❝ သစ်တစ်ပင်ကောင်း ❞
လောက ပတ်ဝန်းကျင် သည် တိတ်ဆိတ်စွာ ငြိမ်းချမ်းလျက် ရှိသည် ။ အေးစိမ့်စွာ လည်း
လန်းဆန်းလျက် ရှိသည် ။ ရွာကလေး သည် ဘေးပတ်ဝန်းကျင် တွင် တောင်တန်းများ ၊ သစ်ပင်အုပ်စုကြီးများ ကာရံ ထားသောကြောင့် ခရီး သွားလာရေး အနည်းငယ် ခက်ခဲသော ဒေသ ဖြစ်သည် ။ ထို့ကြောင့်လည်း ဤ ရွာကလေး တွင် လူနေ အိမ်ခြေ အလွန် ကျဲပါးသည် ။ ပြည်မ မှ ဧည့်သည်များ အရောက်အပေါက် နည်းသည် ။ ဗုဒ္ဓဘာသာ နှင့် သက်ဆိုင်သော သူ့ လို ရဟန်းသံဃာများ လာရောက် လည်ပတ်ခြင်း နည်းဟန် တူသည် ။ ရွာ ရှိ လူဦးရေ ၏ တစ်ဝက်ခန့် သည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည် ။ ကျန်တစ်ဝက် ထဲ မှ တစ်ချို့ သည် မိရိုးဖလာ ကိုးကွယ်မှု ဖြစ်သော နတ်ပူဇော် ကိုးကွယ်ခြင်း ကို အမွေ ထိန်းသိမ်းထားဆဲ ၊ ကျန် တချို့သည် ဗုဒ္ဓဘာသာ ဆိုသည် ကို ကြားဖူးနားဝ ရှိနေသူများ ဖြစ်သည် ။
ဤ ရွာ တွင် ပထမ ဦးဆုံးသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ကို လွန်ခဲ့သည့် ရှစ်နှစ် က မှ
စတင် တည်ထောင်ခဲ့ ရသည် ။ သူ သည် ထို ဘုန်းကြီးကျောင်း ၏ ဒုတိယမြောက် ကျောင်းထိုင် ဘုန်းကြီး ဖြစ်သည် ။ အင်္ဂလိပ်ခေတ် ကတည်း က ခရစ်ယာန်သာသနာပြု ဘုန်းကြီး ၏ စွန့်စားစွာ စည်းရုံး သာသနာပြုခဲ့သော အကျိုးကျေးဇူး ကြောင့် ရွာသားများ သည် ခရစ်ယာန်ဘာသာ ကို ကိုးကွယ် ဆည်းကပ် ခဲ့ကြသည် ။ သို့သော် နတ် ကိုးကွယ်သော အုပ်စု လည်း ကျန် နေသေးသည် ။ သူ့ အရင် ဤ ကျောင်း ၏ ကျောင်းထိုင်ဘုန်းကြီး သည် ဗုဒ္ဓဘာသာဝင် ရွာများ ကဲ့ သို့ ဆွမ်းခံခြင်း အမှု ကို ပြုလုပ်၍ မရခဲ့ပေ ။ ရွာသားများ သည် ဘုန်းကြီး တစ်ပါး ကို ဆွမ်းလောင်း ဖို့ ကပ်လှူ ဖို့ ဟူသည့် အသိတရား နှင့် ဝေးကွာ လှသည် ။ သူတို့ အမြင် တွင် ဤ ဘုန်းကြီး သည် မိမိတို့ ကဲ့သို့ ထမင်းဟင်း ချက် စားရန် ဘာကြောင့် ဝန်လေး နေပါသနည်း ။ မိမိ တို့ မှာ အမဲလိုက်ခြင်း ၊ ပျားဖွတ်ခြင်း ၊ သစ်ခုတ်ခြင်း ၊ သီးနှံစိုက်ပျိုးခြင်း တို့ ကို အလှည့်ကျ ဆောင်ရွက် နေသည် ဖြစ်ရာ ဘုန်းကြီး အား ထမင်းဟင်း ချက် ပေးရန် အချိန် မရှိ ၊ ဤ ဘုန်းကြီး သည် ထမင်းဟင်း ချက်ပေးမည့် ဇနီးမယား သားသမီး မရှိအပ်လျှင် တပည့်လက်သား တော့ ရှိရပေမည် ။ ဤ အမြင်မျိုး ကို ဘုန်းကြီး ထံ စကား ပေါက်အောင် သူတို့ ကြိုးစားခဲ့ရသည် ။ ဘုန်းကြီး က လည်း ဤ အမြင်မျိုး ကို ဖြေရှင်းရန် အတွက် သူတို့ စကား ကို နားလည်အောင် ကိုယ့် စကား ကို သူတို့ နားလည်အောင် သင်ယူ ကြိုးစား ခဲ့ရ၏ ။
ဘုန်းကြီး ပျံလွန်တော် မူပြီး နောက် ဒုတိယ ကျောင်းထိုင် ကိုယ်တော် အဖြစ် သူ ဤ ရွာကလေး သို့ ရောက် လာသော အခါ အခြေအနေ သည် ယခ င်က လို ခက်ခဲခြင်း မရှိတော့ပေ ။ ရှစ်နှစ် တိတိ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါး ၏ တစ်ကိုယ်တည်း နေထိုင်မှု ၊ ရွာသားများ အပေါ် ကူညီစောင့်ရှောက်မှု ၊ ပညာ သင်ကြားပေးမှု ၊ နေမကောင်း မကျန်းမာ လျှင် ကုသပြုစုမှု စသည် တို့ ကို ရွာသားများ အနည်းအကျဉ်း လက်ခံတတ် လာခဲ့ပြီ ။ ထိုအချိန်တွင် သူ ရောက် လာရသည် ဖြစ်ရာ သူ့ အတွက် သာသနာပြုခြင်း သည် မူလဘုန်းတော်ကြီး လောက် တော့ ပင်ပန်း ခက်ခဲခြင်း မရှိပေ ။
ရွာသား ထဲ မှ လူ ခပ်ရွယ်ရွယ် တစ်ယောက် သည် မူလ ဘုန်းတော်ကြီး ၏ ကပ္ပိယ အဖြစ် ထမင်းဟင်း ချက်ပေး ၊ ဘုန်းကြီး ဝေယျာဝ စ္စကို ပြုစုပေး နေခဲ့သည် မှာ နှစ်နှစ် သုံးနှစ် ခန့် ရှိနေပြီ ဟု သိရသည် ။ ထို သူ့ နာမည် မှာ သူ သိသလောက် အသံ ထွက်ပြီး ဦးကျုံတန် ဖြစ်သည် ။ ရဝမ်လူမျိုး အနွယ် ဖြစ်သည် ။ မြန်မာစကား အတော်အသင့် ပြော တတ်လေသည် ။
ရွာသားများ သည် အများစု မှာ အမဲလိုက်ခြင်း ဖြင့် ဟင်းစား ရှာဖွေကြသည် ဖြစ်ရာ ရလာသော အမဲ အား ခွဲဝေ ဖြတ်တောက် ပြီး ဘုန်းကြီးကျောင်း သို့ လာ ပို့လေ့ ရှိသည် ။ တစ်ခါတစ်ခါ ဘုန်းကြီး နှင့် တိုက်ရိုက်တွေ့ ၊ တစ်ခါတစ်ခါ ဘုန်းကြီး နှင့် မတွေ့ လျှ င်လည်း ဘုန်းကြီးကျောင်း မီးဖိုချောင် ထုပ်တန်း မှာ ထို အမဲပေါင် ကို ချိတ်ဆွဲ ထားခဲ့လေ့ ရှိသည် ။
“ အဲဒီမှာ အမဲ တစ်ပေါင် ပေးခဲ့ပြီ ၊ ချက်စားပေတော့“ ဟူသော အဓိပ္ပာယ် ပင် ဖြစ်သည် ။ ဘုန်းကြီး ဆိုသည် မှာ ကိုယ်တိုင် ထမင်းဟင်း ချက်ပြုတ် စားကြသူများ မဟုတ်ကြောင်း ဘုန်းတော်ကြီး က ရှင်းပြသည် ကို သူတို့ နားမလည်နိုင်ပေ ။ ကပ္ပိယ မရှိခင် က ထို ဟင်းစား အမဲပေါင်ကိစ္စမျိုး သည် ဘုန်းတော်ကြီး အတွက် ဖြေရှင်းရန် တော်တော် ခက်ခဲသော ပြဿနာ ဖြစ်သည် ။ ဘုန်းကြီးကျောင်း ဝင်း နောက်ဘက် ခြံမြေ တွင် သီးနှံ စိုက်ပျိုးခြင်း ၊ ထို သီးနှံ ကို တခြား စားကုန် ဖြင့် လဲလှယ်ခြင်း စသည်တို့ ကို ဘုန်းတော်ကြီး ကိုယ်တိုင် ပြုလုပ်ခဲ့ရ ဖူးသည် ။
ယခုအခါ မှာ တော့ သူ သည် ကပ္ပိယ ရှိသော ဘုန်းကြီးကျောင်း တွင် ဆွမ်း ကိစ္စ အတွက် သိပ် အခက်အခဲ မရှိဘဲ သာသနာ ပြုခွင့် ရ နေပြီ ။ ရွာ ထဲ တွင် ဗုဒ္ဓဘာသာ အိမ်ခြေ လေးငါးခြောက်အိမ် ရှိပြီ ဖြစ်၍ သူ ဆွမ်းခံ နိုင်ပြီ ။ ရွာ ထဲ က ကလေးများ ကို သူ သည် အင်္ဂလိပ်စာ ၊ မြန်မာစာ ၊ သင်္ချာ စသည်တို့ ကို သင်ကြား ပေးခွင့် ရပြီ ။ ဗုဒ္ဓ အကြောင်း ကို ပုံပြင် တစ်ပုဒ် ပြောသလို ညစဉ် ပြောပြနိုင်ဖို့ သူသည် ဒေသခံ တိုင်းရင်းစကား ကို သင်ကြား တတ်မြောက်ခဲ့ပြီ ။
အင်မိုင်ခမြစ် ဟု ဖြစ်ပေါ် မလာမီ အရင်းအမြစ် ဖြစ်သော နန့်တမိုင် ချောင်းကြီး ၏ ကမ်းပါး ဘေးတွင် သူ ၏ ဘုန်းကြီးကျောင်း ကို တည်ဆောက် ထားသည် ဖြစ်ရာ ချောင်းရေစီးသံ ၊ သစ်ကိုင်းသစ်ရွက် တို့ ၏ တိုးတိုက် လှုပ်ခတ်သံ ၊ ကျေးငှက်များ အော်မြည်သံ ၊ တောတိရစ္ဆာန်ငယ်ကလေးများ ၏ ပြေးလွှား အော်မြည်သံ တို့ ဖြင့် ပတ်ဝန်းကျင် သည် သာယာချမ်းမြေ့လှပါသည် ။ ချောင်းကမ်းပါး ထိပ် မှာ သစ်ပင် ၊ ဝါးပင် အရိပ် ၌ ငြိမ်သက်စွာ ထိုင်လျက် ရေစီးသံ ကို နားထောင် သည့်အခါ တိုင်း ပါရဂူ ၏ “ သိဒ္ဓတ္ထ ” ဝတ္ထု ထဲ မှ သိဒ္ဓတ္ထ ကို သူ သတိရ မိသည် ။ ကြည်လင်လှသော ရေသည် လျင်မြန်စွာ ကြမ်းတမ်းစွာ စီးဆင်း လေသည် ။ ကျောက်တုံးကျောက်ဆောင်များ နှင့် ရေစီး ထိတွေ့ရာ အရပ် တို့ ၌ ရေ သည် ရေမှုန်ရေပန်းများ အဖြစ် ကမ်းပါး ဆီ သို့ ပင် ဖွာလွင့် ဝဲပျံလျက်ရှိသည် ။ ဤ အရပ် သို့ ရောက်လာခဲ့ မိသောကြောင့် မိမိ ကိုယ် ကို ထပ်ကာ ထပ်ကာ ကျေနပ် ရောင့်ရဲမိသည် ။
••••• ••••• •••••
သူ သည် အသက် ၁၁ နှစ်သား အရွယ် တွင် ရွာရှိ မူလတန်းကျောင်း မှ စတုတ္ထတန်း အောင်မြင်ခဲ့၏ ။ သူ့ ဇာတိ မှာ ရေနံချောင်းမြို့နယ် ၊ ဘုရားကန်းကျေးရွာအုပ်စု အပိုင် ရွာသစ်ကလေး ကျေးရွာ ဖြစ်သည် ။ စတုတ္ထတန်း အောင်မြင်ပြီး သော အခါ နှစ်နှစ်လောက် အဖေ့ လယ် တွင် ကူညီ လုပ်ကိုင်ပေးပြီး ၁၃ နှစ်သား အရွယ် တွင် ဥယျာဉ်ကျောင်း ဆရာတော် ထံ မှာ ရှင်သာမဏေ အဖြစ် ခံယူခဲ့သည် ။ဆရာတော် မှည့်ခေါ်သမုတ်အပ်သော ရှင်သာမဏေ ဘွဲ့ မှာ “ ဇနက ” ဖြစ်သည် ။
“ အင်္ဂါသား မောင်ဇံ ဆိုတော့ ဘွဲ့အမည် “ ဇနက ” ပေါ့ကွဲ့ ”
ဤ ဘွဲ့အမည် ကို သူ အလွန် နှစ်သက်ပါသည် ။ ဘုရားအလောင်း မဟာဇနက္ကမင်း ကို သူ အလွန် သဘောကျ ခဲ့ဖူးသည် မဟုတ်လား ။ ဆရာတော်ဦးသောဘိတ ၏ ကျောင်း မှာ နေထိုင်ရင်း အငယ်တန်း ၊ အလတ်တန်း တို့ ကို အောင်မြင်ခဲ့၏ ။ ထို့နောက် ရေနံချောင်းမြို ရွှေတောင်ပါဠိတက္ကသိုလ် မှာ စာ သင်ရင်း အကြီးတန်း အောင်မြင်ခဲ့သည် ။
အမှန်အတိုင်း ပြောရလျှင် ထို နှစ် က အကြီးတန်း အောင်လိမ့်မည် ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ ။ အလွန်ခ က်ခဲပြီး များပြားလှသော ဤ ကျမ်းစာများ ကို တစ်နှစ် တည်း ကျက်မှတ် အာဂုံဆောင် နိုင်မည် ဟု သူ မထင်မှတ်ခဲ့ ။ နှစ်နှစ် လောက် တော့ ဖြေ ယူရမှာပဲ ဟု သူ ထင်ခဲ့သည် ။ ကံကောင်းထောက်မစွာ ပင် သူ နှစ်ချင်းပေါက် အောင်မြင်ခဲ့သည် ။ သူ သည် အောင်စာရင်း ကို သိရစ ဉ်က လူငယ် ပီပီ ဟန် မဆောင် နိုင်လောက် အောင် ပင် ပျော်ရွှင် သွားခဲ့၏ ။ မိမိ နေသော ရွှေလရောင် ကျောင်းကြီး ပေါ်မှာ နှစ်ပတ်သုံးပတ် လောက် ကျွမ်းထိုး ပစ် လိုက်ချင်စိတ် ကို မနည်း အောင့်အီး မျိုသိပ်ခဲ့ရသည် ။ အဖေ နှင့် အမေ သည် သူ့ အတွက် ကျေနပ် ဂုဏ်ယူမဆုံး ရှိခဲ့သည် ။ အသက် ၂ဝ ပြည့် သည့် အခါ ဥယျာဉ်ကျောင်းတိုက် ၌ ရဟန်း အဖြစ်သို့ ရောက် ခဲ့သည် ။ ထို အချိန် မှာ လည်း သူ ၏ ရဟန်းဘွဲ့ အမည် သည် အရှင်ဇနက ပင်ဖြစ်၏ ။ ရွာ မှ ကျောင်းထိုင် ၏ လက်ထောက် အဖြစ် သူ ဆက်လက် နေထိုင်ရန် အဖေ နှင့် အမေ က ဆန္ဒ ရှိခဲ့သော်လည်း သူ က မဟာဓမ္မာစရိယ အထိ အောင် ချင်သည် ။ စာတတ် ပုဂ္ဂိုလ် ဖြစ်ချင် စိတ် ကို ချိုးနှိမ် ၍ မရခဲ့ပေ ။
“ ဒကာကြီး ... ကျုပ် ရန်ကုန် မှာ စာ သွားသင်မလို့ ” ဟု အဖေ့ အား အသိပေး သော အခါ အဖေ သည် သူ့ အား မတားမြစ်ရက် သဖြင့် သဘောတူ ခဲ့၏ ။
ရန်ကု န်မှာ စာ သွား သင်ခြင်းဟူသော အမှု ကိစ္စ သည် လွယ်မယောင် နှင့် အလွန် ခက်ခဲ ကြမ်းတမ်း လှလေသည် ။ အသိ မိတ်ဆွေ ဘုန်းကြီး ဟူ၍ မရှိသောကြောင့် ရန်ကုန် မှာ ကျောင်း တစ်ကျောင်း ကျောင်း ၌ နေထိုင်ခွင့် ရရန် ရက်ပေါင်း များစွာ ကြိုးစား ရှာဖွေခဲ့ရသည် ။ ဘုန်းကြီးကျောင်း တော်တော်များများ သို့ သူ သွားရောက် ချဉ်းကပ်ခဲ့သည် ။ သူ့ အား မည်သည့် ကျောင်း က မှ လက်မခံ နိုင်ပေ ။ ဝါဆိုလပြည့်နေ့ သို့ ရောက်ခါ နီး လေ ကျောင်း တစ်ကျောင်း မှ မရသေး သဖြင့် ရင်ပူလေ ဖြစ် လာသည် ။ ရန်ကုန် လာ မိတာ မှားပြီ ဟု လည်း ကိုယ့် ကိုယ် ကို နောင်တ ရ မိ၏ ။ အဖေ ပေး လိုက်သော ချွေးနှီးစာ စုဆောင်းငွေ က လည်း ကုန်လုပြီ ။ ကျောင်း တစ်ကျောင်း မှ မရဘဲ ဝါဆို သွား လျှင် သူ ဘာ လုပ်ရ မည်နည်း ။ နေဝင် က နေထွက် သူ သည် တစ်လမ်း ဝင် တစ်လမ်း ထွက် မြို့နယ်ပေါင်းစုံ သို့ လျှောက် ရလေသည် ။ ဘုရားရှင်တော်မြတ် ၏ ဂုဏ်ကျေးဇူး ၊ ဆရာတော်ရှင်မြတ်များ ၏ ဂုဏ်ကျေးဇူး ၊ မိဘနှစ်ပါး ၏ ဂုဏ်ကျေးဇူး တို့ ကို အောက်မေ့လျက် သူ သစ္စာ ဆိုမိသည် ။
“ တပည့်တော် သည် မြတ်စွာဘုရားရှင် ထားရစ်တော် မူခဲ့သော ဗုဒ္ဓဒေသနာတော် ကို လေးနက် ကြည်ညိုစွာ ယုံကြည် သက်ဝင် မိပါ၏ ။ ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တံ့ စေရန် နှင့် ပြန့်ပွား စေရန် ကိုယ်စိတ် နှစ်ဖြာ ဖြင့် အားထုတ် ကြိုးပမ်းပါမည် ၊ သာမဏေ ဘဝ ၊ ရဟန်း ဘဝ တို့ တွင် ဗုဒ္ဓသာသနာ ၏ အကျိုး ကို အမှန်တကယ် ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါသည် ၊ ဤ မှန်သော သစ္စာ စကားကြောင့် တပည့်တော် ခိုလှုံနိုင်စရာ အရိပ် တစ်ခု ခု ကို တွေ့ရလိုပါ၏ အရှင်ဘုရား ”
သူ ၏ သစ္စာ ကို သမ္မာဒေဝနတ်မြတ်များ ကြားခဲ့သည် ထင်၏ ။ သူ သည် ဝါဆိုလပြည့် နေ့ မတိုင်မီ နှစ်ရက် အလို ၌ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်ကျောင်း ၌ နေထိုင်ခွင့် ရခဲ့သည် ။ အလွန် စည်းကမ်းကြီးသော ကျောင်း ဖြစ်သည် ။ ငယ်စဉ် က သူ ဆည်းပူးခဲ့သော ဗေဒင်နက္ခတ် ပညာ ကြောင့် တစ်ကြောင်း ၊ ဥပုသ်သီလ ပေး ရာတွင် တည်ငြိမ်စွာ ဟောပြော တတ်ခြင်းကြောင့် တစ်ကြောင်း သူ့ တွင် ဆွမ်းခံအိမ် မရှားပါးခဲ့ပေ ။ နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ် ၌ ပညာ သင်ရန် ဝင်ခွင့် အောင်မြင်သောအခါ သူ့ ဆွမ်းဒကာဒကာမများ
စိတ် မကောင်းခြင်း တစ်ဝက် ၊ သူ့ အတွက် ဝမ်းသာခြင်း တစ်ဝက် ဖြင့် နှုတ်ဆက်ကြ လေသည် ။
“ စာအုပ်စာတမ်းဖိုး ကုသိုလ် ပြုပါရစေဘုရား ” ဟု တချို့က ဝတ္ထုငွေ ကပ်လှူ ကြသည် ။
သာသနာ့တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ ဖြေဆိုစဉ် က လည်း အောင်မြင်လိမ့်မည် ဟု မမျှော်လင့်ရဲပေ ။ တစ်နှစ် တစ်နှစ် တွင် သံဃာ အပါး တစ်ထောင် ဖြေလျှင် ငါးဆယ် ခန့် သာ အောင်မြင်သည် ဖြစ်ရာ ငါးရာခိုင်နှုန်း သာ အောင်မြင်သော စာမေးပွဲ ဟု ပြောရမည် ။ ထို ငါးရာခိုင်နှုန်း တွင် မိမိ ပါဝင်လိမ့်မည် ဟု မည်သူမျှ မျှော်လင့်ရဲသည် မဟုတ် ။ ထို့ကြောင့် ဖြေ သာ ဖြေရသည် စိတ် က ခပ်ထင့်ထင့် ပင် ဖြစ်၏ ။ အကြီးတန်း အောင်မြင် ပြီး ၍ ဆယ်ဝါ ထက် မပိုရ ဟူသော စည်းမျဉ်း နှင့် ကိုက်ညီနေသောကြောင့် တစ်ကြောင်း ၊ နိုင်ငံရပ်ခြားသို့ သာသနာပြု စေလွှတ်ခြင်း ခံရမည့် အခွင့်အရေး ကို မျှော်လင့်သောကြောင့် တစ်ကြောင်း ရသော် ရှိ မရသော် ရှိ ဖြေကြည့်မည် ဟု စာရင်း ပေးသွင်း လိုက်ခြင်း ဖြစ်သည် ။
ကံကောင်းထောက်မသည် လား ၊ နှစ်ပေါင်း များစွာ လေ့လာဆည်းပူး၍ အာဂုံ ဆောင်နိုင်သော ဉာဏ်ရည်ကြောင့် ပဲ လား ၊ နှစ်မျိုးလုံး နှင့် ညီညွတ်၍ ပဲလား မသိ ၊ သူ အောင်မြင် ခဲ့သည် ။ နှုတ်ဖြေ မေးသော ဆရာတော်ဘုရား တို့ ၏ ဣန္ဒြေ သည် သူ့ အား ရင် တလှပ်လှပ် တုန်စေခဲ့၏ ။ တစ်ညလုံးလုံး အိပ်ရေးပျက် ထား၍ ကျိန်းစပ် နေသော မျက်လုံး တို့ သည် သူ့ အား မူးမိုက်ဝေဝါး စေ၏ ။ မျက်နှာကြက် ပန်ကာ ၏ တရွေ့ရွေ့ လည်ပတ်သံ သည် သူ့ ရင် ထဲ အထိ မြည် နေအောင် ကျယ်လောင် လှသည် ဟု ထင်မိသည် ။
“ ကိုယ်တော် နာမည် က ရှင်ဇနကဗောဓိ ဟုတ်သလား ”
“ မှန်ပါဘုရား ”
“ ဗောဓိ က ဘာကြောင့် ထည့်ရသလဲ ၊ အကြောင်း ရှိသလား ”
“ မှန်ပါ ၊ တပည့်တော် တို့ ကျောင်းတိုက် မှာ ဘွဲ့ အမည် ဆင်တူ ဇနက တွေ သုံးပါး ရှိပါတယ်ဘုရား ၊ ဇနက ချင်း ကွဲပြားအောင် လို့ တပည့်တော် သီတင်းသုံးတဲ့ ဗောဓိကျောင်း ရဲ့ အမည် ကို နောက် က ထည့် လိုက်ရတာပါ အရှင်ဘုရား ”
“ ကောင်းပြီ ၊ ဗောဓိ ရဲ့ အနက် ဘယ်နှစ်မျိုး သိသလဲ ”
မိမိ ယူထားသော အမည် နှင့် ပတ်သက်၍ မေးလိုက်သော အခါ ထို ပထမဆုံး မေးခွန်း ကြောင့် သူ့ ရင် ထဲ တွင် ပေါ့ပါး သွားလေသည် ။ အဘိဓာန် ကို နှုတ်ငုံ အာဂုံ ဆောင် ထားသောကြောင့် ဗောဓိ ၏ အနက်အဓိပ္ပာယ် လေးမျိုး ကို ( သဗ္ဗညုတ ဉာဏ်တော် မှ စ၍ ညောင်ပင် အထိ ) သူ သွက်လက်စွာ ဖြေ နိုင်ခဲ့၏ ။
“ ဒါဖြင့် ကိုယ်တော့် နာမည် မှာ ဘယ် အနက် နဲ့ ဗောဓိ ကို ယူသလဲ ”
“ ညောင်ပင် ဆိုတဲ့ အနက် ကို ယူပါတယ် ဘုရား ”
“ ဘာကြောင့်လဲ ”
သူ သည် အနည်းငယ် ရှက်သွေး ဖြင့် ခပ်သွက်သွက် ဖြေမိ၏ ။
“ သစ် တစ်ပင် ကောင်းရင် ငှက် တစ်သောင်း နားရတယ် လို့ အဆို ရှိတော့ တပည့်တော် ရဲ့ အရိပ်အာဝါသ ဟာ ဗုဒ္ဓသာသနာတော် ကို ခိုလှုံချင်တဲ့ ဝေနေယျ သတ္တဝါတွေ အတွက် အေးငြိမ်းမှု ကို ပေးနိုင်ချင်တဲ့ အနက်အဓိပ္ပာယ် နဲ့ပါ ဘုရား ”
ဣန္ဒြေ ကြီးသော ဆရာတော် ၏ မျက်နှာတော် ကို မဝံ့မရဲ ဖူးမြော်လျက် လျှောက်ထား သော အခါ ဆရာတော် ၏ မျက်လုံးများ ပြုံးယောင် သန်း သွားလေသည် ။
နောက် ဆရာတော် တစ်ပါး က သူ့ အား စူးစူးစိုက်စိုက် အကဲခတ်လျက် မေးခွန်း ထပ် မေးသည် ။
“ ကိုယ်တော် အရင် အဲဒီ ထိုင်ခုံ မှာ ထိုင် သွားတဲ့ သံဃာ ဟာ ကိုယ်တော့် ကို ပဋ္ဌာန်း ရဲ့ ဘယ် ပစ္စည်း နဲ့ ကျေးဇူး ပြု သွားသလဲ ”
သူ အနည်းငယ် ဦးနှောက် ခြောက် သွားခဲ့၏ ။ နှစ်ဆယ့်လေးပစ္စည်း ကို စိတ် ထဲ မှ လျင်မြန်စွာ
အနက်အဓိပ္ပာယ် တွေ စဉ်းစား ယူ ရသည် ။
ဥပနိသျပစ္စယော ၊ အညမညပစ္စယော ၊ မဟုတ်သေးပါဘူး ။ သိပ်ကြာကြာ စဉ်းစား နေ၍ မကောင်းပေ ။ သူ သည် ဆုံးဖြတ်ချက် ကို မြန်မြန် ချ ၍ မြန်မြန် လျှောက်ထား လိုက်၏ ။
“ သူ ထွက် သွားပြီး မှ တပည့်တော် ဝင်လာ ထိုင်ရတာ ဆိုတော့ မရှိခြင်း နဲ့ ကျိုးပြုတဲ့ အတွက်
နတ္ထိပစ္စည်း နဲ့ ပါ ဘုရား ”
ဆရာတော်များ တစ်ပါး မျက်နှာ ကို တစ်ပါး အကြည့်ချင်း ဆုံ လိုက်ကြပြီး ပြိုင်တူ ခေါင်းညိတ် လိုက် လေသည် ။
သူသည် နိုင်ငံတော် ပရိယတ္ထိသာသနာ့ တက္ကသိုလ် ( ရန်ကုန် ) ၌ လေးနှစ် တိတိ တက်ရောက်
ပညာ သင်ကြား ရသည် ။ မင်းကွန်းဆရာတော် အရှင်မြတ်ဘုရား ၏ ပံ့ပိုးကူညီမှု ကြောင့် တက္ကသိုလ် သည် အလွန် အဆင့် မြင့် ခဲ့သည် ။ သံဃာ တစ်ပါးစီ နေထိုင်ရသော အခန်းကလေးများ သည် လိုအပ်သည့် ပရိဘော ဂပစ္စည်း အသင့် ရှိ၏ ။ ဘာသာရပ် ခုနှစ်ခု ၏ သင်ခန်းစာများ အလွန် များပြားလှ သဖြင့် သူတို့ အားလုံး အလွန် ပင်ပန်းခက်ခဲစွာ ကြိုးစား သင်ယူရ သော်လည်း နေထိုင်စားသောက်မှု မှာ အလွန် အဆင်ပြေ သောကြောင့် တစ်ကြောင်း ၊
စာချ ဓမ္မကထိက ပါမောက္ခဆရာတော်များ အသင်ပြ ကောင်းမွန်သောကြောင့် တစ်ကြောင်း စိတ်ချမ်းသာ ခဲ့ကြပါသည် ။ အုပ်ချုပ်သူ ဆရာတော်ဘုရား ၏ ဘုန်းတန်ခိုး အပေါ် မှာ သင်တန်းကျောင်း ၏ စည်ပင် ဝပြောမှု အပြောင်းအလဲ က မူတည် နေသည် ။ ကြည်ညို ကိုးကွယ်ဆည်းကပ်မှု များသည့် အခါ ကျောင်း ဖွံ့ဖြိုးမည် ။ အရည်အချင်း အလွန် ပြည့်သော သင်တန်း ပို့ချသူ ဆရာတော်များ နှင့် အင်အား ပြည့်မည် ။ ဒါက လောက နိယာမတရား အတိုင်း ဖြစ်လေသည် ။
••••• ••••• •••••
သင်တန်း ဆင်းပြီး အောင်စာရင်း ထွက်ပြီးသော အခါ ကချင်ပြည်နယ် ရေခဲတောင်တန်းများ ၏ ခြေရင်း ရှိ ဤ ရွာကလေး သို့ တာဝန် အရ ရောက်လာ ခဲ့ ရသည် ။ ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားရေး အတွက် မိမိ ၏ ကိုယ်ခန္ဓာ တစ်ခုလုံး ကို စွန့်လွှတ် ပေးဆပ်မည် ဟု သစ္စာ ဆို ထားခဲ့ သော်လည်း တကယ်တမ်း နယ်မြေဒေသ ကြမ်းတမ်း ခက်ခဲသော ဤ တောင်တန်းဒေသ မှာ နေထိုင် သီတင်းသုံးရသည့် အခါ မိမိ သစ္စာ ပျက်ချေမည် လား ဟု မကြာခဏ စိုးရိမ် မကင်း ဖြစ်ခဲ့ရ၏ ။ မိမိ တို့ မြန်မာစကား ကို နား မလည်သော ရွာသားများ နှင့် သူတို့ ဘာသာစကား ကို နား မလည်သော မိမိ ၏ အကြား ဆက်သွယ် ရသည် မှာ တော်တော် ခက်ခဲ၏ ။ ဗုဒ္ဓဘာသာဝင် အနည်းငယ် သာ ရှိသော ဤ ရွာကလေး တွင် အစိုးရ က ဆွမ်းဆန်တော် အဖြစ် လှူဒါန်း လိုက် သော ကျပ် တစ်ထောင် ဖြင့် လာရောက် အသက်ရှင် ရခြင်း သည် မနိုင်မနင်း ဝန်ထုပ်ဝန်ပိုး တစ်ခု သာ ဖြစ်၏ ။ တစ်ရွာ နှင့် တစ်ရွာ သွားလာရေး အတွက် ကိုယ့် ခြေထောက် မှ တစ်ပါး အားကိုးစရာ ယာဉ် မရှိ ။
နန့်တမိုင်ချောင်း နှင့် ချောင်းလက်တက်များ ကို ဖြတ်ကူး ရာ တွင် အများအားဖြင့် အသုံးပြုကြသည် မှာ ကြိမ် ဖြင့် ပြုလုပ်သော ကြိုးတံတားများ ဖြစ်သည် ။ တချို့ တံတားများ တွင် နင်းလျှောက်သည့် ကြမ်းခင်း မှာ ကြိမ် နှစ်ချောင်း သုံးချောင်း သာ ခင်း ထားသည် ။ အောက် မှာ က ကျောက်တုံးများ ကြား မှ ကြောက်မက်ဖွယ် အသံ ဖြင့် အော်၍ စီးဆင်း နေသော ချောင်းရေစီး ။ မြေပြန့်သား တစ်ယောက် အတွက် ကြီးမားသော စွန့်စားမှု တစ်ခု ပင် ဖြစ်သည် ။ တစ်နှစ် တာဝန် ပြီးဆုံးပြီး နောက် သူ ရွာ သို့ သက်ဆုံးတိုင်နေဖို့ သွားမည် ဟု ပြောသည့် အခါ စာသင်ဖက် သူငယ်ချင်း သံဃာ တချို့ က ကရုဏာ ဒေါသ ဖြင့် အပြစ် တင်ကြသည် ။
“ ကြည့်ကြသေးတာပေါ့ကွာ ၊ ရွာသားတွေ ပဲ ဗုဒ္ဓဘာသာဝင် ဖြစ် လာမလား ၊ ဇနက ပဲ မာလက ဈာန်ကြွမလား စောင့် ကြည့်ရသေးတာ ပေါ့ ”
သူ တိတ်ဆိတ်စွာ ပင် ပြုံး နေခဲ့ပါသည် ။ သံဃာတော်များ ကျင့်သုံးရမည့် ဝိနည်း တို့ ကို သူ တတ်နိုင်သမျှ လိုက်နာပြီး သိက္ခာ တည်ကြည်စွာ ကျင့်ကြံ ပြုမူခဲ့သည် ။ ပညာ ဗဟုသုတများ ကို မိမိ တတ်နိုင်သမျှ ပေးဝေငှ ခဲ့သည် ။ ဗုဒ္ဓ ၏ သားတော် ရဟန်း ဆိုသည် မှာ ဤကဲ့သို့ ခြိုးခြံ နေထိုင်သူ ၊ ဤကဲ့သို့ ကရုဏာ ရှိသူ ၊ ဤကဲ့သို့ သီလ စောင့်ထိန်းသူ ဟု တစ်ချိန် ချိန် မှာ ရွာသား တွေ နားလည် လာ ရမည် ။ မိမိ သည် ဤ ရွာ အတွက် ဝန်ထုပ်ဝန်ပိုး မဟုတ်ဘဲ ဤ ရွာ ကို ကျေးဇူး ပြုသူ ၊ အကျိုး ရှိစေသူ ဟု အားလုံးက လက်ခံ လာစေ ရမည် ။ ဤ ဇွဲသတ္တိ ကို ရ ရန် သူ သည် သူ ၏သစ္စာ ကို ထပ်ကာ ထပ်ကာ အာရုံပြု ရွတ်ရလေသည် ။
ယခုအခါ တွင် ဦးဇနက ဟူသော ဘွဲ့အမည် သည် ရွာသားများ အတွက် စကား ထဲ တွင် ထည့် ပြောရသည့် အမည် ဖြစ်လာပြီ ဟု သူ သိရသည် ။ လပြည့်လကွယ် ဥပုသ်ရက်များ တွင် ဥပုသ် ဆောက်တည် သည့် ဆွမ်းဒကာ ဒကာမများ ၏ ဘေး တွင် စပ်စုတတ်သော အခြား ကလေးသူငယ်များ မကြာခဏ ပါ လာ တတ်သည် ။ ထို ကလေးများ ကို သူ သည် မေတ္တာ ဖြင့် နူးညံစွာ စကားပြော ဆက်သွယ် ကြည့်သည် ။ အပြစ် ကင်းစင်လှသော ကလေး တို့ သည် သူ့ သင်္ကန်းစ ကို တအံ့တဩ ထိတို့ ဆုပ်ကိုင် ကြည့်ရင်း အချင်းချင်း လျင်မြန်သော အသံထွက်များ ဖြင့် စကား ပြော လေသည် ။ သူ သည် ကလေးတို့ အား ဗုဒ္ဓဝင် ရုပ်စုံ စာအုပ် ကို ဖွင့်ပြ လျက် ဗုဒ္ဓ ၏ ဖြစ်စဉ် ကို အခွင့် သင့် တိုင်း ပုံပြင် သဖွယ် ပြောပြသည် ။ ပန်းချီဆရာကြီး ဦးဘကြည် ၏ ပြေပြစ်စွာ ခမ်းနားသော ရုပ်စုံ သရုပ်ဖော်ပုံများ ကို ကလေးများ စိတ်ဝင်စား ကြပါသည် ။
တစ်နှစ် တိတိ ကျောင်းထိုင်ဘုန်းကြီး အဖြစ် လက်တွေ့ သာသနာပြု ပြီးနောက် ဤ ရွာ သို့ ပင် မိမိ ဆုံးဖြတ်ချက် ဖြင့် ထပ်မံ လာရောက် ခဲ့သည် မှာ ထို ကလေးများ ၏ အပြစ် ကင်းစင်သော မျက်လုံးများ ကြောင့် ဖြစ်သည် ။
ထို မျက်လုံးများ ၏ အေးချမ်းမှုဖြင့် တည်ငြိမ် စေလိုသည် ။ ယုံကြည်ခြင်း ဖြင့် လည်း တောက်ပ စေလိုသည် ။ ကရုဏာ ဖြင့် လည်း နူးညံ့ စေလိုသည် ။ သူတို့ ၏ နှလုံးသားကလေးများ ကို ကား ရေခဲတောင်တန်း ဆီ မှ ဆွတ်ဆွတ်ဖြူ သော နှင်းများ လို ပင် ဖြူစင်သန့်ရှင်း စေလိုသည် ။
ရင် မှ ဖြစ်သော ထို စေတနာ ကို မိုင်ပေါင်း များစွာ ဝေးကွာ လှသော ဇာတိရွာကလေး မှ မိခင် ဖခင် နှစ်ပါး ကြည်လင်စွာ သာဓု ခေါ်ကြလိမ့်မည် ဟု သူ ယုံကြည်ပါသည် ။
◾ဂျူး
📖 ဂျူး ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment