❝ နားလည်ရင် ကျေနပ်ပါပြီ ❞
( မအေးလေး နှင့် တွေ့ဆုံခြင်း )
ပေဖူးလွှာ ရဲ့“ စာဖတ်သူများ နဲ့ တွေ့ဆုံပေးခြင်း ” ကဏ္ဍ နဲ့ ပတ်သက်ပြီး အမြင် နှစ်မျိုး ရှိနေကြတာ ကျွန်တော် တို့ တွေ့လာရပါတယ် ။ တချို့က ဝါရင့် စာပေပညာရှင်ကြီးတွေ နဲ့ တွေ့ဆုံပေးခြင်း ကို ဦးစားပေး သင့်တယ် လို့ ဆိုကြပြီး လူငယ် စာဖတ်ပရိသတ် ကျပြန် တော့လည်း သူတို့ အကြိုက် လူငယ် ၊ လူလတ် စာရေး ဆရာ ၊ ဆရာမ တွေကို ဦးစားပေး စေချင် ကြပြန်ပါတယ် ။ ဒီ ကဏ္ဍ ကို စပြီး စီစဉ်ကြ ကတည်းက စာဖတ်ပရိသတ် အရွယ် သုံးပါး စလုံး စိတ်ဝင်စားစေ ဖို့ ရည်ရွယ် ထားပြီးသား မို့ အလျဉ်း သင့်သလို တစ်လှည့် စီ သွားဖို့ စီစဉ် ထားပြီး ဖြစ်ပါတယ် ။ ဒါကြောင့် ဒီ လ မှာ တော့ လူငယ် စာဖတ်ပရိသတ် တို့ ရဲ့ ဆန္ဒကို ဖြည့်စွမ်း ပေးနိုင်ဖို့ “ မအေးလေး ” နဲ့ တွေ့ဆုံ ပေးပါမယ် ။
••••• ••••• •••••
“ ဆရာမ အရင်တုန်း က သန်လျင် ဘက် မှာ နေတယ် နော် ”
“ ဟုတ်ပါတယ် ”
“ စာပေလောက ထဲ စ ရောက်တာ က စပြီး ပြောကြရ အောင် ။ ကျွန်တော် ကြားဖူးတာ ကတော့ ဆရာမ သန်လျင် မှာ နေတုန်း က မြို့နယ် စာပေပြိုင်ပွဲ မှာ ပထမ ရခဲ့ဖူးတယ် ဆို ။ အဲဒါ ဘယ်နှခုနှစ် လောက်က ပါ လဲ ”
“ ၁၉၆၇ ခုနှစ် က ပါ ။ စာပေ ဝါသနာရှင်အသင်း က ပြုလုပ်တဲ့ ဝတ္ထု ၊ ဆောင်းပါး ၊ ( မြို့နယ်လုံးဆိုင်ရာ ) ပြိုင်ပွဲ မှာ အရင်ဆုံး ဝင် ပြိုင် ခဲ့တာပဲ ။ အဲဒါ ဝတ္ထု ရော ဆောင်းပါး ပါ ပထမ ရရှိလို့ သတင်းစာ မှာ ဓာတ်ပုံ နဲ့ ဖော်ပြ ခံရပါ တယ် ။ အဲဒီက စပြီး စာပေပိုး ဝင် တာပဲ ဆိုပါတော့ ။ ကျောင်း နံရံကပ်စာစောင် က တောင်း လို့ ပေးတယ် ။ ပေးတယ် လို့ သုံးရတာ က ကျွန်မ က သွား ပေးရတာ မဟုတ်ဘူး ။ ကျွန်မ ဆုရမှန်း သိလို့ နံရံကပ် အဖွဲ့ က တောင်းတာ ကို ပေးရတာ ။ အဲဒီနောက် ၁၉၆၈ ခုနှစ် မှာ “ တို့မေမေ ” ဝတ္ထုတို ကို ရေးပြီး ငွေတာရီ ကို ပို့ လိုက် တယ် ။
ငွေတာရီ ကို ပို့လိုက်တာ က လည်း နော် ဆယ့်ငါးပြားတန် တံဆိပ်ခေါင်း ကပ်ပြီး ပို့ လိုက်တာပဲ ။ ဘယ်သူနဲ့ မှ သိလို့ ကျွမ်းလို့ မဟုတ်ဘူး ။ အသိုင်းအဝိုင်း ထဲ မှာ လည်း စာရေးဆရာမရှိဘူး ။ အဲဒီ အချိန်တုန်း က ဘားမားစတား တို့ ၊ ဖလင်စတား တို့ ပေါ်နေတဲ့ အချိန် ။ ကျွန်မ အစ်မ က အဲဒီတွေ ကို ပို့ပါလား တဲ့ ။ မဟုတ်ဘူး ။ ကျွန်မ က ငွေတာရီ မှ ပို့ချင်တယ် ဆိုပြီး ပို့တာ ။ သူ က ပြောတယ်လေ ။ နင် တိုး နိုင်မှာ မဟုတ်ဘူး တဲ့ ။ ဟိုမှာ က စာရေးဆရာကြီးတွေ မှ သုံးတာ တဲ့ ။ ကျွန်မ နဲ့ သူ ( အခု သူ လည်း ညိုလဲ့ရည် ဆိုတဲ့ နာမည် နဲ့ စာရေး နေပါပြီ ။ ) ရှင်းရှင်း ပြောရရင် လောင်းကြေး စားကြေး လုပ်ပြီး ပို့တာ ။ အဲဒီတုန်း က ငယ်သေးတယ် လေ ။ ဆယ့်ရှစ်နှစ် သမီး ပဲ ရှိသေးတော့ ကလေး ဆန်တယ် ဆိုပါတော့ ။ ငွေတာရီ ကို ၁၉၆၈ ခုနှစ် က ပို့တဲ့ “ တို့မေမေ ” ဟာ ၁၉၆၉ ခု မေလ ကျ မှ ပါ လာ ပါတယ် ။ ဝမ်းသာ လိုက်တာ မပြောပါနဲ့ တော့ ။ အဲဒီက စပြီး ဝတ္ထု ရေး တော့တာပဲ ။ ဒုတိယ က “ မြေးတို့ ဘွားဘွား ” ဝတ္ထုတို ပါ ပဲ ။ တတိယ ရေးတာ က “ သစ္စာတော် စူးပါစေ့ ဆိုဦးက ပင် ” ဆိုတာ မဂ္ဂဇင်း ဝတ္ထုရှည် အစ အဆုံး ။ အဲဒါတွေ ကျ တော့ ငွေတာရီ မှာ သိပ် မစောင့် ရတော့ဘူး ။ လေး ငါးလ လောက် စောင့်ရ ပါတယ် ။
ကျွန်မ ပြောတာ များ နေပြီလား မသိဘူး ။ စာပေ ဝါသနာ ပါတဲ့ စာချစ်သူတွေ လေ့လာ ကြိုးစားရအောင် လို့ ပြည့်စုံအောင် ကျွန်မ ပြော တာပါ ။ အဲဒီနောက် မြဝတီ ၊ သွေးသောက် ၊ စန္ဒာ ၊ တိုင်းရင်းမေ ၊ ရှုမဝ ၊ ရှေ့သို့ ... စုံအောင် ကျွန်မ ရေးပါတယ် ။ ၁၉၇၅ ခုနှစ် မှာ မှ လုံးချင်း လောက ထဲ ကျွန်မ ဝင်ခဲ့တာပါ ။ အဲဒါက လည်း ဆရာ ဦးတင့်တယ် က “ မိအေး ၊ ညည်း လုံးချင်း မရေးသေးဘူးလား ၊ ကိုယ့် နောက် မှ ရေးတဲ့ လူတွေ က တစ်ယောက် ပြီး တစ်ယောက် စွံ နေကြပြီ ၊ ရေးပါတော့လား ” တဲ့ ။ ဆရာ့ စကား ကြောင့် ကျွန်မ ကိုယ် ကျွန်မ စဉ်းစား မိတယ် ။ ငါ လုံးချင်း ရေးတဲ့ အထိ ဖြစ်ပါ့ မလား လို့ ။ သိပ်ပြီး မထင်ဘူး လေ ။
အဲဒီ နောက် တော့ ကျွန်မ ခင်ပွန်းသည် ရဲ့ ကျေးဇူးပဲ ဆိုပါတော့ ။ သူ က အားပေးတယ် ။ ရေးစေ ချင်တယ် ။ ကျွန်မ ကို ကဉ္စန စာပေ ကို ခေါ်သွားတယ် ။ ခေါ်သွားတယ် ဆိုတာက လိပ်စာ ကြည့်ပြီး သွားတာ ။ အန်တီကြီး တို့ နဲ့ မသိပါဘူး ။ အဲဒီ က နေပဲ ကျွန်မ လုံးချင်းရေး ဖြစ်တာ ။ စ ရေးတဲ့ ဝတ္ထုက “ လွမ်းကြိုး ကုဋေ ပြေပါစေ ” ဆိုတာပါ ။ ကျွန်မ နဲ့ ကဉ္စနစာပေ က ကံစပ် လို့ လည်း ပါ တာပေါ့လေ ။ ကျွန်မ အတွက် ကံ ကောင်းချင်တော့ စ စချင်း အုပ် မှာပဲ အုပ်ရေ နှစ်ထောင် ရိုက်တာ အုပ်ရေ နှစ်ထောင် ကုန်ပါတယ် ။ အဲဒီ က နေ ဆက်ပြီး မနားတမ်း ရေး ရတော့ တာပါပဲ ”
“ ကလောင် နာမည် မအေးလေး လို့ ယူခဲ့တာ သီးခြား အကြောင်းများ ရှိပါသလား ဆရာမ ”
“ ကျွန်မ ကလောင်နာမည် ယူခဲ့တာ က တော့ ရှင်းရှင်းလေးပါ ။ ကျွန်မ နာမည်ရင်း က “ အေးအေးမူ ” ပါ ။ ကျွန်မ ကိုယ် ကျွန်မ စကား ပြော ရင်လည်း “ အေးမူ ” က “ အေးမူ ” က နဲ့ ပဲ သုံးတတ်ပါတယ် ။ အိမ် က ခေါ်ရင် လည်း အေးအေးမူ ပါပဲ ။ ကျွန်မ အဘွား ဒေါ်ညီမ ကလည်း ဒီလိုပဲ ခေါ်နေကျပါ ။ အဲ ... သူ က လူကြီးရောဂါ နဲ့ မကျန်းမမာ ဖြစ်နေ ချိန် မှာ ကျွန်မ ဆယ့်သုံးနှစ် သမီး ပဲ ရှိပါသေးတယ် ။ နင်းခိုင်း ၊ နှိပ်ခိုင်း ရင် ကျွန်မ က အမြဲပဲ နင်းပေးတယ် နှိပ်ပေးတယ် လေ ။ အဲဒီ အချိန် မှာ သူ ကျွန်မ ကို ချစ်ပဲ ချစ်လို့လား ၊ ကျေးဇူးပဲ တင်လို့လား မသိဘူး ၊ ပြောင်း ခေါ်တယ် ။ “ မအေးလေး ” “ မအေးလေး ” နဲ့ ပြောင်း ခေါ်လာ လိုက်တာ ဆုံးခါနီး အထိ တဖွဖွ ခေါ်သွားခဲ့တာ ၊ ကျွန်မ မမေ့နိုင်ဘူး ။ စောစောက ကျွန်မ ပြောခဲ့တဲ့ ဆယ့်ရှစ်နှစ် သမီး အရွယ် မြို့နယ် ပြိုင်ပွဲ ဝင်ဖို့ ကလောင် နာမည် ရွေးတော့ အဘွား ပေးတဲ့ နာမည် “ မအေးလေး ” ကို ပဲ သတိရတယ် ။ အဲဒါနဲ့ ဒီ နာမည် ကို ပေး လိုက်တာပဲ ။ ဘာ ဗေဒင် မှ မမေးဘူး ။ ဘယ်သူ့ အရိပ် မှ ကျွန်မ ခို လိုက်တာ မဟုတ်ပါဘူး ။
အဲဒီ နာမည် နဲ့ ဝတ္ထုတိုလေးတွေ ၊ မဂ္ဂဇင်းဝတ္ထုရှည်တွေ ရေးတဲ့ ကျေးဇူးပဲ ပေါ့လေ ၊ ကဉ္စနစာပေ ကို ကျွန်မ ရောက်တော့ “ မအေးလေး ” ဆိုတာ နဲ့ ပဲ မမမိ ( ဒေါ်ခင်မိမိ ) က သိတယ် ။ ကျွန်မ ဝတ္ထုတွေ ကို ကြို သိ နေခဲ့တယ် ။ ကြိုက်တယ် လို့ ပြောတယ် ။ ဒါပေမဲ့ အန်တီကြီး က လုံးချင်း ဝတ္ထုတွေ ရေးတဲ့ နေရာ မှာ နာမည် ပြောင်းစေချင်တယ် လို့ ပြောတယ် ။ မအေးလေး ဆိုတာ က ရိုးလွန်းတယ် ပေါ့ လေ ။ ကျွန်မ က ငြင်းလိုက် တယ် ။ ဆန်းတာတွေ က ရိုး သွားနိုင်ပါတယ် ။ ရိုးတဲ့ နာမည် က ထပ်ပြီး မရိုးနိုင်တော့ဘူး လို့ ။ ပြီးတော့ ကျွန်မ အဘွား ပေးခဲ့တဲ့ နာမည် ကျွန်မ ပြောင်းနိုင်ဘူး လို့ ဆိုတော့ စိတ် ထဲ သိပ် ကျေနပ်မှာ တော့ မဟုတ်ဘူး ။ ဒါပေမဲ့ ဒီ နာမည် ပဲ သုံးဖို့ လက်ခံကြ ပါတယ် ။ ကျွန်မ အနေနဲ့ က လည်း ဒီ နာမည် နဲ့ ပရိသတ် ကို ချုပ်ကိုင် မိ နေမှ တော့ ဒီ နာမည် ကို ပြောင်းပြီး လုံးချင်း ရေးဖို့ ဝန်လေး ပါတယ် ”
“ ဆရာမ ဝတ္ထု တစ်ပုဒ် ကို ဖန်တီးတဲ့ နေရာမှာ ဘယ်လို ဖန်တီး ယူပါသလဲ ။ ဇာတ်ကောင်စရိုက် နဲ့ ဇာတ်လမ်း ဘယ်ဟာ ကို ဦးစားပေး ဖန်တီးတတ်ပါ သလဲ ”
“ ဖန်တီး ယူတယ် ဆိုတဲ့ စကား က လုပ် ယူတယ် ဆိုတဲ့ စကား မို့ ကျွန်မ သိပ် မကြိုက်လှဘူး ။ ဒါပေမဲ့ ထားပါ တော့ ။ အစ်ကို့ အနေနဲ့ က ဒီလိုပဲ သုံးရမှာ ကိုး ။ ကျွန်မ က လူ တစ်ယောက် နဲ့ စကား ပြောရင် အဲဒီ လူ ရဲ့ လေယူ လေသိမ်း ၊ ပုံစံ ၊ အပြုအမူလေးတွေ ၊ သူ့ ရဲ့ ပင်ကိုစရိုက် ကို ကျွန်မ ရဲ့ စိတ် က ထုတ်ယူ သိမ်းထား ပြီးသား ဖြစ်နေတတ် ပါတယ် ။ အဲဒါကို အစ က ကျွန်မ သတိမထား မိသေးပါဘူး ။ ကျွန်မ စာ ရေး တဲ့ နေရာ မှာ သူ နဲ့ ခွင်ကျမယ့် နေရာ မှာ အဲဒီ လူ ရဲ့ ပုံစံ ၊ လေယူလေသိမ်း တွေ က အစ ရောက်လာတတ် မှ ကျွန်မ စိတ် ကို ကျွန်မ သတိပြု မိ ပါတယ် ။
လုံးချင်းဝတ္ထု ရေးတဲ့ အခါမှာ တော့ ဌာပနာ နိုင်းချင်း ထည့် ထားတဲ့ အစာသွတ်မုန့် လို ကျွန်မတို့ အနေနဲ့ ဒေသန္တရ ဗဟုသုတတွေ ရော ၊ ထိုက်သင့်တဲ့ ပညာပေးလေး တွေ ၊ သိသင့် သိထိုက်တာ လေး တွေ ရော မွှေပြီး မှ ကိုယ် ပြောချင်တဲ့ စကား ကို ဦးတည် ပြီး ပြောတာပါပဲ ။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာ က စာရေးဆရာ အချင်းချင်း ထဲ မှာ ရော ၊ ဗဟုသုတတွေ အတတ်ပညာ တွေ ပြည့်စုံ နေပါပြီလို့ ကျွန်မ တို့ အမြင် ရှိထားတဲ့ ဆရာ ၊ ဆရာမကြီးတွေက တောင် စာရေးဆရာ ပြောချင်တဲ့ စကား အဓိပ္ပာယ် ကို ကောက်နုတ် ပြီး မယူတတ်ကြဘူး ။ ဒါက အချစ်ဝတ္ထုရေးဆရာ ၊ ဒါက ဘဝသရုပ်ဖော် ဆိုပြီး နာမည် တပ် ပစ် လိုက်တာပဲ ။ အဲဒါတွေ ခက် နေတာ ။
ဥပမာ - ပြောရရင် ကျွန်မ မအေးလေး ကို ဆိုရင် အချစ်ဝတ္ထုရေး စာရေးဆရာ လို့ ပဲ ဖြစ် နေကြတယ် ။ မအေးလေး စပြီး ရေးခဲ့တဲ့ ဝတ္ထု က “ တို့မေမေ ” နော် ၊ အဲဒါ ဘဝ သရုပ်ဖော် ပဲ ။ ဆက်ပြီး ရေးတဲ့ “ မြေးတို့ ဘွားဘွား ” တို့ ၊ “ သည်မောင်နှမ ” တို့ ... ကျွန်မ ဝတ္ထုတို ရေးရင် အချစ် ကို သိပ် မရေးဘူး ။ ဝတ္ထုရှည် မှာ ဘဝ သရုပ်ဖော် ချည်း ပဲ မရေးဘူး ။ ဘာလို့လဲ ၊ အိုင် မှာ စိုးလို့ ။ ငြီးငွေ့ မှာ စိုးလို့ ။ စာဖတ်သူ ကို ဆွဲဆောင် ခေါ်ယူတဲ့ နေရာ မှာ ဖျော်ဖြေရေး ဟာ မပါ မဖြစ်တဲ့ ကဏ္ဍ ပဲ ။ အဲဒီ ထဲ မှာ မှ ကိုယ် ပြောချင်တဲ့ စကား ၊ ကိုယ် ပေးချင်တဲ့ ပညာ ကို သိမ်သိမ်မွေ့မွေ့လေး ၊ မသိမသာလေး ထည့် ပေးရတာ ။ “ ပညာပေး ” “ ပညာပေး ” ဆိုပြီး အတုံးလိုက် ၊ အတစ်လိုက် ထည့် ပေး မှ သိတဲ့ လူ ဆိုရင်လည်း မကောင်းပါဘူး ။ မြတ်စွာဘုရား တောင် မှ တရား ပြတာ ဝတ္ထုကြောင်း နဲ့ မှ တရားပြ ၊ သောတာပန် ဖြစ်ကြတာ တစ်ပုံကြီး ၊ ပဋာစာရီ ဇာတ်ထုပ် မှာ မပဋာ ၊ ကိုဒါသ နဲ့ ကြိုက် ၊ လိုက်ပြေးတာ ပါသေးတာပဲ ။ ဒါကို အချစ်ဝတ္ထု လို့ ပြောရကောလား ။
ဝတ္ထုရှည် ပြီးတော့ ဝတ္ထုတို ၊ အစ်ကို တို့ ပေဖူးလွှာ မှာ ကျွန်မ ရေးတဲ့ “ အလှူ ” ဆိုတာ အလှူ နှစ်ခု ကို ယှဉ်ပြီး ရေးပြတယ် ။ ကျွန်မ မြင် တဲ့ အမြင် ၊ ကျွန်မ သိတဲ့ အသိ ကို ပရိသတ် ကို ဖြန့်ပေးတာပဲ ။ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သဘော ။ လူ့ သဘော လူ့ သဘာဝ ၊ ကျွန်မတို့ ဒါတွေ ကို လွှတ်လို့ ဖြစ်မလား ။ ကျွန်မ စာ ရေးတာ လူ့ သဘာဝ ကို လက် လွှတ်ပြီး လက်လွတ်စပယ် တစ်ခါမှ မရေးပါဘူး ။
မေးခွန်း မေးတာ ထက် ဖြေတာ က နည်းနည်း ရှည်နေပြီ နော် ၊ ဒါပေမဲ့ စကားတွေ အများကြီး ပြောချင် သေးတယ် ။ ပြောချင်တာတွေ က လည်း များ နေတယ်လေ ။ ကျွန်မတို့ တာမွေ က ထွက် တဲ့ စာသဝဏ် မဂ္ဂဇင်း မှာ ကျွန်မ ရေးတဲ့ “ သူတကာ ထက် တို့က သာတယ် ” ဆိုရင် မဂ္ဂဇင်းဝတ္ထုရှည် ပဲ ၊ ကျွန်မတို့ ဇနီးမောင်နှံ နှစ်ယောက် တာမွေ အဝိုင်းထိပ် ကို လမ်းလျှောက် သွားရင်းနဲ့ မီးပူ ပြင်ဆိုင်မှာ မီးပူ ဝင် ပြင်တယ် ။ အဲဒီ နံဘေး မှာ ကျွန်မ ငေးမိ ငေးရာ ငေးတော့တာပဲ ။ ကျွန်မ မြင်ကွင်း ထဲ တည့်တည့်မတ်မတ် ကျ လာတာ က ဆိုက်ကား ဆရာ ။ “ ဆိုက်ကား စီးမလား ၊ ဆိုက်ကား ” လို့ မေးတဲ့ ဟန် ၊ သူ့ ရဲ့ မျက်လုံး ။ မျက်လုံး ထဲ က မျှော်လင့်ချက်တွေ နဲ့ ပြည့်နေ တဲ့ မျက်လုံး နော် ။ လူ တစ်ယောက် အနား ရောက် လာရင် ဘဲလ်တီး တဲ့ ပုံစံ ။ လူ က သူ့ ကို ကျော် သွားရင် ပင့်သက် ချလိုက်တဲ့ ဟန် ၊ ဆန္ဒ စော နေတာတွေ ၊ ရင်မော နေတဲ့ဟန်တွေ သူ့ ဆီ မှာ တစ်ပါ တည်း တွေ့ နေရတယ် ။
ကျွန်မ တောင် မှ သူ့ ကို ကြည့်ပြီး ဟို လူ သုတ်သုတ်သုတ်သုတ် နဲ့ လာ နေတာ ၊ ဆိုက်ကားစီး မလို့လား ၊ ဟင် ... မစီး ပြန်ဘူး ၊ ကျော်သွားပြန်ပြီ ဆိုတဲ့ စိတ်တွေ ဝင် လာတယ် ။
မီးပူ ပြင် ပြီးလို့ “ ပြန်ကြစို့ မလေး ” လို့ ခင်ပွန်းသည် ခေါ်တော့ ပြန် သာ လာ ရတယ် ။ စိတ် က ဆိုက်ကားဆရာ ဆီ မှာ ကျန်ရစ်တယ် ။ ဆိုက်ကားဆရာ ရဲ့ မျက်လုံးတွေ က ကျွန်မ ကို စကားတွေ အများကြီး ပြော လိုက် သလိုပဲ ။ နောက် တစ်နေ့ ဝတ္ထု ရေးမယ် လုပ်တော့ အဲဒီ ဆိုက်ကားဆရာ က စိတ် ထဲ က မထွက် တော့ဘူး ။
ဒါနဲ့ပဲ ကျွန်မ ဆိုက်ကားဆရာ ရဲ့ ဘဝ ကို ရေးဖြစ်တာပဲ ။ အဲဒီတော့ အစ်ကို မေးတဲ့ ဇာတ်ကောင် စရိုက် နဲ့ ဇာတ်လမ်း ၊ ဘယ်ဟာ ကို ဦးစားပေး ဖန်တီး သလဲ ၊ အစ်ကို့ ဘာသာ စဉ်းစားသာ ကြည့် ပါတော့ ”
“ ခံစားချက် တစ်ထမ်း တစ်ပိုးကြီး နဲ့ စာ ရေး တတ်တဲ့ စာရေးဆရာ ရဲ့ ဘဝ ဝန်ထုပ်ဝန်ပိုးကြီး သယ်ပြီး တောင် တက် ရတာ နဲ့ တူတယ် လို့ ဆရာမ ရေးတာ ဖတ်ရဖူးတယ် ။ ဝတ္ထု တစ်ပုဒ် ရေးရာ မှာ ဇာတ်ကောင် ရဲ့ ခံစားချက် ကို ဆရာမ ခံစား ရေးပါ သလား ၊ ဆရာမ ရေးခဲ့ သမျှထဲ မှာ ဘယ် ဝတ္ထု ကို အခံစားရဆုံးပါလဲ ”
“ အစ်ကို့ မေးခွန်း ကို ကျွန်မ က စောစော ကတည်းက ကြိုပြီး ဖြေ လိုက်သလို ဖြစ်သွားပြီ ထင်တယ် ၊ စောစော က ဥပမာ ပြတဲ့ ဆိုက်ကားဆရာ နေရာ မှာ ကျွန်မ နေရာ ဝင် လိုက်တာပဲ ။ ကျွန်မ ဟာ ကျွန်မ မဟုတ် တော့ဘူး ။ ဆိုက်ကားဆရာ ဘဝ ကို ဝင် ယူတယ် ၊ ဝင်ပြီး ခံစားတယ် ။ စာရေးနေတဲ့ အချိန်မှာ ကျွန်မ ဟာ မအေးလေး မဟုတ်တော့ဘူးလေ ။ ဆိုက်ကားဆရာ ကိုသန်းစိန် ။
ကိုသန်းစိန် ဖြစ်သွားပြီး တော့ လူမှု အရှုပ်အထွေး တွေ ၊ အခက်အခဲ တွေ ၊ အတက်အကျ သဘောတွေ ကို သူ ဟာ လူပေါင်းစုံနဲ့ ဆုံ နေရတော့ ဒီလိုပဲ တွေ့ရမှာပဲ လို့ မြင်တယ် ၊ မြင်တဲ့ အတိုင်း ရေးတယ် ။ ခံစားပြီး တော့ ရေး တယ် ။
ဇာတ်ကောင် ရဲ့ ခံစားချက် ကို ကျွန်မ ခံစားပြီး မှ ရေးတာ ချည်း ပါပဲ ။ ကျွန်မ ရေးခဲ့ သမျှ ထဲ မှာ မကြာခင် က ထွက်တဲ့ အုပ် ၄ဝ မြောက် ဝတ္ထု “ တို့ ကို နားလည်ရင် ကျေနပ်ပါပြီ ” ကို ပိုပြီး ကြိုက်တယ် ။ ဘာလို့လဲ ဆိုတော့ “ ပန်သစ္စာ ” ကို စာရေးဆရာမ ဘဝ အပ်နှင်း ထားတော့ ကျွန်မ ကိုယ်တိုင် က လည်း စာရေးဆရာမ ၊ ပိုပြီး ခံစားလို့ ကောင်းတယ် ။ ရေးလို့ ကောင်းတယ် ပန်သစ္စာ နဲ့ ကျွန်မ ဟာ တစ်ပြေးညီ တည်း ဖြစ် သွားတယ် ။ ပြောချင် တာတွေ ကို ရေးချင်တာတွေ ကို “ ပန် ” က ကျွန်မ ကိုယ်စား ပြောပေး သွား သလိုပဲ ။ ကျွန်မ ဟာ “ ပန် ” ၊ “ ပန် ” ဟာ ကျွန်မ ခွဲ မရအောင် ရှိသွားတယ် ။
အဲဒီလိုပဲ ၊ စာဖတ်သူ ရဲ့ စိတ် ထဲ မှာ လည်း ကျွန်မ နဲ့ ပန် ကို တစ်ယောက်တည်း သတ်မှတ်ကြတာတွေ ကို တွေ့ ရတယ် ။ ခံစားချက် နဲ့ ရေး သလား ၊ မရေးသလား ဆိုလို့ ရယ်စရာ ပြောရ ဦးမယ် ။ ကျွန်မ ကိုယ်ဝန် အရင့် အမာကြီး နဲ့ ရှိချိန် မှာ ရေးတာ က “ ခြေချရာလမ်း မှ နှလုံးသားကလေးများ ” ဆိုတဲ့ အငြိမ့်မင်းသမီး “ ယမင်း ” ဇာတ်လမ်း ။
အဲဒီ ဇာတ်လမ်း ရေးပြီး ငါးရက် အကြာ မှာ သမီး ကို မွေးတာပဲ ။ သမီး ဟာ လက်လှုပ်တတ် ကတည်း က “ချို မိုင်မိုင် ” က တယ် ။ ဘယ်သူမှ သင် မပေးဘဲနဲ့ နော် ။ ဟော ... ထနိုင် ရပ်နိုင်တာ နဲ့ က တော့တာပဲ ။ ကျွန်မ လည်း စဉ်းစားတယ် ။ တို့ မျိုးရိုး ထဲ မှာ သဘင်သည် လည်း မရှိပါဘူးလို့ ပေါ့ ။ နောက်မှ သတိရ တော့ မှ “ ဪ ... သူ့ ကို ကိုယ်ဝန်ကြီး နဲ့ ရေးမိတဲ့ ဇာတ်လမ်း က အငြိမ့်မင်းသမီး ကိုး ” လို့ ။ သူ က သိပ် ဝါသနာ ပါ နေတော့လည်း “ ကဲ ... ကဲ ” ဆိုပြီး လွှတ်ပေး လိုက်တာ ။ မနှစ်က မူကြို ( ၁ ) မှာ လေ ။ ဂျပန်လူငယ် သုံးရာကျော် ကို တစ်ခါ မှ စင်ပေါ် မတက်ဖူးသေး တဲ့ သမီး က “ စင်တော်မင်းသမီး ” အက နဲ့ ဧည့်ခံလိုက်တာ ကြော့ လို့ ။
အစ်ကိုတို့ တွေ့မှာပေါ့ ၊ ဝတ္ထုတိုပေါင်းချုပ် မှာ သား နဲ့ သမီး ပုံ မျက်နှာဖုံး ထည့် ပေးလိုက်တာ ။ သမီး က က လို့လေ ။ စကော့ဈေး ထဲ သွား ရင် မင်းသမီး အဝတ်လှလှ ဆိုင်ရှေ့ က မခွာတော့ တာ နဲ့ စိတ် ကျေနပ်အောင် ဝယ်ပေး ထား ရတဲ့ မင်းသမီး အဝတ် နဲ့ ။
ကဲ ... အဲဒီတော့ စာ ရေးတဲ့ အချိန် မှာ ရှိနေတဲ့ ကျွန်မ ရဲ့ စိတ် က ဇာတ်ကောင် ရဲ့ စိတ် နဲ့ စရိုက်ပဲ ဆိုတာ ပြောဖို့ လိုပါဦးမလား ”
“ တို့ကို နားလည်ရင် ကျေနပ်ပါပြီ ဝတ္ထု ထဲ က ဆရာမ အယူအဆ တစ်ခု ဆွေးနွေးခွင့်ပြုပါ ”
“ ပြောပါ ... အစ်ကို ဆွေးနွေးချင်တာ ဆွေးနွေးပါ ”
“ ဆရာမ က ဒီလို ဆိုတယ် ။ “ မိန်းမတို့ သည် သစ္စာ နှင့် မေတ္တာ ကို အင်အား ပြုလျက် အိမ်ထောင် တည်ခြင်း အမှု ကို ပြု၏ ။ ယောက်ျား တို့ သည် ကား ပိုင်ဆိုင် ရယူလိုမှု တစ်ခု အတွက် အိမ်ထောင် ပြု၏ ” တဲ့ ။ အိမ်ထောင်သည် မိန်းမ တိုင်း ဟာ သစ္စာ နဲ့ မေတ္တာ ကို အင်အား မပြုကြ သလို ၊ ယောက်ျား တိုင်း ဟာလည်း ပိုင်ဆိုင် ရလိုမှု တစ်ခုတည်း အတွက် အိမ်ထောင် ပြု ကြတာ မဟုတ်ပါဘူး ဆိုရင် ဆရာမ ဘယ်လို ယူဆမလဲ ”
“ အစ်ကို့ မေးခွန်း ထဲ မှာ ပဲ အစ်ကို့ အဖြေ က ပါ နေပြီပဲ ။ အိမ်ထောင်သည် မိန်းမ တိုင်း ၊ ယောက်ျား တိုင်း ဆိုတဲ့ စကားလေ ။ အစ်ကို က ယောက်ျားတွေ ဘက်က မကျေနပ်ဘူး ထင်ပါရဲ့ ။ ဟုတ်လား ။
အိမ်ထောင်သည် မိန်းမတိုင်း ဟာ သစ္စာ နဲ့ မေတ္တာ ကို အင်အား မပြုကြသလို ယောက်ျားတိုင်း ဟာလည်း ပိုင်ဆိုင် ရယူလိုမှု တစ်ခု တည်း အတွက် အိမ်ထောင် ပြုကြတာ မဟုတ်ပါဘူး ဆိုရင် ... လို့ အစ်ကို ပြောတယ်နော် ။
ဒါဖြင့်ရင် အိမ်ထောင်သည် မိန်းမ တိုင်း ယောက်ျား တိုင်း မှာ ကိုပဲ “ တချို့ ” ဆိုတဲ့ စကား က ခြွင်းချက် ပါ မနေဘူးလား ၊ “ တချို့ ” မိန်းမတွေ ကျ တော့ သစ္စာ နဲ့ မေတ္တာ ကို အင်အား ပြုတယ်ပေါ့ ။
တချို့ ယောက်ျား တွေ ကျ တော့ ပိုင်ဆိုင် ရယူလိုမှု အတွက် အိမ်ထောင်ပြုတယ် ပေါ့ ဟုတ်လား ။
အစ်ကို ဝန်ခံမလား ...။
ဒါဖြင့်ရင် ကျွန်မ ပြောတာ အဲဒီ “ တချို့ ” အတွက် ပြောတာ ဆိုရင် အစ်ကို လက်ခံမလား ။ အဲဒီ “ တချို့ ” က လည်း လူများစု ဖြစ်နေလို့ “ ယောက်ျားတို့ သည် မိန်းမတို့ သည် ” လို့ ကျွန်မ သုံးတာပေါ့ ။ မဟုတ်ဘူးလား ။
မလုပ် နဲ့ နော် ၊ အစ်ကို ၊ ကျွန်မ က စာရေးဆရာမ လေ ။
ကိုစိုး က ဒါကြောင့် ပြောတာ ထင်ပါရဲ့ ၊ “ စကား တတ်တိုင်း ကတ်မပြောနဲ့ ” တဲ့ ပန် ကို ပြောတာလေ ... အဟဲ ”
“ ဒါဆို ပန် ကို ကိုစိုး ရှေ့မှာ ပဲ စကားကတ် ရလိမ့်မယ် ထင်တယ် ။ ပန် က ... အဲလေ ... ဆရာမ က “ မိန်းမ တို့ သည် ၊ ယောက်ျား တို့ သည် ” ဆိုတော့ အားလုံး ပါ သွား တယ်လေ ။ အခုမှ ဆရာမ က တချို့ လို့ ပြောတာ ကိုး ။ “ ယောက်ျားတို့ သည် ” ဆိုတော့ ကျွန်တော် ကလည်း အချစ်ရှေ့နေ လိုက်မိတာပါ ဆရာမ ရေ ... ကဲ ဆက်လိုက် ကြရအောင် ။
အချစ်ဝတ္ထုတွေ ဆက်တိုက် ရေးလာတဲ့ ဆရာမ အနေနဲ့ “ ချစ်ခြင်းမေတ္တာ ” အပေါ် ဘယ်လို ယူဆပါသလဲ ”
“ ချစ်ခြင်း မေတ္တာကြောင့် ကို ပဲ ကျွန်မတို့ ကမ္ဘာကြီး အဓွန့်ရှည် နေနိုင်တာပေါ့ အစ်ကို ရာ ။ “ အချစ် ” ဟာ မရှိ မဖြစ် တဲ့ ရတနာ ပါ ပဲ ။ အချစ် ကို ကျော်လွှား နိုင်သူရယ် လို့ ဘယ်သူ ရှိလို့လဲ ။ အဲဒီက မှ တစ်ဆင့် ပေါက်ဖွား လာတဲ့ သံယောဇဉ် တို့ မေတ္တာ တို့ ကြောင့် လောကကြီး သာယာစိုပြည် နေတာပေါ့ ။ ဒါက လူငယ် အမြင် နဲ့ ပြော တာပါ ။
စာရေးဆရာမ တစ်ယောက် ။
ပြီးတော့ ...
တည်ငြိမ်စိတ် နဲ့ ရှုကြည့် ဝေဖန်ပြီး ပြောရရင် တကယ်တော့ ချစ်ခြင်း ၊ မုန်းခြင်း ။ ဆိုတာတွေ အားလုံး ဟာ “ စိတ် ” ပါပဲ ။
ကျွန်မ ရေးတဲ့ ဝတ္ထု ကို အချစ်ဝတ္ထု လို့ ခေါ်သလား ။
ကျွန်မ ဝတ္ထုတွေ ကို အကုန်လုံး အစ်ကို ဖတ်ကြည့် ပြီး မှ နာမည် တပ် သင့်တယ် ။
“ မြရည်နန္ဒာ မှ သဲစုရည် ” ကို ဖတ်ပြီး ရင် အစ်ကို ဘယ်လို ပြောမလဲ ။ ကျွန်မ သိချင်လိုက်တာ ”
“ နေဦး ဆရာမ ၊ ကျွန်တော် က အချစ်ဝတ္ထုတွေ ရေး လာတဲ့ ဆရာမ လို့ ပြောလိုက် လို့ ဆရာမ ခံပြင်း သွားပုံ ရတယ် ။ စောစောက ဆရာမ စကား နဲ့ ပဲ ပြန် ကောက်ရရင် အများစု က အချစ်ဝတ္ထု ဖြစ်နေတာ မို့ ကျွန်တော် ခြုံပြီး ပြော လိုက်တာပါ ”
“ အစ်ကို ရှာဖွေ ဖတ်ကြည့်ပါ ။ ကျွန်မ ရေးသမျှ ဝတ္ထုတွေ ထဲ မှာ စိတ်ပိုင်းဆိုင်ရာ ပညာပေးလေးတွေ ပါ ပါတယ် ။ ပညာ ဆိုတာ က လည်း ယူတတ် မှ ရတယ်လေ နော် ”
“ Ghost Writter ” တွေနဲ့ ပတ်သက်ပြီး တော်တော် မကျေနပ်တာတွေ ဆရာမ ဝတ္ထု ထဲ မှာ ဖတ်ရဖူး ပါတယ် ။ ဆရာမ က ဒီလို ရေးပေးတဲ့ လူတွေ ကို မရေးသင့်ဘူး လို့ ယူဆတယ် ။ အပြစ် တင်ထားတယ် ။ ဒီနေ့ စာပေ လောက မှာ “ ငါ့ဝမ်းပူဆာ မနေသာ ” လို့ နောက်ကွယ် က ရေး နေကြရတဲ့ ကလောင်အိုကြီး တွေ ၊ စာပေ ကို ရေး နေရရင် ကျေနပ်ပြီး ကိုယ် ရေးတဲ့ စာ ပုံနှိပ်စာလုံးလေးတွေ နဲ့ မြင်ချင်လွန်း လို့ ကိုယ့် နာမည် တပ်ခွင့် မရ သည့်တိုင် သူများ နာမည် နဲ့ ရေးပေး နေကြရတဲ့ စာပေဝါသနာရှင် တွေ အများကြီး ရှိပါတယ် ။
ဒီတော့ နောက်ကွယ် က ရေး နေကြရတဲ့ သူတွေ ထက် စာရေးဆရာ အမည် ခံချင်ကြတဲ့ ငွေရှင်တွေ မှာ ပိုပြီး တာဝန် မရှိပေဘူးလား ”
“ ဟုတ်တယ် ။ “ အေပရယ်လ် ၏ နွေအနမ်း ” ထဲ မှာ ကျွန်မ ရေး ထားပါတယ် ။ ကျွန်မ က အစစ်အမှန် ကို ပဲ လက်ခံတတ်တဲ့ သူ လေ ။ စကား ပြောရင် ကျွန်မ ရှေ့ မှာ မဟုတ်မဟတ် လာ ပြော ရင် တောင် အော်ထုတ် ပစ်တတ်တဲ့သူ ။ လောကကြီး မှာ “ ငါ့ဝမ်းပူဆာ မနေသာလို့ ” လုပ်ကြစတမ်း ဆိုရင် ရာဇဝတ်မှု တွေ ပြည့် ကုန်မှာပေါ့ ။ ကျွန်မ ကြိုက်တာ က ... လျှာ မြက် ပေါက်ပါစေ ဘယ်သူ့ ထဘီနား မှ ခို မစားဘူး ၊ ဘယ်သူ့ ခြေဖျားမှ ဦး မတိုက်ဘူး ။ ခိုး မစားဘူး ၊ ဓားပြတိုက် မစားဘူး ဆိုတဲ့ စကားမျိုး ၊ မာနမျိုး ။
ခုတော့ ... အစ်ကို က ဒီလို စကား သုံး လာတော့ အံ့ဩလိုက်တာ ။ ငွေရှင်တွေ “ အခွင့်ကောင်း ” ယူဖို့ ဖြစ် လာအောင် လုပ်တဲ့ သူ ကလည်း ရှိနေတာ ကိုး ။ ရောင်း တဲ့ သူ မရှိရင် ဝယ် တဲ့ သူ ရှိ ပါ့မလား ။ ရေးပေးမယ့် သူ မရှိရင် နာမည်ခံ က ရှိပါ့မလား ။ ဒီ ကိစ္စတွေ က ခုမှ ပေါ်လာတာပါ ။ စာပေ ဈေးကွက် ကောင်း လာ မှ ဆိုပါတော့ ။ ဟိုးအရင် ဝတ္ထုလောက မှာ ဒါမျိုး မရှိဘူး ။ မိန်းမ နာမည် နဲ့ မှ ရောင်းကောင်းတယ် ထင် ရင် ၊ ထွက် ချင်ရင် ယောက်ျား က မိန်းမ နာမည် တပ် ထွက်တာပဲ ရှိတယ် ။ သိန်းသိန်း ဆိုပြီး ဒီနေ့ ကန်တော့ခံ နေရတဲ့ ဆရာကြီး က ယောက်ျား ပဲ ။ ဒီလိုပဲ ဖြစ်ရမှာပေါ့ ။
ဝမ်းစာရေး အတွက် မြန်မာပြည် မှာ မုန့်ဟင်းခါး ရောင်းစား မလား ၊ ဘိန်းမုန့် ရောင်းမလား ၊ ကြိုက်တာ လုပ်လို့ ရတယ် ။ စာပေ ဝါသနာ ပါရင် မဂ္ဂဇင်းတိုက် တွေ ပို့ ၊ အဆင့် မီ ရင် ရွေးလိမ့်မယ် ၊ ပါလိမ့်မယ် ။ ဝါသနာ နဲ့ ဝမ်းစာရေး ကို တွဲပြီး ယူ ကတည်း ကို က အစ်ကို မှား နေပြီနော် ။ သူတို့ တွေ က ပြောလို့ ပြောရတာ ဆိုရင်လည်း ကျွန်မ ပြောတဲ့ အတိုင်း ပြောပေတော့ ။
မအေးလေး ဆိုတာ ကိုယ်တိုင် ကြိုးစားပြီး အောင်မြင် လာတဲ့ နာမည် ပါ ။ ကိုယ်တိုင် ကြိုးစားတဲ့ သူ ကို ပဲ ကျွန်မ တော့ အားပေးတယ် ”
“ စာပေ ပဲ ရေး တတ်တဲ့ လူ တစ်ယောက် က မုန့်ဟင်းခါး ဘယ်လို ချက်တတ်မလဲ ၊ ဘိန်းမုန့် ဘယ်လို ဖုတ် တတ်မလဲ ။ ဒါက တစ်ကြောင်း ထားပါလေ ၊ ဆရာမ စာပေလောက ထဲ စ ဝင်တဲ့ ၁၉၆၈ ခုနှစ် လောက် က တောင် စာမူ တစ်ပုဒ် မဂ္ဂဇင်း ထဲ ပါဖို့ တစ်နှစ် စောင့် ရတယ် ။ ဒီနေ့ မဂ္ဂဇင်းတွေ မှာ လူသစ် တစ်ယောက် ရဲ့ ဝတ္ထု တစ်ပုဒ် ပါလာ ဖို့ ဆိုတာ ဘယ်လောက် စောင့်ရတယ် ဆိုတာ ဆရာမ သိမှ သိပါ့ မလား ။ မပြောတတ် ဘူး ။ ကျွန်တော်တို့ မဂ္ဂဇင်း မှာ လွန်ခဲ့တဲ့ နှစ်နှစ် လောက် က ရွေးထားတဲ့ ဝတ္ထုတို တွေ လက်ကျန် ရှိနေ သေးတယ် ။ ဝါသနာ နဲ့ ဝမ်းစာ ကျွန်တော် တွဲ ပြောတာက ဝါသနာ ပါတာ ကို လုပ်နေရုံ နဲ့ လူတွေ မှာ အာဟာရ သိဒ္ဓိ မပြီးကြ သေးဘူး ။ ထမင်း စားရဖို့ က လည်း အရေးကြီးတယ် မဟုတ်လား ။ ဆရာမ က တော့ ဝါသနာ ပါတာ ကို လုပ်ရုံ နဲ့ ဝမ်းစာ ပြည့် နေတာကိုး ။ လူတိုင်း က ဆရာမတို့ လို မထုတ်နိုင်ဘူး ဆရာမ ရဲ့ ။ ဒါကို ငြင်း နေရင် တော့ မုန့်လုံး စက္ကူကပ် ဖြစ် နေတော့မယ် ။ ဖြတ်လိုက်ကြစို့ ။
စာပေဟောပြောပွဲတွေ ဆရာမ လိုက်ပါ သလား ။ စာပေဟောပြောပွဲ နဲ့ ပတ်သက်ပြီး ဆရာမ ဘယ်လို မြင်ပါသလဲ ”
“ စာပေဟောပြောပွဲ ကို ကျွန်မ ၊ ယုဝတီရွေဝါစိန် ၊ အီကြာကွေး ၊ တက္ကသိုလ်မင်းညို တို့ နဲ့ တွဲပြီး စမ်းချောင်း မှာ ဟောဖူးပါတယ် ။
ဒုတိယ တစ်ခါ က မင်းသား ကြည်စိုး ၊ စိုးရွှေ ရယ် ၊ ဒါရိုက်တာ မောင်နေမျိုး ရယ် ၊ ကျွန်မ ရယ် ။ ပြီးတော့ ကလောင်သစ် တစ်ယောက် ရယ် တွဲပြီး သဃင်္န်းကျွန်း မှာ ဟောဖူးပါတယ် ။
တတိယ တစ်ခါ ကျ တော့ ဆရာဝန် က တားမြစ် ထားလို့ မလိုက်တော့ပါဘူး ဆိုတဲ့ ကြား က ပရိသတ် က တောင်းဆို လို့ ယုဝတီခင်ဦး ရယ် ၊ မင်းသိင်္ခ ရယ် ၊ ဆရာသိပ္ပံမှူးတင် ရယ် ၊ ကျွန်မ ရယ် ကျောက်မြောင်း ဘယသုဒ္ဓိလမ်း မှာ ဟောဖူးပါတယ် ။
ဒါ နောက်ဆုံးပါပဲ ။
ကျွန်မ အနေနဲ့ စိတ်လှုပ်ရှားမှု ရဲ့ ဒဏ် ကို မခံနိုင်ဘူး ။ နှလုံး အားနည်းလို့ ဟောပြောပွဲ မလိုက်ပါနဲ့ လို့ ဆရာဝန် က ညွှန်ကြား ထားလို့ မလိုက်တော့ပါဘူး ။
ဟောပြောပွဲ ပြုလုပ်ရမယ့် သူတွေ မှာ ငွေရော လူပါ အပင်ပန်းခံ ပြုလုပ်ရတာ မို့ စာရေးဆရာ တွေ ဆီ က တကယ့် အနှစ်သာရ ရှိတဲ့ စကား ၊ အကျိုးရှိမယ့် စကား ကို အချိန်ကုန် ခံပြီး နားထောင် ရ ရင်တော့ ကောင်း တာပေါ့ ။ အပျော်ခရီး ထွက် သလို ထွက်ပြီး ဟို လူ့ ကို ပင့် ၊ ဒီ လူ့ ကို ပုတ်ချ နဲ့ အချင်းချင်း ပုတ်ခတ်ကြတာမျိုး တို့ ၊ စင်ပေါ် တက်ပြီး ဒါ ငါ့ နေရာ ဆိုပြီး ပြောချင် ရာ ပြော ၊ ဆိုချင် ရာ ဆို တာ မျိုး ကိုတော့ ကျွန်မ မကြိုက်ဘူး ”
“ ဆရာမ လုံးချင်း သက်တမ်း ၁ဝ နှစ် လောက် အတွင်း မှာ လုံးချင်းအုပ် ၄ဝ ထွက်ခဲ့ ပြီးပြီဆိုတော့ ဒီလို ရေးနိုင် ဖို့အတွက် စာ ရေးချိန် ရယ် လို့ သီးသန့် အချိန် ယူ လေ့ ရှိပါသလား ”
“ ကျွန်မ လုံးချင်း သက်တမ်း ၁ဝ နှစ် မှာ စာရေးချိန် ရယ် လို့ သီးသန့် မယူပါဘူး ။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ က စာရေးဆရာ တစ်ယောက် ဖြစ်နေ သလို အိမ်ရှင်မ တစ်ယောက် ဖြစ်နေ လို့ ပါပဲ ။
အိမ် မှာ အဖော် နှစ်ယောက် တော့ ခေါ်ထားရပါ ရဲ့ ။ ဒီ ခေါင်းတွဲကြီး က မလှုပ်ဘဲ နဲ့ နောက်တွဲတွေ က ဘယ် လှုပ် မလဲ ။ နာမည် ကို က အိမ်ဖော် လို့ ခေါ်တာမျိုး ကိုး ။ ဒီတော့ အိမ် မှာ ကြီးကြပ် စီမံရတာ က တစ်မျိုး ၊ ဆယ်နှစ်သား နဲ့ ခြောက်နှစ်သမီး ရဲ့ ပညာရေး က တစ်ဖုံ ၊ ဒီကြား ထဲ အမျိုးသား က ထုတ်ဝေသူ ဆိုတော့ ဖြန့်ချိ ရေးလုပ်ငန်း မှာ ကျွန်မ ဝင် ပါရပါတယ် ။ အမျိုးသား ကို လည်း ကျွန်မ အောင်မြင်မှု တည်တံ့ လာတဲ့ အချိန် မှာ အလုပ် က ထွက်စေပြီး ဒီ လောက ထဲ ကျွန်မ သွင်း လိုက်တာပါ ။
ဒီတော့ကာ ရှေ့ပိုင်း ဇာတ်အိမ် တည်ချိန် ၊ ကျွန်မ စိတ် မှာ ဝတ္ထု သန္ဓေ တည်ချိန် မှာ အိမ်အလုပ် လုပ် ၊ သား နဲ့ သမီး စာသင်ပေး နဲ့ အားတဲ့ အချိန် ကျ မှ ကျွန်မ ရေး ပါတယ် ။ အဲ ... ဇာတ် အရှိန် တက်ပြီ ဟေ့ ဆိုရင်တော့ ဘယ်သူ လာလာ ကျွန်မ ထွက် မတွေ့နိုင်တော့ဘူး ။ မီးဖိုချောင် ပြန် မကြည့်တော့ဘူး ။ ထမင်းစားချိန် ဆင်း စား ၊ ပြန်တက် စာရေး နဲ့ တစ်နေ့လုံး ရေး တော့တာပဲ ။
ညဘက် တော့ သာမန် အချိန်မှာ ဆယ့်တစ်နာရီ အထိပဲ ကျွန်မ စာ ရေးပါတယ် ။ ဇာတ်သိမ်းပိုင်း မှာ တော့ မရပ် တော့ပါဘူး ။ သုံးနာရီ လေးနာရီ မှ ပဲ ပြီးပြီး ၊ ဆက်တိုက် ရေး တော့တာပါပဲ ”
“ စာပေလောက ထဲ ဝင်ရောက်ဖို့ ကြိုးပမ်း နေသူတွေ အတွက် ဆရာမ ဘယ်လို အကြံ ပေး ချင်ပါသလဲ ”
“ စာပေလောက ထဲ ဝင်ချင်သူတွေ အတွက် ကျွန်မ ပြောခဲ့ပြီးပါပြီ ။ ကျွန်မ က မဂ္ဂဇင်း က စ တက်တဲ့ သူ မို့ လား မသိဘူး ။ မဂ္ဂဇင်း က စ တက် ကြတာပဲ ကောင်းပါတယ် ။ မဂ္ဂဇင်းကြီး တွေ အရင်ဆုံး ဝင် တိုး ကြည့် စေချင်တယ် ။ ပြီးမှ တစ်ဆင့် ပြီး တစ်ဆင့် တက် ပေါ့ ။ တချို့ ဘွားခနဲ ပေါ် လာသူတွေ ကတော့ နတ်ရေကန် ထဲ ပစ်ချပြီး ကြီး သလို ကြီး လာတာ ဘုန်းရှင် ကံရှင်တွေ ဆိုပါတော့ လေ ၊ ကျွန်မ က တော့ မကြိုက်ပါဘူး ။ အကြံအဖန်တွေ များ ကြတာပေါ့ ။
ဪ ... ပြောရဦးမယ် ။
တချို့က ဝတ္ထုတို ရေးပြီး မဂ္ဂဇင်းတိုက်ကြီး တွေ ပို့ပေးပါ ဆိုပြီး ကျွန်မ ဆီ က တစ်ဆင့် ပို့ခိုင်း လို့ အမျိုးသား ကို သွား ပို့ ခိုင်း ရတယ် ။ နောက် အဲဒီလို မလုပ်ကြပါနဲ့ ။ မဂ္ဂဇင်းတိုက် မှာ လိပ်စာ ရှိ သားပဲ ။ အဲဒီ အတိုင်း ပို့ကြပါ လို့ ၊ ကျွန်မတို့ မှာ လည်း အားတာ မဟုတ်ဘူးလေ ”
“ ဘဝသရုပ်ဖော် ဝတ္ထုတွေ အပေါ် ဆရာမ ဘယ်လို မြင်ပါသလဲ ”
“ ကျွန်မ ရဲ့ လုံးချင်းဝတ္ထု နဲ့ ဝတ္ထုတို ထဲ မှာ ရော ဝတ္ထုရှည် ထဲ မှာ ရော အစ်ကို ဘယ်လို မြင်ပါသလဲ လို့ ပြန် မေးချင်လိုက်တာ ။ ထားပါတော့လေ ... မေးတာ ကို ပဲ ဖြေ ရရင် ...
ဦးဆုံး ... “ ဘဝ ” ဆိုတာ ဘာလဲ ၊ ကျွန်မတို့ စဉ်းစားကြရအောင် ။ ဘဝ ဆိုတာ မွေးဖွားခြင်း နဲ့ သေဆုံးခြင်း ကြား မှာ ရှိတဲ့ ကြားကာလ တဲ့ ။ အချိန် ကာလ လို့ ခေါ်တွင် လို့ လည်း အချိန် တဲ့ ။ ဒါကတော့ ကိုယ့် အယူအဆ နဲ့ ကိုယ် လေ ။
ဒီလိုပဲ သူ့ ဘဝ နဲ့ သူ ၊ ကိုယ့် ဘဝ နဲ့ ကိုယ် ဆိုတဲ့ စကား သုံးကြတာပဲ ။ ဒီတော့ ဘဝ ဆိုတာ အကြောင်းတရား လို့ သတ်မှတ်လို့ မရဘူးလား ။ ဥပမာ - ဆိုပါတော့ ၊ ကျွန်မ ဘဝ အကြောင်း လို့ ကျွန် မကို ပြောရင် ...
ကျွန်မ အကြောင်း ကျွန်မ ပြောရမှာပေါ့ ။ မဟုတ်ဘူးလား ။
ဒီတော့ သူဌေးကြီး ဦးဘ ရဲ့ အကြောင်း ရေးတာကော ၊ ဦးဘ ရဲ့ ဘဝသရုပ်ဖော် မဟုတ်ဘူးလား ။
ဆိုက်ကားသမား ကိုသန်းစိန် ရဲ့အကြောင်း ရေးတာကော ၊ ကိုသန်းစိန် ရဲ့ ဘဝသရုပ်ဖော် ပေါ့ ။
တချို့က ဆင်းရဲလိုက် သမျှ စား စရာတောင် မရှိအောင် ဆင်းရဲတဲ့ သူမျိုး အကြောင်း ရေး မှ ဘဝသရုပ်ဖော် လို့ ထင် နေကြတယ် ။
ရေးပါ ။ ဆင်းရဲတာ ပဲ ရေးရေး ၊ ချမ်းသာတာ ပဲ ရေးရေး ၊ သဘာဝ ယုတ္တိ က နေ မကင်းလွတ်ရဘူး ။ လူ ဆို တာ ကိုယ့် ဘဝ နဲ့ ကိုယ် ပျော်တတ်တဲ့ သူပဲ ။ ဖြေသိမ့်တတ်တဲ့ သူတွေပဲ ။ ချောက် ထဲ ကျနေတဲ့ လူ ကို အပေါ် က နေ ဆီး ကြည့်ပြီး ...
“ ဟာ ... ဟိုလူ ချောက်ထဲ ကျနေတယ် ၊ ကျနေတယ် ” လို့ ကုန်းအော် ၊ လူတွေ ဝိုင်းအုံကြည့် ၊ “ ဟင် ... ဟာ ” ဖြစ်နေလို့ မပြီးဘူး ။ ဒီနေရာ မှာ ဇာတ်သိမ်း လို့ မဖြစ်ဘူး ။ ဒီလူ အပေါ် ရောက်အောင် ဝိုင်း ကူညီရမယ် ။ ဒီ လူ ရဲ့ ထွက်ပေါက် ကို ရှာ ပေးရမယ် ။ ဝတ္ထု ပဲ ဆိုပါတော့ ။ ဒီ လူ အပေါ် ရောက်တာနဲ့ အဆုံးသတ် ရမယ် ။ တစ်ယောက် နဲ့ တစ်ယောက် ဝိုင်းဝန်း ကူညီတတ်တဲ့ လူသားတွေ ရဲ့ စိတ်ဓာတ် ၊ စိတ်ဓာတ် မကျဘဲ ကြိုးစား ရမယ့် စိတ်ဓာတ် ကို ဖော်ပေးမယ် ။ ဝတ္ထု တစ်ပုဒ် ကို ရေး ရင် စာရေးဆရာ ရဲ့ စေတနာ ဟာ ပေါ်လွင် နေရမယ် ။ ဘဝသရုပ်ဖော် ဆိုတာ ဆင်းရဲတာ ပဲ ရေးရေး ၊ အလွှာအသီးသီး ကို ပဲ ရေးရေး စေတနာ ပါ ရင် အားလုံး ဘဝသရုပ်ဖော် ချည်း ပဲ ။ လျှို့ဝှက် နဲ့ စုံထောက် ၊ သိုင်း က လွဲ ရင်ပေါ့လေ ။ ဒီတော့ မျက်မှန်စိမ်း တပ်ပြီး ကြည့်ရင် အယူအဆတွေ ပြောင်း စေချင်တယ် ။ စာစုံ မဖတ်ဘဲ နဲ့ ဝေဖန်တာမျိုး တွေ ရှောင်ကြစေ ချင်တယ် ၊ ရသစာပေ အပေါ် မှာ အမြင်ကျယ်ကြ စေချင်တယ် ”
“ ကျေးဇူး တင်ပါတယ် ဆရာမ ၊ မေးသမျှ ဖြေပေးတဲ့ အတွက် ရော အငြင်းအခုံကလေးတွေ အတွက် ပါ ကျေးဇူး တင် ပါတယ် ။ ကျွန်တော် မေးချင်တာ တော့ ကုန်ပါပြီ ။ စာဖတ် ပရိသတ် နဲ့ ပတ်သက်ပြီး ဆရာမ ပြောချင်တာများ ရှိရင် ဖြည့်ပါဦး လို့ ”
“ အစ်ကို နဲ့ ကျွန်မ မေးခဲ့ ဖြေခဲ့ ပြောခဲ့တာတွေ ကို ဖတ်ပြီး စာပေဝါသနာ ပါ လို့ မောင်တွေ ၊ ညီမတွေ အတွက် လုပ်သင့် လုပ်ထိုက်တာ ကို သိလာကြ မှာ ပါ ။ အောင်မြင်ချင်တဲ့ သူ ဆိုတာ ထိုင် အော် နေ လို့တော့ မပြီးဘူးလေ ။ ကြိုးစားရ မှာ ပေါ့ မဟုတ်ဘူးလား ။
တွေ့ဆုံခန်း မှာ တွေ့ဖို့ ပေဖူးလွှာ က ကြိုးစားတာ မနှစ် ကတည်း က ပါ ပဲ ။ အဲဒီတုန်း က မတွေ့ခဲ့ တာ က စာဖတ်ပရိသတ် ရဲ့ စိတ် မှာ မအေးလေး ဆိုတဲ့ စာရေးဆရာ အပေါ် မှာ တွေးချင် သလို တွေး ၊ မြင်ချင် သလို မြင်စေ ချင် လို့ ပဲ ။ စာဖတ်ပရိသတ် ရဲ့ စိတ် ကို လွှတ်ပေး ထားတဲ့ သဘောပါ ပဲ ။
လူ ဆိုတာ ကိုယ် ခင်မင်တဲ့ စာရေးဆရာ အပေါ်မှာ အမျိုးမျိုး ပုံဖော် ကြည့် ရတာ အရသာပဲလေ ။ ကျွန်မတို့ ငယ်ငယ် က လည်း ဒီ အတိုင်းပဲ ပေါ့ ။
ခုတော့ ဆရာ ဦးမြလှိုင် ဆိုတာ က လည်း ကျွန်မ အတွက် ရင်းနှီးတဲ့ ဆရာ က လည်း ဖြစ် ၊ ကျေးဇူး က လည်း ရှိ မို့ မငြင်းသာ တော့ ဘဲ လက်ခံ လိုက်တာပဲ ။ ကျွန်မ အတွက် လည်း ပြောချင်တာလေးတွေ ပြောရ ဆိုရ လို့ ပျော်ပါတယ် ။
နောက် တစ်ခု ပြောချင်တာ က ...
မအေးလေး ကို နားလည်ရင် ကျေနပ်ပါပြီ လို့ ”
◾ဝင်းငြိမ်း
📖 ပေဖူးလွှာမဂ္ဂဇင်း
အမှတ် - ၃၅
ဧပြီလ ၊ ၁၉၈၄ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment