Thursday, September 7, 2023

ဝဋ်


 

❝ ဝဋ် ❞

အတင် သည် ရင်ကွဲ သွားတော့ မလောက် ချောက် ချား၍ သွား ရှာ၏ ။ မီးခဲရဲရဲကြီး ကို မျို ထားရသလို ရင်ထဲ တွင် ပူပူလောင်လောင် ဆို့ဆို့နင့်နင့်ကြီး ဖြစ် နေ ပေသည် ။ ချစ်ချစ် သည် အတင့် သောက နှင့် မျက်ရည်ပေါက် တို့ ကို ထောက်ထားရ ကောင်းမှန်း နားမလည်ပေ ။

အတင် သည် ချစ်ချစ် နှင့် မရမီ က အိမ်ထောင် လည်း ပျက် ဖူးသည် ၊ ရည်းစား လည်း ပျက်ဖူးပေသည် ။ ထို အတွေ့ အကြုံများ ကြောင့် ယောက်ျား တို့ စိတ် ကို ရိပ်စားမိ ထား သူ ဖြစ် လေသည် ။ အတင် သည် ချစ်ချစ် အား ဘာ တစ်ခု မှ ဖွင့် မမေးဘဲ မသိချင် ယောင် ဆောင်နေ၏ ။ ချစ်ချစ် ကို ရှေး က ထက် အရာရာ ပိုမို ပြုစု ယုယ၏ ။ ချစ်ချစ် လိုချင်သမျှ ကို ဝယ် ပေး၏ ။ စား ချင်သမျှ ကို လုပ် ကျွေး၏ ။

ယခုလည်း အတင့် သည် နံနက် ရှစ်နာရီ မတီးမီ ရုံး သို့ ထွက်ခွာနိုင်ရန် နှင့် ထိုသို့ ရုံး သို့ သွားသော အခါတွင် ချစ်ချစ် စားနှင့် သောက်နှင့် ရန် ဖွယ်ဖွယ်ရာရာ ချက်ပြုတ် စီစဉ်နေ ခြင်း ဖြစ်ပေသည် ။

အတင် သည် ချစ်ချစ် ကြိုက်သည့် ချဉ်ချဉ်စပ်စပ် ဟင်းတစ်ခွက် ကို ချက်ရန် ဘဲဥနှစ်လုံး ကို ရေစင်စင် ဆေးပြီး ထမင်းအိုး ထဲ သို့ ထည့် ပြုတ်လေသည် ။ သူ ဘဲဥ ကို ထည့် ပြုတ် လိုက်ချိန် တွင် တစ်ဖက် အိမ် မှ ဒေါ်အေးမြ ၏ ဘုရား ရှိခိုးသံ သည် အတင့် နား တွင်း သို့ ငြိမ့်ငြိမ့်ကလေး လှိမ့် ဝင် လာပေသည် ။ 

အတင် သည် ငရုတ်သီး ထောင်း ရင်း က ဒေါ်အေးမြ ဘုရား ရှိခိုး ထဲ တွင် ပါဝင်သည့် ရန်သူမျိုး ငါးပါး ဆိုသည် ကို စဉ်းစားရင်း ရင်ထဲ တွင် ကတုန်ကယင် ဖြစ်၍ လာပေသည် ။

ဒေါ်အေးမြ သည် မီးဘေး ၊ ရေဘေး ၊ မင်းဘေး တို့ ထက် ခိုးသူဘေး နှင့် မချစ်မနှစ်သက်သူ တို့ ၏ ဘေး ကို ပို၍ ကြောက်ကြောက်ရွံ့ရွံ့ ရှိ ရှာပေလိမ့်မည် ။ ဒေါ်အေးမြ သည် ထို ဘေးဒဏ် နှစ်ခု ကို မည်မျှ ကင်းဝေးလိုရှာမည် ကို ယခုလို ကိုယ်တွေ့ ကြုံ ကာမှပင် အတင် ကောင်းကောင်းကြီး နား လည်၍ လာပေသည် ။ အတင် သည် ငိုင် ကျ သွား ရှာ၏ ။

အတင် သည် ဒေါ်အေးမြ လို ပင် ငြိမ်းငြိမ်းချမ်းချမ်း ဘုရား ဝတ်ပြုကာ ဆုတောင်းမေတ္တာ ပို့ အမှု ကို ပြုချင် လာ ပေသည် ။ သို့သော် မအားပါ ကလား ။ 

အတင် သည် အိမ်ထောင်မှု ကို မနိုင် ရှာပေ ။ မနိုင် သည့် ဝန် ကို ထမ်း ရသဖြင့်လည်း အဆီအငေါ်  မတည့်ဘဲ ပင် အားကွက် တစ်ကွက် မှ မရ ဖြစ် နေရှာသည် ။

အတင် သည် အမေ့ ကို တမ်းတ ၍ လာ မိ၏ ။ ယခင် က မူ သည် အိမ်ကလေး ၏ ဝန် ကို အမေ တစ်ယောက် တည်း ပိုင်ပိုင် ထမ်း ခဲ့ပေသည် ။ အိမ် မှာ ဒီလိုလည်း မနေချင်အောင် ရှုပ်ထွေး ပွေလီ ၍ မနေပေ ။ သူ့ စည်းကမ်း နှင့် သူ ၊ သူ့ နေရာ နှင့် သူ သပ်သပ်ရပ်ရပ် နှင့် နှစ်လိုဖွယ်ရာ ဖြစ်ခဲ့၏ ။ မကုန်တန် မကုန်စေဘဲ ဝတ်ရေး စားရေး ပြေလည် ခဲ့၏ ။ ထိုစဉ်က လည်း အတင် သည် အမေ ထမ်း နေသည့် အိမ်ထောင့် ဝန် ကို ဘာ တစ်ခုမျှ ဝင်၍ မလေ့လာ မကူညီခဲ့မိပေ ။

အမေ က အမှိုက် တွေ လှည်းကျင်း နေစဉ်တွင် အတင် က ရည်းစားစာ ရေး နေ၏ ။ သို့မဟုတ် အလှအပ ပြင်နေ၏ ။ အမေ က အမှိုက်တောင်းကြီး ကို ခါးစောင်း တင်၍ အမှိုက်ပုံ မှာ ထွက် သွန် လျှင် အတင် သည် ခြေပေါ် ခြေချိတ် ထိုင် ကာ အမေ့ ကို မေးထောက် ကြည့်နေ၏ ။ ကူညီရ ကောင်းမှန်း စိုးစဉ်း မျှ နား မလည်ခဲ့ ။ မသိတတ်ခဲ့ ။

အတင် သည် အမေ့ ကို တမ်းတ မိ သော်လည်း မျက်ရည် မကျပေ ။ ချက်ချင်းပင် စိတ် တို့ သည် ချစ်ချစ် ထံ ပြန် ရောက် သွား၏ ။ အမေ သည် အတင့် ကို ချစ်ချစ် နှင့် ယူရပါမို့ လား ဟု “ ညည်း လုပ်စာ နဲ့ ညည်း နေရစ်တော့ ” ဟု ဆိုကာ အတင့် ကို သည် အိမ် မှာ တစ်ယောက် တည်း ထားခဲ့ ၏ ။ အတင် သည် လွှတ် ကျေနပ်သွား၏ ။ ချက်ချင်းပင် ချစ်ချစ် ကို အိမ်ဦးခန်း တင် လိုက် ပေသည် ။ ပျော်ရွှင်မြူးထူး လိုက် သည့် ဖြစ်ခြင်း ။ 

ထိုစဉ်က မူ ချစ်ချစ် သည် အတင် အသိမ်းအဆည်း မတတ် လျှင် လည်း မပြော ၊ တုံဏှိဘာဝေ ပင် နေ၏ ။ သူတို့ နှစ်ယောက် သည် စားအိုးစားခွက် ပြည့်ပြည့်စုံစုံ ရှိသော် လည်း ဆိုင် ကို ပို၍ အားကိုး၏ ။ အတင် သည် ကုန်ကျလွန်း သော အဖြုန်း ငွေများ အတွက် အကုသိုလ် နှင့် မကင်းသည့် မှောင်ခိုများ ကို လုပ်၍ပင် ချစ်ချစ် အား ပြုစု ရှာပေသည် ။ အတင့် ဘဝ တွင် ချစ်ချစ် မှ ချစ်ချစ် ။

သည်မျှ ယုယပိုက်ဖျား ပါ လျက် ဖောက်ပြား ရက်လေခြင်း ဟု စဉ်းစား မိလိုက်ကာ မှ ပင် အတင် မျက်ရည်ဖြိုင်ဖြိုင်  အိုင် ကျ လာပေသည် ။

ထမင်းအိုး ငှဲ့ကာ နီး ဘဲဥများ ကို ထမင်းအိုး တွင်း မှ ဆယ်ယူသော အချိန် တွင် ဒေါ်အေးမြ ၏ မေတ္တာပို့သံ ကို အတင် ပီပီပြင်ပြင် ကြား လိုက်ရပေသည် ။ ဒေါ်အေးမြ ၏ မေတ္တာပို့ပုံ မှာ ရင်ခုန်စရာ ဖြစ်ပေသည် ။ အရပ် ဆယ်မျက်နှာ ရှိ အတွင်းရန်သူ ၊ အပြင်ရန်သူ အားလုံး ကာယစိတ္တသုခ နှင့် ပြည့်စုံကြပါစေ ဆိုပါကလား ။

အတင် သည် သူ့ ကိုယ် သူ ဒေါ်အေးမြ ၏ ရန်သူ စာရင်း တွင် ပါဝင် မပါဝင် ကို ငိုင်ငိုင်ကြီး ဆန်းစစ် ရင်း ဘဲဥ အခွံ နွှာ နေသည် ။ သည်လို အချိန်ကုန် ၊ ထင်းကုန် သက်သာ စွာ ဘဲဥ ပြုတ်နည်း ၊ အားလူး ပြုတ်နည်း ကို ဒေါ်အေးမြ က သင်ပြ၍ အတင် တတ် ရခြင်း ဖြစ်ပေသည် ။ ဟင်းရွက် ပြုတ် လျှင်ပင် ဟင်းရွက် ကို ဆေးကြောကာ အပေါ် မှ ထမင်းရည် ထည့်ပြီး ထားလျှင် အစခပ်သိမ်း သက်သာ ကြောင်း ကို ဒေါ်အေးမြ က သူ့ ကို သင်ပြခဲ့ ဖူးပေသည် ။ ထမင်းအိုး ငှဲ့ စဉ် မီး အလဟဿ ဖြစ် နေလျှင် ဒေါ်အေးမြ က ငါးပိချက်အိုးလေး ၊ ရေနွေးအိုးလေး က အစ တည် ထား ခိုင်း၏ ။ ဒေါ်အေးမြ ပြောပြသည့် နည်း မှာ ထမင်းအိုး တစ်လုံး ချက်ရုံ နှင့် ငါးပိ လည်း ကျိုပြီး ၊ ဘဲဥ အစ ရှိသည် လည်း ပြုတ် အပြီး ၊ ဟင်းရွက် စသည့် တို့စရာ လည်း ပြုတ်ပြီး ဖြစ်လေ သဖြင့် မည်မျှ ထင်းကုန် ၊ အချိန်ကုန် သက်သာကြောင်း ၊ အိုး အတိုက်ရ သက်သာကြောင်း ကို အတင် သဘော ပေါက် လာ၏ ။ ချစ်ချစ် အငယ်အနှောင်း ရှာ ခါမှ အိမ်ထောင်မှု ကို နိုင်နိုင်နင်း နင်း ထိန်း လို လာသော အတင် သည် ခုမှ ပင် ဒေါ်အေးမြ ကို တစိမ့်စိမ့် ကျေးဇူး တင် နေမိပေသည် ။

  •••••   •••••   •••••   •••••

ဒေါ်အေးမြ သည် ကျင်လည်သော ကုန်သည် ဖြစ်ရုံ မက ကျွမ်းကျင်သော အိမ်ထောင်ရှင် လည်း ဖြစ်သဖြင့် သူတို့ အိမ်ထောင် မှာ ပြောင်ပြောင်လက်လက် ဖြစ်ပေသည် ။

ဒေါ်အေးမြ ယောက်ျား ကိုထွန်းမြိုင် မှာ အတင် တို့ ရုံး မှ အတင့် လို အောက်တန်းစာရေး ပင် ဖြစ် လေသည် ။ အသုံး ဖွာ သော ကိုထွန်းမြိုင် သည် သူ့ ဝင်ငွေ ကို ဒေါ်အေးမြ အား မအပ်စဖူးပေ ။ ဒေါ်အေးမြ ကလည်း ရ ရကောင်းစေ မအောက်မေ့ပေ ။

ဒေါ်အေးမြ သည် အပေါင်းအသင်း လည်း ပြေလည် ၏ ။ အတင် တို့ ၊ ကိုထွန်းမြိုင် တို့ ရုံးမှ အတွင်းဝန်ကတော် ဒေါ်သူဇာ နှင့် လည်း ပလဲနံပ သင့် ၏ ။ ဒေါ်သူဇာ သည် ဒေါ်အေးမြ ကို အလွန် ခင်၏ ။ ဒေါ်အေးမြ ၏ လုပ်နည်း လုပ်ဟန်များ ၊ မေတ္တာ စေတနာတရားများ ကို လည်း လေးစား ပေသည် ။

ဒေါ်အေးမြ သည် သူ့ ယောက်ျား ကို သူ အလွန် မြတ်နိုး ၏ ။ လိုရာ မ တ, ထား၏ ။ သည် အထဲ ကပင် ကိုထွန်းမြိုင် သည် လည်ပတ်နှံ့စပ်သော တစ်ရုံးတည်း မှ မိန်းမငယ် တစ်ယောက် နှင့် ဖောက်ပြား ပေသည် ။

မိန်းမငယ် ကို တွေ့ လိုက်ပြီ ဆို ကတည်း က ကိုထွန်းမြိုင် သည် ဒေါ်အေးမြ ကို အနိုင် ကျင့် ချင် လာ၏  ။ အပြစ် ရှာ လာ၏ ။ ဆူပူ လာ၏ ။ အော်ဟစ် ဆဲဆို လာ၏ ။

မိန်းမငယ် ဖြစ်သော ‘ မချင်း ’ သည် အလကား နေရင်း ကိုထွန်းမြိုင် နှင့် တွေ့တိုင်း ဒေါ်အေးမြ ကို ကုန်းချော၏ ။ မချင်း စိတ် ထဲတွင် သည်လို ကုန်းချော မှ ကိုထွန်းမြိုင် သည် ဒေါ်အေးမြ ကို မုန်းတီး ရွံရှာပြီး သူ့ ကိုသာ ချစ် မည် ဟု ထင် ၏ ။ ထို့ကြောင့် လည်း ဒေါ်အေးမြ မကောင်းကြောင်း တွေ ကို ကိုထွန်းမြိုင် ရင်ခွင် မှာ ခေါင်း ဝှေ့ ကာ ချွဲ၍ တိုင်တန်း၏ ။

ကိုထွန်းမြိုင် သည် မွှန် နေ၏ ။ မချင်း က တိုက်တိုင်း ဒေါ်အေးမြ ကို ပူညံပူညံ လုပ်၏ ။ အရက် ကိုးမောင်း သောက် ကာ ရမ်း ၏ ။ ကြာသော် အလုပ် ကို ပါ ထိပါး လာ ကာ ကိုထွန်းမြိုင် မှာ အလုပ်မှ ရပ်နား ထားခြင်း ခံရသည် အထိ ဖြစ် လာ၏ ။ အတွင်းဝန် က အလုပ် ထုတ် ပစ်ရန် ပင် စီစဉ်တော့သည် ။

ထိုအခါ တွင် ဒေါ်အေးမြ သည် ပဠာ မြေလူး သလိုဖြစ် နေ၏ ။ စိတ် လေ ၍ ခြေရာ ပျောက် ထွက်သွားသော ကိုထွန်းမြိုင် ကို လွမ်း တိုင်း မိန်းမနု ၊ မိန်းမနွဲ့ တို့ ၏ ဓလေ့ အရ ဗေဒင် တွက်၏ ။ ယတြာ ချေ၏ ။ ဘုရား ရှိခိုး၏ ။ လင် သည် ဘေး ကင်းရန် မေတ္တာ ပို့၏ ။ ငိုကြွေး တမ်းတ၏ ။

သည်အဖြစ် ကို အစုံအလင် သိ သွားသော ဒေါ်သူဇာ သည် ဒေါ်အေးမြ ရှေ့မှ မတ်မတ် ဝင် ရပ်ပေသည် ။ ကိုထွန်းမြိုင် အလုပ် ပြန် ရရေး မှ သည် မချင်း အား နောက် ဆုတ်ရန် အရေး အထိ ခင်ပွန်းသည် နှင့် တိုင်ပင်ကာ လည်းကောင်း ၊ ခင်ပွန်းသည် အား တိုက်တွန်း တောင်းပန်ကာ လည်းကောင်း ၊ ခင်ပွန်းသည် အား ဆွဲဆောင်ကာ လည်းကောင်း မဖြစ် ဖြစ် အောင် ဖန်တီး ရှာပေသည် ။

ထုံးစံ အတိုင်းပင် မိမိ ကို အလွန် မြတ်နိုးသော ခင်ပွန်းသည် က လည်း “ သူဇာ စိတ်တိုင်းကျ ဖြစ်စေရမယ် ” ဟု ဝန်ခံကာ ဆောင်ရွက် ပေးရှာ၏ ။ ဒေါ်သူဇာ သည် ခင်ပွန်းသည် အား မတရား အမှား ခိုင်းမိ လေ သလား ဟု အတန် တန် ဝေဖန် သေး၏ ။ မှားမည် မထင်ချေ ။ ကိုထွန်းမြိုင် မှာ အလုပ် တွင် ကျင်လည် အားကိုးရသော သူ ဖြစ် သဖြင့် အလုပ် ကို မြတ်နိုးသူ အဖြစ် အလုပ် မှ မထွက်သင့် ဟု ထင်ပေ သည် ။ မချင်း လို စာရိတ္တ မသန့်စင်သူ နှင့် ကြာရှည် တွဲနေ လျှင် ကိုထွန်းမြိုင် ပါ စာရိတ္တ ခြ တက် သွားမည် ကို လည်း စိုးရိမ်ရ၏ ။ တစ်ဖန် မေတ္တာ စေတနာ ကြွယ်ဝ ရှာသော ဒေါ်အေးမြ လို သူတော်ကောင်းမျိုး ကို ပရိဒေဝမီး မပွားစေရန် ကူညီ သင့်ကြသည် ထင် ပေသည် ။ အဖက်ဖက် မှ စဉ်းစားကာ ဒေါ်သူဇာ သည် သူ့ ကိုယ် သူ “ အမှား မတရား လုပ်ကြံ ဖန်တီးတာ မဟုတ်ပါဘူး ” ဟု ဖြေသိမ့် ပေသည် ။

     •••••   •••••   •••••   •••••

ကိုထွန်းမြိုင် သိက္ခာ ရှိရှိ နှင့် အလုပ် ပြန် ဝင်၍ နေပေပြီ ။ ဒေါ်အေးမြ နှင့် လည်း ပြေပြေလည်လည် အေးအေးချမ်းချမ်း ပြန် ဖြစ် သွားကြ၏ ။ ဤသည် ကို တစိမ့်စိမ့် ကြည်နူးနှစ်မြို့ နေမိသည် မှာ ဒေါ်သူဇာ ဖြစ်၍ တသိမ့်သိမ့် နာကြည်းနေသူ မှာမူ ‘ မချင်း ’ ဖြစ်ပေသည် ။ မချင်း သည် ဒေါ်သူဇာ ကို မျက်မုန်း ကျိုး နေ၏ ။ “ ငါတို့ ချစ်ခြင်း ကို ခွဲ တဲ့ သင်း တော့ သိမယ် ” ဟု စိတ် မှာ ကြိတ်ကာ ကျိန်း၏ ၊ တေး၏ ကျိန်ဆဲ ကဲ့ရဲ့ ၏ ။

မချင်း စိတ် ထဲ တွင် ကိုထွန်းမြိုင် သည် အသက်ကြီး ရွယ်ကျ ရုပ် မလှသော ဒေါ်အေးမြ ကို စိုးစဉ်မျှ ချစ်မည် မဟုတ် ၊ မိမိ ကို သာ ချစ်ရမည် ကို တစ်ဖက်သတ် ယုံစား ထားပြီး ဖြစ်၏ ။ ဒေါ်သူဇာ ဝင် ရှုပ် သဖြင့် သာ ကိုထွန်းမြိုင် သည် မချင်း ကို ခပ်ဖယ်ဖယ် အတွယ် မခံဘဲ နေသည် ဟု သဘော ပိုက် မိပေသည် ။ မချင်း သည် မိမိ လိုပင် အကျင့်စာရိတ္တ မသန့်စင်သော ယောက်ျား တကာ နှင့် ပလူးပလဲ အတင့်ရဲရဲ တွဲ တတ်သော မိန်းမငယ် တစ်ဦး ကို ရုံး ထဲ တွင် ရှာ၏ ။ ‘ မြင် ’ ပေသည်  ။

အတွင်းဝန်မင်း နား တွင် ပွတ်သီးပွတ်သပ် နှင့် ကပ်ချွဲ နေတတ်သော ‘ အတင် ’  ကို သူ မြင်၏ ။ ထိုစဉ်က အတင် သည် မည်မည်ရရ တော့ အိမ်ထောင် မကျ သေးပေ ။ သို့သော် တစ်ခုလပ် လည်း ဖြစ်ခဲ့ ဖူး၏ ။ ရည်းစား လည်း ပျက်ခဲ့ ဖူး၏ ။ လောလောဆယ် တွင် လည်း ရေတပ်သား တစ်ယောက် နှင့် ရည်းစားသနာ ဖြစ်နေ၏ ။ သူ့ ဝါသနာ အရ အတင် သည် ဝန်မင်း ကို ကပ် နေခြင်း ဖြစ် ပေသည် ။ အတွင်း ဝန်မင်း က ခပ်တည်တည် ရှောင်လေ ၊ အတင် က မခံချင် လေ ဇွတ် တိုးလေ ဖြစ်နေ၏ ။

ဤ အရေးအခင်း ကို အစင်း သိ ဖြစ်သော မချင်း သည် ကိုထွန်းမြိုင် ကို မိန်းမမာယာ နှင့် မရ အရ ပြန် ကပ် ပေသည် ။ ကိုထွန်းမြိုင် နှင့် မချင်း တို့ ရိုင်းပင်းကာ လုပ်ကြံမှုကြီး တစ်ခု ကို စီစဉ်ကြ၏ ။ သူတို့ လုပ်ကြံမှု ကား အတွင်းဝန်မင်း နှင့် အတင် တို့ ကို တံခါး ပိတ် ပေးရန် ပင်တည်း ။ 

ကြာသော် ထို လုပ်ကြံမှု မှာ အောင်မြင်သွားပေသည် ။ မချင်း မှာ ဝမ်းမြောက် ဝမ်းသာ ဖြစ်၍ မဆုံးတော့ ပေ ။ ယောက်ျားတို့ အကြောင်း ကို နောကြေ နေသည် ဟု သူ့ ကိုယ် သူ ထင် ထားသော အတင် သည် အတွင်းဝန်မင်း ကို အပိုင် ကြံ ပေသည် ။ အပိုင် ကြံနိုင်ရန် အတွက် လည်း အကွက်ဆင် ပေးသူ ၊ အားပေး အားမြှောက် ပြုနေ သူ မချင်း တို့က ဝိုင်းဝိုင်းဝန်းဝန်း ရှိကြ ပေသည် ။

ရက်ပိုင်း အတွင်းမှာ ပင် အတွင်းဝန်မင်း သည် အ ပြောင်းလဲကြီး ပြောင်းလဲ လာ၏ ။ နှုတ်ဖျား တွင် သီးနေ သော “ သူဇာ ... သူဇာ ” ဟူသော စကားလုံး အစား ယခု “ အတင့် ... အတင့် ” ဟူ၍ ခံတွင်း တွေ့လာ ပေသည် ။ အတင် သည် အကွက် ပိုင်ပြီ ကို ရိပ်ခြည် ဖမ်းမိ၏ ။ ဤမှာ ဘက် တွင် ကျွမ်းကျင်ပြီး ဖြစ်ရကား အတင် သည် အတွင်းဝန်မင်း နှင့် ဒေါ်သူဇာ တို့ အကြီးအကျယ် စိတ်ဝမ်း ကွဲရေး ကို ဘေး တီး၏ ။ သရုပ်သဏ္ဌာန် အစွယ်အပွား နှင့် ကုန်းချော၏ ။

ယောက်ျား ရင့်မာကြီး ဆိုသော်လည်း သည် အခါ မျိုး တွင် အတွင်းဝန်မင်း သည် အတင် နှင့် ဒေါ်သူဇာ တို့ ကို ရုပ် ချင်း ၊ အရည်အချင်း ချင်း ၊ ဂုဏ်သတင်း ချင်း ၊ ထွင်ဉာဏ်, လျင်ဉာဏ် ချင်း ဘာ တစ်ခု မျှ နှိုင်းယှဉ် မကြည့်မိချေ ။ အတင် မှ အတင် ။ 

အတင် က လိုချင်သည် ဟု သွယ်ကာ ဝိုက်ကာ ပူဆာ လျှင် မယား မသိအောင် ခိုး ဝယ်ပေး၏ ။ ပစ္စည်းများ ကို အတင် သည် တိုက်ရိုက် မပူဆာရုံ မက ဝယ်ခြမ်း လာလျှင် ပင် “ လူ ကို ချစ်တာပါ ကိုကို ရယ် ” ဟု ပင် ဆိုတတ် သေး၏ ။ သည်လို အပြောပါလေ .. ဝန်မင်း သဲသဲ ပေးရလေပင် ။

ဒေါ်သူဇာ ကား ဘာမျှ မသိပေ ။ အတင် သည် နေ့ချင်း ညချင်း ရွှေ တွဲလွဲ ၊ ငွေ တွဲလွဲ ၊ တက်ထရွန်လုံချည် အလဲလဲ ဖြစ် လာ၏ ။

“ လူတကာ က ဝေဖန်ကြတယ် ကိုကို ၊ ကိုကို ဟာ လူပျော့ညံ့ တဲ့ ၊ မယား ကြိုးဆွဲရာ က နေရတဲ့ ကောင် တဲ့ ၊ မိန်းမ ကို ထားရာ နေစေရာ သွား မနေချင် ဆင်း သွား သဘောမျိုး မထားဘဲ မြှောက်စားလွန်း လို့ သူ့ မယား က သူ့ ကို နင်း ထားတာ မှ ပြား နေတာပဲ တဲ့ ၊ တင် ဖြင့်လေ ... ကိုကို့ ကို သိပ် သနား တာပဲ ၊ တင် သာ ကိုကို့ မယား ဖြစ်လာရင် ကိုကို သဘော တစ်ခု ပဲ ၊ ထင်သလို နေခိုင်းမှာပဲ ၊ ဘာမှလည်း ဒေါ်သူဇာ လို ဝင် မပါဘူး ၊ ဝင် မစွက်ဘူး ။ ကိုကို့ ကို ဘုရားတစ်ဆူ ဂူတစ် လုံး ထားမှာ ။ ဒေါ်သူဇာ လို နှိမ် မထားရက် ပါဘူး ”

သည် စကားမျိုး အတင့် ထံ မှ ကြားရဖန် များသောအခါ အတွင်းဝန်မင်း သည် အိမ် မှာ ပူညံပူညံ လုပ်လာ၏  ။ အပြစ်ကင်းစင် ၍ ဝတ် ငါးအင် ကျေပွန်သော ဇနီး ကို ပင် အပြစ်တွေချည်း မြင် လာကာ ယောက်ျား တို့ နှုတ် မှ မထွက် အပ်သော စကားများ ဖြင့် ချိုးချိုးဖဲ့ဖဲ့ ပြော လာ၏ ။ နိုင့်ထက် စီးနင်း လုပ်လာ၏ ။ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း မရှိတော့ ဘဲ ငါ တကော ထင်ရာ ကျဲ လာ၏ ။ ဒေါ်သူဇာ ကို နိုင်နည်း ဟူ၍ အတင် သင်ပေး သမျှ ကို လိုက် လုပ်၏ ။

ဇနီးသည် ကို ကပ်ဖဲ့ လုပ်၏ ။ ဇနီးသည် မကြိုက်သမျှ ကို ချည်း ရွေးကာ အရွဲ့ တိုက်၏ ။ အတင် ၏ ချိုနွဲ့ အပြော လေးများ ကြောင့် နှစ်ရှည်လများ ဆိုးတိုင်ပင် ၊ ကောင်း တိုင်ပင် ချစ်ချစ်ကြင်ကြင် နေ လာသော မယား ကိုပင် ငြူစူ မုန်းတီး လာ ကာ မယား ဟူ သည် မိမိ ၏ ထမင်းစား ကျွန်ခံ ဟူ၍ ပင်လျှင် မအပ်မရာ ထင်မြင်လာ၏ ။ ရင့်သီးမိုက်ကန်း လာ၏ ။ ရှေ့နောက် ထောက်ထား စဉ်းစားခြင်း မရှိဘဲ ငါ့ အိမ် ငါ့ သဘော ဟု ကလေးကလား စကားမျိုး ကို အရက်မူးသမား ပမာ ပြောကြား ရန်ထောင် လာ ပေသည် ။ 

ဒေါ်သူဇာ သည် ‘ ဒြပ်ကြီး သည့် သမီးပျိုခင် ’ ဆိုသော မျိုးရိုး ထဲ မှ ဖြစ် ရကား တစ်ခွန်းမခံ ကက်ကက်လန် တုံ့ပြန် ပေတော့သည် ။ ချင်းစိမ်း နဲ့ မိဿလင် ၊ အိုးရွဲ့ လျှင် စလောင်း ရွဲ့ မယ် ဆိုသော တော်လှန်မှုမျိုး နှင့် ပြန် တိုက်၏ ။ ဤတွင် သူ တစ်ထူး တိုက် ၍သာ မိုက် ရသော အတွင်းဝန်မင်း သည် မျက်လုံးကလေး ကလယ်ကလယ် နှင့် သနားစဖွယ် မျက်နှာ ငယ် သွားပေတော့သည် ။ ဒေါ်သူဇာ မှာ သည်တော့ လည်း ချစ်လင် ကို ကြင်နာ သွားပြန်ကာ စိတ် ကို ပြန် ၍ လျှော့ချ လိုက်ရ ပြန်သည် ။ တစ်ဖြင့်တစ်ပါး စကား ဝင် လို့ပဲ သူ့ အလို အရ ဆိုတာ ပြောတာမှ မဟုတ်ဘဲ ဟု ဖြေသိမ့် မိပြန်၏ ။ ဒါ လောက်ပဲ စဉ်းစားဉာဏ် ခေါင်းပါးရ သလား ။ သူများ တိုက် တိုင်း မိုက်ကန်းကန်း ဆက်ဆံရ သလား ဟု တွေးမိပြန် သော အခါမူ ဒေါ်သူဇာ သည် လက်မောင်း ပင့် မိပြန်၏ ။

သည်လို ဖြစ်နေသည် ကို ကျေနပ်မဆုံး တပြုံးပြုံး ဖြစ် နေ သူများကား မချင်း နှင့် အတင် တို့ပင်ဖြစ်၏ ။

အတင် သည် သူ ပစ်သည့် မြားများ မည်မျှ ‘ စူး ’ ကြောင်း ကို မချင်း တို့ ၊ မစာ တို့ကို ဂုဏ်ယူ ပြောကြား၏ ။ မစာ တို့ ၊ မချင်း တို့  ညီအစ်မ က လည်း တိုက်နည်း ၊ခိုက်နည်း ၊ အပိုင် ကြံနည်းများ ကို ဆထက်ပိုး၍ အကြံပေး မြှောက်ပင့် ကြပေသည် ။

     •••••   •••••   •••••   •••••

နောက်ကြောင်းတွေ ပြန် တွေးရင်း က အတင် သည် ဘဲဥချဉ်ရေအိုး မကျမီပင် ပဲသီး ကို ချိုး နေ၏ ။ ဟင်းရွက်ဗန်း အတွင်း မှ မရန်းသီးများ ကို ကြည့်ကာ မရန်းသီး သုပ်ရ ကောင်းမလား ၊ ချစ်ချစ် စားပါ့မလား ဟု စဉ်းစား နေမိသည် ။ ရုတ်ခြည်း သတိ ရသဖြင့် ကြောင်အိမ်လေး ထဲ မှ ကြက်သား ပြုတ် ပန်းကန် ကို ထ ယူလိုက်၏ ။ ချစ်ချစ် စားရန် ကြွပ်ကြွပ် ပြန် ကြော် ပေးရမည် ။

ရှေးဟောင်းနှောင်းဖြစ်များ ကို စဉ်းစားရင်း ငိုင်တိငိုင်တိုင် လုပ်နေ မိသဖြင့် ချစ်လင် အတွက် ခူးခပ် မပြီးခင် မှာ ပင် ခုနစ်နာရီခွဲ တော့မည် ။ အတင် သည် လှုပ်ရှား သွား၏ ။ ‘ ရုံး နောက်ကျ မှဖြင့် ’ ဟူသော အသိ ကြောင့် ပျာယီးပျာယာ ဖြစ် သွား၏ ။

အတင် သည် ရုံး နောက်ကျ၍ မဖြစ်ပေ ။ အတင် လင် မယူမီ ကတည်း က ပင် အတွင်းဝန်မင်း သည် အတင့် အပေါ် ပြတ်ပြတ်သားသား ၊ တင်းတင်းမာမာ ဆက်ဆံ လာ၏ ။ သူ့ အမှား ကို သူ သိကာ အတင့် ထံ မှ ခွာ သည် မှာ ကြာ ချေပြီ ။ အတင် သည် လူချင်း တွေ့ခွင့် မရတော့သည့် အဆုံး စာ နှင့် အမျိုးမျိုး ချော့သေး၏ ။ သနားစဖွယ် ရေး ခဲ့သေး၏ ။ အတွင်းဝန်မင်း က ဘာကြောင့် မသိ အတင့် ကို ငဲ့၍ မှ မကြည့် တော့ဘဲ သူဇာ မှ သူဇာ ပြန် ဖြစ် သွားတော့၏ ။ အတင် သည် အလွန်အမင်း ခံပြင်းကာ ရှက်သွား၏ ။ ထိုစဉ်မှာ ပင် အခန့် သင့် ချစ်ချစ် ကို ရ လိုက်ပေသည် ။ ချစ်ချစ် မှာ မိုက်ရူးရဲ ။

အတင့် စာရိတ္တ ကို သိ၍ ချစ်ချစ် ၏ အမေ နှင့် ဒေါ်လေး တို့ သည် ချစ်ချစ် ကို အတင် နှင့် မယူရန် ငိုကာယိုကာ တောင်းပန် တားမြစ်ကြ ရှာ၏ ။ အကြမ်းနည်း ၊ အနုနည်း စုံအောင် တားမြစ်ကြရှာ၏ ။ သူတို့ သည် သည် သား ကို ထွတ်ထွတ်မြတ်မြတ် ပညာ တတ် စေချင်၏ ။ ထိုက်ထိုက် တန်တန် ဖြစ်စေ ချင်၏ ။ စေတနာ ပိုကြ၏ ။

အတင့် မိဘများ က လည်း ကျောင်းသား ဖြစ်၍ ချစ်ချစ် ကို မယူစေချင်ပေ ။ ထိုထက် ပဠာမြေလူး အရူးမီးဝိုင်း ဖြစ်နေ ရှာသော ချစ်ချစ် မိဘများ ကို ပို၍ ညှာကြ၏ ။ မိဘ ချင်း စာနာကြ၏ ။

သို့သော် အတင် နှင့် ချစ်ချစ် တို့ ညား ကြလေသည် ။

လင်ရယ် မယားရယ် ဖြစ် လာကြပြန်တော့လည်း တစ်ယောက် ကို တစ်ယောက် အပျောက် မခံနိုင်လောက် အောင် တွယ်တာ စုံမက်ကြပြန်၏ ။

အတင် သည် အတွေးမျှင် ကို ဖြတ် လိုက်ကာ ကြက် သားပန်းကန် ကို မီးဖိုအစပ် မှာ လှမ်း တင်လိုက်၏ ။ အတင် သည် အချိန် မရ သဖြင့် စိုးထင့် ကာ စိတ်လှုပ်ရှား နေသဖြင့် တစ်ကြောင်း ၊ စိတ်လက် မချမ်းမြေ့ကာ ကတုန်ကယင် ဖြစ်နေ၍ တစ်ကြောင်း ကြက်သားပန်းကန် သည် လက် မှ လွတ် ကျ သွား ပေသည် ။ ဘုရား ... ဘုရား ... ။

အတင် သည် ဖိုခနဲ ဖြစ်သွား၏ ။ သူ မျှော်မှန်းသည် ထက် ပင် မြန်မြန်ဆန်ဆန် ချစ်ချစ် သည် သူ့ အနား သို့ ရောက် လာပေသည် ။ ချစ်ချစ် သည် အိမ် ပြို မလောက် ခြေနင်း ဖြင့် လက်သီး ဆုပ်ထား၏ ။

“ တောက် ... ကောင်မ ၊ အလိုက်ကမ်းဆိုး ဘာမှ မသိဘူး ၊ ဂုံး ဂွမ်း နဲ့ ဆူညံ နေတာပဲ ၊ ဘယ်နေရာမှ အသုံး မကျဘူး ”

အတင် သည် ကျ သွားသော ကြက်သားတုံးများ ကို လိုက် ကောက်ရင်း မျက်ရည် လည်ရွဲ နှင့် မော်ကြည့် လိုက်မိ ပေသည် ။

“ ဒါ နင် သက်သက် ငါ့ ကို အိပ်ရေး မဝအောင် လုပ် တာပေါ့ ဟုတ်လား ၊ လင် ကို အကြင်နာ မေတ္တာ နဲ့ ပြုစုချင်တဲ့ စိတ် မရှိဘူး ၊ ဟန်ဆောင် ပန်ဆောင် နဲ့ ဟင်း ... ယုံစား စရာ တစ်ကွက် မှ မရှိတဲ့ ကောင်မ ”

“ အံ .. မာ ... လေး ”

အတင် သည် နား ကို လက်ဝါး နှင့် အုပ် ထား လိုက်မိ ပေသည် ။ ချစ်ချစ် အသံ ကို ချစ်ချစ် အသံ နှင့် တူသည် မထင် ပေ ။

တစ်ခါက အတင် သည် အတွင်းဝန်မင်း အား “ ကိုကို့ မယား က ဘယ်ဘက် က မှ ဘယ်နေရာ မှ အသုံး ကျတာ မဟုတ်ဘူး ။ ဉာဏ်နီ ဉာဏ်နက် သိပ် များတာ မယုံနဲ့ နော် ... ကိုကို ” ဟု သူ ပြောခဲ့ဖူးပေသည် ။ ထို အသံ နှင့် ယခု ချစ်ချစ် ပြောလာ သံ မှာ တိုက်တိုက်ဆိုင်ဆိုင် သွား တူ နေပါ ကလား ။

“ ဒေါ်သူဇာ က လင် ကို ချစ်ဟန် ပြ နေတာ ၊ ချစ်တာ မဟုတ်ဘူး ကိုကို ရဲ့  ။ မေတ္တာ အကြင်နာ ရှိတာ မဟုတ်ဘူး ၊ ဩဇာ သာ ပေးချင်တာ ၊ ပြုစုချင်တာ မဟုတ်ဘူး ”

အတင် သည် နား ကို တင်းတင်း ပိတ်ထားပါလျက် နား ထဲ တွင် သူ တစ်ချိန် က အတွင်းဝန်မင်း ရင်ခွင် တွင် နွဲ့နွဲ့ မှီ ကာ ပြောကြား ခဲ့သော စကားများ ကို ညံ နေအောင် ပြန် ကြား နေပေသည် ။ အတင် သည် နား ကို ဖွင့် လိုက်ပြန်၏ ။

“ ငါ အိပ်  နေတာကို မရှုစိမ့် လို့ ခု သက်သက် မနိုး နိုး အောင် ဉာဏ် နဲ့ နှိုး လိုက်သပေါ့လေ ၊ နင့် ကိုယ် နင် လည် လှပြီ အောက်မေ့ သလား ။ ကဲဟယ် ... ကဲဟယ် ”

အတင် သည် မျက်လုံး အိမ် မှ မီး ပွင့်သွားကာ ချာချာ လည် သွားပြီး မိုက်ခနဲ ဖြစ်သွားပေသည် ။

“ ကိုကို့ မယားကြီး က ကိုကို ဘယ်လို နေနေ ရှုစိမ့်တာ မဟုတ်ဘူး ၊ ကိုကို အပေါ် မှာ လည်း လည်တိုင်း လှည့်နေ တာ ၊ သူ့ ကို ပြန် နိုင်မယ့် နည်းကတော့ လက်ရုံး အားကိုး ပေါ့ ကိုကို ”

အတင် သည် မူးမိုက် နေ ရာ မှပင် အတွင်းဝန်မင်း ၏ ရင်ဘတ် ပေါ် မျက်နှာ မှောက် တင်ရင်း နွဲ့နွဲ့ ချိုချို ပြောခဲ့ဖူး သည်ကို ပြန်လည် ကြားယောင် မိလေသည် ။ ထိုအချိန် ကလည်း အတင် သည် သူ ညွှန်ကြား သွန် သင်သလို အတွင်းဝန်မင်း က ဒေါ်သူဇာကြီး ကို ရက်ရက်စက်စက် ရိုက် မှ ရိုက်ပါ့မလား ဟု စိတ် မှာ ပူပန်ခဲ့ရသေး၏ ။ သူ ပြောသမျှ ယုံ မှ ယုံပါ့မလား ဟု ဒေါ်သူဇာ စကားတွေ ကို မယုံကြည်ရန် ၊ စိတ်မချရန် ၊ ပြောလည်း မလိုက်လျောရန် အတန်တန် ချော့ ၍ မှာခဲ့ ရသေး၏ ။

အတင် သည် မျက်ရည်  ပေါက်ပေါက် ကျ လာပေ သည် ။ ရင်ထဲ တွင် ဆို့၍ ကျပ် လာလေသည် ။

“ တစ်ဆိတ်ရှိ မျက်ရည်ခံ ထိုးဖို့ပဲ တတ်တယ် ။ ဒါ နင့် ဉာဏ် အကုန်ပဲလား ၊ ဟား .. ဟား .. နင့် ဉာဏ်နီဉာဏ်နက် တွေများ ငါ က မယုံသေးဘူး .. ဟဲ့ ”

ချစ်ချစ် သည် လှောင်ရယ်ပင် ရယ်ကာ ကြောင်စား သည့် ဇလုံပေါက်ကလေး ကို အတင့် မျက်နှာ ဆီ ပစ်ကန် လိုက်ကာ “ အဲဒီ ဇလုံ နဲ့ မျက်ရည် ခံထားလိုက် ” ဟု ပြောပြီး ခြေ ဆောင့် နင်း၍ ထွက် သွား ပေသည် ။

ထိုနေ့ က အတင် သည် ခေါင်းကိုက် လွန်း ၍ ဟု အ ကြောင်း ပြကာ ရုံး မှ ခွင့် ယူ လိုက်ပေသည် ။ အမှန်ပင်လည်း သူ သည် မထူနိုင်အောင် ခေါင်း ကိုက် နေပေသည် ။ ငိုရလွန်း သဖြင့် ခေါင်း မှာ ခဲ၍ နောက်ကျု နေ ရှာ၏ ။

ညနေ စောင်း တွင် အိမ်ခန်း တွင်း ဝင် လာသော ခြေသံ ကို ကြား သဖြင့် ချစ်ချစ် ပြန်ပြီ ဟု ဝမ်းသာအားရ နှင့် ခေါင်းထောင် ကြည့် လိုက် မိပေသည် ။ မချင်း သည် လွယ်အိတ် က လေး နှင့် အတင့် ထံသို့ အတင် ရောင်းမည် ပြော ထားသော လုံချည်များ ၊ အင်္ကျီစများ ကို လာ ယူခြင်း ဖြစ်ပေသည် ။ မချင်း သည် သူ့ စေတနာ သူ့ အကျိုး ပေး ကာ အလုပ် ပြုတ် သွားရှာပြီ ဖြစ်သဖြင့် မှောင်ခို လုပ်ငန်း ဖြင့် အဆင် မပြေသော ဘဝ ကို ကြောက်ကြောက်ရွံ့ရွံ့ ထူထောင် နေရှာ၏ ။

မချင်း အား အတွင်းဝန်မင်း ထံမှ ချူ ထားသော ပစ္စည်းအချို့ ကို ရောင်း လိုက်ရင်း မချင်း ထံ မှ ဂျာကင် တစ်ထည် ကို လည်း ချစ်ချစ် အတွက် ဝယ် ထား လိုက်ပေ ၏ ။

ထို နေ့ ည က ချစ်ချစ် သည် အိမ် ကို ပြန် မအိပ်ပေ ။ အတင် သည် တစ်ညလုံး တစ်မှေး မှ အိပ် မရဘဲ ချုံးချုံးချ ငို နေမိ ရှာတော့သည် ။

“ ကိုကို ဒီနေ့ ည တော့ ကိုကို့ မယား ဆီ ပြန် မအိပ်ရ ဘူးနော် ၊ တင် နဲ့ ဟိုတယ် မှာ သွား အိပ်မယ် ၊ အခန်း ငှား ထား ၊ တကတည်း သူ့ မယားကြီး ဆီ ပြန်ချင်ရတာ အမော ”

အတင် သည် နား ကို လက်ဝါး နှင့် ပိတ်ကာ အရူး လို ထ ခုန် နေမိပေသည် ။ အတွင်းဝန်မင်း ကို သူ ပြောခဲ့ဖူးသည့် စကားများ တစ်ခု မျှ ပြန် မကြားနိုင်ရန် ကြမ်းပြင် မှာ လှိမ့်၍ လူး၍ ပင် ငိုနေ ရလေ မလား .. ။

◾ပုသိမ်လှလှသီ

📖 ရှုမ၀မဂ္ဂဇင်း
      ၁၉၆၉ ၊ ဖေဖော်ဝါရီ

# ကိုအောင်နိုင်ဦး

.

No comments:

Post a Comment