ကံကြမ္မာ ဘဝ ဆိုးလှတဲ့ ကျွန်တော် မောင်သာကဒိုး အား အချို့သော ပုဂ္ဂိုလ် တို့ အထင်တော် ကြီးကြသည် ကို တွေ့ရသောအခါ ကျွန်တော် သည် ဟက်ဟက်ပက်ပက် ကြိတ် ၍ ရယ်မောမိလေပါသည် ။ ဒီကောင် တယ် မခေ ဘူး ။ စာတတ်ပေတတ်ကလေး နဲ့ တူ ရဲ့ ဟု ထောမနာသံများ ကို နား နှင့် ဆတ်ဆတ်ကြားဖူး ရာ ကျွန်တော် ရှက်များပင် ရှက်မိပါတော့သည် ။ ဘယ့်ကြောင့် ဆိုသော် မခေဘူး သာ ဆိုကြတယ် ။ ဒီကောင် ဘယ်လောက် ညံ့သည် ကို ဒီကောင် နဲ့ ဒီကောင့် ကိုယ်စောင့်နတ် ပဲ သိ၍ ပင် ဖြစ်ပါသည် ။ ကျွန်တော် ၏ ပညာအရည်အချင်း ကို ဟုတ်မှန်ရာ အစီရင်ခံရ မှာ ကျွန်တော် အင်မတန် ရှက် လှပါသည် ။ ကျွန်တော် ၏ အခြေခံပညာ အခြေအနေ ကို ကျွန်တော် မပြောရဲပါ ။ နောင်လည်း ဘယ်တော့မှ မပြောရအောင် ရှောင်ကြဉ်မည် ဖြစ်ပါသည် ။ ပညာရဲရင့် မှ ပွဲလယ်တင့် ဆိုသလို ပညာ မရဲရင့်နိုင်သော ကျွန်တော် သည် အဘယ်မှာ လျှင် ပွဲလယ် တွင် တဝင့်ဝင့် တင့် အောင် ဟုတ်သမျှ လှစ်ဟ ရဲပါမည်နည်း ။
သို့ကလို မှန်ရာ ကို မဆိုရဲ အောင် ပင် ကျွန်တော် သည် ပညာဘက် ၌ နိမ့်ကျ ညံ့ဖျင်း ခဲ့ပါသည် ။ ဒါကိုလည်း ကျွန်တော် သည် ကံ ကို ပဲ လွှဲချ ရ လေမလား မသိ ။ ကျွန်တော် ၏ မိဘဆွေမျိုး တို့ သည် စွမ်းနိုင်သမျှ ငါ့ တူ ငါ့ သား ပညာ ရစေတော့ ဟု ထောက်ပံ့ အားပေး ထိန်းသိမ်းကွပ်ကဲ ၍ ပညာယူစေခဲ့ပါလျက် နှင့် ကျွန်တော် ကား ပညာ ညံ့ခဲ့ ဖြစ်ရာ တွေးမိတိုင်း အသည်းနာ စရာကြီး ဖြစ်နေရပါသည် ။ ကျွန်တော် က လည်း သင်ဖော် သင်ဘက် သက်တူ ရွယ်တူများ ကို အားကျ မခံ စွမ်းအား ရှိသမျှ ကြိုးစားခဲ့ရိုး လည်း အမှန်ပင် ဖြစ်ပါသည် ။ သို့စဉ်လျက် ဘယ့်ကြောင့်ပညာအရာ ၌ နိမ့်ကျရဘိ သနည်း ၊ အကြောင်းကား ရှိပါသည် ။ ထိုအကြောင်းမှာ ကျွန်တော် အထက် အထက် က လက်ညှိုး ထိုး၍ ထိုး၍ ချောက်ကောင် အဖြစ် ညွှန်ပြခဲ့သော ချာတူးလန် လက်ရေး ဒုက္ခ ပင် ဖြစ်ပါတော့သည် ။ လက်ရေး ညံ့တာ နဲ့ မင်း ပညာ ညံ့ရတယ် ဆိုတာ သိပ်တော့ ဆိုင်ပေါင်ကွာ .. ဟု အချို့သော ပုဂ္ဂိုလ်တို့ က ဆိုချင် ဆိုမည် ထင်ပါသည် ။ ဆိုင်ပါသည် ခင်ဗျား ၊ ဆိုင်ပါသည် ။ ကျောင်း ၌ အစမ်းစာမေးပွဲ များ၌ လည်းကောင်း ၊ စာမေးပွဲကြီးများ ၌ လည်းကောင်း ၊ ကျွန်တော် ဖြေ လိုက် သော အဖြေလွှာများ ကို ဖတ်ရှုရသော စာစစ်ပုဂ္ဂိုလ်များ သည် စစ်ရင်း စစ်ရင်း သည်းမခံနိုင် ဖြစ်ကြလေသလား မသိ ၊ ကျွန်တော် ဖြေတိုင်း ဖြေတိုင်း အများအားဖြင့် “ ဘဲဥ ” ဆု သာ နှင်းကြပါတော့သတည်း ။
ထို့ကြောင့် ကျွန်တော့်မှာ တစ်တန်း မှ တစ်တန်း သို့ တက်ရန် နှစ်လ များစွာ ကုန်ဆုံးမှ အောင်ရပြီး ၊ ပညာအရာ တွင် မပြောရဲအောင် ညံ့ခဲ့ရခြင်း ဖြစ်ပါသည် ။ ထို့ကြောင့် လည်း ကျွန်တော် ခံစားနေသော လက်ရေး ဒုက္ခဆိုးကြီးမှာ ယခု တွေ့ကြုံရသော ဒုက္ခ မဟုတ် ၊ ဟို .. ငယ်စဉ် တောင်ကျေး အကလေး ဘဝတည်း က တစိမ့်စိမ့် ကြိတ်၍ မှိတ် ခံလာခဲ့ရသော ဒုက္ခပြဿနာကြီး ပင် ဖြစ်ပါတော့သည် ။ လက်ရေး ညံ့မည်သာ ညံ့ရသည် ။ ကျွန်တော် ဝါသနာ ထုံပြီး လက်ရှိ အသက်မွေးဝမ်းကျောင်း ပြု နေသော အလုပ် မှာ စာပေအလုပ် သတင်းစာအလုပ် ဖြစ်နေလေရာ ကျွန်တော် ၏ ဘဝ ဖန်လာပုံမှာ ဒေါသ ထွက်စ ရာလည်း ကောင်း ၊ ကြေကွဲဝမ်းနည်းစရာ လည်း ကောင်း နေပါတော့ သည် ။ ကျွန်တော် ပထမ ဝါသနာအလျောက် ဂျာနယ်ကျော် တွင် ဆောင်းပါး တို ဝတ္ထုတိုကလေးများ ရေးသားစဉ် က ရေးသားပြီး သမျှ ကျွန်တော် ၏ ညီဝမ်းကွဲကလေးအား နှုတ် ဖြင့် ကြောင်းကာ ပြန်လည် ရေးခိုင်းပြီး ပေးပို့၍ ထို လက်ရေးပြဿနာ သည် မကြုံခဲ့ရပါ ။ ထို့နောက် ရှုမဝ ပေါ်လာပြီး ကျွန်တော်ဝတ္ထုတိုများ ရေး လာရာတွင် လက်ရေး ဒုက္ခ ပြဿနာ သည် ကြီးစွာ ဒုက္ခ ပေး လာပါတော့သည် ၊ ထိုစဉ်က ရှုမဝ တွင် လူစွာ လုပ်နေသော ငွေဥဒေါင်း က ..
“ ကိုယ့်လူ ဝတ္ထုတွေ ဟာ အရေးအသားမ ညံ့ဘူး ။ ဗမာပြည် မှာ ဟာသ ရေးတဲ့ လူ နည်းတော့ ... ကိုယ့်လူ အများကြီး ဟန်ကျစရာ ရှိတယ်.. ။ ကြိုးစား ပါ ” ဟု အားပေး စကား မိန့်ကြားတော်မူရာ ကျွန်တော် လည်း အားရဝမ်းသာ ...
“ ဒီလိုဆို ကြိုးစားပေါ့ဗျာ ... ဘယ်နေလိမ့်မလဲ ... ဒါဖြင့် ကျွန်တော် ပေး ထားတဲ့ ဝတ္ထု နှစ်ပုဒ် ကြိုက်တယ်ပေါ့ ... မဂ္ဂဇင်း မှာ ပါမယ်ပေါ့ ”
ဤတွင် ငွေဥဒေါင်း လည်း သူ့ ထုံးစံအတိုင်း မျက်ခုံး တစ်ချက် နှစ်ချက် ချီ ၊ ဟန်ပါပါ ဆေးပြင်းလိပ်ကို တစ်ဖွာ ၊ နှစ်ဖွာ ဖွာတဲ့ ၍ လေးနက်စွာ စဉ်းစားတွေးတော နေဟန်ဖြင့် ခေတ္တမျှ နေ လိုက်ပြီး ...
“ အိမ်း ... အဲဒါ ပြောရ တော်တော်ကျပ်တယ် ... မောင်ရင့် ဝတ္ထု နှစ်ပုဒ်လုံး အရေးအသားလည်း ကောင်းတယ် ၊ ကြိုက်လည်း ကြိုက်တယ် ... မဂ္ဂဇင်း ထဲ ထည့်ဖို့ လည်း ဆုံးဖြတ်ထားတယ် ... ဒါပေမဲ့ .. ”
ကျွန်တော်လည်း ဂစ်ခနဲ တံတွေး မျိုချ မိပြီး ...
“ ဟုတ်ကဲ့ .. ဟုတ်ကဲ့ ”
“ ပယ်တယ် ”
“ ခင်ဗျာ ”
“ မခင်ဗျာ နဲ့ ဗျ ၊ မောင်ရင့် လက်ရေး က .. ရှာမှ ရှားအောင် ဆိုးဝါးလှလို့ ဗျ ၊ ဝတ္ထုကြိုက်ပေတဲ့ ကိုယ့် လူ ဝတ္ထု ကို စီ နိုင်တဲ့ စာစီသမား ရှုမ ဝမှာ မရှိသေးလို့ ... ပယ်ရတာပါ ခင်ဗျ ”
ကျွန်တော် လည်း ကိုယ့် ပေါင် ကိုယ် ထောင်း၍ပင် သေလိုက်ချင်ပါ တော့သည် ။ ဦးကျော်က လည်း သူ့ ထုံးစံအတိုင်း လေအေးကလေး နှင့် ...
“ ဟုတ်တယ်ဗျာ ... ဒီအတိုင်း ဖြစ်နေတယ် ... ဝတ္ထု ကို သဘောကျပြီး သားပဲဗျာ ... ခင်ဗျားလက်ရေး က ဆိုးလွန်းတော့ .. ရှုမဝ မှာ ခင်ဗျာ့ လက်ရေး စီ နိုင်မယ့် စာစီသမား သတ်သတ် ရှာ မထားနိုင် တော့ ခက်နေတာပေါ့ ဗျာ ”
ကျွန်တော် လည်း ဟစ်၍သာ ထိုင် ငိုချင်ပါတော့သည် ။ ကျွန်တော် ၏ တက်သစ်စ ကလောင်စ ကို ကျွန်တော် ၏ လက်ရေး က ပင် ဦးချိုး ဖျက်ဆီး နေတော့သည် တကား ။ ကျွန်တော်က ပင် ..
“ ဒါဖြင့်ဗျာ .. ဘယ်လို လုပ်ရမှာလဲဗျာ ”
ဦးကျော် လည်း ခေါင်း ကို တစ်ဂျစ် ၊ နှစ်ဂျစ် ကုပ်၍ ...
“ ဖြစ်နိုင်တဲ့ လမ်း က တော့ ... ခင်ဗျား ဝတ္ထု ကို တစ်ယောက် ယောက် ကူးခိုင်း ။ ဒါမှ မဟုတ်ရင် လက်နှိပ်စက်လေး ဘာလေး နဲ့ ရိုက်ပြီး ပေးပါ ဗျာ .. ခင်ဗျား လက်ရေး ကို စာစီသမားတွေတော့ မပြောနဲ့ ကျုပ်တို့ ဖတ်တာ တောင် ... ချွေးဒီးဒီး ကျတယ်ဗျာ ”
ကျွန်တော် လည်း ကော်ပီများ ကို ပြန်ယူကာ ခွေယိုင်ဖေမှိုင် ၍ ပြန်ခဲ့ ရပါတော့သည် ။ ကျွန်တော်လ ည်း ကျွန်တော့်ဝ တ္ထုများ ကို ဒုက္ခ ခံ ကာ ရေး ကူး ပေးမည့်သူ ၊ သို့မဟုတ် စွန့်စား၍ လက်နှိပ်စက် ရိုက်ပေးမည့် လူစွမ်းကောင်းများ ကို ရှာဖွေရပါ တော့သည် ။ ဤတွင် ကျွန်တော် ၏ ဝတ္ထုများ မှာ လူ့ပြည် ချလျှင် မီးလောင် ၊ သမုဒ္ဒရာ ချလျှင် ရေခန်း တတ်သည် ဆိုသော ဗြဟ္မာကြီး ဦးခေါင်း လို ဖြစ်နေပါတော့သည် ။ ဘယ့်ကြောင့်ဆိုသော် ကူညီရန် မေတ္တာရပ်ခံရ သူတို င်း “ သိပ်စိတ်ညစ်တာပဲဗျာ ... ဖတ်မရဘူးဗျာ ” ဟု ဆိုကာ ဝမ်းနည်းစွာ ပြန်ပြန် ပို့သည် ကို ခံယူရ၍ ပင် ဖြစ်ပါတော့သည် ။ ထိုအချိန်က ကျွန်တော် ၏ စိတ်ထိခိုက်မှု ကို အတိုင်းအဆ ဖြင့် မဖော်ပြ နိုင်အောင်ပင် ရှိပါ တော့သည် ။ သို့သော် ကံကောင်းလေး တစ်ခု ထောက်မလာခဲ့သည် မှာ ပရီးမီးယားဆံသဆိုင် မှ မန္တလေးကိုကျော်ခင်ကြီး က ကျွန်တော့် ဖြစ်ထွေ ကို သနားပြီး သူ့ အသက် ကို ပဓာန မထားဘဲ စာမူများ သူ့ လက်ရေး ဖြင့် ကူးပေး ခြင်း ပင် ဖြစ်ပါတော့သည် ။ ထို့ပြင် အမျိုးသမီး သူရဲကောင်း နှစ်ဦး ကို လည်း ရှာဖွေ တွေ့ရှိလာပါတော့သည် ။ ၎င်းတို့ မှာ ပါလီမန်လွှတ်တော် မှ ထိပ်တင်စု နှင့် ကောက်ပဲသီးနှံရုံး မှ မရှုခင် ခေါ် မခင်ဦး တို့ ဖြစ်ပြီး တစ်ခါ ၊ နှစ်ခါ ကျွန်တော်က ကြောင်းပေးကာ မျှ နှင့် သူတို့လည်း ကျွန်တော့် လက်ရေး ကို ဖတ်နိုင် လာကြကာ ကျွန်တော့် ဝတ္ထုများ ကို သူတို့လည်း အသက် ဆံဖျား စွန့်စား ၍ လက်နှိပ်စက် ရိုက်ပေးကြပါသည် ။
ဤတွင် လက်ရေး ဒုက္ခ မှာ အတော်အသင့် အေးသွားသည် ဟု ဆို တော့ ဆိုနိုင်ပါသည် ။ သို့သော် ကျွန်တော့် မှာ စဉ်းစားရ ပြန်ပါတော့သည် ။ ကျွန်တော့် လက်ရေး ဒုက္ခဆိုး ကို ထို ပုဂ္ဂိုလ်များ ကူညီကြရာ ၌ ဤသို့ အမြဲတမ်း တစ်သက်လုံး ကူညီစေနိုင်ကြပါမည်လော ဟူသော အချက် ပင် ဖြစ်ပါ သည် ။ ဘယ်မှာလျှင် တစ်သက်လုံး လုပ်ပေးနိုင်ကြပါမည်နည်း ။ လုပ်မပေး နိုင်သော် ဘယ်သို့ ပြုရအံ့နည်း ။ ထို ကိစ္စကြီး မှာ အေးမယောင် ဖြင့် ပူ လာပြန် ကာ ခေါင်းခြောက်အောင် စဉ်းစားရ ပြန်ပါတော့သည် ။ သတင်းစာနယ် မှ ဆရာကြီး ပီမိုးနင်း ၊ မြန်မာ့အလင်း ဦးထွန်းရှိန် ( ယခု စစ်ရုံး ) စသည်တို့ လည်း ဖတ်ရသူ ကျန်းမာရေး ကို ထိခိုက်လောက် အောင် လက်ရေး ဆိုးကြသည်ဟု ကြားဖူးပါသည် ။ ထို ပုဂ္ဂိုလ် တို့ ၏ လက်ရေးများ ကို ဘယ်သို့ စီခဲ့ကြသည် နည်း ဟု လိုက်၍ သုတေသန လုပ်ရာ တွင် ထို ပုဂ္ဂိုလ်များ လက်ရေး ကို စာစီ ဆရာ တို့ စီ နေကျ လာသောအခါ အမှား မပါအောင် စီနိုင်လာကြသည် ဟု သိပါတော့သည် ။
ဤတွင် သာကဒိုး လည်း ကိုယ့် လက်ရေး ကို စီနေကျ ပြီး မျက်မှန်း တန်းမိ လာအောင် တဖြည်းဖြည်း ဆွယ်ယူမည် ဟု အကြံ ပေါက်မိလာပါ သည် ။ ဤသို့ လက်ရေး ကို မျက်မှန်းတန်းမိအောင် ကိုယ့် လက်ရေး မူ ကိုပင် ဒုတိယ အကြိမ် အချောကူး ၍ ပေးမှ ဖြစ်နိုင်မည် ဖြစ်ပါသည် ။ စာရေးဆရာများ သည် စာ ရေးသောအခါ လက်ရေးလက်သား ကို ဂရုစိုက် မနေနိုင်ဘဲ စိတ် ပါ လျှင် ပါသလို တရကြမ်း ရေးချကြမြဲ ဖြစ်ပါသည် ။ သာကဒိုး လည်း ဤသို့ ရေး၍ ပင် ဒုက္ခတွေ့နေခြင်း ဖြစ်ရာ ကိုယ် တရကြမ်း ရေးထားပြီးသော ဝတ္ထုမူ ကို ကိုယ့် လက်ရေး ဖြင့်ပင် အချောပြန် ကူးပေးပြီး စာစီဆရာများ လက်ရေး မျက်မှန်းတန်း မိအောင် ဆွယ်ယူရပါတော့သည် ။ ထိုနည်းသည် နည်းနည်းတော့ နိပ်တိပ်တိပ် ရှိပြီး စာစီဆရာ တို့ လက်ခံသင့်သလောက် လက်ခံ လာ ကြသည်ကို တွေ့ရ သဖြင့် ဝမ်းသာ လာရပြန်ပါသည် ။ သို့သော် စာရေးဆရာ ချင်း အတူတူ ကိုယ် က ဘဝ ဆိုး ကာ လက်ရေး နှစ်ဆင့် ကူးပြီး ပေး နေရသည် မှာ ရင်တော့ အောင့်လှသဗျာ ။
သို့အတွင်း ‘ ကြေးမုံ မဂ္ဂဇင်း ’ ပေါ်လာခဲ့ပါသည် ။ ကြေးမုံမဂ္ဂဇင်း မှ ကျွန်တော် ၏ ဝတ္ထုများ ကို လစဉ် အလိုရှိသည် ဆိုရာ ကျွန်တော် ကြိုးပမ်းရေး ပေးခဲ့ပါသည် ။ ကြေးမုံမဂ္ဂဇင်းတိုက် မှာ သာကဒိုး လုပ်ကိုင် မှီခို နေသော အိုးဝေတိုက် အနီး၌ ကပ်၍ တည်ရှိရာ ကိုယ့် ဝတ္ထု ကို တတ်နိုင်သမျှ အမှား နည်းအောင် ကိုယ်တိုင်ပင် စာ ပြင် ပြင်ပေးပါသည် ။ ထိုသို့ ပြင်ပေးရာ ၌ တစ်နေ့ စာပြင် ၍ နေစဉ် နံရံခြားသော စာစီခန်း အတွင်း မှ ...
“ ခက်တယ်ကွာ .. ဒီ သာကဒိုး ဆိုတဲ့ ငနဲ ဟာ .. လူ ကြည့်တော့ သန်သန်စွမ်းစွမ်း ပါ ပဲ ... လက်ရေး ကျတော့ ဘယ့်နှယ်များ ဒုက္ခိတ လက်ရေး ဖြစ်နေရ သလဲ မသိဘူး ”
“ အေးကွာ .. တို့မှာ မရှိလို့ စာစီစား နေရတဲ့ ဥစ္စာ ၊ ဒီကောင့် လက်ရေး သာ လစဉ် စီ နေရရင် တို့တော့ အသက်တို ကုန်လိမ့်မယ် ထင်တယ် ”
ထို အသံများ ကို ကြားရပြီး ကျွန်တော် လည်း ပြင်းစွာ တုန်လှုပ်ကာ ကတုန်ကယင်ကြီး ဖြစ်သွားမိပါတော့သည် ။ သူတို့ သည် ကျွန်တော့် လက်ရေး အတွက် ဘယ်မျှ စိတ်ဒုက္ခ ရောက်နေကြသည် ကို နား နှင့် ဆတ်ဆတ် ကြားမှပင် သိရပါတော့သည် ။ စာစီဆရာများ သည် ကျွန်တော် မရှိဘူး ထင်၍ အတင်း ပြော နေသလော ၊ သို့မဟုတ် သိလျက်ကပင် ရှောက်မြင်ကပ် ၍ တမင် ပြောသလော ဟူသည် ကို ကျွန်တော် ယနေ့တိုင် မသိရသေးပါ ။ ထိုစဉ်က ကြေးမုံမဂ္ဂဇင်း စာစီဆရာများ သည် ဘယ်မျှ ကျွန်တော့် လက်ရေး ကို ကြောက်လန့်ကြသနည်း ဟူမူ ကျွန်တော့် လက်ရေး စီရန် တာဝန်ကျသူများ သည် ကျွန်တော် ဖျားလို့ပါ ဟူ၍ လည်းကောင်း ၊ အမေ နေမကောင်းလို့ပါ ဟူ၍ လည်းကောင်း ၊ အကြောင်းတွေ အမျိုးမျိုး ပြပြီး ခွင့်ယူကာ လစ်တတ်ကြ လေရာ ကြာသော် ကြေးမုံ အယ်ဒီတာအဖွဲ့ဝင်များ ခေါင်းခြောက်ရသည့် အဖြစ် ရောက်ကုန်လေပါ သည် ။ ကျွန်တော့် လက်ရေး ဒုက္ခ မှာ ထိုမျှပင် ပြောမယုံ ကြုံဖူးမှ သိမည် ဆိုတာမျိုး ဖြစ်နေပြီး ဘယ်လိုမှ အဖတ်ဆယ် မရ နိုင်ရသည့် အခြေ ဆိုက်နေတော့ရာ ကျွန်တော့် မှာ လည်း ကိုယ် ရှေ့ရေး အတွက် တွေးမိတိုင်း ရင်လေး နေရပါတော့သည် ။ ထိုစဉ်က ပုံနှိပ်တိုက် မှ စာစီဆရာ တို့ ဘယ်ကြောင့် ခဏခဏ ဖျားကြသည် ကို အယ်ဒီတာအဖွဲ့ဝင် တက္ကသိုလ် နေဝင်း တို့ ၊ သန်းဆွေ တို့ မတွေးတတ် ဖြစ်နေခဲ့ရာ ခုတော့ဖြင့် အကြောင်း အစစ် ကို သိကြရောပေါ့ ခင်ဗျာ ။
ထိုစဉ် အတွင်း အိုးဝေတိုက် သို့ ရောင်းရင်းဘက် ကလောင် ရဲဘော်ကြီး သာဓု သည် တစ်နေ့၌ ပေါက်လာကာ “ ဟေ့ သာကဒိုး .. ငါ ( သစ္စာ ) ဆိုပြီး မဂ္ဂဇင်း ထုတ် မလို့ ... ဝတ္ထု ရေးပေးကွာ ” ဟု ဆို၍ လာရာ ကိုယ့် အကြောင်း ကိုယ် သာ သိသော သာကဒိုး မှာ သာဓု ၏ ရှေ့ရေး ကို တွေး၍ ရင်လေး သွား မိပါသည် ။ သာကဒိုး သည် ဝတ္ထု ရေးပေးရန် ဝန်မလေးပါ ။ သို့သော် ... ပြောမယုံ ကြုံဖူးမှ သိမည့် ကျွန်တော့် ဒုက္ခ ကို သာဓု အား ဝေခွဲ၍ မခံစေချင်ပါ ။
ဒါပေသိ သာဓု သည် ပြော ရမည့် လူစားမျိုး မဟုတ် သဖြင့် ကျွန်တော် လည်း သတင်းစာလောက ရှုပ်နည်းတစ်ခု ဖြစ်သော ကြွစောင်းစောင်း နိုင်ငံရေးသမား များ အား သတင်းထောက်များ က ဆုံးမပုံ ၊ ဆုံးမနည်း ကို သရုပ်ဖော် ကာ ‘ သ,တ်နည်း ’ ဟူသော အမည်ဖြင့် ဝတ္ထု တစ်ပုဒ် ရေးပေးလိုက်ပါသည် ၊ ( ထို သ,တ်နည်း ဝတ္ထု ကို ကွယ်လွန်သူ ကာတွန်းဝိဇ္ဇာကြီး ဆရာဦးဘဂျမ်း က ‘ တုတ်နည်း ’ ဟု အမည် ပြင်ရန် အကြံ ပေး ၍ ‘ တုတ်နည်း ’ အမည် ဖြ င့်ပင် သစ္စာ ၌ ပါခဲ့ပါသည် ။ ) ထို ဝတ္ထု သာဓု ယူသွားပြီး နောက် အင်း .. ငနဲ တော့ ငါ့ ဆီ ပြန် ပြေးလာပြီး ဆဲဦးမှာပဲ ဟု တွက်ကာ တတ်နိုင် သမျှ ရှောင် နေခဲ့ပါ သည် ။ သို့ ရှောင်နေသော်လည်း ၄ ရက် မျှ အကြာ၌ မျှော်လင့်သည့် အတိုင်း သာဓု ကျွန်တော့် အိမ် သို့ ရှာဖွေ ၍ လိုက်လာ ကာ ...
“ ဟဲ့ .. သေချင်းဆိုး ... ရှာလိုက်ရတာကဘဲ ၊ ရော့ ကော်ပီတွေ .. ကိုယ့် စာ ကိုယ် ပြင်ပေး ... ဒီလောက်တောင် ဘဝ ဆိုးတဲ့ လက်ရေး တစ်ခါမှ တွေ့ ဖူးပါဘူး ။ ကိုယ့် လူ လက်ရေး ကို ဘယ် စာပြင်ဆရာ မှ တာဝန်ယူ ပြင်ပေး မယ့် လူ မရှိဘူး ... တကတဲ အော့ကြောကို လန်ရောပဲ ”
ဟု သူ့ ထုံးစံ အတိုင်း ဒရောသောပါး ပြောဆို ကာ ကိုယ့် ကံကြမ္မာ ကို ကိုယ် ဖန်ခိုင်းပါတော့ သည် ။ စာစီဆရာ တို့ သည် ရှင်းလင်းသော စာသားများ ကို သူတို့ စိတ်ကူး နှင့် လျှောက်စီ ထား ရာ က ဝတ္ထု သွား မှာ ဆက် မရအောင် ပျက်စီး နေတော့ ရာ သာဓု ချောက်ကျပြီး လာပြင် ခိုင်း ခြင်း ဖြစ်ပါသည် ။ စာပြင် ပေး ပြီး ၍ အပြန် တွင် သာဓု က ...
“ ကိုယ့် လူ ကို တော့ ကြောက်ပြီ နောက် တစ်သက်လုံး ကိုယ့် လူ ဝတ္ထု ဆို မယူတော့ဘူး ... ” ဟု သူ ၏ သန္နိဋ္ဌာန် ကို ထုတ်ဖော် ပြောဆို သွားလေပါသည် ။ ထို သန္နိဋ္ဌာန် မှာ သံမဏိသန္နိဋ္ဌာန် နှင့် တူပါ သည် ။ ဘယ့်ကြောင့် ဆို သော် သာဓသည် ကျွန်တော့် စာများ နောက် တွင် ဘယ်တော့မှ လက် မခံ တော့ပါ ။ သာဓု သည် ကျွန်တော့် လက်ရေး ကို စိတ် အနာကြီး နာပြီး ရိုးရိုး သန္နိဋ္ဌာန် ချရုံမျှ မက ဒီ ဘဝ ၌ ဒီ တစ်ခါပဲ ဒီကောင့် လက်ရေးမျိုး နဲ့ ဆုံတွေ့ရပါ လို၏ ။ ဒီကောင့် လက်ရေး ဆို ပါဏာတိပါတ ကံ ရှောင်သလို ရှောင်ကြဉ်ပါမည် ဟု မြတ်ဘုရား ရှေ့၌ ဆုတောင်းခြင်း ၊ သစ္စာဆိုခြင်းများ ပင် ပြုလေသလား ဟုပင် ကျွန်တော် ထင် မိပါတော့သည် ။
ထိုနည်းနှင်နှင် ပင် ပဒေသာမဂ္ဂဇင်း တွင် လည်း ကြုံတွေ့ရပါသေး သည် ။ ပဒေသာ တွင် ခင်မောင်ရီ အယ်ဒီတာ အဖြစ် လုပ်ကိုင် နေစဉ် က တစ်နေ့တွင် သာဒိုး အား “ ဟာသဝတ္ထုရေးပေးစမ်းပါ ...” ဟုဆိုလာလေ ပါသည် ။ သာကဒိုး လည်း အင်း ... ခင်မောင်ရီ တော့ ကံဇာတာ ညှိုးလာပြီ ထင်ရဲ့ ဒုက္ခတော့ တွေ့တော့မည် ဟု ဗေဒင်နည်း မပါဘဲ ကြို မြင်လိုက်ပါ သည် ။ ခင်မောင်ရီ ၏ ဆန္ဒ ကို သာကဒိုး သည် ကျွန်တော့် ဆရာ ဝန်ကြီး ဦးထွန်းဖေ ဖိလစ်ပိုင်ကျွန်း မနီလာမြို့တော် ရောက်စဉ် က ကြုံတွေ့ခဲ့သော အဖြစ်အပျက်ကို နာမည် မြှုပ်၍ “ တွေးလေ ... တွေးလေ ...” အမည် ဖြင့် ရေး ပေး လိုက်ပါသည် ။ ထို တွေးလေ တွေးလေ ဝတ္ထု သည် ပဒေသာတိုက်ကြီး ၏ ကံကြမ္မာ ကို ဘယ်သို့ ဖန်၍ ဘယ်မျှ ဒုက္ခ ပေး လိုက်သည်တော့ ကျွန်တော် မသိပါ ။ ကျွန်တော့် ဝတ္ထု ယူသွားပြီးနောက် ထပ်၍ ဝတ္ထု တောင်းဖို့ ဝေးရော့ ခင်မောင်ရီ ၏ မျက်နှာ ကိုပင် နောက်ထပ် မမြင်ရတော့ပါ ။ ကျွန်တော့် ဝတ္ထု နောက်ထပ် ထည့်လျှင် စာစီဆရာ တို့ က သပိတ်မှောက် မလိုလို အရေးဆို တိုက်ပွဲ ဝင်ကြသည်ဟူ၍ ကား သတင်းသန့်သန့် ကြားလိုက်ရပါသတည်း ။ အင်း ... အနိစ္စ ... ဒုက္ခ ။
ယင်းသို့လျှင် ကျွန်တော် ၏ ဘဝဇာတ်လမ်း တစ်လျှောက် ၌ အမျိုးမျိုး ဂြိုဟ်မွေ့ နေသော လက်ရေး ဒုက္ခဆိုးကြီး ကြောင့် ကလောင်သမား တစ်ဦး အနေဖြင့် မဂ္ဂဇင်းလောက ၌ တွေ့ကြုံရပုံ ဒက္ခအဖုံဖုံ ကို ရေးပြ ရ လျှင် ဆုံးနိုင် မည်မထင်ပါ ။ ထို့ပြင် အထက် အထက် က ဖော်ပြရေးသား ခဲ့သော အိုးဝေတိုက် သတင်းထောက်ဘဝ , အယ်ဒီတာဘဝများ တွင် လက်ရေး ကြောင့် စာမားကာ ချောက်ကျပုံများနည်းတူ မဂ္ဂဇင်းလောက ၌ လည်း စာ မှားကာ ချောက်ကျရပုံများ ကို တစ်ကွက်စီ - တစ်ကွက်စီ ရေးသား တင်ဆက်ရပါ လျှင် ဇိနတ္ထပကာသနီ စာအုပ်ကြီး တစ်အုပ်စာ မျှ ပင် ရလိမ့်မည်ဟု ကျွန်တော် ထင်ပါသည် ။ ထို့ကြောင့် အကျယ် ကို မဆိုချင်တော့ပြီ ။ အဆိုပါ လက်ရေး ဒုက္ခ ပြဿနာကြီး မှာ ကျွန်တော့် အဖို့ ယခင် က တွေ့ခဲ့ရုံ သာ မဟုတ် ၊ ယခု လည်း တွေ့ ဆဲ ၊ နောင်လည်း တွေ့ဦးမည် မုချ ဖြစ်ပါသည် ။ ထို့ကြောင့်ပင် ကျွန်တော့် ရှေ့ရေး အတွက် တွေးမိတိုင်း ရင်လေးစရာကြီး ဖြစ်နေခြင်း ဖြစ်ပါ တော့သည် ။ ယခု လက်ရှိ ကျွန်တော် ဝတ္ထုများ ရေးသားနေသော မြဝတီ မဂ္ဂဇင်းကြီး မှ ဆရာဦးဘသောင်း ( ဗိုလ်ကြီးဘသောင်း ) ကိုထွန်းလွင် ( ထွဏ်းနေနွယ် ) စသော အယ်ဒီတာအဖွဲ့ဝင်များ အားလည်း ကျွန်တော် စုတ်သတ်သတ် နှင့် သနားနေ မိပါသည် ။ သူတို့ လည်း ငါတို့ မှာ ဝဋ်ကြွေး ပါ လာလို့ သာ ဒီကောင့် လက်ရေးဆိုး ကို ဖတ်နေရတာပဲ ဟု ထင်ကောင်း ထင် နေကြမည် ထင်ပါ သည် ။
ယင်း သို့ကလို မဂ္ဂဇင်းဆရာ ၊ သတင်းစာဆရာများ သာ ကျွန်တော့် လက်ရေး ကို အော့ကြောလန် ကြသည် မဟုတ် ၊ ပန်းချီဆရာများ လည်း အော့ ကြောလန်ကာ ရှောက်မြင်ကပ်ကြရာ ကျွန်တော့် ရင်ထဲ မှာ အဘယ်သို့ လျှင် ချိ နိုင်ပါတော့မည်နည်း ။ ဝတ္ထုရုပ်ပုံများ ကို ပန်းချီဆရာများ ပုံ ဆွဲရာ၌ ဝတ္ထု ကို ဖတ်ရှုပြီး စာကွက် ကြည့်၍ ရေးဆွဲရ ပါသည် ။ သို့ မဖတ်ဘဲ ဝတ္ထုပုံ ရေး၍ မဖြစ်ပါ ။ ကျွန်တော့် ဝတ္ထုပုံများ ကို ကွယ်လွန်သူ ဆရာကြီး ဦးဘဂျမ်း အများ ဆုံး ရေးဆွဲလေရာ ဆရာကြီး ဦးဘဂျမ်း သည် ကျွန်တော့် ဒုက္ခဒဏ် ကို ဝေမျှ၍ အခံရဆုံး ပင် ဖြစ်ပါသည် ။ ထို့ကြောင့်ပင် လျှင် ဆရာဦးဘဂျမ်း မှာ စောစော ကွယ်လွန် ရှာရသလား ဟု တစ်ခါတစ်ခါ တွေးမိကာ စိတ် မကောင်း ခြင်း ဖြစ်ရလေပါသည် ။
ဆရာကြီးဦးဘဂျမ်း သည် ကျွန်တော့် ဝတ္ထုများ ပုံဆွဲရန် အတွက် အတော်ပင် စိတ်ညစ်ရကြောင်း သူ ကိုယ်တိုင် ထုတ်ဖော် ပြောဖူးရာ ကျွန်တော့် မှာ အဘယ်သို့ စိတ်ကောင်း နိုင်စိမ့်တော့ပါမည်နည်း ။ ဆရာဦးဘဂျမ်း က ...
“ ဟေ့ကောင် ရဲ့မင်း အဖြစ် က ဆိုးလှချည်လား .. မင်း ဘာသာ ဆိုးနေရင် လည်း အကောင်းသား ... ခုတော့ ဒီ့ပြင် မဆိုင်တဲ့ သူတွေ ကို ပါ ဒုက္ခ လိုက် ပေးနေတော့ ... ခက်တာပေါ့ ... ငါ ဖြင့် မင်း ဝတ္ထု ပုံ ဆွဲဖို့ ရောက် လာရင် ... တစ်ခါ တည်း ခေါင်းခဲတော့တာပဲ .. မင်း ဝတ္ထုတွေ ကို လည်း ... စိတ်ပျော်တဲ့ အခါ နဲ့ မနက်စောစော မှာ ဘယ်တော့မှ မဖတ်ဘူး ” ဟု အားရစရာ မိန့်ကြားလေ ပါသည် ။ ဆရာဦးဘဂျမ်း မှာ ကျွန်တော့် ဒုက္ခဒဏ် ကို ကြာရှည် မခံနိုင်ရှာ ၍ ဝတ္ထု မဖတ်ရဘဲ ကိစ္စ ပြီးနိုင်သည့် နည်းလမ်း ကို စပယ်ရှယ် အကြံ ထုတ် ခဲ့ရရှာပါသည် ။ ၎င်း မှာ ပုံ ဆွဲရန် အပ် လာလျှင် ဝတ္ထု ကို မဖတ်တော့ဘဲ ကျွန်တော့် ကို ခေါ်၍ ဇာတ်လမ်း ပြောခိုင်း ကာ ပုံဆွဲရခြင်း ဖြစ်ပါသည် ။ ဒါတွေ ပြန်ပြန် တွေး၍ ရေးရသည် မှာ ကျွန်တော် အင်မတန် ရင်ဆို့ လှပါသည် ။ ကျွန်တော့် မှာ ဘဝအကျိုးပေး က နာလှသူ မို့ စာရေးဆရာချင်း အတူတူ ဖြစ်ပါလျက် နှင့် ဝတ္ထုလေး တစ်ပုဒ် အောင်မြင်ပါမည့် အရေး ကိုယ့် လက်ရေး ကိုယ် ပြန် ကူးပေးရ ၊ ပန်းချီ ဆရာ့ ထံ သွား၍ ဇာတ်လမ်း ပြောရ ကိုယ်တိုင် ကော်ပီ ကို စာပြင်ရ နှင့် သူ တကာတွေ ထက် ဒုက္ခတွေ ပိုလှပါဘိ သည် ။ ထို့ကြောင့်ပင် တစ်ခါတစ်ခါ တော့ လည်း ဒီလောက်တောင် ရှိလှ ကမြင်းမ ကလောင် သွားရော့ ဟု ကလောင် ဘဝ ကို စွန့်ပစ်ရန် ပင် ကြံမိပါ တော့သည် ။
သို့သော် ဝါသနာ က ဆက်ခိုင်း နေ၍ လည်းကောင်း ၊ ဒီပြင် လည်း ဘာမျှ လုပ် မစားတတ်ဖြစ်ကာ ခါ နာပြတ်ပြီး မတ်တတ် က လဲမည် ကြောက်၍ လည်းကောင်း ၊ စိတ်ညစ်ညစ် နှင့် ပင် ကလောင် ကို ပြန် ကောက်နေရပါ တော့သည် ၊ သာကဒိုး အား အလကား ထမင်း ကျွေးထားနိုင်မည့် လူမိုက်များ ပေါ်လာခဲ့လျှင် မူ တကယ် ကလောင် စွန့်တော့မည် ဖြစ်ကြောင်း ရဲရဲကြီး ကြေညာလိုပါသည် ။ သာကဒိုး ၏ ပေါကြောင်ကြောင် စာများ ဖတ်ရ၍ စိတ်ညစ်နေသူများ ရှိလျှင် ထမင်း သာ ခေါ် ကျွေးထားပါ ။ နောင် မရေးတော့ ပါဘူး ဟု ရဲရဲတောက် ကတိ ပေးလိုပါသည် ။ တစ်ဦး တည်း မတတ်နိုင်ရင် လည်း ‘ သာကဒိုး စာမရေးရေး ရန်ပုံငွေ ’ ဆိုပြီး ကောက်ပေးကြပါလားဗျာ ။
တစ်ကြိမ် က ကျွန်တော် သည် ဒီလောက်တောင် ဘဝ ဆိုးလှတာ ကလောင် ကို စွန့်မယ် ဟု ဆုံးဖြတ်ပြီး ကာတွန်း ဆွဲ စားရန် ကြံခဲ့ဖူးပါသည် ။ ဆရာဦးဘဂျမ်း ထံ တွင် ကာတွန်းပညာ သင်ကြား လေ့ကျင့်ခဲ့ဖူးရာ ကျွန်တော် ကာတွန်း ဆွဲ စားရန် ဆုံးဖြတ်ပြီး နောက် ရန်ကုန်သတင်းစာ ၊ စီးပွားရေး သတင်းစာ ၊ အိုးဝေသတင်းစာ တို့ တွင် ကာတွန်းများ ဆွဲခဲ့ပါသည် ။ အောင်မြင် သင့် သလောက်ကား အောင်မြင်ပါသည် ။ သို့သော် .. ကမြင်းထီး လက်ရေး ဒုက္ခသည် ကာတွန်းများ ၌ လည်း လိုက်၍ ဂြိုဟ်မွေ့ ပြန်သည် တကား ။ ရန်ကုန်သတင်းစာ မှ ဆရာဦးအောင်မြင် က ...
“ ဟေ့ကောင် ... မင်း ကာတွန်းတွေ က အတော် နိပ်သားပဲ ”
ကျွန်တော် ဝမ်းသာ - အူမြူး ပြီး ...
“ ကြိုက်သလား ဆရာ .. ကျွန်တော်လည်း နင်းကြိုးစားတာပဲ ဆရာ ”
“ အေး ... အိုင်ဒီယာလေး တွေ လည်း မဆိုးဘူး .. အရုပ်လေး တွေ လည်း မဆိုးဘူး ... ဒါပေမဲ့ ”
“ ဟုတ် ... ဟုတ်ကဲ ”
“ ကာတွန်းရုပ်တွေ ပြောတဲ့ စကား .. မင်း ရေးထားတဲ့ လက်ရေး က တယ် ရှော်တူးကျ သကွာ ... မဟန်ဘူး ”
ကျွန်တော် လည်း ကိုယ့် နဖူး ကို ကိုယ် ဖျက်ခ နဲရိုက်လိုက် မိပါတော့ သည် ။ အင်း ... တတ်တဲ့ ပညာ မနေသာ ဆိုသလို တစ်ဖက်တစ်လမ်း ကြိုးပမ်း ပြန်တော့လည်း ဒီ လက်ရေး ဒုက္ခ နဲ့ ကင်းပဲ မကင်းနိုင်ပါကလား ၊ သေမှ ပဲ အေးမှာ ထင်ပါရဲ့ ။
ယင်း သို့ကလို ကျွန်တော် မောင်သာကဒိုး မှာ ကံကြမ္မာဇာတာ ညှိုး ပြီး လက်ရေး ဆိုးတဲ့ ဒုက္ခတွေ ဆင့်ကာ ဆင့်ကာ ခံနေရ၍ အပူလုံးကြွ ယူကျုံး မရ ၊ လူလုံးငယ် မလှ ဖြစ်နေရပါသော်လည်း ဘဝင် မြင့်စရာ စကား တစ်ခု ကြားဖူးထား ၍ စိတ်ဖြေသာမှုလေး ရ ပါသေးသည် ။ ၎င်းမှာ “ ထင်ရှား ကျော်ကြားသော ပညာရှိများ သည် ဘယ်သူမျှ လက်ရေး မကောင်းကြ ” ဟု လက်ရေး ဆိုးသူများ အား ဆိုး သထက် ဆိုး ကြရန် မြှောက်ပေး ထားသော စကား ပင် ဖြစ်ပါသည် ။ ဒီလို ဆိုတော့ ငါ လက်ရေး ဆိုး နေတာဟာ ကမ္ဘာကျော်ပညာရှိကြီး ဖြစ်ချင်လို့ ထင်ရဲ့ ... ဟု စိတ်ဖြေကွက်ကလေး ရပြီး ဘဝင် မြင့်တင့်တင့် ဖြစ်ပါသည် ။ ဒါပေသိ ကမ္ဘာကျော်အောင် ပညာ မရှိမီ လောလောဆယ် ခါနာ ပြတ် မှာ က ဆိုးလှပါသဗျာ ။
အဆွေ စာဖတ်သူများ ခင်ဗျား ၊ ကျွန်တော့် ဤဝတ္ထု အစ ၌ ရေးသားခဲ့ သော ကိုယ်တွေ့ ဒုက္ခပြဿနာကြီး မှာ ဘာ ဆိုသည်ကို ဤမျှ ဆို လျှင် စာရှုသူ ပုဂ္ဂိုလ်အပေါင်း တို့ သိရှိလောက်ပြီ ထင်ပါသည် ။ ပြဿနာ ကြုံတွေ့ပုံ အလုံးစုံ ကို လည်း ကျွန်တော် စွမ်းနိုင်သမျှ ဖွင့်ဟ သရုပ်ဖော်ခဲ့ ပြီးပါပြီ ၊ ဒါကြောင့် ... ဒါကြောင့် စာရှုသူ တို့ အား ကယ်နိုင်လျှင် ကယ်ကြပါ လို့ ပဲ ကျွန်တော် ဆိုချင်ပါတော့သည် ။ ဤ ပြဿနာ သည် ကျွန်တော့် အား ငယ်စဉ် တောင်ကျေး ကလေးဘ၀ ကတည်း က ညှဉ်းဆဲဒုက္ခ ပေးနေတော့မည် ဖြစ်နေ ရာ ဤ ဒုက္ခ လွတ်ကင်းအောင် ကြံဆောင် ပေးနိုင်မည့် အကြံဉာဏ် သည် ကျွန်တော် ၏ ဘဝခရီး ၌ တန်ဖိုး မဖြတ်နိုင် အောင်ပင် အကျိုး များမည်ဖြစ်ပါ သည် ။ ထို့ပြင် ကျွန်တော် ကဲ့သို့ အလားတူ ဒုက္ခတွေ့ နေသော ကလောင်သမားများ စာပေလောက တွင် မြောက်မြားစွာပင် ရှိနေရာ ကျွန်တော့် အား ဤ ဒုက္ခ မှ ကင်းလွတ်အောင် ကူညီသော အကြံဉာဏ်သည် ပင် စာပေလောကအတွက် အထူး အကျိုးများမည့် အကြံဉာဏ်ကြီး ဖြစ်သွားမည် မုချ ဖြစ်ပါသည် ။ထို့ကြောင့် ကျွန်တော့် ဒုက္ခပြဿနာ ကို ဖြေရှင်းသော ထို အကြံကောင်း တစ်ချက် ကို ပေးနိုင်မည့် ပုဂ္ဂိုလ် အား ကျွန်တော် က ဆုငွေ တစ်ထောင် သို့မဟုတ် ဆုငွေ ငါးရာ အထိ ဉာဏ်ပူဇော် ကန်တော့ရန် ပင် ဆန္ဒ ရှိပါသည် ။
သို့ရာတွင် ကျွန်တော့် လို နွမ်းပါးသော ကလောင်သမား တစ်ဦး အဖို့ စိတ်ဆန္ဒ ရှိပါ သော် လည်း ထိုမျှ အထိ ပူဇော်နိုင်မည် ကား မဟုတ်ပါ ။ ဒါပေသိ ကျွန်တော် ၏ ချွေးနဲစာ မှ ရင်း၍ အဖျင်းဆုံး “ ပတ်ကား ဖောင်တိန် ” တစ်ချောင်း ကို အထိမ်းအမှတ် အဖြစ် ဉာဏ်ပူဇော် ရန် ကျွန်တော် ဆုံးဖြတ် ထားပါသည် ။ ထို့ပြင် မြဝတီမဂ္ဂဇင်း က လည်း သီးသန့် စေတနာ ထား၍ ဉာဏ်ပူဇော်ခ ချီးမြှင့်လိမ့်မည် ဟု မျှော်လင့်ပါသည် ။
[ ဆရာ သာကဒိုး က သူ ရင်ဆိုင်ရသည့် လက်ရေး ဒုက္ခ အခက်အခဲကြီး ဖြေရှင်း သွားနိုင်ရန်အတွက် အကြံကောင်း ၊ ဉာဏ်ကောင်း ပေးနိုင်သည့် ပုဂ္ဂိုလ်အား သူ့ ချွေးနဲစာ ပတ်ကားဖောင်တိန်တစ်ချောင်း ပူဇော်မည် ဟု ဆိုပါသည် ။ ကျွန်တော် များ ‘ မြ၀တီ ’ က သူ့ ချွေးနဲစာ ကို မထိစေလိုပါ ၊ သူ့ စေတနာ ဖြစ်သော ဉာဏ်ပူဇော်ခ ‘ ပတ်ကားဖောင်တိန် ’ ကို ကျွန်တော်များ မြဝတီ က ပင် ပူဇော်ပါမည် ။ ။ စာတည်း ]
ကျွန်တော် သည် လက်ရေး ဒုက္ခပြဿနာ ကို ဖြေရှင်းရန် တစ်ခါက အကြံ တစ်ခု ရခဲ့ဖူးပါသည် ။ ထို အကြံ ကို ဖော်ပြရန် နည်းနည်းတော့ ရှက်စရာပါ ။ သို့သော် လွန်ခဲ့သည် လည်း လွန်ခဲ့ပြီမို့ ရှက်ရှက်နှင့် ပင် ဖွင့်ဟရ ပါ တော့သည် ။ ၎င်းမှာ ဤ လက်ရေးဆိုးမှု ဝဋ်ဒုက္ခကြီး မှ လွတ်ကင်းအောင် မိန်းမ အမြန် ယူပြီး ထို မိန်းမ အား ကိုယ့် ဝတ္ထုများ ကို ကူးခိုင်းပေးခြင်း ၊ ပါးစပ် မှ ပြောသည် ကို လိုက် ရေးခိုင်းခြင်း ဖြင့် လက်ရေး ဒုက္ခ ပြဿနာ ကို ဖြေရှင်းရန် ပင် ဖြစ်ပါတော့သည် ။
ထို အကြံအတိုင်း စီမံကိန်း ချ၍ ကျွန်တော် ကြိုးစားခဲ့ပါပြီ ။ ကျွန်တော့် စီမံကိန်း ပိုက်ကွန်ထဲ သို့ မိတင်အေး ဆိုသော သူငယ်မကလေး သည် ဝင်တိုး၍ လာရာ က ကျွန်တော် မိန်းမ ရခဲ့ပါသည် ။ မိတင်အေး အား လှလှသန်း ကဲ့ သို့ ခွကျ မကုန်စေရန် စာ ပေးခြင်း ၊ လက်ရေးသုံးခြင်း မပြုဘဲ ၊ ဘယ်လို အပိုင် ထူ၍ အရယူ ခဲ့သည်ကိုလည်း ‘ ဗိုလ်ချီသလုံး ’ ဝတ္ထု ဖြင့် ဇာတ်အိမ် ဖွဲ့ပြီး ‘ ဟယ် မိန်းမ ’ ဝတ္ထုရှည်ကြီး ဖြင့် ဖြစ်သမျှ လှစ်ဟ ၍ ဤ မြဝတီမဂ္ဂဇင်းကြီး တွင် စုံလင်စွာ ရေးသားခဲ့ပါပြီ ။ ထို့ကြောင့် ဤနေရာ တွင် အကျယ် မဆိုချင်တော့ပါပြီ ။ သို့ကလို မိန်းမ ယူပြီး လက်ရေးဒုက္ခ ဖြေရှင်းဖို့ ကြံတော့ ဟန်ရဲ့လား ဟု မေးပါ လျှင် အား နှိပ်ပါဘူးဗျာ ။ မိန်းမ က စာ ကူး ရေးပေးဖို့ စိတ် မကူးနိုင်ဘဲ သူ့ မှာ ကလေး မွေးရတာ နဲ့ ကို အချိန်ကုန် ရတာပဲ ဟု သာ ရှက်ကိုးရက်ကန်း နှင့်ပင် ဖြေရပါ တော့မည် ။
ယင်း သို့ကလို မိန်းမ ယူ ပြီးနောက် ကိုယ့် ဒုက္ခ ဖြေရှင်းရန် အကြံကောင်း တစ်ချက် ရ လာပြန်ပါသေးသည် ။ ဒီ အကြံ ကိုလည်း တယ်တော့ မပြောချင် ပါ ။ ၎င်းမှာ ကိုယ့် ကို မကူနိုင်ဘဲ ကလေး ပဲ မွေး နေသည့် မိန်းမ ကို ကလေး မွေးဖို့ပဲ ထား ပြီး လျှင် စာကူး ပေးရန် အတွက် နောက်ထပ် မိန်းမ တစ်ယောက် စပယ်ရှယ် ထပ် ယူရန်ပင် ဖြစ်ပါသည် ။ ကျုပ် အကြံ က မနိပ်သားဗျ ။
ထို အကြံ ကို မိတင်အေး တစ်စွန်းတစ်စ ကြားသည် နှင့် တစ်ပြိုင်နက် “ မောင် ... မောင် ...” နှင့် တစ်မောင် တည်း မောင် နေသော သူ ၏ နှုတ်ပါးစပ် မှ ..
“ တော် က ဘာ လူပါးဝတာလဲ ... မယားငယ် ထားချင်တယ်ပေါ့ .. ဘာ မဟုတ်မဟတ်တွေ ကြံတာလဲ ... အူကြောင်ကြောင် တော့ မလုပ်နဲ့ လည် လှီးပစ်မယ် သိလား ” ဟု ဒေါသအမျက် ချောင်းချောင်း ထွက်ကာ အုံကြွ ကြိမ်းဝါးခြင်း ခံရပါတော့သည် ။
ကဲ .. စာရှုတဲ့ အစ်ကို တို့ အစ်မ တို့ ရေ .. ကျွန်တော် ဘယ်လို လုပ်ရမလဲ ၊ ကလောင် ပစ်ပြီး ကူလီ ပဲ ထမ်း စားရ မလား အကြံကလေး ၊ ဉာဏ်ကလေး ရှိပါက သနား သဖြင့် တစ်ဆုပ်တစ်ခဲ စွန့်ကြဲတော် မူကြပါတော့ ခင်ဗျာ ။
( ပြီးပါပြီ )
◾ သာဂဒိုး
📖 မြဝတီမဂ္ဂဇင်း
၁၉၅၃ ခုနှစ် ၊ မေလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment