Wednesday, April 5, 2023

အရည်အသွေး ကို ဖော်ထုတ်သူ


 ❝ အရည်အသွေး ကို ဖော်ထုတ်သူ ❞


( စွမ်းအား ဦးအောင်ဇော်ဝင်း ၊ မန္တလေး )


[ ဦးအောင်ဇော်ဝင်း ကို ကျွန်တော် ရင်းနှီးခဲ့တာ ဆယ်နှစ် ကျော်ပါပြီ ။ သူ က စွမ်းအား တံဆိပ် နဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေ ထုတ်လုပ်သူ ပါ ။ သူ ထုတ်လုပ်တဲ့ ပစ္စည်းတွေ ကို မြန်မာပြည် အထက်ပိုင်း မှာ အသုံး များပါတယ် ။ စွမ်းအား တံဆိပ် ပစ္စည်း ဆိုရင် အရည်အသွေး နဲ့ ပတ်သက်ရင် အာမခံ ရှိလို့ လူကြိုက် များတယ် ။


မန္တလေးမြို့ က စွမ်းအား အီလက်ထရွန်းနစ်စက်ရုံ ကို ကျွန်တော် သွားပြီး အရည်အသွေး ကောင်း နဲ့ သူ့ အမြင် ကို မေး ပါတယ် ။ ]


•••••   •••••   •••••   •••••


လုပ်သားလျှပ်စစ် ဆရာဦးအောင် ဟာ ကျွန်တော့် ရဲ့ လက်ဦးဆရာ လို့ ပြောရင် ရပါတယ် ။ ၁၉၇၆ - ၇၇ ခုနှစ် လောက် က မန္တလေးမြို့ ၂၆ လမ်း နဲ့ ၈၁ လမ်းထောင့် ၊ အခု တောင်ဇလပ်ဟိုတယ်ကြီး ဖွင့်ထားတဲ့ နေရာ မှာ လုပ်သား ရေဒီယိုဆိုင် ရှိတယ် ။ ကျွန်တော် က ဆရာဦးအောင် နဲ့ ခင်မင် နေတာ အီလက်ထရွန်းနစ် နဲ့ ပတ်သက်ပြီး သဘောတရား ရော လက်တွေ့ ပါ သင်ခဲ့ပါတယ် ။


ကျွန်တော် ရန်ကုန်စက်မှုတက္ကသိုလ် က ပြန်ခဲ့ပြီးတဲ့ နောက် ၁၉၈၅ ခုနှစ် လောက် မှာ အီလက်ထရွန်းနစ် လောက ထဲ ဝင်ချင်လို့ သွားပြီး လေ့လာ ပါတယ် ။ အဲသည်တုန်းက ဆရာ နဲ့ ကျွန်တော် ပေါင်းပြီး magnetic sperator လုပ်တယ် ၊ သံလိုက်အား သုံးပြီး သတ္တုရိုင်း သန့်စင် တဲ့ စက်ပေါ့ ။ ဆရာ က အလုပ် များတော့ အသေးစိတ် မလုပ်နိုင်လို့ သံလိုက်ဒီဇိုင်း ကျွန်တော်လုပ် ရတယ် ။ သံလိုက် အတွက် ကွိုင် ပတ်တာ တို့ ဆရာဦးအောင် ရဲ့ လမ်းညွှန်ပြသမှု နဲ့ လုပ်ရင်း သည် လောက ထဲ ကို ကျွန်တော် ဝင်လာတယ် ။


၁၉၈၆ ခုနှစ် မှာ စွမ်းအား အီလက်ထရွန်းနစ် ကို ကျွန်တော် စ တည်ထောင် တယ် ။


အဲသည် အချိန် က ဘက်ထရီ နဲ့ တစ်ပေ မီးချောင်းတွေ ၊ မီးသီးကလေးတွေ သုံးတဲ့ အချိန် ။ ကျွန်တော် က emergency lamp လုပ် လိုက်တော့ ဝယ်ကြတယ် ။ နိုင်ငံခြား က လာတဲ့ emergency lamp လေးတွေ က နှစ်နာရီ သုံးနာရီ သုံးလို့ ရတယ် ။ ကျွန်တော် သုံးတဲ့ ဘက်ထရီတွေ ရဲ့ ပလိတ်ပြား က လည်း တော်တော် ကောင်းတော့ ကျွန်တော့် emergency lamp က ညလုံး ပေါက် အထွန်း ခံ တယ် ။ နှစ်ပေ မီးချောင်း နဲ့ emergency lamp လေးတွေ က သက်တမ်း နှစ် တော်တော်ကြာကြာ အသုံး ခံတယ် ။ သုံးရတဲ့ လူ ကလည်း ကျေကျေနပ်နပ် သုံး ကြတယ် ။ အဲသည်မှာ ကျွန်တော် က name plate လေးတွေ ကပ်တယ် ။


မြန်မာပြည် ဈေးကွက် ထဲ မှာ auto မီးအားမြှင့်စက် ကို လုပ်သား ဦးအောင် က စပြီး ထုတ်ခဲ့တယ် ။ နောက်ပိုင်း မှာ အော်တိုမီးအားမြှင့်စက် ထုတ်လုပ်သူတွေ ဆရာဦးအောင် အပါအဝင် သုံးဦး ရှိ လာတယ် ။ ကျွန်တော် က စတုတ္ထ မြောက် ပေါ့ ။ အော်တို မီးအားမြှင့်စက် အမျိုးစုံ ရှိတဲ့ အထဲ မှာ ကျွန်တော် က အိုင်စီ နဲ့ စ ထုတ်တယ် ။ အရင်က ထုတ်တာတွေ က ထရန်စစ္စတာ နဲ့ ထုတ်တာ ။


အိုင်စီ သုံးရင် အပူချိန် ကြောင့် ပြောင်းလဲမှု ဒဏ် ကို အများကြီး ခံတယ် ။ ဥပမာ - ထရန်စစ္စတာစက် ကို မန္တလေး ဆောင်းတွင်း မှာ ချိန် ထားတာ ၊ မြင်းခြံ နွေရာသီ မှာ သုံးတော့ ဗို့က ရွေ့တယ် ။ မန္တလေး နွေ ပူ တဲ့ အချိန် မှာ ချိန်ထား တဲ့ စက် ဆိုရင် မိုးကုတ် ဆောင်းတွင်း မှာ သုံးတော့ အလုပ် လုပ်မှတ် က ရွေ့သွား ရော ၊ ပြောင်းလဲမှု က ၁ဝ ဗို့ က နေ ဗို့ ၃ဝ အထိ ရှိတယ် ။ ပြောင်းလဲမှု တော်တော် ကြီး တယ် ။ ဒါကြောင့် အစ ကတည်း က အိုင်စီ ကို ကျွန်တော်သုံး လိုက်တာ ၊ အလုပ် လုပ်မှတ် ချိန်ရာ မှာ လည်း အတိအကျ ကျွန်တော် ချိန် ပေး လိုက်တယ် ။ 


ကျွန်တော် အလုပ် စ လုပ်တော့ စက် ကလည်း တစ်ရက် ကုန် လို့ တစ်လုံး ဝယ် တဲ့ သူ မရှိသေးဘူး ။ ကျွန်တော် က တော့ အလုပ်စားပွဲ မှာ ပုံမှန် ထိုင်ပြီး စာ ကို သီအိုရီ ကို သေသေချာချာ ဖတ်တယ် ။ ရန်ကုန်စက်မှုတက္ကသိုလ် မှာ ကျောင်းသုံးပြဋ္ဌာန်း ခဲ့တဲ့ အီလက်ထရွန်းနစ် ပြဋ္ဌာန်းချက် စာအုပ်တွေ ကို အလုပ် ချိန် မှာ အလုပ် သဘော နဲ့ သေသေချာချာ ဖတ်တာ ။


အခြား စီးပွားရေးပညာ စာအုပ်တွေ ကို လည်း ဖတ်တယ် ။ ဖတ်တဲ့ အခါ မှာ အရည်အသွေးကို ထူထောင် နိုင် ရင် လုပ်ငန်း က ပိုပြီး အခြေ ခိုင်မယ် ဆိုတာ ကျွန်တော့် စိတ် ထဲ မှာ စွဲစွဲမြဲမြဲ ရှိ လာတယ် ။ နဂို ကတည်း က ကျွန်တော့် သဘာဝ က ကျွန်တော် ဝယ်ရင် ရချင်တဲ့ စက်မျိုး ကို ကျွန်တော် လုပ် ရောင်းမယ် ဆိုတဲ့ principle ( အခြေခံ ယူဆချက် ) ထားတယ် ။ ကျွန်တော် ဝယ်ရင် ရချင်တဲ့ စက်မျိုး ဆိုတော့ ရနိုင်တဲ့ ပစ္စည်း က အကောင်းဆုံးပစ္စည်း နဲ့ ကျွန်တော် လုပ်တယ် ။ စ လုပ်တုန်း က ဆိုရင် ( cover ) ပုံး ဆေး သုတ်တာ က အစ ကျွန်တော့် စိတ်တိုင်းကျ ဖြစ်အောင် အပြင် မှာ မအပ်ဘဲ ကိုယ်တိုင် သုတ်တယ် ။ အဆင့်တိုင်း မှာ ကိုယ် ဝယ် ရင် ရချင်တဲ့ စက်မျိုး ဖြစ်အောင် ဆိုတဲ့ အခြေခံ ခံယူချက် နဲ့ ကြိုးစား လုပ်ခဲ့တယ် ။


ဈေးကွက် ထိုးဖောက်မှု ကို ကျွန်တော် ဖြတ်သန်းရာ မှာ တစ်ဆင့် ပြန် ရောင်းတဲ့ ဈေးကွက် ကို ကျွန်တော် အားမကိုးဘဲ သုံးစွဲသူ ကို တိုက်ရိုက် ရောင်းတယ် ။ တစ်ဆင့် ပြန် ရောင်း ဖြန့်ချိသူ ဆီ မှာ တော့ ဈေး ပေါ မှ အရောင်းရ သွက်တယ် ဆိုတဲ့ ခံယူချက် ရှိတယ် ။ သုံးစွဲသူ ဈေးကွက် ကျ တော့ တကယ် ကောင်း တဲ့ ပစ္စည်း ကို ပဲ သုံးချင်တယ် ။ ခဏခဏ ပျက် ပြီးတော့ စိတ်ဒုက္ခ မရောက်ချင် ကြဘူး ။ ကျွန်တော် စတဲ့ အချိန် တုန်း က ဆိုင် အနေ နဲ့ လည်း မရှိဘူး ။ ဝင်းကြား ထဲ က အလုပ်ရုံ မှာ ပဲ ရောင်းခဲ့တာ ။ အရည်အသွေးကို အသိအမှတ် ပြုတဲ့ သူတွေက ဝင်းကြား ထဲ ကိုပဲ တသီးတသန့် လာ ဝယ်တာ ။ အရည်အသွေး ကို လိုက်တဲ့ ပရိတ်သတ် က တော့ ခေတ်တိုင်း မှာ ရှိနေတာပါပဲ ။ ကျွန်တော့် ဆီ လာသမျှ လူ တွေ က ပစ္စည်း အရည်အသွေး အကြောင်း တစ်ဆင့် စကား ကြား တာနဲ့ လာ ကြတဲ့ သူ တွေ ချည်း ပဲ ။


ကျွန်တော် လုပ်ငန်း တွင်ကျယ်လာတာ က ၁၉၉၀ - ၉၁ ခု ။ မန္တလေး မှာ ဟိုတယ် တွေ များ လာတယ် ။ ဟိုတယ် တွေ မှာ အဲယားကွန်း တွေ တပ် လာတော့ အော်တို မီးမြှင့်စက် က အဆင် ပြေတယ် ။ လက်လှည့် ဆိုရင် တင်လိုက် ချလိုက် နဲ့ ။ ဟိုတယ် အဲယားကွန်း သုံးဖို့ အော်တိုမီးအားမြှင့်စက် အကြီးကြီး တွေ လုပ်ရင်း လုပ်ရင်း နဲ့ အဲသည် လိုင်း ထဲ မှာ တော်တော်လေး အချိန် ကြာကြာ ရှိလာတာပါ ။ emergency lamp , မီးအားထိန်းမြှင့်စက် ၊ ဟိုတယ်သုံး key box ဟိုတယ်သုံး အိတ်ချိန်း ၊ အင်ဗာတာ ၊ မီးဖြတ်စက် ၊ stabilizer လို့ခေါ်တဲ့ constant voltage transformer , UPS စတာ တွေ လည်း ထုတ်လုပ်တယ် ။


ကျွန်တော်တို့ ထုတ်တဲ့ အီကိုပါဝါ ဆိုရင် ၁ဝ ရက် သုံး ကြည့်ပြီး နှစ်သက် ကျေနပ်မှု ၊ အသုံးကိုက်ညီမှု ရှိ မှ ဝယ်ပါ လို့ သုံးစွဲသူ အတွက် အာမခံ ပေး ထားတယ် ။ သူ့ အကျိုး ကိုယ့် အကျိုး မျှပြီး အာမခံ တာ ပါ ။ မကြိုက်လို့ ရှိရင် တစ်ပတ် ဆယ်ရက် အတွင်း ပြန် ပေးတဲ့ ပစ္စည်း ကို ကျွန်တော် လက်ခံတယ် ။ ဘာကြောင့် အချိန်ကာလ အခုလို သတ်မှတ်ရသလဲ ဆိုရင် ကျွန်တော် ပြန် ရောင်းတဲ့ အခါ အသစ် ပဲ ပြော ရောင်း ရမှာ ။ တစ်ပတ် ဆယ်ရက် ဆိုရင် နောက် လူ တွေ အတွက် မထိခိုက် နိုင်ဘူး ။ စက်အဟောင်း ကို ကျွန်တော် ပြန် လက် မခံဘူး ။ အချို့က စက် အသေးအကြီး လဲချင်တာ မျိုး ရှိတယ် ။ ဒါမျိုး ကြုံရင် ရောင်း ချင်တဲ့ သူ ရဲ့လိပ်စာ ကို ယူ ထားတယ် ။ တစ်ပတ်ရစ် ဝယ်ချင်တဲ့ လူ လာရင် ဆက်သွယ်ဖို့ စီစဉ် ပေးတယ် ။ အဟောင်း ကို ကျွန်တော် လက်ခံ လိုက်ရင် သည် လူ ကို ကျွန်တော် က စက်သစ် တစ်လုံး ပေး ပေမဲ့ သူ့ စိတ် ထဲမှာ သူ ရ သွားတာ အသစ် မှ ဟုတ်ရဲ့လား ဆိုတဲ့ သံသယ ဖြစ်နိုင်တယ် ။


နောက် တစ်ချက် ကတော့ တစ်နှစ် အတွင်း မှာ ပျက်ရင် ဘယ်လို ချွတ်ယွင်းမှု ကို မဆို ပစ္စည်းဖိုး လက်ခ အားလုံး အခမဲ့ လုပ် ပေးတယ် ။ ဝယ်ပြီး တစ်နှစ် ကျော် သွားပြီး နောက် နှစ် အကန့်အသတ် မရှိ ပစ္စည်းဖိုး ကုန်ကျစရိတ် ပဲ ယူပြီး ပြင် ပေးတယ် ။


ကျွန်တော့် စက်တွေ သုံး လာတဲ့ လူတွေ ၁၅ နှစ် ၊ နှစ် ၂ဝ နီးနီး ရှိပြီ ၊ ယခု အထိ အဆင်တပြေ သုံးနေကြ တုန်းပဲ ။ ပြင်ဖို့ ပြန် လာရတာ ရှိတော့ ရှိတယ် ။ နည်းတယ် ။ ပျက်စေတာ က တော့ မီးအား အတက်အကျ များလို့ ။ သုံးတဲ့ အိမ် အနီး မှာ ဝလ်ဒင် ( ဂဟေ ) သုံးတာတို့ လွှစက် တို့ ရှိတဲ့ လိုင်း နဲ့ မိရင် စက် နာ တယ် ။ ဆိုးဆိုးဝါးဝါး ပျက် လာ တာတော့ မရှိပါဘူး ။


ကျွန်တော့် ဆီ ကို ပြင်ဖို့ ပြန် လာရတာ နည်းအောင် ဝန်ထမ်းတွေ ကို service လုပ် ပေးရတဲ့ ဝန် နည်းအောင် စ လုပ် ကတည်း က သေသေချာချာ လုပ်ကြဖို့ မှာ ထားတယ် ။ သူတို့ လုပ်တာ မသေချာ လုပ်ရင် ပြန်ပြန် ပြင်ရတဲ့ ဝန် သူတို့ အပေါ် မှာ ပိ တယ် ။ မပြင်သင့်တာ ပြင်ရမယ် ဆိုရင် သူတို့ ကို ကျွန်တော် က feedback ပေးမယ် လို့ ပြော ထားတယ် ။ ဒါလုပ်ငန်း ရဲ့ စည်းကမ်း ပေါ့ ။ သူတို့ လည်း မကြုံစေချင် တော့ ဂရုတစိုက် လုပ်ကြတယ် ။


ကြုံကြိုက်လို့ ပြောချင်တာ က တော့ အရည်အသွေး ကောင်း ပစ္စည်း ကို ဝယ်ယူ အားပေး ကြတာ က ကိုယ် ကောင်းဖို့ အတွက် မဟုတ်ဘဲ နောက် မျိုးဆက်တွေ အတွက်ပါ အားပေးရာ ရောက်တယ် ဆိုတာ ပြောချင်ပါတယ် ။ အရည်အသွေး ကောင်း ကို ဝယ် ကြရင် ကျွန်တော် တို့ အထဲ မှာ အရည်အသွေး ကောင်း product တက် လာမယ် ။ နောက် generation အတွက် ပါ ကောင်းစား ဖို့ ဖြစ် လာမယ် ။ နောက် generation က အရည်အသွေး ကောင်း လုပ်ရင် အလုပ် ဖြစ်တယ် ဆိုတဲ့ အမြင် ရှိ လာမယ် ။ အရည်အသွေး ကောင်း အောင် လုပ်လာ ကြမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံ က export ကို မှန်းလို့ ရမယ် ။ နည်းပညာ ဖွံ့ဖြိုးမှု က အဲသည် ကျ မှ ဖြစ်မှာ ။


အရည်အသွေး ကောင်းတာ ဟာ ဈေး ကြီးတာ လို့ တော့ ကျွန်တော် မရည်ရွယ် လိုဘူး ။ ဈေး ကြီးတိုင်း လည်း အရည်အသွေး ကောင်း မှာ မဟုတ်ဘူး ။ အရည်အသွေး မြင့် တိုင်း လည်း စျေး ကြီး မှာတော့ မဟုတ်ဘူး ၊ ဈေးချင်း တူရင် အရည်အသွေး ကောင်းအောင် အရည်အသွေး ချင်း တူရင် ဈေး ပို သက်သာအောင် ဆိုတဲ့ concept ( ခံယူချက် ) နဲ့ သွား ဖို့တော့ လိုပါတယ် ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment