❝ ပြန်ပြောမယ် ဆိုရင် ပြောချင်တယ် ❞
🅠 ဆရာရေ .. ပြီးခဲ့တဲ့ လ က အင်တာဗျူး ဖတ်ပြီး ချိန် မှာ တော့ ကဗျာ ဆရာကြီး တစ်ယောက် က ကျွန်တော့် ကို မကျေမနပ် ပြောဆို သွား ခဲ့ပါတယ် ။
ဘာဖြစ်လို့လဲဗျ ။
🅠 ဆရာ ပြောတာ အကုန်လုံး ဘာဖြစ်လို့ ရေးထည့်တာလဲ တဲ့ ။ တချို့စကား တွေ ဖြတ်ထားသင့်တယ် တဲ့ ။ ကျွန်တော် ကတော့ စာရေးဆရာ တစ်ယောက် ရဲ့ အယူအဆ ကို မပြင်မဆင် မတည်းဖြတ်သင့်ဘူး လို့ အခိုင်အမာ ယူဆ ပြီး တိပ်ခွေ ထဲ မှာ ပြောကြ ဆိုကြ တဲ့ အတိုင်း အတိ အကျ ပဲ ရေး ပေးလိုက်တာ ကိုး ။ အင်တာဗျူး က ထွက်ပေါ် လာ တဲ့ ဂယက် ဟာ ကာယကံရှင် ဖြေဆိုသူ နဲ့ပဲ ဆိုင်တယ်လို့ တွက် တယ်လေ ။ ခုတော့ဗျာ ... အတို့အထောင် မေးတယ် ဆိုပြီး ရေရေလည်လည် ဒေါပွ နေ ရှာတယ် ။ ကျွန်တော့် မေးခွန်း ထဲ မှာ အတို့အထောင် လုံးဝ မပါပါဘူး ။
ထားပါတော့ဗျာ ။ ကိုယ့် အလုပ် ကိုယ် ဆက် လုပ်ကြတာပေါ့ ။ မေးစရာရှိ တာ သာ ဆက်မေး ။ ကျွန်တော့် ဘက် က ဖြေစရာ ရှိတာ ဆက် ဖြေ သွားမှာပဲ ။
🅠 ဆရာ ဒဂုန်တာရာ က မိုးဝေ မဂ္ဂဇင်း မှာ အယ်ဒီတာ့ အတွေ့အကြုံ စာပေ ဆောင်းပါး ရေး နေတဲ့ အထဲ မှာ စာတည်း တစ်ယောက် အနေ နဲ့ စာမူ တစ်ပုဒ် ကို လုံးဝ ပြင်ဆင်ခွင့် မရှိတဲ့ အကြောင်း ၊ မူ နဲ့ မလွတ်လို့ ပြင်ရမယ် ဆိုရင်လည်း ကာယကံရှင် နဲ့ ညှိနှိုင်း တိုင်ပင် ပြီး မှ ပြင်သင့်တယ် ဆိုတဲ့ အယူအဆ ရေး ထားတာ ဖတ်လိုက်ရ သေးတယ် ။ ဆရာ က တော့ ဒီကိစ္စ ဘယ်လို ယူဆသလဲ လို့ ကြုံကြိုက်တုန်း မှာ သိချင် လို့ ပါ ။
ဒီလို ရှိတယ်ဗျ ကိုဝင်းငြိမ်း ရ ။ စာ ရေးသူ တစ်ယောက် က စာ တစ်ပုဒ် ရေးတယ် ဆိုတာ သူ့ ဘက် က စာဖတ်သူ အတွက် ပေးချင်တဲ့ message ၊ သူ့ ဘက် က တင်ပြချင်တဲ့ philosophy ကို တင်ပြ တာပဲ ။ ဒါကို တစ်စုံ တစ်ယောက် ။ အဲ ... စာတည်း ဆိုပါတော့ဗျာ ။ စာတည်း က ပြင် မယ် ၊ ဖြတ်မယ် ၊ တောက်မယ် ဆိုတာမျိုး ကို မလုပ်သင့်ဘူး ။ စာတည်း ဆို တာ ထုတ်ဝေသူ ရဲ့ ကိုယ်စားလှယ် ပဲ ။ သူ့မှာ ဒီ လုပ်ပိုင်ခွင့် မရှိဘူး ။ တကယ်လို့ စာမူ တစ်ပုဒ် ဟာ စာပေစိစစ်ရေးမူ နဲ့ မကိုက်ဘူး ၊ မဂ္ဂဇင်း အတွက် အနှောင့်အယှက် ဖြစ်ပါ့မယ် ဆိုရင် သက်ဆိုင်ရာ စာရေးသူ ကာယကံရှင် နဲ့ ညှိနှိုင်း သင့်တယ် ။ ကာယကံရှင် က လည်း သူ ပေးချင်တဲ့ message အပျက် မခံချင်လို့ ဒါတော့ အဖြတ် မခံချင်ပါဘူး ဆိုရင် သူ့ မဂ္ဂဇင်း မှာ မသုံးနဲ့ ။ ဒါပဲ ရှိတယ် ။
အဓိက ပြောချင်တာကတော့ ဗျာ ... စာပေအနုပညာ နဲ့ ပတ်သက်ပြီး ပေါ့ပေါ့တန်တန် သာမန် အမြင် လောက်နဲ့ ဖြတ်တောက် ပစ် တာ မျိုး ရှိနေကြ တဲ့ အချိန်မှာ ကိုယ်တိုင် စာ ရေးပြီး ခံစား နားလည်တတ်တဲ့ သူ အချင်းချင်း ကတော့ ကာယကံရှင် စာရေးသူ ရဲ့ ခံစားချက် ကို နားလည် သိတတ်စွာ နဲ့ မဖြတ်တောက် သင့်ဘူး လို့ ကျွန်တော် ထင်တယ် ။ ပြီးတော့ စာရေးသူ ရဲ့ ဝါစဉ် နဲ့ မိမိ ရဲ့ “ ဝါစဉ် ” ကို လည်း နှိုင်းချိန် စဉ်းစားသင့်တယ် ။ ဒါလောက်နဲ့ ပဲ ရပ်ကြရအောင် ၊ မဟုတ်ရင် ခင်ဗျား ကို နောက်ထပ် တစ်ယောက် လာ အုပ် နေဦးမယ် ။ ဟား ... ဟား ။
🅠 နောက် တစ်ခု ဆက် လိုက်ကြရအောင် ဆရာ ။
ဆက်ဗျာ ။
🅠 ဆရာ အခု စာ ရေးတာ နှစ် သုံးဆယ် ကျော် လာပြီ ။ ခုထက်ထိ လည်း မောင်သာရ ဆိုတာ အောင်မြင်
နေဆဲပဲ ။ အဲဒီလို နှစ်သုံးဆယ် လောက် ပရိသတ် လက်ခံ အောင် ဘယ်လို ထိန်း ခဲ့တယ် ဆိုတာ ပြောပြပါလား ဆရာ ။
အဓိက က တော့ လူတွေ ကို သိဖို့ နဲ့ ကိုယ့် ကိုယ် ကိုယ် သိဖို့ လိုတာပါပဲ ။ ငါ ဘယ်နေရာ ရောက်နေသလဲ ၊ ငါ ဘာကောင်လဲ ဆိုတာ သိရမယ် ။ လူတွေ ဆိုတာ က အထူးသဖြင့် ပြည်သူတွေ ၊ ပြည်သူတွေ ရဲ့ ဘဝ ၊ ပြည်သူ တွေ ရဲ့ ဆန္ဒ ၊ ပြည်သူတွေ ရဲ့ ခံစားချက် ဒါတွေကို သိရ မယ် ။ အဲဒီလို သိရင် စာရေးဆရာ ဟာ မိမိ အောင်မြင်မှု ကို ထိန်းထားနိုင်မှာပဲ ။ မသိရင်တော့ ကာ မလွယ်ဘူး ပေါ့လေ ။
နှစ်ပေါင်း သုံးဆယ် လောက် ထိန်းထားနိုင်တယ် ဆိုတာ ဟာ ကျွန်တော်တို့ ဆီ မှာ သာ အဆန်းတကြယ် ဖြစ်နေ တာပါ ။ ဒီလို ဖြစ်တာ က လည်း ကျွန်တော် တို့ ဆီ မှာ က စာရေးဆရာ ပဲ ဖြစ်ဖြစ် ။ ရုပ်ရှင်သရုပ်ဆောင် ပဲ ဖြစ် ဖြစ် လူမိုက်တွေ က များ တယ်လေ ။ လူမိုက် ဆိုတာက သူများ မြှောက် ပေးရင် အဟုတ် မှတ်ပြီး လုပ် တာပဲ ။
ကျွန်တော် ပြောတဲ့ စကား နည်းနည်း ရှုပ်သွား မယ် ထင်တယ် ။ ဒီလိုဗျာ ... ကျွန်တော် က အောင်မြင် တယ် ။ ကျွန်တော့် ဝတ္ထုတွေ ရောင်း ရတယ် ။ ဒီတော့ ထုတ်ဝေသူ က ကျွန်တော့် ဆီ လာပြီး ငွေတွေ ပုံ ပေး တယ် ဗျာ ။ တစ်လ တစ်အုပ် အတင်း ရေးခိုင်းတယ် ဗျာ ။ အဲဒါ မျိုး ကို ကျွန်တော် က လက်ခံ လိုက်ရင် ခဏ နဲ့ ကျ သွားမှာ ပေါ့ ။ ဒါမျိုးက ရုပ်ရှင်ဘက် မှာ ဆိုရင် ပိုပြီး သိသာ တယ် ။ အောင်မြင်ပြီဟေ့ ဆိုရင် ပိုက်ဆံတွေ ပုံ ပေးပြီး ရိုက်ကြ တော့ တာပဲ ။ အဲဒီမှာ စွတ် ရိုက်တော့ အမူအရာတွေ ထပ် ကုန်ပြီး ကြာတော့ ကျ တော့ တာ ပဲ ပေါ့ ။
နံပါတ် တစ် က ပရိသတ် အာရုံ မှာ လည်း ရိုး သွားတယ် ။ နံပါတ် နှစ် က ကျွန်တော်တို့ စာရေးဆရာ ဆို တာလည်း Genius မဟုတ်ဘူးဗျ ။ သောက်ရေအိုးများ လိုပဲ ရေခပ် သောက် ရင် လျော့ သွား တာပဲ ။ ဒီလို
လျော့ သွား တာ ကို ပြန် ဖြည့် ရမယ် ။ ဒါမှ နောက်ထပ် ခပ်သောက် လို့ ရမှာပေါ့ ။ အဲဒီလိုပဲ ကိုယ် သိတာတွေ ပရိသတ်ဆီ ပို့ပေး လိုက်တယ် ။ နောက်ထပ် ကိုယ် မသိသေး တာတွေ ထပ် ဆည်းပူး ရမယ် ။ ပရိသတ် ကို ထပ် ပေး ရမယ် ။ နောက်တစ်ခါ ထပ် ဆည်း ပူးရမယ် ။ အဲဒီလို လုပ် နေရမှာပဲ ။ အဲဒီလို လုပ်ဖို့ အတွက် အချိန် ပေး ရမယ် ။
နောက်ပြီးတော့ စာရေးဆရာ ဆိုတာ ဟာ စာ ရေး နိုင်ဖို့ အတွက် ကိုယ် နဲ့ ခေတ်ပြိုင် ကမ္ဘာ့စာပေတွေ ကို ဖတ်ရ ဦး မယ် ။ သူများ စာ လည်း ဖတ် ရမယ် ။ ကိုယ့် စာ အတွက် လည်း လေ့လာရ ဦးမယ် ဆိုတော့ သူ့ မှာ အချိန် လို တယ် ။ အဲဒီလို အချိန် မယူဘဲ တစ်လ တစ်အုပ် ရေးမယ် ၊ နှစ်လ တစ်အုပ် ရေးမယ် ဆိုရင် ဒီ စာရေးဆရာ ကျဆုံး တဲ့ အချိန် ဟာ မြန် သွားမှာပဲ ။
စောစောက ကျွန်တော် က မိုက်တယ် လို့ ပြော လိုက်တယ် ။ စီးပွားရေးသမား က ငွေ ပုံ ပေး လိုက်ရင် ဒီ ငွေ နောက် လိုက်သွားကြတဲ့ အတွက် မိုက်တယ်လို့ ကျွန်တော် က ပြောလိုက်တာပါ ။ ကျွန်တော် က တော့ အဲဒီ လမ်းစဉ် ကို မလိုက်ခဲ့ဘူး ။ ကျွန်တော် အသားယူပြီး ပြောတာ မဟုတ်ပါဘူး ။ အဲဒီလို ထုတ်ဝေသူ က ငွေ ပုံ ပေးပြီး ကန်ထရိုက်စနစ်နဲ့ စာ ရေးဖို့ ကမ်းလှမ်း ခံရတာ ကျွန်တော် ပထမဆုံး ပါ ပဲ ။ အဲဒီတုန်း ကတည်း က ကျွန်တော် က အယုံ အကြည် မရှိလို့ လက် မခံခဲ့ပါဘူး ။
အခုကျတော့ အဲဒီလို ထုတ်ချင်တဲ့ သူ ၊ ငွေပုံ ပေး ချင်တဲ့ သူ လည်း ကျွန်တော့် မှာ မရှိတော့ဘူး ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော် လက် မခံတာ သိတာ က တစ် ကြောင်း ၊ ကျွန်တော့် စာမူတွေ က ရှောရှောရှူရှူ ထုတ်ဝေ ခွင့် ရဖို့ ရာ ခက်ခဲတယ် ဆိုတာ သိ တာ က တစ်ကြောင်း ကြောင့် ပါ ။
ကျွန်တော် က တော့ အဲဒီ နည်း နှစ်နည်း နဲ့ ပဲ ထိန်း ခဲ့တာပါပဲ ။ အဓိက အချက် က တော့ တစ် - ပြည်သူ ကို ယုံကြည်ရမယ် ၊ သစ္စာရှိရမယ် ၊ မလိမ်ရဘူး ၊ အမှန်တရား ကို မထိမ်ချန် ရဘူး ။ နှစ် - ငွေနောက် မလိုက်ရဘူး ။ ဒါပါပဲ ။ ကျွန်တော့် နည်း က တော့ ကျွန်တော်တို့ ဆီ မှာ သာ အခု ကိုဝင်းငြိမ်း မေး လိုက်သလို အောင်မြင်မှု ကို ကိုယ့်နည်း ကိုယ်ဟန် နဲ့ ထိန်းနေ ကြ ရတာပါ ။ အနောက် နိုင်ငံတွေ မှာ တော့ တမင်တကာ ထိန်းထားကြရတယ် ရယ် လို့ မရှိ ပါဘူး ။ သူတို့ ဆီ မှာ အိုမင်းဆွေးမြည့် နေတဲ့ အရွယ် အထိ စာ ရေး နေကြတာပဲ ။ သူတို့ က သူတို့ ပရိသတ် ကို သိပြီး သား ကိုး ။
🅠 စာရေးဆရာ ဆိုတာ ပြည်သူ ကို ပညာ ပေးမယ့် သူလား ၊ ဒါမှမဟုတ် ပြည်သူ ဆီ က ပညာ ယူရမယ့်သူ လား ။ ဆရာ ဘယ်လို သဘောရလဲ ။
ဒီလိုဗျ စာရေးဆရာ ဆိုတာ ဟာ လူ တစ်ယောက် နဲ့ တစ်ယောက် ကြား ၊ မျိုးနွယ်ဆက် တစ်ခု နဲ့ တစ်ခု ကြား ၊ Generation တစ်ခု နဲ့ တစ်ခု ကြား ပေါ့ ဗျာ ။ အဲဒီ ကြား မှာ ကျွန်တော် တို့ က တစ်ဖက် က ယူ ၊ တစ်ဖက် ကို ပေး ရတဲ့ သူ ။ တစ်ဖက် နဲ့ တစ်ဖက် ပေါင်းကူး ပေးရတဲ့ သူ ပဲ ။ ပြည်သူ ဆီ က ယူတယ် ၊ ပြည်သူ ကို ပြန် ပေးတယ် ။ Senior Generation က ယူပြီး Junior Generation ကို ပြန် ပေးတာ လည်း ဖြစ်နိုင်တယ် ။ ဒါပေမဲ့ တစ်ချိန် တည်း မှာ ပဲ Junior Generation က ယူပြီး Senior Generation ကို ပြန် ပေးတာ လည်း ဖြစ်နိုင်တယ် ။
ပြည်သူ ဆီ က လေ့လာတယ် ၊ ပြည်သူ ကို ပြန် ပေးတယ် ။ ဒါ စာရေးဆရာ ရဲ့ အလုပ်ပဲ ။ ဥပမာ - တက္ကစီ မောင်းသမား ဘဝ ကို လေ့လာတယ် ၊ ဒီ ဘဝ အကြောင်း မသိသေးတဲ့ ငါးစိမ်းသည် ကို ပြန် ပေးတယ် ။ ငါးစိမ်းသည် အကြောင်း လေ့လာတယ် ။ ဒီ ဘဝ အကြောင်း မသိသေးတဲ့ တက္ကစီသမား ကို ပြန် ပေးတယ် ။ ကျွန်တော် က ကြား ထဲ ကနေ ရေးပြခြင်း အားဖြင့် သူတို့ တစ်ယောက် ဘဝ တစ်ယောက် နားလည် သွား ကြတာပဲ ။
🅠 ဆရာ စာ ရေးတဲ့ နေရာမှာ လူတန်းစား တစ်ရပ် အကြောင်း ဘယ်လောက် အထိ အချိန်ယူ လေ့လာသလဲ ။ ဥပမာ - “ မတ်တတ်ရပ်လို့ လမ်းမှာ ငို ” ရေးတုန်းက ဆိုရင် ဆရာ ကိုယ်တိုင် တက္ကစီ ဝင် မောင်းပြီး လေ့လာတယ် လို့ အမှာစာ မှာ ရေးထား တယ်လေ ။
အဲဒါကတော့ အချိန် ပေးနိုင်တဲ့ အပေါ် မှာ လည်း မူတည် ပါတယ် ။ နောက် တစ်ခု က စိတ်ဝင်စားမှု ပေါ် မှာ လည်း မူတည် ပါတယ် ။ နောက် တစ်ခု က ရေးကွက် အခြေ အနေ ။ အဲဒီ သုံးခု ပေါ် မှာ မူတည်ပါတယ် ။ ဥပမာ မငိုရ ဘူး ၊ မရယ်ရဘူး မှာ နှလုံးရောဂါသည် အကြောင်း ရေး တယ် ။ အဲဒီ အကြောင်းအရာ ကို ကျွန်တော် စိတ်ဝင်စားပြီး ရေး တာပဲ ။ ဒီ အကြောင်းအရာ က ကျွန်တော် နဲ့ လုံးဝ စိမ်း တယ် ။ တစ်နှစ်ခွဲ လောက် လေ့လာပြီး မှ ရေး ရတယ် ။ ကျွန်တော် က ပေတေပြီး ရေးတာပဲ ။
နောက် တစ်အုပ် ... ငြိမ်သက်ခြင်း နှင့် မကြုံ ကြိုက် လို ၊ ဒီ စာအုပ်မှာ ကျွန်တော် က ငါးသလောက် ဖမ်း တဲ့ ပင်လယ် ထဲ မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ ကို ရေး ချင်တယ် ။ ဒီ လုပ်ငန်း သဘာဝ ( Trade ) ကြီး တစ်ခုလုံး အကြောင်း ရေး ချင်တာ ။ ဒါပေမဲ့ အကြောင်းအရာ အား ဖြင့် ကျွန်တော် ရေးရင် မူ ၊ ဘောင် ၊ စည်းကမ်း စသည် နှင့် လွတ်ချင် မှ လွတ်မယ် ။ ဒါကြီး တစ်ခုလုံး ကို မရေးဘဲ ငါးသလောက် ဖမ်းတဲ့ သူတွေ ဘယ်လောက် ပင်ပန်းတယ် ဆိုတာ လောက်ကလေး ပဲ ရေးမယ် ဆိုရင် မလုံလောက်ဘူး ထင်တယ် ။ ဒါကြောင့် တခြား အကြောင်းပဲ ရေး လိုက် ရ တယ် ။ အဲဒီ အထဲ မှာ သစ်ထုတ်လုပ်ငန်း ၊ ဖောင်ဖွဲ့တဲ့လုပ်ငန်း ၊ လေတိုက်တာတွေ ၊ ရေစီးကြောင်းတွေ အကြောင်း ပဲ ရေး လိုက်ရတယ် ။
ဒါတွေက ပထဝီဝင် တွေ ပဲ ။ ကျွန်တော် ပထဝီဝင် ဘာသာရပ် ကို တစ်ခါမှ မယူခဲ့ဖူးပါဘူး ။ ဒါပေမဲ့ ရေးချင်လာတော့ သေသေချာချာ လေ့လာပြီး ရေးရတာ ပဲ ။ ကျွန်တော် စာ ရေးတဲ့ တည်းခိုခန်း ထဲ မှာ မြေပုံတွေ ကပ် ထားပြီး မျက်စိ ယဉ်အောင် ကို လုပ်ထား ရတယ် ။ ဒီလို ဝတ္ထု ရေး ရတာတော့ ကြာ တာပေါ့ ။ တချို့ဝတ္ထုတွေ ကျတော့ လည်း မြန်တယ်ဗျ ၊ သိပ် မကြာဘူး ။ ဥပမာ - ပုဇွန်တောင် ၊ ကြည့်မြင်တိုင်သူ ဆိုရင် ကိုယ်တိုင် က တည်းခိုခန်း ထဲ မှာ နေ နေတော့ လေ့လာမှန်း မသိ လေ့လာ ပြီး သား ဖြစ် သွားတော့ မြန်တယ် ။
🅠 ကျွန်တော် ကြားဖူး သလောက် ဒီ မေးခွန်း အတွက် ဆရာ့ ကို ခွင့်လွှတ်ဖို့ ကြိုတင် တောင်းပန်ပါ တယ် ။ ပြောရရင် ထုတ်ဝေသူတွေ က “ မောင်သာရ ” ဆိုရင် တော်တော် ကြောက်ကြပါ သတဲ့ ။ ဘာကြောင့်ပါလဲ ဆရာ ။
ထုတ်ဝေသူ က ဒီ စကား ပြောတာ မှန်ပါတယ် ။ ဒီလိုဗျ ။ စာအုပ် ထုတ်ဝေသူ က ကျွန်တော့် စာအုပ် ထုတ် ချင်တယ် ဆိုရင် စာမူ လာ တောင်းတာပေါ့ ဗျာ ။ ကျွန်တော် ကလည်း စာမူ ပေးမယ်ပေါ့ ဗျာ ။ ထုံးစံအတိုင်း ကျွန်တော့် စည်းကမ်း အတိုင်း ကျွန်တော် က စာ ချုပ်တယ် ။ အများ အားဖြင့် ငွေ ပေးတဲ့ သူတွေက စာ သိပ် မချုပ်ချင်ကြဘူး ။ ကျွန်တော် က ချုပ် တာပဲ ။ စာမူခ ဘယ်လောက် သတ်မှတ်သလဲ ၊ သတ်မှတ်တဲ့ စာမူခ တစ်ဝက် အရင်ပေး ၊ စာချုပ်တဲ့ နေ့ မှာ ပေး ။ ကျန်တဲ့ တစ်ဝက် ကို စာမူ အပ် တဲ့ နေ့ မှာ ပေး ရမယ် ။
သူ ထည့်ချင်တဲ့ စည်းကမ်း ၊ ကိုယ် ထည့်ချင်တဲ့ စည်းကမ်း ထည့်ကြပြီး စာ ချုပ်ကြတယ် ။ စာမူ အပ်ရမယ့် နေ့ လည်း ညှိပြီး ထည့်ကြတာပဲ ။ သဘော က တစ်လ ကြာမယ် ၊ နှစ်လ ကြာမယ်ပေါ့ ဗျာ ။ ဒါပေမဲ့ ကျွန်တော့် ဘက် က အဲဒီ သတ်မှတ် ထား တဲ့ နေ့ မှာ စာမူ က မပြီးဘူး ။ မပြီးဘူး ဆိုတာ အခါခပ်သိမ်းတော့ မဟုတ်ပါဘူး ။ ဆယ်ပုဒ် မှာ သုံးပုဒ် လောက် က ပြီး တယ် ။ ခုနစ်ပုဒ် လောက်က တော့ မပြီးဘူး ဗျ ။ အဲဒါကို မပြီးကောင်းလား လို့ ထုတ်ဝေသူ က ပြောတယ် ။ ကြန့်ကြာတာ နဲ့ ပတ်သက်လို့ က တော့ ကျွန်တော် မတတ်နိုင်ဘူး ။
သူ့ ကို ပေးပါ့မယ် လို့ ပြောထား ပြီး မှ အခြား တစ်ယောက် ကို ဖောက်ဖျက် ပြီး ပေးတာမျိုး ကျွန်တော့် ဘက်က မရှိစေရဘူး ။ သူ့ ပေးဖို့ ကိစ္စကို ကျွန်တော် ကြိုးစား နေတာပဲ ။ မပြီးတဲ့ အတွက် ကျွန်တော် က မျက်နှာ ပြောင် တိုက်နေရ မှာပဲ ။ ပြီးအောင် ဆိုပြီး ဖုတ်ပူမီးတိုက် ဖြစ်ကတတ် ဆန်း တော့ ကျွန်တော် မလုပ်နိုင်ဘူး ။ ကျွန်တော့် အတွေ့ အကြုံ အရ ဆိုရင် ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သိပ် နာမည် မပျက်လှပါဘူး ။ တစ်လ နဲ့ မရရင် နှစ်လ ၊ သုံးလ အထိ စောင့်ကြပါတယ် ။ ပြဿနာ လည်း မရှိပါဘူး ။ အဲ ... နှစ် နဲ့ ချီ ပြီး ကြာ သွား ရင်တော့ ပြဿနာ ရှိတာပေါ့ ။ ပြဿနာ က ဘာလဲ ဆိုတော့ စာမူ ကျွန်တော် က ပေး လိုက်တယ် ။ စိစစ်ရေး တင်တော့ ထုတ်ဝေခွင့် မရ ဘူး ။ ဒီတော့ သူ က အစား ပြန် လိုချင်ရော ။ ကျွန်တော် က သူ့ ကို ချက်ချင်း အစား မပေးနိုင်သေးဘူး ။ သူ့ နောက် မှာ တန်းစီ စောင့် နေတဲ့သူ နှစ်ယောက် လောက် ကို အရင် ပေး နေရတော့ သူ့ကို အစား ပေးရမယ့် စာမူ က တစ်နှစ် လောက် ကြာ သွားရော ။ အဲဒီမှာ ပြဿနာ တက်တာပဲ ။ ရိုးရိုးတန်းတန်း က တော့ ပြဿနာ မရှိပါဘူး ။
🅠 ကျေးဇူးတင်ပါတယ် ဆရာ ။ ဘဝသရုပ်ဖော် နဲ့ ပတ်သက်တဲ့ ဆရာ့ အယူအဆ သိချင်ပါသေးတယ် ။ ဘဝ သရုပ်ဖော် ဆိုတာ ဆင်းရဲသား အကြောင်း ရေး မှ ဘဝ သရုပ်ဖော် လို့ ခေါ် သလား ၊ ချမ်းသာတဲ့ လူတန်းစား အကြောင်း ရေးတာ က ကော ဘဝသရုပ်ဖော် မဖြစ်နိုင် ဘူးလား ။
ဘဝသရုပ်ဖော်စာပေ နဲ့ ပတ်သက်ပြီး ကိုဝင်းငြိမ်း ကို အရင် ပြန် မေး ကြည့် ချင်တယ် ။ ဆင်းရဲ နေတဲ့ အချိန် မှာ လူတွေ နဲ့ လူ့ဘဝ အကြောင်း ကို ပို သိ သလား ၊ ချမ်းသာနေတဲ့ အချိန် မှာ ပို သိ သလား ။
ဆင်းရဲနေတဲ့ အချိန်ပေါ့ ဆရာ ။
အဲဒါပဲဗျ ။ ကျွန်တော်တို့ စာရေးဆရာတွေ က လူတွေ နဲ့ လူ့ ဘဝ အကြောင်း ရေးရမှာ ကိုး ဗျ ။ အဲဒီတော့ ဆင်းရဲတဲ့ သူ နေရာ က နေမှ လူတွေ ရဲ့ဘဝ အကြောင်း အမှန် အတိုင်း မြင်ရတော့ မပေါ့ ။ ချမ်းသာတဲ့ လူတွေ အကြောင်း ရေး ရင် ဘဝ အကြောင်း အမှန်အတိုင်း မတွေ့နိုင်လို့ ပါ ဘဲ ။
🅠 ကျွန်တော်တို့ စာပေလောက မှာ အပျော်ဖတ် စာပေ နဲ့ ဘဝသရုပ်ဖော် စာပေ ရယ် လို့ နှစ်ပိုင်း ရှိတဲ့ အထဲ က ရှေ့ ဆက်ပြီး ဘဝသရုပ်ဖော် စာပေတွေ ဟာ အပျော်ဖတ် စာပေအပေါ် ဘယ်လို ကျော်လွှား လွှမ်းမိုး နိုင်မယ် လို့ ဆရာ ယူဆပါသလဲ ။
ခေတ် အဆက်ဆက် မှာ ရော ၊ ဒီကနေ့ မျက်မှောက်ခေတ် မှာ ရော ၊ နောင် လာလတ္တံ့သော ကာလ မှာ ရော အပျော်ဖတ် စာပေ ဟာ ဘဝသရုပ်ဖော် စာပေ ထက် အရေအတွက် အားဖြင့် အမြဲတမ်း များပြား နေမှာပဲ ။ အဲဒါ ကို လည်း ကျွန်တော့် အနေနဲ့ ပြော ရရင် မပိတ်ပင်ကောင်းဘူး လို့ ထင်တယ် ။
အပျော်ဖတ်စာပေ လို့ ပြော လိုက်လို့ ကျွန်တော် တို့ က သူတို့ ကို တိုက်ခိုက်တာ မဟုတ်ဘူး ။ မပေါ်ပေါက် ရဘူး ။ မထွန်းကားရဘူး လို့ မဆိုလို ဘူး ။ မရှိရဘူးလို့ မပြောဘူး ။ ဒီနေ့ ခေတ် အခြေအနေ က အပျော်ဖတ် စာ က ထွန်းကားရုံတင် မကဘူး ၊ လွှမ်းမိုး နေတယ် ။ အပျော်ဖတ် စာပေတွေ ချည်း ရှိ နေတယ် ။ ဘဝသရုပ်ဖော် စာပေ ၊ အကျိုးပြု စာပေ က ရာခိုင်နှုန်း အားဖြင့် အလွန့် အလွန် ကို နည်း နေတယ် ။ မရှိသလောက် ရှား နေတယ် ။ အပျော်ဖတ် စာပေ ရဲ့လောင်းရိပ် က အဲဒီလောက် ကြီး နေတယ် ။ အဲဒါကြောင့် ကျွန်တော် တို့ က မလွှဲမရှောင် သာ ပြောနေရတာပါ ။
အပျော်ဖတ်စာပေ ဆိုတာက ကမ္ဘာ မှာ ရော ကျွန်တော်တို့ နိုင်ငံ မှာ ပါ အမြဲတမ်း ခေတ် အဆက်ဆက် အရေအတွက် အားဖြင့် သူ က များပြား နေမှာပဲ ။ အဲဒါကို လည်း မပိတ်ပင် ကောင်းဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ စာ ကို စ ဖတ်တဲ့ သူ က အပျော်ဖတ် က စ ဖတ်တယ် ။ ပြီး တော့ မှ သူ့ အဆင့်အတန်း ၊ သူ့ အသိဉာဏ် နဲ့ ရ လာတဲ့ အသိ နဲ့ အကျိုးပြု စာပေကို ပြောင်းလဲ ဖတ်တယ် ။ ဘယ်သူ မှ စာ စ ဖတ်ဖတ်ချင်း ဂန္ထဝင်စာကြီး တွေ ကောက် မကိုင် ဘူး ။ ရုပ်ပြ ၊ စုံထောက် ၊ အချစ်ဝတ္ထု လောက် က စ , ကြတာ ချည်းပဲ ။ အဲဒီက နေမှ သူ လည်း အသက်အရွယ် ရလာ တော့ အကျိုးပြုစာပေ ကို ပြောင်း ဖတ်တာ ။
ကျွန်တော်တို့ လည်း ဒီလိုပဲ ဖတ်ခဲ့တာပဲ ။ ဒါကြောင့် အပျော်ဖတ်စာပေ ကို အစ အဆုံး ချေမှုန်း ပစ်ရ မယ် လို့ မဆိုလိုဘူး ။ သူ က စာဖတ်တဲ့ သူ အတွက် ကြား ကာလ မှာ လှေကားထစ် တစ်ခု ပဲ ။ အဲဒီတော့ ကျွန်တော်တို့ စာပေသမားတွေ ရဲ့ တာဝန် က ဘာလဲ ဆိုတော့ အချိန် နဲ့ အမျှ စာဖတ်သူ ကို ဟောဒါတွေ က တော့ အကျိုးပြု ၊ ဒါတွေက အကျိုး မရှိဘူး ။ ဒါတွေကတော့ ဖတ်ဖို့ လို အပ်တယ် ။ ဒါတွေက မလိုအပ်ဘူး ဆိုတာ အကျိုး အကြောင်း နဲ့ ရှင်းပြနေနိုင် ရမယ် ။ စာဖတ် ပရိသတ် ကို ပညာ ပေး နေရမယ် ။ ဒါမှ စာဖတ် ပရိသတ် အသိဉာဏ် ရင့်သန် လာ မှာပေါ့ ။
🅠 ဒီနေ့ လုံးချင်းဝတ္ထု လောက မှာ အမျိုးသမီး ကလောင် နာမည် ခံပြီး အပျော်ဖတ် ဝတ္ထုတွေ ရေး နေတဲ့ စာရေးဆရာ ( အမျိုးသား ) တွေ ကို ဆရာ သတိထား မိမယ် ထင်ပါတယ် ။ ခုဆိုရင် ဒီ စာရေးဆရာ တွေ က လုံးချင်း တင် မကဘူး ။ မဂ္ဂဇင်း တချို့ မှာပါ ဝင် ရေး နေကြပြီ ။ ဒါတွေ ဘယ်လို ဖြစ်သင့်တယ် လို့ ဆရာ
ထင်ပါ သလဲ ။
မဂ္ဂဇင်း နဲ့ စာဖတ်ပရိသတ် ကြားမှာ အယ်ဒီတာ ဆိုတာ ရှိသေးတယ် ။ လုံးချင်း ကျတော့ ကျွန်တော်တို့ နိုင်ငံ မှာ အယ်ဒီတာ မရှိဘူး ။ အနောက်နိုင်ငံတွေ မှာ တော့ ထားကြတယ် ။ အယ်ဒီတာ က ဖတ် ပြီးတော့ သူ ထုတ်ချင် တဲ့ စာအုပ် မှ ထုတ်တယ် ။ အရင်းရှင်နိုင်ငံတွေ မှာ ရော ၊ ဆိုရှယ်လစ် နိုင်ငံတွေ မှာ ပါ ရှိတယ် ။
ဆိုရှယ်လစ်နိုင်ငံ တွေ မှာ ကြား ထဲ က အယ်ဒီတာတွေ က စာပေအဖွဲ့အစည်းတွေ ၊ သို့မဟုတ် ပညာ တတ် အဖွဲ့အစည်းတွေ ။ ဥပမာ - လုံးချင်း ထုတ်မယ် ဆိုရင် စာပေလုပ်သား တို့ ၊ စာပေဗိမာန် တို့ လို အဖွဲ့အစည်း က ထုတ်သင့်တယ် ဆိုမှ ထုတ်တယ် ။
ကျွန်တော်တို့ နိုင်ငံ မှာ တော့ စာဖတ်သူ နဲ့ လုံးချင်း ရေးတဲ့ သူ ကြား မှာ အယ်ဒီတာ မရှိဘူး ။ ဒါကြောင့် လည်း အခု ပြောနေကြတဲ့ “ ရှဲဒိုး ”
ပြဿနာ ပေါ်လာတာ ပဲ ။ မဂ္ဂဇင်း မှာ ရှဲဒိုး တစ်ယောက် က လာ ပေးရင် ဒီ စာ ရေးဆရာ ဟာ ရှဲဒိုး ဟုတ် ၊ မဟုတ် ဘယ့်နှယ်လုပ် သိမလဲ ။ လူသိ များ နေတဲ့ ရှဲဒိုး တွေ ကို တော့ အယ်ဒီတာ က လည်း သူ့ မဂ္ဂဇင်း သိက္ခာ အကျ ခံပြီးတော့ မထည့်ဘူး ပေါ့ ဗျာ ။ ဒါပေမဲ့ တချို့ကျတော့ ရှဲဒိုး ကို ပဲ စင်တင်ပြီး ထည့်ပေး နေ တဲ့ သူတွေ ရှိတယ် ။
ဒီနေ့ စာဖတ်ပရိသတ် က နားလည် နေပြီ ။ ကလောင်နာမည် ဘယ်သူလဲဟေ့ ဆိုရင် ဘယ်က တက် တာလဲ ၊ ဘယ်သူက တင်ပေး လိုက်တာလဲ ဆိုတာ ကို ကြည့်တယ် ။ တင်ပေး လိုက်တဲ့ မဂ္ဂဇင်း ကို နောက်ခံ ထား ပြီး တန်ဖိုး ထား တာ ၊ မထားတာ ကွာခြား သွားတယ် ။ တချို့က ရှဲဒိုး ဆီ ကနေ ကြော်ငြာ သဘောမျိုး အခကြေးငွေ ယူပြီး တမင်တကာ ထည့်ပေး နေတာ ရှိတယ် ။ ဘာဖြစ် လို့ လဲ ဆိုတော့ လုံးချင်းလောက မှာ ရှဲဒိုး မဟုတ်ဘူး လို့ ထင် ရအောင် ဝတ္ထုတိုတွေ ကို ပါ ဝယ်ပြီး လိုက် ထည့် တာပဲ ။
အဲဒီတော့ ခုနက ပြော သလို စာ ဖတ်သူ နဲ့ စာ ရေးသူ ကြားမှာ တား နိုင်တဲ့ အယ်ဒီတာ ရှိပါရက် နဲ့ မတားဘူး ။ မဂ္ဂဇင်း တချို့က ထည့်တယ် ။ တချို့က မထည့်ဘူး ဆိုတော့ မဂ္ဂဇင်းချင်း ကို က မညီညွတ် တာ ဘဲ ။ ရှဲဒိုး ကို တကယ် တိုက် ချင်တဲ့ စာပေစိတ် ရှိတဲ့ တိုက်တွေ ရှိသလို စာပေစိတ် မရှိတဲ့ တိုက်တွေ လည်း ရှိနေတယ် ။ ဒါပေမဲ့ စာဖတ်ပရိသတ် က ဘယ် မဂ္ဂဇင်း ဟာ ဖြင့် သိက္ခာ ရှိတယ် ။ ဘယ် မဂ္ဂဇင်း က သိက္ခာ မရှိဘူးဆိုတာ သိနေကြပါပြီ ။
🅠 ဘဝသရုပ်ဖော် နဲ့ ပတ်သက်ပြီး ဆက်ချင် ပါတယ် ဆရာ ။ ဘဝသရုပ်ဖော် ဝတ္ထုတွေ မှာ ပထမပိုင်း က အခက်အခဲ အကျဉ်းအကျပ်တွေ ကို ရေးပြ ပြီးရင် နောက်ပိုင်း မှာ ဒီ အကျဉ်းအကျပ် တွေ က ဘယ်လို ရုန်းကန် လွတ်မြောက် သွားတယ် ဆိုတာ ဖော်ပြကြတယ် ။ ထွက် ပေါက် ပေး လိုက်တယ်ပေါ့ ။ ဒီလို ထွက်ပေါက် ဖန်တီး ပေးဖို့ စာ ရေးသူ မှာ တာဝန် ရှိပါ သလား ။
အရင်တုန်းက ဆိုရှယ်လစ် ဘဝသရုပ်ဖော် စာပေလို့ ပြောကြတဲ့ သူတွေ က အဲဒီလို ထွက်ပေါက် ပေးရ မယ်လို့ ယူဆ ကြတယ် ။ အကျဉ်းအကျပ်တွေ ကြားက လွတ်မြောက် သွားတယ် ၊ လွတ်လပ် သွားတယ် ၊ သို့မဟုတ် အောင်မြင် သွားတယ် ။ အဲဒီလို ထွက်ပေါက် ပေးကြတယ် ။ ဂျက်လန်ဒန် တို့ ၊ ဂေါ်ကီ တို့ လည်း ဒီလိုပဲ ရေးခဲ့ကြတယ် ။ ကျွန်တော် က တော့ အဲဒီ အဆင့် ကို စာရေးဆရာ ဖန်တီး ပေးဖို့ မလိုအပ်ဘူးလို့ ယူဆတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ စာရေးဆရာ ဆိုတာ အနုပညာသည် သာ ဖြစ်တာ ကိုး ။ ကိုဝင်းငြိမ်း ကို ကျွန်တော် ရှင်းပြချင်တာ က ခင်ဗျား ပြောသလို ဘဝ ကျပ်တည်းတယ် ၊ လွတ်မြောက်မှု ကို ရှာတယ် ။ စာရေးဆရာ က ဝတ္ထု ထဲ မှာ တော့ ဒီ အခက်အခဲ ကို ဘယ်လို လွတ်မြောက်အောင် ရုန်းကန် လှုပ်ရှားတယ် ဆိုတာ လမ်းညွှန်မှု Guidance ပေးတယ် ။ အဲဒါ Agitation ခေါ်တယ် ။ စာဖတ်သူ ကို လှုံ့ဆော်တာပဲ ။
စာပေ ဟာ Propaganda ပဲ ။ ဒါကို ကျွန်တော် လက်ခံတယ် ။ တကယ်လို့ စာပေ ဟာ ပြည်သူ အတွက် ဆိုတာကို လက်ခံတယ် ဆိုရင် စာပေဟာ Propaganda ဆိုတာ လည်း လက်ခံရမှာပဲ ။ ဒါပေမဲ့ အဲဒီ Propaganda ဟာ Artistic Propaganda ( ရသမြောက်တဲ့ ဝါဒဖြန့်ချိမှု ) ဖြစ်ရမယ် ။ Political Propaganda ( နိုင်ငံရေးဝါဒဖြန့်ချိမှု ) မဖြစ်ရဘူး ။ Political Poster ( နိုင်ငံရေး နံရံကပ်ပိုစတာ )
မဖြစ်ရဘူး ။ နိုင်ငံရေးပိုစတာ တွေ မှာ ရေးတဲ့ ကဗျာမျိုး ၊ နိုင်ငံရေး ကြွေးကြော်သံမျိုး မဖြစ်ရဘူး ။ အနုပညာ ရသ မြောက် တဲ့ လှုံ့ဆော်သံမျိုး ပဲ ဖြစ်ရမယ် ။
အဲဒီလို ရသ မြောက်တဲ့ လှုံ့ဆော်သံမျိုး ဖြစ်ဖို့ အတွက် စောစောက ကိုဝင်းငြိမ်း ပြောတဲ့ ထွက်ပေါက်မျိုး အထိ မပေးနဲ့ တော့ ။ ပြောစရာ မလိုတော့ဘူး ။ ကျပ်တည်း တာ ကို သိအောင် ပြ ၊ ကျပ်တည်း တာ ကို သိရင် တကယ် ကျပ်တည်း နေပြီ ဆိုရင် လူတိုင်း က ကိုယ့် ထွက် ပေါက် ကို ကိုယ် ရှာကြမှာ ချည်း ပါပဲ ။ အဲဒီ ထွက်ပေါက် တွေ က လည်း မရှိဘူးလား ဆိုတော့ ရှိနေတာပဲ ။ ဒါတွေကို ကျွန်တော်တို့ က ရေးပြ နေတာပဲ ။ ကျွန်တော်တို့ က ထွက်ပေါက် ရှာ ပေး စရာ မလိုပါဘူး ။
ကျွန်တော့် အမြင် က တော့ ထွက်ပေါက် ရှာပေး တာ ထက် ဘဝ တစ်ခု ကို ချဉ်းကပ်ပြီး ရေးတော့မယ် ဆိုရင် ရိုးသားမှု သာ အရေး ကြီး ပါတယ် ။ သူ့ ဘဝ အကြောင်း မြင်တဲ့ အတိုင်း ရိုးရိုးသားသားကလေး ရေး ပြ ဖို့ပဲ လိုတယ် ထင်တယ် ။ အဲဒီလို ရေးပြတဲ့ အတွက် Socialist Realism လို့ ခေါ်ချင် မှ ခေါ်မယ် ။ Critical Realism ခေါ်တယ် ။ ဒါမှမဟုတ် အခု နောက်ပိုင်း မှာ ခေါ်နေကြတဲ့ Modernism ခေါ်ချင် ခေါ်မယ် ။ သုံးချင် သလို သုံးပါ ။ ရပါတယ် ။
🅠 ဆရာ ... အခု ကျွန်တော်တို့ ဆီ မှာ စာပေ ဝေဖန်ရေး လုပ် နေကြတာ ရှိပါတယ် ။ ဆရာ့ စာအုပ်တွေ လည်း တော်တော် ဝေဖန်ကြတာပဲ ။ ဝေဖန်ရေး နဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို သဘောထား ပါသလဲ ။
စာပေ ဝေဖန်ရေး ကတော့ ဗျာ ... ကျွန်တော်တို့ ဆီ မှာ ခုမှ စပြီး ထွန်းကားမယ် ကြံခါ ရှိပါသေးတယ် ။ ကျွန်တော့် အမြင် ပြောရရင် ဝေဖန်ရေးသမား တစ်ယောက် မှာ သူများ တွေ ပြောသလို ဘာ အရည်အချင်း ရှိ ရမယ် ၊ ညာ အရည်အချင်း ရှိ ရမယ် ဆိုတာတွေ မလိုဘူး ထင်ပါ တယ် ။
ကျွန်တော် တစ်ခါတုန်း က လည်း ရေးဖူးပါ တယ် ။ လက်ဖက်ရည်ဆိုင် မှာ လူ တစ်ယောက် က လာ သောက်ပြီး “ ဟာ ... လက်ဖက်ရည် က ညံ့လိုက်တာ ကွာ ” လို့ ပြောတယ် ။ သူ့ မှာ ပြောပိုင်ခွင့် ရှိတယ် ။ ဘာဖြစ် လို့ လဲ ဆိုတော့ သူ သောက် ပြီးပြီကိုး ။ သူ ဟာ လက်ဖက်ရည် ဖျော်တတ် ဖို့ မလိုဘူး ။ လက်ဖက်ရည် ဆိုင်ပိုင်ရှင် နဲ့ ရင်းနှီး ဖို့ လည်း မလိုဘူး ။ လက်ဖက်ရည် ပညာ တတ်ဖို့ လည်း မလိုဘူး ။ လက်ဖက်ရည် အကြောင်း ကောင်းကောင်း သိ ဖို့လည်း မလိုဘူး ။ လက်ဖက်ရည် သောက်တယ် ၊ ကောင်းရင် ကောင်းတယ် ပြောမယ် ။ ညံ့ရင် ညံ့တယ် ပြောမယ် ။ ဒါဟာ လူတိုင်း မှာ အခွင့်အရေး ရှိတယ် ။
ဝေဖန်ရေး ကလောင် မှာ လည်း အဲဒီလိုပဲ ။ သူ့ မှာ ဝေဖန်ပိုင်ခွင့် ရှိ တယ် ၊ ရေးပိုင်ခွင့် ရှိတယ် ။ ကျွန်တော်တို့ နိုင်ငံမှာ အနုပညာသည် တော်တော်များများ ဟာ ပါးစပ် က သာ ဝေဖန်ရေး ကို လက်ခံပါတယ် ၊ ကြိုဆိုပါတယ် ပြော ပြီးတော့ တကယ် ဝေဖန်တဲ့ အခါ ကျတော့ မခံနိုင်ကြဘူး ။ ခံနိုင်ရည် မရှိကြဘူး ၊ ပြန် ချ ကြတယ် ။
ကျွန်တော့် ဝတ္ထုတွေ နဲ့ ပတ်သက်လို့ က တော့ မကောင်းဘူးလို့ ဘယ်သူ က ဘယ်လောက် ပြောပြော ကျွန်တော် လက်ခံချင် လက်ခံမယ် ၊ လက်မခံချင် မခံဘူး ။ ဒါပေမဲ့ ဒီ လူတွေ နဲ့ ဘယ်တော့မှ ပြန် မချေပဘူး ။ ဘာ ဖြစ်လို့လဲ ဆိုတော့ သူတို့ ကို ကျွန်တော် အားပေးတယ် ။ မှန်မှန် မှားမှား ဘယ်တော့မှ ပြန် မချေပဘူး ။
🅠 တချို့က ပြောကြတယ် ။ အညာ က ဝေဖန်ရေး သမားတွေ က အညာ က စာရေးဆရာတွေ ရဲ့ စာတွေ ဆို ရင် သာသာထိုးထိုးကလေး မြှောက်ပင့်ပြီး ဝေဖန် ပေး ကြတယ် တဲ့ ။ ဒီ စကားနဲ့ ပတ်သက်လို့ ကော ။
တစ်ခါတုန်း က Time ထဲ မှာ လား ၊ Newsweek ထဲ မှာ လား မသိဘူး ။ Nobel ဆု ပေးတာနဲ့ ပတ်သက်ပြီး ကျွန်တော် ဖတ်လိုက်ရတယ် ။ အာရှ က စာပေအနုပညာ ရှင်တွေ က ပြောကြတယ် တဲ့ ။ မင်းတို့ ဟာ တစ်ခါ လာ လည်း ဥရောပ ၊ နောက် တစ်ခါ ကျတော့ လည်း လက်တင် အမေရိက ပေး လိုက်နဲ့ ။ အနောက် က နေ အရှေ့ ကို ရောက် မလာဘူးပေါ့ ။ မင်းတို့ နိုဘယ်လ်ဆု ပေးတာက အနောက် အုပ်စုက ပေးပြီး ရတော့လည်း အနောက် က ချည်း ရနေတာပဲ လို့ ပြောကြ သတဲ့ ။ ဆိုတော့ ၊ နိုဘယ်လ်ဆု ပေးတဲ့ အဖွဲ့ ထဲ က တစ်ယောက် က အကြံ ပေး သတဲ့ ။ ဘယ်လို အကြံ လဲ ဆိုတော့ မင်းတို့ အရှေ့ က လူတွေ ချည်း ပေး နိုင်အောင်လို့ အရှေ့က လူတွေချည်း ပါတဲ့ နိုဘယ်လ် အဖွဲ့ တစ်ဖွဲ့ ဖွဲ့ပါလား တဲ့ ။ အဲဒါ ဖတ်လိုက်ရ ပါတယ် ။
တကယ်လို့ အညာသား ဝေဖန်ရေးဆရာတွေ က အညာသား စာရေးဆရာတွေ ကို ချည်း မြှောက်ပင့်ပြီး ဝေဖန်ရေး လုပ်နေတယ် လို့ ယူဆရင် အောက်သား စာရေး ဆရာတွေ အတွက် အောက်သား ဝေဖန်ရေး ဆရာတွေ လုပ်ကြပါလား ၊ ဘာဖြစ်လို့ မလုပ်ကြတာလဲ ။ ဘယ်သူ က မလုပ်ရဘူး လို့ တား ထား လို့လဲ ။
🅠 စောစောက ဆရာ ပြောသွားတဲ့ အထဲမှာ အနုပညာသမားတွေ အောင်မြင်မှု မထိန်းနိုင်တဲ့ အကြောင်း နဲ့ ပတ်သက်ပြီး ကျွန်တော် သတိ ရတာ တစ်ခု ပြောရ ဦး မယ် ။ ကျွန်တော်တို့ ငယ်ငယ်တုန်း က သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်း တွေ မှာ ပါတဲ့ ကာတွန်းတွေ ဆိုရင် ဖတ်မိ တာ နဲ့ သိပ် ရယ်ရတာပဲ ။
ခုတော့ ကာတွန်းတွေ က ထပ် နေပြီ ။ ဟာသ ထက် တစ်စုံတစ်ယောက် ကို သရော်တာ က များနေ တယ် ။ တချို့များ ဆိုရင် ပေဖူးလွှာ ရဲ့ အင်တာဗျူးကဏ္ဍ က သူတို့ အတွက် ကုန်ကြမ်း ရှာစရာ နေရာ ဖြစ် နေတယ် ။
ဒီလို ရှိတယ် ကိုဝင်းငြိမ်း ရ ၊ သူတို့ ဘက် က ကြည့် တော့ လည်း ရေးရတာ က မူ ၊ ဘောင် ၊ ဌာန ၊ ပုဂ္ဂိုလ်
နဲ့ လွတ်ကင်းအောင် ရေးကြရတယ် ဗျာ ။ ကြာတော့ လည်း ရေးချက် ထပ် ကုန် တာပေါ့ ။ ဒီ အထဲ မဂ္ဂဇင်း ထုတ်ဝေသူ တွေ က လည်း လောဘ ကြီးပြီး လေးပုံ လေးကွက် ဆွဲ ခိုင်း တယ် ။ မလိုပါဘူး ၊ တစ်ပုံ တစ်ကွက် ပဲ ကောင်းကောင်း ပိုင်ပိုင် ဆွဲသင့်တယ် လို့ ထင်တယ် ။ ကာတွန်းဆရာတွေ ညီညီညွတ်ညွတ် နဲ့ ညှိနှိုင်း အရေး ဆိုဖို့ သင့်တယ် ။
နောက်တစ်ခု က တော့ ကာတွန်းဆရာတွေ ကို မေတ္တာရပ်ခံ ချင်တယ် ။ အိမ်ကြက်ချင်း အိုးမည်း သုတ်ပေး တာ ကို မြင်ကြစေ ချင်တယ် ။ အနုပညာစာပေသမား အချင်းချင်း မခွပ်ကြပါနဲ့ လို့ ။
🅠 ကျွန်တော်တို့ စာပေလောက မှာ လိုင်း အမျိုးမျိုး ရှိတဲ့ အထဲ က သမိုင်းနောက်ခံ ဝတ္ထုလိုင်း က သီးခြား ရှိတာ ဆရာ သတိထား မိမယ် ထင်ပါတယ် ။ ကျွန်တော်တို့ ပေဖူးလွှာ ဇန်နဝါရီ ၈၆ ထုတ် မှာ စာပေစကားဝိုင်း လုပ် ပေး ခဲ့ပါသေးတယ် ။ ဒီ ဝတ္ထုတွေ နဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို သဘောရပါ သလဲ ။
ဒီ ကိစ္စ ကို ကျွန်တော် ၁၉၇ဝ ပြည့်နှစ် ကတည်း က စပြီး ပြောခဲ့ပါတယ် ။ ၁၉၇ဝ ပြည့်နှစ် မှာ လည်း လူ ထဲ က ဝတ္ထု ၊ ဝတ္ထု ထဲ က လူ ဆိုပြီး စာအုပ်ကလေး တစ်အုပ် ထုတ်ခဲ့ပါသေးတယ် ။ ကိုဝင်းငြိမ်း ပြန် ဖတ်ကြည့်ပါ ။ အဲဒီတုန်း က ချစ်ဦးညို ́ဆိုတဲ့ နာမည် လူသိ ထင်ရှား မဖြစ်သေးပါဘူး ။ ချစ်ဦးညို ရဲ့ ပထမဆုံး စာအုပ် ဖြစ်တဲ့ လင်္ကာဒီပချစ်သူ က ၁၉၇၇ ခုနှစ် ကျ မှ ထွက်လာ တာပါ ။ အဲဒီ တုန်း က သမိုင်းနောက်ခံ ဝတ္ထု ဖြစ်တဲ့ မဟူရာမေတ္တာ ကို ရေး တဲ့ နိုင်ဝင်းဆွေ သာ လူသိ များ ပါတယ် ။
ကိုဝင်းငြိမ်း တို့ ပေဖူးလွှာ က စာပေစကားဝိုင်း ကို ဖတ်ပြီး ပါ ပြီ ။ မကြိုက်တာ နှစ်ချက် ရှိတယ် ။
ပထမ အချက် က စာတည်း က ဘာဖြစ်လို့ မေးခွန်းတွေ ချည်း မေး နေ ရတာလဲ ။ ဘာဖြစ်လို့ စကား ဝင် မပြောရ တာ လဲ ။ စကားဝိုင်း ပဲ ။ အင်တာဗျူး မှ မဟုတ် တာ ။ အပြန်အလှန် ဝင် ဆွေးနွေး လို့ ရ တာပဲ ။ ကိုယ့် ထင်မြင်ချက် ကိုလည်း ပထမပိုင်း မှာ ပြောပြရမှာပေါ့ ။ ပြီး တော့ အယူအဆ ချင်း မတူရင် ငြင်းခုံရမှာ ပေါ့ ။ ဒီမှာ တစ်ဆက်တည်း အကြံပေး ချင်တာ က တော့ စကားဝိုင်း တစ်ဝိုင်း စီစဉ်တဲ့ နေရာ မှာ အတတ်နိုင်ဆုံး အယူအဆ မတူသူတွေ ကို တွေ့ ပေးပါ ။ ကလေးတွေ မှ မဟုတ်တာ ။ လူကြီးတွေ ပဲ ။ ယဉ်ကျေးမှု စာပေသမားတွေ ပဲ ။ ထ , ရန် မဖြစ်ပါဘူး ။ အခုတော့ စကားဝိုင်း တစ်ဝိုင်းလုံး က တစ်သံ တည်း ထွက် နေတယ် ။ မစိုပြည်ဘူး ။ အသက် မပါဘူး ။
ဒုတိယ အချက် က တော့ ကျွန်တော့် အဆို ကို ဘာ ဖြစ်လို့ ဖျောက်ထားရတာလဲ ။ စာပေသမားတွေ က စိတ်ဝင်စားကြတယ် ။ စိတ်ဝင်စား လို့ တောင် မှ သဘင် မဂ္ဂဇင်း မှာ ရော ၊ အတွေးအမြင် မှာ ရော ဆောင်းပါးတွေ ရေး ပြီး ဆွေးနွေး နေကြ သေး တာပဲ ။
ကျွန်တော့် အဆို ဆို တာ ‘ Original ’ မဟုတ်ဘူး ဆိုတာလေ ။ သူတို့ ပြော သလိုပဲ ၊ သမိုင်းနောက်ခံ ဝတ္ထု ဆို တာ သမိုင်းဖြစ်ရပ် တစ်ခု ၊ သမိုင်းကာလ တစ်ခု ကို နောက်ခံ ပြုပြီး ရေးတဲ့ ဝတ္ထု ။ ကိုယ့် အတွေ့အကြုံ ၊ ကိုယ့် အကြားအမြင် ကို နောက်ခံ ပြု ရေးတာ မဟုတ်ဘူး ။ မှီငြမ်း ပြု တာ ။ Skeleton ကျောရိုး ကို ယူ ရေးတာ ။ ကိုယ်ပိုင် မဟုတ်ဘူး ။ ဒါတွေကို ဘာဖြစ်လို့ ဖျောက်ပယ် ထားချင် ရတာလဲ ။ ကြောက် လို့လား ။ ဝန်ခံ ရ မှာ ရှက်ကြလို့ လား ။
အရင်က စာအုပ်တွေ သွား မပြောပါနဲ့ ။ မဟာဆွေ တို့ ၊ ဇေယျ တို့ ၊ တက္ကသိုလ်ဘုန်းနိုင် တို့ ရဲ့ စာအုပ်တွေ နဲ့ လည်း မနှိုင်းယှဉ်ပါ နဲ့ ။ အဲဒါတွေ က နယ်ချဲ့ဆန့်ကျင်ရေး ၊ အမျိုးသား လွတ်မြောက်ရေး လှုံ့ဆော်ချက်တွေ ၊ ရည်ရွယ်ချက် ကောင်းတွေ ။
ကျွန်တော် ပြောတာ က သမိုင်းနောက်ခံ ဝတ္ထု ဆိုတာ ရည်ရွယ်ချက် မကောင်းနိုင်ဘူး ။ ပြည်သူ ကို အကျိုး မပြုဘူး လို့ မပြောပါဘူး ။ ဘယ်တုန်းက မှ လည်း မပြောခဲ့ ဘူး ။ အခု လည်း မပြောဘူး ။ နောင် လည်း မပြောဘူး ။ ပြီးတော့ သမိုင်းနောက်ခံ ဝတ္ထုတွေ မရှိရဘူး လို့ လည်း မပြောဘူး ။ ရှိရမယ် ။ ရှိပါစေ ။
ဒါပေမဲ့ စောစောက ပြောခဲ့တဲ့ အတိုင်း တစ် - ကိုယ်ပိုင် မဟုတ်ဘူး ။ နှစ် - Characterization ဇာတ်ကောင် စရိုက် သရုပ်ဖော် ရာ မှာ မပီပြင်နိုင်ဘူး ။ သုံး - အပျော် ဖတ် ပဲ ဖြစ်နိုင်မယ် ။ လေး - ဒါကြောင့် စာပေ တန်ဖိုး နည်းတယ် ။
အဲ ... ကိုဝင်းငြိမ်း ကို ပြောရဦးမယ် ။ အတွင်း စကား ဆိုပါတော့ ။ ကျော်စွာ ( ချစ်ဦးညို ) ကို ကျွန်တော် ပြောတယ် ။ ကျော်စွာ က စာရေး ကောင်းတယ် ဗျ ။ ပြီးတော့ အနုပညာ ပါရမီကလေး လည်း ရှိတယ် လို့ ထင်တယ် ။ ရှင် နည်းရာ အဂ္ဂ လူထွက် ဆို သလို အဲဒီ ကျော်စွာ မဟုတ် တဲ့ ဘက် ရောက်ပြီး ပျက်စီး သွားမှာ ၊ ရေတိမ် နစ် သွားမှာ ကျွန်တော် စိုးရိမ်တယ် ။
သိတဲ့ အတိုင်းပဲ ဗျာ ။ လင်္ကာဒီပ ချစ်သူ ကို ရေး လိုက်တယ် ။ တစ်ဟုန်ထိုး နာမည် ကြီး သွားတယ် ။ ပြည် သူတွေ ထဲ မှာ ၊ လူငယ်ထု ထဲ မှာလည်း ဒဿ ၊ ဒဿ နဲ့ ဖြစ် ကုန်ပြီ ။ မြန်မာစာ ပါမောက္ခ က လည်း ချီးကျူးတယ် ။ ဒီတော့ စာအုပ် ထုတ်ဝေသူတွေ ၊ မဂ္ဂဇင်း အယ်ဒီတာတွေ က သမိုင်း နောက်ခံ ဝတ္ထုပဲ ရေး ခိုင်းတယ် ။ တောင်းဆိုတယ် ။
ကျွန်တော် နုစဉ် က လမ်းမှား လိုက်မိ သလိုပေါ့ ဗျာ ။ သူ လည်း လမ်းမှား လိုက်နေပြီ ။ အဲဒီမှာ ရေတိမ် နစ် သွား မှာ စိုးတယ် ။ စီးပွားရေးသမား ထုတ်ဝေသူ တွေ ရဲ့ အလို ကို ချည်း မလိုက်နဲ့ ။ ကိုယ် ရေးချင်တာ တွေ လည်း ရေးဦး ၊ ရေးသင့် ရေးထိုက် တာ တွေ ကိုလည်း ရေးဦး ။ တာဝန် မပျက်စေနဲ့ ။ ကျွန်တော့် ညီလေး တစ်ယောက် လို အပြင် မှာ တွေ့တိုင်း သတိ ပေး ပါတယ် ။
ခက်တာ က ကျော်စွာ က ကျွန်တော် နဲ့ တွေ့တော့ လည်း ခေါင်း ညိတ်တယ် ။ ကျွန်တော့် စေတနာ ကို သဘော ပေါက် ပါတယ် တဲ့ ။ ဒါပေမဲ့ သမိုင်းနောက်ခံ ဝတ္ထု တွေ ကို ဆက် ရေး နေ သေးတယ် ။ တခြား ရေး တာ သိပ် မတွေ့ရသေးဘူး ။ အမှန်က သမိုင်းနောက်ခံလည်း ရေး ။ တခြား ရေးသင့်တာ တွေ လည်း ရေးစေချင် ပါတယ် ။
◾ဝင်းငြိမ်း
📖 ဝင်းငြိမ်း နှင့် စာရေးဆရာများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment