Friday, September 8, 2023

သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ ( ၁၁ )


 

အခန်း ( ၁၁ )

သြဂုတ်လ မကုန်ခင် ကတည်း က ဆောက်လက်စ ဓမ္မာရုံအသစ်ကြီး က လက်စသတ်သလောက် ဖြစ် နေပြီ ။

အဲဒါနဲ့ လူကြီးတွေ က စက်တင်ဘာလ ကုန် ပိုင်း လောက် မှာ ဓမ္မာရုံ သစ် ရေစက်ချပွဲ လုပ်မယ် လို့ စိတ်ကူး ကြတယ် ။ အရေးကြီးတာ က ရေစက်ချပွဲ ကို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပ ချင် တာပဲ ။

ဗလာပွဲ က တဲ့ ဇာတ်ပွဲလေး ဖြစ်ဖြစ် ၊ အငြိမ့်ကလေး လောက်ပဲ ဖြစ်ဖြစ် ထည့်ချင် ကြတယ် ။ အဲဒီမှာ တင် အလှူငွေ က လို လာပြီ ။

ထုံးစံအတိုင်း ရပ်ကွက် ထဲ မှာ လှည့်ပြီး ပိုက်ဆံ လိုက် အလှူခံဖို့ ကိစ္စ က ကျွန်တော်တို့ လူငယ်တွေ ခေါင်းပေါ် တာဝန်ကျ တော့ တာပဲ ။

ဆိုက်ကား နင်းတဲ့ ခါးဘု ( ဂဘု ) အောင်ဗလ က ...

“ အန်တီလှကြီး ဆီ အရင်ဆုံး သွားပြီး အလှူခံ ရအောင် ဗျာ ၊ ဟိုတစ်နေ့ တုန်း က အဲဒီ မိန်းမကြီး ကျွန်တော့် ဆိုက်ကား ငှား စီးတော့ လည်ပင်း မှာ လက်သန်းလုံး လောက် ရှိတဲ့ ရွှေဆွဲကြိုး တုတ်တုတ်ကြီး တစ်ကုံး ဆွဲ လာ တယ် ဗျ ။ ပြီးတော့ ဆိုက်ကားခ မပေးဘဲ အကြွေး စီးသွားတယ် ”

“ ဟာ ... အန်တီလှ လည်ပင်း က ရွှေဆွဲကြိုးကြီး က ပြုံးကြည် တို့ ဆိုင် က ဝယ် သွားတဲ့ အတုကြီး ပါကွာ ၊ သူ က သာ ဘယ်သူမှ မသိဘူး ထင်ပြီး လည် ကြွား နေတာ ၊ ပြုံးကြည် လျှောက် ပြောလို့ တစ်ရပ်ကွက်လုံး က သိပြီး နေပြီ ”

“ ဘာပဲ ဖြစ်ဖြစ်ကွာ ၊ အဲသည် လောက် ကြွားတဲ့ မိန်းမကြီး ဆီ က တစ်ရာ တစ်ရာ့ငါးဆယ် လောက် တော့ မရ ရအောင် ညှစ် ရမယ် ”

ခါးဘု ( ဂဘု ) အောင်ဗလ က တော့ အန်တီလှ ကို အတော် နာနာ ကြည်းကြည်း ခါးခါးသီးသီး ဖြစ်နေတာ ။ ဖြစ်မှာပေါ့ ၊ ဟို တစ်လောကလေး တင် သူ နဲ့ အန်တီလှ တို့ ပြဿနာ တက် ထားကြသေးတာ ကိုး ။

ခါးဘု ( ဂဘု ) အောင်ဗလ က ပျင်းရင် ဆိုက်ကား ကို ဂိတ် မှာ သွား မထိုးဘဲ လမ်း ထဲ မှာ တင် ဟိုအိမ် ရှေ့ ထိုး ရပ် ၊ ဒီ အိမ် ရှေ့ ထိုး ရပ်ပြီး ပိုးလိုး ပက်လက် အိပ်တာ များ မြင်လို့ ကို မကောင်းဘူး ။

များသောအားဖြင့် သူ့ ဆိုက်ကား ရပ် လိုက်ရင် လည်း အန်တီလှ အိမ်ရှေ့ မှာ ချည်းပဲ ။ အန်တီလှ က လည်း အောင်ဗလ ရဲ့ ဆိုက်ကား ကြောင့် သူ့ အိမ်ရှေ့ မျက်နှာစာ အသရေ ညှိုးနွမ်းတယ် ၊ အိမ် ရဲ့ အလှ ပျက်တယ် ဆိုပြီးတော့ အောင်ဗလ ကို ဆဲဟယ် ဆိုဟယ် နဲ့ မောင်းထုတ်တာ ။

အောင်ဗလ က ဘာ လုပ်တယ် မှတ်လဲ ။

ပြန် ပြီးတော့လည်း ခံမ ပြောဘူး ။ ထွက် လည်း မသွားဘူး ။ သုတ် ခနဲ ထ ၊ သူ့ ပုဆိုး ကို ခါးပုံစ ရှည်ရှည်လေး ဖြစ်အောင် ချ လိုက်ပြီး ပွဲ ထဲ က ဇာတ်မင်းသား ဟန် နဲ့ ရွရွကလေး လက်ဖျား နဲ့ ညှပ် ကိုင်ရင်း ကွေး နေအောင် က တော့တာပဲ ဗျာ ။

သီချင်း က လည်း အော် အော်ပြီး ဆို လိုက်သေး ။

“ လှတာလေး မှ လိုချင်တယ် ... လှတာလေး မှ မြတ်နိုးတယ် ၊ လှတယ် ပြော မှ သဘော ကျတယ် ၊ မငိုပါ နဲ့ ... ချစ်သူရယ်လို့ ကွယ် ”

စဉ်းစားသာ ကြည့်ပါတော့ ဗျာ ။ ကျော ပေါ် မှာ ဘုကြီး နဲ့ ခါးကုန်း တစ်ယောက် ပုဆိုး မ ပြီး မင်းသား လို က နေတာ ။ ဘယ်လောက် တောင် အကြည့်ရ ဆိုးသလဲလို့ .. ။

အန်တီလှ အိမ် ရှေ့ မှာ ခါးဘု ( ဂဘု ) အောင်ဗလ ‘ က ’ နေ တာ ကြည့် ပြီးတော့ လမ်း ထဲ က လူတွေ က ဟား ကြတယ် ။

ဒါနဲ့ အန်တီလှ က ရပ်ကွက်ကောင်စီရုံး ကို သွား တိုင်တာ နဲ့ အောင်ဗလ တစ်ယောက် ခေါ်ပြီး သတိပေး ခံရပါရောလား ။

ကဲ ... ပြီးတော့ အောင်ဗလ ရဲ့ ဆိုက်ကား ကို ကျတော့ အကြွေး စီး သတဲ့ ။

အန်တီလှ လုပ်ပေါက် က လည်း အမြင် ကတ်မယ် ဆို ကတ်ချင်စရာ ။

အင်းလေ ... ဒီ ရပ်ကွက်သူ ရပ်ကွက်သားတွေ ရဲ့ အချင်းချင်း ဆက်ဆံရေး က ကောင်းတယ် ပြောရလည်း အခက် ၊ ဆိုးတယ် ပြောရလည်း အခက် ။ သူ့ အထာ နဲ့ သူ တော့ ဟန်ကျသား ။

   •••••   •••••   •••••

မျက်လုံးလေး တွေ စင်း နေအောင် မှိန်းရင်း မနေ့ည က အိပ်မက် အကြောင်း စဉ်းစား နေတဲ့ ကိုမောင်မောင်ချို က ဝင် ပြောတယ် ။

“ မင်းတို့ က လည်း ကွာ အလှူခံတယ် ဆိုတာ ပထမဦးဆုံး စ ထည့် မယ့် အိမ် က များများထည့် မှ နောက်လူတွေ က လည်း လိုက် ထည့်မှာကွ ”

“ အင်း ... ဟုတ်တယ် ... ဟုတ်တယ် ”

အားလုံးက ခေါင်းညိတ် တော့ သနားတတ်တဲ့ ကိုဆင့်သူ က ... 

“ အန်တီလှ ခမျာ သူ့ သမက် ကရင့် ဆီ က ပို့တဲ့ ပိုက်ဆံလေး နဲ့ စား နေ ရတာပါကွာ ။ ကရင် က လည်း သူ့ ယောက္ခမ ကို သိပ်ကြီး ထောက်ပံ့ နိုင်တာမှ မဟုတ်တာ ။ ဘယ် များများ ထည့် နိုင်မလဲ ”

“ ဒါဆို ဘယ် အိမ် ကို အရင် ဝင်ကြမလဲ ”

ဒါနဲ့ ဝိုင်း စဉ်းစား ကြည့်ကြတယ် ။ ဥပမာ ပြောရရင်ဗျာ ဦးဖေခင် တို့ အိမ် ဆို ပိုက်ဆံ ရှိမှန်းတော့ သိတာပေါ့ ။ ဒါပေမဲ့ ကျွန်တော်တို့ ကို အမြင်ကတ် တာ နဲ့ ထည့် မှာ မဟုတ်ဘူးဗျ ။

ကိုမောင်မောင်ချို့ ယောက္ခမကြီး အိမ် ဆိုရင်လည်း ဒီလိုပဲလေ ။ သူ့ သမက် ကို အမြင်ကတ်တာ နဲ့ ဘုပြော လွှတ်ချင် လွှတ်မှာ ။ နောက်ဆုံးတော့ ... 

“ ကဲ ... ဒါဆို လင်းယုန် ဖယောင်းတိုင် အိမ် ပဲ အရင် ဝင်ကြရအောင် ဗျာ ”

ပေသီး က ပြော လိုက်တော့ အားလုံးက ထောက်ခံတဲ့ မျက်နှာပေး နဲ့ ကျွန်တော်တို့ ကို လှမ်းကြည့်တယ် ။

ဟုတ်တာပေါ့ ။ လင်းယုန်ဖယောင်းတိုင် အိမ် က ဖိုးစော နဲ့ ဆို စားအိမ် သောက်အိမ် ။ ပြီးတော့ သူတို့ လုပ်ငန်း အတွက် နာမည် ရွေး ပေးတာ ၊ တံဆိပ် ပုံဆွဲ ပေးတာ တို့ က ကျွန်တော်တို့ နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိ ထား တာကိုး ။

အဲဒီတော့ ကျွန်တော် တို့ ပြောရင် ရနိုင်တယ် ပေါ့ ။ ဒါနဲ့ပဲ လင်းယုန် ဖယောင်းတိုင် လုပ်တဲ့ အိမ် ဆီကို ကျွန်တော်တို့ ထွက် ခဲ့ကြတယ် ။

ဦးခွေးနီ နဲ့ ဒေါ်ပုကြွယ် တို့ လင်မယား ကို တွေ့လို့ အကျိုးအကြောင်း ပြော ပြတော့ သူတို့က လည်း သာသာကြည်ကြည် ပါ ပဲ ။ အစ ကတည်းက လှူချင်တဲ့ စိတ် ရှိပြီးသားပဲ ဥစ္စာ ။ ပိုက်ဆံ မရှိလို့ သာ မလှူရတာ ကိုး ။

“ ပိုက်ဆံ မရှိဘူး လို့တော့ မညည်းနဲ့လေ ဗျာ ။ ဦးလေးတို့ က လုပ်ငန်းရှင်တွေ ပဲ ဥစ္စာ ”

လမ်းထိပ် မုန့်ဟင်းခါးဆိုင် က ဒေါ်ရီ ရဲ့ သား အငယ်ဆုံးကောင် မောင်ထွေး က ဝင် ပြောဟော့ ဒေါ်ပုကြွယ် က ရင်ဘတ်စည်တီး နဲ့ ... 

“ အောင်မလေး ဟဲ့ ... ခြေထောက် အားကိုး နဲ့ နင်းနိုင် မှ ရတဲ့ ဖယောင်း တိုင်လေးတွေ ကို ဈေး ထဲ လှည့် ရောင်းရတာပါ ဟယ် ၊ ဒါကိုများ ‘ လုပ်ငန်း ရှင် ’ တဲ့ ။ အဲဒါဆို မုန့်ဟင်းခါး ရောင်းတဲ့ နင့် အမေ ကို စားသောက်ဆိုင်ပိုင်ရှင်ကြီး ဆိုပြီး ပိုက်ဆံ အရင် ထည့် ခိုင်းပါလားဟဲ့ ငထွေး ရဲ့ ”

“ တော်စမ်းပါ ... ဒေါ်လေး ရာ ၊ အခု ဒေါ်လေး တို့ ဖယောင်းတိုင် တွေ အထုပ် လုပ်ပြီး ဈေး ထဲ သွင်းတာ ဟန်ကျ နေတယ် မဟုတ်လား ။ နောက်ထပ် ခြေနင်းစက် တစ်လုံး တောင် ထပ်ပြီး ဆင်ထားသေးတယ်လေ ”

ဟုတ်တော့ ဟုတ်တယ် ။ ခုတလော လင်းယုန်ဖယောင်းတိုင်တွေ အရင် က ထက် ပို ရောင်းရ သွက် နေတာတော့ ငြင်းလို့ မရဘူး ။ သိ နေကြတာပဲ ဥစ္စာ ။

ဒေါ်ပုကြွယ် က ..

“ အေးပါဟယ် .. ငါ က လည်း ပိုက်ဆံ မထည့်ချင် လို့ ငြင်း နေတာ မဟုတ်ပါဘူး ။ ကိုယ့်ရပ်ကွက် ဓမ္မာရုံ အတွက် ပဲ ဟာ ။ ဒါပေမဲ့ လောလောဆယ် လက် ထဲ မှာ ပိုက်ဆံ မရှိသေးလို့ ပြောနေတာ ဟဲ့ ။ လဆန်း တော့ မှ ဈေး ထဲ က ဆိုင်တွေ မှာ ဖယောင်းတိုင်ဖိုး တွေ လိုက် သိမ်းရမှာ ”

ဟုတ်တော့ လည်း ဟုတ်သား ။ သူတို့ ရဲ့ ဖယောင်းတိုင် အထုပ်တွေ ကို ရောင်း ပေးဖို့ ဆိုင်တွေ မှာ တောင်းတောင်းပန်ပန် နဲ့ လိုက် တင်ရတာ ။ ရောင်းလို့ ကုန် တော့မှ ဆိုင်တွေ က ရောင်းပေးခ ကော်မရှင် နုတ် ယူပြီး ဦးခွေးနီ ဒေါ်ပုကြွယ် တို့ ကို ပိုက်ဆံ ရှင်း ပေးတာကိုး ။

ကျွန်တော်တို့ ငိုင်တိုင်တိုင် ဖြစ်သွားတာ ကို ကြည့်ပြီး ဦးခွေးနီ က ..

“ နောက် လေးငါးခြောက်ရက် လောက် နေမှ လာခဲ့ကြပါလား ကွာ ၊ ငါ ဆိုင်တွေ ပတ်ပြီး ရသလောက် ပိုက်ဆံ လိုက် သိမ်းထားလိုက်ပါ့မယ် ”

အင်း ... သိပ်မဆိုးလှဘူး ။ နောက် လေးငါးခြောက်ရက် ဆိုတော့ စက်တင်ဘာလ ပထမအပတ် ထဲ ပဲ ရှိဦးမှာ ။ ဓမ္မာရုံ ရေစက်ချပွဲ ကို ကောင်းကောင်း မီတာပေါ့ ။

ဒါနဲ့ အောင်ဗလ က

“ အဲဒါ ဆိုရင်လည်း လောလောဆယ် ဘယ်ရွေ့ဘယ်မျှ လှူပါမယ် ဆိုပြီး ပါးစပ် စာရင်း တော့ တည် ထားဗျာ ။ ရှင်းရှင်း ပြောရရင် ဦးလေး တို့ လှူ ထားတဲ့ စာရင်း ကို ပြ ပြီးမှ အဲဒီ ဟိတ်ဟန်ကလေး နဲ့ တခြား လူတွေ ကို များများ လှူခိုင်းရမှာ ဗျ ”

ဦးခွေးနီ က ခဲဟံ အတိုလေး တစ်ချောင်း ယူပြီး တံတွေးလေး ဆွတ်ကာ ဆွတ်ကာ နဲ့ ပရိတ်ကြီး စာအုပ်ဖုံး အတွင်း ဘက်မှာ တောင်ခြစ်မြောက်ခြစ် တွက် လိုက် သေးတယ် ။ ပြီးတော့ မှ ...

“ သုံးရာ ထည့်မယ်ကွာ ”

ကျွန်တော်တို့ အားလုံး “ ဟိုက် ” ခနဲ ဖြစ် သွားကြတယ်ဗျ ။ အံ့သြ လွန်း လို့လေ ။ ကျွန်တော်တို့ မျှော်လင့် ထားတာ က အလွန်ဆုံး ရ မှ ပိုက်ဆံ တစ်ရာ ပေါ့  ။

ဒါတောင် မနည်း ဖျစ်ဖျစ် မြည်အောင် ပြောပြီး လှူခိုင်းရမယ် ထင် ထားတာ ။ အခုကျ တော့ သုံးရာကြီး များ တောင် ဆိုတော့လေ ( ပေါ်ဆန်းမွှေး ဆန် တစ်ပြည် ဆယ့်ရှစ်ကျပ်ခေတ် တုန်း က ပိုက်ဆံ သုံးရာ ရဲ့ တန်ဖိုး ကို တွက်သာ ကြည့်ကြပါတော့ )

ကျွန်တော် က ကြား ရတာ မယုံနိုင်လွန်း တာ နဲ့ ကျွန်တော်တို့ ကို များ သူ တမင် ရွဲ့ပြီး ပြောနေတာလား လို့ အောက်မေ့ ပြီး တော့ ...

“ ဟ ... ဦးလေး သုံးရာ တောင် ဆော်လှချည်လား ၊ ဘယ်တုန်း ကတည်း က ဒီလောက် ချမ်းသာ နေတာလဲ ”

“ ချမ်းသာ လို့ မဟုတ်ဘူး .. ငါ့ကောင် ရေ ။ လက် ထဲ မှာ ပိုက်ဆံ ရှိရင် သုံးမိမှာ စိုးလို့ ဖယောင်းတိုင်ဖိုး ပိုက်ဆံတွေ အကုန် မသိမ်းဘဲ ဆိုင်တွေ မှာ ချန် ချန် ထားတာ ။ ဖယောင်းတိုင် လုပ်တဲ့ ခြေနင်းစက်ကလေး က လည်း သုံးလေးလုံး ရှိမှ အလုပ် တွင် မှာ ကိုး ။ အဲဒါကြောင့် စု နေတာဟေ့ ”

“ တော်တော် စုမိနေပြီ ဆိုရင်လည်း ကျွန်တော့်ကို တစ်ရာ မျိုး နှစ်ရာ မျိုး လောက် ချေး ဦးဗျာ ”

ပေသီး က ဝင် ပြောတော့ ဦးခွေးနီ က သူ့ ခေါင်းပြောင်ပြောင် ကို လက်ဖဝါး နဲ့ ပွတ်ရင်း ...

“ ငါ့လခွေး ... ရစရာလေး ရှိတာမှ သုံးထောင် သာသာရယ် ၊ အဲဒါ လုပ်ငန်း ချဲ့ဖို့ လို တဲ့ ပိုက်ဆံ နှစ်ထောင့် ရှစ်ရာ ဖယ် ထားပြီး ကျန်တာ အကုန် လှူ တာပဲကွ ”

“ ထားပါတော့ဗျာ ... ထားပါတော့ ”

ပေသီး က ဆောင့်ဆောင့်အောင့်အောင့် ပြောပြီး အလှူခံ ဖြတ်ပိုင်း စာအုပ် ထဲ မှာ “ ဦးခွေးနီ + ဒေါ်ပုကြွယ် ... အလှူငွေ ၃ဝဝ ကျပ် ” လို့ ရေးမှတ် နေတယ် ။

ပန်းချီဆရာ က ဦးခွေးနီ ကို ..

“ ဦးလေးတို့ က လည်း ဗျာ ပညတ် သွားရာ ဓာတ်သက် ပါ ဆိုတာ မကြားဖူး ဘူးလား ။ “ ငွေရှင်ကြေးရှင် ” ဖြစ်ချင် ရင် ငွေကို “ ရှင် ” နေအောင် ထားရတယ်ဗျ ”

“ ဘာလဲဟဲ့ ... ငွေ ကို ရှင် နေအောင် ထားတယ် ဆိုတာ နားမလည်ပေါင် ”

အရေးထဲ ဦးခွေးနီကတော် ဒေါ်ပုကြွယ် က ဉာဏ် ထူလပျစ်နဲ့ ပေတုံးတုံး ကြည့်ပြီး မေးသေးတာ ။ ပန်းချီဆရာ က ..

“ ဪ ... ပိုက်ဆံ ဆိုတာ လည်ပတ် နေရမယ် ၊ သုံးစွဲ နေရမယ် ၊ ဒါမှ ရှင်သန်မှာ ၊ အသက်ဝင်မှာ လို့ ဆိုလိုတာ ဗျ ။ ပိုက်ဆံ ကို စုဘူး ထဲ ထည့်ထား တာ သေတ္တာ ထဲ မှာ သိမ်းထားတာတွေ က ငွေတန်ဖိုး ကို မတိုးပွားစေဘူးဗျာ ။ အဲဒီတော့ ငွေ  ‘ သေ ’ တယ်ပေါ့ ။ အဲဒါကို ပြောတာ ၊ သဘောပေါက်လား ”

ဒေါ်ပုကြွယ် က ဆီ မလိမ်းတဲ့ ဆံပင် နီကြင်ကြင်တွေ ကို တဗျစ်ဗျစ် ကုတ်ရင်း ဉာဏ်မီသလောက် လိုက် စဉ်းစား ကြည့်နေတယ် ။ ခါးဘု ( ဂဘု ) အောင်ဗလ က ...

“ ကဲ .. သဘောပေါက်ပြီ ဆိုရင် ရှေ့လဆန်း ဖယောင်းတိုင်ဖိုး ပိုက်ဆံ တွေ လိုက် သိမ်း ပြီးရင် ကျွန်တော်တို့ ကို တစ်ယောက် တစ်ရာ စီ ချေး ။ ကျွန်တော် တို့ က ငွေ ကို ရှင် အောင် လည်း လုပ်တတ်တယ် ။ မသေမရှင် ဆန့်ငင် ဆန့်ငင် ဖြစ်နေအောင် လည်း လုပ်တတ်တယ် ။ ဟဲ ... ဟဲ ”

“ ဟဲ့ .. သေချင်းဆိုး ရဲ့ ၊ နင့် ကို ဘာကိစ္စ ချေးရမှာတုံး ၊ ငွေ သေ တာ တွေ ၊ ငွေ ရှင် တာတွေ ၊ ငွေ ‘ နေမကောင်း ဖြစ်တာ ’ တွေ ဘာမှ လာ မပြောနဲ့ ၊ နား မလည်ဘူး ။ ငါ့ မှာ သာ ပိုက်ဆံရှိ လို့ ကတော့ သေတ္တာ ထဲ ထည့် ၊ သော့ခတ် ပြီးသားပဲ ”

“ ဟဲ့ ... ဟဲ့ ... ဟဲ့ ... ပုကြွယ် ရယ် ၊ အမယ်လေးလေး .. နင်တို့ လင်မယား နှယ် ခက်ရန်ကော ။ အလှ ကို များ တိုင်ပင်ကြပါဦးတော့လား ”

ခြံဝ က နေ အသံပြဲကြီး နဲ့ လှမ်း အော်သံ ကြား လို့ ဝိုင်းပြီး ထ ကြည့်လိုက်ကြတော့ အန်တီလှကြီး ဗျ ။

အောင်မယ် ... ဟုတ်ပ ။ အောင်ဗလ ပြောတဲ့ အတိုင်း အန်တီလှ လည်ပင်း မှာ လက်သန်းလုံး လောက် တုတ်တဲ့ ရွှေဆွဲကြိုးအတုကြီး ။ ဝင်း လို့ ... လက် လို့ ... ။

အန်တီလှကြီး အိမ် ပေါ် တက် လာတော့ ဒေါ်ပုကြွယ် က ..

“ ဘာတုံးတော့ ... အလန့်တကြားနဲ့ ။ ဘာကို တိုင်ပင်ရမှာတုံး ”

“ အလှ ခြံဝ မှာ ဝင် မလာခင်လေး တုန်း က ညည်း ပြော နေတာကို နားစွန် နားဖျား ကြားလိုက်ပါတယ် အေ ။ ဘာတဲ့ ... ပိုက်ဆံတွေ ကို သေတ္တာ ထဲ ထည့်ပြီး သော့ခတ် ထားမယ်ဆိုလား ။ ဟင်း .. ဟင်း ”

အဲဒီ နေရာမှာ အန်တီလှ က တဟင်းဟင်း ရယ်တယ် ဗျ ။ ပြီးတာ နဲ့ ဘယ်သူမှ ဝင် မပြောနိုင်အောင် သူ က ပဲ ဆက်ပြီး ...

“ အဲဒါကြောင့် အလှ ကို အရင် တိုင်ပင်ကြဦးလို့ ပြောတာ ။ တကယ် တော့ လက် ထဲ မှာ ပိုက်ဆံလေး ပိုပိုလျှံလျှံ ရှိတယ် ဆိုရင် ဟောဒီလို ရွှေဆွဲကြိုး မျိုး လုပ်ထားသင့်တယ် ... သိလား ”

အန်တီလှ က သူ့ ရင်ဘတ် ပေါ်က  ရွှေဆွဲကြိုးအတုကြီး ကို အသား လွတ် ပုတ် ပြပြီး ပြောပါလေရော ဗျာ ။ ( ရေရေလည်လည် တင်း ဖို့ ကောင်းတဲ့ အမှု ဗျ )

ဒေါ်ပုကြွယ် မျက်နှာ က မည်းခနဲ ဖြစ်သွားတယ် ။ ဟုတ်တာပေါ့ ။ အတုမှန်း သိသိ နဲ့ အကြွား ခံရတာ အောင့်သီးအောင့်သက်ကြီး ။ အဲဒါကြောင့် ထင်ပါရဲ့ ၊ ဘာမှ ပြန်မပြောဘဲ စူပုပ်ပုပ်ကြီး လုပ် နေတယ် ။

ဒါနဲ့ မောင်ထွေး က ..

“ ဟုတ်ပ .. အန်တီလှ ရေ ။ စောစောကလေး တင် ဒီကောင်တွေ ကို ကျွန်တော် ပြောနေသေးတယ် ။ တို့ လမ်း ထဲ မှာ ရွှေတွဲလဲ ငွေတွဲလဲ နေ နိုင်တဲ့ သူ ဆိုလို့ အန်တီလှ တစ်ယောက်ပဲ ရှိတာလို့ ။ ဟုတ်တယ်နော် တငယ်ဂျင်း တို့ ”

“ ဟင် ... ဪ ... အေး .. အေး ... ဟုတ်တယ်လေ ”

“ စောစောက ထိုင်ခါနီးလေး မှာ တင် မင်း ပြောနေသေးတဲ့ ဥစ္စာ ”

“ ငါ တောင် မင်းကို “ ဟုတ်တယ် ... ဟုတ်တယ် ” လို့ ထောက်ခံလိုက် သေးတယ်လေ ”

ကျွန်တော်တို့ တွေ ဝိုင်းပြီးတော့ ‘ ဖော ’ လိုက်ကြတာ အိုက်တင်တွေ လွန် ကုန် လို့လား မသိဘူး ၊ အန်တီလှကြီး က မသင်္ကာတဲ့ မျက်စောင်း တစ်ချက် ဂွပ်ခနဲ လှမ်း ထိုးတယ် ။

မောင်ထွေး က ...

“ အဲဒါကြောင့် အန်တီလှ က တော့ဖြင့် ကိုယ့်ဂုဏ် ကိုယ့်ဒြပ် နဲ့ လိုက် ဖက်အောင် လှူနိုင်တန်းနိုင် မှာ ပဲဆိုပြီး ကျွန်တော် က ကျိန်းသေ အာမခံ နေ တာဗျ ၊ ကဲ ... ဘယ်လောက် လှူမှာလဲ ”

“ ဟင် ... ဘာ ... ဘာရယ် ၊ လှူရမယ် ဟုတ်လား ”

အမယ် ... ဒီလို ဆိုတော့ လည်း အန်တီလှ ခမျာ သနားစရာ ကောင်း သားဗျ ။ မျက်လုံးလေး ပြာလတွတ် ပြာလတွတ် နဲ့ ။

ကျွန်တော် က ...

“ ဓမ္မာရုံသစ်ကြီး ရေစက်ချပွဲ လုပ်မှာမို့လို့ လိုက် အလှူခံ နေရတာ လေ ။ ဟောဒီက ဦးလေးခွေးနီ တို့ ဒေါ်လေးပုကြွယ် တို့ က ( ၃ဝဝ ) တောင် လှူ တာဗျ ။ အန်တီလှ က ကော ... ”

ပေသီး က စာရင်း မှတ်တဲ့ စာအုပ်ကို ပေါင် ပေါ် ဗြန်းခနဲ မြည်အောင် ပုတ် လိုက်ပြီး ...

“ အောင်မယ်ကွာ .. မင်း ကလည်း ( ၃၀၀ ) လောက်များ ပြောစရာ လား ဟ ၊ တို့ လက်ပံတန်း မှာ နေတဲ့ အပျိုကြီးဒေါ်ဆုံ ဆိုတာ ဟောဒီက အန်တီလှကြီး လို ပဲ ရွှေဆွဲကြိုးကြီး နဲ့ ကွ ။ လှူလိုက် တန်းလိုက်လို့ များ ကတော့ လေးရာ ငါးရာ ဆိုတာ ပက်ခနဲ ပဲ ”

ကျန်တဲ့ သူတွေ မှာ လည်း ဘယ် နေသာတော့ မလဲ ။ ဝိုင်း ပြောလိုက်ကြတာ ဗျာ ။

ပြောတာတွေ က လည်း သူတို့ တွေ့ ဖူး သမျှ ရွှေဆွဲကြိုး နဲ့ မိန်းမကြီး တွေ ဟာ အလှူအတန်း ရက်ရောသူတွေ ဖြစ်ကြောင်း ချည်းပဲ ။

အန်တီလှ ကို ဆင် ဖမ်း သလို ကျုံး သွင်းပြီး ကျကျနန ချောင်ပိတ် ဖမ်း တာပေါ့ ဗျာ ။

မရဘူးဗျ ။ အန်တီလှ က လည်း တခြား နေရာမှာသာ နုံတာ ။ စကား ကို လှည့်ဖို့ ပတ်ဖို့ ၊ ပြီးတော့ ပြော နေရင်း ကြုံရင် ကြုံသလို ညှပ်ကြွားပြီး ‘ အလုံးကြီး ’ တွေ လွှတ်ဖို့ ကျတော့ သိပ်ကျွမ်းတာ ။ ကြည့်လေ .. ။

“ လှူ မှာ .. လှူ မှာ ။ အလှတို့ က ဓမ္မာရုံကြီး မပြီးခင် ကတည်း က စိတ် ထဲ မှာ ရည်စူးပြီးသား ။ ဒါပေမဲ့ သီတင်းကျွတ် လောက် မှ ရေစက်ချ ဖြစ် လိမ့်မယ် အောက်မေ့ နေတာ ။ ဒီလောက် စောစော ဆောက်လို့ ပြီးလိမ့်မယ် မထင်မိတာ နဲ့ ဟောဒီ ရွှေဆွဲကြိုး သွား လုပ်လိုက်မိတယ်လေ ။ ဟော .. အခု အရေးအကြောင်း ကျတော့ လက် ထဲ မှာ ပိုက်ဆံ ပြတ် နေရော ”

ဟောကြည့် ...  ရှောင်ထွက် သွားတဲ့ ပုံက ပညာသား ပါတယ်နော် ။

အဲဒီမှာ တင် ပန်းချီဆရာ က စိတ်ပေါက်ပေါက် နဲ့ ဘု ပြောရော ။

“ ဒါဆိုလည်း ခင်ဗျား ဆွဲကြိုးကြီး ပြန် ရောင်းပြီးလှူဗျာ ”

“ အိုကွယ် ... လက်ထဲ ရှိပြီးသား ပစ္စည်း ကို ထုခွဲ ရ တာ လွယ်တာ မှတ်လို့ ၊ ကဲပါလေ .. အလှ ကို နည်းနည်းတော့ အချိန်ပေး ။ လာမယ့် စက်တင်ဘာလဆန်း လောက် အထိပေါ့ ။ အဲဒီအချိန် လောက် ဆို ‘ ကရင် ’ က သင်္ဘော က ပြန် ဆင်းပြီလေ ။ အဲဒီတော့မှ ယူ နော် ”

ထုံးစံ အတိုင်း ( ပါးစပ် စာရင်း ပဲ ) စာအုပ်ထဲ  မှတ်ရ ပြန်တာပေါ့ဗျာ ။ သုံးရာ တဲ့ ။ ကိုင်း ... ဘယ့်နှယ်ရှိစ ။

အန်တီလှ တစ်ယောက် ကြာကြာ ဆက် မထိုင်ရဲ ဘဲ ကော့လန် ကော့လန် နဲ့ ပြန် သွားတော့ ဒေါ်ပုကြွယ် က နောက် က နေ မေးငေါ့ ပြရင်း ... 

“ ကရင် ရှိ ရင် ငွေ ရှိတယ် ထင်နေတဲ့ ဟာမကြီးပါ အေ ”

လို မဲ့မဲ့ရွဲ့ရွဲ့ အတင်း ပြောပါလေ ရော ။ ကျွန်တော်တို့ က လည်း အလိုက်သင့် အလျား သင့် ' ဟုတ်ပါရဲ့ဗျာ တို့ ၊ အင်းပေါ့ ... အင်းပေါ့ ’ တို့တွေ လျှောက် ပြော ပေးရတာပေါ့ ။

ဪ ... ဘဝကံများ ဆိုးတာ ပြောပါတယ် ။

အလှူခံ ထွက်မိတော့မှ ပဲ ‘ ယောက်ျားကြီး တန်မယ့် အတင်းပြော တတ်တဲ့လူတွေ ’ ဘဝ ကို ငုတ်တုတ် ရောက် သွားတော့တာ ။

   •••••   •••••   •••••

ညဘက် လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဓမ္မာရုံ က ငွေထိန်း ဦးတင်ညွန့် နဲ့ ဆုံတော့ ဦးတင်ညွန့် က ကျွန်တော်တို့ အလှူငွေ စာရင်းစာအုပ် ကို ယူ ကြည့်ပြီး ခပ်တိုးတိုး အသံ ထွက်အောင် ကို ရယ်တော့တာပဲ ဗျာ ။

ပြီးတော့ သူ က ...

“ ဟာ .. ကောင်လေးတွေ ရဲ့ ၊ ပတ်ပလစ် ( လူအများစု ) နဲ့ ပတ်သက် တဲ့ ငွေရေးကြေးရေး ကိစ္စတွေ လုပ်ရင် ဟောဒီလို မရေရာ သေးတဲ့ ပိုက်ဆံတွေ ကို ဘယ်တော့မှ စာရင်း ထဲ မထည့်နဲ့ဦးကွ ”

“ ဘာဖြစ်လို့လဲ ဦးလေး ”

“ ကဲ ... အခုနေ ငါ က မင်းတို့ ကို စာရင်း စစ်ပါပြီတဲ့ ကွာ ။ ဟောကြည့် စာအုပ် ထဲ မှာ ငါးရာတွေ ခြောက်ရာ တွေ ပြ ထားပြီး မင်းတို့ လက်ထဲ မှာ ကျတော့ တစ်ပြား မှ မရှိဘူးလေ ။ အဲဒီတော့ မင်းတို့ က ပဲ ကြား ထဲ က ဖြတ် သုံးထား သလို လို ဖြစ် မနေဘူးလား ”

“ အင်း ”

“ ပြီးတော့ သူတို့ က သာ အခု လတ်တလော သဒ္ဓါ ပေါက် လို့ လှူ မယ်လို့ ပြောပေမယ့် တကယ့် တကယ် တေ့တေ့ဆိုင်ဆိုင် ကျတော့ အကြောင်း မညီညွတ် လို့ ပဲ ဖြစ်ဖြစ် ၊ စိတ်ပြောင်းသွားလို့ ပဲ ဖြစ်ဖြစ် မလှူတော့ ဘူး ဆိုရင် ဘယ်လို လုပ်မလဲ ၊ အဲဒီ ပိုက်ဆံကို မင်း တို့ စိုက်မှာလား ”

ဟုတ်သားပဲ ။ ကျွန်တော် တို့ ကသာ ကိုယ့် ဖာသာ ကိုယ် လူ လည် လို့ ထင်နေတာ ။ အဲဒီလို အသင်းအဖွဲ့ နဲ့ ငွေစာရင်း နဲ့ ဘာညာ ဆိုတဲ့ ပြဿနာ ဖြစ်နိုင်ခြေတွေ ကို ကြို မတွေးထားမိတာတော့ အမှန်ပဲ ။

အတွေ့ အကြုံ မရှိတာကြောင့် လည်း ပါ တယ်လေ ။

ဦးတင်ညွန့် စကား ကို နားထောင် ရင် မမှားလောက်ဘူး ။ သူ က ကျွန်တော်တို့ လို လူငယ်တွေ အပေါ်မှာလည်း စေတနာ ရှိတယ် ။ ပြီးတော့ ဒီလို အသင်းအဖွဲ့ နဲ့ ဆိုင်တဲ့ ငွေရေးကြေးရေး ကိစ္စတွေမှာ အတွေ့အကြုံ ရှိတယ် ။ စေ့စပ်သေချာတယ် ။

ဒီ ရပ်ကွက် ထဲ က အလယ်တန်းကျောင်းလေး ရဲ့ မိဘဆရာအသင်း မှာ လည်း ငွေထိန်း က သူပဲလေ ။ အသင်းအဖွဲ့တွေ အတော်များများ မှာ ထုံးစံ က ပိုက်ဆံ ချမ်းသာတဲ့ သူ ကိုပဲ ဘဏ္ဍာရေးမှူး ခန့်ကြတာ မဟုတ်လား ။

ဦးတင်ညွန့် က တော့ ဆင်းရဲ ပေမယ့် အများပိုင် ပိုက်ဆံတွေ ကို သူ့ လက် ထဲ မှာ ယုံယုံကြည်ကြည် နဲ့ ထားကြတာပဲ ။

ဘာဖြစ်လို့ လဲ ဆိုတော့ သူ က ရိုးသားတယ် ၊ အကျင့်စာရိတ္တ ကောင်း တယ် ၊ အသင်းအဖွဲ့ငွေကြေး နဲ့ ပတ်သက် လာရင် စာရင်းဇယား ကို အတိမ်း အစောင်း မခံဘူး ။ အခုလည်း သူမေး တာက စာရွက် ပေါ် က စာရင်း နဲ့ တကယ့် ပိုက်ဆံ မကိုက်ရင် ‘ မင်းတို့ စိုက်မလား ' တဲ့ ။

အဲသည်လို ဆိုရင်လည်း ကျွန်တော်တို့ မှာ က စိုက် လျော်စရာ ပိုက်ဆံ ရှိတာ မဟုတ်ဘူး ။ ရင်ပူ စရာကြီး ။

အင်း ... လင်းယုန် ဖယောင်းတိုင် အိမ် ကတော့ စိတ်ချ ရပါတယ် ။ လဆန်းရက် ဖယောင်းတိုင် ဖိုးတွေ သိမ်း တာနဲ့ သွား တောင်းယူ လိုက်ရုံပဲ ၊ စိတ် မချရတာ က တော့ အန်တီလှကြီး ပဲ ဗျ ။
အန်တီလှ က တကယ် ထည့်ဖို့ ပိုက်ဆံ ရှိတာလည်း မဟုတ်ဘဲ နဲ့ ဦးခွေးနီ - ဒေါ်ပုကြွယ် တို့ ရှေ့ မှာ မို့လို့ အသား ယူပြီး ( ၃ဝဝ ) ဖိုး ကြွားလိုက် တာ ဆိုရင်တော့ ဒုက္ခပဲ ။

ကျွန်တော်တို့ တွေ ဟန် လည်း မဆောင်နိုင် ၊ အား လည်း မနာနိုင် တော့ဘူး ။ ညကြီး မင်းကြီး ပဲ အန်တီလှ တို့ အိမ်ဆီ ကို သုတ်ခြေတင် မိကြတော့တယ် ။

   •••••   •••••   •••••

“ ပြောရဦးမယ် .. အန်တီလှ ရေ ”

ဇာတ်တိုက် ထားတဲ့ အတိုင်း ခါးဘု ( ဂဘု ) အောင်ဗလ က အစချီ လိုက် ပြီး တော့ ...

“ ဟို သိပ္ပံစိန်လှ အိမ် ကလေ အန်တီလှ ကို များ ပိုးစိုးပက်စက် ပြောလိုက်တာ ရစရာကို မရှိဘူး ”

“ ဟင် ... ဘာ ... ဘာပြောလို့လဲ ”

“ သူတို့ကလေ အလှူစာရင်းစာအုပ် ကို ယူ ကြည့်ပြီးတော့ အန်တီလှ ဆိုတဲ့ မိန်းမကြီး က တကယ်ကော ပိုက်ဆံ ထည့်နိုင်မှာမို့လို့လား ” တဲ့ ။ “ ပိုက်ဆံ သုံးရာ တောင် လက် ထဲ မှာ ပြည့်အောင် ကိုင်ဖူးရဲ့လား မသိဘူး ” လို့ လည်း ပြော နေတယ် သိလား ”

“ ဟုတ်တယ် ... ဟုတ်တယ် ၊ ကျွန်တော်တို့ ဖြင့် အန်တီလှ ကိုယ်စား မခံချင်လွန်း လို့ ...”

“ သူတို့ က အန်တီလှ ချမ်းသာတာ ကို  မနာလို ဖြစ်နေကြတာနဲ့ တူတယ် ။ ကဲပါ ... အန်တီလှရယ် ၊ ပြောနေ ကြာပါတယ် ။ ကျွန်တော်တို့ လက် ထဲ ကိုသာ အခု ချက်ချင်း ပိုက်ဆံ သုံးရာ လောက် ဘတ်ခနဲ ထည့် လိုက် စမ်းပါ ။ သင်းတို့ ဆီ သွားပြီး ဒါမျိုး မြင်ဖူးရဲ့လား ” လို့ ပြောပစ်လိုက်ချင်လို့ ”

ကြားလို့ မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ ရေ ။ ကျွန်တော်တို့ တစ်အုပ်စုလုံး ယောက်ျားကြီးတွေ တန်မဲ့ ပလီပလာ ကတုန်းကတိုက် ပြော တတ် လိုက်ပုံများ ။

တစ်မျိုး မထင်ပါနဲ့ဗျာ ။ အလှူခံ ထွက်ပြီး မှ ဒီလို ပြော တတ်အောင် နှုတ်ရဲ လျှာရဲ ဖြစ် လာတာပါ ။

ဟော ...  ကြည့်လေ ။ ကျွန်တော်တို့ ပြောပုံက မိန်းမလျာကြီးတွေ ကျ နေတာပဲ ။

“ သူတို့ ပြောတာ မခံနဲ့ သိလား ... အန်တီလှ ”

“ အန်တီလှ ကိုယ်စား ကျွန်တော်တို့ က ကြားထဲ ကနေ ရင်နာလွန်း လို့ ...”

“ အို .. ပိုက်ဆံ သုံးရာ လောက် နဲ့များ လဆန်း အထိ ဆိုင်း မနေပါနဲ့ တော့ အန်တီလှ ရာ ၊ အလကား သက်သက် သိက္ခာ ကျ အောင်လို့ ဗျာ ။ အန်တီလှ အတွက်ကတော့ ‘ ကရင် ’ ရှိရင် “ ငွေ ” ရှိတာပဲ ဥစ္စာ ”

တစ်ယောက် တစ်ပေါက် တွေ့ ကရာတွေ စွတ် ပြောရင်းနဲ့ မြှောက်ပင့် ပြောနေတာလား ၊ ကဲ့ရဲ့ နေတာလား တောင် မကွဲပြားတော့ဘူး ။ အန်တီလှ လည်း ခေါင်းတွေ ချာချာ ကို လည်လို့ .. ။

နောက်ဆုံး ...

အန်တီလှ က ဘယ်လို သဘောပေါက် သွားလဲ မသိဘူး ။ နောက်ဖေး မှာ စက်ချုပ် နေတဲ့ သူ့ သမီး ကို လှမ်းပြီး ...

“ ဟဲ့ ... မိသက် ရေ ၊ မီးဖိုချောင် ထဲ က ထင်းခွဲ တဲ့ ဓားမ ယူခဲ့စမ်း ”

အော် ပြောရင်း သူ့ အခန်း ထဲ ဝင် သွားရော ဗျ ။ အိပ်ခန်း ထဲ ကနေ ပြန် ထွက်လာတော့ သူ့ လက် ထဲ မှာ ဝါးကျည်တောက် အဆစ်ပိတ် ကို အပေါက် ဖောက် ထားတဲ့ စုဘူးရှည်ကြီး ပါလာတယ် ။

ဝါးကျည်တောက် စုဘူး ရဲ့ ဘေး မှာ စာတွေ လည်း ရေး ထားတာ တွေ့တယ် ။ ဘာစာ လဲ လို့ သေသေချာချာ တောင် ဖတ်ကြည့်ခွင့် မရသေးခင် အန်တီလှ က အိမ်ရှေ့ ကြမ်းပြင် မှာ ဆောင့်ကြောင့် ထိုင်ပြီး သူ့ သမီး ယူလာတဲ့ ဓားမ နဲ့ စုဘူးကြီး ကို ... 

“ ကဲဟာ ... ”

“ ဂွမ်း ”

ဓားမ နဲ့ ခုတ်ချ လိုက်လို့ ထက်ခြမ်း ကွဲ သွားတဲ့ ဝါးဆစ်စုဘူး ထဲ က ၂၅ ကျပ်တန် တွေ ၊ ၇၅ ကျပ်တန် တွေ အထွေးလိုက် အထွေးလိုက် ထွက် ကျ လာတယ် ။

ကြမ်းပြင် ပေါ် မှာ ပိုက်ဆံတွေ ကို ဖွေး သွားတာပဲ ။

အနည်းဆုံး သုံးသောင်း လောက် တော့ ရှိမယ် ။

ကျွန်တော်တို့ အားလုံး အံ့အား သင့်ပြီး ပါးစပ် အဟောင်းသား နဲ့ ။ အန်တီလှ တစ်ယောက် အဲဒီလောက် ပိုက်ဆံ များများ စုထားမိလိမ့်မယ် လို့ မထင်ခဲ့ဘူးလေ ။

ကျွန်တော် က ကြမ်းပြင်ပေါ် လိမ့်လိမ့်လဲလဲ ဖြစ်နေတဲ့ စုဘူးခွံ ဝါးခြမ်း ကို ကောက်ယူ ကြည့်လိုက်တယ် ။ ဝါးဆစ်ခွံ ပေါ်မှာ ရေးထားတဲ့ စာ က ...

“ မြီးများ ရှင်ပြုရံ ”

မြေးတွေ ကို ရှင်ပြုရန် လို့ လက်ရေး မညီမညာနဲ့ ရေးထားတာပါ ။ ဒါ အန်တီလှ ရဲ့လက်ရေး ပဲ ။ ကျွန်တော် က မော့ ကြည့်လိုက်တော့ အန်တီလှ က ...

“ ဟင်း ... ဟင်း ... မြေးတွေ ကို ရှင်ပြုဖို့ ပိုက်ဆံ စုနေတာလေ ကွယ် ၊ ငါးနှစ် လောက် တောင် ရှိတော့မယ် ။ ဒီနှစ် တော့ ကရင် က လည်း သင်္ဘော ပေါ် က ပြန် အဆင်း ကလေးတွေ က လည်း သီတင်းကျွတ် ကျောင်းပိတ်ရက် ဆုံ နေတာနဲ့ အောက်တိုဘာထဲ မှာ ရှင်ပြုဖို့ စိတ်ကူးနေတာ ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ ”

“ အစကတော့ လေ ကလေးတွေ အတွက် ရည်စူး ထားတဲ့ စုဘူး ကို မဖောက်ချင်တာနဲ့ ကရင် လာမှ ပိုက်ဆံ တောင်းပြီး အလှူ ထည့် မယ်လို့ စိတ်ကူးထားတာ ။ ဟင်း ... ဟင်း ”

“ ဟုတ် ... ဟုတ် ... အန်တီလှ ။ ရပါတယ် ၊ ဟို ... မထည့်ရင် မထည့် နဲ့ဦးလေ ၊ ပိုက်ဆံတွေ ပြန် သိမ်းထားလိုက်ပါလား ၊ အဲဒါတွေ က ဟိုဒင်း ရှင်ပြု ဖို့ ဆိုတော့လေ ”

ခေါင်းခါခါ လက်ကာကာ နဲ့ ဝင် ပြောတဲ့ ကိုဆင့်သူ ရဲ့ အသံတွေ က မသိမသာ တုန်နေတယ် ။ သူ အားနာ နေ ပြီလေ ။

ဟုတ်တယ် ။ ကျွန်တော် တို့ လည်း အားနာ နေတာပါပဲ ။ အန်တီလှ စုထားတဲ့ ပိုက်ဆံတွေကို  မယူရက်တော့ဘူး ။ ဒါနဲ့ ပန်းချီဆရာ က ပါးစပ်ထဲ တွေ့ကရာ ပါဠိတွေ လက်တန်း  ကောက်ရွတ်ပြီး တားသေးတယ် ။

“ အဲသလို ကုသိုလ်မျိုး ဆိုတာက ကိုယ် မူလ ရည်စူးထားတဲ့ နေရာ မှာပဲ လှူတာ ပို ကောင်းမယ် ထင်တယ်နော ၊ အဓိဋ္ဌာန် ကို မဖျက်နဲ့ ဗျ ၊ အဲဒါ သာဟတ္တိက ကုသိုလ် ဆိုလား ခေါ်သတဲ့ ။ ကျွန်တော် တို့ ကတော့ အဲ ... ဟိုဒင်း နောက် မှပဲ ”

“ အို .. ဘယ် ဟုတ်မလဲ ၊ ကိုယ့် ရပ်ကွက် ဓမ္မာရုံ အတွက် လှူတာ လည်း အလှူ ပဲ ဥစ္စာ ၊ အလှ တစ်ခါ တည်း ထည့် ပေးလိုက်မယ် ။ ရော့ .. ရော့ ”

အန်တီလှ က ပြောပြောဆိုဆို နဲ့ ၇၅ ကျပ်တန် သုံးရွက် ရယ် ၊ အစိတ်တန် သုံးရွက် ရယ် ကို ကျွန်တော့် လက် ထဲ လာ ထည့်ပေးတယ် ။

“ သာဓု သာဓု သာဓု ”

လို့ ရေရွတ် ချင်ပေမယ့် ( ဘာကြောင့်မှန်း မသိဘူး ) ကျွန်တော့် ပါးစပ် က အသံ ထွက် မလာဘူးဗျ ။

ဟိုကောင်တွေ ဘက် ကို လှည့်ကြည့် လိုက်တော့ လည်း အိမ် အပြင် ဘက် ကို ငေးတဲ့ သူ က ငေး သလိုလို ၊ မေးဖျား ဝက်ခြံဖု ကို စမ်းတဲ့ သူ က စမ်း သလိုလို ၊ လက်ချောင်း က အဆစ်ကလေးတွေ ပဲ ညောင်း လွန်းလို့ တဖျောက်ဖျောက် ချိုးသလိုလို ( ဘာမှန်း မသိတဲ့ ဥစ္စာတွေ ) ယောင်တောင် တောင် လုပ် နေကြတယ် ။

အင်း ... အလှူခံ ရတာ မျက်နှာ ပူစရာကြီးကိုး ။

“ ဟေ့ကောင်တွေ လာ .. သွားကြစို့ ”

ကျွန်တော် က အသံပြတ်ပြတ် နဲ့ ပြောရင်း ထိုင်နေရာ က ထ လိုက် တယ် ။ အလှူရှင် အန်တီလှကြီး ရဲ့မျက်နှာ ကို လှမ်း မကြည့်ရဲဘူး ။

အန်တီလှ ရဲ့ မျက်ဝန်းတွေ ထဲ မှာ သူ မစားရက်မသောက်ရက် စုထားတဲ့ အထဲ က ပဲ့ပြီး ပါ သွားတဲ့ ပိုက်ဆံလေး သုံးရာ ကို နှမြောတသ နေတဲ့ အငွေ့ အသက်တွေ အုံ့ဆိုင်း နေတာကိုး ။

ဟူး .. ကျွန်တော်တို့ ရဲ့ အဖြစ် ကို က ဆိုးပါတယ်ဗျာ ။

အလှူခံ ထွက်ခါမှ အကုသိုလ်တွေ များ လိုက်တာ ။

◾မင်းခိုက်စိုးစန်

📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment