❝ ဘဝ သရုပ်ဖော်စာပေ နှင့် နုနုရည် ၊ အင်းဝ ၊ ❞
မေလ ထုတ် ပေဖူးလွှာ “ တွေ့ဆုံပေးခြင်း ကဏ္ဍ ” အတွက် လူ ရွေးကြတော့ “ နုနုရည် အင်းဝ ” ကို တွေ့ဆုံဖို့ စဉ်းစားကြ ပါတယ် ။ စာတည်းချုပ် ကို တင်ပြကြတဲ့ အခါ မှာ စာတည်းချုပ် ရဲ့ သဘောထား က တော့ နုနုရည် ရဲ့ စာတွေ ကို ဂရုတစိုက် ဖတ် လာ မိကြတဲ့ အချိန်ကာလ က သိပ် မရှည်ကြာ သေးပေမယ့် စာဖတ် ပရိသတ် စိတ်ဝင်စား နေတဲ့ စာရေးဆရာမ ဖြစ်တာ က တစ်ကြောင်း ။ ပေဖူးလွှာ က ပဲ စပြီး စင်တင် ခဲ့တဲ့ စာရေးဆရာ ဖြစ်တာ က တစ်ကြောင်း ၊ ဒီ ကဏ္ဍ နဲ့ ပတ်သက်ပြီး စာတည်းအဖွဲ့ ခံယူ ထားတဲ့ မူ အရ တစ်ကြောင်း နုနုရည် ကို ပဲ တွေ့ဆုံပါ လို့ ဆုံးဖြတ် ပေး လိုက်ပါတယ် ။ ဒါကြောင့် ဒီလ ကျွန်တော် တွေ့ဆုံ ပေးရမယ့် သူ က စာရေးသက် တစ်နှစ်တာ အတွင်း မဂ္ဂဇင်း အတော်များများ မှာ နေရာ ယူ လာတဲ့ နုနုရည် အင်းဝ ။
••••• ••••• •••••
“ ကိုဝင်းငြိမ်း မမေး ခင် ပေဖူးလွှာ မဂ္ဂဇင်း ရဲ့ တွေ့ဆုံခန်း နဲ့ ပတ်သက်ပြီး ဘယ်လို ရည်ရွယ်ချက် နဲ့ လုပ်တာလဲ ဆိုတာ ကို တော့ ကျွန်မ သိချင်ပါတယ် ”
“ ပေဖူးလွှာ မဂ္ဂဇင်း စ ထုတ်တော့မယ် ဆိုပြီး ပုံစံ စ ချ ကြတော့ ဒီ ကဏ္ဍ မပါ ပါ ဘူး ။ အမှတ် ( ၇ ) အထိ တွေ့ဆုံပေးခြင်း ကဏ္ဍ လုံးဝ မပါဘူး ။ ဒါပေမဲ့ စာဖတ်ပရိသတ် က တောင်းဆို လာတယ် ။ အင်တာဗျူး တစ်ခု ထည့် ပေးပါ ဆိုတော့ စာတည်းအဖွဲ့ က စဉ်းစား ကြပါတယ် ။ ဘယ်လို အင်တာဗျူး မျိုး ထည့် မလဲ ။ ဒီနေ့ ကျွန်တော်တို့ မဂ္ဂဇင်း အမျိုးအစားမျိုးစုံ ကိုယ့် ပုံစံ နဲ့ ကိုယ် ရပ်တည် နေ ကြတယ် ။ မဂ္ဂဇင်း အများစု မှာ ကိုယ် နဲ့ ဆိုင်တဲ့ အင်တာ ဗျူး တွေ ထည့် ကြတယ် ။ အင်တာဗျူး ထည့် တာ ကောင်းတယ် ၊ မကောင်းဘူး ဆိုတာ ကို ကျွန်တော် မပြော လိုပါဘူး ။ ဒါပေမဲ့ ဆရာမ စဉ်းစား ကြည့်ပါ ။ ကမ္ဘာ မှာ စောင်ရေ သန်း နဲ့ ချီ ပြီး ရောင်း နေတဲ့ တိုင်း ( မ ) လို ၊ နယူး ( စ ) ဝိခ် လို မဂ္ဂဇင်းတွေ တောင် မှ အင်တာဗျူး နဲ့ မကင်းပါဘူး ။
ပေဖူးလွှာ က ထည့်မယ့် တွေ့ဆုံပေးခြင်းကဏ္ဍ ဟာ စာဖတ်သူ အတွက် တစ်စုံတစ်ရာ ပေးစွမ်းနိုင် ရမယ် ဆိုတဲ့ ဦးတည်ချက် ကို ပထမ ကျွန်တော် တို့ ထား လိုက်ကြတယ် ။ ဒါဖြင့် ဘယ်လို တွေ့ဆုံ ပေးခြင်းမျိုး ထည့် မလဲ ။ ပေဖူးလွှာ က “ စာပေ ” မဂ္ဂဇင်း ဖြစ်တယ် ။ ဒါကြောင့် စာပေ လိုက်စားတဲ့ စာချစ်သူတွေ အတွက် စာရေးဆရာ တွေရဲ့ ဘဝ အတွေ့အကြုံ ၊ အတွေးအခေါ် ၊ အယူအဆတွေ ကို ဖော်ပြ ပေးနိုင်မယ့် “ စာရေးဆရာ ” တွေ နဲ့ တွေ့ဆုံ ပေးတဲ့ ကဏ္ဍ ကို သာ ထည့်ဖို့ ဆုံးဖြတ် ခဲ့ ကြပါတယ် ။
ဒါဆိုရင် ကျွန်တော် တို့ “ တွေ့ဆုံပေးခြင်း ” ကဏ္ဍ ဟာ ပေါ်ပြူလာ ဖြစ်ချင်လို့ ထည့် တာလား ၊ စာဖတ်သူ အတွက် ထည့် တာလား ဆိုတာ ဆရာမ ရှင်း လောက်ပြီ ထင်ပါတယ် ”
“ အဲလိုဆိုရင် ကျွန်မ ထက် ပိုပြီး ဝါ ရင့်တဲ့ ကလောင် ရှင်ကြီးတွေ က စာဖတ်သူတွေ ကို ပိုပြီး ပေးစွမ်း နိုင်လိမ့် မယ်လို့ ကျွန်မ ယုံကြည်တယ် ။ သူတို့တွေ နှစ်ပေါင်း များစွာ ဖြတ်သန်း လာရတဲ့ စာပေခရီး က အတွေ့အကြုံ တွေ ၊ အယူအဆတွေ အားလုံး ဟာ စာဖတ်သူတွေ အတွက် ပိုပြီး အကျိုး ရှိ လိမ့်မယ် လို့ ကျွန်မ ထင် တယ် လေ ၊ ကျွန်မ က ခုမှ ကလောင်သက် တစ်နှစ် ပဲ ရှိ သေးတာပဲ ”
“ ဒီလို ရှိပါတယ် ဆရာမ ။ ကျွန်တော်တို့ ဒီ ကဏ္ဍ စ ထည့် ကတည်း က စကား ပလ္လင် ခံထား တာ ရှိပါတယ် ။ “ ဝါစဉ် အရ မဟုတ်မူ ဘဲ စာတည်းအဖွဲ့ မှ လုပ်ငန်း အဆင်ပြေ အလျဉ်းသင့် သလို ဖော်ပြ ပေးသွားပါမည် ” လို့ ဆိုထား ခဲ့ပါတယ် ။ မဂ္ဂဇင်း ပရိသတ် နဲ့ လုံးချင်း ပရိသတ် မတူပါဘူး ။ လုံးချင်း ပရိသတ် က သူ ကြိုက်တဲ့ စာအုပ် ကို ကောက် ဖတ် လိုက်ရုံပဲ ။ မဂ္ဂဇင်း ပရိသတ် ကျ တော့ ရသ စုံစုံလင်လင် ကို မျှော်လင့်ပြီး ဖတ် ကြတယ် ။ ဒါကြောင့် ဒီ ကဏ္ဍ မှာ လည်း စာရေးဆရာ ကြီး ၊ လတ် ၊ ငယ် အရွယ် သုံးပါး စလုံး ကို အလျဉ်း သင့်သလို အလှည့်ကျ ဖော်ပြ ပေး နေတာပါ ။ ဆရာမ တို့ လို ကလောင်သက် နု သေး ပေမယ့် စာဖတ် ပရိသတ် စိတ် ဝင်စားတဲ့ ပုဂ္ဂိုလ်မျိုးတွေ ပါ သလို ဆရာမကြီး ဒေါ်ခင်မျိုးချစ် ၊ ဒေါ်ခင်နှင်းယု ၊ ဒေါ်ခင်ဆွေဦး စတဲ့ ဝါရင့် ပုဂ္ဂိုလ် ကြီးတွေလည်း ပါခဲ့ကြဖူး ပါတယ် ”
“ ကဲ ... ဒါ ထားပါတော့ ။ ကိုဝင်းငြိမ်း နဲ့ ကြိုတင်ပြီး ညှိချင်တာ က တော့ ကျွန်မ က ကိုဝင်းငြိမ်း မေး သမျှ အားလုံး ကို ဖြေချင်တယ် ။ ဒါကြောင့် မေးခွန်းတွေ ဟာ စာဖတ်သူတွေ အတွက် အကျိုးရှိမယ့် မေးခွန်း တွေပဲ ဖြစ်စေ ချင်တယ် ။ ကဲ ... မေး ပါ ကိုဝင်းငြိမ်း ”
“ ကျွန်တော် တို့ အနေနဲ့ စာဖတ်သူတွေ အတွက် အကျိုး ရှိမယ့် မေးခွန်း မျိုး သာ အစဉ်တစိုက် မေး ခဲ့ပါတယ် ။ အခု ဆရာမ က မေးပါ ဆိုပေမယ့် ကျွန်တော် က မမေးချင် သေးဘူး ။ မေး သမျှ ကို ဖြေချင် ပါတယ် ။ ဒါကြောင့် စာဖတ်သူတွေ အတွက် အကျိုး ရှိမယ့် မေးခွန်းတွေပဲ ဖြစ်စေချင်တယ် လို့ ဆို လိုက်တယ် ”
“ ဟုတ်ပါတယ် ”
“ ကျွန်တော် အထက် မှာ ပြောခဲ့ သလို ပေဖူးလွှာ အမှတ် ( ၉ ) က စပြီး ဒီ ကဏ္ဍ စ ခဲ့တာ ။ အခု ဆရာမ ဖြေ ရမှာ က အမှတ် ( ၄၈ ) အတွက် ဆိုတော့ ဖြေခဲ့ဖူး သူတွေ ဘယ်လောက် ရှိ သွားပြီ ဆိုတာ တွက် ကြည့်ပါ ။ ဒီ ဆရာ ၊ ဆရာမ အားလုံး ကို ကျွန်တော် မေးခဲ့တဲ့ မေးခွန်းတွေ မှာ တစ်ခု မှ စာဖတ်သူ အတွက် အကျိုးမဲ့ စေမယ့် မေးခွန်း မပါခဲ့ ဘူး ဆိုတာ ဒီ ကဏ္ဍ ကို အစဉ်တစိုက် ဖတ် လာ ခဲ့တဲ့ စာဖတ် ပရိသတ် တိုင်း သိ ပါတယ် ။ ကျွန်တော့် မေးခွန်း ကို သာ ပြော တာနော် ။ မေးခွန်း က တခြား ၊ အဖြေ က ကိုယ့် ဟာ ကိုယ် ပြော ချင်တာ တွေ ပြောပြီး ကိုယ်ရေး ကိုယ်တာ တွေ ပါ လာတာ တော့ ကျွန်တော် နဲ့ မဆိုင်ဘူး ထင် ပါတယ် ။ ကျွန်တော့် မေးခွန်း မှာ ဆရာမ ကိုယ်ရေး ကိုယ်တာ ပါလာမယ် ဆိုရင် ဒါမှမဟုတ် မဖြေချင် လောက်အောင် ဖြစ်တဲ့ ကိစ္စ မျိုး ပါ လာရင် မဖြေဘဲ နေလို့ ရပါတယ် ”
“ စာဖတ်သူ အကျိုး ရှိမယ့် အဖြေမျိုး ဆိုရင် ဘယ်လို ကိစ္စမျိုး ဖြစ်ဖြစ် ကျွန်မ ဖြေ နိုင်ပါတယ် ”
“ ကျွန်တော်တို့ စ ပြော လိုက်ကြရအောင် ။ ဆရာမ စ ပြီး စာ ရေး ဖြစ်တာ က စ သိ ချင်ပါတယ် ။ ကျောင်းသူ ဘဝ က စာ ရေး ဖြစ်သလား ။ ပေဖူးလွှာ မှာ ဖော်ပြခဲ့တဲ့ “ ထဘီကလေး တစ်ထည် ” က ဆရာမ ရဲ့ ပထမဆုံး ဝတ္ထု ပဲ လား ။ ဒီ ဝတ္ထု ကို ပို့ ထားပြီး ဘယ်လောက် ကြာ မှ ဖော်ပြခြင်း ခံခဲ့ရတာလဲ ။ ပို့ ထားတာ ကြာ တော့ ဆရာမ စိတ်ပျက် မိ သေးလား ”
“ ထဘီကလေး တစ်ထည် ဟာ ကျွန်မ ရဲ့ ပမဆုံး ဝတ္ထု ပါပဲ ။ ကျန်တဲ့ မေးခွန်းတွေ က တော့ ကိုဝင်းငြိမ်း ရယ် ကျောင်းသူ ဘဝ မှာ စာ စ ရေး ဖြစ်တယ် ။ မရေးဖြစ်ဘူး တို့ ၊ မဂ္ဂဇင်း ကို ဝတ္ထု ပို့ တာ ခြောက်လ ကြာ မှ ပါတယ် ၊ တစ်နှစ် ကြာ မှ ပါတယ် တို့ ၊ ပို့ ထား တာ ကြာတာ ကို စိတ်ပျက်တယ် မပျက်ဘူး တို့ ၊ ကျွန်မတို့ လို စာရေး စ ကလောင် ရှင်တွေ ကို ပြောပြ ချင်တာက ဒါတွေ ကို ဂရု မစိုက်ဘဲ စာ ဆက် ရေးကြပါ ဆိုတာတွေ က မေးတဲ့ လူ ရော ၊ ပြောတဲ့ လူ ရော ဖန်တရာ တေ နေကြပါပြီ ။ ကဲ နောက် တစ်ခု သာ မေးပါ ”
“ ကျွန်တော် ဒီ မေးခွန်း ကို လူတိုင်း ကို မေးလေ့ ရှိ ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒီ မေးခွန်း ကို ဖြေလိုက် တော့ မှ အောင်မြင်တဲ့ ကလောင် တစ်လက် ဖြစ် လာအောင် ဘယ်လို ကြိုးစားရတယ် ဆိုတဲ့ အဖြေ ပေါ်လာ မယ် ။ ဒီ အဖြေ က ဆရာမ စောစောက ပြောတဲ့ စာဖတ်သူ ကို တစ်စုံတစ်ရာ ပေးစွမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက် မှာ တစ်စိတ် တစ်ဒေသ ပါ တာပေါ့ ။ နုနုရည် ... နုနုရည် ... နဲ့ ဒီနေ့ မဂ္ဂဇင်းတွေ မှာ ဖြစ် လာတာလဲ ၊ ဘယ်လို ဖြစ် လာတာလဲ ၊ မဂ္ဂဇင်းတွေ က စာတည်း အဖွဲ့ဝင်တွေ နဲ့ သိလို့ နေ့ချင်း ညချင်း နတ်ရေကန် ထဲ ချ လိုက် သလို နာမည် ထွက် လာတာ လား ။ ဒါကို လိုချင်လို့ ကျွန်တော် မေးတာ ။
ကလောင်သစ် တစ်ယောက် ကို တင် မေးတဲ့ မေးခွန်း မဟုတ်ပါဘူး ။ အားလုံး ကို မေးခဲ့တာပဲ ။ သူတို့ တစ် တွေ လည်း စိတ်ပါ လက်ပါ ဖြေ ခဲ့ကြတာပဲ ။ တစ်နည်း အားဖြင့် တော့ ဒီ အဖြေ ဟာ မိမိ ကလောင် ရဲ့ အတ္ထုပ္ပတ္တိ ပါ ။ ဒါပေမဲ့ ဆရာမ က ဒီ မေးခွန်း ကို မဖြေနိုင်ဘူး ဆိုရင် တော့ လည်း နောက် တစ်ခု ဆက်ကြ တာပေါ့ ။
ဆရာမ ဝတ္ထုတွေ ဖတ်ပြီးတဲ့ စာဖတ် ပရိသတ် က အမျိုးသမီးစာရေး ဆရာမ တစ်ယောက်အနေ နဲ့ အတွေး ရဲ တယ်လို့ တုံ့ပြန် ကြတယ် ။ ဥပမာ - ကျွန်တော်တို့ ပေဖူးလွှာ မှာ ပါခဲ့တဲ့ “ ထဘီကလေးတစ်ထည် ” တို့ ၊ “ ညှိုးသူ ကို ကူဆောင်လို့ ” တို့ ပေါ့ ။ ဒီ ဝတ္ထု နှစ်ပုဒ် ဖန်တီးတဲ့ နေရာ မှာ ခံစား ယူ တဲ့ ဆရာမ ဘက် က ခံစားချက် ကို ဖြစ် နိုင်မယ် ဆိုရင် ပြောပြစေချင်ပါတယ် ”
“ ကျွန်မ ဝတ္ထုတွေ ကို ဖန်တီးတဲ့ နေရာ မှာ ကျွန်မ တွေ့ခဲ့ ၊ မြင်ခဲ့ ၊ ကြုံခဲ့ ၊ ကြားခဲ့ ဖူး တဲ့ ဖြစ်ရပ်မှန်တွေ က နေ ပြီးတော့ ဖန်တီး ယူပါတယ် ။ “ ထဘီကလေး တစ်ထည် ” ထဲ က မိဒိုး နဲ့ “ ညှိုးသူ ကို ကူဆောင် လို့ ” ထဲ က မငွေမြိုင် တို့ ဟာ လည်း ကျွန်မ တွေ့မြင် ကြုံကြိုက် ခဲ့ရတဲ့ ဇာတ်ကောင် တွေ ထဲ က နှစ်ယောက် ပေါ့ ။ ခုချိန် ထိ လည်း မငွေမြိုင် ဟာ အင်းဝမြို့ဟောင်းတွေ ကြား မှာ ထမင်း ရှာ စားနေဆဲပါပဲ ။
မိဒိုး ဟာ အပြင် ဘဝ မှာ ကျွန်မ နဲ့ ကစား ဖော် ဖြစ်ခဲ့ဖူးတယ် ။ ငယ်ဘဝ သူ့ အဖြစ်ကလေး ကို ငယ်စိတ် နဲ့ ကျွန်မ ရယ်မောခဲ့ ဖူးပေမယ့် ခုချိန် မှာ ပြန် တွေး မိတော့ ရယ်စရာ လို့ ကျွန်မ မမြင်တော့ဘူး ။ ဒါ့ထက် ကျွန်မ သူငယ်ချင်း လို မိဒိုးလေးတွေ အများကြီး ကို ကျွန်မ တွေ့လာရတဲ့ အခါ မှာ မြစ်ဆိပ် ကမ်းနား တစ်ခု က မိဒိုး တစ်ယောက် ကို ကြည့်ပြီး ကျွန်မ ခံစား ရေးဖွဲ့ပါတယ် ။
မြန်မာပြည်တွင်း က မြစ်ကမ်း ရှိတဲ့ နေရာတိုင်း မှာ ကျွန်မ ရဲ့ ဇာတ်ကောင် မိဒိုး လို ရုန်းကန် လှုပ်ရှား နေရ ရှာတဲ့ အရွယ် မရောက်သေး တဲ့ မိဒိုးလေး တွေ ရှိနေလိမ့်ဦးမယ် လို့ ကျွန်မ ယုံကြည်ပါ တယ် ”
“ ပေဖူးလွှာ မှာ ဝတ္ထုရှည် အဖြစ် ဖော်ပြခဲ့တဲ့ “ လေနုအေး က နော့ဆဲကို ” နဲ့ ပတ်သက်ပြီး ကျွန်တော် ဆွေးနွေး ချင် ပါတယ် ။ မိန်းကလေး ဘော်ဒါဆောင် ကို ရောက် လာတဲ့ ဆွေဦး ဆိုတဲ့ မိန်းကလေး တစ်ယောက် ပျက်စီး သွားရပုံ ကို ဆရာမ ရေး သွားတယ် ။ ဆရာမ ရေး သွားတဲ့ ဇာတ်ကြောင်း အရ ဆိုရင် ဆွေဦး ဟာ ပတ်ဝန်းကျင် အခြေအနေ ကြောင့် ပျက်စီး သွားရတယ် လို့ ကောက်ချက် ဆွဲ လို့ ရမယ် ထင်တယ် ။ ဒီနေ့ အပြင် လောက မှာ ဒီလိုပဲ ပျက်စီး နေတာတွေ ရှိပါတယ် ။ ဒီလို ပျက်စီး နေကြတာတွေ ဟာ ပတ်ဝန်းကျင် ကြောင့် လား ၊ “ ဗီဇ ” ကြောင့် ကော မဖြစ်နိုင်ဘူးလား ”
“ ကိုဝင်းငြိမ်း က ဒီ မေးခွန်း ကို မေးတယ်နော် ၊ ကျွန်မ ဖြေမယ် ။ ကိုဝင်းငြိမ်း မေးတဲ့ ဗီဇဆို တာ ဘာကို ဆိုလို တယ် ဆိုတာ တော့ ကျွန်မ မသိဘူး ။ ကျွန်မ သိတဲ့ မျိုးရိုးဗီဇ သီအိုရီ မှာ တော့ အမွေ ဆက်ခံနိုင်တယ် ၊ မဆက်ခံ နိုင်တယ် ဆိုတဲ့ အချက်တွေ ရှိ ပါတယ် ။ မျက်လုံး အရောင် ၊ အသား အရောင် ၊ ဆံပင် အရောင် ၊ ဦးခေါင်း ပုံစံ တွေ ကိုတော့ အမွေ ဆက်ခံနိုင်တယ် လို့ ခိုင်ခိုင်မာမာ ယူဆ ကြတယ် ။ သဘောထား တွေ ၊ ဟန်ပန် တွေ ဝါသနာ တွေ အချုပ် ပြောရရင် သင်ယူ လေ့လာလို့ ရ နိုင်တဲ့ ခြင်းရာ သတ္တိတွေ ကို အမွေ မဆက်ခံ နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ယူဆ ကြတယ် ။
ဂျေ - ဘီ - ဝပ်ဆန် ( J . B . Watson ) ဆိုတဲ့ အပြုအမူ ပညာရှင် ( Behaviorist ) က သူ့ ရဲ့ Behaviorist Manitesto ( အပြုအမူဝါဒီ ကြေညာစာတမ်း ) မှာ “ ကျန်းမာ သန်စွမ်းသော မွေးခါစ ကလေးငယ်များ ကို ကျွန်ုပ် တို့ လက် သို့ သာ ယုံကြည်စွာ အပ်နှံပါ ။ သူတို့ ၏ မိဘ မျိုးရိုး မည်သို့ပင် ဖြစ်စေကာ မူ သူတို့ ကို ဆရာဝန် ၊ တရားသူကြီး ၊ ကုန်သည် သို့မဟုတ် ဂျပိုး ၊ သူခိုး ၊ သူတောင်းစား ဖြစ်အောင် ကျွန်ုပ် ဖန်တီး ပြပါ့မယ် ” လို့ ရဲရဲ ဝံ့ဝံ ပြော ခဲ့တယ် ။ ဒီ အဆို ကို ကျွန်မ လက်ခံတယ် ။ ကျွန်မ ဇာတ်ကောင် ဆွေဦး ရဲ့ ဘဝလေး ဟာ လည်း ပတ် ဝန်းကျင် ကြောင့် ပျက်စီး သွားရ ရှာ တာပါ ။ ဗီဇ ကြောင့် လုံးဝ မဟုတ်ပါဘူး ”
“ ကျွန်တော် ဆိုလိုတဲ့ ဗီဇ ဆိုတာ ကို ဆရာမ သဘောပေါက် ပြီး သားပါ ။ ဆရာမ ပြောတဲ့ အပြုအမူဝါဒီ ကြေညာ စာတမ်း ကို တော့ ကျွန်တော် မလေ့လာဖူး ပါဘူး ။ ဒါ ရိုးရိုးသားသား ဝန်ခံ တာပါ ။ ပတ်ဝန်းကျင် တစ်ခု တည်း ကြောင့် တော့ ဒါတွေ ဖြစ် မလာနိုင်ဘူး လို့ ကျွန်တော် ထင်ပါတယ် ။ မြန်မာစကား တွေ မှာ လည်း ရှိသား ပဲ ။ “ မျိုးစေ့ မမှန် ပင် မသန် ” တို့ “ မစွမ်းရင်း က လည်း ရှိ ၊ ကန်စွန်းခင်း က လည်း ငြိ ” တို့ ဒါတွေ က တော့ စကား အရ ပြောတာပါ ။
ဒီ အယူအဆ နဲ့ ပတ်သက်ပြီး ကျွန်တော် က ဆရာမ စမ်းစမ်းနွဲ့ ( သာယာဝတီ ) ရဲ့ အယူအဆ နဲ့ ကိုက်ညီ တယ် ။ သားစား တိရစ္ဆာန်မျိုး ဖြစ်တဲ့ ကျား တို့ ၊ ခြင်္သေ့ တို့ ကို စိမ်းလန်းစိုပြည်တဲ့ မြက်ခင်း ထဲ မှာ ထားကြည့်ပါ ။ သူတို့ က အသား မစားရ လို့ မြက် ကို စား မလား ၊ မစားပါဘူး ။ မျိုးရိုး ဗီဇ ကို က အသားစားမျိုး ကိုး ။ အဲဒီလိုပဲ မြက် ကိုပဲ စား တဲ့ နွား စတဲ့ တိရစ္ဆာန်တွေ ကို မြက် မရှိ တဲ့ နေရာ မှာ တခြား တိရစ္ဆာန်တွေ နဲ့ ရော ထား ကြည့် ပါလား ၊ သူတို့ က မြက် မစား ရ တဲ့ အတွက် တခြား တိရစ္ဆာန်တွေ ရဲ့ အသား ကို စား ပါ့ မလား ၊ မစား ပါဘူး ။
ကိုင်း ... ဒါတွေ က တိရစ္ဆာန်တွေ မို့ ထား လိုက်တော့ ။ လူတွေ အကြောင်း ပြန် စဉ်းစား ကြည့် ၊ အောင်မြင်တယ် ၊ ချမ်းသာတယ် လိုလေသေး သရွေ့ မရှိ လိုတရ နေတဲ့ အမျိုးသမီး တချို့ ပျက်စီး နေတာ ကော ၊ ဆရာမ ကြားဖူး မှာ ပေါ့ ။ သူတို့ ကော ပတ်ဝန်းကျင် ကြောင့် လား ”
“ တစ်ထောင် မှာ တစ်ယောက် ၊ တစ်သောင်း မှာ တစ်ယောက် ဖြစ် နေတဲ့ အဖြစ်အပျက်တွေ ကို ကျွန်မ တို့ ထည့် တွက် ဖို့ မလိုဘူး ထင် ပါတယ် ။ အများစု ဖြစ် နေတာ က တော့ ပတ်ဝန်းကျင် ကြောင့် လို့ ပဲ ကျွန်မ ယုံကြည် ပါတယ် ကိုဝင်းငြိမ်း ”
“ ပတ်ဝန်းကျင် နဲ့ ဗီဇ က တော့ ငြင်းရမယ် ဆိုရင် မဆုံးနိုင် လောက်အောင် ရှိ လိမ့်မယ် ။ ဒီတော့ နောက် တစ်ခု ကျွန်တော် တို့ ဆက်ကြရအောင် ။ ဒဂုန်မဂ္ဂဇင်း မှာ ပါခဲ့ တဲ့ “ ရေပေါ်မှာ လွှားပါလို့ ” ထဲ က ဇာတ်ကောင် ခြူးနီ ၊ ဒီ ဝတ္ထု ဖတ်ရတာ ကျွန်တော် တော်တော် စိတ် ထိခိုက် မိပါတယ် ။ ဝါး ထမ်းတဲ့ လူငယ်လေး တစ်ယောက် ဂျင်းအင်္ကျီ တစ်ထည် လိုချင်ရှာ လို့ ရေ ထဲ မြုပ် နေတဲ့ မော်တော်အင်ဂျင် ကို ဆင်း ဆယ်ရာ က နေ အသက် စွန့် သွားရတယ် ။ ခြူးနီ ကို ဆရာမ ဘယ်လို ဖန်တီး ခဲ့တယ် ဆိုတာ ပြောပြစေချင်ပါတယ် ”
“ ကျွန်မတို့ အင်းဝ မှာ ဝါး အရောင်းအဝယ် လုပ် တဲ့ တောင်တော် ဆိပ်ကမ်း ဆိုတာ ရှိတယ် ။ အဲဒီမှာ ဝါး လာ ဝယ်တဲ့ ကားတွေ ၊ လှည်းတွေ ပေါ် ကို ဝါး ထိုး တဲ့ လူငယ်လေး တွေ အများကြီး ပဲ ။ အဲဒီ လူငယ်လေးတွေ ထဲ က အမြဲ အင်္ကျီ တုံးလုံးချွတ် နဲ့ နေတတ်တဲ့ ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက် လူငယ်လေး တစ်ယောက် ရဲ့ စရိုက် နဲ့ ပိုက်ဆံ အတွက် မော်တော်အင်ဂျင် ဆင်း ဆယ်ရင်း အသက်စွန့် သွားရတဲ့ လူငယ် တစ်ယောက် ရဲ့ တကယ့် အဖြစ်အပျက် ကို ပူးပေါင်း ခံစားပြီး ခြူးနီ ကို ကျွန်မ ဖန်တီးခဲ့ ပါတယ် ”
“ ဆရာမ အခု ဝတ္ထုတို ကော ၊ ဝတ္ထုရှည် ပါ ရေးနေပြီ ဆိုတော့ ဝတ္ထုတို နဲ့ ဝတ္ထုရှည် ရေး ရတာ ဘယ်လို ကွာ ခြား ပါသလဲ “
“ ဝတ္ထုတို က တော့ အား အထုတ် ရ ဆုံး ပါပဲ ။ ဝတ္ထုရှည် က တော့ အများ အားဖြင့် ဇာတ်ကြောင်း ကို ဆွဲ ဆန့်တာ မျိုး လို့ ပြော နိုင်ပေမယ့် ဝတ္ထုတို တစ်ပုဒ် လို စည်းစည်းလုံးလုံး သိပ်သိပ်သည်းသည်း ရှိပြီး ဝတ္ထုတို ကောင်း တစ်ပုဒ် ကို ဖတ် လိုက်ရတဲ့ အရသာမျိုး ပေးနိုင်တဲ့ ဝတ္ထုရှည်တွေ လည်း ရှိပါတယ် ။ ကျွန်မ အဲသလို ဝတ္ထုရှည်တွေ ကို အင်မတန် နှစ်သက်ပါတယ် ။ ကျွန်မ ဝတ္ထုရှည် တွေ ကို လည်း အဲလို ဝတ္ထု ရှည်မျိုး တွေ လို ဖြစ်အောင် ကြိုးစား ရေးပါတယ် ။ ဒါကြောင့် ကျွန်မ အတွက် က တော့ ဝတ္ထုတို အားထုတ် ရ သလိုပဲ ဝတ္ထုရှည် ကို လည်း အားထုတ် ရ ပါတယ် ”
“ ဆရာမ ကို ကျွန်တော် က ဘဝ သရုပ်ဖော် စာရေးဆရာမ လို့ ကင်ပွန်း တပ်မယ် ဆိုရင် ... ”
“ ဘဝသရုပ်ဖော် ဝတ္ထုတွေ ကို ပီပြင်အောင် ကျွန်မ ကြိုးစား နေတုန်းပါပဲ ကိုဝင်းငြိမ်း ”
“ ဘဝ သရုပ်ဖော် ဇာတ်တွေ ရေးတဲ့ သူ တစ်ယောက် အနေ နဲ့ တကယ်ပဲ ကိုယ်တိုင် က ဘဝ နာ ခဲ့ ဖို့ လိုပါ သလား ။ ဘဝ နဲ့ မနီးစပ် တဲ့ ၊ ကျွန်တော် ဆိုလိုတာ က ဘဝ မှာ ဘာ အခက်အခဲ မှ ရင်မဆိုင်ခဲ့ရ ဖူးတဲ့ သူ တစ်ယောက် အနေနဲ့ ဒီလို စာမျိုး ရေး နိုင်ပါ့မလား ”
“ ကိုယ်တိုင် ဘဝ နာ ခဲ့ရတဲ့ လူတွေ က စာ ရေးတတ်မယ် ဆိုရင်တော့ သူတို့ ဘဝ ထဲ က တခြားသူ မသိနိုင် ၊ မမြင်နိုင် တဲ့ ခံစားမှုတွေ ကို ပိုပြီး ရေးနိုင် ၊ သရုပ်ဖော် နိုင်လိမ့်မယ် လို့ ကျွန်မ ထင်ပါတယ် ။
ဒါပေမဲ့ ကိုဝင်းငြိမ်း ၊ တော်လ်စတွိုင်း ဟာ ပဒေသရာဇ် မိသားစု က ပေါက်ဖွားခဲ့တဲ့ မြေပိုင်ရှင် ကြီး တစ်ယောက် ဖြစ်ပေ မယ့် အဖိနှိပ်ခံတွေ ဘက် က အမြဲ ရပ်တည်ပြီး ရေးသား ခဲ့တဲ့ စာရေးဆရာ တစ်ယောက် ပါ ။ ဂျက်လန်ဒန် ကျ တော့ ဘဝ နာ သူ တစ်ယောက် ဖြစ် နေ ပြန်ရော ။ ကျွန်မ ပြောချင်တာ က တော့ စာရေးသူ ရဲ့ ရပ်တည်မှု ၊ စာနာ ခံစားတတ်မှု ပေါ် မှာ မူတည်နေတယ် ဆိုတာ ကို ပါတဲ့ ”
“ တချို့ က ပြောတယ် ၊ ဘဝ သရုပ်ဖော် စာပေ ဆိုတာ ဆင်းရဲတာ ၊ ငတ်ပြတ်တာ ၊ ကျပ်တည်းတာ တွေ ချည်းပဲ ရေး နေကြတာ တဲ့ ။ ဒီလို ဆင်းရဲ ကျပ်တည်း တာ ကို သရုပ်ဖော် ရေးနေကြမယ့် အစား ဒီ အကျပ်အတည်း က လွတ်မြောက်အောင် ဘယ်လို ရင်ဆိုင်ရုန်းကန် သင့်တယ် ဆိုတာတွေ ကို စာရေးဆရာ တွေ အနေနဲ့ ရေးသင့် တယ်လို့ ဆိုတယ် ။ ဒီ အဆို နဲ့ ပတ်သက်ပြီး ဆရာမ ဘယ်လို မြင်ပါသလဲ ”
“ ဒီနေရာ မှာ ဘဝ သရုပ်ဖော် စာပေ ဆိုတာ ဘာလဲ ဆိုတာ ကို ကျွန်မ ပြော ချင်ပါတယ် ။ ဘဝ သရုပ်ဖော် စာပေ ဆိုတာ စစ်မှန်တဲ့ လူမှုရေး ဘဝတွေ ကို ဖော်ထုတ် တင်ပြတဲ့ စာပေ ပါ ။ Social Reality ပေါ့ ။ အဲဒီလို ဖော်ထုတ် ရေးသားကြတဲ့ အခါမှာ လူမှုအဖွဲ့အစည်း မှာ တွေ့မြင် နေရတဲ့ ဖြစ်ရပ် မှန်သမျှ ကို ဣဋ္ဌာရုံ ပဲ ဖြစ်ဖြစ် ၊ အနိဋ္ဌာရုံ ပဲ ဖြစ်ဖြစ် ရေးသား ရမယ် ။ လူနေမှု အဖွဲ့အစည်း တွင်း က လူမှု အစစ်အမှန် တရား တွေ ဟာ အခါခပ်သိမ်း မလှပ နိုင်ဘူးလား ။
ဒါပေမဲ့ အဲဒီ အမှန်တရားတွေ ကို အနုပညာ တစ်ရပ် အနေနဲ့ တင်ပြတဲ့ နေရာ မှာ ပုံတူ ကူးချ သလို ၊ သတင်းပေး သလို မဖြစ် သင့်ဘူး ။ တင်ပြသူ အနုပညာရှင် ရဲ့ တီထွင်မှု နဲ့ စိတ်ကူး စိတ်သန်း တွေ ပါ မှ အနုပညာ လက်ရာ မြောက် မှာ ပေါ့ ။
ရုရှား ရဲ့ သရုပ်မှန်ဝါဒ ဖခင် လို့ အသိအမှတ် ပြုထားတဲ့ စာရေးဆရာ ဝေဖန်ရေးဆရာ Belinsky က “ အနုပညာ ဆိုတာ အနုပညာရှင် ဟာ ပြင်ပလောက ကို မိတ္တူ ကူးပြီး တင်ပြတာ ဖြစ်ပြီး တီထွင်မှုပိုင်း မှာ အားနည်း နေတယ် ။ အမှန်တရား ကို ရောင်ပြန်ဟပ် တဲ့ နေရာ မှာ အနုပညာရှင် ရဲ့ တီထွင်မှု ပိုင်း ဟာ ပါဝင်ရ မယ် ” လို့ ပြော ထားတာ ကျွန်မ ကြား ဖူးပါတယ် ။
သရုပ်မှန်ဝါဒ ( Realism ) နဲ့ ပတ်သက်တဲ့ စာတမ်း တစ်ခု ပြုစုတဲ့ ရုရှား စာရေးဆရာ ၊ ဝေဖန်ရေးဆရာ Chery Shevsky က လည်း “ ဘဝ သို့မဟုတ် အနုပညာရှင် ရဲ့ စိတ်ကူး ၊ စိတ်သန်း ဟာ ပါဝင် နေတယ် ။ အစစ်အမှန် တရား ကို ရောင်ပြန်ဟပ် တဲ့ နေရာမှာ သိပ္ပံပညာ ဟာ သိပ္ပံဆိုင်ရာ အသိပညာများ ကို အသုံး ပြု သလို အနုပညာ ဟာ အနုပညာ ဆိုင်ရာ နိမိတ်ပုံ ကို အသုံးပြုပါ ” သတဲ့ ။
ဒါကြောင့်မို့ ကျွန်မ ရေး တဲ့ ဝတ္ထုတွေ မှာ လူမှုဘဝ အစစ်အမှန်တရား တွေ ကို ကျွန်မ တွေ့ခဲ့ ၊ မြင်ခဲ့ ။ ကြုံခဲ့ ၊ ကြားခဲ့ တာတွေ နဲ့ ကျွန်မ ရဲ့ တိထွင်မှု စိတ်ကူးစိတ်သန်းတွေ ကို ရော မွှေပြီး အနုပညာ မြောက်အောင် ကြိုးစား ဖန်တီး ပါတယ် ။ တစ်နည်း အား ဖြင့် “ ဝတ္ထု အတတ်ပညာ ” လို့ ခေါ် နိုင်တဲ့ အနုပညာ တီထွင်မှု စိတ်ကူး စိတ်သန်းတွေ ကို ဘဝ သရုပ်ဖော် ဝတ္ထုတွေ မှာ ထည့်တဲ့ အခါမှာ အမျိုးမျိုးသော အနုပညာ တီထွင်မှုတွေ နဲ့ အနုပညာ လက်ရာ မြောက် အောင် ဖန်တီး ထည့်သွင်းကြပါ လိမ့်မယ် ။
ကျွန်မ က တော့ ကျွန်မ ဝတ္ထု ထဲ က ဇာတ်ကောင်တွေ သူတို့ ရဲ့ ဘဝတွေ ကို စာဖတ်သူ က “ ဒီလို ဘဝတွေ ရှိပါလား ” လို့ သိ လာအောင် အဲဒီ က တစ်ဆင့် သူတို့ ဘဝတွေ ကို စာနာ တတ်လာအောင် ၊ နောက်ဆုံး အဆင့် ကိုယ်ခံအား ကောင်း ရင် ကောင်း သလို အတိုင်းအတာ တစ်ခု အထိ တွေးယူ တတ်အောင် ကျွန်မ ကြိုးစား ဖန်တီး ပါတယ် ။
နောက် တစ်ဆင့် ကိုဝင်းငြိမ်း ပြောတဲ့ အကျပ်အတည်း က လွတ်မြောက်အောင် ဘယ်လို ရင်ဆိုင် ရုန်းကန် သင့်တယ် ဆိုတာမျိုး ကို ရေးတာ က တော့ Socialist Realismပေါ့ ။ ရုရှား စာရေးဆရာကြီး ဂေါ်ကီ က စတင် တွေ့ရှိခဲ့ပါတယ် ။ ဆိုရှယ်လစ် သရုပ်မှန်ဝါဒ ဟာ ဆိုရှယ်လစ် အမြင် ကို လက်ကိုင် ပြု ပြီး ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်ရေး ကို ရှေးရှု တည်ဆောက် နေတဲ့ ဝါဒ တစ်ခု ပါ ။ ဒီလို စာပေမျိုး ဟာ အလွန် အဆင့် မြင့်တဲ့ စာပေ ဖြစ်ပါတယ် ။ ဆိုရှယ်လစ် သရုပ်မှန်ဝါဒ ဟာ သရုပ်မှန် နည်းစနစ်ပိုင်း Realist Method ကို အလေးမထားဘဲ အနုပညာရှင်များ ခံယူ ရတဲ့ သဘောထား ပိုင်း ( ဒါမှ မဟုတ် ) ဆိုရှယ်လစ် အမြင် ပိုင်း Socialist Outlook ကို အဓိက ထားသင့်တယ် လို့ “ အန့်ဖစ်ရှာ ” ( Ernst Fisher ) က ပြောခဲ့ဖူးတာပဲ ။
အနုပညာ ဆိုတာ လူမှု စီးပွားရေး အခြေအနေ နဲ့ ရောင်ပြန်ဟပ်ချက် ဖြစ်တယ် လို့ ပြောခဲ့ကြ တယ်လေ ။ ဒီလို စာပေမျိုး ဟာ အဆင့်အတန်း အမြင့်ဆုံး စာပေပဲ ။ ဒီ စာပေမျိုး ကို ကျွန်မ လက်ခံ ကြိုဆိုပါတယ် ။ ဒါပေမဲ့ ဒီ စာပေမျိုး ရေးခွင့် ရဖို့ ကျွန်မတို့ အနေ နဲ့ အများကြီး ကြိုးစားရဦးမှာပါ ”
“ လုံးချင်းဝတ္ထုတွေ မရေတွက် နိုင်အောင် ရေးခဲ့ပါတယ် ဆိုတဲ့ ဆရာ တစ်ဦး က ဒီနေ့ မြန်မာစာပေ လောက မှာ လုံးချင်းဝတ္ထု ဈေးကွက် ကျဆင်း လာတာ ဟာ စာရေးဆရာတွေ ကိုယ်တိုင် က အရေးအသား ညံ့ လာလို့ လို့ ဆိုတယ် ။ ဆရာမ ဘယ်လို မြင်ပါသလဲ ”
“ ဒီ ပြဿနာ ကို ကျွန်မ မစဉ်းစားဖူးသေး တဲ့ အတွက် ကျွန်မ နဲ့ အတူ ကိုဝင်းငြိမ်း ပါ စဉ်းစား ကြည့်စမ်းပါ လား ၊ အရင် ခေတ် က ရေးခဲ့ကြတဲ့ စာရေးဆရာကြီး တွေ ရဲ့ စာတွေ ထက် ခုခေတ် ရေးနေ ကြတဲ့ ဆရာ ။ ဆရာမတွေ ဖြစ်တဲ့ ဒဂုန်တာရာ ၊ မောင်သာရ ၊ ခင်ဆွေဦး ၊ မိုးမိုး ( အင်းလျား ) ၊ မစန္ဒာ ၊ စမ်းစမ်းနွဲ့ ( သာယာဝတီ ) တို့ စာတွေ က ပို ညံ့ လာ လို့လား ၊ ကျွန်မ တော့ မထင်ပါဘူး ။ ကိုဝင်းငြိမ်း ကော ဘယ်လို ထင်ပါသလဲ ”
“ လက်လှမ်း မီ သလောက် ကျွန်တော်တို့ ဖတ်ခဲ့ရ သလောက် တော့ ဒီနေ့ ဆရာ ၊ ဆရာမတွေ ရဲ့ အရေးအသား ၊ တင်ပြပုံ အကြောင်းအရာတွေ ဟာ ဟို ခေတ်က ဆရာကြီးတွေ ထက် ညံ့တယ် လို့ မထင် ပါဘူး ။ အနုပညာ ကို ဘယ်လို စံ နဲ့ တိုင်းတာပြီး ဒီနေ့ ဆရာ ဆရာမတွေ ရဲ့ စာတွေ ဟာ “ ညံ့ ” လာတယ် လို့ ပြောတယ် ဆိုတာ တော့ ကျွန်တော် လည်း မစဉ်းစား တတ်တော့ဘူး ။ တစ်ခု တော့ ရှိပါ တယ် ။ အဲဒီ လုံးချင်းဝတ္ထု မရေမတွက် နိုင်အောင် ရေး ခဲ့တဲ့ ဆရာ ရဲ့ ဝတ္ထုတွေ ဒီနေ့ ဈေးကွက် မှာ မရှိတာတော့ အမှန် ပါပဲ ။
ဆရာမ က အခု တက္ကသိုလ် အဝန်းအဝိုင်း မှာ လှုပ်ရှား နေတဲ့ သူ ဆိုတော့ ဒီနေ့ တက္ကသိုလ်တွေ မှာ စာပေ လှုပ်ရှားမှု နဲ့ ဟိုတုန်းက လှုပ်ရှားမှု အခြေအနေ နှိုင်းယှဉ် ကြည့်ရင် ... ”
“ အရင်ခေတ် တက္ကသိုလ် ရဲ့ စာပေ လှုပ်ရှားမှု ဟာ မြန်မာနိုင်ငံရေး သမိုင်း နဲ့ တစ်နည်း မဟုတ် တစ်နည်း ဆက်စပ် နေတယ်လို့ ကျွန်မ မြင်ပါတယ် ။ နယ်ချဲ့ဆန့်ကျင်ရေး ၊ ဖက်ဆစ်ဆန့်ကျင်ရေး ၊ အမျိုးသားလွတ် မြောက်ရေး ၊ ဒီမိုကရေစီရေး တွေ ရဲ့ ရောင်ပြန်ဟပ်ချက် တွေ ဟာ တက္ကသိုလ် စာပေ လှုပ်ရှားမှု မှာ ထင်ဟပ် နေ ခဲ့တယ် ။ ရေးစရာ ပလက်ဖောင်း က လည်း တက္ကသိုလ် ထဲ မှာ ကို အများကြီး ရှိတယ် ။ ခုချိန်မှာ တော့ ဌာနဆိုင်ရာ နံရံကပ်စာစောင်လေးတွေ နဲ့ တစ်နှစ် တစ်ခါ သာ ထုတ်ဝေတဲ့ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်း ဆိုတာလေး ကို ပဲ အားကိုး နေကြရတယ် ။ ဘာပဲ ပြောပြော တက္ကသိုလ် စာပေလှုပ်ရှားမှု ဟာ “ အတိဇာတ အစဉ်အလာ ” ရှိတယ် လို့ ကျွန်မ လေးလေးနက်နက် ယုံကြည်ပါတယ် ”
“ ဆရာမ ဘယ်သူ ရေးတဲ့ စာတွေ ဖတ်လေ့ ရှိပါသလဲ ”
“ အပေါစား အချစ်ဝတ္ထု ၊ အပေါစား စုံထောက်ဝတ္ထု ၊ သိုင်းဝတ္ထု စတဲ့ အပစ်အခတ် အညှစ်အသတ် ၊ အညစ်အပတ် စာတွေ က လွဲရင် တခြား ဘယ်သူ ရေးတဲ့ စာ ပဲ ဖြစ်ဖြစ် အားလုံး ဖတ် ပါတယ် ”
“ ဆရာမကြီး ကြည်အေး ရဲ့ စာတွေ ကော ဖတ်ဖြစ်ပါ သလား ။ ဆရာမ ရဲ့ တချို့ ဝတ္ထု တွေ မှာ ကြည်အေး ပုံစံ ဝင် လာတယ် လို့ မြင်ကြတယ် ”
“ စာရေးဆရာမကြီး ကြည်အေး ရဲ့ စာတွေ ၊ ကဗျာတွေ အားလုံးကို ကျွန်မ ဖတ်ဖူးပါတယ် ။ ဒါပေမဲ့ ခုချိန် မှ ဖြစ်နေကြတဲ့ “ ကြည်အေး ရောဂါသည် ” တွေ ထဲ မှာ ကျွန်မ လုံးဝ မပါပါဘူး ။ ကျွန်မ မှာ ကြည်အေး ရောဂါ သရိုးသရီ ကလေး တောင် မဖြစ်ပါဘူး ။
ကျွန်မ စာတွေ မှာ ကြည်အေး ပုံစံ ဝင် လာတယ် လို့ မြင်ကြတယ် ဆိုတဲ့ အချက် က တော့ ကျွန်မ စာတွေ နဲ့ ပတ်သက်ပြီး မြင်ကြတဲ့ တုံ့ပြန်ချက်တွေ မှာ အသစ် ပါ ပဲ ။ သူတို့ စာများ မှား ဖတ် မိလေ သလား ၊ ဒါမှ မဟုတ် စာ တိုင်း ကို “ ကြည်အေး မျက်မှန် ” တပ်ပြီး ဖတ်နေကြရော့ သလား ”
“ ကျေးဇူးပါပဲ ဆရာမ ၊ နောက်ဆုံး တစ်ခု မေးချင်ပါ သေးတယ် ။ ရှေ့လျှောက် စာပေ နဲ့ ပတ်သက်ပြီး ထားရှိမယ့် ဆရာမ ရဲ့ ခံယူချက် ”
“ ကျွန်မ က တော့ ဘဝ သရုပ်ဖော်စာပေ တွေ ပဲ အစဉ်တစိုက် ရေးသား သွားမယ်လို့ ဆုံးဖြတ် ထားပါတယ် ။ နောက် တစ်ခု က အဆင်ပြေ နေ တဲ့ မြို့ပြ လူနေမှု ဘဝ ထဲ မှာ နေထိုင်သူ တချို့က ကျွန်မ ဝတ္ထုတွေ ရဲ့ ဇာတ်ကောင် စရိုက် ၊ ဘဝ ၊ အဖြစ်အပျက်တွေ ဟာ တကယ် မရှိတဲ့ စိတ်ကူးယဉ် အဖြစ်အပျက်တွေ ၊ စိတ်ကွန့် မြူး ရေးသားချက်တွေ လို့ ထင် ကြတယ် ။ သူတို့ ရဲ့ လက်ရှိ ဘဝ နဲ့ အလှမ်း ကွာဝေး လွန်းတာ ကိုး ။
အဲဒီ သူတွေ နဲ့ တကွ အားလုံးသော ပြည်သူတွေ ကို ဒီလို ဘဝတွေ ဟာ တကယ် ရှိပါလား ။ တကယ် ဖြစ်ပျက် နေတာ ပါ လား ဆိုတာ ကို ကျွန်မ သိစေ ချင်ပါတယ် ။ တကယ် ရှိတဲ့ အဲဒီ ဘဝတွေ က လူသားတွေ ကို စာနာ တတ် စေ ချင်တယ် ။
ဟိုသီ ချင်း ထဲ က လိုပေါ့ “ သင် ကြုံကြိုက်လို့ ရောက်ရှိတဲ့ အခါ ရှာကြည့်စမ်းပါ ” လို့ ကျွန်မ က ပြော ချင်တယ် ။ မြင် တတ်ရင် သဲသဲကွဲကွဲ မြင် တွေ့ နိုင်ပါတယ် ။ ဒါပါပဲ ကိုဝင်းငြိမ်း ... ကျေးဇူးတင်ပါတယ် ”
“ ဟုတ်ကဲ့ ဆရာမ ။ မေးခွန်း အားလုံး ကို စိတ်ရှည် လက်ရှည် ဖြေပေး သွားတဲ့ အတွက် ရော ၊ ဆရာမ ခံယူထား တဲ့ စာပေ ဆိုင်ရာ အတွေးအခေါ် တွေ ကို ပါ တစ်စိတ် တစ်ဒေသ သိခွင့် ရလိုက်တဲ့ အတွက် စာဖတ်သူ များ ကိုယ်စား ၊ စာတည်းအဖွဲ့ ကိုယ်စား ကျေးဇူး တင်ပါတယ် ”
◾ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၄၈
မေလ ၊ ၁၉၈၅ ခုနှစ် ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment