Wednesday, April 26, 2023

ရွှေပြည်တော်သည် ( ၁၇ )


 🔳 မျောက်ဆိပ်ပင် သတင်း


အိမ်ခြေ တစ်ရာ ကျော် မျှ ရှိသော မျောက်ဆိပ်ပင်ရွာကြီး သည် လယ်သမား ၊ အလုပ်သမား နှင့် တံငါသည်များ နေထိုင်ရာ ဖြစ်သည် ။ ကသာမြို့ နှင့် ဧရာဝတီမြစ် ၏ ဟိုဘက်ကမ်း ဒီဘက်ကမ်း ဖြစ်သည် ။ ကသာမြို့ က မြစ် အနောက်ဘက် မျောက်ဆိပ်ပင်ရွာ က အရှေ့ ဘက် ကမ်း တွင် ဖြစ်သည် ။


ကိုထွန်းအောင် တို့ သည် ဤ ရွာ ဇာတိ ဖြစ်ကြသည် ။ မိဘ ချမ်း သာ ခဲ့ သဖြင့် ငွေရင်းကြေးရင်း လဲ ရှိ ၊ လူရည် လည်း လည် ကြ၍ မြို့တက် ကောင်းစား နေကြ သော်လည်း ဤ ရွာ က မိဘ အမွေခံ အိမ်ကြီး ကို အခြေ မပျက် အဆက် မဖြတ်ကြဘဲ လုပ်ငန်း အဆင် သင့် သလို အသုံးပြု နေထိုင် သွားကြ သည် ။


အိမ်စောင့် တစ်ယောက် တော့ အမြဲတမ်း ထားလျက် ရာသီ လုပ်ငန်း အလျောက် သစ်ဖေါင်သမားများ ဆင်ဦးစီးများ ၏ စတည်း ချရာ လည်း ဖြစ်သည် ။


ဖော်ပြပါ အခြင်း ဖြစ်ခဲ့သော ည က ထို အိမ် တွင် မြင့်မြင့် ၏ ရံရွေဘော် အဒေါ်ကြီး တစ်ယောက် လည်း ရှိကြောင်း ကို မလို သေး၍ မထုတ်ဖော်ခဲ့ ရ သေးပေ ၊ ဤ အိမ် တွင် ထို ည က ကျန်ခဲ့သော တုတ်ပု နှင့် ဤ အဒေါ်ကြီး အနက် တုတ်ပု သည် နံနက် စောစော က ပင် ထွန်းသောင် အား အကျိုးအကြောင်း ပြောရန် ထွက် သွား ၍ ည က အဖြစ်အပျက် ကို သတင်း ဖြန့်ချီရန် ဤ အဒေါ်ကြီး တစ်ယောက် သာ ကျန်ခဲ့ သဖြင့် သူ သည် အင်မတန် အရေး ပါ အရာ ရောက် နေ ပေသည် ။


လာသမျှ လူ ကို ဒိုင်ခံ ၍ ရှင်း ရ၏ ။


“ ရင်ထဲ ပန်းထဲ များ တုန်ပါရဲ့ အေ ။ အိမ်ပေါ် ရောက်တယ် ဆို ... ဟိုသူငယ် မျက်နှာ လက်နှိပ်ဓာတ်မီး နဲ့ တည့်တည့် ထိုးထား ပြီး ဘယ်ပြန် ညာပြန် ရိုက်တော့တာ ပါဘဲ ” 


“ အဲဒီ လူ က ပြန်မခုခံဘူးလား ”


“ ဘယ် ခုခံနိုင်မှာလဲ ဟဲ့ ... မောင်ထွန်းအောင် ကို ပါ သေနတ် တွေ နဲ့ ချိန်ထားကြတာဘဲ ၊ သူတို့ လူအုပ် က နည်းတာ မှတ်လို့ ” 


“ မြင့်မြင့် ကော ... ရိုက်သေးတယ် ဆို ”


“ မြင့်မြင့် တော့ တစ်ချက် ဘဲ ရိုက် သေးတယ် ၊ မောင်စောထွန်း ဆိုတဲ့ သူငယ် က ဝင် တား တာဘဲ”


“ အဲဒီ မောင်စောထွန်း စကား တော့ နားထောင်သလား ” 


“ အေးဟဲ့ ... မောင်ဘလှိုင် နဲ့ အင်မတန် ချစ်တဲ့ ငယ်သူငယ်ချင်း ဆိုသကိုး ”


“ နေပါအုံး ... အိမ်တံခါး ကို လွယ်လွယ်နဲ့ ဖွင့်ပေး လိုက် သလား ”


“ မဖွင့်ပေးလို့ ဘယ့်နှယ် လုပ်မတုန်း ... လက်ပစ်ဗုံး နဲ့ ပစ်မယ် ကြိမ်း နေတာဘဲ ”


“ အဲဒါ ဘယ်သူက သွား ဖွင့် ပေး လိုက်လဲ ” 


“ မြင့်မြင့် ယောက်ျား ဟဲ့  ”


“ အမယ် ... အင်မတန် ရဲတဲ့ လူ ၊ သူ့ သတ်ရအောင် လာတာ ကို ဘဲ ”


“ အေးဟဲ့  ... သူက အစဦး က ခုခံအုန်းမလို့ဘဲ .... သေနတ် မောင်းတင်သံတွေ , ဘာတွေ ကြား လိုက်သေး .. နောက်မှ မြင့်မြင့် က ကိုယ် မနိုင်မှာ ကို ဘာလို့ ဖက်ပြိုင် နေမှာလဲ ... ပြောသံ ကြားလိုက် ရတယ် ”


“ အဲဒီ လူ က စာရေးဆရာ ဆို ”


“ ဟုတ်တယ် .. မြင့်မြင့် က ငါ့ ပြောတာဘဲ ”


“ ဒါဖြင့် အဒေါ်ကြီး ကလဲ အဲဒီ လူ ဗိုလ်ဖုန်းလှိုင် မဟုတ်မှန်း သိနေတာပေါ့ ”


“ မြင့်မြင့် ပြော လို့ ငါ သိရတာဘဲ ”


“ ဒါဖြင့်ဗျာ ... မဟုတ်တဲ့ အကြောင်း ခင်ဗျားကြီး က ပဲ ... ကိုထွန်းအောင် တို့ ကို ရှင်းပြလိုက်ဖို့ ကောင်းတယ် ” 


“ အမယ်လေးဟဲ့ .. ပြောလို့ လွယ် လိုက်တာ သူ့ နှမ စကား မှ မယုံတာကို ငါ က ဝင် ပြောလို့ ငါ ကြံရာပါ ဆိုပြီး ရိုက်ချ နေအုံး မယ် ... သိရဲ့လား ”


“ ဟုတ်တယ် ... ဟုတ်တယ်  ... ရှင် ပြောတာမှန်တယ် ... မောင်ထွန်းအောင် တို့ က တစ်ရှူးထိုးသမားတွေ နှော ”


“ နေစမ်းပါအုန်း ... မြင့်မြင့် ကိုယ် ၌ က သူ့ ရည်းစား ကိုဘလှိုင် မဟုတ်မှန်း သိတယ်နော် ”


“ သိတယ် ပြောနေမှဘဲ ”


“ ဒါဖြင့် သူ့ အစ်ကိုတွေ က အတင်း ခိုင်းလို့သာ လက်ထပ် လိုက် ရတယ် ၊ အဲဒီ လူ ကို ချစ်မှာ မဟုတ်ဘူးနော် ” 


“ အောင်မယ်လေး ... မောင်ခင်ဇော် နှယ် ကွာ .... ဒါမျိုးက လက်ထပ် ပြီးပြီ ဆိုရင် ဒီနေ့မချစ်, နက်ဖြန် မချစ် သဘက်ခါ ချစ် သွား ရော ကွ နားလည်လား ”


“ ဟုတ်ပါ့မလား ကိုမြင့်ဆွေကြီး ရ ”


“ အောင်မယ်လေး .... ဟုတ် , ဟုတ် - ဟုတ် , ဟုတ် နဲ့ မီးရထား ခုတ် သွားသလား အောက်မေ့ ရတယ် ၊ ကိုယ့် လူ ကျွန်တော် ပြောတာ မှန်တယ် မှုတ်လား .. အန်ကယ်ပေါ ”


“ ကျုပ် - ဘယ် အတတ် ပြောနိုင်မလဲဗျာ ... ဒီ အဒေါ်ကြီး မေးကြည့်ပါလား .. သူတို့ လင်မယား နေပုံထိုင်ပုံ ကို ”


“ အေး .. ငါ အကဲခတ် နေတာဘဲ ဟ - ငါ အပြင် မှာ မြင်ရ သမျှ တော့ သိတ် ပြီး ပူးပူးတွဲတွဲ ချွဲချွဲပြစ်ပြစ် မရှိလှဘူး ... ဒါပေမယ့် အပြင်ဘက် ထက် အခန်း ထဲ မှာ အနေ များတယ် ”


ယင်း၌ ကိုမြင့်ဆွေ သည် အံကြိတ် တက်ခေါက် ၍ - 


“ အောင်မယ်လေး လေ ... အဲဒါ ချစ်နေကြတာတွေပေါ့ ဟ - အပြင်ဘက် မှာ ပူးတွဲချွဲပြစ် မနေပေမယ့် လို့ အိပ်ခန်း ထဲ မှာ တော့ ပူးတွဲချွဲပြစ် နေရုံမက - တောက် - ဟင်း - မိန်းမတွေ ရှိနေလို ပြောလိုက်ချင်တော့ ပါဘူးကွာ ”


“ ခင်းဗျားကြီး က ကြား က မဆီမဆိုင် ဖြစ်နေ လိုက်တာ ” 


“ ဟ - ဒါမျိုး ဆိုတာ ဒီလို ဘဲ ကွ ၊ မောင်ခင်ဇော် .. မင်း ငယ်ပါသေးတယ် ငါ့ ညီ ရယ် .. နို့ပြီး မြင့်မြင့် က ချစ် , မချစ် ဆို တာ မှာ အကြောင်းတရား တစ်ခု လဲ ထည့် စဉ်းစားကြည့် အုန်း “ စက္ခုရူပေန - သံဝါသ ” ဆို သမို့လား အင်္ဂလိပ်လို က ‘ လပ်အက်တ် ဖတ်စိုက် ’ တဲ့ ဒီတော့ အချစ်ဟာ ရုပ်တရား အခြေခံကွ ”


“ ဒါ ခင်ဗျား ဟာ ... ဘာဆိုင်တုန်း ”


“ ဆိုင်ပါသော် ကော ... ဒီ စာရေးဆရာ နဲ့ ဗိုလ်ဖုန်းလှိုင် ဟာ ခွဲ မရအောင် တထေရာထဲ တူတယ် မဟုတ်လားကွ ၊ ဒီတော့ သူ့ ရည်းစား နဲ့ တူနေတာ သူ , မချစ်ဘဲ နေမလားကွ ၊ ငါ ဖြင့် ငါ့ အိမ် က မိန်းမ နဲ့ ခတ်ဆင်ဆင် တူတာလောက် ရုံ နဲ့ ချစ် ချင် လိုက် တာ လေ မပြောပါနဲ့ တော့ ... ”


“ ကိုမြင့်ဆွေ က မတူတော့ဖြင့် မချစ်ချင်တော့ဘူးလား ” 


“ ဟာ အန်ကယ်ပေါ ရ ဒီလိုတော့လဲ မဟုတ်သေးဘူး ၊ လှလှ မြင်ရင် ချစ်ချင်ပြန် ရော ”


“ ဟာ .. တော်ကြစမ်းပါဟယ် ... ဒီမှာ မေးကြစမ်းကြတဲ့ လူတွေ လာ လို့ ဖယ်ပေးကြစမ်းပါအုန်း ”


“ ဖယ်ပေးပါတယ် ... မေးကြလေဗျာ ကျုပ်တို့ ဟာ ကျုပ်တို့ အချစ် အဘိဓမ္မာ ဆွေးနွေး နေကြတာပါ ” 


“ ကဲ ... ကိုမြင့်ဆွေ ဟိုလူ ကကော မြင့်မြင့် ကို ချစ်ပါ့မလား ” 


“ မြင့်မြင့် လို မျက်နှာ က လဲ လှပြီး ဘော်ဒီ က လဲ အယ် နေတာ ကြီးများ မချစ်ရအောင် အဲဒီ လူ က  ဘာလုပ် စားတဲ့ လူ မို့ လဲ ” 


“ စာရေးဆရာ ”


“ စာရေးဆရာ ဆိုတာ နွား မဟုတ်ဘူး , ရဟန္တာ လဲ မဟုတ်ဘူးကွ ၊ မှတ်ထား အရက်သမား တွေ များတယ် ” 


ဤအခိုက် နောက်မှ ရောက်လာသော အဒေါ်ကြီး တစ်ယောက် က အိမ်ခံ အဒေါ်ကြီး အား မေးစမ်းပြီး ...


“  အင်း - စာရေးဆရာလေး လဲ ဆွမ်းခံရင်း ငှက်သင့် တာ ဘဲ နော် ”


ဟု ဆိုလေရာ , ကိုမြင့်ဆွေ ဆိုသူ က -


“  ဘယ်ကလာ ဆွမ်းခံရင်း ငှက်သင့်တာ - ဟုတ်ရမှာလဲဗျ ၊ ဆွမ်းခံ လာတဲ့ ကိုယ်တော် ကို အိမ်ပေါ် ပင့်ပြီး အုန်ထမင်း နဲ့ ကြက်သားဟင်း ကပ်တာ ခင်ဗျား ရဲ့ ၊ ဟင်း .. ဒါမျိုး ဖိုးမြင့်ဆွေ တို့ နဲ့ များ လဲ လိုက်ချင် စမ်းပါဘိ ” 


“ ကဲ ... အခု လဲမလား ” 


“ ဟင်း .... အခုတော့ တော်ပြီ ... တော်ပြီ ၊ သေပေါက် ရောက် နေပြီ ၊ ကိုဗျတ်ဝိ မြို့တော်ဝန် လက်ထဲ ရောက်နေပြီ ၊ မအိုဇာ မကယ် နိုင်တော့ဘူး ” 


အဒေါ်ကြီး တစ်ယောက် က -


“ ဟဲ့ ... အဲဒီ စာရေးဆရာလေး က အကြိမ်ကြိမ် ငြင်းသေး ဆိုဘဲ ၊ လက်မထပ် သတ်ပစ်မယ် ဆိုလို့ သာ တဲ့ ၊ အဲဒီ အကြောင်း မြင့်မြင့် က ပါ ရှင်းပြ , မောင်ထွန်းအောင် က ပါ ဝန်ခံရင် သူတို့ လင်မယား တော့ သ,တ် မပစ်တန် ကောင်းပါဘူး ဟယ် ” 


“ အောင်မယ်လေး .... ဘယ်လိုဘဲ ဖြစ်ဖြစ် ရည်းစား လူ လု တဲ့ ကိစ္စ ဗျ ၊ ကျွန်တော် က ဓမ္မစစ် ပြောတာ ”


နောက် တစ်ယောက် က -


“ ဒါတော့ - မောင်ဘလှိုင် သဘောထား အကြီးအသေး အပေါ် မှာ တည်တာပေါ့လေ ” 


 အခြား တစ်ယောက် က - 


“ မြင့်မြင့် တို့ လင်မယား ချမ်းသာပေး တောင် မှ မောင်ထွန်းအောင် အတွက် တော့ မျှော်လင့်ချက် မမြင်ဘူး ၊ ဘာကြောင့် လဲ ဆို ... မြင့်မြင့် တို့ က မှန်တဲ့ အတိုင်း ပြောလေ ... သူ ဖန်တဲ့ ဇာတ်လမ်း သူ အတင်း ခိုင်းတာ ပေါ် လေ ဖြစ်နေတာ ကိုး ၊ အောင် မယ်လေး - ကြံကြံဖန်ဖန် မောင်ထွန်းအောင် တို့ ကံ ဆိုးချင် တော့ ဟယ် ” 


သည့်ပြင် တစ်ယောက် -


“ ဒီလောက်လဲ တွေးပူ မနေကြနဲ့အုံး ၊ မောင်ထွန်းအောင် တို့ က ပိုက်စံ တတ်နိုင်တဲ့ သူတွေ ဘဲ ၊ စစ်တပ် နဲ့ နင်း ရှာ ပေးမှာပေါ့ ၊ အခု တုတ်ပု ဒီ ကိစ္စ မောင်ထွန်းသောင် ဆီ ပြောရအောင် သွား ပြီဘဲ ”


“ အင်း .. အဲဒါမှ မြန်မြန်သတ်ပစ်မှာ ”  


အဘွားကြီး တစ်ယောက် က -


“ နေပါအုံး - ဒီ စာရေးဆရာလေး က ဒီ ရွာ ဘာ လာ လုပ် လာတာတဲ့ လဲ ”


“ ရွာဦးကျောင်း မှာ ခင်ဗျား ပဉ္စင်းခံ ပေးထားတဲ့ ကိုယ်တော်လေး က သီလပေး ကောင်း လို့ ဥပုသ် စောင့် ရအောင် လာတာတဲ့ ”


“ ဘယ်လိုများ ပြော ခေါ်လာသတဲ့ လဲ ” 


“ မင်း .... ငါ့ နှမ ယူ ရအောင် လိုက်ခဲ့ကွာ - လို့တဲ့ ” 


“  နို့ - သူတို့ချင်း က အရင် ကတဲ က သိနေကြလို့လား ”


“ ဒေါ်ညိုပြာ - မြင့်ဆွေ ပြောတာ အဟုတ်မှတ် မနေနဲ့ - သေနတ် နဲ့ ပြ ... အတင်း ခေါ်လာတာ ”


“ အမယ် ... ဒါဖြင့် မောင်ထွန်းအောင် က သူ ခေါ်ရာ မလိုက် ရင် သ,တ်မယ်ပေါ့ ၊ အင်း .... ဒီလို ဆိုလဲ သူများ သ,တ်မယ် ဖြတ် မယ် လုပ်တော့ ကိုယ့် သ,တ်မယ့် ဖြတ်မယ့် လူ လဲ ပေါ်ရအုန်း မှာ ပေါ့လေ အနိစ္စ -အနိစ္စ ”


“ အမေကြီး ရဲ့ - အခု ကိုထွန်းအောင် တို့ ကို တော့ သ,တ်ရုံ သ,တ်မယ် မဖြတ်ဘူးတဲ့ ”


“ ဟဲ့ - တယ် ... သူများ စိတ်မကောင်း စရာ ဖြစ်နေတဲ့ အိမ် မှာ လာပြီး ရွှတ်နောက် နေနိုင်အားတယ် ”


“ ဒါတော့ဗျာ ကျွန်တော်တို့ က ငို နေလို့ ဟိုက ပြန် လွှတ်မယ် ဆိုရင် ခုနစ်သံချီ ငို နေပါရဲ့ ”


ယင်းအခိုက် အဒေါ် တစ်ယောက် ခတ်သုတ်သုတ်ကလေး တက်လာ ပြန်ပြီး ၊


“ ဒီမှာ မောင်ထွန်းအောင် တို့ ဘကြီး ဦးဘိုးရွက် က ဗေဒင် တွက်ကြည့် သတဲ့ ”


“ ဟုတ်လား ... ဘယ်လို အဟော ထွက်သတဲ့လဲ ” 


“ မောင်ထွန်းအောင် တို့ မောင်နှမ ချမ်းသာ ရာ ရမယ် တဲ့ ၊ မြင့်မြင့် ယောက်ျား စာရေးဆရာလေး တော့ အသ,တ်ခံရမယ် တဲ့ ” 


“ ဟင်း .. တယ် တရားနည်းလမ်း ကျတဲ့ ဗေဒင် ဟဲ့ - ကိုယ့် ဆွေမျိုးတော့ ချမ်းသာရာ ရမယ် ၊ ဟို လူ တော့ အသ,တ်ခံရမ ယ် .. တယ် တော်တဲ့ ဗေဒင်ဆရာ ဗျ နော် ၊ အဲဒီ ဗေဒင်ဆရာ က ဆွေမျိုး တော်ပြီး မှ မေးဖို့ ကောင်းတယ် ”


“ အော် .... မောင်မြင့်ဆွေ နှယ် .. သူ့ တွက်ကိန်း မှာ တွေ့တဲ့ အတိုင်း ဟောရတာပေါ့ ကွဲ့ ၊ နေပါအုန်း ဒါဖြင့်ရင် မြင့်မြင့် က ငယ်ငယ်လေး နဲ့ မုဆိုးမ ဖြစ်ရအုန်းမယ်ပေါ့ နော် ... ” 


“ အော် ... လင် သေ လို့ မှ မယား မုဆိုးမ မဖြစ်ရင် .. သမင်မ ဖြစ်ရအုန်းမှာလား ဗျ ၊ ခက်တဲ့ အဒေါ်ကြီး နှယ် ” 


“ ဟယ် ... သွားကြစမ်း , သွားကြစမ်း ၊ နင်တို့ လူကြီးတွေ နဲ့ စကား ပြောလို့ မဖြစ်ပါဘူး ... နင်တို့ သိချင်တာလဲ မေးပြီးကြပြီ ကဲ သွားကြတော့ ”

 

“ သွားပါတယ်ဗျာ .... လာ ရဲဘော်တို့ ငါ တို့ - ကိုထွန်းအောင် တို့ အတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ် နဲ့ စောစောစီးစီး သွား ဆေးကိုင် ကြရအောင် ”


“ အိုကေ ... ဘဲထီးဂွဒ် ... ဘဲမဂွဒ် ... မန်ဒါလီပါ ဝင် ဂွဒ် ” 


ဤကား မျောက်ဆိပ်ပင်ရွာ သတင်း ပါ ပေ ။ ထိုနေ့ နံနက် ၌ ဘာ အလုပ် ကို မှ စတင် မလုပ်ကြသေးမီ ကိုထွန်းအောင် တို့ မောင်နှမ သမီးယောက်ဖ တစ်စု ၏ ဖြစ်အင် ကို သာ တစ်ရွာလုံး အုံးအုံး ကြွက်ကြွက် မေးမြန်း ပြောကြ ဆိုကြသည် ၊ ထင်မြင်ချက် အမျိုးမျိုး ပေး ကြသည် ။


ကိုထွန်းအောင် တို့ နှင့် ရင်းနှီးသော ဆွေမျိုးများ ၊ ချစ်ခင်သော မိတ်ဆွေများ မှာ လွန်စွာ စိတ်မကောင်း ဖြစ်ကြသည် ။ အချို့ ငို ကြသည် ။


မနာလိုသူ တို့ က အတွင်းကြိတ် ဝမ်းသာ ကြသည် ။


ဘယ်သူ ဘာဖြစ်ဖြစ် ကိုယ့် မထိ သမျှ သူများ ကိစ္စထဲ ဝင် ပျော် တတ်သူ တို့ ကလဲ ရှိကြသေးသည် ။ အခုန ဖော်ပြခဲ့သည့် ကိုမြင့်ဆွေ လို လူသိုက်မျိုးပေါ့ ။


ဤလူမျိုးတွေ ကား ချစ်ခင် ရင်းနှီး၍ သောက ရောက်ရသူ တို့ ထက် လည်း စိတ်ချမ်းသာ သည် ။ သူများ ဒုက္ခ ရောက် တာ မနာလို ၍ ဝမ်းမြောက်သူ တို့ ထက် လည်း မြင့်မြတ်သည် ။


ကဲ .. မျောက်ဆိပ်ပင် သတင်း ဤမျှ နှင့် ရပ်ပြီး ပိန်းနဲကွင်း ရွာ မရည်သန့်ကလေး သွား တွေ့ ကြဦးစို့လား ။ 


◾သော်တာ်ဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment