Tuesday, September 19, 2023

ကယ်နိုင်လျှင် ကယ်ကြပါ ( ၄ )


 အလွန် အေးသော ဦးညိုမြ ထိုမျှ ဒေါသကြီး သည် ကို ကျွန်တော် ဒီ တစ်ခါ သာ မြင်ဖူးပါသည် ။ စင်စစ် ဦးညိုမြ အပြစ်လား ဆိုတော့ .. သူ့ အပြစ် လား ဆိုတော့ .. ကျွန်တော်သည် တွေးမိတိုင်း မျက်ရည်တွေ သာ တဖြန်းဖြန်း ကျမိပါ တော့သည် ။ အမှန်သော် ဦးညိုမြ သည် စိတ်ညစ် ခံနေစရာ မလိုပါ ၊ ဂြိုဟ်ကောင် ကျွန်တော့် ကို အလုပ် မှ ထုတ်ပယ် ပစ် လိုက်လျှင် အိုးဝေတိုက်ကြီး လုံးဝ ငြိမ်းချမ်းရေး ရမည် မှာ သေချာပါသည် ။ သို့သော် လူ တစ်ဖက်သား ကို ညှာတာစိတ် ထား တတ်သော ဦးညိုမြ က ကိုယ့်လူ ထွက်တော့ ဟေ့ ... ဟု မပြောရက်ရှာပါ ။ ကျွန်တော် က လည်း ဤတိုက် မှ ကိုယ့် သိက္ခာ ကိုယ် ရိုသေကာ ထွက်လိုက်ဖို့ ကောင်း၏ ။ သို့သော် ဤလို ကျွန်တော့် ဒဏ် ကို ကြိတ်မှိတ် ခံနိုင်သော တိုက်မျိုး ဤ ကမ္ဘာ တွင် သာ မဟုတ် ၊ ဤ စကြဝဠာ တစ်ခွင် တွင် တွေ့နိုင်မည် မဟုတ် ၊ ကုတ် နဲ့ ကော်ထုတ် ၊ ရိုက်ထုတ် ၊ သံကြိုး နဲ့ ခတ်ပြီး ဆင် နဲ့ ဆွဲထုတ် ၊ ဘယ်လိုနည်းနဲ့ ပဲ ထုတ်ထုတ် ၊ မျှော့တွယ် သလို တွယ်နေမည် သာ ဖြစ်ပါသည် ။ ထို့ကြောင့် လည်း ဤ ပြဿနာ မှာ ရှင်းရှင်း နဲ့ ရှုပ်ပြီး ကာယိက ဒုက္ခ - စေသိကာ ဒုက္ခတွေ ပွေ နေခြင်း ဖြစ်တော့သည် ။ ကျွန်တော် လည်း ဆရာ စိတ်ချမ်းသာ အောင် တစ်နည်း ဖန်ဦး မှ ဖြစ်တော့ မည်ဟု တွေး ၍ ... 


“ ဆရာရယ် ... စိတ် မညစ်ပါနဲ့ ... ကျွန်တော့် ကြောင့် ဆရာ နဲ့ တကွ အိုးဝေတိုက် ရဲ့ ဂုဏ်ကျက်သရေတွေ ယုတ်ကုန်ပြီ ဆိုတာ ကျွန်တော် သိပါ တယ် ။ နောင် ကို ကျွန်တော် မမှားစေရဘူး လို့ ပြောရင် ဆရာ လည်း ယုံမှာ မဟုတ်တဲ့ အတွက် ... နောင် မှားရင် ကျွန်တော့် လစာငွေ ကို ဖြတ်တောက်ပြီး ဒဏ် တပ်ပါတော့ ... ကျွန်တော် ပြောလိုပါတယ် ဆရာ ရယ် .. ၊ အမှားကြီး ရင် ကြီး သလို ... တစ်ခါ မှား ငါးကျပ် က နေ ပြီး .. ဆယ့်ငါးကျပ် အထိ ဒဏ် တပ်ပါတော့ ဆရာ ရယ် ” 


ဟု အနူးအညွတ် တောင်းပန် ပြောဆို ရပါတော့သည် ။ စိတ် မသက်မသာ ဖြစ် နေသော ဦးညိုမြ လည်း ခေတ္တမျှ တွေ စဉ်းစား ပြီး နောက် ... 


“ အေး .. ကောင်းတယ် ... ကောင်းပေတယ် .. မင့် စကား သာ မင်း မမေ့နဲ့ ... ကောင်းတယ် ” 


ဟု မိန့်ကြားလေပါသည် ။ 


ဦးညိုမြ က ကောင်းမှာပေါ့ ဗျာ ၊ သူ လည်း ပညာရှိ လူပါးကြီး ပဲ ၊ ဒီလောက် လက်ရေး ဆိုးပြီး အမှားများ တတ်တဲ့ ကောင် ဒဏ်ငွေ ကြောင့် တိုက် က လစာ မပေးရတော့မယ့် အပြင် ငနဲ က ပင် အပြင် မှာ ငွေရှာ စိုက်ရဦးမည် မှာ မုချ သေချာသည် ဟု ကျိန်းသေ နား လည်ပြီး ပေ ကိုး ။ ဒီတော့ တိုက် က လစာ ပေးရသော ငွေ သက်သာ သွားရုံ မက အပိုပင် အမြတ် ထွက် နိုင်မယ် ဆိုတော့ ကျွန်တော့် အစီရင်ခံချက် ကို ပညာရှိ လူပါးကြီး ကြိုက် ပေမပေါ့ ။


ထို့နောက် အတွေးသမား အငေးသမားကြီး ဖြစ်ကာ ၊ မှိုင်ပုံတော်ချ သော ဦးညိုမြ သည် ပြန်လည် ကျန်းမာ ပျော်ရွှင် လာသည် ကို တွေ့ရပါလေ သည် ။ ကျွန်တော် လည်း ကိုယ့် စကား နဲ့ အညီ ဒဏ် ထိတော့မည် ဖြစ်၍ မန်ကျည်းစေ့ ၊ ဒူးရင်းစေ့ကြီးများ တမျှ ကြီးမားစွာ ရေးသား ထားသော ကိုယ့် ဆောင်းပါး သတင်းကော်ပီများ ၊ သတင်းခေါင်းစဉ်များ ၊ ဓာတ်ပုံစာများ စသည် တို့ကို ပထမ အထပ်ထပ် မှန်ဘီလူး နှင့် ကြည့်၍ အမှား ရှာ ၊ ထို့နောက် ဒုတိယ အဆင့် စာစီ ပြီး သမျှ ကို မှန်ဘီလူး နှင့်ပင် အကြိမ်ကြိမ် ပရု ပြင် ၊ တတိယ အဆင့် လည်း စက်တင်မယ့် ဆဲဆဲ ၊ မှန်ဘီလူးကြီး အားကိုး ၍ ပင် အဖန်ဖန် ကြည့်ရှု စစ်ဆေးရပါသည် ။ သို့ကလို ကြည့်ပြီး နောက် တစ်နေ့ သတင်းစာ ထွက် လာသော အခါ ဦးညိုမြ က တိုက်စရိတ် သက်သာအောင် စေတနာ ထား ၍ မှန်ဘီလူးကြီး တကားကား နဲ့ အမှား ရှာ လေပါသည် ။ အဲဒီလို ကျွန်တော် အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ကြိုးစားတာ တောင် မှ ကျွန်တော့် လခ ဟာ အပြည့် ရတယ်ပဲ ရှိပါဘူး ။


တောက် .. တွေးလိုက်တိုင်း မျက်ရည် ကျ သဗျ ။ ဖော်ပြခဲ့သည့် အတိုင်း ကျွန်တော့် ဘဝ အကျိုးပေး မကောင်းသမို့ လက်ရေး ဆိုး ပြီး ခံစားရတဲ့ ဒုက္ခ ဝေဒနာတွေ ၊ စိတ် နာကျင်မှု -ကိုယ် ၏ နာကျင်မှု ဒုက္ခသစ္စာတွေ ကို တတ်နိုင်သမျှ သရုပ်ဖော် လှစ်ဟ ခဲ့ရာ၌ အချို့အချို့သော စာရှု ပရိသတ် တို့ က ပိုလွန်းလှတယ် ၊ သည်းလွန်းကဲလွန်းလှတယ် လုပ်ကြံ ရေးတယ် ဟု ထင်ကောင်း ထင်ကြပါ လိမ့်မည် ။ ဒါကို ကျွန်တော် က မယုံကြပါရင် ဦးညိုမြ သာ မေးကြည့်ကြပါတော့ ဟု ပဲ ပြောချင်ပါတော့သည် ။ ကျွန်တော့် ဆရာ ဦးညိုမြ ဟာ မသေသေးပါ ။ ယနေ့ အိုးဝေတိုက် သို့ သွား ကြည့် လျှင် မှုန်ဝေဝေ မျက်နှာကြီး နှင့် ဦးညိုမြ အား ငုတ်တုတ်ကြီး ငိုင်နေသည် ကို ( အဲလေ ) ထိုင်နေ သည် ကို တွေ့မြင်နိုင်ကြပါသည် ။ ထို့ပြင် ဆရာဇဝန အား လည်း အရက် တို က်၍ မေးကြည့် နိုင်ကြပါသည် ။ ဒီကောင် သက်သေ ထူတာ ကလည်း လူကောင်းချည်း ပဲ ဆိုလည်း တတ်နိုင်ဘူးပ ။


ဦးညိုမြ က တိုက်စရိတ် သက်သာအောင် ကြိုးစားပမ်းစား စေတနာ ထား၍ မှန်ဘီလူးကြီး နှင့် အမှား ရှာနေစဉ် ကျွန်တော် လည်း အမှား တွေ့ က ဆင်ခြေ ပေးနိုင်အောင် မနက်တိုင်း သတင်းစာ ကို မှန်ဘီလူး အားကိုး၍ ကိုယ့် ဘာသာ အမှား ရှာ ရပါသည် ။ ထိုသို့ အားကြိုးမာန်တက် အမှား ရှာနေစဉ် တစ်နေ့ ကျွန်တော့် မှန်ဘီလူး အောက် ၌ မယုံကြည် နိုင်စရာ ကြော်ငြာ တစ်ခု သည် ထင်းခနဲ ဘွင်းခနဲ ပေါ်လာပါ တော့သည် ။ မယုံနိုင်သမှ ဘယ်နည်းနှင့် မျှ မယုံနိုင်စရာပါ ။ ထို ကြော်ငြာ တွေ့သောအခါ ကျွန်တော် သည် စိတ် ၏ ထိခိုက်မှု ကိုယ် ၏ ထိခိုက်မှု ဒဏ် သည် ရုတ်တရက် ပြင်းထန်စွာ တက် ဆောင့် ပြီး ၊ ခေတ္တမျှ မတ်တတ် သေသွားသည်ဟု ပင် ထင်မိပါတော့သည် ။ ဟယ် ... ကိုယ်ကျိုးကြီး နည်းပါပေါ့ကလား ။ ကျွန်တော် သည် ထို ကြော်ငြာ တွက် ရင်တွင်း ၌ စက်သေနတ် ပစ်ကာ မျက်လုံးများ ပြာဝေလျက် က ပင် ထပ်ကာ ထပ်ကာ မှန်ဘီလူး နှင့် ကြည့်မိ ပါသည် ။ သို့ အထပ်ထပ် ကြည့်လည်း ကြော်ငြာ စာလုံးကလေးများ သည် ပြောင်းရွှေ့ မသွားဘဲ ပြုံးဖြဲဖြဲကလေး ပင် ကရော် တိုက် ၍ မူလအ တိုင်း ပေါ်နေလေပါသည် ။ ထို ကြော်ငြာ တွေ့ပြီး တစ်ထိုင် တည်း ပင် မိန်းမတွေ ကို ကျွန်တော် တော်တော်ကြီး စိတ်နာ သွားမိပါသည် ။ မိန်းမတွေ ဟာ လှလေ ရက်စက်လေပဲလား ။ ကျွန်တော် သည် ထို ကြော်ငြာ တွေ့ ပြီး အသည်းဟက်ဟက် ကွဲ ကာ တခြမ်းပဲ့ သွားခဲ့ပြီတကား ။


ထို ကြော်ငြာအကြောင်း ကို ပြောရမှာ ယခုတိုင် ရင် နင့် လှပါသည် ။ မျက်ရည် စို့ လှပါသည် ။ ကျွန်တော့် ချစ်သူ ပုလိပ်ရင်သွေး လှလှသန်းကလေး သည် အကြောင်းမကြား ဘာမကြား နှင့် လူ တစ်ဦး နှင့် စေ့စပ် လိုက်လေပြီ တကား ။


အချစ်ကလေး ရယ် ... ဘယ့်နှယ် လုပ်လိုက်ပါလိမ့် ၊ ဘယ့်နှယ် ဖြစ်ကုန်ပါလိမ့် ဟု ကျွန်တော် ငိုညည်း ကာ ကမ္ဘာ ပျက်၍ ထိတ်လန့်တကြီး ပြေးသော သားကောင် ၏ ခြေလှမ်းမျိုး ဖြင့် သူကလေး စံရာ ရဲဌာန သို့ အပြင်း နှင်ရပါ တော့သည် ။ သူကလေး ဆီ ပြေးသည် ဆိုသော်လည်း အမှန်သော် တိုက်ရိုက် သွားရဲသည် မဟုတ်ဘဲ သူကလေး ထံ တစ်ဆင့် စာသဝဏ် ပါး ရသော ရဲဆာဂျင် ကတော် အဒေါ်ကြီး ထံ သွားရခြင်းဖြစ်ပါသည် ။ ကျွန်တော် လည်း အဒေါ်ကြီး ကို တွေ့လျှင် မောကြီးပန်းကြီး ပင် .. ။


“ ဘယ်နှယ့် ဖြစ်ကုန်တာလဲဗျ .. ၊ ဘယ့်နှယ် ဖြစ်ကုန်တာလဲဗျ .. ”  


အဒေါ်ကြီး က မူ မထုံတေတေး ရွှေမြိုင် ဗော့ဖြူးလေး ခဲ ၍ ... 


“ ဘာဖြစ်ရမှာလဲ ဟဲ့ ... ” 


“ အောင်မယ်လေး .. ဒုက္ခပါပဲ  ၊ ဘာဖြစ်ရမှာလဲဗျ ... ဒီနေ့ သတင်းစာ မှာ ပါတာ မတွေ့ဘူးလားဗျ ... ခက်တော့တာပါပဲ ” 


ဟု ကျွန်တော် က အားမလို အားမရနှင့် အဒေါ်ကြီး ကို ကိုင်ဆောင့်မိ မတတ် ဒေါသ ထွက်မိ၍ အော်ကြီးဟစ်ကြီး ပြော မိပါတော့သည် ။ ဤတွင်မှာ အဒေါ်ကြီး လည်း မျက်လုံးကလေး တစ်ချက်မျှ လန် ကြည့်ပြီး ... 

“ ဪ ... ဪ .. ဒါလား ... ဒါ ဘာဖြစ်သလဲ ၊ ကောင်မလေး အပြစ်မှ မဟုတ်ဘဲ .. ၊ ကောင်မလေး ကို သူ့ မိဘ က အခု ကောင် နဲ့ နားချ နေတာ ကြာလှပြီ .. ၊ မင်း ဟာ ရှုပ်ရှုပ်ယှက်ယှက် ဆိုတော့ ... ကောင်မလေး က စိတ်ပျက် ပြီး နောက်ဆုံး သူ့ မိဘ ဆန္ဒအတိုင်း ခေါင်းညိတ် လိုက်တာပေါ့ ၊ ဒါ ဘာဖြစ်လဲလို့ ” 


ကျွန်တော် လည်း ထိတ်လန့်တကြီး နှင့် ပြဲ နေသော မျက်လုံးသည် ပို၍ ပြဲထွက်မိတော့ ကာ ..


“ ဘာ ... ဘာ ... ဘာ ... ၊ ကျုပ် က ဘာ ရှုပ်လို့လဲ ... ၊ သင်း သစ္စာဖောက် ချင် ဖောက်ချင်တယ်ပေါ့ ... ကျုပ်က ဘာ ရှုပ်လို့လဲ .. ၊ ဒီကတော့ .. ဒီက ” 


“ တော်စမ်းပါ မောင်ရင် ရယ် ... တွေ့ကရာတွေ မပြောပါနဲ့ ... ဒီကိစ္စ ကောင်မလေး အပြစ် မရှိဘူး.. ။ ငါသိတယ် ... ၊ မင်း က သာ ရှုပ်ရှုပ်ယှက်ယှက် လုပ် တာ ” 


ကျွန်တော် ပြင်းထန်စွာ ဒေါသ ထွက်မိ ကာ .. 


“ ကျွန်တော် ဘာ ရှုပ်လို့လဲဗျ ” 


“ ဘာ ရှုပ်ရမလဲ ... မင်း ကိုယ် မင်း ပဲ သိမှာပေါ့ ”  


“ အာ ... သေချင်တာပါပဲဗျာ ... ကျွန်တော် ဘာမှ မလုပ်ရပါလား ခင်ဗျ .. ဘုရားစူး ၊ မြွေစိမ်းကိုက် ရေနစ် ... အိုဗျာ .. သေရာရဲ့ဗျာ .. ကျွန်တော် ဘာမှ မရှုပ်ရပါဘူး ... ဘယ်လို ဖြစ်ကုန်တာလဲဗျာ ... သေချင်တော့တာပါ ပဲ ” 


ကျွန်တော် လည်း ဘာမှ မသိသော ကိစ္စ အတွက် တတ်သမျှ ပညာ နှင့် အမျိုးမျိုး ကျိန်တွယ် ပြောရလေတော့သည် ။ အကြံတူ ရန်သူ့ လက်ချက် ဦးခဲ့ပြီ ထင်ရဲ့  ။ အဒေါ်ကြီး လည်း ဤတွင်မှ မျက်လုံးကြီး ပြူးကြည့်ပြီး .. 


“ အဲဒါ ခက်တာပဲ ... မင့် အရှုပ် မင်း ဘာမှ မသိဘူး ဆိုတော့ ခက်တာပဲ ...  မင်း ကောင်မလေး ကို ပထမ လက်ရေး တစ်မျိုး နဲ့ ရည်းစားစာတွေ ရေးတယ် မဟုတ်လား ” 


“ ဟုတ်တယ် ... ဒါ ဘာဖြစ်လဲ ” 


“ အဲဒါ ခက်တာပေါ့ .. မင်းကို ကောင်မလေး က ပြန် ကြိုက်ရော ... မင်း က ဒုတိယ လက်ရေး တစ်မျိုးနဲ့ ဒါမှ ကျွန်တော့် လက်ရေး အစစ်ပါ .. အရင် လက်ရေး က သူများ ရေး ခိုင်းရတာပါဆိုပြီး ရေးပြန်တယ် ”  


“ ဟုတ်တယ် ... ဒါ ဘာ ရှုပ်လို့လဲ .. ဟုတ်သားပဲ ”  


“ အေး .. အဲဒါ ခက်တာပေါ့ .. ဒီလို မင်း ကပထမ လက်ရေး အစစ် ဆိုတဲ့ အထိ ဘာမှ မရှုပ်ပေမယ့် ... ဟို လက်ရေးတွေ ဟာ တစ်ခုမှ မဟုတ်ဘူး ... ဟောဒီ တတိယ လက်ရေး မှ ကျွန်တော့် လက်ရေး အစစ် လို့ ဆို ပြန်တော့ ... ကောင်မလေး ဟာ .. ခေါင်းနောက် သွားပြီး ကျွန်မ ကြာ ရင် တံတားကလေး အရူးထောင် ရောက်တော့မှာ ပဲ ဆိုပြီးတော့ ... မင်း ကို စိတ်ဖြတ် .. သူ့ မိဘ အလိုကျ ခေါင်းညိတ် လိုက်ရှာတာပဲ ” 


အမယ်လေး ... အောင်မယ်လေးဗျ ... ကျွန်တော် လည်း စကြဝဠာ တံတိုင်း သို့ လွင့်စဉ် သွားသည် ဟု ပင် ထင်မိပါတော့သည် ။ ဟယ် ... အကြံ မလျော် ရန်သူတော် အပိုင်ဆော် ခံရပြီကိုး ။ ကျွန်တော် လည်း ထို သတင်း ကို ကြားလျှင် အထင်မှား ခံရ၍ ဝမ်းနည်းခြင်း ၊ ခြေထိုး ခံရ၍ ဒေါသဖြစ်ခြင်း တို့ ရင် တွင်း ၌ နပန်း ချ ကာ မျက်ရည်များ ပင် တွေတွေ ကျမိပါတော့သည် ။ သိပါပြီ ၊ တစ်စုံတစ်ဦး သော မသမာကောင် သည် ကျွန်တော့် အား အလဲ ထိုး လိုက်လေပြီတကား ။ ရဲဆာဂျင်ကတော် အဒေါ်ကြီး မှာ သူကလေး က သူ့ ဆီ ပေးသော စာများ ပို့ရန် စခန်း အဖြစ် လိပ်စာ ပေးထားရာ ကျွန်တော် သည် တစ်ခါတစ်ခါ ကိုယ်တိုင် ၍ အခွင့် မသင့်သော အခါ မူ စာတိုက် မှ ပင် အဒေါ်ကြီး ထံ ပို့ ခဲ့ရပါသည် ။ ကျွန်တော့် မှာ လက်ရေး ဒုက္ခ ကြောင့် ပထမ ဂျိုမောင်စိန့် အကူအညီ ဖြင့် စာရေး နေခဲ့ရရာ က စွဲလာသော အခါ ကိုယ်ပိုင် ဒုက္ခိတ လက်ရေးမူ ကိုပင် အသုံးပြုပြီး ပြောင်းလဲ ဆက်သွယ်ခဲ့သည် ကို စာရှုသော ဉာတကာ တို့ သိပြီး မဟုတ်ပါလား ။ ထို နိမ့်ကွက် ကို အမည်မသိ ရန်သူတော် သည် ချက်ကိုင်ပြီး ပိုင်ပိုင်ကြီး အုပ်ထည့် လိုက်လေပြီ တကား .. ၊ ဒီလို ဆိုတော့လည်း သူကလေး အပြစ် မဆိုသာ ဖြစ်နေပြန်လေပါသည် ၊ ဟို လက်ရေး မောင့် လက်ရေး မဟုတ်ဘူး ။ ဒီလက်ရေး မှ မောင့်လက်ရေး ဖြစ်ပါ တယ်လို့ ဆိုပြီး ထားရာက ဟိုလက်ရေး ရော .. ဟိုလက်ရေး ရော တစ်ခု မှ မဟုတ်ပြန်ဘူး ။ ဟောဒီ တတိယ လက်ရေး မှ မောင့် လက်ရေးပါ ဟု ဆိုပြန် သည် တွင် သူငယ်မ ခမျာ လက်ရေးမူ အရှုပ်တွေ ကြောင့် ချက်ချင်း ပွဲချင်းပြီး ရူးမသွားသည် ကို ပင် ကံကောင်းလှပေတော့သည် တကား ။


ကျွန်တော် လည်း တစ်စုံတစ်ဦးသော မသမာကောင် ၏ ယုတ်မာမှု ကြောင့် ၊ ဤသို့ ဖြစ်ရသည် ကို အဒေါ်ကြီး မှ တစ်ဆင့် သူကလေး ထံ လျှောက် လဲ အသနားခံရပါ တော့သည် ။ သို့သော် ... သူ့ အဖြစ် မှာ ပြုပြင်၍ မရနိုင်တော့ ပြီ ဆိုကာ လုံးဝ အဆက်အသွယ် ဖြတ်ကာ ရွှေမျက်နှာ လွှဲ လိုက်လေတော့ ရာ ကျွန်တော့် မှာ ရင်ဆို့ပြီး အသည်းနာ ရောဂါ သာ အဖတ်တင် ကျန်ရစ်ပါ တော့သည် ။ ကျွန်တော့် ဖြစ်ထွေ မှာ ရှက်ဖွယ် လည်း ကောင်း ၊ ဒေါသထွက် ဖွယ် လည်း ကောင်း ၊ ဝမ်းနည်းဖွယ် လည်း ကောင်းကာ ကြိတ်မနိုင် ခဲမရ ဖြစ်ပြီး မသမာ ရန်သူယုတ် ကို နားရင်း အုပ်ရန်သာ အကြောင်း ရှိတော့သည် တကား ၊ ထို့ကြောင့် ကျွန်တော်သည် ရန်သူ ကို အပြင်း ဖိ၍ ရှာရပါတော့သည် ။ ဒီကောင့် လက်ချက် ဖြစ်မှာပဲ ဟု ပထမဦးဆုံး ကျွန်တော် ထင်မြင်မိသူ မှာ ဂျိုမောင်စိန် ပင် ဖြစ်ပါသည် ။ သူ နှင့် ပေါင်း၍ လုပ်သမျှ အမြဲချောက်ကျ ရ တတ်သော ဤ ဂျိုမောင်စိန် ပင် ကျွန်တော့် အား ဤ သူငယ်မ ကိစ္စ အကျပ် ကိုင်ခဲ့ဖူးရာ ဒီ ငနဲ ပဲ ဖြစ်ရမည် ဟု ကျွန်တော် တစ်ထစ်ချ ယိုးစွဲပြီး ဒီကောင် ကို တရကြမ်း ရှာဖွေပါသည် ။ တွေ့လျှင် တွေ့ချင်း ငနဲ က စုံဆယ်ဖြာ ပန်ထွာ ဦးတင်ပြီး .. 


“ အာ ... သူငယ်ချင်း ရာ မဟုတ်တာကွ ... ငါ လုပ်ပါ့မလား .. သူငယ် ချင်းချင်း ငါ ဒီလောက် ယုတ်မာပါ့မလားကွာ ...” 


“ မဟုတ်မာရင် သာ ရှိမယ် .. မင်း ပဲ ငါ့ ကို အကျပ်ကို င်ခဲ့တာ မဟုတ်ဘူးလားကွ ” 


“ ဒါတော့ သူငယ်ချင်းချင်း မို့ ... နောက်တီး နောက်တောက် လုပ်တာပဲ ကွ ... ဒီအခြေမျိုး ရောက်အောင် ချောက်တွန်း ချင်ရင် .. အစ ကတည်း က ကို .. မင်း ကို လုပ်မပေးဘူး တစ်ခု တော့ ရှိတယ် ... မင်း ဒီလို ဒီလို ဖြစ်နေတယ် ဆိုတာ ကို ... ငါတော့ တို့ သူငယ်ချင်း သတင်းထောက်တွေ တော့ ပြောခဲ့မိဖူး သကွာ .. ၊ အဲဒီ အပြစ်တော့ ငါ ကျူးလွန်မိတာ အမှန်ပဲ .. ။ ဒီထဲက တစ်ကောင် ကောင် က ဝင်ပြီး ချောက်ချချင် ချမှာပဲ ” 


ဤတွင် ကျောက်စားပွဲ မြသွင် က ဝင်ပြီး ... 


“ ဟုတ်သားပဲကွ ... ဒီလောက် ချစ်ခင်တဲ့ သူငယ်ချင်းချင်း ... ခုလို ဆိုးအောင် လုပ်ရက်ပါ့မလားကွ သတင်းထောက် ထဲ က တစ်ကောင် ကောင် ဝင် လုပ်မှာ သေချာပါတယ် ... မင်း ကလည်း လူ ရှောက်မြင်ကပ်စရာ ဂျစ်တစ်တစ် ဆိုတော့ ... သတင်းထောက် ထဲ မှာ မင်း ချစ်တဲ့ ကောင် က အရှား သားပဲ ကွ ... မင့် ဟာ မဟုတ်သေးပါဘူး ...” 


ဒီလို ဆိုပြန်တော့လည်း ဂျိုမောင်စိန် ကို ထိုးရန် ရှိသမျှ ဗလ နှင့် ကျစ်ကျစ် ပါအောင် ဆုပ်ယူသွားသော ကျွန်တော် ၏ လက်သီးမှာ ပြေကျ သွားရပြန်ပါ သည် ။ မြသွင် ပြောသလို ကျွန်တော် က လည်း ညစ်ကျယ်ကျယ် မို့ ... သတင်းစာလောက တွင် လူချစ်လူခင် က အတော် ပေါသား ဖြစ်ရာ အုပ်သာ လျှင် ကျွန်တော့် ကို အုပ်ထည့်မည့် ကောင်ချည်း ဖြစ်နေလေပါသည် ။ ဒီလို ဆို ပြန်တော့ တရားခံ ဘယ်ကောင်နည်း ။ ဟိုကောင်လား ၊ ဒီကောင်လား နှင့် လူတိုင်း ကို ပင် တောင်တောင်အီအီ ထင်ကာ ဥစ္စာပျောက် ငရဲကြီး ဆိုသလို ရည်းစား ပျက် ၍ သရဲစီးပြီး ၊ ဂျစ်တစ်တစ် မျက်နှာ နှင့် လူတကာ ကို သင်္ကာ မကင်း ကြည့်မိလေ ၊ ချစ်သူခင်သူ တိုးလေ ဖြစ်နေပါတော့သည် ။ ထိုအချိန် မှာ ကျွန်တော့် အဖို့ အတော် ဇာတာ ညံ့ နေပုံလည်းရပါသည် ။ လူ ဆိုတာ ကံကြမ္မာ ဂြိုဟ်စီးတော့ ... ကိုယ့် .. ကို .. ၊ အဲ ကိုယ့် အမြီးတောင် မြွေထင် ဆို သလို ဒုက္ခတွေ ဆင့် ကျတတ် မြဲ ဖြစ်သည် မဟုတ်ပါလား ။ ရည်းစား ပျက် လို့ စိတ်စက် မကောင်းရသည့် အထဲ ၊ မြင်သူတကာ ရန်သူ ထင်မိ ၍ ချစ်ခင်သူ တွေ တစ်နေ့တခြား တိုးပြီး အခြေ ဆိုးသည့် ဘဝ သို့ ဆိုက်နေပါသည် ။ ထို အခြေအနေ မှ တဖြည်းဖြည်း ခေါင်း အေးအေး ထားပြီး စဉ်းစား လာနိုင် သော အခါတွင် ကျွန်တော် သည် ကျွန်တော့် အား ချောက်ချ သော တရားခံ အစစ် ကို ရှာဖွေ တွေ့ရှိပါတော့သည် ။ ၎င်းကား ကျွန်တော် ၏ ဘဝ တစ်လျှောက်လုံး တွင် အမျိုးမျိုး ဂြိုဟ်မွှေ ချောက်ချ နေသော ကျွန်တော် ၏ လက်ရေး ပင် ဖြစ်ပါတော့သည် ။


ကျွန်တော် နှင့် ပုလိပ်ရင်သွေး လှလှသန်းလေး နှင့် ကွဲရချက် နာရခြင်း အကြောင်း ကို စေ့စေ့ တွေးသော် အစ မကောင်းခဲ့ သဖို့ အနှောင်း မှာ မသေချာ ဆိုသလို ကိုယ့် ဘဝ အကျိုးပေး ညံ့ သဖြင့် သူ မတူအောင် ထူးထူးခြားခြား တူးတူးခါးခါး ချာတူးလန် လှသော ကျွန်တော် ၏ လက်ရေး သည် ပင် တရားခံ အစစ် ဟု တွက်မိပါ တော့သည် ။


ဒီ လက်ရေး ... ဒီ လက်ရေး ဆိုးရွားမှုကြီး သည် ကျွန်တော့် အား ချစ်ရေး မှာ လည်း ခိုးလိုးခုလု  ၊ ဝမ်းရေး မှာ လည်း ကသိကအောက် နှင့် အမှောင့် ပယောဂကြီး တစ်ခု လို ဖြစ်နေတော့သည် တကား ။ ထို ဒုက္ခဒဏ် သည် ကျွန်တော့် အား အစဉ်အမြဲ ပင် ဖိစီးနှိပ်စက် နှောင့်ယှက် တော့သည် တကား ။ ကျွန်တော့် ဘ၀ ဇာတ်လမ်း ၌ လူကြမ်း အဖြစ် အမြဲ ကသိကအောက် လိုက် လုပ် နေသော ဤ လက်ရေး ဒုက္ခသည် ပင် ကျွန်တော် ၏ အသည်း ကို ဟက်တက် ခွဲ၍ ဖဲ့ပစ်ခဲ့သည် တကား ။ ထို့ကြောင့် ဤ ဝတ္ထု ရှေ့ပိုင်း တွင် ကျွန်တော့် ကို အချစ် ဒုက္ခ ဘဝ သို့ ပို့ လိုက်သော တရားခံ ကို ဖော်ရန်ခက်ဘိ သည် ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည် ။ ထို့ကြောင့် ဤ ဝတ္ထု ရှေ့ပိုင်း တွင် ပင် ကျွန်တော် သည် ဟာသကလောင်ရှင် တစ်ဦး မို့ အတော် ပျော်တတ်သူ ( ဝါ ) အတော် ပျော်ရွှင်နေမည့်သူ ဟု မထင်ကြပါနဲ့ ။ ထင် သာ ထင် မဝင်ဘူး ၊ ကျောင်းအစ်မ ဖြစ်နေပါတယ် ခင်ဗျ ဟု ဆိုခဲ့ခြင်း ဖြစ်ပါတော့သည် ။ အဆွေတို့ ကျွန်တော် ပြောချင်လျက် နဲ့ မပြောနိုင် ဖြစ်နေသည်ကို ယုံကြပါပြီလား ၊ စေ့စေ့တွေး လေ ဒေါသ ထွက်စရာ ကောင်းလေ ဖြစ်သော ဤ ချာတူးလန် လက်ရေး ပြဿနာကြီး သည် ကျွန်တော် ၏ ဘဝ တစ်လျှောက်လုံး တွင် ဗီလိန် အဖြစ် အမြဲ နှောင့်ယှက် ဒုက္ခပေး လာခဲ့ရာ တွင် ... 


“ နို့ ... ဒီ လက်ရေး ဒုက္ခ ဟာ ... ဘယ်က မြစ်ဖျား ခံလာသလဲကွာ ..” ဟု မေး လာခဲ့ပါသော် “ ဪ ... ဒါတော့ ကျွန်တော့် ကိုယ် ကပဲ မြစ်ဖျားခံခဲ့တဲ့ဟာပါ ပဲခင်ဗျာ ...”  ဟု ပင် ခပ်ရှက်ရှက် နဲ့ ပဲ ဝန်ခံရမည် ဖြစ်ပါသည် ။ မှန်ပါသည် ။ ဗီလိန် အဖြစ် အမြဲ ချောက်ချ နေသော ဤ လက်ရေး သည် အဘယ်သူ က မျှ လာ ပေးသော ဒုက္ခ မဟုတ် ၊ ကိုယ် က ပင် ကိုယ့် ကိုယ် ကိုယ် ပြန် ၍ ဒုက္ခ ဖန် နေသော ဘယ်သူ မပြု မိမိမှုကြီး ပဲ ဖြစ်ကြောင်း ဝန်ခံရပါမည် ။ ဒီလို ဆိုပြန်တော့ ကျွန်တော် ၏ ဘဝ ဇာတ်လမ်း ၌ ခွကျလိုက်ပုံ က ကျွန်တော် ပဲ ဇာတ်လိုက် ဖြစ် ပြီး ကျွန်တော် ပဲ လူကြမ်း ဗီလိန် ပြန် ဖြစ်နေသော အူချာချာ ကြုံဖူးပေါင် တော် ဇာတ်ကြီး အဖြစ် ရောက်နေတော့သည် တကား ၊ ဒုက္ခပါဗျာ .. ” 


( အပိုင်း - ၅ ) ဆက်ရန် 


◾သာဂဒိုး


📖 မြဝတီမဂ္ဂဇင်း

      ၁၉၅၃ ခုနှစ် ၊ မေလ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment