Sunday, September 10, 2023

အရက် နဲ့ သမက်


 ❝ အရက် နဲ့ သမက် ❞ 


အရက် ကို ခွက်ထဲ ထည့်မယ် လုပ်ပြီး မှ ပုလင်း ကို သူ့ နေရာ မှာ သူ ပြန်ချ ထား လိုက်မိတယ် ။ မဖြစ်သေးဘူး ထင် ပါရဲ့ ။ မဖြစ်သေးဘူး ထင် လို့ ဒီမောင် ပြန် သွားပြီး မှ သောက်ပြန် တော့ လည်း အခါတိုင်း သောက်နည်း ကား လို ခပ်သုတ်သုတ်ကလေး သောက်ရတော့ မှာ ။


အခါတိုင်း ရုံးနေ့ တွေ ဆိုရင် ရုံး က အပြန် ရေမိုးချိုးတာ နဲ့ ပြင်တာဆင်တာ နဲ့ ငါးနာရီ ငါးနာရီခွဲ လောက် မှ စ သောက် ဖြစ်တာ ။ ဒီတော့ ထမင်းစား ညဉ့် မနက် အောင် အချိန် သိပ် မဆွဲနိုင် တော့ဘူး ပေါ့ ။ ဆက်တိုက် နီးပါး လောက် မော့ ပြီး ခုနှစ်နာရီ လောက် ဆို လက်စသတ် ပစ်လိုက်ရ ရော ။ ဇိမ် မရှိဘူးပေါ့ဗျာ ။


ဇိမ် နဲ့ သောက်ရတာ က အခုလို စနေ ၊ တနင်္ဂနွေ လို  နေ့ မျိုး မှာ မှ သောက် ရတာ လေ ။ ညနေ သုံးနာရီ လောက် ကတည်း က အစ ပျိုး လိုက်ရင် အတော်ပဲ ။ ဂျာနယ်လေး ၊ မဂ္ဂဇင်း

လေး ဟိုဖတ် ဒီဖတ် ဖတ်လိုက် ၊ တစ်ကျိုက် နှစ်ကျိုက် မော့လိုက် ၊ အမြည်းကလေး စားလိုက် ၊ တီဗွီကလေး ကြည့် လိုက် ၊ ဇိမ် ကို ကျလို့ ။ 


ကျွန်တော်က အရက် သောက် ရင် အဲဒီလို ဇိမ် ဆွဲ ပြီး သောက် ချင်တာ ။ အရက် သောက် တာ ရေ သောက်တာ မှ မဟုတ်ဘဲ နော် ။ အခုလို ရုံး အားရက် ဆိုရင် အနည်းဆုံး လေးနာရီ လောက် တော့ ကြာတာ ချည်းပဲ ။ သုံးနာရီ မှာ စ သောက်ရင် ခုနစ်နာရီ လောက် လည်း ရောက်ရော ရေချိန် လည်း ကိုက် ၊ ထမင်းစား လည်း ခါတိုင်းလို နောက် မကျတော့ဘူးပေါ့ ။


ဟိုအရင် က ဆို ပိုးအိ က အထာ မနပ်ဘူး ။ ဒီ မိန်းမ အရက် မှ မသောက်တတ် တာ ဘယ် သိပါ့မလဲ နော် ။ စပြီး သောက်ခါစ ပဲ ရှိ သေးတယ် ။ ထမင်း စားတော့မလား တဲ့ ။ ကျွန်တော် က အခု မှ ဗိုက် ထဲ ပဲ ရှိသေးတယ် လို့ ပြန် ပြောလိုက်ရ တာပေါ့ ။ တစ်အောင့် နေ မေး ပြန် ရော ။ ကျွန်တော် က လည်း အခုမှ ရင်ခေါင်း လောက် ပဲ ရောက်သေးတယ် လို့ ပြောရ ပြန် ရော ။ နောက် တစ်ခါ မေးတဲ့ အခါကျတော့ လည်ချောင်းပဲ ရောက် သေးတယ်ပေါ့လေ ။ ဒီလိုနဲ့ မေးလိုက် ဖြေလိုက် ရင်း နဲ့ နောက်ဆုံး ကျတော့ မှ စား မယ်ဟေ့ ၊ အခုမှ နားထင် ဆီ ရောက်လာပြီကွ ဆိုပြီး ထမင်းစား လိုက်တာ ကိုး ။ 


အိမ်ထောင် သက် ကြာ လာ ပြီး လို့ ကျွန်တော့် အထာတွေ သိလာပြီးတဲ့ နောက်ပိုင်း ကျတော့ ပိုးအိ က မမေး တော့ ဘူး ။ ကျွန်တော် က နားထင် ရောက်လာပြီဟေ့ လို့ ပြော မှ သာ ထမင်း ပွဲ ပြင် လိုက်တော့ တာ ။


ခုတော့ အဲဒီလို ဇိမ် နဲ့ သောက်ပါမယ် ဆိုမှ ကိုယ်တော်မြတ် က လေးနာရီ လာမယ် တဲ့ ။ သူ နဲ့ ဟိုစကား ပြော ၊ ဒီ စကား ပြော နဲ့ ဆို သူ ပြန်သွား ဦး တော့ ငါးနာရီ လောက် မှ  စ သောက် ဖြစ် မှာ ။ ပိုးအိ သက်သေပြတာ ကတော့ ကျွန်တော် နေ့ခင်း နေ့လယ် တစ်ရေး တစ်မော အိပ် နိုင်အောင် နဲ့ အချိန် ရအောင် လေးနာရီ ကို တမင် ချိန်း လိုက်တာ တဲ့ ။ 


ခက်တာ က အားတဲ့ ရက်ကလေး နှစ်ရက် ရှိပါ တယ် ။ ဒီနေ့လို တနင်္ဂနွေနေ့ မှာ အခါတိုင်းလို တက်သုတ် ပဲ ရိုက်ရမယ် ဆိုရင်တော့ ဘယ် နိပ် တော့မလဲ ။ 


တစ်ခုတော့ ရှိတယ် ။ ကျွန်တော် အမြဲတမ်း ထိုင်နေ ကျ နေရာလေး ။ ဒီနေရာ က အိမ် နောက်ဘက် ကို သွား ရင် ဧည့်ခန်း နဲ့ အိပ်ခန်း အစပ် နေရာ နား မှာ ရှိတာ ။ ဧည့်ခန်း ထဲ က ဆက်တီခုံတွေ နဲ့ လည်း မဝေး ဘူး ။ ဧည့်သည် လာရင် စကား ပြောလို့ လည်း ရတယ် ။ 


ပြီးတော့ ကျွန်တော် ထိုင်တဲ့ ခုံ ဘေး မှာ စားပွဲခုံပု ကလေး တစ်ခု ရှိတယ် ။ ခုံအောက် အဆင့် မှာ မဂ္ဂဇင်း တို့ ၊ ဂျာနယ် တို့ ထား လေတော့ အကြောင်း မသိတဲ့ လူ တစ်ယောက် ယောက် လာရင် ပုလင်း ကို စာအုပ်တွေ နောက် မှာ အသာ ကပ် ထား လိုက် ရုံပဲ ။ 


နောက်ပြီး ကျွန်တော့် အရက်ခွက် က လည်း ကြွေမတ်ခွက် ဆိုတော့ ဘာ သောက်လို့ သောက် နေမှန်း တော်ရုံ လူ ဆို မသိနိုင်ဘူး ။ အအေး ပဲ သောက် နေ သလိုလို ၊ ရေနွေး ကြမ်း ပဲ သောက်နေ သလိုလို ပေါ့လေ ။ အမြည်းတွေ မြင်လည်း အကြောင်း မဟုတ်ပါ ဘူး ။ ရေနွေးကြမ်း နဲ့ မြည်း နေ တယ်ပေါ့ ။


အရက် ငှဲ့ တာ ကတော့ ရှင်း ပါတယ် ။ ဧည့်ခန်း ဘက် က လူ ကို ကိုယ် နဲ့ ကွယ်ပြီး ဒိုင်လျှိုလေး ငှဲ့လိုက် ရုံပဲ ။ ငှဲ့ လို့ ငှဲ့ မှန်း တောင် သိလိုက် မှာ မဟုတ်ဘူး ။ ခုံ အောက်ဘက် က စာအုပ် တစ်အုပ် ရှာနေတယ် လို့ ပဲ ထင်မှာ ။ မလှမ်းမကမ်း မှာ ထိုင် နေတာ ဆိုတော့ အရက်နံ့ လည်း ဘယ် ရ

နိုင်ပါ့ မလဲ ။


ဆွေမျိုးတွေ နဲ့ အကြောင်း သိ သူငယ်ချင်း တွေ ကို တော့ လျှိုလို့ မရဘူး ပေါ့ဗျာ ။ ဒီလိုမျိုး ကျ တော့ လည်း ဗြောင် ပေါ့ ။ ပေါ်တင် ပေါ့ နော ။ လောလောဆယ် တော့ ခုံပု အားကိုး နဲ့ သောက်မယ်လို့ ဆုံးဖြတ် လိုက် မိတော့တယ် ။


စဉ်းစား လိုက်ရင် ကိုယ် က ပဲ မပါးနပ် လို့ လား ။ သူတို့ က ပဲ ပိရိနိုင် လွန်း လွန်လွန်းလား တော့မသိဘူး ။ ကျွန်တော် မသိခဲ့တာ တော့ အမှန်ပဲ ။ ကိုယ် ညံ့တာ ပဲ ဖြစ်မှာပါလေ ။ မနေ့ က ပိုးအိ ဖွင့် ပြောမှ သိရတာ ။


မနေ့က စနေ နေ့ အလုပ် နားရက် ဖြစ်လို့ မနက် စာ ကို နောက်ကျ မှ စားပြီး အိမ်ရှေ့ မှာ ဂျာနယ် တစ်စောင် ဖတ် နေတုန်း ပိုးအိ က အနား မှာ လာ ဝင် ထိုင် လိုက်တယ် ။ သမီး နဲ့ သား တို့လည်း မရှိကြ ဘူး ။ သား က သူ့ သူငယ်ချင်း တွေ နဲ့ ချောင်းသာ ကို လိုက် သွားတယ် ။ သမီး က တော့ ထဘီ တစ်ထည် သွား ဝယ်ဦးမယ် ဆိုပြီး ထွက်သွား လေ ရဲ့ ။


“ မောင့် ကို ပြောစရာ ရှိလို့ ”


ဒီ မိန်းမ ကတော့ ဒီလိုပါပဲ ။ မောင် က ကို တစ်ပြားသား မှ မလျှော့ တာ ။ သူငယ်ချင်း တွေ ရှေ့ မှာ လည်း မောင် ပဲ ။ သားသမီးတွေ ရှေ့ မှာ လည်း ဒီ အတိုင်းပဲ ။ အဖေ အမေ ရှေ့မှာ တောင် မောင် လို့ပဲ ခေါ် တာကိုး ။ ကြာတော့ လည်း အားလုံး လိုလို က ဒီ အခေါ်ကို ရိုး နေပါပြီ ။


“ မောင့် ကို ပြောရဦးမယ် ”


ကျွန်တော် မကြားလိုက် ဘူး ထင်လို့ ထပ် ပြောလိုက် ပေမဲ့ သူ့ ကို ကြည့်နေမှန်း သိတော့ မသိမသာ ခေါင်းငုံ့ သွားတယ် ။ တစ်အောင့် လောက် ကြာ မှ အသံ တိုးတိုးတိမ်တိမ် ထွက် လာတယ် ။


“ သမီး မှာ ရည်းစား ရှိ နေပြီ ”


ရုပ်ရှင် တွေ ၊ ဗီဒီယို တွေ ထဲ မှာ ဆိုရင်တော့ - 


“ ဘာ ၊ ဘယ်လို ။ သမီး မှာ ရည်းစား ရှိနေပြီ ဟုတ် လား ။ ဘယ်သူနဲ့ လဲ ၊ ဘယ် က ကောင်ကလေး လဲ ” စသည် ဖြင့်ပေါ့လေ ပြောမှာပေါ့ ။ 


ကျွန်တော် ကတော့ အဲဒီလို မပြောမိဘူး ။ အဲဒီလိုမှ မဟုတ်ဘူး ။ ဘာမှ ကို မပြောတာ ။ သမီး ရဲ့ ပုံရိပ်တွေ သာ မျက်စိ ထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲ တစ်ခု ပြီး တစ်ခု ရောက် လာ နေမိ တာ ။


သမီး ကို မွေးပြီး လို့ အမည် ပေးရမယ် ဆို တော့ နှင်းကလေး လို ဖြူဥ နေတဲ့ သမီးလေး ကို မွှေးပျံ့ နေတဲ့ ပန်း အဖူးအငုံကလေး နဲ့ ရောမွှေ တင်စား ပြီး မနှင်းငုံ လို့ အမည် ပေး လိုက် တာတွေ ၊ တွတ်တီး တွတ်တာ ငယ်ဘဝ ဖြတ်သန်းခဲ့ပုံတွေ ၊ ကိုးတန်း ဆယ်တန်း လောက် ရောက် တော့ ရည်းစား ထား မှာ စိုးရိမ် ပြီး အပို့အကြို လုပ်ခဲ့တာတွေ ၊ ယောက်ျားလေး သူငယ်ချင်း တွေ နဲ့ ပြောဆို နေတဲ့ အခါ မသိ သော အကဲခတ် ခဲ့တာတွေ ပြီးတော့ -


ပြီးတော့ တက္ကသိုလ် လည်း ရောက်တော့ ရည်းစားလေး ဘာလေး ရှိစေချင် ပြန် ရော ၊ သမီး ကညာ အခါ မလင့် ဆိုသလိုပေါ့ နော့ ။ ဒါပေမဲ့ ဘွဲ့ သာ ရ ပြီးရော သမီး ကို ကြည့်ရတာ ဘာမှ ထူးခြား မလာဘူး ။ နောက်တစ်ခါ မဟာဝိဇ္ဇာ တန်း တက် ပြီးလို့ ကျူတာ အလုပ် လုပ် ပြန်တော့ လည်း ဒီ အတိုင်း ဟာ ဒီအတိုင်းပဲ ။ ဒီလို ချည်း ကျပြန်တော့ လည်း သမီး ကို အပျိုကြီး မဖြစ်စေ ချင် တာလည်း အမှန်ပဲ ။ 


အဲဒီလို သာ ပြောတာ ။ ခုလို ရည်းစား ရှိ နေပြီ လို့ ကြား လိုက်ရ ပြန်တော့ လည်း စိတ် ထဲ မှာ တစ်မျိုးကြီး တော့ ဖြစ် သွားသား ။ ဘယ်လို တစ်မျိုးကြီး လဲ ဆိုတာတော့ ကိုယ့် ဟာ ကိုယ် လည်း မသိတော့ ပါဘူး ။ ဒီ အတွေးတွေ က တစ်အောင့်လေး မှ တစ်အောင့် လေး ပါ ။ ဖျတ်ဖျတ် ၊ ဖျတ်ဖျတ် နဲ့ တွေးမိလိုက် တာ ကိုး ။ ပိုးအိ က တော့ ကျွန်တော် ဘာမှ လည်း မပြော ၊ ဘာမှလည်း မမေး တော့ ငုံ့ နေရာ က နေ မော့ လာ ပြီး ဆက် ပြောတယ် ။ 


“ အဲဒါ သူတို့ က လက်ထပ် ချင်ပြီ တဲ့ ”


“ ဘာ ”


ဒီတစ်ခါ တော့ အံ့ဩစိတ် နဲ့ အတူ ကျွန်တော့် အသံ လည်း ကျယ် သွားတယ် ။ ပိုးအိ လည်း မျက်လုံးလေး အဝိုင်းသား နဲ့ မျက်ကလဲ ဆန်ပျာ ဖြစ်သွားတယ် ။ 


“ မင်း ကွာ ၊ အခုပဲ ရည်းစား ထား ၊ အခုပဲ လက်ထပ် ချင်တယ် ဆိုတော့ မင်း ဟာ က မလွန်လွန်းဘူးလား ” 


“ ဟို ၊ မဟုတ်ဘူးလေ မောင် ရယ် ။ ဒီလိုပါ ။ အိ စကား ပြောတာ လော သွားလို့ ပါ ။ သူတို့ က ဆယ်တန်း လောက် ကတည်း က ကြိုက် နေကြတာ တဲ့ ။ ကျောင်း မပြီး သေးလို့ စောင့် နေကြတာ တဲ့ ။ ကျောင်း ပြီး ပြန်တော့ လည်း မဟာဝိဇ္ဇာတန်း တက် ရတာ တို့ ၊ အလုပ် ဝင် ရတာ တို့ နဲ့ ပဲ ဒီလောက် အထိ ကြာ သွားတာ တဲ့ ”


ကျွန်တော် ဘာကြောင့် မသိခဲ့တာပါ လိမ့် ။ အကဲခတ် တာ ညံ့လို့ နေမှာ ပေါ့လေ ။ ရှင်းပါတယ် ။ 


“ မင်း ကို ဘယ်သူ ပြော တာလဲ ”


“ သမီး ပြောတာပါ ။ ပြောတာ က သူ တက္ကသိုလ် စ ရောက်ပြီး ကတည်း က ပြော တာ ။ ဖေဖေ့ ကို တော့ မပြော ပါနဲ့ဦး ဆိုလို့ ”


ကျွန်တော် က မျက်စောင်း တစ်ချက် လှမ်း ထိုးလိုက် တော့ ပိုးအိ က မသိမသာ ခေါင်း ငုံ့ သွားတယ် ။


“ အိ ပြန် မပြောတာက လည်း ပြော လိုက်ရင် မောင် က ဒေါ ကန်ပြီး ကျောင်း မထားတော့ဘူးလေး ၊ ဘာလေး ဖြစ် ကုန်မှာ ကြောက်တာ ပေါ့ လေ ။ ဒါပေမဲ့ အိ ကို တော့ ဖွင့်ပြော ရှာ သားပဲ ။ အိ က လည်း အဲဒီ နောက်ပိုင်း အမြဲ အကဲခတ် စောင့် ကြည့် ပြီး မမှားတန် မမှားရ အောင် အမြဲ ဆုံးမခဲ့ တာပါ ”


ဒီ မိန်းမ အရေးထဲ အမှတ် က ယူ လိုက်သေးတယ် ။ 


“ ကောင်လေး က ဘယ်ကလဲ ”


“ သြ ဟုတ်ပါရဲ့ ။ ပြော မလို့ဟာ တောင် မေ့ သွား တယ် ။ ဟိုလေ မောင် သိမှာ ပါ ။ ဆယ်တန်းတုန်း က အိမ် မှာ ကျူရှင်ဝိုင်း လုပ်တော့ လာ တက် တဲ့ ကောင်လေး ၊ အသား ဖြူဖြူ ၊ ထောင်ထောင် မောင်းမောင်း နဲ့ ကောင်လေး လေ ။ မျက်ခုံးထူထူ နဲ့ ကောင်လေး လေ မောင် ရယ် ” 


ကျွန်တော် က စဉ်းစား သလို ဖြစ်နေ လို့ ပိုးအိ က ပုံ ဖော် ပေးပေမဲ့ ရုပ်တွေ က ရော နေပြီး မမှတ်မိဘူး ။ အသားဖြူဖြူ ကောင်လေးတွေ ကတော့ အခု လည်း တွေ့ နေတာ ပဲလေ ။


“ ကဲ ၊ အဲဒါ ထားလိုက် ပါ တော့ သူ့ နာမည် က ဘာ တဲ့ လဲ ။ အလုပ်အကိုင် ကော ရှိ ရဲ့လား ”


“ ဟော အဲဒါလည်း ပြော မလို့ ဟာ အိ မေ့ သွားပြီး မပြောဖြစ် ပြန်ဘူး ။ သူ့ နာမည် က ထွဋ်ခေါင် တဲ့ ။ သူ့ အဖေ ရဲ့ သစ်လုပ်ငန်း ကုမ္ပဏီ မှာ လက်ထောက် မန်နေဂျာ ဝင် လုပ်နေ တယ် ။ အလုပ်အကိုင်လေး နဲ့ ဆိုတော့ မဆိုးဘူး လို့ ပြောရ မှာပေါ့လေ ။ ပြီးတော့ သူ က သိမ်သိမ်မွေ့မွေ့ နဲ့ ယဉ်ယဉ် ကျေးကျေးလေး မောင် ရဲ့ ” 


ပိုးအိ တစ်ယောက် သူ့ ဟာ နဲ့ သူတော့ ဟုတ်လို့ ။ ငါ့ စကား မယား ဘက် ခပ်ပါပါ တော့ မဟုတ်ဘူး ။ ငါ့ စကား သမက်လောင်း ဘက် ခပ်ပါပါ ဆိုသလို တော့ ဖြစ်နေလေ ရဲ့ ။


“ အဟင်း .. ဟင်း ...”


သူ က ပြောနေတုန်း ဆိုနေတုန်း မချိုမချဉ် မျက်နှာ ပေး နဲ့ တစ်ချက် ရယ် လိုက်တော့ ကျွန်တော် တောင် ကြောင်စီစီ ဖြစ်သွား မိတယ် ။ 


“ ဟင်း ... ဟင်း ... အိ လည်း လေ ၊ ပြောချင်တာတွေ များ ပြီး ဟိုဟာ မေ့ ၊ ဒီဟာ မေ့ နဲ့ အရေးကြီးတာ ပြောဖို့ မေ့ တော့မလို့ ။ ဒီလို မောင် ရဲ့ ၊ အဲဒီ မောင်ထွဋ်ခေါင် ရဲ့ အမေ ဘက်တီ နဲ့ အိ နဲ့ က ဆယ်တန်း အထိ စိန်မေရီကျောင်း မှာ အတူ တက် ခဲ့ကြတာ ။ သူ့ ဗမာ နာမည်က မမြလေး တဲ့ ။ အိ တို့ က တော့ ဘက်တီ လို့ပဲ နှုတ် ကျိုး နေတာပါ ။ တက္ကသိုလ် ရောက် တော့ လည်း အတူတူ ပဲ ။ ဘာသာရပ် ကွဲ ပေမဲ့ တစ်ယောက် နဲ့ တစ်ယောက်က တော့ နှုတ်ဆက်ကြ ၊ သိနေ ကြ တာပေါ့ ။ လူရင်း လူသိ တွေ ဆိုပါတော့ ” 


“ အေးပါ ၊ ဟုတ်ပါပြီ ။ မင်း ပြောချင်တာ က ကောင်လေး က လူချောလေး ၊ ရည်ရည်မွန်မွန်လေး ၊ ဘွဲ့ လည်း ရ ပြီးပြီ ။ အလုပ်အကိုင် လည်း ရှိတယ် ၊ သူ့ အမေ နဲ့ လည်း မင်း သိတယ် ။ ဒါပဲ မို့ လား ”


“ မဒါဘဲသေးဘူးလေ မောင် ရဲ့ ။ မောင့် သဘော ကို လည်း ပြောဦးမှာပေါ့ ”  


မြားဦး က တော့ ကျွန်တော့် ဘက် လှည့်လာပြီ ။ ရှဉ့် လည်း လျှောက်သာ ၊ ပျား လည်း စွဲသာ လို့ပဲ ပြောပြော ၊ ဆင်ဝှေ့ရန်ရှော င်တို့ ၊ ကောက်ပင်ရိတ်လှီး တို့ လိုပဲ ဆိုဆို အမှုတွဲ တွေ ထဲ ပါရင် တောင် သက်သေ လောက်ပဲ ဖြစ်ရအောင် တွေးတွေးဆဆ ပြော လိုက်ရတယ် ။


“ အင်းပေါ့လေ ၊ ဒီ အတိုင်း ဆိုရင်တော့ ပြောစရာ သိပ် မရှိပါဘူး ။ မင်း သဘော အတိုင်း ပဲ ဆိုပါတော့ ” 


ဒီလောက် ပြောလိုက် တာ နဲ့ တင် ပိုးအိ မျက်နှာ သိသိ သာသာ ဝင်းလက် သွားတာ တွေ့လိုက်ရတယ် ။ ဒါပေမဲ့ အဲဒီလောက် နဲ့ တင် ခဏတာ ရပ်ထား ရင် တော့ ကောင်း တာပေါ့ ။ ခုတော့ ကျွန်တော့် ကို စနေနေ့ လို အသိ ပေးပြီး ဘယ်အချိန် က ဘယ်လို စီစဉ်လိုက်တာလည်း တော့ မသိ ။ အခုလို တနင်္ဂနွေနေ့ မှာ အိမ် ကို လာဖို့ ဒီ ကောင်ကလေး ကို ချိန်းထား ပြီးပြီ တဲ့ ။ 


သူ က တော့ ရှောင်ဖို့ တိမ်းဖို့ ထွေထွေထူးထူး လုပ်နေစရာ မလိုဘူး လေ ။ ကျောင်း မှာ အာစရိယ ပူဇော်ပွဲ ရှိနေ တာ နဲ့ ခပ်စောစော က တည်းက ထွက်သွား နှင့်ပြီ ။ အခမ်းအနား ပြီးရင် လည်း မတွေ့ရ တာ ကြာပြီ ဖြစ်တဲ့ သူ့ သူငယ်ချင်း အငြိမ်းစား ဆရာမတွေ နဲ့ ဟိုသွား ဒီသွား သွားဦးမှာ ဆိုတော့ ညနေ ခြောက်နာရီ လောက်မှ ပြန် ရောက်ဖြစ် တော့ မှာ ။


သမီး ကလ ည်း အဲဒီ အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီ မှာ အတွင်းရေးမှူး ဆိုတော့ မနက် စာ တောင် မစားတော့ ဘဲ အစောကြီး ကတည်း က ထွက်သွား နှင့် တာ ။ ပွဲ ပြီးရင် တောင် လက် စတွေ သတ်ဖို့ ဆက် နေရဦး မှာ ဆိုတော့ သူ က သူ့ အမေ ထက် တောင် နောက်ကျ နိုင်သေးတယ် ။ သား က တော့ ချောင်းသာ က ပြန် မရောက်လာသေးဘူးလေ ။


“ အဲဒါ မောင် သိချင်တာ တွေ လည်း မေးလေ ။ ကိုယ်တိုင် ကိုယ်ကျ တွေ့ ရတော့ အကဲခတ် လို့လည်း ရ တာ ပေါ့ ။ နှစ်ယောက် တည်း ဆို တော့ လွတ်လွတ်လပ်လပ် လည်း ရှိတာပေါ့ မောင်ရယ် ” 


ဘာ လွတ်လွတ်လပ်လပ် ရှိရမှာလဲ ။ ကျွန်တော် အခု တွေ့ရ မှာ က ကျွန်တော့် သူငယ်ချင်း လည်း မဟုတ် ၊ ကျွန်တော့် ရည်းစား လည်း မဟုတ် ၊ သမီး နဲ့ ပေါင်းမယ့် ကျွန်တော့် သမက်လောင်း နဲ့

တွေ့ရ မှာ ။


ပြောမယ့် သာ ပြောတာ ပါ ။ လူကြီး တစ်ယောက် အနေ နဲ့ လူငယ် တစ်ယောက် ကို လက်ခံ တွေ့ဆုံဖို့ ဆိုတာ ဘာမှ တော့ မခက်ခဲပါဘူး ။ အခု လို ယောက္ခမလောင်း တစ်ဦး အဖြစ် တွေ့ ရမှာသာ တောင် မှ အခက်အခဲ မရှိပါဘူး ။ 


အခက်အခဲ မရှိပေမဲ့ နည်းနည်း ပြဿနာ ရှိ နေတာက ကျွန်တော် ပြောခဲ့ သလို အရက် သောက်ရမယ့် ကိစ္စပါ ။ သူ မလာခင် တက်သုတ်ရိုက် ပြီး သောက်ထား နှင့် ရ မလား ။ သူ ပြန်သွား ပြီး မှ ပဲ စိတ်အေး လက်အေး သောက် ရမလား ။ တက်သုတ်ရိုက် သောက်ရင် ဇိမ် မရှိတာ တော့ အမှန်ပဲ ။ သူ ပြန်သွား ပြီးမှ သောက် ပြန် တော့လည်း အချိန် က နည်းသွား ပြန်ရော ။ ဒီလို ဆိုရင် သူ ရှိ နေတုန်း သောက်တော့ ကော ဘာဖြစ်သေးလဲ ။ 


သိသာ သိစေ မမြင်စေ နဲ့ ဆိုပေမဲ့ ပြန် စဉ်းစားကြည့် လိုက် တော့ ကိုယ့် သိက္ခာ ကို ဆယ်ချင် နေတာ နဲ့ အတူတူ ပဲ မဟုတ်လား ။ အခုတောင် သမီး က ပြောပြ ထားမယ် ဆို ရင် သောက်တတ်မှန်း သိနေ လောက် ရောပေါ့ ။ 


အဲဒီလို ကိုယ့် စိတ် ကို ကိုယ် ဖြေ လိုက် ပြန်တော့ လည်း စိတ် ထဲ မှာ နည်းနည်း နေသာ ထိုင်သာ ရှိ သွားတ တော့ အမှန်ပဲ ။ ဒါကြောင့် တောင်တောင် ဤဤ စဉ်းစား မနေတော့ ဘဲ အရက် ကို ခွက် ထဲ ငှဲ့ ထည့် လိုက်တယ် ။ ပြီး တော့ ဆော်ဒါ ရော ပြီးတာ အရည် ပျော်သွားပြီ ဖြစ်တဲ့ ရေခဲရေတွေ ကို သွန်ပစ် လိုက်ပြီး ရေခဲသေတ္တာ ထဲ က ရေခဲတုံး နှစ်တုံး လောက် ထည့် လိုက် တယ် ။ တစ်ကျိုက် မော့ လိုက် တယ် ။ ငါးကြော် တစ်ဖတ် ဝါး လိုက်တယ် ။ နိပ်ပါ့ ။ 


သောက်ချင် တာ က အဲဒီ လို တစိမ့်စိမ့် သောက် ချင်တာ ။ အခုတောင် ဟိုစဉ်းစား ၊ ဒီ စဉ်းစားနဲ့ သုံးနာရီ တောင် သွားပြီ ။ သူ လာ လို့ ဆက် သောက် နေ လည်း နောင် သိ မယ့် အတူတူ ဘာ ဖြစ်သေးလဲ ဆိုပေမဲ့ မသိရင် တော့ အကောင်းဆုံးပေါ့ နော ။ 


မသိနိုင် အောင် လည်း ခုံပုကလေး နဲ့ ဂျာနယ်တွေ ကို အသေအချာ ပြင်ဆင် ထား လိုက် တယ် ။ နောက်ပြီး သူ လာ ရင် သောက်ဖို့ အတွက် ကော်ဖီမစ် အထုပ် ၊ ဇွန်း ၊ ကော်ဖီပန်းကန် နဲ့ ရေနွေးဓာတ်ဘူး ကို ပါ ခုံပုကလေး ပေါ် တင်ပြီး အဆင် သင့် လုပ် ထား လိုက်တယ် ။ လာ တာ နဲ့ ဖျော်ပေး လိုက်ရုံ ပေါ့လေ ။


ကိုယ် ကိုယ်တိုင် က တော့ ပထမ တစ်ခွက် ကုန် သွားတဲ့ အတွက် ဒုတိယ တစ်ခွက် ထည့် ပြီး တစ်ကျိုက် မော့ ပစ် လိုက်တယ် ။ ပြီးတော့ အမြည်း ဝါး ပြီး သူ လာ ရင် ဘာ ပြောရမလဲ စဉ်းစား နေတုန်း မှာ ပဲ ဘဲလ် တီးသံ ကြား လိုက် ရတယ် ။ နာရီ ကို ကြည့် လိုက် တော့ လေးနာရီ ကွက်တိ ပါ ပဲ ။ သူ ပဲ ဖြစ်မှာ ပေါ့ ။ 


တံခါး ရှေ့ မှာ ကြို ရောက် နေ ပေမဲ့ အချိန် တိကျသူ လို့ အထင် ခံရအောင် လေးနာရီ အတိအကျ ဖြစ် မှ ဘဲလ် ကို နှိပ် လိုက်တာလား ၊ ဒါမှမဟုတ် တကယ်ပဲ အတိအကျ ရောက် လာ တာလား တော့ မသိဘူး ပေါ့လေ ။ လေးနာရီ မှ လေးနာရီ ကွက်တိ ရောက်လာ တာတော့ အမှန်ပါပဲ ။ 


တံခါး ဖွင့် လိုက်တော့ အင်္ကျီ အဖြူလက်ရှည် လည်ကတုံး နဲ့ သူ့ ကိုတွေ့ လိုက်ရ တယ် ။ အခုလို မြင်လိုက် ပြန် တော့လည်း အရင် က မြင်ဖူးထား တဲ့ သူ့ ကို မှတ်မိ သွားပါတယ် ။


“ ဪ ၊ အေး ။ မောင်ထွဋ်ခေါင် ဟုတ်တယ် နော် ” 


“ ဟုတ်ကဲ့ ” 


“ ကဲ ၊ လာ အထဲ ဝင် ” 


သူ က အိမ် ထဲ ကို ဝင် လိုက် ပေမဲ့ ကျွန်တော် တံခါး ပြန် ပိတ်နေတုန်း မှာ ကျွန်တော့် နောက် နား က ပဲ ရပ်နေ လေ ရဲ့ ။ 


“ ထိုင်လေ ကွာ ၊ အဲဒီမှာ ”  


ကျွန်တော် က တံခါး ပေါက်ဝ နား က ဆက်တီခုံ ကို လက်ညှိုး ထိုး ပြပြီး ထိုင် ခိုင်း လိုက် တယ် ။ 


“ ဟုတ်ကဲ့ ” 


သူ က ဟုတ်ကဲ့ လို့ သာ ဆို ပေမဲ့ ကျွန်တော် က ကိုယ့် နေရာ ကိုယ် ထိုင်ဖို့ လျှောက် လာ တော့ သူ က ပါ နောက် က ကပ်ပါ လာ ပြန်ရော ။ 


“ ဟိုမှာ ဆက်တီ မှာ သွား ထိုင်လေ ” 


ကျွန်တော် က လက်ညှိုး ထပ် ထိုး ပြပြီး ထိုင် ခိုင်း လိုက် ပေမဲ့ သူ ကတော့ ကျွန်တော့် ရှေ့ မှာ ရပ် နေ တုန်းပါပဲ ။ 


“ သွားလေ ၊ သွားထိုင်ပါ ”


“ ရပါတယ် ”


သူ က ရပါတယ် လို့ သာ ပြောတယ် ။ လူ က တော့ ကျွန်တော် ကုလားထိုင် မှာ ထိုင် လိုက်တာ ကို သာ ရပ်ရင်း နဲ့ ပဲ ကြည့်နေလေ ရဲ့ ။


“ ကဲ ၊ သွားထိုင် ။ အေးအေးဆေးဆေး ပေါ့ ကွာ ။ မဟုတ်ဘူးလား ။ စကားလေး ဘာလေး ပြောကြတာပေါ့ ” 


“ ဟုတ်ကဲ့ ၊ ရပါတယ် ” 


သူ က ရပါတယ် ဆိုတဲ့ စကား ကို သာ အတွင်တွင် ပြော ပြီး လူ ကတော့ ရပ်မြဲ ရပ်နေ တုန်းပါပဲ ။ ပြောရစတမ်း ဆိုရင် ကျွန်တော် ကျွဲမြီး နည်းနည်း တိုချင် သလို မျိုး ဖြစ်သွား မိတာပေါ့ ဗျာ ။ 


ဒါကြောင့်လည်း ဘာ မှ ဆက် ပြော မနေတော့ဘဲ ကော်ဖီ တစ်ခွက် ဖျော်ပြီး သူ့ ကို လှမ်း ပေး လိုက်တယ် ။ နှုတ်ဆိတ် ပြီး ကိုယ် လုပ်စရာ ရှိတာ ကိုယ် လုပ်နေ လို့ ပဲလား ။ ဒါမှ မဟုတ် သူ ကိုယ်တိုင် က ပဲ အားနာ သွား လို့လားတော့ မသိဘူး ။ ကော်ဖီခွက် ကို လှမ်း ယူပြီး ထိုင် တာတော့

ထိုင် လိုက်ပါရဲ့ ။ ဒါပေမဲ့ သူ ထိုင် လိုက်တာ က ဆက်တီခုံ မှာ သွား ထိုင် လိုက်တာ မဟုတ်ဘူး ။ ကျွန်တော့် ရှေ့ တည့် တည့် အနား မှာ ရှိတဲ့ ပလတ်စတစ်ခွေးခြေခုံ ပေါ် မှာ အစွေ့ သား ဝင် ထိုင် လိုက်တာ ။ 


ဒီ ထိုင်ခုံ က တစ်ခါတလေ အမြည်းပန်းကန်လေး ကျွန်တော် တင် တတ် တဲ့ ခုံ ပါ ။ အခုလည်း သူ လာမယ် ဆိုလို့ ဆက်တီ မှာ သူ ထိုင် ရင် ကော်ဖီပန်းကန် တင် ဖို့ အဆင်သင့် လုပ်ထားတဲ့ ခုံပါ ။ ဆက်တီ အလယ် စားပွဲ က နေရာ ယူ လွန်း တဲ့ အတွက် သိမ်း ထားပြီး ဧည့်သည် လာလို့ တစ်ခု ခု တင်ချင်  ရင် အခု လို ခွေးခြေ ကို ပဲ အသုံးပြုလေ့ ရှိတာလေ ။ 


သူ က ဘာမပြော ညာမပြော နဲ့ အဲဒီ ခုံ ကို ဆွဲယူ ထိုင် လိုက်ပြီး ကျွန်တော် ဘာများ ပြောမလဲ ဆိုတဲ့ ပုံနဲ့ ခပ်ငေးငေး ကြည့်နေ လေ ရဲ့ ။ တကယ်ပါပဲ ။


ဟုတ်တာတော့ တကယ့် ကို ဟုတ် နေပြီ ။ ဖြစ် နိုင်သမျှ မသိအောင် ကြိုတင် စီစဉ်ထား ကာ မှ သူ က ရှေ့ တည့်တည့်ကြီး မှာ အငူသား စိုက် ကြည့် နေ လေရဲ့ ။ မတတ် သာ တော့ ပြီ မို့ စကားကြောင်း သာ စ လိုက် ရတော့တယ် ။ 


“ ဒါနဲ့ မောင်ထွဋ်ခေါင် အခု ဘယ် က လှည့် ဝင်လာတာတုံး ”


“ ခင်ဗျာ ”


ကျွန်တော့် အမေး အတွက် သူ အံ့သြ သွားပုံ ရ တယ် ။ အံ့ဩမယ် ဆိုလည်း အံ့ဩ လောက် တာပေါ့  ။ ကျွန်တော့် မေး တဲ့ အမေး ကို က ဟုတ်မှ မဟုတ်တာ ။ ခုံ ကိစ္စ ကော ၊ အရက် သောက်မယ့် ကိစ္စတွေ ပါ ခေါင်း ထဲ မှာ ရှုပ် ယှက်ခတ် သွားတာ နဲ့ မေးမိ မေးရာ မေး လိုက်မိတာ ကိုး ။ 


“ ဪ ဟုတ်တယ် ၊ ဟုတ်တယ် ။ အန်တီ ပြောထား လို့ မောင်ထွဋ်ခေါင် လာခဲ့တာ ဟုတ်တယ်နော် ” 


“ ဟုတ်ကဲ့ ”  


ကိုယ့် စကား ကိုယ် မေး ၊ ကိုယ့် စကား ကိုယ် ဖြေ လုပ် လိုက် ပြီးတော့ ထပ်ပြီး ဘာ ပြောလို့ ဆက် ပြောရမှန်း စဉ်းစားလို့ မရပြန်ဘူး ။ 


“ သောက်လေကွာ ၊ အေးကုန်ဦးမယ် ” 


“ ဟုတ်ကဲ့ ”  


စဉ်းစား မရသေးခင် စပ်ကြား သူ့ ကို ကော်ဖီ သောက်ခိုင်း လိုက်ပြီးတော့ ကိုယ်တိုင် က လည်း ခွက် ကိုင် ပြီး တစ်ကျိုက် မော့ လိုက်တယ် ။ 


“ လက်ဖက်သုပ် စားပါဦးလားကွ ”  


“ တော်ပါပြီ ခင်ဗျ ”  


အမြည်းတွေ ထဲ က လက်ဖက်သုပ် ပန်းကန် ကို သူ့ရှေ့ ထိုး ပေး ပေမဲ့ မစားဘူး ဆိုတာ နဲ့ ကိုယ်တိုင် ပဲ တစ်လုတ် နှစ်လုတ် စား ပစ် လိုက်တယ် ။ ဘာပဲ ပြောပြော အရက် သောက်တဲ့ ကိစ္စ တော့ လုပ်ဖြစ် သွား တာပေါ့လေ ။


ခက်တာ က ဘာ ပြောလို့ ပြောရမလဲ ဆိုတာပဲ ။ ပိုးအိ က ပြောတန် သလောက် တော်တော်များများ ပြောထားတော့ လည်း မေးစရာ က ရှာ မရဘူး ဖြစ်နေ ပြန် ရော ။ ဒါပေမဲ့ ဒီအတိုင်းကြီး ဘာမှ မပြောဘဲ နေ ပြန် တော့လည်း မဟုတ်သေးဘူးလေ ။ အခုတောင် သူ က လည်း သူ့ ကော်ဖီ ကို တစ်ခါ ငုံလိုက် ၊ ကျွန်တော် က လည်း ကျွန်တော့် အရက် ကို တစ်ခါ ငုံ လိုက် နဲ့ နှစ်ယောက်သား အသံ တိတ် နေကြတာ ကို ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ဖြေရှင်း နေ လိုက်ကြတာ ရယ်စရာ တော့ ကောင်း နေသား ။ 


တကယ်တော့ လူကြီး ဖြစ်တဲ့ ကျွန်တော် က ဟိုစကား ပြော ၊ ဒီ စကား ပြော နဲ့ အာလာ ပသလ္လာပ သဘောမျိုး ပြော နေ ရမှာ ။ ဒါမှလည်း လူငယ် ဖြစ်တဲ့ သူ က ကြောင် မနေမှာ ။ ခက်တာက ကျွန်တော် က မှ မပြောတတ် တာ ။ ဒါမျိုးကျ စကား မရှိ စကား ရှာ ပိုးအိ က တော်သွားပြန်ရော ။ 


ပိုးအိ ကို စဉ်းစား မိ လိုက် တော့ ကျွန်တော့် ကို သူ မပြောဘဲ ကျန်သွားတာ ။ ကျွန်တော် က လည်း မမေးလိုက် မိတာ ဖျတ်ခနဲ သတိ ရ သွားတယ် ။ အဲဒါကို အမေး အဖြေ လုပ်ရင် နှစ်ယောက် သား အနည်း နဲ့ အများတော့ နေသာ ထိုင်သာ ရှိ သွားမှာ အမှန်ပဲ ။ ဒါကြောင့် တုံ့ဆိုင်း မနေတော့ ဘဲ သတိရ တုန်း သူ့ ကို လှမ်း မေးလိုက် ရတယ် ။


“ ဟိုလေ ၊ မောင်ထွဋ်ခေါင် မှာ မောင်နှမ ဘယ်နှယောက် ရှိသလဲ ” 


“ ခင်ဗျာ ” 


တစ်ခန်းလုံး တိတ်ဆိတ် ငြိမ်သက် နေတဲ့ အပြင် သူ့ အတွေး နဲ့ သူ ရှိ နေတဲ့ မောင်ထွဋ်ခေါင် တစ် ယောက် ကျွန်တော့် အသံ ကို ရုတ်တရက် ကြား လိုက် ရတော့ အတော် လန့် သွား သလို ပြူးပြူးပျာပျာ ဖြစ် သွားလေ ရဲ့ ။ ဘာ မေးလို့ မေး လိုက်မှန်း လည်း တကယ်ပဲ မသိလိုက် သလို ကျွန်တော့် ကို ပြန်မေး နေပြန် ရော ။


“ ဘာ ပြောလိုက်တာလဲ ခင်ဗျ ”


“ ဩော် ၊ မင်း မှာ မောင်နှမ ဘယ်နှယောက် ရှိသလဲ လို့ မေးတာပါ ”


“ မရှိဘူး ခင်ဗျ ။ ကျွန်တော် တစ်ယောက်တည်း ပဲ ”


တစ်ယောက်တည်း ပဲ တဲ့ ။ အထူးသဖြင့် အစ်မ တို့ ညီမ တို့ မရှိတဲ့ အတွက် သမီး အနေ နဲ့ စဉ်းစား ကြည့်ရင် အဖုအကျိတ် ဖြစ်တတ်တဲ့ ယောက်မ တွေ မရှိတာ ကို က ကောင်း နေတာပေါ့ လေ ။


“ အင်း ၊ ကောင်းပါတယ် ”


“ ခင်ဗျာ ”


“ ဪ ၊ ဟိုလေ ။ တစ်ဦးတည်း သော သား ဆိုတော့ မိဘ ရဲ့ အချစ် ကို တစ်ယောက် တည်း ရတာ ကောင်းတာပေါ့ လို့ အဲဒါ ပြောတာပါ ” 


ကိုယ့် အတွေး နဲ့ ကိုယ် ပြော လိုက်တာမို့ သူ တစ်မျိုး ထင် သွားမှာ စိုးတဲ့ အတွက် ချက်ချင်းပဲ ဖြေပြော ပြန် ပြော လိုက်ရတယ် ။ 


ပြော ပြီးပြီးချင်း ခွက် ကို လှမ်း ယူ ပြီး မော့ လိုက်တော့ အာစွတ်ရုံ လောက်ကလေး ပဲ ရှိတော့တာ ကိုး ။ ဒီအတိုင်း ဆို ထပ် ထည့်ရဦးမှာ ပေါ့ ။ 


သူ့ ကို ကြည့် လိုက်တော့ ကုန် သွားတဲ့ ကော်ဖီခွက် ကို စားပွဲခုံပုကလေး ပေါ် လှမ်း တင်ပြီး ကျွန်တော် ဘာများ ပြောဦးမလဲ ဆို တဲ့ ပုံ နဲ့ ကျွန်တော့် ကို မသိမသာ အကဲ ခတ် နေတာ တွေ့ရတယ် ။ 


ကိုယ် က အကဲ မခတ် ရ ဘဲ သူ က ကိုယ့် ကို အကဲခတ် နေတာ က အကြောင်း မဟုတ် ပေ မဲ့ လောလောဆယ် အရက် ထပ် ထည့်ဖို့ ကျတော့ သတိထား ရ မှာပေါ့ လေ ။ ဆက်တီ မှာ သာ သူ ထိုင် နေရင် ဆိုဒါ တို့ ၊ ရေခဲ တို့ တွေ ထည့် ဦး တော့ သိလိုက် မှာ မဟုတ် ပေမယ့် အခု လို ရှေ့ တည့်တည့်ကြီး မှာ ဆိုတော့ တလှုပ်လှုပ် လုပ် နေတာတွေ ကို ရိပ်မိ သွား နိုင်တာပေါ့ နော ။ ဒါကြောင့် သူ အာရုံ ပြောင်း သွားအောင် မနေ့ တစ်နေ့ က ထွက် တဲ့ ဂျာနယ် သုံးလေးစောင် ကို ဆွဲယူ ပြီး သူ့ ကို လှမ်း ပေး လိုက်တယ် ။


“ ရော့ ကွ ၊ အခု နောက်ဆုံး မှ ထွက်တဲ့ ဂျာနယ် အသစ် တွေ ဖတ်နေဦး နော် ။ ခဏလေး ”


သူ့ ကို ပြောပြောဆိုဆို ပဲ ကိုင်လက် စ ခွက် ကို ဆွဲယူ လာပြီး နောက်ဘက် ကို လျှောက် သွား လိုက်တယ် ။ ပြီးတော့ ရေခဲသေတ္တာ ထဲ က ဆိုဒါပုလင်း အသစ် ကို ဖောက်ထည့် ၊ ရေခဲ နှစ်တုံး လောက် ထပ် ထည့်ပြီး အိမ် ရှေ့ ကို ပြန် ယူ လာ လိုက်တယ် ။ 


ကိုယ့် နေရာ ကိုယ် ထိုင် ပြီး လို့ သူ့ ကို ကြည့် လိုက်တော့ ဂျာနယ် တစ်စောင် ကို စိတ်ဝင် တစား ဖတ် နေတာ တွေ့ ရ တယ် ။ ဒါကြောင့် စားပွဲခုံ အောက် က ဂျာနယ်တွေ ဘေး မှာ ကပ် ထားတဲ့ အရက်ပုလင်း ထဲ က နှစ်ပက် ကျော်ကျော် လောက် ထည့်ပြီး တစ်ကျိုက် မော့ သောက် လိုက်တယ် ။ 


“ ငါးကြော် စားပါဦး လား ၊ လက်ဖက် လည်း ယူစားလေ ”


“ ဟုတ်ကဲ့ ၊ တော်ပါပြီ ခင်ဗျ ”


သူ က ခေါင်း မော့ပြန် ဖြေ ပြီးတာနဲ့ ဂျာနယ် ကို ပဲ ဆက် ဖတ် နေတာ မို့ ကိုယ့် ဘာသာ ကိုယ် ပဲ ငါးကြော် တစ်ဖတ် ကောက်ယူ ဝါး နေ လိုက် တော့တယ် ။


အခု ဆိုရင် ခွက် ထဲ မှာ လည်း အပြည့် နီးပါး ရှိနေပြီ ဖြစ်လို့ ထွေထွေထူးထူး ဘာမှ ထပ် လုပ်နေစရာ မလိုတော့ ဘူး ပေါ့လေ ။ သူ သံသယ ဖြစ် မယ့် ကိစ္စ ထပ် လှုပ်ရှား စရာ လောလောဆယ် မရှိတော့ဘူး ဆိုပါတော့ ။


ဒါကြောင့်လည်း သူ ဂျာနယ် ဖတ် နေတုန်း မှာ အရက် တစ်ငုံ ငုံလိုက် ၊ လက်ဖက် တစ်ဇွန်း စားလိုက် ၊ သူ့ ကို တစ်ချက် အကဲ ခတ် လိုက် ၊ အရက် တစ်ကျိုက် မော့လိုက် နဲ့ အဆင် ကို ပြေ လို့ပါပဲ ။ 


ဒါပေမဲ့ အသံတွေ တိတ် နေတာကြီး ကို က သူ က တော့ ဘယ်လို နေသလဲ မသိ ဘူး ။ ကျွန်တော်ကတော့ စိတ် ထဲ မှာ ထိုင်းမှိုင်း လေးလံ နေ သလိုမျိုး ခံစား နေ ရတယ် ။ 


သူ လည်း အဲဒီလိုမျိုး ဖြစ်ပုံ ရ ပါတယ် ။ ဂျာနယ်တွေ ကို ဆက် မဖတ်တော့ ဘဲ ကျွန်တော့် ကို တစ်ချက် လှမ်း ကြည့် လိုက် ၊ မျက်လွှာ ကို ချ လိုက် ၊ ဧည့်ခန်း ထဲ က ပစ္စည်း လေးတွေ ကို ဟိုကြည့် ဒီကြည့် ကြည့်လိုက် နဲ့ စိတ် ထဲ မှာ ကျဉ်းကျုတ် ပြီး တစ်ခု ခု ဖြစ် နေ သလိုမျိုး တွေ့နေ ရတယ် ။

 

နာရီ ကြည့် လိုက်တော့ ငါးနာရီ တောင် ခွဲ တော့မယ် ။ ဘာမှ ဟုတ်တိပတ်တိ မပြော လိုက်ရ ပေမဲ့ အချိန် ကုန်တာ တော့ မြန်သား ။ မြန်မြန် နှေးနှေး ပါ လေ ။ သူ့ ကို ခဏပဲ ဖြစ် ဖြစ် သတိထား မိတာနဲ့ တင် “ မင်း ပြောတာ အမှန်တွေ ချည်းပါပဲ ကွာ ” လို့ ပိုးအိ ပြောခဲ့တာ တွေ ကို ထောက်ခံ ပြော ရ မလို ဖြစ် နေတာ က တော့ အမှန်ပါပဲ ။ 


“ ကဲ ၊ မင်း လည်း ထိုင် ရ တာ ညောင်း နေရောပေါ့ ။ ပြန်ချင် ပြန်တော့ လေ ” 


ကိုယ် ကိုယ်တိုင်လည်း ဘာမှ ထပ် ပြော စရာ မရှိတော့ တဲ့ အပြင် သူ့ ကို ကြည့် ရတာ လည်း စိတ် ပင်ပန်း နေပုံ ရတဲ့ အတွက် တိုက်ရိုက် ပဲ ပြောပြီး ပြန်ခွင့် ပြု လိုက်တော့တယ် ။ 


“ ဟုတ်ကဲ့ ” 


သူ က ဒီ တစ်ခါ တော့ ရပါတယ် လို့ မပြောတော့ဘူး ။ စိတ်လက် ပေါ့ပါး သွား သလို မျက်နှာ တစ်ချက် ဝင်း သွားပြီး မတ်တတ် ထ ရပ်လိုက်တယ် ။ 


“ အေးကွာ ၊ မိုးလည်း ချုပ်တော့ မှာ မို့ ပြန်ချင် ပြန်လို့ ပြောတာပါ ။ နောက်လည်း လာ လည် ဦးပေါ့ ဟုတ်လား ” 


“ ဟုတ်ကဲ့ ” 


ကျွန်တော် က တံခါးမကြီး ကို သွား ဖွင့် ပေး လိုက်တယ် ။


“ သွားခွင့် ပြုပါဦး ခင်ဗျ ” 


“ အေး အေး ” 


သူ က ကျွန်တော့် ကို နှုတ်ဆက် ထွက် သွားပြီးတဲ့ နောက် တံခါး ကို ပိတ်ပြီး တာ နဲ့ ကိုယ့် လုပ်ငန်း ကိုယ် စဖို့ ပြန် ထိုင်တယ် ။ စိတ် ထဲ မှာ လည်း သူ နဲ့ ပတ်သက်လို့ ပေါ့ပါး ရွှင်လန်း သွား သလိုပါပဲ ။ အခု တွေ့ လို က် ရတဲ့ အတိုင်း က တော့ သမီး နဲ့ တကယ် လိုက်ဖက်တာ ပဲ ။ သူ က လည်း ဖြူဖြူ ၊ သမီး က လည်း ဖွေးဖွေးဖြူ နဲ့ ။ အရပ်အမောင်း က လည်း မြင့်မြင့် မားမား မတိမ်းမယိမ်းတွေ ။ သမီး က စိတ်ထား နူးညံ့ ပျော့ပျောင်း သလို သူ က လည်း ရည်ရည်မွန်မွန်နဲ့ စိတ်သဘော ထား ဖြူစင်တဲ့ ပုံ ပါပဲ ။ 


လူ က စိတ် ချမ်းသာ ပြီး ပီတိတွေ နဲ့ အတူ ကြည်နူး နေ လို့ လားတော့ မသိဘူး ။ အခု သောက် နေရတာ ကိုက အရသာ ပေါင်းစုံ နဲ့ ချိုမြိန် နေသလိုပါပဲ ။ ဒါကြောင့်လည်း ခွက် ထဲ က လက်ကျန် က ခဏကလေး နဲ့ ကုန် သွားတာ ဖြစ်မှာ ။ 


ခွက် ထဲ က တင် မဟုတ် ပါဘူး ။ ခွက် ထဲ ကို ထပ် ဖြည့် ပြီး လို့ ကြည့် လိုက်တော့ ပုလင်း ထဲ မှာ လည်း သိပ် မကျန် တော့ဘူး ။ ခုနစ်နာရီ လောက် အထိ ခံမှ ခံပါ့မလားပဲ ။


လောလောဆယ် တော့ ခွက် ထဲ က ဆော်ဒါ ရေခဲ ရော ပြီး အရက် ကို မြုံ့ သောက် လိုက် တယ် ။ တကယ် အရသာ ရှိနေ တာတော့ အမှန်ပဲ ။ လက်ဖက် စားမယ် ဆိုပြီး ဇွန်း နဲ့ မွှေနေတုန်း ဘဲလ်သံ ကြား လိုက်ရ တယ် ။ ပိုးအိ ပြန်လာပြီ ထင် ရဲ့ ။ မေးခွန်းတွေ လည်း တစ်သီကြီး မေးတော့မယ် ထင်ရဲ့ ။ 


လက်ဖက် တစ်ဇွန်း စား ပြီး တံခါး သွား ဖွင့် ပေး လိုက် တယ် ။ တံခါးဝ မှာ တွေ့ရ တာ က ပိုးအိ မဟုတ်ဘူး ၊ ခပ် ရို့ရို့ကလေး ရပ် နေတဲ့ မောင်ထွဋ်ခေါင် ။


“ ဟင် ၊ မောင်ထွဋ်ခေါင် ဘာ မေ့ကျန်ခဲ့လို့လဲ ” 


သူ က ဘာမှ ပြန် မဖြေဘဲ သူ့ လက် ထဲ က အထုပ် တစ်ထုပ် ကို ကျွန်တော့် ကို လှမ်းပေး လိုက်တယ် ။ ကျွန်တော် လည်း ရောယောင် ပြီး လှမ်း ယူ လိုက် မိတာပေါ့ ။ 


“ သွားပါဦးမယ် ခင်ဗျ ”  


သူ က ပြောပြောဆိုဆို နဲ့ ပဲ မပြေးရုံ တစ်မည် ထွက် သွား လေရဲ့ ။ အခုမှ အသိ စိတ် ဝင် လာ မိပြီး အထုပ် ကို ကျွန်တော် ကြည့် လိုက်မိတယ် ။ ကိုင်လိုက် ကတည်း ကို က ထင် လိုက်မိတဲ့ အတိုင်း အရက် တစ်ပုလင်း ပါ ပဲ ။


ကျွန်တော် အရက် ကုန် တော့မယ် ဆိုတာ သိလို့ သူ ထပ်ပြီး ဝယ်လာ ပေး တာတော့ မဖြစ်နိုင်ဘူး ။ ကုန်လား ၊ မကုန်လား သူ သိတာ မှ မဟုတ်တာ ။ ဒါဖြင့် ဘာ စိတ်ကူး နဲ့ အခုလို ဝယ်ပေး ရတာ

လဲ ။ ဒါကို တော့ သူ မှ ပဲ သိ လိမ့်မယ် ထင်ပါ ရဲ့ ။


◾ကောင်းညွန့်


📖 ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း

     ၂၀၁၃ ဒီဇင်ဘာ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment