Tuesday, September 26, 2023

သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် ( ၉ )


 “ ယာတောင်ရွာ က သူငယ်မလေးတွေ မင်းရွာ ကို မရန်းချိုသီး သွားရောင်း ကြတာ က တောအဖိတ်နေ့ ဆိုတော့ ဘယ်နေ့ ကျပါလိမ့် ”  


“ တပေါင်းလဆန်း ဆယ့်သုံးရက် ၊ စနေနေ့ ကျပါတယ် ဘဘ ” 

 

ဒေါင်းသိန်း ဆိုသော ကောင်လေး က ချက်ချင်း ဒိုးဒိုးဒေါက်ဒေါက် ပြော လိုက်၏ ။ 


“ ဒါဆို ဘာကိန်းကျလဲ ” 


“ ရွာသူ ကုန်ရောင်း ၊ တပေါင်း စနေ ကိန်းပါ ဘဘ ”  


သူတော်ငတေ က သူ့ တပည့် ဘက် လှမ်း ကြည့်၍ ပြောလိုက်၏ ။ 


နေဆန်း ဆို သော ကောင်လေး က လက်မ သာသာ ရှိသော ကံ့ကူဆံကြီး ကို မီးသွေး သင်ပုန်းကြီး ပေါ် လှမ်း ထောက် ထားရင်း နှင့် ပြန်ဖြေ  လိုက်၏ ။ 


“ ကဲ ဟုတ်ပါပြီ ။ ဆရာ ငထီး က ကော ”  


သူတော်ငတေ က နောက်ထပ် သူ့ တပည့် တစ်ယောက် ကို မေး ပြန်သည် ။ 


“ မင်းရွာ ဟာ ယာတောင်ရွာ ရဲ့ အရှေ့တောင်ထောင့် မကျတကျ မှာ ရှိ နေတော့ အရှေ့ဘက် ပဲ ယူ လိုက်ရင် အရှေ့ချောင်းနား ၊ နောက်ပါးအိုင်သာ ၊ တောင်မှာကားပ ၊ မြောက်မှာစံရွှေ မသွားလေနဲ့ တဲ့ ။ သူတို့ ဟာ မသွား ကောင်းတဲ့ နေ့ ၊ မသွားကောင်းတဲ့ အရပ် ကို သွားမိကြတယ် ဘဘ ” 


“ ဟုတ်တယ်လေ ၊ ဆရာငထီး ရယ် ”  


ဆယ့်သုံးလေးနှစ်ခန့် အရွယ် သာ ရှိသေးသော သူ့ အား အသက်ငါးဆယ် ကျော် သူ့ ဆရာ သူတော်ငတေ က ရွာ လူကြီး တွေ ရှေ့၌ ချီးကျူးလိုက် သောအခါ ငထီး ဆိုသော သူငယ် မှာ 

ရှက်ကိုးရှက်ကန်း ဖြစ်ကာ ပြုံးတုံ့တုံ့ လုပ်နေသည် ။ 


“ ကဲ အဲဒီတော့ ည က လည်း ဆရာလေးတို့ ကို အဘ ပြောပြထား ပြီ ။ သွားကြတာ ကသုံးယောက် သွား တဲ့ ကိစ္စ က အရောင်းအဝယ် ၊ ခု စနေ မလွတ် ဆိုတော့ ဆက်ပြီး အတိုက်အခိုက် ဘာကြောင့် ဖြစ်တယ် ဆိုတာ ဆရာလေး တို့ ဆက် တွက်ကြ ပေတော့ ”  


သူတော်ငတေ က ထိုသို့ ပြောလိုက်သည်နှင့် သင်ပုန်း နှင့် ကံ့ကူဆံ ထိသံ တို့ မှာ ဒိုးဒိုးဒေါက်ဒေါက် မြည်လာကြ သည် ။ 

( သူတော်ငတေ ၏ တပည့်ကြီးသုံး ယောက်တို့ တွက်ချက် နေကြသော သင်ပုန်းကြီး ဆိုသည် မှာ ယနေ့ ခေတ် တွင် ရှေးဟောင်း ပြတိုက် ၌ သာ ရှိ တော့သည် ) 


ထို ခေတ် က မူ ပညာရေး ကလည်း ဘုန်းကြီးကျောင်း ပညာရေး သာ ရှိ လေရာ ဘုန်းကြီးကျောင်းသား အားလုံး မှာ မီးသွေးသင်ပုန်း နှင့် သာ ပညာ သင် ကြရသည် ။ ထိုအချိန်က မြန်မာနိုင်ငံ တွင် ကျောက်သင်ပုန်း ပင် မပေါ်သေး ၊ သို့မဟုတ် သူတို့ ဒေသ လို တောခေါင်တောင်ဖျား အရပ် သို့ ကျောက်သင်ပုန်း ဆိုတာ ရောက် မလာ သေးပေ ။ 


အင်းဝခေတ် အရှင်မဟာသီလဝံသ ၏ တိလောကချီ ဆုံးမစာ တွင် “ သင်ပုန်း ထန်းရွက် ၊ ပေထက်စီကာ ၊ ရေးသောခါလည်း ၊ အက္ခရာကို ၊  သေချာလှစေ ” ဟု သင်ပုန်း နှင့် စာ ရေး ရကြောင်း ဖွဲ့ဆိုခဲ့လေသည် ။ 


ယခုခေတ် ကျောင်းသူ ကျောင်းသားများ ပညာ သင်ရသည် နှင့် နှိုင်းစာ ကြည့် လျှင် ရှေး ခေတ် က မြန်မာစာ နှင့် ဆေးကျမ်း ဗေဒင် ( သင်္ချာ ) သင်ရသည် မှာ အခက်အခဲပေါင်း များစွာ ရှိသည် ။ သစ်သား သင်ပုန်း တွင် စာလုံး ထင် အောင် ရေးရသော ကံ့ကူဆံ မှာ လည်း ရှားပါး ပစ္စည်း တစ်ခုပင် ။ 


ထို့ကြောင့်လည်း ပုဂံခေတ် က ကြီး မှ ရဟန်း ဝတ်ပြီး စာ သင်ချင်သော ဦးကျည်ပွေ့  ဆရာတော် မှာ ဘုရင့် နန်းတော် ထဲ သွား၍ ကံ့ကူဆံ အလှူခံ ခဲ့ရသည် ။


ကြီး မှ ရဟန်း ဝတ်ပြီး စာ သင်ချင် သော တောထွက်ကြီးအား ဘယ်လိုမှ စာ တတ်တော့မည် မထင်သည့် ရှင်ဘုရင် က ကျည်ပွေ့ အတက် ပေါက် တော့ မှ ကိုယ်တော် စာ တတ်တော့ မည် ဟု ပြောဆိုသည် ကို မခံချင် ၍ တစ်နေ့ လျှင် တံပူ ( ဒန်ပူ ) တစ်ထောက် စာ သာ ကျက်မှတ် လာပြီး နောက်ပိုင်း ကျမ်းတတ် စာတတ် အကျော်အမော် ဆရာတော် တစ်ပါး ဖြစ် လာကြောင်း သမိုင်းဝင် မှတ်တမ်း ကျန်ခဲ့လေသည် ။


ထို ခေတ် က မီးသွေး သင်ပုန်းကြီး နှင့် စာ သင်ခဲ့ကြရသော ကျောင်းသူ ၊ ကျောင်းသားများ နှင့် စာလျှင် ယနေ့ ကွန်ပျူတာခေတ် တွင် ခဲတံ ၊ ဖောင်တိန် ၊ ဘောလ်ပင် ၊ စာအုပ် စာရွက် ၊ ကွန်ပျူတာများ နှင့် စာသင် နေကြရ သော ကျောင်းသူ ကျောင်းသားများ မှာ အရမ်း ပညာ သင် ဖို့ ကောင်းသော ခေတ် ဟု ဆိုရပေမည် ။ ပါရမီရှင်များ ပညာသင် ကြားကြသော ခေတ် ဟု ဆို ကလည်း မှားမည် မဟုတ်ပေ ။ ယခင် က လို မြန်မာစာ တစ်ဘာသာ တည်း ကို မဟုတ်မူ ဘဲ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ ပထဝီ က စ၍ ကမ္ဘာ့သမိုင်း ၊ မြန်မာ့သမိုင်း ဘာသာစကား မျိုးစုံ ၊ ဘာသာရပ် မျိုးစုံ ကို သင်ကြားခွင့် သင်ကြား နေကြရခြင်း သည် ပါရမီ ထူးသည် ဟု လည်း ဆိုရပေမည် ။ 


ရှေးခေတ် က မူ သစ်သားသင်ပုန်း နှင့် ကံ့ကူဆံ ရှိရုံ နှင့် စာ သင်၍ မရ သေးပေ ။ သင်ပုန်း တွင် စာလုံး ထင် လာအောင် မီးသွေး နှင့် သင်ပုန်း ကို အဝတ်အစား ခြေလက် အပေတေ ခံ၍ အစာ တင် ကြရသေးသည် ။ သင်ပုန်း တွင် လည်း ဆို သင်ပုန်း နှင့် ရေး သင်ပုန်း ဟူ၍ နှစ်မျိုး နှစ်စား ခွဲခြား ရှိ သေး၏ ။


“ ဆိုသင်ပုန်း ” ဆိုသည် မှာ ဖတ်ရ ကျက်ရ မည့် စာများ ကို စာအုပ် ထဲ မှ ကူးရေး ၍ စာ မရမချင်း ကျက်မှတ်ရ သော သင်ပုန်း ကို ဆိုသည် ။ မိမိ ကျက်ရမည့် စာ ကို ပင် ကိုယ်ပိုင် စာအုပ် မရှိ သဖြင့် တစ်ကျောင်း လျှင် ဘုန်းတော်ကြီးများ နှင့် ဦးပဉ္စင်း တို့ ဆရာ ကိုင် စာအုပ်ထဲ က သင်ပုန်း နှင့် ကူး ကျက်ကြရသည် ။


“ ရေးသင်ပုန်း ” ဆိုသည် မှာ သတ်ပုံ မှန်အောင် ၊ လက်ရေး လှအောင် ၊ ရေး တတ်အောင် ရေးလိုက် ပြန် ဖျက် လိုက် ၊ ပြန် ရေး လိုက် လုပ်ရသော သင်ပုန်း ကို ဆိုလိုသည် ။ သစ်သား

သင်ပုန်း လုပ် ရသော သစ်သားများ မှာ အသား ပွ သော လက်ပံသား နှင့် ဒီဒူးသားများ ကို သာ အလုပ် များကြပေသည် ။ ထို အသားများ အလွယ်တကူ မရ မှ ပိန္နဲသား ကို လုပ် တတ်ကြသည် ။ အသား မာ သော ပိန္နဲသား မှာ အသားပွသော လက်ပံသား ၊ ဒီဒူးသား သင်ပုန်းများ လို ရေးသားရာ ၌ မချောမွေ့ ၊ ရေး မကောင်းပေ ။ သင်ပုန်း ပြုလုပ်ရာ တွင် မည်သည့် အရွယ်အစား ရှိရမည် ဟု တော့ ပုံသေကားကျ သတ်မှတ်ချက် တော့ ရှိချေ ။ ကိုင်တွယ် အသုံးပြုမည့် ကျောင်းသား ၏ အရွယ် နှင့် လိုက်ဖက် ညီညွတ်အောင် မိဘများ က လုပ်ပေး ရသည် ။ ယေဘုယျ အများသုံးမှာ ဆို သင်ပုန်း ဆိုလျှင် အလျား တစ်မိုက် ၊ အနံ တစ်ထွာ ခန့် နှင့် ၊ သေးငယ်ပြီး ရေးသင်ပုန်း မှာ မူ အလျား တစ်တောင် ကျော် ၊ အနံ ရှစ်လက်မ ၊ ကိုးလက်မ ခန့် ရှိသည် ။ ( ဗေဒင် တွက်သော သင်ပုန်း က မူ ပို ကြီး၏ ။ ) 


သင်ပုန်း တို့ ၏ အရွယ်အစား မှာ ပုံသေကားကျ သတ်မှတ်ချက် မရှိ သလို အထူအပါး တို့ မှာလည်း သစ်သား ၏ အပျော့အမာ ပေါ် မူတည်ကာ တစ်မတ် ၊ တစ်မတ် မပြည့်တပြည့် ထုထည် ပမာဏ ရှိလေသည် ။ ရှည်မျောမျော ရှိသော သင်ပုန်း ၏ ပျဉ် ချပ် ခေါင်းဘက် တွင် ဒိုင်းမွန်း ပုံ သို့မဟုတ် ဘဲဥပုံ သို့မဟုတ် အဝိုင်း သင်ပုန်းခေါင်း ရှိသည် ။ ထို ခေါင်း မှာ သင်ပုန်း လုပ်ပြီး မှ သီးခြား တပ်ဆင် ခြင်း မဟုတ် ။ သင်ပုန်း လုပ် ကတည်း က ပျဉ် တစ်ချပ်တည်း တစ်ဆက်တည်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည် ။ ထို သင်ပုန်းခေါင်း ၏ အလယ် တွင် ကြိုး လျှို ထည့် ၍ ချိတ်ထားရန် အတွက် အပေါက် တစ်ပေါက် ပါ ရသည် ။


စာ ရေးရာ ၌ သင်ပုန်း ၏ ကျောရင် နှစ်ဖက်စလုံး ၌ ရေးရရာ ကျောဘက် သည် ဖျာ သို့မဟုတ် ကြမ်းပြင် နှင့် ထိ ဖန်များ က ရေးသား ထားသော စာ ပျက် သွား တတ်ပေသည် ။ ထို့ကြောင့် ပင် စာရေး စာဖတ်ရာ တွင် ကြမ်းပြင် နှင့် သင်ပုန်း ကို ပွတ်ထိ၍ မရွှေ့မိ စေ ရန် အထူး သတိထား ရသည် ။ သစ်သားသင်ပုန်း ပေါ်တွင် ကံ့ကူဆံ နှင့် စာ ရေးကြ ရသည် ။ ကံ့ကူဆံ မှာ တွင်းထွက် ကျောက်မာ ကျောက်ချော တစ်မျိုး ဖြစ်ပေသည် ။ အကြော ရှုပ်၍ အလွန် ကြွပ်ဆတ် ပါသည် ။ ထို့ကြောင့်ပင် ကံ့ကူဆံ ကို ကျောက်တံ ကဲ့သို့ ရှည်ရှည် တိုက် ဖြတ် ၍ မရ ။ ကံ့ကူဆံတုံးကြီး ကို ခဲတံလုံး ၏ လေးပုံ တစ်ပုံ ခန့် ၊ အရှည် မှာ လက် နှစ်ဆစ်ခန့် သံပြား ကို လုပ် ထား သော လွှငယ် နှင့် တိုက်ဖြတ် ၍ ကံ့ကူဆံ ထုတ်ယူ ရသည် ။


တွင်းထွက်ပစ္စည်း ဖြစ်သော ကံ့ကူဆံ တွင် လည်း အဖြူ ၊ အပြာ ၊ အနက် ၊ ကြက်သွေး ဟု လေးမျိုး လေးစား ရှိသည် ။ အပြာ နှင့် အနက် တို့ မှာ ကျောက် ရောပါ တတ် သဖြင့် ရေး မကောင်းပေ ။ မထင် တစ်ချက် ထင် တစ်ချက် လည်း ဖြစ် တတ်သည် ။ ကြက်သွေး နှင့် အဖြူ တို့ မှာ ပျော့ သဖြင့် ရေး ကောင်းသည် ။ စာလုံး ပီပီသသ ထင်သည် ။


ကျောက်တံ ၊ ခဲတံ တို့ ကဲ့သို့ ရှည်ရှည် လုပ်၍ မရသော ကံ့ကူဆံ ကို တပ်၍ စွပ်၍ ရေးရန် အတွက် ကံ့ကူတံ လုပ် ရသည် ။ ကံ့ကူတံ ကို အချို့ အရပ် တွင် ကြေးလုံး အခေါင်း ၊ သံပိုက်လုံး ငယ်ငယ် အခေါင်း တို့ ဖြင့်လည်း လုပ် တတ်ကြ၏ ။


သို့သော် ကြေး ၊ သံ ရှားသော မြန်မာတို့ ခေတ်၌ အများဆုံး အားလုံး မှာ ဝါးလုံးငယ်များ သာ ဖြစ်သည် ။ ကံ့ကူတံ ၏ အရှည် မှာ ခဲတံ လောက် ပင် ဖြစ်ပြီး အလုံး က မူ ခဲတံ ထက် ကြီး ရသည် ။ သို့မှသာ ထို ကံ့ကူတံ ခေါင်း ထဲ ကံ့ကူဆံ ထည့် ရေး၍ ရမည် မဟုတ် ပါလား ။ ကံ့ကူတံ ၏ သုံးပုံ တစ်ပုံ အဖျားပိုင်း ကို တစ်ခြမ်း ခန့် ရွေ ခုတ် ထားရသည် ။


ရွေ ခုတ်ထားသော အဖျား ကို ချွန် ထားသည် ။ ထို အဖျား မှာ သင်ပုန်း ၌ မျဉ်းသားရန် အဓိက

ဖြစ်ပြီး တစ်ခါတစ်ရံ စာ ညံ့သော ကျောင်းသားငယ် များ ကို ကျောင်းသားကြီးများ က ကံ့ကူတံ ထိပ်ဖျား နှင့် ထိုး တတ်သည် ။


ကံ့ကူဆံ ထည့်သွင်း ရမည့် ကံ့ကူတံ ၏ အရင်းပိုင်း တစ်လက်မ ခန့် ကို အတွင်း ဝါးလုံးပေါက် ထဲ ကံ့ကူဆံ ထည့်သွင်း ရာ ၌ ကွဲအက် မ သွားရလေအောင် အပြင် က အပ်ချည် နှစ်ပင် သုံးပင်ပူး ကြိုး နှင့် ရစ်ချည်ကာ အစဖျောက် ထားရသည် ။ ထို ကြိုး ရစ်ပတ်မည့် နေရာ ကို မူ စောစောက ပင် စပါးလုံး တစ်ထောက်စာ ခန့် ဓား နှင့် ပတ်လည်လှီး ထားရသည် ။ သို့မှသာ ကြိုး ရစ် ထား သော်လည်း ကံ့ကူတံ အရင်းပိုင်း တွင် အဖုအထစ် ဖြစ် မနေဘဲ ကိုင်ကောင်း ရေးကောင်း သည် ။


ကံ့ကူတံ အရင်းပိုင်း ၌ ရစ်ပတ် ထား သော ထို ကြိုး ကို သစ်ခေါက် ၊ သစ်စေး ၊ ဖယောင်း သို့မဟုတ် ကံ့ကူတုံး ကို ကံ့ကူဆံ ထုတ်ရန် လွှငယ် ဖြင့် လှီးဖြတ် ရာ မှ ထွက်ပေါ်လာ သော ကံ့ကူဆံ အမှုန်အမွှား အမှုန့်များ နှင့် ဖယောင်း တိုက် ထားရသည် ။ ကံ့ကူတံ အလယ်ပိုင်း ရှိ

ဝါးကြော ပတ်ပတ်လည် တွင် ရာဇမတ်ကွက် ၊ နနွင်းမကင်းကွက် သုံးထောင့် ၊ လေးထောင့် စသည် ဖြင့် လှပအောင် အရုပ် အမျိုးမျိုး ကို ထွင်းထု ရေးခြစ် ထား ကြသည် ။ ဤသည်ကို ကျောင်းသားငယ်များ က မိဘ နှင့် ကျောင်းသားကြီးများ ကို လုပ်ခိုင်း တတ် ကြသည် ။ ဤသည် မှာ ရိုးရိုး စာရေး စာသင် ကံ့ကူဆံ နှင့် ကံ့ကူတံ တို့ ဖြစ်သည် ။


ယခု သူတော်ငတေဆီ ၌ ဗေဒင် ကိန်းခန်း တွက်ချက် နေကြသော ကျောင်းသား သုံးယောက် ၏ ကံ့ကူဆံ မှာ မူ အရှည် ခြောက်လက်မ ခုနစ် လက်မ ခန့် ရှိပြီး လုံးပတ် မှာ လူကြီး လက်မ သာသာ ကံ့ကူဆံတုံးကြီး ကို ဗေဒင် တွက်ရန် အတွက် သီးသန့် ပြုလုပ်ထားသော

ကံ့ကူတုံး ဖြစ်သည် ။ ရှည် သဖြင့် ဗေဒင်တွက် ကံ့ကူဆံတုံး တွင် ကံ့ကူတံ လည်း မလို တော့ပေ ။ 


ထို ကံ့ကူဆံတုံးကြီး ကို အားရှိ ပါးရှိ ဖြင့် ကိုင်ပြီး သူတော်ငတေ တပည့်ကြီး သုံးယောက် မှာ ပါးစပ် က လည်း တတွတ်တွတ် ရွတ် ကာ ဗေဒင် ကိန်းခန်း တွက် နေကြသည် ။ ဗေဒင် တွက်ရာ ၊ ဂဏန်း ရေးချရာ တွင် စာ ရေးသလို ဖြည်းဖြည်းသာသာ မဟုတ်ဘဲ “ ဒွေးတြိဆ ၊ ဒွေးစာလီ အပ် ” ဟု ပါးစပ် က လည်း ဆို ၊ လက် က လည်း သင်ပုန်း နှင့် ကံ့ကူဆံ တို့ ဒုန်းဒုန်းဒေါက်ဒေါက် မြည်သံ ထွက် အောင် တွက်ချက် ကြ ရ ရာ တစ်ချက် တစ်ချက် တွင် သင်ပုန်း နှင့် ကံ့ကူဆံတုံးကြီး တို့ ဒိုးဒိုးဒေါက်ဒေါက် ထိသံ ကို ကြားနေရ သလို ဗေဒင် ပျို့လင်္ကာ ရွတ်လိုက်သံ ကို လည်း သူတော်ငတေ ၏ တပည့် သုံးယောက် ဆီ မှ မတိုးမကျယ် ကြား နေရသည် ။ 


“ ပိတုန်း ဆိုတော့ ဓမ္မာသောက မိ နေပြီ ဘဘ ” 


ဗေဒင်ကိန်းခန်း တွက် နေသော ကျောင်းသားငယ်လေး တစ်ယောက် က သူတော်ငတေ ဘက် သို့ လှမ်း ကြည့် ၍ ပြော လိုက်၏ ။


“ ဆရာလေး က လည်း ရန်ဖြစ် လာ ကြပါတယ် ဆိုမှ ဓမ္မာသောက မမိ လို့ အောင်ပကု,လား ဖြစ်ရဦးမလား ဟ ” 


သူတော်ငတေ က လှမ်း မေးသော သူ့ တပည့် ကို ပြန် ပြောလိုက်သည် ။ 


သူ့ တပည့် က မူ ရှက်ကိုးရှက်ကန်း ဖြစ်သွား သော်လည်း ပါးစပ် က တတွတ်တွတ် ရွတ် ကာ ဗေဒင် ဆက် တွက် နေသည် ။


“ ကဲ ကဲ ဆရာနေဆန်း ၊ ဘယ်လို ကိန်းခန်းလဲ လုပ်စမ်းပါဦး ” 


“ တစ်ကိန်း တော့ ရ ထား ပြီ ဘဘ ” 


သူတော်ငတေ က မေးသည် ကို နေဆန်း ဆိုသော ကျောင်းသားလေး က တစ်ကိန်း တော့ ရထားပြီ ဟု ဆိုလေသည် ။


“ လုပ်စမ်းပါဦး ၊ ဆရာလေး ကိန်း ” 


“ ဝင်ထွက်မကျေ ၊ ရန်မပြေ ၊ သူငယ်ခေါင်းချ ၊ ရက္ခိုက်ထ ” 


“ မှန်ပါ့ ဗျား ၊ ဦးဆုံး ည က သူငယ်ခေါင်းချချိန် ပြောတာပဲ ” 


သူတော်ငတေ က ထိုင်စောင့် နေကြ သော ရွာလူကြီး သုံးယောက် ဘက် လှည့် ကြည့်၍ ပြောလိုက်၏ ။ 


“ ဆရာဒေါင်းသိန်း ကော ”   


“ ဟုတ်ကဲ့ ၊ ကျွန်တော် လည်း တစ်ကိန်း ရ ထား ပါပြီ ” 


“ ရ ထားရင် လုပ်လေ ဆရာလေး ” 


သူတော်ငတေ က သူ့ တပည့် ကို ရ ထား ရင် လုပ်လေ ဟု ဆို လိုက်ပြီး သူ့ ပါးစပ် ထဲ ဆေးရွက်ကြီး တစ်ထွေး ကို ပစ်ထည့် လိုက်၏ ။


“ သုံးတန်းကြွက်လျှောက် နဲ့ တစ်ခေါက် ပြန် ညှိ လိုက်ရင် ပို ကောင်းမယ် ထင်လို့ ဘဘ ”  


“ ညှိ မနေနဲ့တော့ ၊ ရတာပဲ ပြော ” 


“ သူဝင် ငါပျောက် ၊

အစာထောက် ၊ တစ်ယောက် မကျန် ၊ ပြန်တန်ပြန် ၊ ဂဝံမျက်နှာဖုံး ” 


“ ဟိုက် ရှည်တော့မှာပဲ ၊ တန်ပြန် တွေ ဘာတွေ ပါ လို့လား ဆရာလေး ရယ် ။ ဘဘ က ဒီ တစ်ရက် နှစ်ရက် တော ထပ် ဝင်မယ် မှန်း ထားတာ ။ ဟုတ်မှလည်း လုပ်စမ်းပါ ။ ကဲ ဆရာလေး စောစောတုန်း က ပြော တဲ့ - ဘာ ကြောင်လျှောက် ဆိုလား အဲဒါနဲ့ ညှိ ... ” 


“ သုံးတန်ကြွက်လျှောက် ပါ ဘဘ ” 


ဒေါင်းသိန်း ဆိုသော ကျောင်းသား လေးက ရယ်ပြီး သူ့ ဆရာ ကို ပြောလိုက်သည် ။


“ ဟဲ ဟဲ ၊ ဆရာလေးတို့ ရဲ့ ကြွက်လျှောက် ကြောင်လျှောက် တော့ ဘဘ လည်း မသိဘူးလေး ဘဘ သိတာက ငတေ ကိန်းပါပဲ နော် ဟဲ ဟဲ ” 


သူတော်ငတေ ကို အားလုံး က ကြည့်ကာ ဝိုင်း ရယ် ကြသည် ။


“ ကဲ .. ဟို ဆရာလေး နှစ်ယောက် က တော့ ဆန်ခံ ထွက် အဲ မဟုတ်ပါဘူး ။ တွက်ချက် ပြီးကြပြီ ။ ဆရာ ငထီး က ကော ဘာ အဟော ထွက်ဦး မလို့လဲ ” 


“ ဘီလူးကုန်းထ

စုန်းမက 

ရွာနေလမ်းပေါ် 

ချိန်မတော် 

စည်ဆော်ရိုက်ဟည်း

တဒီးဒီး တဲ့ ဘဘ ” 


“ တဒီးဒီး မဟုတ်ဘူး မှော်ဆရာကြီး ရဲ့ ။ ပိတုန်း ဆို တော့ တရုံးရုံး ပေါ့ ကွယ် ” 


သူ့ တပည့် မှော်ဆရာကြီး ဆိုသူ က သူတော်ငတေ အပြော ကို ရယ်ကျဲကျဲ လုပ် နေသည် ။


“ ကိုသံတိုင် ”  


“ ခင်ဗျား ” 


သူတော်ငတေ နှင့် သူ့ တပည့်သုံး ယောက်တို့ ဘာတွေ လုပ်၍ ဘာတွေ ပြောနေကြမှန်း မသိသည် ကို ငေးကြည့် နေသော ဦးသံတိုင် အား သူတော်ငတေ က ရုတ်တရက် ခေါ် လိုက် ရာ ဦးသံတိုင် မှာ ရုတ်တရက် ဆတ်ခနဲ ပင် လန့်သွား မိသည် ။ 


“ ကျုပ် အပေါင်းအသင်းတွေ မတော်ကြဘူးလားဗျ ” 


“ ဟာ ဆရာကောင်း တပည့်တွေ ပဲ ဦး သူတော် ရယ် ၊ ဆရာကောင်း တပည့် ၊ ပန်းကောင်း ...”  


“ ဟာ ၊ ခင်ဗျား လုပ်လာ ပြန်ပြီ ” 


ဟု သူတော်ငတေ က ခပ်တည် တည် ပြော လိုက်သဖြင့် ဦးသံတိုင် အ , သွားသည် ။


“ ဒီ ပုဂ္ဂိုလ်လေး သုံးယောက် ဟာ နောင်  ခင်ဗျား တို့ ရွာ မှာ လောကီ တက္ကသိုလ်ကြီး တစ်ခု ဖွင့်တဲ့ အခါ ပါမောက္ခကြီးတွေ ဖြစ်လာကြမည့် ပုဂ္ဂိုလ်ကြီးတွေ ပါဗျ ။ ပါမောက္ခ ဆို တဲ့ စကား ကို ကော ခင်ဗျား နားလည်လား ” 


“ ကျုပ် က ဦးသူတော် လို ကျမ်းကြီး ကျမ်းခိုင် မှ မသင်ဘူးတာ ၊ ဘယ်သိမလဲ ” 


“ ခင်ဗျား ဟိုနေ့ က ကျုပ် ကို ပြော တော့ ဟိုလူကြီး လူလည် ကျ သွားတဲ့ ကျမ်းစာ ခင်ဗျား သင်ဖူးပါတယ် ဆို ”   


“ ဘယ် လူကြီးပါလိမ့် နော် ” 


“ ဘယ် လူကြီး ရှိရဦးမလဲ ၊ စတုရင်္ဂ ဗလ ဆိုတဲ့ ပုဂ္ဂိုလ်ကြီး လေ ဗျာ ” 


“ လောကနီတိ ကို ပြော တာလား ” 


“ ဟုတ်ပဗျား ” 


“ စတုရင်္ဂဗလအမတ်ကြီး က လောကနီတိ ထဲ ဘယ်လိုများ လူလည် ကျ သွားလဲ လင်းစမ်းပါဦး ” 


“ ခင်ဗျား ပဲ သင်ဖူးပါတယ် ဆို ”  


“ သင်ဖူးတာ တော့ သင်ဖူးတာပဲ ဦးသူတော် ရဲ့ ။ ဒါပေမဲ့ ဘယ်လို လူလည် ကျသွားလဲ ဆိုတာ ကျုပ် မှ မမှတ်မိတော့တာ ” 


ဦးသံတိုင် က သူတော်ငတေ ဘာ ပြောမှန်း တကယ်လည်း မသိ သဖြင့် မေး၏ ။


“ စတုရင်္ဂဗလ အမတ်ကြီး က သူ ရဲ့ ကျမ်းဦးစကား မှာ ဘာ ဆိုထားလဲ ”  


“ မသိတော့ပါဘူး လို့ ဆို ၊ ကျောင်း က ထွက်တာ နဲ့ စာတွေ လည်း အကုန်ပျံ ကုန်ပါပြီ ဆို ” 


“ ဟဲ ဟဲ စတုရင်္ဂဗလအမတ်ကြီး က လောကနီတိ ရဲ့ ကျမ်းဦးစကား မှာ နာနာသတ္တ သမုတ္တိတံ ၊ အထူးထူး သော ကျမ်းဂန်တို့ မှ နုတ်လျက်တဲ့ ဗျ ”  


“ မဟုတ်ဘူးလား ”  


“ ဘာ အထူးထူးသော ကျမ်းဂန် မှ မဟုတ်ဘူး ။ အားလုံး တို့ ဗုဒ္ဓ ရဲ့ ပိဋကတ် ထဲ က ကူးချ ထားတဲ့ စာတွေ ချည်း ပဲ ” 


“ ပိုပြီး တန်ဖိုး မရှိဘူးလား ”  


“ အဲဒါတော့ မှန်ပါတယ် ။ ကျုပ် က လူလည်ကျ သွားတဲ့ အကြောင်း ကို ပြောတာပါ ” 


“ စတုရင်္ဂဗလအမတ်ကြီး လူလည် ကျ သွားတာနဲ့ စောစောက ကျုပ်တို့ ရွာ မှာ လောကီ တက္ကသိုလ်ကြီး တစ်ခု တည်ထောင်ချင်တာ ၊ ဒီ သူငယ်လေးတွေ က ပါမောက္ခကြီးတွေ ဖြစ်လာကြ မှာ နဲ့ ဆိုင် လို့လား ” 


“ ဆိုင်ပါသော်ကော ဗျာ ၊ ပါမောက္ခ ဆိုတာ ဘယ်နှမျိုး ရှိလဲ ဆိုတာ ခင်ဗျား သိလို့လား ”   


“ မသိပါဘူး ဆို ” 


“ ဟဲ ဟဲ မသိရင် မှတ်ထားဗျ ။ နံပါတ်တစ် က တော့ ပါမောက္ခ တဲ့ ၊ နံပါတ် နှစ် ကတော့ ပြာမောက္ခ တဲ့ ၊ နံပါတ်သုံး ကျ တော့ တောင်းမောက္ခ တဲ့ ဟုတ်ပလား ”   


“ သဘောတွေ ကို လည်း လင်းစမ်းပါ ဦး ” 


“ ပါမောက္ခ ဆိုတာက သူ့ ဘာသာရပ် မှာ သူ ပါစင်အောင် တတ် တာ ၊ တတ်သမျှ မ က တောင်းမှောက် ပုတ်မှောက် သင်ကြား ပြသ ပညာ ပေး တာ ။ အဲဒါ ပါမောက္ခ တဲ့ ကိုသံတိုင် ရဲ့ ဟဲ ဟဲ ဟဲ ဟဲ မှတ်သားလောက်ပါပေတယ် ” 


“ ပညာရှိ စကား ကို ဗျ ။ ဟဲ ဟဲ ”   


“ ကဲ ၊ အဲဒီတော့ ရွာ ကိစ္စ လည်း ပြီးပြီ ဆိုတော့ ကျုပ် တို့ ပြန် .. ” 


“ ဟင် ခင်ဗျား ရွာ ကိစ္စ ပြီးပြီ လို့ ဘယ်လူ က ပြောလဲ ” 


သူတော်ငတေ က သူတို့ ရွာ ကိစ္စ ကို မပြီးသေးဘူး ဟု ဆိုလာ ပြန်လေ သော အခါ ရွာလူကြီး သုံးယောက် မှာ ရင်ထိတ် သွားကြပြန်သည် ။


“ ဒီကနေ့ ည က စပြီး ရွာ ထဲ ကို ပိတုန်း တစ်ကောင် မှ ဝင် မလာတော့ဘူးလေဗျာ ။ နောက် ဘာ လုပ်ရဦးမလဲ ” 


ဦးသံတိုင် က  သူတော်ငတေ သည် သူတို့ အား နောက်ထပ် ဘာများ လုပ် ခိုင်း ပြန်ဦး မည်နည်း ဟု စိုးရိမ်စိတ် နှင့် မေး လိုက်၏ ။


“ ခင်ဗျားတို့ ဘာ လုပ်ရမယ် ဆိုတာ ကျုပ် လည်း တိတိကျကျ မသိသေး ဘူးလေ ။ ဟို ပါမောက္ခကြီးတွေ က တော့ တန်ပြန်ရမယ် ဆိုလား စောစောတုန်း က  အဟော ထွက် တဲ့ ပါမောက္ခကြီး လုပ်ပါဦး ဘာတဲ့တုံး ” 


သူတော်ငတေ က သူ့ တပည့်တွေ  ဘက် လှည့် ကြည့်၍ မေး လိုက်ပြန်၏ ။


ထိုအခါ စောစောက ဘာမှန်း မသိ ရွတ်ပြ နေသော ဒေါင်းသိန်း ဆို သည့် သူငယ် က


“ သူဝင် ငါပျောက် ၊ အစာထောက် ၊ တစ်ယောက်မကျန် ၊ ပြန်တန်ပြန် ”  


ဆိုသည် ကို ပြန်ရွတ်ပြ ပြန်သည် ။ 


“ ကဲ ကိုသံတိုင် ရေ ၊ ပါမောက္ခကြီး က တန်ပြန် ရမယ် လို့ ဆိုတယ်လေ ဗျာ ။ အဲဒီတော့ သူ အဟော ထွက် သလို တန်ပြန်ရ ဦးမှာပဲ ၊ ဟုတ်တယ် မဟုတ်လား ဆရာဒေါင်း ” 


“ ဟုတ်ပါတယ် ဒီကိစ္စ တန်ပြန် ရိုက် မှ အဖြေ ပေါ် မှာပါ ” 


“ အဲဒါဆို ဘယ်တော့ တန်ပြန် ရိုက် ရမလဲ ဦးသူတော် အမိန့်ရှိပါ ခင်ဗျား ” 


ဤ စကား ကို ဦးကံညွန့် က ဝင် မေးသည် ။


“ အိမ်း ၊ တန်ပြန်ကိန်း ဆိုတာ က တော့ မိုးပေါ် မှာ ရေ ကြီးတော့ ၊ ဗုံ တီး ပြီး လှေလှော် ၊ ရွာသူမ ပေါင်ပေါ် မှာ ဖိုးသူတော် ရေချိုး ဆိုပါလား ဗျာ ။ ဟဲ ဟဲ ငတေ တို့ များ ရွာသူမ ပေါင်ပေါ် မှာ ရေချိုးရမယ် တဲ့ ။ ကောင်းလိုက်တဲ့ ကိန်းခန်း ၊ လမ်း ထဲ ချော်လဲ ရွှေတစ်ပဲ ဆိုတဲ့အတိုင်းပဲ ဟဲဟဲ ”  


ရွာသူကြီး သုံးယောက် မှာ သူတော် ငတေ ဘာတွေ ရွတ်၍ ဘာကိန်း ဆိုက် နေသည် ကို မသိ သဖြင့် သူတော်ငတေ ကို သာ ကြောင် ကြည့် နေကြရ ပြန်သည် ။


“ ဟဲ ဟဲ ၊ ဟန်ကျလိုက်တာ ။ ငတေ တို့ များ ဇာတာစန်းလဂ် တက် လာ လိုက် ဟီး ဟီး ဟား ဟား မိုးပေါ် မှာ ရေကြီး လို့ ဗုံတီးပြီး လှေ ကို လှော် ၊ ရွာသူမ ပေါင်ပေါ် မှာ ငတေ နော် ရေချိုး တဲ့ ဗျ ” 


“ ဘာ အဓိပ္ပာယ်လဲဗျ ဦးသူတော် ” 


သူတော်ငတေ က သူ့ ဘာသာ သူ ရေရွတ်ပြီး တဟီးဟီး တဟားဟား လုပ်နေသည် ကို ဦးသံတိုင် မှာ စိတ် မရှည်ချင် သလို ဖြစ်လာ သဖြင့် မေးလိုက်ရ ပြန်၏ ။


“ ဘာအဓိပ္ပာယ်လဲ ဆိုတာ နောက် တော့ ခင်ဗျားတို့ သိလာပါလိမ့်မယ် ။ အရေးကြီးတာ က ခင်ဗျား တို့ အလုပ် ခင်ဗျားတို့ ဆက် လုပ်ကြရမှာပဲ ”  


“ ဟုတ်ကဲ့ ၊ ဦးလေးတို့ ဘာ ဆက် လုပ်ရမလဲ ဦးသူတော် ပြောပြပါ ”   


တစ်ချိန်လုံး ငြိမ် ကြည့် နေသော ဦးထွန်းပေါ် က ဝင် မေးလိုက်၏ ။ 


“ ဦးလေးတို့ က ဘာ ဆက် လုပ်ရမှာလဲ ဆိုတော့ တန်ပြန်ရာသီး သုံးလုံး လို လာ ပြန်ပြီ ဦးလေး ရယ် ” 


“ တန်ပြန်ရာသီး ဆိုတာ ဦးလေး တို့ တစ်သက် တော့ မကြားဘူးတာ အမှန် ” 


“ တန်ပြန်ရာသီး ဆိုတာ လည်း မနေ့ က လို ပဲ ဦးလေး ရယ် ၊ ဦးလေးတို့ က ငယ်ငယ် က ပင် မိရိုးဖလာ အတိုင်း သံပရာသီး ၊ သံပရာသီး ပဲ ခေါ်လာကြ တော့ သူ့ မူရင်း တန်ပြန်ရာ မှာ သုံးလို့ ရလို့ တန်ပြန်ရာသီး လို့ ရှေးပညာရှိ များက ခေါ်ခဲ့ကြတော့ မူရင်း အမည် ကို ဘယ် သိတော့မလဲ ။ အဲဒါ ခု တန်ပြန် ဖို့ ၊ တန်ပြန်ရာ မှာ သုံးဖို့ တန်ပြန်ရာသီး သုံးလုံး လိုပါလိမ့်မယ် ” 


“ ဦးသူတော် ပြောတဲ့ တန်ပြန်ရာသီး က တော့ ရွာ မှာ ပေါပါတယ် ခင်ဗျား ” 


“ ဟုတ်ပါတယ် ၊ ကျုပ်တို့ ကျောင်း နောက် မှာ တောင် ခု အသီးတွေ ရှိမယ် ထင်ပါတယ် ” 


ဦးကံညွန့် ၏ စကား ကို သူတော် ငတေ က ပြန် ပြောပြီး သူ့ တပည့်များ ဘက် လှမ်း၍ ကြည့် လေရာ သူ့ တပည့် တစ်ယောက် က


“ ကျောင်း ခေါင်းရင်းဘက် ချောင် ထဲ မှာ ရှိပါတယ် ဘဘ ” 


ဟု လှမ်း ပြောလိုက်၏ ။


“ ကဲ ၊ ဒါဆို ဟုတ်ပြီ ကိုသံတိုင် ”  


“ ခင်ဗျာ ” 


“ ခင်ဗျာတွေ ဘာတွေ လုပ် မနေနဲ့ ။ ခု ကြုံတုန်း လူကြီးမင်းများ ကို တန်ပြန်ရာသီး ဆိုတာ

ဘယ်လောက် ဆေးဖက် ဝင်တယ် ၊ လူကြီးမင်း တို့ အတွက် ဘယ်လောက် ထိ အကျိုးရှိမယ် ဆိုတာ ကို ကျုပ် တစ်ခါတည်း ပြော လိုက်ချင်လို့ပါ ” 


“ ဟုတ်ကဲ့ ၊ ကျွန်တော်တို့ က လည်း ဦးသူတော် ပေး တဲ့ ဆေးနည်း ကို လိုချင်ပါတယ် ” 


“ အေး ၊ လိုချင်ရင် မသေမချင်း သာ မှတ် သွားတော့ တန်ပြန်ရာသီး ကို သာ ခင်ဗျား တို့

ရွာသား တစ်ယောက် ယောက် က ခေါင်းအုံး အောက် မှာ ထား အိပ်မိရင် ဟိုည ဟိုည တွေ တုန်း ကလို ရွာ ထဲ ကို ပိတုန်းတွေ တောင် ဝင်လာ နိုင်စရာ အကြောင်း မရှိဘူးဗျ ။ ခုတော့ ရွာ မှာ ဒီလောက် ပေါများ နေတဲ့ တန်ပြန်ရာသီး ကို ဘယ်သူမှ အသုံးချရ ကောင်းမှန်း မသိ ကြ တာ ထိုင် ငိုချင်စရာ မကောင်းဘူးလား ” 


“ မသိကြလို့ ကိုး ဗျ ဦးသူတော် ရာ ”  


“ မသိရင် သိတဲ့ တတ်တဲ့ လူတွေ ကို ပြောတာ မှတ်ထားရမယ် ကိုသံတိုင် ရဲ့ ” 


“ ဟုတ်ကဲ့ ၊ မှတ်သားပါ့မယ် ခင်ဗျာ ” 


“ မှတ်သားပါ့မယ် ဆိုတာ ခင်ဗျား တန်ပြန်ရာသီး ကို နေ့တိုင်း ခေါင်းအုံး အောက် ထား အိပ် ၊ ဘယ် သူခိုး ၊ ဘယ် ဓားပြ ၊ ဘယ် အမှောင့် ပယောဂ လာလာ ခင်ဗျား ချက်ချင်း နိုး လာလိမ့်

မယ် ။ အဲဒီထက် ကောင်းတဲ့ ဆေး ရှိဦးမလား ” 


“ မှန်ပါ ၊ အလွန် ကောင်းတဲ့ ဆေးမြီးတို ပါ ပဲ ဦးသူတော် ” 


“ ဗျာ ၊ ဆေးမြီးတို ဟုတ်လား ” 


“ မဟုတ်ဘူးလား ”  


“ မဟုတ်ဘူး ”   


“ ဒါဆို ” 


“ သံပရာသီး ပါ ဆို ဘယ်က အတို ဖြစ်ရမှာလဲ ။ ဆေးမြီးလုံး ဗျ ။ ဆေးမြီး လုံး ဟဲဟဲ  ” 


သူတော်ငတေ ၏ စကား ကို သူ့ တပည့် သုံးယောက် က ပါ လိုက် ရယ် ကြ၏ ။


“ ကဲ ၊ ဆရာလေး တို့ လည်း ရယ် ချည်း မနေကြနဲ့ဦး ။ တစ်ကိုယ်လုံး လည်း မီးသွေးတွေ ဗရပွ နဲ့ ဖုန်ပြိတ္တာ သရဲတစ္ဆေ တွေ ဖြစ်ကုန်ကြပြီ ။ ရေ သွား ချိုးလိုက်ကြတော့ ” 


သူတော်ငတေ က ပြောလိုက်သည် မှာ လည်း အမှန် ပင် ဖြစ်သည် ။


သူ့ တပည့် သုံးယောက် မှာ မီးသွေးသင်ပုန်း နှင့် တစ်မနက်လုံး တွက်ချက် နေကြရရာ သင်ပုန်း ဆီ အစာ တင် ထားသော မီးသွေးတွေ ပေကျံ ကာ မျက်နှာ မှာ လည်း မီးသွေးကွက် တွေ နှင့် ဖြစ် နေ ကြသည် ။


◾ဝေယံလင်းခေါင်


📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment