❝ သာဒင် ❞
၁ ။
သူ့ နာမည် က သာဒင် တဲ့ ။ တကယ်မှာ တော့ အဲဒီလို နာမည်မျိုး ဆို တာ က အရပ်အမောင်း ထောင်ထောင်မားမား ၊ ကိုယ်ခန္ဓာ တုတ်တုတ်ခိုင်ခိုင် ၊ အသားမည်းမည်း ၊ မျက်နှာပေါက် ဆိုးဆိုး ရှိတဲ့ လူမျိုး နဲ့ ဆို ပိုသင့် တော်တာပေါ့ ။ အခု လူပုံ က နွဲ့နွဲ့ ၊ အသား ဖြူဖြူ ၊ နှုတ်ခမ်းမွှေး စိမ်းရေး ရေးလေး ပေါ် နေတဲ့ သူ့ ပုံစံ က အဲဒီ နာမည် နဲ့ ဘယ်လိုမှ မလိုက်ဘူး ။ ဒါပေမဲ့ အဲဒီ နာမည် ကလည်း သူ နဲ့ ကို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပြီး တူတူတန်တန် ရခဲ့တယ် ပြောပါတော့ ။
သူ့ အမေ ဗိုက် အရမ်း နာ နေတဲ့ ည က ရွာ မှာ ဘုရားပွဲ ရှိ ဆိုပဲ ။ ညဉ့် သန်းခေါင်ယံ ရောက်လု နီး လို့ ပြောရမယ် ။ အဲဒီ အချိန် မှာ သူ့ ကို မွေး တော့ သူ့ ရဲ့ အူဝဲသံ နဲ့ ရှေ့ဆင့်နောက်ဆင့် မှာ ဘုရားပွဲတော် ရဲ့ ဇာတ် က ဖွင့် ထားတဲ့ လော်စပီကျယ်ကြီး ဆီ က ‘ သာဒင် ကို ဘာထင်သလဲ ’ ဆိုတဲ့ အ သံကြီး ရွာလုံး ဖုံး အောင် ပေါ်လာရော တဲ့ ။ ဒီတော့ သူ့ အဖေ ၊ အမေ တောင် မရွေးလိုက်ရ ဘဲ တစ်ရွာလုံး က သာဒင် ဆိုတဲ့ နာမည် သူ့ ကို ခေါ်တော့တာ တဲ့ ။
သာဒင် ဆိုတော့ သာဒင် ပေါ့ ။ သူ့ အဖေ ၊ အမေ က လည်း ဘယ်သူ့ ကို မှ မကန့်ကွက်ပါဘူး ။ နော့ ၊ သူတို့ တစ်ရွာလုံး မှာ အဖေ ၊ အမေ ကိုယ်တိုင် ပေး ထားတဲ့ နာမည် ဘယ်လောက် ရှိ လို့ လဲ ။ ရှိတော့ ကော ဘယ်သူ က အသိအမှတ် ပြုပြီး ခေါ်ကြလို့ လဲ ။ မိဘ က မှည့် လိုက်တာ က အောင်ထွန်း တဲ့ တနင်္ဂနွေ သား လည်း ဖြစ် နေတော့ အောင်အောင်မြင်မြင် ထွန်းထွန်းပေါက်ပေါက် ဖြစ်အောင်လို့ ပြောပါတော့ ။ ဒါပေမဲ့ တစ်ရွာလုံး ခေါ်ကြတာ က အာပြဲ တဲ့ ။ ဒီလို မှည့်တော့ တစ်မျိုး ခေါ်တော့ တစ်ဖုံ နာမည်တွေ ဆိုတာ ရွတ်ပြမယ် ဆို အမောပဲ ဆို့ သွား မယ် ။ ပြီးနိုင်တော့ မှာ မဟုတ်ဘူး ။
တခြား လူတွေ ကတော့ သူတို့ ရ တဲ့ နာမည် ကို ကျေနပ်သလား ၊ မကျေနပ်ဘူးလား မသိဘူး ။ သာဒင် က တော့ သူ ရတဲ့ နာမည် ကို ကျေနပ်ရုံ တင် မဟုတ်ဘူး ၊ တအား ကို သဘော ကျတယ် ပြောပါ တော့ ။ သာဒင့် အပေါင်းအသင်း တချို့ က တောင် သာဒင့် ကို နား မလည်ကြဘူး ။ နော့ ၊ သာဒင် ဆိုတဲ့ နာမည် နောက် က အရိပ်ကြီး က ဆိုး တာ ကိုး ။ သာဒင် ဆိုတဲ့ နာမည် ကြားရုံ နဲ့ တော်ရုံ လူ နှာခေါင်း ရှုံ့ သွားတာ ။
ဘယ်လိုပဲ ပြောပြော ၊ သူ့ ခံယူချက် နဲ့ သူ သာဒင် အကျေနပ်ကြီး ကျေ နပ်တယ် ၊ အဓိက ဒီ နာမည် ကို ကျေနပ်တာ က တော့ လူ အာရုံစိုက် ခံရလို့ ပဲ ပြောပါတော့ ။ နော့ ၊ သူ့ နာမည် က ပြော လိုက်ရင် နှစ်ခါ ပြောစရာ မလို အောင် ဖြစ်သွားတတ်တာ ကိုး ။
လူ တစ်ယောက် ကြီးပွားဖို့ ၊ ကျော်ကြားဖို့ ဆိုတာ အဲဒီ လူ ရဲ့ ကြံဖန် ဉာဏ်စွမ်းဉာဏ်စ တင် မကဘူး ၊ လူ အသိအမှတ် ပြုမှု ၊ အာရုံစိုက် ခံရမှု ဆို တာ လည်း ရှိဖို့ လိုတယ် လို့ သာဒင် ခံယူတာ ကိုး ။ ကောင်းတာ နဲ့ ပဲ ဖြစ်ဖြ စ် ၊ ဆိုးတာ နဲ့ ပဲ ဖြစ်ဖြစ် အာရုံစိုက် ခံရဖို့ က ပထမ ဆိုပါတော့ ။
အဲဒီလို ခံယူချက်မျိုး ၊ စိတ်ဓာတ်မျိုး နဲ့ သာဒင် ပဲ ။
••••• ••••• •••••
၂ ။
ဒီရွာ ဒီဒေသ မှာ က အလုပ်အကိုင် ထွေထွေထူးထူး ရှိတာ မဟုတ် ဘူး ။ ဆရာတော်ကြီး သင်ပေးတဲ့ စာ ကို မတောက်တခေါက် ဖတ်တတ် အောင် သင်ပြီး ခုံး ( ခရု ) ကောက်နိုင်တဲ့ အရွယ် ကောက် ၊ ငါးခေါင်း ခုတ် နိုင်တဲ့ အရွယ် ခုတ် ၊ ငါးမျှား နိုင်တဲ့ အရွယ် မျှား တော့ ။ အဲ ... ပင်လယ် အတွေ့ အကြုံလေး နည်းနည်းပါးပါး လေ့လာစုဆောင်းမိပြီ ဆိုရင်တော့ ရေနက် ထွက် ရတဲ့ အလုပ် ကို လိုက်ပေ တော့ ၊ ဒါပဲ ။
အပေါင်းအဖော်တွေ ပင်လယ် ထဲ အသီးသီး ရောက်သွားပေမယ့် သာဒင် က တော့ ခေါင်း ကို ကော့စမက်တစ် အလိမ်း မပျက်ဘူး ။ အင်္ကျီ ၊ ပုဆိုး ခေါက်ရိုး မကျိုးသေးဘူး ။ အပေါင်းအသင်းတွေ က ရော ၊ မိဘ အသိုက် အဝန်းတွေ က ရော အလုပ် တစ်ခု စ လုပ်ဖို့ ကောင်းပြီ သာဒင် လို့ ပြောတာ ပေါ့ ။ ဒါပေမဲ့ သာဒင် က အပြုံးမြမြ နဲ့ ခေါင်း ခါ တုန်းပဲ ။ အကြိမ်ကြိမ် ပြောကြတော့ သာဒ င်က အပြုံးမြမြ နဲ့ တင် မကဘူး ၊ စကားကိုး နဲ့ ကို ငြင်း ပြန်ရော ။ နော့ ၊ အတန်းပညာ ပေါက်မြောက်အောင် သာ မတတ် တယ် ၊ ပြင်ပ စာပေတွေ ဘာတွေ လည်း ဖတ်တာကိုး ။
‘ အလုပ် တစ်ခု လုပ်တယ် ဆိုတာ အဲဒီ အလုပ် ရဲ့ သဘောသဘာဝ ကို လေ့လာ ကျွမ်းကျင်ရ တယ် ။ မုဆိုး စိုင်သင် ဆိုတဲ့ အလုပ်မျိုး သဘောမျိုး ကို မလိုဘူး ။ အဲဒါမျိုး က ကိုယ့် ဘက်က အပိုင် တွက်လို့ မရဘဲ ။ မလုပ် ရင် အရှင်း နေ ၊ လုပ်ရင် ချည်ပြီးတုပ်ပြီး ဖြစ်အောင် စီစဉ်ပြီး မှ လုပ်မယ် ’
ဒါတွေကို တစ်မျိုး ပြီး တစ်မျိုး မရိုး နိုင် အောင် ကိုးကား ငြင်း နေတော့ သာဒင့် ကို လျစ်လျူရှု ထား လိုက်ကြတယ် ။ နေပါစေ ပေါ့ ၊ မိဘတွေ က ကျိကျိတက် အချမ်းသာကြီး ထဲ က မဟုတ်ပေမယ့် လူ တစ်ယောက် အတွက် စရိတ် ဆိုတာ အပန်း ကြီးတဲ့ နေရာဒေသတွေ မှ မဟုတ်ဘဲ ။
အဲ ... သူများ တွေ လို ပင်လယ်ဆင်း ၊ ခေါင်းစုတ်ဖွား နဲ့ တာ မနေတယ် ။ သူများ တွေ လို ချက် အရက် ကို တော့ သာဒင် လည်း မြည်း သောက် တတ် နေပြီ ။ ကြက်ဝိုင်း ဘေး ကို လည်း ရောက် တတ် နေ ပြီ ။ ကြွေဝိုင်း ၊ ဂျင်ဝိုင်း ၊ ဖဲဒိုင်းတွေ ဆီ လည်း ခြေဦး လှည့် တတ် နေပြီ ။ ဒါပေမဲ့ လွန်လွန်ကျူးကျူးကြီး တော့ သာဒင် မလုပ်ဘူး ။ သာဒင်လကွာ ၊ မူး လာ လိုက်တာ လူ ရုပ် ပျက် နေရောပဲ ဆိုတဲ့ စကား ကို မကြားရဘူး ၊ မနေ့ က ဝိုင်း မှာ သာဒင် ဘယ်လောက် တောင် ထိ သွားတယ်ဟေ့ ဆိုတာမျိုး လည်း မကြားရဘူး ။
ဒီလို အရင်းအနှီး အကုန်အကျ မခံပေမယ့် မကြာပါဘူး ။ အဲဒီ ဝိုင်းတွေ မှာ သာဒင် ဆရာကြီး ဖြစ်လာ ရော ။ အရက် သောက်တယ် ဆိုတာ ခွက် ကို ဘယ် လို ကိုင် ၊ ဘယ်လိုသောက် ၊ မနက် စောစော သောက် ရင် ပို ထိ တယ် ဒါမျိုး ။ ဖဲချိုး ၊ ဖဲကိုင် ၊ ဖဲထည့် ၊ ဂျင်းလှည့် ၊ ကြွေပစ် ၊ သာဒင် လက် ကို အားလုံး ခါ ကြတာ ကိုး ။ ကြက်ကိုင် ရေကူ ဆိုတာ လည်း တော်တော်တန် တန် ဟိုက် တဲ့ ကြက် သာဒင့် ဆီ ကို ရောက် ရင် ဖြန်း ၊ ဖြန်းခနဲ အတောင် ရိုက် သွားရော ။ အတွင်း မသိသူ တချို့ ကတော့ သာဒင် ကို အံ့ဩ ကြတယ် ၊ အချိန် တိုတို မှာ ပိုင်နိုင်လှတယ် ပေါ့ ။
အတွင်းသိ ၊ အဆင်းသိ တွေ ကတော့ သာဒင် ပဲ လေ ဖြစ်မှာ ပေါ့ တဲ့ ။ သာဒင် က တစ်ခုခု ကို လိုချင်ပြီ ၊ ရချင်ပြီ ဆိုရင် မဖြစ်မနေ နည်းလမ်း ရှာ တာကိုး ။ ပေါင်းတတ် သင်းတတ်တယ် လို့ လည်း ပြောပါတော့ ။ စိတ်တို တဲ့ လူ ဖြစ်ဖြစ် ၊ စိတ်ပုပ် တဲ့ လူ ဖြစ်ဖြစ် ၊ ဆရာ ခံချင်တဲ့ လူ ဖြစ်ဖြစ် ၊ တပည့် ခံချင်တဲ့ လူ ဖြစ်ဖြစ် သာဒင် နဲ့ တွေ့ရင် အနည်း နဲ့ အများ အဆင်ပြေ တာ ကိုး ။
••••• ••••• •••••
၃ ။
အဲဒီလိုနဲ့ သုံးလေးနှစ် ကြာ လည်း သွားရော သာဒင် နဲ့ ရွယ်တူတွေ ပင်လယ် မှာ မနည်း ကို ကျွမ်းကျွမ်း ကျင်ကျင် ဖြစ် သွားပြီ ။ သာဒင် လည်း ပင်လယ် မှာ လုပ်ခဲ့မယ် ဆိုရင် ဟုတ်နေ လောက်ပြီ ပြောပါတော့ ။ ဒီလို စိတ်ဓာတ် နဲ့ ဆက်ဆံ ပေါင်းသင်းရေး နဲ့ ဆို အများ ထက် ပိုတောင် နေရာ ရော က်နိုင် လောက်တယ်ပေါ့ ။ ဒါပေမဲ့ တချို့ ကတော့ သာဒင် ကို အဖက် လုပ် မတွေးချင်ကြဘူး ။ လူ့အညွန့် ခူးစား ချင်တဲ့ စိတ်ဓာတ် ရှိတယ် ။ အလုပ် ကို လက်ကြော မတင်းချင်ဘူး ၊ ဖြတ်လမ်းသမား ပေါ့ ။
ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန် ဝေဖန် သာဒင် က တော့ မူလ လက်ဟောင်း အချိုးကို မပြောင်း သေးဘူး ။ အချိန်မှန်မှန် ရွာစဉ် လျှောက်လည် ပြီးတော့ စကားဝိုင်းတွေ မှာ ထိုင် အလုပ်တိုင်း ကို ဝင်ပြီး ဆရာကြီး လေသံ ၊ အထက်စီး လေသံနဲ့ ပြောတုန်းပဲ ။ အဲဒီလို ပြောတတ်တဲ့ အကျင့် ကြောင့်ပဲ ဆိုပါတော့ ၊ တစ်ရက် စကားဝိုင်း တစ်ခု မှာ ပင်လယ်နားပိုင်း က ဘတိုး နဲ့ စကား ထိပ်တိုက် တိုးပါ ရော ။ သာဒင် နဲ့ ဘတိုး က ရွယ်တူ လောက် ပါပဲ ။ ဘတိုး က လည်း ပစ္စည်း မရှိပေမယ့် မဟုတ်မခံ သမား ၊ စိတ် နဲ့ မတွေ့ရင် ဘယ်သူပဲ ဖြစ်ဖြစ် တည့်တည့်ကြီး ပြော လိုက်ရော ။
“ တော် ... တော် သာဒင် ။ မင်း က နေရာတကာ လူတတ်ခံလို့ ၊ ဘယ် အလုပ်များ ဖြစ်မြောက် အောင် မင်း လုပ်ဖူးလို့ လဲ ။ ကောင်းတဲ့ အလုပ် ဖြစ်ဖြစ် ၊ မကောင်းတဲ့ အလုပ် ဖြစ်ဖြစ် မင်း ဘာ ဟုတ် လောက်ခဲ့ လို့ လဲ ။ တကယ်မှာ မင်း ကို ပေးသင့်တဲ့ ဘွဲ့ က ' ဝေလေလေ ' ပဲ ။ မင်း နာမ
ည် ကို ' ဝေလေလေ သာဒင် ' လို့ ခေါ်ဖို့ ကောင်းတယ် ”
သာဒင် ရဲ့ မျက်နှာ တစ်ပြင်လုံး ရဲခနဲ ဖြစ် သွားလေ ။ ဒါပေမဲ့ နှုတ်ခမ်း တွန့်ရုံလေး ပြုံး ထား တယ် ။ ဒေါသ စကား တစ်ခွန်း မှ မပြောဘူး ။ သာဒင် ရဲ့ အဲဒီ အပြုံး နဲ့ မျက်လုံး အဓိပ္ပာယ် ကို သိတဲ့ လူ တချို့ကတော့ ဝံပုလွေ တစ်ကောင် ရဲ့ စိတ် ခိုဝင် သွားတဲ့ အခါ သုံးတတ် တဲ့ အမူအရာ ဆိုပဲ ။ ဒါ လည်း တိုက်တိုက်ဆိုင်ဆိုင် သိတဲ့ လူ ကတော့ ရှား ပါတယ် ။
ဒီတော့ ကျန်တဲ့ လူတွေ ရော ၊ ဘတိုး ရော ရယ်ရယ်မောမော ပြောရင်း ဆိုရင်း ' ဝေလေလေ သာဒင် ' လို့ ခေါ်ရင်း အမှုမဲ့ အမှတ်မဲ့ နေ လိုက်တာ ပေါ့ ။
အဲ - နောက်ထပ် တစ်လ လောက် ကြာတော့ ဘတိုး မှာ အရေး တစ်ခု ကြုံ လာရော ။ သူတို့ အိမ် ဆောက် နေတဲ့ အုန်းခြံပိုင်ရှင် ဦးဘကြာ က ပြောတာ ။ ဒီ အုန်းခြံ အရောင်းအဝယ် ဖြစ်နိုင်တယ်ပေါ့ ။ ဒါကြောင့် နှစ်ရက် ၊ သုံးရက် အတွင်း အိမ် ဖျက်ပေးပါ ပေါ့ ။
တကယ်တော့ ဝါဆို ၊ ဝါခေါင် ရေဖောင်ဖောင် ဆိုတဲ့ လကြီး ။ ဘတိုး ဆိုတာ လည်း ဦးဘကြာ အိမ် ရဲ့ လက်တိုလက်တောင်း ကိစ္စတွေ ဆို အမြဲ ကူညီ နေ ကျ ။ အကြောင်းကြောင်း ကို ထောက်ထားပြီး တစ်မိုး တော့ အောင့် သင့် တာ ပေါ့ ။ ဒါပေမဲ့ ပိုင်ရှင် က ထွက် ဆို ထွက် ပေါ့ ။ မဟုတ်ဘဲ ငြင်း နေလို့ ဒီကောင် ခြံပိုင်ရှင် ကို ကန့်လန့် လုပ်တယ် ဆိုတဲ့ သတင်း ထွက် သွားရင် နောက် ခြံပိုင်ရှင် က လည်း ဘယ် ထားချင်တော့ မှာ လဲ ။
အဲဒီလို အိမ်ဖျက် ထားပြီး တစ်ည ပဲ စောင့် အိပ်ရ သေးတယ် ။ ညဉ့် သန်းခေါင်ယံ လောက် မှာ ဖျက်ပုံ ထားတဲ့ သစ်ပုံ ကို မီးလောင် တော့ တာပဲ ။ နောက်နေ့ ဘတိုး ခမျာ အိမ် လည်း ပျောက် သူလည်း မီးပေါ့ဆမှု နဲ့ သက်ဆိုင်ရာ ရွာလူကြီး အိမ် ရောက် ရတယ် ပြောပါတော့ ။ ဒီ ကိစ္စတွေ ကို သိတဲ့ လူတချို့ ကတော့ သာဒင် နဲ့ ဦးဘကြာ တိုးတိုးတိတ်တိတ် ပြော နေတာ သုံးလေးရက် တောင် ဆက် တွေ့ တာ တဲ့ ။
ဦးဘကြာ က လည်း လူသိ မခံနိုင်တဲ့ ဘုရားဒကာ ဖဲသမားကြီး ကိုး ။ ကြေးကြီးဝိုင်းကြီး မှ ကျိတ် ပွတ်တာ ။ တစ်နှစ် မှာ သုံးပွဲ လောက် သွားတဲ့ ပွဲမျိုး ပြောပါတော့ ။ ဒီတော့ ဖဲပညာ စုံတဲ့ ၊ အဆက် အသွယ် ကောင်းတဲ့ သာဒင် ဟာ ဦးဘကြာ ရဲ့ အားကိုးရာ လူယုံကြီး တဲ့ ။ နောက် မဒေးတောင်ခြေရင်း မှာ နေတဲ့ ချင်းတောင်း ၊ သူ က လည်း သူခိုးဝိဇ္ဇာ ၊ ကလိမ်ကကျစ်ဝိဇ္ဇာ ၊ တချို့က သာဒင် ကြိုးကိုင် နေ တာတဲ့ ။ ဘာပဲ ပြောပြော ဒီကိစ္စ တွေ နောက်ပိုင်း မှာ သာဒင် ကို ' ဝေလေလေ သာဒင် ' လို့ ခေါ်သံတွေ တောင် အတော် ပိတ် သွားတယ် ။
••••• ••••• •••••
၄ ။
ဒီနှစ် ကျော့ပိုက်ရာသီ မှာ စိတ် အဝင်စားဆုံး လူ အမေး အခံရဆုံး က တော့ သာဒင် ပါပဲ ။ သာဒင် ကျော့ပိုက် လိုက်မယ် ဆိုတာ ကိုး ။ သာဒင် ကိုယ်တိုင် က လည်း တွေးမိတာကိုး ။ နာမည် တစ်ခု ခိုင်မာဖို့ ၊ အခြေအနေ တည်မြဲဖို့ ဆိုတာ အလုပ်အကိုင် ခြေခြေမြစ်မြစ် လုပ်မှ ဖြစ်မှာ ။ အားလုံးကတော့ သာဒင် ရဲ့ လုပ်ရည်ကိုင်ရည် နဲ့ ဘယ်လို နာမည်သစ် ရလာဦး မှာ လည်း စောင့်ကြည့် နေကြတယ် ။ သာဒင် လိုက် မှာ က ဦးကြောင်ဘု ရဲ့ ပိုက် ။ ပိုက်ပိုင်ရှင် ဦးကြောင်ဘု က လည်း သာဒင် လောက် မလည်ပတ် ဘူး ဆိုပေမယ့် ဘို့ တစ်လုံး တည်း ကြည့် တတ်တယ် ဆိုပါတော့ ။ သူ့ အတွ က် မြိုးမြိုးမြက်မြက်လေး ရမယ် ဆို တရားခြင်း ၊ မတရားခြင်း ဆိုတာ ကို ခြင်ကိုက်ရာ လောက်တောင် မတွေးဖြစ်ဘူး ။ ဒီတော့ သာဒင် နဲ့ ဦးကြောင်ဘု ကို ‘ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်မွေ့ ’ လို့ ပြောမယ် ဆို ပြောလို့ ရတာပေါ့ ။
ကျော့ပိုက် ချ လို့ သိပ် မကြာလိုက်ပါဘူး ။ သာဒင့် ခြေ ၊ သာဒင့် လက် လို့ ပြောရမယ် ။ ဟိုနေရာ ဆိုလည်း ဖျက်ခနဲ ၊ ဒီနေရာ ဆို လည်း ဖျက်ခနဲ သာဒ င်ပါ ပဲ ။ ဒါပေမဲ့ အတည်တကျ ဘာ လုပ်သလဲလို့ မေးရင်တော့ ပြော ရ ခက်သား ။ သာဒင် ပိုက် ဦးစီးလား ဆိုတော့ ဒီလိုလည်း မဟုတ်ပြန်ဘူး ။ နော့ ပိုးကြိုး နဲ့ နားသန်ကွင်းကြိုး တောင် ခွဲခြား မသိတဲ့ သာဒင် က ဘယ်လို ပိုက်ဦးစီး ဖြစ်မှာ လဲ ။ ပိုက်ဦးစီး ဆိုတာ က ပိုက်တက်မကိုင် နီးပါး အရည်အချင်း ရှိ ရတာ ။ ဒါဆို ပိုက်တင် ပိုက်ချလား ဆိုလည်း မဟုတ်ဘူး ။ ပိုက်တင်ပိုက်ချ ဆိုတာ လည်း ပင်လယ်လုပ် ကျော့ပိုက် လိုက် တော် တော်တန်တန် အတွေ့အကြုံ နဲ့ မရဘူး ။
ပိုက်ချ အဆင် မသင့် ရင် ပိုက်ဝ ကျယ်ပြီး ငါးအုပ် လွတ်တာတို့ ၊ လှေ နဲ့ ငြိ ပြီး ပိုက်ပြဲ တာတို့ ဖြစ် တာကိုး ။ ဒါဆို ၊ နောက်ဆုံးအဆင့် နားသန့်ကွင်းကြိုးဆွဲ ၊ ပိုက်သား ချေတာ လား ၊ ဒီလိုလည်း မဟုတ် ဘူး ။ အဲဒီလောက် ပင်ပန်းတာတော့ ထား ပိုက် ဆင်းခါနီး လှေ ကို ကူးယူပါ ဆို တာတောင် ဗေဒင် ဟောထား လို့ ဆိုပဲ အငြင်း ပြ တာ ။ ဒီတော့ နေရာတကာ တွေ့ နေရတဲ့ သာဒင် ဘာလုပ်သလဲ ပေါ့ ။
ပိုက်ဦးစီး ကိုမဲတူ အနား က နေပြီး ငါးခဲ ၊ ပုစွန်ခဲ ကို လိုက် ကြည့်တယ် ။ ပိုက်တက်မကိုင် ကိုကြွက်သိုး အနား က နေ ပြီး ဟိုမေး ၊ ဒီမေး လုပ်တယ် ။ အခါအခွင့် သင့်ရင် လှေတက်မကြီး ကို ဝင်ကိုင် ကြည့်တယ် ။ ကျန် တာတော့ လှေဦး ပြေးလိုက် ၊ လှေပဲ့ ပြေးလိုက် ၊ ဆွဲပါဟ ယောက်ျားဘသား ဟ လို့ အားပေးရင်း အချိန် ကုန်ရော ။ ဒါပေမဲ့ ဘယ်သူ မှ သာဒင် ကို အပြစ်တင် မရဘူး ။ နော့ ၊ ပိုက် တက်မကိုင် ကိုကြွက်သိုး က ရိုးရိုးအအကြီး ဆိုတော့ သာဒင် လေ မှာ မမိ ခံနိုင်ရိုးလား ။ နောက်ပြီး ပိုက်စာရင်းဇယား အားလုံး ကို ယုံကြည်စိတ်ချစွာ အပ်ထား ခံရတဲ့ ဦးကြောင်ဘု ရဲ့ လူယုံတော် ။ ဒီတော့ ပိုက်လိုက်ချိန် နှစ်လ မပြည့်ခင် မှာ တင် သာဒင် ရဲ့ လုပ်ပိုင်ခွင့် ဟာ ပိုက်တက်မကိုင် နီးပါး ရှိ လာရော ။ သိပ် မကြာပါ ဘူး ။ သာဒင် ဘာလုပ်လဲ လို့ မေးလာတဲ့ လူတွေ ကို ပိုက် လိုက်ဖော်လိုက်ဖက်တွေ က ဖြေကြတာ “ ယောင် ခြောက်ဆယ် ” တဲ့ ။ တကယ်လည်း သာဒင် ကွယ်ရာမှာ “ ယောင် ခြောက်ဆယ် သာဒင် ” လို့ ပြော ကြတာ ။ ကျော့ပိုက် ရာသီ မှာ ရ လာတဲ့ နာမည် ပေါ့ ။ ဗြောင်ကျကျတော့ မခေါ်ရဲကြ ဘူး ။ ရှေ့က ဘတိုး သင်ခန်းစာ ရှိတာကိုး ။
••••• ••••• •••••
၅ ။
ဒီ သတင်း ကြားတော့ လူတိုင်း လိုလို ဟာခနဲ ၊ ဟင်ခနဲ ဖြစ်သွားကြ ရော ။ တကယ်မှာ တော့ ကျော့ပိုက် တက်မကိုင် ဖြစ်ဖို့ ဆိုကာ အနည်း ဆုံး လုပ်သက် လေးငါးနှစ်တော့ ရှိမှ လို့ ပြောပါတော့ ။ ဒါမှ ဘယ်နေရာ ဘယ်ကျောက် ၊ ဘယ်နေရာ ဘယ်လှိုင်းပေါက် ဆိုတာ သိမှာ ။ အခုတော့ ကျော့ပိုက် လိုက်တာ တစ်နှစ် မပြည့်သေးဘူး ။ သာဒင် တက်မကိုင် ဖြစ် သွားပြီ တဲ့ ။ ကိုယ့်ပစ္စည်း ဆို နှာခေါင်းချေး တောင် တွန့်တို တဲ့ ဦးကြောင်ဘု က ကျော့ပိုက် တစ်ဖောင်လုံး ကို သာဒင့် လက် ထဲ ယုံယုံကြည်ကြည် အပ် တော့ လူတိုင်း အံ့ လည်း အံ့ဩ လောက်တယ် ပြောပါတော့ ။
အဲ ... လက်တွေ့ လည်း မြင်ရ ရော ဒါကြောင့်ကိုး ဆိုတာ ဖြစ်သွားကြတာပေါ့ ။ နော့ ၊ အရက် သောက် လို့ ဘဝ ပျက် နေတဲ့ ကိုလုံးဖြူ ကို သာဒင် က လှေပေါ် ဆွဲတင် လာ တာ ကိုး ။ ကိုလုံးဖြူ က ပင်လယ် မှာ ကျွမ်းကျင်တယ် ၊ လုပ်ငန်း နားလည်တယ် ။ ဒါပေမဲ့ အရက် မက်တယ် ၊ ကတိမတည် ဘူး ဆိုတဲ့ အကျင့်ဆိုးတွေ ကြောင့် ဘယ်သူမှ ဂရု မစိုက်ဘဲ ကြဉ်ထားကြတာ ပြောပါတော့ ။ သာဒင် က ဒါတွေကို အချိန် ကိုက်ပြီး တက်မကိုင် ကိုကြွက်သိုး ရဲ့ ရိုးအ မှု ကို နင်းချ လိုက်တယ် ။
ကိုကြွက်သိုး က အခြား တက်မကိုင်တွေ လို ပါပဲ ။ ငါး ၊ ပုဇွန် ရ လာရင် အလေးချိန် ခိုးတာ လောက် ၊ ခရီး ထွက်ရင် စားစရိတ် တင် တာလောက် ပဲ လုပ် တတ်တာ ။ သာဒင် က တော့ တက်မကိုင် တောင် မဖြစ်သေးဘူး ။ ဦးကြောင်ဘု တို့ ကို ကြွက်သိုး နဲ့ ပေါင်းပြီး ပိုက်စာရင်း ကို အပျောက် ရိုက် တတ် ခဲ့တာ ။ ဥပမာ ပုစွန်ဖောင် တစ်လ အတွက် ဓာတ်ခဲ အလုံး ၁၅ဝ ကုန်တယ် ဆိုတာမျိုး ပေါ့ ။ ဟုတ်တယ် ၊ မဟုတ်တယ် ဆိုတာ ဘယ် ပိုက်လိုက်သား မှ မငြင်းနိုင်တာဘဲ ။ စာရင်း က ဦးကြောင်ဘု မှာ တစ်ခု ၊ သာဒင် မှာ တစ်ခု ပဲ ရှိတာကိုး ။
ဒီတော့ ကြိတ်ပြီးသား ကြံဖတ် လို ဖြစ် နေတဲ့ ကိုကြွက်သိုး ကို ဦးကြောင်ဘု မလိုတော့တာ အပြစ်လား ။ သာဒင် ကို ပဲ အရှင်မွေး နေ့ချင်းကြီး လုပ်လိုက်တာပေါ့ ။ သာဒင် လည်း အရည်အချင်း တွေ ထုတ်ပြရတာပေါ့ ။ ပိုက်လိုက်သားတွေ ကို ဆန်အိတ်တွေ ထုတ် ပေးတယ် ဆိုပြီး ၂၄ ပြည် ရှိရမယ့် ဆန်အိတ် မှာ လေးပြည် နုတ် ပြည် ၂၀ ပဲ ပေးတာ ။ ယူငွေ ထက် ပို မှတ်တာ ။ ပျော်ပွဲစား လုပ်ပေးတဲ့ ည မှာ ပိုက်အဖွဲ့ပိုင် ဆီ အပြည်နဲ့ ပီပါကြီး ပျောက် သွားတာ ။ ကျောက်ဖရုံသီး နဲ့ စားခဲ့ရတဲ့ ခရီး ဟာ ရွာ ပြန်ရောက် လို့ စာရင်းပြ တော့ ကြက်သားဟင်းတွေ ဖြစ်နေတာ ။ အစုံပဲ ပြောပါ တော့ ။ ပိုက်လိုက်သား တွေ က တော့ ကျော မှာ တက် နေတဲ့ ဆားပွင့်တွေ ကို သပ်သပ် ချရင်း တက်မကိုင် သာဒင် ကို တောက် တခေါက်ခေါက် ။ ဒါပေမဲ့ သာဒင် လို လူမျိုး ကို ကိုယ်ထိ လက်ရောက် မပြော နဲ့ စကား နဲ့ တောင် ပြင်းပြင်း ပြောဖို့ အခက် မဟုတ်လား ။
••••• ••••• •••••
၆ ။
ဦးကြောင်ဘု နဲ့ သာဒင် ပေါင်းလည်း ပြီးရော တစ်ရွာလုံး လည်း အံ့ဩစရာတွေ ဆက်တိုက် ကြားရ ၊ မြင်ရတယ် ပြောပါတော့ ။ အခုလည်း ကျော့ပိုက်ရာသီ အကုန် မှာ သူတို့ ကျော့ပိုက် က စုပေါင်း ပြီး ဝါဆိုသင်္ကန်း ကပ်မယ် တဲ့ ။ နော့ ၊ ဦးကြောင်ဘု ဆိုတဲ့ လူ က အလှူခံ ဆိုရ င်တောင် ‘ ရာသက်ပန် ကန်တော့ပါရဲ့ ' ဆိုတဲ့ လူမျိုး ကိုး ။ သာဒင် နဲ့ ပေါင်း မှ အလှူအတန်း ဆိုတာ ကြားရပါလား ပေါ့ ။ နောက်မှ ဦးကြောင်ဘု ပိုက်လိုက် တဲ့ ပိုက်လိုက်သား ငမဲ ပြောလို့ သိ ရတာ ။ ပိုက်လိုက်သား တွေ ပိုက်ဆံ စာရင်း ရှင်း တိုင်း အလှူ အတွက် ငွေ ဖြတ်ထားတာ တဲ့ ။ ဘာပဲ ပြောပြောလေ ။ သူ့ အသက် နဲ့ စားသောက် လုပ်ကိုင် နေရတဲ့ သူတို့ အဖို့ သာဒင် ကြောင့် ကုသိုလ်ကောင်းမှု လုပ်ဖြစ်တယ်ပေါ့ ။
အဲဒီ အလှူ လုပ်တဲ့ နေ့ မှာ သာဒင် ဆိုတာ ဟို ပြေးလိုက် ၊ ဒီ ပြေးလိုက် နဲ့ ချွေးတလုံးလုံး ကို ဖြစ် နေရော ။ နော့ ၊ ဒီ အလှူ က အစအဆုံး သူ့ အစီအစဉ် ကိုး ။ သူတို့ ရွာ နဲ့ အတော်ကြီး ဝေး တဲ့ မြို့ က ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ ၊ ကုန်သည် ပွဲစားကြီးတွေ တောင် ဖိတ်ထားတာ မဟုတ် လား ။ တစ်ရွာလုံး လည်း မီးခိုးတိတ် ဆိုပါ တော့ ။
အဲ ... ရွာဦးကျောင်းဦးပဉ္ဇင်း လည်း အလှူတရား ပေးမယ် လုပ်ရော ရှေ့ဆုံး က ထိုင် နေတဲ့ သာဒင် က ဘာမပြော ညာမပြော ကုန်းကွကွကြီး ထ လုပ်ပါလေရော ။ တရား နာ မယ့် ပရိသတ် က သာဒင် ဘာဖြစ်တာလဲပေါ့ ။ တခြား က မသိသေးသူတွေ က လည်း ဘယ်သူလဲ ၊ ဘာဖြစ်တာလဲ ပေါ့ ။ သာဒင် က တော့ ဟန်ရေး မပျက်ဘူး ။ အပြုံး မျက်နှာ နဲ့ ပဲ ဦးပဉ္စင်း ကို လျှောက် လိုက်တယ် ။
“ တပည့်တော် တစ်မနက်လုံး အလှူ ကို စီမံ ခန့်ခွဲ နေရတော့ ငါးညှီနံ့ ၊ ချွေးနံ့တွေ လှိုင်ဘောလယ် ဖြစ်နေပါတယ် ဘုရား ။ ဒီလို မစင်ကြယ်တဲ့ ခန္ဓာကိုယ် နဲ့ တရားတော် ကို မနာယူဝံ့ကြောင်းပါ ဘုရား ။ ဒါကြောင့် တပည့်တော် ခဏ ပြန် ရေချိုးခွင့် ပေးပါ ။ တပည့်တော် ပြန် ရောက် မှ တရား သီလ ပေးတော် မူပါ ဘုရား ”
လူ အားလုံး ဟာခနဲ ဟင်ခနဲ ရင်ဘတ်စည်တီး ဆိုပါတော့ ။ ဦးပဉ္စင်း က လည်း ဘာ မိန့်နိုင်မှာ လဲ ။ ခေါင်း တညိတ်ညိတ် လုပ်ရင်း သာဒင် ပြန် အလာ ကို ပဲ စောင့်ရတော့တာပေါ့ ။ အဲဒီ နောက်ပိုင်း မှာ တော့ သာဒင် မှာ အရင် ရှိခဲ့ဖူးတဲ့ ' ဝေလေလေ သာဒင် ' ၊ ' ယောင်ခြောက်ဆယ် သာဒင် ' ဆို တဲ့ နာမည်တွေ ပျောက်ပြီး နာမည် အသစ် တစ်ခု ရလာ ရော ။ ' အဓိပတိ သာဒင် ' တဲ့ ။ ဒီ နာမည်ကျတော့ ကွယ်ရာ မှာ ခေါ်စရာ မလိုဘူး ၊ ' ဟေ့ အဓိပတိ သာဒင် ' လို့ သာ ခေါ်လိုက် ။ သာဒင် မျက်နှာ ဆိုတာ နှစ်နှစ်ခြိုက်ခြိုက် ကြီး ကို ပြုံး လို့ ။
◾တင်မြင့်ဦး ( သံတွဲ )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၁၂၉
သြဂုတ်လ ၊ ၂၀၀၀ ပြည့်နှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment