နု ကူလီခေါင်း အိမ် အဝင် တွင် လူ သုံးယောက် ယိမ်း ထိုး ဖက်တွဲရင်း သိုင်းကွက် နင်း၍ ထွက် လာသည် ကို တွေ့ လိုက်ရသည် ။ သူတို့ ပါးစပ်တွေ က လည်း ရောက်တတ် ရာရာ ပြောနေ ကြသည် ။
“ ဟင် နု ပါလား ၊ လာလာ နု ၊ ဘာကိစ္စ ရှိသလဲ ”
ကူလီခေါင်း သည် နု အား ဖော်ဖော်ရွေရွေ ဝမ်းသာအားရ ဖိတ်ခေါ်လေသည် ။
“ နု အမေ အတော် ဆိုးနေလို့ အစ်ကိုကြီး ”
“ ဪ ... ဟုတ်လား ၊ အလုပ် မဆင်းနိုင်သေးလို့ လာ ပြောတာလား ၊ ကိစ္စ မရှိပါလူး ၊ နု မပြော ပြောပြော အစ်ကိုကြီး ရက် အပြည့် ထည့် ထားတယ် ”
နု စကား မှ မဆုံး သေးခင် ကူလီခေါင်း က စေတနာ ဗရပွ နှင့် ပြောသည် ။
ကူလီခေါင်း အိမ် မှာ သူ တစ်ယောက် တည်း ရှိသည် ။ သားမယားတွေ မှာ လေကြောင်းရန် စိုးရိမ်၍ တော သို့ ပို့ထား လျက် ငွေ ထုတ်ပြီးသော အခါတိုင်း ကူလီခေါင်း လိုက်သွား ၍ ငွေ ပို့ရလေသည် ။
“ ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ် အစ်ကိုကြီး ၊ နောက် ပြီးတော့ ... ”
နု သည် မပြောရဲ သလို စကား ဆက် ပြတ်သွား လေသည် ။ သူ့ မှာ ရှက်အမ်းအမ်း ဖြစ်နေသည် ။
“ နောက်ပြီးတော့ ဘာလဲဟင် နု ၊ ပြောလေ ... အစ်ကိုကြီး ကို ပြောပါ ဘာ အားနာစရာ ရှိသလဲ ”
ကူလီခေါင်း က စိတ်အား ထက်သန်စွာ ဖြင့် မေးရင်း အားပေးစကား ပြောလေသည် ။ နု မှာ တစ်စုံတရာ အခက် အခဲ တွေ့နေမည် ။ ထို အခက်အခဲ အတွက် အကူအညီ လို၍ လာခြင်း ဖြစ်မည် ဟု ယူဆ ထား လိုက်သည် ။ နု ၏ အခက် အခဲ ကို ကူညီဖြေရှင်း ပေး လိုက်ရလျှင် နု က အားနာ ကျေးဇူး တင်၍ လိုက်လျော ပေမည် ။
“ ငွေ ၅ဝိ လောက် လိုနေလို့ အစ်ကိုကြီး ရဲ့”
နု အသံ မှာ ကြေကွဲ တုန်လှုပ်စွာ ခပ်ဖြည်းဖြည်း ထွက် ပေါ်လာသည် ။
“ ဪ ... ရပါတယ် ရပါတယ် ၊ ဘာဖြစ်ဖြစ် ပြော ပေါ့ နု ရဲ့ ။ အစ်ကိုကြီး အမြဲ ကူညီမှာပေါ့ ”
ကူလီခေါင်း သည် စကား အဆုံး၌ ထ၍ အတွင်းခန်း သို့ ဝင် သွားသည် ။ တွေဝေ ရင်း ပင် နု ကျန်ရစ် ခဲ့သည် ။
“ နု ရေ ဟောဒီ ကို လာပြီး သုံးရမယ့် အသစ် ကို ရွေးလှဲ့ ပေတော့ ”
ကူလီခေါင်း က အခန်းတွင်း မှ လှမ်းပြောရာ နု သည် မလွှဲသာ သဖြင့် မရဲတရဲ နှင့် ပင် လှမ်း၍ သွားသည် ။ နု အခန်း တွင်း သို့ ရောက်သည် နှင့် တစ်ပြိုင်နက် တံခါးဝ မှ ကူလီခေါင်း သည် တံခါး ကို ဆွဲ ပိတ် လိုက် လေသည် ။
“ အို .. ဘယ့်နှယ် လုပ်တာလဲ အစ်ကိုကြီး ရဲ့ ။ တံခါး ဖွင့်ပါ ၊ နု ကြောက်ပါတယ် ”
နု သည် ကြောက်ကြောက်ရွံ့ရွံ့ တုန်တုန်ယင်ယင် နှင့် ပြောပါသည် ။
“ နု ကလည်း ကွယ် ... ကြောက်စရာ မဟုတ်ပါဘူး ၊ အစ်ကိုကြီး က ချစ်လို့ ဟာ နု သိရက်သားနဲ့ ဟဲ ... ဟဲ ”
“ အို .. အမေ့ ”
ကူလီခေါင်း က ရုတ်တရက် ပွေ့ယူ လိုက်သဖြင့် နု လန့် အော် လိုက်သည် ။ ကူလီခေါင်း သည်
ကာမဘီလူး စီး ၍ နု အား အနီး ရှိ ခုတင် ပေါ် သို့ အလိုက်သင့် တင် လိုက်သည် ။
“ နု ကို သနားပါဦး အစ်ကိုကြီး ရယ် ၊ မလုပ်ပါ နဲ့ ၊ ဖယ် ပါ .. အို .. ကြည့်ပါဦး ”
“ အစ်ကိုကြီး က သနားလွန်းလို့ ပဲ နု ရဲ့ ၊ နု ဆင်းရဲနေ တာ မကြည့်ရက်လို့ပါ နော် ... ”
နု သည် ရှိသမျှ အားကုန် ကြိုးစား ရုန်းကန်သော် လည်း မရနိုင်ပေ ။ မိန်းမ နှင့် ယောက်ျား အင်အားချင်း မမျှ တ ၊ ကူလီခေါင်းကား သက်ညှာရမှန်း မသိ တတ် ။ ခွေး ကို မစင် မစားရန် သွန်သင်၍ မရသလို ကူလီခေါင်း လို လူယုတ်မာမျိုး ကို လည်း မဖောက်ပြန်အောင် ၊ တစ်ကိုယ်ကောင်း မကြံအောင် ပိတ်ပင် မရ ။ ကူလီခေါင်း လို လူယုတ်မာမျိုး က အခွင့်အရေး ရလျှင် ရသလောက် နည်းလမ်း ရှိလျှင် ရှိ သလောက် ဖောက်ပြန်သည် ။ ကိုယ်ကျိုး ရှာသည် ။
နု သည် ကျဆင်းလု နီးနီး မျက်ရည်စုများ ကို အစွမ်း ကုန် စိတ် တင်း၍ ထိန်းချုပ် ထားရသည် ။ နု လက် ထဲ ၌ ကူလီခေါင်း ပေး လိုက်သော ဘုရားနီ ငါးဆူ ပါလာသည် ။ ဒီ ငွေကလေး ရဖို့ မည်မျှ အနစ်နာ ခံခဲ့ရ သနည်း ။ ကူလီခေါင်း က နု ကို ငွေ ၅ဝိ ပေးသည် ။ ထို့ အတွက် နု က ကူလီခေါင်း ကို ပြန်၍ ကာမ ကို ပေးရသည် ။ ငွေ နှင့် ကာမ လဲ ယူ ရသည် ။ ဒီလိုဖြင့် နု ဟာ ဘာတန်ဖိုး ရှိ တော့ သနည်း ။ နု ကို မိန်းမ ကောင်းကလေး တစ်ယောက် ဟု ခေါ်နိုင်ပါမည်လား ။
လူဦးရေ ၁၆ သန်း လောက် သာ ရှိသော်လည်း မြန်မာပြည် သည် ကမ္ဘာ ပေါ် မှာ ဆန် အထွက်ဆုံး နှင့် ကျွန်းသစ် ဒုတိယ အပေါများဆုံး တိုင်းပြည် ဖြစ်သည် ။ ရေနံ နှင့် ကျောက်သံပတ္တမြား ၊ ရွှေငွေ အထွေထွေ အပြင် ပဲပြောင်း ၊ ဝါဂွမ်းတွေ လည်း အမြောက်အမြား ထွက် သေးသည် ။ သို့သော် နု နှင့် ဗမာလူထုကြီး မှာ ဆန် အပေါများဆုံး တိုင်းပြည် ပေါ် ၌ ထမင်း ငတ် ကာ ကမ္ဘာ တွင် ဒုတိယအကြီးမား ဆုံး ကျွန်းတောကြီး ကို ကြည့်ရင်း အိမ်မဲ့ ယာမဲ့ ဖြစ်နေ သည် ။ နု နှင့် မြန်မာလူထုကြီး အစာငတ် အဝတ်မဲ့ နေစရာ ထိုင်စရာ အိမ် မရှိခြင်း တို့ မှာ မြန်မာပြည် မြေကြီး က ထွက်ကုန် နည်းသောကြောင့် မဟုတ်ပေ ။ ထွက်ကုန် အမြောက်အမြား ကို အုပ်ချုပ်ပုံ ၊ ဖြန့်ဝေပုံ ၊ အသုံးပြုပုံ စနစ် မကျ ၊ မမျှတ ၍ သာ ဖြစ် ချေသည် ။ သည်လို စီးပွား ပျက်ကပ်ကြီး ဆိုက်ရောက်မှု ကြောင့် ပင် နု လို ကမ္ဘာ့သား ကောင်း မိခင်လောင်း အမျိုးသမီးတွေ ပျက်စီးရသည် ။
••••• ••••• ••••• •••••
“ နုရေ .. ဟေ့ နု ” အသံ နှင့် အတူ ဖွားခင် နှင့် အေးသက် ဘွားခနဲ တဲဝ ၌ ရောက် လာသည် ။
“ ဟေ့ ... ဖွားခင် နဲ့ အေးသက် ပါလား ၊ လာလာ အထဲ ကို ”
နု က ဖိတ်ခေါ်ရင်း နေရာထိုင်ခင်း ပေး လေသည် ။
“ ညည်းတို့ ဘယ် က လှည့် လာကြသလဲ ဟင် ... ”
နု က တစ်ယောက် စီ ကြည့်ရင်း မေးသည် ။
“ ညည်း ဆီ ကို လာ တာပဲ တော့ ။ အလုပ် မဆင်းတာ ကြာလို့ ဘာများ ဖြစ်နေတုန်းလို့ ။ လာမယ် လာမယ် နဲ့ မအားတာ နဲ့ ခုမှ လာဖြစ်တော့တယ် ”
အေးသက် ပြောသမျှတွင် ဘာများ ဖြစ်နေတုန်းလို့ ” ဟူသည် စကားနောက် ကို နု မကြားလိုက်တော့ပေ ။ ဖြစ်ရပုံတွေ စေ့ငုအောင် ပြောရလျှင် သေချင်အောင် အပူ ရပေမည် ။ ဖွားခင်တို့ အေး သက်တို့နှင့် ကွဲကွာရသည့် ရက်ပိုင်းကလေး မှာ သူတို့ အဖို့ ၊ လုပ်မြဲတိုင်း လုပ် ၊ သွားမြဲတိုင်း သွား ၊ နေမြဲတိုင်း နေ၍ ဘာမှ ထူးခြား ပြောင်းလဲခြင်း မရှိခဲ့ပေ ။
နု မှာ မူကား ကြား၍ မှ မယုံ နိုင်လောက်အောင် အဖြစ်ဆန်း ကြုံခဲ့သည် ။ ဇာတ်လမ်း ဆိုးကြီး ၌ အလွမ်းမင်းသမီး အဖြစ် ပါဝင်အသုံးတော် ခံ ခဲ့ရ သည် ။ နု က သူ့ လိပ်ပြာ သူ ရှက်သည် ။ ဖွားခင် တို့ အေး သက် တို့ လို ခြောက်ပြစ်စင်တွေ နှင့် သူ ၏ မသန့်ရှင်းမစင် ကြယ်သော အဖြစ် ကို ဖုံးဖိ သိုသိပ် ဟန်လုပ်၍ “ ခြောက်ပြစ် စင် ” လို မပေါင်းသင်း မဆက်ဆံ ချင်ပါ ။ မပေါင်းသင်း မဆက်ဆံ ချင်သည့် အခြေအနေ ရောက်အောင် ဖန်တီးပေး သည့် သူ့ ဘဝကြမ္မာ ကို စိတ် အနာကြီး နာသည် ။ ထို့ထက် တစ်မူကား ပို၍ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းပါဘိသည် ။
“ အို ... နု ဘာပြုလို့ မျက်ရည် ကျရသလဲ ဟင် ... ကြည့်စမ်းပါဦး နေမကောင်းဘူး ထင်တယ် ၊ မျက်တွင်းတွေ ကျပြီးတော့ နည်းနည်းလည်း ချုံး သွားတယ် ”
နု သည် အိပ်ရာထက် ၌ မှေးစက်နေသော မိခင် ဖြစ်သူ ကို တစ်ချက် မျှ လှမ်း၍ ကြည့် လိုက်ပြီး စိတ်ချသော အမူအရာ ဖြင့် သူ့ ရောင်းရင်းဘက်တွေ ကို လှည့် ကာ ပြော သည် ။
“ ဖွားခင် နဲ့ အေးသက် လာ အိမ်နောက် ဘက် သွားရ အောင် ၊ ညည်းတို့ မသိသေးတဲ့ အကြောင်းတွေ ပြောပြ မယ် ”
ကြေကွဲသောအသံဖြင့် ခပ်မြန်မြန် ပြောသော ဇိုးဇိုး ဇတ်ဇတ် ထ သွားသည့် နု ကို ဖွားခင် နှင့် အေးသက် ယောင် ၍ ငေး ကာပင် ကြည့်နေ မိသည် ။ နောက်မှပင် သတိ ရ ကာ ကပျာကယာ ထ လိုက်ကြသည် ။
“ နု ... နု .. ညည်း ဘာဖြစ်သလဲ ဟင် နု ”
နု သည် လက်ဝါးနှစ်ဖက် ဖြင့် မျက်နှာ ကို အုပ်၍ တရှုံ့ရှုံ့ ငိုကြွေးရာ မှ မျက်ရည်လည်ရွဲ နှင့် မော် ကြည့်သည် ။
“ ညည်းတို့ ... ညည်းတို့ ငါ့ ကို အပေါင်းအသင်း မလုပ်ကြနဲ့တော့ ။ ငါ ဟာ အရင်တုန်းက လို ကောင်းတဲ့ နု မဟုတ်တော့ဘူး ။ အခု ငါ ဟာ ... ညည်းတို့ နဲ့ မတူ မတန်ဘူး ”
အေးသက် နှင့် ဖွားခင် မှာ နား ရှိ၍ပင် ကြား လိုက်ရ သော်လည်း လားလားမျှ မနှစ်မြို့ ၊ မယုံနိုင် ။
“ နု ... ဟေ့ကောင်မ ညည်း ရူးနေသလားဟင် ။ ဘာ တွေ လျှောက်ပြောနေတာတုန်း ၊ မပြောကောင်းတာတွေ ”
ဖွားခင် နှင့် အေးသက် က ကရုဏာဒေါသော ဖြင့် နု ပခုံး ကို ကိုင်လှုပ်ရင်း အငမ်းမရ ပြော လိုက်သည် ။ သို့ပေမင့် နု ကား ငိုလျက် ။
“ ငါ မရူးဘူးနော် ။ ငါ မရူးဘူး ၊ ရူးလို့ ပြောနေတာ မဟုတ်ဘူး ။ ငါ့ အကြောင်း ကို ပြောပြမယ် ။ ညည်း တို့ သေ သေချာချာ နားထောင် ”
အေးသက် နှင့် ဖွားခင် တို့ မှာ မျက်ရည်ရစ်ဝဲ သဲသဲ တွဲ ကာ လှိုက်လှဲပူဆွေး ရင်မအေး သည့် အမူအရာ ပြောင်း ကြသည် ။ လှိုက်လှိုက်လှဲလှဲ ရှိုက် ၍ ခဲကာ နု ခမျာ မှာ ဇာတ် ကြောင်းကုန်စင် နတ်သံ နှော၍ ပြောရချေတော့သည် ။
“ အမေ ကလည်း သိပ် နေဆိုး နေတယ် ၊ ပိုက်ဆံ က လည်း ဆရာသမား ပင့်ပြီး ဆေးဝါး ကုသဖို့ ထားလို့ စားဖို့ သောက်ဖို့ တောင် မရှိဘူး ။ ဆေးဝါး မကုသရလို့ ငါ့ အမေ သေမှာ စိုးလို့ ၊ ငါ့ မောင်ကလေး ငတ် မှာ ပြတ်မှာ စိုးလို့ ငါ လေ ငါ ရေနံ အခိုး လိုက်သွားတယ် ။ လ ကလည်း သာ လိုက်တာ ထိန် လို့ပေါ့ ။ အပြန် မှာ ငါတို့ ကို ရေနံမြေပုလိပ် တွေ ဖမ်းမိ သွားတယ် ။ တခြား လူတွေ ကိုတော့ ရိုက်နှက်ပြီး ဂျပန်ရုံး ပို့ လိုက်တယ် ။ ငါ့ ကိုတော့ ၊ ငါ့ ကိုတော့ လေ ရုံး မပို့ ဘူး ၊ ပြောမရ တောင်းပန်မရ နဲ့ ငါ့ ဘဝ ကို အဆုံး ခံလိုက်ရ တယ် ။ သိပ် ရိုင်းစိုင်းတဲ့ လူတွေ ၊ သူတို့ ထင်တိုင်း ငါ့ ကို တစ်ညလုံး မယား လုပ် ကြတယ် ”
ဖွားခင် သည် နု ကို ဖက်၍ ချုံးချုံးချ ငိုသည် ။
အေးသက် ကား နေရီရီ တွင် တိမ်ပလီငွေရည်ဖွဲ့ ကို နေခြည်သွေ့ ကာ လဲ့လဲ့ပြာ နေသည့် ရှုခင်း ကို အားနည်းခြင်း မျက်လုံး အစုံဖြင့် ကြည့် နေသည် ။ ဒီလို ကြည့်ရာကပင် တသွင်သွင် မျက်ရည် ကျသည် ။ ဒီ မျက်ရည် ဟာ ဖြင့် ယူကျုံး မရ မျက်ရည် ။ ကြိတ်မနိုင် ခဲမရ အသည်း မှ ပူလောင်သည့် မျက်ရည် ။ ကံဆိုးမိုးမှောင် ဖြစ်ရလေခြင်း ဆိုသည့် မျက်ရည်ပေါ့ ။ ဖွားခင် တို့ အေးသက် တို့ အမြင် က နု ဟာ လှသည် ။ ထို့ကြောင့် ချစ်စရာ ကောင်းသည် ။ နု ဟာ သဘော ကောင်း သည် ။ ထို့ကြောင့် မြတ်နိုးစရာ ကောင်းသည် ။ နု ဟာ မိဘ ကျေးဇူး ဆပ်နေသည် ။ ထို့ကြောင့် ကြည်ညို လေးစားဖို့ ကောင်းသည် ။ နု ဟာ ဆင်းရဲသည် ။ ထို့ကြောင့် အထူးပဲ သနားဖို့ ကောင်းသည် ။ သူတို့ အဖို့ ခြောက်ပြစ်စင် နု ကို မှ ရက်ရက်စက်စက် ပြု ရက်ကြပါပေသည် ။ ရိုင်းရိုင်းပျပျ စော်ကား ရက်ကြပါပေသည် ။
“ နု ညည်း တကယ် ပြော တာလား ဟင် ။ တကယ် ပြော တာလား ။ ညည်း ပြောသလို မဟုတ်ရဘူး ၊ မဟုတ်ရ ဘူး ။ ညည်း ဒီလို ဖြစ်ခဲ့တယ် ဆိုတာ မဟုတ်ဘူးနော် နု ”
နု က သူတို့ ကို လီဆယ် ၍ မပြော ။ ဟုတ်သည့် အ တိုင်း ကို ပင် မလွှဲသာ လွန်း ၍ ပြော ရသည် ။ ဘယ့်နှယ် ပြော ချင်ပါ့မလဲ ။ တကယ်ဆိုတော့ အမှန်ကတော့ နု ဒီအတိုင်း ဖြစ်ခဲ့၍ ဒီလိုပဲ ပြောသည် ။ နု ပြောသည့်အတိုင်း လည်း မှန် ကန်ကြောင်း ကို အေးသက် နားလည်သည် ။ သို့ပေမဲ့ သူ့ စေတနာ က သူ ကြားသလို မဟုတ်စေချင် ။ နု ကို အလွန်ပဲ သနားသည် ။ ဒီ အဖြစ်ဆိုးကြီး ကို အိပ်မက် လိုပဲ ပျောက် ပျက် သွားစေချင်သည် ။
“ ဟုတ်တယ် ... အေးသက် ဟုတ်တယ် ဘယ်လိုမေ့ ပျောက်လို့ မှ မရအောင် ဟုတ်ခဲ့တယ် ။ ကုသိုလ် ဟာ တော်တော် ဆိုးတယ် ။ ငါ့ အချစ်ပန်း ကို ငါ ရည်မှန်းတဲ့ သူ မနမ်း ရ ခင် ၊ မယုယ နိုင် ခင် မှာ ငါ အလိုမတူ မကြည်ဖြုတဲ့ လူယုတ်မာတွေ ရဲ့ နမ်းရှုပ်ချေမှုန်း ဝတ်ရည် သုံး တာ ခံ ခဲ့ရ တယ် ”
ဟုတ်ပါသည် ။ နု အချစ်ပန်းကလေး ဟာ ဖြင့် မပွင့် လန်းသေးခင် မှာ ပင် ညှိုးနွမ်းကြေမွ မြေသို့ ခ ရပါပြီ ။ လရောင်ဝါ အပြည့်လျှမ်းသည့် တစ်ညချမ်း အခါတုန်း က ကျော်မောင် နှင့် အချစ်ပင် အတူ ပျိုးခဲ့ကြသည် ။ ထူးထူးကဲ ကဲ လှိုက်လှိုက်လှဲလှဲ ကြည်နူးသာယာခဲ့သည် ။ လူ့ဘဝ ခရီးစဉ် တွင် ယှဉ်တွဲရမည့် အဖော် ဆုံတွေ့ရပြီ ဖြစ်သဖြင့် သာယာချမ်းမြေ့ ၍ ပြန့်ပြူးသော ချစ်ခရီး ကို အတွေး ဖြင့် လျှောက် ခဲ့ သည် ။ တစ်ရံတစ်ဆစ်ကလေး မှ ဒီ အဖြစ်မျိုး နှင့် ဖြင့် တွေ့ရလိမ့်မည် မထင်ခဲ့ ။
“ နောက်တစ်ခါ ဒီလိုပဲ အမေ က လည်း မသက်သာ ၊ ပိုက်ဆံ ကလည်း မရှိမို့ ကူလီခေါင်း ဆီ သွားပြီး ငွေ ချေးရ တယ် ။ လူတွေဟာ တကယ် ဆိုတော့ စိတ် ကောင်း နှလုံး ကောင်း ရှိဖို့ ခဲယဉ်းလှပါကလား နော် ။ ငါ .. ငါ ကူလီခေါင်း ဆီ ငွေသွား ချေးတော့ ငွေ ရ ခဲ့ပေမဲ့ သူ ကလေ သူ က ငါ့ ကို ဒုတိယ အကြိမ် စော်ကား လိုက်တယ် ။ သားကျင့်မယား ကျင့် လုပ်လိုက်တယ် ။ ခုတော့လေ ငါ့ ဘဝ ဟာ ဆုံးပြီ ။ ဘယ်လို ပြုပြင်လို့မှ မရတော့ဘူး ။ ဒါကြောင့် မကောင်းတဲ့ လောကကြီး ထဲ က မကောင်းတဲ့ လူတွေ အလယ် မှာ ငါ ဟာ မကောင်းတာပဲ လုပ်တော့မယ် လို့ ဆုံးဖြတ် လိုက်တယ် ။ လူကောင်း သူကောင်းတွေ မှာ အသက် ထက် အရေးကြီးတဲ့ ကိုယ်ကျင့် တရားတွေ ၊ အချစ်စစ် အချစ်မှန်တွေ ၊ ဂုဏ်မာန တွေ ကို ငါ ဂရု မစိုက်တော့ဘူး ၊ ပျက်စီးချင် တိုင်း ပျက်စီး ၊ ဖောက်ပြန်ချင် တိုင်း ဖောက်ပြန်ပစေ ၊ ငါ အနေ ချောင် ရင် တော်ပြီ ၊ အသက်သာ ခိုရရင် တော်ပြီ ဆိုပြီးတော့ ငါ လေ ငါ ... အခု ကူလီခေါင်း ရဲ့ မယားငယ် လုပ်နေ လိုက်တယ် ”
“ အမယ်လေး ... နု .. နု ညည်း ရက်စက်လှချည့်လား ဟင် ။ သလောက်တောင် ကိုယ့် ကိုယ် ကို ပစ်စလက်ခတ် လုပ်ရက်တယ် ဟင် ။ ကြည့်စမ်းပါဦး ကူလီခေါင်း အကြောင်း ကို ညည်း လည်း အသိသား ဖြစ်ရလေ နု ရယ် ဟင်း ”
အေးသက် နှင့် ဖွားခင် မှာ မကျေချမ်းနိုင် ၊ မကျေချမ်း နိုင်၍လည်း ဘယ်လိုမှ မတတ်နိုင် သူတို့ တတ်နိုင်သည် ကား သူတို့ ရင်တွင်း က မီးတောက် မီးလျှံကြီး ကို မျက်ရည် အဖြစ် နှင့် အပြင်သို့ ထုတ်ခြင်း ပင် ဖြစ်သည် ။
“ ငါ့ ကိုယ် ငါ ဘယ်လို ရက်စက်ချင်ပါ့မလဲ အေးသက် ရယ် ။ ဒါပေမဲ့ သည်လို မဖြစ်ဖြစ်အောင် ငါ့ ဘဝ က ဖြစ်လာ တော့ ဘယ့်နှယ် တတ်နိုင်ပါ့မလဲ ။ ငါ နေချင်သလို မဖြစ် တော့ ဖြစ်သလိုပဲ ငါ နေရတာပေါ့ ”
နေ သည် မျက်လုံးနီကြီးဖြင့် ရိုးမတောင်ပေါ်က ထိုင် ၍ နု တို့ ကို ကြည့်နေသည် ။
မြေကြီး သည် ညိုမောင်းသော ကမ္ဗလာ ကို ခြုံလျက် မလှုပ်မယှက် တည် နေသည် ။
ရွက်ဝါ သည် အချိန်ကုန်လင့် ရော်ရင့်ပြီ ဖြစ်သဖြင့် ရိုးတံ မှ ခုန်ကာပျံကာ မြေကမ္ဗလာ သို့ မြန်းနေသည် ။
နွေဦး ၏ လေရူး သည် ခါနွေရက် ကို ဆောက်တည်ရာ မရအောင် ကျီစား နေပါသည် ။ ဆော့၍ နော့၍ လှောင် နေပါသည် ။
နု တို့ မှာ ရိုးမတောင် ပေါ် က နေလုံးကြီး လို ပဲ ငိုရလွန်း ၍ မျက်လုံး နီနေပါသည် ။ မြေကမ္ဗလာကြီး ညိုမောင်း သလို သူတို့ စိတ်တွေကလည်း ပျော်ရွှင်ခြင်းကင်းကွာ ညစ်ညူး ညှိုးနွမ်း ကာ နွေရွက်ကလေး ကဲ့သို့ လည်း မျှော်လင့်ချက် ကင်း အောက်သက်ဆင်းရပါပြီ ။
( နွေဦး ၌ တိုက်ခတ်သော လေရူး သည် ခါနွေရွက် ကို ဆောက်တည်ရာ မရ ဖြစ်စေသလို နု ခံစားခဲ့ရသော ဝေဒနာ ဆိုး လေမုန်တိုင်းကြီး ကလည်း နု တို့ ကို သွက်သွက်ခါ ချောက်ချား အောင် သရမ်းခဲ့သည် မဟုတ်ပါလော )
“ တို့ လူ ဖြစ် လာရတာ ဟာ သက်သက် ဝဋ် ခံဖို့ ဖြစ် လာရတာပဲ ။ ဒီလို ဒုက္ခတွေ နဲ့ တွေ့ရမှာ အတူတူ ဆိုရင် လူ မဖြစ်တာ က ပဲ သက်သာ ဦးမယ် ။ ခုတော့ ငါ တို့ မှာ အလုပ် လုပ် ရတာလဲ သေလုမြောပါး ပဲ ။ ဒါပေမဲ့ စားစရာ မရှိဘူး ၊ ဝတ်စရာ မရှိဘူး ၊ နေထိုင် မကောင်း ဖြစ်လို့ဘမှ ဆေးဝါး မကုနိုင် ဘူး ။ နောက်ပြီး လူတကာ ရဲ့ စော်ကားမော်ကား လုပ်ချင် တိုင်း လုပ်တာ ကို လည်း အရုပ် လိုပဲ နေ ရတယ် ။ ငါတို့ ရဲ့ဘဝ ဟာ ဘာလို့ ဒီလောက် တောင် အောက်ကျ နောက်ကျ ဖြစ် နေရသလဲ ဟင် ၊ ဒါလောက် ဆိုးဝါးတဲ့ ဘဝ ကရော ဘယ်တော့များ မှ လွတ်မြောက် မှာ လဲ ။ လွတ်ရော လွတ်မြောက် ဦးမှာတဲ့ လား ”
နု အရူး လို တတွတ်တွတ် ပြောလိုက်သော စကားလုံးတွေ မှာ ဖွားခင် နှင့် အေးသက် နားတွင်း သို့ သံရည်ပူတွေ လောင်းထည့် သလို ဝင်ရောက် သွားသည် ။ အပူဇာတ်ကြီး ကို သိုလှောင် ထားခဲ့ရသူ နု မှာ ဖွင့် ထုတ် လိုက်ရ သဖြင့် ပေါ့သွား သယောင်ယောင် ဖြစ် သော်လည်း အေးသက် နှင့် ဖွားခင် မှာမူ သည် အပူကြောင့် ...
“ ဖြေသော်ပြေပဲ ကျမျက်ရည် စိုလို့ ရွှဲပေါ့ ... ”
••••• ••••• ••••• •••••
ကူလီခေါင်း ထံ အသုံးတော် ခံရန် နု လာခဲ့သည် ။ ဤသို့ လာခဲ့ရသည် မှာ တစ်ခါ လည်း မဟုတ် ၊ နှစ်ခါ လည်း မဟုတ် ၊ သုံးခါ လေးခါ လည်း မက နု အဖို့ ရိုးပြီ ၊ အဆန်း မဟုတ်တော့ ။
နု က ကျော်မောင့် ကို သတိ ရသည် ။ ယောက်ျား ပီပီ တည်ကြည် ရင့်ကျက်သော ကျော်မောင့် မျက်နှာ ကို မြင်ယောင် သေးသည် ။ ယခု သူ သွား နေသည်မှာ ကူလီခေါင်း ဆီ သို့ မဟုတ်မူဘဲ ကျော်မောင် ဆီ သို့သာ ဆိုလျှင် ဘယ် လောက် ပျော်စရာ ကောင်း လိုက်မလဲ ။ ကြည်နူး ချမ်းမြေ့စရာ ကောင်း လိုက်မလဲပဲ ။ မမေ့နိုင် ... ချစ်ပါသေးသည် ။ ကျော် မောင့် ကို ဖြင့် ကမ္ဘာမြေ ပေါ် မှာ အသက် နဲ့ ကိုယ် ဒွန်တွဲ နေ သမျှ ချစ် မှာပါပဲ ။ သို့ပေမဲ့ ဒီ တစ်သက် မှာဖြင့် မျှော်လင့်ချက် ကတော့ ဝေးပြီ ။
အပြင်ခန်း ၌ ကူလီခေါင်း နှင့် သူ့ မာစတာ ရှိမုရဆန်း ပုလင်း ထောင် နေသည် ( ဝါ ) ဆာကေး မြည်း နေသည် ကို နု မြင်ရသည် ။ နု ၏ ခြေလှမ်း သည် တံခါးဝ မှာ ပင် ရပ်တန့် သွားသည် ။
“ ဟဲ .. ဟဲ ... နု အခန်း ထဲ သွားနေ ၊ အခန်း ထဲ သွားနေ အစ်ကိုကြီး လာခဲ့မယ် ”
ကူလီခေါင်း က နာပျော်ဖွယ် အတိ ပြီးသော အရက် သံကြီး ဖြင့် ပြောသည် ။
နု သည် အခန်း တွင်း ခုတင် ပေါ် ၌ တင်ပုလွှဲ ထိုင် ရင်း သူ့ ဘဝ ကို သုံးသပ်နေသည် ။
နု တစ်သက်လျာ မှာ ဖြင့် လူမှန်းသူမှန်း သိတတ်သော အရွယ် က စ၍ တစ်ခါမှ ရွှင်လန်းအေးချမ်းမှု မရှိခဲ့သေးပါ ။ ဒုက္ခတွေ သာ ပတ်လည် ဝိုင်း နေခဲ့သည် ။ မိုးကြိုးပစ် လွတ် ရုံ တစ်ခုတော့ ရှိပါရဲ့ ။ သည် တစ်ခုတည်း သော ရွှင်လန်းမှု ဟာဖြင့် ကျော်မောင် နှင့် အချစ်ပင် ပျိုး ၍ ချစ်ပန်း နှစ်ခိုင် ကြိုင်ကြိုင်ကျွမ်း ခဲ့သည့် ည ပါပဲ ။ ခု ဆိုရင်တော့ ချစ်မြတ်နိုးသူ နှင့် ကွေကွင်း ရသော ဒုက္ခတွေ ၊ မစုံမက် မနှစ်သက်သူ နှင့် ပေါင်းသင်းရသည့် ဒုက္ခတွေ အမျိုးမျိုး အဖုံဖုံ စုံ နေပါတော့သည် ။
သည် တစ်သက်လျာ အဖို့ နု မှာ ဘာမျှ မျှော်လင့်ချက် မရှိ ။ အနှစ်သာရ ပြည့်ဝသည့် အချစ်စစ် အချစ်မှန် မရှိ ။ သည်လို ဆိုရင် လူသေ နှင့် ဘာ ခြားနားတော့ မလဲ ဟုတ်ပါ သည် ။ နု က လည်း သူ့ ကိုယ် သူ သေပြီး လို့ ပဲ ထင်ပါသည် ။
အခန်း တွင်း သို့ ဝင်လာသော ခြေသံ ကြောင့် နု လှည့် ကြည့် သောအခါ သူ ထင် သော ကူလီခေါင်း မဟုတ် ။ မာစတာ ဖြစ်နေသည် ။ နု ခုတင်စွန်း က ဖျတ်ခနဲ ထ လိုက် သည် ကို မာစတာ က သဘောကျစွာ ရယ် သည် ။
“ ဟဲ ဟဲ မာစတာ တစ်ခုဆန်းချင်တယ် ... မနု ကောင်းတယ် ”
မာစတာ ပါးစပ် က မကောင်းသော စကားလုံးတွေ နှင့် အတူ အရက်နံ့ တထောင်းထောင်း ပါ ပါ လာသည် ။
ကူလီခေါင်း ကား ဘုရားဖြစ်မည့် အုတ်နီခဲ နှင့် တူ သည် ။ စေတနာအနန္တ နှင့် အစွန့်ကြီး စွန့်ရက်သည် ။ အမှန် ကတော့ သည်လို လူမျိုး မှာ ( အချစ် ) မရှိ ။ ( ရာဂစိတ် ပြေငြိမ်း မှု အာရုံ ) သာ ရှိသည် ။ နု ကို ရအောင် သူ ကြိုးစားခဲ့ပေမဲ့ အခု အထိ သူ ဖြင့် နု ကို မချစ် ၊ ရာဂအဟုန် နှင့် ကာမဘုံ သာ ကစ် ခဲ့သည် ။ ခုတော့ သူ့ အလို ပြည့်ဝ ပြီးပြီ ။ ပျားပိတုန်း လို သူ အားရအောင် ထင်တိုင်း ကျင့် ပြီး ပြီ ။ ဝတ်ရည်စုပ်သုံးပြီး ပြီ ။ ထို့ကြောင့် သူ့ မာစတာ အား မျက်နှာလို မျက်နှာရ ခြေ တော် တင်ရန် ဆက်သ လိုက်သည် ။
မာစတာ ပြု သမျှ နု က နု ၍ နေသည် ။ ပြင်းပြင်းထန် ထန် မငြင်းဆန် ၊ အရင်တုန်း က လို လည်း မငို ။ သည်အဖြစ် မျိုးတွေ ဟာ ဖြင့် နု အဖို့ ရိုး လောက်ပါပြီ ။ သည်လို အကြောင်း တွေ ကြောင့် ငိုခဲ့ရသည့် အကြိမ်ပေါင်း များ လှပါပြီ ။ ခုဖြင့် ငိုဖို့ တောင် မျက်ရည်တွေ ခန်းခြောက် ကုန်ပြီ ထင်ပါရဲ့ ။
“ အမလေး .. မဝတ်ရချင် မလှချင် နေပါစေတော် ဂျပန် ဖြင့် မယူပါရစေနဲ့ ”
တစ်ခါတုန်း က သာယာသော ညနေခင်း အလုပ် ပြန်ချိန် မှာ အေးသက် နှင့် ဖွားခင် ကို နု က သည်လိုပဲ ပြောခဲ့ဖူးသည် ။ ဟုတ်ပါသည် ။ နု စိတ် ကတော့ သည်လိုပါ ပဲ ။ ဂျပန် ကို ဖြင့် တကယ် မယူချင်ပါဘူး ။ သို့ပေမဲ့ ပတ်ဝန်းကျင် အခြေအနေ ဖန်တီးမှု က နု ကို အမှောင်ထု အတွင်း တွန်းချခြင်း ဖြစ်ပါသည် ။
ခြောက်ပြစ်စင် လှခဲ့သူ နု ၊ ကိုယ်ကျင့်တရား ကောင်းခဲ့သူ နု ၊ အမျိုးဂုဏ် စောင့်သိခဲ့သူ နု ၊ ကျော်မောင် ကို အသည်းစွဲ ချစ်ခဲ့သည့် နု ၊ အရင်ကတော့ နု ဟာ သည်လို ပါပဲ ။ သို့ပေမဲ့ အခုတော့ဖြင့် မသန့်ရှင်း မစင်ကြယ်သည့် နု ၊ ကိုယ်ကျင့်တရား ပျက်စီး ဖောက်ပြန် နေသည့် နု ၊ အမျိုးဂုဏ် ဖျက်သည့် နု ၊ ကျော်မောင် ကို စိမ်းကားသည့် နု ၊ ရှိမုရဆန်း မယား ၊ သို့မဟုတ် ဂျပန်ကတော် နု ။
“ နု ကား အမှောင်ထု အတွင်း ၌ သေ လေပြီ ”
◾ဌေးမောင်
📖 ရှုမဝ မဂ္ဂဇင်း
အတွဲ - ၁ ၊ အမှတ် - ၁၂
၁၉၄၈ ၊ မေ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment