ ကို မယုံကြည်ပေ ။ ကိုယ့် အင် ကိုယ့် အား ဟူသည် ကိုယ့် လက် ကိုယ့် ခြေ များ သာ ဖြစ်သည် ကို လည်း သဘော မပေါက်ပေ ။


“ အားကိုးအားထား ပြု ရအောင် အိမ်ထောင် ပြုပါ ” 


   •••••   •••••   •••••   •••••


“ ကျွန်မ ဘယ်သူ့ ကို မှ အား မကိုးဘူး ၊ အားလည်း မကိုးဝံ့ဘူး ၊ အားကိုးမိတဲ့ အတွက် တုံ့ပြန် ရမှာတွေ က များ လွန်းတယ် ”


ကျွန်မ က ခပ်မာမာ ခပ်ဆတ်ဆတ် ပြောချ လိုက်သည် ကို သူ က လေးစားဟန် နှင့် နားထောင် နေပါသည် ။ 


သူ ဆို တာက ကိုလှိုင်ကြွယ် လေ ။ ကျွန်မ ကို ချစ်ပါရစေ ၊ လက်ထပ်ပါရစေ ဟု တောင်းဆို နေသော မြို့ပိုင်ကလေး တစ် ယောက် ပါ ။ သူ သည် မြစ်ဝကျွန်းပေါ် မြို့ တစ်မြို့ မှ ဖြစ်ပြီး ကျွန်မတို့ မြို့ သို့ ပြောင်းရွှေ့ ၍ ကျွန်မ တို့ နှင့် အိမ်ချင်း ကပ် ၍ နေ လာခဲ့သည် မှာ ခုနစ်လ ကျော်ကျော် မျှသာ ရှိပါသေး သည် ။


“ ကျွန်မ ဘဝ ကို စိုးပိုင် တဲ့ သခင် ကို လည်း ကျွန်မ မလိုချင်ပါဘူး ၊ ကျွန်မ အဖေ လို သခင်မျိုး မဟုတ်တောင် သခင် ကတော့ သခင် ပဲ လေ ” ဟု ကျွန်မ ဆက်၍ ပြောလိုက် လျှင် ..... 


“ အိမ်ထောင်ရေး မှာ သခင် နဲ့ ကျွန် ရယ်လို့ ဘယ်မှာ ရှိပါ့မလဲ ကြည် ၊ တစ်ဦး ကို တစ်ဦး ချစ်ကြင်နာ ယုယ ရမယ့် ဘ၀ခရီးဖော်တွေ ပါ ၊ တစ်ဦး ကို တစ်ဦး နားလည် သဘော ပေါက် အောင် ကြိုးစားရမယ့် သူတွေ ၊ သည်းခံ ခွင့်လွှတ် ရ မယ့် သူတွေ ၊ လိုက်လျော ကျေနပ်ရမယ့် သူတွေ ပါ ” 


“ ယောက်ျား ဆိုတာ စီးပွား ရှာဖွေရမယ် ၊ ပြီးတော့ ငါ လုပ်ကျွေးတာ ဆိုပြီး အနိုင်ကျင့် ရ မှာ ၊ မောက်မာ ရ မှာ ၊ ဂုဏ် လုပ် ရ မှာ မဟုတ်ပါဘူး ၊ မိန်းမ ဖြစ်သူ ရဲ့ ဆောင်ရွက်မှု တာဝန် ယူမှုတွေ ကို လည်း အသိအမှတ် ပြုရ ၊ ဂုဏ် ယူရ ဦး မှာပါ ။ ကိုယ့် ရဲ့ စားရေး ၊ ဝတ်ရေး က အစ ကိုယ့် အိမ်ထောင်လေး ကို နွေးနွေးထွေးထွေး သိုက်သိုက်ဝန်းဝန်း ရှိအောင် ဖန်တီး ပေးတာ ကို လည်း ကျေးဇူး တင်ရ ၊ ဝမ်းမြောက် ရမှာပါ ” 


“ တကယ်ဆိုတော့ မိန်းမ နဲ့ ယောက်ျား ဟာ တစ်ဦး ကို တစ်ဦး အမှီသဟဲ ပြု နေကြသူတွေ ၊ ကျေးဇူး တုံ့ပြန်နေကြ သူတွေ ၊ ကိုယ့် တာဝန် ကိုယ် ထမ်းဆောင် နေကြသူတွေပါ ၊ တကယ့် ကို မရှိ လျှင် မဖြစ်တဲ့ အဖော် တွေပါ ” ဟု သူ က ရှည်ရှည်ဝေးဝေးကြီး ရှင်းလင်း နေပါသည် ။ သူ့ ၌ အဖေ နှင့် မတူသော နှစ်သက်ဖွယ် အယူအဆများ ရှိကြောင်း ကျွန်မ မြင် လာ ရပါသည် ။  


“ ကြည် တို့ အဖေ နဲ့ အမေ တို့ ရဲ့ အိမ်ထောင်ရေး ကို ကြည့်ပြီး ကြည် က စိတ်ပျက် နေ တာပါ ” 


ဒါကိုတော့ ကျွန်မ ငြင်းဆိုနိုင်ခြင်း မရှိပါ ။


“ ယောက်ျား တစ်ယောက် ရဲ့ နှလုံးသား က ပေါက် ဖွား လာတဲ့ အချစ် ဆိုတာ ကို ရော ကြည် မေ့ ထားတော့မှာ လားကွယ် ”  


သူ က ညည်းညည်းတွားတွား ပြောဆို နေပါသည် ။ ယောက်ျား တစ်ယောက် ရဲ့ နှလုံးသား က ပေါက်ဖွား လာတဲ့ အချစ် တဲ့ လေ ။


  •••••   •••••   •••••   •••••


“ ယောက်ျား ဆိုတာ အသည်းနှလုံး ရှိတာ မဟုတ် ဘူး ၊ အချစ် ဆိုတာ အကြော တွေ ၊ အသွေး တွေ က ဖြစ်လာတာ ၊ ဒင်းတို့ အချစ် ဟာ ဘယ်ဟာ မှ မမြတ်ဘူး ၊ အားလုံး ကိလေသာချစ် ၊ တဏှာချစ် ချည်းပဲ ” ဟု ငိုရှိုက်ရင်း ပြောခဲ့သော မခင်စော ၏ စကားများ ကို ပြန်လည် ကြားယောင် ရ ပြန်ပါပြီ ။  


ဒီ စကားများ ကို ကြားယောင် လာရ ပြန် လျှင် အမေ့ မောင် အကြီးဆုံး ဖြစ်သော ဦးကြီး ကို အမှတ် ရ ရပါဦးမည် ။


မခင်စော လာ နေသည့် နှစ် က ကျွန်မ လေးတန်း အောင် ခဲ့သည် ။ ကျွန်မတို့ ဇာတိ ဖြစ်သော သနပ္ပင် တွင် ထိုအချိန် က လေးတန်းကျောင်း သာ ရှိ သဖြင့် အထက်တန်း ဆက် ၍ တက် လို လျှင် ပဲခူး တွင် သွားရောက် တက် ရပါသည် ။


ကျွန်မ သည် အဖေ နှင့် အတူ မနေချင် ၍ တစ်ကြောင်း ၊ ပညာ လည်း ဆက် သင်လို၍ ကိုကို နှင့် အတူ ကျောင်း ထား ပေး ပါရန် အမေ မှ တစ်ဆင့် အဖေ့ ကို ပူ ပါသည် ။ အဖေ က ဘာမျှ မပြောသေးပေ ။


ကျောင်း ပိတ်ထားသည့် ရက်များ အတွင်း ရွှေမော်ဓော ဘုရားပွဲတော် နှင့် ကြုံ သဖြင့် ကျွန်မ နှင့် မခင်စော တို့ ကိုကို နှင့် အတူ ဘုရားပွဲ သွားကြပါသည် ။ ကျွန်မ တို့ သည် ကိုကို နေ သော ကျွန်မ တို့ ဦးကြီး အိမ် မှာ တည်း ကြသည် ။ 


ဦးကြီး သည် အဖေ့ လို ဣန္ဒြေကြီး တစ်ခွဲသားနှင့် မနေပါ ။ ရယ်ရယ်မောမော စကား ပြောလေ့ ရှိ သဖြင့် ကျွန်မ ခင် ပါသည် ။ ကျွန်မ ရှေ့ နှစ် တွင် ပဲခူး တွင် ကျောင်း လာ နေချင် သည့် အကြောင်း ပြောသည့်အခါ “ ဟာ ... မိန်းကလေး ပဲ စာ ဘာလို့ ဆက် သင်ရမှာလဲ ၊ အချုပ်အလုပ် အချက်အပြုတ် သာ သင် ၊ ကိုရွှေကျော် ကို ပြောဦးမှပဲ ၊ ဒီလူ ဘာစိတ်ကူး များ ပေါက်တယ် မသိဘူး ” ဟု ပြောပါလေတော့သည် ။ ကျွန်မ သည် တစ်ချက် တည်း ဒေါသ လည်း ဖြစ် ၊ ဝမ်းနည်း အားငယ် ၍ လည်း သွားပါသည် ။  


“ ကျွန်တော်တို့ ကျောင်း မှာ ဆရာမတွေ လည်း ရှိတာ ပဲ ၊ ပညာ တတ် ရင် ဆရာမ လည်း လုပ် နိုင်တာပဲ ၊ ဆရာမ ဖြစ် တော့ ဂုဏ် ရှိတာပေါ့ ” ဟု ကိုကို က ဝင် ပြောသေး၏ ။ သို့ သော် ဦးကြီး က တွင်တွင်သာ ငြင်း ပါတော့သည် ။


“ ဦးကြီး နဲ့ အဖေ နဲ့ ကတော့ စိတ်ထား အတူတူပဲ ၊ နှစ် ယောက် စလုံး အစွမ်း ပြ တတ်တာပဲ ၊ တို့ အဖေ က ဒေါသ ပို ကြီးတာ ၊ မျက်နှာ ပုပ်တာ ပို တယ် ၊ အေး ... နင် တော့ ကျောင်း မနေရတော့ပါဘူး ၊ ဘယ် တတ်နိုင်မလဲ လေ ၊ တို့ က သားသမီး ဆိုတော့ ကံကြမ္မာ ဟာ သူတို့ လက် ထဲမှာပဲ ရှိ တော့ တာပေါ့ ၊ နင် တော့ ဒုက္ခ ဖြစ်မှာပဲ ” ဟု ကိုကို က နာနာကြည်းကြည်း နှင့် ရှည်ရှည်ဝေးဝေး ပြော ခဲ့ပေသည် ။


ကိုကို ပြော သည် မှာ များစွာ မှန်ခဲ့ပါသည် ။ အဖေ သေဆုံး သွားသောအခါ ခေတ်ပညာ မဲ့ သော ကျွန်မ က ကျွန်မ တတ် ထားသော စက်ချုပ်ပညာ နှင့်သာ အသက် ဆက် ရ ပါတော့သည် ။ ကိုကို က အတွင်းဝန် ဖြစ် နေချိန် တွင် ကျွန်မ သည် အညတရ စက်ချုပ်သမ တစ်ယောက် အဖြစ် နှင့် သာ ရှိ ရ ပါတော့သည် ။


အဖေ နှင့် ဦးကြီး တို့ သည် သူတို့ ၏ စိတ်ဆန္ဒ မှ တစ် ပါး သားသမီး တို့ ၏ စိတ်ဆန္ဒများ ကို လုံးဝ ထည့် တွက်ခြင်း မပြုတတ် ဟု ကျွန်မ ထင် ခဲ့ပါသည် ။ ဤသည်မှာ လည်း ကျွန်မ တို့ ကို မချစ်ကြင် ၍ သာ ဖြစ်မည် ဟု ထပ်မံ ယူဆခဲ့ မိ၏ ။


ကျွန်မ သည် ဝမ်းနည်းလွန်း ၍ ငိုရှိုက် နေရသဖြင့် အိပ် မပျော်ပါ ။ ညဉ့် နက် လာတော့ ရှိုက်ရင်း နှင့် အိပ်ပျော် သွား ပါသည် ။ တစ်စုံတစ်ယောက် ၏ ငိုရှိုက်သံ ကြောင့် ကျွန်မ လန့် နိုးသွား၏ ။


“ အိုကွာ .. အစ်ကိုကြီး က ချစ်လို့ပဲ ဟာ ” 


တတွတ်တွတ် ပြောနေသံ ကို ကြား ရသည် ။ ကျွန်မ အံ့ဩ ကာ လှုပ်ရှား လိုက်မိ၏ ။ ရုတ်ခနဲ တစ်စုံ တစ်ယောက် သည် အခန်း ထဲ မှ ထွက် သွားပါတော့သည် ။ ရှိုက်သံ သည် ပို၍ ကြေကွဲ ဆို့နင့်စွာ ပေါ်ထွက် လာပါ၏ ။ အို ... မခင်စော ငို နေတာပါကလား ။


သနပ္ပင် ပြန် ရောက်ပြီး တစ်လ ကျော်ကျော် ခန့် တွင် မှ မခင်စော ၏ ငိုရှိုက်ရခြင်း အကြောင်း ကို ကျွန်မ နားလည် ရ ပါတော့သည် ။ မခင်စော တွင် ကိုယ်ဝန် ရှိနေလေပြီ ။


  •••••   •••••   •••••   •••••


“ ယောက်ျားတွေ ရာဂငန်း ဖမ်းကြတာတွေ ကို ကိုလှိုင်ကြွယ် လည်း သိ မှာပါ ၊ သိလျက် နဲ့ နှလုံးသား က လာတဲ့ အချစ်တွေ ဘာတွေ နဲ့ ဖွဲ့နွဲ့ မနေစမ်းပါနဲ့ ရှင် ၊ နား ခါး လွန်း လို့ပါ ”


ကျွန်မ က မဲ့ကာ ရွဲ့ကာ ပြောသည် ကို သူ က စိတ် ဝင်စားဟန် နှင့် နားထောင် နေပြီး “ ဘယ်လို အတွေ့အကြုံ ရှိခဲ့လို့ ဒီလောက် တောင် ယောက်ျားတွေ ကို အပြစ် ဆိုနေ တာလဲ ကြည် ရယ် ” ဟု မေးပါသည် ။


“ ကြည့် အတွေ့အကြုံ ကတော့ ပြော ရမှာတောင် ခက် တယ် ၊ ကြည့် ပတ်ဝန်းကျင် က အဖေ တို့ ၊ ဦး တို့ အပါအဝင် ယောက်ျားတိုင်း လိုလို တစ်မျိုး စီ တော့ ရွံ ဖို့  ၊ ကြောက် ဖို့ ကောင်း တာပဲ ”


“ ဘယ်လိုလဲ ကြည် ၊ မိန်းမ ကို နိုင်ထားကြလို့လား ၊ တခြား မိန်းမတွေကို ဖျက်ဆီး လို့လား ၊ အရက် သောက် ၊ ဖဲရိုက် နဲ့ အိမ် က မိန်းမ ကို နှိပ်စက် လို့လား ... ဟင် ”


သူ မေးကာ မှ ခင်စော တို့ အိမ်ထောင်ရေး ကို ပြေး ၍ မြင် လိုက်မိရပြန်သည် ။ မခင်စော ကို အဖေ့ ညီဝမ်းကွဲ နှင့် ပေး စား ခဲ့၏ ။ အမေ့ မောင် ဦးကြီး က သူ့ ကို ငွေ သုံးထောင် ပေး သဖြင့် သူ သာသာကြည်ကြည် နှင့် လက်ထပ် ယူ လေ သည်  ။ ဦးလေး သည် အဖေ့ ထက် ပင် ဆိုးသေးသည် ။ လူ က တော့ ရှိုး နှင့် ကျော့ အောင် နေသည် ။ သို့သော် ဘာ အလုပ် မျှ မည်မည်ရရ လုပ် မစားပေ ။ သူ့ အလုပ် မှာ ဖဲရိုက် ၊ အရက် သောက် နှင့် အိမ်ပြန် ရောက် သော် မခင်စော ကို ရိုက်နှက်ခြင်း ဖြစ် လေသည် ။ အဖေ က အမေ့ ကို တစ်ခါတစ်လေ မှ ရိုက် သဖြင့် တော်သေးသည် ဟု ပင် ယူဆ ရပေသည် ။


ပြီးတော့ မခင်စော က မွေးသော သား ကို ခြေ နှင့် ပင် မတို့ပေ ။ သူ မ တို့ လျှင်လည်း ရှိစေတော့ ၊ ဦးကြီး ကတော့ ကြည့်ရှုသင့် သည် ဟု ကျွန်မ ထင် မိသည် ။ သို့သော် ဦးကြီး က လည်း ယောင်လို့ ပင် လှည့် မကြည့်ခဲ့ ။  


ချစ်ခြင်း ဆိုသည် ကို အသို့လျှင် ကျွန်မ နားလည်ရပါ တော့ မည်နည်း ။


  •••••   •••••   •••••   •••••


“ အချစ်စစ် ဆိုတာ လူတိုင်း မှာ မရှိပေမဲ့ တချို့များ မှာ တော့ ရှိတတ်ပါတယ် သမီး ရယ် ၊ ကိုယ့် မိဘမောင်ဘွား ကို သဘော မကျ တိုင်း လည်း ယောက်ျား တကာ ကို ဒီလို မထင်သင့်ဘူးကွယ် ” ဟု အမေ က ဖြောင်းဖျ ပြန်ပါသည် ။ အမေ့ ကို ပင် ကျွန်မ နား မလည် နိုင်တော့ပါ ။


“ အရွယ် ရှိတုန်း အိမ်ထောင် ပြုမှ ကိုယ် နဲ့ လိုက်ဖက်တဲ့ အိမ်ထောင်ဘက် ကို ရမယ် ၊ အရွယ် ထောက် မှ ဆိုရင် လူ ဆို စရာ ဖြစ်လိမ့်မယ် ” ဟူ၍ လည်းကောင်း ၊ “ အချို့ ယောက်ျား တွေ ဟာ မိန်းမ အကြောင်း ကို နောကျေ အောင် သိ ကြတယ် ။ အဲဒီလို လူရှုပ်လူပွေ နဲ့ အရိုးခံ မိန်းမ တွေ့ကြ ရင် ဘယ်နည်း နဲ့ မှ သူတို့ ဘက် မပါဘဲ မနေနိုင်ဘူး သမီး ၊ အတွေ့ ဆိုတာ ကလည်း ရှောင်နိုင်ဖို့ ခက်တယ် ၊ သမီး လည်း လောကီဘုံ သား ပါကွယ် ” ဟူ၍ တစ်မျိုး အမျိုးမျိုး ပြောပြီး “ မောင်လှိုင်ကြွယ် ဟာ သဘောသကာယ လည်း ကောင်းတယ် ၊ ပညာ လည်း တတ်တယ် ၊ အလုပ်အကိုင် လည်း ရှိတယ် မဟုတ် လား ၊ ပြီးတော့ ရိုးရိုးသားသား လည်း အရှိသားပဲ ၊ ညည်း ကို လည်း နှစ်နှစ်ကာကာ ချစ်နေပုံ ရပါတယ် ... အမေ့ သဘော က တော့ ယူ လိုက်စေချင်တာပဲ ” ဟူ၍ ပြောဆို နေ ပါတော့သည် ။


  •••••   •••••   •••••   •••••


ကိုလှိုင်ကြွယ် သည် ကျွန်မ အား မြတ်နိုးချစ်ကြင် ဟန် ဖြင့် ငေး၍ ကြည့် နေတတ် သော် လည်း ကျွန်မ ဆီ မချဉ်း ကပ်တော့ပါ ။ 


ပထမတော့ ကျွန်မ သဘော ကျခဲ့မိသည် ။ နောက် တော့ .. နောက်တော့ ...  


“ အို ... ယောက်ျား ဆိုတာ တဏှာ ကျွန် ပါ ၊ ကိုကို့ ကို ကြည့်ပါလား ၊ သူ့ မိန်းမ က ခေတ်ပညာ တော့ တတ် ပါရဲ့ ၊ အလုပ်တော့ မလုပ်ဘူး ၊ မြင်း ကောင်းကောင်း လောင်း ၊ ဖဲ ကောင်းကောင်း ရိုက်ပြီး လင်ငယ် ကောင်းကောင်း နေ တာပဲ ။


ဒါပေမဲ့ ကိုကို မပစ်နိုင်ဘူး ၊ မိန်းမ ထား ရာ မှာ နေပြီး ကျိုးကျိုးနွံနွံ ပေါင်းနေတာပဲ ” ဟူသော ကိုကို နှင့် ပတ်သက်သည့် အတွေး သည် ဦးနှောက် ထဲ တွဲခို လာပြန်ပြီး အဘယ် ယောက်ျား ကို မဆို တစ်မျိုးမျိုး အကြောင်းကြောင်း ကြောင့် မုန်းစိတ် ၊ ကြောက်စိတ် ၊ ရွံစိတ်တွေ ပေါ် ၍သာ နေခဲ့ပြီး သူ ၏ ချစ်ခင်ဟန် ကိုပင် မမြင်လို ဖြစ်ခဲ့ရ ပြန်သည် ။


 •••••   •••••   •••••   •••••


သူ့ အနေအထိုင် ကား ခပ်မှန်မှန် ပင် ရှိနေ ခဲ့လေသည် ။


အမေ ၏ ဖျောင်းဖျ ချော့မော့ခြင်း များ သည် လည်း တိုး၍ လာခဲ့ချေသည် ။  


“ အချစ် ဆိုတာ အင်မတန် စွမ်းအင် ထက်မြက်တဲ့ လက်နက် တစ်ခု ပါ ၊ အချစ်ကြောင့် အသက် စွန့်ကြ ၊ ထီးနန်း စွန့်ကြတာတွေ လည်း ရှိခဲ့တာပဲလေ ၊ ဒါတွေ အားလုံး ဟာ ကိလေသာချစ် ၊ တဏှာချစ် လို့ ချည်း စွပ်စွဲ လို့ လည်း မဖြစ် သေးပါဘူး ” ဟု သူ က ဆိုပါသည် ။


“ ကြည် ယောက်ျား တွေ ကို မုန်းနေ ၊ ကြောက်နေ တဲ့ အကြောင်းတွေ ဟာ အင်မတန် ပြည့်စုံတာပဲ ကြည် ၊ ကြည့် ကို ဘယ်လို မှ လည်း အပြစ် မတင်သာ တော့ပါဘူး ” ဟု လည်း ပြော  ပါသေးသည် ။


ဒီ အပြော မျိုး ၊ ဒီ ဟန်ပန် မျိုး ၊ ဒီ လေယူလေသိမ်း မျိုး ကို တော့ ကျွန်မ နှင့် ကြုံဆုံ နီးစပ်သော ယောက်ျားများ တွင် ဘယ်သူ့ ထံ က မျှ မကြားဖူးသေးပါ ။


“ ကြည့် အတွေ့အကြုံတွေ ရဲ့ အရိပ်ထိုး နေမှုတွေ ကို ကျွန်တော် ဘယ်လိုများ ချေဖျက်ရမယ် မသိအောင်ပါပဲ လား ကြည် ရယ် ၊ ယောက်ျားတွေ ရဲ့ ပျော့ကွက် တွေ ၊ ချွတ် ယွင်းချက် တွေ ၊ အားနည်းချက် တွေ ကို ချည်း ကြည် ကြုံ တွေ့ခဲ့ရလေ တော့ ယောက်ျား ဆို ရင် မုန်း မှာပဲ ၊ မုန်းတယ် ဆို တာလည်း မုန်းစရာ တွေ့လို့ သာ မုန်းရတာ ဆိုတော့ ကြည့် ကို သနားလို့ မဆုံးတော့ပါဘူး ကြည်ရယ် ” ဟု လည်း ပြော ပါသေးသည် ။


သူ့ အသံ ကား ငြိမ့်ညောင်း လှပါသည် ။ သူ့ ဟန် က လည်း ပျော့ပျောင်း ညင်သာ၏ ။ အဖေ နှင့် တော့ အကွာ ကြီး ကွာသည် ။ ဦးလေး နှင့် လည်း မတူပါ ။ ဦးကြီး နှင့် ကော ဒါတော့ ကျွန်မ မပြောတတ်ပါပြီ ။  


“ ကြည့် ကို ကျွန်တော် ချစ်တာတော့ အမှန်ပါ ဗျာ ၊ တကယ့်ကို လှိုက်လှိုက်လှဲလှဲ မြတ်မြတ်နိုးနိုး ချစ်တာပါ ” ဟုလည်း ထပ်မံ ပြော လာသည် ။ သူ့ အသံ သာ နူးညံ့ချိုသာ သည် မဟုတ်သေး ။ သူ့ မျက်နှာထား သည် လည်း ကျွန်မ တစ်သက် တွင် တစ်ခါမျှ မမြင်ဖူးသော ကြင်နာညွှတ်ပျောင်း သည့် ဟန်များ ကို ပါ တွေ့ရ ပါသည် ။  


ကျွန်မ သည် ယခင် လို မာဆတ်ဆတ် မဟုတ်တော့ ဘဲ စဉ်းစား တွေဝေ လာခဲ့ ပါပြီ ။  


သူ နှင့် တွေ့ လျှင် ရွံခြင်း ၊ ကြောက်ခြင်း ၊ စက်ဆုပ်မုန်း တီးခြင်းတွေ မဖြစ်တော့ပါ ။ ငါ သာ သူ့ မယား ဆိုရင် သူ ငါ့ ကို နှိပ်စက် မှာ ပဲ ဆိုသည့် အတွေး သည်လည်း ပျောက် ပြယ်စ ပြုပါပြီ ။ သူ တော့ ငါ့ ကို တကယ် ချစ်တာပဲ ၊ လက် ထပ် ပြီး ရင် သူ ငါ့ ကို သိပ် ကြင်နာမှာ ပဲ လား ဆိုသည့် ယုံကိုး ချက်များ လည်း ပေါ်ပေါက် နေပါပြီ ။  


သူ နှင့် တွေ့ လျှင် ဝမ်းသာရွှင်လန်း သည် လား မပြော တတ် ။ အလိုလို ပြုံးမိလျက် ၊ ရင် ထဲ က လှိုက်လှိုက် ခုန်နေခဲ့ ပါသည် ။ ကျွေးချင် ၊ မွေးချင် ၊ ယုယပိုက်ထွေးချင်စိတ်များ ပေါ်ပေါက် လာတတ်သည် ကို လည်း ဝန်ခံ ရပါဦးမည် ။


“ ကျွန်တော့်ကို ဘယ်တော့များ မှ ယုံတော့မှာလဲ ကြည် ”


တစ်နေ့ သူ က ဆွေးဆွေးမြေ့မြေ့ မေး ပါသည် ။ ကျွန်မ သည် ဘာကြောင့်မှန်း မသိ ပြုံး နေလိုက်မိသည် ။ သူ က ကျွန်မ ကို စိတ်အား ထက်သန်စွာ လှမ်း၍ ကြည့် ပါသည် ။ ကျွန်မ မျက်လုံးများ ၌ တစ်စုံတစ်ရာ ကို မြင်လိုက်သည့် အ လား သူ့ မျက်လုံးများ ရုတ်ခနဲ တောက်လက်လာလျက် ကျွန်မ ပါး ကို ဖျစ် လိုက်သည် ။


ကျွန်မ သည် အသံ ထွက် အောင်ပင် ရယ် လိုက်မိပြီး ထွက် ပြေးရန် ဟန် ပြင် လိုက်ပါသည် ။ သို့သော် မပြေးနိုင်ခဲ့ တော့ပါ ။


 •••••   •••••   •••••   •••••


သူ အိမ် ပြောင်းချေပြီ ။


သူ သည် ဘာအကြောင်း မျှ မပြောမဆိုပါဘဲ နှင့် ကျွန်မတို့ နှင့် အတော် လှမ်းသော အိမ် တစ်အိမ် သို့ ရုတ်တရက် ပြောင်းရွှေ့ သွား ပါသည် ။ သူ အိမ်ပြောင်း သွားသည် ကို ကျွန်မ သာမက အမေ ပါ အံ့ဩ နေပါသည် ။ ကျွန်မ သည် အံ့သြ ရုံ သာ မက ဝမ်းနည်းပက်လက် လည်း ဖြစ်မိသည် ။


သူ သည် အိမ်ပြောင်း ရခြင်း အကြောင်းများ ကို စာ ရေး၍ ဖြေရှင်း ပါလေတော့သည် ။


မြတ်နိုး ကြင်နာရပါသော ကြည် ...  


ကိုယ် ပုံ တစ်ခု ပြောပြပါရ စေလား ကွယ် နော် ။ တစ်ခါတုန်းက လူ တစ်ယောက် ဟာ ငယ်ငယ်ရွယ် ရွယ်နဲ့ အိမ်ထောင် ကျ ခဲ့တယ် ကွယ် ၊ သူ ဟာ အသက် လည်း ငယ် သေး ၊ ပညာ လည်း မပြည့်စုံသေး ၊ စီးပွား လည်း မရှာဖွေ နိုင်သေး တာမို့ သမီးရှင် က အတင်း ခွဲပြီး သူတို့ သမီး ကို ပြန် သိမ်း ခဲ့တယ် ။ ပထမတော့ ချစ်သူ နှစ်ဦး ဟာ ကြား က ဖျက်လို့ ကွေကွင်း ကြရတယ် လို့ မြင်ခဲ့ရ ပေမယ့် တကယ်တော့ မိန်းက လေး ဟာ မိဘ စကား နားဝင်ပြီး သူ့ ရဲ့ ချမ်းသာရေး အတွက် ချစ်သူ နဲ့ လက်တွဲ ဖြုတ်ခဲ့တာ ဖြစ်လေတော့ စိတ် အနာကြီး နာပြီး လေလွင့် နေ ခဲ့တယ် ၊ နောက်တော့ လည်း ကျောင်းနေ ဖြစ် ၊ စာကျက် ဖြစ် ပြန်ပြီး စာမေးပွဲ တွေ အောင်ခဲ့ ၊ အလုပ် ရခဲ့တယ် ။


ဒီအခါ ချစ်စရာ ၊ သနားစရာ မိန်းကလေး တစ်ယောက် နဲ့ ဆုံပြန်တယ် ။ မိန်းကလေး ဟာ ချစ်ခြင်း မေတ္တာ မွတ်သိပ်မှု ကို တစ်သက်လုံး ခံစားခဲ့ရတဲ့ မိန်းကလေးမို့ သူ့ ကို ပိုပြီး ချစ်ခဲ့ ၊ ကြင်နာခဲ့ မိတယ် ။ လက်ထပ် ထိမ်းမြား ယူ နိုင်အောင် သူ ကြိုးစားခဲ့ တယ် ၊ သူ ကြိုးစားမှု ဟာ လည်း အောင်မြင်ခဲ့တယ် ။ ဒီတော့မှ သူ ဟာ အလွမ်းသမား ၊ အချစ်သမား မင်းသား ဘဝ က နေ အကြမ်းသမား ၊ အရမ်းသမား ဘဝ ကို ပြောင်း ရဖို့ ကိန်း ကြုံ တော့ တာပဲ ။ သူ့ ကို စွန့် ပစ် သွားခဲ့တဲ့ သူ့ ဇနီး ဟာ မိဘ လည်း ဆုံး ၊ ပစ္စည်း လည်း ပျက်သုဉ်းပြီး သူ့ ဆီ ကို ပြေး လာကာ ကပ် လာ တော့တယ် ။ ဟိုတုန်း က အမုန်းတွေ ကို သင်ပုန်း ချေ ဖို့ တောင်းပန် လာတော့တယ် ။ ပြီးတော့ ရင် က ဖြစ်တဲ့ သားအလှ ကိုလည်း လက်ညှိုး ထိုး ပြနေ တော့ တယ်လေ ။ ဒီ လူ ဘာ ကို လုပ်သင့်သလဲ ကြည် ရယ် ။ 


      ကြည့် ကို ချစ်မဝ နိုင်သော မောင်    

                      လှိုင်ကြွယ် 


ကျွန်မ နားလည်ပါပြီ ။


ကျွန်မ ဘဝ ကား ယောက်ျား တို့ နှင့် မအပ်စပ်ပါပြီ ။ သူတို့ တစ်တွေ သည် ကျွန်မ ထံ သို့ ချစ်ခြင်း ၊ မုန်းခြင်း တို့ကို ယူဆောင်ခဲ့ ရာ ၌ နာကျင်ခြင်း ၊ ပူလောင်ခြင်း ၊ ကြမ်းတမ်း ခြင်း ၊ ရုန့်ရင်းခြင်း ၊ စက်ဆုပ်ဖွယ် ဖြစ်ခြင်း တို့ ကို သာ ထား ရစ်ပါသည် ။


  •••••   •••••   •••••   •••••


ဤသို့သော ကျွန်မ သည် ကျွန်မ မြန်မြန် စွံ  အောင် ဆုတောင်း နေပါမည် ဟု ဆိုနေသော အဒေါ်ထွေးရှင် ၏ စကားများ ကို အသို့လျှင် မခါးသီးဘဲ ရှိ ပါမည်နည်း ။


◾မစန်းပွင့် 


📖 ရှုမဝမဂ္ဂဇင်း

      ၁၉၆၆ ၊ စက်တင်ဘာလ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment