❝ မေမေကြီးကြီး ❞
ကျုပ် မှာ ကျုပ်တို့ တူ တူမတွေ အားလုံး က မေမေကြီးကြီး လို့ ခေါ်ရတဲ့ ကြီးဒေါ်ကြီး တယောက် ရှိတယ် ။
ကျုပ် ရဲ့ အမေ့ မှာ မွေးချင်း ညီအမ ငါးယောက်ကြီးများ တောင် ရှိခဲ့ပေမယ့် ကျုပ် အမေ အ ပါအဝင် အိမ်ထောင် ရှိတဲ့ ညီအမ သုံးယောက်လုံး က ကျတော့ ရှားရှားပါးပါး သားသမီး တယောက် စီ ပဲ မွေး ခဲ့တယ် ။ အမေ့ အောက် က ကျန် နှစ်ယောက် ဆိုရင် တယောက် က အိမ်ထောင် ရှိရက် နဲ့ သားသမီး လုံးဝ မထွန်းကားဘူး ။ အမေ့ ညီမ အငယ်ဆုံး ကျတော့ သက်ဆုံး တိုင် အပျိုကြီး ဘဝ နဲ့ အရိုး ထုတ်တယ် ။ မျိုးဆက် ကို ပြတ်ကရော ။
ဆိုတော့ကာ ကျုပ် မှာ တဝမ်းကွဲ ဆိုပါတော့ ။ ညီမ နှစ်ယောက် ရှိတယ် ။ ကြုံရပုံ က ကျုပ်တို့ မောင်နှမ သုံးယောက် ကို လဲ အမေ တွေ က ချိန်းဆို တိုင်ပင်ပြီး မွေးကြ လေရော့သလား အောက်မေ့ရတယ် ၊ တယောက် နဲ့ တယောက် က မီးဝင် မီးထွက် တွေ ချည်းပဲ ။ ပြီးတော့ အဲဒီ ခေတ် က အခုခေတ် လို မဟုတ်ဘူး ။ ဆွေသံယောဇဉ် မျိုးသံယောဇဉ် အင်မတန် ကြီး ကြတော့ ၊ ကျုပ်တို့ အဖိုးအဖွား မိဘ အရိပ် အောက် မှာ သည် တပြုံတမကြီး က ဥမကွဲ သိုက်မပျက် နေကြတယ် ။ အတောင်အလက် တွေ စုံ ၊ ပညာ တွေ တတ် ၊ အလုပ်အကိုင် တွေ ရ ၊ အိမ်ထောင်တွေ ကျ ကြ လဲ ရေကြည်ရာ မြက်နုရာ ခွဲခွါ မသွားကြဘူး ။ ဘိုးဘွားပိုင် အုတ် တံတိုင်း ကာ ဧရာမ ခြံဝန်းကျယ်ကြီး တကွက် ထဲ မှာ ပဲ ကိုယ့် သီးသန့် အိမ်ကလေးတွေ နဲ့ ကိုယ် နေ ကြတယ် ။ ကျုပ် အဒေါ်တွေ နဲ့ အိမ်ထောင် ကျ ကြတဲ့ ကျုပ် ဦးဦးတွေ က လဲ ကျုပ် အထင် ပြောရရင် တော့ နဖါးကြိုး အထိုး ခံ ထမ်းပိုး အကျင့် သူတော်ကောင်းတွေ ချည့်ပါပဲ ။ အဲ … ကုသိုလ်ကံ ညံ့ တဲ့ ကျုပ် တယောက် ပဲ … ကျုပ် မမွေးခင် ကျုပ် အမေ နဲ့ ကျုပ် အဖေ ကတောက်ကဆ ဖြစ်ကြပြီး ၊ ကျုပ် အဖေ ဖျာလိပ် ထွက် သွား ရတယ် ။ ကျန် တဆွေတမျိုးလုံး ကတော့ တစည်းတလုံး တည်း ပဲ ။
အဲ … ခြံ ရဲ့ ရာဟုထောင့် မှာ က လဲ လျှာထိုးပျဉ်ချပ် ဆယ့်ငါးချပ်ဆင့် အမြင့် တံခါး နဲ့ လှောင် ထားတဲ့ စပါး ကျီ ရှိတယ် ။ အဖွားပိုင် အရှေ့တော ( ပုသိမ်ကြီး ၊ ဇီးချိုကုန်း ၊ ချောင်းပန်း ၊ နှမ်းကြဲ တဝိုက် ) က လယ်တွေ ကို သီးစား ချထား လို့ ရသမျှ စပါးတွေ အကုန် သည် ကျီ ထဲ ထည့် ထားတာပါ ။ ဒါ အများပိုင် ပဲ ။ တဆွေလုံး တမျိုးလုံး တခြံလုံး အချိန် မရွေး ထုတ်ယူ ကြိတ်ခွဲ စားသုံးပိုင်ခွင့် ရှိ တယ် ။ ရှေးစကား ‘ လက်ရေ တပြင်စီး ’ ဆိုပါတော့ ။
ဆိုတော့ကာ ကျုပ် တို့ မောင်နှမ သုံးယောက် ကြီးပြင်း လာခဲ့ရပုံ ကို ခန့်မှန်း ကြည့်လို့ ရနိုင်ပါလိမ့်မယ် ။ ကျုပ်တို့ ကို ကြုံရာ အိမ် မှာ ကြုံရာ အမေ က နို့ လှန် တိုက်တာပဲ ။ ဘယ် အဒေါ် ဘယ် အမေ က မှလဲ သူ့ ကလေး ကိုယ့် ကလေး ခွဲခြား မနေဘူး ။ ကျုပ် တို့ က လဲ အတော် သိတတ်တဲ့ အရွယ် အထိ ကြုံရာ အမေ့ နို့ ကို စို့တာပဲ ။ ကျုပ် က မောင်နှမတွေ ထဲ မှာ အကြီးဆုံး ဆို တော့ ပို ဆိုး တာပေါ့ ။ ကျုပ် အမေ က စနစ် ကြီးတော့ ကျုပ် အခါလည်တာ နဲ့ နို့ ဖြတ်ပြီ ။ ပရုပ်ဆီတွေ လူး ထားပြီး လုံးဝ မတိုက်တော့ဘူး ။ ဒါပေမယ့် … သူများ နို့ စို့ တာ ကို ငေးကြည့်ပြီး ကျုပ် နှုတ်ခမ်း လိုက် လှုပ်တာ မြင်ကြတော့ ကျန်တဲ့ အဒေါ်တွေ က အမေ့ ကွယ်ရာ မှာ ခိုး တိုက် ကြတယ် ။ ပြီး ခြံ ထဲ မှာ ပဲ ၊ ရိုက်ဖြတ်စင် အောက် မှာ နွားစားကျင်း နဲ့ နိုးစားနွားမ နှစ်ကောင် က လဲ မွေးထား လိုက်သေးတယ် ။ လူကြီးတွေ အတွက် ရော ကျုပ်တို့ အတွက် ရော နို့ က တော့ အလျှံပယ် ပဲ ။
ဆိုတော့ကာ ကျုပ်တို့ က အမေ တွေ အဒေါ် တွေ အားလုံး ကို မေမေ တပ် ခေါ်ကြရတယ် ။ “ ကြီးကြီး ” “ ဒေါ်ဒေါ် ” မခေါ်ရဘူး ။ မကြိုက် ကြဘူး ၊ ကွပ်ညတ်တယ် ။ အမေ မခွဲခြားရဘူး တဲ့ ။ သည်တော့ … ဗဟို အုဋ္ဌ်ခံ အိမ်မကြီး ရဲ့ ဘယ်ဘက် မျက်စောင်းထိုး ခြံ ရဲ့ တနင်္ဂနွေထောင့် က အိမ် မှာ နေတဲ့ ကျုပ် ညီမ ဝမ်းကွဲ အကြီးမ ရဲ့ အမေ ကို … အမေတို့ ညီအမ ငါးယောက် ထဲ မှာ လဲ အကြီးဆုံး ဖြစ်တဲ့ အတွက် ‘ မေမေကြီးကြီး ’ လို့ ကျုပ်တို့ က ခေါ်ကြ ရတယ် ။ နောက် ညာဘက် မျက်စောင်းထိုးခြံ ရဲ့ အင်္ဂါထောင့် က အိမ် မှာ နေတဲ့ ညီမ အငယ်မ ရဲ့ အမေ ကို ကျ တော့ ‘ အိမ်ရှေ့မေမေ ’ ခေါ် ရတယ် ။ အိမ် ရဲ့ ညာတောင်ပံ တောင်ဘက် က အိမ် မှာ နေတဲ့ သားသမီး မထွန်းကား တဲ့ အဒေါ်ငယ် ကို ကျတော့ ရွှေဘိုသား နဲ့ ညား တဲ့ အတွက် ‘ ဘိုမေမေ ’ ခေါ်ကြ ရတယ် ။ အိမ်မကြီး ရဲ့ မြောက်ဖက် ဘယ်တောင်ပံ အိမ် မှာ နေတဲ့ ကျုပ် အမေ ကို တော့ ကျုပ် က ကျုပ် ညီမတွေ ခေါ်သလို “ လေးမေမေ ” လို့ မခေါ်ရ ပဲ ‘ အမ ’ လို့ ပဲ ခေါ်ရတယ် ၊ ကျုပ်တို့ အညာ မှာ ၊ တောဘက် မှာ ပေါ့ နော် … များသော အားဖြင့် အမေ ကို ‘ အမ ’ လို့ ခေါ်တတ်ကြ တာပါပဲ ။ ကျုပ် က မြေး ထဲ မှာ လဲ အကြီးဆုံး ၊ အမေ က လဲ အပျိုတပိုင်း ပြန် ဖြစ် နေပြီ ဆိုတော့ ‘ အမေ ’ အခေါ် မခံချင်လို့ မဟုတ်ပါဘူး ။ ကျုပ် အဖွား ကိုယ်တိုင် က သူ့ ကို လဲ မြေး အားလုံးက ‘ အမေ ’ ခေါ် မှ ကြိုက်တာကိုး ။ ကျန်တဲ့ မြေးမ နှစ်ယောက် က တခါတရံ ယောင်ယောင်ပြီး ‘ အဖွါး ’ ခေါ်မိ ရင် နည်နည်း လောက် မျက်နှာထား တင်း ပြပြီး ‘ ဟင်း ’ ရုံပဲ ‘ ဟင်း ’ တယ် ။ ကျုပ် ကို ကျ တော့ တအိမ် ထဲ အတူ နေမို့ လုံးဝ ယောင်ခွင့် မပြုဘူး ၊ ချက်ချင်း ပြင်ခေါ် ခိုင်းတယ် ၊ နော့ … ကျုပ် ကို လဲ အချစ်ဆုံး ကို ။ သူ့ မှာ က မွေးခဲ့တာ သမီးချည့် ငါးယောက် ။ မြေး ကျ တော့ လဲ ယောက်ျားကလေး က ကျုပ် တယောက် တည်း ။ ပြောလို့သာ မြေး လို့ ပြောရတာကို ။ လက်တွေ့ က ကျုပ် က အဖွါး လက် ပေါ် မှာ ပဲ ကြီး ရတာရယ် ။ အားလုံး က လဲ ‘ မနာလိုစွာ ’ အသိအမှတ် ပြုကြပါတယ် ။ ကျုပ် က အဖွါး ရဲ့ ‘ အသည်း ’ တဲ့ ။
ဆိုတော့ကာ ကျုပ် မှာ အမေ တွေ က ဖေါခြင်းသောခြင်း ။ အဖွါး နဲ့ အတူနေ … လိုတာ မရ ရတာ မလို လို့ အပျိုကြီး ဖြစ်နေရတဲ့ ‘ မေမေထွေး ’ ကလဲ ကျုပ် စာ မကျက်ချင် ရင် လူ မ မြင်အောင် ပေါင်တွင်းကြော လိမ်ဆွဲ တတ်တဲ့ အတွက် ကျုပ် က ကျိတ် ပြီး မုန်း နေပေမယ့် … အမေ တယောက် ပါ ပဲ ။ လက်ချိုး ရေကြည့် ရင် ကျုပ် မှာ အမေ ခြောက်ယောက် ရှိတယ် ။ အဲသည် အထဲ မှာ အမေ သုံးယောက် ၊ ကျုပ် အမေရင်း အပါအဝင် က ကျောင်းဆရာမတွေ ချည့်ပဲ ။ မေမေကြီးကြီး နဲ့ ရတာ ၊ ဘိုမေမေ နဲ့ ရတာတွေ က လဲ ကျောင်းဆရာတွေ ပဲ ။ အိမ် ရှေ့ မေမေ က သာ ကုန်သည်ပွဲစား နဲ့ ရပြီး ၊ ကျုပ် အဖေ က လဲ ကျောင်းဆရာ မဟုတ် ၊ သာမန် အောက်တန်း စာရေးကလေး သာ ဖြစ်တယ်လို့ ဆိုပါတယ် ။
ဆိုတော့ကာ … အစကို ပြန် ကောက်ရရင် မေမေကြီးကြီး အကြောင်း ကို ပြော မလို့ … ။ မေမေကြီးကြီး နဲ့ ရတဲ့ ယောက်ျား က ကျောင်းဆရာ ဆိုပေမယ့် မန္တလေးဇာတိ မဟုတ်ဘူး ။ မြေလတ်ပိုင်း မြို့ငယ်လေး တမြို့ က အလယ်တန်းကျောင်း ရဲ့ ကျောင်းအုပ် ။ ရာထူး တက်ပြီး မန္တလေး ပြောင်း လာတာ တဲ့ ။ ရပုံ ရနည်း က တော့ ကျုပ်တို့ လဲ ဘယ် သိပါ့မလဲ ။ ဒါပေမယ့် မေမေကြီးကြီး က ကိုယ့် ယောက်ျား ကိုယ် ဆရာကြင် ဆရာကြင် နဲ့ ဆရာ တပ် ခေါ် တတ်တာ ကို ထောက်လို့ ရယ် ၊ အသက်ချင်း ကလဲ တပြန်လောက် ကွာပုံ ရတာ ကို ထောက်လို့ ရယ် … ကျုပ်တို့ မေမေကြီးကြီး ခဏခဏ စိတ် ကောက်ပြီး ထမင်းဟင်း မချက်ပဲ မစားပဲ နေရင် လိုက် လိုက် လာပြီး ချော့မော့ နှစ်သိမ့် နေရတတ်တာ ရယ် ကို ထောက်ချင့် ကြည့် ရင်တော့ ကျောင်း မှာ ဆရာ တပည့်များ ဖြစ်ခဲ့ဖူးမလား မပြောတတ်ဘူး ၊ ထားပါလေ … ။ ဒါက အရေး မကြီးပါဘူး ။ သေချာတာ က တော့ မိန်းမ ငယ်ငယ်ကလေး ယူ ထား တာ ရယ် ၊ မန္တလေး ဇာတိ မဟုတ်တာ ရယ် ကြောင့် ဘယ်မှာ အိုးခွဲအိမ်ခွဲ နေလို့ ရမလဲ ။ ကျုပ် တို့ ‘ ချမ်းဧသာစံ ’ ခြံထဲမှာ ပဲ ပေါင်း နေရမှာပေါ့ ။ နောက် ကျုပ် နည်းနည်း ကြီးလာတော့ မှ အကြောင်း သိရတယ် ။
မေမေကြီးကြီး မကြာခဏ စိတ် ကောက်တတ်တာ ၊ အမေ့ အိမ် ဆင်းလာပြီး ငိုတာ အိပ်တာတွေ က နောက်ကြောင်း မရှင်း မရှင်း ဇာတ်ထုပ် အရှုပ် ရှိလို့ ကိုး … ။ ဆရာကြင် က သူ တို့ မြို့ကလေး မှာ သားကြီး မယားကြီး ရှိသတဲ့ ။ သားကြီး နှစ်ယောက် က ဆိုရင် အလုပ်အကိုင် တွေ နဲ့ ဆိုပဲ ။ ဒါပေမယ့် ပေါင်းလဲ မပေါင်းတော့ ပါဘူး ၊ အဆက်အသွယ် လဲ မရှိတော့ပါဘူး ပြောတာပဲ ။ ကျုပ် အမြင် မှာ တော့ ဟုတ်သားပဲ ။ ဆရာကြင် မန္တလေး က တဖဝါး မှ ခွါတာ မတွေ့ပါဘူး ။ တနင်္ဂနွေ နဲ့ ဥပုသ်နေ့ ကျောင်းပိတ်တဲ့ ရက်တွေ မှာ ရော ၊ နွေရာသီ ကျောင်းရက်ရှည် ပိတ်ရက်တွေ မှာ ရော နှစ်အိမ် ကြား က မန်ကျည်းအချိုပင်ရိပ် ကွပ်ပျစ် ပေါ် မှာ စာအုပ် တပုံ ကျောက်သင်ပုန်း တချပ် နဲ့ ထိုင် ဗေဒင် တွက် နေတော့ မြင်တာပဲ ။ အဲ .. တခု တော့ ရှိတယ် ။ ဘိုမေမေ့ ယောက်ျား ကျောင်းဆရာ လို ၊ အိမ်ရှေ့ နေ မေမေ ရဲ့ယောက်ျား ကျောက်ပွဲစား လို တော့ ကျုပ်တို့ ကလေးတွေ နဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေလေ့ မရှိဘူး ။ ကျုပ်တို့ တတွေ က လဲ သူ့ သမီး အရင်း ကိုယ်တိုင် ရဲ့ ဖေါက်သယ်ချထားချက် အရ ဟို့ မွေးကင်းစ လွန်လာခဲ့ ကတည်း က သည် ဘကြီးကြင် ကောက်တည့်ပြီး ပွေ့ချီ လိုက် မှာ ဖက်ရမ်း နမ်းရှုံ့ လိုက်မှာ ကို .. သူ့ ဗန္ဓုလ နှုတ်ခမ်းမွေးကြီး ကြောင့် တအား ကြောက်ပြီး ပြေး တတ်ကြတာ ။
ဆိုတော့ကာ … ဇာတ်လမ်း ကို မြေကြော လေကြော ရှုံ့ လိုက်ကြစို့ရဲ့ … ။ ဒုတိယကမ္ဘာ စစ် ဖြစ်ကရော ဆိုပါတော့ ။ ကျုပ်တို့ ကို ကျွန်ပြု ထားတဲ့ အင်္ဂလိပ်ဘုရင်ခံ အစိုးရ က အနောက်ဖက် အိန္ဒိယ ဆုတ်ပြေး ပြီလေ ။ “ အာရှ သာတူညီမျှရေး ” “ နိပွန် - ဘိရုမာဘန်ဇိုင်း ” ဆိုတဲ့ ကြွေးကြော်သံလှလှလေးတွေ နဲ့ ဂျပန် တွေ တက် လာ ပြီလေ ၊ ဘာပဲ ပြောပြော ၊ ‘ မင်းပြောင်း မင်းလွဲ ’ ကာလ ‘ စစ်ဦးဘီလူး ’ နဲ့ လဲ ရင်မဆိုင် ရဲ တော့ ကျုပ်တို့ လဲ မြို့လယ်ကောင် မှာ ဘယ် အတင့်ရဲ နေလို့ ရတော့ မလဲ ။ ပြီး ‘ မဟာမိတ် ’ ဆိုတဲ့ လေယာဉ်ပျံကြီးတွေ က လဲ ကျုပ်တို့ ခေါင်းပေါ် မှာ နေ့စဉ်ရက်ခြား ဆိုသလို ငရဲမီးဗုန်းတွေ လာ ကြဲချ စက်သေနတ်တွေ နဲ့ ပစ် လူတွေ ကို သတ်ဖြတ်နှိပ် စက်နေတာ ကို ။ အရှေ့တော ပြောင်းပြေးကြရတာပေါ့ ။ သိတယ်နော် … ။ စစ်ကာလ က စစ်အုပ်ချုပ်ရေး လေ ၊ အစိုးရ အုပ်ချုပ်ရေး ယန္တရားတွေ အကုန် ရပ် ။ ရုံးတွေ ကျောင်းတွေ စက်ရုံ အလုပ်ရုံတွေ ငွေတိုက်ဘဏ်တွေ စီးပွါးရေး လုပ်ငန်းကြီးတွေ နဲ့ သယ်ယူပို့ဆောင်ရေးတွေ လဲ အကုန် ပိတ် ၊ သည်တော့ အစိုးရဝန်ထမ်း တွေ ကျောင်းဆရာ ဆရာမ တွေ လဲ အလုပ်လက်မဲ့ ဖြစ်ပေါ့ ၊ လစာ ဝင်ငွေ လဲ ခြူးတပြား မှ မရကြတော့ဘူးပေါ့ ။ ဩ … ပြောဖို့ တခု ကျန် သွားတယ် ။ ခုန က ဇာတ်လမ်း အကျဉ်းရုံး လိုက်တဲ့ အထဲ မှာ ပါ သွားလို့ ၊ ဒုတိယကမ္ဘာစစ် မဖြစ်ခင် တနှစ် မှာ ကျုပ် တို့ အဖိုး ဆုံး သွားတယ် ။ ကုသိုလ် ကံ ကောင်းတယ် လို့ ပဲ အောက်မေ့ ရတော့ မှာ ပေါ့ ။ စစ် ရဲ့အနိဌာရုံ တွေ နဲ့ မကြုံရ မတွေ့ရ တော့ ဘူးပေါ့ ။ နော့မို့ဆို ဒုက္ခ ။ အဖိုး က အဖွါး ထက် အသက် အများကြီး ကြီး တာ ။ ကောင်းကောင်းလဲ ကျန်းမာလှတာ မဟုတ်ဘူး ။ ပြီးတော့ အဖိုး က တောသား လဲ မဟုတ်ဘူး ၊ ဘိုးစဉ် ဘောင်ဆက် အရှင်သခင် ဘုရင့် အမှုတော် ထမ်းလာတဲ့ မျိုးရိုး ။
အင်္ဂလိပ် လက်အောက် မှာ မလုပ် မနေရ အလုပ် ဝင် လုပ်ရတော့လဲ ‘ ၈ ’ မှတ် ဂတ်တဲ မှာ ပထမ ‘ ဆပ် ’ ကလေး ။ နောင် အင်စပက်တော် ခုခေတ် အခေါ် တော့ ရဲမှူး နေ မှာပေါ့ ။ ဘုရားစင်ဘက် ခေါင်းရင်း နံရံ မှာ ချိတ်ထားတဲ့ အဖိုး ရဲ့ ဓာတ်ပုံ က ရယ်ရတယ် ။ ကာကီရောင်ရှပ်လက်တို ကာကီရောင်ဘောင်းဘီတို သားရေခါးပတ် နဲ့ ။ ခြေထောက် မှာ က လဲ အညိုရောင်သက္ကလပ်ပတ်ကြီး နဲ့ အကျအန ပါ ။ ဖိနပ် က လဲ အခု ခေတ် စစ်သားတွေ စီးရတာမျိုး လို အစိုးရ ခြေနင်း ပါ ပဲ ။ ဒါပေမယ့် ဘောင်းဘီတို က ထိုးကွင်းတွေ ကို လုံအောင် မဖုံးနိုင်ထားနိုင်တဲ့ အပြင် ခေါင်း ပေါ် မှာ ကလဲ ဦးထုပ် မဆောင်းထားဘူး ။ ‘ ရောင် ’ နဲ့ ဆိုတော့ ကိုယ်တိုင် ပေါင်း ရတဲ့ ပန်းရောင်ပိုးပုဝါ ခေါင်းပေါင်း နဲ့ ။ ဒါပေမယ့် ကျုပ် တို့ အဖိုး ကို ပေါ့သေးသေး မထင်နဲ့ ။ အစိုးရ က ချီးမြှင့်ထားတဲ့ နာမည်ကောင်း လက်မှတ် နဲ့ လက်ကိုင်ဒင် မှာ နာမည် ရေးထိုးထားတဲ့ ၄၅ ဗို့ ခြောက်လုံးပြူး တလက် လဲ ရှိတယ် ။ နောက်တော့ ဘယ် အလိုတော်ရိ က လက်ထောက် ချ လိုက်လို့လဲ မသိဘူး ။ ဂျပန်ခေတ် ရောက်လာလို့ မကြာ ခင် မှာ ပဲ ဗမာလူမျိုး စကားပြန် နဲ့ ပါလာတဲ့ ဂျပန်စစ်ဗိုလ် တကောင် က လက်နက် အပ်ပါဆိုလို့ … မြေကြီး ထဲ မြုပ်ဝှက် ထားတာ ကို ဖေါ် အပ် လိုက်ရတာပဲ ။ အဖွါး က တော့ ယောက်ျား နာမည် ပါတဲ့ တခုတည်းသော အမွေပစ္စည်း အနေ နဲ့ တတ်နိုင်ရင် သေတပန် သက်တဆုံး သိမ်းထား ချင်မှာ ပေါ့ ၊ မျက်ရည် ကျ သေးတယ် ။ အဲသည်တုန်း က အဖိုး လည်း မရှိတော့ ပါဘူး ။ အခုလည်း အဖိုး မရှိတော့ ၊ သေနတ် လည်း မရှိတော့ပေမယ့် အဖွါး နဲ့ ကျုပ်တို့ မိသားစု အားလုံး မျက်နှာ မငယ်ရပါဘူး ။ အရှေ့တော ဆိုတာ က အဖွါး ရဲ့ ဇာတိ ချက်မြှုပ်လေ … ။ ဆွေတွေမျိုးတွေ ဆိုတာ က လက်ညိုးထိုး မလွဲပဲ ဥစ္စာ ။ အခုလို စစ် ဘေးဒုက္ခ ရောက် ရလို့ မင်းပြောင်း မင်းလွဲ ဖြစ်လို့ သာ မြို့ ပေါ် က အထည်ကြီး ကို ဖျက်ပြီး ခေတ္တ ယာယီ ဇာတိ ရပ်ရွာ မှာ ပြန်လာ ခိုလှုံ တာ ကို … ဘယ် အဆွေအမျိုး က မသိုင်းဝိုင်း မပံ့ပိုး မကူညီ မဖြည့်စွမ်းပဲ နေပါ့မလဲ ။ ပြီးတော့လဲ ပြန်ပြောင်း အောက်မေ့ဘွယ် … အဲသည် ခေတ် တုန်း က လယ်ပိုင်ရှင် ဆိုတာ သူရင်းငှား သားချင်း လယ်သမားတွေ ရဲ့ အမြင် မှာ က ကျေးဇူးရှင် ရယ် လို့ သတ်မှတ် ယူဆ ထားတတ်ကြတာ မဟုတ်လား ။
ဆိုတော့ကာ အဖွား ဇာတိ ပုသိမ်ကြီး အပါအဝင် ဇီးချိုကုန်း ၊ သစ်ချိုကုန်း ၊ ညောင်ပင်သာ ၊ ချောင်းပန်း ၊ နှမ်းကြဲ အစရှိတဲ့ ရွာ အားလုံး က သူတို့ ရွာ မှာ လာ နေကြဖို့ အလုအယက် နေရာတွေ ပေး ဖိတ်ခေါ် ကြိုဆိုကြတာပေါ့ ၊ ရွာစုံ က လှည်း ၁၆ စီး နဲ့ ည မှောင်ခိုက် မှာ မြို့ က အိမ်ရှိ ပစ္စည်းတွေ တိုက် လာ ကြတော့ တချို့က သူတို့ ရွာ မှာ လာ နေစေချင်တဲ့ ဆန္ဒ နဲ့ မပြောမဆို ကိုယ့် ရွာ ကိုယ် မောင်းသွား လိုက်ကြတာ လူတွေ လဲ ကွဲ ၊ ပစ္စည်းတွေ လဲ ပြန့် ကုန် ။ နောက်တနေ့ မိုးလင်း မှမ နည်း လိုက် ပြန် စု ယူရတယ် ။ အဖွား ကတော့ သူ့ ဇာတိ ရွာ ပုသိမ်ကြီး က အိမ်ခြေ လဲ များ စစ်ပြေး သူစိမ်းတွေ က လဲ များလို့ ကြပ် နေပြီး ၊ မြို့ နဲ့လဲ မော်တော်ကားလမ်း ပေါက် နေတဲ့ အတွက် ကြောက် သတဲ့ ။ ဒါပေမယ့် ပုသိမ်ကြီး နဲ့ လဲ တတိုင် လောက် ပဲ ဝေး ၊ နည်းနည်း အတွင်း ဘက် ကျပြီး ၊ ရွာ နံဘေး မှာ လဲ ဆယ့်နှစ်ရာသီ ရေ မပြတ်တဲ့ ဆည်မြောင်းချောင်းကလေး ရှိတဲ့ ဇီးချိုကုန်းရွာ ကို ရွေး လိုက်တယ် ။ ဘာမှ မဟုတ်ဘူး ။ မသိရင် ခက်မယ် ။ ဇီးချိုကုန်း ရွာသူကြီး ဦးမောင်ချို ဆို တာ က သူ့ နိုင်ဖက် ။ သူ့ ကို သာ ဆိုရင် ပြားပြားမှောက် ကြောက်ရတဲ့ ငယ်ကြောက် ။ ပြီး ဇီးချိုကုန်း မှာ အချမ်းသာဆုံး လယ်ပိုင်ရှင်ကြီးတွေ ဖြစ်နေကြတဲ့ အဖွါး ဒေါ်မမ တို့ ဘကြီးဦးစံပင် တို့ ဆိုတာ က လဲ အဖွါး ရဲ့ ငယ်ပေါင်း ၊ ကြာနီကန်ဆရာတော့် ကျောင်း မှာ စာအံဖက်တွေ လို့ ပြောတယ် ။ ပြီး ရေကန် အသင့် ကြာ အသင့် ဖြစ်ချင်တော့ ၊ အဲသည် နှစ်ယောက် နေကြတာ က လဲ ရွာ့ တောင်ဖျား မှာ ခြံစည်းရိုးချင်း ကပ်ရက် ဘာ ခဲယဉ်းတော့ သလဲ ။ နှစ်ခြံ ခွပြီး မြေလွတ် နှစ်ဧက လောက် ရအောင် စည်းရိုး ဖျက် ခုတ်ထွင် ရှင်းလင်း လိုက်ကြတယ် ။ ပြီး လောင်းရိပ် လွတ်တဲ့ ကွက်လပ် အလယ် မှာ ခြောက်ပင်သုံးခန်း သက်ငယ်မိုး ဝါးထရံကာ ဝါးပိုးကြမ်းခင်း တဲ့ တန်းလျားရှည်ကြီး ထိုး တာပဲ ။ ဗမာ့ တောရွာဓလေ့ သတင်းမေး လာသမျှ လက်ပေါင်းစုံ အင်အား နဲ့ ဝိုင်းဝန်း ဆောက်လုပ် လိုက်ကြတာ နေ့ချင်းပြီး အိမ်ယာ ပေါ့ ။ ခိုင်မှ ခိုင် ခန့် မှ ခန့် ။
အဲ … စစ် အတွင်း မှာ အလိုအပ်ဆုံး ဖြစ်တဲ့ ဗုံးခိုကျင်း ကို တော့ မြို့ နဲ့ လဲ ဝေးပြီး လေယာဉ်ပျံ မဲမဲကြီး တွေ လဲ ခေါင်းပေါ် အဝဲ ကျဲ လာပြီ ဆိုပြီး ၊ နေ့ရွှေ့ ညရွှေ့ နဲ့ တော်တော်နဲ့ မတူးခိုင်းဘူး ။ တူးပြန် တော့ လဲ တဲကြီး ရဲ့ မျက်နှာစာ ခပ်လှမ်းလှမ်း က နေ့ခင်းဘက် ချက် ပြုတ် စားသောက်ကြရာ ခန်းမဆောင် လို့ ဆိုရမယ့် မန်ကျည်းပင်အုပ် အရိပ် အောက်မှာ တထောင် သာသာလောက် ပဲ နက် တဲ့ ကျင်းတိမ် ကလေး ပဲ ကရော်ကမယ် တူးတယ် ။ ကျင်းက လူ ဆင်း ထိုင်ရင် ခေါင်း မြေပြင် ပေါ် မှာ လေ ။ ခက်တာ က သည့် ထက် နက်အောင် တထွာတမိုက် ထပ် တူးလိုက်မယ် ဆိုရင် ကို ပဲ ရေ ထွက် လာတော့တယ် တဲ့ ။ သည်တော့ အောက် မနှိုက် နဲ့ ။ ကျင်း ပတ်ပတ်လည် မှာ တောင်ဆုပ်လောက် တိုင် တွေ အပြည့်စိုက် ။ ပြီး အပြင်ဘက် ကနေ ထန်းလုံးတွေ ဆင့်ကာ ။ အမိုး လဲ ထန်းလုံး ထက်ခြမ်းခွဲတွေ နဲ့အခြင်ပစ် ။ ပြီး အပေါ် က မှ လှည်းကြမ်းခင်း တွေ နဲ့ တထပ် ၊ ဝါးကြောဖျာကြမ်း တွေ နဲ့ တထပ် ၊ နှစ်ထပ်ထပ် ခင်း ၊ သည့် အပေါ် က မှ မြေတွေ ဖို့ ။ ကျင်း ပတ်ပတ်လည် လဲ မြေဆိုင်ခဲတွေ နဲ့ ရံ ၊ တနေ့တခါ မြေသိပ်အောင် ရေ ဖျန်းပေး ။ အဲဒါပဲ ။ ခုနေ ကျင်းထဲ ဝင် ထိုင်ရင် ခေါင်းတော့ ကောင်းကောင်း လွတ်ပါတယ် ။ သာမန် ကြည့် လိုက် လို့ ကတော့ ထန်းပင်မြစ် စိုက်ရောင်း ဖို့ မြေဖို့ ထားတာ အောက်မေ့ ရမယ် ။
သိတယ်နော် … ။ ထန်းပင်မြစ် ဆိုတာ ကြွေကျတဲ့ ထန်းသီးမှည့်တွေ ထဲ က ထန်းသီးစေ့တွေ ကို ဖို့မြေပွ ပေါ် မှာ မှောက်စို က်တာပေါ့ ။ မြေ ထပ် ဖုံးစရာ မလိုဘူး ။ ဒါပေမယ့် စိုက်ခါစ မှာ တော့ မိုး တပြိုက် နှစ်ပြိုက် ကြိုက် တတ်တယ် ။ ပြီး တမိုးတွင်း လုံး ပစ်ထားလိုက် ရုံပဲ ။ အဲ … ဆောင်းတွင်း ရောက်ပြီ ဆိုတော့မှ ဖို့မြေတောင်ပို့ ကို ဘေးကနေ တဖြေးဖြေးချင်း ဖဲ့ပြီး လိုသလောက် ဖြို ယူရုံပဲ ။ မှတ်မိကြပါတယ် နော် ။ ဆောင်းချမ်းခိုက် မှာ မီးဖို ဘေး က မီးလှုံ ကြရင်း ဖုတ်စားကြတာ လေ ။ ဆီကလေး ဆားကလေးနဲ့ တို့ စားရင် အရသာ ရှိ မှရှိ ။ အဲ … ကြုံကြိုက်ချင်တော့ ကျုပ်တို့ ဖို့မြေ တောင်ပို့ ဗုံးခိုကျင်းလဲ တူး ပြီး ပါလေရော ။ မိုးကလဲ အုံ့မှိုင်း ထစ်ချုန်း ရွာချပါလေ ရော ။ ရယ်ရတယ် ။ ကျုပ် တို့ ဗုံးခိုကျင်း လဲ အသူရာ သကြားမင်း ရဲ့ စစ်တလင်း မှာ ချက်ချင်းလက်ငင်း ငါးမွေးကန်ဖြစ် သွားပါလေ ရော ။ ကျင်း ရဲ့ အောက်ခြေမြေ က သဲကျောက်စရစ် ဆိုတော့ အပေါ်က ဖုံးထားတဲ့ ထန်းလုံးတွေ ရဲ့ ဖိအား ကြောင့် ကျင်းနံရံတွေပါ အိကျပြီး ပြိုတော့တာပေါ့ ။ လုံးဝ သုံး မရတော့ဘူး ။ ဒါပေမယ့်တော်သေး ရဲ့ ။ သိတယ်နော် … ။
မန္တလေး ဆိုတာ မိုးခေါင်ရေရှား ရပ် ကိုး ။ ပူတယ်လေ ၊ ဆယ်နေကဲ ကျဲကျဲတောက် ပူတော့တာပေါ့ ။ တပတ်ဆယ်ရက် နဲ့ ခြောက် သွားတော့ ပြန် ပြင် တူးပြီး ပို ခိုင်ခိုင်တောင့်တောင့် ဆောက် ကြတာပေါ့ ။ မြတ်စွာဘုရား တန်ခိုးတော် နဲ့ သမ္မာဒေဝ နတ်ကောင်းနတ်မြတ် တွေ က သတိပေးတာ လို့ ပဲ အောက်မေ့ကြ ပါတယ် ။ အဲသည်လို ပို အခိုင်အခန့် လုပ်လိုက်လို့သာပေါ့ ။ မဟုတ်ရင် သေကုန်ပြီ ။ ဘယ့်နှယ် မန္တလေး ကို ပြန် သိမ်းတော့ မြို့ ကို မြောက်ဘက် က နေ ဂဏန်းလက်မ ပုံစံ နဲ့ ပတ်ညှပ်ပြီး ဝင်တာ ထင်ပါရဲ့ ။ အင်္ဂလိပ်တွေ လား အမေရိကန်တွေ လား မသိ ။
ကျုပ် တို့ အရှေ့တော တလျှောက်လုံး ကို လဲ အမြောက်ကြီး တွေနဲ့ သခင်မတောင် ဘက် က လေးငါးနာရီ လောက် လှမ်း ထု လိုက်တာ ရ စရာကို မရှိဘူး ။ ကျုပ်တို့ ရွာတွေ ဝန်းကျင် မှာ ဂျပန် ဖြင့် တကောင် မှ မရှိပဲ နဲ့ ၊ လက်နက်ကြီး အင်အား မတန်တဆ သုံးပြီး ဖြို့ခွင်း မောင်းထုတ် လိုက်တာ ပြောပါတယ် ။ ရွာစဉ် တလျှောက် မှာ မြောက်ပိုင်း ကျတဲ့ ဆင်ရွာကြီး တို့ ညောင်ပင်သာ တို့ ကျုပ်တို့ ဇီးချိုကုန်း တို့ ဆိုတာ ဆိဆိညက်ညက် ကျေပေါ့ ။ ကျုပ်တို့ တဲအိမ်ကြီး လဲ အမြှောက်ကျည် ဆံဗုံးတွေ မှန်ထား လိုက်တာ ပွစိတက် ။ အိမ်တိုင် တတိုင် မှာ လဲ ထင်းခွဲ ဓါးမ လောက် ရှိတဲ့ ဗုံးဆံကြီး တဆံ က စိုက် ရက် ။ ဗုံးခိုကျင်း ပေါ် မှာ ကလဲ ပြတ်သတ် ကျလာတဲ့ သစ်ကိုင်းတွေ သစ်ခက်တွေ ဆိုတာ ထင်းလှည်း တိုက် လာရပ် ထားသလိုပဲ ။ အဲ … ကျုပ်တို့ လူတွေ အားလုံးလဲ တညနေ နဲ့ တညဦး လုံး ဘယ် ခေါင်းဖေါ်ရဲ ကြပါ့မလဲ ။ သမ္ဗုဒ္ဓေ တွေ အမြီးအမောက် မတည့် တယောက် တပေါက် ရွတ်ကြပြီး တုတ်တုတ် မှ မလှုပ်ရဲကြဘူးပေါ့ ။ နား တွေ လဲ အူ ၊ ဇောချွေး တွေ လဲ ပြန် ၊ လက်ဖျား ခြေဖျား အေးကြလို့ပေါ့ ။ ခေါင်း ထဲ ကိုယ် ထဲ မလဲ ဖုတ်သဲတွေ အလိမ်းလိမ်း နဲ့ ပေါ့ ။ ရေငတ် ပေမယ့် ရေ ကို ဘယ်သူ က ထွက် ယူရဲပါ့မလဲ ။ အဲ ည မိုးချုပ် တော့ မှ အမြောက်သံတွေ စဲ သွားပြီး စက်သေနတ်သံ တွေ သေနတ်သံ တွေ ကြား ရတယ် ။ ဘယ်သူတွေ က ဘယ်သူတွေ ကို ပစ်နေမှန်း လဲ မသိ ။ ဘယ် လှုပ်ရဲပါ့မလဲ ။ ဒါပေမယ့် ကျင်းဝ မှာ လူမဲမဲကြီး နှစ်ကောင် လာ ရပ်ပြီး သေနတ် နဲ့ ချိန် အကုန် အပြင် ထွက် ခိုင်း တယ် ။ ကျုပ်တို့ တတွေ ဆိုတာ မေး ခိုက်ခိုက်ရိုက် ရက် ၊ လက်အုပ်ကလေးတွေ ချီ မျောက်တွေ လို ထွက်ကြရ တာပေါ့ ။ ကျုပ်တို့ မိသားစု က အင်္ဂလိပ် လို ပြော နိုင်တော့ သူတို့ အတော် သဘောကျ သွားတယ် ။ ဘာမှ မဟုတ်ဘူး ။ ဂျပန် သတင်း မေးတာပေါ့ ။ သည် ရွာ တဝိုက် မှာ ဂျပန် တယောက် မှ မရှိပါဘူး ပြောတော့ မှ ပြန် ထွက် သွားကြတယ် ။ အဲသည်တော့ မှ ပဲ ကျုပ်တို့ အားလုံး လဲ သက်ပြင်း ချ နိုင်ကြတော့တယ် ။ အဲသည်တော့ မှ ရေငတ် မှန်း ဆာ မှန်း သိကြတော့တယ် ။ ဒါပေမယ့် ထမင်း မရှိ ၊ ဟင်း လဲ မရှိတော့ဘူး ။ ထမင်းအိုးကြီး က လည်း စလောင်းဖုံး လွင့်သွားပြီး ဖုံတွေ အမှိုက်တွေ နန်းချင်း ဖုံးလို့ ။ မန်ကျည်းပင် မှာ ကပ်စင် ရိုက်ပြီး တင် ထားတဲ့ သောက်ရေအိုး နှစ်လုံး က လဲ ကျကွဲ လို့ ။ သံပန်းကန်ပြား အဖုံး နဲ့ အုန်းသီးဆံ ရေမှုတ် တွေကို တော့ လိုက်ရှာ ကောက်ယူ ရတယ် ။ တော်သေးရဲ့ ။ သောက်ရေ ထည့် လှောင်ထားတဲ့ စဉ့်အိုး က မြေကြီး ထဲ အထိုင် မြုပ်ထား တဲ့ အတွက် မကွဲလို့ ။ အင်ဒုံ အဖုံး ကို လှပ်ပြီး ၊ ရေမှုတ် နဲ့ ခပ် သောက် လို့ ရကြတယ် ၊ ထမင်း က တော့ မစားကြရပါဘူး ။ ထပ် ချက်ရအောင် ညကြီးမင်းကြီး မီးလဲ မမွှေးရဲပါဘူး ။ အမယ် … ကြက်တွေ က တော့ မသေဘူး ဟဲ့ ။ ဘယ်သွား ပုန်း နေခဲ့ကြတယ် မသိဘူး ။ လူသံ တွေ ကြား တော့ သူတို့ အသံတွေ လဲ ပြန်ကြား လာရတယ် ။ လူတွေ လဲ ခုမှ ဖုံတွေ သဲတွေ ချွေးစေး တွေ နဲ့ ညစ်ပတ်ပေရေ နေမှန်း သိပြီး ၊ ရေ ချိုးချင်စိတ် တွေ ပေါ်လာကြတယ် ။ ဒါပေမယ့် ချိုးစရာ ရေ ဘယ်မှာ ရှိမှာလဲ ။ ထုံးစံအတိုင်း ခါတိုင်း လို ရွာ့ ပြင် ထွက်ပြီး ချောင်းထဲ ခုန်ချ ရေချိုး ရအောင် က ဘယ် ထွက်ရဲပါ့မလဲ ၊ ကျုပ်တို့ ကလေးတွေ ဆိုတာ နားအူ လဲ မပျောက် ၊ အကြောက် လဲ တော်တော် နဲ့ မပြေ တော့ ၊ အမေတွေ အနား ကပ် လို့ ။ အေးလေ … ဘာပဲ ပြောပြော စစ်ကြောင်း ကျ လို့ ရွာတွေ အိမ်တွေ သာ ညက်ညက် ကြေပေမယ့် မီး လဲ မလောင် ၊ လူ လဲ အထိအခိုက် အသေအပျောက် လုံးဝ မရှိပါဘူး ။ တခုတော့ ရှိတယ် ။ နွားတော့ လေးကောင် တောင် အမြောက်ဆံ မှန်ပြီး သေတယ် ။ နောက်တနေ့ တရွာလုံး အမဲသား ပေါ်တော့တာ ပေါ့ ။
ဆိုတော့ကာ … အခုမှ ဆရာကြင့် တန်ဖိုး ကို သိကြရ တော့တယ် ။ ဆရာကြင် က တော့ မရှိတော့ပါဘူး ။ သွားပြီပဲ ။ ဒါပေမယ့် သည်အရှေ့တော ဘက် ပြောင်းပြေး ခိုလှုံကြမယ် ဆိုတုန်းက ၊ မေမေကြီးကြီး က တဆင့် ဆရာကြင် က တွက်ချက်ပြီး သတိ ပေးတယ် ။ မြို့ ရဲ့ အရှေ့မြောက် အရပ် တနင်္ဂနွေထောင့် က နဂါးလှည့် မသင့်ဘူး တဲ့ ။ မပြောင်းကောင်းဘူး တဲ့ ။ ဒုက္ခ တွေ့နိုင်တယ် ပြောသားပဲ ။ ဒါပေမယ့် ဆရာကြင့် စကား ကို ဘယ်သူ က မှ အယုံအကြည် မရှိကြဘူး ။ တော ကို သူ မလိုက်လာချင် လို့ ၊ မေမေကြီးကြီး တို့ သားအမိ ကို ပစ်သွားချင် လို့ ၊ သူ့ ဇာတိ မြေလတ်မြို့ကလေး ကို သူ ပြန်ပြေး ချင် လို့ သက်သက်မဲ့ ရမယ် ရှာ ကပျက်ယပျက် လုပ် တာလို့ပဲ ထင်ခဲ့ကြတယ် ။ အဖွါး ကတော့ လူကြီး မိဘ တယောက် အနေ နဲ့ နားလည် ခွင့်လွှတ်လိုက်တယ် ။ စစ်အတွင်း ဘယ်သူမှ အလုပ် မရှိကြ ၊ ဝင်ငွေ မရှိကြဘူး မဟုတ်လား ။ အဲတော့ အားနာတာလဲ ပါ ၊ ရှက်တာလဲ ပါကောင်း ပါမယ် ပေါ့ ။ ပြီး ကြီးကောင့်ကြီးမား နဲ့ ယောက္ခမ ထမီနား လဲ ခို မစားချင်ဘူး ထင်ပါရဲ့ပေါ့ ။ ဝင် မပါဘူး ၊ လက်ပိုက် ကြည့် နေလိုက်တယ် ။ နော့ … သားမက် နဲ့ ယောက္ခမ ရဲ့ အသက်ချင်း က လဲ ဆယ်နှစ် သာသာလောက် ပဲ ကွာတာ ကို ။ ကျုပ် တို့ မေမေကြီးကြီး က လဲ တသက်လုံး မခွဲဖူးတဲ့ အမေ ကို ပစ်ပြီး ၊ လင့်မယားကြီး ရှိရာ အရပ်ကို ဘယ် လိုက်ပါ့မလဲ ။ ဆိုတော့ကာ … ကွဲကြလေသတည်း ပေါ့ ။ အိမ်မကြီး ရဲ့ ဘယ်တောင်ပံ က အိမ်ထောင်ရေး ကံဇာတာ ညံ့တယ်လို့ပဲ ပြောရတော့ မှာ ပေါ့ ။ ညာတောင်ပံ တောင်ညာစံ ဒေဝီတွေ ရဲ့ သားမက်တွေ က တော့ မဆိုးပါဘူး ။ အနည်းဆုံး ထင်းခွဲ ရေခတ် ဟင်းရှာ သီးနှံစိုက် ပေါ့ ။ ရွာဦးကျောင်း အဝီစိ တွင်း က သောက်ရေ သုံးရေ ကို နေ့စဉ် ဆယ်ထမ်း ဆယ်ခေါက် လောက် ခပ်ရတယ် ဆိုတကလဲ လွယ်တာ မှတ်လို့ ။
အိမ် နဲ့ ကျောင်း နဲ့ က တပြခွဲ လောက် ဝေးတာ တယောက် တခေါက် အလှည့် နဲ့ ထမ်း ကြရတာ ။ တွင်း က လဲ ဘယ်လောက် နက် သလဲ ဆိုရင် ရေ ကို ငုံ့ ကြည့်လို့ မမြင်ရဘူး ။ ပြီးတော့ အမျိုးသမီးတွေ လဲ ခပ်ခွင့် ငင်ခွင့် တွင်းဘောင် ရပ်ခွင့် မရှိဘူး ။ ကျုပ်တို့ အမေတွေ အုပ်စုက တော့ ၊ ချက်ပြုတ် လျှော်ဖွပ် တာဝန်တွေ အပြင် တတ်တဲ့ပညာ မနေသာ ဆိုသလို ပါလာသမျှ သိုးမွှေးထည်တွေ ကို ပြန် ဖြေ ပြန် လုံး ပြီး ဝါးသီတံ ဇာထိုးအပ်တွေ နဲ့ အင်္ကျီတွေ ခြုံစောင်တွေ ဦးထုပ်တွေ ပြန် ထိုး ရောင်းကြပေါ့ ။ ဒါပေမယ့် စစ်အတွင်း မှာ ဘယ် က သိုးမွှေးချည်ခင် အသစ် ဝယ်လို့ ရမှာလဲ ။ ကုန်တော့ အလုပ်ပြုတ် ပေါ့ ။ ပြဿနာ က ဆန် ဆီ ဆား စသည့် အခြေခံစားကုန် က မပူရပါဘူး ၊ ဦးလေးကျောက် ( ပွဲစား ) က ကြက်တွေ မွေးထားလို့ ကြက်ဥ လဲ အလျှံပယ် စားရပါတယ် ။ ဒါပေမယ့် စစ်ဒဏ် အမြောက်ကျည်ဒဏ် က တချီတည်း နဲ့ သေလုမျောပါး ခံလိုက်ကြရတော့ ၊ နောက် တကြိမ် ကြော့ လာရင် ဘယ်နှယ် လုပ်ကြပါ့မလဲပေါ့ ။ လူကြီးတွေ ခေါင်းချင်း ဆိုင် တိုင်ပင်ကြတယ် ။ ခု နေရတာ က မနက် မိုးလင်း လို့ အိပ်ရာ က နိုးတာ နဲ့ တပြိုင်နက် ကိုယ့် ခေါင်း ကိုယ် ဘီးစမ်း သလို ပြန်စမ်း ကြည့်နေရတဲ့ ဘဝ တဲ့ ။
ခေါင်း နဲ့ ကိုယ် တဆက်တည်း အိုးစား မကွဲသေးပါလား ဆိုတာ သေချာမှ အသက် တရက်တော့ ရှည်ပြန်ပဟ ဆိုပြီး သက်ပြင်း ချလို့ ရ သတဲ့ ။ ပြီးတော့လဲ ဦးလေးကျောက် က အကြံ ပြုတယ် ။ မန္တလေး တမြို့လုံး က လူတွေ အနောက်ဖက်ကမ်း စစ်ကိုင်းတောင်ရိုး ပြေး ၊ ဘုရားရိပ် ကျောင်းရိပ် ခိုလှုံကြတာ များတယ် ၊ ခု ဆိုရင် စစ်ကိုင်းတောင်ရိုး က ချောင်တွေ မှာ မြို့လို စည်ကား နေပြီ ဆိုပဲ ။ ဘုန်းကြီး တပါး ဆီက သူ သတင်း ကြား လာ သတဲ့ ။ စစ်ကိုင်းတောင်ရိုး အောက်ဖက် က ‘ သရက်ပင်ဆိပ် ’ တို့ အထက်ဖက် က ‘ ဝါးချက် ’ တို့ ဆိုရင် ဈေးဆိုင်တန်းတွေ နဲ့ ဖြစ်နေပြီ တဲ့ ။ ပြီး အောက်ပြေ အောက်ရွာ က ရွက်လွှင့် ဆန်တက်လာ ကြတဲ့ ပိန်းကောမကြီး တွေ နဲ့ အောက်ကုန် ငခြောက် ငခြမ်းတွေ လဲ ရောက် လာ ၊ အကြီးအကျယ် ဈေးကွက်ကြီး ဖြစ်နေတယ် ဆိုပဲ ။ သူ့ အနေနဲ့ အများကြီး အလုပ် လုပ်လို့ ရနိုင်တယ် ပြောတယ် ။
ဆိုတော့ကာ … သူ က စစ်ကိုင်းတောင်ရိုး ပြောင်းကြဖို့ စည်းရုံး မဲဆွယ်တယ် ။ ရာ နဲ့ ချီ ရှိတဲ့ ချောင်တွေ မှာ ထောင် နဲ့ ချီ ရှိတဲ့ကျောင်း ကန်ဇရပ်တွေ ဓမ္မာရုံတွေ လည်း ပေါပါတယ် ပေါ့ ။ ပထမဆုံး သူ ကိုယ်တိုင် ကူး စုံစမ်း လေ့လာ စုံစမ်းလိုက်မယ်ပေါ့ ။ အဆင် ပြေရင် ပြောင်း နေကြဖို့ တခါတည်း စီစဉ် ဆောင်ရွက်ခဲ့မယ် ပေါ့ ။ သည် အချိန် မှာ ဘိုမေမေ့ ယောက်ျား လေးလေးဘို က လဲ အညံ့မခံ ပဲ အကြံ တခု ထပ် တင်တယ် ။ အခု အင်္ဂလိပ် လဲ ပြန် ဝင်လာပြီ ၊ မကြာခင် တပြည်လုံး ပြန် သိမ်းပြီး အုပ်ချုပ်ရေး ယန္တရား က ပြန် စရင် ကျောင်းတွေ လဲ မလွဲမသွေ ပြန်ဖွ င့်မှာပဲပေါ့ ။ သည်တော့ ချောင် တချောင် က ဓမ္မာ ရုံကြီး တခုခု မှာ ဆရာတော်တွေ ရဲ့ အကူအညီ နဲ့ ကျုပ်တို့ မိသားစု အပါအဝင် ကျောင်း တကျောင်း ကြိုတင် ဖွင့်နှင့် သင်ပြ နေရင် မကောင်းဘူးလား ပေါ့ ။ တောင်ရိုး က ဘုန်းတော်ကြီး တွေ သီလရှင်ဆရာလေး တွေ ကို ကျောင်းသုံး ပရိဘောဂတွေ အလှူခံမယ် ပေါ့ ။ နောင်အခါ အစိုးရ အသိအမှတ် ပြု ကျောင်း လဲ ဖြစ်သွား နိုင်တယ်ပေါ့ ။ လေးလေးဘို ပြော သလို ကျုပ်တို့ ကလေး တွေ စာ နဲ့ ဝေး ပညာရေး နောက်ကျ ခဲ့ရတာ လေးနှစ် ရှိပြီလေ ။ လူကောင်တွေ သာ ကြီး လာ ၊ အတန်းတွေ က ငယ် ၊ အတတ်တွေ က နောက်ကျ နဲ့ အတော် ကြိုးစား လုပ်ယူ ကြရမှာ ဆိုတာ မှန်တယ် ။ တယောက် က လက်ငင်း စားဝတ်နေရေး ပြေလည်ဖို့ ရည်ရွယ်တယ် ။ တယောက် က အနာဂတ် အတွက် ပါ ရည်ရွယ်တယ် ။ အမှန်ကတော့ အဖွါး ရဲ့ ဆုံးဖြတ်ချက် တခု ပါပဲ ။ အဖွါး က အားလုံး ရဲ့ အမေ ၊ အိမ်ထောင်ဦးစီး ခေါင်းဆောင် ပဲ ။ ပြဿနာ က သည် အရှေ့တော မှာ ဆက် ပုန်းရှောင် နေလို့ က ဘာ အာမခံချက် မှ မရှိဘူး ။
ဆိုတော့ကာ … သားမက် နှစ်ယောက် ရဲ့ အဆို ကို အဖွါး က ခေါင်းညိတ် လိုက်ပါတယ် ။ သွားကြ … မြန်မြန်လဲ ပြန်လာကြ … မှာ ပြီး လမ်းစရိတ် တွေ ပါ ထုတ်ပေး လိုက်တယ် ။ ဂျပန်ငွေ စက္ကူ အစိမ်းရောင် တရောင်တည်း ‘ ထောင်မလဲ သဲကော်ရ ’ တွေ ပေါ့ ။ ပြီး သူ ပဉ္ဇင်းခံ ပေးခဲ့တဲ့ ဘုန်းကြီး ဦးကောသလ္လ ရဲ့ ဗေါဓိချောင် မှာ အကျိုးအကြောင်း ပြောပြ လျှောက်ထားပြီး တည်းခို အကူအညီ တောင်းဖို့ပါ စာ ရေး ပေး လိုက်တယ် ။ ဘာ အခက်အခဲ တွေ့စရာ ရှိသလဲ ။ တပတ် မကြာခင် ချောချောမောမော ပြန် ရောက်လာကြတယ် ။ မမြင်ရတာ ကြာလို့ မမှတ်မိချင်ချင် ဖြစ်နေတဲ့ အဖွါး ရဲ့ အနှစ်သက်ဆုံး ငသိုင်းခြမ်းခြောက်ကြီးတွေ လဲ ဂျုံ ထည့်တဲ့ ပိတ်ဖြူ အိတ် နဲ့ တအိတ် ပါလာတယ် ။ ပြီး သရက်ပင်ဆိပ် နဲ့ သိပ် မဝေးတဲ့ ချောင် အတွင်းလမ်း မြင်းလှည်းဂိတ် အထက်နား က မောက္ခသီဝံချောင် မှာ နေမယ် ဆိုရင် နေဖို့ သီလရှင်ဇရပ် အောက်ထပ်ကြီး တထပ်လုံး လဲ ပါးစပ် စရံ သပ် ခဲ့တယ်လို့ ဆိုတယ် ။
ဆိုတော့ ကာ … ဇာတ်လမ်း ကို တကြိမ် မြေကြော ရှုံ့လိုက်ကြအုံးစို့ ရဲ့ ။
ဆိုင်းမဆင့် ဗုံမဆင့် ဆိုသလို ဆွေကုန် မျိုးကုန် နှုတ်ဆက် မနေကြတော့ပဲ အစုတ်ပလုပ် စုပေါင်းထုတ် ခပ်ကုပ်ကုပ် ပြောင်းလာခဲ့ ကြတယ် ။ သိတယ် နော် ။ လှည်း ၁၆ စီး တိုက် ပစ္စည်း နဲ့ လူ တကျိပ် တယောက် ဆိုတဲ့ ဝန် နည်းနည်း မှ မဟုတ်ပဲ ။ ပြီးတော့ ဧရာဝတီမြစ် ကို ဖြတ်ကူး ရတာ က ‘ ငှက် ’ ကလေးတွေ နဲ့ ပဲ ကူး ရတာလေ ။ သည် အထဲ သံယောဇဉ် က မဖြတ် နိုင်တော့ ၊ လူတွေ နဲ့ ယဉ်ပါးနေတဲ့ လူတွေ ရဲ့ ထမင်းဝိုင်း မှာ အတင်း ဝင်နှိုက် စားတတ်တဲ့ ဦးလေးကျောက် ရဲ့ ရွှေဒင်္ဂါးဘိလပ်ကြက်ကြီး ဆယ်ကောင် က လဲ ပါသေးတယ် ။ ငှားလို့ ရသမျှ ငှက်တွေ နဲ့ ပိုက်ကျုံးဆိပ် မြစ်ညာ က ကူးတာ တနေကုန် နဲ့ မပြီးဘူး ။ တော်သလင်း ဧရာဝတီ က လဲ ကျယ် မှ ကျယ် ကို ။ ဦးပဉ္ဇင်း တွေ လဲ မနေရ ၊ ဆရာလေး တွေ လဲ တယောက် တလက် ပေါ့ ။ အေး … နောက်ဆုံးတော့ မေက္ခသီဝံ မှာ ဆရာလေး ဒေါ်ဓမ္မေသီ ရဲ့ ကျေးဇူး နဲ့အခြေ ကျ ကြ ရော ဆိုပါတော့ ။ အဲ အဆင်ပြေ ချင် တော့ သရက်ပင်ဆိပ် က အတက် မှာ ပါပဲ ။ ကျုပ်တို့ မောက္ခသီဝံချောင် ရဲ့ တောင်ဘက် မှာ သံဃာတော်တွေ သာ သီတင်းသုံးတဲ့ ခေမာသကချောင် ဆိုတဲ့ ဧရာမ နှစ်ထပ်ချောင်ကြီး တချောင် ရှိတယ် ။ တောင်ကမ်းပါးယံစောင်း မှာ ဆောက်ထားတာ ဆိုတော့ မြေပြင် နဲ့ အညီထပ် မှာ သံဃာဆောင်တွေ နဲ့ ဆွမ်းစားဆောင် စသည်ပေါ့ ။ တောင်ပေါ် ထပ် မှာ က တော့ သိမ်တို့ ပိဋကတ်တိုက် တို့ ကမ္မဌာန်းဆောင် တို့ ပေါ့ ။ အဲ တရားနာ ပရိသတ် နှစ်ထောင်ကျော် ဆံ့ တဲ့ ၊ သို့မဟုတ် သံဃာ အပါး ငါးရာ လောက် စာ ဖြေ နိုင်တဲ့ မှန်စီရွှေချ ဓမ္မာရုံကြီး လဲ ရှိတယ် ။ မလျှောက်ရပါဘူး ။ ကလေးသူငယ်တွေ ရဲ့ ပညာ သင်ကြားရေး အတွက် နေရာ အခက် အခဲ တွေ့နေကြတယ် သတင်း ကြားတော့ ဆရာတော်ဘုရားကြီး ဦးဉာဏောဘာသာဘိဝံသ က ကျုပ် တို့ လေးလေးဘို နဲ့ ကျောင်းအုပ် ဆရာကြီးဟောင်း ဦးမင်းဟန် ကို တနေ့ ခေါ် တွေ့ပြီး ဓမ္မာရုံကြီး မှာ ယာယီကျောင်း ဖွင့်ခွင့် ပြုလိုက်ပါတယ် ။
ဆိုတော့ကာ … သီတင်းကျွတ်လ ထုံးစံ ကျောင်းပိတ်ရက်တွေ လွန်တော့ ကျုပ်တို့ တတွေ ကျောင်းသား ဖြစ်ကြပေါ့ ။ ကျောင်းကြီး က ခန့်မှန်း ပြောရရင် ကြက်တောင်ရိုက်ကွင်း ခြောက်ကွင်း စာ လောက် ကို ကျယ် ပါတယ် ။
ဒါပေမယ့် အခန်း ဖွဲ့ ကာ ထားတာ မရှိ ၊ ခန်းမကျယ်ကြီး ပေါ့ ။ ပရိဘောဂလဲ မရှိသေး တော့ မှန်ကြည့် လို့ ရနိုင် လောက်အောင် ပြောင်လက် နေတဲ့ ကျွန်းလျှာထိုး ကြမ်းပြင်ကြီး ပေါ် မှာပဲ ထိုင်ကြရ တာပေါ့ ။ နောက် တဖြေးဖြေး နဲ့တော့ အတန်းတိုင်း အတွက် သစ်သား ကျောက်သင်ပုန်းကြီး တွေ ရ လာပါတယ် ။ စစ် ကြည့်တော့ အရည်အချင်း အလိုက် လဲ အတန်းငါးတန်း ခွဲ သင်ပြ ပါတယ် ။ လုံးဝ ကျောင်း မနေဖူးသေးတဲ့ ကလေးတွေ က တတန်း သပ်သပ် ပေါ့ ။ ကျုပ် မှတ်မိသလောက် တော့ ၁ + ၂ + ၃ က တတန်း ၊ ၄ + ၅ + ၆ က တတန်း ၊ ၇ နဲ့ ၈ က တတန်း နဲ့ ၉ + ၁ဝ က တတန်း အောက်မေ့တာပဲ ။ အဲ နောက် နှစ်လ သုံးလ ကြာလာတော့ ထင်ပါရဲ့ ။ အစတုန်း က လို ကြမ်း ပေါ် မှာ စာအုပ် ချပြီး ကုန်း ရေးစရာ မလိုတော့ပါဘူး ၊ တင် ရေးစရာ ခုံတန်းရှည်ကလေးတွေ လုပ် လှူကြတဲ့ အလှူရှင်တွေ ပေါ်လာပါတယ် ။ ကျုပ် က တော့ စစ် မဖြစ်ခင် က လည်း ငါးတန်း ၊ ခု ပြန် တက် တော့လဲ ငါးတန်းမှာ ပဲ နေရပါတယ် ။ ကျုပ် အမေ က ‘ ကျောင်းဆရာမ ရဲ့ သား စာ မလိုက်နိုင်ရင် သိက္ခာ ကျမယ် ’ ဆိုပြီး အတန်း တက် မထားပါဘူး ။ ကျုပ် မှတ်မိသေးတယ် ။ ကျုပ် နဲ့ အတန်းဖေါ် သိန်းအော င်ဆိုတဲ့ ကော င်က တနေ့ အင်္ဂလိပ်စာ ဆရာမ ကို ထ မေးတယ် ။ m.o.t.h.e.r မိုးသား ဆိုတာ ဘာလဲ ဆရာမ တဲ့ ။ တတန်းလုံး ရော တကျောင်းလုံး ရော ပွဲကျ သွားပါတယ် ။ အဲသည်ကောင် နောင်အခါ ကြီး လာတော့ ဟံသာဝတီခရိုင် စက်ရှင် တရားသူကြီး ဖြစ်သွားတယ် ။ အဲသည်တုန်း က အတန်းဖေါ် ပဲ ။ ကြည်ညွ န့်ဆို တဲ့ ကောင် နောင်အခါ စစ်ဗိုလ်ကြီး ဖြစ်ပြီး သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဖြစ်တယ် ။ အဲသည်တုန်း က အတန်းဖေါ် ပဲ အမြဲတန်း ပြုံးချို နေတတ်တဲ့ မောင်စိုး ဆိုတဲ့ ကောင် နောင်အခါ ကွန်မြူနစ် ဖြစ် ၊ တောခိုပြီး တော ထဲ မှာ ပဲ တိုက်ပွဲ ကျ သလား ၊ ငှက်ဖျားမိ သေသလား မသိ ၊ သတင်း အစအန ပျောက် သွားတယ် ။ ကျုပ် မှတ်မိ သမျှ ကျောင်းနေဘက်တွေ ကို ပြောပြတာ ပါ ။ ကျန်တာတွေ တော့ နောင် တနှစ် မှာ စစ်ကိုင်းမြို့ ထဲ ကို ကျောင်း ပြောင်း ၊ ကျုပ်တို့ လဲ မန္တလေးပြန် ပြောင်း နဲ့ လူချင်း လဲ ကွဲ ကုန်ကြရလို့ မေ့ ကုန်ပါပြီ ။
ဆိုတော့ကာ ... ပြောစရာက ကျုပ် တို့ မေမေကြီးကြီး အကြောင်း ပဲ ကျန်ပါ တော့တယ် ။ နော့ … ကျုပ်တို့ မိသားစုကြီး ထဲ မှာ ထူးခြား ပြောင်းလဲ နေတာက သူ တယောက်ပဲ ရှိတာကို ။ စစ် မဖြစ်ခင်တုန်း က လင် နဲ့ သား နဲ့ အိမ်ထောင် ပြည့် ။ လူ လဲ အကောင်း ပြကတေ့ ။ ဟော စစ်မီးလဲ ငြိမ်းရော ။ နေရပ်ဟောင်း ကို ပြန် ပြောင်းကြမယ် ဆိုတော့ အနား မှာ ယောက်ျားလဲ မရှိတော့ဘူး ။ သူ့ ဆရာကြင် လဲ စူဠလိပ် ၊ တခါတည်း ပြန် ပေါ် မလာတော့ဘူး ။ မေမေကြီးကြီး လဲ မျက်စိ လုံးဝ မမြင်တော့ဘူး ။ ဘယ်လို ဖြစ်သွားရတာလဲ ဆိုတော့ စစ် ကိုင်းတောင်ရိုး က ငလျင်ကြော ကျောက်တောင် မဟုတ်လား ။ အောက် က ပူ တာပေါ့ ။ သည်အထဲ များသော အားဖြင့် ဖိနပ် ကလဲ မစီး ဖြစ်တော့ ကျောက်ပူ မိ ၊ ကျောက်ခိုး ရိုက်တာ နေမှာပေါ့ ။ လူတိုင်း လဲ သူ့ လို စီးလိုက် ချွတ်လိုက် နေကြရတာပါပဲ ။ ဘာကြောင့် သူ့ ကျ မှ ရွေး ဖြစ်ရ သလဲ ဆိုတော့ ဝဋ်နာ ကံနာ လို့ပဲ လူမတန် ပြောရမလား မသိပါဘူး ။ သူ့ ကျ မှ ခြေဖဝါးတွေ ခြေဖနောင့်တွေ က ပပ်ကြားတွေ အက်ပြီး ကွဲကုန်သတဲ့ လေ ။ အဲဒါကို အရှေ့တော က လယ်သူမ ကောက်စိုက်သမ တွေ ခြေထောက် ဝဲစား တော့ ကုလေ့ ရှိကြတဲ့ ဓာတ်ကြမ်းတိုက် ဆေးမြီးတို နဲ့ ကု သတဲ့ ။ ကျောက်ပြင် ဖင် မှာ ရေနံချေး နဲ့ ဆား ကို ကျိတ်သွေးပြီး ခြေဖဝါး ပပ်ကြားအက် တွေ ထဲ ထည့် သတဲ့ ။ ထွန့်ထွန့်လူး ပေါ့ ။ ခံရတဲ့ ဝေဒနာ က မျက်ရည်ပေါက်ကြီးငယ်တွေ ကျ ၊ မသက်သာလှဘူး ။ ဒါပေမယ့် ပျောက်သလား ဆိုတော့ ၊ ဟုတ်နိုးနိုး ငုပ်လျှိုး သွားတာ နေမှာပေါ့ ။ လမ်းတော့ ပြန် လျှောက်လာ နိုင်ပါရဲ့ ။ ဒါပေမယ့် အထက် တက် မျက်စိ လာ ခိုက်ပြီး ၊ မှုန် ရာ က ဝါး … ဝါး ရာ ကနေ တဖြေးဖြေး နဲ့ လုံးဝကွယ် သွားရတော့တာပါ ပဲ ။ အင်း … ကံ ကွက်ကျားပြီး သူ့ မှ ရွေး ဖြစ်ရလေတော့ ၊ ဒွေး ရော ဥပါဒ် ရော ဆိုသလို ကျုပ်တို့ မေမေကြီးကြီး လဲ စိတ်ပါ ခပ်နောက်နောက် ဖြစ်သွားတော့ တာပါပဲ ။ အရင် က ဓမ္မစကြာ တွေ ပဋ္ဌာန်း တွေ သာ အစဉ် ရွတ်ဆို လေ့ ရှိတဲ့ ကလျာဏယုဝ ပါးစပ် … ခုတော့ ငယ်တုန်းက ကြည့်ဖူးထားတဲ့ ဇာတ်ပွဲတွေ ထဲ ကသီချင်းတွေချည့် သံနေ သံထား နဲ့ ပြန် ဆို နေ တော့တာပါပဲ ။ ကျုပ် အဖို့ က တော့ … ဒုတ်ဆွဲ တွဲပို့ တွဲခေါ် နဲ့ ဆေးပြင်းလိပ် မီး ခဏခဏ ညှိ ပေးရ ကျိုး နပ်ပါတယ် ။ ရှေး ဇာတ် သီချင်း ပေါင်းချုပ် စာအုပ်ကြီး အပိုင် ရထား လိုက် သလိုပါပဲ ၊ အရှုံး ထဲ က အမြတ် ပြောပါတော့ ။
ဆိုတော့ကာ … ဇာတ်လမ်း ကို ချုပ် ရရင် မေမေကြီးကြီး လဲ ခုတော့ ဘယ် ရှိပါတော့မလဲ ။ မေမေကြီးကြီး မပြောပါနဲ့ ။ ကျုပ် အမေ့ မျိုးဆက် လဲ တမျိုးဆက်လုံး ဆုံး ကုန်ကြပါပြီ ။ ကျုပ်တို့ နို့စို့ဖက် မောင်နှမ သုံးယောက် ထဲ က တောင် စိန်မေ တယောက် ပြုတ်နှင့် ပြီ ။ ‘ စန်းငွေ ’ နဲ့ ကျုပ် ပဲ ကျန် တော့တယ် ။ အမယ် ကျုပ် တောင် မြစ် တယောက် ရ နေပြီ ။ မြစ်မကလေး ကို သူ့ အဖွါး ကျုပ် သမီး ‘ အိမ့် ’ က ကျုပ် နာမည် ပေးနည်း အတိုင်း လိုက်ပြီး တလုံးတည်း ပေးထားတယ် ၊ တနင်္လာသမီး မို့ … ‘ ခ ’ တဲ့ ။ သူ မသိဘူး ရယ် ။ ‘ ခ ’ ဆိုတာ သူ မမှီလိုက် မတွေ့ဖူးလိုက် ရ တဲ့ ကျုပ် တို့ မေမေကြီးကြီး ရဲ့နာမည် ။ မေမေကြီးကြီး ရဲ့ ငယ် နာမည် က ‘ မခ ’ … ။ ကြီး လာတော့ ‘ ဒေါ်ခ ’ … ပေါ့ ။
◾မောင်သာရ
📖 မန္တလေးဂေဇက်
ဒီဇင်ဘာလ ၊ ၂ဝဝ၉
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment