Tuesday, September 5, 2023

အဆိပ်ဝိုင်


 

❝ အဆိပ်ဝိုင် ❞

ပိန်ဖျော့သော လက်ချောင်း များ ဖြင့် အိပ်ရာခင်း ကို တင်းကျပ်စွာ ဆုပ်ကိုင် ထားလိုက်သည် ။ နူးညံ့သော အသံတိုးတိုး သည် လူ တစ်ယောက် ၏ နှလုံးခုန်သံ ကို ယိမ်းယိုင် လှုပ်ရှား သွားအောင် တွန်းတိုက်နိုင်စွမ်း ရှိပါသည် လား … ။

နှစ်ပေါင်းများစွာ ပျောက်ဆုံး နေခဲ့သော အသံ ကို သူ မှတ်မိနေခြင်း အတွက် သူ့ ကိုယ် သူ အံ့ဩ နေ မိသည် ။ နှစ်ပေါင်းများစွာ သည် အသံ တစ်ခု အား တိုက်စား ပြောင်းလဲ စေခြင်း မရှိခဲ့လေသည် လား ၊ သူ ၏ မှတ်မိခြင်း အသိဉာဏ် တွင် ထို အသံ သည် တိမ်မြုပ် ခိုင်မြဲစွာ တည်ရှိ နေခဲ့သည် လား ။

လှေကားထစ်များ ကို တစ်ထစ် ချင်း ဖြည်းလေးစွာ တက် လာသော ခြေသံ တစ်စုံ အတိုင်း သူ ၏ နှလုံးခုန်သံ က စည်းချည်ညီ တုန်ခါနှုန်း မြန် လာသည် ။ ခြေသံရှင် သည် လွန်ခဲ့သော နှစ်ပေါင်းများစွာ က လိုပင် ပိန်ဖျော့ သေးသွယ်စွာ ရှိနေမည် လား ။

ရင့်ကျက် အရွယ်ကျသော ရုပ်ရည်မျိုး နှင့် လား ၊ နူးညံ့ ကြင်နာရိပ် သမ်းသော မျက်ဝန်းအစုံ တွင် ယခင် က လို ပင် သူ့ အား တွယ်တာ ကိုးစား သော အကြည့်များ ရှိနေမည် လား ။

နှုတ်ခမ်းများ ကို တွန့်ခေါက် ၊ တလက်လက် တောက်ပသော မျက်ဝန်း အစုံ ဖြင့် မာကျော အေးစက်စွာ ကြည့်၍ စူးရှသော စကားများ ဖြင့် ပစ်ပေါက် တုန်ခါစေမည် လား ။

‘ လောက မှာ မမြင်နိုင်တဲ့ ဥပဒေတွေ ရှိတယ် ကိုကို … ။ မမြင်ရတဲ့ အပြစ်ဒဏ်တွေ လည်း ရှိတယ် ကိုကို ။ ကိုကို ခံစားရတဲ့ တစ်နေ့ ကျရင် ကိုကို ရှေ့ မှာ ကျွန်မ လာ ရပ်ကြည့်မယ် … ’

ခုချိန်မှာတော့ သူ သည် အရာ အားလုံး ၏ ရှေ့မှောက် ၌ အရှုံး ပေး လိုက်ပါပြီ ။ မမြင်ရသည့် အပြစ်ဒဏ်များ ကို ခံစားနေရပြီ ဟု ထင်မှတ် ယူဆကာ သူမ လာခြင်း ဖြစ်မည် ။ ကြင်နာစွာ ကြည့် တတ်သော မျက်ဝန်းအစုံ ၏ အကြည့် ကို သူ ပြန်လည် ခံစား ရလိမ့်မည် ဟု သူ မမျှော်လင့်ခဲ့ပါ ။ သူမ နှင့် ဝေးကွာခဲ့ပြီး အချိန် တစ်ခု တွင် သူမ ထံ မှ ရရှိခဲ့သော အချစ်မျိုး ကမ္ဘာ ပေါ် ရှိ မည်သည့် မိန်းမ ထံ မှ မရရှိနိုင် ကြောင်း သူ နားလည် ခံစားလိုက်ရသည် ။ သူမ ကျေနပ် ခွင့်လွှတ်သည် အထိ တောင်းပန် တိုးလျှိုးပြီး သူ ၏ ပျက်ယွင်း ခဲ့သည်များ အတွက် ပြန်လည် အစားထိုး ပေးလျော်ရန် သူ ဆုံးဖြတ်ခဲ့ ဖူးပါသည် ။ သို့သော် သူ ၏ ကြွင်းကျန် လွဲမှား နေသော မာနများ က ငြင်းပယ် ခဲ့လေသည် ။ သူမ ကို ကြောက်ရွံ့ရင်ဆိုင်ရန် ခက်ခဲ နေ၍ လည်း ဖြစ်သည် ။

ခုတော့ အားလုံး နောက်ကျ ပြီးဆုံး သွားခဲ့လေပြီ ။ သူ ၏ အပြစ်များ အား ပေးလျော်ရန် အချိန် မရှိတော့ ။ သူမ ပေးလာမည့် အပြစ်ဒဏ် ကို ရရှိ ခံစား ပေး လိုက်ခြင်း ဖြင့် သူမ အပေါ် ၌ တင်ရှိ နေခဲ့သော သူ ၏ အပြစ် ကြွေးဟောင်းများ ကို ကုန်ဆုံး ပေးဆပ်ခွင့် ကြုံစေချင်ပါသည် ။ အပြစ်များ မှ လွတ်ကင်းစွာ ဘဝ ခရီး တစ်ခု ကို ဖြတ်သန်း သွားချင်ပါသည် ။ သူမ ထံမှ ခက်မာ ကြမ်းတမ်းသော စကားများ ကို သာ သူ မျှော်လင့် နေပါသည် ။ ငြင်းပယ်သော စကားများ ကို သာ သူ တောင့်တ နေပါသည် ။ အေးစက်သော ရယ်သံများ ကို သာ သူ ကြား ချင်ပါသည် ။ သူ၏ နောက်ဆုံး အာရုံ တွင် သူမ ၏ လှိုက်လှဲစွာ ပြုံး လိုက်သော အပြုံးများ ကို သယ်ဆောင် သွားချင်ပါသည် ။ သူမ အပေါ် ၌ ဖိစီး တွယ်ငြိ နေမည် ဖြစ်သော ဝန် တစ်ခု အား သူ ကျေနပ်စွာ လွှဲပြောင်း သယ်ယူပြီး သူမ အား ပေါ့ပါး လွတ်လပ်စွာ ကျန်ရစ်ခဲ့ စေချင်ပါသည် ။

“ ကျွန်မ ကို ထိခိုက် ခံစားအောင် လုပ်ခဲ့တဲ့ သူ ကို အလှည့် ကြုံရင် ပြန် ကလဲ့စား ချေ တတ်တယ် ကိုကို ၊ ဘဝ တစ်ခုလုံး နဲ့ လဲ ပြီးမှ ကလဲစား ချေခွင့် ကြုံရမယ် ဆိုရင် တောင် ကျွန်မ ဘဝ နဲ့ လဲ ယူမှာပဲ ”

သူ့ ဘဝ ထဲ မှ ထွက်ခွာ သွားမည့် အချိန် က သူမ ၏ နောက်ဆုံး စကား ဖြစ်ပါသည် ။

အလှည့်ကြုံချိန် ကို အေးဆေးစွာ စောင့်ဆိုင်း နေမည့် သူမ အား ဘာကြောင့်များ သူမ လိုလားသည့် အခွင့်အရေး ပေးအပ်ခဲ့လိုက်ပါ သနည်း ။ အပြစ်များ မှ ကင်းလွတ် သန့်စင်သော ဝိညာဉ် ကို ရရှိ သယ်ဆောင် သွားလို၍ ပင် ဖြစ်ပါလိမ့်မည် ။ သူ ၏ အခြေအနေ ကို အားလုံး က လက်လျှော့ လိုက်သည့် အချိန် ၊ သူ ၏ လူ အဖြစ် မှ ကုန်ဆုံးလွတ်ကင်းချိန် ၊ နီး လာမှန်း သူ သိ လိုက်ရသည့် အချိန် တွင် သူ တောင့်တ မျှော်လင့်ခဲ့ သူ မှာ သူမ ဖြစ်နေ လေသည် ။ သူ ရက်စက်စွာ စွန့်ပစ်ခဲ့သော သူမ ဖြစ်လေသည် ။ သူ ရယူချင်သည် က တော့ သူမ ၏ ခွင့်လွှတ်နိုင်စွမ်း မဟုတ်ပါ ။ သူမ ၏ အေးချမ်းသော ချစ်ခြင်းမေတ္တာ မဟုတ်ပါ ။ သူမ ပေးဆပ်မည် ဟု စု သိမ်း ခံစား ထားနိုင်သော အပြစ်ဒဏ်များ သာ ဖြစ်သည် ။ အမှား တစ်စုံတစ်ရာ ကျူးလွန်မိခဲ့ သူ သည် အပြစ်ဒဏ် တစ်စုံတစ်ခု အား မခံစား မရရှိဘဲ နှင့် အပြစ်များ မှ လွတ်ကင်း ခွင့် မရှိနိုင် ဟု သူ ယူဆ ခဲ့ ပါသည် ။

ခြေသံ က တဖြည်းဖြည်း သူ့အခန်းအနီး သို့ ရွေ့လျား လာလေသည် ။ အပြစ်ဒဏ်များ ကို သယ်ဆောင် ၍ သူမ လာ နေပြီ ။ သူ ကြေကွဲ ခြောက်သွေ့စွာ ပြုံး လိုက်သည် ။ သူ ကမ္ဘာမြေ မှ လွင့်စဉ် သွားသော အချိန် တွင် ကျေနပ်စွာ ပြုံးကျန် နေရစ်မည့် သူမ ၏ အပြုံးများ ကို သူ ၏ ဝိညာဉ် က သိနိုင်စွမ်း ရှိပါမည်လား ။ ဝင်သက်လေ ကို ဖြည်းညင်းစွာ ရှိုက်ချ လိုက်သည် ။ လေ သည် ခက်မာသော အစိုင်အခဲ တစ်ခု လိုပင် သူ ၏ အဆုတ် တွင်း သို့ တွန်းတိုက် ဝင် သွားလေသည် ။

“ သူ … လာတယ် ”

သူ ၏ ကုတင် အနီး တွင် ထိုင် နေသော သူ ၏ အစ်မ ဖြစ်သူ က နှုတ်ခမ်းများ လှုပ်ရှားသည် ဆိုရုံ အသံ တိုးတိုး ဖြင့် ပြော လိုက်သည် ။ အစ်မ ဖြစ်သူ အား ခေါင်း ကို အနည်းငယ် ညိတ် ပြလိုက်စဉ် စိုးရိမ်မှု လွှမ်း နေသော အစ်မ ဖြစ်သူ ၏ ခံစားချက် ကို သူ သိ လိုက်ရသည် ။ အဆုံးတိုင် ဝေဒနာပေါင်း များစွာ ကို ခံစား နေရသော သူ့ အတွက် သူမ လာခြင်းသည် လာခြင်းကောင်း မဖြစ်နိုင် ဟု အစ်မ ယူဆပါ လိမ့်မည် ။ မျက်လုံးများ ကို သူ ပြန် ပိတ် ထားလိုက်သည် ။

ကမ္ဘာမြေ မှ မကြာခင် ထွက်ခွာ သွားရတော့မည့် လူ တစ်ယောက် အား ကျန်ရစ်မည့် သက်ဆိုင်သူများ က သက်သာ အေးချမ်းမှုများ အား ဖြည့်စွမ်း ပေး လိုက်ချင်ကြပါသည် ။ သို့ဖြင့်ပင် လူ တစ်ယောက် ၏ ဝိညာဉ် သည် တွယ်ငြိမှု ကင်းမဲ့ ၊ အပြစ်များ မှ ကင်းလွတ် ချမ်းမြေ့စွာ ထွက်ခွာ လွတ်မြောက် သွားနိုင်မည် ဟု ယုံကြည် နေခဲ့ကြသည် ။ ထို့ကြောင့် သူ က သူမ အား တွေ့ဆုံ လိုသည် ဟု ပြောသော အခါတွင် သူ နှင့် သက်ဆိုင်သူများ အားလုံး က ဝိုင်းဝန်း တားမြစ် နှစ်သိမ့် ခဲ့ကြလေသည် ။

သူ့ ကို နာကြည်းမုန်းတီး လက်စားချေ လို မည့် သူမ ယူဆောင် လာမည့် ထိခိုက် ခံစားခြင်းများ ကို သူ မရရှိ စေလို၍ ဖြစ်သည် ။ သူ ၏ ကျန်ရှိ နေသော ကမ္ဘာမြေပြင် ပေါ် မှ အချိန်များ ကို အေးချမ်းစွာ ကုန်ဆုံး စေချင်ကြပါလိမ့်မည် ။ ချိုအေးမြသော အရသာ ကို သူ့ အား ပေးချင် ကြပါလိမ့်မည် ။ သူ တောင့်တ နေသည် မှာ ခါးသက် ပူပြင်းသော အရသာ မှန်း သူတို့ နားလည်ကြမည် မထင်ပါ ။ ခါးသက်သော အရာများ သည် အဆိပ်များ ကို ပယ်ဖျက် ပစ်နိုင်စွမ်း ရှိပါသည် ။

အခန်းတံခါး ကို ဆွဲ ဖွင့် လိုက်သည့် အသံ ကို ကြား လိုက် ရသည် ။ သူ့ ရင်ပြင် သည် သိသာစွာ ခုန်လှုပ် သွားသည် အထိ ထိတ်လန့် သွားသည် ။ အစ်မ ၏ လက် တစ်ဖက် က သူ ၏ ဘယ်လက် ရင်ပြင် ပေါ် သို့ အုပ်ကိုင် ဖိ ထားလိုက်သည် ကို သူ သိ လိုက်သည် ။

“ ကိုယ့် ဘဝ မှာ အမှား လို့ မယူဆ သမျှ ဘယ်တော့ မှ မမှားဘူး ၊ ဒါကြောင့် ဘယ်သူ့ ကို မှကိုယ် တစ်သက်လုံး မတောင်းပန် နိုင်ဘူး ”

တစ်ချိန် ဆီ က သူ မကြာခဏ ရေရွတ် ခဲ့သည့် သူ ၏ အသံများ ကို သူ ပြန် ကြား နေမိသည် ။ တစ်သက် တွင် တစ်ခါသာ သူ ၏ အမှား ကို ဝန်ခံခဲ့ ဖူးသည် ။သူ ၏ အမှား အတွက် အပြစ်များ ကို ပေးဆပ်ရန် သူမ အား တိုက်တွန်း ခေါ်ယူခဲ့သည် ။ သူ ၏ အစ်မ အား တစ်ဆင့် ရေးသားခိုင်း ခဲ့သော စာ ကို သူမ ထံ ပို့ အပြီး တွင် သူမ ထံ က ပြန်လည် ရောက်ရှိ လာမည့် ခက်ထန်သော စကားများ ကို သူ မျှော်လင့် နေခဲ့သည် ။ သို့သော် သူမ ဆီ မှ တုံ့ပြန် ရောက်ရှိ လာသော စာ တွင် သူ မျှော်လင့် နေခဲ့သော စကား အသုံးအနှုန်း တစ်စွန်းတစ်စ ပင် မပါရှိသော သူမ ပြန် လာမည့် အကြောင်း စာတိုလေး တစ်စောင် သာ ဖြစ် နေသည် ။

စကား တစ်ခွန်း … ။ ထိုထက် ပို၍ လေးနက်သော စကား ကို ပြောခဲ့ပြီး တည်မြဲ တတ်သော သူမ ၏ အလေ့အတိုင်း သူ အလှည့်ကြုံ ခံစားချိန် တွင် သူ့ အား ကျေနပ်စွာ ရပ် ကြည့် နိုင်ရန် အတွက် သူမ လာ တော့မည် ။ သူ ကျေနပ် ပါသည် ။

“ ကိုယ် က ရယူခွင့် ကုန်ဆုံး သွားရင် ပြန်လည် ပေးဆပ် ရ တတ်တယ် ၊ ပေးဆပ်ရမယ့် အလှည့် ကြုံ တဲ့ အခါ … ကိုကို ခုလို ရယ်မောနိုင်ပါစေ … ”

ပေးဆပ်ခွင့် ကြုံ၍ ပေးဆပ်လိုသည့် အချိန် တွင် ခံယူမည့် သူ ရှိနေနိုင်မည်လား … ။ ခံယူမည့် သူ ရှိနေခြင်း သည်ပင် သူ့ အတွက် သက်ညှာသော ကံတရား သာ ဖြစ် ပါလိမ့်မည် ။

အိပ်ခန်း ကြမ်းပြင် ပေါ် တွင် ညင်သာစွာ ရွေ့လျား လာသော ခြေသံ ကို ကြား ရသည် ။ သူ ၏ အသက်ရှူခြင်း သည် ခေတ္တ ရပ်တန့် သွားသည် ဟု ထင် ရသည် ။ ခြေသံ က သူ ၏ ခုတင် အနီး တွင် ရပ်တန့် သွားသည် ။ သူ ၏ နှလုံး သည် ဘယ်ဘက် နံရိုးများ ကို တွန်းဖောက် ထွက် လာမည် ထင်ရ လောက်အောင် ပင် တုန်ခါ နေလေသည် ။ အမြစ်တွယ် ယှက်ဖြာ ထွက် သကဲ့သို့ သူ ၏ သွေးကြောများ ၊ အသားမျှင်များ ဆီ သို့ ထိုးဖောက် ဖျက်ဆီးခဲ့သော ရောဂါဝေဒနာ ၏ ဒဏ် ထက် ပြင်းထန်သော နာကျင်မှု ကို ခံစား သိရှိ လိုက်ရသည် ။

“ သူ … အိပ်ပျော်နေလား ”

နှစ်ပေါင်း များစွာ ရင်းနှီး ခဲ့ရသော ၊ ကွယ်ပျောက် နေခဲ့သော တည်ငြိမ် အေးစက်သည့် လေသံ တိုးတိုး ကို သူ ကြား လိုက် ရသည် ။ မျက်ခွံ ကို ပင့် ဖွင့် နိုင်ရန် အတွက် ဦးစွာ မျက်ခွံများ ကို တင်းကျပ်စွာ ပိတ်ထား မိသည် ။ ရင် အတွင်း ဆီ မှ လှိုက်ဖို တုန်ယင် လာကာ မျက်ခွံ အောက် တွင် မျက်ရည်များ စုနစ် ဝင်ရောက် လာသည် ။ သူမ မပြောင်းလဲခြင်း လား ၊ မပြောင်းလဲ ဟန် ဆောင် နေသည် လား … ။

“ သူ သေသွားပြီလား ” ဆိုသည့် ရက်စက် လှောင်ပြောင်သည့် စကားသံ ကို သာ သူ ငံ့လင့် နေခဲ့သည် ။ အစ်မ က အမူအရာ ဖြင့် အဖြေ ပေးလိုက် ဟန် ရှိပါသည် ။ နူးညံ့သော လက် တစ်ဖက် သည် သူ ၏ ဘယ်ဘက် လက်ဖဝါး ကို ဆုပ်ကိုင် လိုက်သည်အား သူ သိ လိုက်သည် ။ နူးညံ့ နွေးထွေး သော လက်ဖဝါး တစ်ဖက် ၏ ထိတွေ့မှု သည် မီးပြင်း ပေးထားသော သဲပြင် ပေါ် သို့ ရေအေး တစ်စက် တောက်ချ လိုက် သလို ပျံ့နှံ့ သွား လေသည် ။

တစ်ချိန် က သူ့ လက် ကို အားကိုး တွယ်ဖက် ထား တတ်သော လက် တစ်ခု ၊ သူ နေ မကောင်း ဖြစ်သည့် အခါတိုင်း “ ကိုကို နေသာရဲ့လား ဟင် ” ဆိုသည့် စကားသံလေး နှင့် အတူ သူ ၏ နဖူးပြင် ကို ထိကပ် စမ်း တတ်သည့် လက် တစ်ခု ၊ သူ့ ဘဝ မပြည့်စုံ ချို့တဲ့စဉ် က သူ့ ဘဝ တက်လမ်းများ အတွက် အလုပ် များစွာ လုပ်ပြီး သူ့ ခြေဖဝါး အောက် မှ ခုခံ ပေးထားခဲ့သော လက် တစ်ခု ၊ သူ ၏ အခက်အခဲများ ကို သူ ၏ ရှေ့ မှ တွန်း ဖယ်ရှား ပေးခဲ့သော လက် တစ်ခု ၊ သူမ ထက် ချစ်နိုင်မည့် သူ ကို သူ တွေ့ရှိခဲ့စဉ် သူမ အား စွန့်ပစ် လိုက်ကြောင်း ပြောခဲ့စဉ် က “ ကိုကို ရယ် … ရက်စက်လိုက်တာ ” ဆိုသည့် ကြေကွဲ ဆို့နစ်စေဖွယ် သော စကားလေး နှင့် အတူ မိမိ လက် ကို တုန်ယင်စွာ ဆုပ်ကိုင် လာခဲ့သော လက် တစ်ခု ၊ “ ကိုကို့ ကို စိတ်ချမ်းသာစေချင်ပါတယ် ” ဆိုသည့် ဖြေသိမ့် စကား နှင့် အတူ သူ ပေးခဲ့သော စာချုပ် စာရွက် အလွတ် အောက်ခြေ တွင် လက်မှတ် ရေးထိုး ပေးခဲ့သော လက် တစ်ခု ၊ ထိုစဉ်က တုန်ယင် အေးစက်သော သူမ ၏ လက်ကလေး ကို ကြင်နာမှု နှင့် မဟုတ်သော် မှ နှစ်သိမ့်မှု အနေဖြင့် ပြန်လည် ဆုပ်ကိုင် မပေးမိခဲ့ပေ ။

စစ်ပွဲများစွာ ကို အောင်နိုင်ခဲ့ သူ တစ်ယောက် ၏ အပြုံး ဖြင့် သူမ ၏ မျက်ရည် ဝိုင်း နေသော မျက်ဝန်း အစုံ ကို အေးစက် မာကျောစွာ သူ ကြည့်နေခဲ့ ဖူးသည် ။ ထို အကြည့်များ ကို သူမ သိမ်းဆည်း ထားခဲ့ပြီး ၊ သူ့ ကို ပြန်လည် ပေးလာ တော့မည် ရည်စူးခဲ့ပြီး ဖြစ် သော်လည်း ၊ ရင်ဆိုင်ရန် တုံ့ဆိုင်း နေမိသည် ။ သူ မျက်ခွံ ကို ဖွင့်လှန် ကြည့် လိုက်ရန် ခက်ခဲ နေလေသည် ။

သူ ၏ လက်ဖမိုး ပေါ် တွင် အုပ်ကိုင် ထားသော သူမ ၏ လက်ဖဝါး တွင် အဆိပ်မြားဦး ရာထောင် များစွာ ကပ်ငြိ ပါ လာသည် ဟု သူ ထင် လိုက်သည် ။ သူမ ၏ လက်အောက် မှ သူ ၏ လက် သည် လေးလံ နာကျင်လာသည် ။ သူမ ဆီ မှ အပြစ်ဒဏ် များစွာ သည် သူမ ၏ လက်သည်းဖျား မှ တစ်ဆင့် သူ ၏ လက် ဆီ သို့ စီးဝင် … မြွေ အဆိပ် လို တစ်ကိုယ်လုံး ပျံ့နှံ့ သွားပြီး သူ ၏ အသက် ကို တိုက်ယူ သယ်ဆောင် သွား စေချင်သည် ။ ထိုအချိန် တွင် သူမ ကျေနပ်စွာ ရယ်မောနိုင်ကောင်းမည် ထင်သည် ။

“ ကျွန်မ ပြန်လာခဲ့တယ် ကိုကို … ၊ သက်သာ သွားမှာပါ ”

သက်သာခွင့် ရတော့မှာပါ ။ လပေါင်း များစွာ ခံစား နေရသော ပြင်းထန်သည့် ရောဂါ ၏ ဖိစီးမှု မှ နှစ်ပေါင်း များစွာ မြှုပ်နှံ ထားခဲ့ရသော အပြစ်များ ၏ ဒဏ်မှ ၊ မျက်ရည်များ သည် ပိတ်ထားသော မျက်ခွံ အောက် မှ တွန်းထိုး ထွက်သွား လေသည် ။ ချော်ရည်ပူ လို ပါးပြင် တစ်လျှောက် လောင်ကျွမ်း စီးဆင်း သွား လေသည် ။ မျက်ခွံများ ကို ချည့်နဲ့ စွာ သူ မ , တင် လိုက်သည် ။

ရေပြင် အောက် ကို ဖြတ်သန်း မြင်ရ သကဲ့သို့ လှုပ်ရှား မှုန်ရီစွာ သူမ ကို တွေ့  လိုက် ရသည် ။ အချိန် များ သည် သူ့ ကို အိပ်ရာ ထက် မှ အသားအရေ ပါးလျ တွန့်ကပ် နေသော သက်ရှိ အရိုး တစ်ခု အဖြစ် ပြောင်းလဲ စေခဲ့သော်လည်း … သူမ ကို မူ … မျက်ဝန်း ထောင့်စွန်း မှ အသားအရေ တွန့်ခေါက်ကြောင်းများ ကို သာ ဖန်တီး ပေးခဲ့သည် ။ သူမ ၏ မျက်လုံးများ မှာ ကြည်လင်ဆဲ ရှိ သော်လည်း ဟိုစဉ်က လို ပျော်ရွှင် ကြည်နူးရိပ်များ ယှက်သန်း နေခြင်း မရှိတော့ ။

ခံစားမှု ပေါင်း များစွာ ကို သိုသိပ် ချေဖျက် ၊ စုစည်းပြီး မှ ရရှိ လာ သော အမည် မဲ့ အကြည့် ဖြင့် ပြီးသော မျက်ဝန်း တစ်စုံ ၊ သူမ က သူ ၏ ဖျော့တော့ မှေးမှိန် နေသော မျက်လုံး ထဲ သို့ စူးစိုက် ကြည့် လိုက်သည် ။

မိုးကြိုးမုန်တိုင်း တစ်ခု လို ထွင်းဖောက် ဝင်ရောက် သွားစေ ချင်သော သူမ ၏ အကြည့် သည် … သူ ၏ မျက်လုံး ပေါ်  တွင် သာ ရပ်တန့် သွားသည် ။ မုန်းတီး နာကြည်းခြင်းများ အလျှံ ပြင်းပြင်း … မတောက် လောင် နေ သော်လည်း ကြင်နာ နူးညံ့ခြင်း ကို လည်း မတွေ့ရှိရပေ ။

သေဆုံး သွား သော အကြည့် ။

“ ငါ လိုချင်နေတာ … မင်းရဲ့ သည်လို အကြည့်မျိုး မဟုတ်ဘူး ၊ ငါ့ တစ်ကိုယ်လုံး လောင်ကျွမ်း ပြာ ဖြစ်သွားစေမယ့် အကြည့် ”

အပြစ်ဒဏ် တစ်ခု ကို ပေး လိုက်ခြင်း သည် တစ်စုံ တစ်ယောက် ၏ အပြစ်များ ကို လဲလှယ် ပြောင်းလဲခြင်း ဖြစ်မည် ။ အပြစ်များ မှ ကင်းလွတ် စေခြင်းလည်း ဖြစ်မည် ။ အပြစ်များ ကို ခွင့်လွှတ် ပယ်ဖျက် ပေးလိုက်ခြင်း လည်း ဖြစ်မည် ။

“ ငါ့ ကို အပြစ် ပေးပါ … အပြင်းထန်ဆုံး အပြစ် ကို ပေးပါ ၊အပြစ် ကင်းစင်တဲ့ ဝိညာဉ် ငါ့ ကို ပေးလိုက်ပါ … ”

သူ ၏ အသွေးသား ဦးနှောက် ထဲ မှ ရုန်းထွက် အုံကြွ လာသော အသံများ သည် သူ ၏ ချည့်နဲ့ နေသော နှုတ်ခမ်း ပေါ် တွင် အရှိန် လျော့ပါး သွားကာ တုန်ယင် ပွင့်ဟ လာသော နှုတ်ခမ်း တစ်စုံ သာ လေ ဖြင့် ယမ်းခါ သွားသော သစ်ရွက် တစ်ရွက် လို ကျန်ရစ်ခဲ့သည် ။ သူမ ၏ လက်ချောင်းများ သူ ၏ နှုတ်ခမ်း ပေါ် သို့ ညင်သာစွာ ထိကပ် လာသည် ။ သူ့ မျက်နှာ တွန့်ရှုံ့ သွားအောင် နာကျင် သွား လေသည် ။

“ စကား မပြောနဲ့ လေ ၊ သက်သာ သလို သာ နေပေးလိုက်ပါ .. ကိုကို .. ဘာတွေ ပြောချင်နေတယ် ဆိုတာ ကျွန်မ သိတယ် … ကျွန်မ … ”

စကား တစ်ပိုင်း တစ်စ နှင့် ရပ်တန့် သွားပြီး ရှူသွင်း လေ ကို ပြင်းထန်စွာ သူမ ရှိုက်ယူ ချလိုက်သည် ။ နှုတ်ခမ်းများ ကို အားယူစွာ ပြန် ဖွင့်သည် ။ စကား တစ်ခွန်း အတွက် သူမ ၏ မျက်နှာ မှ အသားစိုင်များ ၏ ကူညီမှု ကို ရယူပြီး မှ …

“ ကျွန်မ … ကိုကို့ ကို ခွင့်လွှတ် နိုင်ပါတယ် ”

“ သွားစမ်းပါ ”

အပြင်သို့ ထွက် ပေါ် မလာနိုင် သော အသံ က သူ ၏ ကိုယ်ခန္ဓာ တစ်ခုလုံး လှည့်လည် ပဲ့တင်ထပ် သွားလေသည် ။

“ မင်း တစ်သက်လုံး မညာခဲ့ဘူး ဆို … မင်း စကား ကို မင်း တည် စမ်းပါ ၊ မင်း ညာ နေတယ် ၊ မင်း ခွင့် မလွှတ် နိုင်ပါဘူး … ၊ မျက်လုံးတွေ ထဲ မှာ ခွင့် မလွှတ်ဘူး … ၊ မင်း ရဲ့ စကား မှာ ခွင့် မလွှတ်ဘူး … ၊ မင်း ရဲ့ စိတ် မှာ ခွင့် မလွှတ်ဘူး … ၊ ငါ လိုချင်တာ က လည်း မင်း ရဲ့ ပေါ့လျှပ်တဲ့ လေသံ နဲ့ ခွင့်လွှတ် စကား မဟုတ်ဘူး … ”

သူ ၏ နှုတ်ခမ်းများ ရွေ့လျား မရအောင် သူမ ၏ လက် က သူ ၏ နှုတ်ခမ်းများ ကို ဖိကပ် ထားသည် ။ သူမ ၏ အနီး တွင် ရပ်လျက် ရှိ နေသော အစ်မ သည် သူမ ၏ ကိုယ် နှင့် ကွယ်ကာ တစ်ဖက် သို့ မျက်နှာ လွှဲ သွားသည် ။ အစ်မ ထံ မှ ကျိတ်ရှိုက် ငိုသံ ကို ကြား ရသည် ။ သူမ ၏ ခွင့်လွှတ် စကား သည် သူမ ကို နားမလည် နိုင်သော အစ်မ အတွက်တော့ အဆမတန် ကြေကွဲ နောင်တ ရ စေပါလိမ့်မည် ။ သူ့ အပေါ် ခွင့်လွှတ် နိုင်စွမ်း အတွက် လည်း ကျေးဇူး များစွာ တင်ရှိ နေပါလိမ့်မည် ။

‘ မကင်း မလွတ်နိုင်တဲ့ အပြစ်တွေ ထပ် တင် စေတာပါ ’

အခြေအနေ မြင့်မား လာသော သူ ၏ ဘဝ ထဲ မှ သူမ ကို မထိုက်တန်သူ တစ်ယောက် ကဲ့သို့ တွန်းထုတ် ပစ်လိုက်သူများ ထဲ တွင် အစ်မ လည်း ပါဝင်ခဲ့ လေသည် ။

“ သေသေချာချာ ပြန် စဉ်းစားပါဦး ကိုကို ... ကျွန်မ တို့ ခက်ခက်ခဲခဲ တည်ဆောက် ခဲ့တဲ့ ဘဝ တစ်ခု ဟာ သည်လို ပဲ ပြိုကွဲ သွားရမှာလား … ကျွန်မ ကိုကို့ ကို စွန့်လွှတ် ရ မှာ ထက် … ကိုကို … နောင်တ ရ လာမှာ စိုးလို့ပါ ၊ ကျွန်မ ခွင့် မလွှတ်တတ်ဘူး ၊ တစ်ချိန်မှာ ကိုကို နောင်တတွေ နဲ့ ကျွန်မ ကို လိုလားလာမယ် ၊ ကျွန်မ ခွင့် မလွှတ်နိုင် ရင် … အားလုံး ခံစားရတော့ မှာ … ”

သူ ၏ လက်ဖမိုး ပေါ် တွင် သူမ ၏ နဖူးပြင် နှင့် ထိကာ သူမ ပြောခဲ့သည် ။ ထိုစဉ် က တော့ လှိုက်ဖို နေသော သူမ ၏ ကျောပြင် ကို ငေးကြည့်ရင်း “ ငါ ယူချင်တဲ့ ဘဝမျိုး ငါ ပိုင်ဆိုင်ချင်တဲ့ မိန်းမ တစ်ယောက် ကို ရနေ မှတော့ မင်း ကို ငါ ပြန် လိုလား လာမှာ တဲ့ လား ” ဟု သရော် လှောင်ပြောင်စွာ သူ တွေး နေခဲ့သည် ကို သူ ပြန်လည် သတိရ လာသည် ။

“ ငါ ပြောခဲ့တဲ့ စကားတွေ နဲ့ ငါ့ ကို ပြန်လည် ပစ်ပေါက် လိုက်စမ်းပါ ”

သူ ၏ ဦးခေါင်း ထဲ သို့ မည်းနက်သော အရိပ် တစ်ခု ဖြတ်သန်း သွားသည် ။ ကမ္ဘာ့လေထု ထဲ တွင် အောက်ဆီဂျင်များ လျော့နည်း ပြတ်တောက် သွား သလို လေ ကို ခက်ခဲစွာ ရှာဖွေ ရှူသွင်း နေ ရသည် ။ ခန္ဓာကိုယ် တစ်ခုလုံး မှ နာကျင်သော ဝေဒနာ နှင့် အတူ မောပန်း တုန်ယင် လာသည် ။ ဖွင့်အန် ထွက်လာခွင့် မရသော စကားများ က မုန်တိုင်း တစ်ခု သဖွယ် သူ့ ခန္ဓာကိုယ် အတွင်း ၌ ဝှေ့ယမ်း တိုက်ခတ် နေသည် ။ သူ ၏ အမြင် ၏အာရုံ တွင် သူမ ၏ အရိပ် သည် ကွေးကောက် နီးကွာ ရွေ့လျား နေလေသည် ။

သူ ၏ နောက်ဆုံး အချိန် နီး နေပြီဟု သူ သတိ ရ လိုက်သည် ။ မမြင်နိုင် သော အင်အား တစ်ခု ၏ ဆွဲငင်ရာ မှ သူ ပြန်လည် ရုန်းထွက် နေ မိသည် ။

“ ငါ မသေချင်သေးဘူး ၊ မင်း ပေးမယ့် အပြစ်ဒဏ် နှင့် အတူ ငါ ထွက်သွားမယ် ”

သူ ၏ မျက်လုံး ထဲ တွင် ဝင်းလက် သော ရောင်စဉ်တန်းလေး တစ်ခု ဖြတ်သန်း သွားသည် ။ ရှည်လျားသော သူမ ၏ ဆံခြည်မျှင်များ က သူ ၏ မျက်နှာ ပေါ် သို့  စီးကျ နေသည် ။ ဖြူဖျော့ သွားသော သူမ ၏ မျက်နှာ ကို နီးကပ်စွာ သူ တွေ့ လိုက်ရသည် ။ ပြေးထွက် သွားသော ခြေသံ လို သူ ကြား လိုက်ရသည် ။ သူမ ၏ အနီး တွင် အစ်မ မရှိတော့ ။ အခန်း ထဲ တွင် တိတ်ဆိတ်ခြင်း နှင့် သူ တို့ နှစ်ယောက် သာ ကျန်ရစ် ခဲ့သည် ။ ခက်ခဲ ရှားပါးစွာ ရှူသွင်း နေရသော လေများ က အဆုတ် တွင်း သို့ ကုန်စင် အောင် ရောက် မလာဘဲ ဖိတ်လျှံ ကျ သွားလေသည် ။ သူ ၏ ခြေလက်များ သူ ၏ ခန္ဓာကိုယ် မှ ခွဲထွက် လွင့်စဉ် သွားသည် ဟု ထင် နေမိသည် ။ သူမ ၏ လက်ဖဝါး က သူ ၏ ပါးပြင် ကို တည့်မတ် ထိကပ် ပေး ထားသည် ။

“ မင်း ရဲ့ လက် နဲ့ ငါ့ ဝိညာဉ် ကို ထုတ် ပေးလိုက်ပါ .. ”

“ ကိုကို သက်သာသွားမှာပါ ၊ ဆရာဝန် ရောက် လာ တော့မယ် ”

အဝေးဆီ မှ အသံ တစ်ခု သည် သူ ၏ အကြား အာရုံ ထဲ သို့ စူးရှစွာ ဖြတ် ဝင် လာသည် ။

“ လူ တစ်ယောက် ကို သ,တ်မိရင် ... သ,တ် တဲ့ လူ ဟာ ၊ ထိုက်သင့်တဲ့ ကြီးလေးတဲ့ အပြစ်ဒဏ် ကို ရတယ် ၊ လူ တစ်ယောက် ရဲ့ စိတ် ကို ၊ ဘဝ ကို သ,တ်လိုက်ရင်တော့ အပြစ် လို့ ဘယ်သူမှ မယူဆကြဘူး ၊ လူ့ ခန္ဓာကိုယ် ကို သေစေတာ ထက် ၊ စိတ် ကို သေစေတာ ပို အပြစ် ကြီးပါတယ် ၊ သေနေတဲ့ စိတ် က လူ တစ်ယောက် သေသွားတာ ထက် ဆိုးရွားတဲ့ အကျိုးဆက် တွေ ဖန်တီး ပစ် တတ်တယ် ၊ ကိုကို ကျွန်မ ဘဝ ကို သ,တ်လိုက်ပြီ ၊ ကျွန်မ ရဲ့ အနာဂတ် ကို သ,တ်လိုက်ပြီ ၊ ကျွန်မ ရဲ့ မျှော်လင့်ခြင်းတွေ ကို သ,တ်လိုက်ပြီ … ၊ ကိုကို့ မှာ အပြစ် ရှိတယ် … ”

သူ ၏ နားထဲ တွင် အသံများ ဝေဝါး ပဲ့တင် ထပ် နေသည် ။

သူ ၏ ဦးခေါင်း ကို ညှပ်ဖိ ထားသော လက် နှစ်ခု ထဲမှ ပြင်းထန်စွာ ရုန်းထွက် နေမိသည် ။

“ ငါ လိုချင်တာ မင်း ရဲ့ နူးညံ့တဲ့ လက် မဟုတ်ဘူး ၊ ရက်စက်မယ့် လက် ”

အပြစ်ဒဏ်များ ကို သူမ စီရင်ပြီး ထို အပြစ်ဒဏ် ကို ထိုက်တန်စွာ သူ ခံစားပြီး မှ သူမ ၏ ခွင့်လွှတ်ခြင်း ကို ရမည် ။ ဘုရားသခင် ၏ ရှေ့တော်၌ အပြစ်များ ကို ဖွင့်ဟ ဝန်ခံပြီး လျှင် အပြစ် ကင်းသော ဝိညာဉ်ကို ရယူနိုင်သည် ဟု သူ သိခဲ့သည် ။ အားလုံး တွက်ဆ ထားသည့် အတိုင်း ဆိုလျှင် သူ ကမ္ဘာမြေ ပေါ် မှ ထွက်ခွာ သွားရမည့် အချိန် သည် ကုန်လွန်ခဲ့ပြီး ဖြစ်သည် ။ သူ ၏ ဝိညာဉ် သည် ပြိုပျက်နေသော ခန္ဓာကိုယ် ၌ လျော့ရဲ မှီတွယ်ကာ သူမ ကို စောင့်ဆိုင်း နေခဲ့လေသည် ။

“ ခု အချိန် မှာ ငါ့ ရဲ့ အမှား အတွက် ပေးလျော်စရာ ငါ့ ရဲ့ ဝိညာဉ် ပါ မင်း ထုတ်ယူ လိုက်ပါ ”

သူမ ၏ လက်များ က ပါးပြင် ပေါ် မှ ရွေ့လျား သွားကာ သူ ၏ ဦးခေါင်း ကို ညင်သာစွာ ကိုင်မ ရွှေ့ လိုက်သည် ။ သူ ၏ နဖူးပြင် ထက် ချွေးစေးများ ဖြင့် စိုကပ် နေသော ဆံပင်များ ကို အသာအယာ မ,သပ်တင်ကာ သူ့ မျက်နှာ ကို သူမ စိုက်ကြည့် နေသည် ။

“ ငါ့ အသက် ကို တွန်းထုတ် ပစ်ဖို့ ဆိုတာ ကြွေခါနီး သစ်ရွက် ကို လက် နဲ့ သပ်ချ လိုက် သလိုပါပဲ ၊ မင်း ရဲ့ အသက်ရှင်လျက် သေဆုံးသွား တဲ့ ဘဝ အတွက် ငါ့ အသက် ကို လျော်ကြေး ပေးထိုက်ပါတယ် ”

သူ့ မျက်နှာ အနီး သို့ သူမ ၏ မျက်နှာ တဖြည်းဖြည်း နီးကပ် လာသည် ။ စူးရှ ၍ ခက်မာသော မျက်လုံးများ ကို တွေ့ နေရသည် ။ သူ ၏ အေးစက်သော နဖူးပြင် ပေါ် သို့ ပူနွေးသော သူမ ၏ အနမ်း လာရောက် ထိတွေ့ သွားသည် ။

“ ကိုကို့ ကို … သိပ်ချစ်တယ် ”

သူ ၏ ရင်တွင်း မှ ပြင်းထန်စွာ အော်ဟစ် တားမြစ် လိုက်သည် ။

“ နှင်းဆီ ပွင့်ဖတ် ကို မလိုချင်ပါဘူး ၊ နှင်းဆီဆူး ပြင်းထန်တဲ့ အဆိပ်တွေ ပါတဲ့ နှင်းဆီဆူး ”

သူ့ ရင်တွင်း မှ အသံ သည် အမှောင် တစ်ခု ကို ပါ ဖမ်းဆုပ် ယူငင် လာသည် ။ သူမ ၏ လက်သည်းများ ရှည်လျား ချွန်ထက် လာကာ သူ ၏ လည်ချောင်း ဆီ သို့ ထိုးဖောက် ဝင်ရောက် လာပြီး ပျော့ခွေ ညွတ်သွား လေသည် ။ သူ ၏ နှာခေါင်း ဝ တွင် ကျ နေသော သူမ ၏ ဆံခြည်မျှင်များ က တောအုပ် တစ်ခု လို … လေ မတိုးဝင် နိုင်ရန် ပိတ်ကာ ထားသည် ဟု ထင် ရသည် ။ အမည် ပေး ၍ မရနိုင်သော ဝေဒနာ ပေါင်း များစွာသည် ခန္ဓာကိုယ် အနှံ့ မှ ထွက်ပေါ် စုစည်း လာလေသည် ။

သူ ၏ လက် တစ်ဖက် သည် တုန်ယင်စွာ ရွေ့လျားပြီး သူမ ၏ ပခုံးစွန်း အား ဖမ်းဆုပ် ထားမိသည် ။

“ မင်း ပေးထားခဲ့တဲ့ မင်း ရဲ့ ကတိတွေ ပြန် သတိရ စမ်းပါ ၊ စိုးရိမ်ဟန်ဆောင် တဲ့ မျက်လုံး နဲ့ ငါ့ ကို မကြည့်ပါနဲ့ ၊ မင်း ရယ်စမ်းပါ ၊ မင်း ကို ပစ်ပယ်ခဲ့တဲ့ လူ တစ်ယောက် မင်း ရှေ့ မှာ ဒူးထောက် ဝပ်စင်းပေး နေတာ ကို မင်း ရယ် လိုက်စမ်းပါ ၊ မင်း တစ်ချိန်လုံး စောင့်ဆိုင်း နေတဲ့ အနိုင် ကို မင်း ယူ လိုက်စမ်းပါ ”

လှေကားထစ်များ ကို ပြေးနင်း တက်လာသည့် အသံများ သည် သူ ၏ ဦးခေါင်း ကို ပြင်းထန်စွာ ထုနှက် နေသည် ထင်ရသည် ။ သူ ၏ ကိုယ်ခန္ဓာ သည် အမှောင် နှင့် အလင်း ထဲ တွင် ယိမ်းထိုး ရွေ့လျား နေသည် ။ တစ်ခါတစ်ရံ အမှောင် နှင့် အလင်း ကြား တွင် ပျောက်ဆုံး သွားပြန်သည် ။ သူ ၏ လည်ချောင်းများ သည် ပူလောင် ခြောက်သွေ့ခြင်း ဖြင့် အက်ကွဲ ပေါက်ထွက် သွားမည် ထင်ရသည် ။ ပူလောင်ခြင်း သည် ခန္ဓာကိုယ် တစ်ခုလုံး ဆီ သို့ တောမီး ပမာ ပျံ့နှံ့ သွားလေသည် ။

ဝေဒနာ မှ လွတ်ကင်းရန် ခြောက်သွေ့ စေးကပ် နေသော နှုတ်ခမ်းများ ကို ကြိုးစား ရွေ့လျား လိုက်သည် ။

“ ရေ … ”

သူ ၏ အနီး မှ သူမ ၏ မျက်နှာ လျင်မြန်စွာ ဖယ်ခွာ သွားလေသည် ။ ရုတ်တရက် လေစီးကြောင်း တစ်ခု အတွင်း မျောပါ လွင့်တက် သွားသည် ဟု ခံစား လိုက်ရသည် ။ အမြင်အာရုံ ထဲ တွင် ရေလှိုင်းများ စိုးမိုးလာ နေသည် ။ သူ့ နှုတ်ခမ်း ပေါ် သို့ စွတ်စိုသော အရာ တစ်ခု လာရောက် ထိတွေ့သည် ။ လေစီးကြောင်း ထဲ လွင့်မျော ပါသွား ရာ မှ ရုတ်တရက် တန့်ရပ် သွားပြန်သည် ။ သူ့ ဦးခေါင်း ကို လက် တစ်ဖက် ဖြင့် ထောက်မ ၍ သူ့ နှုတ်ခမ်းတွင်း သို့ ရေများ စီးဝင် နိုင်အောင် သူမ ကြိုးစား နေသည် ။ ‘ အချိန် မရှိတော့ဘူး ’ ဟူသည့် အသိအမြင် တွင် အလင်းရောင်များ ၊ မှောင်မိုက်ခြင်းများ ၊ တောက်ပသော ရောင်စဉ်တန်းများ ၊ မျက်နှာများ ၊ အသံများ ဆူညံ ရှုပ်ထွေး နေကြသည် ။ ဖမ်းချုပ်ထားခြင်း မရှိ သော် လည်း ရည်ရွယ်ချက် မဲ့ စွာ သူ ရုန်းကန် ဆွဲငင် နေမိသည် ။

“ မင်း ရဲ့ အပြစ်ဒဏ်တွေ ပေးလိုက်ပါ ”

တဖြည်းဖြည်း စောင်းကျ လာသော ဖန်ခွက် ထဲ မှ ရေ များ သူ့ နှုတ်ခမ်း နှင့် နီးလာသည် ။ ထို ရေ သည် ခါးသက်သော အရသာ ၊ ပြင်းထန်သော အဆိပ်များ ကို သယ်ယူ လာစေချင်သည် ။ သူ ကျေနပ် ခံစားထင်ရစဉ် ၊ အရသာ မဲ့ သော အေးမြသော ရေ က သူ၏ ပူလောင် အက်ကွဲသော နှုတ်ခမ်းများ ကို ဖြတ်သန်း သွားလေသည် ။ ပူလောင်ခြင်း နှင့် အေးမြခြင်း ထိစပ် စဉ် သူ ၏ ခန္ဓာကိုယ် သည် ပွင့်ထွက် လွင့်စဉ်သွားသည် ဟု သိ လိုက်ရသည် ။

“ ကိုကို … ”

တုန်ယင် အက်ကွဲသော အသံ လွင့်ပျံ ထွက် လာစဉ် မှာ ပင် အမှောင်ထု သည် ရုတ်တရက် ပြိုကွဲ လွင့်စဉ် သွား လေသည် ။ တော်လဲသံ လို ရုတ်တရက် ထွက်ပေါ် လာသည် ။ အော်ဟစ်သံ ၊ ငိုသံ ၊ စကားသံ ၊ ပြေးလွှားသံများ ကြား ၌ သူ ၏ ဦးခေါင်း ကို ပွေ့ဖက် လျက် သူမ တိတ်ဆိတ်စွာ ထိုင် နေဆဲ ဖြစ်သည် ။

ငြိမ်သက် သွားပြီ ဖြစ်သော သူ ၏ မျက်နှာ ကို စူးစိုက်စွာ ငေးကြည့် ရင်း ညင်သာစွာ ပြန်ချ ပေးလိုက်သည် ။ အောက် နှုတ်ခမ်း ကို ဖိကိုက် ထားရင်း ဖြည်းလေးစွာ သူမ ရပ် လိုက်သည် ။

“ အပြစ် ရှိသူ တစ်ယောက် သည် အပြစ်ဒဏ် မခံစားရ သရွေ့ အပြစ် မှ ကင်းလွတ်ခြင်း ကို မရနိုင် … ”

သူမ ကြေကွဲစွာ ပြုံး လိုက်သည် ။ နောက် ဘဝ ရှိမည် ဆိုလျှင် လေးလံသော အပြစ်ဝန် ကို ထမ်းရွက် ရမည့် ဝိညာဉ် ကို သူ ပိုင်ဆိုင် သွားစေရမည် ။ အခန်း ထဲ မှ ဖြည်းလေးစွာ သူမ ပြန် ထွက်သွား လေသည် ။

◾စုထား

📖 မဟေသီ မဂ္ဂဇင်း
      ၁၉၈၉ ၊ ဩဂုတ်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment