အခန်း ( ၅ )
ဖိုးစော တစ်ယောက် ( သူ့ ကြောင့် အလှူအိမ် မှာ တုတ်ဆွဲ ဓားဆွဲ ရန်ပွဲကြီး ထ ဖြစ် သွားရလို့ အားနာတာ ပဲ လား မသိဘူး ) တော်တော်ကြီး ငြိမ်ကျ သွားတယ် ။ အန်တီလှ ကို လည်း နည်းနည်း လန့်သွားတယ် ထင်ပါရဲ့ ။
အရင် က လောက် ပလူးပလဲ လုံးလုံးထွေးထွေး မနေတော့ ဘဲ ရှောင်ဖယ်ရှောင်ဖယ် လုပ်လာတယ် ။ အင်း ... အန်တီလှ နဲ့ မပေါင်းတာ တော့ ဟုတ်ပါရဲ့ ။ ဒါပေမဲ့ ဆိုးတာက ကားပွဲစား ဦးပွား တို့ သားအဖ နဲ့ သွား ရော နေတာပဲ ။
ဦးပွားတို့ သားအဖ က အူကြောင်ကြားတွေ ။ သူ့ သား အောင်ဗလ က ဆိုက်ကား နင်းတယ် ၊ သူတို့ သားအဖ နှစ်ယောက် စလုံး က ဘဝပေး ကုသိုလ်ကံ အကျိုးပေး မကောင်းတော့ ခါးကုန်း နေတယ် ဗျာ ။
ပြီးတော့ ခါးကုန်းတို့ ရဲ့ ထုံးစံအတိုင်း ကျောလည် အဆစ်ရိုးကြီး ခုံးထ ပြီးတော့ ဘုကြီး ဖြစ်နေတယ်ဗျ ။
အဖေ ရော သား ပါ နှစ်ယောက်စလုံး ခါးကုန်းကုန်း ပေါ် ဘုကြီး တင် ထား သလို ဖြစ်နေတော့ ခါးဘု နဲ့ သားအဖ လို့ ပဲ ရပ်ကွက် ထဲ က လွယ်လွယ် ခေါ်ကြတယ် ။ “ ခါးဘု ” ဆိုတဲ့ စကားလုံး က လည်း အရပ် အခေါ်အဝေါ် နဲ့ ပြောကြစတမ်း ဆိုတော့ ‘ ဂဘု ’ လို့ အသံ ထွက် တယ်ဗျ ။
အဲ ... ကြံကြံဖန်ဖန်ပဲ ပြောပြော ဘာပဲ ပြောပြော အကြောင်း တိုက်ဆိုင်ပုံ က ဒီလို ။
တနင်္ဂနွေနေ့ နေ့လယ်ပိုင်း ဆိုရင် မြန်မာ့ရုပ်မြင်သံကြား က ဂန္ထဝင် ရုပ်ရှင်ကားဟောင်းတွေ ပြန်ပြန် ထုတ်လွှင့်ပြနေကျ မဟုတ်လား ။ ( ဒီ ရပ်ကွက် လေး အတွက်ကျတော့ လည်း အဲဒီ အစီအစဉ် လောက် ကို ပဲ ဖျော်ဖြေရေး အတွက် အားကိုး ပြီး ကြည့် ကြည့် နေရတာကိုး )
အဲဒီ ရုပ်မြင်သံကြား အစီအစဉ် မှာ မကြာမကြာ လည်း ပြလေ့ ရှိပြီး လူကြိုက် လည်း များ တဲ့ ရုပ်ရှင်ကား က အကယ်ဒမီ စိန်မြင့် နဲ့ ကလေးသရုပ်ဆောင် အောင်ထွန်းလေး တို့ ပါတဲ့ ဟို ဇာတ်ကား ဗျာ ။
ဘာတဲ့ ... ဇာတ်ကား နာမည် က ..
“ အဖေ တစ်ခု ... သား တစ်ခု ”
အင်း ... ဟုတ်တယ် ။ အဲဒီ ဇာတ်ကား နာမည် ကို တစ်ရပ်ကွက်လုံး က လူတွေ က နှုတ်ကျိုး နေကြလို့ပဲလား မသိဘူး ။ ခါးဘု ကိုယ်စီ နဲ့ ဦးပွား တို့ ၊ အောင်ဗလ တို့ သားအဖ ကို ခပ်လွယ်လွယ်ပဲ ကင်ပွန်းတပ် လိုက်ကြတယ် ။
“ အဖေ ဂဘု ၊ သား ဂဘု ” ... တဲ့ ။
••••• ••••• •••••
သားဂဘု ဖြစ်တဲ့ အောင်ဗလ က လည်း ဆိုက်ကား သာ နင်း စားနေ တာ ၊ ဂိတ် မှာ ဆိုက်ကား ကို မှန်မှန် ထိုးတာ မဟုတ်ဘူး ။
ဂိတ်ထိုး ထား ပြန် တော့ လည်း ပါစင်ဂျာ ရ တာတောင် စိတ်လို လက်ရ မရှိရင် လိုက်ချင် မှ လိုက်တာ ။ သတင်းစာ ကို ဟန်ကျ ပန်ကျ ဖြန့် ဖတ်ပြီး သူ့ မေးစေ့ က မုတ်ဆိတ်ငုတ်တို ကို ပွတ်ရင်း တကယ့် မဟာပညာရှိ အိုက်တင် ဖမ်းချင် ဖမ်း နေတတ်တာ ။
တစ်ခါ က လည်း သတင်းစာ ထဲ က ခရီးသွားလုပ်ငန်း အကြောင်း သတင်း အတိုအထွာလေး ကို ဖတ် နေရင်း က ခပ်တည်တည် နဲ့ ဒူးတနှံ့နှံ့ ပြော သေးတာ ။
“ ကျွန်တော် သေသေချာချာ လေ့လာကြည့် လိုက်တော့ ကျွန်တော်တို့ နိုင်ငံ ကို လာ လည်ကြတဲ့ ဖောရိန်နာ ( Foreigner ) တွေ ထဲ မှာ အများစု က နိုင်ငံခြားသားတွေ ပဲ ဗျ ”
ကဲ ... ကြည့် ။ အောင်ဗလ ရဲ့ ရွှေဉာဏ်တော် က အတုလံ အတုမရှိ ။ စဉ်းပဲ စဉ်းစား ကြည့်စမ်းပါဦးတော့ ။
“ ဖောရိန်နာ ( Foreigner ) တွေ ထဲ က အများစု က နိုင်ငံခြားသား တွေ ဆိုပဲ ။
“ ( Foreigner ) ဆိုမှ တော့ အကုန်လုံး နိုင်ငံခြားသားတွေ ချည်းပဲ မဟုတ်လို့ မင်း အမေ့လင်တွေ ပါ ပါလာရမှာလား ”
လို့ မေး ... မေးပြီး တော့ပဲ နားရင်း ကို ဘယ်ပြန် ညာပြန် ရိုက်ဖို့ ကောင်းနေတော့တာ ။
အဲဒါကို ကိုဆင့်သူ က ခပ်တည်တည် နဲ့ အံ့သြချင် ယောင် ဆောင်ပြီး ...
“ ဟေ ... ဟုတ်ရဲ့လား မောင်အောင်ဗလ ရယ် ”
လို့ ပင့် ပေးတော့ သင်း က ..
“ ဟာဗျာ .. ကျုပ် ဆိုတဲ့ ကောင် က မပိုင်ဘဲ နဲ့ ပြောပါ့မလား ဗျ ။ ဒီ အချက် က ကျုပ် ကိုယ်တိုင် နှစ်ရှည်လများ သေသေချာချာ လေ့လာထားတာ ”
လို့ ရုပ်တည်ကြီး နဲ့ မိန့်မိန့်ကြီး လုပ်ပြီး ပြောပါလေ ရော ။ ဘယ့်နှယ်ရှိစ ။
••••• ••••• •••••
သား ‘ ဂဘု ’ ကတင် အဲသည်လိုလား ဆိုတော့ မဟုတ်သေးဘူး ။ အဖေ “ ဂဘု ” လုပ်တဲ့ ဦးပွား က လည်း အုတ်တစ်ချပ် သဲတစ်ပွင့် နေရာ က သူ တတ်စွမ်း သလောက် တစ်နိုင် တစ်ပိုင် ဝင် ဝင်ပြီး ‘ ကြောင် ’ ပြသေးတာ ။
သူ ကျ တော့ အသက် ကြီး ပြီ ဆိုတော့ ကာ လူရာ ဝင် ချင်တဲ့ ရောဂါ က အဆစ် ပို ပါ လာသေးတယ် ။
တစ်ခါက ရပ်ကွက် ဓမ္မာရုံ အသစ် ပြင် ဆောက်ဖို့ အစည်းအဝေး လုပ် ကြရော ။ ရပ်ကွက်သူ ရပ်ကွက်သားတွေ က တော့ လက်လုပ်လက်စားတွေ ဥစ္စာ ။ ဘယ်က လာ များများစားစား တတ် နိုင်မှာတဲ့တုံး ။
ဒါပေမဲ့ အဲဒီ ခေတ် က ပါတီကောင်စီ နဲ့ ပတ်သက်ရာ ပတ်သက် ကြောင်း ( ကျွန်တော်တို့ မသိနိုင်တဲ့ ကျိုးကြောင်း ဆက်နွှယ်မှုတွေနဲ့ ) ကမ ကထ လုပ် ၊ မတည်မယ့် အလှူရှင်တွေ ပေါ်လာတယ် ။
တကယ့် ထိတ်ထိတ်ကြဲ သူဌေးတွေ ပေါ့ ဗျာ ။
သူ က ဘယ်လောက် ထည့်မယ် ၊ ငါ က ဘယ်လောက် ထည့်မယ် နဲ့ ဝင် အော် နေ လိုက်ကြတာများ ကလေးတွေ သင်္ချာ အလီ ရွတ် တာ ကျ နေတာပဲ ။
( ကျွန်တော်တို့ လို သမဝါယမဆိုင် မှာ ငစိန်ဆန် ကို တန်းစီ တိုးစား နေ ရတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေ အဖို့တော့ ဗျာ ) သူတို့ အလှူ ကို သာဓု ခေါ်ဖို့ မေ့ပြီး ပါးစပ် အဟောင်းသား ငေးကြည့် နေရတယ် ။ ကိုယ် နဲ့ မဆိုင်သလို ချည်းဟာ ကိုး ။
အဲ ... အစည်းအဝေး ပြီး လို့ လက်ဖက်သုပ် နဲ့ ရေနွေးကြမ်း ဝိုင်း ဖွဲ့ပြီး အာလာပသလ္လာပ ပြောကြ ဆိုကြ တော့လည်း အဲဒီ သူဌေးတွေ ရဲ့ စကားဝိုင်း က သိန်းဂဏန်း ကနေ ဆင်းတယ် လို့ ကို မရှိဘူး ။
“ ဂဘု ဦးပွား ” က အဲသည် လို စကားဝိုင်း ထဲ ကို မှ ဝင် တိုးတာ ။
ဟို သူဌေးတွေ က ပြောကြ ဆိုကြ ရင်း ဘိလပ်မြေ ဈေးနှုန်းတွေ ၊ ကျွန်း ၊ ပျဉ်းကတိုး သစ် ဈေးတွေ အကြောင်း ရောက်သွား ပါလေ ရော ။
အဲဒီမှာ တင် ‘ ဂဘု ဦးပွား ’ က ဗြုန်း ဆို ဝင်ပြီး ...
“ ကျွန်းသစ် ရရင် နည်းနည်း လောက် လိုချင်တယ်ဗျာ ”
သူ့ စကားကြောင့် ဟို သူဌေးတွေ မျက်လုံးပြူး သွားကြတယ် ။ တစ်ယောက် မျက်နှာ ကို တစ်ယောက် မသိမသာ လိုလို လည်း အကဲခတ် ကြတယ် ဗျ ။ ( အဲဒီတုန်းက ကျွန်းသစ် က အစိုးရ က ကြပ်မတ်ထားတဲ့ တားမြစ် ကုန်ပစ္စည်း လေဗျာ )
နောက်ဆုံး အကြံအဖန် အဆက်အသွယ် ကောင်းပုံ ရတဲ့ သူဌေး တစ်ယောက် က အချီကြီး အပွကြံ အလုပ် ဖြစ်လို ဖြစ်ငြား အရဲစွန့်ပြီး မေး လိုက် တယ် ။
“ ဒီက နောင်ကြီး က ဟို .. ကျွန်းသစ် ရရင် ဘယ်နှစ်တန် လောက် လိုချင်တာလဲ ဟင် ”
ဟုတ်တာပေါ့ ။ သူတို့လို သူဌေးတွေ အဖို့ တော့ သစ်ပမာဏ ကို ‘ တန် ’ လောက် နဲ့ ပဲ တွက်ချက် ပြောဆိုမှာပေါ့ဗျာ ။
အဲဒီလို မေး လိုက်တော့ မှပဲ ဦးပွား က ဖင်ကုတ် သလိုလို ခေါင်းကုတ် သလိုလို နဲ့ .... ။
“ များများစားစား မဟုတ်ပေါင်ဗျာ ၊ သွားကြားထိုးဖို့ အစ တစ်စ နှစ်စ လောက် ရရင် တော်ပါပြီ ”
ကြားရတဲ့ လူ မှန်သမျှ ဦးပွား ကို ချည်း တိုးတိုးရော ကျယ်ကျယ်ပါ ဖိ ဆဲကြတော့တာပဲ ။ မဆဲဘဲ နေနိုင်ရိုးလားဗျာ ။ လုပ်ပေါက် က ... ။
••••• ••••• •••••
ဦးပွား ကို တဗျစ်တောက်တောက် နဲ့ ဆဲလို့ ဆိုလို့ ကို မဆုံးနိုင်တဲ့ လူ ကတော့ ကျွန်တော်တို့ လမ်း ထဲ က ဦးဖေခင် ဆိုတဲ့ လူကြီး ပဲ ။
အဲဒီ လူကြီး က မြို့နယ်ပါတီယူနစ် မှာ ဘာဆို လားပဲဗျာ ။ ပိုက်ဆံ လည်း ရှိ ၊ သမီး ချောချောလှလှ လည်း ရှိတော့ ကျွန်တော်တို့ အုပ်စု နဲ့ လည်း တစောင်းစေး နဲ့ မျက်ချေး ဗျ ။ မတည့်ဘူး ။
ကဲ .. ထားပါ ။ ဦးဖေခင် နဲ့ ကျွန်တော် တို့ တက်တဲ့ ပြဿနာ က အကြီးကြီး ဆိုတော့ နောက်မှပဲ သတ်သတ် ပြောပြတော့မယ် ။
အခု ကိစ္စ က ဦးပွား အကြောင်း .. ။
တချို့က စောဒက တက်ကောင်း တက်ချင် ကြမယ် ။
“ မင်း က လည်းကွာ ... ဦးပွား က ကားပွဲစား လို့ လည်း ဆိုသေး ၊ အဲဒီ လောက်တောင် လူရိပ် လူကဲ မသိ ‘ အ ’ ရ သလား ၊ ယုတ္တိမရှိလိုက်တာ ” လို့ ... ။
စကား အဖြစ် သာ ပြော ရတာ ။ ဦးပွား က တကယ့် ကားပွဲစား စစ်စစ် မဟုတ်ဘူးဗျ ။
ရန်ကုန် က ကားပွဲစားတွေ နဲ့ အသိအကျွမ်းလေး ဖြစ်တယ် ဆိုရရုံ တင် ။
ဒါကလည်း သူ့ ဘက် က အတင်းကာရော လိုက် ပြီးတော့ ဟို ပွဲစား အုပ်စုတွေ ကြား ဟိုနား မော့မော့ ဒီနား မော့မော့ နဲ့ ဇွတ် လူရာ ဝင်အောင် ရော ယောင် နေတာ နေမှာပါ ။
ပြီးရင် အဲဒီ ကားပွဲစားတွေ ပြောလေ့ ပြောထ ရှိတဲ့ ‘ အထာစကား ’ တွေ ‘ ဗန်းစကား အခေါ်အဝေါ် ’ တွေ ကို မှတ်လာ ပြီးတော့ ရပ်ကွက် ထဲ က လက်ဖက်ရည်ဆိုင် မှာ လူထူထူ ရှိပြီ ဆိုရင် အာပေါင်အာရင်း သန်သန် နဲ့ ‘ မှုတ် ’ တော့တာပဲ ။
“ ပါပလေကာ ကို ဖင်ထောင် နဲ့ အလဲအထပ် လုပ်ရင် အောက်ကား က ဘယ်လောက် လိုက်မလဲ ” ... တို့ ။
“ ဈမျဉ်းဆွဲတူးဒိုး က သန့်တယ် ၊ တစ်လက်ကိုင် ပဲ ” ... တို့ ။
“ အဲဒီ ကား က ဘော်ဒီဆေးသား ကို ခေါက် ကြည့် လိုက်တော့ ပတ်တီးသံ ပါနေတယ် ” .... တို့ ။
ဦးပွား ပါးစပ် က အမြှုပ် တစီစီ ဝေအောင် ထွက်ထွက် နေကျ အဲဒီ လေလုံး ထွားထွားကြီးတွေ က ( အကြောင်း မသိရင် ဖြင့် ) သူ့ ကို တကယ့် ဝါရင့် ကားပွဲစားကြီး လို့ ထင်ချင်စရာပေါ့ဗျာ ။
အဲဒီ လေစီး လေသာ တစ်ကြော မှာ မအူမလည် နဲ့ လိုက် ‘ မျော ’ ရင်း မစားရ ဝခမန်း ဝင် ပြီး “ မှိုင်းမိ ” တဲ့ ငထုံငထိုင်း ကတော့ ဘယ်သူ ရှိဦးမှာလဲ ဗျာ ။
ကျွန်တော်တို့ ရဲ့ ဖိုးစော ပေါ့ ။
ကနေ့ နက်ဖြန် ဆိုရင်ပဲ ကား တစ်စီး လောက် အရောင်းအဝယ် ဖြစ် လိုက် ရင် သိန်း နဲ့ သောင်း နဲ့ ပဲ ချီပြီး ငွေထုပ် ပိုက်ရတော့ မလိုလို ဘာလိုလို ။
ဖိုးစော နဲ့ ‘ ဂဘု ဦးပွား ’ တို့ နှစ်ယောက်သား ခေါင်းချင်း ဆိုင်ပြီး ကျိတ်ကျိတ် ကျိတ်ကျိတ် လုပ်နေကြ ပုံများ ပြောပါတယ် ။
အဲ ... တစ်နေ့ ကျ တော့ ...
ကျွန်တော်တို့ အုပ်စု က ရပ်ကွက်ထောင့် ကားမှတ်တိုင် နား က လက် ဖက်ရည်ဆိုင် ကို ထွက် အလာ လမ်း ထိပ် မှာ ဦးပွား နဲ့ တိုးမိရော ။
ဦးပွား က တကယ့် ကို အလုပ်ကြီး အကိုင်ကြီးသမား တို့ ရဲ့ အရေးကြီး နေ တဲ့ အိုက်တင်မျိုး နဲ့ ဖိုးစော ရဲ့ လက် ကို ဖမ်းဆွဲပြီး ...
“ ဟေ့ကောင် ... ဖိုးစော ၊ ဖင်ကောက် ရ ရင် တစ်စီး လောက် ဆွဲမယ် ကွာ ။ ငါ့ မှာ ‘ ဝယ်လက် ’ ရှိတယ် ”
ဖိုးစော က ကျွန်တော့် မျက်နှာ ကို တစ်လှည့် ၊ ဦးပွား ကျောပေါ် က ဂဘု (ခါးဖု ) ကြီး ကို တစ်လှည့် ကြည့် ရင်း မျက်လုံးလေး ပေကလပ် ပေကလပ် နဲ့ .. ။
“ ဗျာ .. ဖင်ကောက် ၊ ဘာ ဖင်ကောက် လဲ ဦးလေးပွား ”
“ ဟာ ... မင်း ကလည်း ‘ အ ’ ပါ့ကွာ ၊ ဆလွန်းကား ဖင်ကောက် ကို ပြောတာကွ ”
အဲဒီတုန်းက ဆလွန်းကား ဖင်ကောက် ဆိုတာက ဝင်ခါစ ရှိသေး တာဗျ ။ ရှား လည်း အတော် ရှားတယ် ။ ဈေး လည်း ကြီးတယ် ။ ကျွန်တော်တို့ လို ပတ်ဝန်းကျင် မှာ ဘယ် ရှိမှာလဲဗျာ ။
ဒါပေမဲ့ သကောင့်သား ဖိုးစော က သူ့ ဘွားအေ မွေးညှပ် ရှာခိုင်းတယ် များ အောက်မေ့ နေသလား မသိဘူး ။ မေးစေ့ကလေး ပွတ်ကာ ပွတ်ကာ နဲ့ ခပ်အေးအေးပဲ ။
“ အိုကေ ... အိုကေ ... သဘောပေါက်ပြီ ဦးလေးပွား ၊ ကျွန်တော် ရှာ ထားလိုက်မယ် ”
ဂဘု ဦးပွား က သွား တော့မယ် လုပ်ပြီးတော့မှ တစ်ခု ကျန်နေသေး တာ ကို သတိရ သွားတဲ့ ပုံ နဲ့ ပြန် လှည့်ပြီး ...
“ နေဦးကွာ ... ပြောဖို့ တစ်ခု ကျန် နေသေးတယ် ၊ ငါ့ ဝယ်လက် က ‘ ရှဲစောင်း ’ မှ လိုချင်တာတဲ့ကွ ။ ‘ ရှဲစောင်း ’ ဆိုတာ ကို ကော မင်း သိရဲ့လား ။ ကား ရှေ့ပိုင်းက ခပ်စောင်းစောင်းလေး အပြင် ကို ငေါထွက် ... ”
“ ဟာဗျာ .. ဒီလောက်တော့ သိပါတယ် ဦးလေးပွား ရာ ”
“ အေး .. အေး ... သိရင် ပြီးရော ”
ဦးပွား က ပြောစရာ ရှိတာ ပြောပြီး မပူမပင် မကြောင့်မကြ နဲ့ လေချွန်ပြီး ထွက် သွားတယ် ။ ဖိုးစော က လည်း ခေါင်းလေး တမော့မော့ ။
ဘေး က ကြား နေရတဲ့ ကျွန်တော် ၊ ကိုဆင့်သူ နဲ့ ပန်းချီဆရာ တို့ သုံးယောက်သား ကတော့ မျက်လုံး ပြူး နေရတယ် ။
ဘယ့်နှယ်ဗျာ ။
‘ ရှဲစောင်း ’ ဆိုတာ က အစပိုင်း တုန်းက သူ ပြောတဲ့ “ ဆလွန်း ဖင်ကောက် ” နဲ့ ဘာမှ မဆိုင်ဘူး ။ သတ်သတ်စီ ။
ကြည့်ရတာ ဂဘု ဦးပွား ကို အမြင်ကတ် နေတဲ့ သူ တစ်ယောက် ယောက် က ပညာ ပေးချင်တာနဲ့ ကမ္ဘာပေါ် မှာ မရှိတဲ့ ကားအမျိုးအစား ကို တမင် ညစ်ပြီး ရှာခိုင်း လိုက်တာနဲ့ တူပါတယ်ဗျာ ။
ဒါကိုပဲ ဘုမသိ ဘမသိ နဲ့ ကြား ထဲ က အဟုတ် မှတ် နေတဲ့ ဖိုးစော က လက်ဖက်ရည်ဆိုင် မှာ ထိုင်ရင်း ဒူးကလေး တနှံ့နှံ့ နဲ့ ... ။
“ တကယ်တော့ ပိုက်ဆံ ဆိုတာ ကိုယ် က လိုက် ရှာ ရတာ မျိုး မဟုတ်ပါဘူး ။ ကိုယ့် ကို လိုက် ရှာပြီး ပေးတဲ့ ဟာမျိုးပါကွာ ” ... ဘာညာ နဲ့ လုပ်သေးတာ ။
( ကျွန်တော်တို့ ပိုက်ဆံ နဲ့ ဝယ်တိုက် တဲ့ လက်ဖက်ရည် ကို တစ်ဖြဲ နှစ်ဖြဲ သောက် ပြီးတော့ လေ )
ဒါနဲ့ ကျွန်တော်တို့ လည်း ခွေ, းမသား ၊ မှတ်လောက် သားလောက် ရှိ ပစေဦး ” လို့ စိတ် ထဲ က ကျိတ် ကြုံးဝါးပြီး ဘာမှ မပြောဘဲ ပစ်ထား လိုက်တယ် ။
အဲ ... မကြာပါဘူး ။
နောက် တစ်ပတ် လောက် မှာ တင် ပြဿနာ တက် တော့တာပါပဲ ။
••••• ••••• •••••
ပြဿနာ တက် တာ ကလည်း အဲဒီ ကျွန်တော် တို့ ထိုင် နေကျ ကားဂိတ် နား က ‘ အောင်သပြေ ’ လက်ဖက်ရည်ဆိုင်လေး မှာ ပဲ ။
ကျွန်တော်တို့ က လည်း အားအားယားယား ရှိရင် အဲဒီ လက်ဖက်ရည်ဆိုင် မှာ ပဲ ဖင် ကျောက်ချ ပြီး ထိုင် နေကျ ။ အဲဒီနေ့ က လည်း ရေနွမ်းကြမ်း တစ်အိုး ပြီး တစ်အိုး မှာ သောက်ရင်း ကျွန်တော် နဲ့ ပန်းချီဆရာ က ဖိုးစော ကို ဦးနှောက်စား အောင် ဝိုင်း ကျပ် နေကြတယ် ။
“ ဟေ့ကောင် ... ဖိုးစော ၊ မင်း မျက်နှာ က ဝက်ခြံတွေ က လည်း ပျောက် တယ် လို့ ကို မရှိပါလား ။ ဆေး မလိမ်းဘူးလား ”
ဖိုးစော က ခေါင်းကုတ် ရင်း ...
“ လိမ်းတာ မှ စုံနေတာပဲ ဗျ ၊ သက် မှ မသက်သာတာ ။ ဝဋ်နာကံနာ များ လားတောင် မသိဘူး ”
ပြောမယ် ဆိုလည်း ပြော စရာပဲ ဗျ ။ ဒီ ကောင့် မျက်နှာ ပေါ် က ဝက်ခြံ တွေ က တစ်ဝက် တစ်ပျက် တူးလက်စ အားလူး စိုက်ခင်း ကျနေတာပဲ ။
ဒါနဲ့ ပန်းချီဆရာ က မျက်နှာ ကို ခပ်တည်တည် ထားပြီး ...
“ အဲဒါဆို မင်း ဟို ဟာကွာ ‘ အောဇင်းဘူး ’ ဆိုတာ ဝယ် လိမ်းကြည့်ပါလား ”
ကျွန်တော် က မရယ်မိ အောင် နှုတ်ခမ်း ကို ဖိကိုက် ထားလိုက်ရ တယ် ။ ဒါပေမဲ့ ဖိုးစော ရဲ့ ‘ တုံး ’ ချက် ‘ အ ’ ချက် က တော့ ..
“ အောဇင်းဘူး ”
ဆိုတာ စကားလိမ် နဲ့ ပြောမှန်း မရိပ်မိဘူး ။ သူ က ပြန် ပြီးတော့ တောင် မေး လိုက် သေးတယ် ။
“ အောဇင်းဘူး ဆိုတာ ဘူး အကြီးလား ၊ ဘူး အသေးလား ဗျ ။ ဘယ်မှာ ဝယ်ရမှာလဲ ”
ပန်းချီဆရာ က ရယ်ချင် နေတဲ့ ပါးစပ် ကို လက်ခုံ နဲ့ သုတ် သလိုလို ဘာလိုလို ခပ်ကွယ်ကွယ် လုပ်ရင်း ...
“ အောဇင်းဘူး က တော့ ဘူးသေး ကော ဘူးကြီး ကော ဆိုဒ်အစုံ ဝယ်လို့ ရပါတယ်ကွာ ၊ ဝိသုဒ္ဓါရုံ စာသင်တိုက်နား က ဆေးဆိုင် မှာ မေး ကြည့် ပါလား ”
“ အေးဗျာ .. နောက်နေ့ကျ မှ သွား စုံစမ်း ကြည့် လိုက်ဦးမယ် ”
ဘေးဝိုင်း က နားစွန် နားဖျား ကြား လိုက်ရတဲ့ သူတွေ က လည်း ဖိုးစော မသိအောင် တိတ်တိတ် ကျိတ်ပြီး တခွိခွိ ရယ်ကြတယ် ။
အဲဒီ ၁၉၈၆ - ၈၇ ခုနှစ် လောက် တုန်းကတော့ လူငယ် ဘဝရဲ့ ပျော်စရာ ရွှင်စရာ ဆိုတာ အဲသည်လောက် ပဲ ရှိတာဗျ ။
လက်ဖက်ရည်ဆိုင် ထိုင်မယ် ။ တစ်ယောက် ကို တစ်ယောက် နောက်မယ် ပြောင်မယ် ။ ဆိုင် က ဖွင့်တဲ့ သီချင်း နားထောင်ရင်း လတ်တလော ဖတ် ဖြစ် နေတဲ့ စာအုပ် အကြောင်း ပြော ။ သတင်းစာ ကို နောက်ဆုံး စာမျက်နှာ က နေ စပြီး ပြောင်းပြန် လှန်ဖတ် ( ရှေ့ဆုံး စာမျက်နှာ က လည်း ဖတ်ချင်စရာ မှ မရှိဘဲကိုး )
ပြီးရင် ကြော်ငြာစာမျက်နှာ မှာ ပါတဲ့ အစိုးရ အလုပ်ဌာန ခေါ်စာလေး ဘာလေး ကြည့် ... ။ ဒီလောက်ပါ ပဲ ဗျာ ။
ခု ခေတ် လို ဘီယာဆိုင်တွေ အရက်ဆိုင်တွေ လည်း မပေါသေးဘူး ။ ဗီဒီယိုခွေတွေ ၊ ဂိမ်းဆိုင် ၊ အင်တာနက်ဆိုင်တွေ နဲ့ စကတ်တိုတို ကောင်မလေး တွေ လည်း မပေါသေးဘူးဗျ ။
အဲဒီတော့ လက်ဖက်ရည်ဆိုင် ထိုင် ၊ ငြင်းခုံ ၊ ဆွေးနွေး ၊ နောက်ပြောင် ဒါနဲ့ပဲ အချိန် ကုန် ရတာ ။
အခုလည်း ဖိုးစော ကို ဝိုင်းပြီး နောက်ပြောင် နေကြတုန်း လက်ဖက် ရည်ဆိုင် ထဲ ကို ဂဘု ဦးပွား က ကုန်းကုန်း ကုန်းကုန်း နဲ့ ဝင် လာပါလေရော ။
အဲဒီမှာတင် ဖိုးစော က ဝမ်းသာအားရ နဲ့ .. ။
“ ဟာ ... ဦးလေးပွား ၊ အတော်ပဲ ”
ဦးပွား က လည်း ပင့်ကူကြီး တစ်ကောင် လို ကုန်းကွကွ ခြေကားယား လက်ကားယား နဲ့ ...
“ ဘာလဲ .. ဖိုးစော ၊ ဟို ကိစ္စလား ”
သူတို့ နှစ်ယောက်စလုံး မစားရ ဝခမန်း စိတ်ကူး အယဉ်လွန် ထွက်ပြီး မိုးမမြင် လေမမြင် ဖြစ် နေကြတာဗျ ။
ဘယ်လောက် တောင် မမြင်ကြသလဲ ဆိုတော့ ...
သူတို့ နောက် က နေ ပတ်ပြီး လက်ဖက်ရည်ဆိုင် ထဲ ကို ဒန်ချိုင့် ပိန်ပိန်လေး တစ်လုံး ဆွဲ လို့ ငိုက်စိုက် ငိုက်စိုက် နဲ့ ဝင် လာတဲ့ မလှဌေး ကို လည်း မမြင်မိကြဘူး ။
ကြည့် ရ တာ မလှဌေး က သူ့ ယောက်ျား သိပ္ပံစိန်လှ သောက် ဖို့ လက်ဖက်ရည် ပါဆယ် လာ ဝယ် တာနဲ့ တူပါတယ် ။
( ဒီနေရာမှာ မဖြစ်ချင်ပါဘူး ဆိုမှ တိုက်တိုက်ဆိုင်ဆိုင် လွဲချော် တတ်တဲ့ အာသာ ဘလော့ချ် ရဲ့ ဥပဒေ ကို အပြစ်တင် ရ မလား ။ ကာယကံရှင် မလှဌေး ကိုယ်တိုင် ရဲ့ ခေါလွန်းလှတဲ့ ‘ သွား ’ နဲ့ ကောက်လွန်းလှတဲ့ ‘ ဖင် ’ ကိုပဲ အပြစ် တင် ရတော့မလား မပြောတတ် ပါဘူးဗျာ )
မလှဌေး တစ်ယောက် ဖိုးစော နောက် ကနေ ဖြတ်လျှောက် တဲ့ အချိန် မှာ ပဲ ဖိုးစော က အသံပြဲကြီး နဲ့ ... ။
“ ဦးလေးပွား ရှာခိုင်းထားတဲ့ ‘ ရှဲစောင်း ’ ကို ကျွန်တော် တွေ့ထားပြီဗျ ၊ ဟား ... ဟား ”
ဒီ စကား က သူ့ ကို များ စောင်း ပြောတာလား ဆိုပြီး မလှဌေး က ဖိုးစော ကို ဒေါသတကြီး နဲ့ ‘ ဒိုင်း’ ခနဲ မျက်စောင်း ပစ် ထိုး လိုက်တယ် ။
ဟုတ်တယ် ၊ ထင်မယ် ဆိုလည်း ထင်ချင်စရာ လေ ။ ရပ်ကွက်သုံး ဗန်းစကား အရ တော့ ‘ ရှဲစောင်း ’ ဆိုတာ ‘ သွား ခေါတာ ’ ကို ခေါ်တာ မဟုတ် လား ။ ပါးစပ် ထဲ ကနေ အပြင် ကို တစောင်းကြီး ငေါထွက် နေတဲ့ သွားဖုံး မောက်မောက်ကြီးတွေ က မော်တော်ကား ထိပ်ဦးပိုင်း နဲ့ တူလို့လေ ။ ဒါကြောင့် ...
မလှဌေး က သူ သွားခေါတဲ့ အကြောင်း ဖိုးစော နဲ့ ဦးပွားတို့ ‘ အထာ စကား ’ နဲ့ ဟား နေကြတာပဲလို့ ထင် သွားပြီး ...
“ တောက် ”
ရင် ထဲ က အသံတိတ် ကျိတ်ပြီး တောက်ခေါက် လိုက်တယ် ။ မလှဌေး ရဲ့ မျက်လုံးတွေ ပြူးထွက် လာပုံ က ဒေါသ ကို မနည်းကြီး ဖိချ မျိုသိပ် နေရတဲ့ ပုံပဲ ။
အဲဒီ အချိန် မှာ မှ ' ဂဘု ' ဦးပွား က “ ဗြဲဟဲဟဲ ” ဆိုတဲ့ ရယ်သံဆိုးကြီး နဲ့ ... ။
“ ရှဲ စောင်းရုံ သက်သက်ပဲလား ကွ .. ဖိုးစော ရဲ့ ”
“ ဟဲ ... ဟဲ ... ရှဲစောင်း ရုံ တင် မကဘူး ၊ ဖင် ပါ ကောက် သေးတယ် ဦးလေး ရေ ။ ဟဲ ... ဟဲ ”
ကိုင်း ... ဒါကတော့ ဗြောင်ကျကျ ကို စော်ကား လွန်းနေပြီ ။ ပြီးတော့ စော်ကား ရုံ တင် မက ငှက်ဆိုး ထိုးသံကြီး တဗြဲဗြဲ တဟဲဟဲ နဲ့ ရိထေ့ လှောင် ပြောင် နေ မှ တော့ မလှဌေး ဘယ်နှယ့် လုပ်ပြီး သည်းခံ နိုင်တော့မှာလဲ ။
ငမိုက်သား ဖိုးစော က ပါးစပ် ကို ဘရိတ် မအုပ်သေးဘဲ ...
“ ကဲ ... ဘယ်နှယ့်လဲ ဦးလေးပွား ၊ ရှဲစောင်း ဖင်ကောက် ကို တော့ ကျွန်တော် တွေ့ ထားပြီ ။ ဦးလေး ဆွဲ မလား ”
စကား တောင် မဆုံး လိုက်ဘူး ။
“ ကဲ .. ဆွဲချင်ဦးဟယ် ၊ ဆွဲချင်ဦးဟယ် ။ သေချင်းဆိုးတွေ ..”
“ ဖြန်း .. ဖြန်း .. ဘုတ် ... ဂွမ်း ”
“ အောင်မလေးဗျ ”
မလှဌေး က ဖိုးစော ကို နှက် လိုက်တာများ ဗျာ လက်တောင် မလည်ဘူး ။
ဒါနဲ့တင် အားမရ လို့ သူ ကိုင်လာတဲ့ ဒန်ချိုင့် အပိန်လေး နဲ့ လည်း ဖိုးစော ခေါင်း ကို တဒေါင်ဒေါင် မြည်အောင် ခေါက်သေး သဗျ ။
“ ဒေါင် ... ဒေါင် ... ဂွမ်း ... ဒုတ် ”
“ အောင်မလေး ဗျ .. လုပ်ကြပါဦး ဗျ ”
မြန်မာစာဆရာ ကိုဆင့်သူ ရဲ့ စကား နဲ့ ပြောရရင် လောကနီတိ ထဲ မှာ ပါတဲ့ “ ရန်သူ ကို ချေမှုန်းတဲ့ နေရာ မှာ တိုက်ကြက် ကဲ့သို့ ရဲရင့်ရမည် ” ဆိုတာ ဒါမျိုး နဲ့ တူပါရဲ့ဗျာ ။
မလှဌေး ရဲ့ ‘ ခွပ်ချက် ’ တွေက ‘ လန် ’ ထွက်နေတာပဲ ။
••••• ••••• •••••
ကိုဆင့်သူ က မြန်မာစာဆရာ ပီပီ ကျွန်တော်တို့ အိမ် နံရံ မှာ မြန်မာ ပညာရှိကြီးတွေ ရဲ့ အဆိုအမိန့်တွေ ၊ နီတိတွေ ၊ လင်္ကာတွေ ရေး ရေးပြီး ကပ်ထားလေ့ ရှိတယ်ဗျ ။
အဲဒီဟာတွေ ထဲ မှာ စိန္တကျော်သူ ဦးသြ ရဲ့ ‘ သြဝါဒထူးပျို့’ ဆုံးမစာ ထဲ က ' တရားမရ မျက်ဒေါသ ' ဆိုတဲ့ လင်္ကာ ရှစ်ပိုဒ် ရှိတယ် ။
‘ လက်နက်ဆင်မြင်း ၊ ဗိုလ်သင်းပင်းကြောင့်
မင်းတို့အမျက် ဟူးဟူးထွက်၏ ’
‘ အောက်ထက်ကျွန်ကျေး ၊ ရွှေငွေကြေးကြောင့် ၊
သူဌေးအမျက် ဟူးဟူးထွက်၏ ’
‘ မခက်ခဲလွန် ၊ အမှုပွန်၍
ကျေးကျွန်အမျက် ဟူးဟူးထွက်၏ ’
‘ လိုက်ဖက်ဆေးဝါး ၊ မန္တရားကြောင့်
သမားအမျက် ဟူးဟူးထွက်၏ ’
‘ လေ့ကျင့်နှံ့ပြား ၊ ဗေဒင်အားကြောင့်
ပုဏ္ဏားအမျက် ဟူးဟူးထွက်၏ ’
‘ အောက်ထက်ဆန်စုန် ၊ တောင်ပံဟုန်ကြောင့်
ဂဠုန်အမျက် ဟူးဟူးထွက်၏ ’
‘ စက်ယန္တရား ၊ ခိုးလျှံများကြောင့်
နဂါးအမျက် ဟူးဟူးထွက်၏ ’
‘ ရန်ဖက်ဖျောက်လှေ ၊ ဟောက်တတ်လေ့ကြောင့်
ခြင်္သေ့အမျက် ဟူးဟူးထွက်၏ ’
...တဲ့ ။ အဲဒါတွေပေါ့ ဗျာ ။ ဘုရင် ရဲ့ ဒေါသ ၊ သူဌေး ရဲ့ ဒေါသ ၊ ဂဠုန် တွေ ခြင်္သေ့တွေ ရဲ့ ဒေါသတွေ အကြောင်း ဆုံးမ ထား တာပါ ။
ကျွန်တော် က အဲဒီ ဆုံးမစာတွေ ရဲ့ အောက် က နေ ကိုယ့် ဖာသာ ကိုယ် စပ်ဆို ထားတဲ့ လင်္ကာ တစ်ပိုဒ် ထပ် ရေးဖြည့် ပြီး ကပ် ထား လိုက်တယ် ။
“ ပွဲစားနှစ်ယောက် ၊ လျှာရှည်ပေါက်ကြောင့်
ဖင်ကောက်အမျက် ဟူးဟူးထွက်၏ ”
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment