Saturday, April 22, 2023

ဗေဒင်ဆရာ ဗေဒင် မဟောရ


 

❝ ဗေဒင်ဆရာ ဗေဒင် မဟောရ ❞

ခေါင်း ပေါ် တည့်တည့် ရောက် နေတဲ့ နေလုံးကြီး ကို လက်ဖဝါး နဲ့ ကာပြီး ကြည့်နေ မိတယ် ။ ဒီနှစ် မိုးရာသီ နေ က နွေတုန်း က ထက် မ က အောင်ဘဲ ပူလွန်းလှတယ် လို့ ကိုမုန်တိုင်း ထင်တယ် ။ နေပူရှိန် ကြောင့် ခေါင်း က နေ ခြေဖျား အထိ အဝတ်အစားတွေ ပါ မကျန် ကိုမုန်တိုင်း ရဲ့ တစ်ကိုယ်လုံး လည်း ချွေးတွေ နဲ့ ရွှဲနစ် နေတာ ရေ ချိုးထားတဲ့ အတိုင်းပဲ ။ ကိုမုန်တိုင်း ရှာ နေတဲ့ ဟာ က လည်း ခုထိ မတွေ့ သေးဘူး ။ မိုးလင်း ကတည်း က ရှာတာ အရိပ်အယောင် တောင် မမြင်ရသေး ။

ခေါင်း ပေါ် က နေပြီး မှ အနောက်ဘက် ကို လု နေတဲ့ နေလုံး ရဲ့ အနေအထား အရ ဆိုရင် မွန်းလွဲ တစ်နာရီ လောက် ရှိပြီမို့ ထမင်း စား ချိန် လွန်နေ ပြီ ဆိုတာ ကိုမုန်တိုင်း သိတယ် ။ သိပေမဲ့လည်း ခုထိ ထမင်းထုပ် မဖြေ ရ သေးဘူး ။ လိုချင်တာ ကို ရှာ နေရင်း စိတ်ဇော က ကိုယ့် ဗိုက် ကို သတိ မထားမိခဲ့ ။ ခုမှ ဗိုက် က တော်တော် ဆာ နေမှန်း ကိုမုန်တိုင်း သိ တော့တယ် ။ ရှေ့နား က စမ်းချောင်းလေး ထဲ ရောက်ရင်တော့ ထမင်းထုပ် ဖြေ စားဖို့ စဉ်းစား ရင်း ကိုမုန်တိုင်း ရဲ့ ခြေလှမ်းတွေ က စမ်းချောင်းလေး ဆီ ရွှေ့လိုက်တယ် ။

ကိုမုန်တိုင်း ထမင်းထုပ် ဖြေ တော့ ထမင်းထုပ် ထားတဲ့ ငှက်ပျောဖက် အနားစ,လေး ကို နည်းနည်း ဖြဲ ယူပြီး ထမင်းဖတ် ၊ ဟင်းဖတ်လေး တွေ ကို ဦးဦးဖျားဖျား ထည့်ပြီး တောစောင့်နတ် ၊ တောင်စောင့်နတ်တွေ ကို ပူဇော် ပသ , လိုက် တယ် ။ အဆုံးလေး မှာ “  ... တွေ့အောင် ကူညီ မ,စတော် မူကြပါ ” ဆိုပြီး ကိုမုန် တိုင်း ရှာနေတာလေး တွေ့ဖို့ အရေး “ ကူညီပါရစေ ” ဆိုင်းဘုတ် ချိတ် မထားတဲ့ နတ်တွေ ကို ပါ ကူညီဖို့ တပ်ကူ တောင်းမိ သေးပေါ့  ။

ပြီးတော့မှ ထမင်း ထုပ် ထား တဲ့ ငှက်ပျောဖက် ကို ကျောက်တုံးပြား ပေါ် မှာ ကျကျနန ဖြန့်ခင်းပြီး ထမင်း နဲ့ ဟင်း ကို ရော နယ်လိုက် တယ် ။ နောက် ပလုတ် ပလောင်း ကျိတ်မျိုရင်း ဆာ နေ တဲ့ ဗိုက် ကို ဖြည့် လိုက်တယ် ။ ငှက်ပျောဖက် ထဲ က ထမင်း လည်း တစ်ဝက် ကျော် လို့ လက်တစ်ဆုပ် ဖွဖွစာ ပဲ ကျန်
တော့တယ် ။ ကိုမုန်တိုင်း လည်း တော်တော်လေး ဗိုက် တင်း သွားပြီမို့ စမ်းချောင်း ထဲ က ရေ ကို ငုံ့ သောက် လိုက်ပြီး ၁ဝ မိနစ် ၊ ၁၅ မိနစ် လောက် အနားယူ ဖို့ အတွက် ဒဟတ်ပင် ရိပ် အောက် မှာ ပုဆိုးစုတ် ကို ခင်း ပြီး ပက်လက်လှန် လှဲ နေ လိုက်တယ် ။ ကိုမုန်တိုင်း ပက်လက်လှန် လှဲ နေလိုက် တော့ ညာလက် က နဖူး ပေါ် ကို တင်မိ လျက်သား ဖြစ်သွား သလို ပိုက်ဆံ ၁ဝဝ ၊ ၂ဝဝ ဆို တာ ကျား ပါးစပ် ထဲ က နှိုက် ယူ ရတာ ထက် ပဲ ခဲယဉ်းတဲ့ ကိုမုန်တိုင်း ရဲ့ ဘဝ စာမျက်နှာတွေ ကလည်း အတွေး အာရုံ ထဲ ကို တစ်ရွက်ချင်း လွင့် မျော ဝင်ရောက် လာတယ် ။

ကိုမုန်တိုင်း ရဲ့ ငယ်ဘဝ က တော့ မိဘ နဲ့ အစ်ကို ၊ အစ်မ တွေ ရဲ့ အရိပ်အောက် မှာ နေ ရင်း အပူအပင် ကင်းစွာနဲ့ပေါ့ ။ နောက် မအုံးမေ နဲ့ အကြောင်း ပါ ဂဟေဆက် တော့ မိဘတွေ နဲ့ အတူ မနေရတော့ဘဲ အိမ်ခွဲ နေ ရတယ် ။ ညားခါစ မှာတော့ တစ်အိမ် မှာ နှစ်ယောက် တည်း နေရတာ ဆိုတော့ ကိုမုန်တိုင်း တို့ ဘဝ က လွတ်လပ်စွာ နဲ့ အချစ် ရဲ့အဓိပ္ပာယ် ကို တူးဆွရင်း ပျော်စရာ အကောင်းဆုံး အချိန်တွေ ပါ ပဲ ။ အဲဒီက မှ သမီးလေး မြတ်မြတ်အုံး မွေး လာတော့ ဒုက္ခတွေ က ကိုမုန်တိုင်း ကို မျက်စ ပစ်ပြ နေပြီ ။ သမီးလေး ကျောင်း စ , တက်တဲ့ အရွယ် မှာ တော့ နောက်ထပ် သားလေး တိုင်းကျော် မိသားစု ထဲ ထပ် ရောက် လာတယ် ။

သမီး က မုန့်ဖိုး တောင်း တတ် စ ၊ သား က ဝူးဝူးဝါးဝါး နဲ့ စကား ဆို တတ်စ အချိန်မှာ တော့ ဒုက္ခတွေ က ကိုမုန်တိုင်း ကို လက်ခမောင်း ခတ် စိန်ခေါ် နေကြပြီလေ ။ ဘယ်လောက်ပဲ ဒုက္ခတွေ တွေ့နေ့ ပေမဲ့ သား နဲ့ သမီး အပေါ် ထား ရှိတဲ့ ကိုမုန်တိုင်း ရဲ့ ဖခင် မေတ္တာတွေ က အဲဒီ ဒုက္ခတွေ ကို အငွေ့ပြန် ပျောက်စေ ခဲ့ပါ တယ် ။ ဒီလိုနဲ့ ကိုမုန်တိုင်း ရဲ့ သမီး လည်း ကိုးတန်း ၊ သား လည်း ရှင်ပြုဖို့ သင့်နေပြီ ဖြစ်တဲ့ အရွယ် သုံးတန်း ရောက် နေပြီ ။ ကိုမုန်တိုင်း လည်း ဖခင် တစ်ယောက် ရဲ့ တာဝန်တွေ ကို ကျေပွန်ချင်တာ ကြောင့် စိုက်ခင်းတွေ ကို အရင်က ထက် ပိုပြီး တိုးချဲ့ ရ တော့တာပေါ့ ။

တောင်ယာ ကို အရင် က ထက် ပိုပြီး တိုးချဲ့ ခုတ်တယ် ။ ကိုမုန်တိုင်း တို့ တောင်သူတွေ က မိုးဦးပိုင်း ကျ တော့ တောင်ယာ ပဲ အားကိုးရတာ ကိုး ။ တောင်ယာ ခုတ်ပြီး နှမ်း စိုက် ပေါ့ ။ ကိုင်း ဆိုတာက ဆယ် ရေး တစ်ရေး တောင် မသေချာ တဲ့ အရာလေ ။ ဒီကြား ထဲ ကိုင်းစိုက်ခင်းတွေ ထဲ မှာ က “ ဘာပဲ စိုက်စိုက် နေကြာညှပ် စိုက် ” ဆိုတာ က ရှိနေသေးတော့ ပို ဆိုးတာပေါ့ ။ မစိုက် ပြန် ရင်လည်း ဌာန က အရာရှိ ဆိုတာတွေ လာ ရင် အမြည်း ကောင်းကောင်းလေး နဲ့ ထန်းရည်လေး တိုက် ၊ ကြက်သားဟင်းလေး နဲ့ ထမင်းလေး ကျွေး ၊ ခြေဆုပ်လက်နယ်လေး လုပ်ပေး ၊ လက်ဆောင် ပစ္စည်းတွေ တနင့်တပိုး ပေး ရင်း အပြစ်ဒဏ် ယူရ ဦးမှာ ။ ဟော ပြောတဲ့ အတိုင်း စိုက် ပြန် တော့လည်း ကိုင်းနှမ်း က နဂို က မှ ညှောင်နာနာ နဲ့ မဖြစ်ရတဲ့ အထဲ နေကြာပင်တွေ က အုပ် လို့ လောင်းရိပ် မိပြီး ပျက် စီးပါလေရော ။ နေကြာ က လည်း ပြော လောက်အောင် ဖြစ်တာ မဟုတ်တော့ ဒုက္ခ ။

ကိုမုန်တိုင်း တို့ ဒေသ မှာ လုပ်ရတာ နေကြာပဲ လားဆို မဟုတ်သေးဘူး ပြောရမှာ ပဲ ။ ခြံစည်းရိုးကြက်ဆူ ဆိုတာ က ရှိပြန်သေး တာ ကိုး ။ ဒါက မစိုက် မဖြစ် စိုက် ရတာ ။ စိုက် စိုက် ၊ မစိုက်စိုက် နှစ်ကုန်ရင် ကြက်ဆူစေ့ က တောင်း သလောက် ပေး ရတာ ဆိုတော့ စိုက်ရပြီပေါ့ ။ တခြား ရွာတွေ က ခြင်္သေ့ နဲ့ ဟောက်ပြီး ဆင်ဖြူတော် နဲ့ ဝှေ့ လိုက်ကြ သမျှ ခွဲတမ်းတွေ ကို ကိုမုန်တိုင်း တို့ ရွာ ပေါ် မှာ ပဲ ခေါင်းပုံကျ လာတာလေ ။ ဒီတော့ ကိုမုန်တိုင်း တို့ တောင်သူတွေ ဆိုတာ က ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် ရင်နာနာ နဲ့ ...  ။

တကယ်လို့ နှမ်း ရပြန် တော့ လည်း “ ကမ္ဘာ့ စီးပွားရေး ပျက်ကပ် ဆိုက်လို့ ”  ၊ “ ဒေါ်လာ ဈေးကျလို့ ”  ၊ “ ဘယ်နိုင်ငံက စီးပွားရေး ပိတ်ဆို့လို့ ” ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ နှမ်း တစ်တင်း မှ ကျပ် ၁၈ဝဝဝ ၊ ၁၇ဝဝဝ လောက်ပဲ ရတာ ။ ပြောရမယ် ဆို ဆန် တစ်အိတ် တောင် ကောင်းကောင်း မရချင်ဘူး ။ ကိုမုန်တိုင်း တို့ ငယ်ငယ်တုန်း က ဆိုရင် နှမ်း တစ်တင်း ၊ ဆန် နှစ်အိတ် ပြေး မလွတ်ဘူး ဆိုပဲ ။

ဒီလို အဘက်ဘက် က ထိုးနှက် ခံရတဲ့ အထဲ ဟိုအခွန် ၊ ဒီအခွန် ၊ ဟိုကြေး ၊ ဒီကြေး ဆိုတာတွေ က လည်း တစ်နှစ်လုံး ပေါင်း လိုက်ရင် နည်းတာ မှတ်လို့ ။ အဲဒါကြောင့် ကိုမုန်တိုင်း တို့ ရွာ က လူတွေက သံတူကြောင်းကွဲလေး ထား ကြတာပေါ့ ။ အခွန် အခွန် နဲ့ အခွံတင် မို့လို့ တော် တော့တာ ပေါ့ ၊ အဆန် ပါ ပေးရမယ် ဆို အိမ်တိုင် ပါ ချွတ်ရောင်းရမှာ ”  တဲ့ ။

ဒီလို ဟိုက လက်ဖြန့် လိုက် ၊ ဒီက စာရင်းကောက် လိုက် လုပ်သမျှ ပေးနိုင်ဖို့ အရေး ကိုမုန်တိုင်း တို့ တောင် သူတွေ လည်း လျှာ တစ်တောင် လောက် ထွက်အောင် ကြိုးစားရတော့ တာပါပဲ ။ သမီးလေး ကိုးတန်းနှစ် မှာ တော့ ကိုမုန်တိုင်း လည်း တောင်ယာနှမ်းလေး ရသေး တာကြောင့် သမီး ရဲ့ကျောင်း စရိတ်တွေ လည်း ကောင်း
ကောင်း ထောက်ပံ့ နိုင် သလို တစ်နှစ်ပတ်လုံး စာ ဆန်အိတ် လည်း ဝယ်ထား လိုက် နိုင် သေးတယ် ။

ဟော ဒီနှစ် သား လည်း လေးတန်း ရောက်ပြီ ။ စာမေးပွဲ ဖြေ ပြီးရင် သူ့ သူငယ်ချင်းတွေ က ရှင်ပြုကြ တော့ မှာ ။ ကိုမုန် တိုင်း လည်း အများနဲ့ အတူ ရှင်ပြု ပေး ရ တော့မှာ လေ ။ နောက် သမီး လည်း ဆယ်တန်း ရောက်ပြီ ။ မြို့ က ကျူ ရှင်ဝိုင်း မှာ သွား ထား ရတော့ မှာ ။ ကျူရှင်စရိတ်တွေ က လည်း မိုး ထိုး လို့လေ ။ လိုအပ်ချက်တွေ ပြည့် နေတဲ့ နှစ် မှာ မှ “ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ”  ၊ “ သစ်တောမပြုန်းတီးရေး ”  ဆိုတဲ့ ခေါင်းစဉ်တွေ အောက်မှာ “ တောင်ယာ မခုတ်ရ ” တဲ့ ။ တားမြစ်တဲ့ ကြား ကပဲ ဇွတ် အတင်း ခုတ် ရင် လည်း ကိုမုန်တိုင်း တို့ တောင်သူဦးကြီးတွေ ပဲ မိသားစု ကို ကျောခိုင်းပြီး အဝှာ ထဲ သွား ရုံပဲ ရှိတော့တယ် ။ ဒီ တော့ သက်သောင့်သက်သာ နဲ့ လက် အငြိမ် နေပြီး ပါးစပ် ပိတ် နေရုံပဲ ရှိတော့တာပေါ့ ။ ကိုမုန်တိုင်း ရဲ့ မဟေသီ မအုံးမေ က တော့ စိတ်အချဉ် ပေါက်ပေါက် နဲ့ ပြော ရှာတယ် ။

“ တောင် သူ ပါ ဆို မှ တောင်ယာ မခုတ်ရင် ဘာ သွား လုပ်စားမှာလဲ တော့ ၊ တောင်ယာ မခုတ်ရတဲ့ အတူတူ တော့ ကျုပ်တို့ တစ်တွေ ဒန်ခွက်စုတ် တစ်ယောက် တစ်လုံး ကိုင်ပြီး ရွှေစက်တော် စောင်းတန်း ကို သွား ထိုင်နေရုံ ပဲ ရှိတော့တယ် ” 

မန်းရွှေစက်တော် ကို ဘုရားဖူး သွားတုန်းက သူတို့ အစဉ်အလာ နဲ့ သူတို့ တောင်း နေတဲ့ သူတွေ ကို မြင် ပြီး များ အားကျ လေ ရော့ သလား ။ မအုံးမေ ပြောတာ ဟုတ်တော့ လည်း ဟုတ်သား ။ အမျိုးသား မှတ်ပုံတင်ကတ် ထဲ မှာ တောင် မှ အလုပ်အကိုင် ဆိုတဲ့ နေရာမှာ တောင်သူ လို့ ရေး ထားတာ လေ ။ တောင်သူ အမည် ခံပြီး တောင်ယာ မခုတ်ရ ရင်တော့ မအုံးမေ ပြော သလို ပဲ စီးပွားရေး လမ်းကြောင်း ပြောင်းရမယ့် ပုံ ။

တောင်ယာ မခုတ်ရတော့ ဝင်ငွေ က မရှိ ၊ စားဖို့ က လို ဖြစ်လာတော့ ကိုမုန်တိုင်း နဲ့ ဘဝ တူ ရွာသားတွေ လည်း ပိုက်ဆံ ရဖို့ အရေး ဟိုဟာလေး စမ်း လုပ် ၊ ဒီဟာလေး စမ်း လုပ် နဲ့ အလုပ် ရှာရင်း ဟိုလွင့် ဒီလွင့် ဖြစ်ကုန် ကြတယ် ။ မလေးရှား ရောက် ပြီး တိုက်ခိုက် ခံ ရလို့ ပြန် ပြေး လာ ရတဲ့ ရွာသား တစ်ယောက် အကြောင်း က လည်း ရင်ထိတ်စရာ ။ ထိုင်းနိုင်ငံ ကို အောက်လမ်း က သွားတာ ဟို ရောက် မှ ရဲ က မိလို့ ဖမ်းပြီး မြန်မာ လက် ထဲ ပြန် အပ်လို့ ရွာ ပြန် ရောက်လာတဲ့ ရွာသား က လည်း ရယ်ရမလို ၊ ငိုရမလို နဲ့ ။ စုစည်းမှု ပြိုကွဲ လာတော့ ရင်နင့်စရာ သတင်းတွေ က လည်း စုံ လာတယ် ။

အဲဒီမှာ ရွာ တောင်ပိုင်း က ကိုလှထွန်း က တခြား ရွာ သွား ပြီး အလုပ် လုပ် ရာ က အပြန် မှာ ကိုမုန်တိုင်း တို့ ရွာသားတွေ အတွက် သတင်း ကောင်း တစ်ပုဒ် သယ်လာ တယ် ။ အစိတ်သား ( ၂၅ ကျပ် သား ) ရှိတဲ့ တောက်တဲ့ တစ်ကောင် ကို ၁၅ သိန်း ပေးပြီး မြို့ မှာ ဝယ် နေတယ် ဆိုတဲ့ သတင်း ပါ ပဲ ။ ကိုမုန်တိုင်း တို့ ရွာ က ဖွံ့ဖြိုးမှု နည်းပြီး တောတောင် ထူထပ်တဲ့ နေရာ ဆိုတော့ တောက်တဲ့ တွေ က ပေါ တယ် လေ ။ ဒီတော့ တောက်တဲ့ သတင်း က ရွှေသတင်း ပဲ ။ ရွှေအိပ်မက် ပေါ့ ။ ဘာလုပ်ဖို့ ဝယ်တယ် ဆိုတာတော့ တစ်ယောက် က မှ ဂဃနဏ မသိ ကြဘူး ။ တချို့က ယောင်ဝါးဝါး ပြောတာတော့ အေ,ပျောက် တဲ့ဆေး ဖော် မလို့တဲ့လေ ။

ဒါနဲ့ ကိုမုန်တိုင်း တို့ ရွာ ထဲ က လူတွေ လည်း တောက်တဲ့ ရှာပုံတော် ဖွင့်ကြတော့ တာပေါ့ ။ ကိုမုန်တိုင်း ကတော့ ဧကဝက် လောက် ရှိတဲ့ ကိုင်းမြေလေး ကို ဖြစ်လို ဖြစ်ငြား ဆိုပြီး နှမ်း ကြဲ တာ မပြီးသေး လို့ သွား မရှာ အား သေးဘူး ။ ရှာ ချင်တာတော့ စိတ် တစ်ပိုင်း သေနေတာပဲ ။ ဒါပေမဲ့ တောက်တဲ့ အရှာ ထွက်တဲ့ သူ တွေ ရဲ့ သတင်း ကြား ရတာ တော့ အခြေအနေ မကောင်း ဘူး ဆိုပဲ ။ တောက်တဲ့တွေ တော့ တွေ့ကြပါ ရဲ့ ။ အစိတ်သား ပြည့်တဲ့ အကောင် မတွေ့ ကြဘူးတဲ့ ။ သစ်ပင် လှဲ ရတာနဲ့ ၊ သစ်ခေါင်း ခွာရတာနဲ့ တာပဲ အဖတ်တင် တယ်တဲ့ ။ တောက်တဲ့ ရဲ့ ကျောပြင် က လက်ဝါး လောက် ရှိတာ တောင် မှ ၁၅ ကျပ်သား နီးနီးပဲ ရှိတာ ဆိုတာပဲ ။ အစိတ်သား မပြည့် ရင် မဝယ်ပြန်ဘူး ဆိုတော့ တောက်တဲ့ ရှာတဲ့ သူတွေ လည်း လက်လျှော့ လာကြ ပြီ ။ ကိုမုန်တိုင်း လည်း နှမ်း ကြဲတာ မပြီးသေး လို့ သွား မရှာမိတာ တော်သေးရဲ့ လို့ တွေးမိတယ် ။ သူများ တကာ တောက်တဲ့ ရှာ ကြတုန်း က တော့ နှမ်း ကြဲတာ မပြီးသေး တာကြောင့် မရှာဖြစ်ခဲ့ပေမဲ့ ခု တစ်ခါ ရောက်လာတဲ့ ဘုတ်အုံ တစ်အုံ ကို သုံးသိန်း နဲ့ ဝယ်တယ် ဆို တဲ့ သတင်း မှာ တော့ ကိုမုန်တိုင်း လည်း ဘုတ်အုံ ရှာ ထွက် မိပါပြီ ။ ဘုတ်အုံ ရှာ ထွက်ရင်း ခုလို ဒဟတ်ပင် အောက် ရောက် နေ မိ တာပေါ့ ။ တချို့က ပြော တာတော့ ဘုတ်အုံ က လည်း ကံ နဲ့ ထိုက်တဲ့ သူ မှ ရ တာတဲ့ ။ “ ချေး စားတဲ့ ဘုတ် က တောင် ကိုယ့် ထက် သာလို့ ”  လို့ ကိုမုန်တိုင်း ပစ်ပစ်ခဲခဲ တွေး လိုက်မိတယ် ။

“ ဖတ် ”

"ဟင် .. ထွီ သောက် ခွေးမှပဲ ၊ ဘာကောင်လဲကွ ” 

ပက်လက်လှဲ အနား ယူ ရင်း အတွေး ထဲ နစ်မျော နေတဲ့ ကိုမုန်တိုင်း ရဲ့ ပါးစပ် ထဲ ကို ငန်ငြိငြိ ခါးတားတား အရာ တစ်ခု ကျ လာ ပါတယ် ။ ဒဟတ်ပင် ပေါ် က အကောင် တစ်ကောင် ကောင် ရဲ့ ချေး ဖတ် ဆိုတာ ကိုမုန်တိုင်း သိ တယ် ။ ကံကောင်းခြင်းပေ လား ၊ ကံဆိုးခြင်းပေလား ။ ကိုမုန်တိုင်း လည်း ပါးစပ်ထဲ က ချေး ကို အမြန် ထွေးထုတ် ပစ်ရင်း ဒဟတ်ပင် ပေါ် ကို မော့ ကြည့် လိုက်တယ် ။
“ ဟ တောက်တဲ့ တောက်တဲ့ကြီး ဟေးဟေး အကြီးကြီးပဲ ” 

မထင်မှတ်ဘဲ ဒဟတ်ပင် ကိုင်း ထက် မှာ မြင် လိုက်ရ တဲ့ တောက်တဲ့ကြီး က ကိုမုန်တိုင်း ရဲ့ ဒေါသ ကို ချက်ချင်းပဲ လောဘ အဖြစ် ပြောင်းလဲ သွား စေပြီး ဝမ်းသာအားရ နဲ့ ထ , အော်မိစေတယ် ။ ကိုမုန်တိုင်း ရဲ့ အော်သံ ကြောင့် တောက်တဲ့ကြီး လည်း လန့် သွား ထင်ပါရဲ့ ။ ဒဟတ် ကိုင်းခေါင်း ပေါက် ထဲကို ဝင် ပြေး သွားတယ် ။

ကိုမုန်တိုင်း လည်း ပုဆိန် ကို အမြန် ဆွဲယူပြီး ဒဟတ်ပင် ကို ခုတ်လှဲ ဖို့ စတင် လိုက်တယ် ။ လောဘ ရဲ့အား တွေကြောင့် ထင်ရဲ့ ။ ဆယ်မိနစ်လောက်ပဲ ခုတ်လှဲ လိုက် ရတယ် ၊ ဒဟတ်ပင်ကြီး လည်း“ ဝေါ ”  ခနဲ မြေ ခ သွား တယ် ။ ဒီတော့မှ ကိုမုန်တိုင်း လည်း လက်ညှိုး လောက် ရှိတဲ့ ဝါးပင်ရှည်လေး ကို ခုတ်ယူပြီး ထိပ်ဖျား ကို ချွန်လိုက်တယ် ။ ပြီးတော့ ဝါးပင် အဖျားချွန်လေး နဲ့ ထိုးချ လိုက် တော့ တောက်တဲ့ကြီး က ဒဟတ်ပင် ရဲ့ ခြေရင်း ဘက် အပေါက် က ထွက်ပြီး တောင်စောင်း ဘက် ကို ပြေးထွက် သွားတယ် ။

ကိုမုန်တိုင်း လည်း တစ်ခါပဲ ရ နိုင်တဲ့ အခွင့်အရေး ကို ဘယ် လက်လွတ် ခံမလဲ ။ ခြေကုန် သုတ်ပြီး လိုက် တော့ တာပေါ့ ။ တောက်တဲ့ကြီး က လည်း ဆူးချုံတွေကြား က ဖြတ် ပြေးတယ် ။ ကိုမုန်တိုင်း လည်း တောက်တဲ့ ပြေးတဲ့ အတိုင်း လိုက် တာပဲ ။ ခပ်စောက်စောက် တောင်စောင်း ထိပ်နား ရောက်တော့ တောက်တဲ့ကြီး က တောင်ပို့ ကျင်း ထဲ ဝင်ဖို့ ဟန် ပြင်တယ် ။ ကိုမုန်တိုင်း လည်း ရမ္မက်ဇော နဲ့ ဒိုင်ဗင်ထိုး ခုန်ပြီး တောင်ပို့ကျင်း ထဲ ကို ကိုယ် တစ်ဝက် ရောက် နေပြီ ဖြစ်တဲ့ တောက်တဲ့ကြီး ကို အမြီး ဆွဲ ပြီး ဖမ်းလိုက်တယ် ။ နောက် ဝမ်းလျားမှောက် ဖြစ် နေတဲ့ ကိုမုန်တိုင်း ရဲ့ ခန္ဓာကိုယ် က တောင်စောင်းလေး အတိုင်း လိမ့် ဆင်း သွား တယ် ။ ကိုမုန်တိုင်း လည်း မျက်လုံး စုံ မှိတ် ပြီး လက် ထဲ က တောက်တဲ့ ကို သာ လွတ် ထွက် မသွားအောင် မြဲမြဲ ဆုပ် ကိုင် ထား မိတယ် ။

ဆယ့်လေးပတ် ၊ ဆယ့် ငါးပတ် လောက် လိမ့်ပြီး တော့ ကိုမုန်တိုင်း ရဲ့ ခန္ဓာ ကိုယ် က အင်ကြင်းပင်ကြီး ရဲ့ ခြေရင်း မှာ ငြိပြီး လိမ့် တာ ရပ် သွားတယ် ။ ဒီတော့မှ ကိုမုန်တိုင်း လည်း မနည်း ကုန်းရုန်း ထ , ရ တယ် ။ ဆူးပင် ခြစ်ရာ ၊ မြေကြီး နဲ့ ပွတ်တိုက်ရာ တွေ ကြောင့် ကိုမုန်တိုင်း ရဲ့ ခန္ဓာ ကိုယ် တစ်ခုလုံး လည်း သွေး တွေ နဲ့ နီရဲတောက် နေတယ် ။ ကိုမုန်တိုင်း ကတော့ ဒါတွေ ကို သတိမထား နိုင်ရှာဘူး ။ လက်ဝယ် ပိုင်ပိုင် ကိုင် ထားတဲ့ တောက်တဲ့ကြီး ကို သာ ကြည့် ရင်း ဝမ်းသာအားရ နဲ့ အိမ် ကို ပြေး တော့တယ် ။

အိမ် ရောက် လို့ တောက်တဲ့ကြီး ကို ချိန်ခွင် နဲ့ ချိန် ကြည့်တော့ ၃၀ ကျပ်သား နီးပါး ရှိတယ် ။ ကိုမုန်တိုင်း ရဲ့ အိမ် သားတွေ လည်း တောက်တဲ့ကြီး ကို ကြည့် ပြီး ပျော်လို့ ၊ ပါးလို့ ၊ ရွာသားတွေ ကို လည်း တောက်တဲ့ ရ တဲ့ အကြောင်း မော်လို့ ကြွားလို့ ။ ကိုမုန်တိုင်း ရဲ့ သား တိုင်းကျော် ဆို ရင် ပျော်လွန်းလို့ တောက်တဲ့ကြီး ကိုင်ပြီး ကွေး နေအောင်တောင် က , လို က် သေးတယ် ။ တောက်တဲ့ လာ ကြည့် တဲ့ ရွာ ထဲ က လူစု က လည်း အလှူ
တစ်ခု နဲ့ မှား နိုင် လောက်တယ် ။

တောက်တဲ့ လာ ကြည့် တဲ့ ရွာ ထဲ က လူတွေ လည်း ပြန် သွားပြီ ။ ကိုမုန်တိုင်း တို့ မိသားစု ရဲ့ အပျော်တွေ လည်း နည်းနည်း အနည် ထိုင်သွား ပြီ ။ ဒီတော့မှ ကိုမုန်တိုင်း လည်း ပေါက်ပြဲ နေတဲ့ ခေါင်း ကို သတိပြု မိတော့တယ် ။ တောင်စောင်း က လိမ့်ကျ တုန်းက ဆောင့်မိဟန် တူ တယ် ။ နောက် တောက်တဲ့ ကို ဒိုင်ဗင်ထိုး ဖမ်းတုန်း က  မြေ ကြီး နဲ့ ခွေ့ ထား တဲ့ ရင်အုံ က လည်း တော်တော် အောင့် နေတယ် ။ ဆူးချုံတွေ ကုတ်ဖဲ့
ထားတဲ့ ခန္ဓာကိုယ် ကလည်း ကြောင် နဲ့ နပန်းလုံး ထားတဲ့ အတိုင်းပဲ ။ ခြစ်ရာ ဗရပွ နဲ့ စုတ်ပြတ် လို့ ။

ဘယ်လောက်ပဲ နာကျင် နေ ပေမဲ့ တောက်တဲ့ကြီး ကို ကြည့်ပြီး ကိုမုန်တိုင်း ကျေနပ်တယ် ။ ကျေနပ်ရင်း နဲ့ ပဲ ခေါင်း လည်း သုံးချက် ချုပ် လိုက်ရတယ် ။ ကိုမုန်တိုင်း လည်း နာတာတွေ ဘေးချိတ် ပြီး တောက်တဲ့ ကို သွားရောင်း ဖို့ အားထုတ် ရ တော့တာပေါ့ ။ တကယ်တမ်း သွား ရောင်း မယ် ဆို ပြန်တော့ လည်း ဘယ် မှာ ဝယ်မှန်း သေသေချာချာ မသိဘူး ဖြစ်နေပြန်တယ် ။ ဒီတော့ ဟိုကို မေး ၊ ဒီကို စုံစမ်း လုပ်ရပြန်တော့ တာပေါ့ ။ နောက်မှ ကိုလှထွန်း ပြော ပြလို့ တောက်တဲ့ ဝယ်တဲ့ နေရာ ကို သေသေချာချာ သိရတော့ တယ် ။ သိပေမဲ့ ကိုမုန်တိုင်း တစ်ခါ မှ မရောက်ဖူးတဲ့ ရန်ကုန် မှာ ဝယ်တာ ဆိုတော့ လန့်မိတာပေါ့ ။ ဘာပဲဖြစ်ဖြစ် သိန်း ချီပြီး လက် ထဲ ရောက်မယ့် အရေး ဆိုတော့ ကိုမုန်တိုင်း လည်း လမ်းစရိတ် ငွေလေး ချေး ပြီး အရဲစွန့် ထွက်ခဲ့ ရတယ် ။

နဂို က မှ မသွားဖူး တဲ့ ခရီး မို့ ရင် တထိတ်ထိတ် နဲ့ လာ ရပါတယ် ဆိုမှ လမ်း မှာ ယူနီဖောင်းဝတ်တွေ နဲ့ တွေ့ သေးတယ် ။ ယူနီဖောင်းဝတ် တွေ က လည်း တောက်တဲ့ ပိုက် နေ တဲ့ ကိုမုန်တိုင်း ကို လည်း တွေ့ရော တောရိုင်း တိရစ္ဆာန် ဖြုန်းတီးမှုနဲ့ ဘာလေး ၊ ညာလေး လုပ်ပါလေ ရော ။ ဒါပေမဲ့ ယူနီဖောင်း ဝတ်တွေ က သဘောထား ပြည့် ပါတယ် ။ ကိုမုန်တိုင်း က ဆင်ဖြူတော်ပုံ စက္ကူ လေးရွက် လောက် နဲ့ ကန်တော့ပြီး တောင်းပန် လိုက်တော့ သနား ကြ ရှာလို့ ကိုမုန်တိုင်း ရဲ့ မှတ်ပုံတင် က နေရပ်လိပ်စာတွေ မှတ်ယူပြီး ပြန် လာရင် သူတို့ ဆီ ဝင် တွေ့ဖို့ မှာပြီး လွှတ်ပေး ကြ ပြန်တယ် ။ ဒီ လူတွေ က လာဘ်ယူ တတ်တဲ့ သူ တွေ လည်း မဟုတ်ပါဘူး ။ ခုလည်း ကိုမုန်တိုင်း က ကန်တော့ပြီး ဇွတ် ပေး လို့သာ ယူ ကြရတာ ။ အားနာ လို့ ထင် ပါရဲ့ ၊ စက္ကူလေးရွက် ကို ကြည့် ပြီး မျက်နှာ သိပ် မကောင်း ချင် ကြဘူး ။

ဒါနဲ့ ကိုမုန်တိုင်း လည်း တောက်တဲ့ ဝယ်တဲ့ နေရာ ကို ယောင်ချာချာ နဲ့ ရောက် သွား တယ် ။ ကိုမုန်တိုင်း ရောက် သွားတော့ တိုက်ခန်း ကျဉ်းကျဉ်းလေး မှာ ကု,လားထိုင် ပေါ် ထိုင်နေတဲ့ လူတစ်ယောက် ကို တွေ့တယ် ။ သူ့ ရှေ့က စားပွဲပေါ် မှာ လည်း အပြာနုရောင် တစ်သောင်းတန် ငွေစက္ကူတွေ က ပလတ်စတစ် အိတ် ထဲ မှာ ပုံလို့ ။ ကိုမုန်တိုင်း လည်း တစ်သောင်းတန် စက္ကူတွေ ကို ကြည့် ပြီး ရ တော့မယ် ဆိုတဲ့ အတွေး နဲ့ ပျော် နေတယ် ။

ကု,လားထိုင် ပေါ် က လူ ကို တောက်တဲ့ ဝယ်တဲ့ သူ က ဘယ်မှာလဲ လို့ ကိုမုန်တိုင်း က မေးတော့ သူ ပဲ တဲ့ ။ ကိုမုန်တိုင်း လည်း နည်းနည်းတော့ အံ့သြ မိတယ် ။ အံ့သြမှာပေါ့ ။ ကိုမုန်တိုင်း ကြည့် ဖူးတဲ့ ဗီဒီယို ဇာတ်ကားတွေ ထဲ မှာ အဲလို ဝယ်တဲ့ သူတွေက ဝဝတုတ်တုတ်ကြီး နဲ့ မျက်မှန် မည်းမည်းကြီး တွေ တပ် ပြီး သားရေဂျာကင်ကြီးတွေ နဲ့ကိုး ။ ခု ကိုမုန်တိုင်း ရှေ့က လူ က ပိန်ပိန်ပါးပါး နဲ့ ပြုံးပြုံးလေး ပဲ ဆိုတော့ အံ့သြတာပေါ့ ။ ကိုမုန်တိုင်း လည်း အတွေး တစ်စ ခဏ ချ လို့ တောက်တဲ့ ကို ရောင်းဖို့ ပြတယ် ။ ဒီတော့ ဟိုလူ က စိတ် မကောင်းတဲ့ မျက်နှာ ၊ ဝမ်းနည်းတဲ့ လေသံ ၊ အားနာတဲ့ ဟန်ပန် နဲ့ -

“ တောက်တဲ့ က အရင် ကတော့ ဝယ်တယ် ။ ဒါပေမဲ့ ခု မဝယ်တော့ဘူးဗျ ။ အင်း .. ဒီလို လုပ်လေ... ကိုယ့်လူ
အဆင်ပြေအောင် ၊ ကျွန်တော် တစ်သိန်း ပေး လိုက်မယ် ။ တောက်တဲ့ ကို ထားခဲ့လိုက် ။ ဒါတောင် ကိုယ့် လူ က အဝေး ကြီး က နေပြီး လာရတာ အားနာ လို့ ဒီက အရှုံး ခံပြီး ကူညီ လိုက်တာ  ”

တောက်တဲ့ ဝယ်တဲ့ သူရဲ့ စကားလုံးတွေ က ကိုမုန်တိုင်း ရဲ့ ပျော်ရွှင် နေတဲ့ နှလုံးသား ကို သံဆန်ခါ လို ဖြစ် သွားအောင် ထိုးဖောက် ဝင်ရောက် သွားတဲ့ ကျည်ဆန်တွေ ပါပဲ ။ ကိုမုန်တိုင်း ရဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ လည်း အမှောင် ကျသွားပြီ ။ ထ , ရပ် ဖို့ ပဲ ခဲယဉ်းလောက်အောင် အား အင်တွေ ကုန်ခန်း သွားပြီး ယောက်ျားရင့်မာကြီး ဖြစ်တဲ့ ကိုမုန်တိုင်း ရဲ့ မျက်ဝန်း မှာ မျက်ရည်တွေ ဝဲ နေတယ် ။ ကိုမုန်တိုင်း လည်း နာကြည်းစွာ နဲ့ အံကြိတ်ရင်း နဲ့ ပဲ ရတာလေး နဲ့ ပြန်ခဲ့ရတယ် ။

ရန်ကုန် မှာ ဘယ်လိုပဲ အဆင်မပြေ ဖြစ်ခဲ့ပေမဲ့ လမ်း က ယူနီဖောင်းဝတ်တွေ ဆီ ကို တော့ ဝင်တွေ့ရပါသေး တယ် ။ ယူနီဖောင်းဝတ်တွေ က လည်း ကိုမုန်တိုင်း ပိုက်ဆံ အများကြီး ရမှာ သိလို့ ကိုမုန်တိုင်း အတွက် ဝမ်းသာ နေကြ ပုံပါပဲ ။ ကိုမုန်တိုင်း ကိုတွေ့ တော့ ပျော်နေ ကြတယ် ။ ဒါ နဲ့ ကိုမုန်တိုင်း က အကြောင်းစုံ ရှင်းပြတော့ ယုံကြည်ကြ ဟန် မတူဘူး ။

“ ဟေ့ လူ တို့ ကို မညာနဲ့ နော် ၊ ဒါမျိုးတွေ က တို့ အတွက် ရိုးနေပြီကွ ၊ သိလား ။ ဒါ မြန်မာ့တောကောင် ကို တရားမဝင် ရောင်းဝယ်မှု နော် ၊ ဘာမှတ်နေလဲ ” 

အကြီး ဖြစ်ဟန် တူတဲ့ သူ က မေး တစ်ချက် ဆတ်ပြ လိုက်တော့ ကိုမုန်တိုင်း နား ကို လူ လေး ၊ ငါးယောက် လောက် ဝိုင်း လာတယ် ။ တစ်ယောက် က ကိုမုန်တိုင်း ရဲ့ လွယ်အိတ် ကို ဆွဲယူ လိုက်တယ် ။ ကိုမုန်တိုင်း လည်း လွယ်အိတ် ကို ဆွဲဆောင့် ယူ လိုက် ပြန်တယ် ။ ဒီတော့ ငနဲသားတွေ က စိတ်တို သွားတယ် ထင်တယ် ။ တစ်ယောက် က ထု လိုက် ၊ တစ်ယောက် က ကန် လိုက် နဲ့ ရှိ သမျှ အစွယ်တွေ ထုတ်ပြကြတော့ တာပါပဲ ။ ယုန် တစ်ကောင် ကို ခွေးတွေ အများကြီး ဝိုင်း ဆွဲ သလို ဖြစ်နေတာကြောင့် ကိုမုန်တိုင်း လည်း အံကို တင်းတင်း ကြိတ်ရင်း ခေါင်းငုံ့ ခံ နေ လိုက်တယ် ။ ယူနီဖောင်းဝတ်တွေ က လည်း စိတ်ကြိုက် နှိပ်စက် ပြီးတော့ ကိုမုန်တိုင်း ရဲ့ ပိုက်ဆံတွေ ယူ ပြီး ပြန် လွှတ် လိုက်ကြတယ် ။

သူတို့ ပြု သမျှ နု ရပြီး စကား တောင် ပြန်ပြော ခွင့် မရှိ တဲ့ ဘဝ ကို လည်း ကိုမုန်တိုင်း နာကြည်း မိတယ် ။ ကိုမုန်တိုင်း ရဲ့ အပြန် ခရီးက ရေစီး အား ကောင်းတဲ့ ချောင်းမှာ ရေ ဆန် ကူး ပြီး ပြန်ခဲ့ရ သလိုပါပဲ ။ ခြေကုန်လက်ပန်း ကျပြီး မောပန်းမှု က အပြည့် ။ တောင်သူ ဖြစ်ပြီး တောတောင် သဘာဝ ကို ဆက်စပ် ပတ်သက်ခွင့် မရ တာ က ရေဆန် ကူးရင်း ရေ သောက်ဖို့ ခက်ခဲ သလိုပဲ လို့ ကိုမုန်တိုင်း ထင်တယ် ။

ကိုမုန်တိုင်း က တွေးရင်း နာကြည်းစိတ် တို့ နဲ့ အတူ လက်သီး ကို ကျစ်ကျစ်ပါ အောင် ဆုပ်ရင်း မေးကြောကြီး တွေ ထောင်ထ , နေအောင် အံကြိတ် နေ မိတယ် ။ အဖိနှိပ်ခံ ဘဝ မှာ အမှား နဲ့ ပုံချ နှိပ်စက် သမျှ ကို ပြန် ပြောခွင့် မရှိတဲ့ ကိုမုန်တိုင်း ရဲ့ ရင်ထဲ မှာ မခံချင် စိတ် နဲ့ နာကြည်း စိတ် တို့ က ထွက်ပေါက် မဲ့ နေတယ် ။ အမှန်ကို ပြန် ပြော ခွင့် မရဘဲ မျိုသိပ် ထား ရတာ က လေ လုံ တဲ့ ဂူလေး ထဲ မှာ လှောင်ပိတ် ခံထား ရ သလိုပဲ မွန်းကျပ် လွန်း လှတယ် ။ ဒီလိုနဲ့ မွန်းကျပ်တဲ့ ခံစားချက်မျိုးစုံ ကို ရင် ဝယ် ပိုက်ရင်း နဲ့ ပဲ ကိုမုန်တိုင်း လည်း ရွာ ပြန် ရောက် လာတယ် ။ ရွာ အဝင် တံခါး ရောက် တာ နဲ့ ရွာသား တစ်ယောက် ရဲ့ တပ်လှန့် နှိုးဆော်သံ ကြောင့် ကိုမုန်တိုင်း နောက် ကို ရွာ ထဲ က လူတွေ ဝိုင်းအုံပြီး ရောက် လာ ကြတယ် ။ ကိုမုန်တိုင်း အိမ်ခြံဝန်း ထဲ ရောက်တော့ သတင်း လာ မေးတဲ့ ပရိသတ် က အလှူ တစ်ခု နီးပါး လောက် ရှိနေပြန်ပြီ ။ အိမ်ပေါ် မှာ လည်း မအုံးမေ တို့ သားအမိ က ရပ် ကြည့် လို့ ။ ကိုမုန်တိုင်း က တော့ အံကြိတ်ပြီး လက်သီး ကို တင်းတင်းဆုပ် ထား တုန်း ။

“ ဟာ ကိုမုန်တိုင်း ပိုက်ဆံတွေ အများကြီး ရခဲ့မှာပေါ့ နော် ၊ ကျုပ်တို့ ကို လည်း ပြပါ ဦးဗျာ ၊ မြင်ဖူးရုံလေးပဲ ” 

ကိုလှထွန်း က လူအုပ် ကြားထဲ က ထွက် လာ ရင်း ပြောတယ် ။ ကိုမုန်တိုင်း လည်း ပတ်လည် ဝိုင်း နေတဲ့ လူအုပ်ကြီး ကို ကြည့်ပြီး ဘာ ပြောရမှန်း မသိဘူး ။ ပြီး တော့ ရင် ထဲ က ခံစားချက် တွေ က ပို ပြင်းထန် လာတယ် ။ ခံစားချက် ကို မျိုသိပ် ထားရ တာ က အသက် မရှူ ဘဲ ရေ ငုပ် နေရ သလိုပဲ ။ ကိုမုန်တိုင်း လည်း ခံစားချက် ကို မျိုသိပ် ထားနိုင်စွမ်း မရှိတော့ဘူး ။

“ ဟေ့ကောင် လှထွန်း ဗေဒင်ဆရာ က ဗေဒင် မဟော ရင် ဘာ လုပ်ရမှာလဲကွ ”  

ကိုမုန်တိုင်း က ခံစား ချက်ပြင်းပြင်း နဲ့ အနား မှာ ရှိတဲ့ ကိုလှထွန်း ရဲ့ အင်္ကျီကော်လာ စ , ကို ဆွဲ ကိုင်ပြီး မီးတောက် နေတဲ့ မျက်လုံး နဲ့ ကြည့်ရင်း မေး လိုက်တော့ ကိုလှထွန်း လည်း ကြောက်လန့်ပြီး မျက်လုံးကြီး ပြူးလို့ ။ ဝိုင်း ကြည့် နေ ကြတဲ့ ရွာသားတွေ လည်း ဘာမှန်း မသိဘဲ ပါးစပ် ဟောင်းလောင်းတွေ နဲ့ ဖြစ် ကုန် ကြတယ် ။ ကိုမုန်တိုင်း က မာန်ပါပါ နဲ့ ဆက် ပြောတယ် ။

“ ဒီမှာ လှထွန်း မင်း ပဲ စဉ်းစား ကြည့်ကွာ ၊ ဗေဒင်ဆရာ က ဗေဒင် မဟော ရ ရင် ဘာ လုပ်ရမှာလဲ ကွ ၊ အေး ... အဲသလိုပဲ ငါတို့ တောင်သူတွေ လည်း တောတောင် နဲ့ ပတ်သက်ခွင့် မရှိတော့ ဘာ လုပ်ရမှာလဲ ကွ ၊ တောင်ယာ မခုတ်ရတော့ ငတ် သေရုံပဲပေါ့ ကွာ ၊ တကယ်တော့ ငါတို့ အဖြစ် က ကိုယ့် မြေ ၊ ကိုယ့် ရေ တောင် မှ ကိုယ် မပိုင်တော့ဘဲ တံငါသည် ရေငတ် သေမယ့် အဖြစ်မျိုး ဖြစ် နေပြီကွ ဟီး ... ဟီး .... ” 

ပြောပြီးတော့ ကိုမုန်တိုင်းက အားပါးတရ ငို နေ သည် ။ ကိုမုန်တိုင်း နဲ့ ခံစားချက် ချင်း တူတဲ့ ရွာသားတွေ လည်း လက်သီး ကို တင်းတင်း ဆုပ် ၊ အံ ကို တင်းတင်း ကြိတ် ရင်း မျက်ရည်တွေ တွေတွေ ကျ ကြလို့ ။

◾မြတ်သျှိုင်းသွင်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မတ် လ  ၊ ၂၀၁၆ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment