Friday, September 1, 2023

သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ ( ၄ )


 အခန်း ( ၄ )


လမ်း ရဲ့ အတွင်းဘက် အဆုံး မီးရထား သံလမ်း နား က အိမ် က ဘက်ထရီအိုး တွေ လုပ် တာဗျ ။


“ သိပ္ပံစိန်လှ ” ဘက်ထရီဆိုင် ဆိုပြီး သွပ်ပြား မှာ ဆေးသုတ် ဆိုင်းဘုတ် ရေး ထားတယ် ။


လင်းယုန် ဖယောင်းတိုင် လုပ်တဲ့ အိမ် နဲ့ အဲဒီ သိပ္ပံစိန်လှ တို့ တစ်မိသားစုလုံး က မတည့်ကြဘူး ။


သိပ္ပံစိန်လှ တို့ က ညီအစ်ကို နှစ်ယောက် ရှိတာ ။ စိန်လှ နဲ့ စိန်မြ တဲ့ ။ သိပ္ပံစိန်လှ ရဲ့ မိန်းမ နာမည် က မလှဌေး ။ သူတို့ က သားသမီး မထွန်းကားဘူး ။ 


ကိုစိန်မြ ရဲ့ မိန်းမ က ကျတော့ မနှင်းသွယ် တဲ့ ။ ကိုစိန်မြ ဆုံးသွား ပြီး တော့ မှ ကျန်တဲ့ ကိုယ်ဝန် နဲ့ သားလေး တစ်ယောက် ရတယ် ဆိုပဲ ။ 


ဒါတွေက ကျွန်တော် တို့ ပြောင်း မလာခင် လွန်ခဲ့တဲ့ သုံးနှစ် လေးနှစ် လောက် က ဖြစ်ခဲ့တဲ့ ကိစ္စ တွေပါ ။


ကျွန်တော် တို့ က သိ လည်း မသိ ၊ စိတ် လည်း မဝင်စားမိပါဘူး ။ ပြီးတော့ ဖယောင်းတိုင် လုပ်ငန်း နဲ့ ဘက်ထရီဆိုင် မတည့်ကြ တာ လည်း ဘာများ ထူးဆန်းလို့လဲ ဗျာ ။


ပြဿနာ က ကျွန်တော်တို့ ကောင်ကြီး ဗျ ။


ဂျာမန် တွေးခေါ်ပညာရှင် လည်း မဟုတ် ၊ ပြင်သစ် တွေးခေါ်ပညာရှင် လည်း မဟုတ်တဲ့ အူရဒူ တွေးခေါ်ပညာရှင်ကြီး ဖိုးစော ။ ( အူတူတူ နိုင်လွန်းလို့ အူရဒူပညာရှင် လို့ နာမည် တပ် လိုက်တာ )


   •••••   •••••   •••••


အဲဒီကောင် ဖိုးစော က ပဲလှော်ကြား ဆားညပ် ၊ ရပ်ပြစ်ရှစ်ပါး ထဲမှာ ဘယ်နေရာ မှ မလွတ်အောင် ကန့်လန့် ကန့်လန့် ဘုမသိ ဘမသိ ဝင် ပါလို့ ပြဿနာ တက်ရတာ ။


အဲဒီနေ့ က ...


လမ်းထိပ် က “ ဒေါ်ရီ မြောင်းမြ မုန့်ဟင်းခါး ”  ဆိုင် မှာ ကျွန်တော်တို့ လေးယောက် စလုံး ဝင် ထိုင် ဖြစ်ကြတယ် ။


မုန့်ဟင်းခါး မှာ လိုက်တော့ ချက်ချင်း မရသေးဘူးဗျ ။ ကျွန်တော်တို့ ရှေ့ မှာ ရောက် နှင့် နေတဲ့ သူတွေ ချိုင့်ဆွဲ လာ ဝယ်တဲ့ သူတွေ တော်တော် များ နေလို့ စောင့် နေရတယ် ၊ အကြာကြီးပဲဗျာ ။


အဲဒီ အချိန် မှာ မှ သိပ္ပံစိန်လှ ရဲ့ ခယ်မ ( ကွယ်လွန်သွားတဲ့ ကိုစိန်မြ ရဲ့ ဇနီး ) မနှင်းသွယ် က သူ့ ရဲ့ သားလေး ကို လက် ဆွဲပြီး မုန့်ဟင်းခါး ဝယ်ဖို့ ရောက်လာပါ လေ ရော ။


ဆုံးပါးသွား တဲ့ ကိုစိန်မြ ရုပ်ရည် ကို ကျွန်တော် တို့ မမီလို့ မသိလိုက် ကြရ ပေမယ့် သူ့ သားလေး ကတော့ ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ် ချစ်စရာလေး ဗျာ ။ ပါးကလေး ကို ဖောင်း နေတာပဲ ။ မျက်လုံးလေးတွေ က လည်း ဝိုင်းစက် လို့ ။


အဲဒီ ကလေး ကို ကြည့်ပြီး ဖိုးစော အူတွေ အသည်းတွေ ယား လာ တယ်နဲ့ တူပါရဲ့ ။ မနေနိုင် မထိုင်နိုင် ပါးစပ် ဆော့ပြီး ကလေး ကို သွား မြှူ တယ် ။


“ သားသားလေး ရဲ့ ဖေဖေ က ဘဒူလဲ ”  


ကလေး က မဖြေဘူးဗျ ။


ဒါနဲ့ ဖိုးစော က ကလေး ရဲ့ပါးဖောင်းဖောင်းကစ်ကစ်လေး ကို မနာမကျင်အောင် ဖွဖွလေး ဆွဲ လိမ်ရင်း ထပ် မေး ပြန်ရော ... 


“ သားလေး ရဲ့ ဖေဖေ က ဘဒူလဲ .. ကွ ” 


( ကဲ ... ဒီလို မေးတာ ဘာ ဆန်းသလဲ ဗျာ ။ ချစ်စရာ ကောင်းတဲ့ ကလေးငယ်လေးတွေ ကို တွေ့ ရင် ချီရင်း ပိုးရင်း ချော့ရင်းမြူရင်း နဲ့ ‘ သား ဖေဖေ ဘယ်သူလဲ ’ ‘ သား မေမေ ဘယ်သူလဲ ’ လို့ ဘာရယ် မဟုတ် ပါးစပ်ထဲ တွေ့ ကရာ မေးရိုး မေးစဉ် ထုံးစံ ပဲ ဟာ )


ဒါပေမဲ့ မနှင်းသွယ် က မျက်နှာ ပျက် နေတယ်ဗျ ။


ဖိုးစော က တော့ မုန့်ဟင်းခါးဆိုင် ထဲ က လူတွေ အကုန်လုံး ကြား လောက်တဲ့ သူ့ အသံပြဲကြီး နဲ့ ထပ်ခါ တလဲလဲ ...


“ သားသားလေး ရဲ့ ဖေဖေ ဘယ်ဒူလဲ ” 


အမှန်က အဲဒီ ကိစ္စဟာ တကယ့် ပြဿနာ အကြီးကြီး မှ အကြီးကြီး ဗျ ။ ဒီ ကလေး ဟာ ကိုစိန်မြ နဲ့ မနှင်းသွယ် တို့ သား ဆိုပေမယ့် တကယ်တမ်း ကျတော့ ကိုစိန်မြ ကွယ်လွန်ပြီး ဆယ်လ ကျော် မှ မွေးတာတဲ့ ဗျာ ။ 


တကယ့် လက်သည် က ခဲအို သိပ္ပံစိန်လှ ဆို ပဲ ။


မနှင်းသွယ် တစ်ယောက် ခဲအို ဖြစ်တဲ့ သိပ္ပံစိန်လှ နဲ့ တိုးတိုးတိတ်တိတ် ဘာညာဘာညာ ဖြစ် ကြပြီး မဖုံးနိုင်မဖိနိုင် အကောင်အထည် ပေါ် လာတော့ မှ မကြာသေးခင် က မှ ဆုံး သွားတဲ့ ကိုစိန်မြ ရဲ့ ခေါင်းစဉ် တပ် လိုက်တယ် ဆိုတာ တစ်ရပ်ကွက်လုံး က ရိပ်မိတယ် ။


ဒါပေမဲ့ အားနာပါးနာ နဲ့ ပေါ့ ဗျာ ။


ဘယ်သူ က မှတော့ ပေါ်တင်ကြီး ‘ ငါတို့ သိတယ်ဟေ့ ’ လို့ ကာယကံရှင် တွေ ရှေ့မှာ ဗြောင် မပြောကြဘူး ။ ရပ်ကွက် အထာ ပဲ ဆိုရမလား မသိဘူး ။ အချင်းချင်း လက်ကုတ် ပြီး တီးတိုးတီးတိုး သဖန်းပိုး လုပ်ရုံ လောက် ၊ ကွက် ကြည့် ကွက်ကြည့် မေးငေါ့ ရုံ လောက်ပဲ ။


မနှင်းသွယ် ကိုယ်တိုင် က လည်း ရိပ်မိပုံ ရတယ်ဗျ ။ ရပ်ကွက် က  သူ့ အကြောင်း သိပေမယ့် မကောင်းတတ် လို့ အောင့်အည်း နေကြတယ် ဆိုတာ ။ 


သူ့ ဖာသာ သူ လည်း လိပ်ပြာ မလုံဘူး ပေါ့ဗျာ ။


   •••••   •••••   •••••


ဟော ... အခု ကျ တော့ မှ ...


ဘုမသိ ဘမသိ ပါးစပ် ဝင် ဆော့တဲ့ ဖိုးစော တစ်ယောက် အော်ကြီး ဟစ်ကျယ် နဲ့ ကလေး ကို မြှူ နေပုံ က ( ကလေး အဖေရင်း တရားခံ ပေါ်အောင် ) ပုလိပ် စစ် စစ်နေ သလိုလို ။


ဟော ... နောက် တစ်ချီ လုပ်ပြန်ပါပကော ။ 


“ သားသား ရဲ့ ဖေဖေ က ဘယ်ဒူလဲ ” 


ကလေး က မဖြေ ။ မုန့်ဟင်းခါး စားနေကြတဲ့ အကြောင်းသိ လမ်းသူ လမ်းသားတွေ က တော့ တခွိခွိ နဲ့ ကျိတ်ပြီး ရယ် ကုန်ကြပြီဗျ ။


မုန့်ဟင်းခါးသည် ဒေါ်ရီကြီး တောင် မနည်း ဖျစ်ညှစ် မျက်နှာပိုး သ,တ်ထားရတဲ့ ရှူတည်ကြီး နဲ့ ဟင်းရည် အဆစ် လိုက်ပေးရင်း ပြုံးစိ ပြုံးစိ ။ 


ကလေး အမေ မနှင်းသွယ် က ဆောင့်ဆောင့် အောင့်အောင့် နဲ့ ကျွန်တော်တို့ ဘက် ကို မျက်စောင်း တစ်ချက် ထိုးတယ် ။ 


ဖိုးစော က တော့ ထုံးစံ အတိုင်း အရိပ်သုံးပါး နား မလည်ဘူး ။ 


ဟော ... ကြည့် ။ သူများ ဖုံး ထားတဲ့ မစင်ပုံ ကို တုတ် နဲ့ သွား ဆွ ပြန်ပြီ ။ 


“ ဟေ့ .... သားသားလေး ရဲ့ ဖေဖေ ဘယ်ဒူလဲ ၊ ပြောပါဦး ”  


“ ဟဲ့ ... အကောင် ရဲ့ ” 


မနှင်းသွယ် တော့ ပေါက်ကွဲပြီ ဗျို့ ။ ကလေး ကို ဆတ်ခနဲ ခါးထစ် ခွင် ချီ ၊ ဖိုးစော ကို လက်ညှိုး ငေါက်ငေါက် ထိုးပြီး ရန်တွေ့ တော့ တာပဲ ။


“ ကလေး အဖေ ကို ဘာကိစ္စ မေး နေရတာတုံး ၊ ငါ့ ဖာသာ ငါ ဘယ်သူ နဲ့ ရပြီး မွေးထား မွေးထား ၊ နင် နဲ့ ဘာ ဆိုင်သလဲ ဟဲ့ ။ ဟင် ... ပါးကွဲ သွားချင် သလား ။ နှင်းသွယ် ကို လာ မစမ်းနဲ့ ၊ ဘာမှတ်သလဲ ” 


အိုး မလုံတော့ အုံကွဲ တဲ့ အသံ က အတော် ကို ကျယ်သဗျ ။ ကိုဆင့်သူ က မျက်လုံးလေး ပြာလတွတ် ပြာလတွတ် နဲ့ ‘ အခြေအနေ မကောင်းဘူးဗျို့ ၊ လစ်စို့ ’ လို့ ကပ် ပြောတယ် ။


ဖိုးစော ကတော့ သူ့ အမှား ကို သူ အားနာပြီး တောင်းပန် နေလိုက်တာများ ။


“ ကန်တော့ပါရဲ့ အစ်မ ရယ် ၊ ကလေး က သူ့ အဖေ ကို သူ သိတယ် ထင်လို့ပါ ” 


အဲသည်လို တောင်းပန် လေ လေ မနှင်းသွယ် က ဒေါသ ပို ထွက်ပြီး ဘီလူးဆိုင်း တီးလေလေပဲ ။


ဘေးက လူတွေ က လည်း ဝင် မဖျန်ဖြေကြဘူးဗျာ ။ မုန့်ဟင်းခါး ပန်းကန်တွေ ဘေး ချပြီး တဝါးဝါး တဟားဟား ရယ် နေ လိုက်ကြတာ ။ 


သူတို့ လည်း ‘ အောင့်လုံးတွေ ’ အခုမှ “ ပွင့် ” တယ် ထင်ပါရဲ့ ။ 


ဪ ...


တတ်လည်း တတ်နိုင်တဲ့ ရပ်ကွက်ကလေး ဗျ ။


   •••••   •••••   •••••


ကလေး အဖေ တရားခံ ဖော်တဲ့ ကိစ္စ က အဲသည်လောက် နဲ့ တင် ပြီး မသွားဘူးဗျ ။ မီးခဲ ကို ပြာ နဲ့ ဖုံး လိုက်သလိုမျိုး ပေါ့ ဗျာ ။ ယာယီ ငုပ်သွားတဲ့ သဘောပဲ ။


အဲဒီ ငုပ်နေတဲ့ မီးခဲ ကို ပြန်ပြီး ဟုန်းဟုန်း တောက်လောင် လာ အောင် အပေါ် က ပြာမှုန့်တွေ ကို လေ နဲ့ တဖူးဖူး မှုတ်ပြီး ဖယ်ရှား ပေးတဲ့ သူ က ... 


တစ်ရပ်ကွက်လုံး ရဲ့ အချစ်တော် ‘ မော်ရီယာမင်း ’ အန်တီလှ ဗျ ။


   •••••   •••••   •••••


သင်္ကြန်ရက် နီးလာတော့ လင်းယုန်ဖယောင်းတိုင် အိမ် က အလှူ လုပ်တယ် ။ ဒေါ်ပုကြွယ် မွေးနေ့ ဆိုလား ဘာဆိုလား ။ 


တစ်ခု ခု တော့ တစ်ခုခုပဲ ။ မမှတ်မိတော့ဘူး ။


အဲ ... မှတ်မိ နေတာကတော့ မုန့်ဟင်းခါး ကျွေးတယ် ဆိုတာပဲ ။ စားလို့ ကောင်း လိုက်တာဗျာ ။ အဲဒီတုန်းက ကျွန်တော် တို့ လက် ထဲ မှာ လည်း ပိုက်ဆံ ပြတ် နေတော့ အိမ် မှာ တစ်နပ်စာ ချက်စားရ သက်သာရင် လည်း မနည်းဘူး ဆိုပြီး ပါးဖြဲ နားဖြဲ အားမနာတမ်း သွား စားလိုက်ကြတာ ။


တကယ် ထမင်း ကို လွတ်ရော ။ လွတ် မှာပေါ့ .. ဗိုက် ချောင်သွား လိုက် တစ်ချီ ထပ် စားလိုက် ၊ နာရီဝက် လောက် လမ်းသလား လိုက် ၊ ထပ်စား လိုက် နဲ့ ရေရေလည်လည် အားရပါးရ ဝါးပစ် တာကိုး ။


ကျွန်တော်တို့ ချည်း ပဲ အဲသည်လို စားတယ် မထင်နဲ့ဗျ ။ သူတို့ ရပ်ကွက် ရဲ့ အထာ က အဲသည်လိုပဲ ။


အလှူ ရှိ ရင် ပဲ ဖြစ်ဖြစ် ၊ မသာ ရှိရင် ပဲ ဖြစ်ဖြစ် အဲဒီ ကိစ္စ ရှိတဲ့ အိမ် မှာ လမ်း ထဲ က လူတွေ တစ်ပြုံတစ်မကြီး က အိုးပစ် အိမ်ပစ် ( ကိုယ့် အလုပ်အကိုင် ကို ပါ ပစ်ပြီးတော့ ) သွား ကူညီ ကြတာ ။


ကျွန်တော်တို့ တောင် အကြောင်း မသိခင် တုန်း က ဒီ ရပ်ကွက် ထဲ က လူတွေ အားအားယားယား ရှိလှချည်လား အောက်မေ့ နေတာ ။


ရိုးရိုး အလှူ ဆိုရင် တစ်ည အိပ် ၊ ရှင်ပြု ဆိုရင် နှစ်ည သုံးည ၊ အသုဘ ဆိုရင် ခုနစ်ရက် ခုနစ် လီ လုံးလုံး ၊ အဲဒီ အလှူရှင် ( ဒါမှမဟုတ် ) မသာရှင် ရဲ့ အိမ် မှာ ကိုယ့် ဆွေမျိုး လို နေပြီး ဒိုင်ခံ ကူညီ ဝိုင်း လုပ်ပေးကြတာ ။


ဆိုက်ကားသမားတွေ က သူတို့ ဆိုက်ကား ကို ဂိတ် မှာ မထိုးတော့ဘဲ အဲဒီ အိမ်ရှေ့ မှာ အမြဲ ရပ် ထားတာ ။ လို ရင် ချက်ချင်း ပို့ပေးလို့ ရအောင် ။ 


ရေစည်လှည်းသမား တွေ ဆိုရင် လည်း ( ဒီ ရပ်ကွက် မှာ က အဝီစိတွင်း ရေ ကို ရေစည်လှည်း တိုက် တဲ့ လူတွေ ဆီ က တစ်စည် သုံးမတ် နဲ့ ဝယ် သုံးရတာ ကိုး ) သူတို့ ရေစည်လှည်း တစ်စီး မဟုတ် တစ်စီး ကို အပြည့် ဖြည့်ပြီး အိမ်ရှေ့ ထိုး ပေး ထားတာ ။


အဲ ... ကျွေးတဲ့ မွေးတဲ့ နေ့ ကျရင်တော့ သူတို့ အိမ်မှာ တစ်ရက်စာ မီးခိုး တိတ် ၊ ဘာမှ မချက်တော့ ဘဲ အလှူအိမ် က ဟာ ကို နေ့ဖို့ ညစာ အပြတ် တွယ်ကြ တော့တာပဲ ။


ကလေး ပေါက်စန ဘုစုခရုလေး တွေ ပါ တစ်ယောက် မှ မကျန်ရ အောင် ခေါ် လာတာ ။


ခေါ်ရမှာပေါ့ ။ အဲဒီ နေ့ အဖို့ သူတို့ အိမ် မှာ မီး မ မွှေးတော့ ( ဘာမှ မချက် တော့ ) ပါဘူး ဆို ၊ တစ်ယောက် ယောက် မစားရဘဲ ကျန် နေရင် ခွကျ ကုန်မှာ ပေါ့  ။


တချို့ အဒေါ်ကြီးတွေ ဆို ကိုယ့် အိမ်သား တင် မဟုတ်ဘူး ။ တူတွေ ၊ တူမတွေ ၊ တစ်ဝမ်းကွဲ ၊ နှစ်ဝမ်းကွဲ ဆွေမျိုးတွေ ပါ မစားရ မှာ စိုးလို့ ... ။ 


“ ဟဲ့ ... ဘယ်သူကော ၊ ဘယ်ဝါကော မတွေ့ပါလား ။ လိုက်ခေါ်စမ်း ၊ နင့် အဒေါ် ကော ၊ နင့် ဦးလေး ကော ဟေး ... လာကြလေ ” 


အဲဒီလို ကို ‘ ဗျို့ ’ ဟစ် အော်ခေါ်ပြီး အလှူထမင်း စားပွဲ ဆီ တောချောက် မောင်း သွင်း တာ ။


အလှူရှင် က လည်း တပြုံးပြုံး .. တစ်ရပ်ကွက်လုံး က လည်း တရုန်းရုန်း ။ 


   •••••   •••••   •••••


ဦးခွေးနီ နဲ့ ဒေါ်ပုကြွယ် က လည်း တစ်ရပ်ကွက်လုံး ကို ဖိတ် တာပါပဲ ။ ဒါပေမဲ့ သူတို့ နဲ့ မတည့်တဲ့ ‘ သိပ္ပံစိန်လှ ’ ဘက်ထရီဆိုင်အိမ် ကိုတော့ မဖိတ်ဘဲ ချန်ထား ခဲ့ တယ်ဗျ ။


ဒါကိုလည်း အလှူ မှာ လာ စားတဲ့ သူတိုင်း ရိပ်မိကြတယ် ။ 


မရိပ်မိတာ ဆိုလို့ ဟို ငထုံငထိုင်း ဖိုးစော နဲ့ ၊ အထူအပါး နားမလည် တဲ့ အန်တီလှ တို့ နှစ်ယောက် ပဲ ရှိတယ် ။


ကြည့်လေ .. လုပ်နေကြပုံ က ...


လင်းယုန်အလှူအိမ် ရဲ့ ခြံတံခါး ပေါက်ဝ မှာ ခန့်ခန့်ကြီး နဲ့ စန့်စန့်ကြီး ဗျာ ၊ ရင် တကော့ကော့ မျက်နှာထား တချီချီ နဲ့ အန်တီလှ တို့ ရပ်နေလိုက် ပုံ ။ 


ဘေး လူ က သာ အကြောင်း မသိရင် အန်တီလှ ကို ပဲ ‘ အလှူရှင် ’ လို့ ထင်မှာ ။


ထင်စရာ ကောင်း လောက်အောင် လုပ်နေ ပုံ ကလည်း လင်းယုန်အိမ် ရှေ့ က ဖြတ်သွားတဲ့ လူတိုင်း ကို ...


“ ဟဲ့ ... လာလေ ၊ ဝင်စား သွားကြဦးလေ ” 


သိသိ မသိသိ မြင်မြင်ကရာ လူတိုင်း ကို အလှူ မှာ ဝင် စားဖို့ အန်တီလှ က ပိုင်စိုး ပိုင်နင်း အတင်း ခေါ်တာဗျ ။


“ ဪ .... လာကြစမ်းပါဟဲ့ ။ ဒီမှာ အလှူ လုပ် နေတဲ့ဟာ ကို ၊ ဒါန မြောက်အောင် ဝင် စား သွားကြစမ်းပါဦး ဆို ” 


လုပ်ပေါက်က .... ။ သူ့ ပိုက်ဆံ နဲ့ ကျွေးတာ ကျနေတာပဲ ။


အဲဒါကို ဖိုးစော က လည်း ဘုမသိ ဘမသိ နဲ့ ရောရောယောင်ယောင် အန်တီလှ ရှေ့ က စွတ် တင်သမျှ သူ က နောက် က လိုက်ပြီး ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ် နေတယ် ။


အဲဒီ အချိန် မှာ မှ တိုက်တိုက်ဆိုင်ဆိုင် ဗျာ ...


( အာသာဘလော့ချ် ရဲ့ တိုက်ဆိုင်မှု အလွဲတွေ ထဲ က ဥပမာနဲ့ ပြော ရရင် တစ်နေ့လုံး မှာ ခဏလေး ပဲ နားဖို့ ထိုင်လိုက်တဲ့ အလုပ်သမား နဲ့ တစ်နေ့လုံး မှ တစ်ခေါက်ပဲ ဖြတ်လျှောက် တဲ့ အထက်လူကြီး ဆုံမိကြ သလို မျိုးပေါ့ )


ကံ ဆိုးပုံ က သိပ္ပံစိန်လှ ရဲ့မိန်းမ မလှဌေး က လည်း ဈေး ကနေ ဟင်း ချက်စရာတွေ ဝယ်ပြီး ခြင်းကြီး တံတောင်ဆစ်ကွေး ညှပ် လို့ ပြန် လာ တာ နဲ့ တည့်တည့် တိုးတာ ။


မလှဌေး တို့ အိမ်က လမ်း ထောင့်ဆုံး မှာ ဆိုတော့ အလှူ လုပ်နေတဲ့ လင်းယုန်ဖယောင်းတိုင် အိမ်ရှေ့ မလွှဲသာ မရှောင်သာ ဖြတ်ရတယ် လေ ။ 


မလှဌေး ဘက် ကနေ ကြည့် ပြန်တော့လည်း လင်းယုန်ဖယောင်းတိုင် ပိုင်ရှင် ဒေါ်ပုကြွယ် ကို စိတ် အနာကြီး နာ ထားတဲ့ တစ်ချက် ရှိတယ်ဗျ ။ 


သူတို့ နှစ်အိမ် ရန်ဖြစ်ကြ တုန်း က ဒေါ်ပုကြွယ် က မလှဌေး ရဲ့ ရုပ်ရည် ရူပကာယ ကို တော်တော် ချိုးချိုးဖဲ့ဖဲ့ နှိမ်ထားတာ ဆိုပဲ ။


အဲ ... အဲဒါကို တော့ ပြောရမယ် ဗျ ။ မလှဌေး ရဲ့ တစ်ကိုယ်လုံး မှာ ထူးခြားချက် နှစ်ချက် က ပေါ်တင်ကြီး ဖုံးမရ ဖိမရ ဖြစ်နေတာ ။ အဲဒါတွေက ဘာလဲ ဆိုတော့ ( ၁ ) သွား အရမ်း ခေါတယ် ။ ( ၂ ) ဖင် အရမ်း ကောက်တယ် ။ 


ဘယ် တတ်နိုင်မလဲဗျာ ။ ဘဝပေး ကုသိုလ်ပဲ ။ အဲဒါ ကို ဒေါ်ပုကြွယ်ကြီး က မညှာမတာ နဲ့ လက်ညှိုး ငေါက်ငေါက် ထိုးပြီး ..


“ ဟဲ့ ... သွားခေါ ဖင်ကောက် ဍရင်ကောက်မ ရဲ့ ”  


လို့ လူကြားသူကြား ထဲ အော်ကြီးဟစ်ကျယ် ရန် တွေ့ တာ ။ အဲဒါကို မလှဌေး က နာကြည်း လို့ ကို မဆုံးဘူး ။ ကမ္ဘာကြေ ရင်တောင် ဥဒါန်းမကြေ ဘူး လို့ ငြိုးထား တေးထား တာ ။ 


ဟော ... ကြည့် ... ။


အလှူ လုပ်နေတဲ့ လင်းယုန် ဖယောင်းတိုင် အိမ်ရှေ့ က မလွှဲသာ မရှောင်သာ ဖြတ်လျှောက်ရတော့မယ် ဆိုတော့ ( တခြား ဆန့်ကျင်ဘက် ) လမ်း ရဲ့ ဟိုဘက်ခြမ်း ဆီ မျက်နှာ ကို အသေ လှည့် ထားတယ် ။ 


ဇက်ကြောတွေ တောင် တောင့် နေ မလားပဲ ။ မျက်နှာကြော ကို လည်း တင်း ထားတယ် ။ ဈေးခြင်းတောင်း ကို တံတောင်ဆစ်ကွေး မှာ ချိတ် ၊ ထဘီစ ကို ဒူးတစ်ဝက် ပေါ်အောင် မ , ထားပြီး ဆတ်တောက် ဆတ်တောက် နဲ့ သုတ်ခြေ တင် တော့တာ ။


“ ဟဲ့ ... မလှဌေး ၊ ဘယ်က လာတာတုံး ဟဲ့ ” 


မလှဌေး တစ်ယောက် ခပ်သုတ်သုတ် လစ်ဖို့ ကြိုးစား ကာ မှ အလှူ အိမ်ခြံဝ မှာ ရပ်နေတဲ့ အန်တီလှ က မြင် ဖြစ်အောင် မြင် သွားပြီး လှမ်း နှုတ်ဆက် တယ် ။


မလှဌေး က မကြား ချင် ယောင် ဆောင်ပြီး ဇွတ် ဆက် လျှောက် လည်း မရဘူး ။ အန်တီလှ က ပျာပျာသလဲ ...


“ အောင်မယ် .. ညည်း က ဈေး က တောင် ပြန် လာပြီကိုး ၊ လာ .. လာ အတော်ပဲ ၊ ဒီမှာ အလှူ လုပ်နေတာ ။ တစ်ခါတည်း ဝင်စား သွားဦး ” 


မလှဌေး က တမင် ကို သိသိသာသာကြီး ဆတ်ခနဲ မေး ထိုးပြီး မျက်နှာ ကို ပို လွှဲ ပစ်လိုက်တယ် ။ ခြေလှမ်းတွေ ကို လည်း အရှိန် မြှင့် လိုက်တယ် ။ 


အရိပ်သုံးပါး နား မလည်တဲ့ အန်တီလှ က သွားဖြဲကြီး နဲ့ ပြုံး ပြပြီး အတင်းဇွတ် ကို ဖိတ် တော့တာ ။


“ ဟဲ့ ... လှဌေး ၊ ဪ .. လာစမ်းပါ ဟဲ့ ။ အားမနာစမ်းပါ နဲ့ ၊ ဒီ အိမ် က အလှ နဲ့ ဆွေလိုမျိုး လို နေတာ ။ လာ .. မုန့်ဟင်းခါး ဝင် စား ” 


စဉ်းစားသာ ကြည့်ပါတော့ဗျာ ။ ကိုယ် နဲ့ ရန်ဖြစ် ထားတဲ့ အိမ် ပေါ် တက် ပြီး မျက်နှာ ပြောင်ပြောင် နဲ့ မုန့်ဟင်းခါး စား သွားဖို့ ကိုယ့် ကို ဖိတ်ခေါ် ခံ ရရင် ဘယ်လို ခံစားရမလဲ ဟင် ။


မလှဌေး က တော့ အလိုက်ကန်းဆိုး မသိတတ်လွန်း တဲ့ အန်တီလှ ကို ‘ ဒိုင်းခနဲ ’ မျက်စောင်း တစ်ချက် လှမ်း ထိုးတယ် ။


ဒါကိုလည်း အန်တီလှ က အထာ မပေါက်ဘူး ။ သူ့ အရွယ်ကြီး မှ အားမနာ ပျာကလပ်စိန် လုပ်ရင်း အသံစာစာစာစာ နဲ့ ။


“ လာစမ်းပါ ဟဲ့ ... လှဌေး ရဲ့ ၊ ဪ .. ခက်လိုက်တာ ။ နင် က ရှက် နေ ပြန်ပြီ ။ မရဘူး .. မရဘူး ၊ စား ပြီး မှ သွားရမယ်နော် ။ ဟဲ့ ... ဟဲ့ ဖိုးစော ရဲ့ ဒီမှာ လှဌေး ကို ဆွဲစမ်းပါဦး ” 


လောကွတ် ချော်ပြီး ဖိတ်ခေါ် သူ က အန်တီလှ ၊ ဘုမသိ ဘမသိ အတင်း ဝင် ဆွဲသူ က ဖိုးစော ၊ အဲဒီမှာ ကြည့်လို့ ကောင်းတော့တာပဲ ။


မလှဌေး ကို ဖိုးစော လက်ဆွဲ ခေါ်နေတဲ့ ပုံ က အလှူအိမ် ထဲ ကို ဖိတ် ခေါ်တာ နဲ့ မတူဘူး ၊ ဇာတ်ပွဲ ထဲ မှာ ရာဇဝတ်သား ကို သူသ,တ်ကုန်း မှာ ကွပ်မျက်ဖို့ လူကြမ်း လုပ်တဲ့ အာဏာပါးကွက်သား က တရွတ်တိုက် ဆွဲခေါ် နေပုံ မျိုးကြီး ဗျ ။


မလှဌေး က လည်း အတင်း ဇွတ် ပေကပ်ပြီး ခြေကန် ရုန်းတာ ။ 


“ လွှတ် ... လွှတ် ... ငါ့ကို  လွှတ် ” 


“ ဟာ ... လာပါဗျာ ၊ စား သွားစမ်းပါ ။ မုန့်ဟင်းခါး က ကောင်း က ကောင်းသနဲ့ ” 


“ ဟင့်အင်း .. လွှတ် .. လွှတ် ၊ ခုချက်ချင်း လွှတ် ။ အော်လိုက်မယ်နော် ”  


ဖိုးစော က ဆွဲ ၊ မလှဌေး က ခြေစုံ တောင့်တောင့်ကြီး ကန်ပြီး ရုန်း ၊ ဟာ ... ဘာ ပြောကောင်းမလဲ အလှူအိမ် ရှေ့ မှာ ဝရုန်းသုန်းကား နဲ့ ပေါ့ဗျာ ။ 


အလှူအိမ် ထဲ က အကြောင်း သိ နေတဲ့ လူတွေ အဖို့ လည်း ခွကျ နေ တာပေါ့ ။ ဝင် ဆွဲရ ကောင်း နိုးနိုး ၊ “ ဟဲ့ ... လွှတ်လိုက် ၊ သွားပစေ ” လို့ ပြောရ ကောင်းနိုးနိုးနဲ့  ။


အဲဒီ အချိန်မှာ ပဲ ...


“ ဟေ့ကောင် .... ငါ့ မိန်းမ ကို လွှတ်လိုက် ” 


ကမူးရှူးထိုး အော်သံကြီး နဲ့ သိပ္ပံစိန်လှ တစ်ယောက် ငှက်ကြီးတောင် ဓားကြီး ဆွဲပြီး ပြေးလာတယ် ၊ ဟာ .. ရှုပ်ကုန်ပြီ ။ ဦးခွေးနီ က လည်း မုန့်ဟင်းခါးအိုး မွှေတဲ့ ယောက်မကြီး ကိုင်ပြီး ပြေး အဆင်း ... ။


ဆွဲ တဲ့ သူ က ဆွဲ ၊ စိန်ခေါ် တဲ့ လူ က ခေါ် ၊ ရပ်ကွက် ထဲ မှာ နေကြတဲ့ သူ့ဘက် ကိုယ့်ဘက် ပတ်သက်ရာ ပတ်သက်ကြောင်း တွေ အကုန်လုံး အလှူ အိမ် မှာ စုပြီး ရောက်နေကြ တဲ့ အချိန် ဆိုတော့ ဝုန်းဒိုင်းတွေ ကြဲပြီး ဆွဲကြ ၊ လွဲကြ ၊ ရိုက်ကြ ၊ နှက်ကြ နဲ့ အလှူပွဲ က နေ ရန်ပွဲကြီးလုံးလုံး ဖြစ်သွားတော့တာပဲ ။


◾မင်းခိုက်စိုးစန် 


📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment