Tuesday, September 12, 2023

အိမ်ထောင်ရေး


 ❝ အိမ်ထောင်ရေး ❞


ကျွန်တော့် မိတ်ဆွေ တစ်ယောက် ပြောပြတဲ့ ပုံ ပါ ။ ယောက်ျားများ မိန်းမ တွေ ကို အထင်မကြီး ကြ ပေမဲ့ တကယ်တမ်း ကျတော့ မိန်းမ လောက် ဉာဏ် မရှိကြဘူး ဆိုတဲ့ သဘာဝကို များ ရည်ညွှန်းလေ သလား မသိပါဘူး ။ 


ယောက်ျား က ပျိုး နုတ်ပြီး သူ နုတ် လို့ ပြီးတဲ့ ပျိုးထုံးတွေ ကို ရေတွက် တဲ့ အခါ မှာ သူ က ကျောင်း မှာ ဂဏန်းသင်္ချာ သင်ဖူးတဲ့ လူ ဆိုတော့ “ လယ် ထဲ မှာ က ၂၅ ၊ ကန်သင်း ပေါ် က ၂၅ ၊ အပေါ် က ၂၅ ၊ အောက် က ၂၅ ၊ ၅ နှင့် ၅ ပေါင်း ၁ဝ ၊ ၁ တင်း ၂၅ ၊ ၂၅ - ၂၅ ဆိုတော့ ၁ ရယ် ၊ အပေါ် က ၁ ၂ ရယ် ၊ အောက် က ၂ ရယ် ” လို့ လက် က လည်း ချိုး စဉ်းစား စဉ်းစား ပြီး ပါးစပ် က လည်း ဆို နေတော့ အနား က နားထောင် နေတဲ့ မိန်း မက စိတ် မရှည်ဘူး နှင့် တူပါတယ် ။ “ တော် ဟာ ဘာတွေများ ဒါလောက် တွက် နေ ရတာလဲ ၊ တကတဲ မှ ပဲ ၊ လယ် ထဲ က အစိတ် ၊ ကန်သင်း ပေါ် က အစိတ် ၊ နှစ်ခု ပေါင်း ၅ဝ ပေါ့ တော် ရဲ့ ” လို့ ဝင် ပြော လိုက်တော့ မိန်းမ က သူ့ အရင် အဖြေ ရ သွားတယ် ဆိုတာ လက်မခံချင် လို့ စိတ်တိုတို နဲ့ “ နေစမ်းပါ ၊ နင်တို့ မိန်းမတွက် က ” လို့ ဟန့်တား ပြီး သူ့ ဘာ သူ ၂၅ နဲ့ ၂၅ ကို စိတ်တွက် နဲ့ တွက်ပြီး ဆက် ပေါင်း နေ သတဲ့ ။


အဲ - အဲဒါ ယောက်ျား သဘာဝ နဲ့ မိန်းမ သဘာဝ လို့ ဆိုရ မလား ။ ကျွန်တော့် မိတ်ဆွေ သတင်းစာတိုက် တစ်တိုက် က ကိုဘစိန် ပြော ပြတဲ့ ဖြစ်ရပ်ကလေး တစ်ခု ကို နားထောင်ပြီး ကျွန်တော် အဲဒီ ပုံ ကို ပြေးပြီး သတိရ မိတယ် ။ အဲ - အဲဒီ ကိုဘစိန်ဆို တဲ့ လူ က ဒီ ရန်ကုန် မှာ နေတော့ တစ်ကိုယ်တည်း သမား ပဲ ။ သို့သော်လည်း သူ ဟာ လူပျို တော့ မဟုတ်ဘူး ။ တော မှာ သားကြီး မယားကြီး ရှိတယ်လို့ ဆိုပါတယ် ။ သူ ဟာ လူရှုပ် လူပွေ တော့ မဟုတ်ရှာ ပါဘူး ။ ဒါပေမဲ့ သူ့ ကိစ္စ သူ ပြောပြတဲ့ အတိုင်းပဲ ဖောက်သည်ချရ တော့မှာပဲ ။


“ ဒီ ကိစ္စ နဲ့ပတ်သက်လို့ ကျွန်တော် တော်တော် စိတ် ညစ်ရတယ် ဆရာ ။ တွေး ကြည့်လိုက်ရင် ကိုယ့် ကိုယ် ကိုယ် ပိတ်ကန် ပစ်ချင်တယ် ။ “ ဘယ်သူ မပြု မိမိမှု ” ဆိုပေမဲ့ ဒါကို စိတ် က ဖြေလို့ မရဘူး ။ ကျွန်တော့် ကိုယ် ကျွန်တော် ဒေါသ ဖြစ်နေရတာ က ကိုယ် မှ မယူနိုင် လို့ ထားပစ်ခဲ့ ရ တဲ့ မိန်းမ အတွက် ကျွန်တော် ည အိပ် မပျော်အောင် စိတ် ထဲ က ယား ကျိကျိ ဖြစ် နေရလို့ပါ ဆရာ ။ တကယ်က ကျွန်တော် ဒီ မိန်းမ ကို မကြိုက် ပါဘူး ။ ကျွန်တော် နဲ့ အတူတူ နေတဲ့ ကိုညိုမောင် ဆို တဲ့ လူပျိုကြီး က တော့ အရမ်း ကြိုက်တယ် ။ “ ဒီ မိန်းမ ကို ရရင် ယူမယ် ” ဆိုတဲ့ စကား တစ်နေ့ ကို လေးငါးခြောက်ခါ ထက် မနည်း ပြောတယ် ။ ဒါပေမဲ့ ဒါက အလကား စကား ပါ ။ ဒီ လူ က အင်မတန် ဇီဇာ ကြောင် တဲ့လူ ။ ပုဆိုး တစ်ထည် ဝယ် တာ က အစ အကွက်အဆင် အရောင်အသွေး ရွေး လို့ ဟန် မရ နိုင်ဘူး ။ ကောင်းပြီ ကောင်းရဲ့ ကြိုက်ပြီ ဆိုပြီး ဝယ်လာပြီး မှ တစ်ခါ မကြိုက်ပြန်ဘူး ဆိုပြီး ပြန် ရောင်းလား ရောင်းရဲ့  ။ ဒီ ‘ မဒေါင်း ’ ဆိုတဲ့ မိန်းမ က ကိုယ် ကာယ အချိုးအစားလေး က မဆိုးလှပါဘူး ။ ကြည့်ပျော် ရှုပျော် ရှိတယ် ဆိုရ ပေမဲ့ အသား က ခပ် မည်းမည်း ၊ နှုတ်ခမ်း က ထူထူ ၊ မျက်လုံး က ခပ်တောက်တောက် ၊ ကစား လည်း အလွန် ကစား ။ အဲ - အဲ ကျွန်တော် က တော့ သူ့ ကို အဲသလို မြင်တယ် ။


ကိုညိုမောင်ကြီး ကတော့ ကျွန်တော် က အဲသလို ပြောရင် “ မင်း မကြည့်တတ်လို့ ပါ ၊ လှတယ်ကွ ” လို့ သူ က ဆိုပါတယ် ။ သူ့ အဖို့တော့ မဒေါင်း ဟာ တကယ့် ရွှေမင်းသမီးကလေး ။ ကျွန်တော့် အဖို့ မှာ တော့ ရွှေမင်းသမီး တော့ ရွှေမင်းသမီး ပဲ ။ ဒါပေမဲ့ ရွှေ မချရသေးခင် သစ်စေး သုတ် ထားတဲ့ ရွှေမင်းသမီး အမည်းစားကလေး ။ အဲ - ပြောချင် ရင် ပေါ့လေ ၊ ပြောစရာ ဆိုလို့ သူ့ မှာ တစ်ခု ရှိတာ သူ့ ကိုယ်လုံး ကိုယ်ပေါက် က တော့ လှတယ် လို့ ပြောချင် ရင် ပြောနိုင် ပါတယ် ။ ညိုညိုစိုစို ရှိ ပါရဲ့ ။ ကိုညိုမောင် က တော့ “ အသားတော် ညိုပြာညက် ” ဆိုပြီး သူ ကြားဖူးနားဝ ရှိတဲ့ ဣတ္ထိ သျှတ္တရ ကျမ်းကိုး တွေ ကို ပါ ရွတ်ပြပါ သေးတယ် ။


အဲ - ကိုညိုမောင် က မဒေါင်း ကို ကြိုက်ပေမဲ့ မဒေါင်း က တော့ သူ့ ကို ကြိုက်ပုံ မရပါဘူး ။ ဘယ်တုန်းက သိခဲ့တယ် တော့ မပြောတတ် ဘူး ။ အသိ မို့ လမ်း တွေ့ ရင် ပြုံးပြ နှုတ်ဆက်ပေမဲ့ နည်းနည်းမျှ စိတ်ဝင်စား ပုံ မရပါဘူး ။ ကျွန်တော် နဲ့ က လည်း သိကျွမ်း ခင်မင် နေတော့ တစ်ခါ တလေ ကျွန်တော် က ကိုညိုမောင်ကြီး အကြောင်း နည်းနည်းပါးပါး ဆွယ် ကြည့်တော့ “ တော်စမ်းပါ ” ဆိုပြီး စကား ကို ဖျောက်ဖျက် ပစ်လိုက်တယ် ။


ကျွန်တော် က လည်း ကျွန်တော် ပဲ ၊ ဒီ မိန်းမ ကို မကြိုက်ပါဘူး ဆို ကတည်း က သူ့ ကို တစ်ခွန်းစ ၊ နှစ်ခွန်းစ မထိ တထိ သွား ပြောမိတယ် ။ ဒါကြောင့် ကျွန်တော် ပြောတာ ။ “ ကျွန်တော့် ကိုယ် ကျွန်တော် ပိတ်ကန် ချင်တယ် ” ဆိုတာ အဲဒါပေါ့ ။ ကျွန်တော် က အဲသလို မထိ တထိ သွား လုပ် ထား တော့ နေ့လယ်နေ့ခင်း ကျွန်တော် အား လို့ သူ့ ဆိုင် သွား လည်ရင် သူ က လက်ဖက်ရည် တိုက်တယ် ။ စီးကရက် တည်တယ် ။ ကျွန်တော် က “ ဘာရယ် မဟုတ်ပါဘူး ဆရာရယ် ၊ လက်ဖက်ရည် တစ်ခွက် ၊ စီးကရက် တစ်လိပ်ဖိုး သက်သာတယ် ဆိုလည်း ခုနေခါ မှာ တော့ မနည်းဘူးလေ ” ဆိုပြီး သူ့ ဆိုင် ဝင်ဝင် ထိုင် မိတာပါ ။ ကြာတော့ လည်း ကျွန်တော် သူ့ ကို ဘယ်လိုပဲ မကြိုက်ပါဘူး ပြော ပြော ၊ နီးစပ်မှု က ရှိ နေတော့တာပေါ့ ဆရာ ရယ် ။


အဲဒီတော့ ဖြစ်ရပုံ က ဆရာကိုညိုမောင် က သူ့ ကို ကြိုက်တယ် ။ သူ က ကျွန်တော့် ကို ကြိုက်တယ် ။ ဒီလို ဖြစ် နေတယ် ။ ယောက်ျား ဆိုတဲ့ အကောင်မျိုး က လည်း ကောင်းတာမဟုတ်ဘူး ။ မိန်းမ တစ်ယောက် က အဲသလို မျက်နှာသာ ပေး လာပြီ ဆိုရင် သပိတ်ဝင် အိတ်ဝင် ပဲ ၊ အခါအခွင့် ကို ရှာ တော့တာပဲ ။ ရှောင်ဖို့ ဆိုတာ သတိ မရပါဘူး ။ စိတ် မကူးပါဘူး ။ 


အဲ - အမှု က လွန်ပြီး ပြန် နုတ်လို့ မရတော့ဘူး ဆိုတော့ မှ ကိုယ့် ကိုယ် ကိုယ် ပိတ် ပိတ် ကန်ချင်တယ် လို့ ဖြစ်လာတာပဲ ။ ကျွန်တော် ဒီ ရပ်ကွက် ထဲ က ထွက်ပြေး ဖို့ပဲ ။ ဒါပေမဲ့ တော်တော် နဲ့ ပြေးလို့ မရဘူး ။ ကျွန်တော် က လည်း ကျွန်တော် ပါ ပဲ ။ ဒီ မဒေါင်း ကို သာယာမိပြီ ဆို မှတော့ ဘယ်လို ခွာ ထွက်ပြေးရမယ် ဆိုတာတောင် မသိတော့ဘူး ဆရာ ။ ဘာလိုလို နဲ့ ကျွန်တော် သူ့ ကို အတော် စွဲ သွားတာ ။ ဟိုဒင်း ဆရာရယ် “ အသိ ခေါက်လျက် အဝင် နက် ” ဆိုတာ လို ပေါ့ ။ ဒါ အတော် ခက်တဲ့ ကိစ္စ ။ ကျွန်တော့် စိတ် ထဲ မှာ မကြံအပ် မစည်ရာ ၊ နေ့တိုင်း မဒေါင်းအ ကြောင်း မပါရင် စကား မဖြစ်တဲ့ ကိုညိုမောင်ကြီး လက် ထဲ ထိုး ထည့် ထားပြီး လစ် သွားရ ကောင်းမလား တောင် စဉ်းစားမိသေးတယ် ။


ကိုညိုမောင် ဆိုတဲ့ လူ က တစ်မျိုး ။ သူ က မဒေါင်း ကို ကြိုက်တယ် သာ ပြောတာ ၊ ရ အောင်တော့ ဘယ်လိုမျှ မကြိုးစားဘူး ။ မဒေါင်း က ကျွန်တော် တို့ နေတဲ့ အိမ် ရှေ့ က ဖြတ် ဖြတ်ပြီး ဈေး ကို သွားလေ့ ရှိတော့ မဒေါင်း လာ ချိန် ဆိုရင် ကိုညိုမောင် ဟာ အိမ်ရှေ့ မှာ ချည်းပဲ ။ မဒေါင်း မို့ အိမ် ရှေ့ က ဖြတ်သွား ပြီ ဆိုရင် မျက်စိ တစ်ဆုံး လိုက် ကြည့်ပြီး မဒေါင်း

ဈေးရုံ ဘက် ကို ချိုးပြီး သူ့ မြင်ကွင်း က ပျောက် သွား မှ တစ်ခါတလေ တောက် ခေါက်ရင်း အိမ် ထဲ ပြန် ဝင် လာတတ်ပါတယ် ။ ဒါပါပဲ ။


ကျွန်တော် က သတင်းစာတိုက် အလုပ်သမား ။ ည ဂျူတီ ကျ လို့ ရှိရင် မနက် လင်း မှ အိမ်ပြန် ရောက်လေ့ ရှိတယ် ။ အဲဒီလို အခါမှာ ကိုညိုမောင် နဲ့ နံနက် လက်ဖက်ရည် အတူ သောက်ရလေ့ ရှိတယ် ။ နေ့လယ် ကျ ကျွန်တော် က ၂ နာရီ ၊ ၃ နာရီ အထိ အိပ် ၊ ကိုညိုမောင် က မြို့ ထဲ က သူ့ ရုံး သူ ရုံးချိန် အတိုင်း သွား ၊ တစ်ခါတလေ သူ ရုံး က အပြန် ကျွန်တော် အလုပ် မသွားခင် အတူတူ တစ်ခု ခု စားကြ သောက်ကြ ရတယ် ။ စကား ရယ် လို့ များများ မပြောဖြစ်ကြပါဘူး ။ တစ်ခါတလေ စပ်မိ လို့ အားရပါးရ ပြောကြ ရတဲ့ စကား က တော့ မဒေါင်း အကြောင်း ၊ ယောက်ျား နှစ်ယောက် တည်း ရှိ တဲ့ အခါ ပြောတတ်ကြတဲ့ စကားမျိုး ပြောမိကြပါတယ် ။ မဒေါင်း များ ကြား ရင်တော့ နှစ်ယောက် စလုံး ကို “ သေခြင်းဆိုး ” တွေ လို့ သြဘာ ပေးမယ် ထင်ပါတယ် ။ ဖိနပ် နဲ့ လိုက် မခုတ်ရင် ကံကောင်း ။


အဲသလိုပဲ ပြောရင်း ပြောရင်း နဲ့ ကျွန်တော် ဟာ မဒေါင်း ကို အတော်ကလေး စိတ်ဝင်စား လာ သလိုပဲ ။ ကျွန်တော် တစ်ယောက်တည်း သဘော နဲ့ က တော့ ဟုတ်ပါတယ် ဆရာ ။ မဒေါင်း လို မိန်းမမျိုး ကို စိတ် မကူးမိတာ အမှန်ပါ ။ ဒါပေမဲ့ တခြား ယောက်ျား တစ်ယောက် က မဒေါင်း ချီးမွမ်းခန်း တွေ ဖွင့်တာ ကို ငြင်းရင်း ခုံရင်း နဲ့ သူ ပြောတာတွေ ဟုတ် သလိုလို ထင် လာရော ခင်ဗျ ။ တကယ်ဗျာ - ကျွန်တော် ပြောလို့ ပြောတာ မဟုတ်ဘူး ။ ကိုယ့် ဟာ ကိုယ် ပိတ်ကန်ပစ်ချင်တယ် ဆိုတာ တကယ် ။ တစ်နေ့ ကျွန်တော် သိပ် နေမကောင်း လို့ အိမ် မှာ အိပ် နေတုန်း မဒေါင်း က မေးမြန်းပြီး သူ တစ်ယောက် တည်း ကျွန်တော့် အိမ် ကို လာတယ် ။ စိတ် ပူလို့ပေါ့ လေ ။ အဲဒီ အချိန်က အိမ် မှာ က ဘယ်သူမျှ မရှိတဲ့ အချိန် ။ တကယ် ဆရာရယ် တကယ် ။ ကျွန်တော် က လည်း ကျွန်တော် ပဲ ။ နည်းနည်းမျှ မှ ကောင်းတဲ့ အကောင် မဟုတ်ဘူး ။ ဆရာ စဉ်းစားကြည့် လေ ။ အဲဒါ အဲဒါဗျာ ။ အားလုံး ဒုက္ခ ဖြစ်ကုန်ကြတာပေါ့ ဆရာ ရယ် ။


နောက် ဒီ ကိစ္စ ဖုံးမရ ဖိမရ ဖြစ်လာ တော့ အရပ် ထဲ မှာ က ဟိုနား တိုးတိုး တိုးတိုး ၊ ဒီနား ကွက်ကြည့် ကွက်ကြည့် ဟာ အနေရ အထိုင်ရ ခက် လိုက်တာ ဆရာ ရယ် ။ ကျွန်တော် တစ်ခါတလေ အိမ် တောင် မပြန် ချင်ဘူး ။ ဒါပေမဲ့ ခက်တာ က ဘာတွေ ဖြစ်နေကြလဲ ဆိုတာ သိချင်သေး တော့ လူ ရှင်းမယ့် အချိန်ဘက် တို့ ဘာတို့ မှောင်ရိပ် ခိုပြီး ပြန်လာ ။ နေ့လယ် ဆို ဘယ်မျှ မထွက် ။ တစ်နေ့လုံး အိပ် ။ ကိုညိုမောင် နဲ့ လည်း အစ တော့ ကျွန်တော် ဘာမျှ မပြော ဖြစ်ပါဘူး ။ နောက်တော့ တိုင်ပင် စရာ ဆိုလို့ သူ ပဲ ရှိတော့ ကျွန်တော် သူ့ ကို အားလုံး ပြောပြလိုက်ပါတယ် ။


ကိုညိုမောင် က တော့ ဆရာ ရေ့ ။ တကယ့် လူ ပဲ ဗျ ။ ကျွန်တော် က သူ့ ကို တိုးတိုးတိတ်တိတ် အခြေအနေ ကို ပြောပြတော့ သူ့ မှာ ဘာမျှ မထူးဆန်း သလိုပဲ ဗျ ။ သူ က မေးတယ် ။ “ မင့် ရွာ က မိန်းမ နဲ့ ဘယ်လို လုပ် မလဲ ” တဲ့ ။ ကျွန်တော် က လည်း “ မပြောတတ်ပါဘူးဗျာ ၊ ကျွန်တော် စိတ်ရှုပ်တယ် ” လို့ ပြောတော့ ကိုညိုမောင် က “ ဘာ ရှုပ်စရာရှိလဲကွ ၊ ဟိုမှာ တစ်ယောက် ၊ ဒီမှာ တစ်ယောက် ပေါ့ ” လို့ ပြောပြီး နောက် နေ သေး တယ် ။


နောက် အရပ် ထဲ မှာ သတင်း တစ်ခု ထွက်နေတာက “ မဒေါင်း နဲ့ ဖြစ် နေတာ ကိုညိုမောင်ကြီး တဲ့ ” ဗျ ။ အဲ - ကျော်တော့ လှေသူကြီး ဆိုတာ လို ပါပဲ ။ ကျွန်တော့် ကို တော့ အရပ် ထဲ က လူတွေ က သိပ် မသိကြဘူး ဆရာ ။ မဒေါင်း ဒီ အိမ် ကို ဝင်တာ ထွက်တာ မြင်ကြတဲ့လူတွေ က တော့ ဒီ အိမ် မှာ နေတဲ့ ကိုညိုမောင် ပေါ့ ။ အဲဒီလို သတင်း ထွက် လာတာ ကို ကိုညိုမောင်ကြီး ဟာ “ မဟုတ်မှန်း လည်း သိသားနဲ့ သူ့ ကြည့်ရတာ စပ်ဖြဲဖြဲ နဲ့ အထင် ခံ ရ နည်းသလား ” အောက်မေ့ နေဟန် တူ ပါတယ် ။


ကျွန်တော် အဲဒီ ရပ်ကွက် ထဲ က လစ်ပြေး ပြီး သိပ် မကြာခင် တစ်ည ကိုညိုမောင်ကြီး ကျွန်တော့် သတင်းစာတိုက် ကို လိုက် လာပြီး သူ့ ဘာ သူ ကြုံ လို့ ဝင်လာ သလိုလို ဘာလိုလို နဲ့ ကျွန်တော့် ကို လက်ဖက်ရည်ဆိုင် ခေါ် သွားပြီး တောပြော တောင်ပြော ပြောရင်း က “ ငါ တော့ မင့်ကလေး ကို ရှင်ပြု ပေးရဦးမယ် ထင်တယ်ကွ ” လို့ ရယ်လားဟားလား နဲ့ ပြော သွား သေးတယ် ။ ကျွန်တော် စိတ် မကောင်း ဖြစ်ရပုံ တော့ ဆရာ ရယ် ၊ ဘယ်လို ပြောရမှန်း တောင် မသိတော့ဘူး ။ ကိုညိုမောင်ကြီး ကို တစ်ဖက် က သိပ် သနား သွားသလို ၊ တစ်ဖက် က လည်း လက်သီး နဲ့ ဆွဲထိုး ပစ်ချင်စိတ် ဖြစ်ရတယ် ဆရာ ရယ် ။ တကယ်ပါ ။ သနား သွား တာ ကတော့ သူ့ ခမျာ မိန်းမ တစ်ယောက် ကို ရအောင် မပိုးတတ် ရှာလို့ သူများ လှည်းကျိုးကြီး ဝင် ထမ်းရ ရှာတယ်ပေါ့ ။ လက်သီး နဲ့ ဆွဲထိုး ပစ်ချင်တာက တော့ မဒေါင်း ဟာ တကယ်တော့ ကျွန်တော့် မဒေါင်း မဟုတ်လား ဆရာ ။ ကိုယ် သာ မယူ နိုင်တာ ၊ သူများ ယူ သွား မှာတော့ စိတ် ထဲ က အခံပြင်းသား ။ တကယ် ဆရာ ရယ် ။ ဒီ ကိုညိုမောင် ဆိုတဲ့ လူ က တကယ် သနားစရာ ကောင်းတဲ့ အချောင်သမား ။ သူများ အကျသော ဘာသော ကြည့် မနေနိုင်ဘူး ။ ချဉ်ချဉ် တူးတူး မူး ပြီးရော ဆိုတဲ့ လူမျိုး ။ ဒါပေမဲ့ ဆရာ ၊ ကျွန်တော် ဘာမျှ မတတ် နိုင်ဘူး ။ ကိုယ် က လည်း ဒီနေရာ မှာ လူစွမ်းကောင်း လုပ် မပြ နိုင်တော့ ရင် ထဲ က ပူလောင်လျက် ပဲ ဒီအတိုင်း နေ ခဲ့ ရတယ် ၊ ကိုယ့် ဘာ ကိုယ် လည်း ငါ့နှယ် ၊ ဒီလို မိန်းမ တစ်ယောက် အတွက် နှင့် သက်သက် ဒုက္ခ ရောက် ရတယ် ၊ အဲဒါ ငါ မလိမ္မာလို့ ၊ ငါ မိုက်လို့ ဆိုပြီး ကိုယ့် ဘာ ကိုယ် အပြစ်တင် နေ ရတော့ ကျွန်တော် ပိုပြီး စိတ်ဆင်းရဲ ရ တာပေါ့ ၊ ကိုညိုမောင် လို ကျောင်း မှာ ကတည်း က ညီအစ်ကို လို နေလာခဲ့တဲ့ လူ နဲ့ တောင် ဘာမဟုတ် တဲ့ မိန်းမ တစ်ယောက် အတွက် စိတ်ဝမ်း ကွဲကြရတော့ မလို ဖြစ်ရတာ တော့ မကောင်းဘူး ဆိုတာ လည်း ကျွန်တော် သိပါ ရဲ့ ။ နောက်တော့ ကျွန်တော် လည်း “ အေးလေ ၊ သူ လည်း သိလျက် နဲ့ သူ့ ဟာ သူ ကျေနပ်လို့ ယူ လည်း ယူပေါ့ ။ သူ တကယ်လို့ မဒေါင်း ကို ယူ လိုက်ရင် တောင် နောက် သူတို့ အိမ် ကို ကျွန်တော် ဘယ်လို လုပ်ပြီး သွားတော့ မလဲ ။ မဒေါင်း က လည်း အစတော့ ဒီလို လူမျိုး မကြိုက်နိုင်ပါဘူး ဘာဘူး နဲ့ စ ပြော တာတောင် လက်မခံတဲ့ မိန်းမ ။ အခုတော့ အေးလေ သူ့ လှည်း က ကျိုး နေတော့ ထမ်းမယ့် သူ ရှာရတော့ မှာ ပေါ့ ။ ယူကြကွာ ယူကြ ” ဆိုတာတွေ နဲ့ ဒေါသ ဖြစ်လိုက် ၊ ဝမ်းနည်း လိုက် နဲ့ အချိန်ကာလ အတော် ကြာသွား ပြန်တော့ ကျွန်တော် ဒီ ကိစ္စ မေ့မေ့ပျောက်ပျောက် ထားလိုက်လို့ ရ သွားပါတယ် ။ ကိုညိုမောင် နဲ့ လည်း မတွေ့တော့ သလောက်ပါပဲ ။


တစ်နေ့ နှစ်လ သုံးလ ကြာသွားတဲ့ တစ်နေ့ ပေါ့ ဆရာ ရယ် ။ ကိုညိုမောင် တစ်ယောက် ကျွန်တော် ရှိရာကို စုံစမ်းပြီး လိုက် လာတယ် ။ ကျွန်တော့် အထင် ကတော့ သူ နဲ့ မဒေါင်း ယူပြီး ကြပြီ လို့ လာ ပြော တာလား ၊ ဒါမှမဟုတ် ယူလိုက်ကြဖို့ သေချာပြီ လို့ လာ ပြောတာလား ။ ဒီတစ်ခါ တော့ အတော် ကြာအောင် ထိုင်ပြီး တခြား ကိစ္စတွေ ပြော နေတာနဲ့ မဒေါင်း အကြောင်း မရောက်ဖြစ်နိုင်ဘူး ။ ကိုညိုမောင် က တော့ ထုံးစံ အတိုင်းပဲ ခပ်အေးအေး ခပ်ပေါ့ပေါ့ ပဲ ဗျ ။ အတော်ကလေး ကြာ သွားလို့ ကျွန်တော် က မနေနိုင်လို့ “ ခင်ဗျာ့ ဟို အမျိုးသမီး နဲ့ ကိစ္စ ကော ” လို့ စကား ဖြတ်ပြီး မေး လိုက်တော့ သူ က “ ဟား ဟား − မင့်ကလေး ကို ရှင်ပြု ပေးမယ့် ဒကာ ပေါ်သွားပြီကွ ၊ မင်း သိတယ် မဟုတ်လား ၊ တို့ လမ်းထိပ် က ဟို အဘိုးကြီး လေ ကွာ ၊ ပင်စင် ယူပြီး မိန်းမ သေ သွား လို့ တစ်ယောက် တည်း နေတဲ့ အဘိုးကြီးကာလသား လေ ကွာ ။ သား မရှိ သမီး မရှိ တိုက်ကလေး တစ်လုံး နဲ့ ။ အဘွားကြီး ထားခဲ့တဲ့ ရွှေတိုရွှေစ ကလေးတွေ နဲ့ ” လို့ ပြောပါတယ် ။ ကိုညိုမောင် ပြောတဲ့ အဘိုးကြီး ကို ကျွန်တော် သိပါတယ် ။


အင်း - မဒေါင်း က အဘိုးကြီး မယား ဖြစ်သွား ရှာ ပြီလား ။ အစ ကတည်း က ဒီ အဘိုးကြီး က မဒေါင်း ကို ချိတ်တိတ်တိတ် ရိပ်တိတ်တိတ် လုပ် နေတာ ။ သူ့ ဆိုင် ကို တောင် အဘိုးကြီး ငွေ နဲ့ ဝယ်ပေး ထားတာ ဆို သလိုလို ။ အေးလေ ခုမှတော့ ဘာ တတ်နိုင်တော့မှာလဲ ။


ဟောဒီ ကိုညိုမောင် ဆိုတဲ့ လူ ဟာ ဘာ တစ်ခုမျှ ရေးကြီးခွင်ကျယ် မရှိဘူး ။ ဒီ ကိစ္စ အစ က တော့ သူ ပဲ ယူ လိုက်တော့ မလိုလို နဲ့ မိုးလား ကဲလား ၊ သေချာပြီ လိုလို ဘာလိုလို နဲ့ ကဲ - အခု သူ ပြောသလို ဆိုရင် သူ ကျန်ရစ် ဖြစ်ရပြန်ပြီ ။ ဒီ လူ့ ကို မျှော်ပါတယ် ။ ဘယ့်နှယ်ဗျာ ။ သူ က လူငယ် လူရွယ် ။ အလုပ် နဲ့ အကိုင် နဲ့ အလားအလာ နဲ့ ။ တကယ်ဆို မဒေါင်း ကို သူ လိုချင်တာများ ဒီလို အခါကောင်း အခွင့်ကောင်း ။ အဲ - အဲ ၊ ဆိုပါတော့ ဗျာ ။ သူ့ အဖို့ အခါကောင်း အခွင့်ကောင်း ရအောင် ဆွဲ လိုက်တာ မဟုတ်ဘူး ။ ကျွန်တော် က သူ့ အတွက် ရင်ထုမနာ ဖြစ်ရ လွန်း လို့ သူ့ ကို ပဲ အဲသလို အပြစ် တင် လိုက်မိတယ် ။ သူ က တော့ ခပ်အေးအေးပါ ပဲ ။ ခပ်ပေါ့ပေါ့ ပဲ ။ ပြော သေးတယ် ။ “ အဲဒါ မင့် မဒေါင်း က ပြောသတဲ့ ကွ ။  ‘ ကိုယ် မကြိုက်တဲ့ လူ ယူရမှာ ချင်း အတူတူ ဆိုရင် ရွယ်တူ လူ ယူပြီး တစ်သက်လုံး တော့ သည်းညည်းခံ မပေါင်းနိုင်ဘူး ဟေ့ ။ မြန်မြန် သေမယ့် ပစ္စည်း နဲ့ လူ ကို ယူရတာ က တွက်ခြေ ကိုက်တယ် ’ တဲ့ မောင် ရဲ့ ။ မှတ်လောက် သားလောက် စကားကွ  ၊ မင်း မှတ်ထား ၊ အဲဒါ မိန်းမ တွက်ကွ ” လို့ ပြော သွားတယ် ဆရာ ။ သူ့ မှာ တကယ်ကို ဘာ အသည်းနှလုံး မျှ မရှိသလိုပဲ ။ တကယ် စိတ်တိုစရာ ကောင်းတဲ့ လူ ။


  •••••   •••••   •••••


ကိုစိန်ဘ ရဲ့ ဇာတ်လမ်း က တော့ ဒါလောက်ပါ ပဲ ။ ကျွန်တော် က တော့ ကိုစိန်ဘ နဲ့ ကိုညိုမောင် တို့ နှစ်ယောက်သား ဟို ပျိုးနုတ်သမား ၂၅ နဲ့ ၂၅ ပေါင်း ရင် စာရင်းရှုပ် နေကြ သလို သူတို့ ဟာ နဲ့ သူတို့ စာရင်း ရှုပ် နေကြတုန်း မှာ အဲဒီ ပျိုးနုတ်သမား ရဲ့ မိန်းမ လို ပဲ သူတို့ ရဲ့ မဒေါင်း က တော့ အစိတ် နဲ့ အစိတ် ပေါင်းတာ ၅ဝ ဆိုတဲ့ အဖြေ ကို ရ သွားတယ် လို့ ပဲ တွေး နေ လိုက်မိပါတယ် ။


◾ထင်လင်း


📖 မြတ်လေး မဂ္ဂဇင်း 

      အမှတ် ( ၁၀ )

      ဖေဖော်ဝါရီ ၊ ၁၉၈၇


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment