Wednesday, September 27, 2023

သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် ( ၁၀ )


 မီးသွေး သင်ပုန်းချပ် ကို အစာ တင် ရာ တွင် ဆိုသင်ပုန်း နှင့် ရေးသင်ပုန်း တို့ မှာ မတူ တစ်မူစီ ဖြစ်နေသည် ဆို သင်ပုန်း ဆိုသည် မှာ စာ ကို ရေးကြရ မည့် သင်ပုန်းငယ် ဖြစ်ရာ မပျက်မမှိန် ဘဲ ကြာရှည် ခံနိုင်ရအောင် ထမင်းလုံး ထည့် ပြီး အစာ တင် ရသည် ။ ရေး သင်ပုန်းကြီးများ မှာ ခဏခဏ ပြန်ဖျက် ၊ ပြန်ရေး ကြရမည် ဖြစ်သဖြင့် ဖျက်၍ လွယ်အောင် ထမင်းစေ့ ထည့်

( ကော်တင် ) အစာတင်ရန် မလိုပေ ။ ထမင်းစေ့ ပါ နေလျှင် ခြောက် သွားပါ က ကံ့ကူဆံ နှင့် ရေး ထားသောစာတွေ ကို လက် နှင့် ပွတ်သပ်ပြီး ဖျက်၍ လည်း မပျက်တော့ လက် ကို လည်း မီးသွေး တို့ က မပေ မထင် တော့ ။ ထို့ကြောင့် ဆိုသင်ပုန်း စာကျက်သင်ပုန်း ပေါ် က စာကို ပြန်ပြီး ဖျက် လိုလျှင် လက် ကို ရေ ဆွတ်၍ ပွတ်ဖျက် လိုက်မှ ရသည် ။ စာ ပျက် သွားသည် ။


ရေးသင်ပုန်း မှာ မူ ခဏခဏ ပြန် ဖျက် ပြန်ရေး ရသော သင်ပုန်း ဖြစ်ရာ အစာ တင် ရာတွင် ၌ ထမင်းစေ့ ကော် မပါ သဖြင့် အလွယ်တကူ ဖြင့် ပင် ဖျက်၍ ရသည် ။ ဤသည် ကို သင်ပုန်းချေသည် ဟု ခေါ်သည် ။ သင်ပုန်း ပေါ် တွင် ရေး ထားသော စာ အားလုံး ကို ပြန် ဖျက် ပစ်သည့် သဘောပင် ၊ ထို့ကြောင့် ရေးသင်ပုန်း ကို သင်ပုန်းချေ ရာ ၌ လက် နှင့် တကွ အဝတ်အဆင် များ ကို လည်း ပေတတ်သည် ။ ရှေးခေတ် ဘုန်းကြီးကျောင်းသားများ မှာ စာ ရေး ပြီးသည် နှင့် ရေချိုးရန် ရေချိုးကန် ဆီ သို့ သွားကြခြင်း မှာ ဤ သဘောပင် ၊ သင်ပုန်း ကို သင်ပုန်းချေ ရာ ၌ ဆိုသင်ပုန်း ကို ချေသလို ရေ နှင့် မချေကြ ပေ ။ အခြောက်သည့် သဘောဖြင့် လက် နှင့် စာတွေ ကို ပွတ်ချေ ပစ်ရ သည် ။ သင်ပုန်း ပေါ် ရေစို သွားလျှင် ကံ့ကူဆံ နှင့် ရေး ၍ စာ မထင်တော့ ။ ထို့ကြောင့် ရေးသင်ပုန်း ပဲ ဖြစ်ဖြစ် ၊ ဆိုသင်ပုန်း ပဲ ဖြစ်ဖြစ် ခြောက်သွေ့ သွား မှ ကံ့ကူဆံ နှင့် ရေး ၍ ရသည် ။ စာ ထင်သည် ။ စို နေလျှင် စာ မထင် ၊ ရေ စို၍ မရ ။ ထို့ကြောင့်လည်း ရှေး ခေတ် ဘုန်းကြီးကျောင်းသားများ မှာ အစာတင် ထား သော မီးသွေးသင်ပုန်း ကို ခြောက်သွေ့ သွားအောင် နေလှန်း ထားကြရသည် ။ မိုး ကြီးသော မိုးတွင်း ကာလ မိုး များသော အရပ်ဒေသများ ဆို လျှင် ကျောင်း အောက် တွင် မီးဖိုကြီး ဖို၍ သင်ပုန်းတွေ ကို ခြောက်သွေ့ သွားအောင် မီးကင် ကြရသည် ။ စာကူး စာကျက်ချိန် နီးပြီ ဖြစ်သဖြင့်

သင်ပုန်းများ ကို မြန်မြန် ခြောက်အောင် သူ့ ထက် ငါ ဦး မီးလု ကင်ရင်း ရန်ဖြစ် တတ် ကြလေသည် ။ ဤသည် ကို ကျောင်းသားကြီး ၊ ကိုရင်ကြီး ၊ ဦးပဉ္စင်း တို့ က ကြပ်မတ် ပေးကြရသည် ။


မီးသွေးသင်ပုန်း တို့ ကို အစာ တင် ရန် မီးသွေးထင်း အရှာဖွေ ထွက်ကြရ သော နေ့ မှာ အဖိတ်နေ့ နှင့် ဥပုသ်နေ့ တစ်ပတ် နှစ်ရက် ဖြစ်သည် ။ မီးသွေးထင်း မှာ ရွာသူရွာသားများ လွှဲငင်ပြီး လွှင့်ပစ် ထားခဲ့ကြသော လျှော်သားပွပွ တို့ ဖြစ် လေသည် ။ လျှော်သားပွပွ မဟုတ်ဘဲ အခြားအသား ဆိုလျှင် မီးသွေး မာ ၍ သင်ပုန်း အစာ တင် ရာ၌ မချောမွေ့ ပေ ။ မီးသွေးကြိတ် နှင့် သင်ပုန်း ပေါ် တင် ၍ ကြိတ်ခြေ ရာ တွင် ကြေခဲ လှသည် ။ ထို့ကြောင့် သင်ပုန်း အစာ တင် သော မီးသွေး ထင်း မှာ လျှော်သား ကို သာ သုံးကြသည် ။


ဥပုသ် နှင့် အဖိတ်နေ့ တို့ တွင် မီးသွေးထင်း ရှာကြရ သလို ရ လာ သော မီးသွေးထင်းခြောက် ကို ကျောင်းရှေ့ တွင် ကျင်းတူး ၊ ကျင်းထဲ တွင် ရေ ထည့်ပြီး ကျင်း ပေါ် ၌ သစ်သားစိမ်း သစ်သားမာ မီး တော်တော် နှင့် မလောင် နိုင် သော သစ်တုံးများ ပေါ် မီးသွေးထင်း တင်၍ မီးသွေး ကို ကျောင်းသားများ ကိုယ်တိုင် ဖုတ်ကြ ရ သည် ။


လျှော်သားပွများ ကို မီးလောင် ပြီး ရေ ထဲ ကျ သွားမှ သင်ပုန်း အစာတင် ရန် မီးသွေး ရကြသည် ။ မီးသွေးထင်း ရှားပါးသော ကာလ ဆိုလျှင် ထို မီးသွေး တို့ ကို င် ဖောဖောသီသီ မသုံး ကြရချေ ။ မီးသွေး ကို လက် နှင့် ဆုပ်၍ တစ်ယောက် တစ်ဆုပ် ကျ စီ ကျောင်းသားကြီး ၊ ကိုရင်ကြီး တို့ က ဝေငှ ပေး ကြသည် ။


ထို လက်တစ်ဆုပ်စာ ခန့် သာ မိမိ ကိုယ်တာ ရသော မီးသွေး ကို ဘုန်းကြီးကျောင်းသား တစ်ယောက် သည် ချွေချွေတာတာ သုံး ကာ ဆိုသင်ပုန်း နှင့် ရေးသင်ပုန်း အပေါ် မျှတ ရုံ ကပ်၍ မီးသွေးကြိတ် နှင့် ကြိတ်ခြေ အစာ တင် ရသည် ။ မီးသွေးကြိတ် မှာ သစ်သားလုံး ဖြစ်ပြီး အရှည် မှာ တစ်မိုက်ခွဲ ခန့် မျှ ရှိလေသည် ။ အောက် လုံးပတ် မှာ (၄၅) ကျပ်သား ပုလင်း ဖင် နီးနီး အဝိုင်းအဝန်း ရှိပြီး အပေါ် လက်ကို င်နေရာ ကို လက် တစ်ဆုပ်စာ ကိုင်၍ ကောင်းကောင်း ကြိတ်ခြေရာ တွင် အား ရှိအောင် ရွေ လုပ် ထားသည် ။ အပေါ်ထိပ်ဆုံး တွင် သုံး ထောင့် ၊ ခြောက်ထောင့် သို့မဟုတ် ငှက်ရုပ် ဂဠုန် ၊ နဂါးရုပ် စသည်ဖြင့် ကြိုက်နှစ်သက်ရာ အရုပ်များကို ပြုလုပ် ထား ကြသည် ။ 


ရှေးခေတ် က စစ်တုရင် ကစား ၍ လည်း ရ နိုင်သော မီးသွေးကြိတ် အရုပ်များ မှာ ဘုရင် ၊ ဘုရင်မ ၊ စစ်သူကြီး က စပြီး ဆင်ရုပ် ၊ မြင်းရုပ် စုံလှပေသည် ။ ထို့ကြောင့် လည်း ကျောင်းသားများ မှာ အားလပ်ချိန် ၌ ထို မီးသွေးကြိတ် အရုပ်များ နှင့် ပင် ကျောင်းပေါ် ကျောင်းအောက် တို့ ၌ စစ်တုရင် ထိုး ကစား တတ်ကြသည် ။


တစ်မနက်လုံး တွက်ချက် နေကြသဖြင့် တစ်ကိုယ်လုံး ၌ မီးသွေးတွေ ပေကျံ နေသော သူတော်ငတေ တပည့် သုံးယောက် မှာ ရေချိုးရန် ထသွားကြသည် ကို လှမ်း ကြည့်ကာ ဦးကံညွန့် သည် ကျောင်းသား သုံးယောက် အား တော်တော် အထင်ကြီး သွားပုံ ရ လေသည် ။ ထို့ကြောင့်လည်း ငယ်ငယ်ရွယ်ရွယ် နှင့် ဤမျှ ဗေဒင်ပညာ တတ် နေသည် ကို မအောင့်နိုင် တော့ သဖြင့် သူတော်ငတေ အား မေးလိုက် မိသည် ။


“ ဦးသူတော် ရဲ့တပည့်တွေ ကို ကျွန်တော် တော့ တော်တော် အထင် .. ” 


“ ဘာ အထင် ကြီးတာလဲ လုပ်ပြန်ပြီ တစ်ယောက် ။ ပါမောက္ခလောင်းလေး တွေပါ ဆို ” 


သူတော်ငတေ က သူ့ စကား မဆုံးမီ ပင် ပြောလိုက် သဖြင့် ဦးကံညွန့်ထစ် သွားသည် ။ ပြီး မှ -


“ ကလေးတွေ အတွက်အချက် တော် ကြတဲ့ အကြောင်း ပြောချင်လို့ပါ ဦးသူတော် ” 


“ အတွက်အချက် တော် ဆို သူတို့ နှစ်ယောက်စလုံး သိန္ဒိဋ္ဌ နဲ့ မကာရန္တ တရိုးစီ ပေါက်ပြီးသားကိုး ဦးကံညွန့် ရဲ့ ” 


“ ဟုတ်ကဲ့ပါ ခင်ဗျား ။ ဒါကြောင့် လည်း တော်ကြတာကိုး ” 


“ ခင်ဗျားတို့ မနှစ် က ဖတ်ကြရတဲ့ သင်္ကြန်စာ သူတို့ သုံးယောက် ထုတ် တာလေ ။ ခင်ဗျားတို့ စက်ရိုက်ပုံနှိပ် ထုတ် ရတနာပုံ သင်္ကြန်စာ နဲ့ ဘာကွာလဲ ” 


“ မကွာပါဘူး ခင်ဗျား ၊ ဒါနဲ့ ဦးသူတော် ခင်ဗျား ... ” 


သူတော်ငတေ က ဦးကံညွန့် ကို ဘာများ ပြောမည်နည်း ဟု မျက်မှောင် ကုတ်ကာ ကြည့်နေ၏ ။ 


“ ကျွန်တော့် ဇာတိ က တောင်ရင်းရွာ က ပါ ” 


“ သိပါတယ် သိပါတယ် ။ ခင်ဗျား က ကျုပ် ကို ဗေဒင် တွက်ခိုင်းမလို့ ဇာတိတွေ မွေးရက်တွေ ပြောဦးမလို့ မဟုတ် .. ” 


“ မဟုတ်ပါဘူး ခင်ဗျာ ။ မဟုတ်ပါ ဘူး တောင်ရင်းရွာ က ကျွန်တော့် နှမ သားလေး တစ်ယောက်လည်း ဦးသူတော် ဆီ ဗေဒင် သင်ပေးဖို့ မိုးနှောင်း က မှ လာ အပ်ထားတယ် ပြောလို့ ခင်ဗျား ” 


ဦးကံညွန့် က ကမန်းကတန်း ပြန် ပြော လိုက်ရ၏ ။


သူတော်ငတေ နှင့် ဦးကံညွန့် မှာ ယခင် က တေ့တေ့ဆိုင်ဆိုင် တစ်ခါမှ စကား ပြောဖူးကြသည် မဟုတ် ။ ယခု မူ ရပ်ရေးရွာရေး ကိစ္စ နှင့် မို့သာ နှစ်ရက်ခန့် ရင်းရင်းနှီးနှီး ပြောကြ ဆိုကြ နောက်ကြ ပြောင်ကြ ဖြစ်သွားကြရာ သူ့ တူ ကို လည်း စောစောက သူတော်ငတေ တပည့်တွေ လို ဗေဒင်ယတြာ တတ်စေ ချင်သော ဆန္ဒစိတ် ပြင်းပြမှု နှင့် ယခု အခွင့်အရေး ရတုန်း ပြောပြရသည် ။


“ ဟုတ်လား ၊ မိုးနှောင်း တုန်း က ကျောင်းသားသစ် နှစ်ယောက် တော့ လာ အပ်ကြတယ် ထင်တယ် ။ ခင်ဗျား တူ နာမည် က ”


“ မောင်စံလွင်ပါ ခင်ဗျာ ” 


“ ဩော် ၊ မောင်စံလွင် က ခင်ဗျား တူ ကိုး ” 


“ ဟုတ်ကဲ့ပါ ခင်ဗျာ ။ ကျွန်တော့် နှမ ရဲ့ သားကြီး ပါ ” 


“ ကောင်လေး က သွက်သွက်လက်လက် ရှိတဲ့ပုံ ရပါတယ် ” 


“ ဟုတ်ကဲ့ ခင်ဗျား ။ အဲဒါကြောင့် လည်း သူ့ အမေ အဖေ တို့ က လယ်ဆင်း ယာဆင်း မခိုင်းဘဲ ဦးသူတော် ဆီ ပညာသင် လာ အပ် ကြတာပါ ” 


“ အိမ်း အိမ်း ” 


ပြောသာ ပြော လိုက်ရ သော်လည်း သူတော်ငတေ ကား ဦးကံညွန့် တူ မောင်စံလွင် ကို ကောင်းစွာ မှတ်မိပုံ မရချေ ။ ထို့ကြောင့် လည်း သူ့ ကတုံးပြောင်ကြီး ကို ပွတ်ကာ အိမ်း အိမ်း လုပ်နေ၏ ။


“ အဲဒါ ကျွန်တော့် တူ မောင်စံလွင် ကို လည်း ဦးသူတော် ဆီ ကို ကျွန်တော် အပ်တယ် ခင်ဗျာ ။ မောင်စံလွင် ကို ကော ဦးသူတော် သန္ဒိဌတို့ မကာရန္တ တို့ မသင်သေးဘူး လား ခင်ဗျား ”  


“ ခင်ဗျားတူ မောင်စံလွင် ကို ကျုပ် သန္ဒိဋ္ဌ နဲ့ မကာရန္တ တော့ မသင်ပေး ရ သေးဘူးဗျ ။ မိုးနှောင်း က မှ ကျောင်းလာ အပ်တာ ဆိုတော့ လည်း မကြာသေးလို့ ပေါ့ နော် ” 


“ ဟုတ်ကဲ့ ခင်ဗျား ၊ စောစောစီးစီး တော့ သင်ပေးစေ ချင်ပါတယ် ခင်ဗျား ” 


“ မပူပါနဲ့ သင်ပေးမှာပါ ။ ခုလည်း အလကား မထားပါဘူး ။ ဗေဒင် မှာ အရေးကြီးလှတဲ့ အခြေခံ ကျတဲ့ အာတပ္ပန တွေ ကိုတော့ ကျုပ် သင်ပေး နေပါတယ် ” 


“ ဟာ ၊ ကျေးဇူး တင်လိုက်တာ ဦးသူတော် ရယ် ။ ကျွန်တော့် နှမလေး ကို လည်း မောင်စံလွင် ကို ဦးသူတော် က အာတပ္ပန ဗေဒင်ကျမ်းကြီး သင်ပေး နေပြီလို့ ပြော လိုက်ပါ့မယ် ခင်ဗျား ” 


“ အေး ၊ ပြောလိုက် ပြောလိုက် ” 


“ ကဲ ဦးသူတော် ” 


“ ခင်ဗျား ဘာပြောမလို့လဲ ” 


ဦးသံတိုင် ကို သူတော်ငတေ က မျက်မှောင် တစ်ချက် ကုတ်၍ မေး လိုက်၏ ။


“ ဦးသူတော် ပြောတဲ့ တန်ပြန်ရာသီး လည်း ရပြီ ဆိုတော့ ကျုပ်တို့ နောက် .. ” 


“ ဒါ ကျုပ် အလုပ်ပါ ဗျ ။ ခင်ဗျား ပါးစပ် ခဏ ပိတ် ထားရင် ကောင်းမယ် ” 


သူတော်ငတေ ဖောက် လာပြန်ပြီ ဟု သဘော ပိုက်ကာ ဦးသံတိုင် က ခဏ နှုတ်ဆိတ် နေလိုက်ရသည် ။


“ ခု ကျုပ် ပြောတဲ့ တန်ပြန်ရာသီး ကို လည်း ဘယ်နား သွား ဆွတ်ဆွတ် ရပြီ ဆိုတော့ လူကြီးမင်း တို့ ကို ကျုပ် အစီအမံ လုပ်ပေး လိုက်မယ် ။ အဲဒါ ကျုပ် လုပ်ခိုင်းတဲ့ အတိုင်းသာ ဖြစ်ဖြစ် မြောက်မြောက် သွားလုပ်ကြပေတော့ ” 


“ ဟုတ်ကဲ့ ခင်ဗျား ” 


“ ကဲ ကိုသံတိုင် ” 


“ ဟုတ်ကဲ့ ခင်ဗျား ” 


“ ဟောဗျာ ကျုပ် က လည်း ဘာမှ မ ပြောရသေးပါလား ။ ခင်ဗျား က ဟုတ်ကဲ့ ဟုတ်ကဲ့ချည်း လုပ်ပြန်ပြီ ”  


သူတော်ငတေ က သူ့ အား တမင် ကျီစား ပြောသည် ကို သဘောပေါက် သဖြင့် ဦးသံတိုင် က ရယ် နေသည် ။ 


“ ဒီ တောင်းကြီး ထဲ က ပိတုန်းကောင် တွေ အဲ မဟုတ်သေးပါးဘူး ။ မဲဇလီရွက်တွေ တော့ တစ်ရွက် မှ မကျန်စေ ၊ မပျောက်စေနဲ့ နော် ကိုသံတိုင် ” 


“ စိတ်ချ ၊ စိတ်ချ ဦးသူတော် အမိန့် တိုင်း တစ်သဝေ မတိမ်းစေရပါဘူး ” 


“ ကောင်းပါပြီ ” 


ဟုပြောကာ သူတော်ငတေ သည် သူ ၏ အစီအမံ ကို ရွာလူကြီး သုံးယောက် မှာကြား စီမံပေး လိုက်ပြီး သူ့ ဖိုရုံထဲ ဝင် သွား လေသည် ။


“ ဦးလေး ” 


“ ဘာလဲကွ သံတိုင် ” 


“ သူတော်ငတေ ပြော သလို ကောင်မလေးတွေ ကို မင်းရွာ ပိတုန်း ရောင်း ဖို့ လွှတ်ထားတာ တော့ ဟုတ် ပါပြီ ။ တကယ်လို့ ဟို ရန်ဖြစ် ထားကြ တဲ့ ကောင်မလေးတွေများ ပက်ပင်း တိုးပြီး ထပ် ရန်ဖြစ် နေကြ .. ” 


“ အဲဒါကြောင့် သူငယ်မတွေ နောက် က မယောင်မလည် နဲ့ လူကြီး တစ်ယောက် နှစ်ယောက်တော့ လိုက်သွား ကြဖို့ လိုတယ် လို့ စောစောက ငါ ပြော တာပေါ့ကွ ” 


“ အဲဒါဆို ကျုပ် ပဲ လိုက် သွား လိုက်တာ ကောင်းမယ် ထင်တယ် ” 


“ ဟာ ၊ ခင်ဗျား လိုက်သွားလို့ ဘယ် ဖြစ်မလဲဗျ ။ ကျုပ် ဆို တောင် တော်ဦး ... ” 


“ ဟင် ၊ ဘာဖြစ်လို့လဲ ဦးကံညွန့် ” 


“ ခင်ဗျား ကို ယာတောင် က ရွာသူကြီး မှန်း မင်းရွာ တစ်ရွာလုံး က သိနေကြတဲ့ ဥစ္စာ ” 


“ ဦးကံညွန့် ပြောတာ ဟုတ်ပါတယ် ကွာ ။ မင်း လိုက်သွား လို့တော့ ဘယ် နည်းနဲ့ မဖြစ်ဘူး မောင် ။ ဦးကံညွှန့် ဆိုလည်း ယာတောင် ရွာသူကြီး မှန်း လူကြီးပိုင်းတွေ က တော့ သိကြမှာပဲ ။ အဲဒီတော့ ဦး အတွေး ပေါက် မိ တာ ကတော့ အိမ်းအိမ်း .. ” 


သူတော်ငတေ ၏ အမိန့် အတိုင်း ပိတုန်း ကိစ္စ ကို ဆောင်ရွက်ကြရန် ရွာလူကြီး သုံးယောက် ဦးထွန်းပေါ် အိမ် တွင် တိုးတိုးတိတ်တိတ် အကြိတ်အနယ် ဆွေးနွေး တိုင်ပင် နေကြသည် ။ 


နောက်ဆုံး  မှာတော့ -


ဦးထွန်းပေါ် က ပင် ရွာ ၌ ပြောတတ် ဆိုတတ် အရာရာ ကို အဆင်ပြေပြေ , လှုပ်ရှား လုပ်ကိုင်တတ်သော မောင်ဗညို ဆိုသူ လူလတ်ပိုင်း အရွယ် တစ်ယောက် နှင့် ကိုသာစံ ဆိုသော အသက် လေးဆယ် ကျော် အရွယ် ဆယ်အိမ်မှူး တစ်ယောက် တို့ ကို ရွေး လိုက်ကြ လေသည် ။


သည်လိုနှင့် လွန်ခဲ့သည့် သုံးလေး ရက် က မင်းရွာ သွားပြီး မရန်းချိုသီး သွား ရောင်းရာ မှ ရန်ဖြစ် လာကြသော မလှရှိန် ၊ ယဉ်နုခိုင် ၊ အေးတင်မ တို့ ကို သူတော်ငတေ စီမံ ပေးထား သကဲ့သို့ မင်းရွာ ကို ပိတုန်း ရောင်း လွှတ် လိုက် ကြလေသည် ။


ထို ကောင်မလေး သုံးယောက် ၏ နောက် ကို တော့ ကိုစံသာ နှင့် မောင်ဗညို တို့ က မယောင်မလည် နှင့် အကဲခတ် ကြည့်ရန် လိုက်ပါ သွားကြ၏ ။


“ ဟောဒီက ပိတုန်း ရောင်း တယ်တော့ ပိတုန်း ပိတုန်း ဝယ်ကြဦးမလား ” 


မလှရှိန် တို့ မိန်းကလေး သုံးယောက်သား သည် သူတော်ငတေ ၏ အစီအမံများ အတိုင်း မဲဇာလီရွက်ခြောက်တွေ ကို တောင်း တစ်ယောက် တစ်လုံးစီ ထဲ ထည့် မင်းရွာ ထဲ အော်ဟစ် နေကြသည် ။


“ ကြံကြံဖန်ဖန် ပိတုန်း ရောင်းတယ် ရယ် လို့ ဒီ တစ်ခါပဲ ကြားဖူးပတော် ”  


တစ်သက် နဲ့ တစ်ကိုယ် တစ်ခါမျှ ကြားဖူးဘူး သဖြင့် ပိတုန်း ရောင်း သည့် အော်သံ ကို ကြားနေသော မိန်းမကြီးများ က ဆိုကြသည် ။


သို့သော် ၊ မည်သူ က မည်သို့ ပြောပြော မလှရှိန် တို့ မိန်းကလေးလေး သုံးယောက် က မူ အအော် မပျက် ၊ မင်းရွာ တစ်ရွာလုံး ကို လျှောက် ၍ ပိတုန်း ရောင်းကြောင်း အော်ဟစ် နေကြလေသည် ။


ယခင် သုံးလေးရက် က မရန်းချိုသီး သွား ရောင်းရင်း ရန်ဖြစ် လာ ကြသော ကောင်မလေး တို့ အဖေ ရွှေပန်းထိမ် ဦးထွန်းလူ အိမ်နား အရောက် တွင် မလှရှိန် တို့ က ခါး ကို တမင် ဟန်ပါပါ နွဲ့ ပြ ကာ -


“ ဒီက ပိတုန်း တော့ ပိတုန်း ပိတုန်း ၊ ပိတုန်း အရှင်တွေ လတ်လတ်ဆတ်ဆတ် ရောင်းနေတယ် ။ ဝယ်ကြဦးမလား ” 


ဟု အသံ ကို မြှင့်ကာ တမင် လုပ် အော် အော် လာ ကြသည် ။


တချို့က မူ သူတို့ မင်းရွာဈေး ဈေး လာ ရောင်းရင်း နောက်တတ် ပြောင်တတ် သော ကောင်မလေးများ သည် ဈေးရောင်း အပြန် ၌ တမင် နောက်နောက်ပြောင်ပြောင် အော် သွားကြ သည် ဟု ထင် နေကြသည် ။


“ ဟေ့ ... ကောင်မလေးတွေ ဘာ ပိတုန်း ရောင်းတာလဲ ။ ပေါက်ကရ - ပါးစပ် စည်းကမ်း မရှိ ။ နင်တို့ ပိတုန်း နင်တို့ ရွာ မှာ ပဲ သွား ရောင်းကြ ၊ တို့ အိမ်ရှေ့ လာ မအော်နဲ့ ” 


ဟု လှမ်း ပြောကြသလို တချို့ က လည်း -


“ အေးလေ ဟာ ၊ နောက်ပြောင်စရာ ရှား လွန်းလို့ နိမိတ် မရှိ ၊ နမာ မရှိ ဘယ် လူ့ သားသမီး တွေပါလိမ့် ။ ဘယ် ရွာ က ကောင်မလေးတွေ လဲ ” 


ဟုလည်း ဆဲဆို သလို ပြောကြသည် ။


သို့သော် မည်သူတွေ က မည်သို့ ပြောပြော မလှရှိန် တို့ သုံးယောက် က မူ သူတို့ ရွာလူကြီးများ မှာကြား ထားသည့် အတိုင်း မည်သူ့ ကိုမျှ ခွန်းတုံ့ပြန် ပြန်၍ မပြောကြ ။ ထိုသို့ ပြောလေ သူတို့ သုံးယောက်သား က အတိုင်အဖောက် ညီညီ -


“ ပိတုန်း ရောင်းတယ် တော့ ၊ ပိတုန်း ပိတုန်း ၊ ဒီ အပိုင်း က ဝယ်ကြဦးမလား ” 


ဆိုသော အသံသည် က ပို ကျယ်လာလေပင် ။


ယာတောင်ရွာ မှ မင်းရွာ တွင် အိမ်ထောင် လာ ကျ နေသော မိန်းမ ယောက်ျား အချို့က ပိတုန်း ရောင်း သည့် အော်သံ ကြား သဖြင့် ထွက် ကြည့် ကြရာ သူတို့ ဇာတိ ယာတောင် ရွာ မှ ဦးတင်အောင် ၊ မပုလှ တို့ သမီး မှန်း သိသွားကြသော အေးတင်မ ကို - 


“ ဟဲ့ ... အေးတင်မ ၊ သူများ ရွာ ကို လူကြီးတွေ ကြိုက်မှန်း မကြိုက်မှန်း မသိ ။ ဘာလို့ ပေါက်ကရ လျှောက် အော် နေတာလဲ ။ ဈေးရောင်း မ ကောင်းကြလို့လား ။ နင့် အဖေ ကိုတင်အောင် ကို ငါ လာပြီး တိုင် ပြောမယ် နော် ။ လျှောက်မအော်နဲ့ ” 


ဟု ဟန့်တားကြသည် ။


သို့သော် မည်သူက မည်သို့ ပြော ပြော ၊ မည်မျှ ဟန့်တားတား အေးတင်မ တို့ သုံးယောက် မူ -


“ ပိတုန်းတော့ ၊ ပိတုန်း ပိတုန်း ရောင်းတယ် ။ ဒီအပိုင်း က မဝယ်ကြတော့ဘူးလား ” 


ဆိုသော အော်သံ ကို မှ ယာတောင်သူကြီးများ


မှာကြား လိုက်သလို လုံးဝ မလျှော့ ။ ခါး ကို တမင် ရွဲ့ကာ ပို၍ ပင် အော်လိုက်ကြ သေးသည် ။


ထို့ကြောင့်လည်း မင်းရွာသား အချို့က -


“ ဘယ်လို မိမဆုံးမ ဖမဆုံးမလေးတွေလဲ ဟ ။  နင်တို့ တစ်တွေ

ဈေးရောင်း မကောင်းတိုင်း တို့ ရွာ ထဲ မဟုတ်မဟတ် လျှောက် အော်ရမ လား ။ ဒီကိစ္စ သူကြီး နဲ့ သွား တိုင်ကြမှ ထင်တယ် ” 


ဟုလည်း ခြိမ်းခြောက်စကား ဆို လာကြသည် ။


သို့နှင့်လည်း ယဉ်နုခိုင် တို့ ပိတုန်း ရောင်း အော်သံ က ရပ် မသွား ။ ပို၍ သာ ကျယ်လာလေသည် ။


သည်လိုနှင့် ပင် ယာတောင်ရွာ လူကြီးများ စီမံ ပေးလိုက် သလို မင်းရွာဦး မှ မင်းရွာဖျား အဆုံး ကို ရောက်လာကြ သော အခါ ဈေး ထဲ ကို ဝင်လာကြ ပြန်သည် ။


“ ပိတုန်း ရောင်းတယ်တော့ ။ ပိတုန်း ပိတုန်း ဝယ်ကြဦးမလား ” 


ဆိုသော အသံ က မတိတ်သေး ။


ထိုအခါ ရွာ ထဲ က လူများ အထူးအဆန်း လို ထွက်ကြည့် ကြ သကဲ့သို့ ဈေး ထဲ က လူများ မှာ လည်း မလှရှိန် တို့ ပိတုန်း ရောင်းသူ သုံးယောက် ကို အထူးအဆန်း လို မော့ကြည့် ၊ လှည့်ကြည့် ၊ လှမ်းကြည့် ကြ ပြန်သည် ။ 


ဒါနှင့်လည်း မလှရှိန် တို့ သုံးယောက် ရဲ့ အသံ က မရပ်သေး ။ မတိတ်သေး ။ 


“ ပိတုန်း ရောင်းတယ် တော့ ။ ဟော့ ဒီမှာ ပိတုန်း အရှင်လတ်လတ်တွေ ဝယ်ကြဦးမလား ” 


ဟု ဈေးတန်း ထဲ လျှောက် လာရင်း အော် နေကြ၏ ။


“ အောင်မာ ၊ ဘယ်သူတွေ မှတ် တယ် ၊ ခွေးကောင်မလေးတွေ ။ ပိတုန်း ရောင်းတာလဲ

ပေါက်တတ်ကရ ၊ ချစမ်း နင်တို့ တောင်းတွေ မရန်းချိုသီးတွေ ပဲ မဟုတ်လား ” 


ရန်ဖြစ်ကြသော နေ့ က လို သူတို့ တောင်း ထဲ မရန်းချိုသီးတွေ ပါသည် အထင်  နှင့် ငှက်ပျောသီးသည် ဒေါ်ထွေးတင် အနားသို့  ရောက် လာကြ သော အခါ မလှရှိန် တို့ ကြီးတော် တော်သူ ဒေါ်ထွေးတင် က နင် တို့ တောင်း တွေ ချစမ်း ဟု ဆိုသည် ။


“ ပေါ်ဦးပေါ်ဖျား မို့ လား မသိ ။ နင်တို့ မရန်းချိုသီးတွေ ရောင်း ကောင်းတယ် ဟ ။ ငါ ရောင်း ထားတာ တစ်ပြည် တစ်မတ် နဲ့ ဆယ့်ငါးကျပ်ခွဲ တောင် ရ တယ် ။ ငါးမူး က ရောင်းပေးခ နော် ။ ကြီးတော် ပေးရမယ် ”  


ဟု လည်း တစ်ဆက်တည်း ပြောပြီး မလှရှိန် ၏ တောင်း ထဲ မရန်းချိုသီး တွေ ပါလာပြန်ပြီ အထင် နှင့် ဒေါ်ထွေးတင် က မလှရှိန် ၏ ခေါင်းပေါ် ထက် က တောင်း ကို လှမ်းကူ ကိုင်ဆွဲ ပေး လိုက်သည် ။


“ မရန်းသီး လာ ရောင်းတာ မဟုတ်ဘူး ကြီးကြီး ရဲ့ ။ ကျွန်မတို့ ပိတုန်း လာ ရောင်းတာ ဟဲ ဟဲ ” 


မလှရှိန် ၏ တောင်း ကို လှမ်းကိုင် လိုက်သော အခါ ပေါ့ပေါ့လေး ဖြစ်နေသည့် အပြင် တောင်း ထဲ တွင် မဲဇလီ ရွက်ခြောက်တွေ နှင့် သံပရာသီး တစ်လုံး ကို သာ မြင်ရသောအခါ -


“ ခွေးမလေးတွေ ၊ ဒီနေ့တော့ ရွာ လည် ရောင်းလို့ ကုန်ခဲ့ပြီကိုး ” 


ဟု ဒေါ်ထွေးတင် က ရှက်ကိုးရှက်ကန်း နှင့် ဆို လိုက်သည် ။


ပြီးတော့ တောင်း ထဲ ငုံ့ ကြည့်၍ တွေ့ နေရသော မဲဇာလီရွက်ခြောက်တွေကို အောက် က ကျ နေသော မရန်းချိုသီးများ နာကုန်မှာ စိုး၍ တမင် ခုခံ ခင်းကျင်း ထားကြတာ ဟု ထင်သည် ။ 


“ ရော့ ငွေတစ်ဆယ့်ငါးကျပ် ” 


ဟု ပြောပြီး မလှရှိန် ကို ငါးကျပ်တန် သုံးရွက် ကို လှမ်း ပေးလိုက်၏ ။ 


“ သင်္ကြန်ရက် နီးတာ နဲ့ အတော်ပဲ ကြီးကြီး ရယ် ။ ကျွန်မ တို့ ဆင်တူ ပဒုမ္မာ တစ်ယောက် တစ်ကိုက် နဲ့ သရက်ထည် ပွင့်ရိုက် ကို လည်း တစ်ယောက် တစ်ထည်စီ ဝယ်ကြ မလို့ ”  


ဒေါ်ထွေးတင် လှမ်း ပေးသော ငါးကျပ်တန် သုံးရွက် ကို လှမ်း ယူရင်း မလှရှိန် က သူ့ကြီးတော် ကို ပြော လိုက်၏ ။


“ ဝယ် ဝယ် ၊ နင်တို့ သင်္ကြန် မှာ နံ့သာ ရှူကြဖို့ ဝယ် သွားကြ ။ မနက်ဖြန် ကော တဲ့ ။ လာ ရောင်းကြဦး မလား နင်တို့ အပင်တွေ မှာ မရန်းချိုသီးတွေ တုံးပလား ” 


“ မလာတော့ဘူး  ၊ ကြီးကြီး ၊ ဒီနေ့ ပိတုန်း လာ ရောင်းကြတာ ကို ကြီးကြီး တို့ မင်းရွာ သူဌေးတွေ က တစ်ကောင် တစ်မြီး တောင် အားပေးဖော် မရှိကြလို့ စိတ်ပျက်သွားပြီ ဟဲ ဟိ ” 


“ ကောင်မနော် ပေါက်ကရ ၊ သင်္ကြန်ကျဖို့ တစ်လတောင် လိုသေးတယ် ဟဲ့  ။ နှင်တို့ ပါးစပ် ခုက အရူး ထချင် နေကြပြီ ” 


ဒေါ်ထွေးတင် က သူတို့ နောက် နေသည် ထင်သဖြင့် ပြော လိုက်၏ ။


“ ကဲ ၊ ပိတုန်း က လည်း တစ်ကောင် မှ ရောင်း မစွံတော့ တောင်း ထဲ က ပိတုန်းတွေ ဈေး ထဲ ပဲ သွန်ပစ် ခဲ့တော့ မယ် ကြီးကြီး ရယ် ” 


ဟု ပြောပြီး မလှရှိန် က သူ့ တောင်းထဲရှိ မဲဇလီရွက်ခြောက် ကို သွန်မှောက် ချ လိုက် သော အခါ အေးတင်မ နှင့် ယဉ်နုခိုင် တို့ က လည်း သူတို့ တောင်း ထဲ ရှိ မဲဇာလီရွက်ခြောက် တွေ ကို ဈေး ထဲ ၌ ပင် အကုန် မှောက်သွန် ပစ် ခဲ့ကြသည် ။ 


ပြီးတော့မှ -


“ ကြီးကြီး ကျွန်မတို့ ပြန်ဦးမယ် ” 


ဟု နှုတ်ဆက်ကာ မင်းရွာ ဈေး ထဲ မှ မိမိ ရွာ သို့ ပြန်လာကြလေသည် ။ 


◾ဝေယံလင်းခေါင်


📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment