Thursday, September 28, 2023

အောင်စေ ၊ နိုင်စေ ၊ ပိုင်စေ ပွဲပေါင်း

❝ အောင်စေ ၊ နိုင်စေ ၊ ပိုင်စေ ပွဲပေါင်း ❞


ရွာ ထဲ မှာ အလှူပွဲ ၊ မင်္ဂလာပွဲ တစ်ခု ခု ရှိပြီ ဆိုရင် သက်ဆိုင်ရာ ကာယကံရှင် တွေ ထက် ပိုပြီး စိတ်ဝင်စားတဲ့ ၊ အလုပ် ရှုပ် တဲ့ လူ သုံးဦး ရှိတယ် ။


အသက် ခြောက်ဆယ် ကျော် နေပြီ ဖြစ်သော ဘကြီးနီ ၊ မင်းသားကြီး လို့ ခေါ်တဲ့ ကိုဇံရင် ၊နောက်ပြီး ကိုဇံရင့် ဆီမှာ ပညာ ဆည်းပူး နေတဲ့ နောက်လိုက် ကိုဆယ်တင် ။


ရွာ လူကြီးဟောင်း ဘကြီးနီ က တော့ လူကြီးရောဂါ ရှိသူ ပီပီ ရွာ ထဲ မှာ ဘာပွဲ လုပ်လုပ် အဖွင့်စကားလေး တော့ ပြော ရ မှ ကျေနပ်တယ် ။ အရင် က တော့ ရိုးရိုး နဲ့ ရှင်းရှင်း ပဲ ပြောခဲ့တာပါပဲ ။ နောက် ကိုဇံရင် နဲ့ တွဲမိပြီး တော့ မှ ဘကြီးနီ ရဲ့ စကားလုံးတွေ ပို တောက်ပြောင်လာ ခဲ့တယ် ။ အကိုးအကားတွေ ၊ ပါဠိ ပါဌ်သား တွေ ၊ ကဗျာလင်္ကာတွေ နဲ့ ဝေဆာ လာတယ် ။


ကိုဇံရင် ဆိုတာ က အရင် မုံရွာဇာတ် တစ်ဇာတ် မှာ နောက်ပိုင်း မင်းသားကြီး နေရာ က ကခဲ့ဖူးတယ် ။ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် က ရွာ ကို ပြန် ရောက်ပြီး ရွာ က အလှူပွဲ မင်္ဂလာပွဲ တွေ မှာ မင်္ဂလာစကား ပြောတဲ့ အလုပ် ကို ကျကျနန လုပ်တဲ့သူ ။ စာအုပ်စာတမ်း လည်း သူ့ ဆီ မှာ က စုံတယ် ။ တော်ရုံတန်ရုံ အလှူ လောက် တော့ မုံရွာ ထိ သွား ပြီး ဘိသိက် ငှားစရာ မလိုဘူး ။ သူ နဲ့ ပြီးတယ် ။


ကိုဆယ်တင် က တော့ ကိုဇံရင် ဆီ မှာ မင်္ဂလာ စကား ပြောတဲ့ ပညာ ကို ဆက်ခံဖို့ တပည့်ခံ ပြီး ဆည်းပူး နေတဲ့သူ ။


မုံရွာ တစ်ဖက်ကမ်း ဆားလင်းကြီးနယ် ၊ ဆားလင်းကြီး နဲ့ ကပ် နေတဲ့ ပခုက္ကူ မြိုင် နယ် တစ်ဝိုက် က ရွာတွေ မှာ မင်္ဂလာစကား ကို တစ်ဖက် နဲ့ တစ်ဖက် အပြိုင်အဆိုင် ပြောတဲ့ အလေ့အထ ရှိတယ် ။ အထူးသဖြင့် ထိမ်းမြား မင်္ဂလာပွဲတွေ မှာ တစ်ရွာသူ တစ်ရွာသား ဆိုလို့က တော့ အပြိုင် ပြောကြတော့ တာ ပဲ ။


ရွာလယ် က မုဆိုးမ ဒေါ်တောကြည် ရဲ့ သမီး အငယ်ဆုံး ချောစု ရဲ့ မင်္ဂလာ ဖိတ်စာ ရ ကတည်း က သူတို့ သုံးယောက် ခေါင်းချင်း ရိုက် နေကြပြီ ။ ဒေါ်တောကြည် ကိုယ်တိုင် က လည်း ဖိတ်စာ ဝေ ရင်း က ဘကြီးနီ နဲ့ မင်းသားကြီး ကိုဇံရင် ကို မင်္ဂလာစကား ပြော ပေး ဖို့ မေတ္တာရပ်ခံ သွား သေးတယ် ။ 


“ ဘကြီးနီ ၊ ဟိုဘက် က ပြောမယ့် သူ အခြေအနေ သိခဲ့ရပြီလား ”


“ အေး ၊ မနက် က ဖြစ်တီးရွာ က ငါ့ တူမ ဝမ်းကွဲ နဲ့ ညောင်ပင်ကြီး ဆိပ် မှာ တွေ့ လို့ စုံစမ်းတော့ မူလတန်း ကျောင်းအုပ်ဟောင်း တဲ့ ကွ ။ အတော် တတ် ဆိုပဲ ။ အဲဒီဘက် ရွာတွေကတော့ သူ့ လက်ကိုင် ထား ရတာပဲ တဲ့ ။ နာမည် က ဆရာ ဦးကျော်ဒွန်း တဲ့ ။ တောင်ကိုင်း တို့ ၊ လယ်ရင်းမ တို့ က တောင် သူ့ အားကိုး နေရတာတဲ့ ”


“ မပူပါနဲ့ ဘကြီးနီ ရာ ၊ ကျောင်းအုပ်ဟောင်း မက လို့ မြန်မာစာ ပါမောက္ခကြီး ဖြစ်ပစေ ။ ယှဉ်ရဲပါတယ် ။ ယှဉ်နိုင်လောက်တဲ့ အတွေ့ အကြုံ လည်း ကိုယ့် မှာ ရှိပြီးသားပဲ ။ တစ်ရက် နှစ်ရက် လောက် ပြန် လု ပ်လိုက်ရင် ခေါင်း ထဲ အကုန် ပြန် ရောက် လာမှာပါ ။ ခါတိုင်း ထက် ပိုပြီး မြိုင် အောင် လည်း လုပ်ထား ပါတယ် ဘကြီး ရဲ့ ။ ဘကြီးနီ လည်း ခါတိုင်းနဲ့ မတူအောင် ဖွင့်နိုင်ဖို့ အရေးကြီးတယ်နော် ။ သေချာ ပြန် လုပ်ထားဦး ”


“ အေးပါကွ ၊ ပြီးခဲ့တဲ့ ငကျောက် သမီး မင်္ဂလာ ဆောင် တုန်း က စကား လုံးတွေ နဲ့ မတူအောင် အကုန် ပြင် ထား ပါတယ် ”


“ ကဲ ဆယ်တင် ရေ ၊ ဒီ ပွဲ က တော့ မင်း ပညာ ယူရမယ့် ပွဲ ပဲ ။ မင်း တစ်သက်တာ မှာ ဒီလို ပွဲမျိုး နောက်ထပ် မတွေ့ နိုင်တော့ဘူး ကွ သိလား ။ တောကျောင်း တောင်ရွာ က မင်းဆရာ ဇံရင် နဲ့ ဖြစ်တီးရွာ က ဆရာ ဦးကျော်ဒွန်း တို့ ကတော့ တတ်သမျှ သိသမျှ အကုန် အန်ထုတ်ကြတော့မယ် ။ မင်း ရအောင် ယူတတ်ဖို့ ပဲ လိုတယ် ငါ့ တပည့် ”


“ ကျွန်တော် လည်း ဒီ ပွဲ ကို အားခဲပြီး မျှော် နေတာ ။ ဆရာ ကိုဇံရင် နဲ့ ဖြစ်တီးရွာ က ဆရာ ဦးကျော်ဒွန်း တို့ ဘယ်လို အားစမ်း ကြမလဲ ဆိုတာ ကြည့်ချင် လှ ပြီ ။ ကျွန်တော့် အတွက်တော့ အဆီအနှစ်တွေ ချည်းပဲ ဗျ ။ သိလား ဘကြီးနီ ”


   •••••   •••••   •••••


မနက် ငါးနာရီ ထိုး တော့ ရွာကျောင်း က ဘုန်းကြီး ငါးပါး ကို အာရုံဆွမ်း ကပ်ပြီး သွားပြီ ။ ပရိတ်တရားနာ ရေစက် ချ ပြီး ဘုန်းကြီး တွေ ပြန် ကြွတာနဲ့ မဏ္ဍပ်တိုင် ထိပ် အော်လံကြီး က ဗဒင် နဲ့ စ ဖွင့်တော့တာပဲ ။


“ တို့ကတော့ တို့ကတော့ ” ဆိုတဲ့ အသံ က အုံ့မှိုင်း နေတဲ့ မြူထု ကို ဖြတ် ပြီး ရွာနီး ချုပ်စပ် လေးပြင် လေးရပ် ကို တပ်လှန့် လိုက်တယ် ။ မဏ္ဍပ် ဆိုတာ က လည်း သုံးပင် နှစ်ခန်း ဝါးတိုင် ထူပြီး အပေါ် က ထန်းလက် တွေ မိုး ထားတယ် ။ ဝါးတိုင် တွေ မှာ တော့ အုန်းလက်တွေ ကပ် ချည် ထားပြီး အရှေ့ ဘက် က နေကာ သွားအောင် ဘုန်းကြီးကျောင်း က လိုက်ကာ အကြီး တစ်ခု ငှား ထားတယ် ။


အဲဒီ လိုက်ကာ ရှေ့ က မှ ရသေ့ကျောင်း နှစ်ခု ချ ထားပြီး ရှေ့ က စားပွဲ ပေါ် မှာ တော့ အုန်း ငှက်ပျော ကန်တော့ပွဲ တွေ တင် ထားတယ် ။ဘုရား ကန် တော့ပွဲ ၊ မိဆိုင်ဖဆိုင်ပွဲ ၊ အိမ်တွင်းပွဲ ။ အဲဒီလို ဆိုင်ရာ ဆိုင်ရာ ပွဲတွေ က စားပွဲ နှစ်လုံး ဆက် ထားတဲ့ အပေါ် မှာ အပြည့် ။


အဲဒီ စားပွဲ ရှေ့ မှာ က ဖျာကြမ်းတွေ ခင်း ထား လိုက်တာ မဏ္ဍပ် အပြည့် ပဲ ။


မနက် ရှစ်နာရီခွဲ တော့ မုန့်ဟင်းခါး ဆယ့်နှစ်ဒယ် အကုန် ပြောင် သွား ပြီ ။ နောက် လာတဲ့ လူ ရေနွေးကြမ်း နဲ့ ပဲကြော်သုတ် ပဲ ချပေး နိုင်တော့တယ် ။ လာတဲ့ ပရိသတ် က လည်း ကြည့်ဦး ၊ တောကျောင်း တောင်ရွာ ရွာလုံးကျွတ် ဘုစုခရု ထိ အကုန် လာ စား ကြတာ ။


သတို့သားရွာ က ဖြစ်တီးရွာ ။ ဖြစ်တီး နဲ့ ရွာနီးချုပ်စပ် ဖြစ်တဲ့ တောင်ကိုင်း ၊ လယ်ရင်းမ ၊ သံဘို ၊ ဇီးချိုင် ၊ ကျတက် က အားလုံး စက်ဘီးတွေ နဲ့ လာ ကြ တယ် ။ ခရီး က လှမ်း တော့ တချို့ စက်ဘီးတွေ မှာ လေထိုးတံတွေ ချည် ထား ကြတယ် ။


သတို့သမီး ဘက် ဖြစ်တဲ့ ဆားလင်းကြီး တစ်ဝိုက် ၊ ညောင်ပင်ကြီး ၊ ရွှေလှေ ၊ ဖောင်းကတာ ၊ တုံ ၊ ဆားထုံးကြီး ဘက် ကတော့ မိန်းမတွေ က မြင်း လှည်း နဲ့ ။ ယောက်ျား တော်တော်များများ က တော့ စက်ဘီးတွေ နဲ့ ပါ ပဲ ။ 


ရွာလယ် က ဒေါ်တောကြည် အိမ်ဝိုင်း ရှေ့ မှာ တော့ စက်ဘီးတွေ ကို တန်းစီ လို့ ပေါ့ ။


ကိုးနာရီ လောက် ကျ တော့ လူ အတော် စဲ သွားပြီ ။ သာမန် ဧည့်သည် က တော့ စားသောက် လက်ဖွဲ့ ပြီး ပြန် ကြတာပေါ့ ။ ဆွေမျိုး အသိုင်းအဝိုင်း နဲ့ ရွာခံ လူတွေ ပဲ ကျန်ရစ် တော့တယ် ။ အားလုံး မဏ္ဍပ် ထဲ က ဖျာ ပေါ် မှာ စုဖွဲ့ ထိုင်ကြရင်း စကား စမြည် ပြောနေရင်း မှာ ပဲ တိုင်ထိပ် က အော်လံကြီး က သီချင်းသံ ရပ် သွားတယ် ။ ဒီတော့ မှ ပရိသတ် ရဲ့ မျက်လုံးတွေ က ကန်တော့ ပွဲ နောက် က ရသေ့ကျောင်း မှာ ထိုင် နေတဲ့ ပုဂ္ဂိုလ်တွေ ဆီ ရောက်သွားတယ် ။


မင်္ဂလာ အခမ်းအနား စ တော့မယ် ။ တစ်ဖက် က ရသေ့ကျောင်း မှာ ဖြစ်တီးရွာ က မင်္ဂလာစကား ပြောမယ့် ဆရာ ဦးကျော်ဒွန်း အပါအဝင် လူကြီး လေးယောက် ။ ဒီဘက် က ရသေ့ကျောင်း မှာ တော့ ဘကြီးနီ ၊ မင်းသားကြီး ကိုဇံရင် ၊ တပည့်ကျော် ကိုဆယ်တင် တို့ နေရာ ယူပြီး နေ ကြပြီ ။


ပရိသတ် က ငြိမ် သွားပြီး မဏ္ဍပ် ရှေ့ က စားပွဲ ဆီ အာရုံ စိုက် နေချိန်မှာ သတို့သမီး ရဲ့ အစ်ကို ရွှေကြူး က ရေတည်ချိုင့် တစ်လုံးစီ နဲ့ ဖန်ခွက် တစ်လုံးစီ လာ ချတယ် ။ လက်ဖက်ပွဲ နဲ့ ရေနွေးကြမ်း ကို အသစ် လဲ လိုက်ပြီး ဟို နောက် ဆုံး မှာ တိုင်မှီပြီး ဆေးလိပ် တစ်လိပ် ဖွာနေတယ် ။


ဘကြီးနီ က မတ်တတ် ရပ် လိုက်ရင်း ပါးစပ် ထဲ က လက်ကျန် ကွမ်း ကို ပလုတ်ကျင်း လိုက်တယ် ။ ပျစ်ခနဲ ထွေးထု တ် လိုက်ပြီး ချောင်း တစ်ချက် ရှင်း လိုက်တယ် ။


“ အဟမ်း ”


ဒါ မင်္ဂလာ အခမ်းအနား ကို စ ဖွင့်လိုက်တာပဲ ။


“ ဒီနေ့ ကျွန်တော်တို့ မြန်မာသက္ကရာဇ် တစ်ထောင့်သုံးရာ ငါးဆယ့် ခြောက်ခုနှစ် ၊ တန်ဆောင်မုန်းလဆုတ် သုံးရက် ၊ တနင်္ဂနွေနေ့ ၊ ရက်ရာဇာ လည်း ကျ ပါတယ် ။ အင်မတန် မှ မင်္ဂလာ ကျက်သရေ နဲ့ ပြည့်စုံတဲ့ နံနက်ခင်း လို့ ဆိုရင် မမှားဘူးပေါ့ဗျာ ။ ဘာကြောင့်လဲ .. တဲ့ ။ ဟုတ်ကဲ့ ”


ဖျင်ကြမ်း တိုက်ပုံ ထဲ က ခေါက်ရိုး ကျိုး နေတဲ့ မင်္ဂလာဆောင် ဖိတ်စာ လေး ကို ထုတ် ပြီး ဖြန့် လိုက်ရင်း .. 


“ ကျွန်တော်တို့  ... ပခုက္ကူ မြိုင်နယ် ပေါ့ ဗျာ ၊ အဲ ဖြစ်တီးရွာ က ဦးသာဟန် ၊ ဒေါ်ပြား တို့ ရဲ့ သားကြီး .. မောင်သံချောင်း ”


မဏ္ဍပ် အလယ် မှာ ထိုင် နေ ကြတဲ့ အပျိုအုပ် ထဲက ရယ်သံ ခစ်ခစ် ထွက် လာတယ် ။ ဘကြီးနီ လည်း မှားများ သွား ပလား လို့ ပူ သွားပြီး ပြန် ကြည့် တယ် ။ သေချာတော့ မှ ပြန် ဆက်တယ် ။


“ အဲ မောင်သံချောင်း နဲ့ ကျွန်တော် တို့ မုံရွာ တစ်ဖက်ကမ်း ဆားလင်း ကြီး နယ် တောကျောင်း တောင်ရွာ က ဦးတင်ပို ကွယ်လွန် နဲ့ ၊ ဒေါ်တောကြည် တို့ ရဲ့ အငယ်ဆုံး သမီး မချောစု တို့ ရဲ့ မြန်မာ့ဓလေ့ထုံးတမ်း နဲ့ အညီ မိသား ဖသား ပီပီ တောင်းရမ်း လက်ထပ်ထိမ်းမြား မင်္ဂလာပြုတဲ့ ပွဲ ဆိုတော့ ကာ အင်မတန် မှ မင်္ဂလာ ရှိတဲ့ နေ့ တစ်နေ့ လို့ ပြော ရမှာပဲ ဖြစ်ပါတယ် ” 


ပရိသတ် ကို တစ်ချက် အကဲခတ် လိုက်ပြီး မှ


“ မင်္ဂလာ .. တဲ့ ။ မင်္ဂလာ ဆိုတာ ဘာလဲ ။ ဘယ်လို ဟာ ကို မင်္ဂလာ ရှိ တယ်လို့ ခေါ်တာလဲ ။ ဒါနဲ့ ပတ်သက်ပြီး ဒသနိပါတ် မဟာမင်္ဂလာ ဇာတ်တော် မှာ မင်္ဂလာပြဿနာ ရှုပ်ထွေး လာတာကို အကြောင်း ပြုပြီး ရှင်သာရိ ပုတ္တရာလောင်း ဖြစ်တဲ့ ရသေ့ ဟာ ဘုရားအလောင်းတော် ဖြစ်တဲ့ မဟာရက္ခိတ ရသေ့ ထံ မှာ မင်္ဂလာ နဲ့ ပတ်သက် လို့ ရှင်းလင်းမိန့်ကြား ဖို့ လျှောက်ထား တော့ မှ ဘုရားအလောင်းတော် ရသေ့ က ရှစ်ပါးသော မင်္ဂလာတရား ကို ဟောကြား တော် မူခဲ့တယ် ”


ပရိသတ် က ငြိမ်ပြီး အာရုံ စိုက် နေတော့ ဘကြီးနီ အား တက် သွား တယ် ။ ရွှေကြူး က တော့ ပရိသတ် နောက်ပိုင်း မှာ ကျွမ်းပစ် ပြီး ဆော့ နေ ကြတဲ့ ကလေး တစ်သိုက် ကို ငေါက် ထုတ်ရင်း အပြင် ထွက် လာတယ် ။ 


ပြီးတော့ မြောက် ရွာ က ငှားထား တဲ့ မိုးဗြဲဒယ် ငါးလုံး ကို လှည်း ပေါ် တင်တယ် ။ ဘုန်းကြီးကျောင်း က ငှား တဲ့ စားပွဲဝိုင်းတွေ ပါ တင်ပြီး မောင်းထွက် သွားတယ် ။


ပစ္စည်းတွေ ပို့ ပြီး ရွှေကြူး ပြန် ရောက်လာတဲ့ ထိ ဘကြီးနီ ရဲ့ မင်္ဂလာ သြဘာ အဖွင့်စကား က မဆုံး သေးဘူး ။ မဏ္ဍပ် အလယ် က အပျိုအုပ် က တော့ မရှိတော့ဘူး ။ ရွာ ထဲ က လူကြီးပိုင်း နဲ့ သားချင်းတွေ က တော့ ထိုင် နေကြတုန်း ပဲ ။ ရွှေကြူး လည်း အမော ဖြေရင်း နောက် နား က ဝင် ထိုင် လိုက်ပြန်တယ် ။


“ ဖြစ်တီးရွာ က ဆရာ ဦးကျော်ဒွန်း ၊ ကျွန်တော်တို့ တောကျောင်း တောင်ရွာ က ဆရာ ဦးဇံရင် တို့ က နေပြီးတော့ ဒီမင်္ဂလာပွဲကြီး ကို အစ မှ အဆုံးထိ အောင်အောင်မြင်မြင် နဲ့ ချောချောမောမော ဖြစ် သွားအောင် ဦးဆောင် စီစဉ် ကျင်းပ ပေးကြဖို့ မေတ္တာ ရပ်ခံရင်း ဇေယျမင်္ဂလာ အောင် ဂါထာတော်ကြီး ကို ရင့်ကျူးပြီး သကာလ အခမ်းအနား ကို ဖွင့်လှစ် လိုက်ပါပြီ ခင်ဗျား ။ ဒါကြောင့် ကျွန်တော်တို့ ဇယစက္ကော ဇယန္တောယော ၊ ဇယိတဗ္ဗေ ဇယာသနေ ၊ ဇာယာပေသိ ဇယေသီနံ ၊ ဇယံဒေတု ဇယုတ္တရော .... ”


ဒေါ်တောကြည် က တော့ နား မလည်ပေမယ့် ဘကြီးနီ ရဲ့ လေ အချ မှာ သာဓု သုံးကြိမ် တိုးတိုးလေး ရွတ် လိုက် သေးတယ် ။


ဖြစ်တီးရွာ က ဆရာဦးကျော်ဒွန်း က ထ လိုက်တယ် ။ ချောင်း တစ်ချက် ရှင်း လိုက်ပြီး အသံဝါကြီး နဲ့ စ ရွတ်တော့တာပဲ ။


‌‌“ ဩောင်း ဇယတု သဗ္ဗမင်္ဂလံ ၊ သဗ္ဗမင်္ဂလံ ကောင်းမြတ်သော ဣဋ္ဌာရုံ အစုံစုံ သော မင်္ဂလာ အပေါင်းတို့ သည် ဇယတု အောင်မြင်သည် ဖြစ်စေသော် .... ”


တစ်ရွာသား ဆိုတော့ လည်း စောစော က အီ နေတဲ့ ပရိသတ် က ပြန် ခေါင်းထောင် လာတယ် ။ 


“ ကျမ်းရှိ သြဘာ ဗျာဒိတ်တော် လာသည် နဲ့ အညီ သမ္ဘာဘုန်းမီး ဖိတ်ဖိတ်ငယ်ညီးသည့် သိဒ္ဓိထီး ကို ဆောင်းပြီး သကာလ မွန်မြတ်လှ စွာသော နှစ် ၊ လ ၊ ရက် ၊ ထက်မြက်သန့်စင် လှစွာသော နက္ခတ် ၊ မြင့်မြတ်လှစွာသော တီထိ အကြုံ ၊ သဘင်စုံ ခင်းကျင်း လို့ လက်ထပ်မင်္ဂလာ ဆောင်နှင်းရန် အခါကား မြန်မာ့ ဝေါဟာ ၊ ကောဇာ အဖြောင့် ၊ ဂဏန်းဆောင်သား ၊ တစ်ထောင့်သုံးရာ ငါးဆယ့်ခြောက်ခု ရတုဟေမန္တ တန်ဆောင်မုန်း လဆုတ် သုံးရက်နေ့  ၊ ဤနာရီ ဤအချိန် ရာသီလဂ် စန်းလ ၊ တြင်း နဝင်း ကောင်းခြင်း ၊ စုတ်ယုဂ်ဥစ် ကသစ်မှာ နိစ်ဖျကင်း လို့ ပွင့်လင်းကာလ ခါကောင်း ရသည့် အလျောက် ထိမ်းမြားမင်္ဂလာ သဘင် စတင် ဆောင်ရွက်ရန် အချိန် တန် ပြီ ဖြစ်ပါ ၍ ဤ လက်ထပ်မင်္ဂလာနန်း သို့ မြန်းကြွရပါမည့် အကြောင်း သတို့သား သတို့သမီး နှစ်ဖြာအပေါင်းအား အခါကောင်း ကြား အပ်ပါသတည်း ”


အစဉ်အလာ အရ သာ ခေါ် ရတာ နဲ့ တူပါတယ် ။ တကယ်တော့ သတို့သား နဲ့ သတို့သမီး က သူတို့ ရှေ့ မှာ ပုဆစ်တုပ် ယှဉ် ထိုင် နေကြတာ ပွဲ စ ကတည်း က ပဲ ။ ခြေတောင် ကျဉ် နေရော့မယ် ။ ဘကြီးနီ က တော့ ကိုဇံရင် ကို လက် တို့ ပြီး တွတ်ထိုး နေတယ် ။ ကိုဇံရင် က တော့ မမှုတဲ့ မျက်နှာပေး နဲ့ ဘကြီးနီ ကို ဂရု မစိုက်ဘဲ ဆရာ ကိုကျော်ဒွန်း ကို ပဲ လေ့လာ အကဲခတ် နေတယ် ။ 


“ ရတနာသုံးပါး ၊ ဆရာသမား မိဘ ၊ သမ္မာဒေဝ နတ်ကောင်း နတ်မြတ် များကို ရှေးဦးစွာ ဦးထိပ်ထား၍ ကန်တော့ကြရန် ဖြစ်သည့် အတွက် ကန်တော့ခန်း ကို ဆောင်ရွက်ပါမယ် ”


ရတနာသုံးပါး နဲ့ မိဘ ဆရာသမား တို့ ရဲ့ ကျေးဇူးဂုဏ်ပုဒ်တွေ ကို တစ်ခု ချင်း ရွတ်ဆို ရှင်းလင်းလိုက် ၊ သတို့သား နဲ့ သတို့သမီး က ထိုင် ကန်တော့လိုက် ၊ အနန္တော အနန္တငါးပါး ဆိုတော့ ငါးကြိမ် တိတိ ရွတ်လိုက် ကန်တော့ လိုက် လုပ် ရမှာ ၊ အခုကို ဆယ်နာရီ ခွဲ နေပြီ ။ ရွှေကြူး အသံ မထွက် အောင် ကျိတ်ပြီး တစ်ချက် သမ်း လိုက်တယ် ။ ကန်တော့ ခံရင်း မျက်ရည် သုတ် နေတဲ့ သူ့ အမေ ကို လှမ်း ကြည့်ပြီး အပြင် ကို ပျစ်ခနဲ ကွမ်း တစ်ချက် ထွေးလိုက်တယ် ။


ဆရာ ဦးကျော်ဒွန်း က လည်း မိဘ ကန်တော့ခန်း မှာ ဖခင် ကျေးဇူး ဂုဏ်ပုဒ် တွေ လည်း မွှန်း လိုက်ရော ဒေါ်တောကြည် နေ မရတော့ဘူး ။ သွားလေသူ ဦးတင်ပို့ အတွက် မျက်ရည် မဆည်နိုင်တော့ဘူး ။ ရွှေကြူး က မနေနိုင် တော့ဘူး ။ သူ့ အမေ နား တိုး သွားပြီး


“ အစ်မ ကလည်း ဗျာ ၊ စိတ် ထိန်းထားစမ်းပါ  ။ လူ ထဲ သူ ထဲ ကို ။ ပြီးတော့ မိချော လည်း စိတ်မကောင်း ဖြစ်နေပါဦးမယ် ”


ပြောရင်း ဖျာ လှန်ပြီး ကွမ်း တစ်ချက် ထွေး လိုက် သေးတယ် ။ 


“ ဒါနဲ့ အစ်မ ၊ ဒါက ဘယ်အချိန် ပြီး မှာလဲ ။ မိချော တို့ ရှေ့ က ငွေဖလားကြီး က ဆားလင်းကြီး ထိ ပြန် သွား ပို့ရမှာ ။ ရက် ကူး သွားရင် အားနာစရာ ကြီး ” 


“ ရပါတယ် ငကြူး ရယ် ၊နင် သွားစရာ ရှိရင် သွား ။ ငါ တစ်ယောက် ယောက် ခိုင်း လိုက်မယ် ။ ဒီက ခုမှ ကန်တော့ခန်း ရှိ သေးတယ် ။ ဘကြီးနီ ပြောသွား တာ မကြားဘူးလား ။ လက်ထပ်ခန်း တဲ့ ။ဆုံးမခန်း တဲ့ ။ အဲဒါတွေ ကျန် သေးတယ် ။ ဆရာကိုဇံရင် အလှည့် တောင် မရောက်သေးဘူး ”


“ တန်တော့ တန်တော့ ၊ ကျုပ် တော့ သွားပြီ ။ မစောင့်တော့ဘူး ။ ပိုက်ဆံ တော့ ပေးလိုက်ဦးဗျာ ။ မနေ့ ကတည်း က လာ ကူတဲ့ ကောင်တွေ ကို တိုက် ရဦး မှာ ”


ဒေါ်တောကြည် ဘော်လီအင်္ကျီ အရှည်ကြီး ကို ဆွဲထုတ် လိုက်ပြီး အိပ်ကပ် ထဲ က နှစ်ရာ တန် တစ်ရွက် ထုတ်ပေးရင်း


“ သိပ် လုပ် မလာနဲ့နော် ငကြူး ။ အလုပ်တွေ က လက်စ မသ,တ်ရသေးဘူး ”


ရွှေကြူး ထွက်သွားတော့ ကိုဇံရင် ရဲ့ လက်ထပ်ခန်း စ တာပဲ ။ ပရိသတ် က ကိုဇံရင် ကို တော့ လူ ရင်း မို့လား မသိဘူး ။ လေးငါးယောက် ထ ပြန်သွားကြ တယ် ။ ဒေါ်တောကြည် လည်း ပြန်တဲ့ လူတွေ ကို နှုတ်ဆက်ပြီး သတို့သား သတို့သမီး နောက် ပြန် ဝင် ထိုင်တယ် ။


“ တင်တဘက် အဖြူ ကို ရှေးမြန်မာတို့ က စုလျား လို့ ခေါ်ပါတယ် ။ စု ဆို တာ ကတော့ ခပ်စုစုလေး ရှိတယ် ။ အလျား ဆိုတာ က အရှည် ဆိုတဲ့ အဓိပ္ပာယ် ရ ပါတယ် ။ အဲဒီလို ပဝါ ဒါမှမဟုတ် တဘက်အဖြူ နဲ့ သတို့သား သတို့သမီး တို့ ရဲ့ လက် ကို ရစ်ပတ်ပြီး ထိမ်းမြားတာ အကြောင်း ပြုပြီး စုလျား ရစ်ပတ်တယ် လို့ တွင် လာခဲ့ပါတယ် ။ ထိမ်း ဆိုတာ တိမ်းပါးစေသည် လို့ အနက် ရတယ် ။ ဒါကြောင့် စုလျားရစ်ပတ် လက်ထပ် ထိမ်းမြားတယ် လို့ ဆိုလိုခြင်း ဖြစ်ပါတယ် ။ ကမ္ဘာဦး လူ ၊ ကပ်ဦးလူ တို့ ၊ အဖြူ အမည်း ၊ အနည်း နည်းဖြင့် ၊ သိမ်းဆည်း မှတ်သား ၊ သညာများ ကို ၊ ဘုရား ပါ လျက် ၊ ထုံး မဖျက်ဘဲ ဆိုတဲ့ စကား နဲ့ အညီ လောက သမ္မုတိနယ် ရဲ့ ထုံးတမ်းစဉ်လာ အတိုင်း အာဝါဟ နဲ့ ဝိဝါဟ နှစ်ပါး ရှိတဲ့ အနက် .... ”


ဒေါ်တောကြည် မနေနိုင် တော့ ပြန်ဘူး ။ ဗိုက် ထဲ က တဂွီဂွီ နဲ့ မြည် အောင် ဆာ လာပြီ ၊ အချိန်က မွန်းတည့် တော့မယ် ။ ခပ်ရို့ရို့ ကလေး ထ လာပြီး အိမ်နောက်ဘက် မီးဖိုချောင် ထဲ မှာ လက်ဖက်ပွဲ က ပို တဲ့ အကြော်စုံ နဲ့ ထမင်း တစ်ပန်းကန် နယ် စား လိုက်တယ် ။ ရေလေး တစ်ခွက် သောက်ပြီး မဏ္ဍပ် ထဲ ပြန် ဝင်တော့ ကိုဇံရင် က ပြောလို့ ကောင်းတုန်း ၊ လူ က လည်း လက်ချိုး ရေ လို့ မှ ဆယ်ယောက် တောင် မရှိတော့ဘူး ။


“ ဒီတော့ ကာ ပုဆိုး တန်း တင် ထိမ်းမြားခြင်း ၊ ထမင်းလက်ဆုံ စား၍ ထိမ်းမြားခြင်း ၊ လက်စွပ် လဲ၍ ထိမ်းမြားခြင်း ၊ အဝတ် ချင်း လဲ၍ ထိမ်းမြားခြင်း ၊ လက်ထပ် ၍ ထိမ်းမြားခြင်း ၊ ဒါလီ ဖွဲ့၍ ထိမ်းမြားခြင်း ၊ စုလျားရစ်ပတ် ၍ ထိမ်းမြားခြင်း ၊ ရွှေခွက် တွင် လက်ဆုံ ချ၍ ထိမ်းမြားခြင်း ၊ ဦးထိပ် ၌ ရေစင် သွန်း ၍ ထိမ်းမြားခြင်း ရယ် လို့ ဆယ်မျိုး ရှိပါတယ် ”


ထမင်းလေး ဝ နေ ပြန် တော့လည်း ဒေါ်တောကြည် တစ်ချက် တစ်ချက် သတိ လက်လွတ် ငိုက် ငိုက် ကျ သွားတယ် ။ ဒေါ်တောကြည် တင် မကဘူး ။ သူ့ ရှေ့ က သတို့သား နဲ့ သတို့သမီး က လည်း ပခုံးချင်း မှီ ပြီး ငိုက် နေပြီ ။ ဖတ်ခနဲ သတိ ရ လို့ ကြည့် လိုက်တော့ ကိုဇံရင် လက်ထပ်ခန်း ဘယ် အချိန် က ပြီးသွားမှန်း မသိ လိုက်ဘူး ။ ဆရာ ဦးကျော်ဒွန်း ရဲ့ ဆုံးမခန်း ရောက် နေပြီ ။


ဒေါ်တောကြည် တင်ပါး ကို နေထိုး လာလို့ ရှေ့ နည်းနည်း တိုး လိုက် ရသေးတယ် ။ ပရိသတ် ကတော့ အမာခံ သုံးဦး ပဲ ကျန် တော့တယ် ။ သတို့သား မောင်သံချောင်း ၊ သတို့သမီး မချောစု နဲ့ ဒေါ်တောကြည် ။


ရှေ့က ပုဂ္ဂိုလ်များ က တော့ အစွမ်းကုန် တက်ကြွ နေကြပြီ ။ဆရာ ဦးကျော်ဒွန်း ရဲ့ လူတွေက လည်း တီးတိုး တိုင်ပင်ကြ သလို ကိုဇံရင် ၊ ဘကြီးနီ နဲ့ ကိုဆယ်တင် တို့ ကလည်း ခေါင်းချင်း ဆိုင် နေကြတယ် ။


“ အိမ်သူ မိန်းမ ၊ ချစ်မဝ ကို ၊ လင်လှလိမ္မာ ၊ ကျင့်ရာ မချွတ် ၊ ငါးမည် ဝတ်ကား ၊ မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ ၊ မိစ္ဆာမမှား ၊ ဝတ်စားဆင်ယင် ၊ မြတ်နိုး ခင်သည် ၊ လင်၌ မမှား ၊ ကျင့်တရားလို့ ဆိုဆုံးမခဲ့သလို ၊ တစ်ဖက် က လည်း မယားဖြစ်သူ တို့ လိုက်နာကြဖို့ မူရာနွဲ့လျ ၊ သူဇာမသို့ ၊ ရူပကြည်ရွှင် ၊ မိန်းမ လျင်တို့ ၊ လင်နှင့်မလွတ် ၊ ကျင့်ဝတ်ငါးဖြာ ၊ မှတ်ပါ မယွင်း ၊အိမ်တွင်းမှုလုပ် ၊ သိမ်းထုပ်သေချာ ၊ မိစ္ဆာကြဉ်ရှောင် ၊ လျော်အောင်ဖြန့်ချိ ၊ ပျင်းရိ မမူ ၊ ဝတ်ငါး ဆူ ၊ အိမ်သူမယ်လျ ကျင့်အပ်စွလို့ စာတစ်တန် ပေတစ်ဖွဲ့ ဆုံးမခဲ့ကြ ပါတယ် ။


စီးတဲ့ ရေ ဆည်တဲ့ ကန်သင်း ဆိုသလို ပဲ ကန်သင်းပေါင် မရှိရင် ရေမတင် သကဲ့သို့ လင်သား ဖြစ်သူ က ကြိုးစားပြီး ရှာဖွေ ထားတဲ့ စီးပွား ကို မယား ဖြစ်သူက ထိန်းထိန်းသိမ်းသိမ်း နဲ့ စည်းကမ်းရှိရှိ လုပ်တတ် ကိုင်တတ် နေပါမှ အဖတ် တင် နိုင်ပါမယ် ။ ဝေဿန္တရာ ဇာတ်တော် ရဲ့ နိဂုံး မှာ လင်ကား မေဃ ၊ဒါန လယ်မြေ ၊ ပုံနှိုင်းချေ၏ ၊ မိုးမြေနှစ်ပါး ၊ ကောင်းတုံငြားမှ ၊ စပါးနှံသီး ၊ သြဇာပြီးသို့ လို့ ဆိုပါတယ် ။ လင်သား က မိုးကောင်းကင် နဲ့ အလား သဏ္ဌာန် တူတယ် ။ ဒါန ဆိုတဲ့ ဇနီးမယား က မြေကြီး နဲ့ ပမာ တူ လို့ .... ”


“ ဆရာသမား နဲ့ မိဘတွေ ကို လည်း ပစ်ပယ်မေ့လျော့ မထားအပ်ဘူး တဲ့ ။ ရှေး က ဆရာ့ ဆရာတွေ ဆိုဆုံးမ ခဲ့ သလိုပဲ လူတို့ ဌာန ၊ ဤလောက ၌ ၊ ဖ ကို လက်ယာ ၊ မိ ကို လက်ဝဲ ၊ အမြဲ ဆောင်ရွက် ၊ ပခုံး ထက် တွင် ၊ တင်လျက်လုပ် ကျွေး ၊ မပြတ်မွေးလည်း ၊ ကျေးဇူးဂုဏ်ဆိုင် မကုန်နိုင်လို့ မာဃဒေဝ မှ .. ”


ဆရာဦးကျော်ဒွန်း ရဲ့ ဆုံးမခန်း ပြီးတော့ မွန်းလွဲ နှစ်နာရီ ကျော် နေပြီ ။ မင်္ဂလာပွဲ ရဲ့ နောက်ဆုံး ကဏ္ဍ ဖြစ်တဲ့ ကိုဇံရင် ရဲ့ ဆုပေးခန်း စပြီ ။ လက်ထပ်ပြီးပြီ ဆိုတော့ အသုံး မလိုတော့တဲ့ ငွေဖလားကြီး ကို အချိန်မီ ပြန်ပို့ ချင်သေးတယ် ။ ဒေါ်တောကြည် လည်း မျက်နှာပူပူ နဲ့ ကလေးတွေ ရှေ့ က ဖလားကြီး ကို ပိုက် ပြီး မဏ္ဍပ် ထဲ က ထွက် လာခဲ့တယ် ။ မဏ္ဍပ် ထဲ မှာ တော့ သတို့သား ၊ သတို့ သမီး နဲ့ ဆရာကြီးတွေ ပဲ ကျန် တော့တယ် ။ ကလေး နှစ်ယောက် က လည်း အိပ်ငိုက် တာ က တစ်မျိုး ၊ အထိုင် များ လာလို့ ညောင်းတာ ၊ ပူတာ ၊ ကျဉ်တာ က တစ်မျိုး နဲ့ စိတ်ညစ် လှပြီ ။


“ ရတနာထိန်တောက် ၊ စိန်ကျောက် မြရွဲ ၊ ပုလဲသန္တာ ၊ များစွာ ရွှေငွေ ၊ ခြွေရွေပြည့်ပြီး ၊ဓနဉ္စာယ သူဌေးကြီး ရဲ့သမီး ၊ ဝိသာခါ ကဲ့သို့ များစွာတသီး ၊ သား သမီးဥစ္စာ ၊ ရတနာ ခုနစ်ပါးတို့နဲ့ ပြည့်ပြည့်  .... ”


ကိုဇံရင် စကား တောင် အဆုံး မသတ်နိုင်တော့ဘူး ။ မဏ္ဍပ် အလယ် မှာ မားမားကြီး ရပ်ပြီး မျက်ထောင့်နီကြီး နဲ့ စားမတတ် ဝါးမတတ် ကြည့် နေတဲ့ ရွှေကြူး ။ အရက်နံ့တွေ က လည်း လှိုင်လို့ ။ ခါးကြား မှာ က လည်း ဓားကြီး တစ်ချောင်း ထိုး ထားတယ် ။


“ ခင်ဗျားတို့ မလွန်လွန်း ဘူးလား ။ အားမနာ လျှာမကျိုး တကတည်း ဗျာ ။ တော်ပြီ ။ ပွဲ သိမ်းတယ် ။ ခင်ဗျား တို့ ပြန်ကြတော့ ။ ဟိုကောင်မ တို့ က ထလေ ”


ဘကြီးနီ က “ ခဏ .. ခဏလေးပါ ငကြူး ရာ ၊ ဆုပေးခန်း လေး .... ”


“ ဘာ ဆုပေးခန်းလဲ ။ ဘာ ဆုမှ မပေးနဲ့ ။ သူတို့ လုပ် မှ သူတို့ စားရမှာ ။ ကဲဗျာ ပြောနေ ကြာပါတယ် ”


ပြောပြောဆိုဆို ခါးကြား က ဓား ဆွဲ ထုတ် လိုက်တယ် ။ ပြီးတော့ မဏ္ဍပ် မှာ ချည် ထားတဲ့ နှီးတွေ ဖြတ် တော့တာပဲ ။


ဒီတော့မှ ဆရာကြီးတွေ လည်း အောင်စည် မရွမ်း လိုက်ရဘဲ ဣန္ဒြေ မပျက် တဲ့ မင်မောင်း နဲ့ မဏ္ဍပ် ထဲ က ထွက်သွား ကြတော့တယ် ။ ဘာပဲ ပြောပြော ၊ ဒီလို ပွဲမျိုးမှာ ရွှေကြူး လို လူမျိုး တစ်ယောက် ရှိဖို့ လို တာတော့ အမှန်ပဲ ။


◾ကိုချစ်


📖 ကလျာ မဂ္ဂဇင်း 

      မေ ၊ ၁၉၉၆ 


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment