Thursday, September 14, 2023

သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ ( ၁၇ )


 အခန်း ( ၁၇ )


လင်းယုန် ဖယောင်းတိုင် ပိုင်ရှင် ဦးခွေးနီ က ပုဆိုး ကို ဒူး ပေါ် အောင် ဆွဲမ တင် ထားပြီး စိတ်ပျက် လက်ပျက် ထိုင် နေတယ် ။


ကွပ်ပျစ် ပေါ် မှာ တော့ ၂၅ ကျပ်တန် နဲ့ ၃၅ ကျပ်တန် တွေ ဟာ ပြန့်ကျဲ လို့ ... ။


ဒေါ်ပုကြွယ် က တော့ နှမြောလွန်း လို့ တရှုပ်ရှုပ် ငို နေလေရဲ့ ။ ကျွန်တော်တို့ မှာ လည်း ဖြေသိမ့် ပေးစရာ စကားလုံးတွေ မရှိဘူး လေ ။ တကယ်ဗျာ .. ရင်ထဲ မှာ မကောင်းဘူး ။


ကွပ်ပျစ် အစွန်းလေး မှာ ကျွန်တော်တို့ လေးယောက် ဝင် ထိုင် လိုက် ကြတယ် ။ ဦးခွေးနီ က ကျွန်တော် တို့ ကို မျက်လုံး တစ်ချက် လှန် ကြည့်တယ် ။ ပြီးတော့ ထောင် ထားတဲ့ ဒူး ပေါ် တံတောင်ဆစ် တင်ပြီး ကားယားကြီး ခြေပစ် လက်ပစ် ထိုင် နေရာ က တင်ပျဉ်ခွေ လိုက်ရင်း သူ့ မိန်းမ ငို နေတာ ကို ခပ်တိုးတိုး လှမ်း ဟန့်တယ် ။


“ ဟဲ့ ... ပုကြွယ် ... နင့် မလည်း ငို မနေစမ်းပါနဲ့ တော့ ဟာ ။ ကိုယ် တစ်ယောက်တည်း မှ မဟုတ်တာ ၊ အများ နဲ့ ဖြစ်ကြတဲ့ဟာ ပဲ ”


အများ နဲ့ ဖြစ်ကြတာပဲ တဲ့ ။ ဦးခွေးနီ ပြော လိုက်တဲ့ စကား က ကျွန်တော့် လည်ချောင်း ထဲ ဝါးချွန် နဲ့ ထိုးသွင်း လိုက် သလိုပဲ ။


ကျွန်တော်တို့ လူမျိုးတွေ ဟာ တစ်ခု ခု ကို ခေါင်းငုံ့ လည်စင်း ခံရတော့ မယ် ဆိုရင် အဲဒီ စကား ကို ( အနာအကျင် သက်သာစေဖို့ ထုံဆေး သုံး သလို ) ရေရွတ် တတ် ကြတယ် ။


အများနည်း တူ ဖြစ်ရတာပဲ ။


အများနဲ့ အတူတူ ဖြစ်ရ တာပဲ ။


တစ်ခု ခု တော့ လွဲနေ သလိုပဲဗျ ။ အဲဒီ ‘ အများ ’ ဆိုတဲ့ လူထုကြီး က လည်စင်းခံ ခေါင်းငုံ့ ငုံ့ပေး နေရတာ ။ ‘ အနည်း ’ က ရော ဘယ်သူတွေ များလဲ ဟင် ။


‘ အများ ’ က စီရင်ပိုင်ခွင့် ရှိတာလား ။ ‘ အနည်း ’ က စီရင်ပိုင်ခွင့် ရှိတာ လား ။ အဲဒီ ပြဿနာ က အရင်ဆုံး အဖြေ ရှာ ရမယ့် ဟာ ဖြစ် နေတယ် ။


ဒေါ်ပုကြွယ် က တော့ တဟင့်ဟင့် နဲ့ ခပ်တိုးတိုး ရှိုက် နေ တုန်းပဲ ။ မျက်ရည်တွေ ကို သုတ် သုတ်ပစ် နေပေမယ့် လို့ ထပ် ထပ် ပြီးတော့ စီးကျ နေ တယ် ။


ကျွန်တော် က မကြည့်ချင် တာ နဲ့ မျက်နှာ လွှဲ လိုက်တယ် ။


ဟော ... ဟိုမှာ သစ်သားတန်း ခနော်နီခနော် နဲ့ ဖယောင်းတိုင် နင်း တဲ့ ပုံစံခွက်ကလေးတွေ ၊ မီးစာကြိုး လုပ်တဲ့ ဈေးပေါပေါ ချည်လုံးကြိုး ဖွာလန်ကြဲတွေ ၊ ဖယောင်းတွေ ကို ရေစိမ် တဲ့ ဒန်ဇလုံ အပိန်အလိမ်တွေ ။ 


အားလုံးဟာ ဖရိုဖရဲ ။


တစ်စစီ တကွဲတပြားစီ ပြန့်ကျဲ လို့ ... ။


‘ နောက်ထပ် ဖယောင်းတိုင် ခြေနင်းစက်ကလေး သုံးလေးခု တော့ ထောင်ဦးမှ ’ ဆိုတဲ့ ဦးခွေးနီ တို့ လင်မယား ရဲ့ ရည်မှန်းချက်တွေ ၊ ‘ အိုစာမင်းစာ လေးတော့ စုမိတန် ကောင်းပါရဲ့ ဆိုတဲ့ မျှော်လင့် အတွေးတွေ ၊ လှူနိုင် တန်းနိုင် ပဟဲ့ ’ ဆိုတဲ့ အပျော် စိတ်ကူး တွေ .. ။


အဲဒါတွေ အားလုံး ဟာ လည်း ဖရိုဖရဲ ။


တစ်စစီ တကွဲတပြား ပြန့်ကျဲ သွား တော့တာပဲ ။ 


ဦးခွေးနီ က ချောင်း တစ်ချက် ဟန့်ရင်း အသံ ခပ်တိမ်တိမ် နဲ့ ...


“ ပိုက်ဆံတွေ ပြန် လဲ ပေး ရင်တော့ ကောင်းမှာပဲကွ နော် ၊ မင်းတို့ ရော ဘယ်လို ထင်သလဲ ၊ လဲ ပေးမယ် ထင်လား ”


ပြော သာ ပြော နေတယ် ။ သူ့ အသံ ကို က မဝံ့မရဲ မရေမရာကြီး ။ ကျွန်တော်တို့ က လည်း ဘာ ပြန် ပြောရမှာတုံးဗျာ ။


“ လဲပေးတော့ မှာ မဟုတ်ဘူး ၊ ခင်ဗျား ပိုက်ဆံတွေ အကုန်လုံး ဆုံးပြီ ”


ဆိုတာ ဘယ်နှယ့်လုပ် ပြော ထွက်မှာလဲ ။ 


ပန်းချီဆရာ က တော့ ... 


“ ပြောတတ်ပါဘူးဗျာ ”


လို့ အသံရှည်ရှည်လေးလေး ဆွဲပြီး ညည်း သလိုလို ရေရွတ် လိုက်တယ် ။


အဲဒီ အချိန်မှာ ပဲ ...


မိန်းမ တစ်ယောက် ရဲ့ အလန့်တကြား အော်ဟစ်သံ လိုလို ၊ လှမ်းခေါ် လိုက်သံ လိုလို မသဲမကွဲ ကြား လိုက်ရတယ် ။


လမ်းမဘက် ဆီ က လား ၊ ဟိုဘက် တစ်အိမ် ကျော် လောက်ဆီ က လား တော့ မပြောတတ်ဘူး ။ ဖိုးစော က သူ လည်း ကြားလိုက်မိတယ် ဆိုတဲ့ သဘော နဲ့ ဆတ်ခနဲ ခေါင်းထောင် ပြီး နားစွင့် လေရဲ့ ။


အဲဒီလို အကဲခတ် နေကြတုန်း အိမ်ရှေ့ လမ်း ပေါ် မှာ အူယားဖားယား ပြေးသွားတဲ့ သိပ္ပံစိန်လှ ကို မြင်လိုက် ရတယ် ။ ကျွန်တော်တို့ အိမ် ခေါင်းရင်း ဘက် ဆီ ကို ပြေးသွား တာ ဗျ ။


တစ်ခု ခု တော့ ဖြစ်နေတာ သေချာပြီ ဆိုပြီး ကျွန်တော် တို့ လည်း ခပ်သုတ်သုတ် ထွက်အလာ ...


“ အမယ်လေး ... ကယ်ကြပါဦး ၊ ကျွန်မ အမေ ဘာ ဖြစ်သွားမှန်း မသိဘူး ”


အန်တီလှ ရဲ့ သမီး အကြီးမ ပေါ့ ။ သူတို့ အိမ်ရှေ့ မြောင်းတံတား အစပ် က နေ ငိုကြီးချက်မ နဲ့ အော် နေတာ ။


ကျွန်တော် တို့ ရှေ့ က ပြေးသွား နှင့် တဲ့ သိပ္ပံစိန်လှ တို့ ခါးဘုဦးပွား တို့ က ..


“ ဟဲ့ .. ဘယ်မလဲ ၊ နင့် အမေ ဘယ်မှာလဲ ” 


နဲ့ တတွတ်တွတ် မေး နေကြတယ် ။


အန်တီလှ က အိမ်ရှေ့ခန်း ကြမ်းပြင် ပေါ် မှာ လဲကျ နေတာပါ ။ ရင်ဘတ် ကို လက် တစ်ဖက် နဲ့ သာသာလေး ဖိ ထားတယ် ။ လက် တစ်ဖက် က ကိုယ်လုံး အောက် မှာ ပိ နေလေရဲ့ ။ ဦးခေါင်း က တော့ ဘေး ကို လည် ကျလို့ .. ။ 


သူ့ ဘေး မှာ တော့ ‘ မြေးတွေ ကို ရှင်ပြုရန် ’ ဆိုပြီး ပိုက်ဆံ စု ထားတဲ့ ဝါးဆစ်စုဘူး အကွဲခြမ်းကြီး နှစ်ခု .. ။


ပြီးတော့ ၂၅ ကျပ်တန်  တွေ ၊ ၃၅ ကျပ်တန် တွေ ၊ ၇၅ ကျပ်တန် တွေ  ကြမ်းပြင် ပေါ် မှာ ပြန့်ကျဲလို့ ။


   •••••   •••••   •••••


အန်တီလှ က အသက် တော့ မျှဉ်းမျှဉ်းကလေး ရှူ နေတုန်းပဲ ။ ကျွန်တော်တို့ က ဝိုင်း ပြီး နာမည် ကို ခေါ်လိုက် ၊ မေး ကို ခပ်ဆတ်ဆတ်လေး ပုတ် ပြီး လှုပ်နှိုး လိုက် ၊ ခြေမ ချိုး ၊ လက်မ ချိုး ၊ နှာဆေး မှုတ်သွင်း နဲ့ တတ် သလောက် မှတ် သလောက် လုပ်ကြပေမယ့် သတိ ပြန်လည် မလာဘူး ။ 


“ ဗြုန်းစားကြီး နှလုံး ထိခိုက်သွားတာ နဲ့ တူတယ် ”


လို့ သိပ္ပံစိန်လှ က ကျွန်တော့် ဘက် ကို လှည့် ပြီး ခပ်တိုးတိုး ပြော တယ် ။ ကျွန်တော် ခေါင်းညိတ် ပြ လိုက်မိတယ် ။ ဟုတ်မှာပေါ့ ။ 


ဦးပွား က ...


“ ဒီအတိုင်း ကြည့် နေ လို့တော့ မဖြစ်ဘူး ထင်တယ် ၊ ဆေးရုံ ပို့ မလား မိသက် ”


လို့ လှည့်ပြီး မေးလိုက်တော့ အန်တီလှ ရဲ့ သမီးကြီး မသက် က တရှုပ်ရှုပ် ငိုနေရာ က ...


“ ဦးလေးတို့ ကောင်း သလို သာ စီစဉ်ကြပါ တော့ ”


ပေသီး ရဲ့ ဆိုက်ကား ပေါ် တင်ဖို့ သိပ္ပံစိန်လှ က အန်တီလှ ရဲ့ ခန္ဓာကိုယ် ကို ပွေ့ချီ လိုက်တော့ စောစောက အောက် မှာ အဖိခံ ထားရတဲ့ လက် က ဘတ်ခနဲ တွဲလောင်း ကျ လာတယ် ။


သတိ လစ် နေတဲ့ အန်တီလှ ရဲ့ လက် ထဲ မှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားတာ က အသစ်ကျပ်ချွတ် ၇၅ ကျပ်တန်လေး နှစ်ရွက် ။


   •••••   •••••   •••••


ဆေးရုံ ကို မရောက် လိုက်ပါဘူး ။ လမ်း မှာ တင် ပဲ အန်တီလှ ဆုံး သွား ပါတယ် ။


ကျွန်တော် က အန်တီလှ ရဲ့ အလောင်း ကို ငေးစိုက် ကြည့်ရင်း တောင်စဉ် ရေမရ တွေ လျှောက် စဉ်းစား နေမိတယ် ။


မြန်မာပြည် က ပဲ ...


တစ်စုံတစ်ယောက် က ဆွစ်ဇာလန်ဘဏ် မှာ သားစဉ် မြေးဆက် သုံးလို့ စွဲလို့ မကုန်အောင် များပြား တဲ့ ဒေါ်လာငွေကြေးတွေ ကို ငွေစာရင်း ဖွင့်ကောင်း ဖွင့် နေ ပေလိမ့်မယ် ။ 


မြန်မာပြည် က ပဲ ။


တစ်စုံတစ်ယောက် ပေါင်း များစွာ အဖို့ တော့ မစားရက် မသောက်ရက် စုဆောင်း လာခဲ့ သမျှ ငွေစက္ကူ တွေ ဟာ ဖြုန်းခနဲ လက် ထဲ မှာ တင် သစ်ရွက် ခြောက်တွေ လို ကြေမွ သွားတယ် ။ ဘာမှ မရှိတော့ဘူး ။ 


အရမ်း ကွာခြားလွန်း သွားတယ် နော် ။


အဲဒီ လူ သန်းပေါင်းများစွာ မှာ ဘာ အပြစ် ရှိလို့လဲ ။ ‘ သူတို့ အားလုံး အတိတ်ဘဝ က ဒါနမျိုးစေ့ နည်းခဲ့လို့ပါ ’ လို့ ဖြေမယ် ဆိုရင်တော့ ဒါဟာ ဒီဘက် ခေတ် ရဲ့ အရယ်ရ ဆုံး ပြက်လုံး ပဲ ။


ဪ .. ခေတ် ဆိုလို့ အခုမှ သတိ ရ တယ် ။ အာသာဘလော့ချ် က ထပ်တူကျ အမှားတွေ ကို တန်းစီ ရေး မပြခင် စာအုပ် ရဲ့ အဖွင့် နိဒါန်း မှာ ရေး ထား တာ က ...


“ နှစ်ဆယ်ရာစု ကုန်ဆုံးခါနီး ခေတ် ဟာ အမှားတွေ အများဆုံး ပေါ် ထွန်းတဲ့ ကာလ ဖြစ်တယ် ”


.... တဲ့ ။


နှစ်ဆယ်ရာစု နှောင်းပိုင်း ရဲ့ အကြီးဆုံး အမှား ဟာ ကျွန်တော်တို့ ဆီ မှာ ဖြစ်သွား ခဲ့ တာပေါ့ ။


အသက် မရှိတော့တဲ့ အန်တီလှ ရဲ့ မျက်နှာ ဟာ ခြောက်ခန်း သွားတဲ့ ရေကန် တစ်ခု နဲ့ တူ နေတယ် ။ စိတ် မချမ်းမြေ့ စရာ ငြိမ်သက် ခြောက်သွေ့မှု မျိုး နဲ့ ပေါ့ ။


မျက်ခွံတွေ က လုံးလုံး ပိတ် မနေဘဲ မျက်ဖြူသား နည်းနည်း ပေါ် နေ တယ် ။ ပါးစပ် က ဟောင်းလောင်းကလေး ဟ လို့ ။


သူ ဘာကိုများ ပြောချင် နေ တာပါလိမ့် ။


ပန်းချီဆရာ က တော့ အန်တီလှ ရဲ့အလောင်း ကို ငေးစိုက် ကြည့်ရင်း သူ နောက်တဲ့ ပြောင်တဲ့ အခါ ဆိုနေကျ ရုပ်ရှင်မင်းသား ဝင်းဦး ရဲ့ သီချင်း ထဲ က စာသား တစ်ပိုင်းတစ်စ ကို ခပ်တိုးတိုး ညည်း နေ လေရဲ့ ။


“ တကယ် မမောပန်း စေရန်ကိုကွယ် ပြော ... ပြောပြမယ် ကိုယ့် ဌာနေ ဝန်းကျင် မှာ ကွယ်

တကယ်ကို အလှ ရှိတယ် ”


အခု ကျွန်တော်တို့ ဌာနေ ဝန်းကျင် မှာ အလှ မရှိတော့ဘူး ။


   •••••   •••••   •••••


အန်တီလှ ကို သင်္ဂြိုဟ် တဲ့ အခါ သူ နောက်ဆုံး အချိန် ထိ ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်သွားခဲ့တဲ့ ၇၅ ကျပ်တန် အသစ်လေးတွေ ကို အသုဘ ခေါင်း ထဲ ထည့် ပေး လိုက်ကြပါတယ် ။ သေမင်း နိုင်ငံ ရောက် မှ သုံးပေဦး တော့ ပေါ့ လေ ။


အသုဘ ကိစ္စ ရှိပြီ ဆိုတော့ လမ်းသူ လမ်းသားတွေ အဖို့ အန်တီလှ အိမ် မှာ ပဲ ဝိုင်းကူ ပေးကြရင်း နေ့ရော ညပါ အချိန် ကုန်ကြတာ များတယ် ။ အောင်ဗလ တို့ ၊ ပေသီး တို့ ဆိုက်ကား တွေ လည်း အသုဘ အိမ်ရှေ့ မှာ ပဲ ထိုး ထားကြတယ် ။


ရပ်ကွက် ထဲ က လူကြီးပိုင်း က လည်း အသုဘ အိမ် မှာ ပဲ လက်ဖက် စား ၊ ရေနွေးကြမ်းသောက် ၊ ကွာစေ့ ဝါး ရင်း စကားလေး ဘာလေး ပြောကြ တယ် ။ အများဆုံး ပြောဖြစ်ကြတာ က တော့ အဲဒီ ပိုက်ဆံ ကိစ္စ ပါပဲ ။


“ ခင်ဗျားတို့ ရော ဘာများ ကြားမိသေးလဲဗျ ၊ ပိုက်ဆံတွေ က ပြန်လဲ ပေးဦးမှာတဲ့ လား ”


ဒီလို မေးခွန်းမျိုး ကြားရတဲ့ အခါ သက်ပြင်းချတဲ့ သူ က ချ ၊ ခေါင်း တခါခါ လည်တခါခါ နဲ့ မရေမရာ ညည်းတွား တဲ့ သူ က ညည်းတွား ပေါ့ ။ 


ဟုတ်တယ်လေ ။


မျှော်လင့်ချက်တွေ က မရှိ သလောက် ဖြစ်သွားပြီ ကိုး ။ ပြန် လဲပေး မယ် ဆိုရင် ပိုက်ဆံတွေ ဖျက်သိမ်း ပြီးတာ နဲ့ ချက်ချင်း ( ဒါမှ မဟုတ် ) တစ်ရက် နှစ်ရက် အတွင်း မှာ ကို ကြေညာချက် ထုတ်ပြန်ရ မှာလေ ။


အခုလို သုံး လေးရက် ကြာတဲ့ အထိ ဘာ သတင်း မှ မထူးတော့ အားလုံး ‘ ပြီးပါပြီ ’ ဆိုတဲ့ စကားနဲ့ ပဲ ပြည်ဖုံးကား ချရုံ ပေါ့ ။


ရပ်ကွက် ထဲ မှာ ကြား နေရတဲ့ မရေမရာ ပါးစပ် သတင်းတွေ က တော့ စုံ နေ တာပဲ ။ အဲဒါတွေ ကို အသုဘ အိမ် မှာ လူ စုံတုန်း ဝိုင်းဖွဲ့ ပြောရတာ ကို က မျှော်လင့်ချက် ဆေးမြီးတို တစ်မျိုး ပေါ့ ။


“ ဟဲ့ ... ဟိုသတင်း ကြား ပြီးပြီလား ၊ ၇၅ ကျပ်တန် တွေ ကို တစ်ရွက် တစ်ဆယ် နဲ့ လိုက် ပြန်ဝယ် နေတယ် တဲ့ ”


ဟုတ်တယ် ။ တကယ်ပဲ အဲဒီလို အရောင်းအဝယ် လုပ်တဲ့ လူတွေ ပေါ်ခဲ့ ဖူးတယ် ။ ကံစမ်းတဲ့ သဘော နဲ့ လုပ်တာလား ( ဒါမှ မဟုတ် ) ပိုက်ဆံ တွေ ကိုတော့ သေချာပေါက် ပြန်လဲ ပေးမှာပဲ ။ အဲဒီ အခါ ကျရင် တစ်ဆယ် နဲ့ ဝယ်ထားတဲ့ ခုနစ်ဆယ့်ငါးကျပ်တန်တွေ က နေ တစ်ရွက် ကို ခြောက်ဆယ့် ငါးကျပ် ကျိန်းသေ မြတ်ပြီးသားပဲ လို့ လောဘဇော ထွက် တာ လားတော့ မပြော တတ်ဘူး ။


( လိုက် ဝယ်တဲ့ သူတွေ ခမျာ တော့ အကောင်းမြင် စိတ် နဲ့ အယုံကြည် လွန်ကဲ သွားပုံ ရပါတယ် ။ လူတွေ လက် ထဲ က ပိုက်ဆံတွေ ကို ဘာမပြော ညာ မပြော လုယူ ဖျက်ဆီး ပစ်လိုက်ပြီး ဒီအတိုင်း ကျောခိုင်း ခဲ့ မှာတော့ မဟုတ်လောက်ပါဘူး လို့ မျှော်လင့် လိုက်မိတယ် ထင်ပါရဲ့ ။ ဒါပေမဲ့ .. ဒါပေမဲ့ သိကြတဲ့ အတိုင်းပဲ )


ကျွန်တော်တို့ ရပ်ကွက်လေး ထဲ မှာ တော့ ဘာ မျှော်လင့်ချက် မှ ရှိ မနေတော့ပါဘူး ။


လက် ထဲ က ပိုက်ဆံ မဟုတ်တော့တဲ့ ငွေစက္ကူရွက်လေးတွေ ကို ငါးကျပ် ပဲ ရရ ၊ တစ်ဆယ် ပဲရရ ရောင်းမှာပဲ ဆိုပြီး လာ ဝယ်မယ့် သူ ကို စောင့်နေ ကြပါတယ် ။


ဒါပေမဲ့ ..


တကယ်တမ်း ကျ တော့ ၇၅ ကျပ်တန် ဝယ်မယ့်သူ တွေ လည်း ကျွန်တော်တို့ ရပ်ကွက် ထဲ ကို တစ်ယောက် မှ ရောက် မလာကြပါဘူးဗျာ ။


  •••••   •••••   •••••


အသုဘအိမ် က ဒန်ရေနွေးအိုး ပိန်ရှုံ့ရှုံ့လေး ဘေး မှာ ကွာစေ့ခွံတွေ ၊ ဆေးပေါ့လိပ်တို ဖင်စီခံတွေ သာ များ သထက် များ လာတယ် ။ စကားဝိုင်း ဖွဲ့ နေတဲ့ အကြောင်းအရာတွေ က တော့ မရေရာခြင်း တွေ ကြား ထဲ မှာ တရွေ့ရွေ့ လွင့်မျော နေတုန်းပဲ ။


စိတ် သက်သာရာမှု ကို စမ်းတဝါးဝါး နဲ့ ရှာရ လေလေ ဘဝ ဟာ ထွက်ပေါက် မရှိတော့ မှန်း ပို သေချာလာ လေလေ ပဲ ။


သက်ပြင်းချသံတွေ ဟာ လည်း ညည်းညည်းတွားတွား လေးလေး ပင်ပင် ပို ဖြစ်လာ လေလေပဲ ။


ရပ်ကွက် လူကြီး တစ်ယောက် က လက်ဖက် တစ်ဇွန်း ကို ပါးစပ် ထဲ ထည့် မြုံ့ရင်း ...


“ ပိုက်ဆံတွေ သိမ်း လိုက် ရတဲ့ အဓိက ရည်ရွယ်ချက် က မှောင်ခို ကုန်သည်ကြီးတွေ ကို ချချင်တာ တဲ့ ဗျ ။ အခုလို ဆော် ထည့် လိုက်တော့ ဟိုဘက် နိုင်ငံ က မှောင်ခိုသူဌေး ၊ ဘိန်းသူဌေးတွေ က ဂိုဒေါင် နဲ့ အပြည့် ထည့် ထားတဲ့ ငွေမည်းတွေ ပိုက်ပြီး ခံ လိုက်ရတာပေါ့ ။ ဟား ... ဟား ”


သူ့ ‘ ဟား ... ဟား ..’ သံ က ရေဒီယို က လာတဲ့ ဟဒယရွှင်ဆေး အခန်း မှာ ( တစ်ခါ ရယ်ရင် ငါးပြား ပေးတယ် ဆို လို့ ) ရယ်ပေး ရတဲ့ အသံမျိုး ဖြစ် နေတယ် ။


ဘေး မှာ ဝိုင်း ထိုင် နေကြတဲ့ တိုက်ပုံအင်္ကျီ နဲ့ လူကြီးတွေ ကလ ည်း နှမ်း နဲ့ ကြက်သွန်ကြော်ဖတ်ကလေးတွေ ကို ပါးစောင် ကြား မှာ တဂျွတ်ဂျွတ် မြည်အောင် ဝါးရင်း ...


“ ဟုတ်တာပေါ့ဗျာ ... ဆိုရှယ်လစ် စီးပွားရေးစနစ် ကို အန္တရာယ် ပေး နေတဲ့ ကောင်တွေ ကို တော့ မညှာနိုင်ဘူးဗျို့ ၊ ချရမှာ ပဲ ” 


“ ဟုတ်တယ် ... ဟုတ်တယ် ”


သူတို့ စကားတွေ ကို နားထောင်ပြီး ကျွန်တော် အံ့သြ နေမိတယ် ။ သူတို့ တကယ် ယုံယုံကြည်ကြည် နဲ့ ပြောနေကြတာ လား ၊ ဒါမှမဟုတ် ။ 


ဒါမှမဟုတ် ဘာလဲ ။


သူတို့ ထဲ က တစ်ယောက် က ဆက်ပြီး တော့ ...


“ ဒီ ကြား ထဲ မှာ တင်ညွန့် လို စုန်းပြူးတွေက  လည်း တစ်မှောင့် ဗျ ၊ ဒီလို ကောင်စားမျိုးတွေ ရှိ နေရင် တိုင်းပြည် နစ်နာတယ် ”


“ ဘယ် တင်ညွန့် လဲ ဗျ ။ ဓမ္မာရုံ က ငွေထိန်း လား ”


ဦးတင်ညွန့် ရဲ့ နာမည် ကို တစ်စွန်းတစ်စ ကြား လိုက်ရ လို့ ကျွန်တော် နားစွင့် နေ လိုက်တယ် ။ ဟုတ်ပါရဲ့ ၊ ဦးတင်ညွန့် တစ်ယောက် ပျောက်ချက်သား ကောင်း နေပါလား ။ အသုဘ အိမ်ကို တောင် ပေါ်မလာဘူး လို့ တွေး နေတုန်း ... 


ကော်လာကတုံး ၊ အင်္ကျီလက်တို နဲ့ ဝဝဖိုင့်ဖိုင့်လူကြီး က .. 


“ သူ ပဲ ပေါ့ဗျ ၊ အခု အ.လ.က ( ၃ ) က ကျောင်းစိမ်းပိတ်စဖိုး တွေ အလစ် သုတ်ပြီး ပြေးပြီတဲ့ လေ ”


“ ဟာ ... မိုက်ရိုင်းလိုက်တဲ့ လူ ဗျာ ”


“ ဒါ အလွဲသုံးစား လုပ်မှု ဗျ ၊ ပုဒ်မ ( ၄၀၉ ) နဲ့ အပြစ် ပေးရင်တော့ ထောင် ၁ဝ နှစ် ပဲ ဗျို့ ”


ကျွန်တော် ခေါင်းနားပန်း ကြီး သွားတယ် ။ ဘာတွေ ဖြစ်ကုန်တာလဲ ။ ဦးတင်ညွန့် က ဒီလို ပိုက်ဆံ အလွဲသုံးစား လုပ်ပြီး ထွက်ပြေးမယ့် လူစားမျိုး မှ မဟုတ်တာ ၊ ပြီးတော့ သူတို့ ပြော နေကြတဲ့ ကျောင်းစိမ်း ပိတ်ဖိုး ဆိုတာ က ...


တွေးရင်း တွေးရင်းနဲ့ ကျွန်တော် အရမ်း သိချင်လာတယ် ဗျာ ။ ဒါနဲ့ ဖိုးစော ကို မျက်ရိပ်ပြ ခေါ်ပြီး ဦးတင်ညွန့် အိမ် ဘက်ဆီ ကို ထွက်ခဲ့ လိုက်တယ် ။


ဟို ရောက်တော့ ဦးတင်ညွန့် မိန်းမ နဲ့ တန်း တွေ့တယ် ။ သံဇလုံ တစ်ခု ထဲ မှာ ထမင်းတွေ ကို ဟင်းရည် နဲ့ နယ်ဖတ်ပြီး ကလေးပေါက် စ နှစ်ယောက် ကို ထမင်းခွံ့ နေ လေရဲ့ ။


ကျွန်တော်တို့ က အကျိုးအကြောင်း မေး ကြည့် လိုက်တော့ မျက်ရည် တွေ ပိုးပိုးပေါက်ပေါက် ကျရင်း ဖြစ်ရပုံ ကို ရှင်းပြ ရှာတယ် ။ ကျွန်တော် ထင် ထားတဲ့ အတိုင်းပါပဲ ။ သောကြာနေ့ ညနေပိုင်း မှာ ကျောင်းစိမ်း ပိတ်စဖိုး လေးသောင်း ကျော် ကို ဦးတင်ညွန့် လက် ထဲ လာ အပ်သွားတယ် ။ အဲဒီ ပိုက်ဆံ တွေ ကို ရုံး မှာ သွား သွင်းဖို့ လုံးဝ အချိန် မမီ တော့ဘူး ။


နောက် တစ်နေ့ စက်တင်ဘာ ၅ ရက် စနေနေ့ မှာ ပိုက်ဆံတွေ ကို ဖျက်သိမ်း လိုက်တော့ ဦးတင်ညွန့် လက် ထဲ က ၇၅ ကျပ် တန် ၊ ၃၅ ကျပ် တန် နဲ့ အစိတ်တန် လေးသောင်း ဖိုး ဟာ တရားမဝင် ဖြစ် သွားတယ် ။


ဒါ လိမ်လည်တာ လည်း မဟုတ် ၊ အလွဲသုံးစား လုပ်ပစ်တာ လည်း မဟုတ်ဘူးလေ ။ ဒီတော့ ဦးတင်ညွန့် က သူ့ လိပ်ပြာ သူ လုံလုံခြုံခြုံနဲ့ ပဲ တနင်္လာနေ့ မှာ သက်ဆိုင်တဲ့ ပုဂ္ဂိုလ် ဆီ ကိုသွားပြီး အကျိုးအကြောင်း ရှင်း ပြတယ် ။


ဒါပေမဲ့ မရဘူး ... မရဘူး .. တဲ့ ဗျ ။


ပိုက်ဆံတွေ ကို စက်တင်ဘာလ ( ၄ ) ရက် သောကြာနေ့ အမီ သွင်းဖို့ ညွှန်ကြားချက် ထုတ် ထားပြီးသား ဆိုတဲ့ စကား ကို ပဲ ထပ်တလဲလဲ ပြောတယ် ။ 

( အချိန် မမီတာ ဦးတင်ညွန့် ရဲ့ အပြစ်ပဲ ဆိုတဲ့ သဘောပေါ့ ) 


ရပ်ကွက် ထဲ က ကျောင်းသူ ကျောင်းသားတွေ ရဲ့ ငွေကြေး မပြေလည် မှု ကို ငဲ့ပြီး နောက်ဆုံး အချိန်ထိ စောင့် နေလို့ ပါ လို့ ဖြေရှင်းတာ ကို လည်း လက် မခံဘူး ။


လက် မခံတဲ့ အပြင် ထပ် ပြီးတော့ စွပ်စွဲ လိုက် သေးတယ် ။ 


ဦးတင်ညွန့် ဟာ ...


သူ့ ကိုယ်ပိုင် ငွေ ထဲ က တရားမဝင် ဖြစ်သွားတဲ့ ၇၅ ကျပ်တန် တွေ ကို ပိတ်စဖိုးတွေ နေရာ မှာ အစားထိုး လဲ ထည့် လိုက်တယ် ဆိုတဲ့ သဘောမျိုး စွပ်စွဲ တာဗျ ။ ( တကယ့် ပိတ်စဖိုး အစစ် ကတော့ တရားဝင် တဲ့ ၁၀ တန် ၁၅ ကျပ်တန် တွေ ချည်းပဲ လိုလို ၊ အဲဒါတွေ လေးသောင်းဖိုး ကို တော့ ဦးတင်ညွန့် က အပိုင် စီး လိုက်တယ်ပေါ့ လေ )


ဦးတင်ညွန့် က ရှင်းပြပါသေး သတဲ့ ။ သူ ဟာ ဆင်းရဲတဲ့ အကြောင်း ပိုက်ဆံ လဲ ထည့် ချင်ပါတယ် ဆိုရင်တောင် ၇၅ ကျပ်တန် တွေ ၃၅ ကျပ်တန် တွေ ကို လေးသောင်းဖိုး ပြည့်အောင် ဘဝ မှာ တစ်ခါ မှ ပိုင်ဆိုင်ဖူးတဲ့ သူ မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းပေါ့ ။


ဒါလည်း မရဘူးဗျ ။


၇၅ ကျပ်တန် တွေ ကို တစ်ရွက် ( ၁၀ ) နဲ့ ဝယ်ပြီး လဲ ထည့်တာ ဖြစ်မှာ ပေါ့တဲ့ ။ ( အဲဒီ ခေတ် က အများပိုင် ပိုက်ဆံတွေ ကို အဲဒီ နည်း နဲ့ လဲ ယူ စာရင်း ပြတဲ့ လူတွေ တကယ်ပဲ ပေါ်ခဲ့သလား မသိဘူး )


ဦးတင်ညွန့် က တော့ အဲဒီ စွပ်စွဲချက်တွေ ကို ခေါင်းခါ ပြ နေရုံ က လွဲလို့ ဘယ်လို ဖြေရှင်းလို့ ရ မှာလဲ ။


နောက်ဆုံး ရာဇသံ က တော့ ...


အဲဒီ ပိတ်စဖိုး လေးသောင်း ကို ဦးတင်ညွန့် စိုက်ပြီး လျော် ရမယ် ။ မလျော်နိုင် ရင် သက်ဆိုင်ရာ ကို တိုင်ပြီး အရေးယူမယ် တဲ့ ။


တည့်တည့် ပြောရရင် ရဲစခန်း တိုင်ပြီး ဖမ်း ခိုင်းမှာ ။ ပုဒ်မ ( ၄၂၀ ) လိမ်လည်မှု နဲ့ ပုဒ်မ ( ၄၀၆ ) အလွဲသုံးစား လုပ်မှု နှစ်ခု စလုံး တွဲသွား နိုင်တယ် ။ 


၄ဝ၆ ဆို အာမခံ တောင် မရဘူး ။ ထောင် ထဲ သွား နေပေတော့ပဲ ။ 


ကဲ .. ဘယ်လို ရှင်းမလဲ ။


  •••••   •••••   •••••


နောက် နှစ်ရက် အကြာ မှာ ဦးတင်ညွန့် နေအိမ် က နေ ပျောက်သွား တယ် ။ သူ့ ကို နောက် ဘယ်တော့မှ ပြန် မတွေ့ ရတော့ဘူး ။ ( အခု ဒီ စာ ကို ရေး နေတဲ့ အချိန်ထိ သေ သလား ၊ ရှင် သလား မသိရတော့တာ ပါ )


ရပ်ကွက် ထဲ မှာ တော့ ဦးတင်ညွန့် ဟာ ပိုက်ဆံတွေ အလွဲသုံးစား လုပ် ပြီး ထွက်ပြေး သွားတယ်လို့ ပါးစပ်သတင်း တွေ ချဲ့ကား ပြောနေကြ တယ် ။ တကယ်တမ်း ကျတော့ ဦးတင်ညွန့် မိန်းမ ခမျာ ကလေး နှစ်ယောက် နဲ့ ဒုက္ခ ရောက် နေတာ ကျွန်တော် တို့ မျက်မြင်ပဲ ။ 


ဒါဟာ လူ တစ်ယောက် ရဲ့ နိဂုံး ပေါ့ ။


ပိုက်ဆံတွေ ကို ဆုံးရှုံး ခံလိုက်ကြရတယ် ။


တချို့ ကျတော့ လူ့ ဂုဏ်သိက္ခာ ကို ပါ ချနင်း ခံလိုက်ရတယ် ။ 


ပြီးတော့ “ မိသားစု ” နဲ့ “ ဘဝ ” ကို ပါ စတေး လိုက်ကြရ ရှာလေရဲ့ ။ 


အရူး စိတ် ချမ်းသာရင် တိုင်းပြည် အေးချမ်းတယ် တဲ့ ။


ခုတော့ ... 


အရူး ကို ရှာပြီး မေးကြည့်ရတော့ မှာ ပဲ ။ 


“ စိတ်ချမ်းသာနေပါသလား ” လို့ ... ။


အရူး ကို ဘယ်မှာ သွားပြီး တွေ့ ရမလဲ ဟင် ? 


ခင်ဗျားတို့ သိရင် တဆိတ်လောက် 


ကျွန်တော့် ကို ပြောပြစမ်းပါ ဗျာ ။ 


◾မင်းခိုက်စိုးစန် 


📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment