Sunday, April 16, 2023

နှစ်သစ် နဲ့ အဓိဋ္ဌာန်


 

❝ နှစ်သစ် နဲ့ အဓိဋ္ဌာန် ❞

တစ်နှစ် ကူးခဲ့ပြန်ပြီ ။

အသက် တွေ လည်း တစ်နှစ် ကြီးခဲ့ ကြပြီ ။

ကုန်ဆုံးသွား တဲ့ တစ်နှစ်တာ ကာလ အတွင်း မှာ ကောင်း တာတွေ ဘယ်လောက် လုပ်ခဲ့ကြပြီး မကောင်း တာတွေ ဘယ်လောက် လုပ်ခဲ့ကြ သလဲ ။

ရှေ့ ဆက် ရမယ့် တစ်နှစ်တာ ကာလ အတွင်း ဘယ်လို ကောင်းတာတွေ လုပ်ပြီး ဘယ်လို မကောင်းတာ တွေ ရှောင်ကြဉ် ဖို့ ဆုံးဖြတ်ချက်များ ချမှတ် ထားကြ သလဲ ။

◾အဓိဋ္ဌာန် ပြုကြတာတွေ

ထုံးစံ အတိုင်း က တော့ လူ တော်တော်များများ ဟာ မကောင်းတဲ့ အကျင့်ဆိုး တွေ ပျောက်ပြီး ကောင်းတာတွေ များများ လုပ် ဖို့ အဓိဋ္ဌာန် ပြုတတ်ကြတာပါပဲ ။ ဥပမာ - ကျောင်းသားတွေ က နှစ်သစ် က စပြီး နေ့စဉ် တစ်နေ့ ကို စာ ဘယ်နှနာရီ ကျက်မယ် ၊ ဆော့တာ ၊ ကစားတာ ၊ လည်ပတ်တာတွေ ကို ဘယ်လောက် ထိ လျှော့ချမယ် ဆိုတဲ့ အဓိဋ္ဌာန်မျိုး တွေ ချ တတ် ကြတယ် ။ လူကြီးတွေ က လည်း နှစ်သစ် က စပြီး ဆေးလိပ် ဖြတ်မယ် ၊ အရက် ဖြတ်မယ် ဆိုတဲ့ အဓိဋ္ဌာန်မျိုး တွေ ချလေ့ ရှိကြတယ် ။

◾ရမယ် ရှာစရာတွေများ

အဲဒီ အဓိဋ္ဌာန်တွေ အတိုင်း တကယ် လုပ်ဖြစ်ကြရဲ့ လား ။ အများ အား ဖြင့် တော့ မလုပ်ဖြစ်ကြပါဘူး လို့ပဲ ဆိုရပါလိမ့်မယ် ။ တစ်ပတ် ၊ ဆယ်ရက် လောက် တော့ ဟုတ်တုတ်တုတ် ပါ ပဲ ။ ဒါပေမဲ့ နောက်ရက် တွေ ကျတော့ ‘ ရမယ်ရှာ ’ စရာ အကြောင်း အမျိုးမျိုး တွေ ကြောင့် အဓိဋ္ဌာန် ပျက် သွား ရတာ ချည်းပါပဲ ။ ကျောင်းသား က လည်း မီး ပျက်လို့ စာ မကျက်နိုင်တာ လို့ ဆင်ခြေ ပေးပြီး အဓိဋ္ဌာန် ဖျက်လိုက် ပါတယ် ။ ဆေးလိပ် ဖြတ်မယ့် သူ ၊ အရက် ဖြတ်မယ့် သူ က လည်း ‘ ခံတွင်း ချဉ်လွန်းလို့ ’ ဆိုပြီး ‘ တစ်ဖွာပဲ ’ ၊ ‘ တစ်ကျိုက်ပဲ ’ လုပ်ရင်းနဲ့ အဓိဋ္ဌာန် ပျက် သွား ပါတော့တယ် ။

◾ဇာစ်မြစ် ကို ရှာ

ထား ခဲ့တဲ့ ကတိတွေ အကြိမ်ကြိမ် ပျက် ၊ ပြုခဲ့တဲ့အဓိဋ္ဌာန်တွေ အထပ်ထပ် ချိုးဖောက် ဆိုတာမျိုး လူတိုင်း လိုလို ကြုံဖူးခဲ့ကြပါတယ် ။ ဘာကြောင့် အဲဒီလို ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်း ဇာစ်မြစ် ကို လေ့လာ ကြည့် သင့်ပါတယ် ။ အကြောင်းရင်း ဇာစ်မြစ် ကို သိရင် ပြုပြင်နိုင်တဲ့ နည်းလမ်း ကိုလည်း သိနိုင် ၊ ပြုပြင်နိုင်ဖွယ် ရှိပါတယ် ။

◾အကြောင်းရင်း နှစ်ခု

ဉာဏ် မီ သလောက် စဉ်းစား ကြည့်တော့ အကြောင်းရင်း နှစ်ခု ရှိတယ် ထင်ပါတယ် ။ ( ၁ ) ဆန္ဒ မရှိ လို့ ( ၂ ) စိတ်ဓာတ် ပျော့ညံ့ လို့ ။ အမှတ်တစ် ဆန္ဒ မရှိလို့ ဆိုတဲ့ အကြောင်း ပြော ရရင် မူလ အခြေခံ ကို က အမှန်တကယ် လုပ်ချင် ၊ ဖြစ်ချင် တဲ့ စိတ်ဆန္ဒ မရှိဘဲ လူကြား ကောင်းရုံ ၊ ကိုယ့် စိတ် ကိုယ် ဖြေသိမ့်ရုံ သဘောမျိုး နဲ့ သာ ကတိ ပေးခဲ့ ၊ အဓိဋ္ဌာန် ပြုခဲ့တာမျိုး ဖြစ်တဲ့ အတွက် မခိုင်မြဲ တာ ဖြစ်ပါတယ် ။

◾ဆန္ဒ မရှိရင် ဘာမှ မဖြစ်

ကာယကံရှင် ကိုယ်တိုင် က အမှန်တကယ် ဖြစ်ချင် ၊ လုပ်ချင် တဲ့ စိတ် ဆန္ဒ မရှိဘဲ နဲ့ ဘယ်အရာ မှ ဖြစ် မလာနိုင်ပါဘူး ။ ဒီ အချက် ကို ကာယကံရှင် ရော ဆက်စပ် ပတ်သက်သူ အားလုံးပါ ရှင်းရှင်းလင်းလင်း သိထား သင့် ပါတယ် ။ သက်ဆိုင်သူ များ အနေနဲ့ ဆန္ဒ မပါတဲ့ ကတိ စကား ၊ အဓိဋ္ဌာန် ပြုချက် ကို ယုံစား မိရင် အချိန်ကုန် လူပန်း ပြီး အဖြေ ရှာ မရ ဖြစ်တတ် ပါတယ် ။ ကာယကံရှင် အနေ နဲ့ လည်း ခဏခဏ ကတိ ချိုးဖျက်ရ လွန်းတော့ ကြာ လာတဲ့ အခါ မှာ ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှု လျော့ပါး လာ စေ ပါတယ် ။

◾ကြောက်စိတ် ဝင်ရောက်လာ

ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှု ကင်းမဲ့ လာခြင်း ရဲ့ နောက်ဆက်တွဲ များ က အန္တရာယ် ကြီးမား ပါတယ် ။ ကိုယ့် ကိုယ် ကိုယ် အယုံအကြည် မရှိတော့ အခါ မှာ အလိုလို နေရင်း ကြောက်စိတ် ဝင်ရောက် လာလေ့ ရှိပါတယ် ။ သူတစ်ပါး က ကိုယ့် ရဲ့ အားနည်းချက် ကို ထိုးနှက် သွား မှာ ၊ အနိုင် ယူ သွား မှာ ကို အမြဲ စိုးရိမ် ကြောက်လန့် နေ လေ့ ရှိ ပါတယ် ။ အဲဒီတော့ ကိုယ့် ကိုယ် ကိုယ် မယုံ သလို ဘယ်သူ့ ကို မှ လည်း မယုံတော့ပါဘူး ။

◾ကြံ့ကြံ့ မခံနိုင်

အမှတ်နှစ် - စိတ်ဓာတ် ပျော့ညံ့ လို့ ဆိုတာ က တော့ ဆုံးဖြတ်ချက် ကို ပျက်ပြားစေတဲ့ ဆွဲဆောင်မှုတွေ ၊ အနှောင့်အယှက်တွေ ကို ကြံ့ကြံ့ခိုင်ခိုင် ရင် မဆိုင်ဘဲ အလွယ်တကူ အရှုံးပေး အညံ့ခံ တတ်တဲ့ စိတ်မျိုး ဖြစ်ပါတယ် ။ ဆေးလိပ် ဖြတ်တာ ၊ အရက် ဖြတ်တာ ပဲ ဆိုပါစို့ ၊ ခံတွင်း ချဉ်လာတာ ၊ ခြေတုန် ၊ လက်တုန် ဖြစ် လာတာ ကို တင်း မခံဘဲ တစ်ဖွာ ၊ နှစ်ဖွာ လောက်ကလေး ပဲ ခံတွင်းချဉ် ပြေရုံ ဖွာ လိုက်မယ် ၊ တစ်ငုံ ၊ နှစ်ပုံလေး ပဲ ‘ လေထ ’ ပျောက်ရုံ သောက် လိုက်မယ် လို့ အလျှော့ ပေး လိုက်တာက စပြီး တစ်ဖွာ က တစ်လိပ် ၊ တစ်ငုံ က တစ်ခွက် ဖြစ် သွားကြပါတော့တယ် ။

◾စိတ် က အဓိကပဲ

အဲဒီလို လုပ်လို့ ဘယ်တော့မှ ဆေးလိပ် ၊ အရက် မပြတ်ပါဘူး ။ တကယ် ပြတ် ချင်ရင် တစ်ခါ တည်း ‘ တိခနဲ ’ နေအောင် ဖြတ် လိုက်ပါ ။ ခံတွင်း ချဉ်တာ တို့ ၊ လေထ တယ် ဆိုတာ တို့ ဟာ တကယ်တော့ “ စိတ် ” က ဖြစ် တာပါ ။ ခံတွင်းချဉ် ပျောက် အောင် ဟိုဟာ ဒီဟာ နဲ့ အစား မထိုးပါနဲ့ ။ အစားထိုး တဲ့ အရာ ပါ စွဲ သွား တတ်ပါတယ် ။ ဆေးလိပ် ဖြတ် ဖို့ ကွမ်း စား ရာ က ဆေးလိပ် ရော ၊ ကွမ်း ပါ စွဲ သွားတဲ့ သူတွေ တစ်ပုံကြီး ပါပဲ ။

◾လုပ်နိုင်တာ ကို သာ အဓိဋ္ဌာန်ပြုပါ

ဘယ်အရာ မဆို စိတ်ဓာတ် ကြံ့ခိုင်ဖို့ က အဓိက အကျဆုံး ဖြစ်ပါတယ် ၊ စိတ်ဓာတ် ပျော့ညံ့ နေသမျှတော့ ဘယ်အရာ ကို မှ ထိရောက် အောင်မြင်စွာ လုပ်ဆောင် နိုင်လိမ့်မယ် မဟုတ်ပါဘူး ။ စိတ်ဓာတ် မကြံ့ခိုင်ရင် ကတိ လွယ်လွယ် မပေးပါနဲ့ ၊ ခပ်ပေါ့ပေါ့ အဓိဋ္ဌာန် မပြုပါနဲ့  ။ သေသေချာချာ စဉ်းစား ပြီး မှ ကိုယ် အမှန်တကယ် လုပ်နိုင် သမျှ ကို သာ ကတိ ပေး ၊ အဓိဌာန် ပြုပါ ။ ပြီးတော့ မဖြစ်မနေ လိုက်နာ ထိန်းသိမ်းပါ ။ လိုက်နာ ထိန်းသိမ်းနိုင်ပြီ ဆိုရင် ကိုယ့် ကိုယ် ကိုယ် လည်း ယုံကြည်မှု ရှိလာပါ လိမ့်မည် ။ အဲဒီ ယုံကြည်စိတ် ကြောင့် ကြောက်စိတ် တွေ လည်း လျော့ ပါး သွားပါ လိမ့်မယ် ။ အဲဒီက တစ်ဆင့် လူတကာ ကို မယုံသင်္ကာ စိတ် နဲ့ ကြည့် တတ်တဲ့ စိတ်တွေ လည်း ပပျောက်သွား မှာ အသေအချာပါ ။

◾လူထုစိန်ဝင်း

📖 မျှော်လင့်ချက်မဲ့ အခြေအနေ ဆိုတာ မရှိဘူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment