Friday, September 15, 2023

သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ ( ဇာတ်သိမ်း )


 

အခန်း ( ၁၈ )

ဟိုး မလှမ်းမကမ်း မှာ ခုတ်မောင်း ဖြတ်သန်း သွားတဲ့ ရထား ဥသြသံ သဲ့သဲ့ ကို ကြားရတယ် ။

ရထားကြီး က သူ့ ခရီး သူ ဆက်လက် ထွက်ခွာမြဲ ထွက်ခွာ သွားတော့ လည်း ရပ်ကွက် ကလေး ဟာ တိတ်တိတ်ဆိတ်ဆိတ် ပဲ ကျန်နေခဲ့တာပါပဲ ။ လမ်း ပေါ် မှာ ၊ ခြံဝင်း တံခါးဝ မှာ ၊ အိမ် ရှေ့ မှာ လူတွေ ရှိနေပေမယ့် ခါတိုင်း ရက် တွေ လို အသံဗလံတွေ ဆူညံ မနေဘူး ။

အရင်က စကား များ အတင်း ပြောပြီး ဟောင်ဖွာ ဟောင်ဖွာ လုပ် တတ်တဲ့ လမ်း ထဲ က မိန်းမကြီးတွေ တောင် မှ ငူငူငိုင်ငိုင် နဲ့ တံတောင်ဆစ် ထောက် ထားတဲ့ လက်ဖနောင့် ပေါ် မေးတင် ပြီး မရေ ရာ တဲ့ အဝေး ဆီ ငေး နေ ကြတယ် ။

သူတို့ ရဲ့ ယောက်ျား ခင်ပွန်းသည် တွေ ကတော့ ခြံဝင်းတိုင် ကို မီ တဲ့ လူ က မီ ၊ ကျောပြင်ဗလာ နဲ့ အင်္ကျီခေါက်လေး ပခုံး ပေါ် တင်ပြီး စိတ်ပျက် လက်ပျက် ဆောင့်ကြောင့်ထိုင် တဲ့ သူ က ထိုင် ၊ မြောင်းပေါ် ခွ ဆောက်ထားတဲ့ တံတားခုံတန်းလျား ပေါ် ခြေဆင်းတဲ့ သူ က ဆင်း နဲ့ ။

တချို့ ကတော့ အံကြိတ် တောက်ခေါက် လို့ ... ။ တချို့ကတော့ မြေကြီး ပေါ် မှာ တုတ်တစ်ချောင်း နဲ့ တောင်ခြစ် မြောက်ခြစ် လျှောက် ပြီး ရေးခြစ် နေ ကြတယ် ။ ရေးလိုက် ပြန်ဖျက်လိုက်နဲ့ ။

ကလေးတွေ တောင် မှ တိုးတိုးကျိတ်ကျိတ်ကလေး ကစား နေရာက သူတို့ အဖေ တွေ အမေ တွေ ရဲ့ မျက်နှာ ကို မသိမသာ လှမ်း လှမ်းပြီး အကဲခတ် ရ ကောင်းမှန်း နားလည် နေကြတယ် ။

လေပူ တစ်ချက် ဝှေ့ တိုက် လိုက်တော့ ဖုန်တွေ ၊ သဲတွေ လွင့်လာ ကြ တယ် ။ သစ်ရွက်ခြောက်တွေ လည်း မြေပြင် ပေါ် ရှပ်တိုက်လွင့်ပါ ကုန်ကြရော ။

ဒါဟာ ပူလောင်တဲ့ ခြောက်သွေ့ တိတ်ဆိတ်မှုပဲ  ။

   •••••   •••••   •••••

အချိန်တန် တော့ ထုံးစံ အတိုင်း ပါပဲ ။

စိတ်ဝေဒနာရှင် အဘွားအို ဟာ ကုန်းကုန်း ကုန်းကုန်း နဲ့ ကျွန်တော် တို့ လမ်း ထဲ ကို လျှောက်ဝင် လာတယ် ။ ပါးစပ် က လည်း မြင်မြင် ကရာ ကို ဆဲလိုက် ဆိုလိုက် နဲ့ ပေါ့ ။

လမ်း ထဲ က လူတွေ က လည်း စိတ် ထဲ တယ်ပြီး ကြည်ကြည်လင်လင် မရှိလှတာ နဲ့

“ သွား ... သွား ”

ဆိုပြီး မောင်းထုတ် လိုက် ကြတယ် ။

အဘွားအို က လည်း တစ်ခွန်း မခံ ပြန် ဆဲရင်း အမှိုက်ပုံတွေ ထဲ က ဖွထား ကောက်ထား တဲ့ အထုပ်ကလေး ကို ဆွဲလို့ မီးရထား သံလမ်း ဘက် ဆီ လျှောက်သွား တော့ တာပဲ ။

   •••••   •••••   •••••

နေ က လည်း ဒီနေ့ ကျ မှ ပိုပြီး တော့ ပူနေ သလိုပဲ ။

ညနေ ငါးနာရီ လောက် မှ အေးသွားမှာ ထင်တယ်လို့  ကျွန်တော့် ဖာသာ တစ်ယောက် တည်း တွေး နေ မိတယ် ။ ဖိုးစော က တော့ သူ့ မှတ်စု စာအုပ်လေး ထဲ မှာ ဘာတွေ ရေးနေသလဲ မသိဘူး ။

ကိုမောင်မောင်ချို က တော့ ပက်လက်ကု,လားထိုင် မှာ မျက်လုံး မှေး ထားရင်း မက် ခဲ့တဲ့ အိပ်မက် ကို ပြန် စဉ်းစား နေတယ် ။

ကျွန်တော် က ခြံ အပြင် ဘက် လှမ်း ကြည့် လိုက်မိတော့ ကိုယ်ဝန်ဆောင် မိန်းမ တစ်ယောက် ရပ် နေတာ တွေ့ လိုက် ရလို့ အံ့သြ သွားတယ် ။ ကိုယ်ဝန် က တော်တော် ရင့် နေပုံ ရတယ် ။ ဗိုက်ကြီး ကို ဖောင်းတင်းပြီး ကား ထွက် နေတာပဲ ။

အဲဒီ မိန်းမ က ခြံထဲ ကို ဝင်ဖို့ မဝင်ဖို့ ချိန်ဆ အားယူ နေ သလိုမျိုး ချီတုံ ချတုံ ဖြစ်နေတာ နဲ့ ကျွန်တော် က ...

“ ဘာကိစ္စ ရှိလို့လဲ ... အစ်မ ”

သူ ခမျာ အတော် နွမ်ပါးပုံပါပဲ ။ ဝတ်ထားတဲ့ ထဘီ က ရေလဲပိုင်း သာသာ ရယ် ။ ရော်ဘာဖိနပ် နောက်မြီးတို က လည်း သဲကြိုး ပြတ် လို့ ချိတ် နဲ့ တွယ်ထားတာ ။

အဲသလောက် အကဲခတ် မိ မှ တော့ သူ ဘာပြော လာမလဲ ဆိုတာ ကျွန်တော်တို့ မှန်းလို့ ရနေပြီ ။ ထင်တဲ့ အတိုင်းပါပဲ ။

“ မောင်လေးတို့ ရယ် ၊ ဟို ... ဟိုလေ အစ်မ က သူတောင်းစား မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဟိုဒင်း ကိုယ်ဝန် က နေစေ့လစေ့ကြီး နဲ့ မို့ ဆေးရုံ သွား ရမှာ ဆိုတော့ ဖြစ်နိုင်ရင် စရိတ်ကလေး ဆေးဖိုးလေး နည်းနည်းပါးပါး လောက် ကူညီပါလား ကွယ် ”

သူ က ပြောရင်း မော နေလို့ စကား ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတယ် ။ ကိုယ်ဝန် နေ့စေ့လစေ့ ဆိုတာ ဟုတ်မယ်ဗျ ။ ကျွန်တော်တို့ က မျက်စိ အမြင်နဲ့ ဆုံးဖြတ် တတ် လို့တော့ မဟုတ်ဘူး ။ ဒါပေမဲ့ သူ့ ဟာကြီး က အသိသာကြီး ဗျ ။

သူခမျာ လမ်းလျှောက် တာ တောင် ခါး နောက်ပိုင်း ကို လက် နှစ်ဖက်နဲ့ ထောက် ၊ ဗိုက်ကြီး ကို ရှေ့လက် ကော့ ထားပြီး ခြေထောက် က ဘဲ တစ်ကောင် သွား သလို ကားတားတား ယမ်းတမ်းတမ်း တစ်လှမ်း ချင်း လျှောက် နေ ရတာကိုး ။

အဲဒါနဲ့ ကျွန်တော် က အိတ် ထဲ နှိုက် လိုက်တော့ ငါးကျပ်တန်လေး တစ်ရွက် ပဲ ထွက်လာတယ် ။ ဒါက ညနေစာ ဘဲဥချဉ်ရည်ဟင်း ချက် ဖို့ ဗျ ။ ပေးလို့ မဖြစ်ဘူး ။

“ ဟေ့ကောင် ... ဖိုးစော ။ မင်း ဆီ မှာ ဘယ်လောက် ရှိသေးလဲ ”

ဖိုးစော က သူ့ ပုဆိုး ခါးကြား မှာ လိမ်ကျစ် ညှပ် ထားတဲ့ ကျပ်တန် အဟောင်းလေး သုံးရွက် ကို ထုတ် ပေးတယ် ။ ကိုမောင်မောင်ချို က သူ့ စွပ်ကျယ် အင်္ကျီရင်ဘတ် အပြဲ ကြား ကို နှိုက် လိုက်တော့ ကျပ်တန် နှစ်ရွက် ။

ကိုဆင့်သူ ပိုက်ဆံ ဝှက်ဝှက် နေကျ နေရာ ( ခေါင်းအုံး အိပ်တဲ့ အင်္ဂလိပ် မြန်မာ အဘိဓာန်စာအုပ် အဖုံး အတွင်းဘက် ) မှာ သွား ရှာ ကြည့်တော့ နောက်ထပ် ကျပ်တန် နှစ်ရွက် ထပ်ထွက်လာတယ် ။

“ ကဲ ... အစ်မရေ စိတ်တော့ မရှိနဲ့ဗျာ ၊ ဒါပဲ တတ်နိုင်တယ်ဗျ ”

“ ရ .. ရပါတယ် မောင်လေး တို့ရ ယ် ၊ ကျေးဇူးပါ ”

သူ က “ ရပါတယ် ” ဆိုပေမယ့် ကျွန်တော်တို့ က စိတ်ထဲ မကောင်းဘူးဗျ ။

ပိုက်ဆံ ခုနစ်ကျပ် နဲ့ ဘယ်လို လုပ်ပြီး ဆေးရုံ တက်လို့ရ မှာလဲ ၊ ဆေးရုံ ထဲ ဝင် ရင်တောင် အပေါက်စောင့် ကို ပိုက်ဆံ နှစ်ကျပ် လာဘ် ထိုးမှ ဝင်လို့ ရတဲ့ ဥစ္စာ ။

“ ဟေ့ .. ဟေ့ ... ညီမ ရေ.. ခဏလေး နေဦး ”

ကျွန်တော်တို့ ပြောနေ ဆိုနေတာ ကို ခေါင်းရင်းအိမ် က အတိုင်းသား ကြား နေတဲ့ အန်တီလှ သမီး မသက် က လှမ်း ပြောရင်း လက်ကာ ပြ ပြီး စောင့် ခိုင်းတယ် ။ ပြီးတော့ သွားလေသူ အန်တီလှ ရဲ့ အင်္ကျီထဘီ တွေ ထဲ က လတ် သေးတဲ့ သုံး လေးစုံ ကို ထုတ်ယူ လာပြီး ...

“ အဟောင်းအစုတ် ပေးတယ် လို့တော့ သဘော မထားနဲ့ ညီမ ရယ် ။ ဟောဒီ ထဘီလေး တွေ ကူညီလိုက်မယ် ၊ ယူ သွားနော် ”

“ ဟုတ်ကဲ့ပါ .. အစ်မ ရယ် ၊ ကျေးဇူးကြီးလှပါတယ် ရှင် ”

ကိုယ်ဝန်ဆောင် မိန်းမ လည်း အဝတ်အစားထုပ်ကလေး ကို ကျစ်ကျစ် ပါအောင် ပိုက်ပြီး ခြံ ထဲ က နေ တစ်လှမ်းချင်း ထွက်သွား တော့ မှ ကျွန်တော် လည်း ...

“ နေဦး .. နေဦး ”

မထူးတော့ပါဘူး လို့ စိတ်ကူး ပြောင်း သွားပြီး ညနေစာ ဈေးဖိုး ချန် ထားတဲ့ အိတ်ကပ် ထဲ က ပိုက်ဆံ ငါးကျပ် ကို ...

“ ရော့ ... ယူသွားတော့ဗျာ ”

လို့ လှမ်း ပေး လိုက်တယ် ။

ညနေကျ လို့ ပန်းချီဆရာ မဂ္ဂဇင်းတိုက် က ပြန် လာရင် ပိုက်ဆံ ရ လာ တန် ကောင်းပါရဲ့ ၊ မရလာ ရင် လည်း အိမ် မှာ ရှိတာ တစ်ခု ခု အပေါင်ဆိုင် ပို့ ရုံပေါ့ ။

ဟူး.. ။

ကျွန်တော် စိတ်ထဲ ပေါ့ သွားတယ် ။

   •••••   •••••   •••••

ညနေစောင်း တော့ ...

အိမ်ထောင် ပရိဘောဂ အဟောင်းအစုတ်တွေ ထိုးသိပ် တင် ထားတဲ့ ဒေါ့ဂျစ်ကားအိုကြီး တစ်စင်း ဖြည်းဖြည်းချင်း ဘီးလှိမ့် လာတယ် ။

ကား ခေါင်မိုးစွန်း ဘေး မှာ “ သိပ္ပံစိန်လှ ဘက်ထရီဆိုင် ” ဆိုတဲ့ ဆေးသားပျက် ဆိုင်းဘုတ်ဟောင်းလေး က ခပ်စောင်းစောင်းလေး ထောင် လို့ ။

သိပ္ပံစိန်လှ တို့ ဆိုင် ပြုတ်ပြီလေ ။ တော ကို ပဲ ပြန်ပြီး ပြောင်းကြတော့ မှာ တဲ့ ။ သွားခါနီး လမ်းထဲ က လူတွေ ကို လိုက် နှုတ်ဆက် နေ လေရဲ့ ။

မလှဌေး က သူ နဲ့ ရန်ဖြစ်ဖူးတဲ့ ဒေါ်ပုကြွယ် ကို ကန်တော့ပြီး ...

“ ကြီးဒေါ် ကို ကျွန်မ ပြစ်မှားခဲ့တာ ရှိရင် တောင်းပန်ပါတယ် ၊ ခွင့်လွှတ်ပါ နော် ”

ပြောရင်း ဦးသုံးကြိမ် ချတော့ ဒေါ်ပုကြွယ် က မပြောမဆို ‘ ဟီး ’ ခနဲ ငိုချ လိုက်ပြီး မလှဌေးရဲ့ ကျောပြင် ကို တစ်ခါတ ည်း သိုင်းဖက် ထား လိုက်တော့တာပဲ ။

ဆုံစည်း ရ တဲ့ အချိန်တွေ က တိုတောင်း လွန်းတယ် ။

ကြည့်စမ်း .. နေတောင် ဝင်တော့မှာ ပါ လား ။ တစ်နေ ဝင် ပြီး တစ်မိုး ချုပ် တော့မယ် ။ လက်ပြ နှုတ်ဆက်လိုက်ကြပေဦး တော့ ။

ဆည်းဆာအမှောင် ရစ်သန်း နေတဲ့ ကောင်းကင် မှာ အိပ်တန်းပြန် ငှက်တွေ ကို မြင်ရတယ် ။ ဒေါ့ဂျစ်ကားအိုကြီး တရွေ့ရွေ့ ထွက်ခွာ သွားတော့ လမ်း ထဲ ကလူတွေက ကိုယ့် အိမ် ရှေ့ ကနေ ကိုယ် ထွက်ပြီး လက်တွေ ကို ဝှေ့ယမ်း ပြ လိုက်ကြတယ် ။

အမှောင် နဲ့ ဖုန်လုံးဟာ ရောထွေး သွားလေရဲ့ ။

အဲဒီ အချိန်မှာ ပဲ ...

မီးရထားသံလမ်း ဘက် ဆီ ကနေ လူ တစ်ယောက် ဟာ တုန်ချည့်ချည့် ကုပ်ကိုင်းကိုင်း နဲ့ ပြေးလာ နေတယ် ။ ပါးစပ် က လည်း ဘာတွေမှန်း မသိ မသဲမကွဲ ရေရွတ် အော်ဟစ်လို့ ... ။

လမ်းထဲ ကို ရောက် လာ လို့ သေသေချာချာ ကြည့် လိုက်တော့ မှ စိတ် မနှံ့ တဲ့ အဘွားအို မှန်း သိတာ ။ ထုံးစံအတိုင်း ပါးစပ် က လည်း ဆဲလို့ ဆိုလို့ ။

“ ဟဲ့ ... မသာမတွေ သေချင်းဆိုးမ တွေ ။ လာကြပါ ဟဲ့ ... မြန်မြန် ။ အောင်မယ် ... ခေါ်နေတာ မကြားဘူးလား ၊ ဟိုမှာ က ဖြင့် မွေးတော့မယ် ဟဲ့ ။ ညည်းတို့ က ... ”

အဘွားအို က ရေကြီးသုတ်ပျာ ဖြစ်နေတယ် ။ တစ်ခုခု အကူအညီ လို နေတဲ့ အကြောင်း ကိုလည်း သူ့ ဉာဏ်ရည်စွမ်း မီ သလောက် ဝေါဟာရတွေ နဲ့ ဗလုံးဗထွေး ပြောဖို့ ကြိုးစားနေတယ် ။

“ သောက်ကောင်မ တွေ ၊ ကမြင်းမ တွေ ... ။ နနွင်း ယူခဲ့ ၊ စောင် ယူခဲ့ပါဆို ၊ ရေနွေး ... ရေနွေး လည်း ယူခဲ့ ။ ဟိုမ ... ဟိုမယ် ဗိုက်ကြီးသည် အဝှာ ဖြစ်တာကို သောက်သုံး မကျ ဖေတစ်ရာမတွေ က ... ”

သူ့ စကား ထဲ မှာ “ ဗိုက်ကြီးသည် ” ဆိုတဲ့ စကားလုံး ပါ လာတာနဲ့ တစ်ပြိုင်နက် အားလုံး ဆတ်ခနဲ ခေါင်းထောင် သွား ကြတယ် ။

ချက်ချင်းပဲ ပြိုင်တူ လိုလို နားလည် လိုက်ကြပြီး အားလုံးတိုင်ပင် ထားစရာ မလိုဘဲ အဘွားအို လာ ရာ မီးရထားလမ်း ဆီ ကို တရကြမ်း ပြေးသွား မိကြတော့တယ် ။

ဟို ရောက် တော့ ...

   •••••   •••••   •••••

ညနေ တုန်း က ကျွန်တော်တို့ အိမ် မှာ ဆေးဖိုးဝါးခ ဝင် အလှူခံ သွား တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ဟာ အမှိုက် အတိုအစတွေ ပွစာကျဲ နေတဲ့ တဲစုတ် တစ်လုံး ထဲ မှာ လဲ နေတယ် ။

သူ့ ထဘီ အောက်ပိုင်း တစ်ခြမ်းလုံး ဟာ လည်း မြင် မကောင်းအောင် စိုရွှဲ နစ် နေတယ် ။

“ ရေမြွှာတောင် ပေါက်နေပြီ ၊ မွေးတော့မယ် ထင်တယ် ”

“ ဖယ်ကြစမ်း ... ဖယ်ကြစမ်းပါ ဟဲ့ ၊ အသက်ရှူ ကျပ်နေဦးမယ် ”

“ ဒီအတိုင်း ဝိုင်းကြည့် မနေကြနဲ့လေ ။ ဆေးရုံပို့ မှ ဖြစ်မယ် ၊ ဆိုက်ကား ကော ... ”

ပွက်လောညံ အောင် ထင်ကြေး ပေး နေကြသံတွေ က အမျိုးမျိုး ။ ကျွန်တော်တို့ က လည်း ယောင်တိ ယောင်တောင် ။

အဲဒီမှာ ဒေါ်ဟာစီးနား က လူတွေ ကြား ထဲ အတင်း တိုး ဝင်လာပြီး ..

“ ဖယ်ကြ .. ဖယ်ကြ ... မှန်းစမ်း ။ ဟောတော့ ... ကလေး က ခေါင်းပြူ တော့မယ် ၊ မသန်းတင် ရေ ကျွန်မ ကို ကူပါဦး ”

“ လာပြီ .. လာပြီ ။ ကိုင်း ... ယောက်ျားတွေ အနား မလာနဲ့ ၊ ဒီမှာ ကလေး မွေးတော့ မှာ ”

ဒေါ်သန်းတင် နဲ့ ဒေါ်ဟာစီးနား တို့ က တက်ညီလက်ညီ ပဲ ။ သူတို့ နှစ်ယောက်စလုံး က မွေးတဲ့ ဖွားတဲ့ အတွေ့အကြုံ များ နေပြီ ဆိုတော့ ဒီလို အခြေ အနေမျိုး နဲ့ ကွက်တိ ၊ အံဝင်ခွင်ကျပဲ ။

စိတ် မနှံ့တဲ့ အဘွားအို က မီးနေခန်းတဲကလေး ကို သူ ရှာထား လို့ ရသမျှ အမှိုက်တွေ ထဲ က ဂုန်နီအိတ်စ အဟောင်းအစုတ်လေးတွေ နဲ့ ကာ ပေးဖို့ ကြိုးစား ထား တာကိုး ။ ဘယ့်နှယ်လုပ်ပြီး လုံလုံခြုံခြုံ ရှိပါ့မလဲ ။

မောင်ထွေး က သူ့ အမေ မုန့်ဟင်းခါးဆိုင် က မိုး ကာတဲ့ တာလပတ်စကြီး သွား ပြေး ဖြုတ်လာတယ် ။ အောင်ဗလ က လည်း ဘယ် က စောင် အစုတ်ကြီးတစ်ထည် သွား ယူ လာသလဲ မသိဘူး ။ အဲဒါတွေ နဲ့ မီးနေခန်း တဲစုတ်ကလေး ကို ဝိုင်း ကာ ကြလေရဲ့ ။

ဒေါ်သန်းတင် က တော့ ‘ ယောက်ျားတွေ အနား မလာနဲ့ ’ လို့ချည်း အော်လွှတ် နေလို့ အောင်ဗလ နဲ့ တစ်ယောက် တစ်ခွန်း အပြန်အလှန် ဆဲကြ သေးတယ် ။ ဒေါ်ဟာစီးနား က တော့ ‘ ရေနွေး ပေးပါဦး ’ ၊ ‘ ဆပ်ပြာ နဲ့ အဝတ် သန့်သန့်ပေးပါဦး ’  ၊ ‘ မွေးလာ ရင် ချက်ကြိုး ဖြတ်ဖို့ ဘလိတ်ဓား အသစ် ရှာ ထားဦးဟဲ့ ’  ဆိုတဲ့ စကားတွေ နဲ့ အနား က မိန်းမ တစ်သိုက် ကို ခိုင်း နေတယ် ။ မသက် တို့ တစ်တွေ လည်း နားရတယ် ကို မရှိဘူး ။ စိတ် မနှံ့တဲ့ အဘွားအို က တော့ အသံလေး ငေါက်ဆတ်ဆတ် နဲ့

“ ဒီ ဖေတစ်ရာ .. တဲ့ ဗိုက်ကြီးသည်မ နှယ် ကံကောင်းလို့ပေါ့ ။ မီးရထားလမ်းဘေး လဲ နေတာ ငါ များ မတွေ့မိရင် ကာလနာ တိုက်ပြီး သေချင်း ဆိုး နဲ့ သေမှာ ။ ဟွန်း ... ဘုရားသိကြား မ လို့ ချောချောမောမော မွေးပါစေ တော် ။ ဟဲ့ .. ဗိုင်းဒါမ ရေ ဘုရား ၊ တရား ၊ သံဃာ ကို အာရုံ ပြု ဟဲ့ ။ အေး ... အေး ... ဟုတ်ပြီ ... ညှစ်ထား ။ ညည်းနှယ်အေ နား နား ပြီး ညှစ်ရတယ် ဟဲ့ ”

တဖြည်းဖြည်း နဲ့ မှောင်သထက် မှောင် လာ နေပြီ ။

ဦးမောင်ဝမ်း နဲ့ တခြား ယောက်ျားကြီး သုံးလေးယောက် လောက် က ရပ်ကွက် ထဲ ဆီ ပြေးသွား ကြပြီး ခဏ နေတော့ ဘက်ထရီအိုး နဲ့ မီးချောင်းတွေ ထမ်းပြီး ယူ လာကြတယ် ။ ရထားလမ်း ဘေးမှာ မီးရောင်တွေ ထိန်ထိန် လင်း လို့ ... ။

တချို့ မိန်းမကြီး တွေ က တော့ ...

“ မိုးမင်းကြီး ရေ .. ရွာ မချလိုက်ပါ နဲ့ ။ ပြုခဲ့သမျှ ကုသိုလ် ကို အမျှပေးဝေ ပါတယ် ၊ မရွာပါ နဲ့ ဦး နော် ”

လို့ တတွတ်တွတ် ရေရွတ် ဆုတောင်း နေကြတယ် ။

မိုးစုပ်စုပ် ချုပ် သွားပြီး လို့ သိပ်မ ကြာခင်မှာပဲ မီးနေတဲကလေး ထဲ က ကိုယ်ဝန်ဆောင် မိန်းမရဲ့ ညည်းတွားသံ ၊ ပင်ပန်းတကြီး သက်ပြင်းရှိုက်သံ ၊ “ ဟုတ်ပြီ ... ဟုတ်ပြီ ... ညှစ်ထား ၊ မွေးတော့မယ် ” လို့ တတွတ်တွတ် ဝိုင်း ပြော နေကြတဲ့ အားပေးသံတွေ အဆုံးမှာ ရုတ်တရက် နှစ်မိနစ်လောက် တိတ်ဆိတ် သွား ပြီး မှ ...

“ အူဝဲ ... အူဝဲ ... အူဝဲ ”

“ မွေးပြီ ဟေ့ ... မွေးပြီ ဟဲ့ ”

“ မိန်းကလေး တော့ .. ချစ်စရာလေး ။ ကိုယ်လက် အင်္ဂါလည်း စုံတယ် ”

ည အမှောင် ထဲ မှာ တဲကလေး နား ဝိုင်းအုံ နေကြတဲ့ လူတွေ အားလုံးရဲ့ မျက်နှာ ဟာ ဝင်းပ လင်းလက် သွားကြတယ် ။

ခဏအကြာ မီးနေတဲကလေး ကို ကာရံ ထားတဲ့ စောင် နဲ့ တာလပတ် စ တွေ ကို ခွာချ လိုက်တော့ မိခင် အသစ်စက်စက် ဟာ လဲလျောင်း နေရာ က သူ မွေးထုတ် လိုက်တဲ့ ရင်သွေး ကို လှမ်းကြည့်ရင်း ပြုံး နေတယ် ။

ကလေး ပေါက်စနလေး ကို ဒေါ်သန်းတင် က ချီလို့ ။

အဲဒီ နီတာရဲ မွေးကင်းစလေး ကို ထွေးပတ်ရစ်ဖွဲ့ ပေး ထားတဲ့ အနှီး ပိတ်စ က အန်တီလှ ရဲ့ထဘီ ကို အရေးပေါ် ဆုတ်ဖြဲ ထားတဲ့ အစဗျ ။ ကျွန်တော့် ရင် ထဲ မှာ တလှပ်လှပ် ဖြစ်နေတယ် ။ ဘာကို ခံစားနေရတာ လဲ တော့ မပြောတတ်ဘူး ။

ကွယ်လွန်သွားသူ တစ်ယောက် ရဲ့ ထဘီစ အနှီးပိတ် ထဲ မှာ အခုမှ မွေးဖွား လာတဲ့ ကလေးတစ်ယောက် လူးလွန့် ရှင်သန် နေတာ ကို မြင်ရတာဟာ သိပ် ကြည့်လို့ ကောင်းတယ် ။

ချက်ချင်းပဲ ငိုချင် သလိုလို ဘာလိုလို နဲ့ ကျွန်တော့် မျက်လုံး ထဲ မှာ မျက်ရည်တွေ ဝိုင်း လာတယ် ။ ဘာ ဖြစ်တာမှန်း ကိုယ့် ဖာသာ ကိုယ် လည်း နား မလည်ဘူး ။

ငိုချင်လာ တာ တော့ အမှန်ပဲ ။

ဘေးနား တစ်ဝိုက် ကို ကြည့် လိုက်တော့ လူတွေ အားလုံး အမှောင် ထဲ မှာ မျက်နှာတွေ တောက်ပ ဝင်းလက် နေကြတယ် ။ ပြုံးကာ ရယ်ကာ နဲ့ စကားတွေ အော်လား ဟစ်လား ပြော နေကြတယ် ။

သူတို့ အားလုံး ဟာ ဒုက္ခ ရောက်နေကြ တဲ့ လူသားတွေ ပါ ။

ဒါပေမဲ့ ဒုက္ခ ရောက် နေတဲ့ တခြားသူ ကို ကယ်ဆယ် နိုင် တဲ့ ကယ်တင်ရှင်တွေ လည်း ဖြစ်ကြတယ် ။

အခုပဲ ဒုက္ခသည် တစ်ယောက် ကို ကယ် လိုက်နိုင်ပြီ ။ လူသား တစ်ယောက် ကို မွေးဖွားပေးလိုက်နိုင်ပြီလေ ။

ဒီလိုပဲ ခရီး ဆက်ကြရမှာ ပဲ ။

လူ့ သမိုင်း ဟာ မဆုံးသေး ဘူး ။

◾မင်းခိုက်စိုးစန်

📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment