“ ဒါနဲ့ ဆရာ ရယ် .. ကျွန်တော့် အတွက် ပုလိပ်သမီး ဂေါ်နည်းလေးများ လုပ်စမ်းပါဦး ဆရာ ... ”
“ ပုလိပ်သမီး .. ပုလိပ်သမီး ... ”
( မြသွင် သည် ခေတ္တမျှ တွေ သွားပြီး )
“ အာ .. သတင်းထောက် အဖို့ ပုလိပ်သမီး ဟာ အလွယ်ဆုံး ပေါ့ .. ”
“ အမယ်လေး .. လုပ်စမ်းပါဦး ဆရာ ရယ် .. ”
“ ရာဇဝတ်မှု သတင်း ယူဖို့ ဆိုပြီး .. နေ့တိုင်း ဂတ်တဲ တို့ ဂတ်တန်း လျား တို့ သွား ပိုးပေါ့ကွ ၊ မပူနဲ့ ဟေ့ ... ငါ ကိုယ်တိုင် လိုက် အကျိုးဆောင် မယ် ၊ မင်း မြန်မြန် စွံမှပဲ ၊ ငါတို့ပိုး ရာ မှာ ကန့်လန့်ကန့်လန့် နဲ့ တယ် ရှုပ်တယ် ...”
“ အမယ်လေး ... ရှိကြီး ခိုးပါရဲ့ ကျေးဇူးရှင်ကြီး ရယ် မြန်မြန် မ တော် မူစမ်းပါ ၊ ဒါနဲ့ ဆရာ ကောင်မလေး မြင်ရင် ဆရာ ကိုယ်တိုင် ကြိုက်သွား ဦးမှာ လား ဆရာ ”
“ အာ .. ငါ သစ္စာ ရှိပါတယ် ကွ ... ငါ ယောက်ျားပါ ကွ ”
“ အဲ ... အဲဒီ ယောက်ျားမို့ လို့ ကို ကျွန်တော်မျိုး က ကြောက်တာ ခင်ဗျ ”
သာကဒိုး စကား အတွက် မြသွင် သည် တော်တော် ‘ ဖု ’ သွားပုံ ရလေ သည် ။ စင်စစ် သာကဒိုး က လည်း ကိုယ့် ကိစ္စ ကို မြန်မြန် တွန်းအောင် လို့ မခံချင် အောင် တမင် လုပ်လိုက်ခြင်း ဖြစ်ပါသည် ။ မြသွင် လည်း သာကဒိုး ချိုးပေါက် ထဲ သို့ တိုးဝင် လာ လေတော့သည် ။ ဘယ်သို့ဆိုသော် မြသွင် သည် သာကဒိုး ပြောသည် ကို မခံချင် ၍ ပင် နေ့စဉ် အချိန် မှန်မှန် ဂေါ် အကျိုးဆောင် လေတော့ သတည်း ။ လှလှသန်း ကို ကျွန်တော်တို့ ဂေါ်သေနင်္ဂဗျူဟာ ဆင်ရာ ၌ နည်းချင်း တော်တော် ဆန့်ကျင် နေ လေသည် ။ သာကဒိုး ၏ ဂေါ်သေနင်္ဂ ဗျူဟာ မှာ ပထမ စာ ပေး ၊ ဒုတိယ အချိန် ယူပြီး လူရိပ်ပြ တတိယ ခြေလှမ်း ကျ မှ ဆက် စာပေး စတုတ္ထ လစ် ရင် အတင်း စကားပြော ဟူ၍ ဖြစ်သည် ။ မြသွင် ၏ ဂေါ်သေနင်္ဂဗျူဟာ ကား ပထမ ကောင်မလေး နှင့် မျက်လုံးချင်း ကျ အောင် လူရိပ်ပြ ၊ ဒုတိယ အဆင့် စာပေး ၊ တတိယ အဆင့် ကား အလစ်ချောင်း ၍ ဆွဲ နမ်းရမည် ဟူ၍ ဖြစ်လေသည် ။ မြသွင် နည်း ကို ဒုတိယ အဆင့် အထိ ကြိုက် သော်လည်း တတိယ အဆင့် မှာ မူ လက်ဝါး နှင့် လည်းကောင်း လက်ထိပ် နှင့် လည်းကောင်း နီး လွန်း၍ တော်တော် လန့် မိလေသည် ။ ကိုင် ရမည့် အမှု မှာ လည်း ပုလိပ်သမီး ဖြစ်ပြီး ဂတ်ဝင်း ထဲ လည်း စွန့်စားရမည့် ကိစ္စကြီး မဟုတ်ပါလား ။
သို့သော် ... ငနဲ ကို ဆရာ တင် မိလက်စ နှင့် သူ့ ဂေါ်သေနင်္ဂဗျူဟာ ကို ပထမ နှင့် ဒုတိယအဆင့် အထိ လိုက်နာရန် ဆုံးဖြတ်ရ လေတော့သည် ။ သူ့ လမ်းစဉ် အတိုင်းပင် သာကဒိုး သည် နေ့စဉ် အချိန်မှန် ဂတ်တန်း ဆီ သို့ သွား၍ ရှိုးပြရ လေသည် ။
အင်း .. မိန်းမ ပိုးတယ် ဆိုတာ တော်တော် ကျန်းမာရေး ညီညွတ်တဲ့ ကိစ္စ ကလားဗျ ... သာကဒိုးတို့များ ပိုးစရာ မိန်းမ တွေ့ ကတည်းက နေ့စဉ် အချိန်မှန် ရေမိုးချိုး လို့ ... နောက်ပြီး အဝတ်ကလေး စမတ်တင်းတင်း ဝတ် ၊ ခေါင်းကလေး ကို အကျ ဖြီး လို့ ၊ ပေါင်ဒါကလေး သ,လို့ ၊ အတော် ကျန်း မာရေး ညီညွတ်တဲ့ ကိစ္စပဲ ဗျ ၊ ဒါကြောင့်လည်း ပြည်ထောင်စုနိုင်ငံသား မြို့မိမြို့ဘ အပေါင်းတို့ အား တိုက်တွန်း လိုသည်မှာ ကိုယ်လက် မအီမသာ ဖြစ်စေသည် ကို တွေ့ရှိ ပါလျှင် စိတ်ကူး မလွဲနဲ့ ၊ ငနဲ ကို မိန်းမ သာ ဖိ ပိုး ခိုင်းပေ ရော့ ။ မုချ မြန်မြန် ကျန်းမာ ရွှင်လန်း လတ္တံ့တည်း ။ ( မယုံမရှိ နဲ့ ကိုယ်တွေ့ )
ရှိုး ပြ၍ ရက်ကလေး အတော် ရ လာသော် ... ကျွန်တော် ၏ ဂေါ်နည်းပြ ဆရာ က “ ကဲ .. ကိုယ့် စာ ပေးတော့ ” ဟု အမိန့်ချ လေတော့ သည် ။ ဤတွင် သာကဒိုး မှာ အခက်အခဲကြီး တစ်ခု နှင့် ကြုံတွေ့ ရ လေသည် ။ ထိုအခက် မှ တစ်သက်လုံး ခက်လာသည့် အခက်ပင် ဖြစ်ပါသည် ။ ထိုအခက် မှာ ကျွန်တော် အဖို့ ကြာ ပါပြီ ။ ကြာ ဆို လူပျိုဖြန်း ဖြစ်လာပြီး ၊ မိန်းမ ပိုးရန် ကြံ လိုက် ကတည်း က ခက်လာသော အခက်ပင် ဖြစ်ပါသည် ။ ဒီ အခက်ကြောင့် ပင် ငါ တော့ တစ်သက်လုံး မိန်းမ ရတော့ မှာ မဟုတ်ဘူး ဟု ပင် အားလျှော့ ခဲ့ မိပါ သည် ။ လောက၌ မကြီးချင် ဘဲ နှင့် လူပျိုကြီး နေ ရသော ပုဂ္ဂိုလ်များ အနက် တွင် ဒီလို အခက်ခဲကြောင့် ပင် လူပျိုကြီး နေရသူများ လည်း ပါလိမ့်မည် ဟု လည်း ထင်နေ မိပါသည် ။ ကျွန်တော့် အခက်တော်ကြီး ကို မိတ်ဆွေ တို့ အစ်ကို ရဲ့ အစ်မ ရဲ့ ဘာလို့ ထင်ကြပါသလဲ ။ ကျွန်တော့် အခက်ကို ထုတ်ဖော် ပြော လျှင် မယုံမည် စိုး၍ ပြောများ ပင် မပြောချင်ပါ ။ ထို အခက် မှာ ကျွန်တော် လက်ရေး မလှတဲ့ ကိစ္စပါ ပဲ ( ဝါ ) ကျွန်တော့် လက်ရေး အင်မတန် ဆိုးလွန်းလို့ ပါ ခင်ဗျား ဟု ဆိုလျှင် ၊ အစ်ကိုတို့ အစ်မတို့ ယုံ မှ ယုံနိုင်ကြပါ့မလား ။ မယုံ တော့ မရှိကြပါနဲ့ ။ လက်ရေး ဆိုးတဲ့ ဒုက္ခ ကို ကိုယ်တိုင် ခံစားရတဲ့ သူများ တော့
စာနာတရား နဲ့ ထားပြီး သိကြပါလိမ့်မယ် ထင်ပါတယ် ။ ဒီ ဒုက္ခ ကြောင့် သာကဒိုး မှာ ပြော လျှင် ယုံနိုင်ဖွယ် မရှိအောင် အဖြစ်ဆန်းများ လည်း တွေ့ကြုံ ခဲ့ရပါတယ် ။ အဆိုးဆုံး က တော့ မိန်းမ ကိစ္စ နဲ့ ပတ်သက် လာတဲ့ အခါ ဒီ ဒုက္ခ ဟာ ကျွန်တော့် ကို ချောက်အချဆုံးပဲ ။ လူကြီးမင်းများ ပဲ စာနာတရား နဲ့ စဉ်းစား ကြည့်ကြပါတော့ဗျ ။ လက်ရေး ဆိုးတဲ့ ဒုက္ခဟာ ဒီ့ပြင် ကိစ္စတွေ မှာ ထက် ရည်းစားစာ ပေးတဲ့ နေရာ မှာ ဒုက္ခ အရောက်ဆုံးပါပဲ ခင်ဗျ ။
မိန်းမ ဆိုတာ လှတာ မှ ကြိုက်တတ် ကြတယ် မဟုတ်ပါလား ခင်ဗျ ။ ဒါ့ကြောင့် ရည်းစားစာ ကို လည်း ပုလဲလုံးကလေးတွေ စီထား သလို ရှင်းရှင်းလေး နဲ့ လှလှလေး ရေး နိုင်မှ ကြိုက်တတ်ကြတယ် မဟုတ်ပါလား ။
ကျွန်တော့် လက်ရေး မှာ တော့ ဘဝ ဘဝ က အကျိုးပေး မကောင်းခဲ့ သမို့ ဘယ်လိုပဲ နင်လား ငါလား ကြိုးစားပြီး ရေးပေးသည့် စက္ကူ ပေါ် ပဲပင်ပေါက် တွေ ဖိတ်ထား သလို ရုတ်ရုတ်ရက်ရက် နိုင်လှ သဖြင့် အဘယ်သို့သော မိန်းမ သတ္တဝါတို့ က ရွှေဘောတော် ကျကြပါ မည်နည်း ။ ထို့ကြောင့် ကျွန်တော် လည်း စားရခါနီး စားပွဲ ကြောင် လှဲ ဆိုတာလို လှလှသန်းကလေး ကို မျက်စ မျက်နတွေ ပစ်လို့ နီးစပ်တတ်တတ်လေး ရှိလာပြီး ခါမှ လက်ရေး မလှသည့် ဒုက္ခ ကြောင့် လက်နက်ချ ပြေးရ မလို ဖြစ်နေပြန်တော့သည် ။ ထို့ကြောင့် ဂေါ်ဩဝါဒစရိယ ဆရာမြသွင် အား တိုင်ပင်ရ ပြန်တော့သည် ။ ဆရာ က ထို ပြဿနာ ကို လွယ်လွယ်ပင်
“ ဟကောင်ရ .. ညံ့လှချည်လား ဟ .. ဒါ ခက်ခက် - နိုးနိုး လိုက် ... လက်ရေး လှတဲ့ အကောင် ရေးခိုင်းပေါ့ .. ဂျို မောင်စိန် ရေးခိုင်းပေါ့ ... ဒီကောင် လက်ရေး တော်တော်လှတဲ့ ကောင်ပဲ ... ” ဟု နည်းညွှန် လမ်းပြ ရာ ကျွန်တော် လည်း ဝမ်းသာအားရ ဆရာ စေသည့် အတိုင်း ဂျိုစိန် ကို ပင် ရေးခိုင်း ရလေပါသည် ။
သို့သော် ဤနေရာ တွင် ဆရာ ညွှန် သည့် အတိုင်း လိုက်နာ ၍ မှားခြင်းကြီး မက မှားကြောင်း ကို ကျွန်တော် နောင်တွင် သိရ လေတော့သည် ။ ဘယ့်ကြောင့် ဆိုသော် “ မင်း ကို မရရင် ဖြင့် မောင် သေလိမ့်မယ် ထင်တယ် ... နေစိမ့်တဲ့ ခင်ရယ် ။ မင်း ကြောင့် မောင် တော့ သေငယ်ဇော နဲ့ မြောပြီး .. မာလကီးယား ခါ နီးပါပြီကွယ် ... ” ဆိုတာတွေ ဘာတွေ မဟုတ်က ဟုတ်က တောက်တီးတောက်တဲ့ ဖွဲ့နွဲ့ ရေးသား ပေးပို့သော ဂေါ်လျှောက်လွှာများ ကလေးမ ထဲ တွင် ပိဿာချိန် အတော် ရ လောက်သော အခါတွင် သူငယ်မ ဆီ က ပြန်စာ ရ လာပါသည် ။ သူ့ ဆီ က ပထမ ပြန်စာ မှာ သိပ်တော့ မဆန်းလှပါ ၊ မိန်းကလေးတို့ ၏ မူလကျီသွန်နီ လုပ်နေကျ အတိုင်း ကျွန်မ ဒါတွေ ... စိတ်မကူး တတ်သေးပါဘူး ရှင် ... ဒါတွေ စိတ်ကူးတဲ့ အခါကျတော့ ကျွန်မ ကိုကြီး ကို စဉ်းစားပါ့ မယ်ရှင် တွေ ၊ ဘာတွေပဲ ဖြစ်ပါသည် ။ သူ က ထုံးစံအတိုင်း ဒါတွေ စိတ်မကူးသေးပါ ရှင် ... ဆိုသော်လည်း ဒါတွေပဲ စိတ်ကူး လို့ သာ ဒီ က ဆီ ကို ဒီလို စာ ပြန် တာဖြစ်သည် ကို ဒီကောင် က နောကျေပြီး ဖြစ်၏ ။ ဒီ အချိန်မှာ ဒါတွေ ၊ ဒါတွေ ပို စိတ်ကူးအောင် ၊ ဒါတွေ ၊ ဒါတွေ နင်း ရေးရမည် ကို လည်း ဒီကောင် က နောကျေပြီး ဖြစ်၏ ။ ထို့ကြောင့် မီးလောင်စ ပြု နေတုန်း လေ တရကြမ်း ပင့် တော့မည် ဟု ဂေါ်ထိုးစစ် ပြင် လိုက်စဉ် အစက မကောင်းခဲ့၍ အနှောင်း မသေချာရ သည့် အမှားကြီး ကို ကျွန်တော် တွေ့ကြုံရ လေတော့သည် ။ ၎င်းမှာ ဘဝ အကြောင်း မကောင်း သမို့ ကံဇာတာ နိမ့်စောင်းပြီး လက်ရေး မကောင်းရသည့် ဒုက္ခ ကို ဂေါ်နည်းပြဆရာ ၏ ညွှန်ကြားချက် အတိုင်း လိုက်နာ ကာ ဂျိုမောင်စိန် ၏ အကူအညီ ကို ယူခဲ့ရာ၌ သင်း က နောက်တီး နောက်တောက်ရယ် လို့ လုပ်ပေး နေခဲ့ရာ က တကယ်ကြီး စွံ လာသော အခါ တွင် ချက်ကောင်း ကိုင်ပြီး ဈေးဆွဲ လာ သောကြောင့်ပင် ဖြစ်ပါတော့သည် ။
“ ဟေ့ကောင် ... စာ တစ်စောင် ၅ ကျပ် ရမှ ရေးတော့ မကွာ ... နောင် ကို .. အလကား ရေး မပေးနိုင်တော့ဘူး ”
ဂျိုစိန် က ဈေး ဆို လေ တော့သည် ။
ကျွန်တော် မျက်လုံး ဝိုင်းပြီး ...
“ အား .. အာ .. ဆရာလေး ရယ် .. ဒီလိုတော့ မလုပ်ပါနဲ့ ဗျာ ”
“ အို ... မရဘူး .. ငါ့ စာတွေ ကြောင့် မင်း ဟန်လာတာ မဟုတ်လား ၊ အူ ကြောင်ကြောင် မလုပ် နဲ့ ကိုယ့်လူ .. ဒါပဲ .. တစ်ခွန်းဈေး ပဲ ”
ဂျိုစိန် က ပြတ်ပြတ်ကြီး ဈေး တောင်း လေတော့သည် ။
ကျွန်တော် လည်း ရှားရှားပါးပါး မတော်တဆ ရည်းစားလေး တစ် ယောက် ရ လာခါ မှ ချောက်ကောင် က ခွတိုက် လာသည်ကို စေတနာတွေ အလုံးအရင်း ထား၍ စုံဆယ်ဖြာ နှင့် ချော့မော့ နေရလျက် ...
“ ဒီလိုတော့ ... မလုပ်ပါနဲ့ အစ်ကိုလေး ရယ် ... ဆင်းရဲသားချင်း မညှဉ်း ချင်ပါနဲ့ဗျာ ... ကျုပ် အကျိုးဆောင် တဲ့ ကျေးဇူးတွေ ကို ဘယ်တော့မှ မမေ့ပါ ဘူး စိတ်ချပါ ”
“ အိုကွာ ... တစ်ခွန်းဈေး ပဲ ”
“ လျှော့နိုင်ရင် လည်း လျှော့ပါဦး ဆရာလေး ရယ် ... ဒါမျိုး အကျိုးဆောင် ရတာ ကုသိုလ် ရပါတယ် ဆရာလေး ရဲ့ ၊ ဘုရားဟော တောင် ရှိ တယ် မဟုတ်လား ဆရာလေး ရဲ့ ၊ သူများ ကို စေတနာ ထားပြီး အဝတ် လှူ ရင် ကိုယ့်မှာ အဝတ် ပေါ သတဲ့ .. ၊ သူများ ကို စေတနာ ထားပြီး စားစရာ လှူ ရင် ကိုယ့် မှာ စားစရာ ပေါ သတဲ့ ။ ဟော ... ဆရာလေး လည်း စေတနာ ထား ပြီး ရည်းစားစာ တွေ ကို အလှူ အဖြစ် ရေးပေးမယ် ဆိုရင် ဆရာလေး မှာ ပဲ ရည်းစား ပေါ တဲ့ အကျိုး ခံစားရမှာ မုချပဲ မဟုတ်လား .. ၊ ဆရာလေး ရည်းစား မပေါချင်ဘူးလား ဟင် ”
ကျွန်တော် လည်း ငနဲ ကို တစ်နည်း နဲ့ မရ တစ်နည်း နဲ့ ရ ဟု သဘော ပိုက် ၍ ဘုရား နှင့် ကိုင်ပြီး တရား ပြ ကာ ရည်းစားစာ ရ ရေး အမြိုက်ဆေး တိုက် ကျွေး ၍ ပြီးသော် လည်း ငနဲက မူ ...
“ အိုကွာ ... တစ်ခွန်းဈေး ပဲ ”
ထိုအဖြစ် အတွက် ကျွန်တော် သည် ကိုယ့် ဘဝကို တော်တော် စိတ် နာ သွားမိပါသည် ။ ကိုယ့် ဘဝ အကျိုးပေး က မကောင်းလေ တော့ သူများ လက် အားကိုး နဲ့ ရည်းစား ထား နေရ၍ ညှဉ်း သမျှ ခံရသည် တကား ဟု တွေး လိုက်တိုင်း ရင်နာ နေမိပါသည် ။ ဤ လှလှသန်း ကိစ္စ တွင် မက ကျွန်တော် သည် ရှေးရှေး က လည်း မိန်းမတွေ တွေ့ကြုံခဲ့ ပိုးခဲ့ လေတိုင်း ဤဒုက္ခ မျိုး ခံခဲ့ရ ပေါင်း လည်း များပါပြီ ။ အခါကောင်း အခွင့်ကောင်းလေး ကြုံ ကာ ကလေးမတို့ နဲ့ ပရောပရိ ငြိတိတိ - ရိတိတိ ဖြစ်လာလို့ “ မင်းကလေး ကို .. ငါ ညားချင်တယ် ” ဟု ချစ်စာ ပါး တော့မည် ကြံ လိုက်တိုင်း ဤ လက်ရေး ဒုက္ခကြီး သည် ပြုံးဖြီးဖြီး နှင့် ဝင် လာတတ်ပေါင်း လည်း များပါပြီ ။ ထို့ကြောင့် လည်း ဤ အခက် သည် တစ်သက်လုံး ခက် လာခဲ့သော အခက် ဟု ကျွန်တော် ဆိုခဲ့ခြင်း ဖြစ်ပါသည် ။ ဒီ အခက် ကြောင့် ပင် ငါ တော့ တစ်သက်လုံး မိန်းမ ရတော့မည် မဟုတ် ဟု ပင် အားလျှော့ ခဲ့မိပါသည် ။ ဤသည်သော သတ္တ လောကကြီး တွင် ကျွန်တော် ကဲ့သို့ လက်ရေး မလှ ၍ မိန်းမရ ဘဲ ဂေါ် တိုးလို့တန်းလန်း ဖြစ် နေသော သတ္တဝါဝေနေယျ အများအပြား ပင် ရှိနေလိမ့် မည် ဟု ကိုယ်ချင်းစာတရား ထား မိပါသည် ။
ဤ လက်ရေး ဒုက္ခ ကို ခံခဲ့ရပေါင်း များပြီ ။ ဒါ ဝဋ် တစ်မျိုးလား ဟု ပင် ကျွန်တော် ထင်မြင်မိပါသည် ။ ကျွန်တော် ၏ မွေးဇာတာ တွင် ဘယ်ဂြိုဟ် နဲ့ ဘယ်ဂြိုဟ် ယှဉ်ပြီး ဘယ်ဂြိုဟ် က ဝင် ဆော်သွား လို့ ဒီကောင် လက်ရေး ဆိုးပြီး တစ်သက်လုံး ဒုက္ခ ရောက်မယ် ဟု ဟောကိန်း ပါ မပါ ကား ကျွန်တော် မသိ ၊ တွေ့လေ သမျှ ကြုံလေ သမျှ ကိစ္စများ၌ ဤ အခက်သည် အမြဲပင် ဝင် ခက်နေ တတ်ပါသည် ။ ကျွန်တော် ဝါသနာ ပါလာသည် ကား စာပေလုပ်ငန်း ၊ ဤ စာပေလုပ်ငန်း ၌ ကျွန်တော် ၏ အကြီးဆုံးသော အနှောင့်အယှက်ကြီး မှာ လည်း ဒီလက်ရေး ညံ့ဖျင်းမှု ဒုက္ခကြီး ပင် ဖြစ်နေ ပါတော့သည် ။ မိန်းမ ပိုး လိုက် မဟဲ့ ဟု ကြံ လိုက်တိုင်း ဤ လက်ရေး ဒုက္ခကြီး ဝင် ဝင် လာ တတ်ပါသည် ။ နောက်ပြီး ကျွန်တော် ဝမ်းရေး ကျောင်းရသော အလုပ် မှာ လည်း လက် နှင့် ရေး နိုင်မှ ထမင်း စားရသော သတင်းစာ လုပ်ငန်း ထို့ကြောင့်ပင် ကျွန်တော့် ဇာတာ တွင် လက်ရေး မကောင်း လို့ တစ်သက်လုံး ဒုက္ခ ရောက်ရန် ဂြိုဟ်ထူး ဂြိုဟ်ဆန်းတွေ နောင်ဂျိန် ချ နေသလော ဟု ထင်ခဲ့မိခြင်း ဖြစ်ပါသည် ။
လှလှသန်း နှင့် တူနှစ်ကိုယ် ပေါင်းဖော်ရေး ကိစ္စ ၌ လက်ရေး ဒုက္ခ ကြောင့် ချစ် မအီမလည်ကြီး ဖြစ်နေစဉ် အချိန်တွင် ပင် ကျွန်တော် သတင်းထောက် လုပ် နေသော အိုးဝေတိုက် ၌ လည်း ဦးညိုမြ က ...
“ ဟေ့ကောင် .. မင်း ကို ငါ တစ်ခု မေးချင်တယ် ”
“ ဟုတ်ကဲ့ မေးပါ ဆရာ ... ဘယ် သတင်းကိစ္စ မရှင်းလို့လဲ ခင်ဗျ ”
“ အေး .. မင်း ရေးသမျှ ဘယ်သတင်းမှ ... ရှင်းတယ် မရှိဘူး ... ငါ မေးချင်တာက ... မင်း ဟာ ဘယ်သူ့ အားကိုး နဲ့ ဒီလောက်တောင် လက်ရေး ဆိုးနေ ရတာလဲ လို့ ”
“ အာ ဆရာ ... ကျွန်တော် ကြိုးစားပြီး ရေးပါတယ် ဆရာ ရယ် ”
“ အေး .. မင်း က ကြိုးစား ရေး နေ ... စာစီသမားတွေ က လည်း ဆူပူလှပြီ .. ။ မင်း လက်ရေး ကြောက်လွန်း လို့ ငါ တော့ သတင်းစာလုပ်ငန်း ကို တောင် စွန့်လိုက်ချင်ပြီ ... မင်း လက်ရေး ကြောင့် စာစီသမားတွေ ရဲ့ ကျန်းမာရေး ကို တောင် ထိခိုက်ကုန် တော့မယ် ... ” ဟု ဦးညိုမြ က သူ့ထုံးစံ အတိုင်း တစ်နာရီ ၂ ဖာလုံနှုန်း ဖြင့် တစ်လုံးချင်း လေးလေးကြီး ပြောဆိုပြီး ကြိမ်းဝါး လေ ရာ ကျွန်တော့် မှာ ကိုယ့် ဒုက္ခ နှင့် ကိုယ် မို့ မှိုင်တွေချ၍ သာ နေရပေ တော့သည် ။ ဤသို့ ကြိမ်းဝါး ခံရပေါင်း များ လှပြီ ဖြစ်၍ ကျွန်တော့် အဖို့ ကြား နေကျ တီးလုံးသွားလေး နားထောင် နေ သလို တယ် မထူး သော်လည်း ယနေ့ ဦးညိုမြ သည် အတော်ကြီး ဒေါသ ထွက် နေပုံ ရ၍ ကျွန်တော် က သနားစရာ သတ္တဝါလေး ဖြစ်အောင် ပို မှိုင်ပြ နေရ လေတော့သည် ။ ဦးညိုမြ က ပင် ...
“ ဟေ့ကောင် ... ဒီဟာ ကြည့်စမ်း မင်း လုပ်ပုံ ကောင်းသေးရဲ့လားလို့ ... ငါ တော့ သေချင်တာပါပဲ ကွာ ”
ယနေ့ ထုတ် အိုးဝေ သတင်းစာ ကို ဆောင့်ကြီးအောင့်ကြီး ထိုး ပေးရာ ကျွန်တော် လည်း ဘယ် ရာဇဝတ်အိုးများ ငါ တုတ် ထိုး မိပြန်သလဲ ဟု ထိတ်လန့်တကြီး ဆွဲကြည့် မိတော့၏ ။ သတင်းစာ တစ်နေရာ တွင် ကျွန်တော် ရေး သော သတင်း တစ်ခု ကို မင်နီ အထပ်ထပ် ခြစ်ပြ ထားသည် ကို တွေ့ရပြီး ကျွန်တော့် လက်ရေးမူ ကို လည်း ပူးတွဲ ပြထားသည် ကို တွေ့ရလေပါသည် ။ ဘယ် သတင်းများ မှားပြန်ပါလိမ့် ဟု ကျွန်တော် ဖတ်ရှု လိုက်ရာ အား ရှောက်ကျိုး နည်းကုန်ပါပကော ၊ ဝန်ကြီးချုပ် နဲ့ ပတ်သက်တဲ့ သတင်းပါ ကလား ... ကျွန်တော် ဇောချွေးများ ပင် ပြန် မိပါတော့သည် ။
ထို သတင်း မှာ ဗမာပြည် လာ ကစားသော ဆွီဒင် ဘောလုံးအသင်း နှင့် မြန်မာလက်ရွေးစင်အသင်း တို့ နောက်ဆုံးနေ့ ဘောလုံးကစား သော သတင်း ပင် ဖြစ်ပါသည် ။ ထိုနေ့ က ဝန်ကြီးချုပ် ကိုယ်တိုင် လာ၍ ရှုစားပြီး ဘောလုံးပွဲ အပြီး တွင် ဝန်ကြီးချုပ်ဦးနု ထိုစဉ်က ( သခင်နု ) က ဆွီဒင်ဘောလုံး အသင်းသားများ အား လက်ဆောင် အဖြစ် ပုသိမ်ထီး တစ်လက်စီ ပေးပါ သည် ။ ထိုသည် ကို ကျွန်တော် က သတင်း ရေးသားလိုက်ရာ တွင် သတင်းစာ ၌ ပါလာသည် ကား ပုသိမ်ထီး အစား “ ဝန်ကြီးချုပ် သခင်နု က ဆွီဒင်ဘောလုံး သမားများ အား ပုသိမ်ဓား တစ်လက် စီ လက်ဆောင် ပေးကြောင်း ဖြင့် တွေ့ရခြင်းပင် ဖြစ်ပါတော့သည် ။
ဒုက္ခပါပဲ ဗျာ ။ စင်စစ် ကျွန်တော် သည် သတင်းမှန် အတိုင်း ထီး ပေး သည် ဟု ရေး လိုက်ရိုးအမှန်ပါ ။ သို့သော် သတင်းစာ ပုံနှိပ် ပြီးသော အခါ ၌ ထီး ဘဝ မှ ဓား အဖြစ် သို့ ရောက်သွား ခြင်းမှာ တရားခံ ကို ရှာသော် လက်ရေး လက်ရေး ကျွန်တော့် ကို တစ်သက်လုံး ဂြိုဟ်မွှေ နေသော သေချင်းဆိုး လက်ရေး ကြောင့်ပင် ဖြစ်ကြောင်း ကို ကျွန်တော့် ကော်ပီမူ က ပင် ၍ ဖြောင့်ချက် ပေး နေ လေတော့သည် ။ သို့သော် ကျွန်တော် က ...
“ အာ ဆရာ .. ဒီကိစ္စ ဟာ .. ကျွန်တော် လက်ရေး မရှင်းတာ တော့ မှန်ပါတယ် ... ဒါပေသိ စာပြင်ဆရာ က .. မရှင်းတာ ကို မမေးဘဲ ... စွပ် ထည့် လိုက်လို့ မှားတာပဲ ဆရာ ရဲ့ ”
အမှု သက်သာအောင် လျှောက်ပါ သေးသည် ။ သို့သော် ဦးညိုမြ က ..
“ မုန်လာဥ လုပ်မနေပါနဲ့ ကိုယ့်လူ ရယ် ... တော်ပါတော့ .. ၊ ငါ တော့ သေချင်တာပါပဲ ”
( ချူသံ ပါအောင် ညည်းညူပြီး )
“ အေး .. မင်း လုပ်လို့ ငါ ကနေ့ သွားလေရာ မှာ လူ ဝိုင်းရယ် ခံနေရတယ် ... ၊ လူတွေ က သတင်းစာ ကို ဖတ်ပြီး ဟားတိုက် နေတာတွေ ကို လည်း တွေ့ရတယ် .. ကြာရင် မင်း ကြောင့် ငါတို့ သတင်းစာ တော့ လူပြက် သတင်းစာ ဖြစ်တော့မယ် ”
ဟု ဝမ်းနည်းပန်းနည်း သံ ဖြင့် ပြောဆိုလေပါသည် ။ ပြောတော့ ဆရာ..ပြောတော့ ၊ ကျွန်တော့် ဘဝအ ကျိုးပေး က မှ မကောင်း သကိုး ။ ကျွန်တော့် လက်ရေး ကြောင့် သတင်းစာ တွင် မှား ရသော အမှားတွေ မှာ ရေပင် မရေတွက်နိုင်ပါပြီ ။
တစ်ကြိမ်တွင် လည်း မယ်ရွေးပွဲ သတင်း ကို ကျွန်တော် ရေးပေးပါ သည် ။ ကျွန်တော် က “ ဤ မယ်ရွေးပွဲကြီး ၌ မယ်လောင်းပေါင်း ၂၉ ဦး ယှဉ်ပြိုင်ရာ မယ်ဗမာဘွဲ့ကြီး ကို မ ×× က ဆွတ်ခူး သွားကြောင်း ” ဟု ရေးသည် ကို နောက် တစ်နေ့ ပါလာသည် ကား “ မယ်လောင်းပေါင်း ၂၉ ဦး ယှဉ်ပြိုင်ရာ မယ်ဗလာ ဘွဲ့ထူးကြီး ကို မ xx က ဆွတ်ခူးသွားကြောင်း ” ဟု ပါ ရှိ ၍ မယ်မိဘ တို့ အုံကြွ ဒေါသူပုန် ထခြင်းကို ခံရပါသေးသည် ။ ဤ အမှား ကို ကျွန်တော် က မခံမရပ် နိုင် ဘဲ အမှား ပေါ် တိုင်း ကျွန်တော့် လက်ရေး လွှဲချ တတ်သော စာပြင်ဆရာ အား ...
“ ဟေ့လူ .. ဒါ ခင်ဗျား မှားတာပဲ ၊ မယ်ဗမာပြိုင်ပွဲ ပါ လို့ ဆိုထားတာ ကို ... မယ်ဗလာ ဖြစ်နေတာတော့ ... ၊ သိသာကြီး နဲ့ တမင် လုပ်လိုက်တာပဲ ... ဒါ ခင်ဗျား အပြစ်ပဲ ”
ဟု နိုင်ပေါက် စီး၍ ကြိမ်း ပါသည် ။ ဤတွင် စာပြင်ဆရာ က ...
“ ဘာ ကျုပ် မှားရမလဲဗျ ၊ ခင်ဗျား လက်ရေး ကို က မရှင်းတာ ၊ မယ်ဗမာ ကို မယ်ဗလာ လို့ တမင် နောက်ပြီး နောက်တောက် ရေးတယ် ထင် လို့ မယ်ဗလာ လိုက်တာပဲ ။ ဒီလို မှားပေတဲ့ ဗျာ .. တကယ် ဆိုတော့ ။ မှားတာ ကို က မှန်တန်တန် ဖြစ်နေသားပဲဗျ ”
သူ ချေပချက် အရ အင်း .. ဒါလည်း ဟုတ်တုတ်တုတ်ပေပ ၊ ထို ကိစ္စ ကား ဦးညိုမြ မသိလိုက်၍ အကြိမ်း လွတ်ကာ တော်ပါသေးသည် ။ တစ်ကြိမ်တွင် မှားသွားသော စာများ ကား အမှားကောင်း ဟု ဆိုလောက်သော အမှား ဖြစ်ပါသည် ။ ထိုစဉ်က အင်းစိန်တိုက်ပွဲ ဖြစ်လျက် ရှိပါသည် ။ တိုက်ပွဲ သို့ သွားရောက် သတင်းထောက် ကြရာ တွင် ကျွန်တော် လည်း ပါခဲ့ပါ သည် ။ တိုက်ပွဲ နေ့ တစ်နေ့ တွင် ကျွန်တော် သည် ထိုးစစ် ဆင်သော တပ်မတော် မှ တပ်စုတစ်စု နှင့် လိုက် သွားပြီး ကိုယ်တွေ့ ရှေ့တန်းစစ်မျက်နှာ တိုက်ပွဲ သတင်း ကို ရေးပါသည် ။ ထို ရှေ့တန်းတိုက်ပွဲ သို့ ဗိုလ်မှူးချုပ် ကျော်ဇော နှင့် ဗိုလ်မှူးကြည်မောင် တို့ ကိုယ်တိုင် ကြည့်ရှု ကွပ်ကဲပေးပုံ ၊ အကြိတ်အနယ် တိုက်ပုံ ၊ လေယာဉ် မှ ဗုံးကြဲပုံ ၊ ကေအင်ဒီအို တို့ လှုပ်ရှား ပြေးလွှားပုံများ ကို အသေးစိတ် ၍ အကျယ်တဝင့် ရေးသားပါ သည် ။ ၎င်း အပြင် ကျွန်တော့် အနီး မှ ရဲဘော် တစ်ဦး အီးဝိုင် သေနတ် နှင့် ပစ်ခတ်ရာ ၌ တွေ့ကြုံရပုံများ ကို ပါ ရေးပါသည် ။ အီးဝိုင် ဆိုသည်မှာ ရိုင်ဖယ်သေနတ် ထိပ် ၌ လက်ပစ်ဗုံး ထည့်၍ ပစ်၍ရသော လက်နက် ကိရိယာ ပင် ဖြစ်ပါသည် ။ ထိုသည် ကို ကျွန်တော် က “ ရဲဘော် သည် တွား၍ ရှေ့တက် သွားပြီး အီးဝိုင် ဖြင့် ပ စ်လိုက်ရာ ကေအင်ဒီအိုများ ချုံတစ်ခု အတွင်း ၌ အတုံးအရုံး ကျဆုံးကြသည် ကို တွေ့မြင်ရကြောင်း ” ဖြင့် သတင်း တစ်နေရာ တွင် ရေးထည့် ပါသည် ။ နောက်တစ်နေ့ သတင်းစာ တွင် တွေ့ရသည် ကား ရဲဘော် က တွား ၍ တက်ပြီး စည်ပိုင်း နှင့် ပစ်လိုက်ရာ ကေအင်ဒီအိုများ အတုံးအရုံး ကျဆုံး ကုန်ကြောင်း ဖြင့် ပါလာလေ သတည်း ။ ဤ အမှားကား အမှားကောင်း ဟု ဆိုမည်လည်း ဆိုလောက်ပါ ပေသည် ။ ဘယ့်ကြောင့် ဆိုသော် ရဲဘော် ၏ စွန့်စားခန်း မှာ အီးဝိုင် ထက် စည်ပိုင်း နှင့် ကောက် ပေါက်သည် က ပို ကြီးကျယ် သွား၍ ပင် ဖြစ်ပေသည် ။ သတင်းစာ ဖတ်သူများ ထံ မှ ထို သတင်း အတွက် “ တယ် .. သတ္တိ ကောင်းတဲ့ ရဲဘော် ပဲ ” ဟု ချီးကျူးသည် ကို ပင် ကြားခဲ့ရပါသည် ။
အမှန်ဆိုသော် ကျွန်တော့် လက်ရေး ကို ယိုးမယ်ဖွဲ့ ၍ ပြောနေကြသော် လည်း အိုးဝေတိုက် မှ စာပြင်ဆရာများ မှာ စာ မှားသည့် ဘက် ၌ ရွှေတံဆိပ် ပေး လောက်အောင် တော်သူများ ဖြစ်ပါသည် ။ စာမှား လွန်း ၍ ဦးညိုမြ က စာတစ်လုံး မှား ‘ တစ်ပဲ ’ ဒဏ်ချမည် အမိန့်ထုတ် ရာ ၊ စာပြင်ဆရာများ မှာ စာရင်း ရှင်းသော အခါ၌ ရသည့် လစာ ပြုတ်သည့် ပြင် အိတ် က လိုက်စိုက်ရ သည့် အထိပင် တော်ကြပါ ပေသည် ။ မှားမယ့် သာ မှားရသည် ။ ညည စာပြင် ဆရာများ အော်ဟစ် ရွက်ဖတ် ၍ စာပြင်ကြသည် မှာ ဘုန်းကြီးကျောင်း စာအံ သည့် ပမာ သောသောညံ တတ်ပါသည် ။ သို့သော် နောက် တစ်နေ့ သတင်းစာ ၌ မှားလိုက်သည်မှာ သွက်သွက် ကို လည်ရော ဗျာ ... ။
အင်းစိန်တိုက်ပွဲ သတင်း နှင့် ပတ်သက်၍ သတင်းထောက် က စစ်ဗိုလ် တစ်ဦး ၏ ခေါင်း သေနတ်မှန်သည် ကို “ ကေအင်ဒီအို တို့ ပစ် လိုက်သော ကျည်ဆန် တစ်ခုမှာ ဗိုလ်xx ၏ သံခမောက် ကို ထိမှန်၍ သံခမောက် ကွဲ သွားပြီး ဆံပင်များ ပြတ် ကာ ခေါင်း မှ သွေးများ ထွက် လာကြောင်း ” ဟု ရေးသား လိုက်၏ ။ သို့သော် သတင်းစာ ၌ ပါလာသည် ကား “ ဗိုလ်xx ၏ သံခမောက် ကို ထိမှန်၍ သံခမောက် ကွဲသွားပြီး ဆံပင်များ ပြတ်ကာ ခေါင်း မှ သွားများ ထွက်လာကြောင်း ” ဟု ဖြစ်နေ လေတော့သည် ။
အမှန်ဆိုသော် သတင်းစာသမား တို့ ၏ ဒုက္ခ ကို သတင်းစာသမားများ သာ သိကြပါလိမ့်မည် ။ လုပ်ငန်း မှာ ဖုတ်ပူမီးတိုက် လုပ်ငန်း ဖြစ်ပြီး ယနေ့ ဖြစ်ပျက်သော သတင်းများ ကို နက်ဖြန်အမီ ရေးသား ထုတ်ဝေနိုင်ရန် အချိန် လု ၍ ကသောကမျော လုပ်ကြရ လေရာ အဘယ်မှာ လျှင် လုံးစေ့ပတ်စေ့ မှန်နိုင် ကြပါမည်နည်း ။ အနည်း နှင့် အများ မှားကြသည်ချည်း ဖြစ်သည် ။ သို့သော် ကျွန်တော် လုပ်နေ၍လော မသိ အမှားဆုံးကား နံပါတ်ဝမ်းတစ် ဂဏန်း တစ် အိုးဝေ ပါ ပဲ ။ တစ်ကြိမ် တွင် အသက်ကြီး မှ မိန်းမ ယူသော ဂုဏ်သရေ ရှိ ပုဂ္ဂိုလ်ကြီး တစ်ဦး သည် သားဦးရတနာကလေး မွေးဖွားသည် ကို အားရဝမ်းသာ ကြော်ငြာ လာ ထည့်၏ ။ သို့သော် သတင်းစာ က လုပ်လိုက်၍ သူ ၏ အားရဝမ်းသာ ကိစ္စ မှာ ဒေါသအမျက် ချောင်းချောင်း ထွက် စရာ ကိစ္စ ဖြစ်သွား ရ လေတော့သည် ။ ဘယ့်ကြောင့်ဆိုသော် သူ ရေးသော ကြော်ငြာ တွင် “ သားဦး ရတနာ မွေးဖွားပါကြောင်း ” ဟု ပါရှိရမည့် အစား “ သားဆိုး ရတနာ မွေးဖွားပါကြောင်း ” ဟု ပါရှိ သွား၍ ဖြစ်လေသည် ။ ထို ပုဂ္ဂိုလ်ကြီး သည် ရှူးရှူးရှဲရှဲ နှင့် တိုက်သို့ လာ၍ “ ခင်ဗျားတို့ သိပ် ရက်စက်တယ် ၊ သိပ် ရက်စက်တယ် ” ဟု တတွတ်တွတ် အော်မြည် နေပါ တော့သည် ။
အိုးဝေတိုက် တွင် ပုလိပ်မင်းကြီး သတင်း တစ်ခု ရေးထည့်ရာ ၌ ( ပု ) မပါလာသည့် အပြင် “ လိမ်မင်းကြီး ” ဟု ဖြစ်နေ၍ ရဲမင်းကြီး ခမျာ ခိုးလိုးခုလု ဖြစ်ကာ တယ်လီဖုန်း ဖြင့် ကြေကွဲ ဝမ်းနည်းသော စကား ပြောသည် ကို ကျွန်တော် ခံခဲ့ရဖူးပြီ ...
အမှားများ ကား ပြော မဆုံးပေါင် တော သုံးတောင် ပင် တည်း ။ တစ်ည တွင် နောက်ဆုံး သတင်းစာ စာဖောင် ကို စက် တင်ရာ တွင် စာ အချို့ ပြိုကျသွား ၏ ။ သတင်းစာ ထွက်ရန် အချိန် က လည်း နည်း နေ၍ ကမန်းကတန်း ပြန်ပြီး စီ ထည့်ရာ တွင် ဒေါသအိုး တုတ်ထိုး မိသော ကြော်ငြာ အမှား တစ်ခု ကြောင့် နောက် တစ်နေ့၌ တစ်တိုက်လုံး ပွက်ပွက်ရိုက် သွား ခဲ့လေသည် ။ ထို အမှား ၏ ကြီးမားပုံကား အမျိုးသမီး တစ်ဦး က သူ သာလျှင် မယားကြီး ဖြစ်ကြောင်း ကြော်ငြာရာ တွင် စာစီ မှား ကာ မယားငယ် အဖြစ် ကြော်ငြာရာ ရောက် နေ၍ ပင် ဖြစ်ပါတော့သည် ။
မတော်တဆ မှားယွင်းမှုများ အပြင် နောက်တီး နောက်တောက် လုပ်ရာက ချောက်ကျရ သည့် အဖြစ်များ လည်း ရှိပါသည် ။ တစ်ကြိမ် တွင် မင်းဆွေ မင်းမျိုး နှစ်ဦးဘက် လက်ထပ်ကြ၏ ။ နှစ်ဖက် မိဘဆွေမျိုးများ ဂုဏ် တင်ကာ စုံအလင်ကြော်ငြာ ထည့်ရာတွင် ထိပ်တင် တွေ ၊ ထိပ်စု တွေ တော်ဘုရား တွေ တခမ်းတနား ရှည်လျားစွာ ပါရှိ၏ ။ ထို ကြော်ငြာစာ ကို မစီ မီ တစ်ယောက် က ဖက်ကြည့်ပြီး နောက်တောက်တောက် လုပ်၍ ထိပ်တင် တွေ ထိပ်စု တွေ အကြား ၌ “ အစ်ကိုကြီး ဦးပေါတာ ” ဟု ရေးထည့် လိုက်၏ ။ သို့ နောက်ရာ က အမှတ်တမဲ့ နှင့် ပြန် မဖျက်မိဘဲ သတင်းစာ တွင် ပါလာ ရာ “ ဟယ် ... ငါတို့ မင်းမျိုး ထဲ ဒီ ပေါတာ ဆိုတာ မရှိပါဘူး ဘယ် က ခွေးမျိုးလဲ ” ဟု တိုက် လာပြီး ယမ်းပုံမီးကျ လေတော့ သတည်း ။
သတင်းစာများ ၏ မှားတော်ပုံဆန်းများ ကို ရေးရလျှင် မဆုံးနိုင်ပါပြီ ။ ကျွန်တော် ဖော်ပြပါ သာဓကများ အရ သတင်းစာ ၌ ပါသော အမှားများ မှာ အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်သည်မှာ ထင်ရှား လေပါသည် ။ သို့ကလို အကြောင်း အမျိုးမျိုး တွေ ကြောင့် မှားသည် ဖြစ်သော်လည်း ဒီ ငနဲ လက်ရေး မကောင်း လို့ ဟု ကျွန်တော့် သတင်း နှင့် ပတ်သက်လာတိုင်း ပုံပုံချခြင်း ကို ခံခဲ့ရရာ ၊ ကြာသော် ကျွန်တော် သည် ကိုယ့် ဘဝ ကို ပင် စိတ် နာတာတာ ဖြစ်လာ မိ ပါတော့သည် ။ မနာ လျှင် အဘယ်မှာ ခံနိုင်ချိမ့် မည်နည်း ။ ဒီ လက်ရေး ဒီ လက်ရေး ကြောင့်ပင် ကျွန်တော့် မှာ ချစ်ရေးဆိုမှု မှာ လည်း ဒုက္ခ ဝမ်းရေးလုပ်မှု မှာ လည်း ဒုက္ခ ဖြစ်ပြီး ဆင့်ကာ ဆင့်ကာ ထောင်းထု ခံနေရလေ ရာ အဘယ်မှာ မနာဘဲ နေနိုင်ချိမ့်မည်နည်း ။ လူ့ဘဝ ဇာတ်လမ်းများ တွင် အနှောင့်အယှက် အဖြစ် ဗီလိန် ခေါ် လူကြမ်း သည် ပါလာတတ်မြဲ ဖြစ်၏ ။ ကျွန်တော့် ဘဝ ဇာတ်လမ်း တွင် ကား ဗီလိန်မှာ လူ မဟုတ်ဘဲ ကိုယ် ၏ လက်ရေး ဖြစ်နေပေရာ အကြောင်းကံ ဖန်ပုံ ထူး သမို့ တွေးလိုက်တိုင်း ရူး ချင် ပါတော့သည် ။
ဤသို့လျှင် ဒီ လက်ရေး ဒုက္ခကြီး ကြောင့် ချစ်ရေး မှာ လည်း မအီ မလည် ၊ ဝမ်းရေး မှာ လည်း ကသိကအောက် တွေ ဖြစ်နေစဉ် အတွင်း တစ်သက် မမေ့နိုင် လောက်အောင် တွေး လိုက်တိုင်း မျက်ရည်ဖြာစရာ အဖြစ် တစ်ခု ကြုံတွေ့ရ ပြန်ပါသေးသည် ။ ၎င်း မှာ ကျွန်တော် ရန်ကုန်မြို့ အိုးဝေတိုက် ၌ သတင်းထောက် ဖြစ်ကာ လူတွင်ကျယ် လုပ်နေပုံ အကြောင်းစုံ ကို “ အမေ ဝမ်းသာဖို့ အားရပါးရ ပုသိမ်နယ် တောရပ် မှ အမေ့ ထံ စာ ရေးလိုက် ပါသည် ။ သို့သော် ထို စာ အတွက် ကျွန်တော် မချိစရာ နောက် မှ သိရသည် ကား ကျွန်တော် ရေး လိုက်သော စာ မှာ လက်ရေး ဆိုးလွန်း၍ အမေ့ မှာ သေသည့်တိုင် ထို စာ ၏ အဓိပ္ပာယ် ကို သိမသွားရ ရှာချေတကား ။
အမေ သည် သား ထံ မှ စာ ရလျှင် အားရဝမ်းသာ ဖွင့် ဖောက်၍ ဖတ်သည် ဆို၏ ။ သို့သော် အမေ သည် စာများ ကို ကား မတွေ့ ၊ စက္ကူဖြူ ဖြူ တွင် ကြက်ယက် ထား သလို ရှုပ်ထွေးသော ခြစ်ရာကုတ်ရာများ ကို သာ တွေ့ရလေရာ “ ဟဲ့ ... ကြည့်ကြစမ်းပါဦး ... ငါ့ သား ရေးလိုက်တာ ... အင်္ဂလိပ်စာတွေ လား ၊ ကု,လားစာတွေ လား ” ဟု မေးသော ဟူ၏ ။ ဤတွင် ဘေး ပတ်ဝန်းကျင် မှ လူများ လည်း ခေါင်းချင်းရိုက် ကုန် ကြသည်ဆို၏ ။ အဆုံး ၌ ဘယ်သူမျှ အဖြေ မပေးနိုင်၍ ထို စာ ကို ရွာဦးကျောင်း မှ သံကြိုးစာ လာ လျှင် ဖတ်ဖတ် ပေး တတ်သော ကိုယ်တော်လေး ထံ အပ်ရတော့သည် ဆို၏ ၊ ကိုယ်တော်လေး က ကြည့်ရှု သုံးသပ်ပြီး ..
“ ဟဲ့ ... ဒါ ဗမာ လို ရေးလိုက်တာ ဟဲ့ ”
ဤသို့ ကိုယ်တော်လေး က ဗမာစာ ဖြစ်ကြောင်း အဆုံးအဖြတ် ပေးနိုင် သော်လည်း ဗမာလို ဘာတွေ ရေးထားသည် ကို မူ ကိုယ်တော်လေး သည် အဓိပ္ပာယ် မသိ ဖြစ်နေ ပြန်၏ ။ ဤတွင် ထို စာ မှာ ရွာ တွင် ပဟေဠိစာ ဖြစ်နေ လေတော့သည် ။ အမေ လည်း သား ၏ စာ ပါ အကြောင်းများ ကို မသိ၍ ပင် ခေါင်းအုံး အောက် ၌ တရိုတသေ သိမ်းထားကာ သား ကို လွမ်းတိုင်း ထုတ် ကြည့်နေရှာတော့သည် ။
“ ငါ့ သား ဘာတွေ ရေးနေမှန်း မသိတာပဲ ... ခပ်ကောင်းကောင်း ... ငါ့ သား ဘာတွေ ရေးထားပါလိမ့် ... တွေးကြည့် နေရတာကို က ... ..တယ် အရသာရှိသဟဲ့ ” ဟု အမေ က ပဟေဠိစာ ကို ကြည့် ကာ အရသာ ယူပြီး လွမ်းစိတ် ဖြေနေ ပေတော့သည် ။ “ ငါ့သား က .. သူ့ မိန်းမ ရပြီလို့များ ရေးလိုက်သလားပဲ နော် ... ရန်ကုန် ဆိုတော့ ခပ်ရှုပ်ရှုပ်တွေ များ ... ငါ့ သား တော်၏ ရော်၏ တွေ နဲ့ များ ညားနေမလား ဟယ် ” ဟု အမေ က စာ ကို ကြည့် ကာ သား အတွက် သောကတွေ ပို မိ ပြန်သေးသည် ။ သူပုန်သူကန် အရေးများ ကြောင့် ကျွန်တော့် အမေ နှင့် ကျွန်တော် မှာ ထို စာ ပေးပြီး အဆက်ပြတ် နေရာ နောင်တွင် အမေ သည် ထို စာ ကို ပိုက်ပြီး သား ကို တ ရင်း ပင် ဘဝ ကို စွန့်ခွာ သွားရှာပြီ ဟု သိရသောအခါ ကျွန်တော့် မှာ တစ်သက် တွင် မမေ့နိုင် လောက် အောင် ဒါတွေကို တွေးလိုက်မိတိုင်း မချိတရိ ဖြစ်ပြီး မျက်ရည် ဖြာဖြာ ကျမိပါ တော့သည် ။
( အပိုင်း - ၃ ) ဆက်ရန်
◾သာဂဒိုး
📖 မြဝတီ မဂ္ဂဇင်း
၁၉၅၃ ခုနှစ် ၊ မေလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment