အခန်း ( ၆ )
ဒီ ရပ်ကွက်လေး ထဲ ကို ပြောင်း လာပြီး လို့ ခြောက်လ ကျော်ကျော် လောက် အကြာ မှာ တင် ကျွန်တော်တို့ အိမ် မှာ အိမ်သား အသစ် တစ်ယောက် တိုး လာ တယ် ။
ကိုမောင်မောင်ချို ... တဲ့ ။
ကျွန်တော် တို့ ထက် တော့ အသက် အများကြီး ကြီး ပါတယ် ။ ရိုး လိုက် အ လိုက် တာ လည်း လွန်ရော ။
ဘယ်လောက် ‘ အ ’ သလဲ ဆိုတော့ သူ ငယ်ငယ်တုန်း က ဆယ်တန်း အောင် ရင် လေဆိပ် Duty Free Shop ဆို တဲ့ ဆိုင်တွေ မှာ အလုပ် လုပ်မယ် လို့ ဘဝ ရည်မှန်းချက် ကြီးကြီး ထား တာ ဆိုပဲ ။
ဘာကြောင့်လဲ ဆိုတော့ ...
သူ့ စိတ် ထဲ မှာ Duty Free ဆို တာ ( Duty = အလုပ်တာဝန် ) ၊ ( Free = အားလပ်သော ) လို့ ဘာသာပြန်ပြီး ‘ ဘာတာဝန် ၊ ဘာအလုပ်မှ လုပ်စရာ မလိုတဲ့ အလုပ် ’ ထင်လို့တဲ့ ဗျာ ။
အခု လည်း မိန်းမ ယူပြီး ကလေး နှစ်ယောက် ရတဲ့ အထိ တော့ ဘာ အလုပ် မှ လုပ်တာ မတွေ့ရဘူး ။ တစ်နေကုန် ကျွန်တော် တို့ နဲ့ လက်ဖက်ရည် ဆိုင် လာ လာ ထိုင်နေတာပဲ ။
သူ့ ယောက္ခမ ချမ်းသာ လို့ သာ တော်သေး ရဲ့ ။ ချမ်းသာတယ် ဆိုပေမယ့် လို့ သိပ် ကျိကျိတက်ကြီး တော့ မဟုတ်ဘူးပေါ့ ။ အငြိမ်းစား အရာရှိ ဘဝ နဲ့ ဖယ်မလီယာကားလေး တစ်စီး ရှိတယ် ။ ပြီးတော့ အိမ် အသုံးစရိတ် တိုတို ထွာထွာ ရ အောင် အဝီစိတွင်း တူး ပြီး ရေစည်လှည်း နှစ်စီး ထောင် ထားတယ် ။
သူ့ အိမ် မှာ ကိုမောင်မောင်ချို ဝိုင်း လုပ် ပေးရတယ် ဆိုတာက ရေစက် မောင်း ပြီး ရေစည်လှည်း ထဲ ထည့်ပေး ရတာ လောက်ပဲ ။ သူ့ မိန်းမ မဝင်းမေ က တော့ ပဲခူး မှာ ရှိတဲ့ ဆေးဆိုးပန်းရိုက်ရုံ ကို သွား သွားပြီး ကြီးကြပ် နေရတာ နဲ့ တစ်လ မှာ ဆယ်ရက် လောက် ပဲ အိမ် ကို ပြန်လာ နိုင်တာ ။
မဝင်းမေ က သူ့ ယောက်ျား ကို ချစ် လည်း ချစ်ပါ ရဲ့ ။ ဒါပေမဲ့ ကိုမောင်မောင်ချို ရဲ့ တုံးပုံ အပုံတွေ ကို အားမလို အားမရ ဖြစ်ပြီး ဆူရ ၊ ကြိမ်းရ ၊ ထုရ ၊ နှက်ရ တာ တွေလည်း အကြိမ်ကြိမ်ပဲ ။
ဘေးအိမ်တွေ က ကြားရင် မဝင်းမေ ကို ပဲ နှုတ်ကြမ်း အာကြမ်း မိန်းမ ၊ လင် ကို နိုင်တဲ့ မိန်းမ လို့ အောက်မေ့ မှာ ။ တကယ်တမ်း တော့ မဝင်းမေ မလွန် ဘူး ။
တစ်ခါ က လည်း ကြည့် လေ ။
သူတို့ အိမ် မှာ ကူဖော်လောင်ဖက် ဝိုင်း လုပ်ဖို့ ခေါ် ထားတဲ့ ကောင်မလေး နှစ်ယောက် ရှိတာ ။
ခမျာတွေ မှာ အရွယ် က လည်း အပျို အရွယ်တွေ ၊ နေပုံ ထိုင်ပုံ ကလည်း သိပ်ပြီး အချိုးအစပ် မဟုတ်လှ တော့ မဝင်းမေ မျက်စိ နဲ့ မတည့်ဘူး ထင်ပါရဲ့ ။
ကောင်မလေးတွေ က ရည်းစားသနာ ထားတဲ့ အရွယ် ဆိုတော့ နည်းနည်း မူ ပျက်လာတယ် ။
မဝင်းမေ က လည်း ချက်ဆို နားခွက် က မီးတောက် တဲ့ မိန်းမ ပဲ ဥစ္စာ ။ ရိပ်မိတာ ပေါ့ ။
ဒါနဲ့ စောင့်ပြီး ဖမ်းဖို့ လုပ်ရော ။ မသင်္ကာတာ က တော့ သူတို့ ခြေရင်း အိမ် စက်ဘီးပြင်ဆိုင် က အလုပ်သမားလေးတွေ နဲ့ပဲ ညဘက် ညဘက် လူကြီး တွေ အိပ်မောကျ တဲ့ အချိန် ကျ ရင် အောက်ထပ် ကောင်မလေးတွေ အခန်း က တိုးတိုး တိုးတိုး စကား ပြောသံ ကြားတာ မျိုး ၊ တံခါး ဖွင့်သံ ကြားတာမျိုး တွေ က လည်း ရှိတာကိုး ။
ခြံစည်းရိုး က လည်း ခပ်နိမ့်နိမ့် ဆို တော့ ဟိုဘက် က နေ ကျော် ဝင်လာ ဖို့ က လည်း မခက်ဘူးလေ ။
တစ်ရက် ကျ တော့ ...
မဝင်းမေ က ဗြုန်း ဆို အိမ်ဖော်ကောင်မလေးတွေ ရဲ့ အခန်း ကို အလစ် အငိုက် ဖမ်း ဝင် စစ်တာ ။ စုံထောက် မျက်လုံး နဲ့ ဟိုရှာ ဒီရှာ နှိုက်နှိုက်ချွတ်ချွတ် လှန်လှော ကြည့်တော့ သင်ဖြူးဖျာ အကြိုအကြား မှာ စီးကရက်ဖင်စီခံ အတို တစ်ခု တွေ့ပါလေရော ။
အဲဒီမှာ တင် ...
အိမ်ဖော် ကောင်မလေးတွေ ကို အိမ်ရှေ့ခန်း ကြမ်းပြင် ပေါ် ထိုင် ခိုင်းပြီး မဝင်းမေ က ပုလိပ်စစ် စစ်တော့တာ ။
“ ဒါ ဘယ်သူ့ စီးကရက်တိုလဲ ”
ကောင်မလေးတွေက ကြောက်လွန်း လို့ တုတ်တုတ် မှ မလှုပ်ရဲဘူး ။ အဖြေ စကား မကြားရတော့ မဝင်းမေ ပိုပြီး ဒေါသ ထွက် လာတယ် ။
“ ဟဲ့ .. ငါ မေးနေတယ် ၊ ပြောကြလေ ။ ဒါ ဘယ်သူ သောက်ထားတဲ့ စီးကရက်တို လဲ ”
အဲဒီ အချိန်မှာပဲ လက်ဖက်ရည်ဆိုင် က ပြန် လာတဲ့ ကိုမောင်မောင်ချို က အိမ်ရှေ့ ဖိနပ်ချွတ် ပေါ် လှမ်း တက် လိုက်ရာ က နေ သူ့ မိန်းမ ရဲ့ စကားသံ ကို နားစွန်နားဖျား ကြား လိုက်တာနဲ့ ကမန်းကတန်း လှမ်း ပြီး ...
“ အဝင်း ရေ ... ကိုယ့် စီးကရက် နဲ့ တူပါရဲ့ ကွာ ”
အဲသလို ဘုမသိ ဘမသိ အတင်း စွတ်ဝင်တာ ။ မဝင်းမေ က ဆောင့်ကြီး အောင့်ကြီး နဲ့ ဒိုင်းခနဲ မျက်စောင်း လှမ်း ထိုးရင်း ...
“ ရှင် ... အသာ နေစမ်း ... ကိုမောင်ချို ”
ဒေါသ ဖြစ်ဖြစ် နဲ့ လှမ်း ဟောက်တယ် ။ ကိုမောင်ချို က လည်း သူ့ မိန်းမ ဒေါကန် နေမှန်း သိ တော့ မျက်နှာ ကို အတတ်နိုင်ဆုံး ပြုံးတုံးတုံး ချိုတိုတိုလေး လုပ် ထားရင်း လေသံ ပိစိညှောက်တောက်ကလေး နဲ့ .. ။
“ ဟဲ ... ဟဲ အဝင်း က လည်း ကွာ ၊ ဒီ အိမ် မှာ ဆေးလိပ် သောက်တတ် တဲ့ သူ ဆိုလို့ အဝင်း အဖေ ရယ် ၊ ကိုယ် ရယ် နှစ်ယောက် တည်း ရှိတာ မဟုတ် လား ။ အဖေ က ဆေးပေါ့လိပ် ပဲ သောက် တာလေ ။ ဟဲ .. ဟဲ ဒီတော့ ကိုယ့် ရဲ့ စီးကရက်တို ပဲ ဖြစ်မှာပေါ့ကွာ ။ ဒါလေးများ မိန်းမ ရယ် ရှင်းနေတာပဲ ။ ဟဲ ... ဟဲ ... ဟဲ ”
“ ဒီမယ် ... ကိုမောင်ချို ၊ ရှင့် အပေါက် ကို အခု ပိတ်မလား ၊ မပိတ်ဘူးလား ”
ကိုမောင်ချို က မျက်လုံးလေး ကလယ်ကလယ် နဲ့ ... ။
“ ဟင် .. ဘာလဲဟင် ၊ ကိုယ် ဘာ ပြောမိလို့လဲ မိန်းမ ရယ် ။ ကိုယ့် စီးကရက် ကြောင့် သူများ အဆူ ခံရမှာစိုး ... ”
“ သွား ... ဒီကိစ္စ ရှင် နဲ့ ဘာမှ မဆိုင်ဘူး ၊ ခပ်ဝေးဝေး သွား နေ ”
“ ဪ ... အဟက် ... အဟက် ... မိန်းမ ရယ် ၊ စီးကရက် ဆို တာ ကိုယ် တစ်ယောက် ပဲ သောက် .... သောက် ”
“ ဂွမ်း ”
မဝင်းမေ က ရေနွေး ပန်းကန်လုံး နဲ့ ကောက် ပေါက် လိုက်ရင်း ...
“ တိတ်စမ်း ... ကိုမောင်ချို ၊ ဒီမှာ အိမ်ဖော်မ နဲ့ အဝှာ ဖြစ်တဲ့ လက်သည် ကို စစ် နေတာနော် ၊ ရှင် တရားခံ ဖြစ်သွားချင်လို့ လား ”
အဲသလို တည့်တည့် ပြောမှပဲ ကိုမောင်ချို တစ်ယောက် ရိပ်မိပြီး ကုပ်ကုပ်ကလေး လစ်တော့တာ ။ ဒါကတော့ သူ့ လက်ချက် မဟုတ်တာ သေချာတယ်လေ ။
••••• ••••• •••••
ကျွန်တော်တို့ နဲ့ ကိုမောင်ချို က လက်ဖက်ရည်ဆိုင် ထိုင် ရာ က ဆုံမိ ပြီး မိတ်ဆွေ ဖြစ်ကြတာ ဆိုတော့ သူ့ မိန်းမ မဝင်းမေ ကို မမြင်ဖူးကြဘူး ဗျ ။
စပ် လည်း မစပ်စု ချင်ကြပါဘူးဗျာ ။ ဒီလိုပဲ နေလိုက်ကြတာပါ ပဲ ။ ကိုမောင်မောင်ချို ကိုယ်တိုင် က လည်း စကား ခပ်နည်းနည်း ရယ် ဗျ ။
တစ်ခါ တစ်ခါ ကျ ရင် တော့ ...
လက်ဖက်ရည်ဆိုင် မှာ ကျွန်တော်တို့ အုပ်စုဖွဲ့ လေပန်း နေတုန်း ဆံပင် နီကြောင်ကြောင် အဝတ်အစား ဖိုသီဖတ်သီ နဲ့ မိန်းမ တစ်ယောက် က အခါလယ်သား အရွယ် လောက် ကလေး တစ်ယောက် ( ကိုမောင်မောင်ချို ရဲ့ သား အငယ်ကောင် ထင်ပါရဲ့ဗျာ ) ကို ခါးထစ်ခွင် ချီလာပြီး ...
“ အဖေကြီး ရေ ကလေး က မနေဘူး တော့ ၊ လာ ထိန်းပါဦး ”
လို့ လက်ဖက်ရည်ဆိုင် ရှေ့ က နေ လာပြီး အသံ ပြု တတ်တယ် ။ အဲဒီလို အခါမျိုး ကျရင် ကိုမောင်မောင်ချို က လည်း ကပျာကသီ နဲ့ ပုဆိုးလေး ပြင် ဝတ်ပြီး ...
“ လာပြီ ... လာပြီ ”
ဆိုပြီး ကလေး ကို ပြေးချီ ၊ ပြီးရင် နှစ်ယောက်သား ရပ်ကွက် ထဲ ဆီ စုံတွဲ ကြွမြန်း တော့ တာပဲ ။
ကျွန်တော်တို့က အဲဒီ ဆံပင်နီကြောင်ကြောင် နဲ့ မိန်းမ ဟာ ဖြင့် ကိုမောင်မောင်ချို ရဲ့ ဇနီး ဖြစ် မှာပဲ လို့ အောက်မေ့ ထားတာ ။
ဟုတ်ဘူး ဗျ ။
မဝင်းမေ က ချက်ဟယ် ပြုတ်ဟယ် နဲ့ မအားတဲ့ အချိန်ကလေး အငယ်ကောင် က ထ ထ ငိုပြီ ဆိုရင် အိမ်ဖော် ကို ထိန်းခိုင်း ချော့ခိုင်း တာတဲ့ ။
အဲဒါ အိမ်ဖော် က ကလေး ကို ချီရင်း ပိုးရင်း လမ်းလျှောက် သလိုလို ဘာလိုလို နဲ့ ကိုမောင်ချို သေချာပေါက် ရှိနေမယ့် လက်ဖက်ရည်ဆိုင် ကို လိုက် လာပြီး ကလေး ကို ထိုးအပ် သွားတာ ။ ပြီးတော့ အဲဒီ မိန်းမ ပြောတဲ့ လေသံ က အိမ်ဖော် လေသံ မှ မဟုတ်ဘဲ ။
“ အဖေကြီး ရေ ... ကလေး က မနေဘူးတော့ ”
ဆိုတော့ လင်နဲမယား ချင်း ပြောနေ ဆိုနေ ကျ လိုလို ။ အဲဒီတော့ အကြောင်း မသိတဲ့ ကျွန်တော် တို့ ကလည်း ဆံပင် နီကြောင်ကြောင် ဖိုသီ ဖတ်သီ နဲ့ အိမ်ဖော်မ ကို ကိုမောင်မောင်ချို ရဲ့ တောင်ညာစံ မဟေသီကြီး လို့ အောက်မေ့ ပြီး ...
“ ဪ ... ကျွတ်.. ကျွတ် တို့များရဲ့ ဘော်ဒါကြီး မိန်းမရ ကံ ဆိုး နုံချာလေခြင်း ”
ရယ်လို့ ကျိတ်ပြီး သနား နေကြတာဗျ ။
ကိုမောင်မောင်ချို ကိုယ်တိုင် က တော့ သူ့ ကို အဲဒီလို ပြောရ ဆိုရ ကောင်းလား ဆိုပြီး အိမ်ဖော် မိန်းမ ကို ဆူဟယ်ကြိမ်းဟယ် တောင် မလုပ်ဘူး ။
အားနာစရာ မရှိ ကြံဖန် အားနာတယ် ထင်ပါရဲ့ ။ မြုံစိစိ နဲ့ နေနေတာပဲ ။
••••• ••••• •••••
ကိုမောင်မောင်ချို့ ကို သူ့ ယောက္ခမ အိမ် ပေါ် က နှင်ချရတဲ့ အကြောင်း က လည်း အဲဒီ အားနာတဲ့ ကိစ္စ က ပဲ အရင်းခံ တာ ဗျ ။
ဒီလိုလေဗျာ ။
ကိုမောင်မောင်ချို က ရေစည်လှည်းဖိုး ရတဲ့ အထဲ ကနေ တစ်နေ့ ကို ငါးကျပ် တစ်ဆယ် လောက် နေ့တွက် စီ နေလေတော့ လက်ဖက်ရည်ဆိုင် လာ ထိုင်တဲ့ အခါ ဆိုက်ကား စီး စီး လာတယ် ။
သူ စီးနေ ကျ ဆိုက်ကားဆရာ က ပေသီး တဲ့ ။ ပေသီး ရဲ့ ဆိုက်ကား ကို တစ်ရပ်ကွက်လုံး က ‘ ခွေးချေး ’ လို့ နာမည် ပေးထားကြတယ် ။
ဟိုနေရာ ‘ ပါ ’ သွားလိုက် ၊ ဒီနေရာ ‘ ပါ ’ သွားလိုက်နဲ့ မို့ လို့ ။ ပါစင်ဂျာ က တစ်ယောက်တည်း ဈေး ကို သွားဖို့ ငှား စီးတယ် ဆိုပါစို့ ။
( နောက်ဘက် ထိုင်ခုံ က လွတ် နေပြီ ဆိုရင် အဲဒီ လူ ‘ နာ ’ ပြီသာ မှတ်ပေတော့ )
ဘာဖြစ်လို့လဲ ဆိုတော့ လမ်း မှာ နောက်ထပ် ခရီးသည် တစ်ယောက် က ဖြတ် တားပြီး ဘုန်းကြီးကျောင်း ပို့ပေးစမ်းပါ ” လို့ ပြောလာရင် လည်း လာထားပဲ ။ “ တက်ဗျာ ၊ ပေးချင်သလောက် ပေး ” ဆိုတာ ချည်း ပဲ ။
( အဲဒီလို နောက်ထိုင်ခုံ ဘေးထိုင်ခုံ ကို ကပ်မြှောင် ပြီး စီးတဲ့ လူ အဖို့ ကျတော့ ဆိုက်ကားခ ပေးရတာ သက်သာတာ ကိုး )
အဲသလို နဲ့ လမ်း တစ်လျှောက် တွေ့ သမျှ မဆုံးနိုင်တော့ဘူး ။ တစ်ယောက် ပြီး တစ်ယောက် တစ်နေရာ ပြီး တစ်နေရာ ရွေ့မျော နေ တော့တာ ။ အရင်ဆုံး ငှား စီးမိတဲ့ ခရီးသည် က တော့ ရှင်လောင်း ပြ သလို ရွာစဉ် လှည့် ဖို့ သာ ပြင်ထား ပေတော့ပဲ ။
ကြာတော့ ပေသီး ရဲ့ ဆိုက်ကား ကို ရပ်ကွက် ထဲ မှာ ဘယ်သူ မှ မငှား ကြတော့ဘူး ။ ကိုမောင်မောင်ချို ကတော့ အဲသည်လို ဖြစ်နေရ ရှာတာ ကို ပဲ ပေသီး ကို ကြံကြံဖန်ဖန် အားနာ သတဲ့ ဗျာ ။
ဒါကြောင့် လက်ဖက်ရည်ဆိုင် ကို လာတိုင်း ပေသီး ရဲ့ ဆိုက်ကား ကို ပဲ အမြဲ ငှား စီးတယ် ။
ပေသီး က လည်း ဘယ်တော့ မှ အချိုး မပြောင်းဘူး ။
ကိုမောင်မောင်ချို က တစ်ယောက် တည်း သော ပါစင်ဂျာ မဟုတ် လား ။ ဆိုက်ကား နောက်ခုံ က အမြဲ လွတ် နေတာလေ ။ အဲဒီတော့ ပေသီး ရဲ့ ဆိုက်ကား ပေါ်မှာ ကိုမောင်မောင်ချို ပါ လာပြီဆိုရင် လမ်း မှာ ...
“ ဟဲ့ ... ပေသီး ရေ ၊ ငါ့ မှာ ခြင်းတောင်းတွေ နဲ့ မို့ ဈေး ကို အရင် လိုက် ပို့စမ်းပါဦး ဟယ် ”
ဆိုရင် ...
ဈေးတောင်း ပိုက် ထားတဲ့ မိန်းမကြီး နဲ့ တွဲလျက်သား နဲ့ လည်း ကိုမောင်မောင်ချို တစ်ယောက် ငုတ်တုတ်ကြီး ပါ သွားတတ်တယ် ။ တစ်ခါ တစ်ခါ ...
“ ဦးလေးပေသီး ရေ ... ကျွန်မ ကလေးတွေ ကျောင်း နောက်ကျ နေလို့ မြန်မြန် ပို့ ပေးစမ်းပါဦး ”
ဆိုတဲ့ မိန်းမမျိုး နဲ့ တွေ့ရင် လည်း ကိုမောင်မောင်ချို ရယ် ၊ အဲဒီ မိန်းမ ရယ် ၊ ကလေးတွေ တိုးလို့ တွဲလောင်း တစ်ပြုံတစ်မ နဲ့ ဆိုက်ကား ပေါ် အမြိန့် သားကြီး ထိုင် လိုက် သွားတာပဲ ။
ကိုမောင်မောင်ချို့ ပါးစပ် က တော့ ‘ မတင်နဲ့ဗျာ ’ လို့ ကန့်ကွက်တာ တစ်ခါ မှ မရှိဘူးဗျ ။ အားနာလို့ ... တဲ့ ။
••••• ••••• •••••
အိမ် ပေါ်က ဆင်း ရတဲ့ ပြဿနာ က ဒီလိုဗျ ။
ကိုမောင်မောင်ချို့ ယောက္ခမကြီး က စစ်မှုထမ်းဟောင်းများ အစည်းအဝေး က နေ ပြန်လာတယ် ။ သူ့ ဖင်မလီယာ ကားလေး ပေါ် မှာ မြို့နယ် က တာဝန် ရှိတဲ့ လူကြီး နှစ်ယောက် သုံးယောက် လည်း ပါ လာတယ် ဆိုပဲ ။
သူတို့ ကား နဲ့ ကိုမောင်မောင်ချို စီး လာတဲ့ ဆိုက်ကား က လမ်းမှာ ဆုံတာ ။
ထုံးစံအတိုင်း ကိုမောင်မောင်ချို က ဆိုက်ကား ရှေ့ ခုံ မှာ ။ ... ပြီးတော့ နောက်ခုံ မှာ က အဝတ်အစား ဖရိုဖရဲ ၊ ဆံပင် ဖိုသီဖတ်သီ နဲ့ မိန်းမ တစ်ယောက် ။
ဖြစ်ချင်တော့ ဗျာ အဲဒီ မိန်းမ ကို ( ကိုမောင်မောင်ချို က သာ လူအေး မို့ လို့ မသိတာ ) တစ်မြို့နယ်လုံး က နာမည်ပျက် နဲ့ ကျော်ဇော စာရင်း ဝင် မှန်း သိ နေတာ ဆိုပဲ ။
အဲဒီ မိန်းမ က လည်း ရပ်ကွက် အစွန် မှာ ရှိတဲ့ တည်းခိုခန်း ရှေ့ က ထွက် ပြီး ဆိုက်ကား တား စီး တာ တဲ့ ။
အဲဒီ က နေ ကိုမောင်မောင်ချို နဲ့ နှစ်ယောက်တွဲ ဆိုက်ကား စီးပြီး ထွက် အလာ အဘိုးကြီးတွေ ရဲ့ ဖင်မလီယာကား က လည်း ဖြတ် အသွား နဲ့ တည့်တည့် တိုး ရော ။
အိမ်ပြန် ရောက်တော့ အဘိုးကြီး က ပွဲကြမ်း တော့ တာပဲ ။
“ နေ့ခင်း ကြောင်တောင် အရှက် မရှိဘူး ”
ဘာညာ နဲ့ ကြိမ်းမောင်းပြီး အိမ်ပေါ် က နေ နှင်ချ လိုက်တယ် ။ ကိုမောင်ချို့ မိန်းမ မဝင်းမေ က လည်း ပဲခူး ရောက်နေတဲ့ အချိန် ကိုး ။
ဒါနဲ့ပဲ ...
ကိုမောင်မောင်ချို တစ်ယောက် ( ကိုယ့် ဖာသာ ကိုယ် ဘာ ပြစ်မှု ကျူးလွန် လို့ ကျူးလွန် မိ မှန်း မသိဘဲ ) ကုပ်ချောင်းချောင်း နဲ့ ယောက္ခမ အိမ် ပေါ် က ဆင်းပြီး ကျွန်တော် တို့ ဆီ ရောက်လာတော့တာပါ ပဲဗျာ ။
••••• ••••• •••••
ကိုမောင်မောင်ချို လို လူ တစ်ယောက် ကို အိမ် ပေါ် တင် ထားရတာ ဟာ ဘာမှ အပန်းမကြီးဘူး ။ ကရိကထ လည်း မများဘူး ။
မနက် မိုး လင်းလာပြီ ဆိုရင် ...
ကိုမောင်မောင်ချို တစ်ယောက် မျက်နှာ သစ် ပြီး ပုဆိုးပိုင်းလေး နဲ့ ရေ စင်အောင် သုတ် ၊ ပြီးရင် မနေ့ ည က ကျန် တဲ့ ထမင်းကြမ်းခဲလေး ကို ငါးပိရည် နဲ့ နယ်ဖတ် စားပြီး ပက်လက်ကု,လားထိုင် မှာ ငြိမ်ငြိမ်ကလေး ထိုင် နေ တာပဲ ။
စကား တောင် သိပ် ဟဟ မပြောဘူး ။ မျက်လုံးကလေး မှေး ပြီး စဉ်းစားခန်း ဝင် နေတာပဲ ။
ကျွန်တော် တစ်ခါ က မေး ကြည့်ဖူးတယ် ။
“ ကိုမောင်ချို ၊ ခင်ဗျား ဘာတွေများ တွေး တွေး နေတာလဲဗျ ”
လို့ ... ။
သူ ပြန် ဖြေတဲ့ စကား ကို ကျွန်တော့် တစ်သက် ဘယ်တော့ မှ မေ့လို့ ရတော့ မှာ မဟုတ်ဘူး ။
ကိုမောင်မောင်ချို ရဲ့ အဖြေ က ..
“ ဪ ... မနေ့ ည က မက် ခဲ့တဲ့ အိပ်မက် အကြောင်း ကို ပြန်စဉ်းစား နေတာပါဗျာ ”
....တဲ့ ။
••••• ••••• •••••
ထူးဆန်းတယ် ...
သူ ဟာ ညတိုင်း ညတိုင်း အိပ်မက် မက် တတ် သူလား မသိဘူး ။
ပြီးတော့ ...
နိစ္စဓူဝ တာဝန်ကြီး တစ်ခု လို နေ့တိုင်း နေ့တိုင်း သူ လုပ်နေရတဲ့ အလုပ် က “ မနေ့ည က မက်ခဲ့တဲ့ အိပ်မက် အကြောင်း ကို ပြန် စဉ်းစားတာ ” တဲ့ ။
••••• ••••• •••••
ဟုတ်ကဲ့ ...
ကျွန်တော်တို့ ဟာ ဘဝ တစ်ကွေ့ မှာ ခေတ် တစ်ခေတ် မှာ အိပ်မက် တွေ အကြောင်း ကို ပဲ စဉ်းစား နေတတ် သူ တစ်ယောက် နဲ့ မိတ်ဆွေ ဖြစ်ခဲ့ရ ဖူးပါ တယ် ။
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment