❝ အပြစ်ကင်းသန့် တဲ့ ချစ်ခြင်း ရနံ့ ❞
အခန်း ( ၁ )
“ ကိုကို ... ခင်လေး ဆီ လာ တာလား ၊ ခဏလေး နော် ကိုကို ခင်လေး အခု ပြန် လာမယ် ။ ဒီ အုတ်ခုံနား မှာ ခဏ စောင့်နေ နော် ၊ ခင်လေး တို့ ကျောင်း က မိုးရာသီနံရံကပ်စာစောင် အတွက် စာမူ ပိတ် တော့မှာ မို့ ခင်လေး ရေးထားတဲ့ ကဗျာလေး သွား ပို့ချင်လို့ပါ နော် ကိုကို ”
ပါးစပ် က ပြော လည်း ပြော ၊ သူ့ လွယ်အိတ် ထဲ က စာမူ ကို ထုတ် ၊ သူ့ လွယ်အိတ် ကို လည်း ကျွန်တော့် ကို ကိုင် ခိုင်း ထားလိုက်သေး ။ ခုမှတော့ မယ်မင်းကြီးမ စေခိုင်း သမျှ ပေါ့ ။ တစ်ခါတလေ ကျွန်တော် က သူ ခေါ်တိုင်း ချက်ချင်း မလိုက်သေးပဲ “ ဘာကိစ္စလဲ ဘာလဲ ” လို့ နည်း နည်းပါးပါး အိုက်တင် ခံ မိ လိုက်ရင် ဒါမှမဟုတ် စောဒက တက် မိရင် သူ့ နှုတ်ခမ်း ကို တစ်တောင် လောက် စူ လိုက်မယ် ။ ပြီးရင်တော့ “ ရတယ် လိုက် မပေးနိုင်ရင် နေခဲ့လိုက် ၊ မှတ်ထားနော် ” လို့ ပြော တတ်တာ ။
တစ်ခါ ကျွဲမြီး တိုရင် တစ်ပတ် ( ၇ ) ရက် ကြာ တတ်သေးတယ် ။ သူ့ အဆောင် ကို ကျွန်တော် လိုက် ချော့ ရင် လည်း ဧည့်တွေ့ ချိန် သာ ကုန် သွားခဲ့ပြီး သူ က ဆင်း မလာတတ်ဘူးဗျ ။ ( ၁ဝ ) ရက် ကျော်ကျော် ကောက် ပြီး လောက် မှ သူ့ စိတ် က ပြန် ဖြောင့် တော့တယ် ဗျာ ။ စိတ်ကောက် ပြေ စ ဆိုရင် သူ က ကျွန်တော့် ကို “ အကျင့်ပုတ်ကြီး ” လို့ စ ခေါ်တယ် ။ ကျွန်တော် ကတော့ သူ့ ကို ခုလို စိတ်ကောက် ပြေကာစ အချိန် မှာ “ ငါးပိချက် မ ” လို့ ခေါ်လေ့ ရှိတယ်ဗျ ။
ငါးပိချက်မလေး က ဝါသနာပေါင်းစုံ ကို ဟိုစပ်စပ် ဒီစပ်စပ် လုပ်ချင်တာ က လွဲရင် ဖြူစင် သန့်ရှင်းပြီး ချစ်စရာ ကောင်းတဲ့ မိန်းကလေး တစ်ယောက် မို့ ပါ ။ သူ နဲ့ ကျွန်တော် က မူလတန်း ကျောင်းသားကျောင်းသူ ကလေး ဘဝ မှာ ထဲ က ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ပါ ။ ၁၉၇၉ ၁၉၈၀ ပညာသင် နှစ် မှာ အတူတူ ၁၀ တန်း အောင် ကြတယ် ဗျာ ။ ခုတော့ သူ က စီးပွားရေးတက္ကသိုလ် ကျောင်းသူ တစ်ယောက် ဖြစ် နေပါ ပြီ ။ ကျွန်တော် လည်း ဆေးတက္ကသိုလ် ( ၁ ) မှာ တက် နေတဲ့ ကျောင်းသား ဖြစ် နေပါပြီ ။
အမြဲတမ်းတော့ လည်း သူ့ ဆီ ကို ကျွန်တော် မရောက်နိုင်ခဲ့ဘူး ဗျာ ။ သူ ကလည်း ကျွန်တော့် ကို သူ အကူအညီ လို မှပဲ ဆက်သွယ် တတ် ပါတယ် ။ ဒါပေမဲ့ သူ နဲ့ ကျွန်တော် နဲ့ နှစ်ယောက် ကြား မှာ ဖြူစင် အပြစ် ကင်း တဲ့ ချစ်ခြင်း နဲ့ သံယောဇဉ် တစ်ခု တော့ ရှိတယ် ဗျ ။ ဒါကိုတော့ သူ လည်း သိ နေသလို ကျွန်တော် လည်း သိ နေခဲ့ပါတယ်ဗျာ ။
••••• ••••• ••••• •••••
အခန်း ( ၂ )
ခုတလော ကျွန်တော် ကိုယ်တိုင် လည်း စာမေးပွဲတွေ ရှိနေ တော့ သူ့ ဆီ ကို မရောက်ဖြစ်တာ ရက် ၂ဝ နီးပါး လောက် ရှိခဲ့ပါတယ် ။ ဖုန်း ဆက်ပြီး ပြော ထားခဲ့ရတယ် ။
“ အင်းပါ ကိုကို သာ စာမေးပွဲတွေ ကို ဂရုစိုက် ဖြေပါ ခင်လေး အဆင်ပြေပါတယ် ” တဲ့ ။
အော် ... ကျွန်တော့် နာမည် က ကိုကိုအောင် ပါ ။ သူ့ နာမည် က နွယ်လေးခင် တဲ့ ။ နယ် မှာ ကျောင်း အတူတူ နေခဲ့တဲ့ မူလတန်း ကျောင်းသား ဘဝ ထဲ က သူ့တို့ မိဘ နဲ့ကျွန်တော့် မိဘတွေ က သိပ် ခင်ကြ တဲ့ မိတ်ဆွေတွေ ပေါ့ ဗျာ ။ ကျွန်တော် တို့ နှစ်ယောက်လုံး ရဲ့ မိဘတွေ က ချမ်းချမ်းသာသာတွေ မဟုတ်ပါပဲ နဲ့ ကျွန်တော်တို့ ကို ခြိုးခြံပြီး စာ သင် ပေး နေကြရတာပါ ဗျာ ။ သူ့ မိဘ လည်း ဒီလိုပါပဲ ။ သူ့ မှာ အဖေ မရှိ တော့ သလို ကျွန်တော့် မှာ လည်း အဖေ မရှိ တော့ ပါဘူး ။
ဒီနေ့လည်း သူ့ ဆီ ကို တစ်ယောက်တည်း အဆင် မှ ပြေရဲ့လား လို့ သွား ကြည့်ဖို့ စိတ်ကူး ရလို့ သူ တို့ အီကို ( စီးပွားရေးတက္ကသိုလ် ) ကျောင်းတော်ကြီး ဘက် ကို ထွက် လာမိလိုက်တယ် ။
“ ကိုကို လာတာ အတော်ပဲ ၊ ဒီနေ့ အာရ်အိုင်တီ ( စက်မှုတက္ကသိုလ် ) မှာ ဆရာဦးသုမောင် တို့ စာပေဟောပြောပွဲ ရှိတယ် ။ ခင်လေး နားထောင် ချင်လို့ပါ ။ သူငယ်ချင်း ၃ ယောက် သွားကြမလို့ ကိုကို ပါလိုက် ခဲ့နော် .. မိန်းကလေးတွေ ချည်း ဖြစ် နေလို့ လိုက်ပို့ပေး နော် .. နော် ”
ကျွန်တော် သူ့ ဆီ လာခဲ့စဉ် က အေးအေးဆေးဆေး ထိုင် စကား ပြောမယ် ။ ဗိုက် ဆာရင် ကျောင်း ထဲ က မုန့်ဆိုင် မှာ စား ကြမယ် ။ ခု ဒီအတိုင်း ဆိုရင်တော့ ... ။
နေ့လည် ၁ နာရီ အထိ ပဲ ဆိုပါတော့ဗျာ .. ။
စက်မှုတက္ကသိုလ်ကျောင်းတော်ကြီး ထဲ က စာပေဟောပြောပွဲ အခမ်းအနား ကို ငါးပိချက်မ ရဲ့ စည်းရုံးမှု အောက် မှာ မရုန်းထွက် နိုင် ဘဲ ကျွန်တော် ပါ သွားခဲ့ ရ ပြန်တာပေါ့ ။
သူ နဲ့ တွေ့ပြီး မှ ပဲ တစ်ခုခု စားတော့မယ် ဆိုတဲ့ စိတ်ကူး နဲ့ အဆောင် က ဘာမှ မစားဘဲ ထွက် လာခဲ့တာ အခု ဗိုက် ထဲ က ဆာလောင် တဲ့ အသံ တွေ တောင် ထွက်ပေါ် နေပြီလေ ။ ကျွန်တော့် ဗိုက်ထဲ က တောင်း ဆိုသံတွေ ပိုပို ထွက်လာပြီ ။ မနေနိုင်တော့ ။ သူ့ အနား ကို နည်းနည်း တိုး ကပ် လိုက်သည် ။ အသံ ကို ထိန်း လိုက်ကာ လေသံအုပ်အုပ် နဲ့
“ ဗိုက် ဆာတယ် ဟာ ”
ရုတ်တရက် သူ က ဆတ်ကနဲ ကျွန်တော့် ဘက် ကို လှည့် ကြည့် လိုက်တယ် ။ နောက်တော့ စင်ပေါ် မှာ ဟောပြောနေတဲ့ ဆရာဦးသုမောင် ရဲ့ ဟောပြောတဲ့ အသံ ကို အာရုံ လွတ်မှာ စိုးတဲ့ ပုံပေါ့ ။ သူ မျက်လုံး တွေ က စင်ပေါ် မှာ ၊ သူ့ လက်တစ်ဖက် က သူ့ လွယ်အိတ် ကို နှိုက် နေ ပြန်တယ် ။ ဟော .. လွယ်အိတ် အထဲ က ဘီစကစ်မုန့် နှစ်ထုတ် သူ့ လက်ထဲ ပါလာပြီ ။
“ အင့် .. အဆာပြေ စား ထားပါ ကိုကို ရာ ၊ ပြန်ရင် ခင်လေး ဒကာခံပြီး လှည်းတန်းဈေး မှာ လိုက် ကျွေးပါ့မယ် နော် .. နော် ”
အဲ့လိုတွေ လည်း သူ နှင့် ကျွန်တော်တို့ နှစ်ယောက် ရဲ့ ဘဝ မှာ ရှိ ခဲ့ပါတယ်ဗျာ ။
••••• ••••• ••••• •••••
အခန်း ( ၃ )
ဒီနေ့ ကျွန်တော် အတန်း နှစ်ချိန် အား နေတယ် ။ မနေ့က ကျွန်တော် တို့ မြို့ က လာတဲ့ လူကြုံ ဦးဝင်း ဆိုတဲ့ အန်ကယ်ကြီး တစ်ယောက် နဲ့ ထည့် ပေး လိုက်တဲ့ ကျွန်တော် နဲ့ နွယ်လေးခင် အတွက် စာ နဲ့ ကျောင်း လခ ကို လည်း နွယ်လေးခင် ဆီ ပို့ပေးရ ဦးမယ် ။ ဒါနဲ့ပဲ သူတို့ ကျောင်း ဘက် ကို ကျွန်တော် ထွက် လာခဲ့တယ် ။ လကုန်ရက် နီးတော့ ငါးပိချက်မလေး လည်း လက် ထဲ အသုံးစရိတ် နည်း နေလောက်ပြီ ထင်တယ် ။
သူ တက် နေကြ တူးအိုအိတ် ၂၀၈ အတန်း ထဲ မှာ ဆရာ အတန်း ဝင် နေတဲ့ အချိန် လည်း မဟုတ်သေး တော့ အခန်း ထဲ မှာ များ ရှိ နေမလား လို့ သူ တို့ စာသင်ခန်း ထဲ ကို တစ်ချက် ဝင် ကြည့် လိုက်မိတယ် ။ ကျွန်တော့် ကို သိ နေတဲ့ ကျောင်းသူ တစ်ယောက် က “ နွယ်လေးခင် မရှိ ဘူး ၊ အပြင် ထွက်သွားတာ တော့ တွေ့ လိုက်တယ် ” လို့ ပြောပြီး ၊ နောက် တစ်ယောက် ကတော့ “ အနုပညာအသင်း ဘက် ကို သွားတာ ” လို့ ပြော သွား သေးတယ် ။ တကယ် အငြိမ် အနေဘူး ။ ငါးပိချက်မ တော့ ။
“ ကျေးဇူးပါ ဗျ ၊ သူ တစ်ယောက် ထဲ သွား တာလား ခင်ဗျ ”
“ ဟုတ်တယ် ရှင့် နွယ်လေးခင် က အတန်း မရှိရင် အနုပညာ အသင်း ထဲ မှာ ပတ္တလားတီး သွား သင်တတ်တယ် လေ ”
“ ကျေးဇူးပါပဲ ကျွန်တော် သွား ရှာလိုက်ပါ့မယ်ဗျာ ”
အနုပညာအသင်း ဘက် ကို ကျွန်တော် ထွက် လာခဲ့ရ ပြန်ပေါ့ ။ သူ သွားတယ် ဆိုတဲ့ အတီး သင်တန်းခန်းမကြီး ကို တွေ့ တော့ သော့ခတ် ထားတာ တွေ့လိုက်ရ ပြန်ရော ။ ကျွန်တော့် ရင် ထဲ မှာ ဘယ်လို ဖြစ်သွား မှန်း ကို မသိတော့ဘူး ။ စိတ် မကြည်လင် တော့ဘူး ။ ရှေ့ ကို တိုးပြီး ထပ် လျှောက် လိုက်တော့ မှ လားလား ... မယ်မင်းကြီးမ ရယ် တိတ်ဆိတ် ငြိမ်သက်ပြီး အာရုံ ဝင်စားလွန်းတဲ့ အမူအရာ နဲ့ ကားချပ်တစ်ခု အပေါ် စုတ်တံ ကိုင်ပြီး ဆေး ခြယ် နေပြန်ပါပြီကောလား ။
စုံပါပေ့ ငါးပိချက်မ ရယ် ။ သင်တန်းဆရာ က ရေးဆွဲ နေတဲ့ သူ အားလုံးရဲ့ လက်ရာ တစ်ခုချင်း ကို လိုက် စစ်ပေးနေတွေ့ရတယ် ။ ဟော.. ငါးပိချက်မ က သူ ဆွဲပြီးတဲ့ ပန်းချီကား ကို သင်တန်းဆရာ ထံ မှာ အပ် နေပြီ ။ အခန်း အပေါက် ဝ မှာ ရပ် စောင့် နေတဲ့ ကျွန်တော့် ကို မြင် တော့ သူ့ ထုံးစံ အတိုင်း တအံ့တဩ မျက်လုံးလေး နဲ့ ပြုံးစစ လုပ် ပြလိုက် သေး ။
“ နင့် ဝါသနာတွေ က မကုန်သေးဘူးလား ငါးပိချက်မ ရာ ။ အတန်းဘက် ကို ရောက် ခဲ့တယ် ။ ပတ္တလားတီး သင်တန်း သွားတယ် ဆိုလို့ ဟိုဘက် အခန်း ကို အရင် သွားကြည့် နေတာ ”
“ ဟီး ... ဟုတ်တယ် ၊ အတီး သင်ပေးတဲ့ ဆရာ မလာတာ နဲ့ ပန်းချီ ဝင် ဆွဲ နေလိုက်တာ ”
“ သူငယ်ချင်းတွေ ကို ခေါ် မလာဘူးလား ”
“ သူတို့ က ဝါသနာ မပါတော့ ပျင်း နေမှာပေါ့ ၊ ခင်လေး က တမင် ပဲ မခေါ်ခဲ့ တော့တာ ”
“ ဗိုက် ဆာနေပြီ ”
“ ခင်လေး လည်း ဆာတာပေါ့ ”
“ ခုမှများ ”
သူ့ ခေါင်း ကို ဖွဖွထု ရင်း ပြော လိုက်တော့ “ ည ကျရင် အိပ်ရာထဲ ရှူး ပေါက် တော့မှာပဲ ကိုကို ရာ ” ဟု ပြန် နောက်သေးတဲ့ ငါးပိချက်မ ။
“ ထမင်းကြော် စားမယ်နော် ကိုကို ”
“ အင်း ”
ငါးပိချက်မ ကို ဝါသနာ ပါ တာတွေ လုပ်တာ လည်း လုပ်ပေါ့ နောက်ဆုံးနှစ် လည်း ဖြစ် နေပြီ ။ အတန်း မပျက်ဖို့ စာကျက်ဖို့ တွေ ပြော ဖြစ်ခဲ့သေးတယ်ဗျ ။
ကလေး တစ်ယောက် လိုပဲ ။ “ ဟုတ် yes ” လို့ ပြန်ဖြေ တယ် ။ ကျွန်တော် က လူကြုံ နဲ့ ပို့လိုက်တဲ့ ပိုက်ဆံ နဲ့ စာတစ်စောင် ကို သူ့ လက် ထဲ ထည့် ပေး လိုက်တော့ ကျန်တဲ့ ကျွန်တော့် ပိုက်ဆံအိတ် ကို ကြည့်ပြီး
“ လွယ်အိတ် ထဲ သေချာ ထည့်ဦး ခါးပိုက်နိုက် ထိမယ် ”
လို့ ဆရာမကြီး က လုပ် လိုက် သေးတာ ။
အဲဒီနေ့ က ကျွန်တော် ရဲ့ ကျောင်း ကို နေ့လည်ပိုင်း အမီ ပြန် တက် နိုင် ခဲ့သေးတယ် ။ ကျွန်တော်တို့ ကျောင်း က စာတွေ က လည်း တစ်နှစ် ထက် တစ်နှစ် ပိုပို များလာ ၊ ပိုပို ခက်ခဲလာခဲ့ပြီဗျာ ။
••••• ••••• ••••• •••••
အခန်း ( ၄ )
ဘာလိုလို နဲ့ ငါးပိချက်မ တို့ စီးပွားရေးတက္ကသိုလ် နောက်ဆုံး နှစ် အတန်းတွေ စာမေးပွဲကြီး ဖြေ ပြီးလို့ အိမ် ပြန်ကြရမယ့် နေ့ ရောက် လာခဲ့ပြီ ။
“ တက္ကသိုလ်ကျောင်းသား ကျောင်းသူ ဘဝ က အချိန်တွေ အကုန် မြန်တယ်နော် ကိုကို ”
သူ့ ကို ကျွန်တော် ဘူတာ ကို လိုက် ပို့ပေးတော့ သူ ကျွန်တော့် ကို ပြောတဲ့စကား ။ သူ့ ရင် ထဲ မှာ ခံစားချက် တစ်ခု ခု ရှိ နေမှာ သေချာတယ် ဟု တထစ်ချ နားလည် မိလိုက်ပါတယ် ။ ၄ နှစ်တာ ကာလ တစ်ခုလုံး ကို ကုန် လွန်စေခဲ့သည့် တိုင် သူ့ အတွက် လေ့လာစရာတွေ စူးစမ်းစရာတွေ သင်ယူစရာတွေ တက္ကသိုလ်မြေ မှာ အများကြီး ကျန်ရှိ နေခဲ့ဦးမယ် လို့ ကျွန်တော် ထင်တယ် ။
“ ခရက်ဒစ် ဝင်ရင် ဆက် တက်လို့ ရတာပဲ ”
ကျွန်တော် နှင့် အနီးဆုံး မှာ သူ့ ကို ရှိ နေစေချင်သေးတဲ့ စိတ် နဲ့ သူ့ ကို ကျွန်တော် ပြော လိုက်တဲ့ စကား ပါ ပဲ ။ ခေါင်း ကို တွင်တွင်ခါရမ်း ရင်း က သူ ပြန် ဖြေ လိုက်တဲ့ စကားတွေ ကြောင့် စိတ် မကောင်း ဖြစ်မိသွား တယ် ။
“ အမှတ် ကောင်းရင် တောင် မှ ခင်လေး က ကျောင်း ဆက်တက် လို့ မရတော့ဘူး လေ ။ အမေ က ကျန်းမာရေး မကောင်းတော့ ဈေး မရောင်း နိုင်တော့ဘူး ကိုကို ”
သူ့ ဘဝ အခက်အခဲတွေ ကို တကယ် ဆိုရင် အခု သူ ပြောနေ တာ ထက် ကို ကျွန်တော် က ပို သိထားခဲ့ သူ တစ်ယောက် ။ အင်း ... ပြောမဲ့ သာ ပြော ရတာပါ ။ သူ နဲ့ ကျွန်တော် က သိပ်တော့ မထူးလှပါဘူး ။ ကျွန်တော့် ကျောင်းစရိတ် ကို တဖြည်းဖြည်း နဲ့ အမေ တစ်ယောက် ထဲ မရှာ နိုင် တော့ဘူး တဲ့ ။ ဒီနှစ် အစ မှာ ထဲ က ငွေကြေး ပြည့်စုံတဲ့ ကျွန်တော် တို့ မြို့ က မြို့မျက်နှာဖုံး သူဌေး ဦးလေးဦးဝင်း က ပညာဒါန ကုသိုလ် ယူခဲ့ တာတဲ့ ။ ဒီ အကြောင်း ကို ကျွန်တော် တောင် သိတာ မကြာသေးဘူး ။ အမေ က မပြော မဖြစ်တဲ့ အချိန် ကျ မှ မင်း သိအောင် ပြောတာ လို့ လည်း ပြော သေးတယ် ။
စတုတ္ထနှစ် အစပိုင်း လောက် ကတည်း က လို့ အမေ က ပြောပြ တယ် ။ သူဌေးဦးဝင်း က ရန်ကုန် မှာ လည်း တိုက် တစ်လုံး ထပ် ဝယ် ထား တယ် တဲ့ ။ ဒါလည်း အမေ ပြော ပြလို့ပဲ သိရတာ ။ နွယ်လေးခင် ကို တော့ ကျွန်တော် က သိသိ ချင်း ပဲ ပြော ပြဖြစ်တယ် ။
“ ကိုကို ကံကောင်းတယ်ကွာ ”
လို့ သူ့ ထုံးစံအတိုင်း ပွင့်ပွင့် လင်းလင်း သုံးသပ်ခဲ့တယ် ။
“ အောင်စာရင်း ထွက်ပြီးရင် ရန်ကုန် ကို ဆင်း လာပါဦး လား ခင်လေး ”
ကျွန်တော် က သူ့ ကို မျှော် ဖြစ်အောင် မျှော် လိုက် သေးတာ ။
“ သိပ်တော့ မျှော် မနေနဲ့ဦး ကိုကို ၊ အင်း .. ခင်လေး လာဖြစ် မယ် မထင်ပါဘူး ကိုကို ရာ ”
“ ကိုယ် လည်း အမြန်ဆုံး ကျောင်း ပြီး ချင်ပါပြီ ၊ သူများတွေ လို ပေါ့ပါးချင် လို့ ”
ကျွန်တော့် စကား ကို ကြားတော့ သူ က ပြုံးစစ နဲ့ လုပ်လိုက်သေး တာ ။ ခါတိုင်းလို တော့ ပေါ့ပေါ့ပါးပါး အပြုံး မဟုတ်ဘူး လို့ ထင်တာပဲ ။
“ ပေါ့ပါးပြီ လို့ ကိုကို က ထင်လို့လား ၊ ခုမှ ပို လေးတော့ မှာ ကိုကို ရဲ့ ”
သူ့ မျက်နှာ ပေါ် မှာ အရင် က လိုတော့ လွတ်လပ် ပေါ့ပါးမှု အရိပ်အယောင် တွေ မရှိတော့ သလိုပါပဲ ။ ငါးပိချက်မ ဆိုတဲ့ ကောင်မလေး တစ်ယောက် အမည် နဲ့ မလိုက်အောင် လေးနက် တည်ငြိမ်နေ လိုက်တာ ။
“ ခင်လေး ပြန် ရောက်တာနဲ့ အမေ့ ကို နားခိုင်းပြီး ဆေး ကုရဦး မယ် ၊ အမေ့ အထည်ဆိုင်လေး ကို ခင်လေး ကိုယ်တိုင် ပဲ ရောင်းမယ် ကိုကို ၊ ဆိုင် ကို ပြန် ဦးစီး မှ ဖြစ်တော့မယ် ။ အငယ် နှစ်ကောင် ကျောင်း စရိတ် က ခင်လေး တာဝန် ဖြစ်သွားပြီ ”
“ အင်း ... ဟုတ်ပါတယ်ကွာ ”
ကျွန်တော့် အမေ က ပြော ပြထားလို့ “ နွယ်လေးခင် တို့ အမေ က ကျန်းမာရေး မကောင်းရှာဘူး ကွယ် ” ဆိုတဲ့ စကား ကို သိ ထား ခဲ့တာကြာပြီ ။
“ ဖိုက်တင်းပါ ချစ်သူ ”
သူ့ ခေါင်း ပေါ် ကို ထုံးစံ အတိုင်း ကျွန်တော့် လက် ကို တင် လိုက် ပြီး နှစ်သိမ့် အားပေး မိပြန်တော့ အရင် လို နောက်တီး နောက်တောက် စကား ကို သူ မသုံးတော့ ။
“ ဟုတ် ကိုကို ”
လို့ ဒီ တစ်ခွန်းပဲ သူ ပြန် ပြောပြီး မျက်နှာ ကို ကျွန်တော် မမြင် အောင် တစ်ဘက် ကို လွှဲ ပစ် လိုက် တာရော ။ ပြီးတော့ သူ မျက်ရည် ဝဲ နေမှန်း ရော ကျွန်တော် သိ တာပေါ့ ။ ကျွန်တော် လည်း ရထား ထွက်ဖို့ အချိန် နီး နေပြီ ဖြစ်လို့ အချက်ပေး နေတဲ့ အသံ ကို ကြား နေရပြီ ဗျာ ။ ဒါ ဟာ ကျွန်တော် နဲ့ ချစ်သူ ကို ခွဲခွာဖို့ အချက် ပေးတဲ့ အသံ ပါ ။
ကျွန်တော့် ရဲ့ လက်ဖဝါး အစုံ ကို သူ့ လက်ဖဝါး လေး နှစ်ဘက် နဲ့ လာ ထိပြီး နှုတ်ဆက် တဲ့ အပြုအမူ တစ်ခု ကို လုပ်တော့ သူ့ ရဲ့ လက်ဖျား လေးတွေ က အေးစက် လို့ ပါလား ။ ပြီးတော့ ပြော သေးတယ် ။
“ ကိုကို ခင်လေး တို့ ကျောင်းဘက် ကို လာ နေရတဲ့ အချိန် တစ်ခု အတွက် တော့ စာတွေ ပို ကျက်နိုင်တော့မှာ ပါ ”
ငိုမဲ့မဲ့ ဖြစ်နေတဲ့ မျက်နှာလေး ကို စ ချင်သလိုတောင် ဖြစ်သွား တယ်ဗျာ ။ ဒါနဲ့ပဲ
“ နောက်ထပ် ရည်းစား အသစ် တစ်ယောက် ထပ် ထားဖြစ်ရင် ကော ... ”
“ အကျင့်ပုတ်ကြီး ”
သူ စိတ် ဆိုးရင် ကျွန်တော့် ကို ခေါ်နေကြ အတိုင်း ခေါ်ရင်း ရထားတွဲ ပေါ် တက် သွား လေပြီ ။ ငါးပိချက်မ ထိုး ခဲ့တဲ့ မျက်စောင်းကြီး က ချစ်စရာ ။ ဒါမှ နွယ်လေးခင် အစစ် ရဲ့ မျက်နှာ ။
••••• ••••• ••••• •••••
အခန်း ( ၅ )
သူ့ အိမ် ကို ပြန် သွားပြီး ကတည်း က တစ်ခါမှ ဖုန်း မဆက် ဘာ မဆက် နဲ့ ငါးပိချက် တစ်ယောက် နေမှ ကောင်းရဲ့လား ဆိုတာ သိချင် မိ ပြန်ရော ။ သူ ရေး ပေးခဲ့တဲ့ ဖုန်းနံပါတ် တစ်ခု ကို ဆက် ကြည့်တော့ သူတို့ အထည်ဆိုင် ဘေး က စခသ အများသုံး တယ်လီဖုန်း ဖြစ် နေတယ် ။ ခဏ ကြာတော့မှ သူ ဖုန်း လာကိုင်တယ် ။
“ ဟဲလို ”
“ ဘာ ခုမှ ဟယ်လို လဲ ။ ပြန် ရောက်တာ ဖုန်း တစ်ခါ တောင် မဆက်ဘူး ။ နေ ကောင်းရဲ့ လား ၊ အဆင်ကော ပြေရဲ့လား ၊ ကျွန်တော်မျိုး ကြီး က စိတ် ပူလို့ပါ ခင်ဗျား ”
“ ပြေပါတယ် ကိုကို ၊ အမေ့ အထည်ဆိုင် က ခင်လေး ထင်သလို သေးသေးလေး မဟုတ်ဘူး ကိုကို ရဲ့ ၊ အမေ ကဆိုင် ထဲ ကို ပစ္စည်းတွေ အတော် ရင်းနှီး ထားတာပဲ ။ ဆိုင် ကို မြင် လိုက်ရတော့ ခင်လေး ဈေး ရောင်းဖို့ အားတွေ ရှိ သွားမိတယ် ။ အစပိုင်း တစ်ရက် နှစ်ရက် တုန်း ကတော့ ဈေး ရောင်း ရမှာ ရှက် နေ သလိုကြီး နောက်တော့ ပိုက်ဆံတွေ ရ လာတာ မြင် ရတော့ ခင်လေး ပျော် လာတယ် ။ ကိုကို ရော နေကောင်းရဲ့ လား ”
“ နေတော့ ကောင်းပါတယ် ”
“ ဘာက မကောင်းလို့လဲ ”
“ အဆောင် က နေ အပြင် ကို ပြောင်း နေပေးရမယ် တဲ့ ”
“ ဟင် ... ဘယ်ကိုလဲ ကိုကို ”
သူ စိတ်ပူပန် သွားသည့် အသံမှန်း က အထင်အရှား ။
“ ကို တို့ မြို့ က သူဌေးဦးဝင်း လေကွာ ၊ တို့ ကို ကျောင်း ထားပေး
တဲ့ သူဌေး လေ ၊ ရန်ကုန် မှာ တိုက် တစ်လုံး ဝယ် ထားတယ် လို့ ကို တစ်ခါ က ပြော ဖူးတာ မှတ်မိသေးလား ”
“ အင်း ... မှတ်မိတယ် ကိုကို ”
“ အဲဒီ တိုက် မှာ ... ကို ပြောင်း နေပြီး ကျောင်း တက် ရမှာ ၊ ကို ကျောင်း တက် ဖို့ အဆင်ပြေ အောင် ကား ရော ဒရိုင်ဘာ ရော အဆင့် သင့် လုပ်ထားပြီး မှ ဦးဝင်း က အသိပေးတာ ခင်လေး ရဲ့ ”
“ ဟား ... ကိုကို က ကံကောင်း လိုက်တာ သူဌေးဦးဝင်း ကို တော့ ဒီ မြို့ မှာ ရှိနေတာ တွေ့ရတယ် ကိုကို ရဲ့ ။ သူ က ရန်ကုန် မှာ အမြဲ မနေ လောက်ဘူး ထင်တယ်နော် ကိုကို ”
“ သုံးလေးလ မှ တစ်ကြိမ် လာ တတ်တယ်တဲ့ ခင်လေး ရဲ့ ”
“ တော်သေးတာပေါ့ ကိုကို ရယ် ၊ ခင်လေး ကို အမေ က ပြောပြ တယ် ၊ ကိုကို့ ရဲ့ အမေ က ကိုကို့ ကို ဆရာဝန် ဖြစ်တဲ့ အထိ ကျောင်း ဆက် မထားနိုင်မှာ အရမ်း စိုးရိမ် နေတာ တဲ့ ။ ဟို တစ်နေ့ က အမေ့ ဆီ ကို ကြီးကြီး လာ သေးတယ် တဲ့ ။အမေ့ ကျန်းမာရေး အခြေအနေ ကို လာ မေး တာလေ ကိုကို ”
သူ့ အမေ ကျန်းမာရေး ဆို မှ သတိ ရ သွားမိတယ် ။ ခင်လေး သိ ရင် စိတ် မကောင်း ဖြစ်မှာ ။ ဒေါ်လေး ၏ နှလုံးရောဂါ အခြေအနေ ကို ကျွန်တော် သိ နေပေမယ့် သူ့ ကို မပြောရက်သေး ။ အမေ က ခင်လေး မသိ သေးဘူး လို့တော့ ပြောဖူးတယ် ။ ဒေါ်လေး ရဲ့ နှလုံး က အဆို့ရှင် ကျယ်နေ တာ တဲ့ ။ အမေ က ပြော ပြတော့ ကျွန်တော် စိတ် ပူမိတယ် ။
“ ဟုတ်ပါရဲ့ ဒေါ်လေး အခြေအနေ ရော သက်သာ ရဲ့ လား ”
ကျွန်တော့် အမေ ကို သူ က ကြီးကြီး လို့ ခေါ် သလို ၊ သူ့ အမေ ကို ကျွန်တော် က ဒေါ်လေး လို့ ငယ်စဉ် က အတိုင်း ပဲ ခေါ် ခဲ့ကြတာဗျ ။
“ သက်သာပါတယ် ကိုကို ၊ နှလုံးသမား ဆိုတော့ သက်သောင့် သက်သာ ပဲ နေရင် အဆင် ပြေမှာပါ ။ အမေ့ ကို အခု အိမ် မှာ ပဲ နေ ခိုင်းပြီး အထည်ဆိုင် ကို ခင်လေး ပဲ ထွက် ရောင်း နေတာ ။ အဆင် ပြေတယ် ကိုကို ရေ ။ စာရင်း နဲ့ အင်း နဲ့ လုပ် ရတော့မယ် ။ ပိုက်ဆံ ရှာ နေနိုင်ပြီ ဆိုတော့ အရင် လောက် တော့ စိတ် မပူတော့ပါဘူး ကိုကို ရေ ”
သူ ကျောင်း ပြီး လို့ ပြန် လာတဲ့ အချိန်က သူ့ အမေ ရဲ့ အထည်ဆိုင် ကို အထည် အသစ် တွေ အများကြီး ထပ် ဖြည့်ထားတဲ့ ကိစ္စ ကို တော့ အမေ ပြော ပြ ထားလို့ ကျွန်တော် သိ နေပေမယ့် သူ့ ကို မပြောပြတော့ဘူး ။ သူ သိ မှာ မဟုတ်ဘူး ဆိုတာတော့ သေချာတယ် ။
“ ဒါမှ ငါပိချက်မ အစစ်ကွ ”
“ စီးပွားရေးလုပ်ငန်းရှင် လို့ တော့ ပြောလိုက်တော့ ကိုကို ရာ ”
“ အေးပါ ... အေးပါ ၊ အော် .. ကို ဖုန်းဆက်တဲ့ အဓိက အကြောင်းရင်း ကို ပြောဖို့ ကျန် သေးတယ် ။ မနက်ဖြန် အမေ ရန်ကုန် လာ မယ် ။ ကိုကို အိမ် ပြောင်းပေးဖို့ လာ စီစဉ်မှာလေ ။ အန်ကယ်ဦးဝင်း က အလုပ် မအားလို့ ရန်ကုန် မလာဖြစ်သေးဘူး တဲ့ ”
“ ဟုတ်မယ် ကိုကို မနေ့က မနက်ခင်း ခင်လေး ဈေး ထွက်နေ တုန်း က အမေ့ ဆီ ကို လူမမာ လာ မေးတယ် တဲ့ ၊ ဆေးဘိုးဝါးခ လို ရင်လည်း အားမနာ နဲ့ တစ်မြို့တည်း သားချင်းတွေ ပဲ ကူညီမယ် အဆင်သင့်ပဲ လို့ ပြော သွားသတဲ့ ကိုကို ရေ .. အတော် ချမ်းသာပြီး စိတ်ကောင်း လည်း ရှိ
တယ် နော် ”
ဦးလေးဝင်း နဲ့ သူ နဲ့ တရင်းတနှီး မရှိသေးဘူး လို့ ကျွန်တော် ရိပ် မိပါတယ် ။
“ သူ့ လုပ်ငန်းတွေ က အတော် အောင်မြင်နေတာ ခင်လေး ရဲ့ ။ သူ့ ဇနီး ဆုံးပြီးတဲ့ နောက်ပိုင်း သူ့ သားသမီးတွေ လည်း အကုန်လုံး နိုင်ငံခြား မှာ ပဲ ကျောင်း တက်ကြ ၊ အလုပ် လုပ် နေကြတာ တဲ့ ”
“ အမေ လည်း ပြောဖူးတယ် ၊ ခင်လေး တော့ သူ ခင်လေး တို့ အိမ် လာတိုင်း မဆုံဖြစ် သေးတော့ မရင်းနှီးဘူး ”
“ ဟုတ်လား .. သဘော ကောင်း တဲ့ လူကြီး တစ်ယောက် ပါ ”
“ ကိုကို ရေ .. ဈေး ဝယ်သူတွေ လာ နေပြီ နောက် မှ ဆက်တော့ မယ် ... တာတော့နော် ”
ပြောပြောဆိုဆို နဲ့ ဖုန်းခွက် ကို ခွပ်ကနဲ မြည်အောင် ချ သွားပေ
••••• ••••• ••••• •••••
အခန်း ( ၆ )
ကျွန်တော့် ရဲ့ ကျောင်း က စာမေးပွဲတွေ ဆက်တိုက် ဖြစ် နေတဲ့ အချိန် မှာ ကျွန်တော့် အတွက် အစစ အရာရာ လိုအပ်ချက် မရှိအောင် လုပ် ပေးကြဖို့ ထမင်းချက်ဒေါ်ကြီး နှင့် ဒရိုင်ဘာဦးလေးကြီး ကို သူဌေး က မှာထားတဲ့ အကြောင်း သိရတယ် ။ ကျေးဇူးပါ ဗျာ ။ မနေ့ ည က ဆိုရင် အန်ကယ်ဦးဝင်း ကိုယ်တိုင် ဖုန်း ဆက် သေးတာ ။
“ လူလေး ကိုကိုအောင် ၊ မင်း စာမေးပွဲ ဖြေ နေတဲ့ ရက်တွေ အဆင်ရော ပြေရဲ့လား ” တဲ့ ။
“ ဟုတ်ကဲ့ ပြေပါတယ် ခင်ဗျာ ၊ ဦး ရဲ့ ကျေးဇူးတွေ ကြောင့် ”
ကျွန်တော့် စကား ကို ပြီးအောင် ပြောခွင့် မပေးဘူး ။
“ ကိစ္စမရှိဘူး ငါ့တူ ဦးလေး လည်း ပညာပါရမီ ကုသိုလ် ရတာ ပေါ့ ။ ကျေးဇူး စကားတွေ နောက် မပြောနဲ့ ကွာ ။ မင်း သာ ဆရာဝန် မဖြစ် ဖြစ်အောင် လုပ်ပါ ။ တို့ မြို့လေး က ဆရာဝန် ပေါ်ပေါက်လာတယ် ဆိုတဲ့ ဂုဏ် ကို ယူချင်လွန်း လို့ပါ ကွာ ။ ငွေ ရှိတိုင်း ဆရာဝန် ဖြစ်အောင် လုပ်နိုင် တာ မဟုတ်ဘူး လူလေး ရဲ့ ”
ကျွန်တော် ပြောချင်တဲ့ စကား ၊ မေးချင်တဲ့ အကြောင်းများ မေးခွင့် မရ ။
“ မင်း စာကျက် ပျက်မယ် လူလေး ရာ ၊ လေးလေး ဖုန်း ချ လိုက်ပြီ ”
လို့ စကား အဆုံးသတ် ကာ ဖုန်း ချသွားရော ဗျာ ။ သိချင် နေတဲ့ အကြောင်းအရာ များစွာ ကို မေးခွင့် မရပြန်ဘူး ။ စာမေးပွဲ မတိုင်ခင် က တည်း က ငါးပိချက်မလေး နဲ့ ကျွန်တော် ဖုန်း အဆက်အသွယ် မရဘူး ။ သူ့ အမေ ရောဂါ လည်း ပြန် ဖောက်တယ် ဆိုလား ကြား မိ လိုက်သလိုပဲ ။ စာ ပြီးရင်း စာ ဖြစ်နေရတဲ့ အချိန် မို့ မတတ်သာခဲ့ပြန်ဘူး ။
ကျောင်း ပြီးခါနီးလေလေ နေ့ရက်တွေ က ပို ခြောက်သွေ့ လေ လေပါပဲ ။ ဘာတွေမှန်း တော့ မသိဘူး ။ ကျွန်တော့် ကို တခြား ကမ္ဘာ တစ်ခု ကို ပို့ ထားသလို မျိုးကြီး ခံစား နေရတယ်ဗျာ ။ ဒီ စာမေးပွဲ ရက်တွေ က ပဲ ရှည်ကြာ လွန်းတာကြီး ကြောင့် များ လား ။
••••• ••••• ••••• •••••
အခန်း ( ၇ )
ငွေ ဆိုတဲ့ အရာ က ကျွန်တော့် ကို ဆရာဝန် တစ်ယောက် ဖြစ်စေ ခဲ့တယ် ။ ငွေ ဆိုတဲ့ အရာ က နွယ်လေးခင် အမေ ရဲ့ နှလုံးရောဂါကြီး ကို အသက် ဆက် ရှင်ဖို့ အခွင့်အရေး ပေးခဲ့တယ် ။ ငွေ ဆိုတဲ့ အရာ က မပြည့် စုံတဲ့ မိခင် မုဆိုးမ နှစ်ယောက် ရဲ့ မိသားစု ဘဝ လိုအပ်ချက်တွေ ကွက်လပ်တွေ စားဝတ်နေရေးတွေ ကို ပြေလည် စေခဲ့တယ် ။
ဒါပေမဲ့ အဲ့ဒီ ငွေ ဆိုတဲ့ အရာကြီး နဲ့ ကျွန်တော် ချစ် ရတဲ့ ချစ်သူ နွယ်လေးခင် ကို အန်ကယ်ဦးဝင်း သိမ်းပိုက် ခဲ့တာ လေ ။ ဘယ်သူ ငြင်း မှာလဲ ။ သူ က ဘယ်တော့မှ ကျွန်တော့် ကို ခွင့်မလွှတ်ဘူး ဆိုရင်တောင် သူ့ ကို ကျွန်တော် နားလည် နိုင်ပါတယ် ။ ကျွန်တော် ဆရာဝန် ဖြစ်ဖို့ အတွက် ၊ သူ့ အမေ အသက် ဆက် ရှင်နိုင်ဖို့ အတွက် ၊ သူ ရဲ့ မောင်လေး နဲ့ ညီမလေး ကို ပညာရေး အထောက်အပံ့ ကောင်းတွေ ပေးနိုင်ဖို့ ။ သူ ပေးဆပ် လိုက်ရတာ နဲ့ တန်အောင် သူ့ ဘဝ တစ်လျှောက်လုံး ပြည့်စုံတော့ မှာ ပါ ။ ပြီးတော့ သူ ဝါသနာ ပါ တဲ့ အနုပညာပစ္စည်းတွေ ကို လည်း လို လေသေး မရှိ ဖြည့်ဆည်း ပေးမှာပါ ။
သူ ဟာ ကျွန်တော့် အတွက် အသန့်ရှင်းဆုံး အစွန်းအထင်း မဲ့ တဲ့ ချစ်သူ တစ်ယောက် ဖြစ် ခဲ့တာပါ ။ သူ့ ဆီ မှာ လည်း ကျွန်တော့် လို ပဲ ထပ်တူမျှ တဲ့ ခံစားချက်တွေ ရှိနေမယ် ဆိုတာ အကြွင်းမဲ့ ယုံကြည်တယ် ။ သူ နဲ့ ကျွန်တော့် ကြား မှာ ဆက်ပြီး ရှင်သန် နိုင်တဲ့ အချစ် တစ်ခု တော့ မွေးဖွား ဖြစ်လိမ့်မယ် ။ အဲ့ဒီ အချစ် က တစ်အူတုံ ဆင်း မောင်နှစ်မ အရင်း လို အပြစ် ကင်းသန့် တဲ့ ချစ်ခြင်းရနံ့ နဲ့ ပါဗျာ ။
◾ခင်လေး ( ပြည်ထောင်စုနယ်မြေ )
📖 နှလုံးသားဖြင့် စီရင်သည်
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment