Friday, April 28, 2023

ရွှေပြည်တော်သည် ( ၁၉ )


 

🔳 အစ်ကိုတွေ ကြောင့် ခက်၏

အစ်ကိုတွေ ကြောင့် ခက်၏ ။ နိုင်ငံရေး ဝါဒရေး တွေ က သူတို့ ခေါင်းထဲ ရှုပ်ထွေး စေဘိ၏ ။

ကဲ - ဒင်းတို့ အရှိန် ဒင်းတို့ လိမ့်ကြစေဦးတော့ ၊ နောက်တော့ အဖြစ်မှန် ပေါ်လာရပေမည် ။ အချိန် က သာ ဆုံးဖြတ် ပေးပေလိမ့်မည် ။

မြင့်မြင့် သည် ဤ အတိုင်း တွေး ကာ ဆိတ်ငြိမ် ၍ နေရ၏ ။

ထို့နောက် ညီအစ်ကို နှစ်ယောက် သည် သတို့သမီး နှင့် သတို့သားလောင်း တို့ လွတ်လပ်စွာ နေပါစေ ဟူသော သဘော နှင့် အိမ် ပေါ် မှ ဆင်းသွား ကြသည် ။

“ နောက်ထပ် မင်း တို့ တစ်စုံတစ်ရာ လုပ်ကြပြန် ရင်တော့ နှစ်ယောက် စလုံး ကို ချမ်းသာ မပေးဘူး ။ ဒီမှာ - ငါ့ ညီမ တို့ ဟာ အရှက် နဲ့ လူ လုပ်ကြတာ နို့ပြီး အချစ် ကြီး ရင်အမျက် ကြီး တယ် ဆိုတာ လဲ သတိထားပါ ”

သွားခါနီး ၌ ကိုထွန်းအောင် က ပြော သွား သော စကား ဖြစ်၏ ။

သော်တာစိန် နှင့် မြင့်မြင့် သည် စာပွဲ တစ်လုံး တွင် မျက်နှာချင်း ဆိုင် ထိုင်ကြကာ နှစ်ယောက် သား ငိုင် ကုန် ကြသည် ။ ဘယ်သူက ဘာ စ ပြောရမည် မသိသေး ၊ တစ်ဦး နှင့် တစ်ဦး ခေတ္တမျှ ငေးကြည့် နေ ကြပြီး နောက် မှ သော်တာစိန် က

“ ကျွန်တော် က ခင်ဗျာ့ ရည်းစား ကိုဘလှိုင် နဲ့ သိပ် တူသလား ဗျာ ”

“ သိပ် ကို တူတာပါဘဲ ရှင် .. အမြွှာ ညီအစ်ကို လား ထင် ရတယ် ”

“ ကြံကြံဖန်ဖန်ဗျာ ... ကျွန်တော့ မှာ တစ်ကောင်ကြွက် ပါ ၊ ငယ်ငယ်ကလေး ကတည်း က အဖေ နဲ့ ကြီးခဲ့ရတာ ကျွန်တော် လူမှန်း မသိခင်ဘဲ အမေ က သေခဲ့လို့ ကိုယ့် အမေ ကိုယ် ဖြူမှန်း ညိုမှန်း တောင် မသိပါဘူးခင်ဗျာ ”

“ နို့ - ရှင် ဘယ်သူလဲ ဘယ်ကလဲ ဆိုတာကော ကျွန်မ မသိရဘူးလား ”

“ ဟာ - သိရမှာပေါ့ ၊ မပြောဘဲ ထား လို့ ဘယ် ဖြစ်တော့မလဲ ... ကျွန်တော် ရန်ကုန် က ပါ ၊ အလုပ်က စာရေးဆရာ ပါ ၊ လူ နာမည်က တင်စိန် ကလောင်နာမည် က သော်တာစိန် ”

မြင့်မြင့် သည် ရုတ်တရက် ပါးစပ် အဟောင်း သား ဖြစ်သွား ပြီး မှ ရွှန်းပစွာ ပြုံးရီ လိုက် ကာ ..

“ ဟာ .. ဆရာသော်တာစိန် ကျွန်မ ဆရာ့ ဝတ္ထုတွေ သိပ် ကြိုက် တာပေါ့ ၊ အောင်မယ်လေး - ဆရာရယ် ဆရာ နဲ့ ကျွန်မ တွေ့ ရပုံက အဆန်းဘဲ ။ အဲဒါ အစ်ကိုကြီးတို့ ကို ပြော မပြ ဘူးလား ..”

“ ပြောပြတယ် - ပြောလေ ပရိယာယ် လုပ်တယ် ဆိုလေဘဲ ဗျ ။ တယ် ခက်တဲ့ လူတွေ ”

“ ဟုတ်တယ် အစ်ကိုကြီး တို့ က တစ်ခု ခု လုပ်မိရင် တဇွတ်ထိုး သမားတွေ ဘူး ဆို ဖရုံ မသီးတော့ဘူး ။ ဒါနဲ့ ဆရာ အညာ လာ ခဲ့တဲ့ ကိစ္စ က ပြောနိုင်မယ် ဆိုရင်ပေါ့လေ ”

“ ပြောရတော့ မှာ ပေါ့ ဗျာ အချစ် ကိစ္စဘဲ ကျွန်တော့် ရည်းစားကလေး ကို တွေ့ ရ အောင် လာခဲ့တာပါ ”

မြင့်မြင့် သည် ပြုံးရယ် ကာ -

“ ဪ - ဆရာ ည က ပြော တဲ့ ပိန်းနဲကွင်းရွာ က မရည်သန့် လေးလား ၊ သိပ် ချောတာဘဲ ၊ ဆွေမျိုး အသိုက်အဝန်း လဲ ကောင်း ပါတယ် ၊ ရိုး လဲ ရိုးသားကြပါတယ် ၊ စီးပွားရေး လဲ ချောင်လည်ကြပါ တယ် ”

“ ဒါနဲ - ခင်ဗျားတို့ အကြောင်းလဲ ပြော ဖြစ်ရင် ပြောပြပါဦး ”

“ ပြောရမှာပေါ့ ဆရာရယ် ၊ ကျွန်မ နဲ့ ကိုဘလှိုင် ဟာ ပါတီဝင် ဖြစ် ပြီး တောခို ခဲ့ကြတယ် ၊ နောက် ကျွန်မ အမေ က သမီး အတွက် နဲ့ အသဲအသန် ဖြစ်တယ် ။ သမီး ပြန် မလာရင်ဖြင့် သမီး အတွက် သေရပါ လိမ့်မယ် ဆိုတာနဲ့ ပါတီ က လဲ ဆန္ဒ ရှိရင် ခွင့်ပြုတယ် ဆိုတာ နဲ့ ကျွန်မ ပြန်လာခဲ့တယ် ”

“ ဒါနဲ့ ခင်ဗျား အကို များ က ကိုဘလှိုင် နဲ့ အတင်း ပေးစား နေချင်တာ က ဘယ်လိုတုန်း ”

“ ဒါက ဒီလို ဆရာ ရဲ့ – ကျွန်မတို့ နှစ်ယောက် သမီးရီးစား ဖြစ် နေကြတာ ကို သိနေကြလေတော့ တောထဲ အတူတူ လိုက်သွား ကတည်း က ညားပြီး ပြီ လို့ ထင်နေ ကြတယ် ... အမှန်တော့ ကျွန်မ တို့ ပါတီ က ဒီ ကိစ္စမျိုး မှာ အင်မတန် စည်းကမ်း ကြီးတယ် ၊ ကျွန်မ တို့ က လဲ စောင့်စည်းကြတယ် ... ကျွန်မတို့ ချင်း ဘာမျှ မဖြစ်ရ သေးဘူး ၊ သို့သော်လဲ ဘယ်သူ မှ က မယုံကြဘူးပေါ့ ၊ ဆရာရယ် ... ဒီတော့ အစ်ကိုများ က ရှက်ကြတယ် ... ကိုဘလှိုင် အလင်း ဝင် လာ ရင် ဖြင့် ချက်ခြင်း ပေးစားမယ် ... သူတို့ ရွှေယောက်ဖ ဖူးဖူးမှုတ် ထားမယ် နဲ့ - ကိုဘလှိုင် ကို ချောက် တစ်မျိုး ၊ ချော့ တစ်မျိုး နဲ့ အမျိုးမျိုး သွေးဆောင်ကြတယ် ”

“ ဒါပေမယ့် ဟိုလူ က အင်မတန် ယုံကြည်မှု ပြင်းတဲ့ လူ ဘဲ ၊ ဖဆပလ အပြုတ် ချပြီး မှ ကျုပ် ပြန်ခဲ့မယ်ဗျို့ လို့ ကြေငြာတယ် ... အစ်ကိုကြီး တို့ က နိုင်ငံရေး နားလည် လို့ တော့ မဟုတ်ပါဘူး ... စီးပွားရေးသမား ဖဆပလ တွေလေ ... အဲသည်တော့ တစ်ဘက် နဲ့ တစ်ဘက် တောက်တဲ့ နဲ့ ဆိတ်ချေး ဖြစ် နေတာပေါ့ ဆရာရယ် ”

“ တောက်တဲ့ နဲ့ ဆိတ်ချေး ဆိုတာ ဘာ အဓိပ္ပါယ် တုန်း ဗျာ ”

သော်တာစိန် မှာ စာရေးဆရာ ပီပီ အရေး ထဲ စပ်စု လိုက် သေး၏ ။

မြင့်မြင့် က ပြုံး ၍ -

“ ဪ ... ဆရာတို့ အောက်သား စကား နဲ့ ဆိုရင် တဇောင်းစေး နဲ့ မျက်ချေး ပေါ့ ဆရာ ရဲ့ ”

“ ကျေးဇူးပါဘဲ မမြင့်မြင့် - ကဲ ... ဆက်ပြောပါဦး ”

“ ကျွန်မတို့ အစ်ကိုများ ကလဲ အင်မတန် ခေါင်းမာတယ် ဇွဲနဘဲ ကြီးတယ် ၊ အနုနည်း နဲ့ မရရင် အကြမ်းနည်း နဲ့ ကို လုပ်မယ် ... ကိုဘလှိုင် များ လမ်း - မတော်တဆ တွေ့ ရင် အတင်း ဖမ်းခေါ် မယ် ဆိုတဲ့ အကြံ အမြဲတမ်း ရှိ လေတော့ အခု ဆရာ့ တွေ့ လာတာ ပါဘဲ ဆရာ ရယ် ”

သော်တာစိန် က သက်ပြင်း ချ ၍ -

“ အင် ... တယ် ကြောက်ဖို့ ကောင်းတဲ့ လူတွေ ပါ လား ”

“ အစ်ကိုကြီး က ဆိုး မိရင် အားကြီး ဆိုး ကောင်း မိရင် အားကြီး ကောင်း ရှင့် ”

သော်တာစိန် က ခေတ္တ စဉ်းစား ၍

“ ဟုတ်မယ် .... ည က လေ သူ့ စကား နားထောင်ပါမယ် လဲ ဆိုရော ဗျာ .. သူ့ အမူအယာ ဟာ သံချောင်း က ဖယောင်း ပြောင်း သွားပြီး ကျွန်တော့ အပေါ် ကောင်းလိုက် တာဗျာ .. ထမင်း ကျွေး တာ မှာ တောင် တယုတယ ၊ ခင်ဗျားတို့ အညာ က ယောက်ဖ ကို တယ် ချစ်ကြတာဘဲ - ကျွန်တော်တို့ အောက်အရပ် နဲ့ တော့ ဆန့်ကျင်ဘက် ဘဲ ”

“ ဘာကြောင့်လဲ ဆရာ ”

“ ဟာ ... ကျုပ်တို့ ဆီ မှာ က စကား ကို ရှိနေတယ် နှမ လင်နေ မောင် ဖင်ကြိမ်း သတဲ့ ”

“ ဟုတ်တယ် ကျွန်မ ကြားဖူးတယ် ဆရာ ”

“ တချို့ တောရွာလေးတွေ မှာ ဆိုရင် ကိုယ့် နှမ လာ လူပျို လှည့်တဲ့ လူ ကို ဓား နဲ့ တောင် လိုက် ခုတ်တတ် ကြတယ် ”

“ ဒါဟာ ရိုင်းစိုင်းမှု ဘဲ ဆရာ ”

“ မှန်တယ် တချို့ မိဘ က သဘောတူ ပေးစားသည့် တိုင်အောင် မှ လဲ အစ မှာ မောင်ဖွား ကို အသိ မပေးရဲဘူး ၊ သမီး မင်္ဂလာ ဆောင် ခါနီး အခါ မှာ မောင်ဖွား ကို တရပ်တကျေး အကြောင်း တစ်ခု ခု ရှာပြီး ခေတ္တ စေလွှတ် ရတယ် ၊ မောင် က မသိချင် ယောင် ဆောင် သွား ပေါ့လေ ... ”

“ ဒီလောက်တောင်ဘဲလား ဆရာ ”

“ တချို့ တောကျေးလက် တွေ မှာ ခုထက်ထိ ဒီ အတိုင်း ဘဲ ”

ဟု ပြောပြီး မှ သော်တာစိန် က

“ ကဲ - အထက်မြန်မာပြည် - အောက် မြန်မာပြည် ယောက်ဖတွေ အကြောင်း ထက် ကျွန်တော်တို့ အခု လက်ငင်း ရင်ဆိုင် နေရတဲ့ ပြဿနာ ကို ဘယ်လို လုပ်ကြ မလဲ ”

မြင့်မြင့် “ အစ်ကိုကြီး တို့ ကို ဆရာ ဘယ်လို ကတိ ပေးခဲ့ရ သလဲ ”

“ အလင်း ဝင်ပါ့မယ် - လက်ထပ်ပါမယ် လို့ ပြောခဲ့ရတာပေါ့ နို့ မဟုတ်ရင် သ,တ်ကြမယ်လို့ ”

“ အဲသည်လို ဆိုလဲ အဲသည် အတိုင်း လုပ်ဖို့ ရှိတော့တာပေါ့ ဆရာ ရယ် ”

ဤစကား မြင့်မြင့် က အေးစက်စွာ ပြောလိုက် သော် လည်း သော်တာစိန် မှာ ဆတ်ကနဲ တွန့် သွားကာ မျက်လုံး အဝိုင်းသား နှင့်

“ ဗျာ ... ဘယ်ဖြစ်ပါ့မလဲ - ကျွန်တော် က လဲ ခင်ဗျား ချစ်သူ မဟုတ် ကျွန်တော့ မှာ လဲ ချစ်သူ က ရှိပြီးသား သည့်ပြင် နည်းလမ်း မရှိတော့ဘူးလား ဗျာ ”

“ လက်ရှိ အခြေအနေ အရတော့ မရှိဘူး ဆရာ ”

သော်တာစိန် သည် အနည်းငယ် စဉ်းစား ပြန် ကာ

“ နို့ - ကိုဘလှိုင် မှာ မိဘများ မရှိကြဘူးလား ”

“ အဖေ တော့ မရှိဘူး အမေကြီး တော့ ရှိလေ ရဲ့”

“ ဒါဖြင့် ကျွန်တော် တို့ က လူ လွှတ်ပြီး အဲဒီ အမေကြီး ခေါ် ၊ ကျွန်တော် ဟာ သူ့ သား မဟုတ်တဲ့ အကြောင်း ရှင်း ခိုင်းရ မကောင်းဘူးလား ”

မြင့်မြင့် က ဦးခေါင်း ကို သွက်သွက်ကြီး ရမ်း၍ ၊

“ သာ မဖြစ်သေးတယ် ဆရာ ”

“ ဘာကြောင့်လဲ ဗျာ ”

“ အဲဒီ အမယ်ကြီး ဟာ သူ့ သား တောခို တာ ကို အင်မတန် ဂုဏ် ယူတာ ၊ တခါတရံ သူ့ သား ဆီ တော ထဲ တောင် လိုက်သွား ပြီး နေ လိုက်သေး - အမယ်ကြီး သာ ဆိုတယ် အင်မတန် နိုင်ငံရေး စိတ်ဓါတ် ပြင်းတယ် ဆရာ ရေ့-”

သော်တာစိန် မှာ တအံ့တသြ နှင့်

“ ဟုတ်လား ”

“ ဟုတ်တယ် ဆရာ - အဲဒါ အစ်ကိုကြီး တို့ က သိ လေတော့ - အဘွားကြီး ကို ဒီ ခေါ် လာပြီး သူ့ သား မဟုတ်ဘူး ပြောတော့ အစ်ကိုကြီး တို့ က အဘွားကြီး ကို ဘယ် ယုံတော့မှာလဲ သူ့ သား လွတ်အောင် လည်ဆယ်တယ် ထင် ကြ မှာပေါ့ ”

သော်တာစိန် သက်ပြင်း ချ ၍ ၊

“ အင်း - ခက်သေးတာဘဲ ”

မြင့်မြင့် သည် တစ်စုံတစ်ခု ကို ဆုံးဖြတ်ချက် ချ ပြီး ၍ ၊

“ ခက်ပါနဲ့ ဆရာ ရယ် - အခြေအနေအရ ဖြစ်လာပြီဘဲ ၊ ဆရာ နဲ့ ကျွန်မ - ခဏ တစ်ဖြုတ် - လင်မယား လုပ် လိုက်ကြတာပေါ့ ”

သော်တာစိန် မျက်လုံး ပြူး သွား ကာ -

“ ဗျာ ... လင်မယား လုပ်တာ ခဏတစ်ဖြုတ်ရယ်လို့ ဘဲ ... သူများ - ရိုးပြာမြေကျ သာ ကြားဖူးပါတယ် ဗျာ ”

“ နို့ ဆရာ က ရိုးပြာမြေကျ ကော - လုပ်ချင်သလား ”

“ ဟာ .. ဖြစ် မလားဗျ ... ခင်ဗျာ့ မှာ လဲ ချစ်သူ ရှိပြီးသား ကျွန်တော့ မှာ လဲ ရှိ နေပြီ ”

“ ဒါကြောင့် ခဏ တစ်ဖြုတ် လုပ်ပါလို့ ပြောတာ ကို ”

သော်တာစိန် သည် မြင့်မြင့် ကို ထူးဆန်းစွာ ကြည့်၍ ၊

“ ဟာ ... ကြံကြံဖန်ဖန် ဗျာ ”

သူ့ စိတ် ထဲ တွင် အညာသားများ ယောက်ဖ ဆွဲ ကြမ်း သလို အညာသူ လဲ - လင် ယူပုံ ဆန်းသည် ဟု အောက်မေ့ ၏ ။ ဒါကို ရိပ်စား မိ သဖြင့် မြင့်မြင့် သည် ခတ်ဟက်ဟက်ကလေး ရီမော လိုက်ကာ -

“ ဆရာ တော့ - အတွေး လွဲ နေပြီ ။ ကျွန်မ ခဏတစ်ဖြုတ် ဆို တာ က - ဟန်ဆောင် လင်မယား လုပ်ဖို့ ပြောတာ ရှင့် - ”

သော်တာစိန် ရှက်အမ်းအမ်း ဖြစ်ကာ -

“ သိပါဘူးဗျာ .. ခင်ဗျား က ရိုးပြာမြေကျ ကော လုပ်ချင်သလား မေး လို့ ”

“ အဲဒါက - ဆရာ့ ကို သက်သက် နောက်တာပါ ”

“ အရေးထဲများ - နောက် နေရသေး - ခုမှ တွေ့တဲ့ လူချင်း ”

“ ဆရာ က သာ ကျွန်မ ကို ခုမှ တွေ့ ရတာ - ကျွန်မ က ဆရာ့ ကို တွေ့ နေတာ တော့ ကြာ လှပြီ ”

သော်တာစိန် အံ့အားသင့် ပြန်ကာ -

“ ဘယ်တုန်းကလဲ ”

“ ဆရာ့ စာတွေ ဖတ်နေတဲ့ နေ့က စပြီးပေါ့ ”

“ အော ... ဒီလိုကိုး ”

“ ဟုတ်ပါသရှင် - ကဲ ဟန်ဆောင် လင်မယား လုပ်ဖို့ သဘောတူ ပလား ”

“ သည့်ပြင် နည်းလမ်း မရှိလဲ လုပ်ရတာပေါ့ လေ ”

မြင့်မြင့် က မျက်စောင်းကလေး ပစ် ခဲ့ ၍ ၊

“ ဟင်း - သူ က နာအံ့ ထင် နေ သေး ”

“ အို – ဘာများ အကျိုး ရှိမှာ မို့ တုန်းဗျ ၊ မြင်ရုံ မြင်ရ - မကြင်ရ မောင့် ကိုယ် နေရမယ့် ဟာကြီး ၊ ကိုယ် တွေ့ ရမဲ့ သူလေး အတွေ့ နှေး ရုံ ရှိတာ မပေါ့ ”

“ ဒါလောက်တောင်ဘဲလား ဆရာ ရယ် ၊ အခြေအနေ အရ ကြည့် စီစဉ်တာပေါ့ ”

သော်တာစိန် သည်သက်ပြင်း ချ၍ ခေတ္တ စဉ်းစား နေပြီး နောက်

“ ဒီမှာ - မြင့်မြင့် ကျွန်တော်တို့ လက်ထပ် ပြီးတယ် ဆိုရင် အခန်းတွေ ဘာတွေ အပ်ကြ လိမ့်မယ် ”

“ အပ်မှာပေါ့ ဆရာ - ဒီတော့ ဘာဖြစ်လဲ - ကိုယ် သာ မူလ မဟုတ်လား ”

“ မဟုတ်သေးဘူး မမြင့်မြင့် ၊ ဒီမှာ မမြင့်မြင့် မြတ်စွာဘုရား ရဲ့ မင်္ဂလာတရား ၃၈ ပါး ထဲ မှာ အာရတီ - ဝိရတီ ဆိုတာ သိရဲ့ မှုတ်လား ”

မြင့်မြင့် သည် စိတ်ဝင်စားစွာ နားထောင် နေ ကာ -

“ ဆိုပါအုန်း ဆရာ ”

“ အာရတီ ဝေးစွာ ရှောင်ကြဉ် ရခြင်းသည် လည်းကောင်း ၊ ဝိရတီ အထူးသဖြင့် ရှောင်ကြဉ် ရခြင်းသည် လည်းကောင်း လို့ ဆိုတယ် ”

“ ဟုတ်ကဲ့ ဆရာ ”

“ ဒီတော့ ပုထုဇဉ်တွေ ဟာ အာရတီ ဝေးစွာ ဆိုတဲ့ ဝေးဝေး က ရှောင် နေဘို့ မခက်သော်လဲ ၊ ဝိရတီ အထူးသဖြင့် အနီးကပ် မှာ အတွေ့ မှာ ရှောင်နိုင်ဘို့ က ခဲယဉ်းတယ် ၊ လင်မယား အခန်း အပ် တယ် ဆိုရင် တစ်အိပ်ယာ ထဲ တစ်ခုတင် ထဲ အိပ် ရမယ် မဟုတ်လား ”

မြင့်မြင့် သည် ခတ်စာစာကလေး ရီမော ကာ -

“ အောင်မယ်လေး ဆရာရယ် - အိုး က ပူ ရမှာ ကို ”

သော်တာစိန် က လက် တား ၍ ၊

“ မဟုတ်သေးဘူး မမြင့်မြင့် ဒီကိစ္စ မှာ အိုး ရော - စလောင်း ရော - နှစ်ခုစလုံး ပူ ရ လိမ့်မယ် ၊ ကျွန်တော် တို့ မှာ ကာမပိုင်တွေ မရှိကြသေး ပေ မဲ့ မေတ္တာမူပိုင် သစ္စာတူပြိုင် တွေ နဲ့ မဟုတ် လား ”

“ ဟုတ်ပါတယ် ဆရာ - ကျွန်မ မှာ လဲ စိတ်ကူး ထားတာ ရှိပါတယ် ”

“ ဘယ်လိုလဲ ”

မြင့်မြင့် သည် ဤ ကိစ္စ ကို ကား နှုတ် ဖြင့် မပြော ၊ အနီးရှိ စာရေး စက္ကူကဒ် ဆွဲ လိုက်၍ သော်တာစိန် အိတ် မှ ဖောင်တိန် တောင်း ပြီး ပုံဆွဲ ပြ၏ ။

“ ကျွန်မတို့ အိပ်ခန်း ထဲ မှာ ဒီလို နေရမယ် ။ အဲဒါ အစ်ကိုကြီး လာ ရင် ဆရာ ကြည့် သာ ပြောတော့ ၊ သဘောတူ ကြည်ဖြူ ပြီ ဆို ရင် သူ့ ရွှေယောက်ဖ လိုတာ ဝယ်ပေးမှာဘဲ ”

သော်တာစိန် သည် ပြုံးရွှင်စွာ

“ အစစ်ဘဲ - တောက် ... တကယ် ယောက်ဖ တော် လိုက်ရ ကောင်း မှာ ”

မြင့်မြင့် လက်ဝါး ကာ ၍ ၊

“ ဟိုး ဆရာ - ဟိုး ”

ယင်းအခိုက် မြင့်မြင့် သည် အပြင်ဘက် နား စွင့်၍

“ ဟော လှေကား က ခြေသံ ကြားတယ် ၊ အစ်ကိုကြီး လာပြီ ထင်တယ် ဆရာ အခုန ကျွန်မ ပုံဆွဲ ပြတဲ့ အတိုင်း ဖြစ်အောင် ပြော နော် ဆရာ အစ်ကိုကြီး ကို ယောက်ဖကြီး လို့ ရဲရဲ သာ ခေါ် နော် ”

ခဏအကြာ ၌ ကိုထွန်းအောင် အခန်း ဝ ခေါင်းပြူ လာ၍

“ သမီးရည်းစား နှစ်ယောက် စကား ကောင်း နေကြလား ဟေ့ ”

“ ဟုတ်ကဲ့ ယောက်ဖကြီး ”

သော်တာစိန် သည် ဈေးဦးပေါက် စွပ် တင် လိုက်ခြင်း ဖြစ်ပေ၏ ။ အစ်ကိုကြီး မှာ လွန်စွာ ပီတိ ဖြစ် သွား၏ ။ သော်တာစိန် ဆက်လက်၍ ၊

“ ဒီမှာ - ယောက်ဖကြီး ကျွန်တော်တို့ တိုင်ပင် နေကြတယ် ”

“ ဘာများတုန်း ယောက်ဖလေး ”

“ ကျွန်တော်တို့ မင်္ဂလာ ဆောင်ရင် အိပ်ရာ ခုတင် ဝယ်ပေး မယ် မဟုတ်လား ”

အယ်လဲဝမ်းသာ နှင့်

“ ဟာ - အကောင်းဆုံး ကို ဝယ်ပေး မှာ ပေါ့ ယောက်ဖလေး ရ ဒါများ မေး နေရသေးလား ”

မြင့်မြင့် က တစ်ဘက် လှည့် ၍ ပြုံး နေ၏ ။

သော်တာစိန် “ ဒါဖြင့် ကျွန်တော့ ကို ဗိုလ် ဆန်တယ် ပြော ချင် ပြောရော့ - တစ်ယောက်အိပ် ခုတင် နှစ်လုံး ဝယ်ပေးပါ ယောက်ဖကြီး ရာ ”

ကိုထွန်းအောင် လွန်စွာ သဘောကျ သွားလျက် ၊

“ ဟား ... ဟား ... ကွန်မြူနစ် က ဗိုလ်စိတ် ပေါက် လာတာကိုး သိပ် ကြိုက်တယ် ကွာ ၊ ဒီလိုမှ ပေါ့ ယောက်ဖလေး ဆန္ဒ အားလုံး ပြည်ဝရစေ့မယ် ။ ကဲ ... ညီမ ဆန္ဒ ရှိလဲပြောအုန်း ”

မြင့်မြင့် က အတွင်းကြိတ် ပြုံး လျက် ၊

“ ကျွန်မ ကတော့ ဗိုလ်ဖုန်းလှိုင် ကတော် မြန်မြန် ဖြစ်ချင်တာပါဘဲ အကိုကြီး ရယ် ”

မြင့်မြင့် သည် ရီမောလျက် အခြား အဓိပ္ပါယ် နှင့် ပြောလိုက် သည် ကို အကိုကြီး ခမြာ မသိ ရှာ ၊ သော်တာစိန် ကို ဘဲ ဗိုလ်ဖုန်းလှိုင် မှတ်နေ ရ ကား -

“ အို ... အမြန်ဆုံး ဖြစ်အောင် အစ်ကိုကြီး တို့ ဆောင်ရွက် နေ တာပဲ မဟုတ်လား ၊ ၃ ရက် အတွင်း တိုင်းသိ , ပြည်သိ  ဖြစ်ရစေ့ မယ် ငါ့ ညီမ ”

ကိုထွန်းအောင် သည် သူ့ စကား အတိုင်း ၊ လက်နက်ချခြင်း ၊ လက်ထပ်ခြင်း တို့ ကို တက်သုတ်ရိုက် စီစဉ် လိုက်ခြင်း ဖြင့် ယခု သူတို့ တော ထဲ သို့ တက်သုတ်ရိုက် ရောက်လာကြ ခြင်း ဖြစ်ပေ သတည်း ။

◾သော်တာဆွေ

📖 ရွှေပြည်တော်သည်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment