အခန်း ( ၁ဝ )
ဦးမောင်ဝမ်း က သူ့ မိန်းမ လို ပါးစပ် ကြမ်းတဲ့ လူ တော့ မဟုတ်ဘူး ။ ဒါပေမဲ့ သူ့ ဗိုက် ထဲ ကို ချက်အရက်လေး တစ်ပိုင်း လောက် များ ဝင် သွားရင် တော့ သူ လည်း “ ခေသူတော့ မဟုတ်ဘူး ” ဆိုတဲ့ အစွမ်းအစလေး ပြတတ်သဗျ ။
ညနေ ညနေ ဆို သူ က လေချဉ်လေး တအေ့အေ့ နဲ့ ... ။
“ ဟို အိမ်က - ဟာမကြီးတွေ ရေဒီယို ကျယ်ကျယ် ဖွင့်တာ ဘာ သဘောလဲ ၊ ဘာလဲ .. ရေဒီယို ဝယ်ထားနိုင်တယ် ဆိုတဲ့ အကြောင်း ကြွားတာ လား ။ ဟေ့ .. ဒီမှာ မောင်ဝမ်း တို့ က မဝယ်နိုင်လို့ မဟုတ်ဘူး ဟေ့ ၊ မလိုအပ်လို့ မဝယ်တာ ။ မောင်ဝမ်း က ရေဒီယို က လာတဲ့ သီချင်း အားလုံး အလွတ်ရပြီး သား ”
ဒါက ရေဒီယို ကျယ်ကျယ် ဖွင့် တတ်တဲ့ သူတို့ ခေါင်းရင်းအိမ် ကို လှမ်း ကြိမ်းတာ ။
“ လမ်းထိပ် က ငညွန့် ဆိုတဲ့ ကောင် က ဘာကိစ္စ ခွေးရူးပြန် ရောဂါ နဲ့ သေရတာတုံး ။ ဘာလဲ .. ငါ့ မိန်းမ မှာ ဝက်ရူးပြန် ရောဂါ ရှိမှန်း သိလို့ တမင် သက်သက် အရွဲ့တိုက် ပြီး ခွေးရူးပြန်ရတာလား ။ ဟား ... ဟား မတူရင် မတု နဲ့ ကွ ၊ မောင်ဝမ်း တို့ အမျိုး ထဲ မှာ ဝက်ရူးပြန် တတ်တဲ့ လူ ငါးယောက် တောင် ရှိတယ် ။ မှတ်ပြီလား ၊ မပြောချင် လို့ ကြည့်နေတာ ”
ဒါကတော့ သူ့ ဖာသာ သူ ခွေးရူးပြန် ပြီး သေတဲ့ မသာ ကို လှမ်း ရန် လုပ်တာ ။ အဲသည်လို ပဲ ဦးမောင်ဝမ်း တစ်ယောက် က တော့ မူး လာပြီ ဆိုရင် ရပ်ကွက် ထဲ မှာ ဟိုလူ့ ကို စိန်ခေါ် ချင် သလိုလို ၊ ဒီလူ နဲ့ ရန်ဖြစ်ချင် သလိုလို ... ။
တကယ်တော့ ဦးမောင်ဝမ်း ရဲ့ ရောဂါ က သူ့ ကို “ လူမိုက် ” ဘွဲ့ တပ်ပြီး ရပ်ကွက် က ခေါ်တာ ကို ခံချင်တာ ဗျ ။
( အဲဒီ အချိန်ကာလ လောက် တုန်း က ကျွန်တော်တို့ နေတဲ့ ရပ်ကွက် ကလေး မှာ နည်းနည်းတော့ တော ဆန် တဲ့ ‘ စရိုက် ’ မပျောက် သေးဘူး ။ အဲဒီတော့ အလုပ် မရှိ အကိုင် မရှိ နဲ့ ဘယ်နေရာ မှာ မှ ဟုတ်ဟုတ်ညားညား အစွမ်း မပြ နိုင်တဲ့ ယောက်ျားတွေ က ‘ လူမိုက် ’ လို့ အခေါ် ခံရတာ ကို သူရသတ္တိဘွဲ့ ချီးမြှင့် ခံရတာ လိုလို ၊ လူရှိန်တာ လိုလို တလွဲ ဆံပင်ကောင်း ဂုဏ်ယူ ချင်ကြတာ )
အဲဒီလို လူစား ထဲ မှာ ဦးမောင်ဝမ်း လည်း ပါ တာပေါ့ ဗျာ ။ ဒါပေမဲ့ တကယ်လည်း သ,တ်ရဲဖြတ်ရဲ တာ မဟုတ်တော့ အရက်လေး တစ်ငုံ နှစ်ငုံ လောက် မျို ပြီး မှ ‘ မိုက်ဇာတ်ခင်း ’ ပြ နေရတာ က သူ့ အတွက် အလုပ်ကြီး အကိုင်ကြီး တစ်ခု ပေါ့ ။
ဟုတ် မဟုတ်တော့ မသိဘူး ။ ဦးမောင်ဝမ်း က သူ ငယ်ငယ်တုန်း က “ ဗန်တို သင်ဖူးတယ် ” ဆိုပြီး ရပ်ကွက် ထဲ မှာ အသားလွတ် လျှောက် ကြွားတာ ။
အဲဒီခေတ် တုန်း က လည်း တနင်္ဂနွေ နေ့ တီဗီ က လာတဲ့ မြန်မာကား တွေ ထဲ မှာ ရုပ်ရှင်မင်းသား အကယ်ဒမီညွန့်ဝင်း ရဲ့ ‘ ဗန်တိုလူလေး ’ တို့ ၊ ‘ ဗန်တို လူလေး နှင့် သူဇာ ’ တို့က အရမ်း ပေါက် တာကိုး ။
ကိုယ်ဝန်ဆောင် မိန်းမ ချင်ခြင်း တပ် သလိုမျိုး ဦးမောင်ဝမ်း ခမျာ လည်း ( ဗိုက် မကြီးဘဲ ) ချင်ခြင်း တပ် ပါလေရော ။
အဲဒါကတော့ သူ့ နာမည် ရှေ့ မှာ ‘ ဗန်တို ’ တပ်ပြီး အခေါ် ခံချင် လာ တာပဲ ။ ‘ ဗန်တိုမောင်ဝမ်း ’ ပေါ့ဗျာ ။
ရိုးရိုးစင်းစင်း ရပ်ကွက် လူမိုက် အပေါစား ဖြစ်ရတာ ထက် ဗန်တို မောင်ဝမ်း ဘွဲ့ထူး ဂုဏ်ထူး ရ လူမိုက် ဖြစ် ရရင်တော့ အနိပ်ပဲ လို့ ထင်ပုံ ရပါ တယ် ။
တိုတို ပြောရရင် ဗျာ သူ့ နာမည် ရှေ့ မှာ ‘ ဗန်တို ’ တပ်ပြီး အခေါ် ခံချင်တဲ့ စိတ်တွေ က ထိန်းမနိုင် သိမ်းမရ အရူးအမူး ဖြစ်လာရော ဆိုပါတော့ဗျာ ။
ဒါနဲ့ သူ ဟာ ဗန်တိုသိုင်းပညာ ကို ဘယ်လို သင်ယူ ဆည်းပူးခဲ့ ကြောင်းတွေ ၊ ဘယ်လောက်တောင် ထူးထူးချွန်ချွန် တတ်မြောက် ခဲ့ကြောင်း တွေ ကို အိမ်တိုင်းစေ့ လည်ပြီး ထပ်တလဲလဲ ပြော တာဗျ ။
စောင်းပါးရိပ်ခြည် လည်း ပြောတယ် ။ ပေါ်တင်ကြီး ပြောတဲ့ အခါ လည်း ပြောတယ် ။
သူ့ ပါးစပ် က ဗန်တို ... ဗန်တို နဲ့ ‘ တစ်တို တည်း တို ’ ပြီး အမြှုပ် တစီစီ ထွက်အောင် ကို ပြောတာ ။
••••• ••••• •••••
ဒါပေမဲ့ ရပ်ကွက် ထဲ က လူတွေ က ရိုးကြ အ ’ ကြ ရှာပါတယ် ဗျာ ။ အထာ မနပ်ကြဘူး ။ သဘော မပေါက်ကြဘူး ။
ဦးမောင်ဝမ်း တစ်ယောက် ဘယ်လို အခေါ် ခံချင် နေမှန်း ကို အလိုက် မသိကြဘူး ဖြစ်နေတယ် ။
ဒါနဲ့ ဦးမောင်ဝမ်း ခမျာ သူ့ ဘာသာ သူပဲ အကြံအဖန် လုပ်ရတော့ တာပဲ ။ တခြား နည်းတော့ မဟုတ်ဘူး ။ ရပ်ကွက် ထဲ က ကလေးတွေ ကို မုန့်ဖိုး ပေးပြီး တိုးတိုးတိတ်တိတ် စည်းရုံးတာ ။
“ မင်းတို့ မုန့်ဖိုး ဆယ်ပြား မလိုချင်ကြဘူးလား ”
“ လိုချင်တာပေါ့ ဦးလေး ရဲ့ ”
အဲဒီ ခေတ် တုန်း က ဆယ်ပြား ဆိုတာ ကလေး တစ်ယောက် အဖို့ မက် လောက်စရာပဲ ဥစ္စာ ။ သကြားလုံး ၊ ဆီးထုပ် ၊ စာကလေးခွေ လိုမျိုး မုန့် တစ်ခု ခု ဝယ်စားလို့ ရတယ်လေ ။
အဲဒါကြောင့် ဦးမောင်ဝမ်း က သူ့ ကလေး ပရိသတ် ကို ဆယ်ပြား နဲ့ စပြီး ဆွဲဆောင် တာ ဗျ ။ တစ်နည်းအားဖြင့် ပြောရရင် သူ့ နာမည် ရဲ့ ကြမ်းခင်း ဈေး က “ ဆယ်ပြားတန် ” ပေါ့ ဗျာ ။
ဦးမောင်ဝမ်း က တော့ ရဲတယ် ။ ပြတ်တယ် ။
“ ဒါဆိုရင် မင်းတို့ ငါ့ နာမည် ကို ‘ ဗန်တိုမောင်ဝမ်း ’ လို့ ခေါ်ရမယ် ၊ ခေါ်တဲ့ သူ ကို မုန့်ဖိုးဆယ်ပြား ပေးမယ် ”
“ ခေါ်မယ် ... ခေါ်မယ် ”
ရပ်ကွက် ထဲ က ကလေးထုကြီး ရဲ့ ညီလာခံ က တညီတညွတ်တည်း တစ်ခဲနက် ဆုံးဖြတ်ချက် ချ လိုက်ကြတယ်ဗျာ ။ ဒါပေမဲ့ ခက် နေတာ က ...
ကလေးတွေ အဖို့ ‘ ဗန်တို ’ ဆိုတဲ့ အခေါ်အဝေါ် က နား စိမ်း နေတယ် ဗျာ ။ သိပ် မခေါ်တတ်ကြဘူး ။ ပြီးတော့ ဗန်တို ဆိုတာ သိုင်းပညာရပ် တစ်ခု ရဲ့ နာမည် ဆိုတာ အဲဒီလို ဘုစုခရုလေးတွေက ဘယ် သိ မှာတုံး ။
အဲဒီတော့ ...
ကလေးတွေ က သူတို့ ခေါ်တတ် သလို လွယ်လွယ်ပဲ ခေါ် လိုက်ကြတယ် ။
“ ဗုံတို မောင်ဝမ်း ” တဲ့ ။
••••• ••••• •••••
လွဲရပုံများ က တော့ ကတ်သီးကတ်သတ် ဗျာ ။ ကလေးတွေ ခေါ်သံ ကြား တာ နဲ့ ရပ်ကွက် ထဲ က လူတွေ က လည်း ဘုမသိ ဘမသိ လိုက် ခေါ်ကြတယ် ။
“ ဗုံတိုမောင်ဝမ်း ... ဗုံတိုမောင်ဝမ်း ” နဲ့ ။
ဒါနဲ့ပဲ အဲဒီ နာမည်ကြီး ‘ တွင် ’ သွား ရော ဆိုပါတော့ဗျာ ။
ရပ်ကွက် ထဲ ကို အသစ် ပြောင်းလာတဲ့ လူတွေ ကျတော့ အဲဒီ နာမည်ကြီး ကို တကယ် အတည် အောက်မေ့ တာ ဗျ ။
“ ဪ ... ဒီ လူကြီး က ဆိုင်းဝိုင်း မှာ ဗုံတို တီးတဲ့ လူ ထင်ပါရဲ့လေ ။ ဂီတသမားကြီး ပဲ ကိုး ”
လို့ ထင်သွား ကြပါလေ ရော ။
ဦးမောင်ဝမ်း တစ်ယောက် ခွကျ လိုက်ပုံများ ကတော့ ... ။
လူမိုက် ဆန်အောင် နာမည် ပေး ခါမှ ဗုံ တီးတဲ့ လူ ” လို့ အထင် ခံရတော့တာကိုး ။
နာမည် က လည်း ရပ်ကွက် ထဲ မှာ ဟိုးဟိုးကျော် အောင် ‘ တွင် ’ နေပြီ ။ ဘာမှ ပြန် လုပ်လို့ မရတော့ဘူး ။
ဒီကြား ထဲ ကျွန်တော်တို့ ကလည်း အဲဒီ နာမည်ကြီး ကို သူ မကြိုက် မှန်း သိလေ တမင် စကား စပ် မိအောင် ထည့်ထည့် ပြီး ပြောလေပဲ ။
ညနေ ဘက် သူ မူး လာလို့ ဟို လူ့ ကို ရမ်း ၊ ဒီ လူ့ ကို ဆဲ နဲ့ ... ။
“ ဟေ့ ... မိုက်တဲ့ကောင် ထွက် ”
ဘာညာ လုပ် လာပြီ ဆိုရင် ကျွန်တော်တို့ က သူ့ ကို ချော့ သလိုလို ထိန်း သလိုလို နဲ့ ။
“ သည်းခံပါ ... ဦးမောင်ဝမ်း ရယ် ၊ ဘာ မဟုတ်တဲ့ လူတွေ နဲ့ ဖက်ပြီး ရန် မဖြစ်စမ်းပါနဲ့ ။ ကိုယ် က နာမည် တစ်လုံးနဲ့ နေတဲ့ လူ ပဲ ဗျာ ၊ ဗုံတိုမောင်ဝမ်း ဆိုတဲ့ နာမည် က နှယ်နှယ်ရရ မှ မဟုတ်ဘဲ ”
အဲသလို ပြောရင် ကျွန်တော်တို့ ကို သူ က မျက်ထောင့်နီကြီး နဲ့ ကြည့်တတ် တယ်ဗျ ။
ဘယ်လို ပြဿနာ ရှာရမယ် မှန်း မသိလို့ သာ ။ ‘ ဗုံတိုမောင်ဝမ်း ’ လို့ အခေါ် ခံလိုက် ရ တိုင်း သူ့ စိတ် ထဲ ကျွန်တော်တို့ ကို အစိမ်းလိုက် ဝါးစား ချင် နေမှန်း ကျွန်တော် တို့ သိ တာပေါ့ ။
အဲဒါကြောင့်မို့ ကျွန်တော် တို့ က လည်း မထိတထိ ဖြစ်တယ် ဆိုရုံ ကလေး နောက်ကြ ၊ ပြောင်ကြတာ ။
အဲသည်လို သတိ ထားပြီး ရှောင်နေတဲ့ ကြား က ငြိမယ့် ငြိတော့ ကျွန်တော်တို့ ရဲ့ ထုံပေပေ အူကြောင်ကြောင် ပါရဂူ “ ဖိုးစော ” နဲ့ ဆယ်ပြားတန် လူမိုက်ကြီး ‘ ဗုံတိုမောင်ဝမ်း ’ တို့ ပြဿနာ တက်ကြပါလေရော ဗျာ ။
••••• ••••• •••••
တစ်နေ့ နေ့လယ်ခင်း ပေါ့ ဗျာ ။
ဦးမောင်ဝမ်း တစ်ယောက် သူ့ အိမ်ရှေ့ လမ်းမ ပေါ်ထွက် ထန်းပလပ်နဲ့ လုပ်တဲ့ ပက်လက်ကု,လားထိုင် အစုတ်တစ်လုံး ချပြီး စံမြန်းတော် မူတယ်ဗျ ။ လမ်းပေါ် ထွက် ထိုင် ရမှာပေါ့ဗျာ ။ သူ့ အိမ်ရှေ့ ကွက်လပ် က ဖင် မလှည့်သာ ခေါင်း မလှည့်သာ ကျဉ်းကျဉ်းလေး ကိုး ။
ထန်းပက်လက်ကု,လားထိုင် ပေါ် မှာ စန့်စန့်ကြီး ထိုင် ရင်းနဲ့ ဦးမောင်ဝမ်း က ဆံပင်အဖြူ အနုတ် ခံတာဗျ ။ သူ့ ရင်နှစ်သည်းချာ ဘုစုခရု မျောက်လောင်းလေး တွေ ကို မုန့်ဖိုး ပေးပြီး နုတ်ခိုင်း တာပေါ့ ။
သူ့ ကလေးတွေ က ( ဟိုဘက် က ဒေါ်ဟာစီးနား ရဲ့ သားကောင်း ရတနာလေးတွေ နဲ့ ကလေးချင်း အပြိုင် အနိုင်မခံ အရှုံးမပေး စတမ်း ကမြင်း ကြော ထ နေရတဲ့ အချိန်ဆိုတော့ ) သူတို့ မွေးသဖခင် ကျေးဇူးရှင်ကြီး ရဲ့ ဆံပင်ဖြူ ရှင်းလင်းရေး ကို လုံးဝ စိတ် မဝင်စားဘူး ။
“ ဗြုတ် ... ဗြုတ် ”
“ အား ... လား ... လား ၊ သေပါပြီ ”
ဆံပင် အမည်းတွေ ကို ပါ နုတ်တဲ့ အခါ နုတ်တယ် ။ တစ်ခါတလေ ကျတော့ လည်း သုံးလေးပင် ပူး ပြီး ဆောင့် ဆွဲ တဲ့ အခါ ဆွဲတယ် ။ ဦးမောင်ဝမ်း ခမျာ ဖက်ဆစ်ဂျပန်ခေတ် က ကင်ပေတိုင် တွေ လက် ထဲ ကို ရောက်သွား သလိုပဲ ။
“ ဗြုတ် ... ဗြုတ် ”
“ အောင်မလေး ... ဖြည်းဖြည်း လုပ်ပါဟ ”
“ ဗြုတ် ”
“ အား .. ကျွတ် .. ကျွတ် ..ကျွတ် ”
ဆံပင်တွေ ကို အဆုပ်လိုက် အဆုပ်လိုက် ဆွဲဆောင့် ပြီး အနုတ် ခံနေ ရ မှတော့ လူမိုက်ကြီးလည်း ဘယ် အသည်း မာ နိုင်တော့မှာလဲ ဗျာ ။
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျရပြီ ပေါ့ ။
ကျွန်တော်တို့ အိမ်ရှေ့ မြောင်း ပေါ် က ခုံရှည် ပေါ် ထိုင် ရင်း လှမ်းမြင် နေ ရတော့ ပန်းချီဆရာ က ကတ်သီးကတ်သတ် တွေးပြီး ပြောသေးတယ် ။
“ ဈေးဆိုင်တွေ အိမ်တွေ နံရံ မှာ လူ မြင်သာ အောင် ကပ် ထားတတ်တဲ့ စာတိုပေစတွေ မှာ မင်း တွေ့ ဖူးတယ် မဟုတ်လား ။ မိဘ မျက်ရည် တစ်စက် သားသမီး ဆင်းရဲ တစ်သက် ”ဆိုတာလေ ။ အင်း .. ဦးမောင်ဝမ်း သားသမီးတွေ က တော့ ဘဝ ဆက်တိုင်း ဆင်းရဲ လို့ ကို ဆုံးတော့မှာ မဟုတ်ဘူး ”
“ ဘာဖြစ်လို့လဲ ”
“ ဟိုမှာ မတွေ့ဘူးလား ၊ သားတွေ သမီးတွေ လက်ချက် နဲ့ ဦးမောင်ဝမ်းကြီး မျက်ရည် ပေါက်ပေါက် ကျနေတာ ”
“ ဟုတ်တယ် ... ဟုတ်တယ် ၊ ကျောင်းထိုင် ဆရာတော်ကြီး ပျံလွန်တော်မူ လို့ တစ်ရွာလုံး စုပြီး ငို ရင်တောင် အဲဒီလောက် မျက်ရည် များများ ထွက် မှာ မဟုတ်ဘူး ”
ကျွန်တော်တို့ ပြော နေတုန်း လမ်းထိပ် ဘက် ဆီ က နေ ဖိုးစော တစ်ယောက် လက်ဖက်ခြောက်ထုပ်ကလေး ဝယ်ပြီး ကော့လန်ကော့လန် နဲ့ ပြန်လာ ပါလေရော ဗျာ ။
ငနဲသား က လျှာရှည် ချင်တော့ ကိုယ့် အိမ် ကိုယ် တန်းတန်းမတ်မတ် ပြန် မလာဘဲ ဦးမောင်ဝမ်း လျောင်းတော်မူ နေတဲ့ ပက်လက်ကု,လားထိုင် ဆီ ကြွချီ သွားပြီး ...
“ ဦးလေး .. ဆံပင်ဖြူ ၊ အနုတ် ခံနေတာလား ”
“ အီးကွ ”
“ အင်းကွ ” လို့ ပြောရမယ့် ဟာ ကို တောင် နာလွန်း လို့ အသံ ပီပီသသ မထွက်နိုင် တော့ဘူး ။ ဆံပင်တွေ အနုတ် ခံထားရ လို့ ဦးရေပြား က နာ လှ ပြီလေ ။
ဒါကို ..
ကိုယ်တော်မြတ် “ ဖိုးစော ” က မဟာကရုဏာတော် ထား ရှာတယ် ထင်ပါရဲ့ ။ သူ သိထားတဲ့ ဗဟုသုတ ပိစိညှောက်တောက် ကို မိန့်ခြွေတော်မူ သဗျ ။
“ ဟိုဘက် က ( ၅ ) လမ်း ထိပ် မှာ ဆံပင်ဖြူ နုတ်ပေးတဲ့ ဆိုင် ရှိတယ် ဦးလေး ၊ ခြံဝ မှာ “ ဆံဖြူ သန့်ပေးသည် ” ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတယ် ”
“ ဟေ .. ဟုတ်လား ။ ကျေးဇူးပဲ ကွာ ”
ဒုက္ခ ဆင်းရဲတွင်း က လွတ်မြောက်ရာ အမတဘုံ ကို ဟောကြား ညွှန်ပြ ခံလိုက်ရ သလိုမျိုး ဦးမောင်ဝမ်း တစ်ယောက် ဝမ်းမြောက်ဝမ်းသာ နဲ့ ငေါက်ခနဲ ထ ထိုင်တယ် ။
ဖိုးစော ရဲ့ ဟန်ပန် ကလည်း ဗိုလ်တထောင် ဘိုးဘိုးကြီး နတ်ရုပ် လက်ညှိုး ထိုး နေတဲ့ အတိုင်းပဲ ဆိုတော့ ဘာ ပြော ကောင်းမလဲ ။ အားကိုးပြီ ပေါ့ ။ ဖိုးစော ညွှန် တဲ့ ( ၅ ) လမ်း ထိပ် ကို တစ်ဟုန်ထိုး သုတ်ခြေ တင် တော့တာပဲ ။
••••• ••••• •••••
( ၅ ) လမ်း ထိပ် က အိမ် ကို ရောက်တော့ ခြံရှေ့ မှာ ချိတ် ထားတဲ့ ဆိုင်းဘုတ် ကို ဖျတ်ခနဲ တစ်ချက် ကြည့် လိုက်တယ် ။
ဟုတ်တယ် ။ ဖိုးစော ပြောတဲ့ အတိုင်းပဲ ။
ဒါနဲ့ ဦးမောင်ဝမ်း က ရင် ကော့ပြီး တံတောင်ဆစ် ကို ချိုင်း ကနေ ကွတတ လုပ်ရင်း ခြံ ထဲ ကို ဝင် လိုက်တယ် ။ ဟုတ်တယ်လေ ၊ ဒါမှလည်း လူမိုက် ပုံ ပေါက် မှာ မဟုတ်လား ။
မျက်နှာကြော ကို လည်း တင်း ထား ရသေးတာ ။
အိမ်ရှင် က တော့ ဦးမောင်ဝမ်း ကို ကြည့်ပြီး မျက်လုံး ပြူး နေတယ် ။ ဟုတ်တယ်လေ ။ သူ့ခြံ ထဲ ကို မပြောမဆို နဲ့ စွတ်ရွတ် ဝင်လာပြီး မဲ့မဲ့ရွဲ့ရွဲ့ နဲ့ ခြေကားယား လက်ကားယား လုပ် နေတဲ့ ဦးမောင်ဝမ်း ပုံစံ က အိမ်သာ တက် ချင် လို့ မနည်း အောင့် ထားရ သလိုလို ဘာလိုလို ဖြစ် နေတာကိုး ။
အဲသလို အိမ်ရှင် ဖြစ်တဲ့ သူ မျက်လုံးကြီး ပြူး နေတာ ကို ကြည့် ပြီး ဦးမောင်ဝမ်း စိတ် ထဲ က ..
“ ဒီကောင် က တော့ ငါ့ ကို လူမိုက် မှန်း သိလို့ ကြောက် နေပြီ ”
လို့ ထင် တာဗျ ။ ဒါနဲ့ ....
“ ကိုယ့် ကို ကြောက်မယ့် လူ ရှိ တုန်းလေး မှာ ငါ့ ရဲ့ မိုက်ဂုဏ် ကို အစွမ်း ပြဦးမှပဲ ”
ဆိုပြီး အနား မှာ တွေ့တဲ့ ခွေးခြေထိုင်ခုံပုလေး ပေါ် ဝုန်းခနဲ ခပ်ဆောင့် ဆောင့် ထိုင်ချ လိုက်ရင်း ...
“ ဟေ့ကောင် ... ငါ့ ကို ဆံပင်ဖြူ နုတ်ပေးစမ်း ”
လေသံမာမာ နဲ့ ဟောက် လိုက် တော့ အိမ်ရှင် က အူကြောင်ကြောင် ဖြစ် သွားတယ် ။ ပြီးမှ အထစ်ထစ် အငေါ့ငေါ့ နဲ့ .... ။
“ ကျွန်တော် ... ကျွန်တော် မအားသေးပါဘူး ဦးလေး ရယ် ”
“ ဘာကွ ”
ဦးမောင်ဝမ်း ရေရေလည်လည် ‘ တင်း ’ သွားတယ် ။ ဒီလို ငြင်းလို့ ရ ရိုးလား ။ မောင်ဝမ်း ဆို တာ ‘ လူမိုက် ’ ၊ လူမိုက် ဆိုတာ ‘ မောင်ဝမ်း ’ ။
သူ့ စကား တစ်ခွန်း ဟာ အာဏာ တည် ရမှာပေါ့ ။
သူ ခိုင်းသမျှ ကို ခေါင်းညိတ် ရ မှာပေါ့ ။
ဒါနဲ့ ဦးမောင်ဝမ်း က ‘ တောက် ’ တစ်ချက် ပြင်းပြင်း ခေါက် လိုက်ပြီ ...
“ တောက် .... ဟေ့ကောင် ဗန်တိုမောင်ဝမ်း ဆို တာ မင်း မကြားဖူးဘူး လား ။ အားတာတွေ မအားတာတွေ ဆင်ခြေ လာ ပေး မနေနဲ့ ။ မင်း ကို အလကား ခိုင်းတာ မဟုတ်ဘူး ၊ ပိုက်ဆံ ပေး မှာ ကွ ။ ငါ က လူမိုက် ပေမယ့် မတရား မလုပ်ဘူး နားလည်လား ”
“ ဒါ ... ဒါပေမဲ့ ကျွန်တော် က ဆံပင်ဖြူ ၊ မနုတ်တတ်ဘူး ခင်ဗျ ”
“ အောင်မာ ”
ဦးမောင်ဝမ်း က လက်သီး နဲ့ ထိုးဖို့ ရွယ်ရင်း ...
“ တယ်လေ ... ငါ လုပ် လိုက်ရ ။ ဟင်း ... လက်ပါ မိ ရင် မင်း တော့ နာတော့မယ် နော် ၊ ဆံပင်ဖြူ ၊ မနုတ်တတ်ဘဲ နဲ့ ဘာဖြစ်လို့ မင်း အိမ် ရှေ့မှာ ‘ ဆံဖြူ သန့်ပေးသည် ’ ဆိုတဲ့ ဆိုင်းဘုတ် ကို ချိတ်ထားရ တာလဲ ”
လူမိုက် ကြိမ်း ကြိမ်း နေတဲ့ ဦးမောင်ဝမ်း ရဲ့ စကား ကြောင့် အိမ်ရှင် ရဲ့ မျက်နှာ က စပ်ဖြဲဖြဲ ဖြစ် သွားပြီး တော့ ...
“ မဟုတ်ပါဘူး ဦးလေး ရဲ့ ။ သေသေချာချာ ဖတ်ကြည့် ပါဦး ။ “ ဆန်ဖြူ သန့် ပေးသည် ” လို့ ရေး ထား တာပါ ။ သမဝါယမ က ပေး တဲ့ ဆန် တွေ က ညိုညိုညစ်ညစ်တွေ မို့ လို့ ဖြူ သွားအောင် ဆန်ဖွပ် ပေးတာပါ ၊ ဆံပင်ဖြူ နုတ် တာ မဟုတ်ပါဘူး ”
“ အယ် ... ”
မောင်ဝမ်း ( ခေါ် ) လူမိုက်ကြီးမောင်ဝမ်း ( ခ ) ဗန်တိုမောင်ဝမ်း ရဲ့ မျက်လုံးလေးတွေ က ကြောင်လတွတ် ... ကြောင်လတွတ်လေး တွေ ဖြစ်သွား ကြတယ် ။ စောစော က လို အဟိန်းတွေ ၊ အဟောက်တွေ ၊ အဟန့်တွေ ဘယ် နား သွား သုံးရမှန်း မသိတော့ဘူး ။
သွားပြီ ... သွားပြီ ။
ငါ တော့ သောက်ပေါကြီး လုံးလုံး ဖြစ်သွားပြီ ။
သူ့ ရဲ့ နှုတ်ဖျား က ..
“ ဆော ... ရီး.. နော် ”
လို့ တိုးတိုးလေး မပွင့်တပွင့် ပြောရင်း လူမိုက်ကြီး တစ်ယောက် ရှက်မျက်ရည် ဝိုင်းပြီး ကုပ်ချောင်းချောင်း ပြန် လာ ရတာပေါ့ဗျာ ။
••••• ••••• •••••
ဗုံတိုမောင်ဝမ်း ရဲ့ ရှက်ဒေါသတွေ ဟာ ကျွန်တော် တို့ လမ်း ထဲ ကို ပြန် ရောက် မှ ပေါက်ကွဲ ထွက် ကုန်တော့တာပဲ ။
“ ခွေးမသား .. ဖိုးစော ။ ငါ့ ကို သက်သက် ချောက်တွန်းတာ ၊ ဘယ်မလဲကွ ... မိုက်ရင် ထွက်ခဲ့ ”
လမ်း ထဲ က လူတွေ က ဝိုင်း ချော့ ကြတယ် ။
“ ဦးမောင်ဝမ်း က လည်း ဗျာ ကိုယ့်တူ ကိုယ့်သား အရွယ်လေး ကို ပြီးတော့ ဖိုးစော ဆို တာ က လည်း သူ့ ဖာသာ သူ တောင် အူကြောင်ကြောင် ဥစ္စာ ”
ဦးမောင်ဝမ်း တစ်ယောက် ရှက်ရှက် နဲ့ သာ ရမ်း နေတာ ၊ ကျွန်တော်တို့ လူအုပ်စု က လည်း တောင့်တော့ တကယ်တမ်း ပွဲ မကြမ်းရဲဘူး ။
ဒါတောင်မှ ဖိုးစော ကို လက်ညှိုး ငေါက်ငေါက် ထိုး ပြီး ...
“ မင်း ... တစ်နေ့ ငါ နဲ့ တွေ့ မယ် ”
လို့ ကြိမ်း သွား ခဲ့သေးတာ ။
ဦးမောင်ဝမ်း ပြောတဲ့ အဲဒီ ‘ တစ်နေ့ .. ’ ဟာ သိပ် မကြာ လိုက်ပါဘူး ။
၁၉၈၇ ခုနှစ် ရဲ့ စက်တင်ဘာလ ပထမဦးဆုံး ရက်စွဲများ မှာ ပဲ ရောက် လာ ပါ တော့တယ် ။
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment