❝ လပြည့်ည မွေးဖွားသူ ❞
ဟိုနား က တတောက်တောက် ၊ သည်နား က တတောက်တောက် ကြား နေရတယ် ။
“ ကျွန်မတို့ အိမ် မှာ ညီအစ်မ နှစ်ယောက် တည်း နေကြတာ ဆိုတော့ ကြွက်တွေ က ပို သောင်းကျန်းတယ် ။ ကြွက်ချောက် ဖို့ ဘုန်းကြီးကျောင်း က ကြောင် သွား ငှား ထား ရတယ် ” လို့ အဆိုတော် မရီရီသန့် က ပြောတယ် ၊ သူ့ ညီမ မနှင်းရည်သန့် က တတောက်တောက် ကြား ရာ နေရာ သွားပြီး ကြွက် က ဘာတွေ ကိုက် နေ သလဲ ကြည့်တယ် ။ “ ကြောင် ကို ခေါ်သာ ထား ရတယ် ၊ ကြွက်တွေ ခုပ် မှာ တော့ စိုးရိမ် နေ ပြန်ရော့ ” လို့ မရီရီသန့် က ဆက် ပြောတယ် ။
မရီရီသန့် တို့ နေထိုင်တဲ့ တိုက်ခန်း က ရန်ကုန်မြို့လယ် ၊ မဟာဗန္ဓုလ လမ်းမ ကြီး ပေါ် မှာ ပါ ။ တိုက်ခန်းနံရံ မှာ စောင်းပညာရှင် ဆရာ အင်းလေးမြင့်မောင် ရဲ့ ပုံတူ ပန်းချီကား တစ်ချပ် ၊ ဆရာ ဦးမြင့်မောင် ဆွဲထား တဲ့ အဓိပ္ပာယ် နက်နဲတဲ့ သုံးရောင်ခြယ် ပန်းချီကား တစ်ချပ် ချိတ်ဆွဲ ထား ပါတယ် ။
စင် တစ်ခု ပေါ် မှာ တော့ စောင်းသုံးလက် ၊ ကြမ်းခင်း မှာ ကက်ဆက်ဟောင်း တစ်လုံး ၊ တိပ်ခွေ တချို့ ၊ အပ်ချုပ်စက် တစ်လုံး ၊ ဘုရားစင် တစ်ဖက်စွန်း မှာ နောက်ထပ် စောင်း တစ်လက် ။
ဧည့်ထိုင် ဆက်တီခုံတွေ ကို အခန်း နံရံ မှာ စီပြီး ကပ်ချ ထားတဲ့ ဧည့်ခန်း က ရှင်း နေတယ် ။ ဟန် လုပ် ထားတာ ဘာမှ မရှိဘူး ။ မရီရီသန့် ကိုယ်တိုင် ရဲ့ သွင်ပြင် မှာ လည်း ဟန် လုပ်ထားတာ မတွေ့ရဘူး ။ သူ့ ပုံစံ က အနေ ရိုးတယ် ။
သူ အားလပ်တဲ့ ညချမ်းချိန် တစ်ခု မှာ သူ့ အိမ် ကို သွားပြီး သူ့ ဘဝ လမ်းကြောင်း ကို ကျွန်တော် မေး ခဲ့တယ် ။
••••• ••••• •••••
ကျွန်မ ကို မွေးတာ က ဝက်လက် နား က လှတောရွာ ၊ ရွာ မှာ လူငယ်ကလေးတွေ ရဲ့ အပျော်တမ်း တူရိယာ အဖွဲ့လေး ရှိတယ် ။ “ ဒီကောင်လေး ” နာမည် နဲ့ ဖွဲ့ ထားတာ ။ အခကြေးငွေ နဲ့ လိုက် ဆိုတာ မဟုတ်ဘူး ။ “ ဆို ၊ စား ၊ ပြန် ” ပေါ့ ။
ကျွန်မတို့ သက်တူ ရွယ်တူ ၁၉ နှစ် ၊ ၂ဝ နှစ် လူငယ်တွေ စုဖွဲ့ ထားတာ ။ ၁၉၆၉ ၊ ၇ဝ ခု က ပေါ့ ။ ဝါသနာ အခြေခံ နဲ့ ကျွန်မ ဆို ဖြစ်သွားတယ် ။ ကျွန်မ နာမည် က ဝက်လက် မကြီးတင် တဲ့ ။
ကျွန်မ ငယ်ငယ် က နာမည် က မကြီးတင် ၊ အစ်မ က မကြီးမာ ၊ ကြီးလေ မာလေ ဆိုပြီး အဖေ က ပေးတဲ့ နာမည် ပေါ့ ။ ကျွန်မ ကျ မကြီးတင် ၊ ကြီးလေ တင်လေ ပေါ့ ၊ အဖတ် တင် စေချင်လို့ ပေါ့ ။
ကျွန်မ က သီချင်း ကို ဆံရစ်ဝိုင်း ဘဝ ကတည်း က ဝါသနာ ပါ တာ ။ ကျွန်မ တို့ အဖေ ဦးဘယူ က လည်း ဝါသနာ ပါတယ် ။ အားပေးတယ် ။ ရွာ က အလှူတွေ ဘာတွေ ဆိုရင် ကျွန်မ မဆိုတဲ့ ပွဲ ၊ မကတဲ့ ပွဲ မရှိဘူး ။ အပျော်တမ်း လိုက် ဆို နေ တာ ။ ရွာနီး ဝန်းကျင် တွင် မက ရွှေဘို ၊ ရေဦး ၊ မုံရွာ အရှေ့ဘက် ရှိမ္မကား တစ်ဝိုက် ၊ တောင်ဘက် ဆားတောင် တစ်ဝိုက် အထိ ကျွန်မတို့ ဝိုင်း က လိုက် ဆိုရတယ် ။ ကျွန်မ ဆိုတာ က တော့ ခေတ်ပေါ် သီချင်း များ ပါတယ် ။ ခေတ်ပေါ် သီချင်း မှာ မရတာ မရှိ သလောက် ပါ ပဲ ။ ရေဒီယို သီချင်း ၊ ဓာတ်ပြား သီချင်း အကုန် ရ တာပဲ ။ ကျွန်မတို့ အဖွဲ့ က အင်အား နည်းတဲ့ အခါကျ တော့ မန္တလေး က ပညာရှင်တွေ ကို လည်း ခေါ် ရတယ် ။ ဖိတ်ကြား ပြီး ဆိုကြ ၊ တီးကြတယ် ။ ဂီတပညာရှင်တွေ ခင်ခင်ငြိမ်း တို့ ၊ ပန်းချီကိုအုန်းကြိုင် တို့ လည်း ပါ တာပေါ့ ။ အခြား တူရိယာ ပညာရှင်တွေ လည်း ခေါ်ပြီး အားဖြည့် တာပေါ့ ။
ဒီကောင်လေး နဲ့ တစ်နှစ် နှစ်နှစ် လောက် လိုက် ဆို ဖြစ်သွားတယ် ။ ကျွန်မတို့ ဘက် မှာ သီချင်းကြီး ဝါသနာ ပါတဲ့ သူတွေ ရှိတယ် ။ သီချင်းကြီး မဆို ခဲ့ ရင် သီချင်း နားထောင် ရတာ အဓိပ္ပာယ် မရှိဘူး ဆိုတဲ့ လူတွေ ပေါ့ ။ သီချင်းကြီး ကျွမ်းကျင်တဲ့ သူတွေ နဲ့ ဆုံမိတဲ့ အခါ ခံစားချက်လေး ဖြစ် လာတယ် ။ ကျွန်မတို့ ဆို နေတဲ့ ခေတ်ပေါ် သီချင်း နဲ့ မတူဘူး ။ သီချင်းကြီး ဟာ ဂုဏ်တင် လောက် တဲ့ ပညာ ပဲ လို့ ရိပ်စား မိ လာတယ် ။ ဇမ္ဗူကျွန်းလုံး တို့ ညဉ့်သုံးယံခါ တို့ ဆိုတာတွေ မကြားဖူး သေး ဘူး ။ ကျွန်မ သိတာ က နှစ်ယောက်တည်း ဆိုရင် မောင်ရယ် ဆိုတာမျိုး ။
ကျွန်မ က သီချင်းတွေ အစုံ ရ ၊ အသံ က လည်း ကောင်း ဆိုပြီး သူများတကာ က ချီးကျူး ထောပနာ ပြု နေကြတဲ့ အချိန် ပေါ့ ။ သည် သီချင်းကြီး ပညာ ကို မရ ရအောင် သင် မှ ပဲ လို့ ခေါင်း ထဲ မှာ ပန္နက် စွဲ လာတယ် ။ သီချင်းကြီး ဆိုချင်တဲ့ စိတ်တော့ ရှိပါရဲ့ ၊ ဆရာသမား ဘယ်လို ရှာရပါ့ ။ နေ့စဉ် နဲ့ အမျှ လူ တွေ့တိုင်း မေး တာပေါ့ ။ တယော ထိုးတဲ့ လူ တွေ့ လည်းမေး ။ တကယ် ရှာတော့ သင် နိုင်တဲ့ အပိုင်း ထိ အောင် တတ်တဲ့ လူ ကို မတွေ့ရဘူး ။ ဆို ချင် ရင် တီး ပေးမယ် ဆို တဲ့ လူ သာ တွေ့တယ် ။
မန္တလေး က လာတဲ့ ပန်းချီကိုအုန်းကြိုင် က မန္တလေး မှာ ဆရာ တွေ ရှိတယ် ။ သူ ဆက်ပေးမယ် ဆိုပြီး ဆရာကြီး ဦးဘသိန်း လိပ်စာ ပေးတယ် ။ ဒါနဲ့ မန္တလေး ရောက် သွားတယ် ။ ဆရာကြီး ဦးဘသိန်း က ပွင့်ပွင့်လင်းလင်း ပဲ ပြောပါတယ် ။ ကျွန်တော် က သီချင်းကြီး သင်တဲ့ ဆရာ မဟုတ်ပါဘူး ။ သီချင်း ရေး တဲ့ ဆရာ ဘသိန်း ပါ တဲ့ ။ ဆရာ က သူ့ သီချင်းတွေ ပါ တဲ့ ရုပ်ရှင် ဇာတ်ကားတွေ အကြောင်း ပြော ပြတယ် ။ ရွှေမန်းဆီသို့ တို့ သူ့ သီချင်းတွေ ပြောပြတယ် ။ ကျွန်မ က သိပါ တယ် ။ အဲသည့် သီချင်းတွေ ကို ရ လည်း ရပါတယ် လို့ ပြော လိုက်တော့ ဆရာ က ကျွန်တော် ကိုယ်တိုင် လည်း ယခု အထိ သင်ဆဲပါ ပဲ ။ သူများ ကို မသင်တတ်ပါဘူး တဲ့ ။ ဒါနဲ့ ကျွန်မ စိတ် ထဲ ခရီး ဆက် ဖို့ နည်းနည်း တန့် သွား တာပေါ့ ။
ဆရာကြီး အိမ် မှာ ခုနစ်ရက် လောက် ကြာ တယ် ။ ဆရာ့ အိမ် မှာ ကျွန်မ ဆိုတီး နေ တာတွေ ကို ဦးဘိုနီ ဆိုတဲ့ ဆရာ့ မိတ်ဆွေ က ကြား သွားပုံ ရပါတယ် ။ ကျွန်မ အကြောင်း မေးမြန်းပြီး သီချင်းကြီး သင် ချင်ရင် ဆရာဦးမြင့်မောင် ဆိုတာ ရှိတယ် ။ စောင်းဆရာကြီး ဦးဘသန်း တပည့် တဲ့ ။ ကျွန်မ က ဦးဘသန်း လည်း မသိဘူး ။ အလင်္ကာကျော်စွာ စောင်းဦးဘသန်း လေ သိ သလား တဲ့ ။ မသိဘူး ။ တတ်ချင် ရင် လိုက် ပို့ပေးမယ် ဆိုတာ နဲ့ ဆရာဦးမြင့်မောင် ဆီ ရောက် သွားတာ ။
ဆရာဦးမြင့်မောင် ဆီ ရောက် တာ ၁၉၇၀ ခုနှစ် ဝန်းကျင် ၊ ဆရာ့ ဆီ ရောက် တော့ ညည်း အသံ နားထောင် ရ အောင် သီချင်း တစ်ပုဒ် လောက် ဆိုစမ်း တဲ့ ။ သီချင်း တစ်ပိုဒ် လည်း ဆုံး ရော ၊ တော်ပြီ တော်ပြီ ရပြီ တဲ့ ။ သူ က တော်တော် ချွတ်ယွင်း လာတယ် ။ ပန်းထိမ် မှ မသင်ရ သေးခင် ရွှေခိုး က တော်တော် တတ် နေပြီ တဲ့ ။
ကျွန်မ က ရေဒီယို က လာ တာတွေ ၊ ဓာတ်ပြားသီချင်း တွေ ကို အကုန် တူအောင် လိုက် ဆိုခဲ့တာ ။ မတူရင် မမှန်ဘူး လို့ ထင်တာ ။ အရပ် တတ် ပေါ့ ။ ဆရာက ပညာ နား နဲ့ ထောင် လိုက်တာ ချို့ယွင်းချက် တွေ သိတယ် ။ မြေလှန် သင် တော့ တာပေါ့ ။
ဘယ်သူ ဆိုတဲ့ သီချင်း မဆို သူ ဆိုတဲ့ အတိုင်း ကျွန်မ ဆိုနိုင်တယ် ။ သည်တော့ ငယ်စိတ် နဲ့ ဆရာ ပြောတဲ့ အပေါ် မှာ ဆရာ ပြော သလောက် ဟုတ်ရဲ့ လား ။ မဟာဂီတ ကို လက်ကုန် နှိုက် ကြည့်ဦးမယ် လို့ စိတ် က ဖြစ်ကောင်း ဖြစ်ခဲ့ပါ လိမ့်မယ် ။ တကယ် လက်ကုန် နှိုက် တော့ တကယ့် တွင်းနက်နက်ကြီး ။ ဆရာ က နက်နက်နဲနဲ နဲ့ သင် ပေးတော့ ကျွန်မ သိချင်တာ ထက် များ နေတယ် ။ ကျွန်မ လည်း အနှစ်သာရတွေ သိ လာတော့ ရုန်း မထွက်ချင် တော့ဘူး ။
ဆရာ့ ဆီ မှာ ပညာ သင်ရင်း နဲ့ ဝက်လက် ပြန်ပြီး သီချင်း က လည်း ဆို လိုက် သေးတယ် ။ မန္တလေး က သင်္ဂဟ ၊ သိင်္ဂီ ၊ နုယဉ် တို့ လို တီးဝိုင်း ငါးခု လောက် နဲ့ လည်း သီချင်း လိုက် ဆိုတယ် ။
ဆရာ က မြန်မာ့စောင်း ကို နိုင်ငံတကာ ဂီတသင်္ကေတ ( နုတ်စ် ) နဲ့ တီး နိုင်အောင် ကြိုးစား နေတာ ။ ဆရာ့ အိမ် မှာ သားသမီး လို နေထိုင် ရင်း အနေ ကြာ လာတော့ သင်္ကေတတွေ ရေးတာ လည်း နည်း တာ မဟုတ်ဘူး ။ နားပါဦးလား ။ ဘယ်သူ က မှ အတင်း ရိုက်ခိုင်း နေတာ လည်း မဟုတ်ဘဲ နဲ့ ဆိုတော့ ဆရာ က မဟုတ်ဘူး မယ်တင် တဲ့ ။ ဆရာ က ကျွန်မ ကို မယ်တင် လို့ ခေါ်တာ ။ ငါ့ မှာ တစ်နေ့ မလုပ် ရင် တစ်နေ့ တာဝန် မကျေသေး သလိုပဲ ။ ငါ က တော့ သေတဲ့ အထိ လုပ်နေမှာပဲ တဲ့ ။
ကျွန်မ ကြိုးစားတာ က မဟာဂီတ ကို ချစ်မြတ်နိုးတဲ့ စိတ်ရှိတာ ဆရာ သိတော့ ငါတို့ ဟာ က တော့ နာမည်ကြီး ပေါ်ပြူလာ ဖြစ်အောင် လုပ် နိုင်တဲ့ လိုင်း မဟုတ်ဘူး တဲ့ ။ အငတ် ခံပြီး လုပ်မယ် ဆိုရင်တော့ နင့် ကို လည်း မဟာဂီတ ပခုံး ထမ်းစေ ချင်တယ် ။ ဒါဆိုရင် ငါ အကျေနပ်ဆုံးပါ ပဲ တဲ့ ။ ဒါနဲ့ ဆရာ ခိုင်း တာ ကျွန်မ လုပ်ပါမယ် လို့ ကတိ ပေး ဖြစ်သွားတယ် ။ ဆရာ က တော့ ဆရာစား မချန်ဘဲ ရှိသမျှ ပညာ သင် ပေးတာပဲ ။
၁၉၇၃ ခု လောက် မှာ ကျွန်မ ရန်ကုန် ကို ရောက်တယ် ။ ဆရာ့ စောင်းတီးဝိုင်း ကို သီချင်း ဆို ပေး ရမယ် ဆိုပြီး လိုက် လာတာ ။ ၇၄ ခု ကျ တော့ ကျွန်မ ဆိုတာ အသံလွှင့်တာလေးတွေ လက်ခံပြီး မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့ က လာ ဆိုပါ ကမ်းလှမ်း လာတယ် ။ ဆိုဖြစ် သွားတာ က စန္ဒရားဦးလှထွဋ် သီချင်း ဇေယျာကမ်းအလှပန်းချီ ။ ၇၄ ခု မှာပဲ အဲသည် သီချင်း က ပေါ်လွင် သွား တာ ပေါ့လေ ။ ဇေယျာကမ်းအလှပန်းချီ ရဲ့ အရင် မှာ ဆရာရွှေပြည်အေး ရဲ့ ချစ်မိုးကြီး တို့ ဘာတို့ က ပထမ ၊ တတိယ ကျ တော့ ဆရာမောင်ကိုကို တို့ ရဲ့ စကားဝါမြေ ဆိုခွင့် ရ တာပေါ့ ။
ကျွန်မ က သိပ် လည်း မကြောက်တတ်ဘူး ။ ပထမ ဆုံး ဆို ရတာ တော်တော် တော့ ကြောက်ဖို့ ကောင်းသလား မသိဘူး ။ ဆရာရွှေပြည်အေးသီချင်း ၊ ကျွန်မ က ဆရာရွှေပြည်အေး ဆိုတာ ဘယ်လို ပုဂ္ဂိုလ် မှန်း သိတာ မဟုတ်ဘူး ။ ဆိုရ မှာ စုံတွဲ သီချင်း ၊ ချစ်မိုးကြီး သည်းခနဲ မည်းခနဲ ရွာ ဆိုတာ ကိုဝင်းဦး နဲ့ ဆိုရမှာ တဲ့ ၊ ဆိုမယ် ပေါ့ ။
ကိုဝင်းဦး က ပြော သတဲ့ ။ ကောင်မလေး က အကြောက်အရွံ့ လည်း မရှိဘူး ။ ကျွန်တော့် လည်း ရုပ်ရှင်မင်းသား ဝင်းဦး ၊ အကယ်ဒမီ မှန်း လည်း သူ သိမယ် မထင်ပါဘူး ။ နောက် ၁၅ နှစ် လောက် နေ မှ ကိုဝင်းဦး ပြောတယ် ဆိုတာ တစ်ဆင့်ခံ သူများ ပြောလို့ ပြန် ကြားတာ ၊ ဆို ဆိုတာ နဲ့ ဗြုန်းဗြုတ် ဆို ဝင် ဆိုပစ် လိုက်တာ ။ သူတို့ ကျေးဇူးတွေ အများကြီး ရှိခဲ့တာပဲ ။ အဲသည်တုန်း က တော့ မသိခဲ့ပါဘူး ။
ကျွန်မ က ရေဒီယိုသီချင်း တစ်ပုဒ် ၊ နှစ်ပုဒ် လောက် နဲ့ ခိုင်မာ လာ တာ ဆိုတော့ တော်တော် ကံ ကောင်း တာပဲ ။ ရေဒီယိုခေတ် ကို ချိတ်မိရုံ လေးပဲ ။ သည်ဘက် ကာလ ဆိုရင် မလွယ်ဘူး ။ ကျွန်မ ပင်ကို ဝါသနာ ပါ တုန်းကတော့ အောင်မြင်မယ် လို့ မတွေးမိပါဘူး ။ ဘာသိဘာသာပဲ ၊ ဝါသနာ ပါတယ် ၊ ဆို လိုက်ပေါ့ ။ နင် ကြိုးစား ၊ ကြိုးစား ရင် တော့ နာမည်ကြီး အဆိုတော် ဖြစ်နိုင်တယ် ၊ ဘာရယ် ညာရယ် အားပေးတဲ့ သူ က တော့ ရှိတာပေါ့ ။ ဒါပေမဲ့ သိပ်တော့ စိတ် မှာ မခံစား ရဘူး ။
ကျွန်မ ဂီတ နဲ့ ပိုက်ဆံ မရှာချင်ဘူး ။ ရှာ ရင်တော့ တစ်နည်း တစ်ဖုံ ဖြစ်ရင် လည်း ဖြစ်မှာပေါ့ ။ ကျွန်မ လောဘတကြီး နဲ့ စီးပွား မရှာခဲ့ဘူး ။ ဒါကလည်း ဆရာဦးမြင့်မောင် ရဲ့ အတွေးအခေါ် တွေ ဝင် သွားတာ ဖြစ်မှာပေါ့ ။
စကားဝါမြေ တေး ထုတ်လုပ်ရေး ဆိုတာ ကျွန်မ လုပ်လိုက် သေးတယ် ။ ပိုက်ဆံ မရချင် လည်း နေ ၊ ကုန်ချင် လည်း ကုန် သီချင်းကြီးခွေ တွေ ကျွန်မ လုပ် တယ် ။ ကိုယ်တိုင် ထုတ်တော့ ကုန်တယ် သဘော မထားပါဘူး ။
ဆရာ့ ဆီ မှာ နေ တော့ အဆိုသမား အတီး တတ် မှ ဆိုပြီး စောင်း သင် ရတယ် ။ တီး တော့ ဆယ်နှစ် လောက် နဲ့ အတီးပညာ ရဲ့ အတိမ်အနက် ကို မရိပ်စား မိသေး ဘူး ။ နှစ် ၂၀ ကျော် လောက် တီး တော့ မှ အတီးပညာ ကို ပိုပြီး လေးစား လာတယ် ။ အတီးပညာရှင်တွေ ဟာ တော်တော် လေးစား ဖို့ ကောင်းတာပဲ ။ ကျွန်မ က တော့ လေ့ကျင့် နေ ဆဲ ပါပဲ ။ တီး နေတာပဲ ။ ကျွန်မ တို့ ဆိုတဲ့ လူတွေ က သီချင်းလေး တစ်ပုဒ် လောက် ရှိရင် နေ ရော့ ၊ မျက်နှာ ပြ လို့ လည်း ကောင်းတယ် ။ ဘာပဲ ပြော ပြော ပရိသတ် ကလည်း ထင်ပေါ် ရင် အားပေး ကြတယ် ။ အသံလေး ကောင်း ရင် ရေပန်းစား လွယ်တယ် ။ အတီးဆရာ ကောင်း တစ်ယောက် ဖြစ်ဖို့ က မလွယ်ဘူး ။ ဆို တဲ့ လူ ထက် တီးတဲ့ သူ က ပို ခက်တယ် ။ အတီးဆရာ အာဂုံဆောင် နိုင် တာ ပုဒ်ရေ ရာနဲ့ ချီ နေတာ လက် ထဲ မှာ ဘာမှ မစဉ်းစား ဘဲ တစ်ခါ တည်း တီးသွားတာ ၊ ဘယ်လောက် အံ့ဩစရာ ကောင်းသလဲ ။ ကိုယ် နဲ့ တိုင်းတာ ကြည့်တော့မှ တော် တော် မလွယ်တဲ့ ကိစ္စ ဆိုတာ သိလာ ရတယ် ။
ဒါကြောင့် ဘယ်သူ ဝယ်ဝယ် မဝယ်ဝယ် သွင်းဖြစ် ဖို့ သာ အရေး ကြီးတယ် ဆိုပြီး ကိုလေးဖြူ နဲ့ လေးခွေ ၊ ကိုရည်နွယ် နဲ့ ဆိုရင် စန္ဒရား ရော ၊ ပတ္တလား ရော ၁၄ ခွေ ၊ ဆရာဦးမြင့်မောင် နဲ့ လပြည့်ည အပါအဝင် စောင်း ၁၄ ခွေ ထုတ်တယ် ။ ငွေ ကုန် လို့ ကျွန်မ စိတ် မညစ်ဘူး ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment