🔳 အမေ့သားများ
သော်တာစိန် နှင့် မြင့်မြင့် တို့ တွေ့ စ က စောထွန်း ပင် လျှင် လင်မယား အရာ မြောက် နေကြပြီ အောက်မေ့ ၍ သူ မြင့်မြင့် အား နောက်ပြောင် ခဲ့သည်များ ကို စာဖတ်သူ တို့ မှတ်မိပေ လိမ့်မည် ။ စင်စစ် သော်တာစိန် နှင့် မြင့်မြင့် တို့ သည် မလွှဲမရှောင် သာ ၍ လင်မယား ဟန်ဆောင် နေကြရ သော်လည်း မှည့် တစ်ပေါက် မစွန်းခဲ့ပေ ။
သူတို့ အိပ်ခန်း ထဲ တွင် ခုတင် နှစ်ခု အကြား က အပေါ် က ကြိုးတန်း တွင် ကြေးကွင်းတပ် နှင့် ဆွဲရှုံ့ ၍ ရသော ကန့်လန့်ကာ တခု ထားသေး၏ ။ သူတို့ နှစ်ယောက် စကားစမြည် ပြော လိုလျှင် ဤ ကန့်လန်ကာ ကို ဖွင့်ထားသည် ။ တုံးလုံးပက်လက် လှဲလျောင်း လို သော် ဆွဲ ပိတ် လိုက်သည် ။
သူတို့ နှစ်ယောက် သည် အပြင် မှာ ထက် အခန်း ထဲ နေတာ က များသည် ဟု မြင့်မြင့် ၏ အိမ်ဘော် အဒေါ်ကြီး က ပြော၏ ။ မှန်သည် စင်စစ် သူတို့ နှစ်ယောက် “ ဆရာ နှင့် မြင့်မြင့် ” ဟူ၍ တစ်ဦး ကို တစ်ဦး လေးစားစွာ ခေါ်ကြရာ အပြင်ဘက် မှာ ဟန်ဆောင် လင်မယား အဖြစ် နှင့် “ မောင် ” “ မြင့် ” ဟု လွန်စွာ သတိထား ခေါ် နေကြရသည် က တစ်ကြောင်း ၊ ၎င်းပြင် သူတို့ သည် ဝါသနာ တူ ကြ၍ စာပေ အကြောင်း နိုင်ငံရေး အကြောင်း တို့ ကို တီးတိုး ဆွေးနွေးကြ သဖြင့် အခန်း ထဲ အနေ များ ကြခြင်း ဖြစ် ပေသည် ။ ဒါကို ဟို ဝါသနာရှင် များ က တစ်မျိုး တွေး၍ တစ်လွဲ ပြော ကြခြင်း ဖြစ်၏ ။
သူတို့ မည်မျှ သတိထား ကြ သနည်း ၊ စဉ်းစားပါ ၊ ဟို ည က သော်တာစိန် အရက် သောက် လွန်မည် ပြုသည် ၌ မြင့်မြင့် က “ အာရတီ - ဝိရတီ ” ဟု ဆို လိုက်ရာ သော်တာစိန် က သူ့ စကား သူ သတိ ရ၍ “ သိုင်းကျူး - လေဒီ ” ဟု ပြန် ပြောလိုက်သည် မဟုတ်ပါလား ။
စောထွန်း ရောက်လာသော ညနေ ၌ ပင် သော်တာစိန် နှင့် မြင့်မြင့် က စောထွန်း အား ပိန်းနဲကွင်းရွာ သို့ စာ တစ်စောင် သွား ပို့ ခိုင်းသည် ။ ထိုအချိန် တွင် စာ အိတ် မှာ မပိတ်ရသေး ၊ ဒီ ကိစ္စ ရှင်းမှ အေးမည် ဟု စောထွန်း အား သော်တာစိန် က “ ဘာ စာလဲ မေး မနေနဲ့ဗျာ - ခင်ဗျား မော်တော် ပေါ် မှာ ဖတ်ကြည့် သွား ” ဟု ပြောလိုက် သဖြင့် စောထွန်း ဖတ် ကြည့်ရာ လွန်စွာ အံ့အားသင့် သွားသည် ။ သူ ဒီဘက် ကမ်း ပြန် ရောက်လာသော အခါ၌ သော်တာစိန် နှင့် မြင့်မြင့် က အားလုံး ရှင်းပြ လိုက်သည် ။
ပိန်းနဲကွင်းရွာ သို့ သော်တာစိန် နှင့် မြင့်မြင့် ကိုယ်တိုင် မသွားသည် ကား ကိုထွန်းအောင် က သူတို့ ကို သိပ် စိတ်မချ သေးသည် ဖြစ်၍ တစ်လ တွင်း ၌ ဝေးလံစွာ မသွားရ ၊ ဟိုဘက်ကမ်း သို့ မကူးရ ဟု တားမြစ် ကတိ တောင်းထားသောကြောင့် ဖြစ်၏ ။
ထိုကြောင့် တောတွင်းဋ္ဌာနချုပ် တွင် သော်တာစိန် က လည်းကောင်း ၊ မြင့်မြင့် က လည်းကောင်း ၊ မိမိ တို့ အား မစစ်ဆေးမီ စောထွန်း ကို အရင် မေးရန် ဗိုလ်ဖုန်းလှိုင် အား ပြောကြခြင်း ဖြစ်သည် ။
စာဖတ်သူ မှတ်မိမည် ။ စောထွန်း အရက်မူး နေ၍ ဗိုလ်ဖုန်းလှိုင် တို့ က ချုပ်ပေး ၊ ဆေးမှူး က အမူး ပြေ ဆေး ထိုး ပေး သည် ။ ဟုတ်ပြီ - မကြာမီ၌ စောထွန်း အမူး ပြေ ၍ ဗိုလ်ဖုန်းလှိုင် က မေး လေသည် ။ စောထွန်း က မြင့်မြင့် နှင့် သော်တာစိန် တို့ အကြောင်း ဟုတ် မှန် သမျှ ပြောပြလိုက်သော အခါ၌ ၊ ဗိုလ်ဖုန်းလှိုင် ၏ မျက်နှာ သည် ငပုပ်ခံတွင်း မှ လွတ်ကင်း လာသော ဖိုးလမင်းကြီး ကဲ့ သို့ ဝင်းဝင်းကြည် ၍ သွားလေ သတည်း ။
“ တောက် - စောစောက မသိရ ၊ ငါ - ဒေါသ တကြီး လုပ် လိုက် မိတာ အားနာစရာ ကောင်း လိုက်လေကွာ .... သော်တာစိန် ဟာ အရင်းရှင်စံနစ် ကို တော်တော် တွယ်တယ် ၊ အစိုးရအဖွဲ့ကို ပြောင်တယ် ၊ သရော်တယ် ၊ ငါတို့ သူ့ စာပေ သတိ ထား ဖတ် တယ်ကွ ”
စောထွန်း “ အေးပေါ့ကွာ .. ပြီးပြီးသားဟာတွေ ဘယ်တတ် နိုင်တော့မှာလဲ - တောင်းပန် လိုက် ပေါ့ ကွ ”
“ မြင့်မြင့် ရဲ့ သစ္စာ နဲ့သမာဓိ ကို ငါ လေးစားရမယ် ကွာ - ကဲ - ငါ့ အပေါ် မှာ ရှိတဲ့ တာဝန် ကို ကြာကြာ အတင် ခံ မနေနိုင်ဘူး - မြန်မြန် သွား တောင်းပန် မှ ဘဲ ”
ဟု ဆိုပြီး ထိုင်ရာ မှ အထ လိုက် ၌ အမေကြီး တစ်ယောက် အနီး ရောက်လာ တာ မြင် ရ၍ ဗိုလ်ဖုန်းလှိုင် မှာ ပြာပြာသလဲ -
“ ဟင် - အမေ လိုက် လာခဲ့တယ် ၊ အမေ သတင်းစာတွေ ထဲ မှာ တွေ့ပြီ ထင်တယ် ”
အမေ - “ အေး - အမေ အင်းရွာ မှာ သတင်းစာ ဖတ်ရ , ဖတ်ရခြင်း ကသာ ပြန်ခဲ့တာဘဲ မနေ့ ညနေ က ကသာ ပြန် ရောက်တယ် ၊ အခုမနက် မလင်းမီ ကတည်း က သား ဆီ လာခဲ့တာဘဲ ”
လှိုင် - “ အမေ့ စိတ် ထဲ မှာ ကျွန်တော် တကယ်ဘဲ လက်နက် ချပြီ လို့ အောက်မေ့ လိုက်မိသလား အမေ ရယ် ”
သူ စိုးရိမ်တကြီး မေးသည် ကို အဘွားကြီး က ပြုံးရယ် ကာ ဦးခေါင်း ကို ရမ်း ပြီး -
“ ငါ့ သား စိတ် - ငါ့ သား သတ္တိ - ငါ အသိဆုံးပေါ့ သားရယ် ”
ဤတွင်မှ ဗိုလ်ဖုန်းလှိုင် သည် သူ့ အမေ ကို ကြေနပ် နှစ်သိမ့်စွာ ဖက်လိုက် ၍ မအေ့ ပခုံး ကို ခေါင်း နှင့် ဝှေ့သည် ။ ပြီးမှ -
“ ဒါဖြင့် - အမေ ဘယ်လို ထင် လိုက်လဲ - ဟင် ”
“ အမေ လား - သတင်းစာ ဖတ်လိုက် ကတည်း က တစ်ခု ခု တွေးမိ ပြီ ကွဲ့ ”
“ ဟင် ... ဘယ်လို တွေးမိသလဲ ”
“ ပြောမှာပေါ့ကွယ် - ကဲ .. ခု - ဒီသူငယ် ဘယ်မလဲ ”
“ လာ ... အမေ ”
ခေါ်သွားရာ စောထွန်း လည်း ပါလာ သဖြင့် ယင်းမှ အဘွား ကြီး က သူ့ အား စေ့စေ့ ကြည့် မိ ၍
“ ဟဲ့ - ဟဲ့ ... ဒါ စောထွန်း မဟုတ်လား ၊ နင် ဘယ့်နှယ် ဒီ ရောက် နေ ”
“ ကျွန်တော် လဲ တောခို လာ တာ အမေ ”
“ အောင်မယ် ... နင် က လား ဟ ရာရာစစ ”
“ ဟင်း - အမေ က လဲ အဟုတ် ပြောတာကို မယုံဘူး ”
“ ဟဲ့ - ယုံမလား နင့် နဲ့ တန်တဲ့ အလုပ် မှ မဟုတ်တာ ကို ”
သို့နှင့် အချုပ်ခန်း အနီး သို့ ရောက် ကြ၍ ဗိုလ်ဖုန်းလှိုင် က အချုပ်တံခါး ဖွင့် ပေး လျက် ...
“ ဆရာ - ကျွန်တော် မှား ပါတယ် တောင်းပန်ပါတယ် ”
သော်တာစိန် မှာ သူ့ မျက်နှာ အနာ မပြေသေး၍ စိတ် မပြေနိုင် သေးဘဲ အံ ကို ကြိတ် လျက် -
“ မင်း တို့ ဟာ က မစူးမစမ်း အရမ်း လုပ်ပြီးတော့ ၊ ငါ့ များ ဘယ်လို ကောင်စား အောက်မေ့ လို့လဲ ”
ဗိုလ်ဖုန်းလှိုင် စိတ် ထဲ တွင် သူ့ အား မင်း - ငါ မပြောသင့် ဟု ယူဆ ၍ ...
“ ဆရာ - ဆရာ နှင့် ကျွန်တော် ဟာ အသက်ချင်း ကွာ ကြမယ် မထင်ဘူး ”
သော်တာစိန် သည် အချုပ်ခန်း မှ ထွက် လာ ၍ ဗိုလ်ဖုန်းလှိုင် နှင့် မျက်နှာချင်းဆိုင် ရပ် လိုက်ကာ -
“ ငါ့ စိတ် ထဲ မှာ မင်း ဟာ ငါ့ ထက် ကို ငယ်တယ် ထင်တာဘဲ ”
“ ဘာကြောင့်လဲ ဆရာ .. ဆရာ က နိုင်ငံကျော် စာရေးဆရာကြီး ၊ ကျွန်တော် က တောခို နေတဲ့ ပါမွှားကလေး မို့ လား ”
ဤအခါ မှာ သော်တာစိန် မျက်နှာ စိတ်ဆိုးခြင်း ပျယ် နေ လျက် -
“ အဲဒါကြောင့်လဲ ဟုတ်ဘူးကွ ၊ ငါ ... မင်း မျက်နှာ ကြည့်ရင်း ငါ့ ထက် ကို ငယ်တယ် ထင် နေတယ် ... တစ်မျိုးဘဲ ”
ယင်း၌ အဘွားကြီး သည် သူ့တို့ နှစ်ယောက် အနီး ကပ် လာ ကာ ဗိုလ်ဖုန်းလှိုင် အား -
“ ဟုတ်တယ် ငါ့ သား ... သူ က - မင်း ထက် ၁၅ မိနစ် တိတိ ကြီး တယ် ”
ဗိုလ်ဖုန်းလှိုင် အံ့အားသင့် သွား ကာ -
“ ဘယ့်နှယ်ကြောင့် သိသလဲ အမေ ”
သို့သော် အဘွားကြီး သည် သူ့ ကို ပြန် မဖြေသေးဘဲ ၊ သော်တာစိန် အား -
“ မင်း အဖေ ကိုထွန်းရှိန် ရှိသေးရဲ့လား ကွဲ့ ”
သူ့ အဖေ နာမည် ကို ဒက်ခနဲ ပြော လိုက် သဖြင့် သော်တာစိန် မှာ တစ်မျိုး ဖြစ် သွား ကာ -
“ ရှိ ... ရှိ ... အ ... အ ...” ဟု အဘွားကြီး မျက်နှာ ကို ကြည့် ၍ ( သွေး က ပြောသည် ) အမေ ခေါ်ချင်စိတ် ပေါ် လာသည် နှင့် အဘွားကြီး က -
“ အမေ လို့ သာ ခေါ် လိုက်ပါတော့ ငါ့ သား ရဲ့ ငါ - မင်း အမေ ပါဘဲ ”
သားအမိ နှစ်ယောက် ဇာတ်ခနဲ ဖက် လိုက်ကြကာ ၊ သော်တာစိန် သည် မအေ့ ပခုံး တွင် နဖူး တင် လျက် မျက်ရည် တွေတွေတွေတွေ ကျ နေ ပြီး မှ ခေါင်း ပြန် မော့် ၍ -
“ နို့ အမေ ရယ် ... အဖေ က ကျွန်တော် ငယ်ငယ်ကလေး ထဲ က ပဲ အမေ သေတယ် လို့ ပြောပါလား ”
အဘွားကြီး သည် ဗိုလ်ဖုန်းလှိုင် ကို ပါ သား နှစ်ယောက်ပြူး ဖက် လိုက်ပြီး ၊
“ ဒီ သား ကို လဲ ... အမေ က မင်း အဖေ - မင်း ငယ်ငယ်ကလေးက ဘဲ သေတယ်လို့ ပြောထားခဲ့တာပဲ ကွဲ့ ”
အဘွားကြီး အသံ မှာ ငိုသံ ပါ လာသည် ။
သော်တာစိန် သို့ ( ပခုံး ကိုင် လျက် )
“ ဟော - ဒါက သားအကြီး မောင်မောင်ကြီး တဲ့ ”
ဗိုလ်ဖုန်းလှိုင် သို့ -
“ ဟော - ဒါက သားအငယ် မောင်မောင်ငယ် တဲ့ ”
အဘွားကြီး သည် အင်္ကျီစ နှင့် မျက်ရည် သုတ် လိုက်ပြီး ၊
“ သတင်းစာ ထဲ လက်နက် ချပြီး ၊ လက်ထပ် လိုက်ပြီ ဆိုတဲ့ ဓါတ်ပုံတွေ မြင် လိုက်ရ ကတည်း က ငါ့ - ဒီ က သား တော့ ဘယ် နည်းနဲ့ မှ မဟုတ်နိုင်ဘူး ၊ ဟို ပါ သွားတဲ့ သားကြီး ဒီရောက် လာ ပါချေလား လို့ အမေ အတတ် သိ လိုက်တာဘဲ ၊ မောင်ထွန်းအောင် တို့ နဲ့ မှားကြပဟဲ့ ဆိုတာလဲ ဧကန် စဉ်းစားမိတယ် ၊ အောင်မယ်လေး ... လက်လွန် ခြေလွန် မဖြစ်ကြသေးတာ - တော်သေးတာပေါ့ သားတို့ ရယ် ”
ယင်း ၌ ဗိုလ်ဖုန်းလှိုင် မျက်လုံးများ မှ လည်း မျက်ရည် ဝေ လာ ကာ -
“ ကျွန်တော် ... ကျွန်တော် .. ကိုကို့ - ကို ရိုက် လိုက်မိတယ် အမေ ရဲ့ ”
“ ဒါဖြင့် မှားပါပြီ ကိုကိုရယ် လို့ ကန်တော့လိုက် သား ”
“ မှားပါပြီ ကိုကိုရယ် ”
ဟု ဗိုလ်ဖုန်းလှိုင် က ထိုင်ပြီး ဝန်ချ သော အခါ၌ ၊ သော်တာစိန် က ဆွဲထူ ကာ ..
“ ကြေနပ်ပါပြီ ညီညီ ရယ် ”
ဟု ဆိုလျက် ၊ ထို သားအမိ သုံးယောက် တွင် သော်တာစိန် က စတင် ၍ အပြုံးပန်း ဆင်လိုက် လေ၏ ။
◾သော်တာဆွေ
📖 ရွှေပြည်တော်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment