Friday, September 15, 2023

ငွေရီ တို့ ရဲ့ဘဝဘုံ


 

❝ ငွေရီ တို့ ရဲ့ဘဝဘုံ ❞

ငွေရီ သည် ဘောလယ်ကျွန်း ဘက် တွင် ရှိသော ကုက္ကိုဝရွာသူ ဖြစ်၏ ။

ကုက္ကိုဝရွာ မှာ အိမ်ခြေ ရာခြေ အားဖြင့် လေးငါးဆယ် ခန့်သာ ရှိသော ရွာကလေး ဖြစ်သည် ။ မိုးတွင်း ဆိုလျှင် ရေဖွေးဖွေး လှိုင်းဖွေးဖွေး နှင့် တိတ်ပြီ ဆိုပြန် လျှင် ကန်သင်းရိုးပြတ်များ တစ်ဖက် ၌ ပပ်ကြားအက်သော မြေတလင်းကွက်ကြီးများ အတိ ပြီး နေတတ်သည် ။ ထို ရွာ တွင် နေထိုင်ကြသူများ သည် လယ်ယာ ကိုင်းကျွန်း လုပ်ကိုင် စားသလို အင်းအလုပ် တံငါအလုပ် ကို လည်း ကျွမ်းဝင် ရင်းနှီးသူများ ဖြစ်ပေသည် ။  ။

ကုက္ကိုဝရွာ တွင် နေထိုင် ခဲ့ရသော ကာလ ကို ပြန်ပြောင်း စဉ်းစားမိသည့် အခါတိုင်း ငွေရီ ရင်တွင်း ၌ ပျော်မွေ့ကြည်နူးသည့် မနောဓာတ်ကလေးများ တဖျတ်ဖျတ် ရိုက်ခတ် တတ်သည် ။
ကောက်စိုက်ချိန် ဆို လျှင် လိုက် စိုက်မည် ၊ ကောက်သင်းကောက်ချိန် ၌ လိုက် ကောက်မည် ၊ စပါး ရိတ်ချိန် ၌ လည်း လိုက် ရိတ်မည် ၊ လယ်ကွင်း တစ်ခွင် သူရင်းငှား အလုပ် မှ လုပ်စရာ မရှိ လျှင် ၊
လယ်ကူလီ အလုပ် မှ လုပ်စရာ မရှိလျှင် စားစရာအတွက် အပူအပင် အကြောင့်အကြ မရှိ ၊ မဲဇလီ ဘက် မှ ထွက် ၍ မိုးမခဘက် ဆီ ဆင်းကာ အင်းများ ရှိရာ ဒေသ တစ်ဝိုက် လှည့်၍ အလုပ် လုပ်မည် ။

မည်သို့ပင် ဖြစ်စေ ၊ လယ်သိမ်းချိန် နှင့် အင်းသိမ်းချိန်များ ၌ မူ ပွင့်ရိုက်သရက်ထည်နှင့် မယ်ညိုရှန်သားကလေးများတော့ ဝယ်နိုင်သည် သာတည်း ။

ကုက္ကိုဝရွာ အနောက်ဘက် သို့ ထွက် လိုက်လျှင် ကျယ်ပြောလှသော လယ်ကွင်းပြင်ကြီး မှာ မျက်စိ တစ်ဆုံး ဆန့်တန်းပြန့်ပြူးလျက် ရှိသည် ။ မိုးကုပ်စက်ဝိုင်းနား အထိ လယ်ကွင်းတွေ ပေါလှချည့် ဟု တွေးထင် ခဲ့သည် ။ စပါးကလေးများ ရိတ်သိမ်းပြီးစ တလင်းနယ်စ လယ်ကွက် အလိုက် တလင်း အလိုက် ယာယီ တဲကလေးများ ထိုးကာ နေကြရသည့် အခါမျိုး၌ တေး ကို လည်း ဟစ်အော်မိမည် ၊ ကချင် လည်း ကမိဦးမည် ။ အပိုး သန်သော ကာလသားတွေ အကြောင်း အာကြမ်း လျှာကြမ်း နှင့် ဝ မခန်း ပြောတတ်သည့် မအုံးမယ် ၏ တရား ကို လည်း အားပါးတရ နာချင် နာမိ မည် ။

သို့မဟုတ်သေး လျှင် ရွာ မျက်နှာ မူထားသည့် မြစ်ပြင်ကျယ် နံဘေး ၌ လေ က မွေ့ လှိုင်း က ဝှေ့ သဖြင့် ကနွဲ့ကယင် ရွက်တင် ကာ သွားနေကြသော သမ္မန်များ ၊ စုန်ကြဆန်ကြသည် ကို တွေး - ကာ ငေးရမည် ။ နေဝင်ရီတရော အချိန် က စ၍ ည အမှောင် ရောက်ချိန် အထိ တိုင်တိုင် စိတ်ပူစရာ မရှိ ၊ အန္တရာယ် မရှိ ၊ ညအမှောင် တိုးဝင် လာသောအခါ မြစ်ပြင်ကျယ် တွင် ငါးရှာစားသူ တို့ ၏ မီးရောင်လဲ့လဲ့များ ကို တွေ့ရမည် ။ ထိုအခါမျိုး၌ “ ဒေါင်ဒင်သံ သာသာ နဲ့ တံငါလှေလောင်းဆင်း ၊ အို နဒီတွင်းမှာ လ နှင်းငွေ့ ဆော် ၊ ချမ်းလို့တုန် မလုံကွေး တယ် ” ဟူသော တံငါ ၏ ဘဝ ကို ဖွဲ့ဆို သည့် တေးများ ကို ပါ လေအဝှေ့ တွင် တဝေ့ဝေ့ ကြားရ တတ်သည် ။

အဘယ်မျှ ပျော်စရာ ကောင်းခဲ့လေသနည်း ။

ဘောလယ်ဘက် က အကြောင်းတွေ ကို ပြန်ပြောင်း စဉ်းစားမိသော အခါ ငွေရီ ၏ ရင်တွင်း ၌ လေးလံသော ဝန်ထုပ် ဝန်ပိုးကြီး ကို ထွေးပိုက် ထားရသလို ဖြစ်လာလေ၏ ။ ဟိုစဉ်က နေခဲ့ ရသော ဘ၀ နှင့် ယခု ရောက်ရှိ နေသော ဘဝ တို့ ၏ ခြားနားမှုများ မှာ သူ့ မျက်စိရှေ့တွင် အစီ အရီ ပေါ်လာလေသည် ။ ယခင်က မူ အရာရာတိုင်း ကို ကြည့်၍ ပျော်စရာ သာ ထင်ခဲ့၏ ။ ပျော်လည်း ပျော်ခဲ့၏ ။ ယခု ကား မိမိ ရောက် နေသော ပတ်ဝန်းကျင်နှင့် မိမိ တွေ့ထိ ရင်ဆိုင် နေရသော အရာရာ တိုင်း တို့ မှာ ဝမ်းနည်း ကြေကွဲစရာ နှင့် စိတ်ရှုပ်ထွေး ညစ်ညူးဖွယ်ရာ များသာ ဖြစ်ချေသည် ဟု လည်း နှိုင်းယှဉ် စဉ်းစားနေ မိပြန်သည် ။

ထိုအခါမျိုး တွင် ငွေရီ့ မျက်စိအစုံ၌ မျက်ရည်များ ရစ်ဝဲလာတတ်သည် ။ သို့သော်လည်း သားသမီးများ မြင်သွားမည် စိုးသည့် အတွက် ငွေရီ သည် မျက်ရည်စ ကို အတင်းအကျပ် ပြန်သိမ်း တတ်ပေ၏ ။

ငွေရီ့ အသားအရေ တွေ မှာ ယခင် က လို စိုစိုပြည်ပြည် မရှိတော့ဘဲ မည်းခြောက်ခြောက် ဖြစ် နေလေသည် ။ နေပူ မရှောင် မိုးရွာ မရှောင် ရာသီဥတု မရွေး သွားလာ လုပ်ကိုင်ရခြင်း နှင့် ဖြစ် သလို ပြီးစလွယ် နေထိုင်ရခြင်း ကြောင့် သာ ဖြစ်ပါလိမ့်မည် ။ အလှအပ မပြင်နိုင်သည် မှာလည်း ကြာပေပြီ ။ ကုက္ကိုဝ တွင် နေခဲ့စဉ် က မူ သနပ်ခါး ရေကျဲကလေး တော့ နေ့စဉ် လိုလို လိမ်းနိုင်ခဲ့ သေး၏ ။ ယခု ကား သနပ်ခါး ဆိုသည် ကို ပင် သတိ မရ ။

အရွယ် က လည်း ထောက် ၊ အသက်ကလေး က လည်း ရလာပြီ မို့ ခါတိုင်း ကဲ့သို့ပင် ပင်ပင်ပန်းပန်း မလုပ်နိုင်တော့ သည့် အဖြစ် ကို ငွေရီ သတိထား မိသည် ။

သို့သော် နေ့စဉ်နေ့တိုင်း မိုးလင်း မှ မိုးချုပ် အထိ စားသောက် နေထိုင်ရေး အတွက် ရှာဖွေ ကြံစည်ရသည့် တာဝန်တွေ သာ ပိ နေသည့် အတွက် သူ့ ကျန်းမာရေး မကျန်းမာရေး တို့ အား အရေးတယူ ထည့်သွင်း စဉ်းစားခြင်းငှာ မတတ်စွမ်း နိုင်ရှာချေ ။

နေ့စဉ် နှင့် အမျှ ငွေရီ့ ရင်တွင်း က ပူရသည့် အရာ မှာ မိမိ ၏ ဝမ်းတစ်ထွာ အတွက် သာ မက သမီး တစ်ယောက် နှင့် သား လူမမည် တစ်ယောက် ၏ ဝမ်းတစ်ထွာ အတွက် လည်း ပါဝင်သည် ။

ငွေရီ့ တွင် လင် ရှိသည် ။ သူ့ လင် ကိုဘိုးထွန်း မှာ လက်သမား အတတ် ကို မတောက်တစ်ခေါက် တတ်သည် မှ အပ အခြား ဘာမျှ မလုပ်တတ် ။ သူ့ ကို ကြည့်ရသည် မှာ သားမယား ဝမ်းစာရေး အတွက် တစ်စုံတစ်ခု သော အလုပ် ကို ဓားမဦးချ မဆိုထားဘိ ခေတ္တခဏကလေး ပင် ဖြစ်စေ ကာမူ လုပ်လို ချင်သော စိတ်ဆန္ဒ မရှိဟု ထင်ရ၏ ။ ဤမျှလောက် အေးအေး နေတတ်သည့် ကိုဘိုးထွန်း ပေတည်း ။

ထိုကဲ့သို့သော လင် မျိုး ကို ရထားသည့် အတွက် ငွေရီ သည် လင် ကံ ကောင်းသလား ၊  လင် ကံ ဆိုးသလား ဟု သူ့ကိုယ် သူ ခွဲခြမ်းစိတ်ဖြာခြင်း မရမိ ၊ ဝမ်းသာရမလား ၊ ဝမ်းနည်းရမလား
ဟုလည်း မဝေခွဲတတ် ။ ငွေရီ ရင်တွင်း ၌ အကောင်းအဆိုး ကို ပိုင်းဖြတ်ရန် နှင့် ဝမ်းသာရန် ၊ ဝမ်းနည်းရန် တို့ အတွက် နေရာ မရှိတော့လေပြီလော ။

( ၂ )

“ ဟေ့ ကောင်မ ညည်းလင် မူးလာပြန်ပြီ ” 

တစ်ဖက်ခန်း မှ ဒေါ်မကြီး က လှမ်း ပြောသည် ။ ကိုဘိုးထွန်း မူးလာ တတ်တိုင်း ဒေါ်မကြီး က လှမ်း ပြောစမြဲ ၊ ငွေရီ ကလည်း နားထောင်စမြဲ ။ ကိုဘိုးထွန်း က မူးလာပြီ ဆိုလျှင် အသံကလေး ညှက်ညှက် နှင့် ငွေရီ ကို ရန်ရှာလေ့ ရှိသလို ငွေရီ က လည်း မူးလာ တတ်သော ကိုဘိုးထွန်း နှင့် ရန် ရှာသော ဓလေ့ ကို အံခွ နေပြီဖြစ်သည့်အတိုင်း ဘာမျှ မထူးသလို တုဏှိဘာဝေ နေတတ်ပေ၏ ။

ဝက်ချေးစော် နှင့် အညစ်အကြေး တို့ မှ ထွက်သော အနံ့အသက် များကြောင့် ငွေရီ တို့ ၏ တစ်ဝိုက်မှာ နှစ်ဆယ့်လေးနာရီ ပတ်လုံး ချဉ်စုတ်စုတ် အနံ့ကြီး နံ နေ တတ်၏ ။ တစ်နေ့က မိုး သည်းသည်းထန်ထန် ရွာထား သဖြင့် တဲရှေ့ ရှိ လမ်းဘေးကလေး တစ်ခုလုံး မှာ ဗွက်များ ထ နေ လေ၏ ။ မူးမူး နှင့် ပြန် လာသော ကိုဘိုးထွန်း ၏ ဗွက် ထဲ မှ ခြေသံ ကို ငွေရီ ကြားရသည် ။

“ အောင်မယ်လေး ကြီးတော် ကလည်း ဒါပဲ အဆန်း လုပ်လို့ ”  ဟု ငွေရီ က ဒေါ်ကြီး ကြားအောင် ပြန် ပြောသည် ။ ငွေရီ အသံ မှာ နွဲ့နှောင်းသော မိန်းမသံ မပါ ၊ နွေရော မိုးပါ ဝက်ခေါင်း ၊ ဝက်အူ ၊ ဝက်သည်း ဟူသော သူ ရောင်း နေကျ ကုန်တွေ ကို အော်ဟာဟစ်ကာ ရောင်းစား လာရသူ ဖြစ်သည့် အတိုင်း အသံ မှာ သြနေ၏ ။

“ အဆန်း မဟုတ်ပါဘူးအေ ၊ တော်တော်ကြာသာ လင်မယား နှစ်ယောက် တိတ်တိတ်ပုန်း ကျွက်စီကျွက်စီ လုပ်မနေနဲ့ ” 

ဒေါ်မကြီး ' တိတ်တိတ်ပုန်း ကျွက်စီကျွက်စီ လုပ်မနေနဲ့ ' ဟု ဆိုခြင်း မှာ ငွေရီ အတွက် များစွာ အဓိပ္ပာယ် ရှိပေသည် ။ အဘယ့်ကြောင့် ဆိုသော် ကိုဘိုးထွန်း မူး ၍ ပြန် လာတိုင်း ငွေရီ
နှင့် တိုးတိုးတိတ်တိတ် စကားများ ကြသည် ။ ရန်ဖြစ် ကြသည် ။ ကိုဘိုးထွန်း မှာ ပင်ကို အားဖြင့် စကား ကို ပင် ကျယ်ကျယ် ပြောသူ မဟုတ်သည့်အပြင် မူး လာသော အခါများ၌ အသံ မှာ ပို၍ တိုးသွား တတ်၏ ။ ထို့ကြောင့် သူတို့လင်မယား စကားများ ရန်ဖြစ်ကြသည့် အခါတိုင်း အော် ကြီးဟစ်ကျယ် နှင့် တောင်ဘက်ထောင့်စွန်း တဲ က ဆိုက်ကားသမား လင်မယားလို ခုနစ်အိမ် ကြား ရှစ်အိမ် ကြား အော်ဟစ်ဆဲဆိုကြခြင်းမျိုး မဟုတ်ဘဲ တိတ်တိတ်ကလေး နှင့် ညင်ညင်သာသာ ကလေး ဆဲဆို တတ်ကြသည် ။ ဒေါ်မကြီး က လည်း ဤအချက် ကို ရည်ရွယ်၍ ပြောခြင်း ဖြစ်ရာ ငွေရီ မှာ များစွာ သဘောကျ သွားလေ၏ ။ 

“ ဟဲ့ ကောင်မ ထမင်း ကျန်သေးသလား ” 

အရက်နံ့ မှာ ကိုဘိုးထွန်း ၏ ပါးစပ် မှ တထောင်းထောင်း ထွက် နေလေ၏ ။

“ အင်း အဲဒီလိုပဲ ခွေးမျိုး က ဒီ အရည် သောက်တိုင်း မိုက်ရိုင်းလာတယ် ၊ လူ ကို များ ကောင်မလေး ဘာလေးနဲ့ ”

ကိုဘိုးထွန်း က ဘာမျှ မပြောသေးဘဲ ရီဝေ နေသော မျက်လုံးနီရဲရဲကြီး အစုံ ကို မှေးကာ စေ့၍ ကြည့်နေလေ၏ ။ သူ့ ခေါင်းမှာ အောက် သို့ စိုက်ကျလျက် ရှိသည် ။ နောက်ထပ် တစ်စုံ တစ်ရာ သော စကားများ ကို သူ့ ပါးစပ် က ထပ်ပြော၏ ။ သို့သော် အသံ ကား ထွက် မလာ ။

“ မင်း ငါ့ ကို စိတ်ဆိုး ဟုတ်လား ၊ မင်း ငါ့ ကို စိတ်ဆိုးတယ် ဟုတ်လား ” 

ငွေရီ က ဘာ ပြန် ပြော ရမည်နည်း ဟု စဉ်းစားရင်း ကိုဘိုးထွန်း ကို ကြည့် နေမိသည် ။ ဖွာရရာ ကြဲနေသော ဆံပင်များမှာ ရှည်လှပြီ ။ ရေစက်တွေ က လည်း သီးစက် နေကြသည် ။ အရက် မူးမူး နှင့် မိုး ရွာတုန်း ပြန်လာ သလား ၊ သို့မဟုတ်လျှင် အမူး ပြေအောင် လမ်း ထိပ် က ရေဘုံပိုင် တွင် ပဲ ခေါင်းထိုး ၍ ရေစိမ် လာသလား ငွေရီ မသိ ။

“ မင်း ငါ့ ကို စိတ်ဆိုးတယ် ဟုတ်လား ”  ဟု ကိုဘိုးထွန်း က လက်ညှိုးကလေး ကို ချာ လည်လည် ထောင် ကာ ထပ် ပြောသော အခါ၌ ငွေရီ မှာ သူ့ လင် အပေါ် သနား သလိုလို ဖြစ်သွား ပြန်သည် ။

“ ဪ ... မူးတာလေး လောက်ပဲ ရှိတာပဲ ၊ တကယ်ဆို တော့ သူ ဟာ လူကောင်းပါ ”  ဟု လည်း သူ့ ဘာသာ သူ တွေးမိ ပြန်ကာ ချက်ချင်း စိတ် မကောင်း ဖြစ်မိသည် ။

“ ထမင်း ကျန် ပါသေးတယ် ၊ ကဲ ခြေထောက်ဆေး အိမ်ပေါ် တက်ဦး ၊ ကျုပ် ခူးပေးမယ် ” 

“ ဘာ ဘာ ဟင်းရှိသလဲ ”

အမူးသမား က ထမင်းကျွေးရန် တောင်းဆိုရုံ မျှ ဖြင့် အားမရသေးဘဲ ဘာဟင်း ရှိသလဲ ဟု ထပ်၍ စစ်ကြော မေးမြန်းလာသည့် တိုင်အောင် ငွေရီ သည် စိတ်တိုခြင်း မဖြစ်မိ ။

“ ဝက်ခေါင်းသုပ် ” 

ကိုဘိုးထွန်း သည် “ ဝက်ခေါင်းသုပ် ”  ဟူသော စကားလုံး ကို ကြားသည် နှင့် တစ်ပြိုင်နက် မီးခဲ လို ရဲရဲနီ နေသော မျက်လုံး ၊ အစ်မို့ နေသော မျက်နှာ ဖြင့် အားယူ မော့ကြည့် လိုက် ပြီးနောက် ...

“ တစ်ခါ လာ လည်း ဒီ ဝက်ခေါင်း ဝက်အူ ၊ ဝက်ခေါင်း ဝက်အူ ၊ ဝက်ခေါင်း ” 

နောက်ထပ် ကိုဘိုးထွန်း ဘာတွေ ဆက်ပြော နေသည် ကို ငွေရီ မကြားတော့ချေ ။ အဘယ့်ကြောင့် ဆိုသော် ခနော်ခနဲ့ ဖြစ် နေသော ဝါးကြမ်းခင်းတွေ ကို ခပ်ပြင်းပြင်း နင်းကာ မီးဖိုချောင် ဘက် ဆီသို့ ထလာခဲ့ခြင်းကြောင့်ပင်တည်း ။

ငွေရီ သည် အေးစက် တောင့်ခဲနေသော ထမင်းခဲ ကို ဖွ၍ ပန်းကန် အတွင်း သို့ ထည့်၏ ။ စောစောက သူတို့ သားအမိ စားပြီး နောက် ချန်ထားသေးသော ဝက်ခေါင်းသုပ် ကို ပါ ပန်းကန် နှုတ်ခမ်းများ ပေါ်တွင် ပုံ ထည့် လိုက်သည် ။ အမူးသမား ဆိုတော့ ချဉ်ချဉ်စပ်စပ် ကြိုက်တတ်မည် ထင်ကာ ရုတ်သီးမှုန့်တွေ ထပ် ဖြူး ပေးလိုက်၏ ။ ဒါလောက် ဆိုလျှင် တော်လောက်ပေပြီ ။

“ ရော့ စပ်စပ်ကလေး သုပ်ထားတယ် ၊ စားလိုက်ဦး သိပ် မိုးချုပ် နေရင် မကောင်းဘူး ”

လက်မဆေး ဘာမဆေး နှင့် မွတ်သိပ် နေသော တိရစ္ဆာန် တစ်ကောင် လို ထမင်းကျွေး နေသည့်  လင် ဖြစ်သူ အား အပါး မှ ထိုင် ကြည့်ရင်း ငွေရီ သည် တစ်ချက်မျှ သမ်းဝေ လိုက်လေ၏ ။

ကိုဘိုးထွန်း နှင့် အိမ်ထောင် ကျသည် မှာ ၁၀ နှစ် ကျော်ပြီ ဟု ထင်သည် ။ ကုက္ကိုဝ ဘက် တွင် မနေရဲတော့ သည့် အတွက် ရန်ကုန် သို့ ပြေးလာ ပြီးနောက် တစ်နှစ် ခန့် မရှိ တရှိ အချိန်တွင် ကိုဘိုးထွန်း နှင့် အိမ်ထောင် ကျခြင်း ဖြစ်သည် ။

ကိုဘိုးထွန်း ၏ ဇာတိမျိုးရိုး ကို မစစ်ဆေးမိ ၊ လူဆိုးလား ၊ လူကောင်းလား ဟု လည်း ပိုင်းခြားဝေဖန်ခြင်း မပြုမိ ၊ အားကိုးရာ မဲ့ ပြေး လာရသော ဘဝ တွင် ဆင်မလိုက်ရပ်ကွက် ၌ တစ်မိုး ခို ရင်း ကိုဘိုးထွန်း နှင့် မျက်မှန်း တန်းမိ ရာ မှ ညား လိုက်ကြခြင်း ဖြစ်လေသည် ။ ငွေရီ နှင့် ကိုဘိုးထွန်း ၏ အိမ်ထောင်ရေး ဇာတ်ကြောင်း မှာ ဤမျှသာ ဖြစ်သည် ။

ယခုမူ ကိုဘိုးထွန်း ၏ အသက် မှာ ၄ဝ ခန့် ရှိပြီ ။ ငွေရီ အသက် မှာ လည်း ၃၅ နှစ် ကျော် ပြီ ။ သား ဖြစ်သူ ပေါက်စ မှာ ၉ နှစ် ၊ သမီး ဖြစ်သူ ဂွက်ထော် မှာ ၇ နှစ် ရှိကြပြီ ။ ကိုဘိုးထွန်း ရော ငွေရီ ပါ အသက် ထက် ပို၍ ရင့်ရော်သော ရုပ်လက္ခဏာ ရှိကြသည် ။ တစ်နေ့ တစ်နေ့ ဝမ်းရေး နှင့် လုံးထွေး ယှဉ်ပြိုင် နေကြသူများ ဖြစ်သဖြင့် သူတို့ ရုပ်ရည်များသည် အသက် ထက် ပို၍ ရင့်ရော် သလား ၊ နုပျိုသလား မစဉ်းစား တတ်ကြ ။ စဉ်းစားရန် လည်း သတိ မရနိုင်ကြ ။

“ ငွေရီ ငွေရီ အလုပ် လုပ် တော့မယ် ၊ မင်း ဘာမှ မပူနဲ့တော့ ” 

တစ်ဖက်ခန်း မှ ဒေါ်မကြီး ၏ ခစ်ခနဲ ရယ်သံ မှာ ဤမှာ ဘက် ခန်း ဆီ သို့ လွင့်ထွက် လာလေ ၏ ။ ငွေရီ က လည်း ဣန္ဒြေ မဆည်နိုင်ဘဲ “ ခစ် ” ခနဲနေအောင် ရယ်လေ၏ ။

“ ဒါ ရယ်စရာလား ငါ အကောင်း ပြောတာ ” ဟု ကိုဘိုးထွန်း က မျက်နှာ ထားသေသေ နှင့် ငေါက်နေ ပြန်သည် ။ သူ့ ပါးစပ် တွင်း မှ ထမင်းလုံးတွေ မှာ တဖောက်ဖောက် နှင့် ကြမ်းပြင် ပေါ် သို့ ပြန် ထွက်ကျ နေလေ၏ ။

( ၃ )

သူ့ စကား အတိုင်းပင် ကိုဘိုးထွန်း သည် လက်သမားကန်ထရိုက် တစ်ဦး နှင့် အတူ ဟင်္သာတ ဘက် သို့ လိုက်၍ အလုပ် လုပ်လေသည် ။ ထိုအခါ၌ ငွေရီ မှာ သူ့ ကိုယ် သူ ဝမ်းသာရမည်လား ။ ဝမ်းနည်းရမည်လား ခွဲခြား၍ မတတ်နိုင် လောက်အောင် ဖြစ်ခဲ့လေ၏ ။

“ ဟိုမှာ အလုပ်အကိုင်လေး ဘာလေး နေရာ ကျရင် မင်းတို့ သားအမိ ကို ငါ လာခေါ် မယ် ”

ကိုဘိုးထွန်း က သွားခါနီး တွင် သို့ကလို မှာ သွားသည် ။ အဘယ်မျှ ဝမ်းမြောက် ကြည် နူးဖွယ်ရာ ကောင်း လိုက်ပါသနည်း ။ အိမ်ထောင် ကျလာသည့် အချိန်က စ၍ အလုပ်အကိုင် အကြောင်း ကို မပြော ၊ စာရေး သောက်ရေးအတွက် အလျှင်း မပူ ၊ အရက်ကလေး သောက် လိုက် ၊  လျှောက်လည် လိုက် လုပ်နေခဲ့သည့် ကိုဘိုးထွန်း သည် ယခုတော့ သမာဒေဝ နတ်ကောင်း နတ်မြတ်များ တိုက်တွန်း ၍လား မသိ ။ သူ့ ဘာသာ သူ အကြံအစည် ထုတ်ကာ အလုပ် လုပ်လျက် ရှိနေ ပေပြီ ။

ဟင်္သာတ သို့ လက်သမား ကန်ထရိုက် နှင့် အလုပ် အတူ လိုက် လုပ်သော လင်သည် အကြောင်း ကို တွေးမိသည့် အခါ ငွေရီ မှာ ကိုဘိုးထွန်း အပေါ် သနားစိတ်ကလေးများပင် ဝင်လာမိသည် ။ ' ဪ ... အခုတော့ လည်း သူ့ခမျာ သနားစရာပါလား ' ဟု တွေးမိသည် ။

“ ရှင် ဟို ရောက်တဲ့ အခါကျတော့ သောက် လည်း သောက်ပေါ့ တော် ၊ သိပ် အလွန်အကျွံ လည်း မသောက်နဲ့ဦး ၊ သူစိမ်းတွေ ရပ်ရွာ မှာ ”

သည်လိုနှင့် ပင် ငွေရီ တို့ သားအမိ ကို ထားခဲ့ပြီး နောက် ကိုဘိုးထွန်း သည် ဟင်္သာတ သို့ ထွက်ခွာ သွားခဲ့လေ၏ ။

အလုပ် သွား လုပ်သော ကိုဘိုးထွန်း ကို စောင့်ဆိုင်းရင်း ငွေရီ သည် သူ့ အလုပ် ဖြစ်သည့် ဝက်ခေါင်း ဝက်အူ စသည့် ဆင်မလိုက် ဝက်သတ်ရုံ မှ ကျသော ဝက်သားတွေ ကို ရတတ် သမျှ ယူ ရောင်းသည် ။ သူ ရောင်း၍ ရတတ်သမျှကလေး နှင့် သားအမိ သုံးယောက် ၏ ဝမ်းရေး ကို ရှာကြံ ဖြည့်တင်း ရ လေသည် ။

တစ်လခန့် ကြာသောအခါ ကိုဘိုထွန်း ထံ မှ စာ တစ်စောင် ရောက် လာသည် ။ ငွေရီ သည် စာ ဖတ်တတ်သူ မဟုတ်ချေ ။ သူ့ သား ပေါက်စ နှင့် သမီး ဂွက်ထော် တို့ မှာ လည်း ယခုတိုင် ကျောင်း နေရသည့် ကလေးများ မဟုတ်သည့် အတွက် စာ ကို မဖတ်တတ်ကြ ။

ငွေရီ သည် ထို စာ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဝက်သတ်ရုံ အနောက်ဘက် တန်းလျားကြီး တွင် နေသော အန်းပိ ထံ သို့ ယူသွားလျက် အန်းပိ ကို ဖတ်ခိုင်းသည် ။

အန်းပိ မှာ အသက် ၃၀ နီးပါး ရှိ တရုတ်ကပြား ဖြစ်ပြီး ဝက်သားတင် ကားမောင်းသူ ဖြစ်သည် ။ မြန်မာစာ ကို ရေရေလည်လည် ဖတ် တတ်သော အန်းပိ က ကပီကလာပီကလာ ဘာသာ စကား ၊ ခနော်ခနဲ့ လက်ရေးများ ဖြင့် ရေးထားသည့် စာ ကို ဖတ်ပြသည် ။

ငွေရီ

ငါ့ အလုပ်တွေ အားလုံး အဆင်ပြေသည် ၊ အခုလ တော့ ပိုက်ဆံ မပိုသေးပါ ၊ ပိုတော့ တင်ပို့ပေးမည် ၊ နောက်လ ဆို လာခေါ်မည် ၊ အခု မင်းဓာတ်ပုံ ရှိ က စာအိတ် ထဲ မှ ထည့်ပေးလိုက်ပါ ။

               ဘိုးထွန်း

“ သူ က ငါ့ ဓာတ်ပုံ ဘာလုပ်ဖို့လဲတဲ့ အန်းပိ ရဲ့ ”

ကိုဘိုးထွန်း ၏ စာ အဆုံး တွင် ငွေရီ ၏ ဓာတ်ပုံ ရှိက စာအိတ် တွင် ထည့် ပေးလိုက်ပါ ဟု ရေး ထားရာ ငွေရီ က နားမလည် နိုင်သည့် အတွက် အန်းပိအား မေး လိုက်ခြင်း ဖြစ်သည် ။

“ အိုဗျာ ခင်ဗျား ဓာတ်ပုံ ကို သူ လိုချင်လို့ပေါ့ ”

ငွေရီ သည် အန်းပိ ၏ စကား ကို ကြားသောအခါ ပြုံးဖြဲဖြဲ လုပ်နေ၏ ။ အဘယ်ကြောင့် ကိုဘိုးထွန်း က မိမိ ၏ ဓာတ်ပုံ တောင်းသည် ကို ငွေရီ မှာ တကယ်ပင် နားမလည် နိုင်ရှာပေ ။

“ သူ့ မိန်းမ ဓာတ်ပုံ သူ့ အနား ထားချင်လို့ မှာတာပေါ့ ” ဟု အန်းပိ က ဆက် ပြောသော အခါ ငွေရီ မှာ တစ်ခစ်ခစ် နှင့် ရယ်နေ ပြန် လေသည် ။

“ ကြံကြီးစည်ရာဟယ် ” ဟု ဆိုရင်း ငွေရီ မှာ စာ ကို ယူ၍ အိမ် သို့ ပြန်လာ သော်လည်း သူ့ လင် ဓာတ်ပုံ တောင်း လိုက်သည့် အကြောင်း ကို တစိမ့်စိမ့် တွေးကာ ရှက် နေမိသည် ။

ထိုအကြောင်း ကို မူကား ဒေါ်မကြီး အား မပြောဘဲ မနေနိုင်သည့် အတွက် အိမ်ပြန် ရောက် လျှင် ရောက်ချင်း ဖောက်သည် ချ မိလေ၏ ။ ဒေါ်မကြီး မှာ ငွေရီ ဖြစ်ပုံ ကို ကြည့် ၍ တဟားဟား ရယ်မော လေသည် ။

“ အင်းလေ ကြံကြီးစည်ရာ ကျွန်မပုံ များ လိုချင်ရသေး သတဲ့ ” 

ငွေရီ က အရှက်ပြေ ပြော နေလေသည် ။  ။

“ ညည်း က လည်း ဒါပဲ အဆန်းလား ၊ သူ့ ခမျာ တစ်ရပ်တစ်ရွာ နေရတာ ဆိုတော့ ကိုယ့် သားမယား ဓာတ်ပုံကလေး ဘာလေး အနား မှာ ထားချင်မှာပေါ့ဟဲ့ ”

“ ကျုပ် ဓာတ်ပုံ မှ မရှိဘဲ ကြီးတော် ရဲ့ ”

“ ဈေးကြီးဘက်နား ဓာတ်ပုံဆိုင်တွေ တစ်ပုံတစ်ခေါင်းကြီးပါ အေရယ် ” 

ဒေါ်မကြီး က သို့ကလို ပြောသော အခါ ငွေရီ သည် သူ့ ဓာတ်ပုံ ကို ကိုဘိုးထွန်း ဆီသို့ ပို့ ရကောင်းနိုးနိုး ထင်မိလေသည် ။ သို့သော်လည်း မပို့ဖြစ် ။ ဓာတ်ပုံ လည်း သွား မရိုက်ဖြစ်ချေ ။

နောက် ၁၅ ရက်ခန့် အကြာ တွင် ကိုဘိုးထွန်း က လိုက်လာရန် မှာသည့် အတွက် ငွေရီ သည် ဟင်္သတ သို့ လိုက်သွားသည် ။ တစ်ခေါက်မှ မရောက်ဖူး စေကာမူ လင် တစ်ယောက် လုံး ရှိသားပဲ ဟူသော ဇော နှင့် လိုက်သွားခဲ့လေသည် ။ သား ပေါက်စ နှင့် သမီး ဂွက်ထော် တို့ ကို လည်း ခေါ်သွား၏ ။ ဒေါ်မကြီး နှင့် တကွသော ဆင်မလိုက် ဝက်သတ်ရုံ အနီးတစ်ဝိုက် ရှိ ရပ်ကွက် မှ ငွေရီ တို့ အပေါ် သိကျွမ်းကြသူများ အားလုံး က ငွေရီ တစ်ယောက် တော့ လင့် လုပ်စာကလေး ထိုင်စားပြီး အေးအေးဆေးဆေး နေနိုင်တော့မယ် ဟု ဝမ်းမြောက် ဝမ်းသာ တွေးမိကြသည် ။ နံနက် ဝေလီဝေလင်း က စ၍ ည မိုးချုပ် သည် အထိ ဈေးတောင်းခေါင်းရွက် ကျရာအလုပ် ကို လုပ်ကိုင်ကာ လင် နှင့် သားသမီးများ အား နေပူ မရှောင် မိုးရွာ မရှောင် ရှာကျွေး နေခဲ့သည့် ငွေရီ တစ်ယောက် သက်သာရာ ရတော့မည် ဟု တွေးကြသည် ။

“ အေး ဟို တစ်ရပ်တစ်ရွာ ဆိုတော့ ညည်းတို့ သင့်သင့်မြတ်မြတ် နေကြ ၊ မောင်ဘိုးထွန်း ကို လည်း နားဝင်အောင် ပြောအုံ ၊ လင် ဆိုတာ မယား က နား ဝင်အောင် သာ ပြော အကုန် အဆင် ပြေတာပဲဟာ ” 

ဒေါ်မကြီး က မှာလေသည် ။ ဒေါ်မကြီး သည် ဆွေမျိုး တော်စပ်ခြင်း မရှိသော် လည်း ငွေရီ အပေါ် ၌ သမီးရင်း တူမရင်း သဖွယ် ခင်မင်ရှာပေ၏ ။ သို့မို့ကြောင့် လည်း ဟင်္သာတ သို့ သွား ခါနီး တွင် ဒေါ်မကြီးကို ကန်တော့ရင်း ငွေရီ မှာ မျက်ရည် ပင် ကျမိလေ၏ ။

( ၄ )

“ ဟင် ငွေရီ ဘယ့်နှယ်လဲ ဟဲ့ ညည်းတို့ ဥစ္စာ ၊ သွားတာမှ ဘာမှ မကြာသေးဘူး ၊ အခု ဘာ လို့ ပြန်လာတာလဲ ”

ခရီး ရောက် မဆိုက် ဒေါ်မကြီး ဆီး မေးသည် ။ ဒေါ်မကြီး မှာ တကယ်ပင် အံ့သြနေ ဟန် လည်း တူသည် ။ မဲပြောင်နေသော ဒေါ်မကြီး ၏ မျက်နှာတွင် အံ့ဩသည့် လက္ခဏာတွေ ပေါ် နေ သလို အလားတူ မဲပြောင် နေသည့် ငွေရဲ့ မျက်နှာ တွင် လည်း ချွေးစက်ချွေးပေါက်တွေ စီးရစ် လျက် ရှိလေ၏ ။

“ ပြော မပြောချင်တော့ဘူး ကြီးတော် ရေ ၊ ကျွန်မ က အားကိုးတကြီး နဲ့ လိုက် သွားတယ် ၊ ဟို လည်း ရောက်ရော ကိုယ်တော်ချော က မိုးလင်း က မိုးချုပ် မူး နေတော့တာပဲ တော့် ” 

"ဒါပဲအေ အဆန်းလား ၊ ညည်းလင် က ဒီမှာတုန်း က တော့ကော မမူးဘူးတဲ့ လား ” 

ဒေါ်မကြီး မှာ သူတို့ လင်မယား အပေါ် ၌ စိတ်စေတနာ ကောင်း၏ ။ ငွေရီ တို့ လင်မယား ရန်ဖြစ် နေလျှင် သူ မကြိုက် ။ တည့် နေသည် ။ ချောင်ချောင်လည်လည်ကလေး သုံးစွဲ နေနိုင်သည် ဆိုလျှင် ဝမ်းသာနေ တတ် သော ဒေါ်မကြီး ပေတည်း ။

“ ဒါပေမဲ့ ဟိုမှာ ကျ တော့ ရိုးရိုး မူးတာ မဟုတ်ဘူး ကြီးတော် ရဲ့ ၊ မူးပြီး ပြန်လာပလားဆို
ကျွန်မ ကို တောင် သူ က ရိုက်လား ၊ နှက်လား ၊ ကလေးတွေ ကို လည်း ဒီလိုပဲ ” 

ဒေါ်မကြီး မှာ ဘာမျှ မပြောတော့ဘဲ ငွေရီ့ စကား ကို သာ နားထောင် နေသည် ။ ဂွတ်တော် ကား သူ့ အဖေ ဆီ မှ ပြန်လာရ ကောင်းလား ဆိုကာ တရှုတ်ရှုတ် ငို နေလေ၏ ။

“ ကျွန်မ က အစ တုန်း က တော့ ကျိတ်ပြီး သည်းခံတယ် ၊ တခြား သူစိမ်းတစ်ရံဆံတွေ ကြား သွားရင် မကောင်းဘူးလေ လို့ ကိုယ့် စိတ် ကိုယ် ဖြေတယ် ကြီးတော် ရဲ့ ၊ ဒါပေမဲ့ နောက် သူ နှိပ်စက် လွန်းတော့ မခံနိုင်ဘူး ၊ အကြီးအကျယ် ကို ဖြစ်ကြတာပဲ ” 

ငွေရီ သည် ရှမ်းဖက် ဆေးလိပ်တို ကို ကောက် ဖွာ ကာ မီးခိုးငွေ့များ ကို တငွေ့ငွေ့ မှုတ် ထုတ်နေ၏ ။

“ အဲဒါ အခု နောက်ဆုံးပဲ အပြတ် ပြောခဲ့တယ် ၊ ငါ့ ဘာသာ ငါ ကလေး နှစ်ကောင် နဲ့ ရှာ စားမယ် ၊ နင် သာ ကြိုက်သလို နေ ပြန်မလာနဲ့လို့ ” 

“ အေးလေ ပြီးတာလည်း ပြီးပစေပေါ့ ၊ ညည်းတို့ ကြောင့် ငါ လည်း စိတ်ရှုပ်တယ် အေ ” 

ဒေါ်မကြီး က ငွေရီ ချထားသော ရှမ်းဖက် ဆေးလိပ်တို ကို ယူ ဖွာရင်း ပြောလေသည် ။ ငွေရီ မှာ ဘာမှ မဖြစ်သလို ဣန္ဒြေ မပျက် ၊ မျက်နှာ လည်း မပြောင်း ။

ထိုအချိန်မှ စ၍ ငွေရီ သည် တစ်လကျော် ခန့် စွန့်ပစ် ထားခဲ့သော သူ့ မူလအသက်မွေး ဝမ်းကျောင်း အလုပ်ဟောင်း ကို ပင် ပြန်လည် လုပ်ကိုင်ရ ပြန်သည် ။ ဝက်ခေါင်း ၊ ဝက်အူ ၊ ဝက်သွေး ၊ ဝက်ခြေထောက် ၊ ဝက်သည်း ၊ ဝက်နားရွက် စသည် ဖြင့် ဝက်သတ်ရုံ မှ ကြွင်းကျန် သမျှ ကို တစ်ဆင့် ယူကာ ခေါင်းရွက်ဗျပ်ထိုး ရောင်းချ ရသော အလုပ် ပင် ဖြစ်လေသည် ။ သို့ကလို ရောင်းချရာ ၌ ကြည့်မြင်တိုင်ဈေးကြီး ၊ လှည်းတန်း ၊ ကမာရွတ် စသည့် ဈေးများ မှ အစ လှိုင် ၊ ဆင်မလိုက် ၊ ကြည့်မြင်တိုင် စသည့် ရပ်ကွက် အပြင် လမ်းကြို လမ်းကြား အဆုံး သင့်သလို လှည့် လည် ၍ သွားရသည် ။

ထိုသို့ ပြန်လည် လုပ်ကိုင် စားသောက်ရသည့် အတွက် ငွေရီ စိတ် တွင် စိုးစဉ်းမျှ ဝမ်းနည်း ခြင်း မဖြစ်မိ ။ ဟင်္သာတ တွင် မိမိ အပေါ် ၌ ပစ်ပစ်ခါခါ ပြုလိုက်ခဲ့သည့် ကိုဘိုးထွန်း ကိုမူ ကား လင်သား ဖြစ်သည့် အားလျော်စွာ မပြတ်မလပ် သတိရ မိသည် လည်း ရှိ၏ ။ သို့သော် ငွေရီ မတုန်လှုပ် တော့ချေ ။

“ ပေါက်စ ကျောင်း နေမယ် ” ဟု သား ဖြစ်သူ ပေါက်စ ကပြောသည် ။ ထိုအခါမျိုး ၌ လည်း ငွေရီ သည် တစ်စုံတစ်ရာ ငြင်းဆိုခြင်း မပြုဘဲ ပေါက်စ ကို ဆင်မလိုက်ရပ်ကွက် အတွင်း မှ အလွတ် ပညာသင်ကျောင်းကလေး တစ်ကျောင်း သို့ သွား တက်စေသည် ။

“ ကလေး တော့ စာလေး ဘာလေး ရေးတတ် ဖတ်တတ် မှ ဖြစ်မှာပါ ” 

ဤကား ငွေရီ အတွေး ပင် တည်း ။

ထို အတွေး ဖြင့် ပေါက်စ ကို ကျောင်း နေ စေခြင်း ဖြစ်သည် ။ တစ်ခါတစ်ရံ စာမတတ် ပေမတတ် ဖြစ်သော ကိုယ့် ဘဝ ကို ကိုယ် ပြန် ၍ လှစ်ခနဲ မြင်ယောင် မိလေသလား မပြောတတ် ။

ပေါက်စ ကျောင်း တက် သောအခါ ဘုတ်ဆုံ သာ လျှင် အိမ်စောင့် အဖြစ် ကျန်နေ တတ် သည် ။ ဝက်ချေးနံ့ ၊ ချောင်းရေပုပ် နှင့် ဗွက်နံ့ တို့ မှ ထွက်သော အနံ့ဆိုးမျိုးစုံ ရောပြွမ်း နေတတ် သည့် သူတို့ တဲကလေး တွင် ဘုတ်ဆုံ သည် ကစားရင်း ၊ ငိုရင်း ကျန်ရစ် တတ်သည် လည်း ရှိ၏ ။ သို့သော် ဘုတ်ဆုံ သည် ဈေးရောင်း လိုက်နိုင်သည် ။ ဈေးရောင်းဖော် တစ်ဦး လည်း ဖြစ်နိုင်ပေ၏ ။

မည်သို့ပင် ဖြစ်စေကာမူ ၊ ငွေရီ သည် သူ့ တာဝန် ကို သူ နိုင်အောင် ထမ်း လေသည် ။ ကိုဘိုးထွန်း ရှိစဉ် အခါက ဘာမျှ ကူ၍ လုပ်ကိုင်ခြင်း မရှိစေကာမူ နေရထိုင်ရ သည် မှာ ပြီး ပြည့်စုံသည် ဟု ထင်၏ ။ ယခု ကိုဘိုးထွန်း နှင့် ကွဲ နေသည်ဟူသော အသိ က ခြောက်လှန့်နေ၍ လားမသိ ၊ ငွေရီ မှာ ပို၍ အားငယ် နေ သလိုလို ဖြစ်တတ်သည် ။ 

သို့ရာတွင် အားငယ်သည့် အကြား မှ ပင် ငွေရီ သည် မိမိနှင့် သားသမီး လူမမည် နှစ်ဦး တို့ ၏ ဝမ်းဗိုက် ကို နေ့စဉ် နှင့်အမျှ ဖြည့်တင်းရေး အတွက် မဖြစ်မနေ ကြိုးပမ်း ရှာကြံရသည် သာ တည်း ။

( ၅ )

“ ငွေရီ ကို ဖမ်း သွား တယ်တော့ ” 

ဆင်မလိုက် ဝက်သတ်ရုံ တစ်ဝိုက် တွင် ဤ သတင်း မှာ တောမီးပမာ ပျံ့နှံ့ သွားလေ၏ ။ “ ဘာဖြစ်လို့ ဖမ်းတာလဲ ”  “ ဘယ်မှာ ဖမ်းတာလဲ ” ဟူသော အချင်းချင်း မေးမြန်းသံတွေ လည်း လျှံ ထွက် လာလေ၏ ။

“ လှိုင် ဘက်မှာ လေ သူ့ ဝက်တွေ ကို အပုပ်တွေ ရောင်းတယ် ဆိုပြီး ဖမ်းသွား တာပဲ ”

ဒေါ်မကြီး မှာ ရင်တမမ နှင့် နားထောင် လေသည် ။ “ အဲဒါပဲ ဒေါ်မကြီးရေ ငွေရီ တို့ အဖြစ် များ ပြော မပြောချင်တော့ဘူး ” ဟု မအုန်းမေ က ညည်းတွား နေ၏ ။ မအုန်းမေ မှာ ငွေရီ တို့ တဲ နှင့် ကျောချင်းကပ် နေသည့် တဲ တွင် နေပြီး ပန်းရံကန်ထရိုက်များ နှင့် လိုက်၍ အုတ် သယ်သည် ။ တစ်ခါတစ်ရံ အုတ်သည် ရသည့် အတွက် ပင်ပန်းလွန်းသော အခါမျိုး၌ မအုန်းမေ သည် ကြည့်မြင်တိုင် ကမ်းနား သွား ကာ ဓနိ ချသည် ၊ ငှက်ပျောခိုင် ရွက်သည် ။ မအုန်းမ ၏ ယောက်ျား ကိုအောင်ဘ မှာ ယမန်နှစ် က ခေတ္တိယ ဘက် ပြန်၍ ပုစွန်ဖောင် သွား ချရာ ခတ္တိယ မှာ ပင် နာဖျားမကျန်း ဖြစ် ပြီး ကွန်လွန် ခဲ့လေသည် ။

“ ငွေရီ ရယ် အေ ဖြစ်မှ ဖြစ်ရလေ ” ဟု ဆိုကာ ဒေါ်မကြီး မှာလည်း စိတ်မကောင်း ဖြစ်နေ၏ ။ ရှည်လျားသော သက်ပြင်း ကို ပါ မှုတ်ထုတ် လေသည် ။

ထိုနေ့ ညနေခင်း လောက် တွင် ငွေရီ သည် ဆင်မလိုက် ရှိ သူ့ တဲ သို့ ပြန် ရောက် လာလေ သည် ။ အများက ဘူး လေးရာ ဖရုံ ဆင့် သလို ဖြစ်နေသော ငွေရီ့ အတွက် စိတ်မကောင်း ဖြစ်နေကြ စေကာမူ ငွေရီ ကား အပြုံး မပျက် ။

“ ညည်းနှယ် အေ တို့ က တော့ စိတ်ပူ လိုက်ရတာ ညည်း မျက်နှာ က စပ်ဖြဲဖြဲ နဲ့ ” 

ဒေါ်မကြီး တို့ မအုန်းမေ တို့ က ဝိုင်း နှုတ်ဆက်ကြသည် ။

“ အမလေး ကြီးတော်ရယ် စပ်ဖြဲဖြဲ  မနေလို့ရော ဘယ်လို နေရမှာလဲ ၊ ဖြစ်သမျှ ကုသိုလ် ပေါ့ ” ဟု ငွေရီ က သွားများ ကို ချဲကာ အော်ကြီးဟစ်ကျယ် ပြောလေ၏ ။ ဈေးရောင်း ၍ အဖမ်း ခံရသော ဈေးသည်တွေ များ ပေမဲ့ ငွေရီ လောက် အုတ်အုတ်ကျက်ကျက် မဖြစ်ကြပေ ။

“ ဘယ်လိုများ ဖြစ်တာတုံး ဟဲ့ ၊ ပြောစမ်းပါဦး ” ဟု ဒေါ်မကြီး က မေးသည် ။

“ ပုလိပ် က လာ စစ် တယ်လေ ၊ ကျွန်မ ဗန်း ထဲ က ဝက်အူတွေ ဟာ အပုပ်တွေ ဆိုပြီး ဖမ်း
တယ်လို့ ပြောတာပဲ ။ ကျွန်မ က ဒီ ဝက်အူတွေ ကို ဝက်သတ်လိုင်စင်စီ က ရတဲ့အတိုင်း ချက်ချင်း ရောင်းတာပါ ၊ ည အိပ် တောင် မထားပါဘူးလို့ ရှင်း ပြောပြပေမဲ့ မရဘူးတော့ ၊ အဲဒီ ဂါတ် ထဲ ကို ခေါ်သွားတာပဲ ၊ အဲဒါ ဗန်း ရော ချိန်ခွင် ရော သိမ်းထားတယ် ၊ နောက် လပြည့်ကျော် ၄ ရက်နေ့ မှ အင်းစိန် က ရုံး ကို လာ ရမယ်တဲ့ ၊ သန်ဘက်ခါ ပေါ့ ၊ ဘာတွေ ဆက် လုပ်ဦးမလဲ မသိပါဘူး တော်ရယ် ” 

“ ဖြစ်ရလေအေ ညည်း နှယ် ”

ဒေါ်မကြီး က ဝါးထားသည့် ကွမ်း ကို တစ်ချက် မျှ ပစ်ခနဲ နေအောင် ထွေးထုတ် လိုက်ပြီး နောက် ပင်ပန်း နွမ်းနယ်လာဟန် ရှိသော ငွေရီ အား ပြောပြောဆိုဆို ပင် ကြည့်နေ လေ၏ ။

“ ဘယ့်နှယ် လုပ်မလဲ ကြီးတော် ရဲ့ ၊ သူ့ ဘာသာ သူ ဖြစ်လာတဲ့ ဥစ္စာ ”

ငွေရီ စကား မှာ တရားသံဝေဂ ရသည့် လေသံ လော ၊ သို့တည်းမဟုတ် အတွေ့အကြုံ တို့ ၏ ထုထောင်း ရိုက်ပုတ်ချက်များ ကို လျစ်လျူပြုရန် ကြိုးစားသည့် လေသံ လော မသိ ။ အိမ်နီးပါးချင်းများက မူ ငွေရီ့အပေါ် ၌ သာ ကြင်နာသောလေသံ ဖြင့် သတင်းမေး လာကြသည် ။ ကလေး တွေ ကိုလည်း အားပေးကြသည် ။ “ ငွေရီ ရေ နင်နောက်ကျနေပြီ ၊ ထမင်း ချက် မနေနဲ့တော့ ” ဟု ဆိုကာ မအုန်းမေ က ညနေစာ ကျန်သေးသည့် ထမင်းတွေ ကို လှမ်း ပေးသည် ။ တစ်တဲကျော် တွင် နေသော တစင်ရေကျော် မှ ပြောင်း လာသည့် မမဲတုတ်တို့ လင်မယား ကလည်း သူတို့ အိမ် မှာ ကျန်နေသေးသည့် ငါးမြွေထိုးဟင်းခွက် ကို ပို့ပေးသည် ။

ထိုည က ငွေရီ မှာ တစ်ည လုံး ကောင်းကောင်း အိပ် မပျော်ချေ ။ နံနက် နှင့် နေ့ခင်း တွေ့ ကြုံခဲ့ရသော သူ့အဖြစ်အပျက် တွေ မှာ တရေးရေး တရိပ်ရိပ် နှင့် ပေါ်နေလေ၏ ။ ရင်တွင်း ၌ လည်း အတန်ငယ် မကြည်မလင် ဖြစ်လေ၏ ။ တရှူးရှူး နှင့် အိပ်မောကျ နေသော ပေါက်စနှင့် ဂွက်ထော် တို့၏ သွားကြိတ်သံ ၊ လူးလွန့်သံ နှင့် အသက်ရှူသံတွေ မှာ တိတ်ဆိတ်သော ည ကို ဆူပူစွာ ထိုး ဖောက်လျက် ရှိလေ၏ ။

လရောင်သည် ကျိုးတကျဲ ကွဲနေသော ဓနိပျစ်များ အကြား မှ ထိုးဆင်း ၍ ဝင် နေ၏ ။ ထို အခါ၌ ငွေရီ သည် ကိုဘိုးထွန်း အကြောင်း ကို ပါ လှစ်ခနဲ သတိရ မိသည် ။ “ အခု လောက် ဆို သူ ဘယ်လိုများ နေသလဲ ” ဟု လည်း မရဲတရဲ တွေးမိသည် ။ ငွေရီ သည် ဝိုးတဝါး အတွေးများ ဖြင့် လုံးထွေးရစ်ပတ်ရင်း အိပ်မောကျ သွား လျှင် လည်း ကျသွားမည် သာတည်း ။

( ၆ )

အင်းစိန်ရှိ တရားရုံးတော် တစ်ခု မှ ငွေရီ အား ပုပ်နေသော အများပြည်သူတို့ ၏ အသက် နှင့် ကျန်းမာရေး ကို ထိခိုက်ပျက်စီး စေနိုင်သော အသားများ ၊ အူများ ကို ရောင်းချကြောင်း ထင်ရှားသည် ဆိုကာ ဒဏ်ငွေ တစ်ဆယ်ကျပ် ပေးဆောင်စေ ဟု အမိန့် ချလိုက်လေပြီ ။

ငွေရီ သည် ကတုန်ကယင် ဖြစ် နေ၏ ။ တစ်ဆယ် မျှ သော ဒဏ်ငွေ ကို ဆောင်ရန် အတွက် ဝန်လေးလှသည် မဟုတ် ။ မြန်မြန်ဆန်ဆန် ဤ ကိစ္စ ပြီးဖို့ သာ လိုသည် ။ ဤ ကိစ္စ ပြီး လျှင် မိမိ ၏ ဝမ်းရေး အလုပ် ကို အလျင်စလို ဆက်လုပ် ရပေဦးမည် ။

“ ကျွန်မ မှာ ငါးကျပ် ပဲ ပါတယ် ၊ ကြီးတော် ဆီ က ငါးကျပ် လောက် ခဏ ပေးပါ ”

ရုံးတော် သို့ အဖော် လိုက် လာသော ဒေါ်မကြီး က လိုလိုမည်မည် ဆောင် လာသည့် ငါးကျပ် တန် ညစ်နွမ်းနွမ်း တစ်ရွက် ကို တွယ်ချိတ် ဖြင့် ချိတ် ထားသော ချွေးခံအင်္ကျီအိတ် အတွင်း မှ ထုတ် ယူ၍ ပေး လိုက်လေသည် ။ သို့နှင့်ပင် ငွေရီ သည် ရုံးတော် အား ဒဏ်ငွေ တစ်ဆယ်ကျပ် ကို ပေး ဆောင်နိုင်ခဲ့လေ၏ ။

အင်းစိန်ရုံး မှ ပြန်လာသော အခါ ငွေရီ သည် ခါတိုင်း ကဲ့သို့ စကား ကို ကျယ်ကျယ် လောင်လောင် မပြော ၊ သွက်သွက် လက်လက် လည်းမရှိ ။ ထုံထုံထိုင်းထိုင်း နှင့် လေးလေးလံလံ ဖြစ်လာ၏ ။

ဆင်မလိုက် သို့ ပြန်ရောက် လာပြီး နောက် တဲတံစက်မြိတ် အောက် ရောက် မှ ရုံးတော် က ပြန်လည် ပေးသနားခြင်း မပြုလိုက်သော လင်ပန်း နှင့် ချိန်ခွင် အကြောင်း ကို တွေးကာ ပို၍ နှမြော နေမိ လေ၏ ။ တဲ အတွင်း၌ မူ ပေါက်စ နှင့် ဂွက်ထော် သည် ညှိုးငယ်သော မျက်နှာကလေး ကိုယ်စီ ဖြင့် သူ အလာ ကို စောင့်နေကြ ရှာ၏ ။

ထိုအခါ ငွေရီ သည် ညှိုးငယ်သော သူ့ မျက်နှာ ကို ချက်ချင်း ပြင် လိုက် လေသည် ။ “ ကြီးတော် ရေ ကျွန်မ ဆီ မှာ လင်ပန်းဟောင်း တစ်ခု တော့ ရှိသေးတယ် ၊ ကြီးတော် ချိန်ခွင်ပဲ မနက်ကျ ခဏ ငှားဦးတော့် ” ဟု လည်း ဘာမျှ မဖြစ်သူ ပမာ ဒေါ်မကြီး ဆီ သို့ အသံ မြှင့်၍ ငွေ့ရီ က လှမ်းပြော လိုက်လေသည် တကား ။ 

◾မောင်နေဝင်း ( ၁၉၆၄ )

📖 နှစ်ဆယ်ရာစု မြန်မာဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment