Friday, September 22, 2023

သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် ( ၅ )


 

သို့နှင့် ယာတောင်ရွာ လူကြီး သုံးယောက် ဖြစ်ကြသော ဦးထွန်းပေါ် ၊ ဦး ကံညွန့်နှင့် ဦးသံတိုင် တို့ သုံးယောက် သည် သူတော်ငတေ မှာကြားလိုက် သည့် အတိုင်းပင် တစ်ရွာ တစ်ကျေး က လူများ နှင့် ဤ တစ်ရက် နှစ်ရက် အတွင်း တွင် စကားများ ရန်ဖြစ် လာ ကြသူ ၊ ရန်ဖြစ် ထားကြသူ ရှိ မရှိ ယာတောင်ရွာ ထဲ ၌ တိုးတိုးတိတ်တိတ် လိုက် စုံစမ်း ကြသည် ။ မကြာမီ မှာ အဖြေ ရ၏ ။

လွန်ခဲ့သော တပေါင်းလဆန်း ဆယ့်သုံးရက် ( တောအဖိတ် ) နေ့ က ရွာဖျားပိုင်း ရှိ ဦးလှသန်း နှင့် ဒေါ်ပုမ တို့ ၏ သမီးကြီး မလှရှိန် သည် သူ့ အဖော် ကာလသမီးများ ဖြစ်ကြသော အေးတင်မ ၊ ယဉ်နုခိုင် တို့ နှင့် မင်းရွာ တွင် ပေါ်ဦးပေါ်ဖျား မရန်းချိုသီး သွား ရောင်း ကြရင်း က နေ မင်းရွာ မှ ကာလသမီး နှစ်ယောက် နှင့် ဈေး ထဲ မှာ အကြီးအကျယ် ပင် ရန်ဖြစ် လာကြ သည် ဟု ဆိုသည် ။

မင်းရွာ ဆိုသည် မှာ သူတို့ ယာတောင် နှင့် ခြေကျင် မိနစ် နှစ်ဆယ် နာရီဝက် ခရီး ဝေးပါသည် ။ အိမ်ခြေ ငါးရာ ကျော် ရှိသည့် အပြင် ခရိုင်မြို့ကြီး မှ ရမ္မာဝတီ သို့ သွား မော်တော်ကား လမ်း ( သူတို့ ဒေသ အခေါ် မင်းလမ်း ) နံဘေး တွင် ရှိသည် ။ ထို့ကြောင့် ဤ အနီး ပတ်ဝန်းကျင် တွင် အစည်ကား ဆုံး ရွာကြီး ဖြစ်သည် ။

ရွာကြီး စည်ကား သလို မင်းရွာ တွင် ပညာသည်များ လည်း စုံသည် ။ ရွာနီး ချုပ်စပ် က လယ်သမား ၊ ယာသမား ၊ တောသူတောင်သား တွေ အားထား ရသော ပန်းပဲဖို ရှိသည် ။ လက်ကောက် ၊ ပုတီး ၊ နားတောင်း ၊ ခြေချင်း အစ ရွှေတိုရွှေစ ငွေတိုငွေစ တို့ ရောင်းဝယ် ပြုလုပ် ပေး နိုင်သော ပန်းထိမ်ဖို ရှိသည် ။ ဆေးသမား ရှိ သည် ။ ဗိန္ဒောဆေးဆရာ ရှိသည် ။ ပယောဂဆရာ ရှိသည် ။ ဗေဒင်ဆရာ ၊ ဓာတ်ကျမ်း ၊ နတ်ကျမ်းဆရာ ရှိသည် ။ နတ်ကတော် ရှိသည် ။ နတ်ဆရာ ၊ ကျတ်ဆရာ ရှိသည် ။

လက်သမား ၊ ပန်းရန် ၊ ပန်းချီ ၊ ပန်းပု ထုလုပ် တတ်သူများ လည်း ရှိသည် ။ ရွာနီး ချုပ်စပ်ရွာများ အားလုံး က လာ ရောက် ၍ ချုပ်လုပ် တတ်ကြသော အပ်ချုပ်စက်ဆရာ ဆရာမတွေ  လည်း ရှိ ကြသည် ။ ဈေး ထဲ တွ င်လည်း လူ့ အသုံးအဆောင်များ ဖြစ်သော အပ် ၊ အပ်ချည်လုံး အစ အထည်ဆိုင် ၊ ဈေးဆိုင်တွေ လည်း ရှိသည် ။  အထူးသဖြင့် မင်းရွာ ၏ မနက်ပိုင်း ဈေး မှာ အထုး စည်ကား လှသည် ။ ထို့ကြောင့်ပင် ယာတောင် ရွာသူ ကာလသမီးများ ဖြစ်ကြသော မလှရှိန် ၊ ယဉ်နုခိုင် ၊ အေးတင်မ တို့ သုံး ယောက်သည် သူတို့ ၏ ခြံထွက် မရန်းချိုသီးများ ကို မင်းရွာ ဈေး ထဲ သွား ရောင်း ကြသည် ။

မနက် ဝေလီဝေလင်း က ပင် သူတို့ ယာတောင်ရွာ မှ ထွက်လာ ကြသော မိန်းကလေး သုံးယောက် မှာ မိုးလင်း သည် နှင့် မင်းရွာ ဈေး ထဲ ကို ရောက်လာ ကြ၏ ။ သို့သော် သူတို့ ကဲ့သို့ပင် ရွာနီးချုပ်စပ် ရှိ ရွာများ မှ ဈေးသည်များ နှင့် မင်းရွာသူ ဈေးသည် များက နေရာ ဦးထား ကြ ရာ နေရာ မရကြ ။

ဟိုနား သွား ချလည်း သူ့ နေရာ သည်နား လာ ချပြန်လည်း “ ငါ့နေရာ တဲ့ ။ ငါ ဦးထားတာ ” ဆိုသည် နှင့် သူတို့ သုံးယောက် မှာ မရန်းချိုသီး တောင်း ကိုယ်စီ ရွက် ကာ ဟိုနား ချ ရောင်း ရ ကောင်းနိုး ၊ သည်နား ချ ရောင်းရ ကောင်းနိုးနိုးနှင့် မင်းရွာ ဈေး ထဲ တွင် ယောင်ချာချာ ဖြစ် နေကြ သေးသည် ။ သူတို့ မှာ တစ်နှစ် တစ်ခါ မရန်းသီး ပေါ် မှ လာ ရောင်းကြသူများ ဖြစ်ရာ နေ့စဉ် လာ ရောင်း နေကျ ဈေးသည်များ လို လည်း နေရာ အတည်တကျ မရှိ လည်လည်ဝယ်ဝယ် လည်း မဟုတ်ကြ ။

တစ်ခါတလေ မှ လာ ရောင်းကြသူ ပီပီ ယောင်တိယောင်န ဖြစ် နေကြ သည် ။ သည်လို နှင့် မကြာခင် မလှရှိန် တို့နှင့် ဆွေမျိုးနီးစပ် တော် သော မင်းရွာသူ ဒေါ်ထွေးတင့် ငှက်ပျောသီး ရောင်းရန် ရောက် လာရာ နေရာ မရ ဖြစ်နေ ကြသော မလှရှိန် တို့ ကို “ လာ ငါ့ နေရာ မှာ လာ ရောင်းကြ ”  ဟု ပြော ပြီး ဒေါ်ထွေးတင် ငှက်ပျောသီး ရောင်း သော နေရာနား ၌ ပင် ကပ်ရပ်ပြီး မလှရှိန် တို့ က မရန်းချိုသီးများ ရောင်း နေကြသည် ။

ပေါ်ဦးပေါ်ဖျား ဖြစ် သဖြင့် မရန်းချိုသီးတွေ မှာ ရောင်း ကောင်း ကြပေ သည် ။ မရန်းချိုသီး ရောင်း ၍ တစ်ဝက် လောက် ပင် ကုန်သွားချိန် မှာ မင်းရွာသူ ကာလသမီး နှစ်ယောက် မလှရှိန် တို့ အနား ရောက် လာကြ သည် ။ ပေါ်ဦး ပေါ်ဖျား မရန်းသီးတွေ ကို မြင်သော အခါ မလှရှိန် တို့ရှေ့ လာ ရပ် ကြ၏ ။

“ ဒီက မရမ်းချဉ်သီးတွေ ဘယ်လို ရောင်းတုံး ”

ဟု မင်းရွာသူ ကာလသမီး တစ်ယောက် က ခါး နည်းနည်း ကိုင်းညွတ် ကြည့် ပြီး မေး၏ ။

“ အချဉ်သီးတွေ မဟုတ်ပါဘူး အစ်မ ၊ အချိုသီးတွေ ပါ ”

မလှရှိန် က မေးသူ ကို တစ်ချက် မော့ ကြည့်ပြီး သူတို့ မရန်းသီး မှာ အချဉ်သီး မဟုတ်ကြောင်း ပြန်ပြော လိုက်သည် ။

“ ဟုတ်လား ”

ဟု ပြောပြီး နောက် တစ်ယောက် က ဆိုးဆိုးဆတ်ဆတ် နှင့် ယဉ်နုခိုင် တောင်း ထဲ က မရန်းချိုသီး တစ်လုံး ကို ကောက်ယူ ပြီး စား ကြည့် လိုက် သည် ။

“ စားကြည့်ပါရစေနော် ”

ဟု ပင် ပိုင်ရှင်ဆီ တွင် ခွင့်မတောင်း ဘဲ ဆိုးဆိုးဆတ်ဆတ် နှင့် သူ့ မရန်းသီး တစ်လုံး ကို ကောက်ဝါး နေသော မင်းရွာသူမ ကို ယဉ်နုခိုင် က မကြည် မသာ ဖြစ် သွားသည် ။

သို့ရာတွင် မင်းရွာသူ ၊ မင်းရွာသား များ မှာ ရွာကြီးသား ၊ ရွာကြီးသူတွေ ဟူသော ဟိတ်ဟန် မာန နှင့် နေရာတကာ စွာကျယ် စွာကျယ် လုပ် တတ် ကြသည် ကို တော့ အားလုံး က သိထား ကြသည် ။ ပြီးတော့ သူတို့ ရွာသူကြီး ပိုင် ရွာများ က လာရောင်း ကြသူတွေ ဟူသော အပေါ်စီး နှင့် နိုင်ထက် စီးနင်းလည်း လုပ်ချင် တတ် ကြသည် ။

ဤသည် မှာ လည်း မင်းရွာသူ ၊ မင်းရွာသားတွေ ၏ အကျင့် ဟု ဆိုရမည် ။ လူကြီး ၊ မိန်းမကြီးများ သာ မဟုတ် ကာလသား ကာလသမီး ၊ ကလေးများ ပါ မကျန် မင်းရွာက လူတွေ ဆို တစ်နယ်လုံး က အသာစီး ပေးထားကြ ရ သည် ။ သူတို့ ရွာ တွင် သူတို့ ရွာသား ဆယ့်နှစ်ရွာပိုင် နှစ်လုံးပြူး ပိုင်ရှင် စလွယ်ရ မင်းပေါက် စိုးပေါက် သူကြီး ဦးအောင် က လည်း ရှိနေလေရာ တခြား ရွာသူရွာသားတွေ ကို လူ မထင်တတ်ကြချေ ။

ထို့ကြောင့်လည်း ပွဲပြင် ကနား က အစ ထိတ်ခနဲ ဆို မင်းရွာသားတွေ နှင့် ချည်း ပင် ကတောက်ကဆ အဖြစ် များ ကြသည် ။ မင်းရွာသားတွေ မှာ သူတို့ သူကြီး အားကိုး နှင့် နေရာတကာ ငါ သိ ငါ တတ်လည်း အင်မတန် လုပ် တတ်ကြသည် ။ ကာလသားများ ဆို ပြန် လျှင် လည်း တခြား ရွာသူ ကာလ သမီးများ ကို ပွဲပြင် ၌ ဣန္ဒြေမရ စကြ နောက်တတ်ကြ သည် ။ ထိုအခါ ရွာခံ ကာလသားများ က မခံနိုင် ကြ၍ ရန် ဖြစ်ပေါင်း လည်း များကြလေပြီ ။ နောက်ဆုံး ကုန်ကုန် ပြော ရရင် မင်းရွာ ဘုန်းကြီးကျောင်း က ကျောင်းသားငယ်များ သည် ပင် ရှင်ပြု ရဟန်းခံပွဲ များ၌ ကျောင်းသားများ တို့ ကို ထမင်း ကျွေးရာ က အစ ပြဿနာ လုပ် တတ် ကြသည် ။

သူတို့ ရွာ ရှိ ဆရာတော် မှာ စာတတ် ပေတတ် ကျမ်းဂန်တတ် ဖြစ် သဖြင့် ဘုန်းကြီးကျောင်းသားများ ကို တစ်ရွာ စီ တစ်ကျောင်း စီ ခေါ်၍ ထမင်း ကျွေး ရာ ၌ ပင် သူတို့ မင်းရွာ က ကျောင်းသားများ ကို အလျင်ဦးဆုံး ခေါ်ယူ ရမည် ။ ထိုသို့ မဟုတ်လျှင် သူတို့ က ထမင်း မစားဘဲ နေတတ် ကြ၏ ။

အမှန်မှာ အလှူမင်္ဂလာ ၊ ရှင်ပြု ရဟန်းခံ ၊ ဘုန်းကြီးပျံပွဲ က အစ တစ် နယ်လုံး ရှိ ဘုန်းတော်ကြီးများ ကို ပင့် တတ်ကြ ရာ ရွာငယ် ၊ ရွာကြီး ကို အဓိက မထား ၊ ဘုန်းတော်ကြီးများ ၏ ဝါတော်စဉ် အလိုက် ကို သာ ဝိနည်း တော်နှင့် အညီ အသိအမှတ် ပြု ပြီး “ ဘယ်ရွာ ဆရာတော် ကျောင်းသား များ ထမင်း သုံးဆောင်ရန် ကြွကြ ပါ ” ဟု ဘုန်းကြီး တို့ ဝါစဉ် နှင့် ခေါ်သည် ။

ထိုအခါ ထမင်းစား မခေါ်မီ ကပင် ထမင်း ကျွေး မဏ္ဍပ် ထဲ လာရောက် ၍ စောင့်ဆိုင်း နေကြပြီး အလှူချက် ဟင်းများ အပြင် ရွာများ မှ ပို့ဆွမ်းများ ၏ ဟင်းခွက်များ ကိုလည်း ဘုန်းကြီး ကျောင်းသား များ ဦးစားပေး စီစဉ် ချထား တတ်ကြရာ ဘယ်နေရာ တွင် ပို့ဆွမ်း ထဲ မှ ဟင်းခွက် ကောင်းကောင်း ပါသည် ကို ကြို ကြည့် ထားကြသော မင်းရွာ ဘုန်းကြီး ကျောင်းသားများက သူတို့ ဝင် စား လိုက်မည် ဟု အားခဲထားသော နေရာကောင်း ကို သူတို့ ဘုန်းကြီး ထက် ဝါကြီး ဘုန်းကြီး ၏ ရွာငယ် ကျောင်းသားများ က အရင် ဝင် စားကြ ရ လေရာ ဤသည် ကို မကျေနပ် ဖြစ် ကာ မစားတော့ဘူး ဘာဘာညာညာ နှင့် ထ ပြန်မည် လုပ် တတ်ကြသည် ။

လူကြီး သာ မဟုတ်ချေ ။  ဘုန်းကြီးကျောင်းသား ကလေးများ ပင် ဤသို့ ဗိုလ်ကျ တတ်သည် ကို သိရှိ ထားကြသော ယာတောင်ရွာသူ မလှရှိန် တို့ မှာ လည်း ယခု မရန်းချိုသီး မှန်း သိပါလျက် မရန်းချဉ်သီး ဟု ပြော လိုက်သည့် အပြင် ပိုင်ရှင် ဆီ မှ ခွင့်ပြုချက် မရဘဲ ဆိုးဆိုးဆတ်ဆတ် နှင့်  တောင်း ထဲ က မရန်းချိုသီး တစ်လုံး ကို ကောက်နှိုက် ဝါးစားနေ သော မင်းရွာသူ မိန်းမငယ်လေး အား မကျေနပ်သော်လည်း ရန် မဖြစ်ချင် သဖြင့် သည်းခံ နေကြသည် ။

မရန်းချိုသီးတွေ မှာ လည်း သူတို့ ခြံ ထွက် မို့ မရန်းသီး တစ်လုံး မှာ ဘာမှ တန်ဖိုး ရှိလှသည် မဟုတ်ပေ ။

“ ဖွီ ... ဖွီ ဒါများ အချိုသီး တဲ့ ၊ ချဉ် လိုက်တာများ စုတ်နေတာပဲ ”

မင်းရွာသူမကလေး သည် မလှရှိန် တို့ ၏ တောင်း ထဲ က မရန်းချိုသီး တစ်လုံး ကို ကောက်ဝါး နေရာ မှ အချဉ်သီး ဟု ပြောဆိုကာ ဖွီခနဲ ထွေး ထုတ် ပစ် လိုက်သည် ။

“ မရန်းသီး က အချဉ်သီး မဟုတ်ပါ ဘူး အစ်မလေး ရယ် ၊ အချိုသီးပါ တော့ ”

ယာတောင်ရွာ မှ မရန်းချိုသီး လာ ရောင်း နေကြသူ သုံးယောက် ထဲ တွင် အကြီးဆုံးလည်း ဖြစ် မင်းရွာသူ ၊ မင်း ရွာသားများ ၏ အကြောင်း ကို သိထား သူ လည်း ဖြစ်သူ မလှရှိန် က စကား မများ ချင်သဖြင့် သူတို့ မရန်းသီး မှာ အချိုသီး ဖြစ်ကြောင်း လေသံပျော့ နှင့် ပင် ပြန်ပြောလိုက်သည် ။

သူတို့ ရွာ တွင် အစွာဆုံး ၊ မိဘလည်း ကြေးရတတ် ဖြစ်သူ ယဉ်နုခိုင် က မူ မင်းရွာသူမ ၏ အပြုအမူ ကို မကျေမနပ်ဖြစ်ကာ မသိမသာ အံကြိတ်လိုက် ပြီး -

“ ရှင် လည်း မရန်းသီး တောင် အချိုသီး မှန်း ၊ အချဉ်သီး မှန်း မသိဘူးလား ”

ဟု ပြန် ပြောလိုက်၏ ။

“ ဟဲ့ ငါ့ ပါးစပ် ထဲ ချဉ် လို့ ချဉ်တယ် ပြောတာပေါ့ဟ ၊ ညည်းက ဘာ မကျေနပ်စရာ ရှိလဲ ” 

မင်းရွာသူမ က လည်း ယဉ်နုခိုင် ကို ပြန် မေး လိုက်သည် ။

“ အချိုသီး ဆိုပေမဲ့ မရန်းသီးပဲ ငါ့ တူမ ရယ် ၊ အနည်း နဲ့ အများ အချဉ်ဓာတ်လေး က တော့ ပါမှာပေါ့ ”

ငှက်ပျောသီး လာ ရောင်း နေသူ မလှရှိန် တို့ ကြီးတော် မင်းရွာသူမကြီး ဒေါ်ထွေးတင် က လည်း ကလေးမလေးတွေ စကား များကြ မှာ စိုး၍ ဖျန်ဖြေ ပြော၏ ။ စောစောစီးစီး သူတို့ မရန်းချိုသီး ကို နာမည် လာ ဖျက်ရပါ မည်လား ဟု မကျေမနပ် ဖြစ်နေသူ ယဉ်နုခိုင် က -

“ ဒါပေါ့ အရီး ရယ် ၊ မရန်းသီး ပဲ သကြား လို တော့ ဘယ် ရွာက မရန်းသီး မှ ချိုတယ် မကြားဖူးပါဘူး တော် ”

ဟု မဲ့ရွဲ့ ၍ ပြော လိုက်ရာ မင်းရွာသူမ က လည်း ဆတ်ဆတ်ထိ မခံ ။

“ ရွာ ဆိုတဲ့စကား ညည်း ထည့်မပြော ပါနဲ့ ၊ ငါ့ ပါးစပ် ထဲ ချဉ်လို့ ငါ က ချဉ် တယ် ၊ ပြောတာ ၊ ဒါ နာစရာလား ”

“ ဟဲ့ နင့် ပါးစပ် ထဲ ချဉ်တယ်ဆို မဝယ်နဲ့ပေါ့ ဟ ၊ နင့် ကို ဘယ်လူ က အတင်း ရောင်းနေလို့လဲ ၊ သူများတွေ ချိုပြီး နင့် ပါးစပ် က ချဉ်တယ် ဆို တော့ ဟင်းဟင်း ငါ မပြောလိုက်ချင် ဘူး နင့် ပါးစပ် ထဲ အချဉ် ချင်ခြင်း တပ် ... ”

“ အောင်မာ ၊ ဟဲ့ ကောင်မ ၊ နင် လူပါးဝလှချည်လား ။ ငါ့ ညီမက အပျိုဘော် တောင် မဝင်ရသေးဘူး ဟဲ့ ။ ဘာ စော်ကား တာလဲ ”

မင်းရွာသူမ ထဲ က အကြီးမ ဖြစ်သူ သည် ချက်ချင်း ယဉ်နုခိုင် ဆံပင် ကို လှမ်း ဆွဲ ၍ ပြောလိုက်၏ ။ ယဉ်နုခိုင် ကလည်း ဆတ်ဆတ် ထိ မခံ ။ သူ့ ဆံပင် ကို လာ ဆွဲသော မင်းရွာသူ အကြီးမ ကို လက်မြန်မြန် ပါး နှစ်ချက် သုံးချက် ထ ချ ပစ် လိုက်သည် ။

သည်လိုနှင့် မရန်းသီး လာ ဝယ်သူ မင်းရွာသူမလေး နှစ်ယောက် နှင့် မရန်းချိုသီး လာ ရောင်းသူ ယာတောင်သူမလေး သုံးယောက် တို့ ဈေး ထဲမှာ လုံးထွေးသ,တ်ပုတ်ကြရာ မိန်းမကြီးများ က ဝိုင်းဆွဲ ဝိုင်းတား၍ ဖျန်ဖြေ ပေး ကြရသည် ။

နောက်ဆုံး မှာ တော့ တကယ်တမ်း သတ်ပုတ် ကြမည် ဆိုလျှင် လည်း သုံး ယောက် နှင့် နှစ်ယောက် ဖြစ်နေကြ သည့် အပြင် ယာတောင်သူတွေ က မဟုတ်မခံတွေ မှန်း သိသွားကြ သော အခါ မင်းရွာသူမလေး နှစ်ယောက် က တောက် တခေါက်ခေါက် နှင့် -

“ မရန်းချဉ်သီး လာ ရောင်းကြလို့ ပေါ့ ။ သူများ လို ရွှေ သာ ရောင်းရင် ဘယ့်နှယ် နေမလဲ မသိဘူး ”

ဟု ပြောသည် ကို ယဉ်နုခိုင် က လည်း

“ ကြီးကျယ်လိုက်တာ ၊ နင့်တို့  ဘာသာ နင့် ရွှေ မက လို့ စိန် ပဲ ရောင်း ရောင်း ၊ လာပြီး လူပါးမဝ နဲ့ ၊ ချရဲရင် လာစမ်း ၊ ဟေ့ကောင်မတွေ နင်တို့ ရွာ မှာ ထဘီ အလံထူ ထား ခဲ့မယ် ဟေ့ ၊ ထဘီ အလံ ထူထားခဲ့မယ်ဟေ့ ”

ငယ်ငယ်ကပင် မယဉ်နုခိုင် မှာ စိတ် ဆတ်သူ ဖြစ်လေရာ ထဘီ ပင့်ပြီး မင်းရွာသူမ နှစ်ယောက် ကို စိန်ခေါ် လိုက်သည် ။

ယဉ်နုခိုင် တို့ ကို ဖက်သ,တ်လျှင် လည်း စောစောက ပါးရိုက် ခံရ သလို သာ ထပ်ပြီး အရိုက်အနှက် ခံရမည် ကိုသိသော မင်းရွာသူလေး နှစ် ယောက် က နောက်ဆုံး မှာတော့ တောက် တခေါက်ခေါက် နှင့် -

“ ငါ့ အကြောင်း နင်တို့ သိရမယ် ။ အိမ် ရောက် ရင် အမေ ၊ အဖေ ၊ အဘွား တို့ နဲ့ တိုင်ပြောမယ် ”

ဟု ကြိမ်းဝါးကာ ငိုရှိုက်ပြီး ဈေး ထဲ က ပြန် သွား ကြသည် ။

ဤသည်ကို လူကြီးမိဘများ လိုက် လာ လျှင် ပိုမိုပြီး ပြဿနာ ရှုပ်ကုန် ကြ မည် စိုးသဖြင့် မလှရှိန် တို့ ကြီးတော်ကြီး က -

“ ခွေးကောင်မလေးတွေ ဟယ် နင်တို့ က သူများ ရွာ လည်း ဈေး လာ ရောင်း ကြသေးတယ် ။ ရန် လည်း ဖြစ် ကြသေး ။ သူ့ အမေ ၊ အဖေတွေ က ရွှေပန်းထိမ်တွေ ဟ ။ ပြီးတော့ သူ့ အဘွား ဆိုတာ လည်း ရွာ မှာ နာမည် တစ်လုံး နဲ့ နေ နေတာ ၊ ကဲကဲ ပြန်ကြ ပြန်ကြ ။ နင်တို့ မရန်းချိုသီးတွေ ကြီးတော် ပဲ ရောင်းထား ပေးပါ့မယ် ဟယ် ။ အရှုပ်မလေးတွေ မြန်မြန် သာ ကြွ ပြန်ကြပါ ။ ကြီးတော်ကြီး တောင်းပန်ပါတယ် ”

ဟု ဖျောင်းဖျ ပြောဆိုကာ မလှရှိန် တို့ မရန်းချိုသီးတွေ ကို ယူပြီး ပြန် လွှတ် လိုက်သည် ။

သို့သော် မလှရှိန် တို့ မှာ လည်း မင်းရွာသူမလေး နှစ်ယောက် ကို မကျေမနပ် လူပါးဝလာတဲ့ ကောင်မတွေ ၊ နင့် အမိအဖ ရွှေသူဌေးတွေ မကဘူး ၊ နင့် အဘိုးသူကြီး ပါ သွား တိုင်ချင် တိုင် လိုက်ကြဦး ဟေး ဟု ဈေးထိပ် မှ အော်ဟစ် ထားခဲ့ကြသေးသည် ဆို၏ ။

ဤအကြောင်း ကို သူတော်ငတေ အား ရွာသူကြီး သုံးယောက် ဖြစ်ကြ သော ဦးထွန်းပေါ် ၊ ဦးကံညွန့် ၊ ဦး သံတိုင် တို့ က သူတော်ငတေ  ကို ချက်ချင်း လာ၍ ပြောကြရာ သူတော်ငတေ သည် သူ့ ထုံးစံ အတိုင်း သူ့ ကတုံးပြောင်ကြီး ကို လက် နှင့် ပွတ် ကာ -

“ အိမ်း ဟင်း … မိန်းကလေးတွေ ရန်ဖြစ် လာကြတာ နဲ့ ခင်ဗျားတို့ ရွာ ည ည ပိတုန်းကောင်တွေ ဝင် လာပြီး လူတွေ လိုက် တုပ်တာ နဲ့ တော့ ဘာ မှ မဆိုင်ဘူး ထင်တယ်နော် ”

ဟု ဆို ပြန်သည် ။

“ ဒါကို ကျွန်တော်တို့ တော့ ဘယ်သိ မလဲဗျ ။ မနက် ဆီ က ဦးသူတော် ပြော တော့ တစ်ရွာတစ်ကျေး နဲ့ ရန်ဖြစ် ထားတဲ့ တစ်စုံ တစ်ယောက် ရွာ မှာ ရှိ ဖူးလား ၊ ရှိနေလား စုံစမ်းကြပါဦး ဆို လို့ ကျုပ်တို့ လည်း စုံစမ်းရ တာပဲလေ ”

မနက်က မှ သူ ခိုင်းပြီး ဒီ ငတေ အူကြောင်ကြောင် လုပ် နေပြန်ပြီ ဟူသော သဘောနှင့် သူတော်ငတေ ငယ်သူငယ်ချင်း ဦးသံတိုင် က ပြော လိုက်သည် ။

ထိုအခါ သူတော်ငတေ က

“ အေးလေ ၊ ဒါဆိုလည်း ဆက်စပ်မှု ဆိုတာ ရှိကောင်း ရှိနိုင်တာပနော် ”

ဟု သံလေးကြီး ဆွဲပြီး ပြောလာ ပြန်၏ ။

“ အဲဒါဆို လည်း ဦးသူတော် ပဲ ဆက်စပ်ကြည့်ပြီး လုပ်လေဗျာ ”

“ အေးပါ လုပ်ကြည့်ကြတာပ ခင်ဗျားတို့ ရွာ ကို ည ည မှ ဝင်လာ တယ် ဆိုတဲ့ ပိတုန်းကောင်တွေ ရဲ့ ဇာတိ ကို ရှာရမယ် ။ ဇာတိ ဆိုတာ ကို တော့ လူကြီးမင်း တို့ သိကြပါတယ် နော် ”

“ သိပါတယ် ။ ငယ်ငယ်တုန်း က သူများတွေ စာအံ နေကြတဲ့ ည ည မှာ ဦးသူတော် နဲ့ ကျုပ် တို့ စာအံ နေရင်း က အပေါ့အပါး သွား မလိုလိုနဲ့ ကျောင်း အောက် ဆင်းလာပြီး ဇရပ် က ခိုတွေ လိုက်ဖမ်း ဖုတ်စားကြ ပေမဲ့ ၊ ကျုပ် က လောကနီတိ တောင် အလွတ်ရခဲ့တဲ့ ကောင် ပါဗျ ။ ဇာတိ ဆိုတာ မသိဘဲ နေ မလား ” 

သူတော်ငတေ ငယ်သူငယ်ချင်း ဦးကံညွန့် ရွာလူကြီး က သူတော်ငတေ ကို ပြန် ပြော လိုက်သည် ။

“ အေး အဲဒါ မင်း ငါ ပြော မလို့ ။ မင်း က တို့ ငယ်ငယ်တုန်း က ပဲ လောကနီတိ အလွတ် ရ လာတဲ့ ကောင် ဆိုပေမဲ့ မကျင့်ကြံတာ က ခက်တယ် ။ လောကနီတိ ထဲ မှာ မဟာပညာကျော် စတုရင်္ဂဗလ အမတ်ကြီး က ဘာ ပြောထားလဲ ”

“ လောကနီတိ က စာမျက်နှာ ပေါင်း တစ်ရာ လောက် ရှိတယ်ဗျ ။ ပြောထား မှာထား တာတွေ အများကြီး ပဲ ဘယ်လို လုပ် သိမလဲ ၊ မှတ်မိတော့မလဲ ”

“ အေး မင်း မမှတ်မိ ရင် ခု ငါ ပြော မယ် ။ အရှင်းဆုံး စကားနဲ့ ပဲ ပြော မယ်ကွာ ”

“ ပြော ပြော“ 

ဒီ ငတေ လိုရင်း မရောက်ဘဲ တောပြော တောင်ပြော လုပ် လာပြန်ပြီ ဟု စိတ်တို လာသော ဦးသံတိုင် က “ ပြော ပြော ” ဟု တုံးတိတိ ပင် ဆိုလိုက် သည် ။

“ ယောက်မ တွေ ၊ ဇွန်း တွေ ဟာ ထမင်းဟင်း နဲ့ အလွန် နီးစပ်ပြီး ထမင်းအိုး ဟင်းအိုး ထဲ အမြဲ တဖြုတ်ဖြုတ် ငုပ်ချည် ပေါ်ချည် လုပ် နေကြပေမဲ့ ထမင်းဟင်း ရဲ့ အရသာ ကို မသိတတ်ကြဘူး လို့ စတုရင်္ဂ ”

“ ဟား ... ဟား ... ဟား ”

သူတော်ငတေ ၏ ဆိုလိုရင်း ကို ယခု မှ သဘော ပေါက် သွားသော သူတော်ငတေ ငယ်သူငယ်ချင်း ဦးသံတိုင် တဟားဟား ရယ် လိုက်သည် ကို သူတော်ငတေ က ပြုံးဖြီးဖြီး နှင့် ကြည့် နေသည် ။

သူတော်ငတေ ၏ ဆိုလိုရင်း မှာ သူ့ အား ရွာတကာ နယ်တကာ က လူများ လေးစား အရေး ထား ကြ သော်လည်း သူ့ ရွာသူရွာသားများ သည် သူ နှင့် အနီးကပ်ဆုံး နေကြသူ တွေ ဖြစ် သော်လည်း သူ့ ကို အလေး မထားကြ သည့် အပြင် တောပြော တောင်ပြော ပင် သားပုပ်လေလွင့် ပြော ကြသည် ။ ယခု ရပ်ရေးရွာရေး ကြုံမှ ငယ် သူငယ်ချင်း ဖြစ်သူ ရွာလူကြီး ဦးသံတိုင် လည်း သူ့ ဆီ ရောက်လာသည် ဟု ဆိုလိုခြင်း ဖြစ်သည် ။

ဤသည် ကို သဘောပေါက် သွား သော ယာတောင် ရွာလူကြီး ဦးသံတိုင် က -

“ ဦးသူတော် ဆီ ကျုပ် လာပါ့ဗျာ ၊ မကြာခဏပါပဲ ။ ဒါပေမဲ့ တောဝင် သွားတာ နဲ့ ၊ အဓိဋ္ဌာန် ဝင်နေတာ နဲ့ ၊ ပုတီးစိပ် တရားထိုင် နေတာ နဲ့ ၊ ဧည့်ပရိသတ်တွေ ရောက်နေကြတာ နဲ့ ငယ်သူငယ်ချင်း က လည်း သိပ်ပြီး ဘုန်းကြီး နေတော့ ကျုပ် မှာ အနား လာ ကပ် ချင်ပေမဲ့ အခွင့် မသာလို့ပါဗျ ။ ကျုပ်တို့ က ယာသမား ၊ လယ်သမား ဆိုတော့ မအားတာ လည်း ပါလို့ ပါ ။ ဦးသူတော် ဆီ ကျုပ် မလာချင်လို့ မဟုတ်ပါဘူး ။ ခု ကိစ္စကတော့ မလာ မဖြစ် ဦးသူတော် နဲ့ မတွေ့ မဖြစ်တဲ့ ကိစ္စမို့ ပါ ။ ဦးသူတော် နဲ့ ကျုပ် က ဇာတိချက်မြှုပ် ယာတောင်ရွာသား တွေပါ ဗျာ ” 

“ မင်း ပဲ အပြောကောင်း ”

ဟု ပြောပြီး သူတော်ငတေ ရယ် နေသည် ။ ပြီးမှ

“ ခု ကိစ္စ က ဇာတိ ဖော်ရမယ် ၊ ဇာတိ ပေါ်အောင် လုပ် ရမယ် ကွ ”

သူတော်ငတေ မှာ ငယ်ငယ်တုန်း က ဆိုးဖော် ဆိုးဖက် တေဖော် တေဖက် ရွာလူကြီး ဦးသံတိုင် ကို တွေ့၍ ငယ် စိတ်ငယ်သွေးများ ဝင်လာ ၍ လား မသိ ဤတစ်ခါတော့ ဦးသံတိုင် ကို မင်း နှင့် ငါ နှင့် ပင် ပြော လာသည် ။

“ အေး လုပ်လေ ၊ အဲဒါ ဘယ်လို လုပ် ရမလဲ ”

ဦးသံတိုင် က လည်း ရင်းရင်းနှီးနှီး ပင် မေး လိုက်၏ ။

“ အရေးကြီးတာ က ဇာတိ မူလ ပေါ် အောင် လုပ်ဖို့ ဇာတိပေါ် သီး သုံးလုံး လို လိမ့်မယ် ”

“ ဗျာ ဇာတိပေါ်သီး ”

ဦးသံတိုင် က ဇာတိပေါ်သီး ဆိုသည် ကို မကြားဖူးဘူး သဖြင့် အံ့ဩသံ နှင့် သူတော်ငတေ မျက်နှာ ကို လှမ်း ကြည့် ၍ ရေရွတ် လိုက်၏ ။

“ ဟုတ်တယ် ဇာတိ ပေါ် အောင် လုပ် ဖို့ ဇာတိပေါ်သီး သုံးလုံး လိုတယ်ဗျ ”

“ မကြားဖူးဘူးပါလား ၊ ဇာတိပေါ်  သီး က ဘယ်မှာ ရနိုင်ပါ့မလဲ ”

“ ဇာတိပေါ် သီး ဆိုတာ လွယ်ပါ့ ၊ ပေါပါ့ကွာ ”

“ ဟာ ကြားတောင် မကြားဖူးပါဘူး ဆို ဦးလေး တို့ ၊ ဦးကံညွန့် တို့ ကော ဦးသူတော် ပြောတဲ့ ဇာတိပေါ် သီး ဆို တာ ကြားဖူးကြလား ”

ဦးသံတိုင် က ဦးထွန်းပေါ် နှင့် ဦးကံညွန့် တို့ ဘက် သို့ လှည့်ပြီး မေး လိုက်၏ ။

“ ဇာတိပေါ်သီး ဆိုတာ ကျွန်တော်တို့ လည်း မကြားဖူးဘူးကြပါလား ဦးသူတော် ”

“ ဟဲ ... ဟဲ ”

သူတော်ငတေ က သူတို့ သုံးယောက် စလုံး ၏ မျက်နှာ ကို ပြုံးဖြီးဖြီး ကြည့်ပြီး ရယ်လိုက်သည် ။

“ လူကြီးမင်းတို့ မကြားဖူးဘူးတာ ကို တော့ ကျုပ် အပြစ် မမြင်ပါဘူး ။ ကျုပ် အပြစ် တင်ချင် တာက ရှင်းရှင်း လေးနဲ့ လူတိုင်း နားလည်လွယ် ၊ သဘောပေါက်လွယ် အောင် ရှေးရှေးလူကြီးတွေ က ဇာတိပေါ်သီး ပါ လို့ ခေါ်ထားခဲ့ကြတာ ကို ဘယ်လို စိတ်ရူး ပေါက် ပြီးတော့ ဇာတိပ္ဖိုလ်သီး ရယ် လို့ ပြောင်း ခေါ်လာခဲ့ကြတဲ့ လူတွေ ကို ပဲ ”

◾ဝေယံလင်းခေါင်

📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment