❝ မောင်သာရ နဲ့ ရွှေအမြုတေမဂ္ဂဇင်း တို့ ရဲ့ အပြန်အလှန် ပေးစာ ❞
ကိုဝင်းငြိမ်း ရေ …
မင်း ကို စာတတန် ပေတတန် နဲ့ အထူး သတ်သတ်မှတ်မှတ် ရေးပြော လိုက်ရတာ က တော့ ငါ့ ဝတ္ထု လက်ရေး စာမူတွေ ထဲ က ပုဒ်ဖြတ် ( ၊ ) တွေ ၊ ပုဒ်မ ( ။ ) တွေ စကားဆက် leader ( … ) တွေ နဲ့ စာ အထားအသို Space em ကွက်လပ်ကလေး ( ) တွေ ကို ရော သတ်ပုံ Spelling မဟုတ်တဲ့ ရေးထုံး usage တွေ ကို ပါ လုံးဝ ဥဿုံ မပြင်ဖို့ ၊ ပြင် မပစ်ဖို့ အတွက် မင်း တို့ ရဲ့ ပညာရှိ စာပြင် ၊ စာပြု ၊ စာစီ ဆရာတွေ နဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ကို မင်း က တဆင့် မေတ္တာရပ်ခံ သတိပေး စကားလေး ပြော ထား ပေး ဖို့ပါပဲ ။
မဂ္ဂဇင်း မှာ ပုံနှိပ် ဖော်ပြ လိုက်တဲ့ ငါ့ စာ ကို များ ငါ ပြန် ဖတ် ကြည့်မိ ရင် … ( စာပေ စိစစ်ရေး မရှိတော့ဘူး ဆိုလို့ ဝမ်းမြောက်ဝမ်းသာ ရေးပါတယ် ) ရေးရကျိုး မနပ်ပါလား ဟရို့ လို့ တောင် အောက်မေ့ ရပြီး စိတ်ဆင်းရဲခြင်း ကြီးစွာ ဖြစ်မိရပါတယ် ။
မင်း သိတယ် ။ ငါ က ငါ့ စာတွေ ကို colloquial ဟန် စကားပြောသံ နဲ့ သာ ရေး နေတာ မဟုတ်လား ။ မင်း ရဲ့ လူတွေ ကို သည်လောက် အထိ တော့ ညံ့လိမ့်မယ် လို့ ငါ မထင်ခဲ့မိဘူး ။ ခုတော့ သူတို့ လုပ်လိုက်ပုံ ကြည့် ရတာ စကားပြောသံ colloquial နဲ့ စာပေဟန် literary မှ မခွဲခြားတတ်ပါပဲ ကလား ။ ငါ က စကားပြော အသံထွက် နဲ့ ရေး လိုက်တဲ့ ( လဲ ) ဟူသမျှ ကို လဲ စာသံ ပေသံ နဲ့ အကုန် ( လည်း ) လုပ်ပစ် သဗျ ။ စားအုံး ၊ နားအုံး ၊ မသွားနဲ့အုံး ဆိုတဲ့ စကားတွေထဲ က ( အုံး ) တွေ ကို လဲ အကုန် ( ဦး ) လုပ်ပစ် သဗျ ။ ကလောင်သက် အနှစ် ၆ဝ ရှိ နေပြီး ၊ အသက် ၈ဝ ကျော် စာရေးဆရာကြီး တစ်ယောက် ကို america မှာ ရောက်နေတယ် ဆို ရုံ နဲ့ စစ်အစိုးရ အားကိုးပြီး ခေါင်း ပေါ် တက် တံတွေး ဆွတ် ရိုက်ရတယ် ဆိုရင် … မင်း ရဲ့ လူ တွေ က ဂုဏ် တက် တယ် လို့ များ ထင်နေကြ သလား မသိ ။ ဒို့ ဗုဒ္ဓ သာဘာဗမာ့ ယဉ်ကျေးမှု မှာ ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိ ပဲ ရှိ ပါတယ် မောင်ရာ ။
အေး … ငါ က တော့ ရေးခဲ့တဲ့ စာတွေ ကြောင့် ပြည်နှင်ဒဏ် သင့် ပြီး တရပ်တကျေး ရောက် နေရပါတယ် ။ အချိန် ကို တန်ဖိုးထား ကြိုးစားပြီး စိတ်ကူးသစ်ကလေး ရတာ နဲ့ … ဗမာစာပေ သမိုင်း မှာ အနန္တသူရိယ က အစ ၊ ဦးပုည အလယ် ၊ သည် ကနေ့ ခေတ် ကလောင်ငယ်တွေ အဆုံး … ဘယ်သူ မှ မရေးခဲ့ကြဖူးတဲ့ ရောက်ရာ နိုင်ငံ နောက်ခံ သူတို့ လူမျိုး သူတို့ အခြေအနေ သူတို့ ဓလေ့စရိုက်တွေ နဲ့ သူတို့ ရဲ့ ဘဝ သရုပ်မှန် ဝတ္ထုတို / ရှည် ကလေးတွေ ရေးပြီး ငါ လေးစား ချစ်ခင်တဲ့ ဗမာစာဖတ် ပရိသတ် မျက်မှောက် အရောက် တင်ပြ နေ ပါတယ် ။ အခုလို ဖျက်လို ဖျက်ဆီး အကျင့်တန် ဖို့ တော့ မကောင်းပါဘူး ။ မင်း က စာဖတ် ပရိသတ် ရဲ့ အကျိုး ကို မျှော်ကိုးပြီး ငါ့ ရဲ့ စေတနာ ငါ့ ရဲ့ ဆန္ဒ ကို ဖြည့်စွမ်း ကူညီ နေတယ် ။ မင်း ရဲ့ လူတွေ က ဖျက်ဆီး ပစ်တယ် ။ ကြည့်လဲ လုပ်ပါအုံး မောင် ရာ ။ မင်း ရဲ့ ခါး မှာ ဝတ်ထားတဲ့ ပုဆိုး ညစ်ပတ် စုတ်ပြဲ နေတယ် ဆိုရင် မင်း အသစ် တထည် လဲ ဝတ် သင့်တာပေါ့ ။ ပညာအလင်းပြ တို့ ၊ စာပေလောက တို့ ၊ သာလွန် တို့ ၊ ရာပြည့် တို့ က လို ဓမ္မာစရိယ လူပြန်တော်တွေ ဆိုရင် စာ ပို သန့် သွားမယ် ထင်တယ် ။ ဗြိတိသျှဘားမား ( အခု ညွန့်မြန်မာ ) ရုပ်ရှင် တို့ ၊ ဟံသာဝတီ စာအုပ်တိုက် တို့ ၊ မူလ ဟံသာဝတီ သတင်းစာ တို့ ကို စတင် တည်ထောင်ခဲ့ တဲ့ ကွယ်လွန်သူ ဦးညွန့် ဆို ရင် … သူ ပိုင်တဲ့ နေရာ ဌာနတိုင်း ကို နေ့တိုင်း ရောက် ၊ နေ့တိုင်း ရုံး ထိုင် အလုပ် လုပ်တယ် ။ သူ့ တိုက် က ထုတ်တဲ့ စာအုပ် အားလုံး နဲ့ သူ့ ရဲ့ ဟံသာဝတီ နေ့စဉ် သတင်းစာ က စာတွေ အားလုံး ကို သူ ကိုယ်တိုင် final proof ကြည့်တယ် ။ သူ လက်မှတ် ထိုး လိုက် မှ ရိုက် ရတယ် ။ ဆိုလိုတာ က လူ က သေတာ ကြာပြီ ။ ရာစုနှစ် တဝက် ကျိုးပြီ ။ နာမည် မသေဘူး ။ မင်း လဲ အဲလို ဖြစ်ရမယ် ။
အခုတော့ မင်း ရဲ့ စာအုပ် မှာ အမှားမှား အယွင်းယွင်း နဲ့ … စာပေ ရှုထောင့် က ကြည့် ရင် ရှက်စရာ ဖြစ်နေတာ ကို မင်း လှည့် မကြည့်နိုင်ဘူး ။ မင်း ရော မျိုးမြင့် ရော အလုပ် များမယ် ဆိုတာ ငါ နားလည် နိုင်တယ် ။ ဒါပေမယ့် သည်လို ဗမာစာ မတတ် တဲ့ အမှားမျိုး ကျူးလွန် နေကြတာ ကို မင်းတို့ ဥပေက္ခာ ပြု ၊ ငပွကြီး လွှဲ ချတာ မျိုး ကို တော့ ငါ နားမလည်ဘူး ။ ငါ အပြစ် တင်မယ် ။ သည် အမှားမျိုးတွေ က တော့ အထူးသဖြင့် “ ရွှေအမြုတေ ” အနေ နဲ့ မျက်ကွယ် ပြု မထားသင့်ဘူး ။ ဘာပြုလို့ လဲ ဆိုတော့ “ ရွှေအမြုတေ ” က စာသမားတွေ ဖတ်တဲ့ စာအုပ် ။ စာပေ ကို အားပြုတဲ့ စာပေ မဂ္ဂဇင်း ။ သုတ ထက် ရသ ကို ပို အာရုံ ပြုတယ် ။ စာပေ အသစ် အသစ်တွေ ကို တတ်နိုင် သလောက် မွေး ထုတ် နေတယ် ။ စာပေဆုတွေ အစဉ် တစိုက် ပေးနေတယ် ။ ငါ ကြိုဆိုတယ် ။ ငါ အားပေးတယ် ။ ဒါပေမယ့် သတိ ထား နော် ။ ကိုယ် ကြိုက်လို့ ရွေးချယ် စင်တင် လိုက်တဲ့ ကလောင် က နောင် အခါ စာပေ ကောင်းကင် မှာ မှိတ်တုတ် မှိတ်တုတ် ငယ်သော ကြယ် … ဖြစ်မနေ ပဲ လမင်းကြီး ဖြစ်လာ ဖို့ လိုတယ် ။ မဆိုင် လှ ပေမယ့် ကြုံလို့ သတိရ ပြီး ပြောရရင် ငါ ကြိုက်တဲ့ ငါ့ လူတွေ ချည့် ရွေး လွှတ် ဖန်များတော့ ၊ အာရှဘောလုံး လော မှာ ဗမာ့ နာမည် ကျဆုံး သွား တာလဲ သင်ခန်းစာ ယူ ရမယ် ။ ဆိုလိုတာ က “ ရွှေအမြု တေ ” က ရွေးချယ် စင်တင် လိုက်တယ် ။ မကြာခင်မှာ ကိုယ် စင်တင်လိုက် တဲ့ ကလောင် ရဲ့ စာမူ ကို တခြား စာစောင် တွေ က ပါ လိုလိုလားလား တောင်းဆို ဖော်ပြချင် တာ မျိုး ဖြစ် ရမယ် ။ ဆိုပါတော့ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ရမယ် ။ ကြိုးစားရမယ် ။ ဝေဖန်ရေး ကို မငြင်းဆန် ရဘူး ။ လက်ခံ ရမယ် ။ မှား ရင် ချက်ချင်း ပြင်ရမယ် ။
ခုတော့ မင်း တို့ စာစီ စာပြင် ဆရာတွေ က ကိုယ့် အမြီး ကိုယ် လန့် ပြီး ထ ခုန် တဲ့ ကြောင် လိုပဲ ။ မှန် နေ တာတွေ တောင် မှားအောင် လုပ် ပစ်တယ် ။ ငါ့ စာမူ ထဲ မှာ ငါ က “ မ ” ယပက်လက်သတ် အောက် မြစ် နဲ့ ( မယ့် ) လို့ ရေးထား တဲ့ အမှန်တွေ အားလုံး ကို … “ မ ” နောက်ပစ် အောက် မြစ် နဲ့ ( မဲ့ ) နဲ့ ပြင် လိုက်ပြီး အကုန် အမှား လုပ်ပစ်တယ် ။ ခက်တာက ကွန်ပျူတာ မှာ ဗမာစာ ရိုက် နေရတဲ့ ကလေးတွေ ကို လဲ ပြော လို့ သာ ပြောတာ … အပြစ် မတင် ရက်ဘူး ။ သူတို့ ခမျာ များ က ကွန်ပျူတာ ပညာ ဟုတ်တိပတ်တိ စနစ် တကျ မသင်ခဲ့ရ ။ ကွန်ပျူတာပညာ က လဲ အဆုံး မရှိ ။ ဗမာစာ ကျ ပြန် တော့လဲ … သဒ္ဒါ နဲ့ သင်္ဂြိုဟ် နဲ့ ပါဠိ နဲ့ သံဂြဟ နဲ့ စနစ်တကျ တွဲ သင်ခဲ့ တတ်ခဲ့ ကြရတာ မဟုတ် ။ တော မရောက် တောင် မရောက် ဝမ်းရေး အတွက် စာ ရိုက်ရင်း ရိုက်ရင်း နဲ့ သာ တတ် လာ ကြ ရရှာတာ ။ ရေးထုံး တို့ သတ်ပုံ တို့ ဆိုရင်လဲ မြန်မာစာ အဖွဲ့ က ထုတ် ထားတဲ့ လက် တလုံး လောက် စာအုပ်ကလေး ဘေး နား ထား အားကိုးပြီး နေကုန် နေခန်း ထိုင် လုပ် နေကြရ ရှာတာ ။ ပို တတ်ကျွမ်း လာဖို့ ဆိုတာ ဆည်းပူး လေ့လာချိန် လဲ မရှိရှာ ကြပါဘူး ။ သည်တော့ သူတို့ လဲ ဘာ နားလည်မှာ လဲ ၊ အသံထွက် ချင်း တူ နေတဲ့ မယ့် နဲ့ မဲ့ လဲ အတူတူ ပဲ ဆိုပြီး ရမ်း တွယ် လိုက်ကြမှာပေါ့ ။
မင်း ကို တော့ သင်တာ မဟုတ်ပါဘူး ။ ကြုံကြိုက်လို့ သာ တခြား မသိ သေး တဲ့ လူတွေ လဲ သိရအောင် … မယ့် နဲ့ မဲ့ အဓိပ္ပာယ်ချင်း ဘာမှ ဆိုင်တဲ့ အကြောင်း ကို ငါ နည်းနည်း ရှင်းပြမယ် ။
အလွယ်ဆုံး ဥပမာ တခု ပြောပြ မယ် ။ ဒို့ ဗမာစာ မှာ ညသတ် ( ည် ) နဲ့ ယပက်လက်သတ် ( ယ် ) က ပြောင်း နိုင်တယ် ။ ပြောင်းရိုး အစဉ်အလာ လဲ ရှိတယ် ။ အဓိပ္ပာယ် လဲ လုံးဝ ပြောင်း မသွားဘူး ။ ကြည့် …
ဘယ်၍ ဘယ်မျှ နဲ့ မည်၍ မည်မျှ …
မည်သို့ ဖြစ်မည် မသိ နဲ့ ဘယ်လို ဖြစ်မယ် မသိ …
ဘယ်သူလဲ နဲ့ မည်သူလဲ … စသည်
ဆိုလိုတာ က အဲသည် အသတ်တွေ မှာ အောက်မြစ် တွေ ထပ် ထည့် လိုက်အုံး ။ ညသတ်အောက်မြစ် ည့် နဲ့ ယပက်လက်သတ် အောက်မြစ် ယ့် လဲ အတူတူ ပဲ ။ အဲသည်တော့ ငါ့ စာမူ ထဲ က မယ့် တွေ လဲ မည့် နဲ့ အတူတူ ပဲ ပေါ့ ။
နောက် အဓိပ္ပာယ် ကို ကြည့်ကြရ အောင် … ။
မယ့် နဲ့ မည့် ရဲ့ အဓိပ္ပာယ် က ဘာလဲ ။ မ နဲ့ တွဲ လိုက်ပြီး မယ် တို့ မည် တို့ မယ့် တို့ မည့် တို့ ဖြစ်သွားတာ နဲ့ တပြိုင် နက် … အသံ လဲ ထွက် လာပြီ ။ အနာဂတ် ကို ရည်ညွှန်း တဲ့ အဓိပ္ပာယ် လဲ သက်ရောက် လာပြီ ။
ဒါပေမယ့် သူ့ မှာ သူ့ ချည့် က အသက် မရှိဘူး ။ သူ့ ကို အသက်သွင်း ပေးဖို့ အတွက် သူ့ ရှေ့ မှာ ကြိယာပုဒ် တပုဒ် တွဲ ပေးရအုံးမယ် ။ ဆိုပါတော့ “ လုပ် ” ဆိုတဲ့ ကြိယာ ထည့်လိုက် တွဲလိုက် မယ် ၊ “ လုပ်မယ့် ” တို့ “ လုပ်မည့် ” တို့ ဖြစ်လာ မယ် ။ ဒါလဲ ဝါကျ တော့ မပြည့်သေး ဘူး ။ ကတ္တား ပါပြီ ။ ဝါစက ပါပြီ ။ ကံ မပါသေးဘူး ။ ဝါကျ တခု ပြည့် ချင်ရင် သူ့ နောက် က ကံ တွဲ ပေးရအုံးမယ် ။ ဒါမှ “ လုပ်မယ့် အလုပ် ” “ လုပ်မည့် အလုပ် ” ဖြစ်လာမယ် ။ ဝါကျ အပြည့် ပီပီပြင်ပြင် ဖြစ် လာမယ် ။
အဲသည်တော့ မယ့် နဲ့ မည့် ရဲ့ အဓိပ္ပာယ် နဲ့ သူ့ ရဲ့ နေရာမှန် ကို သိရပြီ နော် ။ ကဲ … မ နောက်ပစ် အောက်မြစ် မဲ့ နဲ့ ဘာဆိုင်သလဲ ။ သတ်ပုံ မတူ သလို အဓိပ္ပာယ် လဲ ခြားနားတယ် ။ အမှန်တော့ မဲ့ ဆိုတဲ့ စာလုံး က မှ ဝေါဟာရ အနေနဲ့ လဲ ခန့်ထည်တယ် ။ ဗမာစာ လဲ ပို ပီသတယ် ။ မင်း သိတယ် နော် ။ ငါ တို့ ဗမာစာ အစစ် က monosyllabic ဖြစ်တယ် ။ အသံ တသံ တည်း ထွက်တယ် ။ အဲသည် တသံတည်း လုံးချင်း မှာ လဲ အနက် အဓိပ္ပာယ် ရှိရတယ် ။ ဥပမာ … “ ပြော ” ၊ “ ကြည့် ” ၊ “ နှိပ် ” စသည် ။ ၂ လုံးတွဲ ၊ ၃ လုံးတွဲ တွဲထား တဲ့ ဗမာစာလုံးတွေ လဲ ရှိတယ် ။ ဒါပေမယ့် ခွဲပြီး တလုံးချင်း ကြည့် ရင်လဲ တလုံးချင်း မှာ အဓိပ္ပာယ် ရှိတယ် ။ ရှိရ မယ် ။ ဥပမာ လှုပ်ရှား ၊ စွပ်ကျယ် ၊ ရဲဘော် … ။ ၃ လုံးတွဲ က … လက်နှိပ်စက် ၊ စိတ်ကူးယဉ် ၊ ဝါးရင်းဒုတ် … စသည် ပေါ့ ။ သည်လို ၂ လုံးတွဲ ၊ ၃ လုံးတွဲ ၊ ၄ လုံးတွဲ စာလုံးတွေ တွေ့ပြီ ။ သူတို့ ကို တလုံးချင်း ခွဲပြီး ကြည့် လိုက်လို့ အဓိပ္ပာယ်လဲ မရှိဘူး ။ ခွဲ လို့ လဲ မရတော့ ဘူး ဆိုရင် … အဲဒါ ဗမာ မဟုတ်တော့ ဘူး ။ ဗမာ မစစ်တော့ဘူး ။ တခြား ဘာသာ စကား တခု က အသံလှယ် ယူပြီး မွေးစား ထားတဲ့ မွေးစားစကားလုံး ဖြစ်တယ် ။ ဥပမာ … မဂ္ဂဇင်း ( အင်္ဂလိပ်စာလုံး ကို အသံလှယ် မွေးစား ပစ် လိုက်တာဖြစ်တယ် ။ အဲသည် စာအုပ် ကို ဗမာ လို အခေါ်အဝေါ် လုံးဝ မရှိဘူး ။ ) နောက် … အာလူး ( ကု,လားက ယူ ထားတာ ၊ ဗမာ မှာ မရှိဘူး ။ ) နောက် … ကုန်းပေါင် ( တရုတ်ဟင်း kung pao ကို အသံလှယ် ယူထားတာ ၊ ဗမာ အခေါ် မရှိဘူး ။ ) နောက်လဲ အများကြီး ရှိတယ် ။ အင်းကျီ ( တိဗက် ) … ပြဿနာ ( ပါဠိ ) … အော်တို မက်တစ် ( အင်္ဂလိပ် ) ။ ရှေးတုန်း က တော့ ငါ တို့ ဗမာစာ ထဲ မှာ ပါဠိစကားလုံး တွေ ကို မွေးစား ထား တာ များတယ် ။ အခု နောက်ပိုင်း စက်မှုသိပ္ပံ ခေတ် ကို ရောက် လာတော့ အင်္ဂလိပ်စကားလုံး တွေ များ လာတယ် ။
အေး … မဲ့ က တော့ တလုံးတည်း ။ ဗမာ စစ်တယ် ။ အဓိပ္ပာယ် လဲ ရှိတယ် ။ သိတယ်နော် ။ အလုပ် လက်မဲ့ ၊ အိုးမဲ့ အိမ်မဲ့ ၊ ပစ္စည်းမဲ့ ၊ အာဏာမဲ့ စသည်ပေါ့ ။ ကင်းကွာခြင်း မရှိခြင်း အဓိပ္ပာယ် ကို ဆောင်တယ် ။
ကဲ … သည် “ မဲ့ ” နဲ့ ငါ့ စာတွေ ထဲ က ငါ ရေး လိုက်တဲ့ “ မယ့် ” နဲ့ က ဘာ ဆိုင်သလဲ ။ အဓိပ္ပာယ် ချင်း လဲ တူဖို့ နေနေ သာသာ ဘာမှ မပတ်သက်ဘူး ။ အသုံး ပြုတဲ့ နေရာချင်း လဲ မတူဘူး ။ ခေတ် အဆက်ဆက် က ရေးခဲ့ကြတဲ့ ဗမာစာ ရေးထုံးတွေ မှာ လဲ ပြောင်းလဲရိုး အစဉ်အလာ မရှိခဲ့ဘူး ။
ပြောပါပြီ ကော ။ ငါ့ စာ ငါ ပြန် ဖတ် မိရင်ပဲ စိတ်ဆင်းရဲ ရတယ် ။ ဘယ်လို ဗမာ ပညာရှိများ က ရွှေဉာဏ်တော် “ စူးရောက် ” ပြီး ပြင် လိုက်ကြတယ် မသိဘူး ။ နောက်ထပ် မင်း “ ရွှေအမြုတေ ” ကို စာမူ ပေး ရမှာတောင် လက်ရွံ့ မိ တယ် ။ စိတ် ကုန်တယ် ။
မင်း ကြားဖူးပါတယ် ။ ငါ က ငါ့ စာ ကို ငါ အင်မတန် ဂရုစိုက် ရေး တဲ့ ကောင် ။ တတ်နိုင် သမျှ သတ်ပုံ က အစ ၊ လက်ရေး က အစ ၊ ဖတ် နိုင်အောင် မမှားအောင် ကြိုးစား ရေးတတ်တဲ့ကောင် ။ ငါ က ငါ့ စာ ကို ပြင်တာ လုံးလုံး မကြိုက် ဘူး ။ မင်း ကောင်းကောင်း သိပါတယ် ။ သခင် ခင်ညွန့် ကိုယ်တိုင် စာပုံနှိပ်စက် မှာ ထိုင် နေတုန်း က အဖြစ် အပျက်ကလေး တခု ပါ ။ ငါ ရေး လိုက်တဲ့ ဝတ္ထု မှာ … နကန်း တလုံး မှ မသိလိုက် … ဆိုတာ ပါတယ် ။ အဲဒါကို စာစီသမား က သူ့ ဉာဏ် နဲ့ သူ စဉ်းစားပြီး … နားကန်း တလုံး မှ … လို့ ဖြည့် ပြင်စီ လိုက်တယ် ။ “ န ” ငယ် မှာ ရေးချ ဝစ္စပေါက် ဖြည့်လိုက် တာပေါ့ ။ ငါ ရေးတုန်းက မေ့ ကျန်ရစ်တယ် ယူဆပြီး စေတနာ နဲ့ “ နား ” ပြင် လိုက် တာပါ ။ စာပြင်ဆရာ က လဲ သာမန် ကြည့်ပြီး သတ်ပုံ လဲ မမှား ၊ အဓိပ္ပာယ် လဲ ရှိ နေတော့ လွှတ် လိုက်တာပေါ့ ။ အဲသည် တုန်း က ငါ ကိုယ်တိုင် final proof ကြည့်တယ် ။ တွေ့ရော ဆိုပါတော့ ။ ပုံနှိပ်တိုက် စာအုပ်တိုက် ပိုင်ရှင် ကို ပြ ပြီး … “ ဘယ်ကောင် ပြင်တာလဲကွ … ဘယ်လောက် တတ်လို့တုန်းကွ … မင်း တို့ တတ်ရင် မင်းတို့ ရေးပါလားကွ ” … ပုံနှိပ်တိုက် ထဲ မှာ ဆဲရေးသောင်းကျန်း တော့တာပဲ ။ ငါ က လဲ အဲသည်တုန်း က ဘာ ရှိအုံးမှာလဲ ။ ၃ဝ ကျော် ရုံ ပေါ့ ။ တိုက် ထဲ မှာ စာစီတွေ ၊ စာပြင်တွေ ၊ ဖိုမင်တွေ တယောက် မှ ငါ့ ထက် ငယ် တဲ့ လူ မရှိဘူး ။ ဦးခင်ညွန့် က တော့ ၅ဝ လောက် ရှိပြီပေါ့ ။ ပြုံး နေပြီး ၊ ပြင်လိုက် တဲ့ စာစီရော စာပြင်ဆရာ ရော တာဝန်ရှိ တဲ့ လူတွေ ကို ဖော်ထုတ် ပေး နေတယ် ။
ရှင်မဟာရဋ္ဌသာရ က ကိုးခန်းပျို့ မှာ ရေးခဲ့တဲ့ … “ ပညာ မုန်ယို ၊ အရွယ်ပျိုက ၊ မဆိုစလောက် ၊ မာန်စောင်မြောက်ခဲ့ ” … လို ငါ က မာနတံခွန် ထူ ခဲ့တာပေါ့ ။ အမှန် က … ငါ ရေးတာ က အမှန် ။ စာစီ မသိဘူး ။ နငယ် မှာ က န အကောင်း နဲ့ န အကန်း ရယ် လို့ ၂ မျိုး ရှိတယ် ။ ပါဠိ မှာ ပေါ့နော် ။ ကြည့် … ။ နမော > နမာမိ > ရှိခိုး ဦးခိုက်ပါ၏ … တဲ့ ။ အဲသည် မှာ ပါတဲ့ နငယ်တွေ ကို သူ ချည်း တလုံးတည်း ဆွဲ ထုတ်ပြီး အဓိပ္ပာယ် ဖော်ကြည့် ။ ခွဲလို့ လဲ မရဘူး ။ သူ့ မှာ သီးသန့် အဓိပ္ပာယ်လဲ မရှိဘူး ။ ဒါ့ကြောင့် သည် နငယ် ကို န အကန်း လို့ ခေါ်တယ် ။ အဲ …နောက် …နတ္ထိ > န + အတ္ထိ > လုံးဝ မရှိ … တဲ့ ။ သည်မှာ ကျတော့ သည် နငယ် က ခွဲ ထုတ် လို့ ရတယ် ။ ခွဲထုတ် လိုက်တဲ့ နငယ် မှာ လဲ သူ့ ချည့် အဓိပ္ပာယ် ရှိတယ် ။ မ + ရှိခြင်း ဖြစ်တဲ့ အတွက် မ ရဲ့ အဓိပ္ပာယ် ကို ကိုယ်စား ပြုတယ် ။ ဒါ့ကြောင့် သည် နငယ် ကို န အကောင်း လို့ ခေါ်တယ် ။ ရှေးတုန်း က တော့ ရေးထုံး တွေ ပြောထုံးတွေ မှာ န ကောင်းမှန်း န ကန်းမှန်း မသိ ။ နကောင်း နကန်း မသိ လို့ သုံးစွဲ ခဲ့ကြရာက နကန်း တလုံး မသိ လို့ ရွေ့လျော လာတာ ဖြစ်တယ် ။ ဦးခင်ညွန့် က ပြန် အပြင်ခိုင်း ပြန် အရိုက် ခိုင်းပါ တယ် ။ စာပြင် ဆရာ ကလဲ ဝန်ခံ ပါ တယ် ။ အဲသည် သူ့ လက်ထက် စပြီး အခု သူ မရှိတော့တဲ့ အချိန် အထိ သူ့ တိုက် က ထုတ်သမျှ စာအုပ်တွေ ကို လူပြန်တော် ဓမ္မာစရိယတွေ နဲ့ သာ စာပြင် ခိုင်း ခဲ့တော့ တာပဲ ။ ဒါ့ကြောင့်လဲ သူ့ “ စာပေလောက ” နာမည် ရ ခဲ့တာပဲ ။ မင်း ကောင်းတယ် ထင် ရင် အတုယူ သင့်တယ် ။
ခုတော့ မင်း တို့ မျိုးမြင့် တို့ က ရှေ့ က ကြိုးစား လုပ် နေတယ် ။ နောက် က ဖြစ်ချင် တိုင်း ဖြစ် နေတယ် ။ နောက် တခု ငါ မင်း ကို မေတ္တာ ရပ်ခံ ချင်တာ က … အမှား ကို ဝန်ခံပါ ။ အမှန် ကို ပြင်ပါ ။ ကိုယ့် လူ ရဲ့အမှား ကို လဲ ဝန်ခံ ခိုင်းပါ ။ ပြင်ခိုင်းပါ ။ မကာကွယ်ပါ နဲ့ ။ လက်ညှိုး မထိုးပါ နဲ့ ။ သောနုတ္ထိုရမုဆိုး က … “ အစွယ် လို သူ မိဖုရား ၊ အသွား စေ သူ မင်းဧကရာဇ် ၊ လေးပစ် သူ ကား ဘုရား ကျွန်တော် ၊ ကြံဖော် ကြံဖက် ၊ သုံးယောက် သား အနက်တွင် မှ ၊ ကံ ကွက်ကျား၍ ငမိုက်သား မုဆိုးငပေ ၊ နင် ချည့်ပင် သေ ပေတော့လို့ ” … သေရမှာ ကြောက်ပြီး သေဖော် ညှိ တဲ့ အလုပ်မျိုး လဲ ဘယ်တော့ မှ မလုပ်ပါနဲ့ ။ ဒါဟာ ပျက်စီးခြင်း အကြောင်းတရားတွေ ဖြစ်တယ် ။ ငါ အမှန် ပြောတာပါ ။ ငါ ဆက် ပေးချင်တဲ့ စေတနာ ပျက်တယ် ။ မပေးချင်ဘူး ။ ငါ့ စာမူ ကို လိုချင်လို့ တောင်း နေကြတဲ့ စာစောင် မဂ္ဂဇင်းတွေ မှ အများကြီး ။ ငါ က မပေးလို့ လုံးချင်း ဝတ္ထု ကို တောင် အခန်းဆက် ခွဲ ထည့် နေတဲ့ ကောင်တွေ ၊ facebook တင် နေကြတဲ့ ကောင်တွေ မင်း တွေ့တယ် မဟုတ်လား ။
ဒါပေမယ့် ဝင်းငြိမ်း ၊ ပြည်တွင်း က နေ america ကို အလည်အပတ် ရောက် လာကြတဲ့ စာပေသမားတွေ ထဲ မှာ မင်း က တခုတ်တရ ( အဲသည် အချိန်တုန်း က ) စွန့်စွန့်စားစား တိတ်တဆိတ် လာပြီး တွေ့ ရဲ ခဲ့တဲ့ အတွက် မင်း ကို ရော မျိုးမြင့် ကို ရော ငါ တအား လေးစားခင်မင် သွား ခဲ့တယ် ။ ဒါ့ကြောင့်လဲ မင်း ကို ငါ ရေးပေး နေတာပေါ့ ။ ငါ့ ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဗမာပြည် မှာ စာပေ စိစစ်ရေး မရှိတော့ရင် … စာပေ လွတ်လပ်ခွင့် ရ ရင် … စာ ပြန် ရေးမယ် ဆိုတာ … ခု ရေး ပေးပို့ ပေး နေတာပဲ ။ စာပေစိတ် နဲ့ နိုင်ငံရေး ယုံကြည်ချက် ကြောင့်တွင် မဟုတ်ဘူး ။ ပုဂ္ဂိုလ်ရေး သံယောဇဉ် လဲ ပါတယ် ။ ဒါ့ကြောင့် ပေးထားခဲ့တဲ့ ကတိ လဲ မပျက်ရအောင် … ငါ သည်စာ မှာ ပြောထားတဲ့ ငါ့ ရဲ့ စိတ်ကြိုက် ငါ့ ရဲ့ မူ အတိုင်းလဲ ပုံနှိပ် မနှိပ် သိရအောင် … ဝတ္ထု တို တပုဒ် နဲ့ ဆောင်းပါး တပုဒ် အဖြစ် သည် စာ ကို ပေး လိုက်တယ် ။ ( “ တစ် နေရာ မှာ သုံးထားတဲ့ “ တ ” တွေ က အစ ငါ့ မူ အတိုင်း ငါ ရေး လိုက်တဲ့ စာလုံး တွေကို ရော ရေးထုံးတွေ ကို ရော လုံးဝ လုံးဝ မပြင်ပါနဲ့ ။
ငါ လုံးဝ လက်မခံဘူး ။ ငါတို့ ဗမာစာ မှာ သတ်ပုံကျမ်းတွေ များစွာ ရှိတယ် ။ ဦးနေဝင်း လို သူ့ ကိုယ် သူ ဘုန်းတန်ခိုး ကြီးတယ် လို့ ယူဆ ခဲ့ကြ တဲ့ တချို့ ဘုရင်တွေ က လဲ အမိန့်အာဏာ နဲ့ သတ်ပုံကျမ်းတွေ ပြဋ္ဌာန်း သတ်မှတ် ခဲ့ကြတာပဲ ။ ဒါပေမယ့် သူတို့ လဲ မရှိ ကြတော့ဘူး ။ ဘယ် သတ်ပုံကျမ်း မှ လဲ တညီတညွတ်တည်း မတည်မြဲ ခဲ့ကြဘူး ။ “ တညလုံး ခုတ်မောင်း နေပါရက် နဲ့ ခရီး မတွင်ပါလား လို့ အောက်မေ့တာ … မနက် မိုး လင်းလို့ ကြည့်လိုက်တော့ ကျွန်း ကို ပတ် မောင်း နေတာပဲ ” လို့ အသုံး မကျ ဦးဏှောက် မရှိတဲ့ မာလိန်မှူး နဲ့ နှိုင်းပြီး ၊ ဦးနေဝင်း က ဆဲ လိုက်တော့ မှ မြန်မာစာ ပညာရှိကြီး တွေ လဲ ဖုတ်ပူ မီးတိုက် ထုတ်လုပ် လိုက် ရတဲ့ … သည် ကနေ့ လက်စွဲ မြန်မာစာ ရေးထုံးကျမ်း ဆိုတာကလေး ရော နောင် နှစ်ပေါင်း ဘယ်လောက်ကြာ ခံ မလဲ မသိ ။ ကျုပ် က တော့ ဗမာစာ ဗမာစကားပြေ ကို ဗမာတွေ ပြောနေကြ တဲ့ အတိုင်း ရေး တာပဲ ကြိုက်တယ် ။ ပြောင်း ပြော ရင် လိုက် ပြောင်းရေးမယ် ။ ကျုပ် ရဲ့ အယူအဆ က တော့ စာပေတို့ စကားတို့ ဆိုတာ အမြဲ ရှင် သန် နေရမယ် ။ အမြဲ ရှင်သန်နေ မှ အမြဲ ကြီးထွား လာမယ် ။ အဲသည် living language ကို ကြိုက်တယ် ။ ဒါမှ ဗမာစာပေ ဗမာစကား ဖွံ့ဖြိုး တိုးတက်လာမယ် ။ ဘာ ဖြစ်သေးလဲ ။
ဘာသာခြား စကားတွေ စာလုံးတွေ ကို လဲ ကိုယ့် မှာ မရှိ ရင် တတ်နိုင်သမျှ ဗမာမှု ပြု ယူမယ် ။ ဒု - ကမ္ဘာစစ် မဖြစ်ခင် က “ bioscope ” ကို အသံ လှယ်ပြီး ငါတို့ က “ ဘိုင်စကုတ် ” လို့ ခေါ်ခဲ့တယ် ။ အခု သူတို့ ကလဲ “ movie ” ဖြစ် လာတယ် ။ ငါတို့ ကလဲ “ ရုပ်ရှင် ” ဖြစ် သွားတယ် ။ ရှင်သန် ပြောင်းလဲ နေတာ ကို ပြောပြတာပါ ။ နား မလည် တဲ့ လူတွေ က “ ဘန်း ” စကား ကို လက်မခံဘူး ။ ငါ က တော့ ကြိုက်တယ် ။ “ ဘန်း ” စကား ဆို တာ လူငယ်တွေ က အသစ် တီထွင်ပြီး သုံးစွဲ လာတာ ။ နောက် ကျယ်ပြန့်ပြီး လူထု အများစု က လက်ခံ သုံးစွဲ လာ ရင် … အဲဒါ ဝေါဟာရ ဖြစ် သွားတာပဲ ။ စကားတွေ စာလုံးတွေ ကို လူထု က မသုံးကြတော့ ရင် … ဟောင်းနွမ်း သွားရင် …ပေါရာဏ ဖြစ်သွား မယ် ။ ကွယ်ပျောက် သွားမယ် ။ အဲသည် လည်ပတ် နေတဲ့ စာ နဲ့ စကား သံသရာ ကို သိရင် ဘန်းစကားတွေ ကို လက်ခံ ရမယ် ။ ဘန်းစကားတွေ ကို မပြောရဘူး ၊ မရေးရဘူး လို့ ပြောရင် ကိုယ်ဝန်ဆောင်တွေ နဲ့ မွေးကင်းစက,လေးတွေ ကို လိုက် သ,တ်ပစ်တာ နဲ့ အတူတူ ပဲ ။ တချို့ ဘန်း စကားလုံး တွေ ကို ငါ ကိုယ်တိုင် လဲ မကြိုက်လှပါဘူး ။ ရှေးတုန်း က “ ကညာ ” လို့ သုံးတယ် ။ နောက် “ အပျို ” … ၊ နောက် ငါတို့ အဖေတွေ ခေတ် ရောက် လာတော့ … “ ဇယ် ” တို့ “ မျာ ” တို့ ဖြစ်ခဲ့ တယ် ။ မတည်မြဲ ခဲ့ကြဘူး ။ ဟော ခုတော့ …“ စော် ” တဲ့ ။ ငါ့ စိတ် ထဲ တော့ … ညစ်ညမ်းတယ် ၊ ရိုင်းတယ် ထင်တာပဲ ။ ဒါပေမယ့် ခုတော့ မိန်းမပျိုကလေးတွေ က တောင် လိုက် သုံး လာ ကြပြီ ။ ငါ ဘာ တတ် နိုင်မှာလဲ ။ အစားထိုး အသုံးအနှုန်း က လဲ မပေါ်သေးဘူး ။
နောက် ငါ တို့ ဗမာစာ မှာ ဖဦးထုပ် နဲ့ ဘကုန်း က လဲ ပြဿနာ ရှိတယ် ။ ငါ ငယ်ငယ် က သည် ဖဦးထုပ် နဲ့ ဘကုန်း ပြဿနာ ၊ ဘယ်လို ခွဲခြား သုံးသင့်တယ် မသုံးသင့်ဘူး ဆိုတာ … စာပေလောက မှာ ရေးကြ သားကြ နဲ့ အကြီးအကျယ် အငြင်းအခုန် ဖြစ်ခဲ့ကြ ဖူးတယ် ။ အဖြေ မထွက် ခဲ့ ပါဘူး ။ ဇာတ်မင်းသားကြီး ဂရိတ်ဖိုးစိန် နဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီး ဘကြီးဘဖေ … ဘကုန်း ကြိုက်တဲ့ လူ က ဘကုန်း ကြိုက် တာပဲ ။ ဖဦးထုပ် ကြိုက်တဲ့ လူ က ဖဦးထုပ် ကြိုက်တာပဲ ။ ငါ က တော့ နှစ်ခု စလုံး ကြိုက်တယ် ။ သမူဟ လုပ်ပြီးတော့ … အသံထွက် အတိုင်း လိုက် သုံးတယ် ။ ဥပမာ … အရှေ့ဘက် နဲ့ တောင်ဘက် ကို ရေးရင် အသံထွက် အတိုင်း ဘကုန်း နဲ့ ပေါင်း တယ် ။ အနောက်ဖက် နဲ့ မြောက်ဖက် ကို ပေါင်းရင်လဲ အသံထွက် အတိုင်းပဲ ဖဦး ထုပ် နဲ့ ပြောင်း ပေါင်းတယ် ။ အဲဒါ ငါ့ ရဲ့ ရေးထုံး ( usage ) မူဝါဒ ပဲ ။ လုံးဝ မပြင် နဲ့ ။ ငါ မကြိုက်ဘူး ။
ကြုံလို့ ပြောရအုံးမယ် ။ စစ်ပြီးစ ဆယ်စုနှစ် ၂ ဆက် လောက် … နှုတ်ခမ်းနီမကလေးတွေ ရဲ့ အသည်းစွဲ စာရေးဆရာ ဖြစ်ခဲ့တဲ့ တင့်တယ် နဲ့ သူ့ စာဟန် တပည့် ရုပ်ရှင် မင်းသားချော စာရေးဆရာ ဝင်းဦး က သူတို့ ကိုယ် သူတို့ ကျွန်တော် တို့ ကျွန်ုပ် တို့ မသုံးဘူး ။ … ဤ စာရေးသူ … လို့ ပဲ သုံးတယ် ။ နောက် ထူးခြားတာ တခု ရှိတယ် ။ စာရေးဆရာမကြီး ခင်နှင်းယု က သူ့ စာတွေ ထဲ မှာ … ဒါပေမယ့် သို့ပေမယ့် … လို့ ဘယ်တော့မှ မသုံးဘူး ။ အညာကျေးတော က သုံးကြ သလို … ဒါပေစိ ၊ ဒါပေသိ … လဲ မသုံး ဘူး ။ သူ့ မြစ်ဝကျွန်းပေါ် လေသံ အတိုင်း … ဒါပေမင့် … လို့ အမြဲ သုံး တယ် ။ ကြာလာတော့ အဲသည် ဒါပေမင့် ဟာ သူ့ ရေးထုံး ဖြစ်လာတယ် ။ မပြင်ကောင်း တဲ့ အတွက်လဲ ဘယ် စာစောင် ဘယ် မဂ္ဂဇင်း စာပြင်စာတည်း က မှ သူ့ တသက်တိုင် မပြင်ခဲ့ကြပါဘူး ။ ရေးထုံး ဆိုတာ စာရေးဆရာ ရဲ့ မူပိုင် ဖြစ်တယ် ။ ရေးထုံး ကို ဘယ် စာပြင် စာတည်း မှ မပြောနဲ့ ။ ဘယ် ပါမောက္ခ ဘယ် ပညာရှိ က မှ ပြင်ပိုင်ခွင့် မရှိဘူး ။ ပြင်ကြရိုး ထုံးတမ်းစဉ်လာ လဲ မရှိဘူး ။
စာ ရေးတဲ့ ကလောင် တလက် ဟာ … သူ ရေးထုတ် ခဲ့ တဲ့ စာတွေ လဲ များ လာပြီ ။ ရေး ခဲ့တဲ့သက်တမ်း လဲ ကြာ လာပြီ ။ သူ ရေး သမျှ ကို ပရိသတ် ပြည်သူ က လဲ နှစ်သက်စွာ လက်ခံ ဖတ်နေ မှတ်နေ ကြပြီ ။ တနေ့ ကျ ရင် သူ့ စာ တွေ ကိုလဲ ကျောင်းသုံး တက္ကသိုလ်သုံး စာအုပ် အဖြစ် ပြဋ္ဌာန်း နိုင်တဲ့ အဆင့် ရောက်လာပြီ ဆိုရင် … ပြည်သူ က အစိုးရ က နိုင်ငံ က … သူ့ ကို စာပေအာဏာ literary authority အဖြစ် အသိအမှတ် ပြု လာရမြဲ ဖြစ်တယ် ။ အဲသည် အခါမှာ သူ့ ရေးဟန်တွေ ရေးထုံးတွေ ကို ပါ လေ့လာ ဆည်းပူးရရိုး ၊ မြတ်နိုးဂုဏ်ပြုရရိုး ဖြစ် တယ် ။ ဒါဟာ ကမ္ဘာ့ ရဲ့ အစဉ်အလာ ပဲ ။
ငါ ဆိုလိုတာ နားလည်တယ် နော် ။
နောက်ဆုံး အနေနဲ့ ကတော့ … ငါ ထပ် ပြောချင်တာ က … အခု သည် ပေးစာ ဆိုလဲ ဟုတ် ၊ ဆောင်းပါး ဆိုလဲ ဟုတ် တဲ့ … စာမူ ကို အများ အတွက် ပါ အကျိုး ရှိမယ်လို့ ယူဆ ရင် … “ ရွှေအမြုတေ ” မှာ ဝတ္ထု နဲ့ တလ ထဲ ဖော်ပြ ပေး ဖို့ပါ ပဲ ။ မင်း အတွက် ထိခိုက်မယ် လို့ ယူဆ ရင် တော့ မဖော်ပြပါ နဲ့ ။ တခြား တနေရာ ရာ မှာ ငါ သုံး လိုက်ပါ့မယ် ။ ငါ့ အနေ နဲ့ တော့ မင်း ကို မထိခိုက် အောင် ရေးထားတဲ့ အတွက် မထိခိုက်တဲ့ အပြင် “ ရွှေအမြုတေ ” တောင် ပိုပြီး ဂုဏ်ရောင် ပြောင် လာ နိုင်ပါတယ် ။
စို တဲ့ လက် မခြောက်ပါစေ နဲ့ ငါ့ ညီ တို့ …
◾ မောင်သာရ
••••• ••••• •••••
❝ ဆရာ မောင်သာရ သို့ ပြန်ကြားချက် ❞
ဆရာ ခင်ဗျား …
ဆရာ ပေးပို့လိုက်တဲ့ စာပေ ဆောင်းပါး ကို ကျွန်တော် ဖော်ပြ ပေး လိုက်ပါပြီ ။ အယ်ဒီတာ တစ်ယောက် အနေ နဲ့ ကျွန်တော် ပြန် မရေး ရင် စာဖတ် ပရိသတ် က ဆရာ ရေးထားတာတွေ ကို ဖတ်မှတ်ပြီး အမှားအယွင်း ရှိ နိုင်တာ ကြောင့် ကျွန်တော် ပြန်ကြား ရေးသား ရခြင်း ဖြစ်ပါတယ် ။
ဆရာ က တစ်သက်လုံး စကားပြော ဟန် နဲ့ ရေး ခဲ့တယ် ဆိုတာ ကို ဒီ ခေတ် စာစီ နေကြတဲ့ ကလေးတွေ သိချင် မှ သိမှာ ဖြစ်ပေမဲ့ ကျွန်တော် က တော့ သိ နေတာပေါ့ ။ အမေး သဘောမျိုး သက်ရောက်တဲ့ ဝါကျများ မှာ ( လဲ ) ကို သုံးပြီး တခြား နေရာမှာ တော့ ( လည်း ) ကို သုံးပါတယ် ။ ရေတွက် လို့ ရတဲ့ ကိစ္စ များ မှာ ( တစ် ) ကို သုံးပြီး ရေတွက် လို့ မရတဲ့ ကိစ္စများ မှာ ( တ ) ကို သုံးပါတယ် ။
ဥပမာ - တစ်ခါတလေ ဖြစ်ပါတယ် ။ တခါတလေ မဟုတ်ပါဘူး ။ ထိုနည်းတူစွာ ( တဲ့ ၊ မဲ့ ) တို့ ရဲ့ မူရင်းဇာစ်မြစ် က ( တယ် ၊ မယ် ) ဖြစ်ပါတယ် ။ သာဓက အနေ နဲ့ ( တဲ့ ) ကို သွားတဲ့ ၊ လာတဲ့ လို့ သုံးနေကြပေမဲ့ ( မယ့် ) ကတော့ သွားမယ့် ၊ လာမယ့် ဖြစ်နေတဲ့ အတွက် ( တဲ့ ၊ မဲ့ ) ဆိုပြီး လိုက်လျောညီထွေ ရှိအောင် သုံးစွဲ ပါတယ် ။ မရှိ အနက် နဲ့ သုံးတာ မဟုတ်ပါဘူး ။ ( မယ့် ) ဟာ မှားတာ မဟုတ်ပေမဲ့ ရေးထုံး အတိုင်း ပြင် ရေးတဲ့ သဘောပါပဲ ။
ဒါကြောင့် ဒါပေမဲ့ ကို ( မဲ့ ) လို့ပဲ ရေးပါတယ် ။ ( မယ့် ) လို့ မရေးတော့ပါဘူး ။ ဒါတွေက မြန်မာစာ ပညာရှင်များ ညှိနှိုင်းပြီး ထုတ်ဝေ ထားတဲ့ မြန်မာစာ အဘိဓာန် မှာ ဖော်ပြထားတဲ့ ရေးထုံးများ အတိုင်း ဖြစ် ပါတယ် ။ ဆရာ ပြော သလို လက် တစ်လုံး လောက် စာအုပ်ကလေး နဲ့ လုပ်တာ မဟုတ်ပါဘူး ။ မြန်မာစာ သတ်ပုံကျမ်းတွေ က ခေါင်းအုံး အိပ် လို့ ရ လောက်ပါတယ် ။ ရှေးခေတ် က ဓမ္မာစရိယတွေ ကို စာပြင်ဆရာ ခန့်တယ် ဆိုပေမဲ့ ကျွန်တော်တို့ ခေတ် မှာ တော့ မြန်မာစာ ပါရဂူများ ကို ခန့်ထား ကြပါတယ် ။ ကျွန်တော့် မဂ္ဂဇင်းတိုက် မှာ စာပြင် တာဝန် ယူ ထားတဲ့ မေစပယ်ညွန့် က မြန်မာစာပါရဂူ ( ဒေါက်တာဘွဲ့ရ ) ဖြစ်ပါတယ် ။
ဆရာ က မြန်မာစာ နဲ့ ဝေး နေတော့ ဒီခေတ် လူငယ် စာရေးဆရာများ နဲ့ လည်း မျက်ခြည်ပြတ် နေပုံ ရပါတယ် ။ ကျွန်တော့် ရွှေအမြုတေ က စင်တင် ပေး လိုက်တဲ့ ကလောင်ရှင်များ ဟာ ဆရာ ပြော သလို ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်များ ဖြစ် နေပြီး တခြား မဂ္ဂဇင်းများ မှာ နေရာပေး ခံရပါတယ် ။ အဲဒီ အတွက် ကျွန်တော် ဝမ်းသာ ပီတိ ဖြစ်ရ သလို နေရာ ပေးတဲ့ မဂ္ဂဇင်းများ ကို လည်း ကျေးဇူး တင် ရပါတယ် ။ အခု ဖော်ပြ လိုက်တဲ့ ဆရာ့ ပေးစာ မှာ တစ်လုံး မှ ပြင် မထားပါဘူး ။
ဆရာ ရေး ထားတဲ့ စာလုံးပေါင်းများ အတိုင်း စီ ပေး ထားပါတယ် ။ နောက်လ မှာ ပါ မဲ့ ဝတ္ထု မှာ လည်း ဆရာ့ စိတ်ကြိုက် ၊ ဆရာ့ သတ်ပုံ အတိုင်း တစ်လုံး မှ မပြင်ဘဲ စီ ထားပါတယ် ။ စကား စပ် လို့ ပြော ရရင် US ကို ကျွန်တော် ရောက် တုန်း က လာ့စ်ဗီဂတ်စ် ကို ရောက်ခိုက် ဆရာ့ ကို လာ တွေ့ခဲ့တာ ခိုးကြောင် ခိုးဝှက် လာ တွေ့တာ မဟုတ်ပါဘူး ။ လေးစားမှု နဲ့ လာ တွေ့တာပါ ။ မတွေ့ရဘူး လို့ ဘယ်သူ က မှ တား မထားပါဘူး ။ ဆရာ ပြောတဲ့ အထဲ မှာ ပြည်နှင်ဒဏ် သင့်တယ် ဆိုတာ ပါတယ် ။ ဆရာ ပြည်နှင်ဒဏ် ဘယ်တုန်း က ခံ လိုက် ရတာလဲ ။ ကျွန်တော် မသိလိုက်ပါလား ။ မျိုးဆက်သစ် လူငယ်တွေ က “ စာရေးဆရာကြီး မောင်သာရ ကို အစိုးရ က ပြည်နှင်ဒဏ် ပေးလိုက်တယ် ” လို့ အမှတ် မှား သွား ကြပါလိမ့်မယ် ။ ဒါကြောင့် အခါအခွင့် သင့် ရင် ဘယ် မဂ္ဂဇင်း မှာ ပဲ ဖြစ်ဖြစ် ဆရာ ဘာ စာအုပ် ရေး လို့ ဘယ် အစိုးရ အဖွဲ့ က ဘယ်နေ့ ဘယ်ရက် မှာ ပြည်နှင်ဒဏ် ပေးခဲ့တယ် ဆိုတာ ကို ရှင်းပြ စေချင်ပါတယ် ။ ဆရာ က ကျွန်တော် တို့ ညီအစ်ကို ကို လေးစား ချစ်ခင်သော အား ဖြင့် စာမူများ ချီးမြှင့် နေတယ် ဆိုတာ ကို ကျေးဇူး တင် ဝမ်းသာပါတယ် ဆရာ ။ အခါအခွင့် သင့် ရင် ဆရာ့ စာမူသစ်များ ကို ဖတ်ချင်ပါ သေးတယ် ။ ဆရာ ရေး နိုင်တဲ့ အချိန် မှာ ရေးပါဦး ဆရာ ။ အခု ဆောင်းပါး နဲ့ အတူ ပို့ပေး လိုက်တဲ့ ဝတ္ထု ကို တော့ နောက် လ မှ သာ ကျွန်တော် ဖော်ပြ ပေးပါမယ် ။
လေးစား ချစ်ခင်စွာဖြင့်
ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
ဩဂုတ်လ ၊ ၂၀၁၂
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment